( ၁၅ )
နာမည်ကြီး ( ဈေးခေါ် ကောင်း ) သရုပ်ဆောင် မင်းသား ( စူပါစတား ) တို့ ၏ မူမမှန်ပုံကလေး များ ကို ဆက်၍ ရေးရ ချေဦးမည် ။
ဆိုခဲ့ဖူးသည့် အတိုင်း အချို့ စူပါစတား တို့ လည်း ရုပ်ရှင်ကား တစ်ကား ရိုက်ရန် ငှားသော အခါ ယင်းတို့ ကြိုက်ဈေး တောင်းသည် ။
အခြား အင်အားနည်း သရုပ်ဆောင် မင်းသား တို့ မှာ စူပါစတားတို့ ရငွေ ၏ ထက်ဝက် မျှ ပင် မရ ချင်ကြရုံ မက နည်းပါး လှသော ငွေ ကို ( ၃ ) ကြိမ် သုံးရစ် ခွဲ၍ ပေးကြသည် ။
စူပါစတားတို့ ကား ကြိုက်ဈေး လည်း နှစ်ဆ မက ရသည် ။ ( ၃ ) ကြိမ် သုံးရစ် မဆိုထားဘိ ငွေစက္ကူ နွမ်း လျှင် ပင် လက်မခံ ။ ငွေ အပြည့် ငွေလက်ငင်း ပေးရသည် ။ သို့ တိုင်အောင် မည်သည့် နေ့မှ စတင် ရိုက်ကူး ပေးမည်ဟူသော ( နေ့စွဲ ကတိ ) မရနိုင်သေး ။
“ နောက် မှ လာ .... ”
“ ကောင်းပါပြီ ”
ဟူသော ပျော့ပျောင်း လှသည့် လေသံ ဖြင့် ထုတ်လုပ်သူ တို့ ပြန် ခဲ့ကြရသည် ။
နောက် ရက်ချိန်း ရ၍ ရိုက်ကူး သော အခါတွင် အချို့ စူပါစတား တို့ အလွန် ချစ်စရာ ကောင်းသည် ။ ၉ နာရီ စတင်မည် ဟု ချိန်း သော်လည်း သူ ၈ နာရီ လောက် ကတည်း က ရောက်နေ တတ်သည် ။
အချို့မှာ မူ မည်သည့် အချိန် ချိန်း ထားသည် ဖြစ်စေ ချိန်းသော နာရီ ထက် ၃ - ၄ နာရီ နောက်ကျ တတ်သည် ။ ရောက်လာ ပြန်လျှင် လည်း ပုလင်း ကြိုက်တတ်သူ အတွက် ကြိုတင် ဝယ်ထားရသည့် ပုလင်း ကို ပထမ မော့သည် ။
တစ်နေ့သော နံနက် သာဓုခြံ ထဲ တွင် ရုပ်ရှင် ရိုက်ရန် ရောက်နေကြ သည် ဟု အိပ်ရာမှ နိုးနိုးချင်း သိရ သည် ။ ကြိုတင် အကြောင်းကြား ထားခြင်း မရှိ၍ သာဓု ဒေါပွပြီး “ ဟေ့ ...ဘယ်သူ ခွင့်ပြုလို့ လာကြ တာလဲ ... မင်းတို့ ... ”
ဤတွင် ... သာဓု ၏ သားတပည့် လို ဖြစ် နေသော ဒါရိုက်တာ ခေါင်းပြူ လာပြီး ...
“ ကျွန်တော်ပါ ဆရာ .. ပထမ က တခြား မှာ ရိုက်ဖို့ ပါ ၊ အဲဟို မှာ ပရိသတ် မထိန်းနိုင် တာနဲ့ ဒီ ကို ... ”
“ အေး ... ပြီးရော နောက် ဆိုရင် ကြို ပြောကွ ”
သာဓု မျက်နှာ သစ် ၊ ထမင်း စား ၊ သတင်းစာ ၃ စောင် ကုန်အောင် ဖတ် ၊ အိမ်သာ တက် ၊ ပြန် ထွက်လာသ ည့် တိုင်အောင် သူတို့ ကား ရိုက် မစ ကြသေး ။ အချိန်မှာ နေမွန်းတည့် မှ ညနေ ဘက် သို့ပင် စောင်း နေချေပြီ ။ စက် အဖွဲ့သားများ လူစု စကား ပြော သူ ပြော ၊ သစ်ပင် မှီ ၍ မှိန်း သူ ကမှိန်း ၊ ဒါရိုက်တာ နှင့် ထုတ်လုပ်သူ တို့ မျက်နှာ မကောင်းကြ ။
“ ဟေ့ မစကြသေးဘူးလား ၊ ဘယ် အချိန် ရှိပလဲ ”
“ မင်းသား ဆရာ ... မင်းသား ချိန်း ထားတာ ၁၀ နာရီ ၊ ခု ( ၁ ) နာရီထိုး တော့မယ် မလာ သေးဘူး ။ အဲဒါ ... ”
“ ဖုန်းဆက်ပါလားကွ ”
သာဓု က ခပ်ဆတ်ဆတ် အော် လိုက်သည် ကို တပည့်ဒါရိုက်တာ တုန်လန့်လန့် သွား ရာမှ ရယ်မဲ့မဲ့ နှင့် ခေါင်း ကုတ်နေသည် ။
သာဓု သိလိုက်ချေ၏ ။ ( ဖြစ်ရပုံများ နှယ် ) ဟု စိတ်ထဲမှ ညည်းမိသည် ။ သူတို့ တစ်တွေ မင်းသားကို ဖုန်းဆက်ဝံ့ ဟန် မတူ ။
“ ဘာ ဖြစ်သလဲကွ ဖုန်း ဆက်တာပဲ ၊ ဒါ အလုပ် မဟုတ်လား ။ တော်ကြာ နေ စောင်း သွားရင် တစ်ပေ မှ ရိုက်ရ မှာ မဟုတ်ဘူး ၊ လာ ... ဖုန်းဆက် ”
သူ တုံ့ဆိုင်းဆိုင်း ဖြစ်နေရာမှ ...
“ မဆက်ချင်ဘူး ဆရာ ၊ အဲ .. လာ တော့လာမှာ ပါ ”
“ အေးလေ ၊ အိမ် က ထွက်သွားပြီ လား ၊ အိပ် နေတုန်းပဲလား တစ်ခုခု သိရတာပေါ့ ၊ လာ ဖုန်းလာ ဆက် ၊ ငွေ တစ်ကျပ် ပါ ယူခဲ့ ၊ ဖုန်း က အလကား မရဘူး ”
သူ ရယ်၍ ...
“ မဆက်ရဲဘူး ဆရာ ”
“ ဟာ ... ဘာဖြစ်လို့ တုံး ”
“ တစ်ခါက မင်းသား မလာနိုင်လို့ ဖုန်း ဆက် မေးတာ ( လာမှာ ပေါ့ဗျ ။ ဘာလို့ လောနေတာလဲ ) ဆိုပြီး စိတ် ကောက် သွားတယ် ”
“ ဪ ဒီလိုကိုး ၊ နို့ အလုပ် လုပ် တာ စိတ် ကောက်စရာတဲ့ လား ကွ ”
“ သိပါဘူး ဆရာရယ် ၊ အဲဒီလို စိတ်ကောက်ပြီ ဆိုရင် နောက်ထပ် တစ်နာရီ ၊ နှစ်နာရီ နဲ့ မလာ တော့ဘူး ၊ အရွဲ့ တိုက် တယ်ပေါ့ ဆရာ ”
သာဓု စိတ် ပျက်သည် ထက် အတော်ကလေး ဒေါသ ထွက်မိသည် ။ ထို ဒေါသ သည် သူတို့ အတွက် ... ။
ချက်ချင်း သာဓု အိမ်ပေါ် တက်ပြီး ၊ ထို စူပါစတား ဆီ ဖုန်း ဆက်သည် ။
“ ဟေ့ မင်းသား ကော ခေါ်စမ်း ”
“ ... ... ”
“ ဟာ အဖေကြီးလား ”
“ အေး ၊ မင်း ဘာ လုပ် နေတာလဲကွ ၊ ဒီမှာ ကား ရိုက်ဖို့ မင်း ကို စောင့်နေ တာ ၁၀ နာရီ ကတည်း က ခု ၁ နာရီ ကျော်ပြီ ၊ မင်းတို့ တော်တော် တော် တဲ့ ကောင်တွေ ပဲ ”
“ ဟုတ်ကဲ့ အဖေကြီး ၊ လာပါ့မယ် ။ နည်းနည်း နှာ စေးနေလို့ ပါ ”
“ လုပ်ကွာ ၊ လုပ်ကွာ ၊ ထုတ်လုပ်သူ တွေ မှာ ကား ရိုက်တဲ့ နေ့ ဆိုရင် စရိတ် ၁၀၀၀ နဲ့ ၂၀၀၀ ကြား မှာ ရှိ တယ် ဆိုတာ မင်းတို့ လဲ သိသားနဲ့ ”
မကြာမီ ရောက် လာသည် ။ မိတ်ကပ် မလုပ်ရသေး ။ ရိုက်ကွင်း ရောက် မှ ရေချိုးသည် ။ ထမင်း စား သည် ။ နောက်ထပ် တစ်နာရီ ကျော် ကျော် ကြာမှ ( ၂ နာရီ ခွဲ ) မှ စ ရိုက်ရ သည် ။ ကမန်းကတန်း ပြင်ကြ ဆင်ကြ ဖြင့် တက်သုတ်ရိုက် ရိုက်ကူး ကြပြီး နောက် ၅ နာရီ လောက် တွင် ပစ္စည်း များ သိမ်း ကြသည် ။ နောက် ထုတ်လုပ်သူ သာဓု ရှိရာ အပေါ်ထပ် သို့ တက်လာ သဖြင့် ...
“ ပြီးကြပြီလား ။ မင်းသား ကော ဘာ ပြော သွားသေးလဲ ”
“ မပြောပါဘူး ဆရာ ၊ ဒါပေမဲ့ ကျွန်တော် တို့ တော့ တထိတ်ထိတ် ပဲ ”
“ ဆရာ သိတယ်လေ ။ ဒါကြောင့် သူ့ ဆီ ဖုန်းဆက် တုန်း က ( ကားရိုက် တာ မတွေ့လို့ မေး ကြည့်တာ မင်းသား မရောက်သေးလို့ ဆိုတာ နဲ့ ) စသဖြင့်ပေါ့ ကွာ ၊ မင်းတို့ ကို ငြိုငြင် မှာ စိုး လို့ ဆရာ ပိတ် ပြောထား တယ် ”
“ ကျေးဇူးပါပဲ ဆရာ ၊ ဆရာ သာ မပြောရင် ဘယ်အချိန်မှ လာမယ် မသိ ဘူး ၊ ဪ ... ဆရာ ၊ ခြံ အတွက် ဘယ်လောက် ပေးရမလဲ ”
“ ဆရာ့ ခြံ မှာ ရိုက်တဲ့ အတွက် က ၅၀ ၊ ဓာတ်မီးဖိုး ၂၀ ၊ ပေါင်း ၇၀ ပေါ့ ကွာ ”
ထိုအခိုက် ကားဟွန်းသံ စူးစူး ကလေး နှစ်ချက် ဆင့် တီး လိုက်သံ ကြားရ၏ ။
“ ဟော မင်းသား ကား ဆရာ ။ ပြန် ကွေ့လာတယ် ထင်တယ် ”
သို့ပြောရင်း က ပင် ခပ်လောလော ထ ၍ ထုတ်လုပ်သူ ဆင်း အသွား မင်းသား တက် လာသည် ။
“ ဟေ့ကောင် ၊ မင်း ပြန်သွားပြီ ဆို ၊ ဘယ်လို ဖြစ်တာတုံး “
“ ဟုတ်ကဲ့ ၊ အဖေကြီး ကို နှုတ် မဆက် မိလို့ ပြန် လှည့် လာတာပါ ”
ပြောပြောဆိုဆို ဦးချ နေပြီးမှ ...
“ ပြန်မယ် နော် အဖေကြီး ”
“ အေး နှုတ်ဆက်ဖို့ မေ့သွားလို့ ပြန် ကွေ့လာတယ် ဆိုတော့ ဒါ ချစ်စရာ ကောင်းတဲ့ အလေ့အကျင့်ကလေးပဲ ၊
ထိုင်ဦးကွာ ... ခဏ ”
သူ သည် ပြန်ချင်လှပြီ အမူအရာ ဖြင့် ထိုင်သည် ။
“ မင်း တို့ အပြု အမူကလေးတွေ ပြင် ကြတော့ကွာ ”
“ ဘာကိုလဲ အဖေကြီး ”
သူ ပြူးပြူးပျာပျာ မော် ကြည့်ရင်း ပြန် မေးသဖြင့် ...
“ မင်း ဟာ မင်း သိ ပါတယ်ကွာ ၊ သတိ မမူ မိတာ ဖြစ် လိမ့်မယ် ၊ စောစောက ဖုန်း ဆက် ခေါ် ရတာ ဘာ ဖြစ်လို့ လဲ ၊ မင်း ဝတ္တရား ပျက်ကွက် လို့ မဟုတ်လား ”
ဤတွင် မှ သူ နေသားတကျ ထိုင် သည် ။ စောစောကမူ ကုန်းကုန်းကွကွ နှင့် ။
“ အဲဒါပဲကွ ၊ မင်းတို့ အပြုအမူ ဆိုတာ ၊ မင်းတို့ ကို ရုပ်ရှင် ရိုက်ဖို့ ငှား ရာ မှာ မင်းတို့ ကြိုက် သလောက် လဲ
ပေးရတယ် ၊ ကြောက် လဲ ကြောက် နေ ရတယ် ဆိုတော့ကွာ ”
သူ လက်မ ကို ကိုက် ၍ ခေါင်း ကို ငိုက် ထားသည် ။
“ ဥပမာ ပေါ့ကွာ ၊ မင်း အထည် သွား ဝယ်တယ် ၊ ရှပ်အင်္ကျီ သွား ချုပ်တယ် ၊ အဲဒါ ဆိုင်ရှင် ကို ကြောက် နေရတယ် ဆိုရင် ဘယ်လိုလဲ ”
သူ မဖြေသေး ။ ကြမ်းပြင် ကို သာ ငေး နေသည် ။
“ အေးကွ ၊ အဲဒီ ရှပ်ဆိုင် တို့ အထည်တိုက် တို့ အင်း သူတို့ ထမင်း ဝ ဖို့ ၊ အမြတ်အစွန်း ရဖို့ ပိုက်ဆံ လဲ ပေး ဝယ် ရသေးတဲ့ သူတို့ ကို လဲ ကြောက် နေရတယ် ဆိုရင် မင်း ဖြစ်ဖြစ် ဘဝင် ကျ ပါ့မလား ။ နောက်နောင် ကော အဲဒီ ဆိုင် သွားချင် ပါ ဦးမလား ”
“ ဟုတ်ကဲ့ ကျွန်တော် ရှင်းပါပြီ အဖေကြီး ၊ နောက်နောင် ဒီလို မဖြစ် စေရပါဘူး ၊ ကျွန်တော် ကတိ ပေးပါတယ် ”
“ အေးကွာ သာဓု သာဓု ၊ ဟား ... ဟား ... ငါ့ ကို ပြန် ခေါ်နေရပြီ ၊ မင်း စဉ်းစား တတ်သားပဲ ၊ အလုပ် လုပ်ကြ ရာမှာ စိတ် တထင့်ထင့် ဆို ဘာ အလုပ် မှ မကောင်းပါဘူးကွာ နော ”
••••• ••••• ••••• •••••
သာဓုခြံ မှာ ကျယ် လည်း ကျယ် ( ဝင်ဒါမီယာ ဓာတ်ပေါင်းစု ဘုရား ) အနီး တွင် တည်ရှိသော ကြောင့် လူခြေ တိတ် လှသဖြင့် ပန်းခြံ တွင် ရုပ်ရှင် လာရိုက်တတ်သည် ။ မူးယစ်ဆေးဝါး ( နံပါတ်ဖိုး ) သောင်းကျန်းမှု စတင်ချိန် ကာလ တစ်နေ့ သော နံနက် ၆ နာရီ ခန့် ( သာဓု ညပိုင်း စာ ရေး နေသဖြင့် မ အိပ်ရသေးမီ ) စက်အဖွဲ့ တစ်ခု ရောက် လာသည် ။ စာ တစ်စောင် ပါလာသည် ။ ခြံထဲတွင် သီချင်း ဆိုခန်း တစ်ခု ရိုက်ခွင့် ပြုရန် ။
ခွင့်ပြုလိုက်ပြီး သာဓု မုန့်ဟင်းခါး တစ်ခွက် စားပြီး အိပ်သည် ။ ၂ နာရီ သာသာ တွင် နိုး၍ ၀ရန်တာ ထွက် မျက်နှာသစ် သော် စက်အဖွဲ့ရော သရုပ်ဆောင်များ ပါ လှုပ်ရှားမှု မရှိ ကြသော ကြောင့် တပည့် တစ်
ယောက် အား မေး ကြည့်ရာ ...
“ လူစုံ ရောက်နေပါပြီ ဆရာ ၊ ပေ ၃၀၀ ကျော် လဲ ရိုက် ပြီးပါပြီ ၊ ခု ခဏ နား တာပါ ၊ မင်းသား အတွက် ဆေး သွား ဝယ်နေလို့ ”
“ ဘာလဲကွ ၊ မင်းသား ဘာ ဖြစ် သလဲ ၊ ခေါင်းကိုက် တာလား ၊ ဖျားတာ လား ၊ ဘာဖြစ်သလဲ မေးစမ်း ၊ ဆရာ့ မှာ ဆေးအစုံ ရှိတယ် ”
“ မရဘူး ဆရာ ၊ မင်းသား ဖြစ်တာ က ဆေး ပါတဲ့ စီးကရက် မသောက်ရ လို့ ငိုင်တွေတွေ ဖြစ် နေတာ ”
သာဓု နားမလည် ထပ် မေး မှ ...
“ နံပါဖိုး လေ ဆရာ ၊ မင်းသား က အဲဒါလေး ဖွာ လိုက်ရမှ သွက် လာ တယ် ၊ အလုပ် လုပ် ချင်လာ တယ် တဲ့ ၊ နို့မို့ရင် ယီးတီးယိုင်တိုင် နဲ့ ဆရာ ၊ တစ်မျိုးပဲ ၊ အရက် မူးတာနဲ့ လဲ မတူ ဘူး တဲ့ ဆရာ ၊ ကျွန်တော် လဲ သူတို့ ပြော နေသံ ဒီ အတိုင်း ကြားရတာပဲ ဆရာ ”
“ ခု မင်းသားကော ”
“ ဟောဟို မှာ သကြားပင် အောက် မှာ ဆရာ ”
“ အေး သွားတော့ ”
သာဓု ထမင်း ပင် မစားနိုင်သေး ။ လှမ်း မြင်နေရသော မင်းသား ကို ကြည့်ရင်း စိတ်မချမ်း မသာ ဖြစ် နေရ သည် ။ သကြားပင် အောက် တွင် နိုင်ငံခြား ဖြစ် သံမဏိ ပက်လက် ကုလားထိုင် တွင် ထိုင် ရင်း ဇက် ငိုက်စိုက် ကျ နေသော မင်းသား ကို တွေ့ရသည် ။ သာဓု အလွန် ညစ်သွားသည် ။
ထိတ်ထိတ်ကြဲ မင်းသား တစ်လက် ဖြစ် လာရန် ကြိုးပမ်းခဲ့ရသည် မှာ နည်းသည့် အချိန် မဟုတ် ၊ နှစ်ပေါင်း များ စွာ ။ ဤသည် ကို ၃ - ၄ လ ဖြင့် ဘဝ အညွန့် တုံးအောင် မိုက်ချင်ကြသည် ။
မကြာမီ ကား တစ်စီး ဝင် လာသည် ။ ကား ပေါ် မှ ထုတ်လုပ်သူ ၏ သား တစ်ယောက် ပြေးဆင်း လာပြီး မင်းသား ကို စာအိတ်ကလေး တစ်ခု ပေး သည် ကို မင်းသား လှမ်း ယူပြီး သုတ်သုတ်ပျာပျာ ဖွင့် ၍ စီးကရက် တစ်လိပ် ထုတ်ပြီး မီး ညှိ သောက် သည် ။ သာဓု အိမ်သာ တက်ရန် ဆင်းသော ခုံဖိနပ်သံ ကြား ၍ လော မသိ ။ အောက် ရောက်သော မင်းသား မရှိတော့ချေ ။
အိမ်သာ တွင် နာရီဝက် သာသာ ကြာ မှ သာဓု ထွက် လာသောအခါ မင်းသား ဟန် ကျနေပြီ ။ ကား ရိုက်နေ ပြီ ။ နံပါတ်ဖိုး ၏ တန်ခိုး အာနိသင် မည်မျှ ကြာကြာ ခံမည်ကား မသိ ။ အလုပ် နှင့် စပ်လျဉ်း ၍ မူ တဖြည်းဖြည်း နာမည် ညှိုးမှိန် သွားတော့သည် ။
သူ နှင့် ရုပ်ရှင် ရိုက်ရမည် ကို ကြောက် ကုန်ကြတော့သည် ။ အလုပ် မတွင် ကျယ်၍ ... ။
ပုလင်း မင်းသားများ လည်း ရှိ သေးသည် ။ သူတို့ အတွက် မင်းသား ကြေး တန်ရာတန်ဖိုး ပေးထားရ ရုံမက ကား ရိုက်သော နေ့တိုင်း ပုလင်း ဝယ် ထားရသည် ။ တစ်ခါတစ်ရံ ပြေလည်ချောမော သွားသည် ။ ရံဖန်ရံခါ ဆိုသလိုကား အရက်တန်ခိုးကြောင့် စကားများ သဝေထိုး နေသဖြင့် ဖလင်များ ပျက်စီးသည် ။ မူး လဲ သွား သဖြင့် လုံး ဝ မရိုက် လိုက်ရသောကြောင့် အားလုံး စိတ်ညစ် ကြရသည် လည်း ရှိ၏ ။
သို့သော်
စူပါစတား တိုင်း မဆိုး ။ မ သောင်းကျန်းကြ ။ အချိန် တိကျသော အလုပ် ရိုသေသော ရိုက်ကွင်း တွင် ဘာမျှ ဒုက္ခ မပေးသော စူပါစတားများ လည်း ရှိချေသေးသည် ။ မောင်မင်း ကြီးသား တို့ ကျန်းမာ ချမ်းသာကြပါစေ ။
••••• ••••• ••••• •••••
အချို့ အချို့သော ( အထီး ) စူပါစတားများ ကဲ့သို့သော ( အမ ) စူပါစတားများ လည်း ရှိချေသေး ၏ ။
သူတို့ ကို ငှား လျှင် ဥပမာ ဇာတ်ကား တစ်ကား အတွက် ၂၀၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ် အထိ တောင်း ကြသည် ။
တစ်ဖန် မိတ်ကပ်လိမ်း ၊ ဆံပင်ပြင် သူ ငှားပေး ပါ ဆိုသည် ။ သို့မဟုတ် ထို အတွက် ပိုက်ဆံ တောင်း သည် ။ ယင်း အပြင် အဝတ်အစားဖိုး ဆိုကာ ၂၀၀၀ ကျပ် မှ ၃၀၀၀ ကျပ် စသည် ဖြ င့် ထပ် တောင်း ပြန်သေးသည် ။
ထိုမျှ နှင့် မပြီးသေး ။ နယ်များ တွင် ဥပမာ - ရှမ်းပြည်နယ် ၊ ငပလီ ၊ စက်စဲ စသည့် နယ်များ တွင် သွားရိုက်သော အခါ မီးရထား ဆို က ပထမ တန်း သို့မဟုတ် လေယာဉ်ပျံ ဖြင့် ခေါ်ရသည် ။ ထိုအခါ မင်းသမီး နှင့် အုပ်ထိန်းသူ ၊ နောက် အဖော် တစ်ယောက် ဆိုက တော် လောက်ပြီ ဖြစ်ပါ လျက် ။
“ ကျွန်မတို့ အဖေ ရယ် ၊ အစ်ကို ရယ် ၊ ညီမလေး ရယ် သူတို့ ကလဲ မရောက်ဖူးလို့ တဲ့ ၊ ဘုရား ဖူးချင်လို့ တဲ့ ၊ နောက်ထပ် လူ ( ၄ ) ယောက် စာ လောက် ပိုပြီး လက်မှတ် ဝယ်ပေးပါ ”
ဤလို လည်း တရားမဲ့ အခွင့် အရေး ယူ တတ်ကြသည် ။ ထိုမျှနှင့် လည်း မပြီးသေး ၊ ထိုထိုမြို့ များ သို့ ရောက်သော် ကား တစ်စီး ( သူတို့ သွားချင်ရာ သွားရန် အတွက် ) စီစဉ် ပေး ရသေးသည် ။
ထမင်း ၊ ဆေးလိပ် ၊ လက်ဖက်ရည် ၊ မုန့်များ လည်း နေ့စဉ် ပံ့ပိုးရသည် ။ အရက် ကြိုက်တတ်သူ ပါ လာပါ က ၊ အိမ်း ပုလင်း ပါ ပူဇော် ရသည် ။
တစ်ခုတလေ လစ်ဟင်းပါ က မင်းသမီး ခေါင်းကိုက် ပစ် လိုက်တတ် သဖြင့် အလုပ် တွင် အနှောင့်အယှက် ဖြစ် ရလေတော့သည် ။
တစ်ကြိမ် က သာဓု စက်အဖွဲ့ ကို ငှား ရိုက်သော ထုတ်လုပ်ရေး တစ်ခု မှ ဇာတ်ကား တစ်ကား ၊ ထောက်ကြန့် လှော်ကား ဘက် တွင် ရိုက်ကြမည် ဆို ကာ ည ကတည်း က သွား အိပ်ကြသည် ။
နောက်နေ့ ၁၀ နာရီ လောက်တွင် တယ်လီဖုန်း လာသည် ။ ဓာတ်မီး စက် နှိုး ၍ မရကြောင်း ပြောသဖြင့် သာဓု လိုက်သွားပြီး စီစဉ် ပေးလိုက်ရ သည် ။
စိတ်မချသေး သဖြင့် ရုတ်တရက် မပြန် ဘဲ ထိုင် ကြည့်နေစဉ် ပေ ၂၀၀ ခန့် ရှောရှောရှူရှူ ပြီး သွားသည် ။ နောက် ရိုက်မည့် အခန်း အတွက် မင်းသမီး အဝတ်အစား လဲ ရမည် ။ ဆံပင်ပုံစံ တစ်မျိုး ပြောင်းရမည် ရှိ ရာ ၌ ...
“ ကဲ .. ဦးရွှေဖြူ ၊ ကျွန်မ အဝတ်အစား လဲနေတုန်း က ကမ္ဘောဇ လက်ဖက်သုပ် ဝယ်ကျွေးပါ လား ၊ ကျွန်မ စား ချင်လို့ ... ”
ထို အသံ ကြား လိုက်ရသည် နှင့် သာဓု စိတ်ပျက် လူမော ဖြစ် သွားရ ချေ၏ ။ ထုတ်လုပ်သူ ဇာတ်ကား ပိုင်ရှင် ဦးရွှေဖြူ ( နာမည်ရင်း မဟုတ် ) တွင် လည်း မျက်နှာ တစ်ချက် အို သွားသော်လည်း ပါးစပ်
လောကွတ် မပျက် ...
“ ရပါတယ် ... ရပါတယ် ၊ တစ်ဆယ်ဖိုး ဝယ် ခိုင်း လိုက်မယ်နော် ”
“ ဆယ့်ငါးကျပ် ဖိုး လောက် ဝယ်ပါ ။ မေမေ တို့ ဒေါ်ဒေါ် တို့ လဲ ပါသေး တယ်လေ ”
ဦးရွှေဖြူ မျက်နှာ မကောင်းလှ သော်လည်း ဟန် မပျက်ပင် ဝယ် ခိုင်း လိုက်သည် ။
ယခု သူတို့ ကား ရိုက် နေသည် မှာ ထောက်ကြန့် လှော်ကားတရုတ် သင်္ချိုင်း အနီး တွင် ဖြစ် လျက် လက်ဖက် ဝယ် သွားရမည် မှာ ရန်ကုန် မြို့တွင်း စိန်ဂျွန်းလေဟာပြင်ဈေး ဖြစ် သောကြောင့် အသွား အပြန် မိုင် ၄၀ ခရီး ဖြစ်သည် ။
အဆိုပါ ရွှေမင်းသမီး သည် သူ ကိုယ်တိုင် ငွေ ထုတ်၍ သူ့ ကိုယ်ပိုင် ရိုက် ရသော ဇာတ်ကား ဖြစ် နေလျှင် လက်ဖက် တစ်ထုပ် မျှ ပင် ဤခရီး ကို ကား လွှတ် ဝယ် ခိုင်းမည်မဟုတ် ။
မသိသား ဆိုးရွား လှသည် ။ ရက်စက် လွန်းသည် ။ တစ်ဖက်သား ၏ ဒုက္ခ ကို မကြည့် ကိုယ့် ဖို့ သာ ကိုယ် သိ ကြသည် ။ တစ်ခါတစ်ရံ အမှန် စား ချင်၍ မဟုတ် ဘဲ မင်းသမီး အရှိန်အဝါ ပြလိုသော ကြောင့် ဟိတ် ထုတ်သည် များ လည်း ရှိ၏ ။
မင်းသား မင်းသမီး သာ မက သူတို့ နှင့် မတိမ်းမယိမ်း အခွင့်အရေး အလွဲသုံးစား လုပ် တတ် သော ဒါရိုက်တာ လည်း သာဓု တွေ့ ဖူးသေး သည် ။
တစ်ကြိမ်သော အခါက ရှမ်းပြည်နယ် ဘက် သို့ သာဓု ခရီး ထွက် ခဲ့စဉ် သာဓု တည်းခိုသော အိမ် နှင့် မျက်နှာချင်း ဆိုင် ခြံ တစ်ခြံ တွင် ရုပ်ရှင်အဖွဲ့ တစ်ဖွဲ့ ရောက် နေကြောင်း သိရ၍ ဘဝတူချင်း အနေဖြင့် နှုတ်ဆက် ရန် ဝင် အသွား တွင် လွှား ခနဲ ပြေးခုန်လာသော အယ်လ်ဇေး ရှင်း ခွေးကြီး နှစ်ကောင် ကို မြင်လိုက် ရသည် တွင် သာဓု တစ်ကိုယ် လုံး “ ဖျင်း ” ခနဲ ကြက်သီး ထသွားတော့၏ ။
ကံအားလျော်စွာ ထို ခွေး နှစ်ကောင် စလုံး သံကြိုး နှင့် သစ်ပင် တွင် ချည် ထားသည် ဖြစ်၍ သက်သာရာ ရ သွားသည် ။ ကြိုး သာ ဖြေ ထားသည် ဖြစ် က သူတို့ နှစ်ကောင် ခုန်ဟပ်ပုံ နှ င့် ဆိုသော် သာဓု မျက်နှာ တစ်ခုလုံး သုံး မရအောင် စုတ်ပြတ်သွားဖွယ် ရာ ရှိ၏ ။
“ ဟာ ... ဆရာ .... အို ... လှမ်း ခေါ် လိုက်ရောပေါ့ ။ ဟဲ့ ... ဟဲ့ ... ဒီ ခွေး တွေက သိပ် ဆိုးတာ ”
ခွေးဟောင်သံ နှင့် မာန်ဖီသံ ကြောင့် ပြေး ထွက် လာကြသော ဒါရိုက်တာ လင်မယား က သို့ ပြောရင်း သူတို့ ခွေးတွေ ကို ထိန်း နေသည် ။
“ ဆရာ ဘယ်တုန်း က ရောက် နေလဲ ”
“ ခုနပဲ ရောက် တယ်လေ ၊ ရောက် ရောက်ချင်း သတင်း ကြားလို့ ... ”
“ ကား နဲ့ လား ”
“ အေးပေါ့ ။ ဒီ အရပ် ဒီ ဒေသ က ကား မပါရင် မလွယ်ဘူး မဟုတ် လား ၊ နို့ မင်းတို့ ကွာ ရုပ်ရှင် ရိုက် လာ တာ ဒီ ခွေးကြီးတွေ က ဘာ ကိစ္စ ခေါ် လာတာလဲ ”
လင်မယား နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်ပြီးမှ -
“ ဪ ဆရာရယ် ၊ သူတို့ က ကျွန်မ အဖို့ သားသမီး လို ဖြစ်နေတော့ မခွဲနိုင် ... ”
“ အေး ၊ နင်တို့ က မခွဲနိုင်တာ အရေး မကြီးဘူး ၊ ကြည့် ရတာ နင် တို့ ခွေးတွေ အင်း ... လူ ကို ကိုက်ပြီး လွှတ် မှာ မဟုတ်ဘူး ၊ ခဲ ထားမယ့် အကောင် တွေ ”
“ ဟုတ်ကဲ့ ၊ ဆိုးတော့ ဆိုးတယ် ဆရာ ရဲ့ ”
ဒါရိုက်တာကတော် က သူ့ ခွေးများ ဆိုးသည် ကို ပင် ဂုဏ် ယူသလို ဝန်ခံ နေသဖြင့်
“ အေး ၊ ရုပ်ရှင်အဖွဲ့ဆိုတာ လူ အနည်းဆုံး သုံးလေးဆယ် ပါတယ် ။ မျက်စိ နောက်ပြီး ထ ကိုက် လိုက်ရင် ရုပ်ရှင် မရိုက်ရဘဲ ဆေးရုံတက် ... ”
“ အဲ ... အဲဒါကြောင့် ကျွန်မတို့ က တခြား သပ်သပ် တည်း ရတာပေါ့ ဆရာ ”
“ အဲသလို သပ်သပ် တည်းဖို့ လုပ် ပေးရတယ် ဆိုတာ ကို ကပဲ တစ်ဖက်သား ထုတ်လုပ်သူ တွေ မှာ အပို မကုန်ပေဘူးလား ”
သူတို့ မြုံစိစိ လုပ် နေကြသည် ။
“ ပြီးတော့ ရုပ်ရှင် က တစ်နေရာ တည်း မှာ ရိုက်တာ မှ မဟုတ် ၊ ဒီမြို့ က နေ ဟိုနား က မြို့ ဟိုဘက် ရွာ စသဖြင့် လှည့်ပတ် ရိုက် ရတာ ၊ နင်တို့ ခွေး တွေ အတွက် ကား တစ်စီး သပ်သပ် လုပ် ပေးမှ ဖြစ်တော့ မှာ ။ ဟုတ်ကော ဟုတ်တယ် မဟုတ်လား ”
“ ဟုတ်ပါတယ် ဆရာ ”
“ နည်းနည်းပါးပါး လဲ သိ တတ်ကြ ဦးမှ ပေါ့ကွာ ၊ နို့ ဒီ ခွေးတွေ ရန်ကုန် မှာ ထားခဲ့လို့ ကော မဖြစ်ဘူးလား ”
“ ကြည့်မဲ့ လူ မရှိဘူး ဆရာ ရဲ့ ”
“ အေးလေ ၊ စဉ်းစားကြဦး ကွ ၊ လူပို တစ်ယောက် ခရီးသွား ခေါ်ရတာတောင် ဘယ်လောက် တာဝန် ပို သလဲ ။ ခွေး နှစ်ကောင် ဆိုတော့ အင်း ... မင်းတို့ အကောင်တွေ ကလဲ တကယ် ကိုက် မယ့် အကောင်တွေ ဆို တော့ ... ”
နောက်တစ်နေ့ မိုးလင်းသော် ဇာတ်ကား ပိုင်ရှင် ထုတ်လုပ်သူ က သာဓု ကို လာ နှုတ်ဆက် သည် ။
••••• ••••• ••••• •••••
“ ဆရာ မနေ့ ညနေ က ဒါရိုက်တာ လင်မယား ကို လာ ဆူသွားတယ် ဆို ”
“ အေး ... ၊ အမြင် မတော် တော့ လဲ မ ပြောဘဲ မနေနိုင်ဘူး ကွ ၊ ဘယ့်နှယ် ကွာ ရုပ်ရှင် လာ ရိုက်တာ ခွေးတွေ ခေါ်လာတယ် ဆိုတော့ ... ”
“ အများကြီး ဒုက္ခပါ ဆရာ ၊ တစ်နေ့ က ဗထူးရေတံခွန် မှာ သွား ရိုက်တယ် ၊ သူ့ ခွေးတွေ ဟောင် တာနဲ့
ဖလင် အများကြီး ပျက် ကုန်တယ် ဆရာ ၊ ခွေးဟောင်သံတွေ ပါ နေလို့ ၊ ပြီး သူတို့ ခွေးတွေ က လဲ ဒီပြင် လူ ထိန်း ပေးလို့ မရဘူးဗျ ”
“ အေး ၊ ကြည့်သာ လုပ်ကြတော့ပေါ့ကွာ ”
“ အဲဒီ ခွေးတွေ အတွက် အစားအသောက် ပေး ရတာလဲ တ ဒုက္ခ ဆရာ ရေ ၊ အမဲသား ၊ ဆိတ်သား ၊ ကြက်ဥ ၊ တစ်ခါတလေ နွားနို့ တောင်း သေးတယ် ”
“ အေး ၊ နောက် ဒါရိုက်တာ ငှားရင် ပထမ မေးဦးကွ ၊ ခွေး ဘယ်နှကောင် ပါ မလဲလို့ ”
( ၁ - ၁၀ - ၈၅ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment