❝ သူငယ်ချင်းလည်း မက သမီးရည်းစားလည်း မကျ ❞
ကျွန်တော်သည် သခင်ကိုယ်တော်မှိုင်းဟု ခေါ်ကြသည့် မစ္စတာမောင်မှိုင်း၏ စာပေ အရေးအသားများကို အလွန်နှစ်သက်၍ အချို့လေးချိုးကြီးများမှ အပိုဒ်ကလေးများကို အာဂုံဆောင်ထားကာ
သီဆိုလေ့ပင် ရှိသည် ။ သို့ရာတွင် ကြာလျှင် သည့်ပြင် အပိုဒ်တွေ မေ့ကောင်း မေ့ပေလိမ့်မည် ။
အောက်ပါ အပိုဒ်ကိုကား တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပါ ။
“ တက်တက်စင် ရိုးပါလျက်ကယ်နှင့် ၊ ကလက်တက်တက် ထင်သူရယ်
တစ်မျိုးသဒ္ဓါ မပျက်စေနှင့် ၊ အပိုးဝါသနာဘက်ကိုတဲ့ ကွင်းသမို့ ဖယ် ၊ မင်းတို့
အရွယ်ကိုဖြင့် ကျောင်းတကာ မစော ၊ ဪ ငြင်းလို့ပယ်နိုင်ပါရဲ့ ဖြောင့်စွာ
သဘော ”
အကြောင်းမူကား မြန်မာစာဂုဏ်ထူးတန်း တက်နေသော မမြင့်ဦး က သူ့အား ကျွန်တော်က ရိသဲ့သဲ့
လုပ်ရပါမည်လားဟု ရန်တွေ့စာလေး တစ်စောင် ရေးလိုက်သောအခါ အထက်ပါကောက်နုတ်ချက်ကလေးကို ကျွန်တော့် ပြန်စာမှာ ထည့်သွင်းကိုးကားသည်က စ၍ သူနှင့် ကျွန်တော် သူငယ်ချင်း
လည်း မက ၊ သမီးရည်းစား လည်း မကျ ဖြစ်သည်အထိ ရင်းနှီးသွားသောကြောင့်တည်း ။
မမြင့်ဦး အကြောင်း ဖော်ပြရသော် မမြင့်ဦး သည် ကျွန်တော့်ထက် တစ်နှစ်သာသာ ကြီးကြောင်း
ဦးစွာ ဖော်ပြလိုပေသည် ။
ကျွန်တော့်စိတ်ထင် လူပျို က အပျိုထက် သုံးလေးနှစ်ကြီးလျှင် မသိသာလှ ။ အပျိုက လူပျိုထက်
တစ်နှစ်ကြီးလျှင် သိသာလှသည် ။ မမြင့်ဦး သည် ကျွန်တော့်ထက် တစ်နှစ်သာသာ ကြီးသော်လည်း
အပျိုကြီးဂိုက် ဖမ်းနေ၏ ။ နေပုံထိုင်ပုံ ဆက်ဆံပုံမှာ ကျောင်းသူနှင့် မတူ ၊ ဆရာမနှင့်သာ တူနေ၏ ။
အင်္ကျီဝတ်လျှင် ရှံသား ဝိုင်သား ပါးပါးများ မဝတ် ၊ မဒုမ္မာ ထူထူကြီးကို ဝတ်သည် ။ လုံချည် အရောင်နုနု ၊ အဆင်ဆန်းဆန်းကို မဝတ်တတ် ၊ အရောင်ရင့်ရင့် အဆင်ရိုးရိုး ကိုသာ ဝတ်လေ့ရှိသည် ။ လေဒီခင် ခုံမြင့်ဖိနပ်ကို မစီး ၊ ခုံနိမ့်ညှပ်ဖိနပ် ရိုးရိုးကိုသာ စီးသည် ။
မမြင့်ဦး မှာ အသားညိုသော်လည်း ညိုချောထဲက ဖြစ်သည်ဟု ဆိုနိုင်၏ ။ နှာတံ မပေါ် ၊ နှာခေါင်းပြားသည်ဟု ဆိုရသော်လည်း ဝိုင်းစက်သော မျက်လုံးများ ၊ ကော့ပျံနေသော မျက်တောင်များ
ညီညာဖြူစင်သော သွားများဖြင့် ချစ်စရာကောင်းသော ပါးချိုင့်များသည် ၎င်းတို့၏ အလှဖြင့်
တစ်မျက်နှာလုံး လွှမ်းသွားပေသည် ။ မမြင့်ဦး ၏ ကိုယ်လုံးနှင့် အရပ်အမောင်းမှာ စိုပြည်ဝဖြိုး
သော်လည်း ခပ်နွဲ့နွဲ့နှောင်းနှောင်းပင် နေသည် ။ လမ်းသွားသောအခါ ဆင်မ၏ သွားခြင်းမျိုးဖြင့်
သွား၏ ။
မမြင့်ဦး မှာ မြန်မာစာဂုဏ်ထူးတန်း တက်နေသူဖြစ်သည့်အတိုင်း မြန်မာမှုများကို လေးစားသည် ။
နေပုံထိုင်ပုံကလည်း မြန်မာ ပီသသည် ။ ဗိုင်းကောင်းကျောက်ဖိ ဖြစ်သည် ။ ထို့ကြောင့် “ ဗမာစာသည်
တို့စာ ” ဟူသော တို့ဗမာဆောင်ပုဒ် ပဲ့တင်ခတ်နေသည့် ထိုကာလဝယ် ကျွန်တော်တို့အားလုံးက
မမြင့်ဦး အား အထင်ကြီးကြ၏ ။ မမြင့်ဦး အား မျိုးချစ်စိတ်ရှိသော ကျောင်းသူများစာရင်းတွင်
သွတ်သွင်းထားကြ၏ ။
မမြင့်ဦး နှင့် ကျွန်တော် သည် လွန်ခဲ့သော ၂ နှစ်က စ၍ တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း ကိစ္စများနှင့်
ပတ်သက်၍ ခင်မင်ရင်းနှီးခဲ့သည် ။ တက္ကသိုလ် ဓမ္မာရုံကြီး ပြီးမြောက်အောင် လုံးပန်းကြရာ၌
ကျွန်တော်တို့သည် ပူးပေါင်းပါဝင်ခဲ့ကြသည် ။ တစ်ယောက်ပြုခဲ့သည့်ကုသိုလ် တစ်ယောက်က
သာဓုခေါ်၍ ကြည်နူးစေမှု အပြန်အလှန် ပြုကြသည် ။ တစ်ယောက်ထံ တစ်ယောက် မကြာခဏ
စာရေးကြသည် ။ ရေးစရာ အကြောင်းတွေကလည်း များလှပါဘိ ။ ကျွန်တော်က ဗမာစာဖတ်ရင်း
စာလုံးခက်ခက်ကလေး တစ်လုံးတွေ့လျှင် ဆရာတွေ ၊ ယောက်ျားသူငယ်ချင်းတွေ တစ်ပုံတစ်ခေါင်းကြီးကို ကျော်၍ မမြင့်ဦး ထံ “ မမြင့်ဦး ကတော့ မြန်မာစာဂုဏ်ထူး ယူနေသူဆိုတော့ စကားကလေး အဓိပ္ပာယ် ရှင်းပြနိုင်ပါလိမ့်မယ် ” ဟု စာရေး၍ မေးလိုက်သည် ။ မမြင့်ဦး ကလည်း လိပ်ပတ်လည်အောင် ဖြေသည် ။ မမြင့်ဦး သည် ကျွန်တော့်အား ဆရာမလုပ်တမ်း ကစားပြရ၍ ကျေနပ်ပုံ ပေါ်နေလေသည် ။ မမြင့်ဦး ကမူစာနယ်ဇင်း တစ်စုံတစ်ရာကို ဖတ်နေရာမှ ကျွန်တော့်ထံ စာတစ်စောင်
ကောက်ရေးသည် ။ “ ကိုတင်ထွန်း ကတော့ နိုင်ငံရေးဝါသနာအိုးကြီးမို့ ဒီစာပိုဒ်ရဲ့ နိုင်ငံရေး
အဓိပ္ပာယ်ကို လွယ်လွယ်နှင့် ရှင်းပြနိုင်မယ်ထင်တယ် ” ။ ကျွန်တော် က မမြင့်ဦး အား နိုင်ငံရေး
ခေါင်းဆောင် လုပ်တမ်းကစားပြရသဖြင့် ကျေနပ်အားရလှပေသည် ။ တကယ်ပင် နိုင်ငံရေးလုပ်တမ်း ကစားခြင်းဖြစ်ပါသည် ။ အကြောင်းမူကား ယခုထိ ကျွန်တော်သည် နိုင်ငံရေးထဲ ထိထိရောက်ရောက် ဝင်လုပ်ရန် မရည်ရွယ်သေးသောကြောင့်တည်း ။
တစ်ခါတစ်ရံ မမြင့်ဦး အား စာသင်ခန်းတွင် မတွေ့မြင်ရလျှင် ဘာဖြစ်လို့လဲ ၊ မကျန်းမမာ
ဖြစ်လို့လား စသည်ဖြင့် စိုးရိမ်တကြီး စာလှမ်းရေးသည် ။ တစ်ခါတစ်ရံ ဟောပြောပွဲတစ်ခု၌
ကျွန်တော့်အား မမြင့်ဦး က မတွေ့မြင်ရလျှင် “ ဘာဖြစ်လို့ မတက်သလဲ ၊ ကိုတင်ထွန်း မှာ ခြံကြီးထဲက စံပယ်ပန်းကလေးတွေနဲ့ အလုပ်များနေလို့ ဒီလိုအရေးကြီးတဲ့ ဟောပြောပွဲကို မရောက်ဘဲ
နေတာလား ” ဟု ခနဲ့စာ ရေးလေသည် ။ ကျွန်တော်၏ ပြောပြချက်အရ ကျွန်တော်သည် ဝင်နီ ( ခေါ် )
မသိန်းဝင်း တို့ ခြံသို့ မကြာခဏရောက်လေ့ရှိကြောင်း မမြင့်ဦး က သိနေသဖြင့် ခနဲ့လိုက်ခြင်းဖြစ်သည် ။
မမြင့်ဦး သည် မြန်မာစာဂုဏ်ထူး ယူနေသည့်အတိုင်း ရှေးဟောင်း မြန်မာစာစာအုပ် အလိုရှိတတ်ပေရာ “ ကိုတင်ထွန်း ရယ် ဘုရားဈေးတို့ ဘယ်တို့ ကြုံကြိုက်လို့ရောက်ရင် ကျေးဇူးပြုပြီး အဲဒီ
စာအုပ်ကလေး ကျွန်မဖို့ ရှာဝယ်ခဲ့စမ်းပါ ” ဟု ခိုင်းတတ်သည် ။ သူမက ကြုံကြိုက်လို့ ရောက်ရင်
ဆိုသော်လည်း ကျွန်တော်က တမင်သွား၍ ရှာဝယ်သည် ။ ကျွန်တော့်မှာ မိန်းမလို မိန်းမရ အပ် ၊
အပ်ချည် ၊ ပေါင်ဒါ ၊ လက်ကိုင်ပုဝါ စသည်များ လိုတတ်ပေရာ မမြင့်ဦးအား “ ဈေးရောက်ရင်
ဝယ်ခဲ့ပါ ” ဟု မှာတတ်သည် ။ ကျွန်တော့်အဖို့ မမြင့်ဦး ဝယ်ခဲ့သော အပ်ချည်သည် ပို၍ ခိုင်သည် ။
အပ်သည် ပို၍ ချွန်သည် ။ ပေါင်ဒါသည် ပို၍ မွှေး၍ လက်ကိုင်ပုဝါသည် ပို၍ နူးညံ့သည်ဟု ထင်မိလေသည် ။
ယင်းသို့လျှင် ရင်းနှီးလာသောအခါ ကျွန်တော့် စိတ်သည် မမြင့်ဦး အပေါ်၌ တစ်စတစ်စ ပြောင်းလဲလာလေ၏ ။ ကိုရင်ကြီး ကိုဘသန်း သည် ကျွန်တော်နှင့် ဝေးလံသော အညာဒေသ ကျေးရွာတစ်ခုမှာ
နေရစ်သည်ကား မှန်၏ ။ ဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်ပြီးနောက် ယခု ကောလိပ်ကျောင်း
ရောက်လာသောအချိန် ကြားကာလအတွင်း၌ တစ်ကြိမ်တစ်ရံမျှ သူ့အား မတွေ့ရသည်လည်း
မှန်၏ ။ သို့ရာတွင် ဖိုမဆက်ဆံရေးတွင် သူပေးခဲသော ဩဝါဒတို့သည် ကျွန်တော့် ဦးနှောက်တွင်
ကျန်ရှိနေပေသေး၏ ။ သည်လောက် ရင်းနှီးနေမှဖြင့် မမြင့်ဦး သည် ကျွန်တော့်အား မြေကြီးလက်ဝါးနှင့် ပုတ် မလွဲတမ်း စွဲလမ်း ချစ်ခင်နေပေလိမ့်မည်ဟူသော ယုံကြည်မှုသည် ခိုင်မာလာပေသည် ။
ထို့ကြောင့် တစ်နေ့သော် မမြင့်ဦး ထံသို့ ရေးသော စာတွင် အတည် လိုလို ၊ နောက် သလိုလိုနှင့် သူ့အား ' ပါရမီဖြည့်ဘက် မမြင့်ဦး ' ဟု ခေါ်လိုက်၍ ကျွန်တော့် ကိုယ် ကိုယ် ' ကိုထွန်း ' ဟု ဖော်ပြလေသည် ။
မမြင့်ဦး ထံမှ ကက်ကက်လန် ရန်တွေ့စာ ရောက်လာ၏ ။ ဘာ့ကြောင့် သည်လို ခေါ်ရသလဲ ။ ဘာ့ကြောင့် သည်လို ဖော်ပြရတာလဲ ။ ရင်းနှီးမှုကို အလွဲသုံးစား ပြုတာလား ၊ ရိုးသလို သားသလို
ဟန်ပြုပြီး ဖောက်ပြားတာ တော်ရော့လား ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ ။
ကျွန်တော့်မှာ စာထက် စာပို့ပုံကြောင့် ပို၍ ကသိကအောက် ဖြစ်မိလေ၏ ။ စာကို ခါတိုင်းလို မပို့ ။
ကျွန်တော်တို့တွင် ပင်နီမြတ်ကျော် ဆိုသော မိတ်ဆွေတစ်ယောက် ရှိ၏ ။ သူသည် ပင်နီကို အမြဲအစွဲ
ဝတ်သောကြောင့် လည်းကောင်း ၊ သူ့ကိုယ် သူ ပင်နီမြတ်ကျော် ဟု လက် မှတ်ထိုးတတ်သောကြောင့်
လည်းကောင်း ကျွန်တော်တို့ ကျောင်းသားတစ်စုက သူ့အား ပင်နီမြတ်ကျော် ဟုပင် ခေါ်ကြ၏ ။ သူသည် မမြင့်ဦး နှင့် အတော်အတန် ရင်းနှီး၏ ။ အထက်ပါစာကို သူက မမြင့်ဦး ထံမှ ယူလာပြီး
ကျွန်တော့်အား ပေးလေသည် ။ စာပေးရင်း ကျွန်တော့်အား ကြည့်လိုက်သော ပင်နီမြတ်ကျော် ၏
ရှုပုံမှာလည်း မေ့နိုင်ဖွယ် မရှိ ။ စားတော့ ဝါတော့ ထိုးတော့ ကြိတ်တော့မလိုလို ။ ၎င်းပြင်
တစ်ခွန်းတည်းသော စကားကို ပြောသွားသေးသည် ။ “ ဒီမယ်မိတ်ဆွေ ၊ နောက် ဒီလို ရိုင်းရိုင်းစိုင်းစိုင်း
ဆက်ဆံရင် သိမယ် ”
ကျွန်တော် သည် ထင်တစ်လုံးနှင့် မာနတံခွန် ထူနေသူ ဖြစ်၏ ။ မမြင့်ဦး နှင့် ပင်နီမြတ်ကျော် တို့၏
လုပ်ပုံမှာ ကျွန်တော်၏ မာနတံခွန်ကို လှဲ၍ နင်းချေခြင်း ဖြစ်သည် ။ ကျွန်တော်သည် ရှက်လည်း ရှက် ၊
ဒေါသလည်း ထွက်၏ ။ ထို့ကြောင့် လက်သွက်သွက်နှင့် စာတစ်စောင် ကောက်ရေးလိုက်သည် ။
“ ဒီကရေးလိုက်တဲ့စာမှာ ဘယ်စကား ဘယ်အချက်ဟာ ဖောက်ပြားသလဲ ။ ငါလို့ မရေးဘဲ ကိုထွန်း
လို့ ရေးတာဟာ ရိုင်းသလား ။ ပါရမီပြုဘက်ဆိုတာ ကုသိုလ်ကောင်းမှုပြုဘက်ကို ခေါ်တယ် ဆိုတာ
မြန်မာစာဂုဏ်ထူးယူထားတဲ့ မမြင့်ဦး မသိဘူးလား ။ တက္ကသိုလ်ဓမ္မာရုံကြီး ပြီးစီးအောင် အတူပူးတွဲ လုပ်ခဲ့သူချင်းကို ပါရမီဘက်လို့ မခေါ်ထိုက်ဘူးလား ။ ဒါကို ထောက်ပြီး မမြင့်ဦး ကို ဒီက
ပိုးနေတယ်များ ထင်သလား ။ မမြင့်ဦး နှင့် ဒီက နှင့် အသက်ချင်း ကွာတယ် မဟုတ်လား ။ မပိုးဘူး ၊
မမြင့်ဦး ကို မပိုးဘူး ”
ထို့ကြောင့် သခင်ကိုယ်တော်မှိုင်း ၏ -
“ တက်တက်စင် ရိုးပါလျက်ကယ်နှင့် ၊ ကလက်တက်တက်ထင်သူရယ် တစ်မျိုးသဒ္ဓါ မပျက်စေနှင့် ၊
အပိုးဝါသနာဘက်ကိုတဲ့ ကွင်းသမို့ဖယ် ၊ မင်းတို့အရွယ်ကိုဖြင့် ကျောင်းတကာမစော ၊ ဪ
ငြင်းလို့ပယ်နိုင်ပါရဲ့ ဖြောင့်စွာသဘော ” ဟူသော စာကို ကောက်နုတ်ယူ၍ ရေးသားလိုက်ပေသည် ။
သခင်ကိုယ်တော်မှိုင်း ရေးသည်ဟုကား မဖော်ပြလိုက်ပေ ။ မမြင့်ဦး သည် ထိုစာကို ကျွန်တော့်စာများ
ထင်မိလေမည်လော ၊ ယနေ့တိုင် ကျွန်တော် မသိ ။
စိတ်ဆိုးဆိုးနှင့် စာရေး၍လည်း ကောင်းလှပေသည် ။ ပင်နီမြတ်ကျော် စာလာ ပေးပုံ ၊ ရှု ထားပုံ ၊
ပါးစပ်က ရေရွတ်သွားပုံများလည်း ကွက်ကွက်ကွင်းကွင်း အငေါ့အထေ့ကလေးများ သွင်း၍
ရေးသားလိုက်လေသည် ။ ထိုစာကို ရေးစဉ်က ကျွန်တော် သည် မမြင့်ဦး နှင့် ပြတ်ချင် ပြတ် ၊ ဖြစ်ချင်ရာ ဖြစ် ရေးလိုက်ပေသည် ။ ကျွန်တော့် မာနတံခွန်ကို သူတို့က လှဲ၍ ခြေနှင့် နင်းရာ ကျွန်တော်က
မာနတံခွန် ထပ်မံ လွှင့်ထူပြလိုက်ခြင်း ဖြစ်လေသည် ။
ဒီစာကို ရေးပြီးလျှင် တစ်ယောက်နှင့် တစ်ယောက် မတွေ့ရုံမျှ မျက်နှာစေ့စေ့ကြည့်၍ မကောင်းတော့
ဟု ထင်ခဲ့လေသည် ။ မမြင့်ဦး ထံမှ စာပြန်လာလိမ့်မည် ဟုလည်း မမျှော်လင့်ခဲ့ ။ သို့ရာတွင်
မမြင့်ဦး ထံမှ စာချက်ချင်း ပြန်လာလေသည် ။ အံ့ဖွယ် ကောင်းလေစွ ။
ပိုအံ့ဩစရာကောင်းသည်မှာ စာပါ အကြောင်းအရာများတည်း ။ ခေါ်လိုက်သော အာလာပနပုဒ်
ကိုက အံ့ဩစရာ ။
' ထွန်းကလေး ' တဲ့ ။ ကရုဏာသံကလေး ၊ ချစ်စရာကောင်းသော အသံကလေး ၊ တည်တည်နှင့် ညု
လိုက်သော အသံကလေး ။ သူက အထင်မှားပြီး ဟို့နှယ် ၊ သည့်နှယ် မဖွယ်မရာ ရေးလိုက် မိသည့်အတွက် တောင်းပန်ပါသည် ။ ကျွန်တော်က သူ့အား စိတ်ဆိုးသွားပြီလားဟု မေးသည် ။ စိတ်မဆိုးဖို့အကြောင်း ၊ တစ်ယောက်နှင့်တစ်ယောက် ပြောမနာဆိုမနာ ဆက်ဆံဖို့အကြောင်း မေတ္တာရပ်ခံသည် ။ “ ရိုင်းစိုင်းသူ တစ်ယောက်အား စာပေးလွှတ်မိတာ ” အမှားဆုံး ဖြစ်သည်ဟု ဆိုသည် ။ “ ထွန်း
ကလေးကို တမင်စော်ကားတာ မဟုတ်ပါဘူး ၊ ကြုံတာနဲ့ စာပေးလိုက်တာပါ ။ ယုံပါနော် ” တဲ့ ။ ကဲ
မှတ်ကရော ။ ပင်နီမြတ်ကျော် က ငါ့အသည်းနှလုံးပေါ်မှာ ဓာတ်ပုံအဖြစ်နဲ့ ထင်ကျန်ရစ်တဲက မင်း
ရှုဟာ အလကား အဖတ်တင်နေတာပဲ ။
အဆုံးသတ်တွင် သူ့ကိုယ် သူ ' မြင့်ကြီး ' ဟု လက် မှတ်ထိုးလိုက်လေသည် ။ ' မြင့်ကြီး ' ဆိုသော
စာလုံးကလေးများကို ကြည့်ပြီး ကျွန်တော်၏ တစ်ကိုယ်လုံးသည် ဆီမှာ ထည့်လိုက်သော
ဗိုင်းတောင့်ကလေး ခွေအိကျသွားသလို ဖြစ်သွားသည်ဟု ထင်မိသည် ။ ရင်တွင်းမှာ လှိမ့်၍ လှိမ့်၍
တက်နေသော ပီတိကို ခံစားမိသည် ။ ခေါင်းတွင်းမှာလည်း တငြိမ့်ငြိမ့်ဖြစ်နေသော ထင်မြင်မှု ၊
တောင့်တမှုများ ဖြစ်ပေါ်နေသည် ။ မြင့်ကြီး ၏ ရင်ခွင်ဝယ် ထွန်းကလေး သည် ခေါင်းနှင့် ခွေ့၍
မြင့်ကြီး ၏ အသည်းနှလုံးခုန်သံကို နားထောင်နေရလေ သလော ။ မြင့်ကြီး ဟု လက် မှတ်ထိုးပြီးမှ
အောက်နားတွင် PS ဟု ရေးပြီး “ အားရင် အဆောင် လာခဲ့ပါဦး ” ဟု ဖိတ်ခေါ်လိုက်သေးသည် ။
ဖိတ်ခေါ်သည့်အတိုင်း အင်းလျားဆောင် သို့ သွားတွေ့သောအခါ ကျွန်တော်သည် ချစ်အပ်သော
ဆရာမအနီး ချစ်တပည့်ရောက်သလို ထင်မိသည် ။ ထိုနေ့က အင်းလျားဧည့်ခန်းတွင် လူနည်းလှ၏ ။ အခန်း၏ ဟိုဘက်ထောင့်တွင် စကားပြောနေကြသော ကျောင်းသူတစ်ဦး နှင့် ကျောင်းသားတစ်ဦးမှ တစ်ပါး အခြားသူများကို မတွေ့ရချေ ။ အခါတိုင်းလို ဓာတ်စက် သီချင်းသံ ၊ ကစား ဆူညံသံလည်း မကြားရ ၊ တစ်ခန်းလုံး တိတ်နေပေသည် ၊ တွေ့တွေ့ချင်း ကျွန်တော်တို့ နှစ်ယောက်လုံး အနေကြပေသည် ။ တစ်ယောက် တစ်ယောက် မျက်လုံးများတွင် ရီရွဲတောက်ပနေရာ မျက်ရည်ရောင်
ကလေးများလောဟု ထင်မိသည် ။ နောက် ငုံ့ရာမှ မော်ကြည့်ကြသောအခါ ပြိုင်တူပင် ပြုံးလိုက်ကြ၏ ။ ရီရွဲတောက်ပနေသော မမြင့်ဦး ၏ မျက်လုံးများသည် ပို၍ တောက်ပနေပေသည် ။ ပါးချိုင့်ကလေးများ၏ ချစ်စရာကောင်းပုံကို သည်တစ်ခါ အထင်အရှားဆုံး တွေ့ရသည် ။ ဤသို့
မော့်ကြည့်ပြံးပြကြပြီး ကျွန်တော်တို့သည် ပြီးခဲ့သောကိစ္စကို သင်ပုန်းချောပစ်လိုက်ကြသည် ။
ထိုကိစ္စကို နောက်ထပ် တစ်ခါမျှ စကားမစပ်မိကြတော့ချေ ။ ထိုနေ့က စာအကြောင်း ပေအကြောင်း ၊ ဂျာမနီ က ဩစကြီးယား ကို လက်နက်နှင့် သိမ်းပိုက်ပြီး မဲဆန္ဒပေးပွဲ လုပ်ပြန်သည့်
အကြောင်း ၊ ရေနံမြေမှာ သခင်လေးမောင် ၊ သခင်တင် နှင့် သပိတ်တား အမျိုးသမီးတို့ ထောင်ချခံရသည့် အကြောင်းများကိုသာ ပြောနေကြလေသည် ။
ထိုကိစ္စဖြစ်ပြီးနောက် မမြင့်ဦး အား ကျွန်တော်က ' မြင့်ကြီး ' ဟုပင် ခေါ်၍ မမြင့်ဦး က ကျွန်တော့်အား
' ထွန်းကလေး ' ဟုပင် ခေါ်သည် ။ ၎င်းပြင် မမြင့်ဦး သည် ပင်နီမြတ်ကျော် ကို ခပ်ခွာခွာ လုပ်နေလိုက်ပုံ ကျွန်တော် သတိပြုမိသည် ။ မမြင့်ဦး နှင့်ကျွန်တော်တို့၏ ရင်းနှီးခင်မင်မှုမှာ ဒီဂရီ တက်လာ၏ ။
' မိတ်ဆွေ မက ၊ သမီးရည်းစား မကျ ' ဖြစ်လာ၏ ။ သို့သော် ကျွန်တော်ကား ချစ်ကြောင်း ကြိုက်ကြောင်း မပြော ။ ချစ်မိလျှင် ဖိထားသည် ။ ကြိုက် မိလျှင် ဖုံးထားသည် ။ ကိုရင်ကြီး ကိုဘသန်း ၏
ဝါဒနှင့်ကား လုံးဝဆန့်ကျင်နေလေပြီ ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment