Monday, September 13, 2021

အယူအဆ ပြောင်းပုံမျာ


 

   ❝ အယူအဆ ပြောင်းပုံများ ❞

၁၉၃၈ ခုနှစ် အတွင်းတွင် ရက်တွေကူးပြောင်း လတွေညောင်းလာလေလေ ( ဝါ ) ၁၉၃၆ ခုနှစ် သည် နုရာမှ ရင့်ပြီး ဦးရာမှ နှောင်းလာလေလေ ၊ ကျွန်တော်၏ အယူအဆများသည် ပြောင်းလဲလာလေ ဖြစ်သည်ကို တွေ့ရပေ၏ ။ သင်ကြားနေရသောပညာ နှင့် ပတ်သက်သော အယူအဆတို့တွင် နုရာမှ ရင့်၍ ရင့်၍ လာသည် ။ နိုင်ငံရေးအယူအဆတို့တွင် ပျော့ရာမှ ပြင်း၍ လာပေသည် ။

ဖခင်ကြီး က ကျွန်တော့်ခေါင်းတွင်း ထည့်ပေးလိုက်သော အိုင်စီအက်စ် အောင်ရမည်ဟူသော ဘဝ ရည်မှန်းချက်ကား လုံးဝပျောက်ကွယ်မသွားရုံတစ်မည်သာ ကျန်တော့၏ ။ နောင်တော့မှ ဘာလုပ်လုပ် ၊ ကျောင်းနေရင် ကျောင်းကပေးတဲ့ ပညာကိုတော့ အစွမ်းရှိသမျှ သင်ယူရမည်ဟူသော ကျွန်တော့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍လည်း ပြောင်းလဲမှုများ ပေါ်လာခဲ့လေသည် ။ တို့ သင်နေရသော ပညာဟာ ဘယ်လို ပညာမျိုးလဲဟု ဝေဖန်မှု ပြု၍ လာ‌ေလတော့သည် ။

အင်္ဂလိပ်စာပေ ကထိက ဆရာက ဝါ့တ်စ်ဝါ့သ် ၏ ကဗျာများကို အရသာခံပြ၏ ။ ကဗျာဆရာ သီကုန်းခြယ်မှုန်းထားသော သဘာဝအလှကလေးများကို ထောက်ပြ၏ ။ ပန်းပွင့်ကလေး တစ်ပွင့်မှ သင်ခန်းစာ ထုတ်ယူထားပုံကို ချီးကျုးပြ၏ ။ ကျွန်တော်သည် စောစောက ထိုအသင်အပြမျိုးကို နှစ်သက်၏ ။ ကျွန်တော်၏ စိတ်သည် ကထိကဆရာ၏ အသံနှင့် အတူ ၊ လိပ်ကလေးများနှင့် အတူ ၊ မိုးစွေငှက်ကလေးများနှင့် အတူ သဘာဝအလှများဆီသို့ ရောက်သွားပြီး သဘာဝအလှထဲမှာ နစ်မြုပ်သွားလေ့ ရှိပေ၏ ။ ၁၉၃၈ ခုနှစ် ပြက္ခဒိန်ကို လှန်သွားလေလေ ထို အသင်အပြမျိုးကို မနှစ်မြို့လာလေလေ ဖြစ်ပေ၏ ။ လူ့လောကနှင့် ကင်းဝေးလှသော စာပေများပါတကားဟု အပြစ်မြင်မိ၏ ။ လူ့အသက်တစ်ချောင်းထက် လိပ်ပြာကလေးတစ်ကောင်၏ အသက်ကို ပိုတန်ဖိုးထားသော စာပေမျိုးပါတကားဟု စဉ်းစားမိ၏ ။

သင်ပေးနေသော ရာဇဝင်ပညာတွင်လည်း အပြစ်တွေ မြင်လာပေသည် ။ နပိုလီယံ၏ တစ်ဦးတည်းပိုင် စွမ်းရည်များသက်သက်ကြောင့် ပြင်သစ်နိုင်ငံ တန်ခိုးကြီးမားလာသလိုလို ၊ နပိုလီယံ အလိုရမ္မက် ကြီးလွန်း၍ ပြင်သစ်အင်ပိုင်ယာကြီး ပြိုလဲရသလိုလို ရေးပြီး ပြင်သစ်အရေးတော်ပုံက ဖြန့်ပေးလိုက်သော လူထုစိတ်ဓာတ် နှင့် ဟပ်မိလှသည့် လွတ်လပ်ရေး ၊ တန်းတူရေးနှင့် တရားမျှတရေး သင်ခန်းစာများကို ဖုံးနိုင်သမျှ ဖုံးပေးသည့် ရာဇဝင်ပညာရပ်မျိုးကို ကျေနပ်ရောင့်ရဲစွာ လက် မခံလိုတော့ချေ ။

၎င်းပြင် သင်ပေးနေသောဘောဂဗေဒ၌ ကျွန်တော်တို့ ဗမာဆင်းရဲသားများ အပါအဝင်ဖြစ်သော ကမ္ဘာ့ဆင်းရဲသား လူအများအတွက် သက်သာချောင်ချိရေး ၊ ချမ်းသာကြီးပွားရေးနှင့် ဗမာပြည် ခေတ်မီ၍ ဘယ်သို့လျှင် ကျေနပ်ရောင့်ရဲနိုင်အံ့နည်း ။

အချုပ်အားဖြင့်ဆိုသော် ကျွန်တော်သည် တက္ကသိုလ်က ပေးနေသော ပညာရပ်များ၏ အခြေခံများကို အမြစ်ပါလှန်၍ သုံးသပ်ဆင်ခြင်နေပါပြီ ။ ယင်းအခြေခံများကို ယုံကြည်မှု လျော့ပါးနေပါပြီ ။ ယင်းအခြေခံများကို ယုံမှားသံသယ ဖြစ်နေပါပြီ ။ ယင်းအခြေခံများတွင် ယုံကြည်မှုပြင်းထန်မှ ၊ ယင်းအခြေခံများတွင် ယုံမှားသံသယ ကင်းပါမှ ယင်းသို့သော ပညာရပ်များကို ပိုင်နိုင် တတ်မြောက်ပေလိမ့်မည် ။ ယင်းပညာများကို ပိုင်နိုင်တတ်မြောက် မှ အိုင်စီအက်စ် စာမေးပွဲကို အောင်နိုင်ပေလိမ့်မည် ။ ထို့ကြောင့် ကျွန်တော်သည် အဖေက ခေါင်းထဲ သွင်းပေးလိုက်သော ဘဝရည်မှန်းချက် မှ ဘေးဖဲ့ကာ ဉာဏ်ကွန့်မြူးနေပြီဟု ဆိုရပါတော့မည် ။ အို - ကျေးဇူးရှင် ဖခင်ကြီး ၊ သားမောင်သည် ဖခင်ကြီး၏ ဩဇာကို တော်လှန်ဖယ်ရှားနေမိပါပြီ ။ အို - ကျေးဇူးရှင် ဆရာတို့ ၊ တပည့်ကျော်သည် ဆရာတို့၏ ဩဇာကို တော်လှန်ဖယ်ရှားနေမိပါပြီ ။ ကျွန်တော့်အား ပြစ်တင်မောင်းမဲကြအံ့လော ။ ပြစ်တင်မောင်းမဲပြုချင် ပြုပါတော့ ၊ ကျွန်တော်ကား မတတ်နိုင်ပြီ ။

ကျွန်တော်သည် တက္ကသိုလ်ပိဋကတ်တိုက်သို့ အရောက်နည်းသည်ထက် နည်းလာ၏ ။ တက္ကသိုလ် ပိဋကတ်တိုက် စာကြည့်ခန်းသည် ကျွန်တော့်အဖို့ အသက်ရှူ ကျပ်သလိုလို ၊ စွတ်စိုထိုင်းမှိုင်း သလိုလို ၊ မှောင် သလိုလို ထင်မိတော့သည် ။ ကျွန်တော်သည် ကျောင်းသားသမဂ္ဂ စာကြည့်တိုက်သို့သာ အရောက် များသည်ထက် များလာတော့၏ ။ တက္ကသိုလ်သမဂ္ဂစာကြည့်ခန်းသည် ကျွန်တော့်အဖို့ အသက်ရှူ ချောင်သည် ၊ နှလုံး မွေ့လျော်ဖွယ်ရှိသည် ၊အလင်းရောင် ထွန်းသည် ။

ကျွန်တော်သည် ကျယ်ပြန့်၍ သားနားသော စာသင်ခန်းထက် ကျဉ်းကျပ်၍ နုံချာသော နိုင်ငံရေး ဆွေးနွေးခန်းများကို ပိုလို့ မြတ်နိုးနေပေပြီ ။ နည်းပြဆရာ၏ သင်တန်းတွင် စာစီစာကုံး ရေးရသည်ထက် အိုးဝေမဂ္ဂဇင်း ၊ ဒဂုန်မဂ္ဂဇင်း တက္ကသိုလ်ကဏ္ဍ နှင့် သတင်းစာများတွင် ဆောင်းပါးရေးသည်ကို ပိုလို့ နှစ်သက်စိတ်ဝင်စားနေပြီ ။

ထိုနှစ်တွင် နိုင်ငံရေးဆွေးနွေးပွဲများမှာလည်း ပို၍များလာ၏ ။ တက္ကသိုလ်သမဂ္ဂ ခန်းမကြီးထဲတွင် လူစည်ကားသော နိုင်ငံရေးတရားပွဲများသာမက သမဂ္ဂအတွင်းရေးမှူး အခန်း ၊ ဥက္ကဌ အခန်း ၊ ဒရဝမ်ကြီး ဦးကံသိန်း ၏ အခန်း ၊ တိုလီမိုလီ ကိုထွန်းတင် ၏ ဆံပင်ညှပ်ဆိုင် အခန်း ၊ ကျောင်းဆောင်များရှိ သခင်ကျောင်းသားများ အခန်း စသည်တို့တွင်လည်း နို်င်ငံရေးဆွေးနွေးပွဲများ ရှိတတ်လေသည် ။ ထိုမျှသာ မကသေး ၊ ညအချိန်အခါ ကျောင်းအုပ်ကြီး၏အခန်း နှင့် စာသင်ခန်းများကြား မှောင်ရိပ်တွင် လည်းကောင်း ၊ ဘွဲ့နှင်းသဘင်ခန်း နှင့် အင်းလျားကန်ကြားရှိ မှောင်ရိပ်တွင် လည်းကောင်း တိတ်တိတ်စုဝေးကာ နိုင်ငံရေး ဆွေးနွေးခြင်းများလည်း ပြုလုပ်ကြသေး၏ ။ မှောင်ရိပ်ဆွေးနွေးပွဲ တစ်ခုတွင် ဗမာပြည်လွတ်လပ်ရေးအတွက် ဂန္ဒီဝါဒကို သုံးသင့် မသုံးသင့် ၊ ဗမာ့ရန်သူများကို ချောင်းမြောင်း သတ်ဖြတ်ရမည့် Terrorist  ဝါဒကို သုံးသင့် မသုံးသင့် ၊ လက်နက်ကိုင် ပုန်ကန်ခြင်းကို လုပ်သင့်မလုပ်သင့် ဆွေးနွေးကြလေသည် ။

အခန်းတွင်း ဆွေးနွေးပွဲများ၌ ကျောင်းသားတိုက်ပွဲများ အကြောင်း ၊ တို့ဗမာအစည်းအရုံး အကြောင်း ၊ လယ်သမားအလုပ်သမား လှုပ်ရှားမှုများ အကြောင်း ၊ အိန္ဒိယပြည် လွတ်လပ်ရေးလုပ်ငန်းများ အကြောင်း ၊ နာဇီဂျာမနီ နှင့် ဟစ်တလာ ၊ ဖက်ဆစ်အီတလီ နှင့် မူဆိုလိုနီ ၊ ဗြိတိသျှ နှင့် ချိန်ဘာလိန် တို့၏ အကြောင်းများ ၊ တရုတ် ဂျပန် စစ်ပွဲ နှင့် တရုတ်ပြည် ၏ ခုခံရေးအကြောင်းများကို ဆွေးနွေးကြသည် ။ သူငယ်ချင်းများဖြစ်သော ကိုထွန်းရှိန် ၊ ကိုအောင်ကျော် စသူတို့က ကျွန်တော့်အား ထိုဆွေးနွေးပွဲများသို့ လာခေါ်လေ့ရှိသည် ။

ယခင်ကမူ ကျွန်တော်သည် နိုင်ငံရေးတွင် စိတ်ပါဝင်စားရုံသာ ဖြစ်၏ ။ ကျောင်းသားလှုပ်ရှားမှုများတွင်လည်း နောက်ကသာ ထောက်ခံအားပေးခဲ့၏ ။ ယခုမူ ကိုထွန်းရှိန် စသူတို့၏ ဆွဲဆောင်ချက် အရ စာအုပ်လိုက်ရောင်းခြင်း ၊ အလှူငွေကောက်ခံခြင်း နှင့် အိုးဝေမဂ္ဂဇင်း၌ တစ်နေရာ တာဝန်ယူ၍ ဆောင်ရွက်လေသည် ။

နွေရာသီကျောင်းပိတ်အပြီး ကျောင်းဖွင့်ခါစ ညတစ်ည၌ ကျွန်တော်သည် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးအခန်း၌ ဆွေးနွေးပွဲတစ်ခုကို တက်နေလေသည် ။ အခန်းထဲ၌ ကိုထွန်းရှိန် ၊ ကျွန်တော် နှင့် အခြားကျောင်းသား ၂ဝ ခန့်အပြင် ကိုဘဟိန်း စသော ကျောင်းသားခေါင်းဆောင်များလည်း ရှိလေသည် ။ ထိုစဉ်က ကိုဗဆွေ ရှိ မရှိ ကျွန်တော် မမှတ်မိပါ ။ ၎င်းပြင် ကျွန်တော် မမြင်ဖူးသေးသော မျက်နှာစိမ်းတစ်ယောက်လည်း ရောက်လာပါသည် ။ သူကား ဆရာ ကိုကျော်ငြိမ်း တို့ အရွယ်မျှ ရှိပြီး ၊ ချည်လုံချည်နှင့် ပင်နီအင်္ကျီများကို ဝတ်ဆင်ထားသဖြင့် အပြင်မှ သခင်တစ်ယောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရပါသည် ။ သူ့မှာ အရပ် မတိုမရှည် နှင့် ပိန်ပိန်ပါးပါး ဖြစ်သည် ။ သူ၏ မျက်နှာသည် ပြုံးနေသည် မဟုတ် ။ သို့သော်ကြီးမားသော ရှေ့သွားနှစ်ချောင်း ပေါ်နေအောင် သွားဖြဲကြီးနှင့် ဖြစ်သည် ။ မျက် မှန်မှာ တလက်လက် ဝင်းနေ၏ ။ သူ့မျက်ခုံးများသည် ဘယ်မျှ ထူပါသနည်း ဆိုသော် မျက် မှန်၏ ထူသောကျွဲကော်ကိုင်းကိုပင် လွှမ်းမိုးနိုင်ပေသည် ။ သူကား တက်ဘုန်းကြီး ကိုသိန်းဖေ ဖြစ်သည်ဟု သိရ၏ ။ ကိုသိန်းဖေ သည် ကာလကတ္တား တက္ကသိုလ်မှာ နေနေရာက နွေရာသီ ကျောင်းအပိတ်မှာ ပြန်လာခဲ့ပြီးနောက် မကြာမီက ရေနံချောင်း သို့ ရောက်ခဲ့၏ ။ ထိုအချိန်တွင် ရေနံချောင်းအလုပ်သမားများသည်သပိတ်မှောက်လျက် ရှိလေသည် ။

အခန်းထဲတွင် လူသုံးဆယ်ခန့် ရှိနေသဖြင့် ပြည့်ညပ်နေရာ အချို့မှာ ထိုင်စရာပင် နေရာမရကြ သောကြောင့် ကုလားထိုင်လက်တန်းပေါ် ထိုင်သူထိုင် ၊ မပ်တတ်ရပ်လျက် နေသူနေရ၏ ။ အပြင်မှာ မိုးရွာလျက် ရှိလေသည် ။

ကိုသိန်းဖေ က ကျွန်တော်တို့အား ၁၉၃ရ ခု ၊ ဒီဇင်ဘာလမှ စ၍ မှောက်ခဲ့သော ရေနံချောင်း အလုပ်သမားများ သပိတ်အကြောင်း ပြောသည် ။ အစပိုင်းတွင် ကိုသိန်းဖေ က ရေနံမြေ အလုပ်သမားတို့၏ အခြေအနေကို သူ့မျက် မြင်ကိုယ်တွေ့အဖြစ်ဖြင့် ဝတ္ထုရေးဆရာ ပီပီ မျက်စိထဲမြင်လာအောင် ဖော်ပြသည် ။ အလုပ်သမားတန်းလျားများသို့ သူသွားကြည့်ပုံ ၊ တစ်အိမ်ထောင်နေရသော အခန်းကလေးများ ကျဉ်းမြောင်းပုံ ၊ ကျန်းမာရေးနှင့် မညီညွတ်ပုံ ၊ အိမ်သူအိမ်သားများ စိတ်ညစ်နေပုံ ၊ အဝတ်အစား ချို့တဲ့ကြပုံ ၊ အခကြေးငွေ နည်းပါးပုံ စသည်များကို ပြောပြနေရာ ကိုဘဟိန်း က ကြားဝင်ပြီး “ ကိုယ့်လူတွေ ဒီနှစ် မြန်မာ့အလင်း နှစ်သစ်ကူးမှာ ကိုသိန်းဖေ ရေးတဲ့ ' ရေနံ ' ဆိုတဲ့ ဝတ္ထုကလေး တွေ့လိုက်ကြတယ် မဟုတ်လား ...''

အားလုံး လိုလိုက “ တွေ့လိုက်တယ်   '' ဟု ဖြေကြ၏ ။ ကျွန်တော်လည်း ထိုဝတ္ထုတိုကို ဖတ်လိုက်ရပေသည် ။

“ အဲဒီ ဝတ္ထုကလေးထဲမှာ ပါတဲ့အတိုင်းပေါ့ဗျာ ။ ရေနံမြေအလုပ်သမားများ အခြေအနေ ....''

ထို့နောက် ကိုသိန်းဖေ က ဆက်ပြောလေသည် ။ ဘီအိုစီကုမ္ပဏီ သည် အရင်း စတာလင်ပေါင် ၁၅ သန်း နှင့် အလုပ်လုပ်လျက် တစ်နှစ်တစ်နှစ်တွင် ပေါင်သန်းပေါင်းများစွာ မြတ်ရာ သုံးလေးနှစ် နှင့် အရင်းကျေခဲ့ပြီ ဖြစ်ကြောင်း ၊ သို့ရာတွင်အလုပ်သမားများမှာ လူနှင့်တူအောင်ပင် မနေရကြောင်း ၊ ဗမာပြည်မှာ ရေနံထွက်၍ ကြွယ်ဝသည်ဆိုသော်လည်း ဗမာလူမျိုးမှာ ရေနံတွင်းများ၏ ကောင်းကျိုး မခံစားရဘဲ မွဲပြာကျနေကြောင်း ပိုင်းခြားဝေဖန်ပြသွားလေသည် ။

၎င်းပြင် သပိတ်မှောက်အလုပ်သမားတို့၏ တောင်းဆိုချက်များကို တစ်ချက်စီ ရှင်းပြလေသည် ။ ရေနံမြေ ရပ်သွားတာပဲ ။ အလုပ်သမားတွေက ညီညီညာညာ သပိတ်မှောက်ကြတော့ စာရေးတွေလည်း လိုက် မှောက်တယ် ။ အစည်းအဝေးကြီးတွေလည်း ခဏခဏ လုပ်တာပဲ ။ လေးငါးနာရီ အတွင်း သုံးလေးထောင် ပရိသတ်ရှိတဲ့ အစည်းအဝေးကို ခေါ်နိုင်တယ် ။ ကုမ္ပဏီက လူစားထိုးဖို့ ကြိုးစားတာလည်း တွေ့ခဲ့ရတယ် ။ အဲဒီတော့ သပိတ်မှောက် အလုပ်သမားတွေက သပိတ်တားကြတာပေါ့ ။ မိန်းမတွေရော ၊ ယောက်ျားတွေရော ရေနံမြေကနေပူမျိုးထဲမှာ တစ်နေ့လုံး ထိုင်တားကြတာ တွေ့ခဲ့ရတယ် ။ ဒီလို သပိတ်တားတာကို ဖျက်ဆီးဖို့ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေ ငြာတယ် ။ ဒါပေမဲ့ အလုပ်သမားတွေဟာ ပုဒ်မကို အာဏာဖီဆန်ပြီး သပိတ်တားမြဲတားတာပဲ ''

ကျောင်းသားတစ်ယောက်က -

“ အလုပ်သမားခေါင်းဆောင်တွေအကြောင်း ပြောပြပါဦး ''

“ ရေနံမြေအလုပ်သမားသပိတ်ကို ခေါင်းဆောင်တာကတော့ တို့ဗမာအစည်းအရုံးပေါ့ ။ ဌာနချုပ်က ဆိုရင် သခင်လေးမောင် ကိုယ်တိုင်သွားပြီး ခေါင်းဆောင်တာပဲ ။ သူ့လောက် တရားဟောနိုင်တဲ့လူ မရှိဘူး ။ မနားမနေလျှောက်ပြီး ဘုံဝါဒတရားဟောနေတာပဲ ။ သခင်လှိုင် ၊ သခင်ဖိုးလှကြီး ၊ သခင်ခ ၊ သခင်သင် နဲ့ တခြား ရေနံမြေ သခင်ခေါင်းဆောင်တွေဟာ တကယ် ချီးကျူးလောက်တဲ့ ခေါင်းဆောင်တွေပဲ ။ ရေနံမြေသပိတ်မှာ သုံးတဲ့ အလံက ဒေါင်းအလံတော့ မဟုတ်ဘူး ၊ တူတံစဉ် အလံပဲ ။ အလံသစ်ပေမယ့် အလုပ်သမားအလံ အစစ်ဖြစ်တော့ လူတိုင်း သဘောကျတယ် ။ ပြီးတော့ တရားတစ်ပွဲမှာ ပရိသတ်ထဲက ငါ့ကို တူတံစဉ်အလံရဲ့အဓိပ္ပာယ်ကို ပြောပြပါဆိုလို့ တူတံစဉ်အလံ လွှင့်ပြရင်းအလုပ်သမား နဲ့ လယ်သမားပေါင်းပြီး အရေးတော်ပုံအောင်အောင် လုပ်ရမယ်ဆိုတဲ့ နိမိတ်ယူပြီး ပေးလိုက်တဲ့ အမှတ်အသားဖြစ်ကြောင်း ရှင်းပြရတယ် ။ ပရိသတ်က သဘောကျပြီး အလံကို ဩဘာ အကြိမ်ကြိမ် ပေးကြတယ် ။ အဆုံးသတ်မှာ အလံမြှောက်ကိုင်ပြီး ရဲဘော်တို့ ငါတို့ ဆိုတဲ့ ကြွေးကြော်သံကို လိုက်ဆိုကြပါလို့ ပြောတယ် ။ ငါက အရေးတော်ပုံအောင်ပါစေလို့ တိုင်ပေးတယ် ။ အားလုံး လိုက်ဆိုလိုက်ကြတာ ရေနံမြေတစ်ခုလုံး သိမ့်သိမ့်တုန် သွားတာပဲ ။ အလုပ်သမားတွေ စိတ်တက်ကြွသလို ငါတို့လည်း စိတ်တက်ကြွကြတယ် ။ ပြီးတော့ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ အလုပ်သမားတွေကိုလည်း ငါက အိန္ဒိယပြည်က ရခဲ့တဲ့ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ဘာသာ နဲ့ အရေးတော်ပုံ အောင်ပါစေဆိုတဲ့ အင်းကာလာဗ် - ဇင်းဒါဘတ် ကို တိုင်ပေးတယ် ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ အလုပ်သမားတွေ လိုက်ဆိုကြတာ ဆူညံသွားတာပဲ ။ ရေနံမြေ အလုပ်သမားကြားမှာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ဗမာ သွေးကွဲမှု မရှိဘူး ။ ငါတို့ ကာလကတ္တားမှာ ကွန်မြူနစ်တွေ ခေါင်းဆောင်တဲက ဘင်္ဂလားပြည်နယ် ကျောင်းသားများအဖွဲ့ချုပ် ဆိုတာရှိတယ် ။ အဲဒီထဲမှာ ငါဝင်ဆောင်ရွက်ခဲ့ရလို့ ကိုယ်တိုင် သိရတဲ့အချက်တွေ ရှိတယ် ။ ကာလကတ္တား မှာ အလုပ်သမားသပိတ်တွေ ပေါ်လာရင် တို့ကျောင်းသားများအဖွဲ့ချုပ်မှာ ဆွေးနွေးပြီး ထောက်ခံအားပေးတဲ့ ဆုံးဖြတ်ချက်တွေ ချကြတယ် ။ ပြီးတော့ တတ်နိုင်တဲ့ အကူအညီကို ကိုယ်ထိလက်ရောက် ပေးကြတာပဲ ။ ဒီတစ်ခေါက် ကာလကတ္တား က ပြန်မလာခင်ကလေးပဲ ဂုန်နီချည်စက်ရုံ အလုပ်သမားတွေ သပိတ်မှောက်တယ် ။ တို့ကျောင်းသားများအဖွဲ့ချုပ်က မြို့ထဲမှာရော ၊ ကျောင်းတွေမှာရော ရန်ပုံငွေကောက်ခံပြီး သပိတ်သမားတွေကို သွားပေးကြတယ် ။ ခု ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့ ရေနံမြေ အလုပ်သမားများ သပိတ်ကိုလည်း ကျောင်းသားတွေက စိတ်ရောကိုယ်ပါ ထောက်ခံဖို့လိုတယ် ။ တတ်နိုင်တဲ့ အကူအညီများ ပေးဖို့လိုတယ် ''

ကျွန်တော်တို့ကလည်း အလုပ်သမားတို့၏ တိုက်ပွဲများကို တတ်နိုင်သောနည်းများဖြင့် ကူညီကြမည့်အကြောင်း အသီးသီး ပြောဆိုကြလေသည် ။

၎င်းပြင် ကိုဘဟိန်း က ရန်ကုန်မြို့က စက်ရုံ အလုပ်သမားများအကြောင်း ပြောပြလေသည် ။ အာရ်အီးတီ ကုမ္ပဏီ ခေါ် ရန်ကုန်လျှပ်စစ်နှင့် ဓာတ်ရထားကုမ္ပဏီ အလုပ်သမားများ ၊ ဘီဘီတီစီ ၊ မဂ္ဂရီကာ ၊ ဖူးကား စသော သစ်စက် အလုပ်သမားများ ၊ သင်္ဘောကျင်း အလုပ်သမားများ ၊ မန်းကီးပွိုင့် မှ ဘီအိုစီ အလုပ်သမားများ နှင့် အခြားအလုပ်သမား တို့၏ အခြေအနေ ၊ လိုလားချက်နှင့် လှုပ်ရှားစည်းရုံးမှုများအကြောင်း ပြောပြသည် ။ သခင်ခေါင်းဆောင်များ ကြံရွယ်နေသည်မှာ ရေနံမြေ အလုပ်သမားများကို ထောက်ခံသောအားဖြင့် လည်းကောင်း ၊ အလုပ်သမားတိုက်ပွဲချင်း ဆက်ပေးရန် လည်းကောင်း ၊ ရန်ကုန်အလုပ်သမားတို့ကလည်း ဆူပူလှုပ်ရှားခြင်း ၊ သပိတ်မှောက်ခြင်း ပြုစေရန် ဖြစ်လေသည် ။ အလုပ်သမားအမတ် ဦးဘလှိုင် က သူဩဇာရှိသော မီးရထား အလုပ်သမားအဖွဲ့များမှာ ရေနံမြေသပိတ် ထောက်ခံရေးဖြစ်အောင် လုပ်မည်ဟု ဆိုကြောင်းဖြင့် ကိုဘဟိန်း က အစီရင်ခံသေး၏ ။

ကိုသိန်းဖေ နှင့် ကိုဘဟိန်း တို့က အလုပ်သမားများအကြောင်းကို ပြောကြစဉ် ကျွန်တော်သည် ကျွန်တော်ကိုယ်တိုင် ရင်းနှီးစွာသိသော ကမာရွတ်ရှိ အလုပ်သမားများအကြောင်းကို ပြေးမြင်မိလေသည် ။ သူတို့၏ ဆင်းရဲသောဘဝကို ကျွန်တော့် ရဲဘော် ကျောင်းသားများရှေ့ဝယ် ချပြလိုသည် ။ သူတို့၏ တောင်းဆိုချက်များကို ကူညီကြပါဟု ပန်ကြားလိုသည် ။ သူတို့၏ လှုပ်ရှားမှုနှင့် ရေနံမြေအလုပ်သမားတို့၏ လှုပ်ရှားမှုများကို ဆက်ပေးရန် တိုက်တွန်းလိုသည် ။ ကမာရွတ်တွင် အကြီးဆုံးစက်ရုံမှာ တယောစွပ်ကျယ်စက်ရုံ ဖြစ်လေ၏ ။ ထိုစက်တွင် လုပ်ကြသော အလုပ်သမား များစွာတို့မှာ ကျွန်တော်၏ အိမ်နီးနားချင်းများ ဖြစ်ကြ၏ ။ ကမာရွတ်တွင် ထီးစက် ၊ ဆပ်ပြာစက် စက်ရုံ အလုပ်သမားများ ရှိလေသည် ။

“ ကိုဘဟိန်း ကျွန်တော်လည်း နည်းနည်း ပြောချင်တယ် ''

ကိုဘဟိန်း က ပြုံးလိုက်သည် ။ ကိုဘဟိန်း မှာ အညာသား ဆိုသော်လည်း မွဲခြောက်ခြောက် မဟုတ် ၊ ဖြူဝင်းသောအသား ရှိ၏ ။ သူ့မျက်နှာမှာ ချောရုံမက ချိုလည်း ချိုလှသည် ။ သူ ပြုံးလိုက်သောအခါ နှုတ်ခမ်းနီကလေးများကြားမှ သွားများသည် ဖွေးခနဲ လက်သွား၏ ။

“ ပြောပါဗျာ ၊ ကိုယ့်လူကလည်း အထူးတောင်းပန်နေရသေးသလား ''

“ ကျွန်တော်က ကမာရွတ်မှာနေတော့ ကမာရွတ် အလုပ်သမားတွေအကြောင်း ပြောပြချင်လို့ပါ ''

စိုက်နားထောင်နေသော ကိုသိန်းဖေ က ကျွန်တော့်စကားကို ကြားဖြတ်၍ -

“ ဪ ရဲဘော်က ကမာရွတ်မှာနေသလား ၊ ကိုယ်လည်း ကမာရွတ်မှာ ၁ နှစ် ကျော်ကျော် နေခဲ့ဖူးသေးတယ် ''

“ ဟုတ်ကဲ့ သိပါတယ် ၊ ကိုသိန်းဖေ ရှိတုန်းက ကျွန်တော် မရောက်သေးပါဘူး ။ သို့ပေမယ့် သခင်ခင်မောင် တို့က ခင်ဗျားအကြောင်း ပြောပြလို့ သိပါတယ် ''

ကိုသိန်းဖေ က ခေါင်းအကြိမ်ကြိမ်ညိတ်လျက်

“ ဟုတ်လား ၊ ကမာရွတ် သခင်တွေအကြောင်း နောက် မှ ဆွေးနွေးသေးတာပေါ့ ။ ကဲ အလုပ်သမားတွေ အကြောင်း ရှေ့ဆက်ပြောစရာရှိတာကို ပြောပါ ''

ကျွန်တော်သည် ကမာရွတ်အလုပ်သမားများ၏ အခြေအနေကို ကျွန်တော့်မျက် မြင် ကိုယ်တွေ့အတိုင်း ကွက်တိတင်ပြလိုက်သည် ။

ကျွန်တော်သည် ကျောင်းစာနှင့် ကျောင်းစာသင်ခန်းကို လုံးဝစွန့်လွှတ်လိုက်ပြီး ဤကဲ့သို့သော ဆွေးနွေးပွဲများကိုသာ အချိန်ရှိသမျှ ပေးနေသည်ဟုကား မဆိုနိုင်ပါ ။ ကျောင်းသားဟု ဆိုသည့်အတိုင်း ကျောင်းသားဝတ္တရားကလည်း ရှိပြန် ၊ မိခင်ဖခင်တို့၏ မျက်နှာကိုလည်း ထောက်ထားရပြန်သဖြင့် ကျောင်းစာကိုလည်းကောင်း ၊ ကျောင်းစာသင်ခန်းကို လည်းကောင်း ၊ မစွန့်လွှတ်ပါ ။ မပစ်ပယ်ပါ ၊ သို့ရာတွင် ခုနင်ကဖော်ပြခဲ့သော ဆွေးနွေးပွဲမျိုးတွင် ပို၍စိတ်ဝင်စားမိသည်မှာ အမှန်ပင် ဖြစ်ပါ၏ ။ ထိုဆွေးနွေးပွဲမျိုးသည် ကျွန်တော်၏ လူ့လောကနှင့် ပတ်သက်သောအမြင်နှင့် ကမ္ဘာကြီးကိုမြင်ရသော မိုးကုပ်စက်ဝိုင်းကို ပိုကျယ်စေသည်ဟု ကျွန်တော် ထင်ပေ၏ ။ ယခင်က ကျောင်းသားလောကကိုသာ မြင်ရလေသည် ။ ယခုမူ ကျောင်းသားလောကဘောင်ကို ကျော်လျက် ကျောင်းသားလောကထက် နက်နဲ၍ ကျယ်ဝန်းသော အလုပ်သမားလောက ၊ တောင်သူလယ်သမား လောက စသည်များကို မြင်ရသည် ။ ယခင်က မိဘဆွေမျိုးသားချင်းနှင့် မိတ်ဆွေတစ်စု လောက်ကိုသာ ချစ်ရမှန်း သိခဲ့၏ ။ ယခုမူ တောင်သူလယ်သမားများ နှင့် အလုပ်သမားများကိုလည်း ချစ်တတ်လာပေ၏ ။ ရှေးက ကိုယ့်ရပ်ကိုယ့်ဒေသကလေး ကွက်ကွက်ကလေးကိုသာ အဟုတ် ထင်၏ ။ ယခုမူ သူများရပ် ၊ သူများဒေသ သူများနိုင်ငံတို့မှာလည်း အဟုတ်ထင်စရာတွေ တစ်ပုံတစ်ခေါင်းကြီး ရှိပါသည်တကားဟု နားလည်လာပေသည် ။ အချုပ်အားဖြင့်ဆိုသော် ဤသို့သော ဆွေးနွေးပွဲများကြောင့် ကျွန်တော်၏စိတ်နှင့် ဉာဏ် ၊ အသည်းနှလုံးနှင့် ဦးနှောက်တို့သည် ကြွယ်ဝလာသည်ဟု ဆိုချင်ပါတော့သည် ။

တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အသင်းတိုက်တွင် တောင်သူ လယ်သမားပြဿနာနှင့် ပတ်သက်သော ဆွေးနွေးပွဲများလည်း ရှိတတ်၏ ။ တစ်ခါက သမဂ္ဂစည်းဝေးခန်းမကြီးတွင် ကျင်းပရာ စစ်ကွင်းသခင်ဘသော် ဆိုသူက ခေါင်းဆောင်လေသည် ။ ခန်းမကြီးမှာ ကျင်းပသော်လည်း တရားပွဲသဖွယ် ကျယ်ပြန့်စွာဖိတ်၍ ဆွေးနွေးခြင်း မဟုတ်ပေ ။ စိတ်ပါဝင်စား၍ တက်ကြွသော ကျောင်းသားများကို ရွေးဖိတ်သော ဆွေးနွေးပွဲဖြစ်၏ ။ ကျွန်တော့်အားလည်း ဖိတ်သဖြင့် တက်ရောက်ပါသည် ။ သခင်ဘသော် ကား သခင်ထဲမှာလည်း ထိပ်တန်းခေါင်းဆောင်တစ်ဦး မဟုတ် ၊ ကျွန်တော် တို့လို ဘီအေတွေ ဘာတွေလည်း မဟုတ် ၊ ရုပ်ကလည်း ခပ်ကုပ်ကုပ် မြုံစိစိ ဖြစ်လေသည် ။

ထို့ကြောင့် ကျွန်တော်သည် သူ့အား အထင်သေး၏ ။ “ သူက ဘာများ ဟန်ကျပန်ကျ ပြောတတ်မှာလဲ '' ဟု အထင်သေးစွာဖြင့် သူပြောသည့် စကားကို စောင့်နေလေသည် ။ သူပြောသောအခါမှာမူ ကျွန်တော်၏ အထင်သေးမှုများသည် လွင့်စဉ်၍ သွားလေသည် ။ သူက တောင်သူလယ်သမားတို့ မြေမဲ့ယာမဲ့ ဖြစ်ရပုံ ၊ ကြွေးတင်ကျွန်ဖြစ်ရပုံ ၊ အတိုးနှင့် သီးစားခ ဝန်ထုပ်ဝန်ပိုးအောက်၌ ပိနေပုံ စသည်တို့ကို ပြောသွားသောအခါ ငယ်ငယ်က ကျွန်တော့်အဖေ မြေတိုင်းစာရေးကြီးနှင့်အတူ ကွင်းဆင်းရင်း မြင်ဖူးခဲ့သော တောင်သူများအခြေအနေကို ပြေးမြင်မိလေသည် ။ ငွေ ၅ဝိ - ချေးပြီး နှစ်ထပ်တိုးဖြင့် တက်သွားရာ ငါးနှစ်ကြာသောအခါ တစ်ထောင်တန် ယာတစ်ပွဲ ထိုးအပ်လိုက်ရသော တောင်သူကြီးတစ်ဦးကို သတိရမိသည် ။ မြေယာမှ သီးစားခ ၊ မြေခ ၊ ချေးငွေမှ အတိုး ၊ ကုန်ဖိုး မှ အမြတ် ၊ ဆီဆုံမှ ဆီပွတ်ခ စသည်ဖြင့် ယူ၍ တောင်သူလယ်သမားများအပေါ် ခေါင်းပုံဖြတ်နေသော မြေပိုင်ရှင်တောသူဌေး ဦးကံရ ကို ပြေးမြင်လိုက်သည် ။ ဆန်ကွဲ ကျိုနေသည်ကို ကျွန်တော် က မြင်သဖြင့် “ ဘာလုပ်ဖို့လဲ '' ဟုမေးရာ “ ခွေးကျွေးဖို့ '' ဟု လှီးလွှဲပြောပြီး ကျွန်တော့်ကွယ်ရာ၌ ဆန်ကွဲပြုတ်ကို စားရသော သူ့ဆင်းရဲမှုကို ဖုံးဖိလိုသည့် အမေအိုသည်လည်း ကျွန်တော့်မျက်စိထဲမှာ ပြန်ပေါ်လာပြီး သနားခြင်းအသစ် ထပ်ဖြစ်ရလေသည် ။

၎င်းနောက် သခင်ဘသော် လည်း ကြီးမြင့်သော သီးစားခနှင့် အတိုးနှုန်းအကြောင်းကို စားရင်းအင်း အချက်အလက်စုံလင်စွာဖြင့် ရှင်းပြလေသည် ။ သူသည် လယ်ယာလုပ်ငန်း၌ များစွာ ကျွမ်းကျင်ဟန် တူပေ၏ ။ လယ်သမားတစ်ယောက် လယ်လုပ်ရာ၌ သူ့ကိုယ်ပိုင်လုပ်အား ဘယ်လောက် စိုက်ရပုံ ၊ လယ်ကူလီခ ဘယ်မျှ ပေးရပုံ ၊ ကောက်စိုက်ကောက်ရိတ်ခ မည်မျှ ကျသင့်ပုံ ၊ ကျွဲနွားငှားခ ဘယ်မျှ ပေးရပုံ ၊ သီးစားခနှင့် အတိုးတို့က တစ်ဧကလျှင် မည်မျှ ကျသင့်ပုံ စသည်တို့ကို ကျကျနန ပြောပြ နိုင်ရာ ကျွန်တော့်မှာ ဤမျှ လိတ်ပတ်လည်အောင် တစ်ခါမျှ မလေ့လာဖူးသည့်အတိုင်း သခင်ဘသော် ကို စိတ်ထဲက များစွာ ချီးကျူးမိ၏ ။ သူတွက်ချက်ပြသဖြင့် လယ်သမားများမှာ မည်မျှ ရှုံးနေပုံကို ကွက်ကွက်ကွင်းကွင်း သဘောပေါက်လာပေ၏ ။ သူပြောပြသောအခါ ဘီအိုဘင်း ၊ မစ္စတာဗန်နီဗယ်လ် စသော အင်္ဂလိပ်အရာရှိ မြေယာပြဿနာပါရဂူများ၏ အစီရင်ခံစာများမှ ကောက်နုတ်ချက် များကို ကိုးကား ပြောဆိုလေသည် ။ ကျွန်တော်သည် သခင်ဘသော် အား အစက အထင်သေးမိခြင်း ၊ ငါတို့လို ကောလိပ်ကျောင်းသားတွေကို သူက ဘာများ ပြောနိုင်မှာလဲ ဟူသော အယူအဆ ရှိခဲ့ခြင်းတို့အတွက် ဝမ်းနည်းမိပါသည် ။

၎င်းနောက် သခင်ဘသော် က တို့ဗမာအစည်းအရုံး၏ မျှတသောသီးစားခ ( Fair Rent ) သတ်မှတ်ပြီး ထိုမျှတသော သီးစားခကိုသာ ပေးရန် ရုံးများသို့ လယ်သမား အစုအဝေးနှင့် လျှောက်လွှာသွင်းနေကြပုံကို အစီရင်ခံလေသည် ။ လယ်သမားများသည် မည်မျှ နိုးကြားလာသနည်း ဆိုသော် မြို့နယ်နှင့် အရေးပိုင်ရုံးများတွင် ထိုလျှောက်လွှာများသည် ထောင်သောင်းချီ၍ ရောက်နေကြောင်း ၊ သာယာဝတီအရေးပိုင် ရုံးများမှာဆိုလျှင် လျှောက်လွှာနှစ်သောင်း ရောက်နေကြောင်း ပြောပြလေ၏ ။

ကျွန်တော်တို့သည် လယ်သမားတို့၏ နိုးကြားမှုကြောင့် ဝမ်းသာကြသည် ။ လယ်သမားတို့၏ အင်အားသည် ကျွန်တော်တို့အား အားသစ် ဖြစ်စေပေသည် ။ ကျွန်တော်သည် လယ်သမား ၊ အလုပ်သမားတို့၏ လှုပ်ရှားမှုများအကြောင်း ကြားရပြီး လူထုပရိသတ်၏ အင်အားထုထည်ကို ခံစားနေမိသည် ။ 

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment