Thursday, September 9, 2021

ဘိန်းစား ရေချမ်း


 

   ❝ ဘိန်းစား ရေချမ်း ❞

ခရီးသွားရခြင်းသည် စိန်နားကပ် ပန်ရခြင်းထက် ရင်မောဖွယ် ကောင်းပေသည် ။

အပြောင်းအလဲများနှင့် တွေ့ဆုံရတိုင်း စိတ်သည်လည်း ဆန်းသစ်၍လာကာ ဘဝတွင် နေသာထိုင်သာရှိလာသည် ။ ဒါကြောင့်ပင် ကျွန်မသည် တတ်နိုင်သလောက် ခရီးထွက်ဖို့ပင် ငွေ ကိုလည်း စုဆောင်းခဲ့ပေသည် ။ ခရီးထွက်ခွာသွားတိုင်း ရောက်ရာမြို့နှင့် တောအရပ် ဒေသများတွင် ကျွန်မအား အမျိုးမျိုးသော သင်ခန်းစာများကို သင်ကြားပို့ချကြပေသည် ။

ထားဝယ်မြို့တွင် ရေထမ်းသမား ကိုရေချမ်း က သင်ခန်းစာ တစ်ခု သင်ကြားပြသသည် ဆိုလျှင် အံ့ဩကောင်း အံ့ဩပေလိမ့်မည် ။

ပုန်းနှစ်ခုကို ထမ်း၍ ရေရောင်းသော ကိုရေချမ်း က သင်ကြားပြသသော ဆရာဖြစ်သည်မှာ အံ့ဩ စရာပေတည်း ။

ထားဝယ် ဗိုလ်တဲမှာ အတော်ကျယ်ဝန်း၍ သပ်ယပ်သလောက် ရေချိုးခန်းမှာ ကျဉ်းမြောင်းလွန်းလှသည် ။ ရေချိုးကြွေဇလုံခွက် အဖြူကြီးသည် ရေညှိစိမ်းများဘယ်တုန်းက ကပ်နေသည် မသိ ။ ဆေးကြောတိုက်ပစ်၍ မရဘဲ ညိုစိမ်းစိမ်း ဖြစ်နေလေသည် ။

ကိုရေချမ်း သည် ရေသယ်ယူလာတိုင်း ထိုကြွေဇလုံကြီးကို တိုက်ချွတ်ဆေးပြီးမှ ရေထည့်ပေး၏ ။ သို့သော် ကြွေဇလုံကြီးက ဖြူ၍ မလာပေ ။

“ အစ်မရေ ဘာ လိုချင်သေးသလဲ ။ လိုချင်တာကို ပြော ။ ဒီရေချိုးခန်းထဲမှာ ဂမုတ် နဲ့ မသွားချင်ရင် မြေစိုက်အိမ်သာ မီးဖို နောက်ဘက် မှာ ရှိလေရဲ့”

သူသည် အိမ်သာကိစ္စပါ မကျန် ရင်းရင်းနှီးနှီး ညွှန်ကြားပြသ၏ ။ ပြန်ခါနီးလျှင်လည်း နှုတ်ဆက်ပြီးမှ ပြန်လေသည် ။ သူ၏ ထားဝယ်ဆန်သော လေးထောင့်ကျကျ မျက်နှာမှာ ရွှင်ရွှင်လန်းလန်း မရှိလှပေ ။
အသားကလည်း သာမန် ဖြူဖွေးသည်ထက် ဖြူဖပ်ဖြူရော် ဖြစ်နေပုံ ရလေသည် ။ သူ့မျက်နှာသည် ရာဇဝင်ပါ ကျောက်ရုပ်ကြီးလိုပင် တစ်စုံတစ်ခုသော အကြောင်းကို လျှို့ဝှက် သိုလှောင်ထားဟန် ပေါက်နေလေသည် ။

ညနေပိုင်း သူပြန်သွားပြီးအချိန်တွင် ကျွန်မသည် သူ့အကြောင်းကို စဉ်းစားနေမိသည် ။ ညစာ စားချိန်တွင် ဗိုလ်တဲစောင့် သည် ကိုရေချမ်း အကြောင်းကို တစ်စိတ်တစ်ဒေသ ပြော၍ ပြ၏ ။ သူ့စကားအရဆိုလျှင် ကိုရေချမ်း သည် လူဆိုးကြီးပေတည်း ။

“ တစ်ခါတုန်းက အတော်ကို ချမ်းသာတဲ့ သူဌေးသားပေါ့ဗျာ ။ သူ့အဖေဆိုရင် နတ်မြင်းမိုင်းကိုတောင် သွားပြီးလုပ်တဲ့လူပဲ ”

ကိုရေချမ်း ၏ နောက်ကြောင်းများသည် ပွင့်အန်ထွက်ကျလာလေသည် ။ အင်္ဂလိပ်လို ၁ဝ - တန်းအထိ သင်ကြားပြီးချိန်တွင် မိန်းကလေး တစ်ယောက်နှင့် ချစ်သည်ဟု ဆို၏ ။

“ အဲဒီ မိန်းကလေးကလည်း ထားဝယ် မှာဆို တော်တော် ချောတာပဲ ၊ ငွေကြေးကလည်း မဆိုးလှဘူး ။ ဒါပေမယ့်ဗျာ ကန်တော့ပါရဲ့ ။ ဒေါ်ခင်ယု ကို ပြောရဦးမယ် ။ ဒီမိန်းကလေးကို မညားခင် ကျူးကျူးလွန်လွန် ဖြစ်ပြီး ထားရစ်ခဲ့တယ်ဗျာ ။ မိန်းကလေးလည်း စိတ္တဇနဲ့ သေပါလေရော "

“ ဟုတ်တယ် ။ ကိုယ်ဝန်နဲ့ကို သေတာပဲ ။ နောက်တော့မှ သူ့အဖေ ပေးစားတဲ့ ဘိတ်သူ တစ်ယောက်နဲ့ ယူတယ် ။ အဲဒီ ဘိတ်သူ နဲ့ ယူကတည်းက သောက်လိုက်တဲ့ အရက် ဘာဆို ဘာမှ မလုပ်တော့ဘူး ။ နောက်ဆုံး ဘိန်းရှူလိုက်တာ ခုဘဝ ရောက်တာပဲ ဆိုပါတော့ ။ သူ့မိန်းမလည်း သေသွားပြီ "

ယခုလို ဆိုပြန်တော့လည်း ကျွန်မ၏ ကိုရေချမ်းကြီး ပြီးခဲ့သော ဇာတ်လမ်းမှာ ဘိန်းစားခြင်း ၊ အရက်သောက်ခြင်း နှင့် ချစ်သူကို စော်ကားခြင်းဟူသော အပိုင်းများသာ ပါဝင်ခဲ့လေသည် ။

ဗိုလ်တဲစောင့်ကြီး နှင့် စကားလက်ဆုံကျပြီး ကတည်းက ကျွန်မသည် ကိုရေချမ်း ကို ပို၍ အကဲခတ်၏ ။ သူဌေးသားတစ်ယောက် ၊ ပညာကလည်း ၁၀ - တန်းဆိုသည်မှာ မခေ ။ လုပ်သည့် အလုပ်မှာ ရေထမ်းသမား ၊ အကြောင်းအရာများသည် တစ်ခုနှင့် တစ်ခု မဆက်စပ်လှပေ ။ ယုံတမ်းစကား ဒဏ္ဍာရီတစ်ခုနှင့်တူ၍ နေပေတော့သည် ။

ကျွန်မ စိတ်ထဲတွင်မူ ကျွန်မ၏ ဇာတ်လိုက် ကိုရေချမ်း သည် သူ့ဘဝဇာတ်လမ်းတွင် လူဆိုးကြီး တစ်ယောက် အနေဖြင့် ပါဝင်နေသည်ကို မကျေနပ်နိုင်ပေ ။ သူ့ကို စေ့စေ့ကြည့်လျှင် ပြာမွဲမွဲ မျက်လုံး ၊ ဖြူဖျော့ဖျော့ အသားအရေများမှာ ဘိန်းစားဖြစ်ကြောင်း ဖွင့်ဟဝန်ခံကြလေသည် ။ ရေပုံးကိုကိုင်သော လက် များကလည်း တုန်တုန်ယင်ယင် နိုင်လှသည် ။ တစ်ခါက အရက်ကို အလွန်အကျွံ သောက်ခဲ့ကြောင်းမှာ ဖော်ပြ၍ နေပေသည် ။

သို့သော် ကျွန်မ ဖော်မပြတတ်သော သူ့ဟန်ပန်များကမူ ဘယ်သူ့ကိုမှ နာကြင်အောင် ၊ ဒုက္ခရောက်အောင် မလုပ်ခဲ့ဘူးကြောင်း ပြောပြနေသလို ဖြစ်နေပေသည် ။ မျက်လုံးများကလည်း အရောင်မဲ့၍ တန်ခိုး မရှိသော်လည်း ကြင်နာညှာသော စိတ်ဓာတ်မှာ မျက်လုံးတစ်ထောင့်မှ ပေါ်နေသလို ထင်ရပေသည် ။

ထိုအမှု မပေါ်လျှင်တော့ ထားဝယ် မှ မထွက်ခွာလိုပေ ။ တနင်္ဂနွေနေ့တွင်မူ ကျွန်မသည် ကိုရေချမ်း ကို ထိုင်၍ စောင့်၏ ။ ဗိုလ်တဲစောင့်ကို ကြိုတင်မှာထားသောကြောင့် ကိုရေချမ်း သည် နေ့လယ်ပိုင်း လာမည်ဟု ကတိပေးထားလေသည် ။

သူရောက်လာချိန်တွင် တခြားဧည့်သည်များလည်း မရှိ၍ ဗိုလ်တဲ တစ်ခုလုံးသည် တိတ်ဆိတ်နေသည် ။ အတော်နွမ်းနေပြီဖြစ်သော ထားဝယ် ပိုးလုံချည်မှာ ခြေသလုံးမှအကြောထုံးလေး နှစ်ခုကို မဖုံးလွှမ်းနိုင်ပေ ။

“ အစ်မ ဘာကိစ္စ ရှိလို့လဲ "

သူ၏ အပြောအဆိုများမှာ ယဉ်ကျေးသော်လည်း သူ့ အနေနှင့် သေးနုပ်အောက်ကျလွန်း၍ ရင်ထဲမှာ နာနေသည် ။

“ ရှင့်ကို ဆေးကုချင်လို့ ခေါ်တာပါ ”

သူသည် အားယူ၍ ပြုံးပေမယ့် မျက်လုံးများကမူ ရွှင်လန်း တောက်ပလာဟန် မရှိပေ ။

“ ဘာဆေး ကုမလို့လဲ "

“ ကိုရေချမ်း ဘိန်းစားတယ်ဆို "

“ ဒါကို ကုမှာလား ”

“ ဟုတ်တယ် ။ ရှင့် ပညာတွေကို မနှမြောဘူးလား ။ အလကား လူညွန့်တုံးရသလိုပဲ ”

“ ဒီမှာအစ်မရဲ့ ကျွန်တော်ဟာ ဘိန်းစား အရက်သောက်လို့ လူ့ဘ၀တုံးရတယ်လို့ အစ်မ ဘယ်လိုနည်းနဲ့ သိလဲ "

စကားလုံးများက သူ့အဆင့်အတန်းကို ဖော်ပြ၍ နေပေသည် ။

“ ကျွန်မ ထားဝယ်ကို ရောက်ကတည်းက ကိုရေချမ်း အကြောင်းကို စုံစမ်းနေတာပဲ ။ ထားဝယ်သားတွေဟာ ကိုရေချမ်း ကို အသိများကြတာပဲ ။ သူတို့ဆီက ရှင့် သတင်းတွေ ကြားရတာပေါ့ ။ အထူးသဖြင့် ဗိုလ်တဲစောင့်ကလည်း ပြောပြတယ် ”

“ ဘယ်သူ့ပဲ မေးမေး သူတို့အားလုံး ကျွန်တော့်အကြောင်းကို ဒီလိုပဲ ပြောကြမှာပေါ့ ”

“ ဘယ်လို ဘယ်လို ”

“ ကျွန်တော် အရက်သောက်တယ် ၊ ဘိန်းစားတယ် ။ ကျွန်တော့် ချစ်သူကို ကိုယ်ဝန်နဲ့ ပစ်ထားခဲ့တယ်လို့ ပြောကြမှာပဲ "

ကျွန်မသည် ပါးစပ်ဟကာ အံ့အားသင့်နေသည် ။ သူ့ကို လူတွေ ဘာပြောသည်ကိုလည်း အားလုံး သိထားနှင့်ပါပကော ။

“ တခြားလူတွေ ပြောကြတာ ကြားရပေမယ့် ကျွန်မက ရှင့်ကို ဒီလို မထင်ဘူး ။ ရှင်ဟာ ဘယ်သူ့ကိုမှ ဒုက္ခပေးမယ့် လူ မဟုတ်ဘူးလို့ ယုံတယ် ”

“ ဟင် ကျွန်တော့်ကို ယုံတယ် ။ အမယ်လေး ဝမ်းသာလိုက်တာ အစ်မရယ် ။ အစ်မ တစ်ယောက်ပဲ ဒီလို ပြောတယ် ။ ဒါပေမယ့် ကျွန်တော့်ကို ဘာဆေးမှ မကုပါနဲ့ ။ ရှေးနှစ်နှစ်ဆိုရင် ရေထမ်းနိုင်မှာ မဟုတ်တော့ဘူး ။ အခုတောင် လက်တွေက ပုံးကို ကောင်းကောင်း မလို့ မရချင်ဘူး ”

သူ့လက် များကို ထောင်၍ ကြည့်ရင်း မျက်နှာက ရွံရှာနေပုံရ၏ ။ အသားဖြူသော်လည်း လက်ချောင်းများမှာ ခြောက်သွေ့၍ အကြောစိမ်းများသည် တီကောင်ကြီးများ လွန့်နေသလို အရုပ်ဆိုးလှသည် ။ ကြည့်နေရင်းမှ ပါးစပ်သည် ရယ်၍ လာ၏ ။ ရယ်သံမှာ သွေ့ခြောက်ခြောက်နှင့် အေးစက်လှပေသည် ။

“ ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ပါဘူး ။ အရက်သောက် ဘိန်းစား ဒါဟာ ကျွန်တော့်ကိုယ် ကျွန်တော် ဖျက်စီးတာဘဲ ။ တခြား လူကိုတော့ ကျွန်တော် မနှိပ်စက် မဖျက်စီးပါဘူး ။ အေးပေါ့လေ တစ်ခုတော့ ရှိတယ် ။ ကျွန်တော့်ကို လက်ထပ်တဲ့ မိန်းမကတော့ လင်ကောင်း မရရှာဘူးပေါ့ ။ ဘိန်းစားပဲ ရတာပဲ ။ ဒါပေမယ့် သူ့ပိုက်ဆံထဲက ကျွန်တော် တစ်ပြားမှ ယူပြီး အရက် မသောက်ပါဘူး ”

“ ရှင့်ချစ်သူ ဆိုတာကကော ”

သူသည် မျက်ရည်တွေ ဝိုင်းလာ၏ ။ ခုနက ရယ်ဟန်ပေါက်နေသော ပါးစပ်များမှာ စုန့်စုန့်ယုံ့ယုံ့ ကြုံ့သွားကာ မဲ့မဲ့တဲ့တဲ့ ဖြစ်လာသည် ။ ဘိန်းစားများသည် ဝမ်းနည်းလွယ်သည် ဆိုသည်မှာ မှန်နေပြီလား ။ သို့သော် မကြာခင်ပင် သူ့နှုတ်ခမ်းလေးများမှာ တရွရွ လှုပ်၍ လာသည် ။ လှုပ်ရှားနေသော နှုတ်ခမ်းများကြားမှ စကားလုံးများသည် တစ်လုံးပြီး တစ်လုံး ထွက်အံကျလာကြပေသည် ။

“ တစ်ခါတလေ လူ့လောကမှာ ဖြစ်နေတဲ့အကြောင်းတွေဟာ လူတွေ တွေးထင်သလို မဟုတ်ဘူး ။ အတွေးတွေရဲ့ နောက်ပိုင်းမှာ အင်မတန် ကြက်သီးထစရာကောင်းတဲ့ အကြောင်းမှန်တွေဟာ အများကြီးပဲ ”

ထိုစကားလုံးများ ကြားရချိန်တွင် ကျွန်မသည် ကျွန်မ ဇာတ်လိုက်ကြီး ကိုရေချမ်း အတွက် ကျေနပ်ဝမ်းသာမိသည် ။ ထိုစကားလုံးသည် ဘိန်းစား စကားလုံးများ မဟုတ်ပဲ အဆင့်အတန်းရှိသော အသည်းနှလုံးများ သူ့ဝမ်းထဲတွင် ရှိကြသေးကြောင်း ဖော်ပြနေပေသည် ။

°°°°°   °°°°°   °°°°°

သီသီ ထံသို့ လပြည့်နေ့မနက် အစောကြီး ထ၍ သွားရသည်မှာ ကိုရေချမ်း အဖို့ နှစ်သိမ့်စရာ ဖြစ်၏ ။ သီသီ တို့ ခြံသည် ပန်းပင်များ ထက် အသီးအနှံပင်ကြီးများ ပို၍ များသည် ။

သူ ရောက်သွားတိုင်း ပိန္နဲပင် မှောင်ရိပ်တွင် သီသီ သည် ကုပ်ကုပ်လေး ထိုင်ကာ သူ့ကို စောင့်သည် ။ သစ်ရွက် များကြားမှ လရောင် ပြိုးပြိုး ပြောက်ပြောက် များမှာ မြေပေါ်တွင် ပန်းပွင့်များ ကြဲထားသလို ပြန့်ကျဲ၍ နေကြသည် ။

လရောင်၏ အလှကို မှောင်ရိပ်မှ နှစ်ယောက်စလုံး မြင်နေရသည်မှာ နှစ်သိမ့်ကြည်နူးစရာပေတည်း ။ လေအေးများကလည်း ခြံထဲမှ ပန်းရနံ့များကို ယူဆောင်လာရုံမက ဘုရားသခင်၏ နှုတ်ကပါဌ်တော်များ ကိုလည်း ယူဆောင်လာပေသည် ။

သူတို့နှစ်ယောက် တွေ့ချိန်တွင် သီသီ ၏ ဦးလေးကြီး သည် ဘုရားခန်းတွင် အာရုံဆွမ်း ကပ်ချိန် ဖြစ်ပေသည် ။ လပြည့်နေ့နံနက်တိုင်း သီသီ က ဆွမ်းထ၍ ချက်ပေးရသည် ။ ဆွမ်းထချက်ရင်း ကိုရေချမ်း နှင့် တွေ့ရခြင်း ဖြစ်ပေသည် ။ ဒါ့ကြောင့် သီသီ သည် ကျေကျေနပ်နပ်ပင် ဆွမ်းကို စောစောထ၍ ချက်ပေး၏ ။

မာတာယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တ မနုရ‌က္ခေ
ဧဝံပိ သဗ္ဗ ဘူတေသု
မာနသံ ဘာဝယေ အပရိမာဏံ ။

တစ်ဦးတည်းသော သား၏ မိခင်သည် သား၏ အပေါ်တွင် အတိုင်းအရှည် မရှိနိုင်သော ချစ်ချင်းမေတ္တာဖြင့် စောင့်ရှောက်ကြည့်ရှု သကဲ့သို့ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့အားလည်း မေတ္တာဖြင့် လွှမ်းခြုံရာ၏ ။

ဦးလေးကြီး ၏ အောင်မြင်ခန့်ညားသော အသံသည် ငြိမ်သက်အေးဆေးစွာပင် အိမ်မကြီးဆီမှ လွင့်ပျံလာ၏ ။ တဏှာဖြင့် ရောယှက်သော ငယ်ရွယ်သူတို့၏ ချစ်တင်းနှီးနှောခြင်းပင်လျှင် တရားတော် အသံကြောင့် ငြိမ်သက်အေးဆေး၍ တည်ငြိမ်လာသလိုပင် နှစ်ယောက်စလုံး ထင်မြင်၍ လာကြပေသည် ။

ဦးလေးကြီး ၏ ဘုရားရှိခိုးသံသည် သူတို့နှစ်ဦး၏ အချိန်းအချက် ဖြစ်၏ ။ ဘုရား နှုတ်ကပါဌ်တော်များအား ရွတ်ဖတ်သရဇ္ဈာယ်ပြီးသည့် နောက်ပိုင်းတွင် ဦးလေးကြီး သည် နတ်နှင်ဂါထာကို ရွတ်ဖတ်ပြန်၏ ။

ဒုက္ခ ပတ္တာစ နိဒုက္ခာ
ဘယ ပတ္တာစ နိဘယာ

ထိုအပိုဒ်သို့ရောက်လျှင် ဦးလေးကြီး ပရိတ်ရွတ် ပြီးတော့မည့် အထိမ်းအမှတ်ပင် ဖြစ်၍ သူတို့နှစ်ယောက် ခွဲခွာလာကြရသည် ။

ကိုရေချမ်း သည် ခြံပြင်တွင် စောင့်နေသော သူငယ်ချင်းများထံသို့ ရောက်ချိန်တွင်မူ အိမ်မြင့်ကြီးဆီမှ ကြေးစည်သံသည် ပျံ့လွင့်၍ လာပေသည် ။

ယခုလို တွေ့ခဲ့ရသော အကြိမ်များသည် ( ၂၄ ) ကြိမ်ထက် မလျော့ခဲ့ပါ ။ မိုးသားဖုံးအုပ်နေသော မိုးတွင်း လပြည့်တွင်လည်း သီသီ ထံသို့ မိုးသည်းကြီးတွင် အရောက် လာခဲ့၏ ။ ခိုက်ခိုက်တုန် အေး၍ နှင်းထူထပ်စွာ ကျချိန်တွင်လည်း သီသီထံသို့ ရောက်လာခဲ့ပေသည် ။

၁၀ - တန်း အောင်လျှင်တော့ သီသီ နှင့် လက်ထပ်ဖို့မှာ သေချာသော အစီအစဉ်တစ်ခု ဖြစ်လေသည် ။ သီသီ ကလည်း စာမေးပွဲပြီး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လက်ထပ်ဖို့ သဘောတူသည် ။

ယနေ့ည တွေ့ဆုံသော လပြည့်နေ့မှာ တန်ဆောင်မုန်းလပြည့် ဖြစ်သည် ။ လရောင်ခြည်ထဲတွင် နှင်းမြူများ ရောပါလာစ ပြုလာလေသည် ။ ငြိမ်သက်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထုံးစံအတိုင်း ဦးလေးကြီး ၏ ပရိတ်ရွတ်သံကလည်း ကြား၍ နေရပေသည် ။ သီသီ ယခုတစ်ခါ ပို၍ စကားပြော၏ ။

“ တတ်နိုင်ရင် မောင် သီသီ တို့ တန်ဆောင်မုန်းလထဲမှာပဲ လက်ထပ်ရအောင် "

“ ဘာဖြစ်လို့လဲ ”

“ စာမေးပွဲပြီးမှ အေးအေးဆေးဆေး လုပ်ပါသီသီရာ ။ ဘာဖြစ်လို့ ဒီလောက် ‌ေလာတာလဲ "

သီသီကား ခေါင်းငုံ့၍ နေ၏ ။ ဘာကိုမှ မဖြေ ပေ ။ သူသည် စောနိုင်သမျှ အစောဆုံး လက်ထပ်ရန်အတွက် ကိုရေချမ်း ကို ဘယ်လို ပြောရမှန်း မသိပေ ။

နောက် လပြည့်တွင်မူ သီသီ နေမကောင်း၍ သူတို့နှစ်ယောက် မတွေ့ရပေ ။ နေမကောင်းသည်ကို သွား၍ တွေ့ချင်သော်လည်း ပြောင်မတွေ့ရသည်မှာ မခံချိစရာပေပဲ ။ သီသီ ထံမှ စာများသာ ရောက်၍ လာသည် ။ စာစောင်တိုင်းကလည်း သူ့ကို တန်ဆောင်မုန်းတွင် လက်ထပ်ရန်ပင် ဖြစ်သည် ။

ကိုရေချမ်း က မတွေးတတ်ပေ ။ ဘာကြောင့် သီသီ သည် ဒါလောက် မြန်မြန် လက်ထပ်ချင်ပါသလဲ ။ နေမကောင်းသည်မှာလည်းအခြေအနေ ကောင်းလာသည် မရှိပေ ။ စာထဲတွင်လည်း အိပ်ရာထဲမှာ လဲနေသည် ဆို၏ ။ ကိုရေချမ်း က စိတ်ပူနေသည် ။ တစ်နေ့တွင် အမေ သည် သူ့ကို လာ၍ တွေ့၏ ။

“ မောင်ချမ်း မင်း သီသီ ဆီ မသွားဘူးလား ”

အမေက သူတို့အကြောင်း သိနေသည်မှာ ကြာလှပေပြီ ။

“ ကျွန်တော် သွားရင် သူ့အဖေ ၊ အမေတွေကို မျက်နှာပူတယ် ”

“ သွားသာ သွားပါ ။ ကောင်မလေးက မင်းကို သိပ်တွေ့ချင်နေတယ် ။ တော်တော် မမာဘူး ”

ယခုလို ဆိုတော့လည်း ကဆုန်ပေါက်၍သာ ပြေးလိုက်ချင်သည် ။

“ ဒီလိုဆို သူ့အမေ ၊ အဖေက အိမ်မှာ တွေ့ခွင့်ပြုမှာပေါ့ ”

“ အောင်မယ် ဒီအခြေအနေကျမှာတော့ သမီးရှင်တွေက တွေ့ပေးပါတယ် မောင်ချမ်းရယ် ”

“ ဟင် ”

ဘယ်လိုအခြေ ဆိုသည်ကို ကိုရေချမ်း က မတွေးတတ်ပေ ။

“ ကလေးမ ကြည့်ရတာ အခြေအနေမဟန်ဘူး ”

“ ဘယ်လိုလဲ အမေ "

“ အောင်မလေး သီသီရောဂါက သေနိုင်တယ်လား ”

“ သေနိုင်တာ မဟုတ်ဘူး ။ မင်းကို မင်း မသိဘူးလား ။ မိန်းကလေးမှာ ကလေး ရှိနေတယ် ထင်တယ် ”

“ ဟင် ”

သူသည် စကားဆက်၍ ပြောမရတော့ ၊ ခုတင်ပေါ်တွင် ကျောက်ရုပ်လို ငုတ်တုတ်ကြီး ဖြစ်နေသည် ။ အမေက သူ့ကို လှောင်သလို ကြည့်၍ အပြင် ထွက်သွားသည် ။

“ ကလေး ... ကလေး ဘယ်လိုလုပ် ရပါလိမ့် ”

သူသည် တွေးလို့ မရ ၊ တွေးတိုင်း ခေါင်းရှုပ်ကာ ပတ်ချာလည်လာသည် ။ ဘယ်လိုများ ဖြစ်ရခြင်းပါလိမ့် ။ နောက်နေ့ သီသီ ထံမှ ရေးလိုက်သော စာတွင်လည်း သူ့တွင် ကလေး ရှိနေပြီဖြစ်၍ လက်ထပ်ပါရန် ဖွင့်ဟ တောင်းပန်သော စာဖြစ်၏ ။

ကိုရေချမ်း သည် စာကိုကိုင်ရင်း လက်က ဆတ်ဆတ် တုန်နေ၏ ။ ယောက်ျားတန်မယ့် ဟစ်၍ ငိုချင်သည် ။ နှမြောလိုက် သည့်ဖြစ်ခြင်း ။ နှမြောသည်မှ ဘယ်လို နှမြောမှန်း မသိအောင် ဖြစ်၍ နေပေသည် ။

အကြောင်းစုံ ပြောပြချင်၍ သူ့ထံ လာရန်ကိုလည်း သီသီ က တောင်းပန်ထား၏ ။

ဖြစ်မှ ဖြစ်ရလေခြင်း ။ သူသည် အိပ်ရာထဲမှာပင် ခွေနေ၏ ။ ဘယ်ကိုမျှ မသွား ၊ ဘာမျှ မလုပ်တော့ပေ ။

“ မင်းကလေးကို မင်းက ခေါင်းရှောင်ချင်သလား ”

အမေ က လာ၍ ဆူတိုင်း သူသည် ဘာမျှ ပြန် မပြောနိုင်ပေ ။ နှုတ်ခမ်းများက ဆတ်ဆတ်တုန်၍ နေ၏ ။

“ ပြောချင်ပါရဲ့ အမေရယ် ”

ရင်ထဲမှာတော့ ပြန်၍ ပြောနေ၏ ။

“ ဟေ့ကောင် မင်း ကောင်မလေးတော့ အရိုးပေါ် အရေတင်ပဲ ဆရာ ။ မင်း ဘာလို့ သွားမတွေ့လဲ ၊ သူ့အဖေကြီးကလည်း မင်း လာစေချင်တယ် ၊ ကောင်မလေးကလည်း လူရှေ့မှာတောင် မောင့် ကို ခေါ်ပါ ဖြစ်နေတယ် ”

သီသီ အကြောင်းကလည်း ကိုရေချမ်း သူငယ်ချင်းအားလုံးသို့ ပျံ့နှံ့၍ နေသည် ။

အမေတို့ကလည်း ကိုရေချမ်း အတွက် စိတ်ညစ်နေပုံ ပေါက်သည် ။ စားခိုင်းလို့လည်း မရ ၊ သွားခိုင်း၍လည်း မရပေ ။ လက်ထပ်ဖို့ကိုလည်း ခေါင်းခါ၍ နေသည် ။

“ သစ္စာဖောက် လူယုတ်မာ ။ မင်းဟာ ခွေးနဲ့ အတူတူပဲ "

အဖေက လာဆူလျှင်လည်း ငို၍သာနေသည် ။

“ ကျွန်တော်ဟာ လူအစစ်ပါ အဖေရယ် ”

ဒါပဲ ပြန်၍ ပြောတတ်၏ ။ ဘယ်တော့မျှ မငိုသော သားက ယခုအရွယ်ကြီးတွင် ငိုကြီးချက် မ ဖြစ်နေတော့လည်း အဖေ နှင့် အမေတို့က သူ့ကို ဆက်၍ မဆူကြတော့ပေ ။

နောက်တစ်ပတ်တွင် သီသီ ထံမှ စာရှည်တစ်စောင် ရောက်၍ လာ၏ ။ လက်ရေးများမှာ ကသီကရီ နိုင်လွန်းလှ၍ သီသီ ရောဂါကို သူ မှန်းနိုင်ပေ၏ ။

နောက်နေ့တွင်မူ သီသီ ဆုံးကြောင်းကြားရတော့သည် ။ သူသည် အခန်းတံခါးကို ပိတ်၍ တစ်နေ့လုံး ဘယ်လို လူနှင့်မျှ အတွေ့မခံတော့ပေ ။

°°°°°   °°°°°   °°°°°

" အဲဒီကတည်းက အစ်မရယ် ကျုပ်ကို လူယုတ်မာ အနေနဲ့ သူငယ်ချင်း တွေကလည်း ဝိုင်းပယ်ထားတယ် ။ တစ်မြို့လုံးကလည်း လက်ညှိုး တစ်ငေါက်ငေါက် ထိုးတာပေါ့ ။ ကျွန်တော် လူသတ်သမားကြီး ဖြစ်နေတာပေါ့ ။ စိတ်ဆင်းရဲလိုက်တဲ့ဖြစ်ခြင်း မပြောနဲ့တော့ ။ အဲဒီ ကတည်းက ပေတာဟာ အခုထိပါပဲ ။ အဖေ ပေးစားတဲ့ မိန်းမကို ယူတာဟာလည်း စိတ်သက်သာမလားလို့ ၊ ပိုတောင် ဆိုးလာသေးတယ် ။ အခု ဘိန်းစားတဲ့ ဘဝမှာတော့ အလုပ်လုပ်လို့ ဘယ် ရတော့မလဲ ၊ အခုဘဝမှာပဲ ကောင်းပါတယ် ။ ရေထမ်းပြီး ဘိန်းစား ၊ ဘိန်းမှိန်းတုန်း သီသီ နဲ့ အမြဲ တွေ့ရတာပဲ ”

နဖူးမှ ချွေးပေါက်ကြီးများကို သုတ်ရင်း ကိုရေချမ်း သည် မောဟိုက်နေသလို ဖြစ်နေသည် ။ အခုထိ သူ့စကားလုံးများမှာ ပြီးပြည့်စုံခြင်းသို့ မရောက်သေး၍ ကျွန်မစိတ်ထဲမှာ မကျေနပ်နိုင်ပေ ။

“ ဒါလောက် ညတွေမှာ သွားတွေ့နေတော့လည်း သူငယ်ချင်းတွေက ကျွန်တော့်ကို အထင်လွဲမယ်ဆိုလည်း လွဲလောက်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ဟာ လူမသတ်ပါဘူး ။ မစော်ကားတတ်ပါဘူး ။ ဒါတွေကိုတော့ ဖွင့် မပြောချင်ဘူး ။ ဖွင့်ပြောရင် ကျွန်တော့်ချစ်သူ သီသီ ဂုဏ်ငယ်မှာ စိုးလို့ ။ လူ့လောကမှာ ကျွန်တော်သာ လူယုတ်မာကြီး အဖြစ်နဲ့ နေခဲ့တာပါ "

“ ဒီလိုဆို ဒီကလေးဟာ ရှင့်ကလေး မဟုတ်ဘူးပေါ့ ”

“ ဟင့်အင်း "

“ ဘယ်သူ့ ကလေးလဲ "

“ မေတ္တာသုတ်ကို အော်ကြီးဟစ်ကျယ် ရွတ်နေတဲ့ ဦးလေးကြီး ရဲ့ ကလေး အစ်မရယ် ။ သီသီ ရဲ့ နောက်ဆုံးစာထဲမှာ အားလုံး ဖွင့်ရေးထားတယ် ။ သူ့စာလည်း ကျွန်တော် အခုထိ သိမ်းထားတယ် ”

“ ဟင် ဦးလေး ဆို "

“ မတော်ပါဘူး ။ မိဘတွေနဲ့ ရင်းနှီးပြီး အိမ်မှာ အတူနေလို့ ဦးလေးကြီး ဖြစ်နေတာ ။ ဝတ္ထုထဲ ဆိုရင်တော့ ချစ်သူ့ဂုဏ်ကို ဆယ်တင်တဲ့ အနေနဲ့ ကျွန်တော် လက်ထပ်သင့်တာပေါ့လေ ။ ဒါပေမယ့် ရင်ထဲမှာ နာတယ် ။ တဆတ်ဆတ် တုန်တယ်အစ်မရယ် ။ ကိုယ်ကျတော့ မတို့ရက် ၊ မခူးရက်တဲ့ ချစ်သူကို အခုလို အဖြစ်ခံရတာ ရင်ကျိုးတာပဲ ၊ ပြီးတော့ ကျွန်တော်တို့ ယူတယ် ထားဦး ။ ဒီ ဦးလေးကြီး က ဘုရားခန်းကနေ ဘုရား မုခပါဌ်တော်တွေ ရွတ်ပြီး ကျွန်တော့်မျက်နှာကို ပြုံးဖြီးဖြီး နဲ့ ကြည့်မှာကို ကျွန်တော် မခံနိုင်ဘူး ။ ဒီလို ခွေးမသားကြီးတွေ ယုတ်မာမှု အတွက်ကိုတော့ လက်လျှို မခံနိုင်ဘူး ။ နွား မဖြစ်ချင်ဘူး ။ ဒီနေရာမှာ ကျွန်တော် မှား တယ် ဆိုရင်လည်း သီသီ ကို တမလွန်လိုက်ပြီး တောင်းပန်ပါမယ် ၊ သမာဒေဝ နတ်ကောင်း တွေကတော့ ကျွန်တော့်ကို ခွင့်လွှတ်ကောင်းပါရဲ့ ။ ကဲ သွားပါရစေတော့ ”

°°°°°   °°°°°   °°°°°

သူသည် ခပ်မြန်မြန်ပင် နှုတ်ဆက်၍ အောက်သို့ ပြေးဆင်းသွားသည် ။ ကျွန်မ ရင်ထဲတွင်တော့ ဝမ်းနည်းဝမ်းသာ ဖြစ်နေသည် ။ ဇာတ်လိုက် ကိုရေချမ်း သည် အများထင်သလို လူယုတ်မာကြီး မဟုတ်သည်ကိုလည်း ဝမ်းသာနေမိသည် ။

မကြာခင် တဒိုင်းဒိုင်းနှင့် လှေကားမှ ကိုရေချမ်း ပြေးတက်လာပြန်သည် ။

“ အောက်က ဗိုလ်တဲစောင့် ကိုပု က ပြောတယ် ။ အစ်မက စာရေးဆရာ ဆို ”

“ နည်းနည်းပါးပါး ရေးတာပါ ”

“ ကျွန်တော့် အကြောင်း မရေးပါနဲ့ ။ တောင်းပန်ပါတယ် ။ ကျွန်တော်ဟာ မေတ္တာသုတ် ဆုံးအောင် မရွတ်တဲ့ ဘိန်းစားပေမယ့် လူမသတ်တာကိုသာ အစ်မ သိအောင်လို့ ပြောပြတာပါ ”

“ ဟုတ်ပါတယ် ။ ဒါပေမယ့် မေတ္တာသုတ်ကို လူကြားအောင် ကြေးစည်သံ တညံညံနဲ့ ရွတ်ပြီး မိန်းကလေးတွေကို စော်ကားသတ်နေတဲ့ လူအကြောင်းတော့ ကျွန်မ ရေးရမှာပဲ ”

သူသည် တွေတွေကြီး စိုက်ကြည့်နေရာမှ နှုတ်ခမ်းများကို သိမ်းရင်း ....

“ ကျွန်တော် သေရင် ရေးပါ ။ အသက်ငယ်ငယ် ရှိပေမယ့် ကျွန်တော် ဘယ်လောက် အိုနေပြီလဲ ။ မကြာခင် သေရမှာပါ ” ဟု ပြောကာ နောက်ဆုံးစကားသံမှာ တိမ်ဝင်သွား၏ ။

ယခုတစ်ခါတော့ ခပ်ဖြည်းဖြည်းပင် သူသည် လှေကားမှ ဆင်း၍ သွားသည် ။

၁၃၁၆ - နှစ် ၊ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် ကိုရေချမ်း သေဆုံးခဲ့လေသည် ။

◾ ခင်နှင်းယု

      ၁၉၅၄ - ခုနှစ် ၊ ဒီဇင်ဘာလ

koaungnaingoo.blogspot.com

.

No comments:

Post a Comment