Showing posts with label ဆောင်းဝင်းလတ်. Show all posts
Showing posts with label ဆောင်းဝင်းလတ်. Show all posts

Friday, April 10, 2026

ပိတောက်အဖူး စောဦးတတ်သည်


 

❝ ပိတောက်အဖူး စောဦးတတ်သည် ❞ 
( ဆောင်းဝင်းလတ် )

ပြာနှမ်းနှမ်း ကမ်းရိုးတန်းကို လွမ်းစရာကောင်းလောက်အောင် အမြင့်ပေ ၁၂,ဝဝဝ ကောင်းကင်ယံထက်ဆီမှာ တွေ့မြင်ရဖို့ နာရီပိုင်းလောက်သာ လိုတော့သည့် အချိန်တွင် လေယာဉ်၏ အရိပ်အယောင်ကို စီအိုနှင့် ကျွန်တော် မျှော်ငေးရင်း မင်္ဂလာဒုံလေဆိပ် နားနေဆောင်အတွင်း ထိုင်ခုံတန်းကလေးမှာ ယှဉ်တွဲ ထိုင်နေမိကြကာ ရှေးဟောင်းနှောင်းဖြစ် တစ်ပိုင်းတစ်စတို့ကို ဟိုမှသည်မှ ပြန်တွေးဆကာ ပြောနေကြသည် ။

စီအိုကား ကျွန်တော့် ဆရာသမားဟောင်း တစ်ဦးလည်း ဖြစ်သလို ညီရင်းအစ်ကို လိုလည်း ခင်မင်ခဲ့ရကာ တစ်ချိန်တစ်ခေါက် သင်္ဘောတစ်စီးတည်းတွင် တာဝန် အတူတကွ ထမ်းဆောင်ခဲ့ရသော ကျွန်တော်တို့ ရေယာဉ်၏ Comanding Officer အကြီးအကဲကို လည်း ဖြစ်ပေ၏ ။

ကျွန်တော်တို့ လိုက်ပါရမည့် လေယာဉ်ကို ကွင်းထဲတွင် အရိပ်မမြင်ရသေး ။ ကျွန် တော်နှင့် အတူတကွ မြို့ထားဝယ် ဆီသို့ အရောက်သွားဖို့ ဟန်ပြင်နေကြသည့် အဖော်မွန် ငါးဦးကား ဧည့်ဆောင်စားသောက်ဆိုင်ကလေး ဆီမှ ကော်ဖီနှင့် မုန့်များ မှာယူ ဝမ်းဖြည့်နေကြရာက တူမငယ် တစ်ဦးက ကျွန်တော့်အတွက် ကော်ဖီခွက်ကလေး လာပေးသည် ။

“ စီအို အခု စတေရှင်မန်နေဂျာ အနေနဲ့ တာဝန်ယူထားရတဲ့ ကမ်းလွန်ရေနံရှာဖွေရေး ကုမ္ပဏီနာမည်ကို ဘယ်လို ပေးထားလဲ စီအို ” ဟု ကျွန်တော် မေးတော့ စီအိုမိုးမြင့်က ပရီမီယာအွိုင်းလ် မြန်မာကုမ္ပဏီ ဟု ပြောပြပါသည် ။ ထိုရေနံစင်ကြီး ရှိရာသို့ ထားဝယ်မြို့မှ တစ်ဆင့် မကြာခဏ သွားရကြောင်းလည်း ပြောပြပါသည် ။ စီအိုကား ကျွန်တော့်ထက် အသက်အရွယ်အားဖြင့်ပါ ကြီးမြင့်သော ဂုဏဝုဒ္ဓိ အရ ရိုသေလေးစားရမည့်သူ ဖြစ်သဖြင့် ကျန်းမာရေး ဂရုထားဖို့ ကျွန်တော်က ပြောဘော့မှ သတိရဟန်ဖြင့် ...

“ အေးကွ ကိုယ်က အချိန်မှန် အိပ် ၊ အချိန်မှန် စားပြီး သတိထားပါတယ် ။ ခုတောင် မောင်ရင် ပြောမှ သတိရတော့တယ် ။ ဆေးသောက်ရဦးမယ် ” ဟု ဆိုကာ အားဆေး ဟု ထင်ရသည့် ဆေးတစ်မျိုးကို သူ့ခရီးဆောင် အိတ်ထဲမှ ထုတ်ပြီး သောက်ရေတစ်ခွက် ယူဖို့ စားသောက်ဆိုင်ကလေးဆီသို့ ထွက်ခွာသွားပါ၏ ။

စီအို ဆေးသောက်နေသည်ကို ကျွန်တော် လှမ်း၍ ငေးကြည့်နေမိသည် ။ ဆိုင်ကလေး၏ ကောင်တာ တစ်နေရာတွင် ပန်းစိုက်အိုးကလေးနှင့် ဝေအောင် စိုက်ထိုးထားသော ပိတောက်ပန်းများကို တွေ့တော့ ရုတ်တရက် အံ့အားတသင့် ဖြစ်မိ၏ ။ စောစီးစွာ ပိတောက်တွေ ပွင့်နေပြီလားဟု စေ့ငုလိုသဖြင့် ထိုင်နေရာမှ ထကာ အနီးကပ် သွားကြည့်လိုက်တော့မှ သင်္ကြန်ကို တင်ကြို ရင်ဖိုစရာ ဆင်ယင်ထိုးစိုက်ထားသော ပန်းအလှပညာရှင် တစ်ဦးတစ်ယောက်၏ စိတ်ကူးမြောက် လက်ရာ ပန်းစက္ကူ ပိတောက်ဝါ စိတ်ကူးဆန်း ဆန်းလေး ဖြစ်နေမှန်း သိသဖြင့် ပြုံးလိုက်မိပါ၏ ။ အတုလို့ဖြင့် သူ့ကို မဆိုရက်ပါပေ ။ တကယ်လည်း ခွဲခြားမရ တူလှပေသည် ။

“ စီအို ဘာဆေးသောက်တာလဲ ” ဟု ကျွန်တော် သူတစ်ပါး၏ ကိုယ်ရေးကိစ္စမို့ မမေးမိသော်ငြား ထိုင်ခုံကို ပြန်ရောက်ပြီး စကားဆက်ကြတော့ စီအိုနှင့် သက်တူရွယ်တူ မျှပင် ရှိလိမ့်မည်ဟု ထင်ရသည့် ကျွန်တော့်၏ ငယ်ဘဝကျောင်းတုန်းက ဆရာမ တစ်ဦး အား ဆရာကန်တော့ပွဲနေ့က အမှတ်တရ ကျွန်တော် လက်ဆောင်ပါးခဲ့မိသည့် အားဆေးဘူးကလေး အကြောင်း ပြောပြမိသည် ။

“ ဒိန်းမတ် Pharma Nord Aps နဲ့ အဆက်အသွယ် ရှိတဲ့ မိတ်ဆွေဆရာဝန်လေး တစ်ယောက်ဆီက ရတာနဲ့ အဲဒီ Super Bio - Quinone Q 10 Capsules ဆေးဘူးကလေး ဆရာမကို လက်ဆောင်ပေးရင်း ကျွန်တော် ကန်တော့ခဲ့တာပါ ၊ ဆရာမက ဆေးဘူးလေး ကို ကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ ဝဲနေတယ် ။ ကျွန်ဘော့်ကို စိန်ဂျွန်းကျောင်းမှာ တုန်းက အင်္ဂလိပ်စာ သင်ပေးတဲ့ ကျေးဇူးရှင် ဆရာမပါ ၊ သူ့မှာက သွေးတိုးရောဂါ ရှိတော့ Neuhumral Viscrislriction သွေးကြောလေးတွေ ကျဉ်းပြီး နှလုံးက တဖြည်းဖြည်း ညှစ်အား နည်းလာတာလို့ ပြောထားဖူးတာ ကျွန်တော် သိထားတော့ ဒီဆေးဘူးလေး ကန်တော့လိုက်ရတာ ကျွန်တော့်အတွက် ကုသိုလ်ပါပဲ ။ ကုသိုလ် ရလိုက်သလိုပါပဲ ” ဟု ပြောပြတော့ စီအိုက ပြုံးရိပ်တွေ ဝေကာ သာဓု ခေါ်ပါသည် ။

“ ဪ ... အဲဒီဆေး ကိုယ်မြင်ဖူးတယ် ။ ကိုယ်တို့ ကုမ္ပဏီက ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ ဒိန်းမတ်က အင်ဂျင်နီယာတစ်ယောက် အဲဒီဆေး သောက်တာ မြင်ဖူးတယ် ။ အလုပ်ပင်ပန်းတဲ့ လူတွေ ၊ နှလုံးရောဂါသည်တွေ ၊ အားကစားသမားတွေနဲ့ လည်ပင်းကြီးရောဂါ ရှိတဲ့ လူတွေလည်း သောက်ကြတယ်လို့ အဲဒီအင်ဂျင်နီယာက ကိုယ့်ကို ပြောဖူးတယ် ။ သူတို့ ဒိန်းမတ်က ထုတ်တဲ့ ဆေးပဲ မဟုတ်လား ။ ကိုယ် အခု သောက်တာက အားဆေးမဟုတ်ပါဘူး ။ မနက်က ခပ်စောစော ရေချိုးလာလို့ အအေးမိပြီး ဖျားမှာ စိုးတာနဲ့ ကြိုတင်ပြီး နှာစေးချောင်းဆိုးပျောက်ဆေးပြားလေး သောက်ထားတာပါ ” ဟု စီအိုက ပြောတော့ သူနှင့် ကျွန်တော် တနင်္သာရီကမ်းမြှောင်ဒေသထဲက “ ဘောင်းတောင် ” အမည်ရှိ ပင်လယ်ရွာကလေး တစ်ရွာမှာ တန်ကေးခေါ် ငါးဖမ်းသင်္ဘော တစ်စီးတည်းအတူ မနက် စောစောတွင် ရွာထဲက ရေတွင်းမှာ ရေချိုးရင်း နှစ်ယောက် ဆုံတတ်ခဲ့ပုံကို ပြန်လည် မြင်ယောင်မိ၏ ။

ဘောင်းတောင်ရွာကလေး ၊ ရေလုပ်ငန်းရှင်များ အားထားရာ ရွာကလေး ။ ထိုစဉ် သမယက မူလတန်းကျောင်းလေးမှာလည်း ကျောင်းသား များပြီး ဆရာ ၊ ဆရာမက တစ်ယောက်လား ၊ နှစ်ယောက်လား ၊ မှတ်မိသေးသည် ။ ထိုရွာသို့ ပထမဦးဆုံး ရေယာဉ်အဝင် မှာ ကျွန်တော် အဟောက် ခံရတာ ။ ယောာက်တာက စီအိုမဟုတ် ။ ပဲ့ထိန်း ကိုပျားကြီးက ဟောက်တာ ဟိန်းတာ ။

“ ဟေ့လူ စက်ခန်းထဲက ခဏ တက်ကြည့်ပါဦး ။ သင်္ဘောက လိပ်တစ်ကောင် လောက်တောင် မပြေးတော့ဘူး ။ နည်းနည်းပါးပါးလည်း စက်ရှိန် တင်ပေးဦးမှပေါ့ဗျ ။ တော်ကြာ ရေကျချိန် မိပြီး သောင်တင်သွားရင် ဒုက္ခ ” ဟု ဒေါသတကြီး ငုံ့ပြီး လာပြောနေသော ကိုပျားကြီး၏ မျက်နှာပြင်ပေါ်မှာ သနားစဖွယ် ကျောက်ပေါက်မာသက်သက်ကို ကျွန်တော် မော့ကြည့်ခဲ့ဖူးသည် ။ စီအို ကတော့ ခပ်အေးအေးပင် ဘာမှ မပြောဘဲ ပဲ့စင်မှာ ရှိနေခဲ့သည် ။ ကျွန်တော်က ကိုပျားကြီးကို ဘာမှ ပြန်ပြီး Complaint မလုပ်ခဲ့ ၊ မတုံ့ပြန်ခဲ့ ။ ဖြစ်ပုံက ရွာအဝင်နီးခါမှ ကျွန်တော်၏ အင်ဂျင်စက်ထိပ်က ရေအေးလှည့်ပတ်ဆုံ Water Coling Systern Circulation Pump နှစ်လုံးအနက် တစ်လုံး၏ အောက်ခြေ အထိုင် Fundalin ကို ထိန်းထားသည့် ဝက်အူ Bolts and Nuts လေးချောင်းမှ နှစ်ချောင်းမှာ သံချေးစားကာ ပြတ်ထွက်သွားပြီး အင်ဂျင်ထပ်လည်ဘီး Pulley ကို ဆက်သွယ်ထားသော သားရေခါးပတ်ကြိုး V Belt ကြီးက ပြုတ်ပြီး လွင့်ထွက်သွားရာ ကျွန်တော့်မှာ မလွှဲသာ၍ စက်ရှိန် လျှော့ချလိုက်ရခြင်းဖြစ်၏ ။ စက်ရှိန် တင်ထားလျက် ရေဆူမှာ စိုး၍ဖြစ်သည် ။ အရေးပေါ်အခြေအနေမို့ လတ်တလော စက်မရပ်ဘဲ ရွာတံတားသို့ ဖြည်းဖြည်းချင်း ရောက်အောင် သွားပြီး စက်ရပ်ချိန်ကျမှ ပန့်အထိုင်ကို ပြန်ပြင်မည်ဟု ကျွန်တော်က စိတ်ကူးထားဆဲ ကိုပျားကြီးက ဘုမသိ ဘမသိ စက်ခန်းဝအထိ ဆင်းလာကာ ငုံ့ကြည့်ပြီး အော်ဟစ်ငေါက်ငမ်းဟောက်ဟိန်းနေသဖြင့် ကျွန်တော်လည်း ဘာမျှ ရှင်းပြမနေတော့ဘဲ ဘောင်းဘီအိတ်ထဲမှ စီးကရက်ဘူး ထုတ်ကာ တစ်လိပ် မီးညှိရှိုက်ဖွာ လိုက်မိသည် ။

ထိုပုဂ္ဂိုလ်သည် ဒေါသတကြီးဖြင့် ပဲ့စင်ဆီ ပြန်တက်သွားမှ ကျွန်တော့်စိတ်ကူး ...

“ ဪ .... လူရိုးလူဖြောင့်ကြီး ၊ တာဝန်ဝတ္တရား ကျေပွန်တဲ့ ပဲ့ထိန်းကြီး ၊ ပဲ့နင်းကြီး ၊ လူဖြောင့်စိတ်တိုကြီး ” ဟု သူ့ကို သည်းခံနားလည်ခွင့်လွှတ်နေမိသည် ။ သူက ကြာရှည် အတေးအမှတ် အာဃာတသမား မဟုတ် ၊ ဒေါသကြီးလည်း ခဏ ။ လောကသဘော အရ အထက်နှင့် အောက်ကြား အတွန်းအတိုက် အဖိအဖော့ အဖွသမား အမျိုးအစား မဟုတ် ။ ထို့ကြောင့် ကျွန်တော် သူ့ကို သည်းခံသည် ။ သူလည်း ကျွန်တော့်မှာ ချို့ယွင်းချက် ရှိသည့် အခါများတွင် ကြာတော့ သည်းခံတတ်လာသည် ။ အပြန်အလှန်ပင် ။ တစ်ခါ က ကျွန်တော်တို့ သင်္ဘော တနင်္လာသာရီမြို့ကလေးသို့ အရောက် ကောက်ကာငင်ကာ ပဲ့နင်းကိုပျားကြီး တစ်ယောက် ဆေးရုံပြစရာဝေဒနာတစ်ခု ပေါ်ပေါက်ထလာသည့်အခါ အဆိုပါ တိုက်နယ်အဆင့် ဆေးရုံကလေး ဆီသို့ ကျွန်တော်ပင်လျှင် သူ့ကို အဖော် အဖြစ် လိုက်ပါ ပို့ဆောင်ပေးခဲ့ရဖူးသည် ။ သင်္ဘောမှ သူပြောင်းသွားတော့ တစ်ယောက်နှင့် တစ်ယောက် ခင်ခင်မင်မင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့ကြရသည် ။ သင်္ဘောတစ်စင်း၏ ကျွန်တော်တို့လို စက်ခန်းသမား ဆိုသည်က ပင်လယ်ထဲမှာ မြစ်တွေ ၊ ချောင်းတွေ ထဲမှာ စာဖတ်ဖို့ အချိန်က သိပ်မရ ။ ထို့ကြောင့် စာအုပ်တွေ အစား ‘ လူ ’ တွေကို ဖတ်ခဲ့ရသည် ။ မတစ်ထောင်သားတွေ ကြား ‘ လူ ’ ဆိုသည့် စာမျက်နှာများကို စိတ်ဝင်တစား အကဲခတ် ဖတ်ရင်းက အဇ္ဈတ္တ ၊ ဗဟိဒ္ဓ မျိုးစုံနှင့် ကြုံခဲ့ရသည် ။ အငြိုးအတေး ကလဲ့စားစိတ် ကြီးမားသူ ၊ လတ်တလော ဒေါသကြီးပြီး စိတ်ထဲတွင် အကျိတ်အခဲ အတေးအမှတ် မထားတတ်သူ ၊ ပျော်တတ်ပါးတတ် ခွင့်လွှတ်စာနာတတ်သူ ၊ ခပ်တည်တည် မှုန်တေတေ နေတတ်သော်လည်း ရင်ထဲက စိတ်ရင်းနူးညံ့မွန်မြတ်သိမ်မွေ့သူ ၊ အရက်မူးလျှင် တစ်ခါတစ်ရံ သတိလက်လွတ် ထင်ရာမြင်ရာလုပ် ၊ သွေးဆိုးတတ်သော်လည်း လူယုတ်မာ မဟုတ်သူ ။ ပင်ကို အခြေခံ စိတ်ထားအရ ရိုးစင်းအေးဆေးပျော်ရွှင်စွာ နေထိုင်တတ်သူ ။ ကောက်ကျစ်စဉ်းလဲ လောဘသက္ကာရ အတ္တစိတ် ကြီးမားသူ ၊ ဘုရားတရား အမှန်တကယ် ရိုသေကိုင်းရှိုင်းနိုင်သူ စသဖြင့် လူတွေကို ဖတ်ရင်း လူ့စာမျက်နှာတွေ ကြားထဲမှာ မထင်မှတ်ဘဲ ဇာတ်ကောင် တစ်ဦး ဖြစ်ခဲ့ရဖူးပြီ ။

ကျွန်တော်ဆိုသည့် ပုထုဇဉ်လူသား တစ်ဦး အပေါ်မှာလည်း ဖတ်ရှုအကဲခတ် ဆုံးဖြတ်သတ်မှတ်သူတွေက အသင်္ချေအနန္တ  ၊ ကျွန်တော့်ကို ချစ်ကြသည် ၊ ခင်ကြသည် ၊ သည်းခံကြသည် ၊ ခွင့်လွှတ်ကြသည် ။ ထို့အတူ ကျွန်တော့်ကို မုန်းကြသည် ၊ နာကြည်းကြသည် ။ ပြစ်တင်ရှုတ်ချကြသည် ၊ စွန့်လွှတ်ခွဲခွာကြသည် ၊ ဝေဖန်ကြသည် ၊ စာကို မဖတ် ၊ လူကို ဖတ် ကြရင်း သည်လိုနှင့်ပင် ဘဝခရီးကား မပြီးဆုံးသေးပေတကား ။ အပြောင်းအလဲတွေကလည်း ဘဝမှာ များလှပါဘိ ။ စီအို နှင့် ကျွန်တော် သည်ပင်လျှင် တစ်ချိန်က လုပ်ငန်းတွေ နှင့်မတူသော ကွဲပြားခြားနား ဘဝ ဝမ်းစာရှာသမားတွေ ဖြစ်နေကြကာ ခုမှသာ ခရီးသွား ဟန်လွှဲ ပြန်ဆုံစည်းကြရခြင်းဖြစ်သည် ။ တကယ်တမ်းကျတော့ ဘဝ ဆိုတာ ခဏ ဆိုမှ ၊ ခဏလေးသာရယ် ။ ပျံသန်းချိန် မိနစ် ၈ဝ ဆိုသော ထားဝယ် - ရန်ကုန် လေယာဉ်ခရီးဝယ် မြေပြင်သို့ ဆင်းအသက် လက်ပြနှုတ်ဆက်ကာ မိမိ တာဝန်ရှိရာသို့ အသီးသီးအသက ခြေလှည့်ကြ ခွဲခွာကြရပေဦးမည်တကား ။

ရေခဲရေ အေးအေး တစ်ခွက်မျှ သောက်ချင်လာသဖြင့် အရောင်းဆိုင်လေး ရှိရာသို့ လျှောက်လာခဲ့သည် ။ ကောင်တာစားပွဲပေါ်ရှိ ပန်းစိုက်အိုးငယ်တွင်မူ နွေကြိုသည့် ရွှေအိုရောင် စက္ကူပိတောက်ခက်လေးတွေက လှလို့ ဝေလို့ ။

စက္ကူပန်းရယ်လို့
စိတ်ကြမ်းကြီးနဲ့ မဆိုချင် ။

ရွှေအိုငယ် ပိတောက်ရယ်က
ဘယ်မေပျို မြတ်နိုးကာ
စိုက်ထိုးထားပါလိမ့်
ရိုးသားသူ ပန်းချစ်ခြင်းပေပဲ
ရင်ထဲထိ စိမ့်အီ ...

စသည်ဖြင့် အံ့အားတသင့် ကျွန်တော့် နှလုံးသား၌ လှိုက်ဝေ့ကာ ငေးနေဆဲ ..

အတုအပ ဆိုကာ
ဒုက္ခမဝေငှရင် လှစမြဲပေမို့ ဆိုသည့် ကဗျာအတွေး နွေးခနဲ ထပ်ဆင့်အဝင် တေးသံရှင်တစ်ဦးက ကျွန်တော့် နောက်မှ အသံပြုလာသဖြင့် လှည့် အကြည့်တွင် သိကျွမ်းခင်မင်ဖူးသူ လေဆိပ်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို တွေ့လိုက်ပြီး ဝမ်းပန်းတသာ နှုတ်ဆက် လိုက်ရသည် ။ သူမ တာဝန်ကျသည့် နေရာမှာ ဟိုတစ်ဖက် အဆောက်အအုံတွင် ဖြစ်သည်ဟု ဆိုပါ၏ ။ “ ဒီဘက်ကို ကိစ္စတစ်ခုနဲ့ ခဏ လာရင်း မြင်လိုက်လို့ ” ဟု သူမက ပြုံး၍ ပြောရင်း သောက်ရေကို ခပ်ဖြည်းဖြည်း သောက်နေသည့် ကျွန်တော့်အား ခရီးစဉ်ကိစ္စ မေးရာ စာပေဟောပြောပွဲ ဖိတ်ကြားထား၍ ကျွန်တော် အပါအဝင် ကဗျာစာပေ အနုပညာရှင် ငါးဦး ကြည်ကြည်နူးနူး ခရီးထူးဖြစ်ကြောင်း ပြောပြလိုက်ရသည် ။

“ အပြန်ကျ အချိန်ရရင် တို့အလုပ်လုပ်တဲ့ နေရာကို ဝင်ခဲ့ဦးနော် ” ဟု သူက ဖိတ်မန္တက ပြု၍ ခေါင်းညိတ်ပြလိုက်မိသည် ။ သူလည်း ကျွန်တော့်လိုပင် အရောင်းဆိုင်လေး၏ ကောင်တာပေါ်တွင် တင်ထားသည့် စက္ကူပိတောက်ခက်လေးတွေကို မြင်ဟန် တူပါ၏ ။ ပြုံးရိပ်တွေ ဝေလာရင်းက

“ တကယ် ကဗျာဆရာမလေး ဖြစ်ချင်ပြီး ငယ်ငယ်တုန်းက စိတ်ကူးတွေ ယဉ်ခဲ့ရတာက တို့ပါ ။ ကြီးလာတော့ တကယ် ဖြစ်သွားတာက မင်း ... ” ဟု လက်ညှိုးလေး ထိုးပြီး ကျွန်တော့်ကို ပြောပါသည် ။ ဝေ့ခနဲ ရယ်ကျဲကျဲလေး လုပ်ပြီး စီးကရက်သောက်ချင်လာသော်ငြား လေအေးစက်များ ဖွင့်ထားမည် ထင်၍ မျိုသိပ်ရင်းက ...

“ ဟုတ်ပါ့ဗျာ ၊ အလုံနော်မန်ကျောင်းလမ်းမှာ မင်း နေဘုန်းက သင်္ကြန်တွင်းကြီး သူများ ပျော်လို့ မပျော်နိုင် ရည်းစားနဲ့ စိတ်ကောက်ပြီး မှိုင်နေတဲ့ မင်းကို စိတ်ဆိုးပြေအောင် ကလေးတွေ အပျင်းပြေ မိုးပေါ်တင်လွှတ်တဲ့ လေပူဖောင်း ရောင်စုံလေးတွေ စုချည်ပြီး အဲဒီမနက်ခင်း ဦးဦးဖျားဖျား ပွင့်တဲ့ အလုံလမ်းဘူတာ ခုံးဆင်းထိပ် ပိတောက်ပင်ကြီးက ရလာတဲ့ ပိတောက်ခပ်သေးသေး တစ်ခက်ကို အပ်ချည်ကြိုးမှာ သီပြီး မင်းအိပ်ခန်းပြတင်းပေါက်ဘက်ရောက်အောင် လမ်းမပေါ်က ရေတွေ စိုရွှဲနေတဲ့ ကိုယ်က လွှင့်တင်ပေးလိုက်တဲ့အကြောင်း မင်းတို့ ကျောင်းနှစ်ပတ်လည်မဂ္ဂဇင်းမှာ စိတ်ဆိုးပြေတဲ့ အထိမ်းအမှတ်နဲ့ ကိုယ့်အတွက် မင်း ရေးတဲ့ ကဗျာလေး သိပ်သတိရစရာပဲကွာ ။ ဘယ်လောက် သတိရတတ်လဲ ဆိုတာ နောက်မှ အလွတ် ရွတ်ပြမယ် ။ ခုတော့ အချိန်မှမရတာ ” ဟု ခပ်ရွှင်ရွှင် ခပ် နောက်နောက် ရောက်တတ်ရာရာတွေ ပြောနေမိလိုက် ခိုက်မှာပင် နားနေဆောင်တွင်းဆီက “ ထားဝယ်ခရီးသည်များ ... ထားဝယ်ခရီးသည်များ ” ဆိုသည့် သတိပေးသံလေး ကြားလိုက် ရ၏ ။ Boarding Pass လက်မှတ်အရ ကိုယ့်ထိုင်ခုံမှာ ကိုယ် ထိုင်ပြီးစ လေယာဉ်က စက်သံ စတင်မြည်ဟည်းချိန်တွင် စောစောက သူ့ကို နှုတ်ဆက်ကာ ကသုတ်ကယက် လေယာဉ်ကွင်းပြင်ကျယ်ကြီးဘက် Exit ထွက်ပေါက်ဘက်မှ မထွက်လာမီ ကပျာကသီလေး မေးလိုက်သော သူ့စကား တစ်ခွန်းကို ရင်ဖိုလှိုက်လှဲ ဖျတ်ခနဲ သတိရမိလိုက်၏ ။

“ ထားဝယ်ညမှာ မင်း ဘာအကြောင်း ပြောမှာလဲဟင် ” တဲ့ ။

ကျွန်တော့် အတွေးထဲတွင် စီကာစဉ်ကာ ရှိပြီး ဖြစ်လေ၏ ။ ငယ်ငယ်က သူမတို့နှင့် တစ်လမ်းတည်း နေသူ ကျွန်တော့်အဘိုး ဆရာဝန်ကြီးက ကိစ္စတစ်ခုခု မခိုင်းမီ ကျွန်တော့်ကို ဦးစွာပထမ ဥပမာဥပမေယျတို့ဖြင့် ဆုံးမစကား ပြောကြားတတ်ပုံ ၊ လောကကြီးသုံးပါးတွင် သည်းခံမှု ၊ ဇွဲလုံ့လဝီရိယရှိမှု အတွက် လက်တွေ့ရော သွယ်ဝိုက်၍ပါ အစဉ်တစိုက် အလေ့အကျင့် ကြိုတင် Well Train လုပ်ပေးခဲ့ပုံ ။ အဘိုး၏ ကျေးဇူးကို ဦးစွာပထမ နားလည်သဘောပေါက်ခြင်း မရှိသော်ငြား ကာလများ ရှည်ကြာလာသည်နှင့်အမျှ သည်းခံခြင်း သဘောသကာယကို အတန်အသင့် နှလုံးပိုက်ကာ ဇွဲ လုံ့လ ဝီရိယ ဖြည့်စွက်လျက် စာပေအနုပညာလမ်း ခရီးကြမ်းကို မနားတမ်း ကြိုးပမ်းလျှောက်လှမ်းခဲ့ရပုံနှင့် ဧည့်ပရိသတ်များ ကြားထဲမှာလည်း စာကဗျာ အရေးအသား ဝါသနာထုံသူများ ရှိပါက အဆိုပါစိတ် ကလေး ရင်ထဲနွေးအောင် ထွေးပွေ့ရင်း အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်ကြပါစေဟု ဆုတောင်းရင်း နိဂုံးကမ္ပတ် အဆုံးသတ်ဖို့ ကျွန်တော် တွေးထားပြီး ဖြစ်၏ ။

လေယာဉ်ပေါ်တွင်ကား စီအိုနှင့် ကျွန်ဘော် ထိုင်ခုံချင်း မတူကြပေ ။ မှန်ပြင်တင်း ထူထူ အလုံပိတ်ထားသည်မှ ငုံ့ကြည့်ရသည့် အမြဲစိမ်းလန်းဒေသ တနင်္သာရီရိုးမကြီးအား မှုန်ပျပျ မြင်ရသည်ကမူ အတူတူပင် ဖြစ်ပေလိမ့်မည် ။

မိုးကောင်းသော ပင်လယ် ၊ မိုးရေတို့ဖြင့် ပြည့်ဖြိုးသော တောတောင်ဒေသက ကောင်းကင်ကြီး၏ အောက်မှာ တကယ့်ကို ပြာနှမ်းနှမ်း ။

ကော်ဖီနှင့် မုန့်တွေ လေယာဉ်မယ်လေး လိုက်လံဝေငှချပေးနေဆဲ၌ တစ်ဖက် ခုံတန်းမှ စီအိုနှင့် ကျွန်တော် ဝေ့ဝဲလှမ်းကြည့်မိသည် ။ ပစ္စက္ခသမယဝယ် တစ်ဦးက ကမ်းလွန် ရေနံ မန်နေဂျာ ၊ တစ်ယောက်က စာပေသမား ဘဝမို့ ပြန်လည်၍ အတူတကွ ရောက်ခွင့် မကြုံနိုင်ကြတော့သော ဟိုးခပ်ဝေးဝေး ခပ်နိမ့်နိမ့် အောက်ဆီက ဘောင်းတောင်ရွာကလေး၏ နွေဦးမိုးရေနှူးစ ပိတောက်ညတချို့ကို လွမ်းတတ်မည် ဆိုလျှင်လည်း တိမ်ယံထဲမှာပဲ လွမ်းကြရပေဦးတော့မည် ၊ ဟုတ်ပေ၏ ။ အမြဲစိမ်းလန်းသော သစ်တောတို့သည် ပိတောက်အဖူး စောဦးတတ်ပေသည် တကား ။

▢  ဆောင်းဝင်းလတ်
📖 မဟေသီ မဂ္ဂဇင်း
      ဧပြီ ၊ ၂၀၁၂

Thursday, February 1, 2024

မပျော် ခြောက်လ ပျော် ခြောက်လ


 ❝ မပျော် ခြောက်လ ပျော် ခြောက်လ ❞


မနက် မိုးစင်စင် လင်း ခဲ့ လျှင် ဖြင့် အိမ်သာ ရေဆေးရမည် ဆိုသည် ကို မောင်ဖုန်းမြင့် သိပြီး သား ။ ည က ဟိုဘက်ခန်း မှ အသံတွေ ကြား ရသည် ။ အိမ်ရှင် ၏ သား အကြီးကောင် အောင်စိုးဦး အရက် သောက် လာသည့် အကြောင်း ။ အိမ်သာ ထဲ မှာ အော့အန် ထားသည့် အကြောင်း ၊ ဒီ ကောင်လေး အသက် က အလွန် ဆုံး ရှိ မှ ၁ရ နှစ် ပေါ့ ။ ရှစ်တန်း နှင့် ကျောင်း ထွက် ထားသည် ။ ကျဘမ်း ရရာ အလုပ် လုပ် နေသည် ။ သူ နှင့် တွဲ၍ အလုပ် လုပ်နေသည့် ကောင်လေး က လည်း သူ နှင့် အရွယ်ချင်း မတိမ်းမယိမ်း ။ နာမည် တော့ မသိ ။ သန်လျင် မှာ နေသော အောင်စိုးဦး တို့ အဒေါ် ၏ သား ၊ အောင်စိုးဦး နှင့် ညီအစ်ကို ဝမ်းကွဲ ဟု သိရသည် ။ ည က အောင်စိုးဦး အရက်သောက် လာသည် ကို ဖိုးတင်အေး က တတွတ်တွတ် ပြော နေသည် ။ ဖိုးတင်အေး က အောင်စိုးဦး ၏ ဦးလေး အလတ် ။ အောင်စိုးဦး အမေ မပြုံး ၏ မောင် ။


မပြုံးတို့ က မောင်နှမ ၄ ယောက် ရှိသည် ။ မိဘ မရှိကြတော့ ။ တိမ်းပါး သွားကြပြီ ။ မပြုံး က မုဆိုးမ ။ အသက် ၃ဝ ကျော် ။ သူ့ ခင်ပွန်း လည်း တိမ်းပါး တာ ကြာပြီ တဲ့ ။ မပြုံး က အိမ် မှာ ပုစွန်တောင် က တရုတ်မ တစ်ယောက် ၏ စက် ကို ယူ ကာ ဓားစက် လိုက် ရသည် ။ အထည်တွေ ကို ဓားစက် လိုက် ပေးရသည် ။ မနက် စောစောပိုင်း တွင် ရေကျော် မှာ ပဲပြုတ် သွား ရောင်း ရ သေးသည် ။ မပြုံး အောက် က မောင်ပဲလှော် က အထည်ဟောင်း ရောင်းသည့် ဆိုင်တန်း မှာ ဈေးခေါ် လုပ်ပေး ရသည် ။ ရ လာ လျှင် လည်း အိမ် ကို ကောင်းကောင်း မပေး ။ အရက် စွဲ နေသူ ။ သူ့ အောက် က ဖိုးတင်အေး က ပထမ ရပ်ကွက် သမဝါယမ ဆိုင် မှာ အရောင်းသမား ။ ပြီးခဲ့သည့် သင်္ကြန် တွင်း က ဆိုင်တာဝန်ခံ နှင့်  ပဋိပက္ခ ဖြစ်ကာ အလုပ်နား ရသည် ။ အလုပ် နား နေဆဲ တွင် တခြား ရပ်ကွက် မှ ကောင်လေး တစ်စု နှင့် စကားများ ရန်ဖြစ် ကြ ရာ ပဲလှော် က ပါ ဝင် ကူရင်း ညီအစ်ကို နှစ်ယောက် အင်းစိန် ထောင် မှာ ၁ဝ

ရက် အချုပ် ခံ ခဲ့ကြရသည် ။ ပြန် လာတော့ ခေါင်းတုံးတွေ နှင့် ။ ဖိုးတင်အေး က

လေဟာပြင်ဈေး မှာ ကုန်ထမ်း အလုပ် သွား လုပ်သည် ။  သူတို့ နှစ်ယောက် အောက် က 

ညီ အငယ်ဆုံးလေး မိုးကျော် ။ သူ့ ကို သိပ် ကျပ် မပြည့်ဘူး ဟု သဘောထား ကာ

ညီအစ်ကို မောင်နှမများ က “ မိုးကြောင် ” ဟု နောက်ပြောင် ခေါ်ဝေါ်ကြသည် ။ မိုးကျော် ကို ရပ်ကွက် က ချစ်သည် ။ သူ က အရန်မီးသတ်တပ်ဖွဲ့ဝင် လည်း ဖြစ်သည် ။ ညဘက် မီးကင်း လည်း စောင့်သည် ။ မြို့နယ်လူကြီးများ မှ စီမံကိန်းချ ဆောင်ရွက် နေသော ယာခင်းကလေးတွင် လည်း မိုးကျော် စိုက်ပျိုးရေး အလုပ်သမား ဝင် လုပ်ခွင့် ရသည် ။


မပြုံး က အောင်စိုးဦး အပါအဝင် သားသမီး သုံးယောက် ရှိသည် ။ အောင်စိုးဦး အောက် က ဆန်းထွဋ်ဝင်း က ငါးတန်း ကျောင်းသား ။ နွေတုန်း က ရပ်ကွက် ထဲ က ဗီဒီယို ပြသည့် ရုံ မှာ ရေခဲထုပ် သွား ရောင်းရသေးသည် ။ သူ့ အောက် က ဇင်မင်းကြူ က တစ်တန်း ။ ကျန်းမာရေး မကောင်း ။ အဆုတ်နာ ရောဂါ ကု နေရသည် ။ တစ်တန်း ကျသည် ။ လက်မောင်းလေးတွေ က တစ်ကျပ်လုံး ပင် မပြည့်ချင် ။ မနက် အိပ်ရာ ထ သည် နှင့် အော် ငို တတ်သည် ။ ကလေး သာ ဆိုသော် လည်း အသံ က လူကြီး အသံ ။ သူ့ အမေ ပြောပုံ ဆိုပုံ အတိုင်း လိုက် နေသည် ။ လိုက် ပြောသည် ။ မျက်နှာ က လည်း ကလေး မျက်နှာ မျိုး မဟုတ် ။ ရင့် နေသည် ။ သူ့ အမေ က လည်း အိပ်ချိန် အလုပ်သွားချိန် မှ လွဲ၍ ပါးစပ် က တတွတ်တွတ် ။ အခု သံဗုဒ္ဓေသီချင်း ဆို သည် ။ တော်တော်ကြာ ဗီဒီယို အကြောင်း ပြောသည် ။ ဈေး အကြောင်း ၊ ရပ်ကွက် အကြောင်း ၊ မောင်နှမတွေ အကြောင်း ၊ မိဘ ၊ လင်သား အကြောင်း ၊ ဆွေမျိုးတွေ

အကြောင်း ၊ ပုစွန်တောင် မှ တရုတ်မ အကြောင်း ။ အိမ် ကို အဖော်အပေါင်း ခေါ် ၍ ပြောသည် ။ မလာ လျှင် သူ က သွား ပြောသည် ။ အိမ် မှာ လည်း ဆန်းထွဋ်ဝင်း ၊ ဇင်မင်းကြူ တို့ နှင့် ပြောသည် ။ ပျင်းသလား တော့ မမေး နှင့် ။ အိုး တိုက်တာ ၊ တံမြက်စည်း လှည်းတာ ၊ အိမ် ရှင်းတာ ၊ အဝတ်လျှော်တာ မတွေ့ရ သလောက် ။ လျှော် တော့ လည်း စု လျှော်သည် ။ ရေ ထည့် သော စဉ့်အိုး နှစ်အိုး ရှိသည် ။ အဝီစိ ရေစက်အိမ် မှ ရေပိုက် နှင့် ရေ လာ ထည့် လျှင် တစ်ခါတလေ တစ်အိုး ထည့်သည် ။ တစ်ခါတလေ တစ်ဝက်စီ ထည့်သည် ။ အိမ်သာရေအိုး ထဲ လည်း ရေ မထည့် ။ တစ်ခါ မှ မထည့် ။ မိန်းမသား တန်မဲ့ ပဲပြုတ် ရောင်း က ပြန်လာ လျှင် ပဲ ဖြစ်ဖြစ် ၊ ပုစွန်တောင် ကို အထည် ပို့ပြီး ပြန်လာ လျှင် ပဲဖြစ်ဖြစ် ၊ ဈေး က အပြင် က ကိစ္စ တစ်ခု ခု နှင့် ပြန်လာ လျှင် ပဲ ဖြစ်ဖြစ် ပါးစပ် က တတွတ်တွတ် ပြောရင်း အိမ်သာ တန်း ဝင်သည် ။


“ ဟယ် ... ရေ က လည်း မရှိဘူးတော့ ” 


သူ့ အသံ ကြား မှ ဒီဘက် ခန်း က အိမ်ငှား မောင်ဖုန်းမြင့် တို့ က ရေ မရှိ တော့ ကြောင်း သိရသည် ။ ထည့်သလား ။ မထည့်ပါ ။ သည် အတိုင်း အပေါ့အပါး သွားပြီး ပြန် ထွက်လာတတ်သည် ။ အလေး သွား လျှင် လည်း ဝတ်ကျေတန်းကျေ အိမ်ရှေ့ စဉ့်အိုး ထဲ က ရေ တစ်ခွက် သွား ခပ်ပြီး လောင်း ချသည် ။ ပြီးပြီ ။ မနက် မိုးလင်း လျှင် အိမ်သာ ရေ ထည့်ရသည် က သည်ဘက်ခန်း မှ အိမ်ငှား ၊ သူတို့ ထက် လည်း အသက်ကြီး သူ မောင်ဖုန်းမြင့် ။ တစ်နေ့လုံး တော့ ဘယ် စောင့်ထည့် နေ နိုင်ပါ့မလဲ ။ အလုပ် သွား ရသေးသည် ။


“ ဟေ့ကောင် အောင်စိုးဦး ၊ ညက မင်း များပြီး အိမ်သာ ထဲ မှာ အန်ထားတာ မှတ်မိလား ” 


သန်လျင် က ကောင်လေး က သည် မနက် စောစော မှာ အောင်စိုးဦး ကို မေး နေတာ မောင်ဖုန်းမြင့် အိပ်ရာ ထဲ က ကြား ရသည် ။


“ အေး ... အဲဒါ ဘာဖြစ်လဲ ” 


ဒါပဲ ကြား ရသည် ။ ကိုယ့် အန်ဖတ် ကိုယ် ဆေးဖို့ တာဝန် မသိ ။ အိပ်ရာ က ထ ပြီး မောင်ဖုန်းမြင့် ရေဆွဲ ၊ ရေထည့် သန့်ရှင်းရေး လုပ် နေတာ နောက်ဖေး တံခါးဝ မှာ လုံချည် ကို ခြုံ၍ ရပ်ပြီး ကြည့် နေသည် ။ သူ နှင့် ဘာမှ မဆိုင် သလို ။ ပြီးတော့ အိမ်ရှေ့ စဉ့်အိုး မှာ ရေသွား ချိုးတာ တွေ့ရသည် ။ ရှေ့နောက် မချန် ။ ရေ က လည်း မရှိ ။ ရေသုံး က လည်း ကြမ်း ချင်သည် ။ သူတို့ အတွက် တော့ မပန်း မကြီး ။ ရေ ကုန် လျှင် မောင်ဖုန်းမြင့် တို့ ရေတိုင်ကီ သုံးလုံး ကို မျက်စောင်း ထိုးသည် ။


“ ရေ နည်းနည်း ယူ မယ်နော် ” 


ဟု တော့ ဝတ်ကျေတန်းကျေ ပြောပြီး ခပ် ယူ တော့သည် ။ အဲဒါက မပြုံး ။ ရေ ယူသည် ။ အဝတ် လျှော်သည် ။ ချိုးကြသည် ။ တံခါး ဖွင့် တာ လည်း ကြမ်း လိုက်တာ ။ မောင်ဖုန်းမြင့် တို့ ဘုရားစင် ရိုက်ထားသော နံရံ ပင် တုန်ဟီး သွားသည် ။


တစ်ခါတစ်ရံ ထို နံရံ ပေါ် တွင် ရေလဲပိုင်း လုံချည် ၊ အတွင်းခံ ဘောင်းဘီ ၊ ဘရာစီယာ လာ လှမ်း တင် ထား တတ်သေးသည် ။ ဝယ်ပါလား ဝါယာကြိုးလေး ၂ ကိုက် ၊ ၃ ကိုက် လောက် ဝယ်ပြီး လျှပ်စစ်မီးဖို ကို မီးဖိုခန်း ထဲ မီးဖိုခန်း ထဲ ရွှေ့ ပါလား ။ မဟုတ် ။ ပလပ်ပေါက် နှင့် အနီးဆုံး နံရံ နား မှာ မီးဖို ကို ကြိုးတိုတို နှင့် ထားပြီး ချက်ကြသည် ။ ထို နေရာ မှာ မောင်ဖုန်းမြင့် တို့ ဧည့်ခန်းဘုရားစင် အောက် တည့်တည့် နံရံ ။ တစ်ချပ်ခြား ။ ဆင်ခြေဖုံးရပ်ကွက် ဆိုတော့ ညဘက် မီး ခဏခဏ ပျက်သည် ။ မီး မလာ မှ ဆူကြ ပူကြ ဖယောင်းတိုင် တစ်တိုင် ပြေး ဝယ်ကြ ။


“ ဦး ... မီးခြစ် လေး ခဏလောက် ” 


လာပြီ ၊ ဆန်းထွဋ်ဝင်း ။ အဲဒါက မီး ပျက်သည့် ညတိုင်း ။ ဝယ်ထားပါလား သစ်သားမီးခြစ်လေး တစ်လုံး လောက် ။ မဟုတ် ။ မဝယ်ကြ ။ အပြင် သွား ဖို့ မိုးရွာ နေ ရင် လည်း ထီး ခဏလောက် ငှားပါဦး ဆို တာ ခဏခဏ ။ သူတို့ အိမ်ခန်း ကို မောင်ဖုန်းမြင့် ငှား တုန်း က စဘော် နှစ်သောင်းခွဲ ၊ အိမ်လခ သုံးရာ ၊ မီတာခ တစ်ယောက် တစ်ဝက် တဲ့ ။ စာ ချုပ်သည် ။ စဘော် ရတော့ ဖွာရာကျဲ နေသော ခေါင်မိုး ကို သွပ်ပြား အသစ် မိုးပေးသည် ။ အိမ်ရှေ့ အတက် အဆင်း ဆင့်ကလေး ကျိုးတိုးကျဲတဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတာ တောင် ပြင် မပေး ။ အိမ်သာ တော့ အသစ် ဆောက်ပေးသည် ။ အိမ်သာ က ဝါးထရံ အစတွေ ကျတော့ လည်း သန်လျင် က ကောင်လေး က အိမ်သာ တက် တိုင်း ချိုးဖဲ့ပြီး စက္ကူ အစား သုံး နေတော့ ကြာရင် ကုန်တော့မည် ။ သတင်းစာ မယူ ၊ ဗလာစာအုပ် မရှိ ။ ဗလာစာအုပ် အဟောင်း ရှိ တော့ လည်း ဆန်းထွဋ်ဝင်း တို့ ၊ ဇင်မင်းကြူ တို့ ဟာတွေ ကု,လားဆိုင် မှာ ရောင်းစားသည် ။ စာအုပ် ၊ စာရွက် ၊ စာတမ်းအဟောင်း မရှိ ရင် လည်း ရေ သုံးပါလား ။ ခုတော့ တုတ် မှ တဲ့ ။ တုတ် သုံးရမှ တဲ့ ။ သွား ကောက် ပါလား ။ လမ်း မှာ တုတ်တို တုတ်စ ။ ဝါးခြမ်းပြား ။ ခုတော့ အိမ်သာ နံရံ ထရံ က ဝါးစတွေ ကို နေ့စဉ် ချိုးဖဲ့ သုံး နေတာ ။ ကောင်းမလား ။


အပြုံး က တော့ တကယ့် ကို မလွယ် ။ လ ကုန် ၌ အိမ်လခ သုံးရာ ပေးပြီး ( တစ်ပတ်မျှ ) အကြာ ဆို လျှင် နောက်လ အတွက် အိမ်လခ ကြိုတင် ဟု ဆိုကာ ပေးပါဦး တ်စရာ ၊ ပေးပါဦး ငါးဆယ် ။ ရှိ နေရင်တော့ အကြောင်း မဟုတ် ။ မောင်ဖုန်းမြင့် မှာ က လည်း လစာ နှင့် မိသားစု သုံးယောက် စားရေး သောက်ရေး က မနည်း ရုန်း နေရတာ ။ မရှိ လို့ မရှိဘူး ပြောတော့ ပညာပေးသည် ။ သည်ဘက်ခန်း က ကက်ဆက်ဖွင့် သီချင်း နားထောင် နေလျှင် စက် ကို ကြမ်းကြမ်း ချုပ်သည် ။ မနက် အိပ် နေတုန်း ခေါင်းရင်း ကြမ်းပြင် မှာ ဇင်မင်းကြူလေး က တဒုန်းဒုန်း မြည်အောင် ခေါက်တုံ့ ခေါက်ပြန် ပြေး နေတာ မတား ။ မောင်ဖုန်းမြင့် က အိမ်ရှေ့ခန်း ဘုရားစင် အောက် ကြမ်းပြင် မှာ အိပ်တာ ။ သူတို့ အိပ်ရာထ ချိန် ဖျာတွေ လိပ်ပြီး ကြမ်းပြင် ကို ဆောင့် ဖုန်ခါ ၊ ကြမ်းပိုးခါ တာ ကလည်း တဒုန်းဒုန်း ။ မီတာခ ဖြတ်ပိုင်း လာလျှင် ၅၁ ကျပ် ကျသည် ဆိုပါတော့ ။


“ အစ်မရေ ၊ မီတာခ ၁၉ ရက်နေ့ နောက်ဆုံး ဆောင်ရမယ် ၊ ပေး ”  


အပြုံး ၏ အသံ ။ ပေးပေတော့ ၅၁ ကျပ် ။ သူ က တစ်ဝက် မထုတ် ။ သည်ဘက် ခန်း အိမ်ငှား က အပြည့် ပေး ။ လကုန် အိမ်လ ခပေး တော့မှ ၂၅ ကျပ် လျှော့ ၍ သူ့ ကို ပေး ။ မောင်ဖုန်းမြင့် ဇနီး က တော့ ကျိတ် ၍ ခံနေရရှာသည် ။


မိသားစု ချွေးနည်းစာလေး စုပြီး အဖြူအမည်း နစ်ပွန်အမျိုးအစား ၁၄ လက်မ ရုပ်မြင်သံကြားစက်ကလေး ဝယ်ပြီး မောင်ဖုန်းမြင့် တို့ အပျင်းပြေ ကြည့် ကြသည် ။ သူတို့ ကို လာကြည့် ချင် ကြည့်ဖို့ တံခါး ဖွင့် ပေးထားသည် ။ ဖျာခင်း ပေးထားသည် ။ အောက်ကျတယ် လို့များ ထင်လို့လား ၊ ဘာကြောင့်လား တော့ မဆိုတတ် ။ အငယ်ဆုံး ဇင်မင်းကြူလေး က လွဲ ၍ တစ်ယောက် မှ လာမကြည့် ။ ဇင်မင်းကြူ က လည်း လာတော့ ကောင်းကောင်း ထိုင် မကြည့် ။ အိမ်ခန်း ထဲ ဝင်သည် ။ မီးဖိုချောင် ဝင်သည် ။ ကစား ၍ ကောင်းသော အသေးအမွှား လေးများ တွေ့ လျှင် လက်ဖဝါးလေး မှာ ဆုပ် ၍ ဝှက် ထား တတ်သည် ။ မောင်ဖုန်းမြင့် တို့ ဘာမှ မပြောပါ ။ ဇင်မင်းကြူ လာ မကြည့်သည့် ညမျိုး ဆိုလျှင် ဆန်းထွဋ်ဝင်း နောက် သလို ပြောင် သလို နှင့် ပင်မ မီးခလုတ် ကို ရုတ်တရက် ထ ပိတ်ပစ် တတ်ပြီး “ ဪ ... မတော်လို့ ... မတော်လို့ ... ကန်တော့ ... ကန်တော့ ” ဟု အော်ကာ ပြန် ဖွင့် ပေးတတ်သည် ။


ဖိုးတင်အေး က တော့ ညည အိပ်ရာဝင် ဘုရားရှိခိုးချိန် တော့ မှန်တတ် သည် ။ ငါးပါးသီလခံ တော့ အစီအစဉ်တွေ ရှေ့နောက် ပြောင်းပြန် ။


“ နတ် လူ ဗြဟ္မာ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ ” မေတ္တာပို့ က တော့ မပျက် ။ သူ ဘုရားရှိခိုး ပြီး ခဏ အကြာ သူ့ အစ်ကို ပဲလှော် မူးပြီး အိမ်ပေါ် တက် လာတော့ မအေနှမ နှင့် ဆဲရ ပြန် တော့သည် ။


“ ဟေ့ကောင် ငမူး ၊ ဒီ အိမ် မှာ မင်း အကြီးဆုံး ၊ အသုံး မကျဆုံး ။ အိမ် ရောင်းပြီး ဝေစုခွဲပြီး စီးပွားရေး လုပ်ဦး မတဲ့ ။ ဟေ့ကောင် မြဲမြဲ မှတ်ထား ၊ ငါ မသေမချင်း ဒီ အိမ် ကို ဘယ်တော့မှ မရောင်းဘူး ။ ဘယ်နှသိန်း ရရ မရောင်းဘူး မှတ်ထား ” 


တစ်ခါ တစ်ခါ မပြုံး နှင့် စကားများ တော့ လည်း အစ်မ ကို ဘာပြောလဲ ဆိုတော့ ...


“ မသာမ ၊ သောက်ကန်းမ ၊ နောက် လင် ယူပြီး ကလေးတွေ ခွေး ဖြစ် အောင် လုပ်ဖို့ တာစူနေတဲ့ ကောင်မ ။ မှတ်ထား နင့် ကို ဒီ အိမ် ရောင်းဖြစ်ရင် လည်း ဘယ်တော့မှ ဝေစု မပေးဘူး ဆိုတာ မှတ်ထား ” တဲ့ ။ ဆင်ခြေဖုံးရပ်ကွက်ကလေး ဆိုပေမယ့် ပျဉ်ထောင်သွပ်မိုး မီးပါသည့် အိမ်လေး ဆိုတော့ သူတို့ စိတ် ထဲ ၁၀ သိန်း ပတ်ဝန်းကျင် မှန်းထားဟန် တူသည် ။ သစ်တွေ က တော့ မကောင်းတော့ ။ မီးကျွမ်းသစ်တွေ ။ ဟိုး တစ်ချိန် မောင်ဖုန်းမြင့် တို့ လာ မနေမီ ၃ နှစ် လောက် က သူတို့ တစ်အိမ်တည်း မီး လန့်ဖူးသည် တဲ့ ။ မီး လောင်ဖူးသည် တဲ့ ။ အရပ် က နိုင်၍ မီးငြိမ်း သွားပြီး သူတို့ ၁ လ အပြစ်ဒဏ် ခံရဖူးသည် တဲ့ ။ စိတ် ထိခိုက်စရာ ။


လူမှုရေး အရ တွေးဆ ကြည့်မိသည် ။ အိမ်ပိုင် မြေပိုင် ရှိသည် က လွဲ၍ မိဘမဲ့ အုပ်ထိန်းသူ ကင်းမဲ့ ။ အိမ်ထောင်ဦးစီး  ကင်းမဲ့သော သနားစရာ မောင်နှမ တစ်တွေ ပါလား ။ စီးပွားရေး က လည်း မပြေလည် ကြ ရှာ ။ ရပ်ကွက် မှာ ၊ လူမှု ပတ်ဝန်းကျင် မှာ အားငယ်စိတ် ၊ မခံချင်စိတ်ကလေးတွေ ရှိ နေကြရ ရှာသော မောင်နှမများ ။


ဘဝပေး အခြေအနေ က သည်လို ဖြစ်လာတော့လည်း သူတို့ စိတ်နေ စိတ်ထားတွေ သွင်ပြင်လက္ခဏာတွေ ၊ ပြုမူကျင့်ကြံ နေထိုင်ပြောဆိုပုံ တွေ က အရောင်အသွေး တစ်မျိုး ဖြစ်ကောင်း ဖြစ်နေ ပေလိမ့်မည် ။


မနက် အိပ်ရာထ ၊ ရေမိုးချိုး ၊ ဈေးသွား ပေးပြီး လွယ်အိတ် လွယ်ကာ အိမ် မှ ထွက် ၊ ည မိုးချုပ် မှ အိမ်ပြန် ရောက်တာ က မောင်ဖုန်းမြင့် ။ သူတို့ နှင့် နေ့စဉ် ထိတွေ့ ခံစား နေရတာက မောင်ဖုန်းမြင့် ၏ ဇနီး နှင့် သား ။ သည်တော့ မိသားစု ၃ ယောက် ဆုံစည်းမိ ချိန် တနင်္ဂနွေနေ့ မျိုး မှာ တိုးတိုးသက်သာ ကျိတ် ၍ ဆွေးနွေး ကြသည် ။


“ ကျွန်မ လည်း ကိုယ်ချင်း စာပါတယ် ။ ကျွန်မတို့ သာ သူတို့ လို ဘဝကံ က ပေးခဲ့ရင် သူတို့ လို ဖြစ်နေမှာပဲ ။ ဒါကြောင့် သားလေး ကို လည်း ဖျောင်းဖျရတယ် ။ သားရယ် ၊ သူတို့ သနားပါတယ် လို့ ။ သား က ကလေး ဆိုတော့ တစ်ခါ တစ်ခါ လည်း ဒေါသ ထွက်တာပေါ့ ။ ဒါပေမယ့် သား က နားလည် ခွင့်လွှတ်တတ်ပါ တယ် ။ ဒါကြောင့် လည်း ဒီ က ပြောင်းတဲ့ ထိ သူတို့ ကို ဘာမှ မပြောဘူးလို့ ဆုံးဖြတ် ထားပါတယ် ” ဟု ဇနီးသည် က မောင်ဖုန်းမြင့် ကို ပြောသည် ။ သား က လည်း သားတို့ က အိမ်ငှား ပဲ ဖေဖေ ရယ် ။ သူတို့ ရပ်ကွက် ထုံးစံ အိမ်ရှင်အိမ်ငှား စာချုပ် ချုပ် တုန်း က သူတို့ လမ်း ထဲ က လူကြီး တစ်ယောက် ပြောတာ သား မှတ်မိ ပါတယ် ” ဟု ပြောတော့ မောင်ဖုန်းမြင့် က ဘာများပါလိမ့် ဆိုပြီး မေးမိသည် ။


“ အိမ်ရှင် နဲ့ အဆင်ပြေသည် ဖြစ်စေ ၊ မပြေသည် ဖြစ်စေ အိမ်ငှားတွေ ဘက် က မပျော် ခြောက်လ ပျော် ခြောက်လ ပျော်ရင် ခြောက်လ ၊ တစ်နှစ် စာချုပ် ဆက်ချုပ်ရမယ် ဆိုတာလေ ” တဲ့ ။ သား ပြော မှ မောင်ဖုန်းမြင့် ပြုံး မိသည် ။ 


အိမ်ငှား ဘဝ ပြန် တွေးဆ ကြည့်တော့ သူ တစ်ပါး အရိပ်အာဝါသ မှာ ပျော်ခြောက်လ ဆိုတာ ရှိနိုင်ပါ့ မလား ။


ဟော အခု ပဲလှော် သာ မက ဟို ကောင်လေး အောင်စိုးဦး ပါ သောက် တတ် လာပြီ ။ အိမ်သာ ထဲ မှာ အန်တတ် လာပြီ ။ နေ့စဉ် အိမ်သာ ဆေး ၊ အိမ်သာ ရေအိုး ရေဖြည့် နေ ရတဲ့ အိမ်ငှား တစ်ယောက် ရဲ့ ဘဝ ကို လည်း ( ငယ်သူ ကြီးသူ အသာထား ) အိမ်ကြီးရှင်များ သနား ညှာတာ တတ်ကြပါစေ ။


◾ဆောင်းဝင်းလတ်


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      အမှတ် ၅၆ 

      ဇွန်လ ၊ ၁၉၉၄ 


#ကိုအောင်နိုင်ဦး


.

Saturday, August 5, 2023

ရေစက်


 

❝ ရေစက် ❞

နိုးထ လှုပ်ရှားစ တာဝရွာကလေး ၏ နတ်လမ်းတံတား အနီး နံနက် ဈေး မှာ စည်ကား ပေသည် ။

“ ဟဲ့ ... မိုးလင်းကတီး ၊ နင် နဲ့ ငါ နဲ့ ငါးသလောက် တစ်ကောင် တစ် ယောက် တစ်ပိုင်း စီ ဆုံကြရအောင် ”

ဘယ်ဘက် လက်ဖဝါးတွင် ဆုပ်ကိုင်ထားသော ဆယ်တန် ၊ ငါးကျပ်တန် နှင့် ကျပ်တန် နွမ်းနွမ်းကလေးများ ကို ရေတွက် နေရာမှ မသန်းလှ က ကင်ပွန်းချဉ်ရွက် နှစ်စည်း ငုံ့ ဝယ် နေသည့် “  မိုးလင်းကတီး ”  ဆိုသည့် မိန်းမ ကို လှမ်းပြောတော့ ထို မိန်းမ က လှည့် ကြည့်ရင်း  ... ။

“ ဆုံချင် ဆုံလေ ။ ခေါင်းပိုင်း တော့ ကျွန်မ ယူ မယ် ။ အိမ် က ဟာ က ငါးသလောက် ဆို ခေါင်း မှ ကြိုက်တာ ” ဟု ပြော လေသည် ။

စင်စစ်တွင် “  မိုးလင်းကတီး ” ၏ အမည်ရင်း မှာ “ မစိန်ရီ ” ဖြစ်၏ ။

တာဝရွာသူ မဟုတ်ပေ ။

ဟင်္သာတ ဘက် မှ ဖြစ်၏ ။

သည်ရွာ က လှထွေး သည် အဲသည် ဘက် သို့ အလုပ် ကိစ္စ နှင့် သွားရင်း မစိန်ရီ ကို ခိုးပြေး လာရာ မှ တာဝ မှာ သည် ကောင်မလေး ထွေးရောယှက်တင် သောင်တင် သွားရခြင်း ဖြစ်၏ ။

သူတို့ ဒေသ ဘက် မှ လေသံ အရ “ မိုးလင်းကတည်း က ” ကို “  တဲ ” ဟု အသံ မထွက်ဘဲ “ ကျွန်မ က တော့ မိုးလင်းကတီး က ထမင်းအိုး တစ်အိုး တည် ပြီးပြီတော့ ” ဟု ပြောလေ့ ရှိ ၍ တာဝ ရွာသူရွာသားများ အကြား အာရုံ တွင် ချစ်ချင်သဖွယ် ရှိသည်မို့ သူ့ ကို မြင်လျှင် ခင်မင်ရင်းနှီးစွာ “ မိုးလင်း ကတီး ” ဟု သာ ခေါ်ဝေါ် ဆက်ဆံ လာခဲ့ကြရာ မှ အမည်ရင်း “ မစိန်ရီ ”  သည် တစ်စတစ်စ ကွယ်ပျောက် သွားလေတော့၏ ။

မသန်းလှ နှင့် မိုးလင်းကတီး တို့ သူငယ်ချင်း နှစ်ဦး သည် တာဝရွာ ကလေး ၏ သဘာဝ အရ တစ်ဦးတည်း ၊ တစ်ယောက် တည်း ငါး တစ်ကောင် လုံး မဝယ်နိုင်သည့် သူ ကို ဖေးကူ သည့် သဘောမျိုး ဖြင့် တစ်ပိုင်း စီ “ ဆုံ ” ၍ ဝယ် ကြလေသည် ။ 

အမှန်တော့ ကိုယ် လိုချင် သလောက် ပိုင်း၍ ဈေးသည်များ က ရောင်းပေး ကြသော်လည်း ယခုလို တစ်ယောက် တစ်ပိုင်းစီ အတူတူ တိုင်ပင်၍ ဝယ်သည့် ဓလေ့မှာ ကျေးလက် သဘာဝ ရင်းနှီး ချစ်ခင်မှု သဘော ကို ပြသ သလို ထင်မှတ်ရ ပေ၏ ။ 

တာဝ ရွာသူများ အားလုံး ထဲ တွင် မသန်းလှ ကို သာ မိုးလင်းကတီး က အခင်ဆုံး ၊ အချစ်ဆုံး မဟုတ်ပါ ။ အားလုံးကို သူ သည် လိုက်လျော ညီထွေ ဆက်ဆံ တတ်ပါပေသည် ။

သို့ပါသော် လည်း လယ်ထဲ ဆင်း၍ ကောက်စိုက် ကြ ရာတွင် မသန်းလှ နှင့် သာ ကောက်ငန်း ချင်း ယှဉ်၍ စိုက် ရ မှ ခါးညောင်း ပြေ သလို ထင်မိ တတ်၏ ။

ကောက်စိုက် ရင်း ဗလွတ်ရွတ်တတွေ ပေါက်တတ်ကရ ပြော ရတာ ပိုမို အာတွေ့ သည် ဟု ထင်မိ သေး၏ ။

အို  ...  အစစ အရာရာ တွင် စိတ်ချင်း သဘောချင်း အတော်ကလေး နီးစပ်သည် ဟု ထင်မိ လေသည် ။ နှစ်ယောက်လုံး ၏ အသားတွေ က ဒယ်အိုး ဖင် မှ အရှုံး ပေး ရ လောက်အောင် မည်းကြ သော်လည်း အင်္ကျီ ၊ ထဘီဟောင်း ကလေးများ မြို့အထည်ဟောင်းတွေ လာ ရောင်း၍ ဝယ်ကြပြီ ဆိုလျှင် လည်း အဝါရောင် ကြိုက်တတ်တာချင်း က အစ တူညီ ကြ၏ ။

သူငယ်ချင်း နှစ်ယောက် တွင် မတူညီ နိုင် တာ တစ်ခု ကတော့ ဖြင့် မသန်းလှ ကား လင်ယူသားမွေး ရှုပ်ရှုပ်ထွေးထွေး သပွတ်အူ ကို ဘဝ ထဲ ဆွဲယူခြင်း အလျှင်း မရှိသေးဘဲ ယခု အချိန် အထိ နေ နိုင်ခြင်းပါတည်း ။

သည် ကိစ္စ အတွက် မိုးလင်းကတီး က လည်း မသန်းလှ ကို အိမ်ထောင် ပြုရန် ယခု အချိန် အထိ တိုက်တွန်း ဆွဲငင်ခြင်း မပြုခဲ့ပါပေ ။

“ နင့် လင် လှထွေး ဆိုတဲ့ အကောင် က ခြေထောက် မှာ ဗွေ အလုံး တစ်ရာ လောက် များ ပါ နေသလား မသိပါဘူး ။ ကိုယ့် ရွာ မှာ ကိုယ် လုပ်ကိုင် စား နေတာ ငတ် လာလို့ တခြား အလုပ်တစ်ခု ပြောင်း လုပ်ရတယ် ဆိုရင် လည်း တော်ပါသေးရဲ့ ။ အခုလည်း နင်တို့ ပုံမှန် စားနေကြရတဲ့ ဥစ္စာ ။ ဘာ စိတ်ကူး နဲ့ အရူး ထပြီး ရန်ကုန် ပြောင်းချင်ရတာလဲ ”

မသန်းလှ သည် မကျေမနပ် ဖြင့် တတွတ်တွတ် ပြော နေ၏ ။ လင့် မျက်နှာ တစ်ရွာ ထင် ကာ ရွာစဉ် လျှောက် လိုက်ရန် ဇာတာ ပါ လာခဲ့ဟန် တူသော မိုးလင်းကတီး ကတော့ သူငယ်ချင်း အပြစ် ဆိုသမျှ ကို ခေါင်းငုံ့ ၍ ကြိတ်ခံ နေလေသည် ။

“ ဟိုတလောက သူ ရန်ကုန် သွားတော့ အုတ်ကျင်း မှာ နေတဲ့ သူ့ အစ်မတွေ က ဈေး ထဲ မှာ သူတို့ ဆိုင်နဲ့ ဘေးချင်း ယှဉ်ပြီး တစ်နေရာ စာ လွတ် နေတာ သူ့ ကို ဝယ်ခိုင်းတာ နဲ့ ဝယ် လာခဲ့တာဟ ။ သူ့ အစ်မတွေ က တော့ လက်ဖက်ခြောက် ရောင်း ကြတယ် ။ သူ့ ကို တော့ ကြိုက်တာ လာ ရောင်းလို့ ပြော လိုက်တယ်တဲ့ ”

မိုးလင်းကတီး က သူငယ်ချင်း မျက်နှာ ကို မဝံ့မရဲ ကြည့် ကာ ပြော ပြပါသည် ။

“ အေးလေ ၊ သူ့ ဟာ သူ ရန်ကုန် မှာ ငံပြာရည် သွား ရောင်းတာ ရောင်း ပစေပေါ့ ။ ညည်း နဲ့ ကလေး နှစ်ယောက် က ဘာလို့ လိုက်သွား ရ မှာတုံးအေ့ ”

... ဟု ပြောချင်တာ ပြောရန် ဆန္ဒ ကို မသန်းလှ ရုတ်တရက် မျိုချ လိုက်ပြီး  ...

“ ဪ ... သူ့ခမျာ လင်နဲ့ သားနဲ့ ဘယ်ခွဲပြီး နေနိုင် ရှာ ပါ့မလဲ ။ ဟုတ်တော့ လည်း ဟုတ်ပါတယ် လေ ။ ရွာ မှာ နေပြီး ကျပန်း လုပ်နေမယ့် အစား ရန်ကုန် မှာ ရောင်းတတ် ဝယ်တတ် လာရင် လှထွေး တို့ မျက်စိ ပို ကျယ် လာမှာပေါ့  ။ ဟုတ်တယ် ၊ ဟုတ်တယ် ။ စွန့် နိုင်တဲ့ လူတွေ ဒါကြောင့် ကြီးပွားတာ ။ မြို့ ရောက် တော့ ကလေးတွေ လည်း အသွေးအမွေး ပို ပြောင် ရင် ပြောင် လာမှာ ”

.. ဟု စိတ်ကောင်း ဝင်မိ၏ ။

ထို့ ကြောင့်  ...

“ စပါး ရိတ် ပြီး ရင်တော့ ငါ လည်း လာ လည်နိုင်အောင် ကြည့် လုပ် ရမှာပဲ ။ ညည်းတို့ ခု သွားနေမယ့် အုတ်ကျင်း က အိမ် ကျတော့ ဘယ်လို လဲ ၊ လှထွေး အစ်မတွေ နဲ့ အတူ နေရမှာလား ”

.. ဟု မေးလိုက်၏  ။

မိုးလင်းကတီး က လှထွေး တို့ အစ်မတွေ နေသည့် နေရာနှင့် တစ် လမ်းကျော် တွင် ငှားနေရမည် ဖြစ်ကြောင်း ပြောပြ လေသည် ။

“ လှထွေး အစ်မ ဝင်းဝင်း တို့ အိမ် တော့ ငါ ရောက်ဖူးတယ် ။ အဖေ ဆေးရုံ သွား တက်တုန်း က ဒေါ်လေး မထွေးကြည် တစ်ခေါက် ခေါ် သွားလို့ လိုက် သွားတာ ။ သူတို့ နေရာလေး က အတော် စည် တာ အေ့ ။ နင်တို့ ဆီ ငါ လာဖြစ် ရင် ဝင်းဝင်းတို့ လိုက်ပို့ ခိုင်းမှာပေါ့ ”

မသန်းလှ စကား ကြောင့် မိုးလင်းကတီး မှာ အနည်းငယ် ပြုံး နိုင် လာ လေသည် ။ 

နွေဦး တောင် မှ မပေါက် လိုက်ရပါ ။ နတ်တော် မဆန်း ခင် မှာ ပင် မိုးလင်းကတီး နှင့် ကလေး နှစ်ယောက် သည် ရွာ သို့ ပုံပျက်ပန်းပျက် နှင့် ပြန် ရောက် လာကြ၏ ။ ခရီး ရောက် မဆိုက်ပင် ယောက္ခမများ ( လှထွေး အဖေ ၊ အမေ ) နှင့် မိုးလင်းကတီး တို့ ခွန်းကြီး ခွန်းငယ် ပြောသံဆိုသံ ဆူဆူညံ သွား တော့၏ ။

လှထွေး ကား သစ္စာ မဲ့ လေပြီ ။

ငံပြာရည် လက်ကား သွား ယူ နေကျ အိမ် တစ်အိမ် မှ တစ်ခုလပ်မ တစ်ယောက် နှင့် ငြိ ခဲ့လေပြီ ။

“ သူ့ အဖေ အမေတွေ သိ အောင် လာ ပြောပြ ရတာလေ ။ ကလေး နှစ်ယောက် ခေါ်ပြီး ငါ့ ရွာ ငါ ပြန် တော့မယ် ဟာ ”

မသန်းလှ နှင့်တကွ တာဝ မှ သူငယ်ချင်းများ အား မိုးလင်းကတီး က ပြော ပြ နေရှာသည် ။

“ မပြန်ပါနဲ့ ဟယ် ။ ယောက္ခမ အိမ် မှာ မနေချင် ရင် ငါတို့ အိမ်တွေ ရှိတာပဲ ။ နင် နေ ချင်တဲ့ အိမ် တက် နေစမ်းပါ ။ တာဝသူတွေ ဘယ်သူမှ မရိုင်းပါဘူး ”

မျက်နှာ တစ်ပြင်လုံး ကျောက်ပေါက်မာတွေ ထူလပျစ် ဖြစ် နေသော မမြစိန် က ကရုဏာ မျက်ဝန်း အစုံ ဖြင့် ကြည့် ကာ ပြောလေသည် ။

မခင်ထွေး ၊ မခင်အေး တို့ ညီအစ်မ ၊ စန်းစန်းကြည် တို့ သမီးယောက်မ တို့ က လည်း ကြိုက်တဲ့ အိမ် မှာ လာ တက် နေရန် ဖိတ်ခေါ်ကြသည် ။

မသန်းလှ တစ်ယောက် ကတော့ မခေါ်ဝံ့ ရှာပါ ။ သူငယ်ချင်း ကို ချစ် ပါ၏ ။ ခင်ပါ၏ ။ သို့သော် ခေါ်ချင်ပါ လျက် ခေါ်ရ ခက် နေ ရှာလေသည် ။

အဘယ့်ကြောင့် ဆိုသော် မသန်းလှ ၏ အစ်မအရင်း မထွားဇံ နှင့် မိုးလင်းကတီး တို့ သည် ခွန်းကြီး ခွန်းငယ် မျှ သာ မက လူးလှိမ့် ရိုက်နှက် ကြသည် အထိ ရန်ဖြစ် ထားဖူးကြသူများ ဖြစ်သောကြောင့် ပင်တည်း ။ အစ်မကြီး မထွားဇံ ကို မသန်းလှ မလွန်ဆန် နိုင်ရှာပါ ။ 

သည်နေရာ ကျတော့ သူငယ်ချင်း နှစ်ယောက် တို့ ၏ အချစ် သည် သူစိမ်း ဆန် သွားပြန်လေပြီတည်း ။ 

အခြေအနေ မှာ တစ်မျိုး ပြောင်း ခဲ့ပါ၏ ။ မိုးလင်းကတီး ၏ ယောက္ခမ များ က လှထွေး ဘက် မှ မှား နေကြောင်း သိသည့် အပြင် မြေး အနှစ် နှစ်ယောက် ၏ စားဝတ်နေရေး နှင့် ပတ်သက်၍ တာဝန် မကင်းကြောင်း လူကြီး ပီပီ သိကြသော ကြောင့် မိုးလင်းကတီး တို့ သားအမိ ကို ဖျောင်းဖျ ကာ သူတို့ အိမ် မှာ ပင် ဆက်လက် နေထိုင်ပြီး လုပ်နိုင်သည့် တစ်နိုင်တစ်ပိုင် အလုပ်ကလေးတွေ ကို လုပ်ကာ တစ်အိုးတည်း စား သွားကြဖို့ တိုက်တွန်း ကြလေသည် ။

လက်ရှိ ပုံပန်း ဖြင့် ဇာတိ ရွာ ဆိပ်ကမ်း သို့ ပြန် မတက် ချင်သော မိုးလင်းကတီး ကလည်း ကြိတ်မှိတ် ကာ တာဝရွာ မှာ ပင် နေထိုင်ဖို့ စိတ်နှလုံး တုံးတုံး ချ လိုက်ပါ၏ ။

ကောက်ရိတ်သူများ ရေဆာ ချိန် ပင်တည်း ။ ခဏ နား ချိန် တွင် ကန် သင်းရိုး ရှိ ပေါက်ပန်းဖြူပင်ရိပ်ကလေး ရှိရာ သို့ ပြေးလာ ကာ အပန်း ဖြေ ကြသည် ။

ပြီးတော့ အရီး ဒေါ်မယ်မြ ၏ လယ်ကွက် ဘေး မှ ရစ်ခွေ စီးဆင်းလျက် ရှိသော နွေရေချောင်းကလေး မှ ဝါဖျော့ဖျော့ ချောင်းရေ ချို ကို လက်ခုပ် နှင့် ခပ်ကာ ခပ်ကာ အားပါးတရ သောက် ကြသည် ။

နွေရေချောင်းကလေး ကျ မှ ရေ က ဘာကြောင့် အဝါရောင် သမ်းရ ပါသလဲ ။

ဪ ... ရေ တိမ်၍ အနည်အမှုန် ထ တာ ဖြစ် မှာပါ ။ အဲသည် ချောင်းကလေး ရဲ့ အဝ ချောင်းမကြီး တောင် မှ အရောင် က စိမ်းတော့ မလိုလို ၊ ဝါနေ သလိုလိုနှင့် ။

ကြည့်စမ်းဦး ။

ရေ လာ သောက်ချိန် မှ သူငယ်ချင်း နှစ်ယောက် ဆုံမိကြ ပြန်ပြီ ။

သို့သော် တစ်ယောက် ကို တစ်ယောက် မခေါ် မပြော ဖြစ်ကြတော့ ပါလား ။ မသန်းလှ က မိုးလင်းကတီး ကို မျက်နှာ လွှဲ ၍ ရေ သောက်နေ သည် ။ 

“ နင့် ကလေးတွေ အတွက် ငါ့ ကောက်ရိတ်ခ ထဲက တစ်နေ့ကို လေး ကျပ် ၊ လေးကျပ် ပေး တာ နင် က မာန နဲ့ မယူ တာလား ။ ဒါမှမဟုတ် နင့် လင် နဲ့ ကွဲပြီး ရွာ ကို ပြန် ရောက်တော့ ငါ့ အိမ် မှာ လာနေ ဖို့ နင့် ကို မခေါ်မိ တာ နင့် ရင် ထဲ မှာ နာ နေ လို့လား ၊ ငါ့ အစ်မ မထွားဇံ နဲ့ နင် နဲ့ မတည့်လို့ မခေါ်တာ နင် မသိဘူးလား ။ ရပါတယ်လေ ။ ငါ့ စိတ်ရင်း နင် မသိရင် လည်း မခေါ်ဘဲ နေကြတာ လေကုန် သက်သာပါတယ် ”

... ဟု သူ့ သဘော သူ ဆောင် ကာ မခေါ်နိုင် မပြောနိုင် ဖြစ်သွား ပြီး စိမ်းစိမ်းကြီး နေနိုင် ရက်သော မသန်းလှ အား မိုးလင်းကတီး အနေ ဖြင့် ဘာမှ မရှင်းပြဘဲ ကြိတ်မှိတ် ဝမ်းနည်း နေရတာ ကြာ ပါပေါ့ ။

မာန ကြီး ၍ ငွေ လေးကျပ် ကို မယူခြင်း မဟုတ်ပါ ။ ချွေး ကျရတာ ချင်း အတူတူ မို့ ကိုယ်ချင်းစာ မယူရက်ခဲ့ခြင်းပါ ။ သူငယ်ချင်း ကို ချစ် တာ က တခြား ၊ ကိုယ်ချင်းစာ ရ မှာ က တခြားပါ ။

မထွားဇံ ကြောင့် မသန်းလှ က သူ့ အိမ် ကို မခေါ်တာ လည်း မထွားဇံ နှင့် ရန်ဖြစ်ပြီး စ ကပင် နားလည် ပြီး သားပါ သူငယ်ချင်း ရယ် ။ နင့် ကို ငါ ဘယ်တော့ မှ ရှင်း မပြဘူး တဲ့ ။ ငါ့ ရင် ထဲ က ဟာတွေ ငါ့ ဟာ ငါ အသိဆုံး ။

မိုးလင်းကတီး သည် လယ် တစ်ကွင်း တည်း မှာ ပင် ကောက်ငန်းချင်း နှစ်ယောက် ကျော် ခြား ခဲ့ပြီ ဖြစ်သော ချစ်သူငယ်ချင်း ဆီ သို့ လှမ်းကြည့် ကာ ချွေး နှင့် ရောလျက် မျက်ရည်တွေ ရစ်ဝဲပြီး မျက်စိ ထဲ စပ်ဖျင်းဖျင်းကြီး ဖြစ်လာသည် ။

ပါးစပ် မှာ တော့ ချွေးကြောင့် ငန်ကျိကျိ ဖြစ်နေတာ ရိုးပြတ်တော ထဲ ထွေးချ ပစ်လိုက် လေသည် ။

ကြေးစည် ထုသံကြီး ကြား ရချိန် တွင် မသန်းလှ တို့ အိမ်ပေါ်သို့ မိုးလင်းကတီး သည် အရဲ စွန့် ကာ တက် ခဲ့တော့၏ ။

မသန်းလှ တို့ တစ်အိမ်လုံး ၏ ငိုသံကြီး မှာ ဟည်းထ ၍ နေလေသည် ။ မငိုနိုင် သေး ဘဲ လည်ချောင်း ဝ မှာ တစ်ဆို့ဆို့ကြီး ဖြစ်နေ သူ မှာ မိုးလင်း ကတီး ။

မထွားဇံ ပင် လျှင် မိုးလင်းကတီး ကို မြင်သည် နှင့်  ...

“ ညီမလေး ရဲ့ .. နင့် သူငယ်ချင်း မိုးလင်းကတီး ရောက် လာပြီလေ ။ ထ ကြည့်ပါဦး ” 

ဟု အော်ဟစ် တမ်းတ လိုက် လေသည် ။

သူငယ်ချင်း မမြစိန် က မိုးလင်းကတီး ၏ အနီး ရှိ ဖျာစုတ်ကလေး မှာ လာ ထိုင်ရင်း  ...

“ လယ်ကွင်း ထဲ က နွေချောင်းရေ ကို မသောက်ကြ နဲ့ လို့ ကျန်းမာ ရေးမှူး က ပြော သွားတယ် ။ ကောက်ရိတ် ဆင်း ရင် ရွာ ထဲ က တွင်းရေသန့် သန့် ကို သံပုံး နဲ့ ဖြစ်ဖြစ် ထမ်း ရင် ထမ်းသွား ၊ ဒါမှ မဟုတ်ရင် အိုးတွေ နဲ့ ရွက် ရင် ရွက်သွားကြ တဲ့ ။ ချောင်းလေး ထဲ က မသန့်တဲ့ နွေရေတွေ သောက် မိ လို့ မသန်းလှ အသည်းရောင် အသားဝါရောဂါ ဖြစ်တာ တဲ့ ။ ဆီးတွေ ၊ ဘာတွေ ဝါ နေ ကတည်း က သူ့ ကို လာ ပြရင် ချက်ချင်း ဆေးရုံ ကို လှည်း နဲ့ ပို့မှာပေါ့ တဲ့ ။ အခုတော့ လွန် မှ ပဲ သိရတယ် တဲ့ ။ မျက်စိတွေ ၊ အသားတွေ ၊ ဆီးတွေ ဝါ လာရင် သူ့ ကို ချက်ချင်း လာပြကြပါ တဲ့ ။ ရေသန့်သန့် သောက် ရမယ် ၊ ယင်ကောင်တွေ နားတဲ့ မုန့်တွေ ၊ ထမင်းဟင်းတွေ လည်း မစားနဲ့ တဲ့ ။ အိမ်သာ ဝင် ပြီးရင် လည်း လက် ကို ဆပ်ပြာ နဲ့ စင်စင် ဆေးရမယ် တဲ့ ။ ညည်း တို့  ၊ ငါတို့ ဆပ်ပြာ နဲ့ ဆေးနေကျ မဟုတ်တော့ ခက်သား အေ့ ”

... ဟု ခပ်တိုးတိုး ပြောတာ ကြား နေရသော်လည်း ရင် ထဲ မှာ ပူ လောင်နေတာ လောက် ဘာမှ ဂရုမစိုက် ဖြစ်တော့ပေ ။

ကြေးစည်သံကြီး က ပိုပြီး မြည်ဟည်း လာသည် ။ မသန်းလှ သွားရ ပေ တော့မည် ။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာ ကြသည် ။

မိုးလင်းကတီး က မသန်းလှ ကို ထည့်သွင်း ထားပြီး ဖြစ်သော တလား ၏ ခြေရင်း မှ ရေအိုးကလေး ကို ရုတ်တရက် ကောက် ကိုင် လိုက် သည် ။ အားလုံးက သူ့ ကို လှမ်း ကြည့် ကြသည် ။ ရေအိုးကလေး ထဲ မှ ရေ မှာ ကြည်လင်သော တွင်းရေချို ဖြစ်သည် ။

“ အစ်မ ထွားဇံ ရယ် ၊ ကျွန်မ သေရင် ခွဲချင်တဲ့ သူ ရေအိုး လာခွဲ ကြ ပါ ။ ကျွန်မ သူငယ်ချင်း အတွက် တော့ ကျွန်မ ကိုယ်တိုင် ရေအိုး ခွဲလိုက် စမ်းပါရစေ ”

မထူးဇံ ကို ဆို့နင့်သော အသံ ဖြင့် မိုးလင်းကတီး က လှမ်း ပြော လိုက်သည် ။

ခေါင်းထမ်းသူများ နောက် မှ ထက်ကြပ်မကွာ လိုက် ဆင်းသွား သော မိုးလင်းကတီး သည် မသန်းလှ တို့ အိမ်ဆင်း လှေကားရင်း အရောက် တွင် လက် ထဲ မှာ ကိုင် လာသည့် ရေအိုး ကို မြေပြင် ပေါ် သို့ အားပါးတရ ပစ် ပေါက်ချ လိုက်လေသည် ။

အစိတ်စိတ် အမြွာမြွာ ကွဲကြေကာ ရေတွေ ပြန့်ကျဲ စီးဆင်းသွား လေ၏ ။

သူငယ်ချင်း အပေါ် တွင် ချစ်သော ၊ နားလည်သော ၊ ခွင့်လွှတ်သော ၊ အားနာ ကိုယ်ချင်းစာတတ်သော မိုးလင်းကတီး ၏ နှုတ်ခွန်းဆက် မျက်ရည် ၊ သို့မဟုတ် မေတ္တာရေစင်များ ကား မြေပြင် ပေါ် တွင်  ... ။ သို့တည်းမဟုတ် သူတို့ နှစ်ယောက်ရဲ့ ရှေး က ရေစက် တွေ  ... ။

◾ဆောင်းဝင်းလတ်

📖 ပေဖူးလွှာ မဂ္ဂဇင်း
     အမှတ် ၁၁၁ ၊ ၁၉၉၀ ။

#ကိုအောင်နိုင်ဦး

.

Tuesday, March 14, 2023

ပေါင်းမိုး အောက် က လူ နှစ်ယောက်


 ❝ ပေါင်းမိုး အောက် က လူ နှစ်ယောက် ❞


ရုံးဒေါင့်ရွာ မှ အပြန် တွင် ပဲ့ထောင်လှေ စက် ချို့ယွင်းသည် ။ တူးမြောင်း မှာ ရေစီး သိပ် မသန်သေး ၍ သာ တော်ပေသေး၏ ။ နီးစပ်ရာ ကမ်း သို့ လှေဦး ထိုး ကာ ပဲ့ထောင်သမား က ကြိုးစားပြီး သူ့ စက် သူ နိုးအောင် နှိုး နေသည် ။ အစ်ကိုကြီး ကိုစောလွင် နှင့် ကျွန်တော် က ကမ်းနံဘေး ကုက္ကိုပင်ရိပ် မှာ ထိုင်ကာ ဟိုငေး သည်ငေး ။ ပဲ့ထောင်သမား က ရွာ ထဲ မှ စက်ပြင်ဆရာ သွား ခေါ်ဦးမည် ဟု ဆိုကာ ထွက်သွား ပြန်သည် ။ ကျွန်တော် က တော့ တူးမြောင်းလေး ကို ငေးကြည့် နေဆဲ ။ ဟို ရှေး ယခင် က ဤ တူမြောင်းကလေး မရှိသေးပါ ။ ရုံးဒေါင့် အပါအဝင် တခြား ကျေးရွာများ မှ ခရီးသွားများ အနေဖြင့် မြို့ သို့ ကုန်ရောင်း ကုန်ဝယ် သွား လို ပါက အဝေးကြီး မှ ကွေ့ကာ ဝိုက်ကာ ဖြင့် သွားလာ ခဲ့ကြရ ဖူးသည် ။ ၁၉၈၂ ခုနှစ် ကျတော့ အားလုံး စုပေါင်း တိုင်ပင်ကြသည် ။ သဘောတူညီမှု တစ်ခု ကို အကောင်အထည် ဖော် လိုက်ကြသည် ။ ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုး ကာ တူးမြောင်း ဖောက် ကြသည် ။ သူတို့ ၏ ဇွဲ လုံ့လ ဝီရိယ ကြောင့် ခုတော့ဖြင့် သူတို့ တူးဖောက် ခဲ့သည့် တူးမြောင်းလေး သည် မြစ်မကြီး နှင့် ဆက်သွယ်မိ ခဲ့ လေပြီ ။ သည် တူးမြောင်းကလေး အတွင်း ၊ လှေသမ္ဗန်တွေ ဥဒဟို လှော်ခတ် ခုတ်မောင်း သွားလာ နေသည် မှာ နေ့ရော ညပါ ။ ပဲ့ထောင်သမား နှင့် စက်ဆရာ ရောက် မလာသေးမီ ဟိုနား သည်နား ဟိုမျှော် သည်ကြည့် ဖြင့် ကျွန်တော် လျှောက်သွား နေ မိသည် ။ သစ်ပင်ရိပ် ကောင်းကောင်း ကမ်းစပ် တစ်နေရာ တွင် လှေတစ်စင်း ကို တွေ့မြင် ရသည် ။ လှေ မှာ ပေါင်းမိုး မိုး ထားသည် ။ လှေ ထဲ တွင် အိပ်ရာလိပ် ၊ သေတ္တာငယ် တစ်လုံး ၊ စားအိုး ၊ စားခွက် နှင့် မီးဖို တွေ့ ရသည် ။ လှေဦး မှာ အသက် ၆ဝ ဝန်းကျင် လူ တစ်ယောက် ထိုင် ကာ တူးမြောင်းလေး ထဲ မှ ရေကို ခွက် နှင့် ခပ်၍ သူ့ အဝတ် သူ လျှော် နေတာ တွေ့ရသည် ။ အဝတ်လျှော် နေရာ မှ ကျွန်တော့် ကို လှမ်း မော့ ကြည့် သည် ။ ကျွန်တော် ပြုံး ပြ တော့ သူ က လည်း ပြန်လည် ၍ ပြုံးပြသည် ။ ကျွန်တော် က လှေ အနား အထိ ဆင်း ခဲ့ကာ သူ့ ကို စီးကရက် တစ်လိပ် လှမ်း ပေးသည် ။ ကျွန်တော် ကိုယ်တိုင် လည်း တစ်လိပ် ဖွာကာ သူ့ ကို ပါ မီးညှိ ပေးတော့ ရေညှစ်ပြီး စ အင်္ကျီ နှင့် လုံချည် ကို လှေပေါင်းမိုး ပေါ်  လှန်း နေရင်း စီးကရက် ကို သူ့ ပါးစောင် မှာ ခဲ ထားသည် ။ မီးခိုးငွေ့လေး တလူလူ နှင့် ။


“ လှေ ထဲ မှာ ပဲ နေ တာလား ” 


ဟု သူ့ ကို မေးတော့ ခေါင်းညိတ် ပြ ရင်း ...


“ မိဘတွေ ဆုံးပြီး ကတည်း က ဘယ် ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမတွေ နဲ့ မှ မနေတော့ဘဲ ဒီ လှေ ထဲ မှာ ပဲ အိပ်တယ် ၊ နေတယ် ၊ စားတယ် ဗျာ ။ နား အေးတယ် ၊ စိတ်ချမ်းသာ တယ် ”  ဟု သူ က ပြောပြသည် ။ သူ့ အလုပ်အကိုင် က လည်း မဆိုးလှ ။


“ စပါး ရိတ် ဖို့ လူ လို တဲ့ထဲ က လှမ်း ခေါ်ရင် သွား ရိတ်ပေး လိုက်တယ် ။ တဲ ဆောက်ဖို့ လူ လိုရင် လည်း လက်ခစား လက်သမား ပေါ့ ဗျာ ... ။ ကျွန်တော့် တစ်ကိုယ်စာ တော့ ပူစရာ မလိုပါဘူး ” ဟု လည်း ပြောပြသည် ။


“ ရပြီဗျို့ .. စက် ပြန် ကောင်း သွားပြီဗျို့ ” ဟူသည့် အော် ပြောလိုက်သံ ကြောင့် ကျွန်တော် လှမ်း ကြည့်တော့ ကျွန်တော် တို့ ခရီး ဆက် ရမည့် ပဲ့ထောင် က စက်သံ ပြန် မြည်ဟိန်း နေပေပြီ ။


“ သွားဦးမယ်ဗျို့ ” 


ဟု တစ်ကိုယ်တော် ပေါင်းမိုးလှေသမား အား နှုတ်ဆက် ကာ ကျွန်တော် ထွက်လာ ခဲ့ ရသည် ။ သူ နှင့် ကျွန်တော် ဆုံတွေ့ခဲ့ရသည် က မိနစ် ပိုင်း မျှ သာ ။ ရင်းရင်းနှီးနှီး မရှိခဲ့ ။ တူးမြောင်းလေး အတိုင်း ပဲ့ထောင်လှေ ကို ဆက် စီး လာ ရင်း ၊ အပေါင်းအသင်း ရောင်းရင်း တစ်ယောက် အကြောင်း ကို တွေး နေ မိပြန်သည် ။ သူ က လည်း သူ့ ဇာတိ နယ်ပယ် မှာ တော့ ပေါင်းမိုးလှေ တစ်စင်း ထဲ မှာ နေထိုင်သူ ပေါ့ ။ ကျွန်တော့် ရောင်းရင်း က တော့ ဘဝ က အတော်လေး စုံလှပါ၏ ။ ကျွန်တော် နှင့် စပြီး ခင်မင်ခါ စတုန်း က သူ ရန်ကုန် ဆိပ်ကမ်း မှာ စာရေး တစ်ယောက် ပါ ။ သူ့ ဇနီး က လည်း သူ့ လို ပင် ရပ်ဝေး နယ် ဒေသ တစ်ခု မှ ရန်ကုန် သို့ ရောက် လာပြီး သူ နှင့် အကြောင်းဆက် ပေါင်းဖက် မိသော အမျိုးသမီး တစ်ယောက် ပါ ။ သူတို့ နှစ်ယောက် လုံး စိတ်ရင်း သဘောရင်း ကောင်း ကြသည် ။ သားသမီးတွေ လည်း အများကြီး ပွားစီး မိ ကြသည် ။ ကျွန်တော့် ရောင်းရင်း က ဆိပ်ကမ်း တွင် ဝန်ထမ်း လုပ် နေရာ မှ ဌာန တစ်ခု သို့ ဝန်ထမ်း ဘဝ နှင့် ပင် ပြောင်းရွှေ့ပြန်သည် ။ ရန်ကုန် နယ်နိမိတ် တစ်နေရာ ရှိ ဝန်ထမ်းအိမ်ရာ တွင် သူတို့ မိသားစု လိုင်းခန်းလေး တစ်ခန်း ရခဲ့သည် ။ ရံဖန်ရံခါ ဆိုသလို ပင် သူတို့ ဆီ ကျွန်တော် ရောက်တတ် သည် ။ အမြဲတစေ တော့ မဟုတ် ။ ကျွန်တော့် ရောင်းရင်း မှာ ကောင်းခြင်း လက္ခဏာ တချို့ ရှိ သလို ဆိုးခြင်း အမူအကျင့် တချို့ လည်း ရှိသည် ။ သူ က ရပ်ရေးရွာရေး သာရေးနာရေး ကိစ္စ မှန်သမျှ နေ့ည မရွေး မညည်းမညူ ကူညီမှု ပေး တတ်သည် ။ သူ က မြန်မာ့ အာယုဗေဒ္ဓ ဆေး နည်းနာနိဿယများ ကို လည်း လေ့လာသူ ဖြစ်ရာ အထူးသဖြင့် ရပ်နီးဝန်းကျင် မှ ကလေးသူငယ်များ ကို ဦးစားပေး ပြုစု ကုသ နိုင်ခဲ့သည် ။


သူ က ရှေးဟောင်းပစ္စည်းလေး တွေ ကို လည်း ရှာရှာဖွေဖွေ စုဆောင်း သိမ်းဆည်း တတ်သူ ဖြစ်ရာ သူ့ ဆီ မှာ ရှားရှားပါးပါး ၊ ထူးထူးဆန်းဆန်း ငွေထည် ၊ ကြေးထည် ပစ္စည်း တချို့ လည်း တွေ့ရ ဖူး ပါသည် ။ သူ ၏ ဆိုးခြင်း အမူအကျင့် တစ်ခု က တော့ လင်ရယ် မယားရယ် မပြေမလည် ဆယ်ကွေ့ တစ်ကွေ့ ရှိတတ်ကြ ၊ ကတောက်ကဆတ် ဖြစ်တတ်ကြရိုး ထုံးစံ မှာ ဒေါသ အလျောက် ကိုယ်ထိ လက်ရောက် ထိပ်ပေါက် ခေါင်းကွဲ သည် အထိ ဆွဲမနိုင် ထိန်းမရ ဗီဇ စရိုက် ကြမ်းတတ်ခြင်း ပင် ဖြစ်သည် ။ ထို ပြဿနာ ကလေးများ ကို ဇနီးမယား ဘက် က တစ်စ ထက် တစ်စ ကာလရှည် ကြာ ‘ တေး ’ ‘ မှတ် ’ လာခဲ့ရာ တစ်ကြိမ် မှာ တော့ အပြင်းထန်ဆုံး ပေါက်ကွဲ ခဲ့ ကြပါသည် ။ နောက်ဆုံး အဆင့် ဟု ဆိုရမည် ထင်၏ ။ လူသိရှင်ကြား ပင် လမ်းခွဲ လိုက်ကြရသည် ။ ရပ်ဝေး ကို ထွက်ခွာ သွား သူ က တော့ ကျွန်တော့် ရောင်းရင်း ပါ ။ သူ့ ဇာတိ ရပ်ရွာ ဒေသ သို့ သူ ပြန်သွား ခဲ့သည် ။ ရဟန်း ခံသည် ။ ရဟန်း ဘဝ နှင့် ထာဝရ နေမည် ဟု သူ ဆုံးဖြတ်၏ ။ မရ ။ ကျန်းမာရေး က ဖောက်ပြန် လာပြန်သည် မို့ လူဝတ် လဲရသည် ။ ဆေးကုသမှု ခံယူရန် သူ ရန်ကုန် သို့ ခဏ ပြန်လာ ပါ သေးသည် ။ မြို့စွန်မြို့သစ် တစ်နေရာ မှ တဲ တစ်လုံး တွင် ယာယီ နေထိုင် စဉ် ကျွန်တော့် ကို လူကြုံ ဖြင့် အကြောင်း ကြား ၍ သွား တွေ့ ရသည် ။ အနေအထိုင် တော်တော် ဆင်းရဲပါသည် ။ တတ်နိုင်သမျှ သူ့ ကို အဝတ်အထည် ၊ အသုံးအဆောင် ၊ စားအိုး စားခွက် မှ အစ ကူညီ ပံ့ပိုးပေးခဲ့သည် ။ ကျန်းမာရေး အခြေအနေ နည်းနည်း လေး ပြန် ကောင်း သွားတော့ ကျွန်တော့် ကို လာ နှုတ်ဆက် သည် ။ အသုံးအဆောင် ၊ အဝတ်အထည် ပစ္စည်းတချို့ နှင့် ငွေကြေး ထပ်မံ ကူညီ လိုက်သည် ။ တော သို့ သူ ပြန်သွားသည် ။ သတင်း စကား ကြားရ၏ ။ ချောင်းရိုးလေး အတွင်း ပေါင်းမိုးလှေ တစ်စင်း နှင့် သူ တစ်ကိုယ် တည်း နေထိုင် လျက် ရှိ ကြောင်း ကြားရသည် ။ ကျွန်တော် ယခု ရေး နေသော စာ ၏ အစ ပိုင်း တွင် စာဖတ်သူများ တွေ့မြင်ရမည့် ရုံးဒေါင့်ကျေးရွာ အနီး မှ ပေါင်းမိုးလှေသမား ပုံစံမျိုး ကျွန်တော့် အပေါင်းအသင်း ရောင်းရင်း က နေထိုင်ခဲ့ ခြင်း ပါ ။ သူ့ ဇာတိ ရပ်ရွာ မှာ သူ က လည်း ဘယ်သားချင်း ဘယ်ဆွေမျိုး နှင့် မှ အရိပ် အာဝါသ မခိုလှုံဘဲ ပေါင်းမိုးလှေ ထဲ မှာ နေ ထိုင်ကာ ကြုံရာ ကျပန်း လုပ်ကိုင် စားသောက် ခဲ့ သူပါ ။ အနေအထိုင် ကျဉ်းကျပ်သည် ။ ဥတုရာသီ ကြမ်းပြီ ဆိုလျှင် လည်း ချောင်းရိုး မြောင်းရိုး ထဲမှာ လူးလာ ဆန်ခတ် အတော်ပင် အနေရ ကျပ်တည်း တတ် မြဲ ပင် ။ သို့သော်လည်း စုန်ချည် ဆန်ချည် သူ နေသာ သလို နေချင် သေးပုံ ရသည် ။ နေ လည်း နေ ခဲ့သည် ။ ဘယ်လောက် အထိ နေခဲ့လဲ ဆိုလျှင် သူ့ သား ၊ သူ့ သမီးလေး များ ပင် အိမ်ထောင်ရက်သား ကျ သွား ကုန်ကြပြီး သူ့ မှာ မြေးလေးတွေ ရသည် အထိ ။ ကလေးတွေ က လည်း သူတို့ လုပ်ငန်းလေးတွေ ကိုယ်စီ နှင့် တချို့ နယ်ဒေသ သို့ ပင် ရောက် သူ က ရောက် ကုန် ကြသည် ။ တစ်ကြိမ် မှာ တော့ ကလေးတွေ ခဏ တာ ပြန် ဆုံစည်းမိ ကြကာ တိုင်ပင် မိ ကြသည် ။


“ အဖေ့ ကို ပြန်ခေါ်မယ် ” 


ဆိုသည့် အသံတွေ ထွက် လာသည် ။ တကယ်လည်း လက်တွေ့ ကျကျ သွား ခေါ်ခဲ့ ကြသည် ။ သူ ရန်ကုန် ပြန် ရောက် လာသည် ။ သမီး တစ်ယောက် အိမ် မှာ နေသည် ။ သူ့ဇနီး က လည်း သမီး တစ်ယောက် အိမ် မှာ နေ ပါသည် ။ သူတို့ ချင်း တော့ စကား ပြောဖြစ်ကြသေးပုံ မရ ။ သို့သော် သူ - ခုလို ပုံမျိုး အိုးအိမ် အတည် တကျ ဖြင့် သပ်သပ်ခတ်ခတ်ကလေး စားရေး ၊ ဝတ်ရေး ၊ နေရေး မတောင့်မတ ပြန် နေခွင့် ရတာ ကျွန်တော့် ရင် ထဲ မှာ ပီတိ ဖြစ် မိသည် ။ အသက်တွေ လည်း ကြီး ကုန် ကြပြီလေ ။


“ ခင်ဗျား ပေါင်းမိုးလှေ ကို ဘာလုပ်ခဲ့လဲ ရောင်းပစ်ခဲ့လား ” ဟု ကျွန်တော် မေး တော့ သူ မရောင်းခဲ့ပါဘူး တဲ့ ။ သူ့ တူမလေး မိသားစု ကို ပေးပစ် ခဲ့ပါသည် တဲ့ ။ တော မှာတော့ လှေ ဆိုတာ လိုအပ်ပါသည် ။


မှတ်မှတ်ရရ ရန်ကုန် သို့ သူပြန် ယူ လာသည့် သူ့ အသုံးအဆောင် ပစ္စည်း တချို့ ထဲ မှာ " Han Kaw " ခေါ် ၊ စစ်သုံးသတ္တုချိုင့်လေး တစ်ခု လည်း ပါလာ ခဲ့သည် ။ ဟိုတုန်းက သူ့ ကို ကျွန်တော် ပေးလိုက်သော ပစ္စည်းလေး ပါ ။ သူ က သည် ချိုင့်လေး နှင့် ပင် သူ့ ပေါင်းမိုး လှေ ထဲ တွင် ရေနွေးကျို ခဲ့ပါသည် တဲ့ ။ ထမင်းအိုး တည် ခဲ့ပါသည် တဲ့ ။ တစ်ခါတစ်ရံ ဟင်းလျာများ ပင် ချက်ပြုတ် ခဲ့ ပါသည် တဲ့ ။ ခုတော့ သည် သတ္တုချိုင့်လေး နှင့် ရေနွေး ထည့် သောက် နေတုန်းပါ ပဲ တဲ့ ။ တစ်ရက် မှာ တော့ ရန်ကုန် အင်းစိန် ဘက် မှာနေသော ကျွန်တော် တို့ သူငယ်ချင်း တစ်ယောက် က ကျွန်တော့် အိမ် လာ လည် ရင်း အဲသည့် လူ ဆီ ကို လည်း ဝင် နှုတ်ဆက် သည် ။ ရေနွေးကြမ်း ထည့်သောက် နေသော " Han Kaw " ချိုင့်ကလေး ကို မြင် သွားပြီး သဘောကျ လွန်းလို့ တဲ့ လေ ။ အမှတ်တရ ဇွတ် တောင်း သည် ။ သူငယ်ချင်း တွေ အချင်းချင်း ဆိုတော့လည်း မပေးချင် ပေးချင် နှင့် ပင် သူ ပေး လိုက်တာ ကျွန်တော် မြင်ရ ပါသည် ။ ဪ .. ငယ်သူငယ်ချင်းတွေ ၊ အစစ အဆင်ပြေ ပျော်ရွှင် နေကြလျှင် ကျေနပ်ပါပြီ လေ ။


◾ဆောင်းဝင်းလတ် 


📖 Life Style မဂ္ဂဇင်း


📖 ရောင်စုံကျေးလက်


#ကိုအောင်နိုင်ဦး


.

Friday, January 20, 2023

သင်းကွဲငှက် ရဲ့ အလွမ်းတေး တစ်ပုဒ်


 

❝ သင်းကွဲငှက် ရဲ့ အလွမ်းတေး တစ်ပုဒ် ❞

ယခု ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း မှာ ထူးခြားတာလေးတွေ ကြုံ ရသည်  ။ မျှော်လင့် မထားသော သူများ ထံ မှ အသံတွေ ကြား လိုက်ရခြင်း ဖြစ်သည်  ။ လူချင်း မတွေ့ ရ မဆုံ ရ သည် မှာ ကာလ အား ဖြင့် နှစ် ပေါင်း ( ၄၀ ) နီးပါး မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် မိတ်ဆွေများ ဖြစ် နေ ပြန်သည်  ။ ကိုကံညွန့် ကို တော့ ငယ်သူငယ်ချင်း ဟု ပြော၍ ရသည်  ။

ရန်ကုန်မြို့ ရှိ စိန်ဂျွန်း ဒိုင်အိုစီစင် ယောက်ျား ကလေးများ အထက်တန်းကျောင်း ပဉ္စမတန်း ( E ) မှာ ကျွန်တော် တို့ စတင် ၍ ဆုံစည်းခဲ့ကြရသော ငယ်ပေါင်း တစ်ယောက် ဖြစ်သည်  ။ ကျောင်း မှာ တုန်း က တော့ သူ့ ကို တခြား သူငယ်ချင်းများ နည်းတူ ကံညွန့် ဟု ကျွန်တော် ခေါ် မိ ခဲ့ ပေလိမ့် မည် ။ သည် မနက် မှာ သူ က ဖုန်း ဆက် သဖြင့် ၊ အံ့အားတသင့် ဖြစ်သွား မိ ချိန်တွင် မူ ကျွန်တော့် စိတ် ထဲ က ကိုကံညွန့် ဟု ခေါ်ချင် လာ သဖြင့် “ ဟုတ်ကဲ့ ” “ ကျွန်တော် ” “ ကိုကံညွန့် ”
စသော စကားလုံးများ အလိုလို သုံးမိ လျက် သား ဖြစ်သွားသည်  ။ သူ ကတော့ ငယ်ဘဝ တုန်းက ထုံးစံ အတိုင်း မပြောင်းလဲ ဘဲ “ ဟေ့ကောင် ” “ မင်း ” “ ငါ ” စသဖြင့် ပြော နေသည်  ။ စကား စမြည် ပြောနေရင်း ကျွန်တော် က သူ့ အသက် ကို လှမ်း မေးတော့ ထင်သည့် အတိုင်း ကျွန်တော့် ထက် သုံးနှစ် ကြီး နေ သဖြင့် ကိုကံညွန့် ဟု သူ့ကို ခေါ် လိုက်တာ မမှားမှန်း သိ လိုက်ရသည်  ။

ငယ်ငယ် ကတည်း က ကျွန်တော့် ပင်ကို သဘာဝ အတိုင်း ပြုံးပြုံးရယ်ရယ် နေတတ် ပြီး မစပ်စုတတ် သဖြင့် ကျွန်တော့် ဖုန်းနံပါတ် ဘယ်က ရ သလဲ ဘယ်သူ့ ဆီ က ရ လို့ ဆက်တာလဲ ဟု လ ည်း သူ့ ကို မမေးမိတော့ပေ ။ သူ့ မှာ တစ်နည်းနည်း ဖြင့် ကျွန်တော့် ဖုန်းနံပါတ် ရှိပြီ ဖြစ်၍ သာ ခုလို လှမ်း ဆက်နေပြီမို့ အထူးအထွေ မေးနေစရာ မလိုအပ်တော့ ဟု ကျွန်တော် ထင်သည်  ။ တကယ် တော့ သူ က ငယ်သူငယ်ချင်း သံယောဇဉ် ကြောင့် လှမ်း ဆက် သွယ်ခြင်း မျှ သာ ။ တခြား အကြောင်းအရာ ဘာ မှ မရှိ ။ ကျွန်တော့် ကို သံယောဇဉ် ရှိ နေခြင်း က ပင် ကျေးဇူး တင်စရာ ကောင်း နေ ပြန်သည်  ။

“ ငါ အခု တောင်ငူ က နေ လှမ်း ဆက် နေတာကွ ”

“ ဟုတ်လား ၊ အလုပ် က ပင်စင် ယူတာ ကြာပြီ မဟုတ်လား ”

“ အေးကွ ၊ ပင်စင် ယူပြီး တောင်ငူ မှာ နေတယ် လေ ၊ ရန်ကုန် မှာ လည်း အိမ် ရှိတော့ တစ်ခါ တလေ ရန်ကုန် ကို လည်း ရောက် ပါတယ် ၊ ရန်ကုန် ရောက် ရင် မင်း နဲ့ ဆုံကြမယ်လေ ”

“ ဟုတ်ကဲ့ပါ ကိုကံညွန့် ”

“ ဒါနဲ့ မင်း ဟိုကောင်တွေ နဲ့ တွေ့သေးလား ”

“ ဘယ်သူတွေလဲ အစ်ကို ”

“ ဟိုကောင်တွေ ကွာ ၊ ပက်ထရစ်အောင်မင်း တို့ ခေါင်းကြီးကျော်ငြိမ်း တို့ လေကွာ ”

“ သူတို့ နဲ့ လည်း အဆက်အသွယ် ပြတ်နေ တာကြာပြီဗျ ”

“ အေးကွာ ၊ ဒီကောင်တွေ နဲ့ လည်း ပြန် ဆုံချ င်သေးတယ် ၊ ဘဆွေ တို့ အောင်မြင် တို့ တော့ မရှိရှာကြတော့ဘူး လို့ သတင်း ကြားတာ ပဲ ”

“ ကိုကံညွန့် က မှ သူငယ်ချင်းတွေ အကြောင်း သာရေးနာရေး ကြား သေးတယ် ၊ ကျွန်တော် ဆို ရင် ဘယ်သူတွေ ဘယ်မှာ နေလို့ ဘာတွေ ဖြစ် နေပြီ မှန်းတောင် မသိတာ ကြာပါပြီဗျာ ”

“ အေး ... အေး ၊ ဒါပဲနော် ။ ငါ ရန်ကုန် ရောက်ရင် မင်း ကို လှမ်း ဆက် လိုက်မယ် ။ ဟုတ်လား ”

သူ နှင့် သည် လောက်သာ ပြော လိုက်ရသည်  ။ မီးရထားဌာန မှာ သူ အလုပ် လုပ်ခဲ့တာ လောက်တော့ သိထား သဖြင့် ပင်စင် ယူတာ ကြာပြီ မဟုတ်လား ဆိုတာ ကျွန်တော် မေး လိုက်မိခြင်း ပင် ။ လူချင်း တွေ့ မှ ပဲ ရှေးဟောင်းနှောင်းဖြစ် လေး တွေ ပြောကြရပေလိမ့်မည် ။ သူ့ အပြင် ယခု သြဂုတ်လ အတွင်း တွင် မှတ်မှတ်ရရ ကျွန်တော့် ကို ဖုန်း လှမ်း ဆက်သူ တွေ ရှိ ခဲ့သေးသည် ။

သူတို့ သည် လည်း ဟိုနေရာ သည်နေရာ က တစ်ဆင့် ကျွန်တော့် ဖုန်းနံပါတ် ကို စုံစမ်း မေးမြ န်းပြီး ရ လို့ ဖုန်း လှမ်း ဆက်ကြတာ ဖြစ်ပါလိမ့်မည် ။ သူတို့ ကို လည်း စိတ် ထဲ က ကျေးဇူး တင် မိ သည်  ။ ကျွန်တော့် အပေါ် မှာ သံယောဇဉ် မကုန် ကြသေးဘူးပဲ ။ ကျွန်တော့် ဘက် က သာ သူတို့ ကို အဆက်အစပ် ပြတ်တောက်နေတာ ကြာခဲ့ပြီပဲ ။

သူတို့ ထဲ မှာ လည်း ကျွန်တော့် ထက် အသက် ကြီး သူ ၊ ငယ် သူ ၊ အရွယ် တူ စသဖြင့် ရှိရာ ဖုန်း လှမ်း ဆက်ချိန်မှာ “ လေသံ ”

ချင်း မတူ ကွဲပြားခဲ့သည်  ။ တစ်ရက် မှာ ဖုန်းဆက် လာ သူ ထံ မှ အသံ က ဤသို့ ဖြစ်သည်  ။

“ ငါ့ အသံ ကို မှတ်မိရဲ့ လား ”

တဲ့  ။

ဘယ်သူမှန်းလည်း မသိ ။

“ ဘယ်သူလဲ ဗျာ ... မမှတ်မိလို့ ပါ ”

ဟု ကျွန်တော် ဝန်ခံ လိုက်ရသည်  ။

“ မြသွင် လေ ကွာ ၊ ၇၃ ခုနှစ် တုန်း က တရုတ် သင်္ဘောကြီး မှာ အတူ တူ နေခဲ့ကြတဲ့ မြသွင် လေကွာ ”

“ ဪ ... မှတ်မိပြီ အစ်ကို ၊ မှတ်မိပြီ ... အဲဒီတုန်း က ပျော်စရာ ကြီး နော် အစ်ကို ၊ ဟိုဗျာ ကိုခင်မောင်မြင့်ကြီး တို့  ၊ ကိုသန်းထွန်း တို့ နဲ့ အတူ လေဗျာ ”

“ အေး ... ဟုတ်တယ် ၊ အဲဒီတုန်း က ခဏခဏ မင်း က ငါတို့ ကို စားသောက်ဆိုင်ကြီးတွေ ခေါ် သွားပြီး ပြုစုကျွေးမွေး ခဲ့ တာ တွေ သတိ ရ တယ်ကွ ၊ မင်း က တော့ တကယ့် ကို လူပျော် လေး ပါပဲကွာ ”

“ အစ်ကို ပြော မှ ပဲ ကျွန်တော့် စိတ် ထဲ တရေး ရေး ပြန် မြင်မိတော့တယ် ဗျာ ၊ ရန်ကုန် က နေပြီး အစ်ကို တို့ ကျွန်တော် တို့ ကို ပုသိမ် အထိ ၃၁၂ ဆိုတဲ့ သင်္ဘော က ခေါ်သွားတာ လေ ။ တစ်ည လုံး ကျွန်တော် တို့ စကားဝိုင်း ဖွဲ့လိုက် ၊ အိပ် လိုက် နဲ့ ပဲ နောက်နေ့ မိုး လင်းတော့ ပုသိမ် ကို ရောက် သွားကြတာလေ ”

“ အေး ... ဟုတ်တယ်လေကွာ ၊ ဟို ရောက် တော့ ငဝန်မြစ် ထဲ မှာ ကျောက်ချ ထားတဲ့ တရုတ်သင်္ဘောကြီး ပေါ် ငါတို့ တွေ တက်ကြရတာပဲ ၊ ပြီးတော့မှ ပင်လယ် ထဲ က နေပြီး  အဲ့ဒီ သင်္ဘောကြီး ကို ရန်ကုန် ရောက်အောင် မောင်း ယူလာ ကြတာလေ ကွာ ”

ကိုမြသွင် ပြော မှ ကျွန်တော့် စိတ် ထဲ ရယ်စရာ ပြုံးစရာ လေး တစ်ခု ကွက်ခနဲ သတိ ရ လိုက်မိ၏ ။ တရုတ်သင်္ဘောကြီး ကို တာဝန်ယူ ခုတ်မောင်းခဲ့ကြ ရာတွင် ရေယာဉ်မှူး အဖြစ် ဦးကျော်စန်း ၊ ဒုတိယ ရေယာဉ်မှူး ဦးအောင်ရွှေ ၊ ပဲ့နင်းမှူး က ဦးတင်ရွှေ ၊ ပဲ့ထိန်း နှင့် တခြား ကုန်းပတ် ဆိုင်ရာ တာဝန် ကို တော့ ကိုမြသွင် တို့ အုပ်စု က တာဝန် ယူ ရ၏ ။ အင်ဂျင်စက်ခန်း မှာ အင်ဂျင်နီယာ ဦးအေးကျော် နှင့် ကျွန်တော် နှစ်ယောက် တည်း သာ ။ စက်ခန်း ထဲ မှာ ရေး ထား သမျှ စာတွေ က လည်း ကျွန်တော် တို့ မ ဖတ် တတ်သော “ ဘူးသီးငါးပေါင်းကြော် ” ပုံစံ ၊ “  တရုတ်စာ ” များ သာ တည်း ။ အင်ဂျင်စက် မောင်းရာတွင် ဆရာ တပည့် နှစ်ယောက် အတွ က် ထူးထူးခြားခြား အခက်အခဲ မရှိလှ ။ အဆိုပါ သင်္ဘောကြီး ၏ ထူးခြားချက် က “ အက်ဖ်အို ” ခေါ် ဆီမည်းမည်းချွဲချွဲကြီး များ ကို ဒီဇယ်ဆီ ဖြစ် အောင် ‘ ပျူရီဖာယာ ’ ခေါ် စက် တစ်မျိုး ဖြင့် နောက် တစ်ဆင့် ပြုလုပ် ပြီး မှ အင်ဂျင်စက်ကြီးများ မီးစက်များ ကို မောင်းနှင်ရခြင်း ဖြစ် နေ ပြန်၏ ။ ဤသို့ ပြောင်းလဲ ရာ တွင် သင်္ကေတ အဖြစ် လမ်းညွှန် ရေးထားသော တရုတ်စာများ ကို ကျွန်တော် မဖတ်တတ် ။ စိတ်မှန်း နှင့် ရမ်းသန်းပြီး ခလုတ် အနီရောင်လေး တစ်ခု ကို နှိပ် လိုက်မိ၏ ။ ကျွန်တော့် ဆရာ အင်ဂျင်နီယာကြီး ပေါ် သို့ ပိုက် တစ်ခု ဆီ မှ အက်ဖ်အို ဆီတွေ ကျ လာပြီး တစ်ကိုယ်လုံး မည်း သွား ပါတော့၏ ။ ကမန်းကတန်း ခလုတ် ပိတ်ပြီး သူ့ တစ်ကိုယ်လုံး အဝတ်စုတ် ၊ ဆပ်ပြာ ၊ ရေတွေ နှင့် သန့်ရှင်းရေး လုပ် လိုက်ရ၏ ။ နောက်ထပ် ပိုက်လိုင်း တစ်လိုင်း ၊ ခလုတ် တစ်ခု ကို စမ်းသပ် ကြည့်တော့မှ လမ်းကြောင်း မှန်သွားပါ၏ ။ ဆရာ တပည့် နှစ်ယောက် ရယ်မော နိုင်ကြပါတော့၏ ။

ယခု ကိုမြသွင် နှင့် ဖုန်း ပြောနေရင်း အဲ့ဒီတုန်း က ရှုခင်း ကို ပြန်လည် မြင်ယောင် မိပြီး ပြုံးမိ ပါသေးသည်  ။ မှတ်မှတ်ရရ ရန်ကုန် ရောက်ပြီး မကြာမီ ဝမ်းနည်းကြေကွဲ စရာ ကြုံ ရတာ လည်း ရှိသေး၏ ။

“ ကိုမြသွင် ရေ ၊ ကျွန်တော် မှတ်မိတာ ရှိသေးတယ် ဗျ ”

“ ပြောပါဦး ”

“ တစ်ရက် ဗျာ ၊ ကိုခင်မောင်မြင့်ကြီး က ရန်ကုန် ကမ္ဘာအေးဘုရားလမ်း မှာ သူ့ အမျိုးတွေ ရဲ့ အလှူ ရှိလို့ သင်္ဘော က နေပြီး သွားတာလေ ”

“ အေး ... ဟုတ်ပါရဲ့ ကွာ ၊ လမ်းဖြတ် ကူး ရင်း ဒီကောင်ကြီး မတော်တဆ ကား အက်ဆီးဒင့် ဖြစ်ပြီး ဆုံးတာလေကွာ ”

ဖုန်း ပြောနေရင်း ကျွန်တော်တို့ ရုတ်တရက် အသံ တိတ်သွားသည်  ။ လွမ်းစရာ ထဲ က ကြေ ကွဲစရာ အတိတ် မဟုတ်လား ။ နောက်မှ စကား ပြန် စ ရင်း သူ ကျွန်တော့် ဆီ ဖုန်း လှမ်းဆက် နေသည့် နေရာ ကို ပါ သိ လိုက်ရ၏ ။ သူ့ မွေးရ ပ် မြေ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ ၊ မော်ကျွန်းမြို့နယ် ၊ ချောင်းကြီးရွာ မှ လှမ်း ဆက်နေတာ တဲ့  ။ ကျွန်တော့် ကို မမေ့နိုင်သေးသည့် သူ ၏ သံယောဇဉ် ပါ တကား ။ သြဂုတ်လ ထဲ မှာ ပဲ မ ထင်မှတ် ဘဲ မျှော်လင့် မထားဘဲ ကျွန်တော့် ဆီ ဖုန်း လှမ်း ဆက်ကြ ပြန်သူ တွေ ကတော့ အရွယ်ချင်း မတိမ်းမယိမ်း လုပ်ဖော်ကိုင်ဖက် ရောင်းရင်း များ ထဲ မှ ကိုခင်မောင်ဝင်း ၊ ကိုစောလွင် ၊ ကိုလှသိန်း နှင့် ကိုထွန်း အောင်ကျော် ။ သူ တို့ ဖုန်း ဆက်တော့ မှ ကျွန်တော့် ဘက် က လူမှုရေး ကိစ္စ တော်တော်များများ အဆက်အသွယ် ပြတ်ကာ ပျက်ကွက် နေပါလား ဆိုတာ သတိ ထား လိုက် မိသည်  ။ ကြုံတုန်း ကြုံခိုက်မို့ ထင်၏ ။ သူတို့ တ တွေ လက်ကိုင်ဖုန်း တစ်လုံး တည်း ကို တစ်ယောက် တစ်လှည့် လက်ပြောင်း ကာ လှမ်း ဆက်နေကြပုံ ရသည်  ။

“ ကိုခင်မောင်အေး နှစ်နှစ်ပြည့် ဆွမ်းကျွေး အလှူအိမ် က နေပြီး လှမ်း ဆက်နေတာဗျ ”

ဒါက ကိုခင်မောင်ဝင်း ၏ အသံ ။

“ သူက ရာသက်ပန် ရဟန်း ဝတ် နေရင်း ပျံလွန်တော်မူ သွားတာလေ ”

ဒါကတော့ ကိုထွန်းအောင်ကျော် ၏ အသံ ။

“ မောင်မောင်မြင့်လေး ဆုံး သွား တာ လည်း သုံးနှစ် ပြည့်တော့မယ် ဗျ ”

ကိုလှသိန်း ပြော လိုက်တာ လည်း ကျွန်တော် ကြားရသည်  ။

ကျွန်တော်တို့ လူဟောင်းတွေ ထဲ မှာ လည်း တဖြုတ်ဖြုတ် ကြွေ ကုန်ပြီလေ ၊ အမေရိကန် တင်မြင့်ကြီး ဈာပန တုန်း က လည်း ကျွန်တော်တို့ ဆုံ မိကြပါ သေးသည်  ။

ကိုစောလွင် ပြောပြတာလည်း ငိုင်ငိုင်တွေတွေ ဖြင့် ကျွန်တော် နား စွင့် လိုက်ရသေးသည်  ။ ဪ .. သူတို့ တတွေ က တော့ ဒီ အသက်အရွ ယ် ဒီ အချိန်အထိ အချင်းချင်း နီးနီးကပ်ကပ် ရှိ နေကြတုန်းပါ ပဲ လား ။ သူတို့ နှင့် ဖုန်း ပြောပြီး နောက် သူတို့ ဆက် သည့် ဖုန်းနံပါတ် ကို ကျွန်တော် မှတ်ထား လိုက်သည် ။ ကိုခင်မောင်ဝင်း  ဖုန်းနံပါတ် ပါ ။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် ကာလ ။ ပြန် သတိ ရ လာမိသည်  ။ ထိုစဉ် က ကို ခင်မောင်ဝင်း နှင့် ကျွန်တော် သင်္ဘောငယ်လေး တစ်စီး မှာ အင်ဂျင်စက်ခန်း အလုပ်တွေ အတူ တူ လုပ်ခဲ့ ဖူးသည်  ။ သူ ပြောင်းရွှေ့ သွားပြီး နောက်ပိုင်း ကိုစောလွင် နှင့် လက်တွဲ ခဲ့ ရသည်  ။ မျက်မှန် အမြဲ တပ်ဆင် ထားရသော ကိုထွန်းအောင်ကျော် နှင့် တော့ စက်မှုလက်မှုသင်တန်း တစ်ခု ကို အတူတကွ တက်ခဲ့ဖူးကြသည်  ။

ကျွန်တော့် ထက် အသက် ငယ်သော ညီငယ် ကိုလှသိန်း နှင့် တော့ အတူ တကွ မနေခဲ့ရသော် လည်း တစ်ခါတစ်ရံ မှာ သင်္ဘောချင်း ဘေးချင်း ယှဉ်ကာ ရပ်နား မိကြလျှင် အားလပ်ရက်တွေ မှာ အတူ လျှောက်လည်ခဲ့ကြ ဖူးသည်  ။ အချိန် ရခိုက် မှာ သူတို့ က နာရေး ကိစ္စ သုံးခု ပြောသွား သမျှ ရဟန်းဝတ် ဖြင့် ပင် ပျံလွန်တော်မူသွား ရှာသော ဦးဇင်း ကိုခင်မောင်လေး ကတော့ သင်္ဘော တစ်စီး မှာ သူ နှင့် ကျွန်တော် တာဝန် အပြောင်းအလဲ လုပ်ခဲ့ဖူး သူ ။ သူ့ ကို စက်ခန်း နှင့် ပတ်သက် သမျှ လွှဲပြောင်း စရာ ရှိတာ လွှဲပြောင်း ပြီး မြိတ်မြို့ မှ လေယာဉ် နှင့် ရန်ကုန် ၊ ရန်ကုန် မှ မော်လမြိုင် သို့ ကျွန်တော် ပြန် လာပြီး မကြာမီ အဆိုပါ သင်္ဘော နှင့် ထားဝယ် ၊ ဟိန္နဲ ၊ ကန်ပေါက် ဘက် သို့ သူ ခရီး ထွက်ရကြောင်း သတင်း ကြားရသည်  ။ သူ့ သင်္ဘော မှာ ပါ လာသော လူငယ်လေး နှစ်ယောက် ကန်ပေါက် သို့ ရောက်တော့ တစ်ည မှာ နှလုံးသားရေးရာ ကိစ္စ တစ်ခု အတွက် အချင်းချင်း အမြင် မကြည်လင် ဖြစ်ကြရာ မှ မထင်မှတ် ဘဲ လူသတ်မှု အထိ ဖြစ် သွားခဲ့ရပုံ သတင်းဆိုး ကို လည်း ကြားခဲ့ရ ဖူးသည်  ။ အလုပ် မှ ပင်စင် ယူပြီး ကိုခင်မောင်လေး သာသနာ့ဘောင် ကို အပြီးတိုင် ဝင် သွား ပြီ ဆိုတာ လည်း ကြား ခဲ့ရသည်  ။

ခုတော့ သူ မရှိရှာတော့ပြီ ။ သူတို့ တတွေ ဖုန်း ထဲ မှ တဆင့် ပြောပြသည့် “ မောင်မောင်မြင့်လေး ”  ဆိုသူ မှာ လည်း သင်္ဘောကြီး တစ်စီး မှာ ကျွန်တော် နှင့် လက်တွဲ ခဲ့ရ ဖူးသော လူငယ်လေး ပါ ။ စက်မှုလက်မှုပညာ တော် သူ လည်း ဖြစ်သည်  ။ သို့သော် အပျော် လွန်ပြီး ဘဝ အဖော်မွန် အပေါ် မှာ တာဝန် သိပ် မကျေ နိုင်ခဲ့ ရှာ ပဲ ၊ သား တွေ သမီး တွေ ကို ပါ ထားရစ်ကာ ကွယ်လွန် သွား ရှာ ကြောင်း လည်း ကြား လိုက် ရပြန်သည်  ။ သူ တို့ ပြောသည့် နောက်ထပ် နာရေး ကိစ္စ ထဲ က အမေရိကန် တင်မြင့်ကြီး သည် လည်း အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ပါ ပဲ ။ အမြဲတမ်း ဘိုဆန်ဆန် နေတတ် ၊ ပြောတတ် သည့် လူပျော် လူနောက်ကြီး တစ်ယောက် မို့ ၊ အားလုံး က ချစ် စနိုး နှင့် သူ့ နာမည် ရှေ့ မှာ “ အမေရိကန် ” ဟု ဝိသေသ ပြု ကာ ခေါ် ခဲ့ကြခြင်း ပင် ။

သူ နှင့် ကျွန်တော် လည်း စက်မှုလက်မှု သင်တန်း တက်ဖော် တက်ဖက် တွေ ပါ ။ တစ်ဆောင် တည်း ၊ တစ်ခန်း တည်း အတူ နေရင်း သူ့ ဂီတာ လက်သံ နှင့် အတူ သူ ကြိုက်တဲ့ သီချင်းလေး တချို့ ကျွန်တော် ပျော်ပျော်ပါးပါး သီဆို ပေးခဲ့ ရ တာ လည်း အမှတ်တရတွေ ပါ ပဲ ။ ပိုပြီး အမှတ်တရ ဖြစ်စရာ တစ်ခု က တော့ သူ ရုပ်ရှင် အလွန် ကြို က်တတ်ပုံ ပါပဲ ။ တစ်ခါ မှာ တော့ သူ့ ညီလေး တစ်ယောက် ရောဂါ အသည်းအသန် နဲ့ မို့ သူ က ဆေးရုံ စောင့် ပေးခဲ့ရသည်  ။ သူ ကြည့်ချင် သည့် နိုင်ငံခြား ရုပ်ရှင်ကား ကလည်း သမ္မတရုံ မှာ နောက်ဆုံး နေ့ ။ မအောင့်နိုင်တော့ သည့် အဆုံး မှာ  ၊ ဖျတ်ခနဲ ရုပ်ရှင်ရုံ ထဲ သူ ရောက်သွားသည်  ။ ဆေးရုံ သို့ သူ ပြန်လာတော့ ခုတင် သာ တွေ့ ရ တော့သည် ။ သည် လို နှင့် သူ့ ညီလေး ဈာပန မြေချ သည့် အချိန် မှာ ပင် သူ့ဆွေမျိုးသားချင်း တစ်ယောက် ထံ မှ အသံ တိုးတိုးလေး တစ်သံ သူ ကြား လိုက်ရပါသည် တဲ့  ။

“ သားလိမ်မာလေး ၊ ပညာတတ်ကလေး ၊ သွားပေဦးတော့ ကလေး ရေ ၊ သားလေး ရေ ဟိုကောင်ကြီး ပဲ သား ကိုယ်စား သေ လိုက်ပါတော့လားကွယ် ” တဲ့  ။ အမေရိကန်တင်မြင့်ကြီး ပြန် ပြောပြသည့် သူ့ ကိုယ်တွေ့ ဟာသလေး ။ တင်မြင့်ကြီး က လည်း သူ မဆုံးခင်အထိ နှစ်စဉ် မပျက် ခရစ္စမတ် ရက် ရောက်တို င်း ငယ်ပေါင်းတွေ ကို လှမ်း ဖိတ်ပြီး တွေ့ဆုံ လေ့ ရှိပါသည် တဲ့  ။ ကျွန်တော် နှင့် တော့ မချိတ် မိခဲ့ကြပေ ။ ခုမှ ဟိုက သည်က တိုက်တိုက်ဆိုင်ဆိုင် ဖုန်းတွေ ပြိုင်ပြီး ဆက် နေကြသလို မျိုး ကျွန်တော် နှင့် ပြန် ချိတ် မိကြခြင်းပါပေ ။

သင်းကွဲငှက် တစ်ကောင် ကို သူတို့ က ပြန် ဆက်သွယ် ကြခြင်းပါ လား ။ သူတို့ ဆီ က တစ်ဆင့် ရင် နှင့် အမျှ ခင်မင်ခဲ့ရသူ တချို့ တိမ်းပါး ပျောက်ကွယ် သွား ကြပြီ ဆို သည် ကို ကြား ရပြ န်တော့ လည်း ရင်ထဲ ဆွေးရပြန်သည် ပေါ့ ။

◾ဆောင်းဝင်းလတ်

📖 ခေတ်သစ်အလင်္ကာ ဝတ္ထုတိုပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.