❝ ကျွန်တော် လက်ဝှေ့သမား ❞
( ဗိုလ်တာရာ - ရဲဘော်သုံးကျိပ် )
ကျွန်တော်သည် မြန်မာရာဇဝင်မှတ်စုနှင့် ကောက်နုတ်ချက်များတို့ကို ကောင်းစွာလိုက်၍ မရေးနိုင်တော့ပါ ။ ကျွန်တော်၏ လက်တွေသည် လက်ဝှေ့ ဆိုင်းသံနှင့်အတူ ဟိုပြေးသည်ပြေးနှင့် ကတုန်ကယင် ဖြစ်နေပါသည် ။ ကျွန်တော်၏ စိတ်အာရုံတို့သည် လက်ဝှေ့ပွဲဆီသို့ ရောက်နေကြပါပြီ ။
ပျဉ်းမနားမြို့တောင်ဘက်အစွန် လောကမာရဇိန် ဘုရားပွဲကြီးဆီမှ တစ်ခဲနက် ပေါ်ထွက်လာသော မြန်မာ့လက်ဝှေ့ပွဲ၏ စိန်ခေါ်သည့် လေးခင်းလက်ဝှေ့ဆိုင်းသံကို ကြားနေရပါသည် ။ ကျွန်တော်သည် မကြာခဏပင် ကျွန်တော်၏ နာရီ ဒိုင်ခွက်ကို အသာခိုး၍ ကြည့်မိပါသည် ။ ရာဇဝင်သင်ခန်းစာအချိန် ပြီးစီးရန် မိနစ် ၂ဝ သာ လိုပါတော့သည် ။
ကျွန်တော်၏ လက်ချောင်းများက ငွေစက္ကူကျပ်တန် သုံးဆယ်ကျော် ထည့်ထားသည့် တိုက်ပုံအင်္ကျီ မိုးခိုအိတ်ကပ် ဆီသို့ စမ်းကြည့်နေမိပါသည် ။ ခြောက်လခန့်က မစားနိုင် ၊ မသောက်နိုင် ကတ်ကတ်သတ်သတ် သတင်းရေးခ ငွေများမှ မူးစုပဲစု လက်ဝှေ့ပွဲသို့ မပျက်မကွက် ကြည့်ရှုရန် စရိတ်နှင့် လက်ဝှေ့ပွဲ ရုံဝင်ခငွေများ ဖြစ်ပါသည် ။
ကျွန်တော်ကား ကာယဗလသမား တစ်ဦး ဖြစ်ခဲ့သလို ထိုမှတစ်ဆင့် အင်္ဂလိပ်လက်ဝှေ့ပညာကို ကျွမ်းကျင်ခဲ့သော ဖလိုင်းဝိတ်တန်း လက်ဝှေ့ကျော် တစ်ဦး ဖြစ်ခဲ့ပေသည် ။ ထိုမှတစ်ဆင့် မြန်မာ့လက်ဝှေ့ပညာရပ်ကို ‘ ပုဏ္ဏားပျံ ’ ( နာမည်ရင်း ကိုတင် ) နှင့် သိကျွမ်းခင်မင်ခဲ့ရာမှ အစ မြန်မာလက်ဝှေ့လောကဆီသို့ ဝင်၍ နွှဲရန် စိတ်ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါသည် ။
‘ ပုဏ္ဏားပျံ ’ ခေါ် ကိုတင်သည် မန္တလေးမြို့ဇာတိ ဖြစ်ပြီး ကု,လားပုဏ္ဏားမျိုး လက်ဝှေ့ကျော် တစ်ဦး ဖြစ်ပါသည် ။ မြန်မာ့လက်ဝှေ့ကျော်များ ဆီသို့ တရွေ့ရွေ့ ချဉ်းကပ်နေသော ကျွန်တော်သည် နောက်ဆုံးတွင် ပုဏ္ဏားပျံနှင့် ကောင်းစွာ ကျွမ်းဝင်ခင်မင်ရုံမျှမက သူ့ညီလေးတစ်ဦး သဖွယ် ရင်းနှီးခဲ့ပါသည် ။ သူ၏ မိန်းမ မစိန်ခင် နှင့် ရှစ်နှစ် သား တစ်ယောက် ၊ သမီးငယ် နှစ်ယောက် ကိုပါ ဆွေမျိုးရင်းချာပမာ ခင်မင် လာမိကြသည် ။
တစ်ခါတစ်ရံ လက်ဝှေ့ပွဲမှ ယှဉ်ပြိုင်ရရှိသည့် ငွေများကို လက်ဝှေ့ထိုးဖက် မြန်မာရော ၊ ကရင်လက်ဝှေ့သမားများပါ အရက်ဝိုင်းတွင် အောချ၍ အရက်သေစာ သောက်စားပြီး နောက်ပိုင်းမှ သားသမီးများအတွက် သုံးစွဲရန် လုံးဝ တစ်ပြားတစ်ချပ်မှ မကျန်သော အခါ၌ ပုဏ္ဏားပျံ၏ ဇနီးနှင့် သားသမီးများကို ကျွန်တော်ပင် သတင်းထောက်ရေးခ ရသည့် ငွေများ အနက်မှ ခွဲဝေ၍ စားသောက် ရေးအတွက် ကူညီခဲ့ရပါသည် ။ အမူးပြေသော ‘ ပုဏ္ဏားပျံ ’ ခေါ် ဆရာတင်သည် ကျွန်တော့်အား အကဲခတ် ကြည့်ရှုရင်း “ ဟဲ့ ငါ့ညီ မင်းဗလနဲ့ ဆိုရင် မြန်မာ့လက်ဝှေ့ထဲကို ခြေချပြီး တစ်ပွဲ ၊ နှစ်ပွဲ စမ်းကြည့်စမ်းပါ ။ အစ်ကို သင်ပေးမှာပေါ့ ။ ယောက်ျားပဲ ၊ သေတစ်နေ့ ၊ မွေးတစ်နေ့ကွ ” ဟု တောင်းဆိုလိုက်ရာ ကျွန်တော်က အနည်းငယ် ပြုံး၍ “ တစ်ပွဲ ၊ နှစ်ပွဲတော့ စမ်းကြည့်ချင်ပါတယ် အစ်ကိုရာ ၊ ဒါပေမဲ့ အစ်ကို့ လို ဒူးတို့ ၊ ခြေဖျားတို့ မသုံးတတ်လို့ ခက်နေတာပေါ့ ” ဟု ဖြေကြားလိုက်သည်တွင် “ ဟ ညီလေးရ အစ်ကိုတစ်ယောက်လုံး ရှိနေတာ ဘာလုပ်ဖို့တုံး ၊ ဒူးတိုက် ၊ ခြေကန်ပညာ အစ်ကို သင်ပေးမယ် ။ ငါ့ညီလက်ဖျံ ၊ လက်မောင်းရင်းတွေက အစ်ကို့ နှစ်ဆလောက် ရှိတယ် ” ဟု အားပေးပါသည် ။
မှန်ပေသည် ။ ကျွန်တော်သည် လွန်ခဲ့သည့် လေးနှစ်ခန့် ကပင် ဒေါက်တာ ချစ်ထွန်း၏ အလေးမပညာကို တစ်နေ့မျှ မပျက်တမ်း မှန်မှန် လေ့ကျင့်ခဲ့ရာ လက်မောင်း ၊ လက်ဖျံ ဖွံ့ဖြိုးတိုးတက်ခဲ့သည် ။ အထက်လက်မောင်းအိုးသည် ၁၃ လက်မခွဲရှိသည် ။ လက်ဖျံကား ၁၁ လက်မအထိ ဖွံ့ဖြိုး တိုးတက်ခဲ့ပါသည် ။ ရင်အုပ် နှင့် ဝင်း ( Wing ) ဘေးသားများက အတော် ပေါ်ထွက်နေခဲ့သည် ။ ကျွန်တော်၏ ကာယဗလ ကျေးဇူးရှင်ကား ကိုထွန်းရင် ၊ ဦးအောင်ထူး၏ သမီး ဒေါ်ဦးရွှေ ၏ ခင်ပွန်း ဆရာ ကိုထွန်းရင် ဖြစ်ပါသည် ။ ကျွန်တော်သည် တပည့်ကောင်း တစ်ဦး အဖြစ် ညနေပိုင်း အလေးမပညာကို လေ့ကျင့်လိုက်စားခဲ့ပါသည် ။ ကြွက်သား အစိုင်အခဲများ ထုတ် ပြရင်း ကြွက်သားများ လှုပ်ပြကစားခြင်းပညာ ( Muscle Control ) တတ်မြောက်ခဲ့ပါသည် ။
“ အစ်ကိုတင်က ကျွန်တော့်ကို မြန်မာ့လက်ဝှေ့ သင်ပေး မယ်ဆိုရင် ပွဲကြီးထဲ ဝင်ပြီး တစ်ပွဲ ၊ နှစ်ပွဲလောက် စမ်းချင်ပါ တယ်အစ်ကိုရယ် ၊ မြန်မာ့လက်ဝှေ့ပညာအကြောင်း ကိုယ်တွေ့ လေ့လာချင်လို့ပါ ”
“ ကြိုက်ပြီ ငါ့ညီ စိန်လိုက်စမ်း ၊ ငါ့ညီလေးကို အစ်ကို မျှော်လင့်တယ်ဟေ့ ။ ရှေ့တစ်လကျော်ရင် ပျဉ်းမနားမြို့ ကာကာကြီး ဇာတ်ရုံမှာ အလံစိုက်ပွဲ ရှိတယ်ဟေ့ ၊ မင်းကို အစ်ကို ပွဲထုတ်မယ် ၊ စိတ်ချ ။ ခြေခတ် ၊ ဒူးတိုက်လေ့ကျင့်ခန်းတွေကို အစ်ကို ကိုယ်တိုင် သင်ပေးမယ် ၊ အကြာဆုံး ဆယ့်ငါးရက်ပေါ့ကွာ ၊ ငါ့ညီ နည်းနည်း အပင်ပန်းခံရလိမ့်မယ် ။ မင်း အလေးမပြီး လက်ဝှေ့ထိုးတာ အစ်ကို သိပါတယ်ကွာ ။ အစ်ကို့ဆီ မနက်ဖြန် ညနေ ငါးနာရီ အရောက် ဘောင်းဘီတို တစ်ထည် ၊ ချည်လုံချည် တစ်ထည် ၊ တဘက်တစ်ထည် ယူခဲ့ကွာ ။ စိန်ပြီဟေ့ ။ ဒါမှ ယောက်ျားဘသားကွ ”
ကျွန်တော်သည် လက်ဝှေ့ဆိုင်းသံကို နားထောင်ရင်း ထခုန်မတတ် ဝမ်းမြောက်မိပါသည် ။ ချက်ချင်းပင် ကျွန်တော် သည် အရေးကြီးဆုံး အချက်တစ်ချက်ကို သတိပြုမိသည် ။ ထိုသတိထားရန်အချက်ကား ကျွန်တော် မြန်မာ့လက်ဝှေ့ပွဲ ဝင်ထိုးမည့်ကိစ္စကို မည်သူမျှ ကြိုတင် မသိစေခြင်းဖြစ်ပါသည် ။ အထူး သတိပြုရန် ပုဂ္ဂိုလ်များမှာ ကျွန်တော့် အဖေနှင့် အမေ ၊ အစ်ကိုကြီးများ ၊ ကာယဗလဆရာ ကိုထွန်းရင် နှင့် ကျောင်းသားမိတ်ဆွေများပင် ဖြစ်ပါသည် ။ သူတို့ကို ကြိုတင် အသိပေးခြင်း အားဖြင့် တစ်စုံတစ်ရာ အကျိုးမပြုဘဲ ကျွန်တော် ၏ မြန်မာ့လက်ဝှေ့ ထိုးရန် ဆန္ဒကို ဝိုင်း၍ ဖျက်ကြလိမ့်မည်တည်း ။
••••• ••••• •••••
နောက်တစ်နေ့ ညနေ ဆရာ ပုဏ္ဏားပျံ ချိန်းထားသည့် အတိုင်း ကျွန်တော် ရောက်ရှိသွားသည် ။ ရှေးဦးစွာ ဆရာ ပုဏ္ဏားပျံသည် ကျွန်တော့်အား ဘောင်းဘီတိုပေါ်တွင် ပုဆိုးကို ခေါက်ချိုးချိုး၍ ပတ်ကာ စည်းနည်းပညာကို သင်ကြားပါသည် ။
“ လက်ဝှေ့ပညာဟာ သိပ်မျက်စိရှင်ရပြီး အကင်းပါးဖို့ လိုတယ် ။ အချက်ရတိုင်း ငါ့ညီက စထိုးဖို့ လိုတယ် ။ လက်သီး ၊ တံတောင်တို့ ထက် ဒူးနှင့် ခြေဖျားခတ်တွေ အထူး သတိပြုရမယ် ။ သန်သန်မာမာ ဒူးတိုက် ဆိုရင် တစ်ဖက် ကွဲနိုင်တယ် ။ မေ့နိုင်တယ် ၊ ကျိုးနိုင်တယ် ။ ကိုယ်နဲ့ ယှဉ်ထိုးမယ့် လက်ဝှေ့သမားရဲ့ မျက်စိနဲ့ အမူအရာကို ကြည့်ပြီး သူ ဘယ်လို ထိုးမယ် ဆိုတာကို အကဲခတ်နိုင်ရမယ် ကြားလား ။ ငါ့ညီ အကွက်မိရင် မညှာတမ်း ဆော်သာဆော် လက်မလွတ်စေနဲ့ ။ ငါ့ညီ မဆော်ရင် တစ်ဖက်လူက ချမှာပဲ ။ ငါ့ညီ ဗလနဲ့ဆို တစ်ချက် ထိုးရင် ၊ အကွက်ကောင်း မိရင် ပြိုင်ဘက် လဲမှာပါပဲ ။ ကဲ ... လေ့ကျင့်ခန်း စမယ် ။ မင်း ... ကြောက် သွားလား ”
“ သူချ ၊ ကိုယ်ချပဲ အစ်ကိုရယ် ။ ဘာကြောက်စရာလိုလဲ ”
“ ကြိုက်ပြီဟေ့ လာ... ဒီကို ၊ ခြေခတ်လေ့ကျင့်ခန် လုပ်ကြရအောင် ၊ ငါ့ဒူးတိုက်နဲ့ ခြေခတ်ကို ငါ့ညီ ကြည့်ရှောင် လေတော့ ”
ကျွန်တော်တို့ နှစ်ယောက်သည် ပေ ၂ဝ စတုရန်းကျကျ ဖြစ်နေသော ပုဏ္ဏားပျံတို့ အိမ်ရှေ့မြေကွက်သို့ ထွက်ခဲ့ကြသည် ။ မြေကွက်အလယ်သို့ ရောက်သောအခါ ဆရာ ပုဏ္ဏားပျံက “ ဒူးတိုက်နည်း သုံးမျိုး ရှိတယ်ကွ မှတ်ထား ။ နံပါတ်တစ်က လူချင်း လုံးထွေးရင်း ဆတ်တိုက်တဲ့နည်း ၊ နံပါတ်နှစ်က မျက်နှာကို ခုန်ပြီး တိုက်တဲ့နည်း ၊ သုံးက ကိုယ့်ဆီ ပြေးဝင်လာတဲ့ တစ်ဖက် လက်ဝှေ့သမားကို ဆောင့်တိုက်တဲ့နည်းကွ ၊ အဲဒီ သုံးချက်ထဲက တစ်ချက် မိရင် တစ်ဖက် လက်ဝှေ့သမား ထိုင်သွားတာပဲကွ ” ဟု ပြောရင်း ဒူးတိုက်နည်းများကို ကောင်းမွန်စွာ ပြသပါသည် ။
ကျွန်တော်သည် ဆရာ ပုဏ္ဏားပျံ ပြသည့်အတိုင်း ဒူးတိုက်နည်းများနှင့် ခြေဖျားခတ်နည်းများကို မနားတမ်း လေ့ကျင့်ရပါသည် ။
“ လက်သီးထိုးနည်း ကတော့ အထူး ပြောစရာ မလိုပါဘူး ငါ့ညီ သိပါတယ် ။ မင်း လက်သီးတစ်ချက် ကောင်းကောင်း ထိရင် တစ်ဖက်လူ ဣန္ဒြေ မဆည်နိုင်ပါဘူး ”
ကျွန်တော်တို့ နာရီဝက်ခန့် လေ့ကျင့်ပြီးသောအခါ ဝါသနာရှင် ယောက်ျားနှင့် အမျိုးသမီး အချို့သည် ကျွန်တော်တို့ လေ့ကျင့်ရာ၌ ဝိုင်း၍ ကြည့်ရှုလာကြပါသည် ။ ဆရာ ပုဏ္ဏားပျံက လေသံဖြင့် “ ခဏ ရပ်ကြဦးစို့ ဟေ့ ငါ့ညီ လူတွေ အပြုံကြီး ကြည့်ရှုလာရင် မကောင်းဘူးကွ ၊ တစ်ဖက်ပြိုင်ဘက်ဆီ သတင်း ရောက်သွားနိုင်တယ် ။ ခဏနားပြီး လက်ဖက် ည်ကြမ်း သောက်ရအောင် ” ဟု ပြောပါသည် ။
••••• ••••• •••••
စိန်ခေါ်သည့် လက်ဝှေ့ပွဲ ကျင်းပမည့်ရက်က ရောက်ရှိလာပြီး လက်ဝှေ့ပွဲမှ လေးခင်းဆိုင်းသံက မနက်စောစောကပင် မြိုင်ဆိုင်စွာဖြင့် ပျဉ်းမနားမြို့ တောင်ဘက် ငါးလိုက်ချောင်း အနီး ချမ်းအေးရပ်ဆီက ထွက်ပေါ်နေပါသည် ။ ကျွန်တော်သည် အိမ်အလုပ်များကို ရှောင်ရှားရင်း ဆရာ ပုဏ္ဏားပျံအိမ်သို့ ရောက်ရှိနေပါသည် ။ ဆရာ ပုဏ္ဏားပျံအိမ်ကား ချမ်းအေးရပ် အိုးဖိုတိုက် အရှေ့ဘက် ပဋ္ဌာန်းဓမ္မာရုံ မြေက်ဘက်ကပ်နေသော ကာကာဇာတ်ရုံ တောင်ဘက် မျက်နှာတွင် တည်ဆောက်ထားသော ဝါးတဲကလေး ဖြစ်ပါသည် ။ ကာကာကြီးကား လာဘ်မြင်သော ပုဂ္ဂိုလ်ဖြစ်၍ ဇာတ်ပွဲများ ၊ မျက်လှည့်ပွဲများ ၊ လက်ဝှေ့ပွဲများ ကျင်းပနိုင်အောင် အတော်ကျယ်ဝန်းသော ဇာတ်ရုံ တစ်ရုံ တည်ဆောက်ထားပါသည် ။ တစ်ခါတစ်ရံတွင် မြန်မာရုပ်ရှင်ကားများကိုပင် ရုံသွင်း၍ ပြသပါသည် ။ ကာကာကြီး ဇာတ်ရုံ နေရာ၌ ယခုအခါတွင် အောင်စီနီမာ ဟူ၍ ရုပ်ရှင်ရုံ သတ်သတ်တည်ဆောက်ထားပါသည် ။
“ ငါ့ညီ .. ဘာမှ စိတ်လှုပ်ရှား မနေနဲ့ ။ အစ်ကို သင်ထားတဲ့ မြန်မာ့လက်ဝှေ့ပညာတွေနဲ့ မင်းရဲ့ဗလ ၊ မင်းရဲ့ လျင်မြန် ဖျတ်လတ်မှုတွေ စုပေါင်းလိုက်ရင် ‘ ဖြူလေး ’ လို ကရင် လက်ဝှေ့ကျော် ( ဒုတိယ အလံစိုက် ချန်ပီယံ ) ကို ငါ့ညီ ကောင်းကောင်း ရင်ဆိုင်နိုင်ပါတယ်ကွာ ။ ရဲရဲသာ ထိုးကွ ။ မင်းလက်မောင်းတွေ ၊ ရင်အုပ်တွေဟာ အစ်ကို့ ဗလထက် နှစ်ဆ ရှိနေတာကပဲ ။ ပိုင်လောက်ရင် မိမိရရ ဖိထိုးကွ ၊ ရော့ ... ကာယလက်ဖွဲ့ ဆောင်ထား ”
လက်ဖွဲ့ ခပ်သေးသေး တစ်ကုံးကို ပေးလာ၍ ကျွန်တော်သည် ဘောင်းဘီတို နောက်အိတ်ထဲသို့ ထည့်ပြီး လက်ဖက်ရည်ကြမ်းကို သောက်နေပါသည် ။ ကိုးနာရီခွဲခါနီး၌ ကျွန်တော် တို့သည် သတ်မှတ်ထားသော အချိန်ရောက်ပြီ ထင်၍ အဝတ်အစား လဲကာ လက်ဝှေ့ရုံသို့ ထွက်ခဲ့ပါသည် ။
လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ရောက်ခဲ့သည်တွင် လက်ဝှေ့ဒိုင်လူကြီး ဦးမင်္ဂလာ နှင့် ဦးကျားပျံ တို့သည် ပုဆိုးရှည်ကြီးများကို ခါးတောင်းကျိုက်၍ အင်္ကျီဗလာနှင့် ကျွန်တော် တို့အား ဆီးကြို နှုတ်ဆက်ပါသည် ။“ လာကြဟေ့ ... မင်းတို့ ဆရာတပည့် နှစ်ယောက် စာချုပ်မှာ လက်မှတ် ထိုးရအောင် ” ဟု ဆိုကာ ကျွန်တော်တို့ကို လက်ဝှေ့ကြိုးဝိုင်းထောင့် တစ်နေရာတွင် ဖွင့်လှစ်ထားသည့် ခေါင်းပေါင်းကိုယ်စီ ပေါင်းထားသော လူစုဆီသို့ ခေါင်းဆောင် သွားကြပါသည် ။ ကျွန်တော်က လှမ်း၍ ကြည့်လိုက်ရာ နယ်ပိုင်မင်း ဦးစံတင် နှင့် မြို့ပိုင် သုံးယောက်ကို တိုက်ပုံအင်္ကျီ စများဖြင့် တွေ့ရပါသည် ။
ဦးကျားပျံကြီးက ရိုသေသမှု ပြုကာ လက်ဝှေ့ထိုးမည့် သူတွေ စာချုပ်တွင် လက်မှတ် ရေးထိုးရန် ရောက်ရှိကြောင်း လျှောက်တင်လိုက်ရာ နယ်ပိုင် ဦးစံတင်နှင့် မြို့ပိုင်များကပါ အံ့အားသင့်သွားကြသည် ။
“ ပုဏ္ဏားပျံတော့ သိတယ် ။ နောက်က ပါလာတဲ့ သူက ဘယ်သူလဲ ” ဟုဆို၍ ကျွန်တော့် အား အကဲခတ် အကြည့်ဖြင့် ကြည့်ကာ “ ဟ .. လက်စသတ်တော့ လက်ဝှေ့သမား အသစ်ဟာ သစ္စာဝါဒီနဲ့ သူရိယသတင်းထောက် ကိုခင်မောင်ဦး ပါလား ၊ ဘယ်သူများလဲလို့ဗျာ ”
နယ်ပိုင်ဝန်ထောက် ဦးစံတင်က ကျွန်တော့်ကို အံ့ဩစွာ တစ်ချက် ကြည့်လိုက်ပါသည် ။ ကျွန်တော်က ..
“ ရိုးရာမြန်မာလက်ဝှေ့ အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ထိုးကြည့်ချင်တာနဲ့ ဒီပွဲကို ဝင်မလို့ပါ ၊ အန်ကယ် ခွင့်ပြုပါ ခင်ဗျာ ”
“ အေး ကောင်းတယ်ကွ ၊ ယောက်ျားပဲ တို့မြန်မာလူငယ်တွေ ဒီလို စိတ်ဓာတ်ရှိဖို့ လိုတယ်ဟေ့ ၊ ကောင်းတယ်ကွာ ”
မြို့ပိုင်တစ်ဦးက ဖိုင်တွဲ ထဲမှ စာချုပ်တစ်စောင်ကို လက်မှတ်ထိုးရန် စားပွဲပေါ် သို့ တင်ပေးလိုက်ပါသည် ။ ကျွန်တော်က စားပွဲမှ စာချုပ် ထဲတွင် ကုန်း၍ လက်မှတ်ထိုး ပြီး နောက်မှ လူသံကြား၍ လှည့်ကြည့်လိုက်ရာ ကျွန်တော်နှင့် ယှဉ်ပြိုင်မည့် ဖြူလေးနှင့် သူ့ဆရာ နှစ်ဦးကို တွေ့ရပါသည် ။ ဆရာ ပုဏ္ဏားပျံသည် အသိသက်သေ လက်ဝှေ့ဆရာ တစ်ဦး အဖြစ် စာချုပ် သက်သေများဟူသော နေရာ၌ လက်မှတ် ထိုးလိုက်ပါသည် ။ ထို့နောက် ဖြူလေးနှင့် သူ့ဆရာ နှစ်ဦးသည်လည်း လက်မှတ် ထိုးပေးလိုက်ကြသည် ။
ကျွန်တော်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဖြူလေးကို မသိမသာ အကဲခတ်လိုက်ပါသည် ။ ဖြူလေး၏ အရပ်အမောင်းသည် ကျွန်တော်နှင့် တန်းတူ ဖြစ်၍ ကိုယ်လုံးကိုယ်ထည်မှာ ဝဝဖိုင့်ဖိုင့်နှင့် လက်ဝှေ့သမားကိုယ်ပုံအတိုင်း ဗလအနည်းငယ် ရှိပါသည် ။ လက်မှတ် ထိုးပြီးနောက် ဖြူလေးနှင့် သူ့ဆရာနှစ် ယောက်သည် ကျွန်တော့်ဘက် ကြည့်ကာ ကရင်လို ရယ်ရယ် မောမောပြောဆိုနေကြပါသည် ။ လက်ဝှေ့ကြိုးဝိုင်း အနီးရှိ လက် ဝှေ့သမားများ စုဝေး နေထိုင်ရာ အရောက်တွင် ဆရာ ပုဏ္ဏားပျံက တောက်တစ်ချက်အသာခေါက်၍ တွေ့ကြသေးတာပေါ့ကွာ ၊ သူ့ဆရာတွေနဲ့ ဖြူလေးက မင်းကို လူသစ်ဆိုပြီး ကရင်ဘာသာ နဲ့ နောက်ပြောင်နေကြတယ် ၊ ရဲရဲသာ ငါ့ညီ ထိုး ၊ ချက်ကောင်းမိအောင်သာ ထိုးပေတော့ ၊ အစ်ကို မင်းကို ယုံပါတယ်ကွာ ”
ထို့နောက် ဒိုင်လူကြီး ဦးမင်္ဂလာတို့ ဆီမှ တစ်ဆင့်လက်ဝှေ့ ပွဲအစီအစဉ်များကို တွေ့ရပါသည် ။ ချိန်းပွဲနှစ်ပွဲ ၊ အထူးပွဲသုံးပွဲ ထိုးကြမည်ဖြစ်ကြောင်း သိရပါသည် ။ ကျွန်တော်နှင့် ဖြူလေးပွဲမှာ ဆဋ္ဌမ အစီအစဉ်တွင် ပါရှိကြောင်းလည်း သိရပါ သည် ။ လက်ဝှေ့ပွဲ၏ လေးခင်းဆိုင်းသံမှာ တဖြောင်းဖြောင်းနှင့် ပေါ်ထွက်နေပါသည် ။ တိုတူးကျောက်တောင်ရပ်ကွက်နေ ဆိုင်း ဆရာဦးဟန်၏ လက်ဝှေ့ဆိုင်းသံမှာ အလွန်မြိုင်ဆိုင်လှပေသည် ။ လက်ဝှေ့ပွဲကြည့် ပရိသတ်သုံးပုံနှစ်ပုံက ကာကာကြီး ဇာတ်ရုံ အတွင်းတွင် အသီးသီး နေရာယူထားကြပြီး ဖြစ်ပါသည် ။ ဆယ့်တစ်နာရီခွဲခန့်တွင် ဒိုင်လူကြီး ဦးကျားပျံက ဦးမင်္ဂလာ သို့ လှမ်း၍ တစ်စုံတစ်ခု ပြောလိုက်ရာ ဦးမင်္ဂလာက “ အေး ကောင်းတယ်ဟေ့ ” ဟုပြန်ပြောပြီး “ စလုပ်ကြပေါ့ကွာ ” ဟု အဖြေပေးလိုက်ပါသည် ။ ထိုအချိန်၌ ပရိသတ်အားလုံး ရုံပြည့် ခမန်းနေရာယူပြီးကြပြီးဖြစ်သည် ။ ထို့နောက် မကြာမီခင် ဦးမင်္ဂလာ နှင့် ဦးကျားပျံ တို့ နှစ်ယောက်သည် ဘေးချင်းယှဉ်ရပ်ပြီး ပရိသတ်ဘက် မျက်နှာမူလိုက်ပြီး ဦးမင်္ဂလာက အသံသြကြီး ဖြင့် လက်ဝှေ့ပွဲ အစီအစဉ်ကို ကြေညာပြောကြားလိုက်သည် ။
“ ရွှေပွဲလာ ပရိသတ်တို့ ခင်ဗျား ဒီနေ့ လက်ဝှေ့ပွဲဟာ အထူးလက်ဝှေ့ပွဲကြီး ဖြစ်ပါတယ် ။ ကြည့်လို့ အလွန်ကောင်းမယ့် ပွဲလည်း ဖြစ်ပါတယ် ။ ချိန်းပွဲ ရှစ်ပွဲနဲ့ အထူးပွဲ သုံးပွဲ ယှဉ်ပြိုင် ထိုးကြပါလိမ့်မယ် ။ လက်ဝှေ့သမားများက မော်လမြိုင် ၊ သထုံ ၊ ကြက်တူရွေးတောင် တို့မှ ကရင်လက်ဝှေ့ကျော် တွေဖြစ်ပါတယ် ။ မန္တလေး ၊ စစ်ကိုင်း ၊ ပျဉ်းမနားက မြန်မာ လက်ဝှေ့ကျော်များလည်း ပါဝင်ကြမှာဖြစ်ပါတယ် ။ ရွှေပွဲလာ တို့ ဒီလက်ဝှေ့ပွဲကို ဆိတ်ဆိတ်ငြိမ်ငြိမ် ကြည့်ရှုအားပေးတော် မူကြပါခင်ဗျာ ”
“ ကိုင်း ထိုးသတ်မယ့် သူတွေက တစ်လှည့်စီ လက်ဝှေ့ရေး ပြကြစမ်းဟေ့ ၊ ပထမဦးဆုံး “ စိန်လေး ” နဲ့ “ ရှောင်ပါဘူး ” တို့ ထွက်ပြီး လက်ဝှေ့ရေး ပြစမ်း ၊ ကျားဆိုမှ ကျားဟေ့ ” ဟု ဦးကျားပျံက ကြွေးကြော်လိုက်ပြီး ဒိုင်လူကြီး နှစ်ယောက်သည် ခပ်သုတ်သုတ်နှင့် လက်ဝှေ့ကြိုးဝိုင်း အပြင်သို့ ထွက်ခွာသွားပြီး ဆိုင်းသမားများ ဆီသို့ လက်ထောင်ပြကာ အချက်ပေးလိုက်သည် ။
မကြာမီ စိန်လေး ( ကရင် ) ထွက်လာပြီး လက်ဝှေ့ကြီးဝိုင်း အတွင်းသို့ ခုန်ဝင်လာကာ နတ်ပွဲပေးလှူထားရာသို့ ဦးသုံးကြိမ်တိုက်ပြီး ကန်တော့ကာ မတ်တတ်ရပ်၍ လက်ပမ်းပေါက် တဖြောင်းဖြောင်း ခတ်ပြီး “ စိန်လေးတဲ့နော် ၊ အရှိန်မသေးပါဘူး ယှဉ်မယ့်သူကို ငြိမ်ဆေးပေးလိုက်မယ် ၊ အကွဲနဲ့ အပြဲ အလဲထိုး လို့ လူမှန်ရင် ခြောက်တောင်မြင့်ပါစေ ၊ လဲကို လဲရမယ် ” ဟုကြုံးဝါးကာ လက်ဝှေ့ဆိုင်းနှင့် အညီ လက်ဝှေ့ရေး ပြပါသည် ။
ထို့နောက် ထိုးမည့်သူများ အသီးသီး ဆက်၍ လက်ဝှေ့ရေးပြကြပါသည် ။
ရွှေပွဲလာ ပရိသတ်တို့လည်း ရုံတွင်းမှာ ပြည့်ကျပ်နေပါပြီ ။ ထိုပရိသတ် ထဲတွင် ခေါင်းပေါင်းစ တဖားဖား တိုက်ပုံ တကားကားနှင့် မြို့မျက်နှာဖုံး လူကြီးတော်တော်များ များလည်း ပါဝင် နေကြပါသည် ။ ကျွန်တော်သည် ပရိသတ်များကို ရဲရဲတင်းတင်း မကြည့်ဝံ့ပါ ။ အကြောင်းမှာ ပရိသတ်များ အနက် ကျောင်းမှ သူငယ်ချင်းများ၏ နောက်ပြောင်မှုကို ခံရမည် စိုး၍ ဖြစ်ပါသည် ။ ထို့ထက် ကျွန်တော် မတွေ့မမြင် လိုသော ပုဂ္ဂိုလ်များ ၊ အစ်ကိုကြီးများနှင့် အဖေ၏ မိတ်ဆွေများ အမြင်မခံလိုပါ ။ အကြောင်းမှာ လက်ဝှေ့ပွဲ အပြီးတွင် အစ်ကိုကြီး ၊ အဖေ ၊ အမေနှင့် ကျွန်တော်၏ ကျောင်းအုပ်ကြီးထံ သတင်းရောက်မည်စိုးသောကြောင့် ဖြစ်ပါသည် ။ ထို့ကြော ကျွန်တော် ခေါင်းမဖော်ဝံ့ပါ ။
မကြာမီ ကျွန်တော်တို့ အလျင် ထိုးသည့်ပွဲများသည် နိုင်သူနိုင် ၊ ရှုံးသူရှုံးနှင့် ကျွန်တော့် အလှည့်သို့ နီးကပ်လာသည် ။ ကျွန်တော့်ဆရာ ပုဏ္ဏားပျံက အနီးကပ်၍ “ ဟေ့ ညီလေး လက်ဝှေ့ရေး ပြစရာရှိရင် ဝင်ပြလိုက်ကွာ ၊ ကရင်တွေ ကတော့ မင်းကို အထင်သေးသူတွေ ရှိနေတယ် ။ အလဲထိုး နိုင်တဲ့ အကွက်ဆိုရင် ဒူး ၊ ခြေဖျား ၊ လက်သီး သင့်သလို ဆော်ကွ ၊ ငါလည်း ဒီလို ထိုးပြီးမှ နာမည်ထွက်လာတဲ့ကောင် ပဲ ၊ ချသာချ ” ပြောကြားလေသည် ။ မကြာမီ ကျွန်တော်တို့ အလှည့်သို့ ကျရောက်လာပါသည် ။ ဦးကျားပျံ က “ ဖြူလေး လက်ဝှေ့ရေး ပြဟေ့ ၊ မင်းတို့ အလှည့် ရောက်ပြီ ၊ ထွက် လက်ဝှေ့ရေးပြ ” ဟု ပြောပါသည် ။ ကျွန်တော်က စိတ်ကို တင်းတင်းထား၍ လက်ဝှေ့ဆိုင်းချက်နှင့်အကျ လက်ဝှေ့ရေးပြရန် စိတ်ကူးနေပါသည် ။
ဖြူလေးသည် ကြိုင်းဝိုင်း အလယ်တွင် ခြေစုံရပ်၍ လက်ပမ်းပေါက် တဖြောင်းဖြောင်းခတ်ကာ “ ဖြူလေးတဲ့နော် ဇမ္ဗူဂဟေးမှာ ကျော်ကာကြား ၊ မော်လမြိုင် ၊ သထုံမှာ နာမည်ကြီး ၊ လက်ဝှေ့ပွဲမှာ အလွန်တီးတဲ့ ဖြူလေးတဲ့နော် ။ လူမှန်ရင် တစ်တောင် ပိုမြင့်စေတော့ ၊ အကျောပေးသ,တ်ခဲ့တဲ့ ဖြူလေးတဲ့ကွ ၊ ကိုင်း ... ဆိုင်းဆရာ ကူညီချီးမ တီးခတ်ပါဦး ရွာစား ” အခုန်အလွှားကို သ,တ်ဟန်များနှင့် လက်ဝှေ့ရေး ပြပါသည် ။ ကျွန်တော့် အလှည့်တွင် ကျွန်တော်သည် ရှက်စိတ်ကို အတင်း ဖျောက်လျက် ကွင်းလယ်သို့ ထွက်ခဲ့ပြီး လက်ပမ်းပေါက် ခတ်လိုက်ပါသည် ။ ကျွန်တော်သည် ရေမချိုးမီ လက်ပမ်းပေါက် ခဏခဏ ခတ်ခြင်းကြောင့် လက်ပမ်းပေါက် ခတ်သံမှာ အတော် ကျယ်နေပါသည် ။
“ ကျားကြီးတဲ့နော် ။ သတင်းထွားတဲ့ ပျဉ်းမနားရိုးမက ကျားဟေ့ ၊ ယှဉ်ပြိုင်သူ အကျ ဖျတ်ခနဲ တုံးခနဲ လဲစေတယ် ။ ရှုစားကြဟေ့ ၊ ကိုင်း ရွာစားလား ။ ရွှေပွဲလာတို့ မပျင်းကြရအောင် လေးခင်းဆိုင်းဖွင့် ”
ဆိုင်းဆရာ ဦးဟန်ပသည် လေးခင်းဆိုင်းသံကို ကျကျနန တီးမှုတ် နေတော့သည် ။ ကျွန်တော်သည် လက်ပမ်းပေါက် ခတ်လိုက် ၊ ခုန်လိုက် ၊ ပျံလိုက်နှင့် လက်ဝှေ့ရေး ပြလိုက်ပါသည် ။ လက်ဝှေ့ရေးပြ အဆုံးတွင် လက်ခေါက်မှုတ်သံ ၊ လက်ခုပ်သံများကို ကြားလိုက်ရပါသည် ။
မကြာမီ ဦးမင်္ဂလာ နှင့် ဦးကျားပျံ တို့က ညာဘက်လက် ကို ဆုပ်ကိုင်ကာ ကျွန်တော်နှင့် ဖြူလေး တို့ကို တစ်ဖက်တစ်ချက်တွင် ရပ်စေပြီး လက်ဝှေ့ထိုးရန် ပြောကြားလိုက်ပါသည် ။ ဦးမင်္ဂလာ က ညာဘက်ခါးကို ထောက်ပြီးလျှင် “ ဟောဒီ တောင်ဘက်က လက်ဝှေ့သမားက မော်လမြိုင် ၊ သထုံမှာ သတင်းကြူမွှေးတဲ့ ဖြူလေး ပါ ။ ဟောဒီ မြောက်ဘက်က လက်ဝှေ့သမား ကတော့ ပျဉ်းမနားရိုးမကျား တဲ့ ။ ဒုတိယတန်း အလံစိုက်တဲ့ ဖြူလေး ကို ထိုးသ,တ်ဖို့ ပွဲတောင်းတာနဲ့ ယှဉ်ပြိုင်သူ မရှိခဲ့တဲ့ ဖြူလေး က ထိုးဖို့ လက်ခံလိုက်တယ် ။ သုံးချီ ထိုးပြီးမှ အဆုံးအဖြတ် ပေးရလိမ့်မယ် ။ ကိုင်း...ခင်ဗျား ဆိုင်းဆရာက လက်ဝှေ့ဆိုင်းဖွင့် ” ဟု ဆိုကာ ဒိုင်လူကြီး နှစ်ယောက် နောက်ဆုတ် လိုက်ကြသည် ။
ဖြူလေးက ကျွန်တော့်ကို လှည့်ပတ်၍ ထိုးသတ်ရန် အကွက်ချောင်း နေတော့သည် ။ ကျွန်တော်ကလည်း အသင့်ပြင်၍ ဖြူလေး ကို အလစ်မပေးတမ်း ကြည့်နေမိသည် ။ မကြာမီ ဖြူလေးသည် ဘယ်ခြေ လှုပ်လိုက် ၊ ညာခြေ လှုပ်လိုက်နှင့် ဟန်ပြ၍ ဒူးကို အသုံးပြုကာ ကျွန်တော် ရပ်နေရာသို့ တစ်ဟုန်ထိုး ခုန်လွှား၍ ဒူးပျံနှင့် တိုက်လိုက်သည် ။
ကျွန်တော်သည်လည်း အလစ်မပေးတမ်း ကြည့်နေသူပီပီ ဖြူလေး၏ ဒူးပျံကို ရှောင်၍ ပြန်အကျတွင် ညာဘက်သို့ တိမ်းကာ ညာဒူးဖြင့် ဖြူလေး၏ ဘယ်ဘက် နံကြားသို့ ဆက်တိုက် တိုက်လိုက်သည် ။ “ အင့် ” ခနဲ အသံနှင့် ဖြူလေးက ကျွန်တော့်ဘက်သို့ ကိုင်းကျလာသည်တွင် ကျွန်တော်၏ ညာဝိုက်လက်သီးသည် ဖြူလေး၏ မေးရိုးဆီသို့ ဖြောင်းခနဲ နှစ်ချက်ဆင့်ကာ ကိုယ်လုံးအရှိန်ဖြင့်ပါ ရော၍ ထိုးချလိုက်ရာ ဖြူလေးသည် လက်ဝှေ့ကွင်း သဲပြင်ပေါ်၌ မှောက်လျက် မလှုပ်နိုင်တော့ပေ ။
ဒိုင်လူကြီး ဦးမင်္ဂလာ နှင့် ဦးကျားပျံ တို့က ကျွန်တော့်အား နောက်ထပ် မထိုးရန် တားမြစ်လိုက်သဖြင့် ကြိုးဝိုင်းမြောက်ဘက်သို့ သွားရပ်နေလိုက်သည် ။ ဖြူလေးကား မလှုပ်မယှက်တော့ပေ ။ လက်ခုပ်သံများ ၊ လက်ခေါက်မှုတ်သံများကား လက်ဝှေ့ရုံအတွင်း၌ နားကွဲလု မတတ် ပေါ်ထွက်လာပါပြီ ။ “ ပျဉ်းမနားကျား ကိုက်လိုက်ပြီဟေ့ ” ကြွေးကြော်သံများသည်လည်း ပေါ်ထွက်လာပါသည် ။ ဒိုင်လူကြီး နှစ်ဦး သည်လည်း အနည်းငယ် စကားပြောလိုက်ပြီး နှစ်ဦး ယှဉ်ရပ်ကာ “ ပျဉ်းမနားကျား အနိုင်ရသွားပြီ ” ဟူ၍ အော်ပြောလိုက်ပါသည် ။ ငါးကျပ်တန် ၊ တစ်ဆယ်တန်ငွေစက္ကူ များသည် လက်ဝှေ့ကွင်းထဲ သို့ တစ်ခဲနက် ကျရောက်လာပါတော့သည် ။ ဒိုင်လူကြီး ဦးကျားပျံ က နိုင်တဲ့သူ ပျဉ်းမနားကျား လက်ဝှေ့ရေးပြပါဟု ပြောလိုက် ရာ ကျွန်တော်က ခပ်သွက်သွက် ရှေ့ကို တက်ပြီး “ ဆရာကြီး ခင်ဗျား ကျွန်တော်က နိုင်တဲ့သူပါ ။ ရှုံးတဲ့သူ စိတ်မကောင်းအောင် လက်ဝှေ့ရေး မပြပါရစေနဲ့ ခင်ဗျ ” ဟူ၍ တောင်းပန်လိုက်သည် ။ ဒိုင်နှစ်ဦးနှင့် ပရိသတ်များက “ ကျုပ်တို့ ကျေနပ်အောင် ပျဉ်း မနားကျား လက်ဝှေ့ရေး ပြပါ ” ဟု ထပ်၍ တောင်းဆိုလိုက်သော် ကျွန်တော်သည် မနေ သာတော့သည့် အဆုံး ကြိုးဝိုင်း အလယ်တွင် လက်ဝှေ့ရေးပြကာ “ ကျားဆိုမှ ကျားဟေ့ ၊ သတင်း ထွားတဲ့ ပျဉ်းမနားကျားတဲ့ ၊ လူချင်းယှဉ်ရင် အကုန်သ,တ် ၊ ဖျတ်ခနဲ လဲစေမယ် ။ ကျားဆိုမှ ကျားကွ ။ အနိုင်တိုက်တဲ့ ကျားဟေ့ ။ မယှဉ်လာနဲ့ ဘဝင်ပါ ကွဲသွားမယ် ။ ကိုင်း ... ရွာစားရေ ဘေးကင်းတဲ့ လေးခင်းဆိုင်းလေးတီး ” ဟု ကြွေးကြော်လိုက်သည် ။ လေးခင်းဆိုင်းသံသည် မြိုင်မြိုင်ကြီး ထွက်ပေါ်လာတော့သည် ။ ငါးကျပ်တန် ၊ တစ်ဆယ်တန်များသည် ကျရောက်ဆဲ တဖွဲဖွဲ ဖြစ်နေပါသည် ။ ဆရာ ပုဏ္ဏားပျံက ငွေစက္ကူများကို လိုက်လံ ကောက်ယူနေပါသည် ။ ဆိုင်းချက်အပြီး အချတွင် ဘယ်ခြေထောက်၍ ညာခြေမြှောက်ကာ ညာလက် ဖြင့် ထိုးဟန်ဖြင့် နိဂုံးချုပ်လိုက်ရာ လက်ခုပ်သံများ ၊ လက်ခေါက်မှုတ်သံများ နားကွဲမတတ် ထွက်ပေါ်နေပါတော့သည် ။
••••• ••••• •••••
ကျွန်တော်သည် အခြား လက်ဝှေ့သမားများ စုဝေးရာ၌ သွားရောက် ထိုင်လိုက်သောအခါ ဆရာ ပုဏ္ဏားပျံက ငွေစက္ကူများဖြင့် ကျွန်တော့်ထံ ရောက်ရှိလာပါသည် ။ ကျွန်တော်က ငွေသား ခြောက်ဆယ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာကိုင်၍ “ ဆရာနှင့် အပေါင်းပါများအတွက် ” ဟုပြော၍ ပေးလိုက်ရာ “ စိတ်ချနေ ငါသိတယ် ညီလေး ” ဟုပြောရာ ကျွန်တော်ကလည်း “ ပွဲပြီးရင် ကျန်တာကို အစ်မနဲ့ ကျွန်တော့် တူလေးအတွက် သွားပေးရဦးမယ် ”
“ အေးကွာ မင်းသဘောပဲ ။ ငါ ဒီည ပြန်လာချင်မှ ပြန်လာမယ်လို့ ပြောလိုက်ပါ ။ မင်းလို ကျေးဇူးသိတဲ့ကောင် နည်းတယ်ကွ ”
ဤတွင် မဲပလုံ ၊ ရှောင်ပါဘူး အစရှိသည့် ပထမတန်း လက်ဝှေ့သမားကြီးများက ဆရာ ပုဏ္ဏားပျံနှင့် ကျွန်တော့်ကို ကြည့်ကာ ခေါင်းတညိတ်ညိတ် လုပ်ရင်း ပီတိသံများဖြင့် “ သိပ်ကောင်းကွာ ၊ သိပ်ကောင်းတယ်ဟေ့ ။ တို့ဆီ လိုက်ခဲ့ကွာ ။ တို့လက်ဝှေ့ သင်ပေးရရင် မင်း ပထမတန်း တက်နိုင်မယ် ” ဟု ပြောကာ ခေါ်ငင် နေပါသည် ။ နောက် တစ်နာရီခန့် ကြာသောအခါ လက်ဝှေ့ပွဲ ပြီးသွား သဖြင့် ဖြူလေး လဲလျောင်းရာ နေရာသို့ ကျွန်တော် ထွက်လာခဲ့သည် ။ ဖြူလေးကား ထမရပ်နိုင်သေးပါ ။ ကျွန်တော်က အိတ်ထဲတွင် ပါသည့် ပရုတ်ဆီဘူးကို ယူ၍ ဖြူလေး အား ပေးလိုက်ပါသည် ။ ဒူးဖြင့် ထိသော နေရာမှာ အတော်နာသည်ဟု ပြောနေပါသည် ။ ထို့ကြောင့် ကျွန်တော်သည် လက်ဝှေ့ပွဲသို့ ရောက်ရှိနေသော ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး အား သတင်းပေးပို့၍ အကူအညီ တောင်းပါသည် ။ ပန်ချာပီ ဆရာဝန်ကြီးသည် “ အေးကွာ ငါဆေးရုံ ခေါ်သွားပြီး ကြည့်ပေး ပါမယ် ။ မြင်းလှည်း တစ်စီးလောက် မရဘူးလား ”
“ ရပါတယ် ဆရာ ၊ ငါးမိနစ်အတွင်း ဆေးရုံ ရောက်နိုင်ပါတယ် ”
ကျွန်တော်သည် ကာကာကြီးမှ အလုပ်သမားအား မြင်းလှည်းနှစ်စီး ခေါ်ခိုင်းလိုက်ပါသည် ။ မြင်းလှည်း အရောက်တွင် ဆေးရုံ အရောက် တစ်စီး တစ်ကျပ် တောင်း၍ ကျွန်တော် ရှင်းလင်း ထုတ်ပေးလိုက်သည် ။ ဆရာဝန်ကြီးအား မြင်းလှည်း အဆင်သင့် ရောက်ရှိကြောင်း အကြောင်းကြားကာ ဖြူလေး ကို လည်း ကျွန်တော် တွဲ၍ မြင်းလှည်းပေါ် တင်ပေးလိုက်သည် ။ ထို့နောက် ကျွန်တော်က ဖြူလေး အဖော် နှစ်ယောက်ကို လိုရာ သုံးရန်အတွက် ငွေတစ်ဆယ် ထုတ်ပေးလိုက်သည် ။ ဆရာဝန်ကြီး ကိုလည်း ကျေးဇူးတင်စကား ပြော၍ ဖြူလေးအား အစွမ်းကုန် ကုသပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည် ။
ပန်ချာပီ ဆရာဝန်ကြီးသည် ခေါင်းတညိတ်ညိတ်လုပ်ကာ “ ဟေ့ကောင်လေး မင်းက ဘယ်လိုလဲကွ ၊ မင်း ပြိုင်ဘက်ကို မင်း စရိတ်ပေး ၊ ဆေးရုံပို့ပေးတယ် ၊ လက်ဝှေ့လည်း ထိုး ၊ အလေးလည်း မ ၊ ကျောင်းလည်း နေ ၊ သတင်းထောက်လည်း လုပ်တယ် ။ မင်းလို လူမျိုး မတွေ့ဖူးဘူးဟေ့ ၊ မင်းကို သဘောကျသွားပြီ ” ဟု ဆိုကာ လက်ဆွဲ နှုတ်ဆက်ပါသည် ။ လက်ဝှေ့ပွဲတွင် လူတော်တော် ရှင်းသွားသောအခါ၌ ဆရာ ပုဏ္ဏားပျံ အိမ်သို့ သွားလိုက်ပါသည် ။
ပုဏ္ဏားပျံကတော် ဒေါ်ခင်စိန် ကလည်း ကျွန်တော့်ကို မြင်လျှင် “ ဟဲ့ ကလေးတွေ နင်တို့ ဦးလေး လာနေပြီ ၊ နင်တို့ အဖေ ကိုတင် ကတော့ ထုံးစံအတိုင်းပဲ ” ဟု ပြောနေပါသည် ။ ကျွန်တော်က အစ်မ သုံးဖို့ ငွေခြောက်ဆယ် ထုတ်ပေးပါသည် ။ “ လာဟေ့ ဦးနဲ့ လက်ဖက်ရည်ဆိုင် သွားမယ် ” ဟု ကလေးသုံးယောက်ကို လှမ်းခေါ်လိုက်ရာ ပုဏ္ဏားပျံကတော်က “ ဟဲ့ လက်ဖက်ရည်ဖိုးရော ပါသေးရဲ့လား ၊ ငွေခြောက်ဆယ်ကြီး များတောင် ငါမသုံးရက်ပါဘူး ” ဟု ပြောပါသည် ။ မခင်စိန် ပြောသော စကားမှာ အမှန်ပင်ဖြစ်ပါသည် ။ ဘီနယ်တောခေါင်း တစ်ယောက်၏ လစာမှာ သုံးဆယ်သာ အမြင့်ဆုံး ဖြစ်သည့် ခေတ် ဖြစ်ပါသည် ။
“ အစ်မရယ် ကျွန်တော့်မှာ လုံလောက်ပါတယ် ။ အစ်မ သုံးပါ ၊ အစ်ကို့ ကိုတော့ မမျှော်နဲ့တော့ ၊ ဒီည ပြန်မလာဘူးလို့ မှာလိုက်တယ် ”
“ ဒါ့ထက် ငါ့မောင်က မင်းအစ်ကို ကို ဘယ်လောက် ပေးလိုက်လဲ ”
“ နည်းနည်းလေးပါ အစ်မရယ် ”
“ အင်း ... နှစ်ရက် ၊ သုံးရက်လောက်တော့ နင့်အစ်ကို အိမ်ကပ်တော့မှာ မဟုတ်ဘူး ”
••••• ••••• •••••
ကျွန်တော်သည် ကလေးသုံးယောက်ကို ဆိုက်ကားနှင့် တင်၍ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့သည် ။ လက်ဖက်ရည် နှင့် မုန့် အဝကျွေးပြီး ထိုဆိုက်ကားနှင့်ပင် ဆိုက်ကားခ ပေး၍ အစ်မ မစိန်ခင် အတွက်ပါ အသင့်ပါလာသော ချိုင့်နှင့် လက်ဖက်ရည် ဝယ်ထည့်ပေးကာ အိမ်သို့ အရောက် ပြန်ပို့ပေးရန် မှာကြားလိုက်သည် ။ ကျွန်တော်က လက်ဖက်ရည် သောက်နေသော လူတစ်ယောက်ကို သတိ မထားမိခဲ့ပါ ။
“ ဟေ့ကောင် ” ဟု ခေါ်သံကြားမှ လှမ်းကြည့်လိုက်ရာ ကျွန်တော့် အတန်းပိုင်ဆရာ ဖြစ်ခဲ့သော ဦးဘထွန်း နှင့် အခု ကိုးတန်းတွင် ရာဇဝင်ဆရာ ဖြစ်သူ ဦးကိုမောင် မှန်း သိလိုက်မှပင် ထရပ်၍ အရိုအသေ ပေးလိုက်ပြီး သူတို့ စားပွဲသို့ သွားရောက်ခဲ့ပါသည် ။
“ တို့ကို ခုမှ မြင်သလားကွ ၊ မင်း လက်ဝှေ့ထိုးတာ တို့ အစအဆုံး ကြည့်လာတဲ့ ကောင်တွေကွ ၊ ဘာမျှ ငြင်းမနေနဲ့ ၊ လူမိုက် တိုက်ကြက်မျိုးတွေ ၊ ဘာမှ မစဉ်းစားဘဲ ရမ်းလုပ်တယ် ”
ကျွန်တော်က ခေါင်းငုံ့ နေသည်တွင် “ ဟေ့ကောင်လေး ဒီနှစ် ဆောင်းဦးပေါက်မှာ ကျောင်းပေါင်းစုံ လက်ဝှေ့ပွဲ ရှိတယ် ။ ရမည်းသင်းက ကျောင်းသားတွေက မင်းကို ချဖို့ လေ့ကျင့် နေကြတယ် ။ ဖလိုင်းဝိတ်တန်းမှာ မင်းကို အပြုတ်ချမယ်တဲ့ ။ မင်း မနိုင်ရင်တော့ တို့ကျောင်း နာမည်ပျက်ပြီပေါ့ကွာ ၊ အခုလို ကြေးစား မြန်မာ့လက်ဝှေ့ ဝင်ထိုးတာကိုလည်း ကျောင်းအုပ်ကြီးဆီ ငါတို့ အစီရင်ခံရလိမ့်မယ် ။ မင်း ဘာပြောမလဲ ။ မြန်မာ့ လက်ဝှေ့ဆိုတာ အင်မတန် ကြမ်းတမ်းတဲ့ အမျိုးကွ ၊ ကျိုးတာ ၊ ပဲ့တာ ဖြစ်နိုင်တယ် ဆိုတာ မင်း မစဉ်းစားဘူးလား ”
ကျွန်တော်သည် အနည်းငယ် စဉ်းစားမိ၍ ...
“ ကျွန်တော် အနည်းငယ် အစီရင်ခံပါရစေခင်ဗျာ ”
“ ပြောစမ်း မြန်မြန် ”
“ မြန်မာ့လက်ဝှေ့ကို တစ်ခါမျှ မထိုးဖူးလို့ စမ်းကြည့် တာပါခင်ဗျာ ၊ နောက် မထိုးတော့ပါဘူး ”
ဆရာ နှစ်ယောက်စလုံးက ...
“ အေး ကောင်းပြီ ၊ မင်း ကတိတည်နော် ၊ ကျောင်းအုပ်ဆရာကြီးကိုတော့ မင်းအတွက် သက်သက်ညှာညှာ ဖြစ်အောင် တို့ ကြည့် အစီရင်ခံလိုက်မယ် ”
ကျွန်တော် ဆရာနှစ်ယောက် စားသောက်ထားသော လက်ဖက်ရည်ဖိုး ရှင်းရန် အိတ်ကပ်သို့ နှိုက်လိုက်သည်တွင် “ ဟေ့ကောင်လေး တို့အတွက် မပေးနဲ့ ၊ တို့ဘာသာတို့ ရှင်းမယ် ။ မင်း ကြမ်းကြမ်းရမ်းရမ်း ထိုးသ,တ်လို့ ရတဲ ငွေကို တို့ စားမိရင် တို့ အထုံ ပါလိမ့်မယ် ”
ကျွန်တော်လည်း အသာ ငြိမ်နေလိုက်ရပါသည် ။ ဆရာ နှစ်ယောက် ဆိုင်ထဲမှ ထွက်သွားကြပါသည် ။
ကျွန်တော်လည်း ဆိုက်ကားတစ်စီး ငှားကာ အိမ်သို့ အမြန် ပြန်ခဲ့ပါသည် ။ အိပ်လောက်ပြီဟု ထင်၍ အိမ်ထဲဝင်လိုက်သည်တွင် ဧည့်ခန်း၌ အပေါင်ဆိုင်ပိုင်ရှင် တရုတ်ကြီးနှင့် ကျွန်တော့် အဖေတို့သည် ကျွန်တော့်ကို ကြည့်ကာ တိုင်းပြည်ပျက်သည့် အလား တရုတ်ဘာသာဖြင့် ဆူညံစွာ ပြောဆို နေကြပါသည် ။ ကျွန်တော် အိပ်ခန်းထဲ ဝင်ရန် ခြေလှမ်း ပြင်လိုက်သည်တွင် “ ငါ့သား ဒီကို လာစမ်း ” ဟု ခေါ်ကာ ကုလားထိုင် တစ်လုံးကို ညွှန်ပြ၍ အထိုင်ခိုင်းပါသည် ။ တစ်ခဏအတွင်း၌ “ အဖေ့ကို မှန်မှန်ပြောစမ်း ၊ မင်း မြန်မာလက်ဝှေ့ ထိုးလာတယ်ဆို ” ဟု မေးပါသည် ။
“ ဟုတ်ကဲ့ ကျွန်တော် တစ်ခါမှ မထိုးဖူးလို့ ဝင်ထိုးကြည့်တာပါ ”
“ ဦးကြူဟုတ် မင်းအကြောင်းကို ချီးမွမ်းနေတယ်ကွ ၊ အဖေလည်း မင်းလို ငယ်ငယ်က မိုက်မိုက်ကန်းကန်း လုပ်ခဲ့တယ် ၊ ငါ့သွေး ပီသပါပေတယ် ၊ ငါ့သားကွ ”
ထိုအခိုက်တွင် ကျွန်တော့် အမေသည် ကြိမ်တစ်ချောင်း ဆွဲကာ အစ်ကို နှစ်ဦး ခြံရံ၍ အခန်းဝသို့ ရောက်ရှိလာပါသည် ။ ကျွန်တော့် အဖေက အသာ ထရပ်လိုက်ပြီး ...
“ ဟဲ့ ရှေ့မတိုးနဲ့ ရပ်နေစမ်း ”
ငေါက်သံနှင့် တားမြစ်လိုက်ပါသည် ။ အမေလုပ်သူသည် ရှူးရှူးရှဲရှဲ ဖြစ်ကာ “ တော် ဘာနားလည်လို့လဲ ၊ ဘာသိလို့လဲ ၊ တော့်သား လူမိုက် မြန်မာ့လက်ဝှေ့ ထိုးလာခဲ့တယ် ၊ ဟောဒီမှာ ထွန်းစိန် အမြင်ပဲ ” ဟု ဆိုကာ အစ်ကို့ကို လက်ညှိုးထိုး ပြပါသည် ။
“ လူမိုက်မှ တကယ့် လူမိုက်စစ်စစ်ကွ ၊ ငါလည်း ငယ်ငယ်က မှန်တယ်ထင်ရင် လုပ်တာပဲ ၊ သွားကြ ၊ သွားကြ ၊ လာမရှုပ်နဲ့ ၊ ဒီကောင်မှ ငါ့သွေးစစ်စစ်ကွ ”
အမေက အလျှော့ မပေးချင်သော မျက်နှာနှင့် ...
“ သားတွေကို တော်တော် မြှောက်ပေး ... ”
“ ကွာ ... မြောက်ခုနစ်မရယ် .. ၊ ယောက်ျားလေး မွေးတာ ဘာဖြစ်လဲ ၊ မိန်းကလေးမွေးမှ ခက်တယ် ” ဟုဆိုရာ ကျွန်တော်က အခွင့် မြင်ထားပြီ ဖြစ်၍ အိမ်ဖော်ကို ခေါ်၍ ပိုက်ဆံ ငါးကျပ် ပေးလိုက်ရာ မကြာမီ ဗင်တိုပုလင်းနှင့် ဖန်ခွက်များ ရောက် လာသောအခါ အဖေနှင့် သူ့အဖော်အား ကိုယ်တိုင် တိုက်လိုက်ပါသည် ။
သူ့အဖော် အပေါင်ဆိုင်ပိုင်ရှင်ကြီးသည် အဖေ့ကို တရုတ်ဘာသာဖြင့် တစ်စုံတစ်ရာ ပြောကြားနေပါသည် ။ ကျွန်တော့် အဖေက လက်မထောင်ပြီး ကျွန်တော့်ကို ကြည့်ကာ ဝမ်းမြောက်ဝမ်းသာ ပြောကြားနေပါတော့သည် ။
ကျွန်တော့် အမေသည် စိတ်မကျေပွဲနွှဲရန် အခန်းထဲသို့ ထပ်မံ၍ ဝင်လာပြန်သည် ။ အမေ့ကို အဖေက ကု,လားထိုင်ပေါ်တွင် အထိုင်ခိုင်းလိုက်သည် ။
“ ဟေ့ ဒီမှာ ကြည့်ကွ ၊ ငါ့သား ခြောက်ယောက် မွေးတယ် ၊ တစ်ယောက်မှ သူ့ပိုက်ဆံနဲ့ သူ မကျွေးမွေးနိုင်ခဲ့ဘူး ။ အခု ဒီကောင်ကတော့ သူ့ပိုက်ဆံနဲ့ သူ ကျောင်းနေတယ် ။ အခုလည်း ငါ့ကို ဗင်တို တိုက်တယ် ။ အဲဒီတော့ ကျန်တဲ့ သားတွေနဲ့ မကွာဘူးလားကွ ၊ ငါ့သားကို မထိနဲ့ကွ ၊ ငါမခံဘူး ။ အဖေတူသားကွ ၊ သူ့ကို ထိရင် ငါနဲ့ အတွေ့ပဲ ”
နောက်ထပ် ကျွန်တော် ဝယ်သော ဗင်တိုဖန်ခွက်သည် အမေ့ ရှေ့သို့ ရောက်နေပါတော့သည် ။
▢ ဗိုလ်တာရာ ( ရဲဘော်သုံးကျိပ် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၃ ဇူလိုင်

No comments:
Post a Comment