Monday, September 20, 2021

ရွှေမန်းတင်မောင် စိန်လှကြည်


 ❝  ရွှေမန်းတင်မောင် စိန်လှကြည် ❞


ဇာတ်ရုံ တစ်ခုလုံး ငြိမ်၍နေသည် ။ ရွှေမန်းတင်မောင် ၏ အပြော နှင့် စိန်လှကြည် ၏ အပြောတို့တွင် ပရိသတ် အာရုံဝင်၍ နေကြသည် ။ တစ်ခါတစ်ရံ ဆိုင်းဆရာ စိန်ဘမောင် ခေါ် ဘမောင်လေး ထံမှ ပတ်လုံးတို့၍ တီးသံကြားရသည် ။


“ အမယ်လေး ချစ်လိုက်ရတာ စိန်လှကြည် ရယ် ၊ မင်းကို ကြည့် မင်းပြောတာ နားထောင် ၊ မင်းအနား နေရတာကိုက ဘဝမှာ အရသာပဲကွယ့် ”


“ ပြောရော့မယ် ကိုတင် ရယ် ၊ စိန်လှကြည် ကလေ ကိုတင် အဲဒီလို ပြောနေတာကလေးကို ဖက်ပြီးနားထောင်နေရရင် ပျော်နေတာပဲ ဘဝ အရသာဟာ ဒါပဲ ၊ သည့်ပြင် ဘာမှ မလုပ်ချင်ဘူး ” 


“ ဟေ့ ဖျောက်ဆိပ် ရေ ”


“ ဘာလဲ အောင်ငွေ ”


“ စိန်လှကြည် က လင်ချစ် ကိုတင်မောင် ရဲ့ အနား နေရရင် ဘာမှ မလုပ်ချင်ဘူးတဲ့ ၊ ငါတို့တော့ ဘာမှ မလုပ်တဲ့ မိန်းမဆိုရင် မလိုချင်ပေါင် ”


ပရိသတ်များ ရယ်ကြသည် ။


“ အမယ် ပရိသတ်ကလည်း ကိုယ်ချင်းစာတယ် ၊ ရယ်တယ် ၊ ဟော ရွာစား စိန်ဘမောင် ကတောင် သဘောကျပြီး ရယ်လိုက်သေးတယ် ”


ပရိသတ်သည် မြူး၍နေသည် ။ နှစ်ပါးသွား ချစ်စခန်းကို နှစ်ခြိုက်နေသည် ။ ရွှေမန်းတင်မောင် နှင့် စိန်လှကြည် တို့သည် တစ်ဦးနှင့် တစ်ဦး အစွမ်းကုန် စကားပြောဆို ၊ က ၊ ဆက်၍ နှစ်ပါးသွားကြ လူရွှင်တော်များက ဟာသထုတ် ၊ မင်းသား ၊ မင်းသမီးက အချစ်ဆက်ပြန် ...


ပရိသတ်ကဖြင့် ရွှေမန်းတင်မောင်နှင့် စိန်လှကြည် တို့သည် တွဲဖက်ညီသည်ဟု နှစ်ပါးသွားကို စွဲမ က် နေကြသည် ။ နှစ်ပါးသွား အရသာကို ခံစားနေကြသည် ။


သို့သော် ရွှေမန်းတင်မောင် နှင့် စိန်လှကြည် နှစ်ဦးလုံးက သိကြသည် ။ သူတို့သည် ပရိသတ်မြူးလောက်အောင်ပင် ချစ်ကြပြီးနောက် နှစ်ပါးသွားစခန်းချသည်နှင့် တစ်ပြိုင်နက် ဤဘဝကို ရပ်လိုက်ကြရမည် ။


ရွှေမန်းတင်မောင် သူ့နေရာသူသွား၍ စိန်လှကြည် သည် သူ့ယောက်ျားရှိရာ ဆိုင်းဆရာ စိန်ဘမောင် ထံသို့ သွားကြရမည် ။


နှစ်ပါးသွားရင်း ချစ်ခင်စကား ပြောဆိုကကြရင်း သူတို့ မသိကြလေသလော ။ သူတို့ အတွင်းစိတ်သည် သိ၏ ။ သို့သော် ဤအခန်းမှာ နှစ်ပါးသွားရမည့်အခန်း ဖြစ်၏ ။ ပြီးသော် စခန်းသိမ်းကာ ရပ်လိုက်ကြရမည် ။


ဤအဖြစ်ကို နမူနာထား၍ နှစ်ပါးသွားလိုသူများ နှစ်ပါးသွားနေသူများသည် သူ့ကို ကိုယ် မပိုင် ၊ ကိုယ့်ကို သူ မပိုင် ၊ သူ့ဘဝ သူ မပိုင် ၊ ကိုယ့်ဘဝ ကိုယ် မပိုင်တဲ့ အသိစိတ် အခြေခံရှိပါလျှင် ဘဝတွင် အမှား မရှိနိုင် ။


ဘဝ ဖြစ်ပျက်နေမှုကို အသိဖြင့် ကြီးစိုးရာ၏ ။


◾ ဗိုလ်သခင်ဆရာ


📖 မိန်းမ နှင့် ယောက်ျား


koaungnaingoo.blogspot.com


 .

No comments:

Post a Comment