Friday, September 24, 2021

အနိမ့်စခန်း မှ ရွှေဘုံနန်း သို့ ( တတိယပိုင်း )


 

❝ အနိမ့်စခန်း မှ ရွှေဘုံနန်း သို့  ❞
          ( တတိယပိုင်း )

မင်းတုန်းမင်း ၏ နောက်ဆုံး အရုဏ်သည် ရောက်ရှိလာလေပြီ ။ အရုဏ်ဦးတွင် ခပ်ဖျော့ဖျော့ အရောင်များ ပေါ်လာပြီးနောက် နေရောင်နှင့်အတူ အရှေ့လောကဓာတ် တစ်ခွင်လုံး နီရဲစွာ တောက်ပလာလေသည် ။ မင်းတုန်းမင်း သည် သူ့အဆောင်တွင်းသို့ ကန့်လန့်ကာများ အကြားမှ ထိုးဝင်လာနေသော နေရောင်ခြည်ကို ကြည့်လိုက်လေသည် ။

သူ့ သားတော်ကြီး သုံးပါးတို့သည် သင်္ဘောနှစ်စင်းဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းသွားကြသည်ကို စိတ်မျက်စိ၌ မှန်းမျှော်ရမ်းရော်၍ ကြည့်မိရှာ၏ ။ သေခါနီးလူများ စဉ်းစားလေ့ရှိသည့်အတိုင်း မင်းတုန်းမင်း သည် သူ၏ အတိတ်ဘဝ အဖြစ်အပျက် များကို ပြန်ပြောင်း၍ တွေးကြည့်နေမိပြန်သည် ။

သူသည် အမရပူရ မြို့တော်ဟောင်းကို ရောက်သွားပြီး နောင်တော် ပုဂံမင်း ထံမှ ထီးနန်းကို ရယူခဲ့ပုံများသည် တရေးရေး ပေါ်လာလေသည် ။ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းပိုက်ထားသည့် ဗြိတိသျှဘုရင်မ ၏ အမည်ကို အမှတ်မထင် သတိရနေ၏ ။ ကုတ်အင်္ကျီ အနီများကို ဝတ်ဆင်ထားသည့် အင်္ဂလိပ်စစ်သားများ၏ ပုံပန်းသည် ပေါ်ပေါက်လာနေသည် ။

ဤသူများသည်ကား မြန်မာတို့၏ ရန်သူဖြစ်လျက် သူတို့သည် အချိန်မရွေး ရွှေနန်းတော် တံခါးဝကို လာရောက်၍ ဒုက္ခပေးမည့် အရေးကိုပါ တွေးနေမိရှာသည် ။ နိုင်ငံခြားသားများထံမှ အတုယူလျက် တိုင်းပြည်၏ စီးပွားရေးတိုးတက်ရန် အမှုကိစ္စများ ၊ စက်ရုံများ တည်ထောင်ခဲ့ခြင်း ကိစ္စများ စသည်တို့ကို မပြုလုပ်ခဲ့မိလျှင် ကောင်းလေမလား ဟူ၍လည်း တွေးတော နေမိရှာလေသည် ။

မင်းအဖြစ် စံမြန်းရသော အချိန်ကာလပိုင်းထက် တောရွာကလေးမှာ နေလျက် အေးအေးချမ်းချမ်း နေရခြင်းမျိုးက ပို၍ စိတ်ချမ်းသာမှု ရနိုင်ပေမည် ဟူ၍လည်း စိတ်ကူးမိပြန်သည် ။ တော်ပေသေးသည် ။ မက္ခရာမင်းသား ၊ သုံးဆယ်မင်းသားနှင့် ညောင်ရမ်းမင်းသား သုံးဦးမှာမူ အန္တရာယ်ကင်း၍ ဘေးရန်ရှင်းသွားကြရှာပေပြီ ။ တော်ပေသေးသည် ဟူ၍ သတိဝင်သွားပြီးနောက် မင်းတုန်းမင်း သည် မထသော အိပ်စက်ခြင်းဖြင့် လူ့ပြည်ငြီး၍ နတ်ထီးစံတော်မူသွားရှာလေတော့ သတည်း ။

သည်သို့ မင်းတုန်းမင်းတရားကြီး နတ်ရွာမစံမီ ရက်အနည်းငယ်အတွင်း၌ ရွှေနန်းတော် အတွင်းမှာသော်လည်းကောင်း ၊ ရွှေနန်းတော် အနီးတစ်ဝိုက် မှာသော်လည်းကောင်း ထူးခြားသော အတိတ်နိမိတ်များ ဖြစ်ပေါ်ခဲ့သေးသည် ။

အကန်တော့ခံ မြေနန်းတော်အောက် မှာ ပျားစွဲခြင်း ၊ တော်လည်းခြင်း ၊ ရွှေမြို့တော် ပြအိုး မြို့ရိုးအချို့ အလိုလို ပြိုကျခြင်း ၊ မြို့တော်တွင်း၌ မကြာခဏ မီးလောင်မှု ဖြစ်ပွားခြင်း ၊ မြို့တွင်းမှာ ရှိသော မဟာရာမကျောင်းတိုက်သို့ ကျားဝင်ခြင်း ၊ နန်းတော်တွင်းသို့ အရူးဝင်ခြင်း ၊ မှန်နန်း ရာဇပလ္လင်ပေါ်မှ ငိုသံကြားရခြင်း ၊ ဒါက ပလ္လင်စောင့် နတ်သမီး ငိုသည်လို့ ပြောကြသည် ။ ညအချိန် နန်းတော်တွင်း၌ ကောင်းကင်ယံမှ တူရိယာသံများ ကြားရခြင်း ၊ သန်းခေါင်ယံ အချိန်များမှာ နန်းတော်တွင်း၌ မြို့ရိုးတံခါးအနီးမှာ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ အသံများ ကြားရခြင်း စသည်တို့ပင် ဖြစ်သည် ။ တိုက်ဆိုင်မှုများလားလို့ သံသယ ဖြစ်စရာတွေပေါ့ ။ သိသိသာသာ ထင်ရှားတာကတော့ အမင်္ဂလာတံခါး ခေါ်သည့် ကြေးမုံတံခါး ( အာဠဝီ ) တံခါး တစ်ဝိုက် မှာပါပဲ ။ ညစဉ်ညတိုင်း ဆူညံ အော်ဟစ်သံများ ကြားရသည်လို့ ဆိုသည် ။

မင်းတုန်းမင်း ၏ အလောင်းတော်ကို ခြေခြောက်ချောင်းရှိသော ရွှေသလွန်တော်ပေါ်တွင် တင်ထားကြသည် ။ မင်းသားများအတွက် သလွန်တွင် ခြေလေးချောင်းသာ ရှိသော်လည်း ဘုရင်မင်းမြတ်၏ သလွန်တော်တွင်မူကား ခြေခြောက်ချောင်း ရှိလေသည် ။ ဘုရင်မင်းမြတ် ၏ အလောင်းတော်ကို မှန်နန်းဆောင်၌ ရှိသော ပိတုန်းရုပ်ခံသည့် ဘမရာသန ရာဇပလ္လင်တော် ရှေ့မှောက်တွင် ထားရှိလေသည် ။

အလောင်းတော်ကို မြောက်ထားဝယ် သေနတ်စိုး အမှုထမ်း လေးဆယ် နှင့် ဒိုင်းဝန် သံတော်ဆင့် တို့က ရေကြည်တော် ထမ်းဆောင် သန့်စင်စေသည် ။ အလောင်း ရေချိုးသည်ပေါ့ ။ ပြီးမှ အလောင်းတော်ကို ပိတ်ဖြူနှင့် ရစ်ပတ်လျက် မျက်နှာတော်နှင့် လက်တော်များကိုမူ ရွှေပိန်းချ ထားလေသည် ။

ဦးခေါင်းတော်မှာ ဦးပေါင်းပုံတော် စွပ်ထားသည် ။ ထီးဖြူတော် ရှစ်ချက် အုပ်မိုးထားသည် ။ သလွန်တော်မှ လေးတောင်ခန့် အကွာတွင် ရွှေချထားသော ရာဇမတ် အကာတန်းများဖြင့် ပိတ်ကာလျက် ၎င်း အကာအတွင်း၌ ဘုရင်မင်းမြတ် ၏ အသုံးအဆောင်များကို ခင်းကျင်း ပြသထားလေသည် ။

ဘုရင်မင်းမြတ် သက်တော်ထင်ရှား ရှိစဉ်အခါများက ညီလာခံရာတွင် ဝတ်ဆင်တော်မူလေ့ ရှိသော ပန်းနုရောင်နှင့် အဝါရောင် အဆင်းရှိသော ငွေရေးခြယ်ထားသည့် ဝတ်လဲတော်ကို တိုင်တစ်ခုတွင် ဆွဲ၍ ပြထားသည် ။ ဝတ်လဲတော်များမှာ အတောင်အလက် များလို ကော့ပျံနေသည့် အတွက် ပြသာဒ် အမိုးများနှင့် တူနေလေသည် ။ ခြေနင်းတော်မှာပင်လျှင် အထက်သို့ ကော့ပျံနေသော အတောင်ဖြန့်ထားသည့်နှယ် ရှိနေလေသည် ။ အခြားသော နန်းတွင်း ဝတ်လဲတော်များသည် သလွန်ဘေးတွင် အကန့်လိုက် စုပုံလျက် ရှိနေသည် ။

အကာတန်း၏ ထောင့်နေရာများတွင်မူကား ဥရောပပုံစံ စားပွဲတစ်ခုစီ ရှိလေသည် ။ ၎င်း စားပွဲများပေါ်တွင် အရာဝတ္ထုကလေးများ ပြည့်နှက်နေသည် ။ မင်းတုန်းမင်းသည် အခြားသော အရာများကို စိတ်ဝင်စားသကဲ့သို့ပင် စားသုံးသော ယိုဘူး ပြုလုပ်ခြင်းကိုလည်း စိတ်ဝင်စားခဲ့ လေသည် ။ ဘုရင်မင်းမြတ်၏ စက်ရုံတံဆိပ် ခပ်နှိပ်ထားသော ထိုဘူးကလေးများကို ရွှေထွေးခံများ ၊ ရွှေကွမ်းအစ်များ ဘေးတွင် တွေ့မြင်နိုင်လေသည် ။

ရွှေကြိုး နှစ်ဆယ့်လေးသွယ်ရှိသော စလွယ်တော်များကိုမူကား အကာတန်း နေရာအနှံ့တွင် တွေ့မြင်နိုင်လေသည် ။ ထောင့်တစ်နေရာတွင် မြန်မာ ပန်းချီကျော်တစ်ဦး ရေးဆွဲထားသည့် မင်းတုန်းမင်း ၏ ရုပ်ပုံ ပန်းချီကား တစ်ချပ်ကို တွေ့ရှိနိုင်လျက် ပုံနှိပ်ထားသည့် ရုပ်ပုံတော် တစ်ခုကိုလည်း အခြား ထောင့်တစ်နေရာတွင် တွေ့ရှိနိုင်လေသည် ။

သလွန်တော် အထက်တွင်မူ လေနုကလေးများ တိုက်ခတ်သည့် အခါ၌ပင် လှုပ်ရှားလောက်အောင် ပါးလွှာစွာ ထုလုပ်ထားသည့် ဗောဓိညောင်ရွက်ပုံ ရွှေပြားများကို ချိတ်ဆွဲထားလေသည် ။ ဘုရင်မင်းမြတ် ၏ ဦးခေါင်းဘေးတွင်မူကား သရက်ရွက်ပုံသဏ္ဌာန် ရွှေပါးဖြင့် ခတ်လုပ်ထားသော ရွှေသစ်ရွက်ကလေးကို ချိတ်ဆွဲ၍ ထားလေသည် ။ ၎င်းမှာ ကံတော်ကုန်သွားသည့် ဘုရင်မင်းမြတ် ၏ လိပ်ပြာပင် ဖြစ်သည် ။ ဤလိပ်ပြာသည် သေသူ၏ ကိုယ်ခန္ဓာ ရုပ်အလောင်းကို သဂြုင်္ိဟ်သည်အထိ တွယ်ကပ်နေသည်ဟု အယူရှိကြလေသည် ။

နေ့ရောညပါ မင်းသမီး လေးပါးတို့သည် သလွန်တော် တစ်ဖက်လျှင် နှစ်ယောက်ကျစီ ပုဆစ်တုပ်လျက် ဒေါင်းမြီး ယပ်တောင်ကြီးများကို မပြတ် လွှဲခတ်နေရလေသည် ။ နေ့စဉ် စည်တော်ကြီးများကို ခုနှစ်ကြိမ်တိတိ ရွမ်းကြရသည် ။

ဆင်ဖြူမရှင် မိဖုရားကြီး ၏ သမီးတော် မိုင်းနောင် မိဖုရားကြီး ၊ မြတောင် စုဖုရားလတ် ၊ ရမည်းသင်း စုဖုရားကလေး ၊ သီပေါမင်း ၏ အစ်မတော် ပခန်းကြီး မိတ္ထီလာ စုဖုရား စသည့် သမီးတော်များနှင့် အခြား သမီးတော်ငယ်များ ဖြစ်ကြသည် ။ အလောင်းတော်အနီးတွင် ရှိသည့် သမီးတော်များအနက် ဝမ်းနည်းကြေကွဲဖွယ် အဖြစ်ဆုံး သမီးတော်ကား တပင်တိုင်နန်း ဖြင့် ခမ်းနားကြီးကျယ်စွာ သူကောင်းပြု မြှောက်စားခြင်း ခံရတော်မူသော စလင်းမိဖုရား ခေါ်  သုသီရိမြတ်စွာ ရတနာဒေဝီပင် ဖြစ်လေသည် ။

စလင်းထိပ်ခေါင်တင် မှာ နှယ်နှယ်ရရ မင်းသမီး မဟုတ်ပေ ။ မင်းတုန်းမင်းကြီး ၏ မိဖုရား တစ်ပါးဖြစ်သော လင်ပန်းမိဖုရား မှ ဖွားမြင်ခဲ့သည် ။ မင်းတရားကြီး၏ အထူး အရေးပေးခံရသော မင်းသမီး ဖြစ်၏ ။ မင်းတရားကြီး ၏ အချစ်ဆုံးဟု ဆိုသည် ။ စုဖုရားလတ် ကမူ ဒုတိယ လိုက်သည်ဟု ဆိုကြသည် ။ သီရိသုမြတ်စွာ ရတနာဒေဝီဘွဲ့ ခံယူပြီး တစ်ပင်တိုင်မြနန်း ဖြင့် သီးသန့်ခံစားစေခဲ့သည် ။

ပင်တိုင်စံ ဆိုသည်ကလည်း နောက်တက် မည့် မင်းအတွက် အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်ရမည် ။ ဒါကြောင့်လည်း နန်းညွန့်လျာမှတစ်ပါး မည်သည့် မင်းညီမင်းသား နှင့်မျှ မတွေ့ဆုံရ ။ သူ၏ ပင်တိုင်ဆောင်ကိုလည်း အလယ်နန်းမတော် မိဖုရားဆောင် ၏ တောင်ဘက်တွင် သီးခြား ထားရှိသည် ။

ဤသို့ဖြင့် အလောင်းတော်ကို အခမ်းအနားဖြင့် သလွန်ထက်တွင် တင်၍ ထားသည်မှ သုံးရက် မြောက်သောနေ့၌ ရွှေသားကျောက်စီ ခေါင်းတော်တွင်းသို့ မသွတ်သွင်းမီ အချိန်ကလေးတွင် အရေးပါ အရာရောက်သော နိုင်ငံခြားသားများ ၊ အောက်တန်းအဆင့် ရှိသော မြန်မာ အရာရှိငယ်များနှင့် သူတို့၏ မယားများကို အလောင်းတော်အား လာရောက်ဖူးမြော်ခွင့် ပေးလေသည် ။ ထိုနေ့ တစ်ညနေလုံး ပရိသတ် လူအတန်းကြီးသည် ဥယျာဉ်တော်ကို ဖြတ်လျက် ဘမရာသန ပလ္လင်တော်ဆောင်တွင်းသို့ အဆက် မပြတ် အဖူးအမြော် ရောက်ရှိလာကြလေသည် ။ နောက် သုံးရက် မြောက်သော အခါ၌ နေမွန်းတည့်ချိန်တွင် အလောင်းတော် သဂြုင်္ိဟ်သည့် အခမ်းအနားကို ဆင်ယင် ကျင်းပကြသည် ။ မင်းတုန်းမင်း သည် သက်တော်ထင်ရှား ရှိစဉ်က နောက်ပိုင်းကာလများတွင် အင်္ဂလိပ်တို့အား မျက်နှာသာ ပေးတော်မူနေပုံ ရသည် ။ အင်္ဂလိပ် သံအဖွဲ့ဝင်များအတွက် မဏ္ဍပ်တစ်ခု သတ်သတ် ဆောက်လုပ်ပေးပြီး အခမ်းအနားကို လွတ်လပ်စွာ ကြည့်ရှုခွင့် ပေးထားလေသည် ။ အခြားသော ဥရောပတိုက်သား များကိုလည်း ဤမဏ္ဍပ်သို့ ဝင်ရောက်ခွင့် ပေးထားသည် ။

သံအဖွဲ့ဝင် မစ္စတာရှော နှင့် မစ္စတာ ပီးအားပွန်း တို့အား သူတို့၏ အခမ်းအနားဝတ်စုံ အပြင် ၊ ဓားရှည်များကို တပ်ဆင်ခွင့်ပြုလျက် ဖိနပ်များကို စီးနင်းခွင့် ပေးထားလေသည် ။ မစ္စတာရှော အနေဖြင့် ရှေ့တွင် အင်္ဂလိပ်တို့အားအနှောင့်အယှက် ပေးလျက်ရှိသော ဖိနပ်ပြဿနာမှာ ရှင်းလင်းသွားလေပြီဟု မှတ်ယူမိလေသည် ။ သံအမတ်များသည် ဘုရင့် ရှေ့တော်မှောက်သို့ အခစား ဝင်ရောက်သည့်အခါ၌ ဖိနပ်ချွတ်၍ ဝင်ရောက်ရမည်ဟု မြန်မာဘုရင်က သတ်မှတ်ခဲ့ ခြင်းကြောင့် မြန်မာဘုရင်နှင့် ဗြိတိသျှ တို့၏ ဆက်ဆံရေးမှာ ပြေပြစ်ခြင်း မရှိဘဲ အဆက်ဖြတ်ခဲ့ရခြင်း ဖြစ်လေသည် ။

ယင်းသို့ ဥရောပတိုက်သားများအား ဓားရှည်များ တပ်ဆင်လျက် ဖိနပ်စီး၍ ဝင်ရောက်ခွင့် ပေးထားစေကာမူ သူတို့အား မင်္ဂလာ မရှိသော အနောက်တံခါးမှသာ ဝင်ခွင့်ပြုထားလေသည် ။

အနီရောင်တွင် ရွှေရောင်များ ဝင်းလက်နေသော ရွှေနန်းတော်ကြီးသည် နေရောင်ခြည် အောက်တွင် ခံ့ညားတည်ငြိမ်စွာ ရပ်တည်နေပေသည် ။ ရွှေနန်းတော် ပြာသာဒ်၏ ဖြူဖွေးသော လှေကားဆီမှ နီရဲသော မြစ်ရေ စီးဆင်း၍ လာသည့်အလား ကြက်သွေးရောင် ကော်ဇောကြီးကို ဥရောပတိုက်သားတို့၏ မဏ္ဍပ်ကို ဖြတ်ကျော်လျက် မင်းတုန်းဘုရင် ၏ အလောင်းတော် သဂြုင်္ိဟ်မည့် သစ်ပင်ရိပ်အောက် မှ စေတီဖြူကလေး အထိပင် ရောက်ရှိသွားအောင် ခင်းကျင်း ထားလေသည် ။

မင်းတုန်းမင်း က သူ ကံတော်ကုန်သည့်အခါတွင် ထုံးစံအတိုင်း မီးသဂြုင်္ိဟ်ခြင်း မပြုဘဲ အုတ်ဂူတွင် သွင်း၍ သဂြုင်္ိဟ်မြှုပ်နှံရန် မှာကြားတော်မူထားလေသည် ။ သည့်အတွက် ယခုအခါတွင် အာဏာလက်ရှိဖြစ်သော ဆင်ဖြူမရှင် မိဖုရား သည် ကွယ်လွန်ပြီးဖြစ်သည့် မင်းတုန်းမင်း ၏ ဆန္ဒတော်ကို သက်တော်ထင်ရှား ရှိစဉ်အခါကထက် လေးစားသမှုပြုလျက် အလိုတော်အတိုင်း ဆောင်ရွက်လျက် ရှိလေသည် ။

မင်းတုန်းမင်း ၏ အလောင်းတော်ကို သဂြုင်္ိဟ်တော်မူသော အခမ်းအနားမှာ နတ်သမီး ပုံပြင်လို မှတ်ထင်ရသည် ။ နေမွန်းတည့်သည်နှင့် တစ်ပြိုင်နက် ပဟိုရ်စင်ဆီမှ စည်တော်သံများ ပေါ်ထွက်လာပြီး အခမ်းအနားကြီး စတင်လိုက်လေရာ ကြက်သီးများ ထသွားမိခမန်း ဖြစ်ကြရလေသည် ။

ရှေ့ဆုံးမှ မင်းတုန်းမင်း ၏ ဝေါတော်ကြီးသည် စီးသူမဲ့ မြင်းကြီးကဲ့သို့ စီးနင်းသူ မပါဘဲ ပေါ်ထွက်လာလေသည် ။ အနီရောင်တွင် ရွှေရေးခြယ်ထားသော ဝေါတော်ကြီးကို လူများထမ်းလျက် ညီလာခံ အဆောင်တော်မှတစ်ဆင့် အုတ်လှေကားအတိုင်း သယ်ဆောင်လာကြသည် ။

၎င်းနောက်တွင် နန်းတော်ထောင့်ဆီမှ ဆင်ခြောက်ကောင် ပေါ်လာပြီး လိုက်ပါလာကြသည် ။ ဆင်များပေါ်တွင် ခရမ်းရောင်အဝတ်ကို လွှမ်းလျက် အနီရောင်တွင် ရွှေရေးခြယ်ထားသော အိမ်ကလေးများ တင်ထား၏ ။ ကြက်သွေးရောင် အလံကလေးများသည် ခတ်ဆော့ဆော့ တိုက်ခတ်နေသော လေတွင် မီးတောက် မီးလျှံများလို လူးလွင့်နေလေသည် ။ အစွယ်များကို ကြက်သွေးရောင်တွင် ရွှေရောင်ခြယ်ထားသည့် အခွေများဖြင့် စွပ်လျက် ၎င်းမှ ကြက်သွေးရောင် ပန်းပွားများ ကပ်နေလေသည် ။ ဆင်များနောက် မှ မြင်းများ လိုက်ပါလာသည် ။ မြင်းများပေါ်တွင် ရွှေကုန်းနှီးများ တပ်ဆင်လျက် အနီရောင် ခြေနင်းကွင်းနှင့် ရွှေရောင် ဇက်ကြိုးတွင် ကျောက် မျက် ရတနာများ စီခြယ်၍ထားသည် ။

သည့်နောက် မှ တိုင်တားမင်းကြီး နှင့် ကင်းဝန်မင်းကြီး နှစ်ပါးသည် ခြေကျင်လျှောက်၍ လိုက်ပါလာကြသည် ။ မကြာမီ ကာလအတွင်းက ဆင်ဖြူမရှင် မိဖုရား လက်အောက်တွင် ရွှေနန်းတော်အတွင်း၌ ဖြစ်ပျက်သည့် အကြောင်းအရာများအတွက် တာဝန်ရှိသော မင်းကြီးများပင် ဖြစ်သည် ။ သူတို့နှစ်ဦး ၏ လက်ထဲတွင် တိုင်းပြည်၏ အရေးအခင်းသည် တည်လျက်ရှိသည် ။ မင်းကြီး နှစ်ပါးသည် ဘေးချင်းယှဉ်လျက် လျှောက်လာကြသည် ။

ရက်စက်၍ ခက်ထန်ပုံရသော တိုင်တားမင်းကြီး ၊ သူသည် စစ်ကို အလိုရှိသူ ဖြစ်သည် ။ ခိုင်ခံ့သော မေးရိုးနှင့် ပူးကပ်သော မျက်လုံးများ ရှိသူဖြစ်၏ ။ တည်ကြည်မှုရှိသော ကင်းဝန်မင်းကြီး ဦးကောင်း မှာမူ အတော်ပင် အိုမင်းပုံ ပေါက်နေပေသည် ။

မင်းကြီး နှစ်ပါးလုံးတွင် သရက်သီးမှည့်ရောင် ကတ္တီပါလက်ပွ အခမ်းအနား ဝတ်စုံကြီးကို ဝတ်ထားကြပြီး ရွှေရောင်တွေ လက်နေသော ဗောင်းတော်များကို ဆောင်းထားကြသည် ။ သူတို့၏ ဦးခေါင်းပေါ်တွင် ရာထူးကြီးမားဆုံးဖြစ်သော ပုဂ္ဂိုလ်များအဖြစ် ဖော်ပြထားသည့် အဓိပ္ပာယ် ပေါ်စေသည့် အနီရောင် ထီးများကို ထီးတော်မိုးများက မိုးကိုင်လျက် ရှိကြလေသည် ။

ထို့နောက် တူရိယာအဖွဲ့ လိုက်ပါလာသည် ။ ဗြောများ ၊ ငွေနှဲများ ၊ လင်းကွင်းများနှင့် အနီရောင် ထမ်းပိုးတွင် ချိတ်ဆွဲထားလျက် လူနှစ်ယောက် ထမ်းပြီး တစ်ယောက်က သတ်သတ် တီးပေးရသော မောင်းကြီးလည်း ပါသည် ။ ၎င်းနောက်တွင်မူကား အစီအစဉ်ဖြင့် မဟုတ်ဘဲ မိမိတို့ နှစ်သက်သလို လျှောက်လာကြသော အဝတ်အစားကောင်းများကို ဝတ်ဆင်ထားသည့် အရာထမ်း ငယ်များ လိုက်ပါလာကြသည် ။

၎င်းတို့နောက်တွင် အပျိုတော်များ ၊ လူပျိုတော်များသည် ရွှေကွမ်းအစ် ၊ ရွှေထွေးခံ စသော မင်းတုန်းမင်း ၏ အသုံးအဆောင် ပစ္စည်းများကို အလျှိုအလျှို ရွက်၍တစ်မျိုး ပိုက်၍တစ်ဖုံ သယ်ဆောင်လျက် လိုက်လာကြလေသည် ။

သည့်နောက်တွင်မှ ရွှေခေါင်းလောင်းကြီးသည် ဟာလာဟင်းလင်းဖြင့် ပါလာလေသည် ။ ဟာလာဟင်းလင်း ဖြစ်ရခြင်းမှာ အလောင်းတော်ကို နောက် မှ သွတ်သွင်းရမည် ဖြစ်သောကြောင့် ဖြစ်လေသည် ။ ရွှေခေါင်းတော်ကြီးကို ကတ္တီပါ အနီစွပ်ထားသည့် ဝါးထမ်းပိုးတွင် ကတ္တီပါဖြင့် ချီဆွဲထားသည့် ပုခက်ဖြင့် တင်ဆောင်ထားသည် ။ ၎င်းအပေါ်မှ ပိတ်ဖြူတွင် ရွှေရေးနှုတ်ခမ်း သတ်ထားသည့် အဝတ်ဖြင့် လွှားတင်ထားလေသည် ။ ပုခက်တွင် လိမ်၍ လိမ်၍ ထားသော ပိတ်စကြိုး နှစ်ခုဖြင့် ချည်နှောင်ထားလေသည် ။

မိဖုရားများ ၊ သမီးတော်များ နှင့် ကျန်ရှိနေသေးသည့် သားတော်အချို့ ( သူတို့မှာ ကလေးများ ဖြစ်ကြပြီး ထောင်သွင်း အကျဉ်းကျမခံရသူများ ဖြစ်သည် ။ ) တို့သည် ပိတ်ဖြူကြိုးကို ကိုင်လျက် ပုခက်ကို ထိန်း၍ ဆွဲလာကြလေသည် ။

မိဖုရားများ သည် အဝတ်ဖြူကိုသာ ဝတ်ဆင်လျက် ၎င်းတို့၏ ခြေထောက်တွင် ဖိနပ် မစီးကြချေ ။ ဘုရင်မင်းမြတ် နှင့် မိဖုရားခေါင်ကြီး တို့သာ ဆောင်းခွင့်ရှိသော ထီးဖြူတော် ရှစ်စင်းကို ပုခက်ပေါ်မှ မိုး၍ လိုက်ပါစေသည် ။

အမရပူရ ၊ စစ်ကိုင်း ၊ ရွှေဘို စသော အနီးအနား မြို့များမှ ပြည်သူများနှင့် ရတနာပုံ မြို့တော်သူ မြို့တော်သားများမှာ လွှတ်တော်မြောက်ဘက်ရှိ အလောင်းတော် သဂြုင်္ိဟ်မည့် နေရာတွင် စောင့်ဆိုင်းနေကြသည် ။

ယာယီဝင်းတော်ကို ခမ်းနားစွာ ပြင်ဆင်ထား၏ ။ ဝင်းတော်အလယ်တွင်မူ မှန်စီရွှေချ အုတ်နန်းပြာသာဒ် တည်ဆောက်ထားပြီးဖြစ်၏ ။ ပန်းရန်တော် အမှုထမ်းတို့သည် အလောင်းတော်ကို ဂူသွင်းရန် အသင့်ရှိနေပြီ ဖြစ်သည် ။

သည်အချိန်မှာ နန်းမြို့ရိုး မြို့ပြင်လေးရပ်မှ အမြောက်သံ တစ်ချက် ကြားလိုက်ရသည် ။ တစ်ပြိုင်နက်ပင် ဆူညံသော ခရုသင်းသံများလည်း ကြားလိုက်ရ၏ ။ ကြားရသူ အပေါင်းကို ကြက်သီးထခမန်း ဖြစ်သွားစေရသည်ဟု ဆို၏ ။ ကြေးစည် ခေါင်းလောင်းသံများ ထွက်ပေါ်လာသည် ။ သည့်နောက် မှ နတ်ရွာစံမင်းတရားကြီး၏ အလောင်းတော်ကို မှန်နန်းဆောင်မှ ထုတ်ယူလာကြသည် ။

သီပေါမင်းကလေး နှင့် မင်းတုန်းမင်းကြီး ၏ မိဖုရားကြီး, ငယ်များ ၊ မှူးကြီးမတ်ရာ သေနာပတိများကိုယ်တိုင် ကြပ်မတ်ကာ ထုတ်ယူလာခြင်း ဖြစ်သည် ။ အလောင်းတော်ယာဉ်ကို ထီးဖြူတော် ရှစ်ချက် အုပ်မိုးထား၏ ။ ဘေးမှ ဗိုလ်မှူးစစ်ကဲများ ခြံရံလိုက်ပါလာသည် ။ ကင်းဝန်မင်းကြီး ဦးကောင်း ၊ တိုင်တားမင်းကြီး ဦးဖိုး ၊ ဆင်ဖြူမရှင် မိဖုရားကြီး နှင့် မိဖုရားအချို့ ဝန်းရံ ဖေးမလာကြသည် ။

နောက်ဆုံးတွင် အလောင်းတော်ကို သီပေါမင်းတရား ကိုယ်တော်တိုင် ကြပ်မတ်ပြီး မှန်စီ အုတ်နန်းပြာသာဒ်ထက်သို့ တင်လိုက်လေသည် ။ ဤတွင် ပန်းရန်တော်များက ဖွင့်လှစ်ထားသော အပေါက်ကို အုတ်သရိုးဖြင့် အပြီးသတ် ပိတ်ဆို့လိုက်လေတော့သည် ။

မိဖုရား ၊ မောင်းမ ၊ ရံရွေတော်များသည် နောက်ဆုံး ငိုကြွေးခြင်းဖြင့် ငိုကြွေး မြည်တမ်းကြရှာ၏ ။ လာရောက် ကြည့်ရှုကြသော မြို့တော်သူ မြို့တော်သားများပါမကျန် မျက်ရည် မဆည်နိုင် ရှိကြသည် ။

ပြည်သူတို့၏ မျက်စိထဲတွင် တိုင်းပြည် သာယာစည်ပင်အောင် အုပ်ချုပ်ခဲ့သည့် မင်းတရားကြီး ကို နှမြောတသ၍ မဆုံးနိုင်အောင် ရှိကြသည် ။ ပဉ္စမ သင်္ဂါယနာ တင်ကာ သာသနာတော် ပြုခဲ့ပုံများသည် သူတို့ကို သတိရစေသည် ။ သေသူကို ရှင်သူက တ, ရသည်မို့လား ။

သည်နေရာတွင် လောကကို သံဝေဂဖြစ်ဖွယ် ဖြစ်ရပ်တစ်ခုကလည်း ရှိနေသေးသည် ။ ဒါကလည်း တခြားမဟုတ် ။ မင်းတုန်းမင်း ၏ နောင်တော်တစ်ဦးဖြစ်သော နန်းကျဘုရင်ဟောင်း ပုဂံမင်း ပင် ဖြစ်သည် ။ သက်တော်ကြီးလှပြီ ဖြစ်သော ပုဂံမင်း မှာ ညီတော် မင်းတုန်းမင်း ၏ အသုဘကို ကမ္မဋ္ဌာန်း စီးဖြန်းမိ၏ ။

ဘုန်း ဘယ်လောက်ပဲကြီးကြီး ၊ အာဏာ မိုးလောက်ကြီး ရှိပါစေ ပုထုဇဉ် မှန်သမျှ ၊ သတ္တဝါ မှန်သမျှ သေမျိုးချည်းပါလား ။ ငါ့မှာ အာဏာ ရှိသည် ။ ငါ မသေရသေးဘူးဆိုလည်း မရဘူး ၊ ငါ့မှာ ငွေရသည် ၊ ဂုဏ်အဆင့်အတန်းရှိသည် ဆိုပြီးတော့လည်း မသေလို့ မရပါလား ။

ပုဂံမင်း ၏ ယာဉ်တော်မှာ မှန်စီရွှေချ သုံးထပ်ယာဉ်တော် ဖြစ်၏ ။ ရွှေထီး လေးချက် အုပ်မိုးထားသည် ။ ကိုယ်ရံတော်များ ခြံရံပြီး အိမ်ဖြူတော်မှ ကြွချီလာခြင်းပဲ ဖြစ်သည် ။

ကြေကွဲဖွယ် ရှုခင်းကား မေ့မရအောင် ရှိလှသည် ။ အထူးဧည့်သည်တော်များလည်း ကြွလာကြ၏ ။ ညောင်ရွှေစော်ဘွား ၊ မိုးနဲစော်ဘွား ၊ မိုးမိတ်စော်ဘွား ၊ ဝန်းသိုစော်ဘွား ၊ အနီးအဝေးမှာ ရှိတဲ့ မြို့စား ၊ ရွာစားများလည်း လာရောက်ကြသည် ။ အင်္ဂလိပ်အရေးပိုင် သံကိုယ်စားလှယ် မစ္စတာရှော ၊ ခေတ္တ ပြင်သစ်ကိုယ်စားလှယ် မွန်စီယာမိုရေးလ် တို့လည်း အဆောင်အယောင်များဖြင့် စုံစုံညီညီ တက်ရောက်ကြသည် ။

ဒါတွေအားလုံး စုံပေမယ့် နတ်ရွာစံ မင်းတရားကြီး ၏ သားတော် ၊ သမီးတော်များကမူ စုံညီစွာ မတက်နိုင်ကြရှာပေဘူးပေါ့ ။ သည်လိုနှင့် မင်းတုန်းမင်းတရားကြီး ၏ အလောင်းတော် သဂြုင်္ိဟ်တော်မူပြီးသည်နှင့် နန်းတော်တွင်း၌ လှုပ်ရှားသွားသော အရေးကိစ္စတစ်ခု ပေါ်လာသည် ။

ထိုအရေးအခင်းကား တခြားမဟုတ် ။ စလင်းထိပ်ခေါင်တင် ပင်တိုင်စံ မင်းသမီးကလေး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားရခြင်းကြောင့် ဖြစ်သည် ။ စောစောပိုင်ကပင် ခမည်းတော် ၏ အလောင်းအပါးမှာ ငိုယိုကာ ရှိနေသေးသည် ။ ခု ဘယ်များ ရောက်သွားပါလိမ့် ။ ခမည်းတော်ဘုရား အတွက် စိတ်ထိခိုက်လွန်းလှ၍ ရူးသွားလေသလား ။ မိမိအသက် စိုးရိမ်၍ တစ်နေရာ ရှောင်ထွက် သွားတာလား ။ မဖြစ်ချေ ။ ဘယ်နည်းနဲ့မှ မဖြစ် ။ သူ့ကို မတွေ့, တွေ့အောင် ရှာမှဖြစ်မည် ။ သူ ပျောက်သွားခြင်းအတွက် ထီးနန်းကို စိုးရိမ်ရသည် ။ ရာဇပလ္လင် ကို စိုးရိမ်ရသည် ။

မတွေ့, တွေ့အောင် ရှာမှပဲ ဖြစ်တော့မည် ။ အဂ္ဂမဟေသီ မိဖုရားလောင်း ရုတ်တရက် ပျောက်သွားခြင်းကြောင့် အန္တရာယ်ရှိနိုင်၏ ။ ဆင်ဖြူမရှင် မိဖုရားကြီး ၏ ဉာဏ်ပေလော ။ သည်လိုနှင့် ပင်တိုင်စံ စလင်းထိပ်ခေါင်တင် မင်းသမီးလေး အား မနားမနေ ရှာကြသည် ။ ဘယ်မှာမှ မတွေ့ ။ မတွေ့လေ သူတို့ရဲ့ စိတ်က စိုးထိတ်လေ ။ ရိုးရိုးတန်းတန်း ပျောက်သွားသည်က အကြောင်းမဟုတ် ။ မတော်မတရား အကြံအစည်တွေ ကြံမှ ရွှေနန်းတော်ကြီးတော့ သည့်ထက် ရှုပ်ထွေးတော့မှာပါပဲ ။

ဆင်ဖြူမရှင် ကလည်း သည်လို တွေးမှာပါပဲ ။ သူ့ထက် စိုးရိမ်တဲ့သူကတော့ နေရာတကာမှာ ထက်ထက် မြက် မြက် နဲ့ စွာလှတဲ့ စုဖုရားလတ် ပေပဲပေါ့ ။ လူထက် အာဏာကို မ က် တဲ့ သည် သမီးတော်ကတော့ မိမိထိုင်ရမည့် ရာဇပလ္လင် ကို တခြားလူ ဝင်ထိုင်မှာ အလွန်စိုးသည် ။

ငယ်စဉ်က မိမိ ကြိုက်ခဲ့တာက သာဂရ မင်းသား ။ တကယ်တမ်း အာဏာရမယ့် သူ ၊ ဘုရင်ဖြစ်မည့်သူက သီပေါမင်းသား ။ သည်တော့ သီပေါမင်းသား ပဲ ရအောင် ဖမ်းယူမဟဲ့လို့ စိတ်ကို ပြောင်းလိုက်ဟန် တူရဲ့ ။ အချစ်ထက် အာဏာကို မ က် သည် ။ မင်းစည်းစိမ်ကို ပိုလိုလားသည်လို့ ဆိုရမှာပေါ့ ။ သည်တုန်းက သီပေါမင်းသား က လူဝတ်လဲခါစ ။

လူသူကင်းဝေးသည့် တောင်ဥယျာဉ်တော်မှာ လက်စွဲတော် မောင်မောင်တုတ် နဲ့ နောင်ရေးကို တိုင်ပင်နေတဲ့ အချိန်ပဲပေါ့ ။ သီပေါမင်းသား ဘုရင်ဖြစ်တော့မည် ဆိုတာ ကြိုသိထားသည့် စုဖုရားလတ် က ရံရွေတော်တစ်ချို့နဲ့ ပျာယာပျာယာ ရောက်သွား၏ ။ ပျာယာပျာယာ နဲ့ ဗြုန်းခနဲ ရောက်လာတဲ့ စုဖုရားလတ် ကို သီပေါမင်းသား က မှင်တက် မိသလို ကြည့်နေသည် ။

ပြောင်းဝင်းနေသည့် မဟာနဖူးပေါ်မှာ ဆံစကလေးတွေ ဝဲကျနေ၏ ။ အမြဲတည်ငြိမ်နေသည့် မျက်လုံးအစုံမှာလည်း တစ်စုံတစ်ရာကြောင့် တောက်ပြောင်နေ၏ ။ စူးရှနေ၏ ။ ပိရိသေသပ်သော နှုတ်ခမ်းအစုံကလည်း တစ်စုံတစ်ခုကို ဖွင့်ဟတော့မည်ဟန် ရှိနေသည် ။

“ နှမတော် စုလေးပါလား … အကြောင်းအထူး ရှိပြီထင်ပါ့ ”

သီပေါမင်းသား ၏ ဆီးကြို နှုတ်ဆက်သည်ကိုပင် စုဖုရားလတ် မှာ ဂရုမပြုအားသေးဘဲ ပတ်ဝန်းကျင်ကို အကဲခတ်နေသည် ။ ပြီးမှ ပြုံးလိုက်၏ ။ အတိအကျ ပြုံးခြင်း မဟုတ် ။ ပြုံးသည် ဆိုမျှသာ နှုတ်ခမ်းကို ဟခြင်း ဖြစ်၏ ။

“ မောင်မောင့် ကို တွေ့ချင်လို့ လိုက်လာကြောင်း ၊ အရေးကိစ္စ မရှိကြောင်း ” ကို လျှောက်သည် ။

“ မောင်မောင့်အတွက် စုလေးကိုယ်တော်တိုင် လိပ်ထားတဲ့ ဖက်လိပ်တော် ဆက်သမလို့ပါ မောင်မောင် ”

စုဖုရားလတ် ၏ စကားသံအဆုံးဝယ် ကလပ်တော်နှင့် အသင့်ယူဆောင်လာသော ဖက်လိပ်တော်ကို သီပေါမင်းသား အား ဆက်သလိုက်သည် ။ ထိုစဉ် တိုက်ဆိုင်မှုလော ၊ နိမိတ်လော မသိရသည့် အံ့ဩဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြန်သည် ။ အပျိုတော်တစ်ဦးလက်တွင် ပါလာသည့် ကလပ်ပေါ်မှ ဆေးလိပ်ကို ယူပြီး သီပေါမင်းသားအား ဆက်သစဉ်တွင် အနီးရှိ သစ်ပင်ပေါ်မှ စွန်ကြီးတစ်ကောင် ရုတ်ခနဲ ထိုးဆင်းလာ၏ ။ အနီးရောက်သည်နှင့် စုဖုရားလတ် ၏ လက်ထဲမှ ဆေးလိပ်ထုပ်ကို စွန်ကြီး က ထိုးသုတ် ချီသွားတော့သည် ။ စားစရာ အစာမှတ်၍ ထိုးသုတ်သွားဟန် တူရဲ့ ။

သည်ကတည်းက စုဖုရားလတ် သည် သီပေါမင်းသား သာလျှင် ဘုရင်မင်းမြတ် ဖြစ်မည် မလွဲဟူ၍ တွက်ထားမိသည် ။ သီပေါမင်းသား ဘုရင် ဖြစ်လျှင် ငါတစ်ဦးတည်းသာ ပိုင်ဆိုင်ရမည် ။ တခြား အငယ်အနှောင်း မထားရန် အတတ်နိုင်ဆုံး တားဆီးမည် ။ ခုတော့ စလင်းမင်းသမီး က သူ့ဘာသာသူ ပျောက်သွားတော့ အတော်ရှင်းသွားတာပေါ့ ။ မိဖုရားခေါင်ကြီး ဖြစ်ဖို့ ပိုနီးလာလေ၏ ။

သည်လိုနှင့် စလင်းမင်းသမီး ကို ရှာကြဖွေကြနှင့် နေကြရာမှ တစ်နေ့မှာ သွားတွေ့ကြတာ ပါပဲ ။ ပျောက်သောသူ ရှာရင်တွေ့ ဆိုသလိုပေါ့ ။ တွေ့တဲ့ နေရာဌာနကလည်း သူတို့ လုံးလုံး မစဉ်းစားမိတဲ့ နေရာပဲ ။ သည်ဌာနမှာ စလင်းမင်းသမီး ရှိမယ်လို့ ဘယ်သူကမှ မတွေးကြဘူး ။ မထင်မှတ်ကြဘူး ။ သတိလည်း မထားမိကြဘူးနဲ့ တူပါရဲ့ ။

နေပြည်တော်ရဲ့ တစ်ခုသော မယ်သီလရှင်ကျောင်းမှာ ဖြစ်သည် ။ သူတို့ တွေ့ကြတော့ ပင်တိုင်စံ မင်းသမီးလေး ရဲ့ ပိတုန်းရောင်တမျှ နက်ပြီး ရှည်လျားလှတဲ့ ကေသွယ်ဟာ မရှိတော့ဘူး ။ ခါတိုင်း တွေ့မြင်နေကျဖြစ်တဲ့ ပင်တိုင်စံ မင်းသမီး အဆောင်အယောင်နဲ့လည်း မဟုတ်တော့ဘူး ။ စင်ကြယ်လှတဲ့ သီလရှင် အဝတ်ကို ဝတ်ထားတာပဲ တွေ့ကြရတော့သည် ။ ကျောက်ကာရွာစား ခင်နှစ် ၊ သာစည်ရွာစား မယ်ထား ၊ သရက်တောရွာစား ခင်ဖုန်း တို့လည်း သီလရှင်အဝတ်နဲ့ အတူတကွ တွေ့ကြရသည် ။

သူတို့ကတော့ စလင်းမင်းသမီး ၏ အထိန်းတော် အပျိုတော်များ ဖြစ်ကြသည် ။ သူတို့ကပဲ စလင်းမင်းသမီး ၏ ဆန္ဒအရ ဆံပင်တော် ပယ်ပေးကြ၏ ။ သီလရှင် အဝတ်ကိုလည်း ရှာဖွေပြီး ဝတ်ပေး၏ ။ နောက်ဆုံး မြို့ရိုးအပြင်ဘက် ရောက်အောင် ခိုးထုတ်ခဲ့သူများ ဖြစ်ကြသည် ။

သည်အကြောင်းကို သိတာနှင့် ရွှေလှံမြို့ဝန်မင်း က အပျိုတော် သုံးယောက်စလုံးကို အနောက်ထောင် လို့ ခေါ်သည့် မိန်းမထောင် မှာ အကျဉ်းချထားလိုက်သည် ။ အကျဉ်းချထားသည် ဆိုပေမယ့် သက်သက်သာသာတော့ မဟုတ်ဘူး ။ သူတို့ရဲ့ ခြေထောက်တွေကို ခြေချင်းရိုက်စွဲပြီး အကျဉ်းချထားလိုက်တာ ဖြစ်သည် ။ သို့နှင့်ပင် သီပေါမင်းတရား အတွက် အဂ္ဂမဟေသီ မိဖုရား အပ်နှင်းပွဲ ကျင်းပရန် အချိန်နီးကပ်လာပြီ ဖြစ်သည် ။

ဘုရင်ဖြစ်ပေမယ့် မိဖုရားခေါင်ကြီး မရှိသေးတော့ မိဖုရားခေါင် မြှောက်ရပေဦးမှာပေါ့ ။ ဘုရင်ဆိုတာက မိဖုရား အများကြီး ရှိပေမယ့် မိဖုရားခေါင် ဆိုတာ ထားရသေးသည် မဟုတ်လား ။ ဒါမှလည်း ဘုရင်ဆိုတဲ့ ကျင့်ဝတ်နဲ့ ညီတော့မပေါ့ ။ သည်နေရာမှ စကတည်းက ဒါတွေကို တွက်ထားမိဟန်ရှိသည့် ဆင်ဖြူမရှင် မိဖုရားကြီးက သူရည်ရွယ်ထားတဲ့အတိုင်း စီမံတော့တာပေါ့ ။

မိဖုရားကြီး ရဲ့ ရည်ရွယ်ချက်က သည်လို ဖြစ်မှာပါပဲ ။

သမီးတော် အကြီးဖြစ်သည့် မိုင်းနော်မြို့စား စုဖုရားကြီးကို သီပေါမင်း ၏ တောင်နန်းစံ အဂ္ဂမဟေသီ မိဖုရားခေါင်အဖြစ် ဘိသိက်ခံစေမည် ။ သမီးတော် အလတ် ဖြစ်သည့် မြတောင်မြို့စား စုဖုရားလတ် ကို မြောက်နန်းစံ မိဖုရား အဖြစ် ဘိသိက်ခံစေမည် ။ သမီးတော် အငယ်ဆုံးဖြစ်သည့် ရမည်းသင်း စုဖုရားလေး ကို အလယ်နန်းမတော် အဖြစ် စံစားစေမည်လို့ အစီအစဉ်ချထားဟန် တူပါရဲ့ ။

သည်အစီအစဉ်ကလည်း သမီးတော် သုံးပါးစလုံးအတွက် မျှမျှတတ စီစဉ်ထားတဲ့ အစီအစဉ် တစ်ခုပါပဲ ။ အကောင်းဆုံး အစီအစဉ်ပဲပေါ့ ။

သည်လို စီစဉ်မယ်ဆိုတာလည်း ကြားရော တခြားမင်းသမီးနှစ်ပါးက ဘာမှမပြောပေမယ့် စုဖုရားလတ်ကတော့ မကျေနပ်ဘူး ။ အသက် ဆယ့်ကိုးနှစ် အရွယ်သာ ရှိသေးသည့် စုဖုရားလတ် ဟာ ဘာမှ စဉ်းစားတတ်သေးဟန် မတူဘူး ။ ကိုယ့်ကိုယ်ကိုယ်သာ ရှေ့တန်းတင်နေသည် ။ အရာရာမှာ သူသာ အနိုင်လိုချင်၏ ။ စိတ်လိုက် မာန်ပါ လုပ်တတ်၏ ။ အကြံကြီး၏ ။ စိတ်ထန်၏ ။ တစ်ခါတစ်ရံ ရက်စက်တတ်သည် ။ သည်တော့ သူ ဘာလုပ်သလဲ ။

တစ်ခါကလည်း သူ အလွန်တရာ ချစ်မြတ်နိုးလှသည့် ကြောင်ကလေး ဗီရိုညှပ်မိပြီး သေဆုံးသွားခြင်းအတွက် ဗီရိုကို ရွှေ့မ နေရာချထားသည့် တာဝန်ရှိ အစောင့်များကို သတ်စေရန် အမိန့်ထုတ်ဖူးသည် ။ ဘာမှ မဖြစ်လောက်သည့် တန်ဖိုးမရှိသည့် တိရစ္ဆာန်တစ်ကောင်ကြောင့် တန်ဖိုးရှိလှသော လူ့အသက် များမှာ အလိုလို သေဆုံးရတော့မလို ဖြစ်ခဲ့သေးသည် ။

အားလုံးက ဝိုင်းဝန်းတောင်းပန် ခယကြမှ အသက် မှ ချမ်းသာရာ ရခဲ့သွားကြ၏ ။ ဒါတောင်မှ လေးငါးရက်ပင် စိတ်တော်က မပြေ ဖြစ်နေသေးသည်ဟု ဆိုသည် ။ ဘုရင်မင်းတရား ဆီကို သူမှတစ်ပါး တခြား ဘယ်သမီးတော်ကိုမှ လက် မထပ်ရန် စာရေးအကြောင်းကြားသည် ။ သတင်းစကား ပါးသည် ။

သီပေါမင်းတရား အိမ်နိမ့်စံ မင်းသား ဘဝကတည်းက ချစ်ခဲ့ရသူမို့ မိမိသာလျှင် တောင်နန်းစံ အဂ္ဂမဟေသီ ဖြစ်သင့်သည်လို့ ယူဆလိုက်သည် ။ ပြီးတော့ မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီး ကို အပိုင်ကိုင်နိုင်ဖို့အတွက် ဘယ် မင်းသမီး ကမှ မကြံရဲတဲ့ အကြံအစည်ကို မဖြစ် ဖြစ်အောင် ကြံစည်လိုက်သည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment