Sunday, November 9, 2025

အဘိုးအို နှင့် မယ်အိမ်စည်

 

❝ အဘိုးအို နှင့် မယ်အိမ်စည်  ❞   
         ( ပုံပြင် )

တရံရောအခါ တိုင်းပြည် တစ်ပြည်၌ ရှင်ဘုရင်ကြီး တစ်ပါး ရှိလေ၏ ။ ထို ရှင်ဘုရင်ကြီး သည် ဖန်တောင်ကြီး တစ်တောင်ကို ပြုလုပ်စေပြီးလျှင် ထိုဖန်တောင်ကြီး ပေါ်သို့ မလဲမပြိုအောင် တက်နိုင်သူအား သမီးတော် နှင့် လက်ဆက် ပေးစားမည်ဟု ကြေညာထားလေ၏ ။ ဖန်တောင်ကြီးမှာ အလွန် ချောမွတ်သဖြင့် မည်သူ တစ်စုံတစ်ယောက်မျှ မတတ်နိုင်ကြပေ ။ မင်းသမီးကို စုံမက်သောသူ အပေါင်းသည် ထိုဖန်တောင်ကို လာ၍ တက်ကြလေတိုင်း ချောမွတ်လွန်းသောကြောင့် ခြေချော်၍ကျကာ အရှုံးပေးခဲ့ကြသည်ချည်း ဖြစ်လေ၏ ။

တစ်နေ့သ၌ မင်းသမီး နှင့် ချစ်ခင်နှစ်သက်နေသော မင်းသား တစ်ပါးသည် မင်းသမီး နှင့် တိတ်တဆိတ် တိုင်ပင်ပြီးလျှင် ဖန်တောင်ပေါ်သို့ တက်ခွင့် တောင်းလေ၏ ။ မင်းသားလည်း ဖန်တောင်ပေါ်သို့ တက်ခွင့်ရသည်နှင့် တစ်ပြိုင်နက် မင်းသမီးနှင့် အတူ စတင်၍ တက်ကြလေ၏ ။ ဖန်တောင်ကြီးပေါ်သို့ မရောက်မီ လမ်းတစ်ဝက် လောက်တွင် မင်းသမီးသည် ခြေချော်၍ လဲကျလေ၏ ။ ထိုသို့ လဲကျသည်နှင့် တစ်ပြိုင်နက် ဖန်တောင်ကြီးသည် ရုတ်တရက် အက်ကွဲ လာပြီးလျှင် မင်းသမီးကို မျိုလိုက်လေ၏ ။ မျိုလိုက်ပြီးသောအခါ ဖန်တောင်ကြီးသည် ရုတ်တရက် ပြန် စေ့သွားလေ၏ ။ ထိုသို့ မင်းသမီး ဖန်တောင်ကြီးထဲသို့ ကျသွားသည်ကို ရှင်ဘုရင်ကြီး သိသောအခါ မှူးမတ်အပေါင်းနှင့် တိုင်ပင်ပြီးလျှင် ဖန်တောင်ကြီးကို ဖွင့်၍ သမီးတော်ကို ရှာစေ၏ ။ သို့ရာတွင် မင်းသမီးကို မတွေ့ကြချေ ။

မင်းသမီးမှာမူကား ဖန်တောင်ကြီး အောက်ရှိ မြေကြီးထဲမှ တစ်ဆင့် လိုဏ်ဂူကြီး တစ်ဂူထဲတွင် ရောက်နေလေ၏ ။ မင်းသမီးသည် လိုဏ်ဂူထဲတွင် အဘိုးအိုကြီး တစ်ယောက်နှင့် တွေ့ ရလေ၏ ။ အဘိုးအိုကြီးသည် လူတစ်ရပ်မျှ ရှည်သော မုတ်ဆိတ်နှင့် အညိုရောင် အင်္ကျီကြီးကို ဝတ်ဆင်ထားလေ၏ ။ မင်းသမီးသည် ထိုအဘိုးအိုကြီးနှင့် နေရကာ သူခိုင်းစေသော ထမင်းချက် ၊ အဝတ်လျှော် ၊ အိပ်ရာခင်း ၊ အမှိုက်လှဲ စသည့် အိမ်အလုပ်များကို မနားမနေ လုပ်ကိုင်ရလေ၏ ။ အဘိုးအိုသည် မင်းသမီးကို မယ်အိမ်စည် ဟု အမည် မှည့်၍ ထိုလိုဏ်ဂူထဲ တွင်ပင်ထားကာ သူ ကိုယ်တိုင်မှာ မူကား အင်္ကျီညိုကြီး၏ အိတ်ထဲမှာ သိမ်းထားသော ခေါက်လှေကားကလေးကို ထုတ်၍ ထောင်လိုက်ပြီးလျှင် ဖန်တောင်ပေါ်မှ တစ်ဆင့် လူ့ပြည်သို့ တက်သွားလေ့ ရှိလေ၏ ။ အဘိုးအိုသည် ထိုသို့ လူ့ပြည်သို့ တက်သွား၍ ပြန်လာသည့် အခါတိုင်း၌ သူ့အိတ်ထဲတွင် ရွှေစငွေစများ ပါလာလေ့ ရှိလေ၏ ။

မင်းသမီးသည် ထိုသို့ အဘိုးအိုနှင့် အတူ နေလာခဲ့သည်မှာ နှစ်ပေါင်း အတန်ကြာ သွားလေ၏ ။ မင်းသားသည်မင်းသမီး ဖန်တောင်ထဲသို့ ကျသွားသည့် နေ့မှစ၍ မင်းသမီးပြန်လာ နိုးဖြင့် တောင်ခြေရင်း၌ နေ့စဉ် လာ၍ စောင့်လျက် ရှိလေ၏ ။

မင်းသမီးမယ်အိမ်စည်သည် အဘိုးအိုနှင့် နေစဉ်အတွင်း ဖခင် မင်းကြီး နှင့် သူ၏ ချစ်သူ မင်းသားတို့ ထံသို့ ပြန်ရန် လမ်းစကို ရှာပါသော်လည်း မတွေ့နိုင်ချေ ။ သို့ရာတွင် မင်းသမီးသည် မလျှော့သော လုံ့လဖြင့် တစ်နေ့မပြတ် စဉ်းစားလျက် ရှိလေ၏ ။ တစ်နေ့သ၌ အဘိုးအိုသည် သူ သွားနေကျ အတိုင်း လူ့ပြည်သို့ မသွားမီ မင်းသမီးမယ်အိမ်စည် အား လိုဏ်ဂူကြီး၏ တံခါးများကို လိုက်၍ အပိတ် ခိုင်းလေ၏ ။ ထိုနေ့၌ မယ်အိမ်စည်သည် နောက်ဆုံး တံခါးပေါက်ကလေး သေးသေး တစ်ပေါက်ကို မပိတ်ဘဲ ချန်ထားခဲ့လေ၏ ။ အဘိုးအိုလည်း တံခါးများ အားလုံး ပိတ်ပြီးပြီ ထင်မှတ်ကာ သူ၏ အိတ်ထဲမှာ ဆောင်ထားသော ခေါက်လှေကားကလေးကို ထုတ်၍ ထောင်လိုက်ပြီး လျှင် ဖန်တောင်ပေါ်မှ တစ်ဆင့် လူ့ပြည်သို့ တက်လာခဲ့လေ၏ ။ မယ်အိမ်စည် လည်း အဘိုးအို၏ လိုဏ်ဂူတွင်းရှိ ပစ္စည်းများကို လိုက်၍ ကြည့်ပြီးလျှင် အဘိုးအို ပြန်အလာကို စောင့်လျက်ရှိလေ၏ ။

မကြာမီ အဘိုးအို ပြန် ရောက်လာလေ၏ ။ အဘိုးအိုက ခါတိုင်းကဲ့သို့ “ မယ်အိမ်စည် အဘိုးဖို့ ထမင်းချက်ပြီးပြီလား ” ဟု အပြင်မှ နေ၍ မေးလိုက်လေ၏ ။ မယ်အိမ်စည် ကလည်း “ ဟုတ်ကဲ့ အဘိုး ၊ ချက်ပြီးပါပြီ ” ဟု ပြန်ပြောလိုက်လေ၏ ။ ထို့နောက် “ မယ်အိမ်စည် အဘိုးဖို့ သောက်ရေကော ပြင်ပြီးပြီလား ” ဟု မေးလိုက်ရာ မယ်အိမ်စည် က “ ဟုတ်ကဲ့ အဘိုး ၊ ပြင်ပြီးပါပြီ ” ဟု ပြန်ပြောလိုက်လေ၏ ။ ထို့နောက် “ မယ်အိမ်စည် ၊ အဘိုးဖို့ အိပ်ရာကော ပြင်ပြီးပြီလား ” ဟု မေးလိုက်ရာ မယ်အိမ်စည် က “ ဟုတ်ကဲ့ အဘိုး ၊ ပြင်ပြီးပါပြီ ” ဟု ပြန်ပြောလိုက်လေ၏ ။ ထိုသို့ ပြန်ပြောလိုက်စဉ် အဘိုးအိုသည် မယ်အိမ်စည် ဖွင့်ထားသော ပြတင်းပေါက်သေးသေးကလေးကို တွေ့မြင်ရ၍ အံ့ဩသွားကာ ထိုပြတင်းပေါက်မှ ခေါင်းလျှို၍ အတွင်းသို့ ချောင်းကြည့်လိုက်လေ၏ ။ ထိုအခါ ပြတင်းပေါက်ထဲသို့ အဘိုးအို၏ ခေါင်း ဝင်လာသည်ကို စောင့်နေလျက် ရှိသော မယ်အိမ်စည်သည် ပြတင်းတံခါးကို လျင်မြန်စွာ ဆွဲ၍ ပိတ်လိုက်လေ၏ ။ ထိုသို့ ပိတ်လိုက်ရာ အဘိုးအို၏ ရှည်သော မုတ်ဆိတ်များမှာ တံခါးဘောင်နှင့် ညပ်ကာ ရုန်း၍ မရနိုင် ဖြစ်နေလေ၏ ။

မယ်အိမ်စည် လည်း ချက်ကောင်းကို မိနေ၍ “ အဘိုး ၊ ရှင် လူ့ပြည်ကို တက်သွားနိုင် တဲ့ အဘိုးရဲ့ ခေါက်လှေကားကလေးကို ပေးမှသာ လွှတ်နိုင်ပါမယ် ” ဟု ပြောလိုက်လေ၏ ။ အဘိုးအိုလည်း သူ၏ မုတ်ဆိတ်ရှည်ကြီး ပြတ်သွားမည်ကို စိုး၍ ကြောက်ကြောက်နှင့် သူ၏ အိတ်ထဲမှာ သိမ်းထားသော ခေါက်လှေကားကလေးကိုထုတ်၍ ပေးလိုက်လေ၏ ။ ထိုအခါ မယ်အိမ်စည်လည်း လှေကားကလေးကို ထောင်၍ ဖန်တောင်ကြီး ပေါ်မှ တစ်ဆင့် လူ့ပြည်သို့ တက်ကာ ပြေးလာခဲ့လေ၏ ။ ဖန်တောင်ကြီး ခြေရင်းတွင် စောင့်နေလျက်ရှိသော မင်းသားလည်း မယ်အိမ်စည်ကို ပြန်တွေ့ရ၍ များစွာ ဝမ်းသာလျက် ရှင်ဘုရင်ကြီး ထံသို့ အလျင်အမြန် ပြေးသွားကြလေ၏ ။ ရှင်ဘုရင်ကြီးလည်း သမီးတော် မယ်အိမ်စည်ကို တွေ့ရ၍ ဖန်တောင်ကြီးဆီသို့ လာကြပြီး လျှင် မယ်အိမ်စည် ကို လမ်းပြခိုင်းကာ မြေအောက်ရှိ အဘိုးအို၏ လိုဏ်ဂူကြီး ထဲသို့ ရောက်အောင် သွားကြလေ၏ ။ ရောက်သောအခါ လိုဏ်ဂူကြီးထဲ၌ အဘိုးအိုကို လိုက်၍ ဖမ်းကာ သ,တ် ပစ်လိုက်ကြပြီးလျှင် ရှိသမျှ ပစ္စည်း အားလုံးကို ယူဆောင်လာခဲ့ကြလေ၏ ။ နောက်များ မကြာမီတွင် မင်းသမီးမယ်အိမ်စည် နှင့် သူ၏ ချစ်သူ မင်းသား တို့သည် လက်ထပ်ပွဲ ကျင်းပလိုက်ကြလေသတည်း ။

( ဘာသာပြန် )

⎕ နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆ဝ ၊ စက်တင်ဘာ

No comments:

Post a Comment