❝ ထောင်ကျဖို့ အလှည့်ပေးပါ ❞
ကိုလှရွှေ က ထောင်ကလွတ်လာပြီး ဖြစ်သော်လည်း ကျွန်တော်နှင့် စကားကောင်းစွာ မပြောရသေးချေ ။ ထောင်ထဲက အခြေအနေများနှင့် ထောင်ထဲမှနေ၍ သခင်နု ၊ သခင်စံထွန်းလှ ၊
ကိုသိန်းဖေ နှင့် ကိုလှရွှေ တို့ တိုင်ပင်ပြီး ဒေါက်တာဘမော် အား ထောင်သို့ ခေါ်ကာ စေ့စပ်
ဆွေးနွေးကြပုံများကို ကိုလှရွှေ ထံမှ ကြားလိုသည် ။ ကျွန်တော့်စိတ်ထဲမှာ မရှင်းလင်းသည်များကို
မေးမြန်းလိုသည် ။ သို့သော် ကျောင်းသားလွှတ်တော် ကျင်းပနေသည့်အတွင်း သူလည်း မအား
ကျွန်တော်လည်း မအား ဖြစ်ေပသည် ။
ကျောင်းသားလွှတ်တော်ပြီးသည့် နောက်တစ်နေ့ ညနေတွင် မြို့မ မှ နေ၍ စကော့ဈေး နဂါးနီ သို့
လမ်းလျှောက်သွားကြသည် ။
ကိုလှရွှေ က ကျွန်တော့်အား ထောင်ထဲမှာ သူတို့တစ်တွေ နေကြထိုင်ကြပုံ ၊ အစားအသောက်
စီမံချက်ပြုတ်ကြပုံ ၊ စာဖတ်ကြပုံ ၊ ထောင်အာဏာပိုင်တွေ နှင့် တိုက်ပွဲဆင်ကြပုံများကို ပြောပြလေသည် ။
“ ထောင်ထဲ ကိုယ်တို့နေတဲ့ တန်းလျားမှာ ဒန့်သလွန်ပင်တွေ ရှိတယ် ။ ရဲဘော်တွေ က ဒန့်သလွန်ရွက်ဟင်းချို သောက်ချင်တယ်ဆိုတော့ ကိုယ်က ချက်တာကိုး ။ ကိုယ်တို့ ဖျာပုံသားတွေက
ငံပြာရည် ကောင်းကောင်း ၊ ပုစွန်ခြောက် ကောင်းကောင်း သုံးနေကျဆိုတော့ ငံပြာရည်ကောင်းနဲ့
ပုစွန်ခြောက်ကောင်း မရနိုင်တဲ့ ထောင်ထဲမှာ ခက်တာပေါ့ ။ ဒီတော့ ဟင်းချိုအောင် ဘယ်လို
လုပ်လဲ သိသလား ”
“ ဆိုစမ်းပါဦးဗျာ ”
ကိုလှရွှေ က အားရပါးရရယ်ရင်း -
“ သကြားထည့် ချက်တာပေါ့ မောင်ရင် ရဲ့ ဟား ဟား ”
“ စာဖတ်ကြပုံကကော ”
“ ထောင်ထဲကို မာ့က်စ်ဝါဒ စာအုပ်တွေ သွင်းလာတယ် ။ ဖိုးသိန်းဖေ သွင်းတာပဲ ။ ထောင်မှူးတွေကို
ဘယ်လို ဖြီးတယ်တော့ မသိဘူး ။ သူ နဲ့ ကိုယ် နဲ့ တစ်ယောက်တစ်လှည့် ဖတ်ပြရှင်းပြ လုပ်တာလည်း ရှိတယ် ၊ နောက် ဖိုးအောင်ဆန်း တို့ သခင်သန်းထွန်း တို့ ရောက်လာကြတော့ ဝိုင်းပြီး
ဆွေးနွေး လေ့လာကြတာတွေလည်း ရှိတယ် ”
“ သခင်နု ကော ”
“ သူကတော့ ပုတီးစိပ်လို့ သိပ်ဇိမ်တွေ့နေတာပေါ့ ၊ ဟဲ ဟဲ စာလည်း ဖတ်ပါတယ် ”
“ ကိုလှရွှေ ဒီတစ်ခါတော့ ကျွန်တော့်ကို တစ်လှည့်ပေးပါဦး ”
ဤသို့ တောင်းပန်လိုက်သော ကျွန်တော့် အသံမှာ မူမှန်ဟန် မတူ ။ ကြေကွဲဝမ်းနည်းသော ခံစားမှုသည် အသံမှာ ဂယက်ရိုက်နေဟန် တူသည် ။ ပြုံးဖြဲဖြဲလုပ်နေသော ကိုလှရွှေ သည် မျက်နှာ တည်သွားပြီး -
“ မောင်ရင့်ကို ဘာတစ်လှည့် ပေးရမှာလဲ ”
“ ကျွန်တော် ထောင်တစ်ခါ ကျချင်တယ် ၊ ခုတော့ ကျွန်တော့်မှာ ထောင်ကျဖူးတဲ့ ဂုဏ်လည်း မရှိဘူး ၊
ထောင်ကျဖူးတဲ့ အတွေ့အကြုံ ဗဟုသုတလည်း မရဘူး ”
“ ဟား ဟား ” ကိုလှရွှေ က ထုံးစံအတိုင်း အားရပါးရ ရယ်ပစ်လိုက်သည် ။ ပြီးတော့ မျက်နှာပိုးသတ်လိုက်ပြီး -
“ ကျုပ်က မောင်ရင့်ကို ထောင်ချနိုင်ရအောင် ဆာပေါ်ထွန်း မှ မဟုတ်ဘဲ ၊ ထောင်ဆိုတာ ချသူရှိမှ
ကျတာ မောင်ရင် ”
“ ဟုတ်ပါတယ် ၊ ခင်ဗျားတို့က ထောင် မချနိုင်ပါဘူး ၊ သို့ပေမယ့် ထောင်ကျနိုင်စေမယ့် တာဝန်ကို
ပေးနိုင်တယ် ။ အခုတော့ အရေးတော်ပုံ စကတည်းက ကျွန်တော့်ကို ထောင်ကျနိုင်စေမယ့် တာဝန်
တမင် မပေးဘဲ ထားတယ် ၊ ဒါကြောင့် တစ်လှည့် ကျွန်တော့်ပေးပါဦး ကိုလှရွှေ ရယ် ”
“ အားလုံး ထောင်ကျကုန်ရင် ခက်မှာပေါ့ ၊ မင်းတို့လို ထောင်မကျဘဲနဲ့ နောက်က လုပ်နေတဲ့
လုပ်သားရဲဘော်တွေရှိလို့ တို့အရေးတော်ပုံကြီး ဆော်ဒါရေပုလင်း မဖြစ်တာပေါ့ ကိုယ့်လူရဲ့ ”
“ နို့ ဒီနေ့ပဲ ထောင်တွင်း တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် တစ်ခု
ထုတ်တယ် မဟုတ်လား ။ သိင်္ဂုတ္တရကုန်း တွင် တပ်စွဲလျက်ရှိကြသော သပိတ်တပ်သား ၇ဝဝဝ ကျော်
ရန်ကုန်ထောင်အတွင်း သို့ အားလုံး ဝင်ကြသည့်အခါကို ငါတို့ စောင့်စားမျှော်လင့်နေကြ၏ ။
တစ်ပြည်လုံးရှိ ထောင်ကြီး ၈ ထောင် ၊ ထောင်ကလေး ၂၄ ထောင် ၊ ပေါင်း ၃၂ ထောင် ကို ပြည့်လျှံအက်ကွဲထွက်သွားအောင် ငါတို့တစ်တွေ အစုလိုက်အပြုံလိုက် ထုကြီးထည်ကြီးနှင့် ဝင်ကြရမည်တဲ့ ။ ဒီတော့ ကျွန်တော်လည်း ထောင်ထဲဝင်ဖို့ တစ်လှည့်ခွင့်တောင်းတာ ဘာမှားသလဲ
ကိုလှရွှေ ”
“ ဒီလို ဒီလို ၊ ခု ကြေညာချက် က လူအများအတွက် ရဲဆေး ထိုးပေးတာ ။ လူတွေဟာ အရင်ကဆိုရင်
ထောင်ကျမှာ ကြောက်နေတယ် မဟုတ်လား ၊ အခုတော့ တိုင်းပြည်အတွက်ဆိုရင် ထောင်ကို
ရယ်တာပေါ့ အပျော့ထင်တယ် ဆိုတာ ပြလိုက်တာပဲ ။ ထောင်ကြီးနဲ့ ခြောက်လှန့်နေတဲ့ အင်္ဂလိပ် နဲ့
ညွန့်ပေါင်းအစိုးရကို မကြောက်ဘူးကွလို့ ပြောလိုက်တာပဲ ။ အပြင်မှာ အလုပ် လုပ်မယ့်လူ မရှိရင်
ဘယ် ဖြစ်မှာလဲ ။ ဒီတော့ တစ်လှည့်မှ မပေးပါရစေနဲ့ ကိုယ့်လူ ”
“ ခင်ဗျား ထွက်လာပုံ ပြောစမ်းပါဦး ”
“ အာမခံပေးပြီး ထွက်လာတာပေါ့ ။ အခု ကိုယ်တို့ကို ဖမ်းတဲ့ ရန်ကုန်အရေးပေါ် လုံခြုံရေးဥပဒေက
ငွေ ၂ဝဝိ တန် အာမခံပေးရင် လွတ်နိုင်တာပဲ ။ ဒီအခွင့်အရေးကို ယူတာပေါ့ ။ ဒါမှ အပြင်မှာ
လုပ်စရာ ရှိတာတွေ လုပ်ရမှာကိုး ။ ကိုသိန်းဖေ တောင် နက်ဖြန်သန်ဘက် အာမခံနဲ့ ထွက်လာပါလိမ့်မယ် ၊ သူ့ကို အာမခံဖို့ ခြေလျင်ကိုအုံးခင် နဲ့ မြန်မာ့နေ့စဉ်ကိုထွန်းစိန် တို့ကို ပြောထားတယ် ။
ကိုကြီးနု ကို လည်း အာမခံနဲ့ ထုတ်ကြမှာပဲ ၊ ဒီ့ပြင် တို့ဗမာခေါင်းဆောင်တွေကိုလည်း အာမခံနဲ့
ထုတ်ကြမှာပဲ ”
ထောင့်အရသာကို ခံစားရဖို့ ကျွန်တော့်မှာ အလားအလာမရှိတော့ပြီ ။
“ ထောင်ထဲတုန်းက ခင်ဗျားတို့တစ်တွေ ဒေါက်တာဘမော် နဲ့ ခေါ်စေ့စပ်ကြတယ်ဆိုတာ ဘာလို့
စေ့စပ်ဖို့လိုတယ်လို့ ကျွန်တော် သဘော မပေါက်ဘူးဗျာ ”
“ တောင်းဆိုချက်ရဖို့ စေ့စပ်တာပေါ့ ။ ကိုယ်တို့စေ့စပ်တာကို ဂဠုန်မောင်စော တို့ အတိုက်အခံ
ပါတီက သဘော မကျဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တို့တောင်းဆိုချက်ကို ဘမော် က
မလိုက်လျောစေချင်ဘူး ၊ ဒါမှ ဘမော် ပြုတ်ကျမယ်လို့ တွက်တာကိုး ။ တို့က တို့တောင်းဆိုချက်
ရတာသာ လိုရင်း ၊ ဘယ်သူက ပေးပေးပေါ့ ။ တို့က ရာထူး လုယူဖို့ ၊ ကိုယ့်ပါတီ ကြီးပွားဖို့ ဆိုတဲ့
အချောင်သမား နိုင်ငံရေးတွက်ကိန်းမျိုးနဲ့ လုပ်နေတာမှ မဟုတ်ဘဲ ။ စေ့စပ်ရေးဆိုတာက စစ်တိုက်ရင်းလည်း လုပ်ရတာပဲ ၊ ဘယ်အချက် မှာ သဘောတူသွားရမယ်ဆိုတာမှသာ ကွာတာကိုး ”
“ ဒေါက်တာဘမော် က ထောင်ထဲ လာတယ်ဆိုတော့ ခင်ဗျားတို့နေတဲ့ တန်းလျားထိ လာသလား ”
“ မလာပါဘူး ၊ သူက ထောင်ပိုင်ရုံးခန်းထဲမှာ နေတယ် ၊ ပြီးတော့ ကိုယ်တို့ကို ခေါ်တွေ့တယ် ”
“ သူက ဘာတွေ ပြောသလဲဗျ ”
“ သူပြောတာတွေ ချုံးကြည့်လိုက်ရင် အခု ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အပြည့်အဝ
သူ မလိုက်လျောနိုင်တဲ့ အကြောင်း ၊ ( Law and Order ) နဲ့ ပတ်သက်ရင် ဘုရင်ခံကသာ အာဏာ
ပိုင်တဲ့ အကြောင်း ၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ဘုရင်ခံ သဘောမတူဘဲ မလွှတ်နိုင် ၊
ဖိနှိပ်ချုပ်ချယ်မှု ဥပဒေတွေ သူ မရုပ်သိမ်းနိုင်ဘူးဆိုတဲ့အကြောင်းတွေ သူကပြောတယ် ။ အင်္ဂလိပ်ကို
သူလည်း အလို မရှိပါဘူး ၊ ၉၁ ဌာနအုပ်ချုပ်ရေးကို သူလည်း မကြိုက်ဘူးလို့ ပြောသေးတယ် ၊
ဒီတော့ ထွက်လိုက်ရင် ရှေ့လျှောက်ပြီး နိုင်ငံရေး ဣန္နြေရရ လုပ်သွားနိုင်တယ် ။ ခင်ဗျားက ရာထူး
စွန့်လွှတ်နိုင်တယ်ဆိုတဲ့ သတ္တိရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ဘက်က လူတွေပါလို့ တစာစာ
အော်နေတဲ့ အတိုက်အခံဂိုဏ်းက အမတ်များဟာလည်း ရာထူးယူနိုင်ဖို့ သိပ်ခဲယဉ်းသွားမှာပဲ ။
ဒီနောက် အဲဒီလို အသံကုန်ဟစ်နေကြတဲ့ အမတ်များ ရာထူးမယူနိုင်အောင်လည်း ကျုပ်တို့ ဆက်ပြီး
ကြိုးစားမယ်လို့ ကိုယ်တို့က ပြောကြတယ် ။ ဒါပေမဲ့ ဒေါက်တာဘမော် က သူထွက်ရင် အတိုက်
အခံအမတ်တွေ တက်ယူမှာပဲလို့သာ ပြောနေတယ် ။ ပြီးတော့ သူက အင်္ဂလိပ်တွေကို ချဖို့ အချိန်
မကျသေးဘူးတဲ့ ၊ စစ်ဖြစ်လာတော့မယ်တဲ့ ။ အဲဒီ့ စစ်အတွင်းကျတော့ ချက်ကောင်း ရမှာပါတဲ့ ၊
ခေါင်းအေးအေးထားပြီး အခွင့်ကောင်းကို စောင့်ကြစမ်းပါတဲ့ ။ ဒီလိုနဲ့ပဲ ကိုယ်တို့ စေ့စပ်ရေးဟာ
ပြီးတာပါပဲ ။ သူကလည်း သူပြောချင်ရာ ပြော ၊ ကိုယ်တို့ကလည်း ကိုယ်တို့ပြောချင်ရာ ပြော ”
“ ဘာမှ တောင်းဆိုချက်တွေ မရဘူးပေါ့နော် ”
“ ကျောင်းသားတွေဟာ ဘယ်သူနဲ့ ဖြစ်ဖြစ် ကိုယ့်လိုလားချက် ရမယ်ထင်ရင် စေ့စပ်ဆွေးနွေးမယ် ၊
ဘယ်သူ့ လက်ကိုင်တုတ်မှ မဟုတ်ဘူး ဆိုတာတော့ ပြလိုက်ရတာပေါ့ ”
ကျွန်တော်တို့ စကော့ဈေး သို့ ရောက်လာကြပြီ ။ နဂါးနီ သို့ မသွားသေးဘဲ တက္ကသိုလ် သမဝါယမ
ဆိုင်သို့ ဝင်ကြလေ၏ ။ ကိုထွန်းအုန် သည် ဆိုင်ဝမှရပ်လျက် ဆီးကြိုလျက်ရှိ၏ ။ သူ့မျက်နှာမှာ
အပြုံးအပြည့်နှင့် ။
ကိုထွန်းအုန် ကို ကျွန်တော်သည် ကိုထွန်းအုန် မှန်းသိသော်လည်း မသိ ကျွမ်းဖူး ၊ စကား မပြောဖူးချေ ။
ကိုထွန်းအုန် က ကိုလှရွှေ အား -
“ ဘယ့်နှယ်လဲ ထောင်ထဲမှာ တော်တော်ပျော်ရဲ့လား ”
ကိုလှရွှေ ကလည်း အပြုံးအပြည့်မျက်နှာဖြင့် -
“ ပျော်ဆို ထောင်ထဲကတောင် ထွက် မလာချင်ဘူး ။ ဟား ဟား ၊ ခုပဲ ထောင်ထဲက ပျော်ပုံတွေ
ဒီရဲဘော်ကို ပြောပြတော့ ဒီရဲဘော်က သူပါ ထောင်ထဲသွားနေချင်တယ်လို့ နားပူနားဆာ လုပ်နေတယ်ဗျ ”
ကိုထွန်းအုန် သည် မျက်နှာအတည်ထားလျက် ကျွန်တော့်အား အကဲခတ်သလို ကြည့်လိုက်ပြီး -
“ ဒီရဲဘော်ကို မြင်တော့နေတာပဲ ၊ နာမည်က ဘယ်လိုတဲ့လဲဗျ ”
ကိုလှရွှေ ကပင်
“ သခင်နီတာရဲ ရဲဘော်တင်ထွန်း တဲ့ဗျား ၊ ဟား ဟား ”
ကိုထွန်းအုန် ကား ပြုံးရောင်ကလေးသာ ပြပြီးနောက် မျက်နှာညှိုးသွားသလို ဖြစ်သည် ။
“ ကျွန်တော်လည်းဗျာ ဟော့ဒီ ဆိုင် တာဝန်ယူရတာ သည်ပြင်တာဝန်တွေ လစ်ဟင်းကုန်ပြီ ။ ထောင်
ရောက်ဖို့ ဝေးရော ၊ ခင်ဗျားတို့ဆီတောင် တယ်ပြီး မရောက်နိုင်ဘူး ။ စိတ်ထဲမှာ မရိုးမရွကြီး ဖြစ်နေတယ် ။ မချင့်မရဲ မကျေမနပ် ဖြစ်နေတယ် ”
ကိုလှရွှေ သည်လည်း မပြုံးနိုင် ၊ မရယ်နိုင်တော့ဘဲ အတန်ကြာ တွေသွားသည် ။ ကိုထွန်းအုန် အတွက်
ဝမ်းနည်းသွားဟန် တူသည် ။ အတန်ကြာမှ -
“ ဒီလို သဘောထားလို့ ဘယ်ဖြစ် မလဲဗျ ။ ခင်ဗျား ဒီမှာ မရှိရင် ဒီသမဝါယမကလေး ပျက်သွားမှာ
ပေါ့ဗျ ။ ကျုပ်တို့ မီးတုတ်ကျောင်းသားတွေဟာ မကောင်းတာတွေ ၊ ကောင်းတာတွေ ရှိ့ရတဲ့
ကြားထဲက တည်ဆောက်ထားတဲ့ ၊ စိုက်ပျိုးထားတဲ့ အလုပ်အသီးအပင်ကလေးကို ခင်ဗျားလို
ဇွဲကောင်းကောင်းနဲ့ စောင့်ရှောက်နေတဲ့ ဥယျဉ်မှူး မရှိရင် ဘယ်ဖြစ်နိုင်ပါ့မလဲ ”
ကိုထွန်းအုန် ၏ မျက်နှာတွင် အပြုံး ဝင်လာသည် ။
“ ဆေးဆရာဝန်လောင်းကြီးကလည်း ကဗျာဆန်ဆန် စကားပြောတတ်သကိုး ၊ ဟဲ ဟဲ ”
“ ကဗျာဆန်ဆိုဗျာ ၊ ဆေးတက္ကသိုလ်သာ မရောက်ရင် ကျွန်တော်လည်း မင်းသုဝဏ် တို့နဲ့ အပြိုင်အဆိုင် ဖြစ်နေမှာပေါ့ ၊ ဘယ့်နှယ့်လဲ ဆိုင်အခြေအနေ ”
“ ခင်ဗျားတို့ဘက်က တက်သလောက် ဆိုင်ကလည်း တက်နေတာပဲ ။ အင်္ဂလိပ်ကုန်တွေ သပိတ်မှောက်ရေး လုပ်ကြရင်တော့ ကျွန်တော်တို့လည်း သည့်ပြင် ကုန်တွေ တင်ဖို့ စီစဉ်ရဦးမှာပဲ ။
နေပါဦး ကိုကြီးနု တို့ ၊ ဖိုးသိန်းဖေ တို့ ၊ ဖိုးအောင်ဆန်း တို့ကော ဘယ်တော့ လွတ်ကြမှာလဲ ”
“ ကနေ့ နက်ဖြန် လွတ်လာကြပါလိမ့်မယ် ။ ဒီလိုပေါ့ဗျာ ထောင်ဆိုတာ ဝင်လိုက် ထွက်လိုက်ပေါ့
ဟဲ ဟဲ ၊ ကဲ နဂါးနီ ကို သွားလိုက်ဦးမယ် ”
“ သွား သွား ၊ ကိုထွန်းရွှေ တို့ ၊ ဆရာဟိန် တို့လည်း ခုနင်ကပဲ သွားကြတယ် ၊ တွေ့ပါလိမ့်ဦးမယ် ”
ကျွန်တော်တို့သည် နဂါးနီဘက်သို့ လာခဲ့ကြလေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment