❝ ကျွန်ုပ် နှင့် ရည်းစားစာ ❞
ကျွန်တော်တို့ လူဆိုးတန်းဟာ အရင်တုန်းကလို မဟုတ်တော့ဘဲ စာဆိုသံ ၊ စာဖြေသံတွေနဲ့ ညံနေတယ် ။
ဆရာ အဝင်အထွက်တွေမှာ အရင်တုန်းကလို ဝရုန်းသုန်းကား လုပ်တာတွေ ဘာတွေလည်း သိပ် မရှိတော့ဘူး ။ အဲဒီ အပြောင်းအလဲ ဖြစ်သွားတာ ကျောင်းသူတစ်ယောက် နဲ့ ဆရာတစ်ယောက် ကြောင့်ပါ ။
ကောင်မလေး အကြောင်းကို အရင် ပြောမယ်ဗျာ ။ ၆ လပတ် စာမေးပွဲကို တစ်တန်းလုံး ကျ ပြလိုက်တဲ့ ကျွန်တော်တို့ အတန်းကို ဆရာတွေ တော်တော် လက်လန်သွားတာ အမှန်ပဲ ။ ကျွန်တော်တို့ အတန်းမှာ အဆင့် ( ၁ ) ရတဲ့ သက်ချိုဦး ဆိုတဲ့ကောင် က ၁ ဘာသာ ကျတယ် ဆိုတော့ သဘောပေါက်ရောပေါ့ ။ ကျွန်တော်တို့ ပြိုင်နေတာက အကျ ပြိုင်နေကြတာပါ ။ ဘာသာနည်းနည်းပဲ ကျတဲ့ကောင်က လူလိမ္မာ ၊ သိပ် မမိုက်တဲ့ ကောင်ပေါ့ ။ ကျွန်တော်တို့ အမြင်မှာ ဒီကောင်ဟာ ဖော်လံဖား အလကားကောင် ။ ကျွန်တော်တို့ ဘက်တော်သား မဟုတ်ဘူးပေါ့ ။
ဘာသာစုံ ကျပြီး သုညတွေ ဘာတွေ ၂ ဘာသာ လောက် ပါတဲ့ ကောင်မှ တကယ့် ဆရာကြီး ၊ ကျွန်တော်တို့ လူ ... Hero ။ ကျွန်တော်က မြန်မာစာ က လွဲပြီး ကျန်တဲ့ဘာသာတွေ အကုန်ကျတယ် ။ သုညတွေ ဘာတွေ မရပေမယ့် ကျွန်တော့် အဆင့်ကလည်း မဆိုးဘူးပေါ့ ။ ဆရာကြီး မဖြစ်တာတောင် သာဝက ထဲ မှာတော့ ပါတယ် ။ အဆင့် ( ၁ ) ရတဲ့ သက်ချိုဦး ဆို မျက်နှာငယ်ရသလား မမေးနဲ့ ။ ကျွန်တော်တို့ ထေ့သမျှ ရိသမျှ ဒီကောင် ခံရတယ် ။
အဲဒီအချိန်မှာတော့ ကျွန်တော်တို့အတန်းဟာ အကောင်း နဲ့ အဆိုး ချိန်ခွင်လျှာက ပြောင်းပြန်ပဲ ။ လူငယ်ဆိုတဲ့ သတ္တိကို တလွဲ အသုံးချနေကြတဲ့ အချိန်ပေါ့ ။ အဲဒီအချိန်မှာ ကျွန်တော်တို့ အတန်းထဲကို ကောင်မလေး တစ်ယောက် ပြောင်းလာတယ် ။
နာမည်က ' မြမြတ်မိုလ်မျိုး ' တဲ့ ။
တော်တော် လှတယ်ဗျာ ... ။ လှတာမှ ကျွန်တော်တို့ တစ်ကျောင်းလုံးမှာရော ၊ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ပတ်ဝန်းကျင် အသီးသီးမှာရော သူ့လောက် လှတာ ၊ သူ့လို လှတာ တစ်ယောက် မှ မတွေ့ဖူးတဲ့ အလှမျိုး ။ ကိုယ်လုံးကိုယ်ပေါက်က ' ရှယ် ' ခင်ဗျ ။ သူ ကော်ရစ်တာမှာ လျှောက်သွားရင် ကျောင်းသား တော်တော်များများ စကားပြောတာ ရပ်ပြီး ကြည့်ကြတယ် ။ ကျော်သွားရင် လှည့်ငေးရတယ် ။ သူ လမ်းလျှောကတဲ့ Style က မမြန် မနှေး ပြေပြေကလေးရယ် ။ မျက်လုံးဝိုင်းကြီး တွေထဲမှာ မျက်သားအဖြူက ဆွတ်ဆွတ်ဖြူနေတာပဲ ။မျက်ဆံနက်ကတော့ မည်းနက်နေတာ ။ ကျွန်တော်ကတော့ သူ့ မျက်ဝန်းကို ခိုးကြည့်ဖို့ မလွယ်တဲ့ မျက်ဝန်းမျိုးလို့ မှတ်ချက်ချတယ် ။ ဟုတ်တယ်လေ ဒီလောက် မျက်ဝန်းအိမ် ကြီးပြီး မျက်ဆံနက် ထင်းလွန်းနေတော့ ခိုးကြည့်တဲ့ ကျွန်တော်တို့ ကောင်တွေ ရင်တုန်တာပေါ့ ။ နှုတ်ခမ်းနီ ပြေပြေဆိုးထားတဲ့ နှုတ်ခမ်း က ဖူးနေတာပဲ ။ အသားအရေက သိပ်လှတဲ့ ကြက်ဥအကာရောင် ဝါဖျော့မှုန်ညက် ... အဝေးကြီး ကတည်းက လင်းလက်နေတဲ့ အသားအရေ ။ လက်သည်းကလေးတွေဆို ကော့လို့ ၊ သူက လက်သည်းကို အစိမ်းရောင်ဆိုးတယ် ။ မြင့်မြင့်ရီလေး ကို မေးတော့ ကျောင်းစိမ်း နဲ့ လိုက်အောင် ဆိုးတာပါတဲ့ ။
သူလို သိပ်လှတဲ့ ကောင်မလေးက ဘာဖြစ်လို့ ကျွန်တော်တို့ နှစ်ကျတန်း ကိုမှ ပြောင်းလာရသလဲ ဆိုတော့ သူကလည်း မနှစ်က ၁ဝ တန်း ကျတာကိုး ။ ပျားတုပ် ဆို တောက် တခေါက်ခေါက် နဲ့ ၊ ဒီလောက် လှတဲ့ ကောင်မလေး ၁ဝ တန်း ကျရသလားပေါ့လေ ။ ဘာဆိုင်လို့တုံး ။ တော်တော် ဟားရတဲ့ ကောင် ။ ကျွန်တော်တို့လည်း တစ်ခုတော့ သိသွားပါတယ် ။ ၁ဝ တန်း အောင် မအောင်ဆိုတာ ချောတာ လှတာနဲ့ မဆိုင်ဘူးလို့ ။ ဒါပေမယ့် ဖြစ်နိုင်ရင် ကျွန်တော်လည်း သူ့ ကို ၁ဝ တန်း အောင်စေချင်ပါတယ် ။
မြင့်မိုလ်မျိုး က အခုမှ ကျွန်တော်တို့ အတန်းကို ပြောင်းလာတာ ဆိုတော့ ကျွန်တော်တို့ အတန်းရဲ့ အထာကို သူ ဘယ်သိမလဲ ။ ဒီအတန်းဟာ နှစ်ကျတွေ ကို စုထားတဲ့ အတန်းဆိုတာလောက်ပဲ သိတာ ။ ဒီတော့ သူက ရောက်ကတည်းက စာကိုပဲ ဖိကြိုးစားတာ ၊ ဆရာ စာမေးရင် ဘယ်တော့မှ မဖြေတတ်တဲ့ ကျွန်တော်တို့ အတန်းမှာ သူကတော့ ထဖြေတာပဲ ။ အရင်တုန်းက စာထဖြေတဲ့ ကျောင်းသားဆို နှိပ်ကွပ်တတ်တဲ့ ကျွန်တော်တို့ အုပ်စုလည်း မြင့်မိုလ်မျိုး ကို ကျတော့ မနှိပ်ကွပ်ရဲဘူး ဖြစ် နေတယ် ။ သူက ကျောင်းသူ အသစ်မို့ ဆိုတာထက် သူက သိပ်လှတဲ့ မိန်းကလေး တစ်ယောက် မို့ပါ ။
တစ်နေ့မှာ ဓာတုဗေဒ ဆရာမ ဒေါ်ဌေးအောင် က Equation တစ်ခုကို မေးတယ် ။ ထုံးစံအတိုင်း မြတ်မိုလ် ပဲ ထဖြေတာပေါ့ ။ ဖြေတာလည်း မှန်တယ်ခင်ဗျ ။ ဒါနဲ့ ဆရာမက ကျန်တဲ့ Equation ကို သူ့ကိုပဲအတန်းထဲက တစ်ယောက်ယောက်ကို မေးဖို့ခိုင်းတယ် ။ သူက ကျွန်တော်တို့ ယောက်ျားလေးတွေကို လှည့်ပြီးမေးတာ ။ မေးပုံကလည်း ကြည့်ဦး ။ ဒီဘက် အတန်းသားတွေထဲက ရတဲ့လူ ထဖြေပါတဲ့ ။ ထလိုက်ကြတာဗျာ ။အပြိုင်အဆိုင်ပဲ ။ ကျွန်တော့် နားက ပျားတုပ် ရော ၊ ပေါက်စီ ရော ၊ ဘယ်သန် ရောပဲ ။ ကျွန်တော်တော့ တွေဝေနေတာနဲ့မထဖြစ်လိုက်ဘူး ။
မုန့်စားဆင်းလို့ အဲဒီကိစ္စကို ပြောကြတော့ ထရပ်တဲ့ ကောင်တွေ အားလုံးက မိန်းကလေးတစ်ယောက် က မေးတာကို မခံချင်လို့ ငါတို့လည်း သိတယ်ဆိုတဲ့ စိတ်နဲ့ ဖြေတာလို့ တစ်လေသံတည်း ထွက်ကြတယ် ။ တော်တော် ဟားရတယ်ဗျာ ။ သူတို့ ဘာကြောင့် ထရပ်တယ်ဆိုတာ ကျွန်တော် သိနေတာပဲ ၊ အားလုံးလည်း သိကြပါတယ် ။ အလှအပကို ဘယ်သူ လွန်ဆန်နိုင်လို့လဲ ။ ကျွန်တော်တို့ နှလုံးသားတွေက အဖြူဦးစ ရင်ခုန်လွယ်စ ဆိုတော့ ပိုဆိုးတာပေါ့ ။
ဘယ်သံ နဲ့ မြင့်မြင့်ရီကလေး လည်း ပြဿနာတွေ ဘာတွေ တက်ကြတယ် ။ ထရပ်ရပါ့မလား ပေါ့လေ ။ အဲဒီ နေ့ကတည်းက ကျွန်တော်တို့ရဲ့ ' နက် 'ကို သိသွားတဲ့ ဆရာတွေ ၊ ဆရာမတွေက မြတ်မိုလ်မျိုး နဲ့ ကျွန်တော်တို့ကို ကိုင်တော့တာပဲ ။
ကျွန်တော်တို့ ထက် ပညာရော အသက်အရွယ်ရော ပြည့်စုံကြီးရင့်ပြီး ကျွန်တော်တို့ကို စင်ပေါ်က ထိုင်ကြည့်နေရတဲ့ ဆရာ ၊ ဆရာမတွေ က ကျွန်တော်တို့ ဘာဖြစ်နေတယ် ဆိုတာကို မသိဘဲ နေပါ့မလား ။ ဒါနဲ့ပဲ ကျွန်တာ်တို့ အတန်းဟာ သူ့ကို မခံချင်လို့ဆိုတဲ့ ခေါင်းစဉ်န့ စာတွေ ဘာတွေ ပြန်လုပ်လာတယ် ။ ဆရာတစ်ယောက် ဆိုတာကတော့ ဆရာ ဦးကိုကို ပေါ့ ။
ဆရာက တည်သလား မမေးနဲ့ ။ ကျွန်တော်တို့ ၈ တန်း တုန်းက သင်္ချာသင်တဲ့ ဆရာ ။ ဆရာက စာအသင်ပြလည်း ကောင်းသလား မမေးနဲ့ ။ စာသင်ရင် ဆရာ့အသံက တစ်ခန်းလုံး ဟိန်းနေတာ ။ ဆရာက ခြိမ်းခြောက်တတ် ၊ သတိပေးတတ်တဲ့ ဆရာမျိုး မဟုတ်ဘူး ။ လုပ်ပြီဟေ့ဆို အပြတ်ဘဲ ။ ဆရာ့ရဲ့ စူးရှတဲ့ မျက်လုံးကို ဘယ်ကျောင်းသားမှရင်ဆိုင်ပြီး မကြည့်ရဲဘူး ။ ဆရာက ကြိမ်လုံး မကိုင်ပါဘူး ။ သူ့လက်ဝါး ၊ မြေဖြူခဲ ၊ Duster နဲ့တင် ကျွန်တော်တို့ ကြောက်နေရတာ ၊ ၈ တန်း သင်တဲ့ ဆရာဆိုပြီး ကျွန်တော်တို့ ဆရာ့ကို ပြက်ရယ် မပြုရဲဘူး ။ အဲဒီ ၈ တန်း ကတည်းက ကြောက်ခဲ့ရတာ ဖိန့်ဖိန်တုန် မဟုတ်လား ၊ ကျောင်းတစ်ကျောင်းလုံးမှာ ကျောင်းသားတိုင်း ကျောင်းအုပ်ဆရာကြီး ထက် ဆရာ့ကို ပိုကြောက်ကြတာ အမှန်ပဲ ။
ဆရာ ကျွန်တော်တို့ အတန်းကို ဝင်ခါစက ကျွန်တော်တို့ ကြောင်သွားတာ ။ ဖြစ်ချင်တိုင်း ဖြစ်ပြီး ဆူညံနေတဲ့ ကျွန်တော်တို့ အတန်းထဲကို ဆရာက ခပ်တည်တည် ဝင်လာရင်း ခုံမှာ ဝင်ထိုင်တယ် ။ ဆရာလည်း ထိုင်ပြီးရော ကျွန်တော်တို့ တစ်တန်းလုံး ငြိမ်သွားတာပဲ ။
“ ကဲ...ဒီနေ့ကစပြီး မင်းတို့အတန်းကို ငါ ကိုင်တယ်ကွာ ... ဘယ်သူ ဘာပြောချင်တာ ရှိလဲ ”
ဘယ်သူ က ဘာပြောရမှာလဲ ။ ကျွန်တော်တို့ အားလုံး ၈ တန်း တုံးက ဆရာ့တပည့် ဖြစ်ခဲ့ဖူးတဲ့သူ ချည်းပဲ ။ ဆရာ့ လက်သံ ဆရာ့လွှမ်းမိုးမှုကို ခံခဲ့ရတဲ့ လူချည်းပဲ ။
“ ကဲ .. မင်းတို့ ပြောစရာ မရှိရင် ငါ ပြောတာ နားထောင် ... ငါတော့ ပြောစရာရှိတယ် ... မင်းတို့ အဆင့်တွေ မင်းတို့ မှတ်မိကြလား ”
ဆရာ့စကားကို ဘယ်သူမှ ဘာပြန်ဖြေရမှန်း မသိဘူး ။ တစ်တန်းလုံးဟာ ကြောင်ပြီး တိတ်နေတယ် ။ ဆရာက ပြုံးတယ် ။ ဆရာ ပြုံးတာကို ကျောင်းသားတိုင်း ကြောက်ကြပါတယ် ။
“ ဟေ့ကောင်တွေ ...၆ လပတ် တုန်းက မင်းတို့ ရခဲ့တဲ့ အဆင့်ကို ပြောတာ မှတ်မိလား ”
“ မှတ်မိပါတယ် ”
ကျွန်တော်တို့ အတန်းရဲ့ ပထမဦးဆုံး သံပြိုင်အော်တဲ အသံပါ ။
“ ဟုတ်ပြီ ... မှတ်မိရင် အဆင့် ( ၁ ) ထစမ်း ”
ဆရာ့စကား ဆုံးတော့ သက်ချိုဦး ဘေးနား ပို့လိုက်တယ် ။ မမြင့်ဌေး လည်း ဆရာ့ကို ကြောက်တော့ လာရတာပေါ့ ။ ဆရာက နေရာပြောင်းပြီးသည် အထိ ကြည့်နေတယ် ။ ကျွန်တော်တို့လည်း ဘာလုပ်တယ် ဆိုတာကို လုံးဝ မသိဘူး ။ ယောက်ျားကလေး တစ်တန်း မိန်းကလေး တစ်တန်း သပ်သပ် ထိုင်ရတဲ့ ကျောင်းမှာ ဆရာက ဘာဖြစ်လို့ မိန်းကလေး ကို သက်ချိုဦး အနား ပို့ရတာလဲ ။
“ သက်ချိုဦး မင်းဟာ အဆင့် ( ၁ ) ရတဲ့အတွက် ဒီအတန်းထဲမှာအတော်ဆုံးလို့ အဓိပ္ပာယ်ရတယ် ... မမြင့်ဌေး က နောက်ဆုံးအဆင့်ရတဲ့အတွက် အညံ့ဆုံးလို့ အဓိပ္ပာယ်ရတယ် ... ဒီတော့ ဒီနေ့ကစပြီးမင်း ဟာ မမြင့်ဌေး ရဲ့ ဒုတိယ ဆရာပဲ ... မမြင့်ဌေး ကို စာသင်ပေး ပြပေး ၊နားမလည်တာ ရှင်းပေးပါ ... မမြင့်ဌေး စာမေးပွဲကျရင်လည်း မင်းအရိုက်ခံရမယ် ... ကြားလား ”
ကျွန်တော်တို့ တစ်တန်းလုံး တော်တော် အံ့အားသင့်သွားကြတာပေါ့ ။ ဒီလိုမျိုး တစ်ခါမှ မကြားခဲ့ဖူးဘူး မဟုတ်လား ။
“ ကဲ ... အဆင့် ( ၂ ) ထ ... အဆင့် ( ၅၉ ) ထ ”
အဲဒီလိုနဲ့ ဆရာက အဆင့်ရှေ့နောက် တွဲစီပေးလိုက်တာ ယောက်ျားလေး နဲ့ မိန်းကလေးတွေ တစ်ခန်းလုံး ရှုပ်ပွသွားတာပဲ ။ ကျွန်တော်ဆို မိန်းကလေးတွေ ၃ ယောက် ရှိတဲ့ အတန်းကို ရောက်သွားတယ် ။ ကျွန်တော်ရတဲ့ ကောင်မလေးက နွယ်နီ တဲ့ ။ ကောင်မလေးက ဝဝ နှေးနှေး လေးလေးထဲက ။ အဲဒီနေ့ကတော့ ဟိုပြောင်းဒီရွှေ့ ၊ရယ်ကြမောကြနဲ့ တစ်တန်းလုံးကို ဆူညံနေတာပဲ ။ ပျော်စရာကြီးကိုဖြစ်လို့ ၊ နေရာတွေ နေသားတကျ ဖြစ်တော့ ဆရာက ဘယ်ဆရာ ဝင်ဝင် ဒီအတိုင်းပဲ ထိုင်ရမယ်လို့ ပြောတယ် ။
မြတ်မိုလ် ကတော့ ခင်သက်ကြူ ဆိုတဲ့ ကောင်မလေးနဲ့ တွဲရတယ် ။ သူက ၆ လပတ် မဖြေရလို့ အဆင့်သတ်မှတ်ချက် မရှိပေမယ့် ဆရာက တွဲပေးတာပါ ။ မြမိုလ် တို့ အတန်းမှာ ဘေးက ဇော်ဝင်း ၊ ပြီး မြင့်မောင် ။ အဲဒီနေ့က ဆရာက သီအိုရမ် ၂ဝ ကို သင်တယ် ။
“ ကဲ ... မနက်ဖြန်ကို ဒီသီအိုရမ် ကို ကြိုက်တဲ့လူ ဘောမှာ ထွက် တွက်ခိုင်းမယ် ... ငါ ထွက်ခိုင်းတဲ့ လူက တပည့်ဖြစ်နေပြီး တွက်လို့ မရရရင် သူ့တွဲဖက် ဆရာပါ အရိုက်ခံရမယ် ... တွဲဖက်ဆရာ ဆိုရင်တော့ သူ တစ်ယောက်ပဲ အရိုက်ခံရမယ် ”
ဒုက္ခက အဒီတော့မှ စတာပါ ။ ကိုယ့်ကိုယ်ကိုက ကိစ္စမရှိဘူး ။ တွဲဖက်က မရရင် ကိုယ်က အချောင် အတီးခံရမှာ ။ ကိုယ်က ကျေညက်အောင် အရင်လုပ် ။ ပြီးရင် ကိုယ့်တွဲဖက်ကို မေး ။ သူ မရရင် ရအောင် ရှင်းပြ ၊ သူ့ကို စိတ်မချလို့ အကြိမ်ကြိမ် လေ့ကျင့်ပေးရနဲ့ ဖတ်ဖတ်ကို မောရောဗျာ ။
နောက်နေ့ကျတော့ ဆရာက ၄ ယောက်ကို ထွက်တွက်ခိုင်းပါတယ် ။ အားလုံး တွဲဖက်တွေ ချည်းပဲ ။ တွဲဖက်တွေအားလုံး မှန်အောင် တွက်နိုင်တော့ ဆရာက တွဲဖက်ဆရာတွေကိုပါ ထည့် ချီးကျူးပါတယ် ။နောက် ၃ ရက် ကြာတော့ အောင်ချို ဆိုတဲ့ကောင် ခရီးသွားပုစ္ဆာ ထွက် တွက်ခိုင်းတာ မှားလို့ သူ့တွဲဖက်ဆရာ ခင်အေးဟန် ပါ အတီးခံရတယ် ။ အောင်ချို က ၂ ချက် ၊ ခင်အေးဟန် က တစ်ချက်ပိုတယ် ၃ ချက် ။
ခင်အေးဟန် က သူရကြောင်း သူ့ကို မရိုက်ဖို့ အကြောက်အကန် တောင်းဆိုပေမယ့် ဆရာက ခွင့် မပြုဘူး ။ တပည့် မကောင်းတာ ဆရာညံ့လို့ပဲ ဆိုပြီး တီးတာပဲ ။
“ မင်းကို ဘာဖြစ်လို့ တစ်ချက် ပိုရိုက်တာလဲ သိလား ... မင်းဟာ အောင်ချို ကို နားလည်အောင် မသင်နိုင်တဲ့ တွဲဖက် ဆရာမို့ ဆရာတာဝန် မကျေလို့ပဲ ”
ဆရာ ဟာ ကျွန်တော်တို့ကို တမင် ပညာပေးနေတာပါ ။ ဆရာတွေကို ကန့်လန့်လုပ်နေတဲ့ ကျွန်တော်တို့ကို ဆရာ လုပ်ရတာ ဘယ်လောက် တာဝန်ယူရတယ် ၊ ဘယ်လောက် ခက်တယ် ၊ ဆရာ့ သိက္ခာဆိုတာ တပည့်မှာရှိတယ်ဆိုတာကို လှလှပပ ပညာပေးနေတာပါ ။ ပြီးတော့ စာမလုပ်ချင်တဲ့ ကျွန်တော်တို့ကို စာလုပ်ဖြစ်အောင် အချင်းချင်း ပြန်ခိုင်းသွားတာပါ ။ တော်တော်ကလေးလှတဲ့ Idea တစ်ခု အဖြစ် ကျွန်တော် အခုထိ မှတ်မိနေပါတယ် ။
ကျွန်တော်တို့ အုပ်စုဟာ ဆရာဦးကိုကို ရယ် ၊ မြတ်မိုလ် ရယ် ၊ ကိုယ့်တွဲဖက် တပည့်ရယ်ကြောင့် စာမလုပ်လို့ မရ ဖြစ်လာပါတယ် ။ ပထမအစမ်းမှာ 1 to 30 ထဲ ပါဖို့ အားလုံးကြိုးစားရပါတယ် ။ အဆင့် 30 နောက် ရောက်သွားရင် ကိုယ်က တွဲဖက်တပည့်ဖြစ်တော့မှာကိုး .... ။
ဒါ ကျွန်တော်တို့ အတန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်ပါ ။
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်ကတော့ ကျွန်တော်တို့ အားလုံးအတွက် မြတ်မိုလ် ပါပဲ ။
ကျွန်တော့်စိတ်ထင်ကတော့ မြတ်မိုလ် ကို တစ်ကျောင်းလုံးက ဝိုင်းကြိုက်နေတယ် ထင်တာပဲ ။ ကျွန်တော်လည်း ဒီတစ်ခါတော့ ကြိုက်ပါတယ် ။ ကြိုက်တာမှ လူငယ်တစ်ယောက် ဘဝ အရူးအမူးကို ကြိုက်တယ် ။ ပေါက်စီ နဲ့ ပျားတုပ် လည်း ကြိုက်နေကြတာပါပဲ ။ ဒါပေမယ့် ဒီကောင်တွေက ဒိုင်လျှို သမားတွေ ။
ကျွန်တော်ကတော့ မရဘူး ။ ချစ်နေတာကြီး တစ်ခုကို ရင်ထဲမှာ ထားပြီး ဟန်ဆောင်နေရတယ် ဆိုတာ တော်တော် ပင်ပန်းတယ်ဗျာ ။ ဒီတော့ ကျွန်တော် မြတ်မိုလ် ကို ခင်အောင် ပေါင်းတယ် ။ သူနဲ့ စာအကြောင်း ပေအကြောင်းတွေ ဆွေးနွေးတယ် ။ ကျွန်တော့် တွဲဖက် နွယ်နီ့ ကို ဘယ်လို သင်ပေးသင့်သလဲ စသည်ဖြင့် အကြံ ဉာဏ်တွေဘာတွေ တောင်းတယ် ။ သူ့တွဲဖက် ခင်သက်ကြူ နဲ့လည်း ရင်းနှီးအောင် ပေါင်းတယ် ။ မြတ်မိုလ် ရဲ့တွဲဖက် ခင်သက်ကြူ က ရုပ်အဆိုးကြီးတော့ မဟုတ်ပါဘူး ။ အသားဖြူဖြူ နဲ့ ကြည့်ကောင်းပါတယ် ။
ဒါပေမယ့် မျက်လုံးက နည်းနည်း စောင်းနေတယ် ။
“ နွယ်နီ အတွက် စိတ်ညစ်တယ် မြတ်မိုလ် ရာ ... သူက မကြိုးစားတာ ဝီရိယ မရှိတာ ၊ မထက် မြက်တာ မဟုတ်ဘူး ... ဉာဏ်ကို ထိုင်းတယ် ... လက္ခဏာ တူချင်း မြှောက်ရင် အပေါင်း ၊ လက္ခဏာ မတူတာ မြှောက်ရင် အနုတ် ရတယ်ဆိုတာကို ခုထိ တွက်ရင် ဘယ်တော့မှ မမှန်ဘူး ... ကျွန်တော် ပြောတာ အကြိမ်တစ်သန်းလောက် ရှိတော့မယ် ”
“ ဥပမာလေးတွေနဲ့ ပြောပြပေါ့ ”
“ ဘယ်လို ဥပမာပေးရမလဲ ”
“ ဒီလိုလေ ယောက်ျားလေးတစ်ယောက် နဲ့ ယောက်ျားလေး တစ်ယောက်တွေ့ရင် သူငယ်ချင်း ... မိန်းကလေးနဲ့ မိန်းကလေး တွေ့ရင် သူငယ်ချင်း .... ယောက်ျားလေး နဲ့ မိန်းကလေး တွေ့ရင် သမီးရည်းစား ဖြစ်ရော .. အဲဒါ အနုတ် လက္ခဏာပဲလို့ ”
ကျွန်တော့်ကို သွယ်ဝိုက်သောနည်းနဲ့ သတိပေးတာလား ဘာလားတော့ မသိဘူး ။ ကျွန်တော်ကတော့ ဒီ ဥပမာကို တော်တော်လေးကို သဘောကျတယ်ဗျာ ။ အဲဒီလို ဖြတ်ထိုးဉာဏ် ကောင်းတာ ကိုလည်း မြတ်ဗိုလ် ကို အမှတ်ပေးနေမိတယ် ။
တစ်နေ့ အခန်းထဲမှာ English Essay တစ်ပုဒ် ရေးတင်ရတယ် ။
ခေါင်းစဉ်က My Best Fruit တဲ့ ။
ကျွန်တော်က အကြိုက်ဆုံးအသီး ကို သရက်သီး အကြောင်း ရေးတာပါ ။
“ ကျွန်တော့် အိမ်ရှေ့မှာ သရက်ပင် ၃ ပင်ရှိပါသည် ။ သရက်သီးသည် ဈေးပေါသည် ။ လူတိုင်းကြိုက်သည် ။ ကျွန်တော် အရမ်းကြိုက်သည် ... ”
ဘာညာပေါ့ဗျာ ။ အဲဒီမှာ သရက်သီး မှည့်တာကို ရေးခါနီးမှာ မှည့်တဲ့ စကားလုံးကို ကျွန်တော်မေ့နေတာ ripe ပါ ။ ကျွန်တော် စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ။ ဒါနဲ့ပဲ ကျွန်တော်လည်းမထူးဘူးဆိုပြီး - The fall is comedown to the earth . The mangoes are green to yellow ... ဆိုပြီး ရေးလိုက်တယ် ။
နောက်နေ့ကျတော့ အင်္ဂလိပ်ဆရာကြီး ဦးသန်းဝေ က ကျွန်တော့် တစ်ယောက်တည်းကို ချီးကျူးတယ် ။ ဝေါဟာရ ကြွယ်ရမယ် ၊ လွယ်လွယ်လေးနဲ့ လှအောင် ရေးတတ်ရမယ် ၊ အက်ဆေး ဆိုတာ ရေးတတ်ရင် လွယ်တယ် ဘာညာဗျာ စုံနေတာပဲ ။ ကျွန်တော်လည်း နည်းနည်းတော့ စိတ်ထဲမှာ ရှက်တာပေါ့ ။ ကိုယ်ကမေ့နေလို့ ရအောင်ရေးတာပဲ ရှိတာကိုး ။
မုန့်စားဆင်းတော့ ကျွန်တော့်ကို မြတ်မိုလ် က ကွန်ကရက်ကျူလေးရှင်း လာလုပ်တယ် ။ တော်တယ်ပေါ့ဗျာ ။ ကျွန်တော် သူ့ကိုတော့ အမှန်အတိုင်း ရှင်းပြပါတယ် ။
“ ဒီလိုရေးနိုင်တာပဲ လွယ်လို့လား ”
“ ငါက အမှန်အတိုင်း ပြောပြတာပါ ”
“ ဘာပဲဖြစ်ဖြစ် ငါကတော့ နင့်ကို သဘောကျတယ် ။ နင်နဲ့ ငါနဲ့ အင်္ဂလိပ်စာ ဆွေးနွေးမယ်ဟာ ။ ငါက အက်ဆေးနည်းနည်း ညံ့တယ်ဟ ”
မြတ်မိုလ် နဲ့ ကျွန်တော့် ဆက်ဆံရေးက နင် / ငါ ဖြစ်သွားပါပြီ ။ မြတ်မိုလ် ပြောတာနဲ့ ကျွန်တော်လည်း အင်္ဂလိပ်စာကို အသေအလဲ လုပ်ရတာပေါ့ ။ He die in action while fighting a battle ... အစရှိတဲ့ မဟာဗန္ဓုလ အကြောင်းတွေ ဘာတွေဆို အလွတ်ကို ကျက်ပစ်လိုက်တာ... ။ Text Book ထဲက မဟာဗန္ဓုလအကြောင်း တစ်ပုဒ်လုံး အလွတ်ရတဲ့ ကျွန်တော့် ကို မြတ်မိုလ် က အထင်တွေ ဘာတွေကြီးလို့... ။
အဲဒီမှာပဲ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ် ။ မြတ်မိုလ် ကို စာပေးတော့မယ်လို့ ... ။
ဘောဒါတွေ အားလုံးက ဝိုင်းကန့်ကွက်ကြပါတယ် ။ မဖြစ်နိုင်ဘူးပေါ့လေ ။ အခင်မင်ပျက်တာပဲ အဖတ်တင်မယ်ပေါ့ ။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံတယ် ။ မိန်းကလေး ဆိုတာက တစ်ခါတစ်လေ ရုပ်ရည်ထက် အရည်အချင်း ဆိုတာထက် အထင်ကြီးတာကို ပိုသဘောကျတတ်တယ် မဟုတ်လား ။ ဘယ်မိန်းကလေး မှအထင်မကြီးတဲ့ လူကို မချစ်ဘူး ။
ဒီတော့ ကျွန်တော် ရည်းစားစာ ရေးတယ် ။
ရည်းစားစာရေးရတာ ၁ဝ တန်း ဖြေရတာထက်တောင် ခက်သေးတယ်ဗျာ ။ တစ်ပတ်လောက် ကြာတယ် ။ ပြင်ဆင် ၊ ဖြုတ် ၊ ဖြတ် ၊ ထပ်ဖြည့် ၊ ပြန်ဖြုတ် တွေနဲ့ စုံနေတာပဲ ။ နောက်ဆုံး လျှောက်လွှာ စာရွက်လေးနဲ့ လေးရွက်ရတယ် ။
“ မင်းတို့ လိုက်ခဲ့ကွာ ငါက ဒီလိုပဲ စကားပြောရင်း အသာ ကပ်ထည့်မှာပါ ”
ကျွန်တော် တောင်းပန်ပြီးခေါ်ပေမယ့် ဘယ်ကောင်မှ မလိုက်ဘူး ။ သူတို့ကလည်း ကြိုက်နေတာကိုး ... သူတို့လဲ စာမပေးရဲဘူး ။ စာပေးမယ့် ကျွန်တော့်ကိုလည်း အားမပေးဘူးပေါ့ဗျာ ။
နောက်ဆုံး ဘယ်သန် တစ်ယောက်ပဲ ရတယ် ။ သူကတော့ မြင့်မြင့်ရီလေး ရှိနေတာကိုး ။
ဒါနဲ့ ကျောင်းဆင်းတော့ ကျွန်တော်ရယ် ဘယ်သန် ရယ် မြမိုလ် နဲ့ ခင်သက်ကြူ နောက်ကို လိုက်လာကြတယ် ။ အရင်ကလည်း မြတ်မိုလ် နဲ့ ကျွန်တော် ကျောင်းဆင်းရင် ဒီလိုပဲ စကားပြောပြီး ဘီအိုစီ အထိတော့ ပြန်နေကျပါ ။ ဒီနေ့တော့ ကျွန်တော် ရင်နည်းနည်း တုန်နေတာ အမှန်ပဲ ။ ဒါပေမဲ့ ကျွန်တော် ရင်နည်းနည်း တုန်နေတာအမှန်ပဲ ။ ဒါပေမဲ့ စကားကို ထိန်းပြီးပြောပါတယ် ။
“ ပထမအစမ်းပြီးရင် ဆရာက လူပြန်ခွဲဦးမှာလား ရဲဝင်း ”
“ အင်း ... ခွဲမယ်တဲ့ ၊ ဒါပေမယ့် ကိုယ့်တွဲဖက်နဲ့ ကိုယ်အဆင်ပြေလို့ မခွဲချင်လည်း ရတယ်တဲ့ ”
“ ဟာ ... မြတ်မိုလ် ကတော့ ခင်သက်ကြူ နဲ့ အရမ်းရင်းနှီးနေပြီ ၊ တွဲဖက်တွေ ဘာတွေလည်း မရှိတော့ပါဘူး ။ တကယ်တော့ သူငယ်ချင်းလို ညီအစ်မလို ဖြစ်နေပြီ ၊ နော် ကြူ နင် ရော ... နွယ်နီ နဲ့ အဆင်ပြေရဲ့လား ”
“ သူကတော့ ထုံးစံအတိုင်းပဲ ထုံဆဲ ညံ့ဆဲပဲ ။ ဒါပေမဲ့ဟာ နောက်တစ်ယောက် ဆိုတာတော့ ငါလည်း မပြောင်းချင်တော့ဘူး ”
“ အဲဒါ သံယောဇဉ်ပေါ့ဟ ”
“ ဒါပေါ့ ... ”
သံယောဇဉ်လို့ စကားပြောပြီး ပြန်အလှည့်မှာ ကျွန်တော် စာကို မြတ်မိုလ် လွယ်အိတ်ထဲ ထည့်လိုက်တယ် ။ ဘယ်သန် လည်း မြင်တယ် ။ ကျွန်တော် ရင်တွေတုန်လို့ ... လက်ဖျားတွေ ချွေးစေးတွေ ရွှဲပြီး အေးစက်နေတာပဲ ။
xxxxx xxxxx xxxxx
နောက်နေ့ ကျောင်းရောက်တော့ ကျွန်တော် မြတ်မိုလ် ကို မကြည့်ရဲဘူး ။
မနက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့် စွန့်စားခန်းကို ဘယ်သန် က ပြောပြလို့ ... ဟိုကောင်တွေ ကျွန်တော့်ကို ကျိတ်မနာလို ဖြစ်နေကြတာ ... ။ ကျွန်တော် သိသားပဲ ။ ဒါပေမယ့် မြတ်မိုလ် ကိုတော့ မကြည့်ရဲဘူးဗျာ ။ မုန့်စားကျောင်းဆင်းတော့ မြတ်မိုလ် က ဂါဒီယမ်း ( အင်္ဂလိပ်စာ လေ့ကျင့်ရေးစာစောင် ) ကလေးကိုင်ပြီးမြတ်မိုလ် က ကျွန်တော့်ခုံကို ရောက်လာတယ် ။
ရင်တွေ တုန်လိုက်တာဗျာ ။ ဟိုကောင် တွေလည်း ကျွန်တော့် ကို တအံ့တဩကို ဖြစ်လို့ ။ မြတ်မိုလ် က ပြုံးလို့ရယ်လို့ ကိုးဗျ ။
“ ရဲဝင်းရေ Verb Form ကတော့ ငါအဆင်ပြေသွားပြီ ။ Word Form တွေ ပြဟာ .. ငါ ဖြေကြည့်တာ သိပ်မရဘူးဟ...ဒီနံပါတ် ( d ) ရဲ့ အစက T တဲ့ ။ အဲဒါ Teacher လား Technique လား ”
ကျွန်တော် ရင်တုန်ပန်းတုန်နဲ့ ဖတ်ရတယ် ။
“ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တာဆိုတော့ ဆရာ ဘယ်ဟုတ်ပါ့မလဲ ၊ Technique ပေါ့ဟ ”
မုန့်စားကျောင်း ဘယ်လို တက်သွားမှန်းတောင် ကျွန်တော် မသိလိုက်ဘူး ။
နောက်နေ့တွေမှာလည်း မြတ်မိုလ် က ဒီလိုပဲဗျာ ။ အရင်နေ့တွေက အတိုင်းပဲ ။ စိတ်ဆိုးတာ ၊ ကျွန်တော့်ကို ခပ်တန်းတန်း ဖြစ်သွားတာမျိုး လုံးဝမရှိဘူး ။ ပေါက်စီ ၊ ပျားတုတ် နဲ့ သခေါ တောင် ကျွန်တော့်ကိုလန့်နေကြတယ် ။ ကျွန်တော်က စာထဲမှာ တစ်ပတ်ပြည့်ရင် အဖြေပေးပါလို့ ရေးထားတာကိုး ။
တစ်ပတ်ပြည့်တဲ့ မနက်ကျတော့ ကျွန်တော့် ဘော်ဒါတွေ နဲ့ ကျောင်းထိပ်မှာ ရပ်နေကြတယ် ။ ကျွန်တော် ရင်တွေတုန်ပုံများ မပြောပါနဲ့တော့ ။ ကျန်တဲ့ကောင်တွေလည်း ကျွန်တော်နဲ့ ရောပြီး ရင်တွေ တုန်နေကြတယ် ။ ရ နာရီ ထိုးခါနီး ၁ဝ မိနစ်လောက် မှာ မြတ်မိုလ် နဲ့ ခင်သက်ကြူ ရောက်လာကြတယ် ။ မြမိုလ် က ကျွန်တော့်ကို ပြုံးပြပြီးအဆောင်နောက် ကို လာခဲ့နော်လို့ ပြောသွားတယ် ။
ပျော်လိုက်တာဗျာ ။ ကျွန်တော့် တစ်ကိုယ်လုံးကို လေတွေ တဟူးဟူး တိုက်နေသလိုပဲ ။ ကျွန်တော် နဲ့ ဘယ်သန် ရောက်သွားတော့ မြတ်မိုလ် တစ်ယောက်တည်း စာအိတ်ကလေးကိုင်လို့ စောင့်နေတာ ခင်ဗျာ ။ အသက်ရှူမတတ် ဖြစ်နေတဲ့ ကျွန်တော့်ကို မြတ်မိုလ် က စာအိတ်လှမ်းပေးရင်း ပြုံးပြီး ပြောတယ် ။
“ သစ္စာရှိရှိ ချစ်ရမယ်နော် ... ရဲဝင်း ”
မတ်တတ်က ငြိမ်သက် အိပ်မ က် ထဲ နစ်မြုပ်နေသူလို ကျွန်တော် ကျန်ခဲ့တယ် ။ ဘယ်သန် ပြောတော့ ကျွန်တော် ၂ မိနစ်နီးပါးလောက် အဲဒီလို ဖြစ်နေတာတဲ့ ။ ဘယ်သန် ရဲ့ ဖတ်လေကွာ ဖတ်လေကွာ ဆိုတဲ့ အသံကိုသာ မကြားရင် ကျွန်တော် ဘယ်လောက် ဆက်ပြီး အဲဒီလိုကြီး နေဦးမလဲ မသိဘူး ။ စာအိတ်ကို ဖောက်တော့ ကျွန်တော့်လက်တွေ အရမ်းတုန်နေတယ် ။
ရဲဝင်း ...
နင့်အချစ်ကို ငါ လက်ခံပါတယ် ။
အချစ်အတွက်ကြောင့် ပညာရေး မထိခိုက်စေချင်တာ ဆန္ဒအမှန်ပါ ။
နင်လည်း စာကြိုးစားနော် ... ။ ငါ့ကို သစ္စာရှိရှိ ချစ်ပါ ။
ခင်သက်ကြူ
“ ဟာ ... မဟုတ်ဘူး ။ မဟုတ်ဘူး ... ခင်သက်ကြူ မဟုတ်ဘူး ”
ကျွန်တော် သွေးရူးသွေးတမ်း နဲ့ အော်ပေမယ့် မြတ်မိုလ် က မရှိတော့ပါဘူး ။ ဘယ်သန် က စာကို အတင်းလုဖတ်ပြီး ဘယ်လို ဖြစ်တာလဲလို့ မေးတယ် ။ ကျွန်တော်လည်း ဘယ်သိမှာလဲ ။ ဘာတွေဖြစ် ကုန်တယ်ဆိုတာ ကျွန်တော် လုံးဝ မသိနိုင်တော့ဘူး ။
အတန်းထဲရောက်တော့ မြတ်မိုလ် က ပုံမှန်ပါပဲ ။ ခင်သက်ကြူ ကလည်း ပုံမှန်ပါပဲ ။ ကျွန်တော်ချက်ချင်း သွားရှင်းချင်ပေမယ့် အတန်းသားတွေနဲ့မို့ မုန့်စားဆင်း တဲ့အထိ စောင့်ရတယ် ။ မုန့်စားဆင်း တော့ကျွန်တော်တောင် သွားစရာ မလိုပါဘူး ။ မြတ်မိုလ် က ဂါးဒီးယန်း သတင်းစာကလေးနဲ့ ရောက်လာတယ် ။
“ မြတ်မိုလ် ... နင်မှားနေပြီ မြတ်မိုလ် ”
“ ငါ မှားနေပြီ ... ဘာလဲ ... ဪ သိပြီ ခင်သက်ကြူ ကိုပါ မခေါ်ခဲ့လို့လား ဟေ့ ခင်သက် ... ”
“ မဟုတ်ဘူး ... မဟုတ်ဘူး ...ငါ စာပေးတာ ခင်သက်ကြူ ကို မဟုတ်ဘူး ”
“ ဟင် . ဒါဆို စာက ဘယ်လိုလုပ်ပြီး ခင်သက်ကြူ လွယ်အိတ်ထဲ ရောက်နေတာလဲ .. ခင်သက်ကြူ က ပြီးခဲ့တဲ့ ၃ ရက် လောက်ကမှ ငါ့ ကို တိုင်ပင်လို့ ငါ က သဘောတူတယ် ဆိုပြီး သူ့ကို တိုက်တွန်းပေးရတာ ”
“ ငါက သူ့ကို ပေးတာ မဟုတ်ဘူးဆို... ”
“ သူ့ကို မပေးရင် စာက ဘယ်လိုလုပ် သူ့ လွယ်အိတ်ထဲ ရောက်နေလဲ ”
ကျွန်တော်လည်း မရှင်းတတ်တော့ဘူး ။ နင့်ကို ပေးတာ မြတ်မိုလ် လို့ ကျွန်တော် မပြောရဲတာလည်း အမှန်ပဲ ။ ကျွန်တော့်အကြောင်း သိသွားတော့ ပျားတုပ် တို့ကတော့ တဟားဟား ပေါ့ဗျာ ။ ကျွန်တော် မြတ်မိုလ် လွယ်အတ်ထဲကို သေသေချာချာ ထည့်တာပါ ။ ဒါပေမယ့် အဲဒီတုန်းက ရင်ခုန်နေတော့ ကျွန်တော်ပဲ မှားထည့်မိသလား ။ ဘာမှ တွေးလို့ မရတော့ဘူး ။ ဘယ်သန် ကတော့ ကျွန်တော် စာထည့်တာ မြတ်မိုလ် လွယ်အိတ်လို့ပဲ ပြောတယ် ။
သေချာတာကတော့ ခင်သက်ကြူ က အဖြေပေးနေပြီ ။ ရတာ မလို လိုတာ မရ ဆိုတဲ့ စကားပုံက ကျွန်တော်နဲ့ ကွက်တိကို မှန်နေတာ ပေါ့ဗျာ ။ ကျွန်တော့် အမှားက မြတ်မိုလ် ကို ပေးတဲ့စာမှာ နာမည် ထည့်မရေးဘဲ မင်း နဲ့ ကိုယ် နဲ့ ရေးထားတာပါပဲ ။ နောက်ဆုံး Sign ထိုးတော့မှ ကျွန်တော့်နာမည်ကို ထိုးလိုက်တာကိုး ။
ပျားတုပ် ကတော့ ...
“ အလကားနေရင်း ရည်းစားတစ်ယောက် ရတာပဲကွာ ... ယူလိုက်ပေါ့ကွာ ” တဲ့ ။ ကျွန်တော်မှ ခင်သက်ကြူ ကို မကြိုက်တာ ။ ဘယ်လို လုပ်ရမလဲ ။ ခင်သက်ကြူ ကို အမှန်အတိုင်း ဖွင့် ပြောမယ် လုပ်တော့ သူငယ်ချင်းတွေက “ သူက မင်းကို အဖြေ ပေးထားတာ ...မင်းက ဒီလို သွားပြောရင် ခင်သက်ကြူ အရမ်း ရှက်သွားမှာပေါ့ ” တဲ့ ။
ဒါလည်း ဟုတ်တာပဲ ။ မိန်းကလေးတစ်ယောက် ကို မချစ်တာ မချစ်လို့ ရတယ် ။ သူ့ ဂုဏ်သိက္ခာကိုတော့ စော်ကားခွင့် မရှိဘူးဆိုတာ ကျွန်တော် သိတယ် ။ ကျွန်တော့်မှာ ဘာလုပ်ရမှန်းကို မသိပါဘူးဗျာ ။ တကယ့် အရူးမီးဝိုင်းပါပဲ ။ မြတ်မိုလ် ကိုလည်း ရှက် ။ ခင်သက်ကြူ ကို လည်း မျက်နှာပူ နဲ့ နောက်ဆုံးတော့ မြတ်မိုလ် ကိုပဲ အကူအညီတောင်းရတယ် ။
“ ဒါဆိုရင်လည်း ပြီးရောလေ ... ငါ ခင်သက်ကြူ ကို နားလည်အောင် ပြောပေးပါ့မယ် ”
“ တကယ်ပါဟာ ... ဒီစာကို ငါပေးတာမဟုတ်ပါဘူး ... တစ်ယောက်ယောက်က နောက်ပြီး ထည့်တာပဲ နေမှာပါ ဘယ်လို လုပ်မလဲ ”
“ ခင်သက်ကြူ အဖြေပေးတဲ့ စာသာ ငါ့ကို ပြန်ပေးပါ ငါ မပေး ပေးဘူးလို့ ပြောလိုက်ရင် ပြီးရောပေါ့ ... ဒီ အကြောင်း နင် ဘယ်သူ့ကိုမှတော့ မပြောရဘူးနော် ”
“ စိတ်ချပါဟာ ”
မြတ်မိုလ် ဘာတွေ လုပ်လိုက်သလဲတော့ မသိဘူး ။ ကျွန်တော် ကသာ မျက်နှာပူနေတာ ခင်သက်ကြူ တော့ အေးအေးဆေးဆေး ခေါ်ခေါ်ပြောပြော ပါပဲ ။ မြတ်မိုလ် ကို ထပ်လိုက်တဲ့ လူတွေ ရှိပေမယ့် တစ်ယောက် မှ မရကြပါဘူး ။ ဒီလိုနဲ့ စာမေးပွဲ ဖြေကြရတယ် ။
ကျွန်တော် စာမေးပွဲ အောင်ပါတယ် ။
ခွာကောင်းပေမယ့် မြင်းလိပ်ပြီး D တွေ ဘာတွေတော့ မပါဘူး ။ မြတ်မိုလ် ကတော့ D နှစ်လုံး ပါပြီး စိုက်ပျိုးရေးတက္ကသိုလ် ရသွားတယ် ။ အမှတ်စာရင်းတွေ သွားထုတ်ပြီး တက္ကသိုလ်ဝင်ခွင့်တွေ တင်ပြီးတဲ့နောက် တက္ကသိုလ်ရောက် မှ ကျွန်တော် နဲ့ ဗိုလ်တထောင်တက္ကသိုလ် အတူတူ တက်ခဲ့ရတဲ့ ခင်သက်ကြူ က ပြောပြတယ် ။
“ အဲဒီတုန်းက နင်စာထည့်တာ သူ့လွယ်အိတ်ထဲကိုပါပဲ ... သူက နင့်ကို မကြိုက်ဘူး ဟ ... ခင်တာတော့ အရမ် းခင်တယ် ... အဲဒါကြောင့်မို့ ငါ နဲ့ ပေါင်းပြီး ကြံတာ ... နင့် ဖြစ်ပုံကို ကြည့်ပြီး ငါတို့မှာ ရယ်ရခက် ငိုရအခက် သိလား ”
ကျွန်တော် အချိန်တော်တော်ကြာအောင် မကျေမနပ်ဖြစ်နေတဲ့ စိတ်ဒုက္ခက လွတ်သွားပါတယ် ။ ကျွန်တော် ပျဉ်းမနား တက္ကသိုလ်မှာ တက်နေတဲ့ မြတ်မိုလ် ကိုလည်း စိတ်မဆိုးတော့ပါဘူး ။
အခုအချိန်မှာ ကျွန်တော်ချစ်တာကလည်း မြတ်မိုလ် မဟုတ် တော့ဘူးလေ ။ တစ်ခုတော့ သင်ခန်းစာ ရလိုက်ပါတယ် ။ ရည်းစားစာ ပေးရင် ကိုယ်ကပေးမှန်း သိအောင် ပေးရတယ်ဆိုတာ လေးပါ ။
◾နီကိုရဲ
📖 လွယ်အိတ်ထဲက အလွဲများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment