Wednesday, September 22, 2021

ရည်းစားပင် စွန့်လွှတ်ရန်


 

❝  ရည်းစားပင် စွန့်လွှတ်ရန် ❞

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေစောင်း ။

ကျွန်တော့မှာ ဇက်လေး ၊ ခေါင်းအုံ ၊ မျက်စိဝေ ဖြစ်လာသည့်တိုင်အောင် နွမ်းနယ် မောပန်းလျက် ရှိလေသည် ။

နှစ်ရက်လုံးလုံး အပြင်းအထန် အလုပ် လုပ်ခဲ့ရ၏ ။ အခြား သခင်ကျောင်းသားများနှင့်အတူ ယမန်နေ့က ကျင်းပခဲ့သော ရန်ကုန်ကျောင်းပေါင်းစုံ ကျောင်းသားကိုယ်စားလှယ်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအတွက် ဆောင်ရွက်ခဲ့ကြရ၏ ။ ယနေ့ကျင်းပမည့် တက္ကသိုလ်ကျောင်းသားစု အစည်းအဝေးအတွက် ပြင်ဆင်ခဲ့ရ၏ ။ ဖိတ်စာတွေကို ဂျက်စတင်နာ လှိမ့်ကြရသည် ။ ကြွေးကြော်သံ ပိုစတာတွေ ရေးကြရသည် ။ အစည်းအဝေး လျှောက်ဖိတ်ကြရသည် ။ သတင်းစာတိုက် သတင်းပို့ကြရသည် ။ ကျောင်းဆောင်ကြို ကျောင်းဆောင်ကြား တို့၌ ကြွေးကြော်သံများကို အော်ကြရသည် ။ မင်နီနှင့် ထင်းနေအောင် ရေး၍ ကပ်ထားကြရသည် ။

“ ကိုဘဟိန်း နဲ့ ကိုဗဆွေ ဖမ်းပြီ ၊ ငုံ့ခံမနေကြနဲ့ ”

“ ပေါရိသာဒ ဆေးထိုးရန် သမဂ္ဂသို့ စုရုံးကြ ”

“ ရဲရဲတောက် ကျောင်းသားသွေးပြရန် အချိန်ကျပြီ ”

“ လူမိုက် အလိုရှိသည် ”

“ သတ္တိ ရှိကြစမ်းပါ ”

“ ကြောက် မွေးပါ ဇာဂနာနဲ့ ဆွဲနုတ် ”

“ နိုင်ငံချဲ့အစိုးရ ပျက်စီးပါစေ ”

ညအစည်းအဝေးအတွက် ပြင်ဆင်မှုကား ပြီးလေပြီ ။ မပြီး ပြီးအောင် ဆက်တိုက် လုပ်ကြသဖြင့်လည်း အားလုံး မောကုန်ကြသည် ။

ကျွန်တော်ကား ဇက်လေး ၊ ခေါင်းအုံ ၊ မျက်စိဝေ လာသည့်တိုင်အောင် မောလာပေ၏ ။ ထို့ကြောင့် အင်းလျားကန်ရိုးသွားပြီး လေညှင်းခံရန် ကိုအေးငွေ နှင့် တိုင်ပင်ကြ၏ ။ နှစ်ယောက်သား အဓိပတိ လမ်းမကြီးအတိုင်း ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးဆီသို့ လျှောက်ခဲ့ကြလေသည် ။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးကား ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံနှင့် မတူ ၊ ရဲတိုက်ကြီးနှင့် တူပေသည် ။ ဘွဲ့နှင်းခံရသူတို့အား ဗြိတိသျှ ဓနရှင်တို့အတွက် အုပ်ချုပ်ရေး ယန္တရားတည်းဟူသော ရဲတိုက်ကြီးကို ဆောက်ပေးလော့ဟု ညွှန်ကြားနေခြင်းပင် ဖြစ်လေသလော ။

“ အိုင်ဆေး အေးငွေ ၊ ဒီ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးဟာ ရဲတိုက်ကြီးနဲ့ မတူဘူးလား ။ ထုထည်ကြီးတွေကလည်း ကောင်း ၊ ကြည့်စမ်း ဟိုနေရာမှာ သူရဲခိုထားဖို့ မကောင်းဘူးလား ”

“ ကိုယ်ကတော့ သေတ္တာကြီး မှောက်ထားတာနဲ့ တူတယ်လို့ အောက် မေ့တယ် ။ ဘယ်လို ဟာကြီးမှန်းလည်း မသိဘူး ၊ မလှလိုက်တာကွာ ”

ဘွဲ့နှင်းသဘင်တိုက်ကြီးကို လွန်လာကြသည် ။ ကမ်းနဖူးရောက်အောင် လျှောက်ပြီး ဘယ်ဘက် ချိုးကြသည် ။ သာယာလှသည့် အင်းလျားကန်၏ စိမ်းလဲ့သောရေပြင်တွင် လှိုင်းလုံးကလေးတွေက ခပ်ရွရွ လိမ့်နေကြသည် ။ ဝင်ခါနီးဖြစ်နေသော နေသည် အရှေ့ဘက်ကျွန်းနှင့် ကျွန်းဆွယ်ကလေး များပေါ်ရှိ သစ်ပင်များကို ဝါလဲ့လဲ့ရောင်ခြည်များဖြင့် ခြုံလွှမ်းပေးနေရာ ဖက်ဖူးရောင်ကလေး တောက်၍ နေလေသည် ။

နေရောင်ခြည်ဝါလဲ့လဲ့ ဆွတ်ဖျန်းထားသော အပျော်စီး ရွက်လှေကလေးများသည် စိမ်းလဲ့သော ရေပြင်ပေါ်ဝယ် ဟိုမှသည်မှ ရွက်တိုက်နေကြရာ ပန်းခြုံပေါ် လိပ်ပြာဝဲနေသည်နှင့် တူတော့၏ ။ ပတ်ဝန်းကျင်တစ်ခုလုံးကို အုပ်မိုးနေသော အပြာကားအစက်အပြောက် တစ်ခုမှ မရှိ ၊ ပကတိ ကြည်လင်သန့်ရှင်းနေပေ၏ ။ ကျွန်တော့်မျက်စိ အေးမြလာသည် ။ ကျွန်တော့်ခေါင်း ကြည်လင်လာသည် ။ ကျွန်တော့်ဇက် ပေါ့လာသည် ။ အင်းလျားသည် ကျွန်တော့် နွမ်းနယ်မောပန်းမှုကို ချိုပြုံး နေသော လှိုင်းလုံးကလေးများအောက်သို့ ရောက်အောင် နှစ်ပစ်လိုက်ပေပြီ ။ ကျွန်တော်တို့သည် တရားသောအလုပ်၌ ချွေးထွက်ခဲ့ကြရ၏ ။ အင်းလျားလေပြည်ကလေးသည် ကျွန်တော်တို့၏ ချွေးကို သုတ်ပေးနေပေပြီ ။

ကိုအေးငွေ နှင့် ကျွန်တော် တို့သည် ကန်ပေါင်ရိုးမြက်ခင်းပေါ်မှာ ခြေဆင်းထိုင်ကြကာ လေညှင်းနှင့်အတူ အင်းလျား၏ အလှကို အားရပါးရ ရှုရှိုက်နေကြလေသည် ။

တစ်ယောက် တစ်ယောက် စကားပင် မပြောနိုင်ကြ ။

ထိုအခိုက် ရို့စ်ဘင့်တိုက်ကြီးဘက် မှ ကျွန်တော်တို့ဆီသို့ တောက်ပတင့်တယ်စွာ ဝတ်ဆင်ခြယ်မွမ်းထားသော မိန်းမတစ်စု နှင့် ယောကျာ်းတစ်ယောက် သည် လျှောက်လာနေသည်ကို မြင်ရလေသည် ။ နီးလာရင်း နီးလာရင်း ကြည့်ရင်း ကြည့်ရင်း ကျွန်တော် သိသော ပုံသဏ္ဌာန်များသည် ပေါ်လာ၏ ။ ဝင်နီဖေ တို့ တစ်သိုက်ပါကလား ။ ဒေါ်ဌေးကြည် ၊ ဝင်နီ ၊ သူ့ညီမ မေစီ ၊ သူတို့ မောင်ကလေး ။ ပြီးတော့ ဟိုလူက ဘယ်သူပါလိမ့် ၊ ရုပ်ကချောချော ဂိုက်ကကောင်းကောင်း ၊ ဆံပင်ဖြီးထားလိုက်တာကလည်း ဇာတ်လိုက် မင်းသားတောင် သည်လောက် မသေသပ်နိုင် ။

“ ဟေ့ အေးငွေ ရေ ဟိုက လာနေတာတွေ ကိုယ့်အသိတွေကွ ၊ မင်းနဲ့ မိတ်ဆက်ပေးရဦးမယ် ”

“ ဘယ်က ဟာတွေလဲကွ ၊ ကိုယ် မသိချင်ပါဘူး ။ မင်းထသွားပြီး နှုတ်ဆက်လိုက်ပါ ။ ကိုယ်ဒီမှာပဲ ထိုင်ရစ်ခဲ့မယ် ”

ကျွန်တော် ထသွားပြီး ဒေါ်ဌေးကြည် တို့ ရှေ့မှ ဆီးရပ်လိုက်လေသည် ။

“ ဘယ့်နှယ် ဒေါ်ဒေါ်တို့ နေကောင်းကြလား ၊ ဝင်နီ ကော မေစီ ကော နေကောင်းကြရဲ့လား ”

ဒေါ်ဌေးကြည် ကား အံ့ဩသောမျက်နှာနှင့် ဝမ်းသာသောအပြုံးတို့ကို တစ်လှည့်စီ ပြပြီးနောက် တစ်ပြိုင်နက်တည်း စုပေါင်းပြကာ

“ အမယ်လေး မောင်တင်ထွန်း ၊ ဒေါ်ဒေါ် တို့ဖြင့် တွေ့ချင်လိုက်တာ ။ ပြောစမ်း ပြောစမ်း ၊ ဘာဖြစ်လို့ ဒီလောက်ကြာအောင် အိမ်မလာသလဲ ”

ဝင်နီ ၊ မေစီ နှင့် ' ဟိုဆရာ ' ကသာ ကျွန်တော့် အား ဝိုင်းကြည့်နေကြသည် ။ သူတို့ မောင်ကလေး က ရေကန်ထဲခဲပစ်၍ ကစားနေလေသည် ။

“ ကျွန်တော်လည်း လုံးလုံး မအားဘူး ဒေါ်ဒေါ်ရယ် ။ ရေနံမြေက သပိတ်တပ်ကြီး ချီတက်လာပြီး အစိုးရက ပိတ်ပင်တားဆီးတာတွေ ၊ လယ်သမားနှစ်သောင်းကျော် ရန်ကုန် ချီတက်ကြမယ်လို့ ပြင်ဆင်နေကြတာတွေ ၊ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်တွေကို ဘမော်အစိုးရ ဖမ်းတာတွေကြောင့် ”

ဒေါ်ဌေးကြည် က သမီးများ နှင့် ' ဟိုဆရာ ' ဘက်လှည့်ပြီး ပညာရှိပြုံး ပြုံးပြလိုက်လေသည် ။

“ ဒီနေ့ ညနေဆိုရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားတွေက ကန့်ကွက်ပွဲအစည်းအဝေးကြီး လုပ်မယ်လို့ ”

ဝင်နီဖေ ( ခေါ် )  ခင်သိန်းဝင်း က ' ဟိုဆရာ ' ကို ကြည့်ပြီး ပြုံးလိုက်ရာ ' ဟိုဆရာ ' က ' သိပါတယ် ဝင်နီ ရာ ' ဟူသော အပြုံးမျိုးဖြင့် တုံ့ပြန်လိုက်လေသည် ။ ကျွန်တော်တို့၏ အရေးတော်ပုံကို သရော်ပြုံး ပြုံးလိုက်ကြခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်မိပေသည် ။

“ နေပါဦး မောင်တင်ထွန်း ရဲ့ ၊ ရေနံမြေသပိတ်တပ်ကြီးက ရန်ကုန်ကို ဘာလို့ လာချင်ကြတာတုံး ၊ ဒေါ်ဒေါ် ဖြင့် မောင်တင်ထွန်း အပြစ်တင်ရင်လည်း ခံရမှာပဲ ၊ သက်သက် ဆူအောင် သူတို့လုပ်နေကြတာ ထင်ပါရဲ့ကွယ် ”

ကျွန်တော်သည် ဝင်နီ နှင့် ဟိုဆရာ၏ အပြုံး ကို အောင့်ခံနိုင်သေး၏ ။ ဒေါ်ဒေါ် ၏ အမေးကို မခံမရပ်နိုင် ဖြစ်လာသည် ။ ထို့ကြောင့် ဒေါသံမောသံဖြင့် -

“ ဟာ ပြောမှပြောပလေ ဒေါ်ဒေါ် ရယ် ၊ ဘယ်မှာ ဒီလိုဟုတ်မလဲ ၊ ဓနရှင်တွေက ဆူအောင်ပူအောင် လုပ်လို့ ဆူရတာ ”

ကျွန်တော်က သခင်တရားဟောနေစဉ် ' ဟိုဆရာ ' နှင့် ဝင်နီ တို့သည် တစ်ယောက်နှင့် တစ်ယောက် စကားတီးတိုး ပြောနေကြလေသည် ။

“ အိတ်စ်ကျူးစ် ”  ( ခွင့်လွှတ်ပါ ) ဆိုသော စကားပြော၍ ' ဟိုဆရာ ' နှင့်အတူ ရှေ့လျှောက်သွားကြ
လေ၏ ။ ကျွန်တော်ကား ဝင်နီဖေ နှင့် ချစ်ရေးကြိုက်ရေးကို ဇက်ဆွဲထားရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သော်လည်း ဤကဲ့သို့ အခြား ယောကျာ်းပျိုတစ်ယောက် နှင့် တွဲခုတ်သွားသည်ကို ကိုယ့်ရှေ့မှာ မြင်ပြန်ရသောအခါ ရန်ဆွတာ အခံရခက်သလို မခံချိမခံသာ ဖြစ်နေလေ၏ ။ သူတို့စုံတွဲ ထွက်သွားသည်ကို မျက်စောင်းထိုး၍ ကြည့်လိုက် မိပေသည် ။ ဒေါ်ဒေါ် ၏ အမေးကိုလည်း မဖြေမိ ။ အမှန်က ဒေါ်ဒေါ် မေးလိုက်သော မေးခွန်းကိုပင် မေ့သွားသည်ထင်၏ ။ ဒေါ်ဌေးကြည် သည် ကျွန်တော်အခြေပျက်သွားသည်ကို ချက်ချင်း ရိပ်မိဟန် ရှိပေသည် ။ ' ဟိုဆရာ ' နှင့် ထွက်သွားသော သူ့သမီး အား နောက် မှနေ၍ မဲ့ရွဲ့ကြည့်ပြီးနောက် တစ်စုံတစ်ရာပြောရန် ကျွန်တော့်အနား တိုးလာသည် ။ သမီးငယ်အား မကြားစေလိုသောဟန်ဖြင့် ' ဒက် ' ခနဲ လှမ်းကြည့်လိုက်သည် ။ မေစီ သည် ရေထဲ  ခဲပစ်နေသော သူ့မောင်ကလေးထံသို့ လိုက်သွားလေ၏ ။

“ ဒီမှာ မောင်တင်ထွန်း ၊ ဒေါ်ဒေါ့ ်တူကို ပြောရဦးမယ် ။ တစ်အိမ်လုံးမှာ မောင်တင်ထွန်း ဘက်သားဟာ ဒေါ်ဒေါ် ပဲနော် သိရဲ့လား ။ ဒါကြောင့် ဒေါ်ဒေါ် ပြောတာ နားထောင်နော် ။ ဝင်နီ က ပြောနေတယ် ၊ မောင်တင်ထွန်း ခုလို နိုင်ငံရေးတွေ လုပ်နေတာ မကြိုက်ဘူးတဲ့ ၊ နိုင်ငံရေး မလုပ်ပါနဲ့လားကွယ် ”

ကျွန်တော်ကား ထောင်းခနဲ ဒေါပွလာသည် ။

“ သူမကြိုက်တာ ဘယ်တတ်နိုင်ပါ့မလဲ ဒေါ်ဒေါ် ၊ နိုင်ငံရေးတော့ မလုပ်ဘဲ မနေနိုင်ဘူး ၊ သူလည်း သူကြိုက်တာလုပ် ၊ ကျွန်တော်လည်း ကျွန်တော်ကြိုက်တာ လုပ်မှာပေါ့ ”

သို့ကလို ပြောပြီး ကျွန်တော်၏ ဒေါသရောင်လက်နေသော မျက်လုံးများသည် ဝင်နီ တို့ စုံတွဲနောက်သို့ လိုက်နေလေသည် ။ ဒေါ်ဌေးကြည် သည် ကျွန်တော့်ထံမှ ဤမျှ ဘုကျသော စကားများကို ကြားရန် မျှော်လင့်ခဲ့ဟန် မတူ ။ သို့သော် ဒေါ်ဌေးကြည် ကား လူမှုရေး၌ ကျွမ်းသည်ဖြစ်၍ ဆက် မပြောခြင်းက ကောင်းလိမ့်မည်ဟု နားလည်လိုက်ဟန် ရှိ၏ ။ ၎င်းပြင် စကားပြောင်းစေရန် ပေလော ၊ သို့မဟုတ် ကျွန်တော့်တွင် မနာလိုစိတ်ပွားလာအောင် ဆွပေးလို၍ပေလော မသိနိုင် ။

“ ဪ ဒေါ်ဒေါ် မေ့သွားတယ် ၊ ခုနင်က ပါလာတဲ့ ဒေါ်ဒေါ်တို့ မိတ်ဆွေနဲ့ မောင်တင်ထွန်း ကို မိတ်ဆက် မပေးလိုက်ရဘူး ။ ခုနင်က သူငယ်ကလေးက မောင်အောင်စိုး တဲ့ ၊ အမြတ်တော်ကြေး ဝန်ထောက် လုပ်နေတယ် ။ ဒေါ်ဒေါ် တို့နဲ့ အင်မတန် ခင်မင်ကြတယ် ။ ဝင်နီ တို့ကို ရုပ်ရှင်ကြည့်ဖို့ လာခေါ်နေတာ ၊ ခြောက်နာခွဲရင် သွားကြမယ်လို့တဲ့ ”

ဒေါ်ဌေးကြည် ကား ဤကိစ္စမျိုးတွင် နောကျောနေပေသည် ။ ဘယ်အကြောကို လွှတ်ပြီး ဘယ် အကြောကို ဖိနှိပ်လိုက် မည်ကို သိ၏ ။ ကျွန်တော့် နိုင်ငံရေးကို ကန့်ကွက်ချက်ပြုနေလျှင် ကျွန်တော့် ခုခံငြင်းဆန်ချက်တို့သည် စပရိန်တွန်းကန်သလို ပေါ်လာပေလိမ့်မည် ။ ယခု မောင်အောင်စိုး တည်းဟူသော ပြိုင်ဘက်တစ်ယောက်ကို ပြပြီး ကျွန်တော့်အား တံဖျာနှင့် တို့ပေးလိုက်သောအခါ ကျွန်တော်သည် လှည်းကျိုးကြီးကို အတင်း ရုန်းဆွဲလိုစိတ်ပင် ပေါ်လာပေသည် ။ အမြတ်တော်ကြေးဝန်ထာက် က အနိုင်ယူသွားတော့မှာလေလားဟု စိုးရိမ်ပြီး စစ်ရှုံးသူလို ခေါင်းငိုက်စိုက်ပင် ချနေမိလေသည် ။

“ ကဲ မောင်တင်ထွန်း ၊ ဒေါ်ဒေါ်တို့ သွားမယ်နော် ၊ အိမ်ကို လာလည်ဦး ။ ဘယ်လောက် အလုပ်များများ တစ်ခါတစ်ခါတော့ လာဦးမှပေါ့ကွဲ့ ”

ကျွန်တော်က အရှက်ပြေ ပြုံးသလို ပြုံးပြီး -

“ လာမှာပေါ့ ဒေါ်ဒေါ် ဟုတ်တယ် ရေနံမြေသပိတ်တပ်အတွက် ရန်ပုံငွေတောင် လာအလှူခံဦးမယ် ဟဲ ဟဲ ”

ဒေါ်ဌေးကြည် တို့ ထွက်သွားကြသောအခါ ကျွန်တော် သည် ကိုအေးငွေ ၏ ဘေးမှာ ပစ်ထိုင်သည် ။ နေမင်းသည် ရောင်ခြည်များကို ရုပ်သိမ်းနေလေပြီ ။ လေပြည်ကလေးကား ရေပြင်မျက်နှာကို ရှပ်တိုက် ကစားလျက်ရှိသေးသည် ။ ကိုအေးငွေက ကျွန်တော့်အား စပ်ဖြဲဖြဲနှင့် ကြည့်လိုက်ပြီး -

“ ဘယ်လို အဆက်တွေလဲကွာ ”

“ တို့နိုင်ငံရေးမှာ အနှောင့်အယှက်တွေပါကွ ”  ဟု ကျွန်တော်က ချူသံပါအောင် ညည်းလိုက်၏ ။

“ ရှင်းစမ်းပါဦး ”

“ ဟိုငနဲနဲ့ တွဲသွားတဲ့ သူငယ်မပေါ့ကွ ၊ ကိုယ့်အဆက် ”

“ ဟင် ဖြစ်မှ ဖြစ်ရလေကွာ ၊ မင်းအဆက်က သူများနဲ့ တွဲသွားတယ် ဟုတ်လား ”

“ အေး ကိုယ်ပြောပြမယ် နားထောင် ၊ အဆက်ဆိုပေမယ့် အထုံး မဟုတ်သေးဘူးကွ ၊ ကွင်းလျှောချည်ထားတဲ့ အဆက် ။ သူ့အမေက ခုနင်ကပြောတယ် ၊ နိုင်ငံရေးလုပ်တာ သူ့သမီးက မကြိုက်ဘူးတဲ့ ။ ဒီတော့ ကိုယ်က သူမကြိုက်လည်း မတတ်နိုင်ဘူး ။ နိုင်ငံရေးကိုတော့ ဘယ်သူ မကြိုက် ကြိုက် လုပ်မှာပဲကွာ ။ အဖေအမေ ကန့်ကွက်တာတောင်မှ နားမထောင်ပဲဟာ ။ သူတို့ ကန့်ကွက်တာ နားထောင်ရမှာလား ”

“ ဟုတ်တယ် မင်းကို ငါ ထောက်ခံတယ် ။ ဒါဖြင့် မင်းငနဲမ ကို ကွင်းလျှောဖြုတ်ပြီး အဆက်ဖြတ်လိုက်ရုံ ပေါ့ကွ ”

“  ဖြတ်တယ် ဖြတ်တယ် ။ နိုင်ငံရေးနဲ့ပတ်သက်လာရင် ဘယ်အနှောင်အဖွဲ့ ဘယ်သံယောဇဉ်မှ အငြိ မခံဘူး ”

“ ကဲ ထ သွားကြစို့ ၊ အစည်းအဝေးမတိုင်ခင် တစ်နာရီကျော်ကျော် အချိန်ရသေးတယ် ။ ကိုယ့် အခန်း လိုက်ရေချိုးဦးကွာ ၊ ထမင်းလည်း စားတာပေါ့ ”

ကျွန်တော်တို့နှစ်ယောက်သည် စကားမပြောကြတော့ဘဲ ငြိမ်သက်စွာ လျှောက်လာကြလေသည် ။ ကျွန်တော်ကား လန်းဆတ်လာသည်သာမက ပျော်မြူးလျက်လည်း ရှိပေသည် ။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်လျက်လည်း ရှိပေ၏ ။ ကျွန်တော်ကား အရေးတော်ပုံကြီးအတွက် ရည်းစားကိုပင် စွန့်လွှတ်သည်ဟု ပြောပဝံ့စားနိုင်သည် မဟုတ်ပါလော ။

“ အရေးတော်ပုံ အောင်ပါစေ ”

“ သခင်မျိုးဟေ့ တို့ဗမာ ”

“ နိုင်ငံချဲ့အစိုးရ ပျက်စီးပါစေ ”

တက္ကသိုလ်သမဂ္ဂ အစည်းအဝေးခန်းမကြီးကား တက်ကြွလှုပ်ရှားသော ကျောင်းသား ကျောင်းသူများဖြင့် ပြည့်ညပ်နေလေ၏ ။ များစွာသော ကျောင်းသားများမှာ ထိုင်စရာ ကုလားထိုင် မရကြသဖြင့် ပြတင်းပေါက်များပေါ် တက်ထိုင်သူထိုင် ၊ တံခါးဝများတွင် ပြုံရပ်သူရပ် ၊ ခန်းမကြီးပြင်ဘက် ကပြင် ၊ အဖီ ၊ အဆွယ် စသည်များတွင် နေသူနေ ။

ဧည့်သည်များအဖြစ်ဖြင့် ဝတ်လုံတော်ရ ဦးကျော်မြင့် ၊ သခင်နု ၊ သခင်လှဖေ ၊ တက်ဘုန်းကြီး ကိုသိန်းဖေ စသော ပုဂ္ဂိုလ်များအပြင် ဗဟိုမာမကအဖွဲ့မှ သံဃာတော်အချို့လည်း တက်ရောက်ကြသေး၏ ။

တက္ကသိုလ်သမဂ္ဂ ဒုတိယဥက္ကဌ ကိုလှရွှေ က အစည်းအဝေးသဘာပတိအဖြစ်ဖြင့် လည်းကောင်း ၊ အတွင်းရေးမှူး ကိုအေးကျော် က အစည်းအဝေး အခမ်းအနားမှူးအဖြစ်ဖြင့် လည်းကောင်း ဆောင်ရွက်လေသည် ။

အစည်းအဝေးမစမီ သဘာပတိ၏ ဖိတ်ခေါ်ခွင့်ပြုချက်အရဝတ်လုံတော်ရ ဦးကျော်မြင့် နှင့် တက်ဘုန်းကြီး ကိုသိန်းဖေ တို့က ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှုအကြောင်းကို ဟောပြောကြလေသည် ။

ဦးကျော်မြင့် သည် တရားသူကြီးအဖြစ်မှ ထွက်ပြီး နိုင်ငံရေးသို့ဝင်ခဲ့ပုံ ၊ အိန္ဒိယပြည်မှ ဗမာပြည် ခွဲမထွက်ခင် အိန္ဒိယ ဗဟိုဥပဒေပြုလွှတ်တော်၌ အမတ်အဖြစ် ဆောင်ရွက်ခဲ့ပုံ ၊ ဒေါက်တာဘမော် လုပ်ပုံတွေ မကြိုက်၍ ဒီးဒုတ်ဦးဘချို နှင့်အတူ ခွဲထွက်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ကြပုံ ၊ ၁၉၃၆ ကျောင်းသားများသပိတ်၌ အားတက်သရော ဝင်ရောက်ကူညီခဲ့ပုံများကို ကျွန်တော်တို့ ကြားဖူးနေကြပေသည် ။ သူ့လို ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ ကျောင်းသားများအရေးတွင် ခုလို ပါဝင်ကူညီလာခြင်းကြောင့် ကျွန်တော်တို့ အားတက်ကြပေသည် ။

ကျွန်တော်သည် ဦးကျော်မြင့် တရားဟောပြီးနောက် သဘာပတိ၏ ဘယ်ဘက် ဘေးခုံများတွင် ထိုင်နေသော ကျောင်းသူများကို လှမ်းကြည့်လိုက်သည် ။ မမြင့်ဦး မတွေ့ရ ။ မကျေနပ်သေးသဖြင့် ထပ်ကြည့်သေးသည် ။ မမြင့်ဦး မရောက်လာချေ ။ ကျွန်တော်က အထူးတလည် စာတစ်တန် ပေတစ်တန်ရေး၍ ဖိတ်ခဲ့၏ ။ ဘာ့ကြောင့် မလာသနည်း ။ မမြင့်ဦးအပေါ်မှာ မကျေမချမ်း ဖြစ်နေမိလေသည် ။

၎င်းနောက် တက်ဘုန်းကြီးကိုသိန်းဖေ ဟောလေသည် ။

သူက ကျောင်းသားများသည် တောသူတောင်သား လယ်သမား အလုပ်သမားများ နှင့် မည်ကဲ့သို့ အကျိုးဆက်သွယ်နေသည်ကို ပြောလိုကြောင်းဖြင့် အစချီသည် ။ ပညာရေးစနစ် ညံ့ဖျင်းသဖြင့် ပညာတတ် အလုပ်လက် မဲ့များ ပေါ်နေရပုံကို ရှင်းပြသည် ။ ထို ပညာရေးစနစ်ကို ဖန်တီးပေးသူ ဗြိတိသျှ ဓနရှင်စနစ်ကြောင့်ပင် အလုပ်သမား နှင့်တောင်သူလယ်သမား တို့ ဆင်းရဲကျပ်တည်းရပုံကို စာရင်းအင်းနှင့် ဖော်ပြသည် ။ ကျောင်းသား ၊ အလုပ်သမား ၊တောင်သူလယ်သမား တို့ ဘဝ လွတ်မြောက်ရေး၏ ရန်သူမှာ ဗြိတိသျှ ဓနရှင်စနစ်ဖြစ်ကြောင်း ဖော်ပြရလေသည် ။

ထို့နောက် ကိုလှရွှေ က သဘာပတိမိန့်ခွန်းကို ပြောလေသည် ။ ယခင်က ကိုလှရွှေ စင်မြင့်ပေါ်မှ ပြောဟောသည်ကို ကျွန်တော် မကြားဖူးပါ ။ သိပ်လည်း စင်မြင့်ပေါ်မှာ အပြောအဟော မရှိလှပါ ။ ယခုပြောသည်ကို ကြားရသောအခါ အံ့ဩခြင်းပင် ဖြစ်မိ၏ ။အသံအောင်၍ ဒေါပါလှသည် ။ စကားလုံးများကလည်း ပြောင်လှ၏ ။ ကျောင်းသားများသည် ကိုလှရွှေ အား ထောက်ခံ ဩဘာပေးကြရာ သိမ့်သိမ့်တုန်သွားပေသည် ။

အစည်းအဝေးအပြီးတွင် ကျောင်းသားများသည် တော်တော်နှင့် လူစုမခွဲကြ ။ ဟိုတစ်စု သည်တစ်စု ကြွေးကြော်သံ ဟစ်လို ဟစ် ဆွေးနွေးလို ဆွေးနွေး လုပ်နေကြသည် ။ အချို့က ဆိုင်ရာ မိမိတို့ ကျောင်းဆောင်သို့ အစုလိုက်ပြန်ရင်း ကြွေးကြော်သံအော်ကြလေသည် ။

အစည်းအဝေး တက်လာသော ကျောင်းသူများတွင် မလှသန်း ဆိုသူ ဥပစာကျောင်းသူကလေးမှာ မမြင့်ဦး နှင့် ကျွန်တော်တို့၏ နှစ်ဦးသိ မိတ်ဆွေကလေး ဖြစ်ပေသည် ။ ကျောင်းသူများသည် ပြန်ကြရန် လှေကားပေါက်ဝအားသည့်တိုင် စောင့်နေကြစဉ် မလှသန်း သည် ကျွန်တော့်ထံလာ၍ စာတစ်စောင်ကို ပေးလေသည် ။

စာအိတ်ကို ဖောက်လိုက်သောအခါ ငွေ ၅ ကျပ် လည်း ပါလာ၏ ။

ထွန်းကလေး
အစည်းအဝေးမတက်နိုင်တာ ခွင့်လွှတ်ပါ ။ စာဖတ်စရာတွေက မနိုင်နိုင်အောင် များနေလို့ပါ ။ လူကိုယ်တိုင် တက်တက်ကြွကြွ မပါနိုင်ပေမယ့် စိတ်ရှိပါတယ် ။
ဒီကိစ္စအတွက် ရန်ပုံငွေ ၅ကျပ် ထည့်လိုက်ပါတယ် ။
မြင့်ကြီး

လုံးလုံး အစည်းအဝေးမတက်သည်နှင့် စာသော် ဤစာဖြင့် အလှူငွေ ၅ ကျပ်သည် တော်ပါသေး၏ ။ ကျွန်တော့်စိတ် အနည်းငယ် သက်သာရာ ရပါ၏ ။ သို့ရာတွင် ဒီလို အခါမျိုး၌ပင် စာကြောင့်ဆိုပြီး မလာဘဲနေခြင်းကို ကျွန်တော် သဘောမကျနိုင်ပေ ။ မမြင့်ဦး သည် ကျွန်တော်တို့ မျှော်လင့်သလို စွန့်စားမည့်သူ မဟုတ်ဟု ယူဆလိုက်လေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment