Thursday, September 2, 2021

ဆံပင် မဖြီးမသင် မုတ်ဆိတ်မှင် သူမရိတ် ဆေးလိပ်တို တဖွာဖွာပေါ့


 

❝  ဆံပင် မဖြီးမသင် မုတ်ဆိတ်မှင် သူမရိတ် ဆေးလိပ်တို တဖွာဖွာပေါ့ ❞

“  ဟေ့ကလေးမ ကြည့်စမ်း ၊ ဝါဆိုဝါခေါင် တောင်သမန်ရဲ့အလှ ။ ရေပြည့်လျှံစ တမျှော်တခေါ် ၊ အင်းရေ ပြင်ကြီးက စိမ်းလို့ ၊ ကြည်လို့ ၊ အေးလို့ ။ လထွက်ခါနီးဆိုတော့ အင်းရေပြင်မှာပေါ်မှာ မလင်းတလင်း ။ လေစိမ်းတွေကလည်း ကြမ်းကြမ်းရမ်းရမ်း တိုက်နေလိုက်တာ ”

“ ဒီမှာကလေးမ ၊ လေစိမ်းဆိုတာ ဒီလို လေမျိုးကို ခေါ်တာရယ် ”

“ ညည်း သိရဲ့လား ။ အေး ... ပြီးတော့ နားထောင်ကြည့်စမ်း ။ အင်းလှိုင်းလုံးတွေ တို့လျှောက်နေတဲ့ တံတားအောက်ခြေကို လာပြီးတော့ ရိုက်နေတဲ့အသံ ”

“ ဝုန်းခနဲ ဝုန်းခနဲ ”

“ ဘယ်လောက် ယစ်မူးစရာကောင်းတဲ့ အရိုင်း ဂီတသံလဲ ။ သေသေချာချာ နားထောင်ကြည့်နော် ”

“ ကလေးမရေ ညည်းတို့ ရန်ကုန်မှာ ဒီလို အရသာမျိုး ဘယ်ခံစားရမလဲအေ ။ ဟုတ်တယ် မဟုတ်လား ။ မခံစားရပါဘူး ။ အေး ဒါကြောင့် ညည်းတို့ ဇနီးမောင်နှံ တောင်သမန် လထွက်ချိန်အလှကို ခံစားရအောင်လို့ ငါရယ် ၊ ဟောဒီက ဆရာတော် ကိုပညာရယ် ၊ ညည်း လေးလေးကြီးရယ် တို့က တမင်တကာ အချိန်ရွေးပြီး ခေါ်လာခဲ့တာ ”

“ ဟော ကြည့် ။ ဟိုမှာ လထွက်တော့မယ် ။ အရှေ့ဘက်ကောင်းကင် နီဝါရောင် မလင်းတလင်းကနေ တဖြည်းဖြည်း ၀ါဝါပြီး လင်းလာပြီ ”

“ ဘယ်နှယ့်လဲ မလှဘူးလား ။ အ၀ါရောင်ကလေး လင်းလင်းလာတာကို ကြည့်ရင်း ၊ ကြည့်ရင်း ကြည့်ရင်း ။ ဟော လ၀န်းရဲ့ အစွန်းလေး ရိပ်ခနဲ အင်းရေပြင်အစပ်မှာ ပေါ်လာတာဟာ ကဗျာမဆန်လိုက်ဘူးလားအေ ဟင် ”

“ ရွှန်းမြမြ လရောင်ဆိုတာ ဒါကို ခေါ်တာရယ် ။ မပြုံးနဲ့ ကလေးမ ဟုတ်တယ်ရယ် ။ ဒါ ရွှန်းမြမြ လရောင် ။ ကြည့်စမ်း အင်းရေပြင်ကြီးတခုလုံး လရောင်နဲ့ တလက်လက်တောက်လို့ ။ ဟောဟိုက လှမ်းမြင်နေရတဲ့ လရောင် အောက်က စေတီဖြူဖြူလေးဟာ ဟောဒီ ဦးပိန်တံတားကြီး အဆုံးမှာရှိတဲ့ တောင်သမန်ရွာလေးရဲ့ ရွာဦးစေတီလေး ပေါ့ ”

“ ပြီးတော့ ဟေ့ကလေးမ ဟိုမှာရော ကြည့်လိုက်စမ်းပါဦး ။ အင်းလှိုင်းခေါင်းဖြူတွေ ရိုက်ခတ်ဦးညွတ် ရှိခိုး ပူဇော်နေတဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အမှတ်တရအထိမ်းအမှတ် ဗိမာန်တော်လေ ။ ဆရာတော်ဘုရားကြီးဟာ ညည်းတို့ငါတို့လို စာရေးဆရာ ၊ ကဗျာဆရာတွေ အတုယူ စံထားလောက်တဲ့ ကြည်ညိုလေးစားဖွယ် စာရေးဆရာကြီးလည်း ဖြစ်တာရယ် ။ ဟုတ်တယ် ၊ ဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ ကျမ်းစာအုပ်တွေဟာ နည်းတာမှတ်လို့ ”

“ အင်း ... ၊ ကလေးမ ညည်း ဆရာတော်ဘုရားကြီး စာဘယ်လိုရေးတာရော ညည်း သိရဲ့လား ။ ဆရာတော်ဘုရားကြီးဟာ စာရေးရင် အင်းရေပြင်ကို မျက်နှာမူနေတဲ့ ကျောင်းစင်္ကြန်မှာ စာပွဲခုံမြင့်နဲ့ မတ်တတ်ရေးတာ ။ အင်းရေပြင်ကို လှမ်းမျှော်ကြည့်လိုက် ၊ စာရေးလိုက် နေမှာပေါ့ ။ တို့ စာရေးဆရာတွေမှာ အကျင့်လေးတွေ တမျိုးစီလေ ။ စာပွဲခုံမြင့်နဲ့ ရေးတတ်တဲ့သူ ၊ စားပွဲခုံနိမ့်နဲ့ ရေးတတ်တဲ့သူ ။ ကဲ စာရေးဆရာမကြီး ညည်းကော ဘယ်လိုရေးလဲ ။ အင်း လူတကိုယ် အကျင့်တစ်မျိုးစီရယ်နော် ”

“ ဒါပေမယ့် တို့ဆရာတော်ဘုရားကြီးနဲ့ ရေးပုံရေးနည်းချင်း သွားတူနေတဲ့ စာရေးဆရာတယောက်ရှိတယ် ။ ဘယ်သူလဲဆိုတော့ ကလေးမ ညည်းသိမှာပါ ။ ကမ္ဘာကျော် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး ။ သိတယ်နော် ။ အေး ၊ စာရေးဆရာကြီး ဟဲမင်းဝေးကလည်း ပင်လယ်ပြင်ပေါ်က သူပိုင်သင်္ဘောရဲ့ ဟိုးအပေါ်ဆုံးထပ်ရဲ့ အမြင့်မှာ ပင်လယ်ပြင်ကို ကြည့်ပြီး မတ်တတ်ရပ် ရေးတာရယ် ။ ထူးခြားတဲ့ တိုက်ဆိုင်မှုလေးနော် ကလေးမ ”

“ ဘယ့်နှယ်လဲ ၊ တောင်သမန်လထွက်ချိန်ဟာ ညည်းကို ဖမ်းစားထားပြီ မဟုတ်လား ။ ခံစားစမ်း ။ ညည်းတို့ မောင်နှမ အပြည့်အ၀ ခံစားစမ်း ။ အဲ ၊ ဟေ့ ကလေးမ တို့တတွေ တောင်သမန် လထွက်ချိန်ကို မခံစားတတ်ခင် အရင်ခံစားနေတဲ့သူ ၊ ခုလည်း ညတိုင်းခံစားနေတဲ့သူ တယောက်ရှိတယ်အေ့ ။ သိလား ။ ဘယ်သူမှတ်လဲ ။ ဟော ဟောဒီက ဆရာတော် ကိုပညာ ။ အင်မတန် နှလုံးသား နူးညံ့သိမ်မွေ့တော်မူတဲ့ ကိုပညာ ( အမရပူရ ) ဆိုတဲ့ စာရေးဆရာကြီးပေါ့ ။ ဟုတ်တယ်နော် ဆရာတော် ”

“ ဒီမယ်အေ့ ကလေးမရဲ့ ။ ကိုပညာဆရာတော်ကို ငါ သိပ်ချစ်တယ် ။ ညီအစ်ကိုရင်းလိုကို ချစ်တာ ။ သူကလည်း စာရေးဆရာ ၊ ကဗျာဆရာ ။ အို....  ၊ အနုပညာသမားဆို အားလုံးကို ချစ်နေတာပဲနော် ။ တောင်သမန်အခြေက တောင်လေးလုံးကျောင်းတိုက်ဆိုတာ အနုပညာသမားတို့ရဲ့ ဝိဟာရလေးရယ် ။ နော် ကလေးမ ။ ညည်းတို့လည်း ဆရာတော်ကို ချစ်တာပဲ ။ ဟုတ်တယ်မဟုတ်လား ။ ဟား ဟုတ်တာပေါ့ ။ ဆရာတော်က ညည်း အစ်ကိုတော်ပဲ ။ ဒီမယ် ကလေးမ ဆရာတော်ရဲ့ နှမအငယ်ဆုံးလေးက ညည်းနဲ့ အရွယ်ချင်းမတိမ်းမယိမ်းရယ် ။ ဆရာတော်က သူ့နှမလေး ရုတ်တရက် ဆုံးရှာတော့ သိပ်စိတ်ထိခိုက်ရှာတာ ။ အဲဒါ ညည်းနဲ့ သိကျွမ်းခင်မင်တော့ ၀မ်းသာအားရ ပြောရှာတယ် ။ ကျုပ်နှမလေး အစားပြန်ရသလိုပဲတဲ့ဗျာ ။ ညည်းက စာရေးဆရာဆိုတော့ သူ့မှာ သံယောဇဉ်တွေကို ပိုကြီးလို့ ။ သူ့နှမအငယ်ဆုံး စာရေးဆရာမလေးပေါ့ ”

“ ဟား ဟား ဘာတဲ့ ၊ ညည်းယောက်ျားကတော့ ဘုန်းကြီးယောက်ဖတဲ့ ။ ဟုတ်လား ဆရာတော် ။ ဟား ဟား ပြုံးပြီး ကျေနပ်နေတယ် ဟုတ်လား ။ အင်း ပျော်တယ်နော် ။ ဟေ့ ကလေးမ ညည်းတို့လည်း ပျော်တယ်နော် ။ ဆရာတော် တပည့်တော်တို့ ဟောဒီ တံတားအဆုံးအထိ လျှောက်ကြမယ်နော် ။ လရောင်အောက် မှာ စကားတွေ ပြောပြီးတော့ ။ ဟေ့ ကလေးမ ညည်းလျှောက်နိုင်တယ် မဟုတ်လား ဟင် ။ အေး မလျှောက်နိုင်လည်း ညည်းမောင်တော် ထမ်းခိုင်း အေ ။ ဘယ့်နှယ်လဲ ကလေးမ ။ ထမ်းခိုင်းရဲပါ့မလား ။ ဟင် ၊ ဟုတ်လား ။ ထမ်းခိုင်းရဲသလား ။ ဪ ....  ၊ ညည်းကလည်း ငါ့ကို နောက်နေပြန်ပြီအေ ။ ကလေးမ ၊ ဒီမှာကလေးမ ၊ ဦးပြောမယ် ။ ဟော ညည်းရယ်ပြန်ပြီ ”

“ ဘာလဲ ။ ဪ ... ညည်းက ကလေးမဆိုတာကို ရယ်နေတာကိုး ။ မရယ်နဲ့ ညည်း ။ နားထောင် ကလေးမ ။ ငါ မိန်းကလေးတိုင်းကို ခေါ်တာမဟုတ်ဘူး ။ အဲ ငါ အင်မတန် ရင်းနှီးချစ်ခင်ပြီး သွေးရင်း သားရင်း ၊ တူမရင်း ၊ ညီမရင်းလို မိန်းကလေးမျိုးကိုမှ ငါ ခေါ်တာ ။ ကြားလား ကလေးမ ”

“ ညည်းကို တို့က ကိုယ့်တူမလေးလို ၊ ရဲဘော်ရဲဘက်လို ၊ မိတ်ဆွေသူငယ်ချင်းလို သဘောထားပြီး ငါတို့က သိပ်ချစ်တာ ။ အေး ဒါပေမယ့် ညည်း စိတ်ကောက်ချင်ကောက် ။ ဟောဒီလူ ညည်းမောင်တော်ကိုတော့ ငါက ညည်းထက် ပိုချစ်တယ်ဗျ သိလား ။ ဟေ့လူ ဒီမယ် ကျုပ်က ကိန်းကြီးခန်းကြီး နိုင်တဲ့သူဆို သိပ်စိတ်ပျက်တာဗျ သိလား ။ ခင်ဗျားကို ကျုပ်က သိပ်ခင်တာ ”

“ ဒါပေမယ့် ဟေ့လူ ကျုပ်တခုတော့ပြောမယ် ။ ခင်ဗျား ကြင်ယာတော်ကြီးတော့ မဖြစ်စေနဲ့နော် ။ ဘုရင်မရဲ့ ကြင်ယာတော်ကြီး ဘယ်တော့မှ မဖြစ်စေနဲ့ ကိုယ့်လူ ။ ကျုပ်က ခင်လို့ပြောတာ ။ ပြီးတော့ ဟေ့လူ ဒီကောင်မလေးကို ခင်ဗျား အလိုမလိုက်နဲ့နော် ။ ဘေးကနေ ကောင်းကောင်းထိန်းပေး ကြားလား ။ ကလေးမက စတက်ဘွန်းလေးဗျ ။ ခေါင်းမာတယ် ။ မှန်တယ်ထင်ရင် ကြက်ခေါင်းဆိတ် မခံတကတဲ ။ ဟဲ ဟဲ သူ့ကိုကျုပ်တို့က သူ့ကွယ်ရာမှာ နာမည်ပေးထားတယ်ဗျ ။ တိုက်ကြက် မတဲ့ ။ အရွယ်ရောက်ပြီး ခွပ်လက်ခွပ်သွေးစုံနေတဲ့ တိုက်ကြက်မလေးတွေကို ခင်ဗျား မြင်ဖူးတယ် မဟုတ်လား ”

“ ခေါင်းကလေးမော့မော့ ၊ ရင်အုပ်ကလေးတချီချီ ၊ မျက်လုံးကလေးတွေက နီရဲပြီး တောင်ပံတဖျန်းဖျန်း ခတ်လို့ သူ တိုက်ပွဲအတွက် အဆင်သင့်ပြင် ၊ ဖျတ်လတ်တက်ကြွနေတဲ့ တိုက်ကြက်မကလေးတွေ လေ ။ ဟေ့ ကလေးမ ညည်း အဲဒီနာမည်ကို သဘောကျရဲ့လား ။ တကယ်ပါအေ ကလေးမ ဟောဒီလူကို ငါ တကယ်ခင်တာ ။ ညည်း လင်ကောင်းသားကောင်း ရတယ်နော ၊ ကလေးမ သိလား ။ ညည်းက မရယ်ပါနဲ့အေ့ ။ ဘာလဲ ညည်းနဲ့ ညည်းလေးလေးကြီးနဲ့ နှစ်ယောက်ပေါင်းပြီး ငါ့ကို ရယ်နေကြတာပေါ့ ဟုတ်လား ။ ဒီမှာ ကလေးမ ငါ့ကို မူးနေတယ်လို့ ညည်း ထင်မနေနဲ့နော် ။ ငါသောက်တာ နည်းနည်းလေး ။ နှစ်ပိုင့်ထဲရယ် ။ ညည်းလေးလေးကြီး သိတယ် ။ အလကား ၊ ညည်းလေးလေး ကဗျာဆရာကြီးက တခါမှ လျှာပေါ်မှာ အရက်ကို တစက်တောင် တင်ဖူးတာ မဟုတ်ဘူး ။ ဟေ့ သူငယ်ချင်း ဒီမှာ ယောက်ျားဆိုတာ ယောက်ျားအလုပ် အစုံ လုပ်တတ်ရတယ်ကွ ။ ဒါမှ ယောက်ျားပီသတာ ။ ယောက်ျားပီသခြင်းဆိုတာ .... ”

“ အေးပါကွာ အေးပါကွာ ။ မင်း ယောက်ျားပီသတော် မူပါတယ်ကွာ ။ မင်းမိန့်ခွန်းကို မင်းဘာသာ ဆက်ခြွေတော်မူပါ ။ ကဲ ကလေးမရေ နားထောင်လိုက် ။ ကြင်ယာတော်ကြီးရေ လာဟေ့ သီချင်းဆိုရအောင်”

“ လုပ်လိုက်လေ ။ ဘာလဲ ဟိုဟာလေးလား ။ မမလေးကိုနော်ဗျာ မောင်ကခိုးမယ်လို့”

“ ဟုတ်ပါ့မောင်ရာ ဟုတ်ပါ့ ။ လာပြီ လူလေးရေ”

“ ..... မမလေးကိုနော်ဗျာ ... မောင်က ခိုးမယ်လို့ ... လူဆိုးတွေနဲ့ မောင်တိုင်ပင် .. မြို့အ၀င် ... ညောင်ပင်ကြီးမှာ .... မြင်းကိုယ်စီပြင် ။ လထွက်ကလေးရယ်တဲ့ .... မြင်းပေါ်တင် ... လ၀င်ရင် မန်းတောင်ရောက် အောင် ... လလေး ၀င်ရင်နော်ဗျာ မန်းတောင်ရောက်အောင် ... မြင်းငေါက်လို့နှင် ”

“ ကောင်းတယ်ဟေ့ ကောင်းတယ် ”

“ ဪ ဆရာတော်ကလည်း သဘောကျ ၊ ကောင်းတယ်တဲ့ ။ အင်း “ လထွက်ကလေးရယ်တဲ့ မြင်းပေါ်တင် ၊ လထွက်ကလေးရယ်တဲ့ မြင်းပေါ်တင် ” ဘယ်လောက် လိုက်ဖက် လှပတဲ့ စကားလေးလဲ ။ ဟင်ကလေးမ ညည်းရော သဘော မကျဘူးလား ။ ဒီမှာ ဆရာတော် ၊ တပည့်တော်လည်း မမလေး တယောက်လောက်ကို ဟောဒီလို လထွက်ကလေးမှာ မြင်းပေါ်တင်ပြီး ခိုးပြေးကြည့်ချင်တယ် ။ ဒါပေမယ့် တပည့်တော်မှာ မမလေး မရှိဘူးဘုရား ။ တယောက်ဆို တယောက် မှ မရှိဘူး ဘုရား ။ ဆရာတော်ဘုရား တပည့်တော်ကို မသနားတော့ဘူး လားဟင် ”

“ အိုး မရှိတော့ ဘာဖြစ်တုံး ။ အသက်ကြီးပြီ ဆံပင်ဖြူပြီ ။ ကိုယ့်ဟာကိုယ် ကဗျာပဲရေး”

“ ရက်စက်လိုက်တာ ဆရာတော်ဘုရားရယ် ။ သွားပါပြီ ၊ သွားပါပြီ ။ တပည့်တော် အသက်ကြီးတာ မဟုတ်ဘူးဘုရား သိရဲ့လား ။ အသက်နဲ့ မမျှအောင် ရင့်ရော်ခြင်း ဒဏ်ကို ခံရတာ ။ ဒဏ်ရာဒဏ်ချက်တွေရဲ့ ရိုက်ပုတ် ထုထောင်းမှုကြောင့် တပည့်တော် ဒီလို ဖြစ်ရတာ ။ တပည့်တော် အသက် မကြီးသေးဘူး ။ ကလေးမ ညည်း လေးလေး အသက် မကြီးသေးပါဘူးအေ့ ”

“ ဟုတ်တယ်ဟေ့ တိုက်ကြက် မ ။ ငါ့သူငယ်ချင်း အသက်မကြီးသေးဘူး ။ အသက် မကြီးသေးပေါင် မောင် ရယ် ထန်းရွက်ပုတီးလေး ဆွဲဖို့ ရွှေစာရံကို အရောက်သွားမယ် ”

“ ... ဟေ့ ... အဖော်တွေ ... ပျော်ပျော်ပါးပါး ... မော်တော်ကားနဲ့ရယ် .... လိုက်ခဲ့တော့ အကုန်လုံး ဖုန်တွေ မွှန်ရင်ကွယ် .... လက်ကိုင်ပုဝါ .. ခေါင်းစည်းလေးနဲ့ တမျိုးလှလို့ ခန့်ညားတယ် .....”

“ အသက် မကြီးသေးပေါင် မောင်ရယ် ၊ ဘာတဲ့ ၊ ဟေ့လူ ကျုပ်ဆိုချင်တယ် ။ အင်း ထန်းရွက်ပုတီးလေး ဆွဲဖို့ ၊ ထန်းရွက်ပုတီးလေး ဆွဲဖို့ ၊ သိပ်ချစ်စရာကောင်းတဲ့ ထန်းရွက်ပုတီးလေးတွေ ၊ ကလေးမ ညည်းငယ်ငယ်တုန်းက ဆွဲဖူးတယ် မဟုတ်လား ။ ရောင်စုံလေးတွေလေ ။ အဲဒါလေးတွေဆွဲဖို့ တို့တူဝရီးတတွေ ၊ ဟေ့လူ ဘာ ၊ ရွှေစာရံကို အရောက်သွားမယ် ။ ပြီးတော့ ကျန်သေးလားဟ ။ ဟေ့ လူတွေရ လုပ်ပါဦး ၊ ဆိုစမ်းပါဦး ”

“ အို လာစမ်းကွာ ။ ကဲ အစ်ကိုရေ ပွဲတောင်းနေပြီ ။ ဟေ့ လုံမငယ် ဖော်တသင်း ရေချိုး ရေခပ်ဆင်းကြတယ် ။ ကျွဲနဖားတောင်အောက် ဒုဌ၀တီရစ်ခွေပတ်လည် ဟေ့ ဟိုမှာကွ ကျွဲနဖားတောင်က လရောင်အောက် မှာ ”

“ ကြည့်စမ်း ဘယ်လောက်လှသလဲ ။ ကလေးမ ကြည့် ဟိုမှာ ။ ဟုတ်တယ်နော် ဆရာတော် ၊ အဲဒီ ကျွဲနဖားတောင်ကို ဒုဌ၀တီမြစ်ကြီးက ရစ်ခွေပတ်လည် စီးဆင်းနေသတဲ့ ။ သိတ်ကောင်းတဲ့ သီချင်း ။ ပီးတော့ ဘာတဲ့ လုပ်ပါဟ ဆိုစမ်းပါဦး ”

“ ဟင်း စကားလုံးမလှ လိုက်တာနော် ။ ဟေ့ကောင် ငြိမ်ငြိမ် နားထောင်ကွာ ။ ဘာသာမပြန်နဲ့ ။ ကဲ အတောလေး လုပ်စမ်းပါဦး ကိုကိုရယ် ။ xxx ဒုဌ၀တီရစ်ခွေပတ်လည် xxx အင်း xx မြစ်ကမ်းသာဝယ် ရွှင်လန်းဖြာတယ် အဲဒီအတက် ဈေးနားဝယ် ထန်းရွက်ပုတီလေး xx ဆေးအလှ xxx ရောင်စုံခြယ် xxx အိမ်အပြန် လက်ဆောင်ပေးပါရစေ xxx ကလေးနှမရယ်တဲ့ အမြတ်တနိုး ဆင်မယ် xx မောင်ရယ် ကျွန်မ အသက်ငယ်သေးတယ် ”

“ အေး ဟုတ်တယ် ။ ဆရာတော်ရယ် ၊ တပည့်တော် အသက်ငယ်သေးတယ် ။ နုပျိုသစ်လွင် တက်ကြွတဲ့ ကဗျာများစွာကို စပ်ဦးမယ် ။ ဟား ဟား စပ်မယ်နော် ဆရာတော် ။ ပျော်တယ်နော် ဆရာတော် ။ ဟေ့ ကလေးမ ပျော်တယ်မဟုတ်လား ။ အေး ပျော်တယ် ဟုတ်ပြီ ။ ဟေ့လူ ခင်ဗျားရော ပျော်တယ်နော် ။ သူငယ်ချင်း မင်းရော ပျော်တယ်နော် ။ အေး ငါ့ သူငယ်ချင်းကြီးက အမြဲတမ်း ပျော်နေတာဟ ကလေးမရ ။ အဲဗားဂျော်လီ နဲဗားဆောရီး ”

“ ဟေ့ ကလေးမ ညည်းတခု စဉ်းစားစမ်း ။ တို့ ဒီလထွက် ညလေးဟာ ပျော်စရာ ၊ ကြည်နူးစရာ ၊ ချမ်းမြေ့စရာ ကောင်းသလို ၊ လွမ်းစရာလည်း ကောင်းမနေဘူးလားဟင် ။ ကောင်းတယ်နော ညည်းတို့တော့ မသိဘူး ။ ငါတော့ ခံစားနေရတယ် ။ တကယ် ခံစားနေရတယ် ”

“ ခံစားတတ်တဲ့ နှလုံးသားဆိုတာ လူတိုင်းမှာ မရှိဘူးနော ။ အင်း အနုပညာသမားကို နားလည်နိုင်တဲ့ နှလုံးသားပိုင်ရှင်ဆိုတာလည်း သိပ်ကိုရှားတယ် ကလေးမရေ ။ ကဗျာကို နားလည်နိုင်တဲ့ ၊ ကဗျာကို နားလည်နိုင်တဲ့ ၊ ကဗျာကို ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်မျိုးလေးဟာ ဘယ်လိုဟာမျိုးလေးပါလိမ့်ဆိုတာ ငါသိပ်သိချင်တာပဲ ။ ဟေ့ ကလေးမ စွန့်ပယ်ခြင်းရဲ့ဒဏ် ၊ အထီးကျန်မှုရဲ့ဒဏ် ၊ ငြင်းပယ်ခြင်းရဲ့ဒဏ် အဲဒါတွေရဲ့ ခါးသီးမှုဒဏ်ကို ညည်းခံစားဖူးသလား ဟင် ။ သိပ် နာကြည်း ကြေကွဲဖို့ ကောင်းတာရယ် ။ ကလေးမ ၊ တကယ် ညည်း ကြားဖူးမှာပါ ။ ပန်းချီဆရာကြီး ဗန်ဂိုး ”

“ ကနေ့ ဗန်ဂိုးရဲ့ပန်းချီကား တကားကို ပိုင်တဲ့လူဟာ သန်းကြွယ်သူဌေးလို့ ပြောခံရတဲ့အချိန် ။ အေး ဗန်ဂိုး သက်ရှိထင်ရှားရှိစဉ်တုန်းကတော့ ဗန်ဂိုးဟာ ပန်းချီကားကလေး တကားကိုတောင် အနိုင်နိုင် ရောင်းခဲ့ရပြီး ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ လူတွေရဲ့ စွန့်ပယ်မှု ၊ ငြင်းပယ်မှုဒဏ်တွေကို အများကြီး ခံခဲ့ရရှာတာ ။ ဘယ်လောက် များခံခဲ့ရသတုန်းဆိုရင် ဗန်ဂိုးရဲ့မေတ္တာကို မိန်းမပျက်ကလေးကတောင်မှ မတုံ့ပြန်နိုင်ရုံမက ဖိုးတာအိုကြီးရယ် ရှင့်ရဲ့ ကြီးမားလှတဲ့ နားရွက်ကြီးတွေကို ဖြတ်တောက်ပြီး လက်ဆောင်ပေးပါလားလို့ နောက်ပြောင်ပြောလိုက်တာကို အထီးကျန်မှုဒဏ် မခံနိုင်လွန်းတဲ့ ဗန်ဂိုးဟာ အဟုတ်ကြီးမှတ်ပြီး ချစ်သူမိန်းမပျက် လေးဆီ သူ့နားရွက်ကို ဖြတ်ပြီး ပို့ခဲ့ရှာတယ် ။ ဘယ်လောက်ရင်နင့်စရာကောင်းလဲဟင် ကလေးမ ။ ညည်းခံစားလို့ ရမှာပါ ”

“ ကလေးမရေ ဟောဒီက လရောင်နဲ့ တလက်လက်တောက်ပနေတဲ့ အင်းရေပြင်ကြီးကို ကြည့်ပြီး သတိရသေးတော့တယ် ။ ဗန်ဂိုးလောက် မဟုတ်ပေမယ့် ဟောဒီလို ရေပြင်ကြီးကို ကြည့်ရင်း အထီးကျန်မှုဒဏ်ကို ဆယ်နှစ်တော်တော်များ ငါ ခံစားရဖူးတယ်အေ့ သိလား ။ ပြီးတော့ စွန့်ပယ်မှုရဲ့ ဒဏ် ၊ ငြင်းပယ်မှုရဲ့ ဒဏ် ၊ ကလေးမရေ အဲဒီ ဒဏ်ရာဒဏ်ချက်တွေများစွာထဲမှာ မိန်းကလေးယောက်ရဲ့ ငြင်းပယ်မှုဒဏ်ကိုလည်း ငါအလူးအလဲ ခံစားဖူးတယ်နော ။ ညည်း မရယ်နဲ့ ။ အလူးအလဲ ဆိုလို့လည်း ညည်း ငါ့ကို အထင်မသေးနဲ့ဦး ။ ငါ အလူးအလဲဖြစ်လောက်အောင်လည်း ငါ့အဖြစ်က ထူးခြားတယ်ရယ် ။ ကလေးမ ညည်း ၀တ္ထုဖြစ်လောက်တယ်နော ။ တကယ် ပြောတာရယ် ”

“ ငါးဆယ့်ခုနှစ် ၊ ငါးဆယ်ရှစ် ။ ရေဇလာ ရွှေကြာ ဝေဆာ မွှေးသပ ။ ရွှေညာကျေးက မန်းတက္ကသိုလ်ကို တက္ကသိုလ် ကျောင်းတော်သားကြီးတယောက် အနေနဲ့ ငါ စရောက်တဲ့ နှစ်ပေါ့အေ ။ နေဦး ကလေးမ ငါးဆယ်ခုနှစ်နှစ်ဟာ ညည်းမွေးတဲ့နှစ်နော် ။ အင်း ကလေးမရေ နောင် ဆယ့်ခြောက်နှစ် ၊ ဆယ်ခုနှစ်နှစ် ရှိမှ ညည်းတွေ့ရမယ့် မန်းတက္ကသိုလ်ဟာ အဲဒီတုန်းကတည်းက သိပ်ကို လှတာ ။ တမာ စိမ်းဝါဝါ ၊ လယ်ကွင်း စိမ်းဝါဝါ ၊ နီလွင်တဲ့ ရေအလျဉ် တသွင်သွင်စီးဆင်းနေတဲ့ ရေနီမြောင်း ညည်းလည်းသိပါတယ် ”

“ တချို့က မန်းတက္ကသိုလ်ဟာ ခြောက်သွေ့သတဲ့ ။ ခြောက်သွေ့တဲ့အလှကို သူတို့ မခံစားတတ်လို့ပါ ။ ငါ့အဖို့ကတော့ ရှမ်းရိုးမတောင်ရိပ်ပြာပြာအောက်က မန်းတက္ကသိုလ်ရဲ့ ခြောက်သွေ့တဲ့ အလှတွေဟာ အင်မတန် ဖမ်းစားတာပဲ ။ အင်မတန် ရင်ခုန်စေတာပဲ ။ ငါ ကဗျာတွေ အများကြီး ရေးဖြစ်ခဲ့တာပေါ့ အေ ”

“ အဲဒီလိုပဲ မန်းတက္ကသိုလ်ရဲ့ တမာပွင့်ဝါဝါလေးတွေလိုပဲ နွဲ့တဲ့ ၊ လှတဲ့ ၊ ရင်ခုန်စရာကောင်းတဲ့ ကောင်မလေးတယောက်ကို ငါ သွားတွေ့တယ်အေ့ ကလေးမ သိလား ။ အင်း အသားလေး ညိုစိမ့်စိမ့်ဆိုတော့ ခြောက်သွေ့တဲ့ အလှလို့လဲ ပြောမယ်ဆိုရင် ပြောနိုင်တာပေါ့လေ ။ ဒါပေမယ့် ခြောက်သွေ့တဲ့အလှဟာ အင်မတန် ရင်ခုန်စေတာလား ။ သူ့နာမည်က နှင်း တဲ့ ။ မခင်နှင်း တဲ့ ။ သူက နေ့ကျောင်းသူ ။ မန္တလေးမြို့ထဲကနေ တက်တာ ။ မှတ်မှတ်ရရ သူတို့အိမ်ရှေ့မှာ ဗာဒံပင်ပုပု ဝိုင်းဝိုင်း လေးနှစ်ပင် ရှိတယ် ”

“ ငါက အဆောင်နေတဲ့သူဆိုတော့ ညနေ ၊ ညနေဘက်ကျရင် စက်ဘီးတစီးနဲ့ သူတို့အိမ်ရှေ့ကို သွားသွားပြီး ကြည့်တယ် ။ သူငယ်ချင်းတယောက်က ငါ့ကို စက်ဘီးနဲ့ ရှေ့ကတင်နင်း ။ ငါက နဂါးဆေးလိပ်လေး တဖွာဖွာနဲ့ ။ သူတို့ အိမ်နားရောက်တာနဲ့ သူ့ကို မမြင်ရသေးဘူး ။ ဗါဒံပင်လေးနှစ်ပင် မြင်တာနဲ့ ရင်တွေခုန်ပြီး ကတုန်ကရင်ဖြစ်လာတာပဲ ။ နဂါးဆေးပေါ့လိပ်ကို ခဲပြီး တအားဖွာပစ်မိ တော့တာပဲ ။ အဲဒီမှာ ငါ့ကို စက်ဘီးတင်နင်းရတဲ့ ငါ့သူငယ်ချင်းက ဘယ်လို စ,သလဲဆိုတော့ ဟေ့ကောင် လက်စသတ်တော့ မင်း ဟိုကဗျာက စက်ဘီးကို မြင်းမှတ် ၊ နဂါးဆေးပေါ့လိပ်ကို ဓားမှတ်ပြီး စပ်တာကိုးကွတဲ့ ။ ဒီလိုအေ့ ကလေးမရဲ့ ။ ငါစပ်ထားတဲ့ ကဗျာလေး တပုဒ်ရှိတယ် ။ ရှေးယခင်က မန္တလေးနန်းမြို့တော်သူလေးကို နောက်ပိုးသွားတဲ့ လုလင်ပျိုဟာ မြင်းကြီး စီးပြီး လက်ထဲမှာလည်း ဓားတ၀င့်ဝင့်နဲ့ နေမှာပေါ့လို့ဆိုပြီး စပ်ထားတဲ့ ကဗျာက ရှိတာကိုး ။ ဪ လွမ်းမိပါတယ်အေ ။ အဲဒီသူငယ်ချင်း ဆုံးသွားရှာပြီ ။ ကဗျာစပ်လည်း တော်တယ် ။ ယုံကြည်ချက်ကလည်း သိပ်ပြင်းထန်တဲ့ သူငယ်ချင်း ”

“ ကဲ ထားပါလေ ။ ကလေးမ ငါ့ဇာတ်လမ်းလေးကို ပြန်ဆက်ကြစို့ ။ ငါက မခင်နှင်း ကို လိုက်သာ ကြည့်ပြီးတော့သာ သဘောကျနေတာ ။ တနှစ်သာကျော်ရော စကားလည်း တခါမှ လိုက် မပြောဖူးဘူး ။ စာလည်းတစောင်မှ မပေးဖူးဘူးရယ် ။ ဒါပေမယ့် သူကတော့ ငါ့ကို သိတာပေါ့ ။ ငါ သူ့ကို သဘောကျ နေမိတယ် ။ ချစ်နေမိတယ် ။ ငါသူ့ကို သဘောကျနေမိတယ် ၊ ချစ်နေမိတယ် ။ သူ့နောက်လိုက်ကြည့်နေတယ် ဆိုတာကိုတော့ သူသိတာပေါ့  ”

“ ဘာတဲ့ မိန်းကလေးတို့ရဲ့ အလိုလို သိစိတ်နဲ့ပေါ့အေ ။ ညည်း နားလည်တယ် မဟုတ်လား ”

“ ငါက သူ့ကို စာမပေးချင်ဘူးအေ့ ကလေးမ သိလား ။ ကဗျာပေးချင်တာ ။ ရည်းစားစာ မပေးချင်ဘူး ။ ကဗျာစာအုပ် ပေးချင်တာ ။ ငါ့ရဲ့အချစ်ကို ကဗျာတွေကနေတဆင့် သူ နားလည်စေချင်တာ ။ ငါ အစိုးရိမ် အပူပန်ဆုံးက သူ ကဗျာကို ချစ်တတ်ရဲ့လား ၊ ကဗျာကို မြတ်နိုးတဲ့ စိတ်ကလေး ရှိရဲ့လားဆိုတာကိုပဲ ။ ကဗျာဆရာရဲ့ ချစ်သူဟာ ကဗျာကို ချစ်မှ ။ ကဗျာကို မြတ်နိုးမှ ကဗျာဆရာကို နားလည်မှာရယ် ။ ဒါ အရေးကြီးဆုံးပဲ ။ ဟုတ်တယ်နော် ။ ကလေးမ ဟုတ်တယ် မဟုတ်လား ။ အေး ဒီတော့ကာ သူ့ကို ငါ ရည်းစားစာမပေးဘူး ။ ရည်းစားစကား လိုက် မပြောဘူး ”

“ ဒီလိုနဲ့ ထောင့်ကိုးရာနဲ့ ခြောက်ဆယ် ခုနှစ်မှာ ( ညည်း သုံးနှစ်သမီးပေါ့နော် ) ငါ့ရဲ့ ပထမဦးဆုံး ကဗျာစာအုပ်လေးထုတ်တယ် ။ ကိုယ့်ရဲ့ ကဗျာလေးတွေကို တစုတစည်းတည်း ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခွင့် ရတဲ့ စာအုပ်လေးပေါ့အေ ။ ကဗျာစာအုပ်လေးကို တစိမ့်စိမ့်ကြည့်ပြီးရင်း ကြည့် ။ ကြည့်လို့ကို မ၀ဘူး ။ ဘယ့်နှယ်လဲ ညည်းခံစားဖူးမှာပေါ့နော် ။ ညည်း ပထမဆုံးလုံးချင်း ၀တ္ထုလေးတုန်းကလည်း ဒီလိုပဲ မဟုတ်လား ။ အဲဒီ အရသာက တမျိုးရယ် ၊ နော ကလေးမ ။ ခံစားဖူးမှ သိတာရယ် ။ အင်း အဲဒီတင် ကဗျာစာအုပ်လေးကို ကြည့်ပြီး ငါ ဘာအကြံပေါက်လာသလဲ ဆိုတော့ ၊ ဟာ ဟုတ်ပြီ ၊ ငါ စာအုပ်ကို သူ့ သွားပေးမယ် ။ မခင်နှင်းလက်ထဲ ငါ့လက်နဲ့ ကိုယ်တိုင်ပေးမယ် ”

“ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ ချစ်တဲ့မခင်နှင်းသို့ ဆိုတာလေးပဲ ရေးထည့်လိုက်ပြီး ငါ့လက် မှတ် ထိုးလိုက် မယ်ပေါ့ ။ တကယ်ပဲ သိပ်ပျော်သွားတယ်အေ ကလေးမသိလား ။ တကတဲ ဘာပြောကောင်းမလဲ ။ ကဗျာစာအုပ်တွေထဲက အသပ်ရပ်ဆုံး ၊ အပြန့်ပြူးဆုံး ၊ အကောင်းဆုံးလို့ ထင်ရတဲ့ စာအုပ်လေးကို သေချာရွေး ၊ စာလုံးအကျအပေါက်တွေ ပါမှာစိုးလို့ တညလုံးပဲ လိုက်စစ်ဆေးကြည့်ရသေးတယ် ။ စိတ်တိုင်းကျပြီ ဆိုတော့မှ စာရေး ၊ ဆိုင်းထိုးပြီး မခင်နှင်း ကျောင်းအပြန်မှာ ငါလိုက်ပေးတယ် ။ ပေးတဲ့နေရာက ဘယ်နေရာလဲ သိလား ကလေးမ ။ တို့ ကျောင်းဝင်းထဲက မြို့ထဲပြေးတဲ့ ဘတ်စ်ကားဂိတ် ကုက္ကိုပင်ကြီးအောက်က ထိုင်ခုံလေးမှာ ။ စက်ဘီးပြင်ဆိုင်လေးလည်း ရှိတယ် ။ သိတယ်မဟုတ်လား ။ အေး သိပါတယ် ။ အဲဒီနေရာလေးဟာ မန်းတက္ကသိုလ်က ချစ်သူပေါင်း မြောက် မြားစွာရဲ့ ဇာတ်လမ်းအစ နဲ့ အဆုံးများစွာတို့ ဖြစ်ပျက်ခဲ့တဲ့ နေရာလေးပဲ အေ ။ ဘယ့်နှယ့်လဲ ညည်းတို့ရော အဲဒီနေရာလေးမှာ အမှတ်တရလေးတွေ ရှိသေးလား ။ ဟား ဟား သိပ်ရှိတာပေါ့ ဟုတ်လား ။ ရှိရမှာပေါ့ ကလေးမရယ် ရှိရမှာပေါ့ ”

“ အေး နေဦး ပြောဦးမယ် ။ အဲဒီနေ့က မခင်နှင်း ဝတ်ထားတာ အပြာရောင်အေ့ ကလေးမ ။ ငါ ကောင်းကောင်းမှတ်မိတယ် ။ အပြာနုနုလေး ။ မျက်စိအေးတဲ့ အရောင် ။ ကြည်နူးစရာကောင်းတဲ့ အရောင်လေးပေါ့ ။ အဖော်တယောက်လည်း သူနဲ့ ပါတယ် ။ သူတို့က စက်ဘီးပြင်ဆိုင်လေးနားက ထိုင်ခုံလေးမှာ ထိုင်ပြီး ဘတ်စ်ကား စောင့်နေကြတယ် ။ ငါ အဲဒီနေ့က ဘယ်သူ့မှ အဖော် မခေါ်ဘူး ။ ငါတယောက်တည်း ကဗျာစာအုပ်လေးကိုင်ပြီး သူ့နားကပ်သွားတော့ မခင်နှင်း က မျက်လုံးလေးတွေပြူးပြီး ငါ့ကို လှမ်းကြည့်တယ် ။ ငါလည်း စိတ်သာတင်းထား ရတာ ။ တကယ်တော့ သူ့နားကို အဲလောက်နီးနီး တခါမှ မနေဖူးဘူးရယ် ”

“ ဒီမှာ မခင်နှင်း အတွက် ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာစာအုပ်လေးဆိုပြီး ငါ သူ့ကို လှမ်းပေးလိုက်တယ် ။ ရှင် တဲ့ ။ သူ့မျက်နှာတပြင်လုံး ရှက်သွေးဖြန်းသွားလိုက်ပုံများ အေ သနားစရာ ၊ အားနာစရာတောင် ကောင်းသေးတော့ ။ အင်း ချစ်စရာလည်း ကောင်းတယ်အေ့ သိလား ”

“ ကလေးမ သူကလေ ရှက်သွေးဖြန်းနေတဲ့ မျက်နှာလေးနဲ့ပဲ ငါ့ကဗျာစာအုပ်လေးကို ယူတယ်သိလား ။ ပြီးတော့ စာအုပ်လေးကို ကြည့်တယ် ။ ဟာ ငါဝမ်းသာလိုက်ပုံများအေ ရင်ထဲမှာ ကြည်နူးပြီး သူ့နားကနေ ငါ ပြန်လှည့်လာခဲ့တယ် ။ ဟင့်အင်း ငါ ဘာအပိုတွေမှ မပြောခဲ့တော့ဘူး ။ ပြောစရာမလိုတော့ဘူးလို့ ငါထင်တယ်လေ ။ သေချာပါတယ် သူကလေးဟာ မုချ ကဗျာကို ချစ်တတ် ၊ မြတ်နိုးတတ်တဲ့ မိန်းကလေးပါပဲလို့ ငါ စွဲမှတ်လိုက်တော့ တယ် ။ အဲဒီည ငါ ကဗျာတွေ အများကြီး ရေးပစ်လိုက် မိတယ် ။ စိတ်ကူးယဉ်လို့လဲ ဘယ်မဆုံးပေါ့အေ ”

“ ဒါပေမယ့် ကလေးမရေ မုန်တိုင်းမလာခင် တိုက်ခတ်နေတဲ့ လေပြေလေညှင်း ၊ လေနုအေးကလေး တိုက်ခတ်ချိန်က အင်မတန် တိုတောင်းပေတာပဲ ။ ငါ ကျောင်းက ထွက်ရတယ် ။ ငါချစ်တဲ့ အမိတက္ကသိုလ်က ငါ့ကို စွန်ပစ်လိုက်ပြီ ။ စွန့်ပယ်လိုက်ပြီ ။ ငါ့ကို စွဲလန်းဖမ်းစားတဲ့ ၊ ငါ့ကို ရင်ခုန်စေတဲ့ ရှမ်းရိုးမပြာပြာ ၊ လယ်ကွင်း စိမ်းဝါဝါ ၊ တမာစိမ်းဝါဝါ ၊ ရေနီမြောင်း ၊ ပြီးတော့ မခင်နှင်း ။ သူတို့ အားလုံးကို ငါ နှုတ်ကလေးတချက်တောင် မဆက်ခဲ့ရဘူး ။ ကလေးမရေ အဲဒီကစပြီး တကိုယ်တော်ခရီးကြမ်းကို စတင်ရတော့တာပဲပေါ့ ။ ငါ့လွယ်အိတ်ထဲမှာ အ၀တ်အစားတစုံရယ် ၊ ငါ့ကဗျာစာအုပ်လေးရယ် ၊ အမေ့ရဲ့ ပင်နီအင်္ကျီအဟောင်းလေးရယ် ၊ ဒါပဲပါတယ် ။ ဒီလွယ်အိတ်လေး တလုံးလွယ်ပြီး မြို့ပြပတ်၀န်းကျင် ၊ ပညာတတ် အသိုက်အ၀န်း ၊ တက္ကသိုလ်အသိုက်အ၀န်း ၊ ကဗျာအသိုက်အ၀န်း ၊ စာအသိုက်အ၀န်းတွေနဲ့ စွန့်ခွါပြီး အထီးကျန်မှု ဝေဒနာကို ခံစားပြီးနေရတာ နည်းတဲ့နှစ်တွေလား ကလေးမရယ် ။ ဆယ်နှစ်ကျော်တယ်ရယ် ။ ဟိုးအထက် မြစ်ညာ ဝေးလံသီခေါင်လှတဲ့ တံငါရွာလေးတရွာမှာ တံငါသည်တပိုင်းဘ၀နဲ့ ငါ နေခဲ့ရတယ် ။ ကလေးမ ဘာလဲ ညည်းအံ့ဩ သွားလား ။ အင်း ဟောဒီလို ရေပြင်ကြီးပေါ်မှာ လှေကလေးတစင်းနဲ့ ငါကျင်လည်ခဲ့ဖူးတာပေါ့ ။ ဒါပေမယ့် ဟေ့ ကလေးမရေ ၊ အဲဒီတုန်းက ကဗျာဆရာဟာ လရောင်ကို မုန်းတယ်အေ့ ၊ သိရဲ့လား ။ ဟောဒီလို ရေပြင်မှာ လရောင်ဖြာနေရင် တံငါကဗျာဆရာ သိပ်ကိုမုန်း ။ ခုချိန်မှာ တို့တတွေကသာ လရောင်နဲ့ ရေပြင်ရဲ့ အရသာကို တရှိုက် မ က် မ က် ခံစားနေကြတာ ။ တံငါရွာက လူတွေကတော့ စိတ်ပျက်နေကြရှာရော့မယ် ။ ကလေးမ ညည်း သိရဲ့လား ။ လသာညဟာ ငါးမရတဲ့ ညလေ ။ လရောင်ဖြာရင် ငါးတွေက မလာဘူးရယ် ။ လရောင်လန့်နိုး ၊ ငါးမတိုးလို့ ၊ စိတ်ဆိုးမာန်ဆိုး ၊ သူ ငြင်ငြိုကာ ၊ လကိုမော့ကြည့် ၊ ကျိန်ဆဲမိ ။ ကဗျာဆရာ ၊ တံငါရွာတွင် ၊ ကာလညည့်နက် ၊ ၀မ်းစာခက်တော့ ၊ ပိုက်ကွက်တဖောင် ၊ လှေဦးထောင်နဲ့ ၊ လရောင်မုန်းသူဖြစ်နေပေါ့တဲ့ ။ ငါ ကဗျာလေး စပ်ခဲ့တယ် ။ ညမှာ မီးခွက်ကလေး တခွက်နဲ့ ငါ ကဗျာရေးတယ် ။ နေ့မှာ တံငါအလုပ်ကို ဝိုင်းကူ လုပ်ပေးပေါ့ ။ အဲဒီမှာ ကလေးမ နားထောင် ၊ သူတို့တွေနဲ့ ရောနှောနေထိုင် လုပ်ကိုင်ပြီး ငါ ဘာတွေ သိလာရသလဲဆိုတော့ သူတို့ရဲ့ နေပုံ ၊ ထိုင်ပုံ ၊ ပြောပုံ ဆိုပုံစရိုက်တွေ ၊ လူနေမှုဘ၀တွေ ၊ သူတို့ရဲ့ စကားလုံး ၊ ဝေါဟာရ ၊ သုံးပုံသုံးနည်းတွေ ။ အဲဒါတွေဟာ သိပ်ကို အဖိုးတန်တာရယ် ။ လူ့အလွှာတခု အကြောင်းကို ရေးတော့မယ်ဆိုရင် အဲဒီအလွှာထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ဆင်းသက်နိုင်လေ ကောင်းလေပဲနော် ကလေးမ ။ ညည်း ၀တ္ထုဟာ ပိုပြီးတော့ ပီပြင်မယ် ။ ပိုပြီးတော့ သဘာဝကျမယ် ။ အဲဒါ ညည်းအတွက် စကားလက်ဆောင်ပေါ့နော် ။ ငါ့ အကြောင်းကို ဆက်ကြဦးစို့ ဆိုရင် .... ”

“ အဲဒီ တံငါရွာလေးမှာ အထီးကျန်မှုဒဏ်ကို ခံစားနေရချိန်မှာ ငါ မခင်နှင်း ကို သိပ်သတိရတယ် ။ အမေ့ကိုလည်း သိပ်လွမ်းတယ် ။ အမေ့ကိုလွမ်းရင် ငါ့ ခေါင်းအုံးအောက်က အမေ့ပင်နီအင်္ကျီဟောင်းလေးကို အလွမ်းပြေ နမ်းရှိုက်ရတယ် ။ မခင်နှင်း ကို သတိရရင်တော့ ကဗျာစာအုပ်လေးကို ထုတ်ထုတ်ပြီး ကြည့်ရတယ် ။ ဪ သူ အခုအချိန်ဆိုရင် ငါ့ကဗျာလေးတွေကို ဖတ်ကြည့်ပြီး ပျောက်ချင်းမလှ ပျောက်သွားတဲ့ ကဗျာဆရာကို ဒေါကလေးများ ပွနေမလား ။ ဒါမှမဟုတ် ပူပင်သောကများ ပွါးနေမလားပေါ့ ”

“ ကလေးမလေးရေ ကိုယ်လိုရာ ကိုယ်ဆွဲပြီး ကြည်နူးတဲ့အခါ ကြည်နူးရပေမယ့် သေချာစဉ်းစားမိပြန်တော့လည်း ၀မ်းနည်းရပြန်ရော သိလား ။ ငါ နဲ့ ကွဲကွာနေရတဲ့ အချိန်ကာလဟာ သိပ်ကို ကြာခဲ့ပြီလေ ။ ခုချိန်ဆို သူက ကျောင်းပြီးသွားလို့ ကြင်သူသက်ထားတွေ့ခဲ့ရင် ကလေးတွေ ဘာတွေတောင် ကြီးလောက်ရောပေါ့ဆိုတဲ့ အတွေးကို တွေးမိပြန်တော့ ၀မ်းနည်းတယ်အေ့ သိလား ။ ဒါပေမယ့် ငါသူ့ကို ခွင့်လွှတ်ရမှာပေါ့လို့ ။ ငါ့အပြစ်ပဲ ။ သူ့အပြစ်မှ မဟုတ်တာလေလို့ စိတ်ကို ဖြေတွေးပေမယ့် ဘာတဲ့ ဟေ့လူ ။ ခင်ဗျားတို့ ဆိုက်ကိုမှာခေါ်တဲ့ မသိစိတ် ၊ အဲ မသိစိတ်က မျှော်လင့်နေသေးတယ် ။ သူ ကလေးဟာ ခုချိန်ထိ ကဗျာစာအုပ်လေးတအုပ်နဲ့ ငါပြန်လာမယ့် အချိန်ကို စောင့်နေရှာရော့လေသလား ။ အင်း ဒါမှမဟုတ် အိမ်ထောင်ရက်သားများ ကျနေခဲ့လို့ ရှိလျှင်လည်း ကဗျာစာအုပ်လေးကို ထုတ်ပြီး သူ့ကလေးတွေကိုများ ဖတ်ပြနေလေမလား ။ ကဗျာစာအုပ်ကလေး ကို ခဏခဏ ထုတ်ကြည့်တတ်တဲ့ သူ့ကို သူ့အိမ်သားကများ မနာလို ဝန်တိုဒေါသ နဲ့ ဆူပူတာ ခံနေရလေမလား ။ တမြည့်မြည့်နဲ့ပေါ့ ။ ဒါပေမယ့် ကလေးမရေ ဒီဒဏ်လောက်ကိုတော့ ငါ ခံနိုင်ရမှာပေါ့ ။ ကဗျာနဲ့ ယုံကြည်ချက် အတွက်ဆို ငါ အားလုံးကို စွန့်လွှတ်နိုင်ပါတယ် ။ အဆိုးဆုံး အခြေအနေတွေအတွက် ငါ အမြဲတမ်း အဆင်သင့် ပြင်ထားပါတယ် ”

“ ပြီးတော့ ဟေ့ ကလေးမ ငါ ပြောပြရဦးမယ် ။ အထီးကျန်မှုဝေဒနာကို ကြိတ်မှိတ်ခံစာရင်း တံငါရွာလေး မှာ ငါ ၀မ်းနည်းပက်လက် ခံစားခဲ့ရတာလေး ရှိသေးတယ် ။ အဲဒီမှာတုန်းက တလတခါလောက် ငါက တံငါရွာလေးနဲ့ အနီးဆုံးမြို့ကလေးကို သွားသွားပြီး ဖတ်ချင်တဲ့ စာအုပ်လေးတွေ ၀ယ်တယ် ။ စာအုပ်ဆိုင်တွေက ငါ့ကို မသိကြပါဘူး ။ ခေါင်းပေါင်းကြီးနဲ့ ၊ ပုဆိုးတိုတိုနဲ့ ၊ နေလောင်ထားတဲ့ အသားအရေ မွဲကြမ်းကြမ်းနဲ့ တံငါသည်ကြီးဟာ စာဖတ်ပါလား ၊ အင်္ဂလိပ်စာ တတ်ပါလားဆိုတဲ့ အံ့ဩမှု မျက်လုံးတွေနဲ့ အထူးအဆန်း ကြည့်ခံရတာပဲ ရှိတယ် ။ အဲဒီမှာ တနေ့ ငါမြို့ပေါ်ကို စာအုပ်ဝယ်ဖို့အသွား ညဦးပိုင်းလေးပေါ့ ။ တို့ရွာနဲ့ မြို့ကလေးနဲ့က အနီးဆုံးဆိုတာတောင် နေ့ချင်းပြန်လို့ မရဘူး ။ တညအိပ်ရတယ် ။ အဲ အဲဒီညပိုင်းလေးမှာ မြို့ပေါ်ကလူတွေ လှုပ်လှုပ်ရှားရှား ၊ စည်စည်ကားကား သွားလာနေကြတာ တွေ့ရတယ် ။ ဘာလို့ဆိုတော့ ပွဲရှိတယ်တဲ့ ။ ပွဲ .... ။ ပွဲက မြန်မာပြည်တပြည်လုံး အဲဒီအချိန်မှာ ဟိုးဟိုးကျော် နာမည်ကြီးနေတဲ့ ဇာတ်ပွဲ ။ ရေလမ်းပဲရှိတဲ့ ဒီမြို့လေးမှာ အင်မတန် လာခဲတဲ့ ပွဲ ။ ကြည့်ရခဲတဲ့ ပွဲကိုး ”

“ ငါ ပွဲကြည့်လေ့ ကြည့်ထ မရှိပါဘူး ။ ဒါပေမယ့် တံငါရွာလေးမှာ နှစ်ပေါင်းတော်တော်ကြာကြာ သီချင်း ၊ ဂီတ ၊ အဆိုအက ဆိုတဲ့ ဖျော်ဖြေမှုတွေနဲ့ ဝေးနေခဲ့ရတော့ ငါ အဲဒီညမှာ ပွဲသွားကြည့်တယ် ။ ငါသွားတော့ ပွဲထွက်နေပါပြီ ။ လူတွေရဲ့ ဟိုး နောက်ဆုံးကနေ ငါ ကုပ်ကုပ်လေးဝင်ပြီး ကြည့်လိုက်တော့ ဇာတ်က အော်ပရာကနေတယ် ။ ဘာအော်ပရာလဲသိလားကလေးမ ။ ငါ့ရဲ့ ကဗျာတပုဒ်ကို အော်ပရာအဖြစ် တင်ဆက်ပြနေ တာလေ ။ ငါ့ရဲ့ နှလုံးသားထဲက ဇာတ်ကောင်လေးတွေ ဇာတ်ခုံပေါ်မှာ သက်ဝင်လှုပ်ရှားနေတာကို ကြည့်ပြီး ငါ့မယ် ပီတိဖြစ်လိုက်ရတာလေ ။ ပရိသတ်တွေ သဘောကျနေတာ ကြည့်ပြီးတော့လည်း ရင်ထဲမှာ တလှပ်လှပ်နေအောင် ခံစားရတယ် ။ အော်ပရာပြီးတော့ ငါ့နာမည်ကို ကြေညာသံ ကြားရတယ် ။ ငါ့ ကဗျာကို ကျေညာသံ ကြားရတယ် ။ ပရိသတ်တွေ ချီးမွမ်းသံကို ကြားရတယ် ။ ပွဲခင်းရဲ့ ဟိုးနောက်ဆုံးမှာ ခေါင်းပေါင်းကြီး ပေါင်းပြီး ပြောင်းဖူးဖက် ဆေးလိပ်ကြီးနဲ့ ထိုင်နေတဲ့ တံငါသည်ကြီးတယောက်ကိုတော့ ဘယ်သူမှ သတိမပြုမိကြပါဘူး ”

“ ငါလေ ငါ့မိတ်ဆွေ အော်ပရာပြဇာတ် နာမည်ကျော် ဒါရိုက်တာကြီးကိုလည်း သွားတွေ့ နှုတ်ဆက်ချင် လိုက်တာ ။ စကားတွေ ပြောချင်လိုက်တာ ။ ငါ့ကဗျာရဲ့ ဇာတ်ကောင်တွေကိုလည်း သွားပြီးချီးမွမ်းကျေးဇူး တင်စကား ပြောချင်လိုက်တာ ။ ဒါပေမယ့် ငါ လုပ်လို့မရဘူးလေ အေ ကလေးမရဲ့ ။ ၀မ်းနည်းပက်လက်နဲ့ပဲ တံငါရွာလေးကို ငါ ပြန်ခဲ့ရတယ် ။ ကလေးမရေ ဒီအထီးကျန်ဘ၀ကနေ အမေရှိရာ ၊ မခင်နှင်းရှိရာ ၊ သူငယ်ချင်းတွေရှိရာ ၊ စာတွေ ကဗျာတွေရှိရာ ငါ့ပတ်ဝန်းကျင်ကို ပြန်ရောက်တော့ ညည်း တက္ကသိုလ်ရောက်လို့ ရည်းစားတွေ ဘာတွေတောင် ထားချင်ထားနေတော့မယ် ဟုတ်လား ”

“ ငါဟာလေ တောသားတံငါသည်ကြီး မြို့တက်လာသလိုပဲ ။ သိလား ကလေးမ ။ အရာရာဟာ ငါ့အတွက် အထူးအဆန်းတွေဖြစ်ပြီး လူတွေကို ငါကြောက်နေသလိုပဲ ။ အဲဒီတော့ ငါ ဘာဖြစ်သလဲဆိုတော့ လူတွေကို ငါ ရှောင်တယ် ။ ဒီတော့ ငါ့မှာ လူတောထဲမတိုးသလို ၊ လူရာမ၀င်သလို ၊ လူမှုရေးနားမလည်တဲ့ လူ့အပြင်ဘက်က လူလို့ သတ်မှတ်ခံရတယ် ။ ဒါ ငါ့ အပြစ်လားအေ့ ကလေးမ ဟင် ”

“ ကလေးမရေ သူငယ်ချင်းတွေဆီကနေ ငါ မခင်နှင်းသတင်းကို ကြားခဲ့ရပါတယ် ။ သူ အိမ်ထောင်ကျနေ ပြီတဲ့ ။ ချမ်းချမ်းသာသာဖြစ်နေတယ်တဲ့ ။ မသိစိတ်ရဲ့ မျှော်လင့်ချက်ကြောင့် ရင်ထဲမှာတော့ ဟာကနဲ ဖြစ်တာပေါ့ အေ ။ ဒါပေမယ့် တွေးပြီးသားပဲ ။ သူ့အပြစ်မဟုတ်ပါဘူး ။ ငါ့ အပြစ်နဲ့ငါ ဘာတတ်နိုင်မှာလဲ ၊ မဟုတ်ဘူးလား ”

“ ဟေ့ ကလေးမ နေဦး ။ ညည်း ငါ့ကို မေးခွန်းတွေထုတ်ဖို့ ပါးစပ်ပြင် မနေနဲ့ဦး ။ ငါ့ဇာတ်လမ်းက မပြီးသေးပါဘူး ။ ညည်း နားထောင်ပါဦး ”

“ တနေ့ ၊ ငါ ပြန်ရောက်ပြီးမှ လူတွေ သူတွေထဲကို ပထမဆုံးသွားတဲ့နေ့ ။ စစ်ကိုင်းတောင် ၊ အနုရုဒ္ဓါချောင်က စာသမား ၊ ကဗျာသမားတွေ ဆုံကြတဲ့ ကထိန်ပွဲကို ငါသွားခဲ့တယ် ။ သွားတော့ အဲဒီမှာ သစ်ပင်ရိပ်ကလေး တရိပ်အောက် မှာ အပေါင်းအသင်းတွေနဲ့ စကားဝိုင်းဖွဲ့နေကြတုန်း လူငယ်လေးတယောက် ငါ့ဘေးနားကို ဖြတ်ဆို ရောက်လာတယ် ။ ဆရာ ကျွန်တော် ကဗျာရေးပါတယ်တဲ့ ။ ဆရာ့ကဗျာတွေကို အင်မတန်ကြိုက်တဲ့သူပါတဲ့ ။ သူ့နာမည်လေးလည်း ပြောတယ် ။ ငါက ခင်ခင်မင်မင် နှုတ်ဆက်စကား ပြန်ပြောတာပေါ့လေ ။ လူငယ်လေးက ခေါင်းကလေး တညိတ်ညိတ် နားထောင်နေရာက ရုတ်တရက် သူ့လွယ်အိတ်ထဲက စာအုပ်လေးတအုပ် ထုတ်လိုက်ပြီး ငါ့ကို ပြတယ် ။ ဆရာ ဒီစာအုပ်ကလေးကို မှတ်မိသလား ဆရာတဲ့ ။ ငါ့ရဲ့ ပထမဆုံးကဗျာစာအုပ်လေးကို ငါ မမှတ်မိဘဲ ရှိပါ့မလား ။ ဒါပေမယ့် သူငယ်လေးက စာအုပ်မျက်နှာဖုံးလေးကို လှန်ပြီး ပထမစာမျက်နှာလေး ကိုလည်း ဒီမှာ ကြည့်ပါဦးဆရာ လို့လည်း ပြလိုက်ရော ကလေးမရေ ငါ့တကိုယ်လုံး တုန်သွားတယ် ။ ငါ့ လက်ရေးနဲ့ ရေးခဲ့တဲ့ ချစ်ရတဲ့ မခင်နှင်း ဆိုတဲ့ မှုန်ဝါးဝါး စာကြောင်းလေးက ငါ့ကို လှောင်ပြောင်နေသလိုပဲ ”

“ သူငယ်လေးကို ပြုံးကြည့်နေရင်း ဒီသူငယ်လေးက မခင်နှင်းနဲ့ ဘယ်လိုများ တော်စပ်ပါလိမ့်မလဲ ။ ငါ ရှိရာအရပ်ကို ဒီသူငယ်လေးနဲ့ ဒီစာအုပ်လေးကို အရောက်ပို့လိုက် ရှာတာလားဆိုတဲ့ မတွေးသာ အတွေးတွေနဲ့ ငါ ရင်တခုလုံး ဗြောင်းဆန်နေတာပဲ ။ ဒီစာအုပ်လေးကို ကျွန်တော့်အဖေဆီက ရတာဆရာဆိုတဲ့ မမျှော်လင့်တဲ့စကား ကိုလည်း ငါ ကြားလိုက်ရရောဟာ သိပ်လန့်သွားတာပဲ ။ ငါ ဘယ်လို ထင်လိုက်တယ်မှတ်လဲ ကလေးမ ။ မခင်နှင်း တယောက် လူ့လောကကြီးမှာ မရှိရှာတော့ဘူး ။ ဒီသူငယ်လေးဟာ မဟုတ်မှလွဲရော ဆိုပြီး ငါ သိပ်တုန်လှုပ်သွားတယ် ”

“ ဒါပေမယ့် ကလေးမရေ ငါ ထင်သမျှ အားလုံး လွဲခဲ့ရပါတယ် ။ သူငယ်လေးက တုန်လှုပ်နေတဲ့ ငါ့ကို ဘာထပ်ပြောလိုက်တယ် ထင်သလဲ ။ ဆရာ ကျွန်တော့်အဖေက အရင်တုန်းက မန္တလေးတက္ကသိုလ် ဘတ်စ်ကားဂိတ်နားက စက်ဘီးပြင်သမားကြီးပါ ဆရာတဲ့ ။ ကလေးမရေ စကားတွေ တတွတ်တွတ် ဆက်ပြော နေတဲ့ သူငယ်လေးကို ငါ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး ။ အင်း ကလေးမ ညည်း ရှင်းသွားအောင် ငါပြောရမယ်ဆိုလို့ရှိရင် ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မန်းတက္ကသိုလ် ဘတ်စ်ကားဂိတ်အနီးမှာ စက်ဘီးပြင်သမားကြီး တယောက်ရှိတယ် ။ တနေ့မှာ သူ့ စက်ဘီးပြင်ဆိုင်နားက ထိုင်ခုံကလေးမှာ ထိုင်နေတဲ့ ကျောင်းသူ မိန်းကလေး တယောက်ကို ကျောင်းသားလေးတယောက်က မဝံ့မရဲနဲ့ စာအုပ်လေးတအုပ်ပေးတာကို သူ မြင်လိုက်ရတယ် ။ ကျောင်းသားလေးက ကသုတ်ကရက်နဲ့ ပြန်ထွက်သွားတာကိုလည်း သူ ကြည့်နေမိတယ်တဲ့ ။ အဲဒီအချိန်မှာဘဲ မြို့ထဲသွားမယ့် ဘတ်စ်ကားက ထိုးဆိုက်လာတယ် ။ စာအုပ်လေးကို ကိုင်ထားတဲ့ ကျောင်းသူမိန်းကလေးဆီက ဘာတွေမှန်းလည်း မသိဘူးဆိုတဲ့ လှောင်သံလေးနဲ့အတူ စာအုပ်ကလေးက စက်ဘီးပြင်သမားကြီးရှေ့ မြေကြီးပေါ်ကို ဘုတ်ခနဲ ကျလာတယ် ။ မိန်းကလေးက စာအုပ်လေးကို လွှင့်ပစ်ခဲ့ပြီး သူ့အဖော်လက်ဆွဲလို့ ဘတ်စ်ကားပေါ်ကို အပြေးလေးတက်သွားခဲ့ပြီ ။ အဲဒီအခါမှာ စက်ဘီးပြင်သမားကြီးက သူမသိတဲ့ ကျောင်းသားလေးကို သနားတဲ့စိတ်နဲ့ စာအုပ်လေးကို ကောက်ယူပြီး သိမ်းထားလိုက်တယ် ။ ကဗျာစာအုပ်လေးမှန်း သိပေမယ့် သူက ဝါသနာမပါတော့ ဖတ်လည်း မကြည့်ဖြစ်ဘူး ။ လှန်လည်း မကြည့်မိဘူး ။ ဒီအတိုင်းပဲ သိမ်းထားခဲ့သတဲ့ ။ အဲဒီလိုနဲ့ သူ့သားလေး အရွယ်ရောက်လာတဲ့အခါမှာ ကဗျာဝါသနာပါပြီး ကဗျာဆရာဖြစ်ချင်နေတဲ့ သူ့သားလေးကို အဲဒီ စာအုပ်လေးထုတ်ပေးသတဲ့ ။ အဲဒီအခါမှာ သူ့သားလေးက ၀မ်းသာအားရဖြစ်ပြီး ဟိုတချိန်က သူသနားခဲ့ဖူးတဲ့ ကျောင်းသားလေးဟာ အခု သူ့သားလေး သိပ်ကြည်ညို လေးစားတဲ့ ကဗျာဆရာ ကြီးဖြစ်နေတာ ကိုတွေ့ရသတဲ့ ။ ကဲ ကလေးမရေ မိန်းကလေးတယောက်ရဲ့ ငြင်းပယ်မှုဒဏ်ကို အလူး အလဲ ခံစားဖူးပါတယ်လို့ ငါ ဆိုလောက်ပါတယ်နော် ။ ဟင် ဆရာတော် ဘယ့်နှယ်လဲ ၊ တပည့်တော် သူ့အပေါ် ကဗျာကို ချစ်သူ ၊ ကဗျာသမားကို ချစ်သူ သစ္စာရှင်အဖြစ်နဲ့ အထင်ကြီး ၊ လေးစား ၊ မြတ်နှိုး တွယ်တာခဲ့တာဟာ ထုနဲ့ထည်နဲ့ ၊ ကျောက်သားကျောက်ဆိုင်မှာ အမြစ်တွယ်နေသလို ခိုင်မာနေ ခဲ့ရတာရယ် ။ အနှစ်နှစ်ဆယ် ၊ အနှစ်နှစ်ဆယ်ကျော်တောင် စွဲမြဲခိုင်မာသမျှတွေ တခဏအတွင်း ကြေမွပျောက်လွင့်ခဲ့ရတာဟာ ဘယ်လောက်ခံစားရတယ်မှတ်လဲ ။ ဆရာတော် မချိပြုံးပြုံးရင်း တပည့်တော် တခွန်းပဲ ဆိုနိုင်တယ် ။ ဪ သူက ကဗျာ မုန်းသူကိုးလို့ ”

“ ဟေ့ ကလေးမ ညည်း ကိုယ်ချင်းစာလို့ ရပါတယ်နော် ။ ဘာ ဘာရယ်ကလေးမ ။ လေးလေး တော်တော် ပြန်ပြီး တည်ဆောက်ရမှာပေါ့ ဟုတ်လား ။ ဟား ဟား ဒီလောက် မဟုတ်ပါဘူးအေ ။ ညည်း ငါ့ကို အထင်မသေးပါနဲ့ ။ တက်ကြွပြတ်သားတဲ့ စကားလုံးကာရန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာလေးတွေက ကဗျာဆရာကို အမြဲတမ်း အသက်ရှင်စေပါတယ် ။ ကလေးမရေ ကဗျာမုန်းသူ ၊ စာမုန်းသူတွေ နားမလည်လို့ပါ ။ မင်းတုန်းဘုရင်ရဲ့ ရာဇ၀င်ဆိုတာ ဦးပုညရဲ့ ကဗျာတပုဒ် ၊ စာတပုဒ် နောက်ကွယ်မှာ မှေးမှိန်ပျောက်ကွယ်ရတာပါ ။ ဟုတ်တယ်မဟုတ်လား ။ နော် ဆရာတော် ။ ဟေ့ သူငယ်ချင်း ဟုတ်တယ် မဟုတ်လားကွ ။ ဘာရယ် ဆရာတော် လေသိပ်ကြမ်းလာပြီ ။ အင်း ဟုတ်တယ် ၊ လေသိပ်ကြမ်းလာပြီ ။ ဪ တံငါတွေ မုန်းတဲ့ လရောင်ကတော့ လှလိုက်ပါတဲ့အမျိုး ။ ကလေးမ ညည်း ချမ်းနေပြီထင်တယ် ၊ ဟုတ်လား ”

“ ကဲ ပြန်ကြတာပေါ့အေ ။ ဟေ့ ကလေးမရေ ဟိုးအရှေ့ဆီကို လှမ်းကြည့်လိုက်စမ်း ။ အဲဒီမှာ မန္တလေး ရှိတယ် ။ အင်း အဲဒီမန္တလေးရဲ့ တနေရာမှာ ကဗျာဆရာချစ်တဲ့ ကဗျာမုန်းသူတယောက် ရှိတယ် ။ ဟုတ်တယ် ၊ ကဗျာဆရာ မမေ့နိုင်သေးတဲ့ ကဗျာမုန်းသူတယောက် ရှိတယ် ”

◾ နုနုရည် ( အင်းဝ )

📖  ရွှေအမြုတေ မဂ္ဂဇင်း
       အမှတ် ၂၃၆ ၊ ၂၀၀၉ ဇူလိုင်
      
       koaungnaingoo.blogspot.com
      
       .

No comments:

Post a Comment