Wednesday, November 19, 2025

နေရာတစ်ခု ရချင်သူ


 

❝ နေရာတစ်ခု ရချင်သူ ❞

[ ပုံစံက မြေသား ဒင်္ဂါးဝိုင်းကို ထောင်ထား သလိုပဲ ။ အရွယ်က လူတစ်ရပ်ကျော် မြင့်တယ် ။ ( သေသေချာချာ လေ့လာကြည့်တော့ အချင်း ၇ ပေ ၈ လက်မတဲ့ ။ ) အဝိုင်း မျက်နှာပြင် ပေါ်မှာ လူတစ်ယောက်ရဲ့မျက်နှာပုံစံကို ဖောင်းကြွပြီး ဖော်ထားတယ် ။ အိန္ဒိယက စက်မှုပညာရှင်တစ်ယောက်ရဲ့ ပုံတူတဲ့ ။ ဒီပုံစံ သည်အရွယ် အတိုင်း ကြေးသွန်းပြီး ခန်းမဆောင် ထဲမှာ ထားဖို့ လုပ်ပေးနေတာ ။

မန္တလေး တမ္ပဝတီရပ်ကွက်က မညွန့်ညွန့်ဝင်း တို့ရဲ့ မြန်မာမှုကြေးသွန်းလုပ်ငန်းမှာ အိန္ဒိယ စက်မှုပညာရှင်ရဲ့ ပုံတူကို သွန်းနေတာ ၊ ပြီးရင် အိန္ဒိယကို ပို့ပေးရမှာ ။

မညွန့်ညွန့်ဝင်း တို့ ကြေးသွန်းလုပ်ငန်းမှာ ပုံတူ ၊ ရုပ်တု ကြေးထည် အကြီးစားကြီးတွေ သွန်းလုပ်နေတာ တွေ့ရတယ် ။ ပြင်သစ် က ၊ အိန္ဒိယ က ၊ ထိုင်း က ၊ ဟိုက ၊ သည်က လုပ်ငန်းကြီးတွေ အပ်လို့ လုပ်ကိုင်ခဲ့ရတယ် ။

မညွန့်ညွန့်ဝင်း ဟာ ကြေးသွန်းပညာရှင် တမ္ပဝတီဦးဝင်းမောင် ရဲ့ သမီး ဖြစ်တယ် ။ သူ့ဖခင် ဆုံးသွားပြီ ။ မညွန့်ညွန့်ဝင်း က တစ်ဦးတည်းသော သမီး အဖြစ် ဖခင်ရဲ့ လုပ်ငန်းကို ဝင်ပြီး ဦးဆောင် လုပ်ကိုင်တယ် ။ နောက်တော့ အိမ်ထောင်ကျတယ် ။ အိမ်ထောင်ကျလို့ မကြာခင်မှာ ခင်ပွန်း ဆုံးပြန်တယ် ။

ဖခင်ဆုံး ၊ ခင်ပွန်းဆုံး ၊ လောကဓံ ဆိုးဆိုးတွေကို ရင်ဆိုင်ပြီး သူ့ဘဝကို ထူထောင်ခဲ့ရပုံတွေကို အခုလို ပြောပြပါတယ် ။ ]

••••• ••••• •••••

၁၉၉၇ ခုနှစ်မှာ အဖေ ဆုံးတော့ ကျွန်မက တက္ကသိုလ် တက်လက်စ ၊ ဒုတိယနှစ်ပဲ ရှိသေးတယ် ။

အဖေ ကွယ်လွန်ချိန်မှာ အဖေ့ လုပ်လက်စ အလုပ်တွေက ကျန်ခဲ့တယ် ။ ဉာဏ်တော် ၂၇ ပေ မြင့်တဲ့ ရှင်ပင်နံကိုင်း ဘုရားရုပ်ပွား က အပိုင်းအစတွေ သွန်းလက်စ ။ ရုပ်ရှင်မင်းသား ဦးကျော်ဟိန်း အပ်ထားတဲ့ လောကသရဖူ အသိ - သတိ ကြေးသွန်းဘုရားကြီး က ၂၁ ပေ သွန်းပေးရမှာ ၊ စကို မစရသေးဘူး ။

ကျွန်မ ကလည်း ကျောင်း တက်လက်စ ။ အဖေ့ လုပ်ငန်းကို အလည်အပတ် လောက်သာ ရောက်ဖူးတာ ။ ကျွန်မတို့ နေတဲ့ အိမ်က မန္တလေး ၄၅ လမ်းမှာ ။ အဖေ့ လုပ်ငန်းက တမ္ပဝတီ ပန်းတဉ်းတန်းမှာ ။ တစ်ခါတစ်ရံမှ ကျွန်မ ရောက်တာ ။

ဒါပေမဲ့ အမေနဲ့ သားအမိ နှစ်ယောက် တွဲပြီး အဖေ့ လုပ်လက်စတွေကို အပ်နိုင်အောင် ကြိုးစားခဲ့ပါတယ် ။ ဦးကျော်ဟိန်း အပ်ထားတဲ့ ဘုရားကြီးလည်း အပြီး သွန်းပေးနိုင်ခဲ့တယ် ။ ဦးကျော်ဟိန်း ရဲ့ ဘုရားကို မြင်သွားပြီး ပြင်သစ်နိုင်ငံ မာဆေးမြို့က ဘုရားတစ်ဆူ အပ်တယ် ။ ဗုဒ္ဓဂယာ မှာ ရှိတဲ့ မဟာဗောဓိစေတီ ရုပ်ပွားတော်ပုံစံ အတိုင်း ဉာဏ်တော် ၂၁ ပေ ရှိတဲ့ ဆင်းတုကြီး အပ်တယ် ။ အပိုင်းအပိုင်းနဲ့ သွန်းပြီး ကွန်တိန်နာနဲ့ သယ်သွားတယ် ။ ကျွန်မတို့ ဆီက ဝန်ထမ်း လေးဦး လိုက်သွားပြီး ဟိုမှာ တပ်ဆင်ရတယ် ။ ကျေနပ်ကြပါတယ် ။

အမေက ဒေါ်ညွန့်မေ ။ အမေ့ ဘက်က ဈေးချိုထဲမှာ လက်ဖက် ရောင်းတာ ။ အဖေ ဆုံးသွားတော့ အချို့ကလည်း ကျွန်မတို့ကို လက်ဖက်ပဲ ပြန်ရောင်းနေပြီ ထင်ကြတာ ။

အဖေဆုံးပေမဲ့ ကျွန်မတို့ သားအမိ ကြိုးစားတော့ အလုပ်တွေ ဆက်အပ်ကြတယ် ။ ကျွန်မတို့ ချည်းတော့ မဟုတ်ပါဘူး ။ ဒီလုပ်ငန်းက တစ်ဦးတစ်ယောက်တည်း ထူးချွန်ပြီး လုပ်လို့ မရဘူး ၊ အချောပိုင်း အထိ အားလုံးညီညွတ်မှ ၊ တက်ညီလက်ညီ လုပ်မှ အောင်မြင်တဲ့ လုပ်ငန်း ။ လုပ်သားတွေ ပညာရှင်တွေ အားလုံး ကျွန်မတို့နဲ့ လက်တွဲ လုပ်ကြတယ် ။

ဘုတလင်လမ်းခွဲက အမြင့် ၁ဝ ပေရှိတဲ့ မဟာဗန္ဓုလကြေးရုပ် ၊ အမြင့် ၇ ပေ ရှိတဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ပုံတူ ၊ သာမညဆရာတော်ဘုရားကြီးရဲ့ ပုံတူလေးဆူ စတဲ့ လုပ်ငန်းကြီးတွေ ဆက်လုပ်ရတယ် ။

ကျွန်မတို့ လုပ်ငန်းက ဘိုးဘေး စဉ်ဆက်က ဆင်းသက်လာတာ ။ အဘေး ဦးကွန်း က ပန်းတဉ်းဆရာကြီး ၊ ဦးကွန်း ဆီကမှ အဘိုး ဦးဘရင် ၊ အဖေ ဦးဝင်းမောင် အစဉ်အဆက် သင်ယူခဲ့ကြတာ ။

ကျွန်မက အဖေရဲ့ တစ်ဦးတည်းသော သမီး ။ ကျွန်မ မွေးတာ မန္တလေးဘုရားကြီး မြောက်မုခ်မှာ ။ အဖေ ရှိတုန်းက ကျွန်မက ကျောင်းနေရုံ သက်သက်ပဲ ။

အဖေ ဆုံးပြီဆိုတော့ အမေက ကြားခံ အနေနဲ့ လုပ်ငန်းကို ဝင်ပြီး ဦးစီးရတယ် ။ ကျွန်မ ကလည်း အမေ့ကို ကျောင်းတစ်ဖက်နဲ့ ဝင်ကူရတယ် ။ အမေက ဈေးချိုမှာ နေခဲ့တာ ဆိုတော့ လုပ်ငန်း အပ်ချင်လို့ လာတဲ့ လူကို ကျေနပ်အောင် ပြောဆို ဆက်ဆံတယ် ၊ ဈေးလောက အသိုင်းအဝိုင်း ကလည်း အားပေးကြတယ် ။ အဖေ့ အစဉ်အဆက် ဆရာတော်တွေ ကလည်း အားပေးကြ စောင့်ရှောက်ကြတယ် ။ ဒီတော့ မထင်မှတ်ဘဲ အဖေ ရှိတုန်းကထက် လုပ်ငန်းက ပိုဖြစ်လာတယ် ။

အဖေဆုံးတော့ ကျွန်မ ကျောင်း မပြီးသေးဘူး ။ အမေက ကျောင်း ပြီးအောင် တက်ရမယ်တဲ့ ။ ဒါနဲ့ ဆက်တက်တာ မဟာဝိဇ္ဇာ ပြီးတဲ့အထိပဲ ။

၂၀၀၁ ခုမှာ ကျွန်မ အိမ်ထောင်ပြုတယ် ။ အိမ်ထောင်ပြုလို့ နှစ်နှစ်လောက် ကစပြီး အမျိုးသား ကျန်းမာရေး ချွတ်ယွင်းလာတယ် ။ ဆေးရုံ တက်လိုက် ဆင်းလိုက်ပဲ ။ ၂ဝဝ၇ ခုမှာ အမျိုးသား ဆုံးတယ် ။ သူဆုံးပြီး တစ်လနေတာနဲ့ ကျွန်မ ကိုယ့်စိတ်ကို ကိုယ် ထိန်းပြီး လုပ်ငန်းထဲမှာ စိတ်ကို နှစ်မြှုပ်ထားတယ် ။ လုပ်ငန်းရဲ့ သဘောသဘာဝကို သိအောင် ပန်းချီ အခြေခံပညာကို ဆရာဦးဝေယံ ၊ နန်းရှေ့ဆရာ ဦးသန်းအောင် တို့ ဆီမှာ သင်တယ် ။ ပန်းပုပညာကို ဆရာ ဦးစူးမြင့်သိန်း ဆီမှာ သင်တယ် ။ အိမ်မှာလည်း ဆရာဦးဖိုးရီ ဆီက သင်တယ် ။ အလုပ်လုပ်တဲ့ သူတွေနဲ့ အတူ ဝင်လုပ်ပြီး အခြေခံက စလေ့လာတယ် ။ ပန်းပု က နုတ်ရတာ ၊ ကြေး က ဖြည့်ရတာ ။

ကျွန်မက လုပ်ငန်းမှာ နေရာတစ်နေရာ ရချင်တယ် ။ ကိုယ့်ဘဝမှာ ဘယ်နေရာမှာ ဘာလုပ်ခဲ့တယ် ဆိုတာမျိုး ဖြစ်ချင်ပါတယ် ။ ကျွန်မ လက်ထက်မှာ ဆက်လုပ်ခဲ့တဲ့ လောကသရဖူဆင်းတု ၊ ပြင်သစ်က ဘုရားဆင်းတုတော် ၊ အိန္ဒိယက စက်မှုပညာရှင် ၊ ဉာဏ်တော်ငါးပေ ရှိတဲ့ ရခိုင်ဆရာတော်ကြီး ပုံတူ ၊ သာဂရ မှန်တောင်တောရ က အရွယ် ၁၂ ပေ ရှိတဲ့ မဟာမုနိပုံတော် ၊ ဖထိုကိုရင်ကြီးကျောင်းက မဟာမုနိ ၊ ပြည်တစ်ဖက်ကမ်းက ရွှေဘုံသာမုနိဘုရားလေးဆူ ၊ ကိုယ့် လက်ရာတွေ ပြစရာတော့ ရှိလာပြီ ။ အဓိကက အဲဒီလို လက်ရာတွေ ကျန်ချင်တာပါ ။

ဒါကြောင့် ဆရာတွေနဲ့ ပန်းချီ ၊ ပန်းပု ၊ ပန်းတဉ်း သင်ယူနေတယ် ။ တစ်ဖက်မှာတော့ နိုင်ငံတကာနဲ့ ဆက်သွယ်ဖို့ အင်္ဂလိပ်စာလည်း သင်ရတယ် ။ အိန္ဒိယက စက်မှုပညာရှင်ရဲ့ပုံ ဆိုရင် မိုကို ဓာတ်ပုံရိုက်ပြီး အီးမေးလ်နဲ့ ပို့ပေးရတယ် ။ ဟိုက ပြန်ပြင်ပေးတယ် ။ ဒီတော့ ကွန်ပျူတာ ပညာလည်း သင်နေရတယ် ။ အဲလို တတ်မှလည်း အင်တာနက်ကို သွားနိုင်မှာ ။ တိုးတက်ဖို့ အတွက် ကြိုးစားနေရတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment