Monday, September 20, 2021

ရွှေမန်းတင်မောင် ဝတ္ထု


 

  ❝ ရွှေမန်းတင်မောင် ဝတ္ထု ❞

မန္တလေးမြို့ အနောက်ပြင်ရပ်တွင် မောင်တင်မောင် ကို ၁၂၈၀ ခုနှစ် မှာ မွေးဖွား၏ ။ အဖေ ဦးပြား ၊ အမေက ဒေါ်မေ ။ မောင်တင်မောင် တို့မှာ မောင်နှမသားချင်း ခုနစ်ယောက် ရှိ၏ ။ မောင်တင်မောင် က အငယ်ဆုံး ။ သူ ငယ်ငယ်မှာပင် ဖခင် ဦးပြား သည် ဆုံးပါးသွား၏ ။ မောင်တင်မောင် မှာ အားကိုးရာက မိခင် ဒေါ်‌ေမ ။

ဒေါ်မေ နှင့် မျက်နှာချင်းဆိုင်အိမ်က ဒေါ်မေ ၏အစ်ကို ဦးငွေ ၏ အိမ် ။ ဦးငွေ သည် ပလိုင်းမယ်ငွေ အမည်ခံပြီး ရုပ်သေးက၍ အသက် မွေးသည် ။ ရုပ်သေးစင်ပေါ်မှ ဂီတနှင့် သီချင်းများသည် မောင်တင်မောင် ၏ ကလေးဘဝကို လွှမ်းခြုံထား၏ ။

မောင်တင်မောင် က,ချင် ၊ ဆိုချင်သည် ။ ဦးငွေ ၏သား ၊ မောင်တင်မောင် ၏ အစ်မအကြီးဆုံး၏ သားတို့နှင့်အတူ မောင်တင်မောင် ကစားသည် ။ က,တမ်းခုန်တမ်း ။ ရုပ်သေးရုပ်ဆွဲတမ်း ကစား၏ ။

“ ဗျို့ ၊ ဦးကြီး .….ရုပ်သေးစင်ပေါ် ကျွန်တော် တက်ချင်တယ် ၊ ခေါ်စမ်းပါ ”

ပလိုင်းမယ်ငွေ ထံ ပူဆာသည် ။ တစ်နေ့မှာ -

“ ဒီည ငပြူးရုပ် ဆွဲရမယ် ။ ဒီသီချင်းလေးကို ရအောင် ကျက်ထား ”

ပလိုင်းမယ်ငွေ က ပြောသည် ။ သူသည် လင်းကွင်းကလေးနှင့် သီချင်းဆို လေ့ကျင့်၏ ။ ညမှာ သူ ငပြူးရုပ်ကို ဆွဲရပြီ ။ ငပြူး က အင်္ကျီတုံးလုံး ၊ ကတုံးလေးနှင့် ပုဆိုးကတော့ တောင်ရှည် ။

ရုပ်သေးစင်ပေါ်မှာ ဆင်တွေ ၊ ကားတွေနှင့်အတူ ငပြူး က အချီအချ ။

" ငပြူးရေ .…… ကျားလာလေ့ ”

“ ဘယ်သူ့စင်က ကျားတုံးကွ ”

“ ပလိုင်းဆရာငွေ စင်က ကျားကွ ”

“ ငပြူးရေ ဆင်လာလေ့ ”

“ ဘယ်သူ့စင်က ဆင်တုံးဟေ့ ”

“ မင့်အမေ ထိုးမယ့် ဆင်ဟ "

“ အမယ်လေးဟ အမယ်လေး ... ကြည့်လုပ်ပါ့ ငပြူးရ "

“ ဇမ္ဗူပေါ်မှာ လူတော်တစ်ပါး ငါး...ငါး...ငါး လမိုက်လသာ မနားရပါတဲ့ ပလိုင်း ဆရာငွေစင်က ကျား ငါး ... ငါး ... ငါး ... ငါး ငါး ... ငါး ... ”

မောင်တင်မောင် သီချင်းဆိုရင်း ငပြူးရုပ်ကလေးကို ဆွဲက,၏ ။

ရုပ်သေးစင်ပေါ်မှာ မောင်တင်မောင် ငပြူးကို ဆွဲဖူးပြီ ။ ဦးကြီး၏ ရုပ်သေးပွဲတွေမှာ သူ လိုက်တော့၏ ။

“ ကဲကွာ မင်း ဒီလောက် က,ချင်တာ က,စမ်း ”

ဦးကြီးငွေ က သူ့စင်ပေါ်မှာ ပျဉ်ပြားလေး ခင်းပေးထား၏ ။ ကပေတော့ မောင်တင်မောင် ။

မောင်တင်မောင် သည် သျှောင်ထုံးလေးနှင့် ။

မောင်တင်မောင် သည် လုံချည်ကလေးနှင့် ။

မောင်တင်မောင် သည်  ရုပ်သေးစင်ပေါ်မှာ ကွေးနေအောင် က,၏ ။

“ မင်းသားလုပ်ရ ၊ ဒင်္ဂါး ရှုပ်သမျှ ၊ ကျုပ်ဘဝဆိုမှာ ကိုတင်မောင် ရဲ့ မေတ္တာ ၊ အားလုံးက ကြည့်ပါ ရှုပါ ”

ဦးကြီး က ရေးပေးသော သီချင်းလေးကို ဆိုပြီး မောင်တင်မောင် က,နေသည် ။

°°°°°   °°°°°   °°°°°

မောင်တင်မောင် နည်းနည်း ကြီးလာသည် ။ မိုးကောင်းကျောင်းတိုက်ထဲက ဆီမီးခုံကျောင်း ဦးနန္ဒာဝံသ ထံ မှာ မောင်တင်မောင် ရှင်ပြုသည် ။

မောင်တင်မောင် ရှင်လူထွက်ပြီးတော့ ဒေါ်မေ က စကုတိုက် ဆရာတော် ဦးကေသရကျောင်းမှာ ပညာသင်ရန် အပ်နှံ၏ ။ ဆရာတော် ဦးကေသရ က မောင်တင်မောင် ၏ ဦးကြီး တော်စပ်၏ ။

မောင်တင်မောင် ဘုန်းကြီးကျောင်းသို့ မသွားမီ အမေ့အတွက် အကြော်လည်ရောင်းပေးရသေး၏ ။ ညီအစ်ကို နှစ်ယောက် အကြော်ရောင်းရသည် ။ ပလိုင်းရပ်ထဲသို့ ရောက်လျှင် ဆေးလိပ်သမတွေ ထွက်လာ၏ ။

“ ဟဲ့ တင်မောင် နင် ငါတို့ကို သီချင်းဆိုပြီး က, ပြရင် အကြော်ဝယ်မယ် ”

ဆေးလိပ်သမတွေက အာသွက်လျှာသွက် ။

ဖိုးက,ချင်လေး မောင်တင်မောင် ကလည်း ကရမည်ဆိုလျှင် လက်သွက် ခြေသွက် ။

အကြော်အတူ ရောင်းသည့် သူ့အစ်ကို က ရှက်သည် ။

မောင်တင်မောင် ကတော့ အကြော်လည်း ရောင်းရ ၊ ကလည်း ကရဆိုတော့ ဟန်ကိုကျလို့ ။

°°°°°  °°°°°°°  °°°°°°

မိခင် ဒေါ်မေ က မောင်တင်မောင် ကို အရပ်ထဲက ဆရာထာ ထံမှာအပ်နှံ၏ ။ ဟိုခေတ်က မန္တလေးဆိုသည်မှာ အရပ် အသီးသီးမှာ အနုပညာရှင်တွေ ရှိနေသည် မဟုတ်လား ။ ဆရာထာ က ဥက္ကလာ မအေးကြည် ထံတွင် ပတ္တလား တီးနေရသော ကာလ ။

မောင်တင်မောင် ကို ဆရာထာ က အိမ်မှာ သင်သည် ။ ဥက္ကလာ မအေးကြည် ထံသို့လည်း ခေါ်သွား၏ ။ ဥက္ကလာ မအေးကြည် ထံမှာ မောင်တင်မောင် အလုပ်မရှိ ၊ ခွင်မရှိ ။ တစ်နှစ်လောက်တော့ မအေးကြည်ထံသို့ မောင်တင်မောင် လိုက်လိုက်သွား၏ ။

ဆရာထာ က မောင်တင်မောင် ကို နှဲဆရာ ကိုချစ် ထံ အပ်ပေးပြန်၏ ။

ကိုချစ် က ပါးစပ်ရွဲ့သွားသဖြင့် နှဲမမှုတ်တော့ပါ ။ ဘိသိက်သွန်းနေ၏ ။ ဆိုင်း ထောင်ထား၏ ။ သူ့ဘိသိက်နှင့် တွဲသောဆိုင်း ။ မောင်တင်မောင်က ဆိုင်းရှေ့ထွက်ပြီး ကပြရသော ကလေးမင်းသားလေး လုပ်ရ၏ ။ မောင်တင်မောင့် ကို ဆရာထာ က အက သင်ပေးထားပြီးပြီ ။ သီချင်းလည်း စပ်ပေးထား၏ ။

“ ဗိုလ်ခြေမင်အောင် ကိုရွှေတင်မောင် မင်းသားကလေး ၊ အေးဆေး စားလောက်အောင် ကပြရာမှာပင် ထင်ထင်ပေါ်ပေါ် ကြော်ငြာကမ်းလို့ မန်းမြို့ဂုဏ်ထူးဆောင် ဘွဲ့ထူးဆောင် ၊ ပေါ်လာသမောင် ၊ ကြော်ငြာတစ်စောင် ဆယ့်တစ်နှစ်သားက မင်းသားလုပ်တဲ့ အကောင် ”

က သာ က နေရသည် ။အဝတ်အစားက မရှိရှာ ။ ရှင်ပြုစဉ်က ဝတ်ခဲ့ရ သော ပါရှင်းပုဆိုး ပန်းရောင်လေးနှင့် ဝိုင်အင်္ကျီအဖြူလေး ဝတ်ပြီး က,ရရှာ၏ ။ ပိုက်ဆံ တစ်ကျပ်ရှစ်ပဲ ရသည် ။

“ ကိုချစ်ရယ် ၊ အဝတ်အစားကလေး ဝယ်ချင်လို့ပါ ။ တိုးပေးပါဦး ”

ဒေါ်မေ က ပြောသည် ။

ထို အခါ မောင်တင်မောင် သည် သုံးကျပ် ရလာ၏ ။

°°°°°°  °°°°°°  °°°°°°

မောင်တင်မောင် သည်ဘုန်းကြီးကျောင်းမှာ စာကျက်လျှင်လည်း ထိုစာကို သီချင်းလိုလုပ် ကျက်၏ ။ သီချင်းလုပ် ဆို၏ ။

တစ်ရက်တွင် ဘုန်းကြီး ဦးကေသရသည် မောင်တင်မောင်ကို စမ်းသပ်၏ ။

“ ဟေ့ တင်မောင် မင်း ပန်းမြိုင်လယ်ကို အမြန်တက်ပြီး ငါ့ဆီ အမြန်ဆိုပြနိုင်ရင် မင်းကို ငါ ဆုချမယ်ကွာ ။ ကျောင်းပေါ်တက်ပြီး ကြိုက်တာ ယူပေတော့ ” ဟု မိန့်ဆိုသည် ။

“ တပည့်တော် လာဆိုပြပါ့မယ် ဘုရား ”

မောင်တင်မောင် က ဆရာတော်ကို ဦးချ၏ ။ ပြီးတာနှင့် ဆရာထာ ဆီသို့ ပြေးတော့၏ ။

“ ဆရာထာ ပန်းမြိုင်လယ် ကို အခု အမြန်တက်ပေးစမ်းပါဗျာ ”

ဆရာထာ က မောင်တင်မောင် အပေါ် တူလို သားလို ချစ်သည် ။

ဆရာထာ သည် ပန်းမြိုင်လယ် ယိုးဒယား ကို မောင်တင်မောင် အား ငါးကြိမ် တက်ပေးလိုက်၏ ။ မောင်တင်မောင် သည် အိမ်သို့ ပြန်သည် ။ ပန်းမြိုင်လယ် စာသားကိုအလွတ်ကျက်သည် ။

ဆရာထာ က ပတ္တလားထမ်းပြီး မောင်တင်မောင် နှင့်အတူလိုက်ခဲ့ရ၏ ။ ဆယ့်တစ်နာရီအမီ ဘုန်းကြီးကျောင်းသို့ ရောက်ကြပြီ ။

ဆရာထာ တီး ၊ မောင်တင်မောင် ဆို ။ ပန်းမြိုင်လယ် ယိုးဒယား ။ ချောလို့ ၊ ပီလို့ ။

ဆရာတော် ဦးကေသရလည်း သဘောကျသွားပြီ ။

“ ကျောင်းပေါ်တက်ပြီး မင်း ကြိုက်တာတွေ ယူသွားပေတော့ ”

မောင်တင်မောင် ကျောင်းပေါ်သို့တက်သည် ။ ကော်ဇော ၊ ဗိုလ်စောင် ၊ ခေါင်းအုံးတစ်လုံး ယူချလာ၏ ။

“ တပည့်တော် ဒါတွေ ယူမယ်ဘုရား ”

" အေးကွာ ၊ ယူသာသွား ယူသာသွား ”

ဆရာတော် ဦးကေသရ က မောင်တင်မောင် ၏ ပါရမီထူးပုံကို ကြည်နူး ကျေနပ်သည် ။

ပြုံးပြုံး ပြုံးပြုံးနှင့် ။

“ ဒီအကောင် တင်မောင် ထူးတယ်ကွ ”

စကုတိုက်ထဲက ဘုန်းကြီးပျံတစ်ခုမှာ မောင်တင်မောင် မင်းသားလို ကခွင့်ရပြန်၏ ။

°°°°°°  °°°°°°  °°°°°°

မြခြေကျင်း မငွေမြိုင် သည် စကု တိုက်ထဲက ဦးဥတ္တမ ကို ရဟန်းခံပေး ထား၏ ။ ဆွမ်း ၊ ကွမ်း ၊ ဝတ္ထုပစ္စည်း လာလာလှူသည် ။

ဦးကေသရ က မောင်တင်မောင် ကို မငွေမြိုင် ထံ အပ်နှံချင်သည် ။ ဦးဥတ္တမ တစ်ဆင့် ပြောကြည့်စေ၏ ။

“ တစ်လ သုံးဆယ်ကျပ် ပေးရမယ် ၊ သုံးနှစ် စာချုပ် ချုပ်ရမယ် ”

မြခြေကျင်း မငွေမြိုင် က စကားပြန်သည် ။

ဒေါ်မေ ကလည်း ဆရာထာ နှင့် တိုင်ပင်ကြည့်၏ ။

“ ကောင်းတယ် ၊ အပ်လိုက် "

ဆရာထာ ကလည်း အကြံပေးသည် ။

သို့နှင့် မငွေမြိုင် အိမ်သို့ မောင်တင်မောင် ရောက်သွား၏ ။ မြခြေကျင်း မငွေမြိုင် သည် ပထမ အငြိမ့်ထောင်၏ ။ နောက်တော့ ဇာတ်ထောင်၏ ။

မောင်တင်မောင် က သည် ။

မောင်တင်မောင် ဆို သည် ။

မောင်တင်မောင် လွမ်း သည် ။

မောင်တင်မောင် ငို သည် ။

မောင်တင်မောင် ပြော သည် ။

မောင်တင်မောင် စာတွေ ကျက် သည် ။

အားလျှင် စာကျက်နေရ၏ ။ အလကား မနေရ ။

အားလျှင် စာတွေကျက်နေရ၍ ဥပုသ်နေ့မှာတော့ မောင်တင်မောင် အမေ့အိမ်သို့ ပြန်ချင်သည် ။ အမေမြိုင်ထံ ခွင့်တောင်းရ၏ ။

“ ငါးနာရီ မထိုးမီ အရောက်ပြန်လာခဲ့ ”

မောင်တင်မောင် သည် အစ်မပေးသော မုန့်ဖိုးလေးတွေ အိတ်ထဲထည့်ကာ ညနေ ငါးနာရီအမီ အမေမြိုင် အိမ်သို့ ပြန်ပြေးရ၏ ။ နောက်ကျလျှင် အရိုက်ခံရသည် ။

မောင်တင်မောင် ၏ အစ်ကို တွေက လှည်းနှင့် ထင်း လည်ရောင်းရ၏ ။

အမေမြိုင် အိမ်ရှေ့သို့ရောက်လျှင် ညီလေး တင်မောင် ကို တွေ့ပါက မုန့်ဖိုးပဲဖိုး ပစ်ကြဲချပေး၏ ။ မောင်တင်မောင် က ထွက်ကောက်သည် ။ တစ်မူးစ တစ်ပဲစကို လက်ထဲမှာ ဆုပ်ထား၏ ။

အိမ် ထဲ ပြန်ရောက်တော့ -

“ လက်ဖြန့်စမ်း ၊ ငါက ဝအောင် မကျွေးလို့လား ၊ သူများပေးတိုင်း မယူချင်နဲ့ ”

မောင်တင်မောင် လက်ဝါးကို ဖြန့်ခိုင်းပြီး အမေမြိုင် က ဖြန်းခနဲ ရိုက်တော့၏ ။

အမေမြိုင် ၏ ဇာတ်ထဲမှာ မောင်တင်မောင်လည်း တစ်ခန်း ၊ နှစ်ခန်း က , ပြခွင့်ရသည် ။

သရုပ်ဆောင် ရာမှာ သဘာဝကျအောင် သရုပ်ဆောင်ပါ ။ ဟောဒီ အခန်းမှာ ဒီလို ငို ၊ ဒီလို လွမ်း ။ ဇာတ်ရုပ်က ဟောဒီလို ။ အမေမြိုင် က အသေအချာ သင်ပေးတတ်သည် ။ တိကျ၏ ။

လွဲချော်လျှင် ၊ ဌာန် ကရိုဏ်း မကျလျှင် အရိုက်ခံရပြီသာ မှတ် ။

ဇာတ်က , လျှင် ဇာတ်ရုံ အပြင်သို့ လုံးဝ မထွက်ရ ။ မိမိတို့၏ သဘင်အနုပညာကို မိမိတို့ကိုယ်တိုင် တန်ဖိုးထား လေးစားပါ ။ သဘင်သည် သည် သူများပိုက်ဆံကို အလကား မယူရ ။ စည်းကမ်းကြီး ၊ အနုပညာမာနလည်း ရှိသည် ။

မောင်တင်မောင် ၁၂ နှစ် ။

မောင်တင်မောင် ၁၃ နှစ် ၊

မောင်တင်မောင် ၁၄ နှစ် ။

အမေမြိုင် သည် မောင်တင်မောင် ၏ ဉာဏ်ရည် သွားပုံ ၊ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ကောင်းပုံ တို့ကို သိသည် ။ မောင်တင်မောင် ကို ရတနာပုံတင်မောင် ဟု အမည်ပေး၏ ။ သို့သော် အမေမြိုင် ယုံကြည်သော ပုဏ္ဏား ဗေဒင်ဆရာ ဦးကဝိ ထံသို့ မေးကြည့်၏ ။

“ ရတနာပုံ တင်မောင် မမှည့်နဲ့ ။ ရွှေမန်းတင်မောင် လို့ မှည့်လိုက် ”

ပုဏ္ဏား ဗေဒင်ဆရာက ပြောသည် ။

မောင်တင်မောင် သည် နှုတ်က ရွတ်ဆိုကြည့်၏ ။

ရွှေမန်းတင်မောင် ။

သူ့ရင်ထဲသို့ ဝင်ရောက်သွား၏ ။

ရွှေမန်းတင်မောင် ။

မောင်တင်မောင် ၏ ရင်ဘတ်ထဲသို့ ရွှေမန်းတင်မောင် တွေ အများကြီး ဝင်ရောက်သွားပြီ ။

ရွှေမန်းတင်မောင်
ရွှေမန်းတင်မောင်
ရွှေမန်းတင်မောင်

ရင်ဘတ်ထဲက ရွှေမန်းတင်မောင် အင်အားတွေနှင့် က မဟဲ့ ။ ချမဟဲ့ ။

ရင်ဘတ်ထဲက ရွှေမန်းတင်မောင်သည် မြန်မာနိုင်ငံမှာ ရွှေမန်းတင်မောင် ဖြစ်အောင် ပြင်းထန်သော တွန်းအားတွေနှင့် မောင်းနှင်နေ
တော့သည် ။

°°°°°  °°°°°  °°°°°°

မောင်တင်မောင် ဆယ့်ငါးနှစ်သားအရွယ်သို့ ဝင်ခါစ , မှာ ဖြစ်၏ ။ ပတ္တမြားစေတီဘုရားပွဲတော်မှာ သူတို့ ဇာတ်က , နေကြသည် ။

မောင်တင်မောင် ၏အမေ ဒေါ်မေ က အိမ်မှာ အသည်းအသန်ဖြစ်နေသည် ။ အိမ်က ပတ္တမြားစေတီပွဲသို့ လိုက်ခေါ်၏ ။ မောင်တင်မောင်က သူ ညကြေးရသည့် ပိုက်ဆံလေးတွေ စုထည့်လာ၏ ။ အမေ့ထံရောက်တော့ အမေ့လက်ထဲ ထည့်၏ ။

“ အမေ အမေ စားချင်တာ စားရအောင် သားရဲ့ ညကြေးလေးတွေ ”

သူ့ အမေက သား၏ ပိုက်ဆံလေးတွေကို လက်နှင့် ကျစ်ကျစ် မဆုပ်ထွေးထားနိုင်ရှာတော့ပါ ။ အမေ့လက်ထဲက သား၏ ပိုက်ဆံများသည် အောက်သို့ ဖိတ်စဉ်ကျကာ ပြန့်ကျဲသွားတော့၏ ။

မောင်တင်မောင် လည်း တစ်ညလုံး ပွဲက , လာရသည် ။ ပင်ပန်းနေသည် ။ အမေ့အနားမှာ နေပေးရင်း မောင်တင်မောင် အိပ်ပျော် သွားတော့၏ ။

မောင်တင်မောင် အိပ်ပျော်နေဆဲမှာပင် မောင်တင်မောင် ၏အမေ ဒေါ်မေ ဆုံးပါးရှာသည် ။ ဒေါ်မေ ဆုံးပြီဆိုတာကြားတော့ ဒေါ်ငွေမြိုင် က ဦးပဉ္စင်း ဦးဥတ္တမ ကို ငွေပေးပြီး သင်္ဂြိုဟ်စေခဲ့၏ ။

°°°°°°  °°°°°°  °°°°°°

ဆရာတော် ဦးကေသရ က မောင်တင်မောင် ကို ပိုမို ဂရုစိုက်လာသည် ။ အပြောတွေ ကျွမ်းကျင်အောင် ဦးကေသရ က အနီးကပ်သင်ပေး၏ ။

ရွှေမန်းတင်မောင် ဟူ၍ ဖြစ်လာခါစ , တွင် “ လူက ငယ်ငယ် စကားကြီး စကားကျယ်တွေ အလွန်ပြောတဲ့ မင်းသား ” ဟု ပြောကြသေး၏ ။

ဦးကေသရ ၏ စကားလုံး ကြီးကျယ်ခမ်းနားမှုတွေကို ရွှေမန်းတင်မောင် ကိုယ်တိုင်က အရသာရှိနေ၏ ။ စကားလုံးတွေ စေးစေးပိုင်ပိုင် ပြောလိုက်ရမှ သူ ကျေနပ်၏ ။

သူက အမေမြိုင် နှင့် စနစ်တကျ အနီးကပ် သင်ခဲ့ရ၏ ။ အမေမြိုင် ၏ မိန်းမ အကဟန်တွေ သူ့မှာ ကပ်ငြိနေ၏ ။

“ မိန်းမ အကသာ က - တတ်တဲ့ ရွှေမန်းတင်မောင်ပါ ” ဟု ပြောကြပြန်သည် ။

သူက သူ့ အကကို ယောက်ျားဆန်အောင် ပြုပြင်ကြည့်သည် ။ “ က,တာက တောင့်တောင့်ကြီး ” ဟု ပြောကြပြန်၏ ။

စိန်လှကြည် လို အက ကောင်းသော မင်းသမီးတွေကို သူ ခေါ်သည် ။

သူ့ဇာတ်ထဲ ရောက်တော့ စိန်လှကြည် နှင့် အတိုင် အဖောက်ညီသည့် နှစ်ပါးခွင်ကို သူ ဖန်တီး၏ ။ လှပသော ကကြိုး ကကွက် များကို မင်းသမီးနှင့်အတူ ကရင်း သူ လေ့လာ၏ ။ ဦးငွေ ၏ သားကို မင်းသားရုပ်ကလေးအား ကြိုးဆွဲခိုင်း၏ ။ အရုပ်ကြိုး အကကို ကျကျနန သူ လေ့လာပြန်၏ ။ အရုပ်ကြိုး က , တတ်မှ အဆစ်ကျိုးသည်ဟု ဆိုရိုးရှိ၏ ။ သူ့ထံရောက်လာသော မင်းသားများ ၊ သူ့ထံရောက်လာသော လူရွှင်တော်ကြီးထံမှလည်း အကတွေ လေ့လာပြန်သည် ။

ဦးစိန်ရိုး က သူ့ကို ဦးစိန်ကတုံး က,သော မီးစလွယ် အက ၊ ယိုးဒယား အက သင်ပေးသည် ။ မင်းသမီး ဒေါ်စိန်သုံ ထံမှလည်း ယိုးဒယား အက သင်ယူပြန်သည် ။

ရွှေမန်းတင်မောင် သည် အရည်အချင်းဖြင့် ၊ အရည်အသွေးဖြင့် သူ၏ နာမည်ကို ထူထောင်သူ ဖြစ်သည်  ။ ပညာကို မအိပ်မနေ ရှာဖွေသည် ။ အခြားသူ၏ ပညာကို သူ့ထံသို့ ယူငင်ပွားစီးတတ်သည် ။

ရွှေမန်းတင်မောင် သည် ရုပ်ရှင်ကြည့်သည် ။ အိန္ဒိယဇာတ်ကားဆိုလျှင် သူတို့အကကို သေချာလေ့လာမှတ်သားပြီး ကြည့်သည် ။ အနောက်တိုင်းရုပ်ရှင်မှလည်း သူတို့ အကတွေကို ရှာဖွေလေ့လာပြီးကြည့်သည် ။ ရွှေမန်းတင်မောင်သည် ဘယ်တော့မှ အလကားမနေ ။ ပညာကိုသာ လေ့လာနေသည် ။ သူ့အကထဲ ဘာဖြည့်ရမလဲ ။ သူ ဘာ တီထွင်ရမလဲ ။ ရွှေမန်းတင်မောင် Brand ကို ဘယ်လို တောက်ပအောင် ၊ ဘယ်လို ခိုင်မာအောင် ၊ ဘယ်လို အား ကောင်းအောင် သူ ဘာတွေ ဆက်လုပ်မလဲ ၊ အမြဲ တွေး‌ေတာစဉ်းစားသည် ။ ဖြည့်ဆည်းသည် ။

အကသည် ကိုယ်နေဟန်ထားကို လှပအောင် ဖန်တီးမှု ဖြစ်သည်ဆိုသော သဘောတရားကို အကတွေ လိုက်ကြည့်ရင်း သူ ထုတ်နုတ်နားလည်သွားပြီ ။ ရွှေမန်းတင်မောင်သည် အနောက်တိုင်း နိုင်ငံအချို့သို့ ရောက်ဖို့ အခွင့်ကြုံသည် ။ သူက ထိုနိုင်ငံတွေမှာ သူ၏ “ သရုပ်ဆောင်က ” များကို ကပြဖျော်ဖြေသည် ။ အနောက်တိုင်း နိုင်ငံများသို့ ရောက်တိုင်း သူတို့၏ ရိုးရာကကွက် များကို လေ့လာ၏ ။

နှစ်ပါးသွား၏ သဘောက မင်းသားနှင့် မင်းသမီး အပေးအယူမျှတစွာ ညီညွတ် ပြေပြစ်စွာ “ အလှ ” ကို ဖန်တီးခြင်း ဖြစ်၏ ။

သူ့ မင်းသမီးများ၏ တစ်ဦးချင်း သီးခြားကွဲလွဲသော ထူးချွန်ပါးနပ်မှုများကို သူလေ့လာ၏ ။

စိန်လှကြည် ကျွမ်းပစ်ကောင်းသည်ဆိုလျှင် သူကလည်း ကျွမ်းပစ်အကနှင့် လိုက် ဖြည့်ဆည်း က , ပြသည် ။

မင်းသမီးတစ်ဦးစီ၏ ခြေဟန်လက်ဟန် လှုပ်ရှားမှုကို သူက ယူပြီး ထိုကကွက် မှာ သူ၏ မင်းသားက , ဟန်နှင့် လိုက်ဖြည့်သည် ။ ထိုသို့ ဝင်ဝင်ဖြည့်လာရင်း ရွှေမန်းတင်မောင် ၏ အကမှာ မြိုင်လာသည် ။ စိပ်လာသည် ။ ရွှေမန်းတင်မောင် နှင့် မင်းသမီးတို့၏ နှစ်ပါးသွားသည် လှပသော ကကွက် များကို ဖန်တီးလာနိုင်သည် ။ ပရိသတ်၏ မျက်စိပသာဒမှာ ရွှေမန်းတင်မောင် ၏ နှစ်ပါးခွင်က လှပမြိုင်ဆိုင်လာသည် ။

ဇာတ်စင်ပေါ်မှ ကရင်း ပရိသတ်အကြိုက်ကို သူကောင်းကောင်း ချိန်ဆတတ်လာ၏ ။ ပရိသတ်၏ နှစ်သက် အားပေးမှုကို ဇာတ်စင်ပေါ်က ချိန်ဆရင်း ပရိသတ် နှစ်သက်အောင် သူအလုပ် လုပ်ပြနိုင်ခဲ့၏ ။

ရှေ့တော်ပြေးအက ၊ သူငယ်တော်အကကို သူ အောင်မြင်စွာ ကပြအသုံးတော်ခံနိုင်သည်မှာ ရုပ်သေးအကမှ သူ ရရှိလိုက်သော မူပေါ်မှာ သူ ဆက်နင်းသွားခြင်း ဖြစ်ပါ သည် ။ “ ရွှေမန်းတင်မောင် ဟာ မငွေမြိုင် တပည့်မို့ မိန်းမဟန်နဲ့သာ က , တတ်တာပါ ” ဟူသော  လူအချို့၏ မှတ်ချက်ကို သူ ချေဖျက်နိုင်ခဲ့၏ ။ ရုပ်ချောသော ၊ လူငယ်ပီပီ လူကြိုက်များသော သူ့သား ဝင်းဗိုလ် နှင့် ဇာတ်စင်ပေါ်မှာ ယှဉ်ပြိုင် က , ပြလျှင်လည်း ရွှေမန်းတင်မောင် သည် ရွှေမန်းတင်မောင် ၏ သီးခြား ကွဲထွက်နေသော သရုပ်ဆောင်အက၏ လှပမှုဖြင့် ပရိသတ်ကို သူ့အပေါ် အာရုံ ကျအောင် ဆွဲဆောင်နိုင်ခဲ့သည် ။

°°°°°  °°°°°°  °°°°°°°

ရွှေမန်းတင်မောင် သည် အလုပ်လုပ်သော နေ့ရက် များ ၊ အလုပ်လုပ်သော ည များဖြင့် သူ့ခန္ဓာကိုယ်ကို တောက်ပ၀င်းလက်သော ကြယ်ပွင့်များဖြင့် ချိတ်တွယ်လှုပ်ရှားနိုင်လာသည် ။ ရွှေမန်းတင်မောင် ဟာ သေအထိ မကျဆုံးစေရဘူးပေါ့  ။ ရွှေမန်းတင်မောင် ဟာ သေအထိ အောင်မြင်တောက်ပနေရမယ့် ဇာတ်မင်းသား ကွ ။ အခြားသူများကို သူ စိန် မခေါ်ခဲ့ ပါ ။ သူ၏ စိတ်ဝိညာဉ်ကို သူ စိန်ခေါ်လျက် အလုပ်ကိုသာ ကြိုးစားလုပ်၏ ။ သူ မြတ်နိုးတာ သူ့ အလုပ် ၊ သူ စဉ်းစားတာ သူ့အလုပ် ၊ သူ စူးစိုက်တာ သူ့ အလုပ် ၊ သူ မျှော်ခေါ်တောင့်တသော အနာဂတ်သည် သူ၏ အလုပ် ။

အလုပ် ။ အလုပ် ။ အလုပ် ။

ရွှေမန်းတင်မောင် သည် အလုပ်ဖြင့် အောင်မြင်မှုသရဖူကို ထာဝရ ဆောင်းထားနိုင်သည် ။

°°°°°°  °°°°°  °°°°°°°

ရွှေမန်းတင်မောင် ၏ အသံသည် ညာသံ ။ အသံဝါ ၊ အသံမာ ၊ အသံစူး ၊ သံချွန် ။ အသံလုံး မလှသော်လည်း ပရိယာယ်သုံးပြီး နားထောင်လို့ ကောင်းအောင် သီဆိုတတ်သူ ။ ညာသံကို အသံကုန် ဆိုသည် ။ သံကုန်သံဖျား ဆိုသည် ။ သူကိုယ်တိုင်က ညာသံဖြစ်၍ သူ့ ဇာတ်သူဇာတ်သားများကိုလည်း ညာသံဖြစ်မှသာ ကြိုက်၏ ။

နှစ်ပါးသွားများမှာ သူထွက်လာလျှင် သီချင်းကို အသံမာနှင့်ဆိုကာ မောင်းတင်ပြီး ထွက်လာသည် ။ ဆိုင်းဆရာကလည်း ရွှေမန်းတင်မောင် က အသံ ကုန် မောင်းတင်ပြီး တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ထွက်လာလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကာ ထက်ထက်သန်သန်တီးတော့၏ ။

ရွာစားကြီး ဦးဘမောင် သည် ရွှေမန်းတင်မောင် ဇာတ်ထဲသို့ ပြန်လည် ဝင်ရောက် လာခါစမှာပေါ့  ။ ရွှေမန်းတင်မောင် က နှစ်ပါးသွားမှာ အသံမာနှင့်ဆိုပြီး မောင်းတင် ထွက်လာသည် ။ မီးရောင်တွေထဲမှာ ဇွန်ပန်းပွင့်တွေနှင့် ဝတ်ကောင်းစားလှနှင့် ရွှေမန်းတင်မောင် က အပြည့် လန်းရွှင်နေသည် ။

ရွှေမန်းတင်မောင် ၏ တက်ကြွထက်သန်မှုသည် ဆိုင်းဆရာ ရွာစားကြီး ဦးဘမောင် ထံသို့ ရုတ်ခြည်း ကူးစက်လာ၏ ။ ရွာစားက ရွှေမန်းကို စိတ်ကောက်ပြီး ရွှေမန်း ထဲမှ ထွက်သွားခဲ့သည် ။ ရွှေမန်း ကို မခွဲခွာနိုင်၍ ရွှေမန်း ဇာတ်ထဲသို့ ပြန်ဝင်လာစ , ည ။ ပတ်လုံးသံများသည် ရွှေမန်း အသံထဲမှာ ပျော်ဝင် ။

“ ငါ ရွှေမန်းတင်မောင် ရဲ့ ဒါတွေ လွမ်းလို့ ပြန်လာတာကွ "

ရွာစားကြီး စိန်ဘမောင် သည် စိတ်မထိန်းနိုင်ဘဲ လွတ်ခနဲ အော်ပြောလိုက် မိ၏ ။

ကြေးသံ ၊ မောင်းသံ ။ ပတ်လုံးသံတွေထဲမှာ ရွှေမန်းတင်မောင်ကတော့ တစ်ဆယ့်ခြောက် မူးသံ အပြည့် ၊ အသံမာ ၊ အသံဝါ ၊ အသံစူးစူးဖြင့် အသံကုန် တင်ဆို‌ေနတော့၏ ။

°°°°°°  °°°°°°  °°°°°°

ရွှေမန်းတင်မောင် သည် ပွဲကြည့် ပရိသတ် အကြားဆန်းအောင် ၊ အမြင်ဆန်းအောင် အစဉ်အမြဲ အားထုတ်ကြိုးစားတတ်သည် ။ သူ ငယ်စဉ်ကလည်း ဆရာတော် ဦးကေသရက သူ့ကို ကြက်တူရွေး အစာခွံ့သကဲ့သို့ စာပေဆန်တာတွေ သင်ကြားခဲ့၏ ။ ပန်းဘဲမောင်တင့်တယ်ဇာတ် ၊ ဒန်းစီးမောင်နှမဇာတ် တို့နှင့် အသက် ၁၅ နှစ်ကျော် ၊ ၁၆ နှစ်မှာ “ ရွှေမန်းတင်မောင် " ရယ်လို့ စဖြစ်ကတည်းက သေသည်အထိ “ စာပေ ” ကို အသေအချာ နေရာမရွေး ၊ အချိန်အခါမရွေး စေ့စေ့စပ်စပ် ဖတ်ရှုတတ်၏ ။ သူ ဖတ်သောစာပေများထဲက စကားလုံးကောင်းတွေ ၊ ဥပမာ ဥပစာ ၊ ပါဠိပါဌ်သား ၊ ပြောင်မြောက်သည့် ကဗျာလင်္ကာကို အကန့်လိုက် အကန့်လိုက် သူ့ ဦးနှောက်အထဲ သိုမှီးထား၏ ။

ဇာတ်စင်ပေါ်မှာ ပြောစရာ ခွင် ဝင်ပြီဆိုလျှင်ဖြင့် အကန့်လိုက် အကန့်လိုက်ပြောတော့၏ ။ စီကာပတ်ကုံး ပြောင်ပြောင်မြောက် မြောက် ပြောတော့၏ ။ စကားလုံးတစ်လုံးပေါ်သို့ စကားလုံးတစ်လုံးက ဖိကျလေအောင် ပြောတော့၏ ။

စကားကြီး စကားကျယ် တွေကို အရွယ်နဲ့ မလိုက်အောင် ပြောတတ်သော ရွှေမန်းတင်မောင် မင်းသားလေးဘဝမှသည် နောင်အခါ  “ အပြောမင်းသား ” ရွှေမန်းတင်မောင်၏ ရွတ်ဆိုလိုက်သော စကားလုံးတွေကို အရသာရှိရှိ နားထောင်ချင်လွန်းသဖြင့် ကြည့်ပြီးသားဇာတ်လည်း ထပ်ထပ်ကြည့်သော ပွဲကြည့်ပရိသတ်တို့ကလည်း အထူထူ အထပ်ထပ် ။

သီချင်းဆိုရင်း ဇာတ်ကြောင်းပြန် ၊ ဆိုရင်း ပြောလိုက် ၊ ပြောနေရင်းက ကောက်ကာငင်ကာ သီချင်း ဆိုလိုက် ဟစ်လိုက် လုပ်ရာမှာလည်း မြန်မာနိုင်ငံမှာ ရွှေမန်းတင်မောင် မှ ရွှေမန်းတင်မောင် ။ ပွဲကြည့် ပရိသတ် အသစ်များကလည်း ရွှေမန်းတင်မောင်မှ ရွှေမန်းတင်မောင် ဟူ၍ ဝိုင်းကာအုံကာ တိုးကာပွားကာ အားပေးလာကြ၏ ။

“ သံယောဇဉ်တွေ လှည့်ပတ်ကာ ဝိုင်းသော်လည်းအဘိဓမ္မာဂိုဏ်းကို ဖြင့် တင်မောင် မရိုင်းအောင်နေမယ် ။ ဇာတ်သမလေးတွေရယ် ၊ ဥဇုမဂ္ဂါ မလုပ်ကြနဲ့တော့ ။ မုဒုလက္ခဏ သရုပ်ကယ်လို ပုပ်စော်အလွန်နံသည် ”

သူ၏ “ မုဒုလက္ခဏ ” သီချင်းစာသားကို ပွဲကြည့် ပရိသတ်တွေက အလွတ်ရနေကြ၏ ။

“ မုဒုလက္ခဏ.. မဟာဒေဝီ ၊ မဟာဒေဝီ မှာလေ သည် မဟာဒေဝီ "

သူက အချိုလေးတွေလည်း ပေးတတ်သည် ။

“ လက်ဝဲသုန္ဒရ ” ဇာတ်မှာ သူ ၏ ပိုင်နိုင်ပြောင်မြောက်သော “ အပြော ” တို့ဖြင့် ပြောက် မွမ်းလိမ်းကျံသွားတော့၏ ။ အပြောဇာတ်ဖြင့် ပရိသတ်ကို ဆွဲငင်ဖမ်းစားသွား၏ ။

“ သတ်ပါ ၊ ကျွန်တော်မျိုးတို့ ဟာ ဓားအောက် လည်ခံတွေပါ ။ ဘုရင်သတ်မယ်ဆိုရင် အချိန်မရွေးပါဘူး ။ အိမ်ရှေ့နေ ဆောင်ခွင်က အောင်ဒင်ဟာ သူ့ကျွန်တဲ့ ၊ အမှုလွန်ပေမဲ့ မင်းကယ်လိုက်ပါတဲ့ ၊ ငြင်းပယ်လိုက်သော် ၊ ကျွန်တော်မျိုး ကုပ်ပေါ်  ဓားမဝဲပေဘူးလား ။ ကိုယ်တော်ဟာ တရားလွဲလှချည့်လားလို့ ဆင်ခြေမထုတ်ဝံ့ပါဘူး ဘုရာ့ ၊ ရင်မြေကတုတ်ပြု၍ အမှုတော် ထမ်းခဲ့ပါရဲ့ ၊ ဥဒါန်းတော် နောင်တစ်ခါတွင်ပေါ့ ၊ ခေါင်မဟာဘုရင် မှန်ခါတွေးပြီး ၊ အမယ်လေး ချမ်းသာပေးတော်မူပါဘုရား ”

ထိုသို့သော “ အပြောများ ” ဖြင့် ပွဲကြည့်ပရိသတ်ကို “ ဖမ်းစား ” ရန် ရွှေမန်းတင်မောင် က အကွက် များ ၊ အပြောခွင်များကို ကျင်းဖော်ပြီး ယက်တတ်သည် ။ ဇာတ်ညွှန်းဆရာနှင့် ခေါင်းချင်းဆိုင် တိုင်ပင်ကာ ရွှေမန်းတင်မောင် ၏ အားသာချက် များကို ဇာတ်ထုပ်တွင် ပေါ်လွင်အောင် သူ လုပ်ဆောင်တတ်သည် ။ ပွဲစသည်မှ ပွဲပြီးသည်အထိ တစ်ဇာတ်လုံးတွင် ရွှေမန်းတင်မောင် တစ်ဦးတည်းကသာ ဇာတ်ကို စီးထားနိုင်သည် ။ ရွှေမန်းတင်မောင်ဇာတ်မှာ ရွှေမန်းတင်မောင် သည် သူရဲကောင်း ၊ ဇာတ်လိုက် ။ ရွှေမန်းတင်မောင် သည် လူကြီးလူငယ် ပျိုပျိုအိုအိုတို့၏ အသည်းစွဲ ဇာတ်မင်းသား ။

“ ရွဲကုန်သည် ” တွင် ရွှေခွက်ကို အခြားသော ရွဲသည်က ရရှိပိုင်ဆိုင်သွားပြီ ။ သူလက် မဲ့ဖြစ်ရပြီ ။ သူ့ရင်ထဲမှာ လက်လွတ်ဆုံးရှုံးမှုဖြင့် ဗလောင်ဆူရပြီ ။ သူသည် သူရူးကြီး ဘဝသို့ ရောက်ရပြီ ။

“ အရင်မိန်းမဖို့ ရွှေ --- ဒီရွှေ ၊ နောက် မိန်းမဖို့ ရွှေ --- ဒီရွှေ  ၊ အဟုတ်ပ မုချမသွေ ကျုပ် ရမယ့် ဒီရွှေ ဒီရွှေ ။ ကံခေလို့ ဆိုးချင်တော့ အမှန် ခြေထိုးလို့ ယူသွားတဲ့ ရွှေ --- ရွှေ - ရွှေ  ရွှေ ရွှေ --- ”

ဟု သူ့အော်ဟစ်သံနှင့် သူ့ သရုပ်ဆောင်ပြကွက်ကိုတစ်တိုင်းပြည်လုံးက နှစ်ထောင်းအားရ ကြိုက်ခဲ့ကြသည် ။ ရွှေမန်းတင်မောင် ... တင်မောင် က,သည် ။ ရွှေမန်းတင်မောင် ... တင်မောင် က,သည် ။

◾ မောင်ကိုကို ၊ အမရပူရ ၊

အကိုးအကား ။  ။ လူထုဒေါ်အမာ၏ ရွှေမန်းတင်မောင် ။

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
       ဩဂုတ် ၊ ၂၀၁၅


koaungnaingoo.blogspot.com

.

No comments:

Post a Comment