❝ ကျွန်တော့်တွင် ပြောင်းလဲချက် များ ❞
စက်တင်ဘာ လဆန်းစတွင် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာအဓိကရုဏ်း ထပ်မံဖြစ်ပွားလာသည်ဆိုလျှင်ပင် ကောလိပ်ကျောင်းကို ပိတ်ပစ်လိုက်လေသည် ။ အခါတိုင်း သီတင်းကျွတ်ကျောင်းပိတ်ရက် မှာ တစ်လတာမျှ
ရှည်သော်လည်း ယခုနှစ်တွင် နှစ်လကျော် ကြာလေသည် ။ ကျောင်းပိတ်ရက်တွင် ကျွန်တော်သည်
အိမ်မပြန်ပေ ။ အမှန်စင်စစ် အိမ်ပြန်ဖို့ထိုက်လှ၏ ။ အဓိကရုဏ်းတွေ ဖြစ်ပွားနေသဖြင့် ရန်ကုန်မှာ
နေသော ကျွန်တော့်အတွက် မိဘများ ရတက် မအေး စိတ်လေးကြမည်မှာ မုချဖြစ်၏ ။ သားဖြစ်သူကို သူတို့အနား ရှိစေချင်မည်မှာ မုချဖြစ်၏ ။ ကျွန်တော်သည် မိဘများထံသို့ ကျွန်တော့်မှာ
ဘေးမသီရန်မခ အေးမြလျက်ရှိပါကြောင်း ၊ ကျွန်တော့်အတွက် စိုးရိမ်ဖွယ် တစ်ရွေးသားမျှ မရှိကြောင်း ၊ လာမည့် ဘီအေ စာမေးပွဲတွင် ဘာသာတိုင်း၌ အမှတ်များများနှင့် အောင်မြင်ရန် ကြိုးစားနေရသောကြောင့် အိမ်ပြန် အချိန်မဖြုန်းလိုတော့ကြောင်း ၊ သို့မှ ဖခင်ကြီး ရည်မှန်းထားသည့်
အတိုင်း အိုင်စီအက်စ် ဖြစ်နိုင်မည့်အကြောင်းများကို စာရေးသားပေးပို့လိုက်လေသည် ။
ကျွန်တော်ကား များစွာပြောင်းလဲခဲ့လေပြီ ။ ၁၉၆၃ သပိတ်အတွင်းက သူများ သပိတ်မှောက်နေစဉ်
ကျွန်တော်သည် အိမ်သို့ပြန်၍ စာကျက်နေခဲ့၏ ။ ယခု ၁၉၃၈ ခု ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်း အတွင်း
တွင် အများသော ကျောင်းသားတို့ အိမ်ပြန်ကြစဉ် ကျွန်တော်ကား တက္ကသိုလ် ကျောင်းသားများ
သမဂ္ဂ ၊ တို့ဗမာအစည်းအရုံး နှင့် နဂါးနီစာအုပ်အသင်း နယ်နိမိတ်အတွင်းမှာ ပျော်မွေ့ကာ ရန်ကုန်
မှာပင် ဆက်နေလေတော့၏ ။
သည့်ပြင် ပြောင်းလဲချက် များလည်း ရှိသေးသည် ။ ဥပမာ တော်သလင်း ၊ သီတင်းကျွတ်လများသို့တိုင် ရောက်လာလေရာ မိုးပါးစ ပြုလာ၏ ။ မိုးအုံ့ညိုမှိုင်းသော ကောင်းကင်အစား အရောင်အမျိုးမျိုးနှင့် ပုံသဏ္ဌာန်အမျိုးမျိုးကို ဆောင်နေသော တိမ်တောင်တိမ်တိုက် များကို တွေ့မြင်ရစပြု၏ ။ ခါတိုင်းဆိုလျှင် ကျွန်တော်သည် ယင်းတိ်မ်တောင်တို့၏ ဆန်းပြားမှုနှင့် ခမ်းနားမှုများတွင်
အလှကို ထုတ်ယူ၍ ခံစားမွေ့ပျော်နေတတ်ပေသည် ။ တိမ်မျိုးစုံအရောင်ဟပ်သဖြင့် တစ်မျိုးလှနေသော သဘာဝပတ်ဝန်းကျင်ကို ရောင်မျိုးစုံပွင့်နေသော ပန်းများနှင့် ယှဉ်ကြည့်နေတတ်ပေသည် ။တိမ်များနှင့်အတူ ကျွန်တော့်စိတ်သည် လွင့်ပျံနေတတ်ပေသည် ။
တိမ်ညိုမိလ္လာ ၊ တိမ်စူကာနှင့်
တိမ်ပြာရောယှက် ၊ မရန်းဖက်၍
တိမ်သက်တံရောင် ၊ အဝါပေါင်ဝယ်
မှောင်ခဲ့တစ်ခါ ၊ ပြာခဲ့တချို့
ညိုခဲ့တစ်လီ ၊ ရီခဲ့တစ်ဖုံ
မှုန်ခဲ့တစ်ချက် ။
.....
ယုဂန်ထက်က
လေးဘက်လုံးခြုံ ၊ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ၊ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ၊ ဂုဏ်ချင်းဆိုင်ခဲ့
စသောကဗျာမျိုးတွင် မွေ့လျော်ကြည်နူးနေတတ်ပေသည် ။ မွေ့လျော်ကြည်နူးရာမှ ငယ်စဉ်က
ဝါကျွတ်ပွဲ အတွေ့အကြုံများကို လွမ်းနေတတ်ပေသည် ။
“ လဝါကျွတ်သည် ၊ ဆန်းလတ်ခါ
လူ့ရွာပွဲသဘင် ၊ ဆီမီးတန်ဆောင်
ပန်းထောင် ထီးကြီးပျင်၍
သင်ပုန်းတင် တန်းဗြက်ခက်
အဠသီနှင့် ပဉ္စသီကို ၊ အညီစောင့်သုံးမှတ်၍
ဒါနဝတ် စွန့်ကြံလှူ
မင်းပွဲသဘင် ၊ မြို့ပြင်တချို့လူက
သီဇာဟူ သောက်ပြွန်းပြွန်း
ကောင်းမှုလက်ဆောင် ၊ ထမင်းထောင်ကိုဝန်၍
အံ့ဖွေမှုအသံချို ၊ လက်ခုပ်တဖြောက်ဖြောက်
ခြင်းကောက် သံပြိုင်ဆို၍
အလိုလိုသောသောရု ၊ ဝါကျွတ်သဘင်
ပျော်မှုဆင်သည် ၊ လူရှင်အစုစုနှင့်
ယစ်ဝမှုအိအံကာ ၊ တချို့ကလည်း တချို့ဆဲသည်
တချို့ရို့က ရန်ခိုက်ရှာ၍ ၊ တချို့သာ ပစ်တင်ကုန်
ပိန်ပေါင်ခရာ ၊ စည်ဒုပ္ပါနှင့် ၊ ပတ်သာမြို့လုံးခြံမျှ
မခြီမူပတ္တလား ၊ စောင်းညှင်းပြီသော တူရိယာသည်
လူ့ရွာသဘင်များနှင့် ၊ တသောသော ထမင်းထောင်
လှိုင်ကူထွက်ထား ၊ ဘုရားပါးရောက်အောင်တည်း
ကြီးဆောင်သည် အစုစု ၊ သာဓုကြံကြံ ၊ နေ့မညံသည့်
အသံတရုရုနှင့် ရွှင်ပျော်မှု အသွယ်သွယ် ”
( ရခိုင်စာဆိုတော် ဦးကာဗျန် )
ဤသို့သောစာပေများကို ဖတ်ရှုပြီး တောရွာ၏ သာယာပျော်ရွှင်ဖွယ်ကောင်းပုံကို ဉာဏ်ငုံဆင်ခြင်မိပြီး တောသူတောင်သားသည် လောကလူ့ဘုံတွင် အကျေနပ်အရောင့်ရဲဆုံး ၊ အပျော်ဆုံးသူဖြစ်သည်
ဟူသော အဆိုကို ထောက်ခံနေခဲ့ပေသည် ။
ယခုမူ ယင်းသို့သော မွေ့လျော်ကြည်နူးမှု ၊ လွမ်းမှုနှင့် ကျေနပ်မှုများ ကျွန်တော့် စိတ်ဝယ်
ခန်းခြောက်သွားသလား အောက် မေ့ရပေသည် ။ အကယ်၍သာ မမြင့်ဦး တည်းဟူသော မြန်မာစာပေ
ဘဏ္ဍာစိုးကြီးနှင့် မရင်းနှီးပါလျှင် ထိုစာပေမျိုးကို တူးတူးခါးခါး ပစ်ပယ်မိကောင်း ပစ်ပယ်မိပေလိမ့်မည် ။ ယခုအခါ ကျွန်တော်သည် တိမ်ရဲရဲတောက်သည်ထက် တို့ဗမာအစည်းအရုံး၏
လက်ရုံးတပ်များ ရဲရဲတောက်သည်ကိုသာ ကြည်နူးလိုသည် ။ ချီးကျူးလိုသည် ။ လက်ရုံးတပ်
ရဲရဲတောက်သည်ကို ဖွဲ့နွဲ့သော သီချင်းသံများသာ တကယ့်နားဝင်ပီယံအသံ ၊ တကယ့်ကဗျာ အရသာကို ပေးနိုင်သည်ဟု ထင်လေသည် ။ နားထောင် ။
“ ရဲရဲတောက် တို့ဗမာမြေ
သတိ္တခဲတွေ
ရာဇဝင်ထိုးလောက်အောင် စွန့်ပေ ၊
ဗမာ့လက်ရုံး တပ်တော်သားပေ ။
အာဇာနည်သွေးတွေ ၊
အရိုးကြေကြေ ၊
တို့ပြေ ၊ တို့မြေ ။
ခေတ်ဆွေးကိုပြောင်းပြန် ၊
တက်ခေတ်ကိုစီမံ ၊
တိုးတက်အောင် စိတ်သန် ။
ညီစေနော်
စစ်ရဲမော် ။
ချီတက်ကြစို့ တူပျော်ပျော် ၊
ဘယ်ညာ ဘယ်ညာ ။
ဗမာပြေ ၊ ငါတို့ပြေ ၊
ဗမာမြေ ငါတို့မြေ ၊
ခင်ခင်မင်မင် ၊ အမျိုးကိုစောင့်ကြ ၊
ဘယ်ညာ ဘယ်ညာ
( သည်ချိန်ခါ ) ဗမာပြေ
ဇာတိသွေး အရောင်တင်စေ ။
ဗမာဆို ဂိုဏ်းဂဏစိတ် ပျောက်ဖို့တော်ပြီလေ ”
( တို့ဗမာအစည်းအရုံးမှ ထုတ်သော ဗမာ့လက်ရုံးတပ် စစ်ချီသီချင်း )
ယခုအခါ ကျွန်တော့်အား တောလက်ကျေးရွာ၏ စိမ်းလန်းသာယာသော ရှုခင်းထက် တောသူတောင်သားတို့၏ ကျောမွဲခြင်းက လွှမ်းမိုးနေလေသည် ။သာယာညင်းပျောင်းသော ပလွေသံထက်
ဘဝအခြေအနေကို မကျေနပ် ညည်းညူဆူပူသံက လွှမ်းနေလေသည် ။
ထို့ကြောင့် -
“ လယ်သမားလုပ်ရ ၊ မဟုတ်စွခုခါ ၊
မနုဿလူ့ရွာမှာ ၊ မှုမသာနိုင်ဘဲ ။
ကျွဲ - နွားဈေးတင်ရာမှာ ၊ ခွာလျှာနာသင်းကတနဲ ။
မျိုးစပါးတိုးတက်ရာမှာ ၊ ပြုံးရက်ရှာနိုင်ဘဲ ၊
နန်းဗွက်ရာအိုဇာမဖြင့် ၊ ယိုင်လဲဖို့ကြုံလာ ၊
အိမ်ထောင်စုံဘက်ပစ္စည်းဟာကလည်း ၊ နှုန်းသစ်နည်းလေးဆတက်ပါ ၊
ရှေးကနှင့် စက်ပါလျှင် ၊ သွက်သွက်ခါမြင့်တိုးလို့ ၊
' အမိုး ' နှင် ' အဖား ' ကိုခေါ် ၊ ယမ်းယောင်လို့အော် ၊
လယ်ခင်းက စပါးအပေါ်မှာ ၊ သိကြားနော် မ ကောင်းရဲ့လေး ”
( ရေးသူအမည်မသိ ၊ ၁၉၂၁ခုနှစ် သူရိယမဂ္ဂဇင်းတွင် တွေ့ရသည် ။ )
ဟူသော တေးထပ်မျိုးသည်သာ ကျွန်တော့်ရင်တွင် ပဲ့တင်ခတ်နိုင်ပေသည် ။
“ တို့ဗမာတိုင်းပြည် ၊ လယ်သမားမှန်သမျှ ၊ လူတိုင်းအသက်သခင် ။
နဖူးပေါ်လက်တင် တွေးကြည့်တော့ ကျေးဇူးရှင် ။
သနားညှာပါ လယ်တွေဓနရှင် ၊
အစိုးရဓနရှင် ၊ ချုပ်ချယ်ပုံမဆင်ခြင် ၊
နစ်နာအောင် ဉာဏ်နီထွင် ၊
သက္ကာယဆိုတာလည်း မမြင် ၊
လယ်တွေ ကျွဲတွေ နွားတွေပင် ၊
ကိုယ်ပိုင်ဖြစ်ဖို့ နည်းကိုထွင် ၊
မိမိကိုယ်သာအားကိုးမှ လွတ်လပ်ဖို့မြင် ၊
လျှာတစ်ချောင်းနှင့် လူရောင်းတဲ့ခေါင်းတွေတွေ့ရင် ၊
နှစ်ထပ်ဆလံတင် ၊
ညီညာရင် ပြည်သာယာ ၊
တို့လယ်သမား နယ်တိုင်းတွင် ၊
အစည်းအဝေးတွင် ၊
မိုးကုန်တော့ စာဖတ်ဖို့ပြင် သို့မှမြင် ၊
ဝိုင်အမ်ဘီ သခင်တင် ၊
ညီညာအောင် စီစဉ် ၊
နှိုးဆော်တဲ့ သတိပေးကဗျာယဉ် ”
( ဝိုင်အမ်ဘီ သခင်တင်ရေးသော တောင်သူလယ်သမားသီချင်း )
ဤသီချင်းမျိုးကိုကြားရလျှင် နားစိုက်နေမိရုံမက နှုတ်ကလည်း တိုးတိုးကလေး လိုက်နေမိလေသည် ။
စာနယ်ဇင်းများတွင် မင်းဆိုးမင်းညစ်တို့အား သရော်ကလော်ထားသော ကဗျာများတွေ့လျှင် မှတ်စုမှာ ထည့်ထားတတ်လေသည် ။
ဥပမာ - တက္ကသိုလ်နွယ်စိုး ရေး၍ ဘဂျမ်းကာတွန်းဖြင့် သရုပ်ဖော်အပ်သော အမတ်လခအကြောင်း
ကဗျာကလေး -
“ အငတ်သင်းပါဘိ ၊ မတ်မင်း ကိုယ်စားလှယ်တို့ ၊ အချိုဆွယ် လိုဖွယ် စကားတွေနှင့် ၊ စားကြပေါ့ တိုင်းပြည်ငွေ ။
ဇွတ်မရှက်နိုင်ဘူး ၊ လွှတ်တက်ကာ စားမာန်ဖီကြ ၊ ဟန်ကပြီ လစာကြေးရယ်လို့ ၊
ကြည်အေးစွာ အသာယူပေါ့ ၊ ချူပြာဖြူ ကျုပ်တို့မွဲပေမယ့် ၊ ဆင်းရဲသူပဒေသာက ၊
ချွေကာလေ သူတို့စားမယ်တဲ့ ၊ အားရပါပေ ။
မတ်မဟုတ်ရင်လ ၊ ဗျပ်စုတ်မှာ ထမင်းရည်နှင့် ၊ အာသာပြေ လွေးမယ့်မျိုး တွေက ၊
ဂုဏ်ဖြိုးကာ ကိုယ်စားလှယ်မို့ ၊ ဟိုတယ်မှာ ပျော်ပျော်မြူးနိုင်ဖို့ ၊ စိတ်ကူးဖြင့်
ယဉ်ရှာလေ ၊ တို့ငွေကွဲ့ မတ်မင်း ။
တားမပြီဘူး ၊ စားဝလျှင် မြိန်အီလို့ ၊ ဇိမ်အဆီရစ်ကာ အိပ်ပါလိမ့် ၊ မွတ်သိပ်သူ
ပြည်မှာဆူတော့
̶က̶̶ု̶̶လ̶̶ာ̶̶း̶ဖြူမင်းထံကြို့နိုင်ဖို့ ၊ ဆို့ဟဲ့အပင်း ။ ။
( ၁၉၃၈ခုနှစ် မဂ္ဂဇင်းတစ်ခုမှာ တွေ့ရသည် )
မောင်ထင် ရေး ဘုံရုံကဗျာကို အောက်ပါအတိုင်း တွေ့နိုင်၏ ။
၁ ။ ဆယ်အိမ်ခေါင်း ချွေအရံ ၊
နှစ်လုံးပြူးသေနတ်ထမ်းပါလို့ ၊ တောလမ်းကပြန် ၊
လက်စွဲတဲ့ ဥပဒေလှန် ၊ ဟန်ပန်နှင့်လေး ၊
ကျေးရွာအက် အမှုပွေတယ် ၊
၁၂ - ထွေ သံစုံတီးပါလို့ ၊
သူကြီးတဲ့လေး ။ ။
၂ ။ လူခွန်တော် အလွတ်ထားလို့ ၊
ဆယ်အိမ်စား ပိုင်အခြေ ၊
ကြက်ဝိုင်းဆို လက်ကိုတို့ပါဗျာ့ ၊
မူးလို့ရယ်နေ ၊
ကွမ်းဖိုးငွေ ဝေစုကွဲ့ ရအောင်တောင်း ၊
ဥပဒေ ငါမတတ်သော်လည်း ၊
မှုပွေအောင် ရွာကိုပတ်နိုင်ငဲ့ ၊
ဘယ်ဇာတ် ဘယ်လိုခင်းလိုက်မယ် ၊
မင်းအိမ်ဆယ်ခေါင်း ။ ။
၃ ။ သတ္တိဆို ဘာမရှိသော်လည်း ၊
မိုက်ပါဘိ ငါ့ကိုယ် ၊
ခွေးမှန်လျှင် လူမမှတ်ပါဘူး ၊
ရိုက်တတ်သူဗိုလ် ၊
မူးတယ်ဟေ့ ရဲရင်ဆို ' မအေ ' ကို ကော်ဆဲ ၊
လက်ထိပ်ကို အဖော်ထားတဲ့ ၊
တောသားတဲ့ဘဲ ။ ။
( ၁၉၃၈ခုနှစ် ၊ ကြီးပွားရေးမဂ္ဂဇင်း )
သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများကို အထူးစွဲလမ်းနှစ်သက်သည်ကိုကား အထူးပြောဖို့ပင်
လိုမည်မထင်ပါ ။
ဗျူရိုကရေစီအစိုးရကို တန်ခိုးမရှဖို့ သပိတ်မှောက်ပုံ လေးချိုးကြီး -
ဇမ္ဗူထိုမြေမဟီမှာ တန်ခိုးရှ၍ လင်းခဲ့တဲ့ ၊ ' ဗျူရိုကရေစီ ' အစိုးရ သနင်းကိုဖြင့် ၊
သူခိုး ဓမြကို ညှဉ်းသလိုပ နရင်းနောက်ဖဲ့ ကြောက်တဲ့စရာ ၊ အိုကွယ် အမျိုးမျိုး
မြန်မာ့အသင်းတွေက ၊ ဂိုးဂိုးဂွဂွ ပုလင်းတွေနဲ့ ၊ အတင်း မှောက်မဟဲ့လို့
ပေါက်ပကွဲ့တစ်ခါ ၊ ဪ - ' ပဉ္စသီလ ' ရဲ့ အပြင် ၊ အစဉ် ကြည်မြစေဖို့ ၊
အဠင်္ဂီမျှတဲ့အပြင် ၊ အကြင် ဤကမ္ဘာ့အနယ်နယ် ' ဟုမ်းရူး ' ဆိုတဲ့ ခေတ်ကိုဖြင့် ၊
ကြည်ရွှင်စွာမေတ္တာနှင့် သုံးမယ့်ပြင် ၊ xxxx ဟိတ်ဟန်ကောင်းစွာ သမ္ဘာ
မောက်ချင်တော့ ၊ သိပ္ပံကျောင်းမှာ ယတြာအလျောက်ပေထင့် ၊ သပိတ်သံ ကောင်း
စွာ တစ်ခါတစ်ခါ မှောက်ချိန်မို့ ၊ xxxx ရုံးခန်းမှာ ၊ ဘုန်းတန်းအာဏာ နှင့် ၊
ရွှေသမ္ဘာတေဇာဖြိုးနေကြ ၊ စိုးရသူ 'ဗျူရိုကရေစီ' ကဖြင့် ၊ လူတွေညီညီ မဆက်
မဆံခြင်းရယ်နှင့် တိုင်းရင်းသူဗြဟ္မစိုရ်ပိုက်ရင်ဖြင့် ၊ ' ကိုယ်ကြိုက်အုပ်ချုပ်နည်း '
တွေနှင့် ခေတ်ကြီးသာယာစည်ပင်လို့မို့ ၊ ကမ္ဘာပထဝီဝင် အရှေ့ဘက်တစ်ခြမ်း
မှာဖြင့် ၊ မြန်မာပြည်တစ်ခွင် တစ်နေ့ထက် တစ်နေ့လျှမ်းပါလိမ့် ၊ ကိန်းခန်းတာရာ
' ကြည် ' ပေါ်ပြီလေမို့ ၊ ' ဒီမော်ကရေစီ ' မဟာသမယတွင်ဖြင့် ၊ မကြာ မကြာဆွကာ
ထကာထကာ တောင်းကြပေတော့ ၊ အမယ်မင်း ဒေါင်းဇမ္ဗူအမေ မြန်မာ့ တစ်အင်္ဂါ
မနွမ်းခဲ့ပေသမို့ ၊ ဪ - တစ်သောင်းယူဇနာတွင်ဖြင့် ၊ အကြောင်းမူလ အရှည်
သမယဆီက ၊ တေဇအကြင် သမ္ဘာအစွမ်းတွေနှင့် ၊ အိုကွယ် အကောင်းဟူသမျှ
ဇေယမင်္ဂလာပန်း ။
( ၁၉၂၁ခုနှစ် ၊ သူရိယမဂ္ဂဇင်း )
ထိုလေးချိုးကြီးကို မစ္စတာမောင်မှိုင်း ဘဝ ၁၉၂၁ ခုနှစ်က ရေးခဲ့ပြီး ၊ ထိုခေတ်က နို်င်ငံရေး
အခြေအနေ သရုပ်ဖော်ခဲ့သည် ။ ထိုခေတ်က တောင်းဆိုချက် များကို တင်ပြခဲ့သည် ။ ယခု
ကျွန်တော်တို့ခေတ် ၁၉၃၈ တွင်ကား သခင်ကိုယ်တော်မှိုင်းအဖြစ်ဖြင့် တက္ကသိုလ်သမဂ္ဂအသင်း နှင့်
ဒေါင်းအိုးဝေမဂ္ဂဇင်းကြီး ဘွဲ့အင်္လကာ မင်္ဂလာလေးချိုးကြီးကို သီဆိုကာ ကျွန်တော်တို့၏ အခြေအနေများကို တင်ပြပြန်လေပြီ ။
ဪ - အထက်နဂိုရ်က ပျက်ပြိုလို့ကျခဲ့တဲ့ ၊ ကနက်ပဟိုရ်ပလ္လင် လက်စ
အကြွင်းပေထင့် ၊ တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက ၊ အဆက်သမတ အသင်း
တွေနဲ့ ၊ တြင်းနဝင်း ကောင်းမျိုးအထွေထွေ အိုကွယ် ၊ ထက်မကွ အတင်းဟေ့လို့ ၊
အကွက်ကျကျ နင်းနင်းပြီး ၊ ခက်သမျှရှင်းပေမည့် သတင်း ' ဒေါင်းအိုးဝေ ' ။ ။
xxxx ဪ အုပ်ချုပ်ရေးတွေကလဲ ၊ ရှုပ်ရှုပ်ထွေးထွေး အပြည်ပြည် ကြုံးပြီး
တော့ ၊ ပထဝီနှစ်လုံးက အစ်အီဆုံးဆိုတဲ့ အဆီတုံးအရသာ ဝစွာစားချိန်မို့ ၊ အရုပ်ကလေးတွေ ပြည်ဖုံးချကာထား သော်လဲ့ ၊ ညီတုန်းသမယအခါများက ၊ ကမ္ဘာ့
ကမ္ဘာကြွားခဲ့တဲ့ ဗမာ့ဗမာသားတွေရဲ့ တို့ဗမာမြေ ။ တို့ဗမာအမွေမို့ အနိုင်မယူ
ပေစကောင်း ' အိုကွယ့် ' တို့ဗမာပြည်မှာဖြင့် တို့သာနေမယ်လို့ မဆိုင်သူတွေ
မောင်း ။ ။ xxxx တောင်စဉ်စစ်ကိုင်းတွင်ဖြင့် ချောင်မြင်တိုင်းမှာ မောင်ရင်
မှိုင်းကြီး ဗိုလ်ဝင်ခံလို့မို့ ၊ ဟိုအရင်ယမန် မက်မိသည် သမထတစ်မျိုးပေပ ၊
ဖိုပလ္လင်ပျံမှာ အဂ္ဂိရ ရက်ရှိသမျှထိုးရာက ၊ အမျိုးဘာသာ သာသနာငံ့ပေတည့် ၊
တပဲ့သခင် ' လေးမောင် ' ' ဗစိန် ' ကလေးတို့နှင့် ၊ မြန်မာ့အချိန်ရွေးကာ အောင်မြေ
နင်းမဟေ့လို့ ၊ တောင်ခြေအဆင်းမှာ နေမစောင်းမီပ ရွှေဒေါင်း ' အိုးဝေ ' မဂ္ဂဇင်း
ဆီက ၊ အဆက်မကင်းတဲ့ သံသရာမှာ ၊ တပဲ့အရင်းရဲ့ စံပမာ ရွယ်ရည်ရှာ အယ်ဒီတာ ' မောင်ညိုမြ ' ရဲ့ပြင် ၊ ဪ ဗမာ့အတွက် မရသမျှ ပွက်မကွဆိုတဲ့ ၊
သမဂ္ဂဥက္ကဌ ' မောင်ဘဂျမ်း ' တို့ကို ၊ ဓဇဂ္ဂသုတ်အရ ဩောင်တဖွဖွမန်းရာက ၊
အောင်ဇယပန်း ညောင်သပြေ နုချိန်မတော့ ၊ နောင်မြန်မာ့စာတမ်း ' မောင်ရွှေနု '
ရယ်လို့ ၊ အောင်ဇေတယု မြွက်မဆုံးနိုင်မယ့်ပြင် ၊ တက်ဘုန်းကြီးဆရာ ' သိန်းဖေ '
ကလေးတို့ကိုဖြင့် ယိမ်းမသွေ ကိန်းသေရွေးလိုက်ကဲ့ ၊ အရေးရှိလျှင် အရာပေါ်
ကြရော့ ၊ ဆရာအကျော်အမော် ယောဂီကဝိရယ်က ၊ ကမ္ဘာမှာသော် အဟောညီ၏
မညီ၏ တောဆီကကြည့်လိုက်တော့ ၊ မြန်မာမနော် ကောလီမိချိန်မို့ ၊ ဇောဝီထိ
တကွက် မမှိန် မှောင်မညို့မူ၍ ၊ လောကီ၏ပြက္ခဒိန်မှာ ပြောင်သမို့သာပ ၊ အို -
ဖေမောင်တင်ရဲ့ အောင်မျှို့အလှဲ့ အထက်ဟိုယခင်ကကဲ့သို့ ၊ ကနက်ပဟိုရ်
ပြောင်းရမှာက ၊ နောင်သို့တကဲ့ အောင်ဖို့တပဲ့တွေနဲ့ ဪ .... မောင်တို့ရဲ့
တက္ကသိုလ်သခင်ကျောင်း ။ ။
သခင်ကိုယ်တော်မှိုင်းသည် သူကိုယ်တိုင် သခင်ဖြစ်လာခဲ့သလို ကျွန်တော်တို့ ကျောင်းသားများ
အားလည်း သခင်ဖြစ်လာစေရန် ခေါ်လျက်ရှိပေသည် ။ သခင်ကိုယ်တော်မှိုင်းသည် ကောလိပ်
ကျောင်းသား မီးပွားကလေးများကို သခင်မီးတောက်ကလေးများ ဖြစ်စေလိုသည် ။ ဆရာကြီးသည်
ကောလိပ်မီးပွားကလေးများနှင့် အထူးရေစက်ဆုံသည်ဟု ဆိုနိုင်သည် ။ ၁၉၂ဝ - ပထမကျောင်းသားသပိတ် ၊ ၎င်းနောက် အမျိုးသားကောလိပ်တို့နှင့် ဆရာကြီးသည် ဆက်နေသလို ယခုကျောင်းသား
သမဂ္ဂခေတ် ၊ အိုးဝေခေတ် ၊ ဆေးကျောင်းသားခေတ်နှင့်လည်း တစ်ဆက်တည်းတစ်သားတည်း
ဖြစ်နေပြန်လေသည် ။ ထို့ကြောင့် ဆရာကြီး၏ စာပေသည် ကျောင်းသုံးပြဠာန်းချက် မဟုတ်သော်လည်း ကျွန်တော်တို့ ကျောင်းသားများ အနှစ်သက်ဆုံး အစွဲလမ်းဆုံး စာပေ ဖြစ်နေပေသည် ။
သို့ကလို ကျွန်တော်၏ စာပေမွေ့ပုံ ၊ စာပေအရသာရှာပုံဌာန ပြောင်းလဲခြင်း၏ အဓိပ္ပာယ်ကို
ကျွန်တော့်ဖခင် သိပါလျှင် သဘောတူနိုင်မည် မဟုတ်ချေ ။ အကြောင်းမူကား ဤသို့သော ပြောင်းလဲ
ခြင်းသည် ကျွန်တော့်အတွက် သူမှန်းထားသော ဘဝပန်းတိုင်သို့ မပို့ဆောင်နိုင်ရုံမက လမ်းလွှဲပေးနေသောကြောင့် ဖြစ်ပါသတည်း ။
အခါတိုင်းကျောင်းပိတ်လျှင် ကျွန်တော်သည် အိမ်ပြန်လျက် အိမ်ရိပ်တွင် မိခင်၏အပြုအစု အယုအယကိုခံယူကာ ကလေးလုပ်နေတတ်ပေသည် ။ ယခုမူကား နေပူကျဲကျဲတွင်ထွက်လျက် ပုလိပ်နှင့်
လူကြီးနိုင်ငံရေးသမား စားဖားကြီးများ၏ အငြူအစူ အငေါ့အထေ့ခံယူကာ တို့ဗမာအစည်းအရုံး၏ စာရွက်စာတမ်းများကို ဝေနေလေပြီ ။ မိခင်၏ အထူးချက်ပြုတ်ကျွေးမွေးအပ်သော အစားအသောက် အစား ၊ သခင်ခေါင်းဆောင်ကြီးများ၏ နောက်လိုက်လုပ်၍ တစ်ခါစား ဆယ်ပြားတန်
ထမင်းနှင့် တင်းတိမ်နေရလေပြီ ။
အခါတိုင်း ကျောင်းပိတ်လျှင် ရွာပြန်၍ တစ်နေ့လုံး အိမ်ပြင်မထွက် ၊ စာဖတ်လိုက် ၊ အိပ်လိုက် လုပ်ပြီး ညနေစောင်းသော် ရေမိုးချိုး ၊ စတိုင်လုပ်ပြီး လမ်းလျှောက်ထွက်သည် ။ ရွာသူရွာသား
တွေက ကောလိပ်ကျောင်းသားကြီးဟေ့ ဆိုပြီး အထင်ကြီးတစ်ခွဲသားနှင့် ဝိုင်းကြည့်ကြသည် ။ နှုတ်ဆက်ကြသည် ။ ရေကန်ပေါ်တွင် အိုးရွက်ကာ ရေခပ်လာကြသော ရွာသူ အပျိုချောများက
' ဝန်ထောက်လောင်း ' ၊ ' အရေးပိုင်လောင်း ' ကြီး အဖြစ်ဖြင့် မျက်လွှာပင့်၍ မဝံ့တဝံ့ ကြည့်ကြသည် ။
ကျွန်တော်က ပြုံးကြည့်လျှင် လည်းကောင်း ၊ ပြုံး၍ နှုတ်ဆက်လျှင် လည်းကောင်း သူတို့ခမျာ
ပြော၍ မပြီးကြ ။ ယခုမူ ကျွန်တော်သည် လုံချည်တိုတိုနှင့် ပင်နီတိုက်ပုံဝတ်၍ ဝါးဖတ်ဦးထုပ်
ဆောင်းကာ ရန်ကုန်မြို့လူစည်ကားရာမှာ လျှောက်နေလေရာ ' သခင်ပေါက်စ ထောင်ခြောက်လ '
အဖြစ်ဖြင့် ဝိုင်းကြည့်နေကြလေပြီ ။
သို့ကလို ပြောင်းလဲနေသဖြင့် ကျွန်တော်သည် နောင်တရသလော ။ ဝမ်းနည်းသလော ။ နောင်တမရ ၊ ဝမ်းမနည်း ။ ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိသည် ။ ငါလိုလူ ဇမ္ဗူရှိသေးသလားဟု ကြုံးဝါးမိသည် ။ ပျော်လည်း ပျော်မိလေသည် ။
သို့ကလို သခင်ပေါက်စအဖြစ်ဖြင့် ပျော်နေတုန်း ဗြုန်းဆို ကမ္ဘာမြေကြီးပေါက်ကွဲပြီး ပေါ်ထွက်လာသလို ကျွန်တော့် ဖခင်ကြီး ပေါ်လာလေသည် ။
အမှန်မှာတော့ ဖခင်ကြီးဆိုက်ရောက်လာခြင်းသည် ကျွန်တော့်ဘက်က ကြည့်လျှင်သာ အံ့ဩဖွယ်
ဖြစ်သည် ။ မိဘများဘက်က ကြည့်လျှင်ကား စိုးစဉ်းမျှ အံ့ဩဖွယ် မရှိပါ ။ တစ်ပြည်လုံး အုန်းအုန်းကျွတ်ကျွတ် ၊ ဆူဆူပူပူဖြစ်နေသော ဤ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအချိန် မနေသာသဖြင့် ကျောင်းပါ
ပိတ်ပေးလိုက်ရသောအချိန်၌ မိဘများသည် မိမိသားကို သူတို့အနားမှာသာ နေစေလိုပေလိမ့်မည် ။
မျက်ကွယ်မှာဆိုလျှင် ဘယ်နည်းနှင့်မျှ စိတ်မချနိုင် ၊ အမျိုးမျိုးတွေး၍ စိုးရိမ်ပူပန်မည်မှာ ဓမ္မတာ
သာတည်း ။ ကျွန်တော်က သူတို့စိတ်အေးအောင် ရေးလိုက်သောစာသည် ပဲလှော်ဖို မီးတောက် မီးလျှံထဲကျသည့် ရေတစ်စက် မျှသာ ရှိပေလိမ့်မည် ။
ကျွန်တော်သည် ကျွန်တော့်အဖေကို မြင်လျှင်မြင်ခြင်း ထိတ်ခနဲဖြစ်သွားပေသည် ။ အဖေ့ဓာတ်ကို
သိထားပြီးဖြစ်သဖြင့် ကျွန်တော့်ကို ကောလိပ်ကျောင်းသား ဖြစ်နေပြီမို့ မရိုက် မနှက်သည့်တိုင်အောင် ဆူတော့ပူတော့မည် ၊ မဲတော့မာန်တော့မည်ဟု တန်းထင်လိုက်ပေသည် ။ သို့သော် အဖေကား မဆူမပူ ၊ မကြိမ်းမမောင်းဘဲ ညိုမည်းညှိုးနွမ်းသော မျက်နှာဖြင့်သာ ကြည့်နေလေသည် ။
ထိုအမူအရာသည် ကျွန်တော့်စိတ်အား များစွာထိခိုက်စေပါသည် ။ အဖေ့ကို ချော့ရန် စကားစ ရှာရတော့သည် ။
“ အဖေကလည်း စာလေးဘာလေး ရေးလိုက်ရောပေါ့ ။ ရေးလိုက်ရင် ကျွန်တော်ဘူတာကို လာကြို
မှာပဲ ”
“ ငါ့ဘာသာ ငါလာတတ်သားပဲ ”
နောက်ထပ် စကားဆက်စရာ ခက်သွားလေသည် ။ ကျွန်တော့်အဖေသည် ထိုစကားကို တိုတောင်းမာကျောစွာပြောပြီး ကျွန်တော့်အား တစ်ကိုယ်လုံး ခြုံ၍ ကြည့်နေလေသည် ။ ထွီခနဲ တံတွေးထွေး
လိုက်တော့မည့် အမူအရာပေါ်နေသည် ။ ကျွန်တော့် သခင်ဂိုက်ကို မသတီနေသလော ။ အတော်ကြာ
တစ်ယောက်နှင့် တစ်ယောက် စကားမပြောဘဲ ကြည့်နေကြသည် ။
ကျွန်တော်က အရဲစွန့်ကာ စကားစလိုက်ပြန်၏ ။
“ ကျွန်တော် ပေးလိုက်တဲ့စာ ရတယ်မဟုတ်လား အဖေ ၊ ကျွန်တော့်အတွက် ဘာမှ မပူနေပါနဲ့ ဆိုနေမှပဲ ”
အဖေသည် သက်ပြင်း ချလိုက်သည် ။ ၎င်းနောက် ဘေးသို့ ထွီခနဲ တံတွေး ထွေးလိုက်၏ ။ ကျွန်တော့်
မျက်နှာပေါ်သို့ ထွေးပက်လိုက်ခြင်း မဟုတ်၍ တော်ပါသေး၏ ။
“ ခွေးမျိုး ဘာနားလည်သလဲ ။ မိဘလုပ်တဲ့လူတွေမှာ ဘယ်လောက် ပူရသလဲ သိရဲ့လား ။ မင်းအမေ
ဆိုရင် မင်းအတွက် အိပ်လို့တောင် မပျော်ဘူး သိရဲ့လား ”
ကျွန်တော်သည် များစွာပင် ဝမ်းနည်းသွားပါသည် ။ အိမ်မပြန်မိတာ မှားလေခြင်း ဟုပင် နောင်တရလာပါသည် ။
ဤစကားကိုပြောပြီးနောက် ကျွန်တော့်အဖေသည် ရေမိုးချိုးပြီး ခရီးပန်းလာသောကြောင့် အပန်းဖြေနေလေသည် ။ အခြားစကားသို့ မကူးကြတော့ပေ ။ သို့ စကားမကူးသဖြင့်လည်း ကျွန်တော်
အထူး စိတ်သက်သာရာ ရပေသည် ။ အကြောင်းမူကား ကျွန်တော်သည် အိုင်စီအက်စ်လောင်း လမ်းကြောင်းမှ သွေဖည်ပြီး ' သခင်ပေါက်စ ထောင်ခြောက်လ ' ဘဝသို့ ရောက်နေသော အကြောင်းသို့
စကားစပ်မိမှာ အထူးစိုးရိမ်သောကြောင့်တည်း ။
ကျွန်တော်သည် ဖခင်ကြီးစိတ်ပြေရန် ဝတ်ကြီးဝတ်ငယ်များ ပြု၏ ။ ခြေဆုပ်လက်နယ် ပြု၏ ။
အကျွေးအမွေး လိုလေသေး မရှိအောင် ဧည့်ခံ၏ ။ ၎င်းတို့ထက် နှစ်သိမ့်ကျေနပ်ဖွယ်ရာကား
နောက်နေ့နံနက်တွင် ရွှေတိဂုံဘုရားသို့ပို့ရန် စီမံလိုက်ခြင်းပေတည်း ။
နောက်နေ့နံနက် ဘုရားသွားကြသောအခါ ကျွန်တော်သည် ပင်နီတိုက်ပုံအင်္ကျီကိုပင် ဝတ်လာသည် ။ အဖေက ပိုးအင်္ကျီ ဘာလို့ မဝတ်သလဲဟု မေးရာ -
“ ခု ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအပြီးမှာ လူတိုင်း ဝံသာနုစိတ်ဓာတ်တွေ တက်နေကြတယ် ။ ဖျင်ပင်နီ
အင်္ကျီ တိုင်းရင်းဖြစ်တွေ သိပ်ဝတ်နေကြတယ် ။ ပြီးတော့ ရန်ကုန်မြို့မှာ ဗမာဆိုင်တွေ အများကြီး
ပေါ်လာတယ် ။ မြို့ထဲကျရင် အဖေ မြင်ပါလိမ့်မယ်ဗျာ ”
“ အင်း ကောင်းတာပေါ့ကွာ ၊ ကိုယ့်တိုင်းရင်းသားဖြစ် အားပေးတာ ၊ တိုင်းရင်းသားဆိုင် ထွက်တာဟာ ကောင်းတာပဲဟေ့ ”
ကျွန်တော်သည် ဝံသာနုစိတ်ဝင်လာသော အဖေ့အတွက် များစွာဝမ်းသာအားရ ဖြစ်သွားလေသည် ။
ကျွန်တော်သည် အာရ်အီးတီ ဘတ်စ်ကားပေါ်သို့ တက် မည်ဟုဟန်ပြင်နေသော အဖေ့အား ဗမာ
ဘတ်စ်ကားဆီသို့ ခေါ်သွားရင်း -
“ အဲဒီ ကားကြီးတွေကတိုင်းရင်းသားပိုင် မဟုတ်ဘူး ။ ဗမာပိုင် ဘတ်စ်ကားကို စီးရအောင် အဖေ ။
အာရ်အီးတီ ကားကြီးတွေလောက်တော့ ဇိမ် မရှိဘူး ။ သို့ပေမယ့် ကိုယ့်တိုင်းရင်းသား အားပေးတဲ့
အနေနနဲ့ အဆင်းရဲခံတာပေါ့ အဖေရာ ”
ဗမာဘတ်စ်ကားတစ်စီးတွင် ဝင်ထိုင်ကြသည် ။ ဒရိုင်ဘာက ကားကို စက်နှိုးထားပြီး စပယ်ယာက -
“ ထွက်တော့မယ် လိုက် မလားဆရာ ။ ဟိုး ဟိုးလိုက် မယ် ၊ လိုက် မယ် ၊ လိုက် မလား အရာကြီး ။
အရာကြီးကတော့ ဘယ်လိုက် မလဲ ၊ အာရ်အီးတီသာ လိုက် မှာပေါ့ ။ ဟော ထောင်ကဲကြီး တစ်ယောက် လာနေပြီ ၊ လိုက် မလားထောင်ကဲ ” စသည်ဖြင့် အော်ဟစ်ကာ လူခေါ်နေလေသည် ။
အတော်အသင့် လူပြည့်လေပြီ ။ အာရ်အီးတီကား နှစ်စီးပင် ထွက်သွားလေပြီ ။ ကျွန်တော်တို့
ဘတ်စ်ကားကား မထွက်သေး ။ တစ်ယောက်က “ မထွက်သေးဘူးလား ” ဟု မေးရာ ဒရိုင်ဘာသည်
ကားကိုရှေ့တိုးနောက်ငင် လုပ်နေလေသည် ။ စပယ်ယာက “ ဟိုး ဟိုး မထွက်နဲ့ဦး ၊ ဟို
အစ်မလေးက လိုက် မယ်တဲ့ ” ဟု ဖြန်းသန်း၍ အော်နေလေသည် ။ သူပြောသော အစ်မလေးကို
ကျွန်တော်တို့ မမြင်ရ ။ ကားကိုကား ရှေ့တိုးနောက်ငင် လုပ်နေခြင်းကြောင့် ဖင်ထိုင်ခုံနှင့်ဖင်
ကြိတ်နယ်နေ၍ ဖင်နာရုံမက မထွက်နိုင်၍ စိတ်အနှောင့်အယှက် များစွာ ဖြစ်ရလေသည် ။
ကျွန်တော့် အဖေက “ မင်း တိုင်းရင်းသား အားပေးရတာ မနိပ်ပါဘူးကွာ ” ဟုပင် ညည်းစပြုလေပြီ ။
အတန်ကြာမှ စပယ်ယာက “ ခိုးလိုး ” ဟု အမိန့်ပေးလိုက်သောကြောင့် ကားထွက်လေသည် ။
“ နောက်ကကားမလာသေးဘူး လှိမ့်ဆရာ လှိမ့် ” ဟု စပယ်ယာက အမိန့်ပေးထားသဖြင့် ကားသည်
ဖြည်းဖြည်းကလေး လှိမ့်နေလေသည် ။
ထို့နောက် ရှေ့နားမှာ လူမြင်သောကြောင့် စပယ်ယာက “ ဆွဲဆွဲ ” ဟု အမိန့်ပေးပြန်ရာ ဒရိုင်ဘာသည် ခပ်မြန်မြန် မောင်းပြန်လေသည် ။ နောက် အာရ်အီးတီကို ကျော်တက်နိုင်ရန် အတင်း အမြန်
မောင်းပြန်ရာ ကျွန်တော်တို့မှာ အသက်ကို ဖက်နှင့် ထုပ်ထားကြရလေတော့၏ ။
အတင်းမောင်းနေစဉ် စပယ်ယာက -
“ ဟေ့ ရှေ့နားမှာ ဇိုး ဇိုး ” ဟု သတိပေးလိုက်ရာ ဒရိုင်ဘာသည် ဗြုန်းခနဲ ဘရိတ်အုပ်လိုက်လေ၏ ။
ခရီးသည်အားလုံး ယိမ်းထိုးပြီး ခုံပေါ်မှ စဉ်ကျမသွားအောင် မနည်းထိန်းထားကြရလေသည် ။
သို့ကလို ကိုယ်စိတ်နှစ်ပါး များစွာဆင်းရဲပြီးနောက်မှ သိမ်ကြီးဈေးသို့ ရောက်ကြလေသည် ။
ဘတ်စ်ကားပေါ်မှ ဆင်းကြသောအခါ အဖေက -
“ သည့်ပြင်ဟာ ဝံသာနုချင် နုပါကွာ ၊ ဘတ်စ်ကားမှာတော့ ဝံသာ မနုပါနဲ့ ” ဟု ဆုံးမလေတော့သည် ။
သိမ်ကြီးဈေး ထောင့်တစ်ထောင့်တွင် ဝက်ခြံခတ်ထားသော ထီဆိုင်ကလေးများကို တွေ့သောအခါ
အဖေသည် အံ့ဩစွာနှင့် ကြည့်နေလေသည် ။
“ ဘာလဲကွ ”
“ ထီလက် မှတ်ရောင်းတဲ့ဆိုင် အဖေရဲ့ ။ အစိုးရ သိန်းထီလေ ၊ ညွန့်ပေါင်းအစိုးရ တီထွင်လုပ်တဲ့
အလုပ် တစ်ခုပေါ့ ။ အစိုးရက တိုင်းသူပြည်သား ထိုးသမျှငွေ အပေါ်မှာ ၅ဝ ရာခိုင်နှုန်း အခွန်တော်
ရတယ် ”
“ ကွာ ညွန့်ပေါင်းအစိုးရက ဟန်မကျပါဘူး ။ အခွန်ကောက်သာ ယူတတ်တာ ၊ တိုင်းပြည် အေးချမ်းအောင် တော့ မအုပ်ချုပ်တတ်ပါဘူး ”
အဖေ့ထံမှ ဤလို အစိုးရဝေဖန်ရေးစကားများ မမျှော်လင့်ခဲ့သော ကျွန်တော့်မှာ အံ့အားသင့်ရုံမက
ဝမ်းလည်း သာမိလေသည် ။
“ ဟေ့ ထီထိုးရအောင်ကွာ ”
အဖေက ထီထိုးလိုသောကြောင့် ထီဝင်ထိုးကြသည် ။ အဖေသည် အတိတ်တွင် “ သားအား ဘိလပ်
ပို့ ပညာသင်ရန် ” ဟု ရေးလိုက်လေသည် ။ ကျွန်တော့်ဖခင်၏ ရည်မှန်းချက်ကား တစ်ဆင့်ထက်
တစ်ဆင့် တိုးနေ၏ ။ အစတုန်းက ဆယ်တန်းအောင်ရုံသာ ၊ နောက် ဘီအေအောင်ရုံသာ ၊ ၎င်းနောက် အိုင်စီအက်စ်အောင်ရန် ၊ ယခုနောက်ဆုံး ဘိလပ်ပို့ ပညာသင်ရန် ။
ထီဆိုင်မှထွက်၍ ဘုရားသွား ဘတ်စ်ကားဆိပ်သို့ လျှောက်လာစဉ် သတင်းစာရောင်းသမားများ
အော်ဟစ်နေကြသည်ကို ကျွန်တော်ရော အဖေပါ ကြားကြရလေသည် ။
“ သခင်နှစ်ခြမ်းကွဲအတွက် သခင်ကိုယ်တော်မှိုင်း နှုတ်ထွက်တော့မည် ဆိုခြင်း ”
ဤအော်ဟစ်သံသည် ကျွန်တော်နားတွင်းသို့ သံရည်ပူ လောင်းထည့်လိုက်သကဲ့သို့ ဖြစ်ပေသည် ။
အော်ဟစ်နေကြသော သတင်းစာရောင်းသမားများကို ကြောင်၍ ကြည့်နေလေသည် ။ ဝယ်ဖတ်ရန်
ပင် သတိမရ ။
ဘုရားသွား ဘတ်စ်ကားပေါ်သို့ တက် မိကြသောအခါ အဖေက -
“ ဟေ့ မင်းအခု သခင်တွေနဲ့ ပေါင်းသေးသလား ”
ကျွန်တော်ကား ဘယ်လိုအဖြေပေးရမည်ဟု စဉ်းစားမရအောင်ဖြစ်နေ၍ မဖြေဘဲနေသည် ။
“ အင်း မပေါင်းနဲ့နော် ၊ ပေါင်းရင် တို့အကြံအစည်အားလုံး ပျက်ကုန်လိမ့်မယ် နားလည်လား ”
ဘတ်စ်ကား လှုပ်ရှားသဖြင့် ကျွန်တော့်ခေါင်း ညိတ်သွားသည် ။
“ အေး ကောင်းတယ် မပေါင်းနဲ့ ။ ကြည့်စမ်း ၊ သူတို့အချင်းချင်း ကွဲကုန်ပြီ ၊ သူတော်ကောင်းကြီး
တောင် ထွက်သွားပြီ ”
ရှေ့တိုးနောက်ငင်လုပ်နေသော ဘတ်စ်ကားပင် ထွက်လေပြီ ။ ကျွန်တော့်ပါးစပ်မှ စကားတစ်လုံးမျှ
မထွက် ။
ဘတ်စကားသည် ဘုရားခြေရင်းသို့ ရောက်သည့်တိုင်အောင် ကျွန်တော်စကားမပြောနိုင် ။ အဖေက
တစ်ခွန်းတလေ ပြောသည်ကိုလည်း ထောက်ခံခြင်း ၊ ကန့်ကွက်ခြင်း ၊ စွက်ဖက်ခြင်း တစ်စုံတစ်ရာ
မပြု ။ တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခြင်းနှင့် သခင်ကိုယ်တော်မှိုင်း နုတ်ထွက်ခြင်းတွင်သာ
ကျွန်တော့် အာရုံဟူသမျှ ရောက်နေပေသည် ။
စောင်းတန်းပေါ်သို့ ဖခင်ကြီးအား ရှေ့ဆောင်ကာခေါ်သွားသည် ။ ပန်းသည်များက ဆီးခေါ်ကြသည် ။ ဖိနပ်များ ထားခဲ့ကြပါ ၊ ကွမ်းစားကြပါ ၊ ဘုရားပန်းကပ်ဖို့ အလွန်လန်းဆတ်တဲ့ ပန်းတွေ
ရှိပါတယ် ၊ ဆီမီးပူဇော်ကြပါ စသည်ဖြင့် ဖော်ရွေစွာပြောနေကြသည် ။ သို့ကြားရသော်လည်း
ကျွန်တော်သည် သူတို့အား စကားဖြင့်သာမက အပြုံးကလေးဖြင့်ပင် မတုံ့ပြန်မိချေ ။
စောင်းတန်းဆုံးခါနီး ရင်ပြင်တော်အဝသို့ ရောက်သောအခါ -
“ ဟေ့ ပန်းကလေး ဘာကလေး ဝယ်ခဲ့ဦးစို့ကွာ ” ဟူသော ဖခင်ကြီး၏ အသံကို နောက် မှကြားရသဖြင့် ရပ်လိုက်ပြီး ဖခင်ကြီးကို လှည့်ကြည့်လိုက်သည် ။ ဖခင်ကြီးမှာ တော်တော်မောနေဟန်ရှိ၏ ။
နဖူးမှချွေးများ စို့နေသည်ကိုပင်မြင်ရ၏ ။ အသက်ရှုလည်း မှားနေရှာသည် ။
ညာဘက်က ပန်းဆိုင်တွင်ဝင်၍ ဖိနပ်များချထားပြီး ပန်းဝယ်ကြသည် ။ ဖခင်ကြီးလည်း အမောဖြေသေး၏ ။
ထိုအခိုက် ကျွန်တော်တို့ဝယ်နေသောဆိုင်မှ ပန်းသည်တစ်ဦးနှင့် ဟိုတစ်ဖက်က ပန်းသည်တို့
သည် ပုဇွန်တောင်ပန်းခြံတွင် အငြိမ့်ကလျက်ရှိရာ ဘုန်းတော်ကြီးများပါ ကြည့်နေကြစဉ် ကုမ္မာရီ
အမျိုးသမီး ၂ဝဝ ခန့် လာပြီး ဘုန်းတော်ကြီးများ ပွဲမကြည့်ရန် မေတ္တာရပ်ခံသွားကြောင်း
သတင်းကို ဝေဖန်ဆွေးနွေးနေကြလေသည် ။
သည်ဘက်ဆိုင်က ပန်းသည် မဟိုဒင်းက ဟိုဘက်ဆိုင်က ပန်းသည် မအဝှာ အား -
“ ဒါကတော့ ကာလဝိပါတ် နောက်ပိုးတက် ဆိုတာလိုပေါ့ကွယ် ။ ကိုယ်တို့ အမျိုးသမီးတွေ
အင်္ကျီပါးဝတ်တာကို သူတို့ဘုန်းကြီးတွေက ဝင်တားတော့ သူတို့ပွဲကြည့်တာလည်း ကိုယ်တို့
အမျိုးသမီးတွေက တားတာပေါ့ ဟဲ ဟဲ ”
“ ကိုယ်တို့တော့ အင်္ကျီပါးပဲကြိုက်သကွယ် ၊ ဘုန်းကြီးတွေက မတားစေချင်ဘူး ။ ပွဲကြိုက်တဲ့
ဘုန်းကြီးလည်း ကြည့်ချင် ကြည့်ပေစေ ၊ ကိုယ်တို့ မတားချင်ဘူး ”
“ ဟုတ်တယ် အဲဒါကပဲ ကောင်းသေးတယ် ”
ကျွန်တော့်အဖေလည်း သူတို့ပြောဆိုနေကြသံကို ကြားသည်ထင်၏ ။ သူသည် ပြုံးလျက်နေသည် ။
အဖေ ရန်ကုန်ရောက်ကတည်းက သည်တစ်ခါ ပထမဆုံး ပြုံးလိုက်ခြင်းဖြစ်သည်ဟု ထင်ပါသည် ။
အဖေသည် ဖယောင်းတိုင်များကိုလည်း ဝယ်ယူသေးသည် ။
အဖေသည် ဘုရားရုပ်ထုတော်ရှေ့တွင် ကျယ်လောင်စွာ ဘုရားရှိခိုး၏ ။ သူ့အလေ့အထမှာ ကျယ်လောင်စွာ ဘုရားရှိခိုးရုံမက ကျယ်လောင်စွာပင် ဆုတောင်းလေ့ရှိသည် ။ လူတကားကြားနာ
ကောင်းသော ဆုကိုသာ ဘုရားအား တောင်းရမည်ဟု သူ အယူအဆ ရှိလေသည် ။ ကျွန်တော်သည်
ဝင်နီဖေ တို့နှင့် ဘုရားဖူးစဉ်က အကြောင်းများကို သတိရမိလေသည် ။ ဝင်နီဖေ တို့သည်
တန်ဆောင်းထဲမှာ ဘုရားဖူးကြသည် ။ ကျွန်တော်က ဝါသနာအလျောက် စေတီကြီး၏ ရင်ပြင်တော် လွင်တီးခေါင်မှာ ဘုရားဖူးသည် ။ ခုတော့ ဖခင်ကြီးအား ကျိုးနွံရိုသေသော သားဖြစ်ကြောင်း
ပြလိုရကား သူကျယ်လောင်စွာ ရှိခိုးနေသော တန်ဆောင်းထဲ၌ပင် ထိုင်၍ ဝပ်တွားပူဇော်လေ၏ ။
ကျွန်တော့်စိတ်ထဲမှာ တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခြင်းကိုကား ဖျောက်ဖျက်၍ မရချေ ။ မျက်စိမှိတ်၍ ဘုရားအာရုံပြုလိုက်သောအခါ သူလုပ်ချင်ရာဇွတ်တရွတ် လုပ်တတ်သော ဒေါကြီးမောကြီး
သခင်ဗစိန် နှင့် ဒေါဆို၍ တစ်ရွေးသားမျှ မရှိရှာသော အသံပြာပြာ ညောင်နာနာ သခင်သိန်းမောင် တို့
ထွေးလုံးရစ်ပတ် နပန်းသတ်နေကြပုံသည် ဉာဏ်မျက်စိမှာ ထင်မြင်လာလေ၏ ။
ကျွန်တော်သည် ဘုရားရှေ့မှာ နိုင်ငံရေးကို ကြိုးစား၍ မေ့ပစ်၏ ။ ဘာသာရေးကို ကြိုးစား၍
နှလုံးသွင်း၏ ။ သို့ရာတွင်အတိုက်အခိုက်သဘော အကွဲအပြဲသဘောကား မပျောက် ။ အကြောင်းမူကား အရှင်အာဒိစ္စဝံသ၏ ဘိက္ခူနီသာသနာ ပဒေသကျမ်းအကြောင်း ၊ အရှင်အာဒိစ္စဝံသ အား
ပိဋကတ်ပုံနှိပ်တိုက်ရှင်များ ၊ ဘုန်းကြီးလူထွက် ပါဠိဆရာများ ၊ လူပြန်တော်ပညာရှိများ နှင့် ဘုန်းတော်ကြီးများက ဝိုင်း၍ ပကာသနိယကံ ပြုခဲ့သည့် အကြောင်းများကို သတိရနေပြန်လေသည် ။
ယင်းသို့လျှင် ဘုရားဆင်းတုတော်ရှေ့ ကျေးဇူးရှင်ဖခင် နောက် မှ လူက ပျပ်ဝပ်ရိုသေ လက်အုပ်မိုး၍
ရှိခိုးနေပြီး စိတ်ကမူ တောင်ရောက် မြောက်ရောက် ကရွတ်ကင်းလျှောက်ဖြစ်နေစဉ် ဖခင်ကြီး၏
ကျယ်လောင်စွာ ရွတ်ဖတ်နေသော ဆုတောင်းသည် ကျွန်တော့်အာရုံကို ဖမ်းစားလိုက်ပြန်၏ ။
“ ဤသို့လျှင် ကြုံရခဲ ဖူးရခဲ ဖူးရသော ရွှေတိဂုံစေတီတော် ဆင်းတုတော် တို့အား ဖူးမြော်
ကန်တော့ရသော ၊ ပန်းလှူရသော မီးပူဇော်ရသော အကျိုးကျေးဇူးကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ရရပါလို၏ဘုရား ၊ နိဗ္ဗာန်သို့ မရောက် မီစပ်ကြား လားလေရာဘဝ၌လည်း အကြံအစည်ဟူသမျှ အောင်ရပါလို၏ဘုရား ၊ တပည့်တော်၏ သားသည် သာမန်အစား မဟုတ် ၊ အတိဇာတ - သားဖြစ်ပါ၏ ။ ထို
သားသည် ပညာကြီးခြင်း ၊ အကြံအစည် အောင်ခြင်း ၊ ရာထူးဌာနန္တရ ကြီးစွာ ရခြင်း ၊ ထိုသားအတွက်
ယနေ့ထိုးသော သိန်းထီပေါက်ခြင်း ၊ ဘိလပ်မှာ ပညာသင်ကြားနိုင်ခြင်း ၊ ကြွယ်ဝချမ်းသာသော
ရုပ်အဆင်းလှသော မိန်းမရတနာ ရခြင်းများ ဖြစ်ပါစေသတည်း ဘုရား ”
ကျွန်တော့်မှာ ဖခင်ကြီး၏ ဆုတောင်းကြောင့် ဖရဏပီတိ ဂွမ်းဆီထိမဖြစ်မိဘဲ ကြက်သီးမွေးညင်း ထမိသည် ။ ဆုတောင်းကို မှီ၍ ဖခင်၏ စေတနာမေတ္တာတို့ကို အတိုင်းတာပမာဏ ရှာမကြည့်အား ၊
ဘေးဘီတွင် ဘယ်သူတွေ ကြားကုန်ပါလိမ့်ဟူသော စိုးရိမ်ခြင်းဖြင့် ဘုရားဖူးသူ ပရိသတ်ကို အကဲခတ် ရှာကြည့်မိလေသည် ။ အထူးသဖြင့် ကျွန်တော်တို့ရွယ်တူ ပျိုဖြူယမင်းကလေးတွေ ကြားသွားမှာ စိုးရိမ်မိလှပါဘိ ။
ပတ်ဝန်းကျင်တွင် ကြည့်လိုက်သောအခါ ဘုရားဖူးပရိသတ်လည်း များများ မတွေ့ရ ။ ရွယ်တူပျိုဖြူ
ဆို၍လည်း တစ်ယောက် မျှ မတွေ့ရ ။ အံ့ဩဖွယ်ကောင်းလှသည်မှာ ကျွန်တော်နှင့် ဘေးတိုက်
မလှမ်းမကမ်း၌ မမြမှီ သည် ဒူးတုပ်ကာထိုင်၍ ကျွန်တော့်အား ပြုံးကြည့်နေလေသည် ။
မမြမှီ ။ ကိုယ်တစ်ပိုင်း သေနေသော ဦးထွန်းဝင်း ၏ ဇနီးချော ဒုက္ခသည် မမြမှီ ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်း တုန်းက ကယ်လိုက်သော မမြမှီ ပင် ဖြစ်ချေသည် တကား ။
မမြမှီ သည် ဖဲကြီးလုံချည် ကြက်သွေးရောင်ကို ဝတ်ထား၏ ။ ဒူးတုပ်၍ ထိုင်နေပေရာ အိစက်သော
တင်သားနှင့် ပေါင်လုံးများပေါ်တွင် ဖဲကြီးလုံချည်သည် တင်းကျပ်ပြောင်လက်စွာ ကပ်လျက်
နေလေ၏ ။ လှပသော ပန်းခက်ပန်းနွယ် ထိုးထားသော ပဒုမ္မာအင်္ကျီအနားသည် သွယ်ပျောင်းသော
ခါးပေါ်ဝယ် လုပ်လဲ့လုပ်လီ ဝဲနေပေသည် ။ရင်စေ့အင်္ကျီဖြစ်ရာ စိန်ကြယ်သီးများမှာ ထင်းနေပေ၏ ။ ဆံပင်နောက်တွဲထုံးတွင် ကြက်သွေးရောင် နှင်းဆီပွင့်ကြီး တစ်ပွင့်ကို ပန်ထားလေသည် ။
မမြမှီ က ကျွန်တော့် အား ပြုံးကြည့်နေသည်ကို ကျွန်တော် သည် ရုတ်တရက် အပြုံးနှင့် ပြန် မတုံ့ပြန်မိ ။ မမျှော်လင့်ဘဲ တွေ့ရသဖြင့် အံ့ဩကာ မင်သက်မိနေခြင်းလော ။ ကျွန်တော့် အဖေ၏
ဆုတောင်းကို ကြားသွားလေပြီဟု ရှက်စိတ်ဝင်လာ၍လော ။ သို့တည်းမဟုတ် သူ၏ ရိုးသားစင်ကြယ်သော အပြုံးတွင် ' ပြုတ်မနူး ' ကျွန်တော်က အဆန်းအပြား မြင်နေ၍လော ၊ ကျွန်တော်
မပြောတတ်ပါပြီ ။ တော်တော်နှင့် ပြန်မပြုံးမိပါ ။
မမြမှီ က ထိုင်ရာမှထလာပြီး ကျွန်တော့်နားမှာ ရပ်နေလိုက်သည် ။ ကျွန်တော်လည်း မတ်တတ်ထ
လိုက်၏ ။
“ မောင်လေးက မမြင်ချင်ယောင် ဆောင်နေသလား ဟဲ ဟဲ ”
ကျွန်တော်က အစွမ်းကုန် ပြုံးပြီ -
“ မဟုတ်ဘူး မမရဲ့ ၊ မြင်ကို မမြင်ဘူး ”
ထိုအချိန်တွင် အဖေလည်း ဘုရားဝတ်ချပြီး ကျွန်တော်တို့ ဘက်သို့ လှည့်လာသည် ။ မမြမှီ က
ကျွန်တော့်အဖေအား ကြည့်ရင်း -
“ ဒီက ဦးတော်က ”
“ ကျွန်တော့် အဖေလေ ၊ ကျွန်တော်တို့ ဘုရားဖူးလာကြတာ ဟဲ ဟဲ ၊ အဖေ ဟောဒါက မမြမှီ ”
အဖေကား မမြမှီ ကို ရွှန်းရွှန်းစားစားကြီး ကြည့်နေလေသည် ။ ၎င်းနောက် ကျွန်တော့်အား အကဲခတ်သလို မျက်လုံးများဖြင့် ကြည့်နေသည် ။
မမြမှီ က ဖော်ရွေပျူငှာသော အမူအရာကို အစွမ်းကုန်ပြလျက် -
“ ဩ ဦးက မောင်တင်ထွန်း ရဲ့ အဖေကိုး ။ ဘယ်တုန်းက ရန်ကုန်ကို ရောက်ပါသလဲရှင် ”
အဖေ သည် မမြမှီ ၏ မင်းထိုက်စိုးတန် ရုပ်ဆင်းအင်္ဂါနှင့် ဝတ်ဆင်ထားသော စိန်ရွှေတို့၏ အရှိန်ဩဇာ ဂုဏ်သရေကို လွန်ဆန်နိုင်ရှာဟန် မတူ ။ ထို့ကြောင့် မမြမှီ ၏ ဖော်ရွေပျူငှာမှုကို မတုံ့ပြန် ၊
အောက်ကျို့သော ရိုသေသော အမူအရာတို့ဖြင့် -
“ ဟုတ်ပါ့ခင်ဗျာ ၊ ကျုပ် မနေ့ကပဲ ရောက်သဗျ ”
“ ရောက်တဲ့အခါ ကျွန်မတို့အိမ် ဝင်ပါဦးရယ် ၊ မောင်တင်ထွန်း လိုတော့ မစိမ်းပါနဲ့ ။ မောင်တင်ထွန်း ဟာ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအတွင်းက ကျမမှာ အကျဉ်းအကျပ်တွေ့နေတုန်း ကူညီခဲ့တယ် ဦးရဲ့ ။ ဒါကြောင့် သိပ်လည်း ကျေးဇူးတင်တယ် ၊ သိပ်လည်း ခင်မင်တယ် ။ အဲဒီတုန်း ကတည်းက အိမ်လာလည်ဖို့ ဖိတ်ထားပါတယ် ။ အလုပ်တိုက်ကို ဖြစ်ဖြစ် ဝင်ခဲ့ပါလို့ ပြောထားတယ် ။
ဒါတောင် တစ်ခေါက် မှ မပေါ်လာဘူး ။ ဦးသားက အင်မတန် စိမ်းတယ် ”
“ မအားလို့ပါ မမရယ် ”
အဖေက ကျွန်တော့်အားမျက်စောင်းထိုးလိုက်ပြီး -
“ မင်းက ဘာများ အလုပ်သည်လောက် များနေရသလဲ ၊ ကိုယ့်ကို သည်လောက် ခင်မင်နေတာ တစ်ခေါက်တလေမှ သွားမလည်အားဘူးလား ”
သို့ကလို မမြမှီ က ကျွန်တော့်အပေါ် မကျေမချမ်းမှု ပြလိုက် ၊ ကျွန်တော့်အဖေက ဝင်ကြိမ်းလိုက်
လုပ်သောအခါ ကျွန်တော့်မှာ မျက်စိသူငယ်နှင့် အနေရအထိုင်ရ ကျပ်သွားလေသည် ။ မမြမှီ သည်
ကျွန်တော့် ညှိုးငယ်သောမျက်နှာတွင် ကျွန်တော်၏ အခက်အခဲကို အကဲခတ်မိဟန်ရှိသည် ။
“ မအားဆိုတာလည်း ဟုတ်မှာပါပဲ ဦးရယ် ။ ကျမကသာ သိပ်လာစေချင်တဲ့ ဇောနဲ့ ပြောရတာ ၊
ကျောင်းသားတွေမှာ အဓိကရုဏ်းတွင်းကလည်း အလုပ်များရ ၊ အခု ခပ်အေးအေး ဖြစ်သွားတော့လည်း ဟိုတုန်းက စာသင်ပျက်ထားတာတွေ အတိုးချပြီး စာကြိုးစားကြမှာကိုး ဦးရဲ့ ။ ဪ
ဒါထက် မောင်လေးရေ မင်းအဖေ ရန်ကုန်လာတဲ့အခါ ဘယ်တွေကို ပို့ပြီးပြီလဲ ”
“ ခု ဘုရားကိုပဲ ရောက်သေးတာပဲ ၊ ကလေး မဟုတ်တော့ တိရစ္ဆာန်ရုံတွေ ဘာတွေလည်း ပို့လို့တော့ အပိုပဲ ”
ကျွန်တော့်အဖေက မျက်စောင်းထိုးလိုက်ပြန်သည် ။
“ ဟ တိရစ္ဆာန်ရုံကို ကလေးမှ ကြည့်ရတာ မဟုတ်ပါဘူးကွ ။ တို့ လူကြီးတွေ မမြင်ဖူးတဲ့ တိရစ္ဆာန်တွေလည်း ပြည့်လို့ မဟုတ်လား ”
မမြမှီ က နှစ်နှစ်ကာကာကြီး ပြုံးလိုက်ပြီး -
“ ဟုတ်သားပဲ မောင်လေးကလည်း ။ ဒီလိုလုပ် မမ ကား ၂ နာရီမှာ အားမယ် ၊ အလုပ်တိုက်ကို ၂ နာရီ
လာပြီး ကားယူပြီး မင်းအဖေ သွားချင်ရာ လိုက်ပို့ပါကွယ် ။ ဘုရားလည်း အစုံလိုက်ပို့ ၊
ဗိုလ်တထောင်တို့ ခြောက်ထပ်ကြီးတို့ ။ ကန်တော်ကြီးလည်း တစ်ပတ် လှည့်ပြလိုက်ပါကွယ် ”
အဖေကား များစွာကျေနပ်သွားဟန် ရှိသည် ။ ကျွန်တော်က ဟန်လုပ်လျက် -
“ နေပါစေ မမရယ် ”
မမြမှီ ကား ငြင်းဆန်ရန် အခွင့်မပေး ။
“ ဘာနေပါစေလဲ ၊ ကဲ ၂ နာရီ မမ အလုပ်တိုက် အရောက်လာနော် ။ ကဲ မမ သွားမယ် ၊ ဦး ကျွန်မ
သွားပါဦးမယ် ”
အဖေကား ပါးစပ်ကြီးဖြဲ၍ ခေါင်းညိတ်သည် ။ ကျွန်တော်က လိုက်ပို့သည့်သဘောဖြင့် မမြမှီ
နောက်က ခဏမျှ လိုက်ပါသွားသည် ။ မမြမှီ က ကျွန်တော့်အား ကလိဆွသော အပြုံးဖြင့်ကြည့်ကာ -
“ မောင်တင်ထွန်း အဖေက အင်မတန် ဆုတောင်း ကောင်းတယ်နော် ဟဲ ဟဲ ၊ ကဲ ကဲ နေရစ်ပေတော့ ”
အဖေ၏ ကျယ်လောင်သောဆုတောင်းသံကို မမြမှီ ကြားခဲ့လေသည်တကား ။
ကျွန်တော့် မျက်နှာ ပူထူသွားသည် ။ မမြမှီ ထွက်သွားပြီး ကျွန်တော်က ရပ်ကြည့်နေရစ်သည် ။
တစ်နေရာမှ စောင့်နေသော မိန်းကလေး တစ်ယောက်သည် မမြမှီ နောက်သို့ လိုက်သွားလေ၏ ။
ထိုမိန်းကလေး၏ ဝတ်ပုံဆင်ပုံမှာ မမြမှီ ၏ အဖော်အလှော်သဖွယ်ဖြစ်၍ ပြုမူပုံမှာကား အခိုင်းအစေ
သဖွယ် ဖြစ်လေသည် ။
သူတို့အား ကျွန်တော်ကြည့်ကျန်ရစ်စဉ် ကျွန်တော့် အဖေသည် ကျွန်တော့်ဘေးမှာ လာရပ်သည်ကို
သိလိုက်လေသည် ။
“ ဒီသူငယ်မက ဘယ်ကလဲကွ ”
“ မစ္စက် - ထွန်းဝင်း တဲ့ ”
“ ဘာလဲကွ မစ္စက် - ထွန်းဝင်းဆိုတာ ၊ ဦးထွန်းဝင်း သမီးလား ”
ကျွန်တော်က ခစ်ခနဲ ရယ်လိုက်မိသေးသည် ။ သို့သော်အဖေ့အား ပြက်ရယ် မပြု ၊ မရှုတ်ချပါ ။
သူလို မညံစေလိုလို့ ကျွန်တော့်အား အင်္ဂလိပ်စာသင်ပေးခဲ့သည် မဟုတ်ပါလား ။
“ သမီးမဟုတ်ဘူး အဖေ ၊ ဇနီး ၊ မယား ”
ထိုအခိုက်၌ ကျွန်တော် ဤသို့ ဆောင့်အောင့်ပြောလိုက်ခြင်းမှာ ကျွန်တော့် အဖေအား ဆောင့်အောင့်
ငြူစူ၍ ပြောလိုက်ခြင်းဟုတ်ဟန် မတူ ။ မမြမှီ သည် ဦးထွန်းဝင်း ၏ ဇနီးဖြစ်နေရသော အကြောင်းကို
ဆောင့်အောင့်ငြူစူလိုက်ခြင်းသာ ဖြစ်ဟန်ရှိပေသည် ။
ကျွန်တော့်အဖေပါးစပ်မှ “ ဟင် ဟုတ်လား ” ဟူသော အံ့ဩအာမေဋိတ်သံ ထွက်လာလေသည် ။
“ အံ့ဩသလား အဖေ ”
“ အေး မြို့ကြီးသူများ အပျိုမှန်း အအိုမှန်း မသိနိုင်ဘူးနော် ၊ ငါ့မယ် အပျိုပဲ ထင်နေတယ်ကွ ”
ကျွန်တော်တို့သည် ရင်ပြင်တော်အရှေ့တောင်ထောင့်ဆီသို့ ဦးတည်သွားနေကြလေသည် ။
အဖေက မေးပြန်လေသည် ။
“ အသက်က ဘယ်လောက် ရှိမလဲကွ ”
“ သုံးဆယ့်ငါးနှစ်လောက် ဖြစ်မှာပေါ့ ”
“ ဟင် ဟုတ်လား ” ဟူသော အာမေဋိတ်သံ ထွက်လာပြန်လေသည် ။
“ ကလေးမရှိဘူးလား ”
“ တစ်ယောက် မှ မရှိဘူး ထင်တယ် ။ မွေးသလား ၊ မမွေးဖူးဘူးလားတော့ မသိဘူး အဖေ ”
“ အင်း ၊ ဒါကြောင့် တင်တာပေါ့လကွာ ”
ကျွန်တော် က မမြမှီ နှင့် ဦးထွန်းဝင်း တို့အကြောင်းကို ဦးထွန်းဝင်း ကိုယ်တစ်ပိုင်းသေနေပုံကစ၍
သိသလောက် ပြောပြရလေသည် ။
ရင်ပြင်တော် အရှေ့တောင်ထောင့်တွင် ကွပ်ပျစ်ကလေးတစ်ခုရှိရာ သားအဖ ထိုင်ကြလေသည် ။
အဖေသည် ဆေးပေါ့လိပ်ကြီးတစ်လိပ်ကို လွယ်အိတ်ထဲမှ ထုတ်ယူမီးညှိပြီးနောက် -
“ ငါ့သား မှတ်ထား ၊ ဘုရားတောင်မှ အမှီရှိမှ ပွင့်တော်မူနိုင်တယ် ။ တို့ကြံစည်တဲ့အတိုင်း ပညာကို
ပေါက်ပေါက် မြောက် မြောက် တတ်ချင်ရင် ၊ အိုင်စီအက်စ် ရချင်ရင် ၊ ဥစ္စာပေါ ရုပ်ချော ရချင်ရင် အမှီကောင်း ရှိဖို့ လိုတယ် ။ မမြမှီ လို မိတ်ဆွေမျိုးဟာ အမှီကောင်း ဖြစ်နိုင်တယ် ။ သူက ခင်မင်သလို
ကိုယ်က ခင်မင်ရတယ် ။ မိတ်ဆွေရင်းချာဖြစ်အောင် ပေါင်းရမယ် ”
အဖေသည် ယင်းသို့ပြောပြီး ဆေးလိပ်ကို သည်းထန်စွာ ဖွာနေသည် ။ သောက်ရှူ၍ အတော်ဝတန်
သောအခါ -
“ ဒါထက် မင်းနိုင်ငံရေးတွေ ဘာတွေနဲ့တော့ လုံးလုံးကင်းရှင်းအောင် နေနော် ။ နို့မဟုတ်ရင် မင်း
နောင်ရေးကို ထိခိုက်ရုံ မကဘူး ၊ ငါ့အလုပ်ကလေးပါ ထိခိုက်သွားလိမ့်မယ် ကြားလား ။ မင်းတို့
ကျောင်းသားတွေကလည်း ခုအခါ ဆူဆူပူပူ သိပ်လုပ်နေကြတယ်လို့ ငါကြားရတယ် ။ ဟိုအဝှာ
အစီရင်ခံစာ ... ”
“ မြဘူး အစီရင်ခံစာလား အဖေ ”
“ အေးဟုတ်တယ် ၊ အဲဒီ အစီရင်ခံစာကို ကျောင်းသားတွေက ကန့်ကွက်ကြတယ်ဆို မဟုတ်လား ။
မင်းကော ပါသေးသလား ”
ကျွန်တော်သည် အမေးကို တိုက်ရိုက် မဖြေဘဲ -
“ မြဘူးကော်မတီ အစီရင်ခံစာဆိုတာက ကျွန်တော်တို့ ပညာရေးနဲ့ လုံးလုံး ဆိုင်တဲ့ဟာပဲ အဖေရဲ့ ။
၁၉၂ဝ ခုနှစ်ကစပြီး တက္ကသိုလ်ဥပဒေကို မကြိုက်ကြဘူး ။ ၁၉၃၆ ခုနှစ် ကလည်း မကြိုက်ကြလို့
ဒုတိယအကြိမ် သပိတ်မှောက်ခဲ့ပြီ ။ ဒီတော့ တက္ကသိုလ်ဥပဒေကို ပြင်ဆင်ဖို့ စုံစမ်းအစီရင်ခံရမယ် ၊အကြံပေးရမယ်ဆိုပြီး မြဘူးကော်မတီ ခန့်ခဲ့တယ် ။ ဒီ မြဘူးကော်မတီ အကြံပေးတာတွေကလည်း
မကောင်းတာတွေ ပါသေးတော့ ကျောင်းသားတွေက ထပ်ပြီး ကန့်ကွက်တော့တာပဲ ။ ဒီတော့ ဒါဟာ
ပညာရေးသက်သက် ကျောင်းသားရေးသက်သက် ဆူပူလှုပ်ရှားမှုပါ ။ နိုင်ငံရေးမဟုတ်ပါဘူး ”
“ အေး နိုင်ငံရေးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့လကွာ ။ သို့ပေမယ့် အထက်လူကြီးတွေ လုပ်ထားတာကို ဆူပူပြီး ကလန်ကဆန် လုပ်တာပဲ ။ ဒီတော့ ဒါမျိုးထဲမှာ ငါ့သား မပါရဘူး ကြားလား ။
ပြီးတော့ အုပ်ချုပ်ရေးကန့်ကွက်ပွဲတွေ ဘာတွေလည်း မင်းတို့ ကျောင်းသားတွေ ပါကြသေးတယ်
ဆိုပဲ ။ မကြာခင်ကလည်း မီးတုတ်ကိုင်ပြီး လမ်းလျှောက်တယ် ဆိုပဲ ။ ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေမှာ
မင်းမပါအောင် ကင်းကင်းရှင်းရှင်း နေရမယ် ကြားလား ၊ ပြောလိုက်ပါပေ့မောင် ။ ဒါတွေထဲ မင်းဝင်
ရှုပ်ရင် မင်းလည်း ပညာသင်တွေ ပျက် ၊ ငါအဖေ မြေတိုင်းစာရေးလည်း အလုပ် ပြုတ် ၊ အားလုံး ခက်ကုန်မယ် ကြားလား ”
ကျွန်တော် ကြားပါသည် ။ အဖေ၏ ဒေသနာတွေကို အသေအချာ ကြားရပါသည် ။ သို့သော် ကျွန်တော်က တုဏှိဘာဝေ ဆိတ်ဆိတ်သာ နေလိုက်ပါသည် ။ ဆိတ်ဆိတ်နေခြင်းသည် လက်ခံခြင်းဟု
အဓိပ္ပာယ်ရသဖြင့် အဖေကတော့ သူ့ဩဝါဒကို ကျွန်တော် လက်ခံသွားပြီဟု ယူဆနေပေလိမ့်မည် ။
သို့ရာတွင် ကျွန်တော် ဆိတ်ဆိတ်နေခြင်းကား သူ့ဒေသနာနှင့် ကျွန်တော့်အဖြစ်တို့သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခြင်းကို ပြောမဖြစ်၍သာတည်း ။
ရွှေတိဂုံစေတီတော်မြတ်၏ ရင်ပြင်တော်သည် ပူပြင်းသော နေရောင်ခြည်တွင် လင်းနေ၏ ။ ဘုရားဖူး
ပရိသတ် စဲသလောက်ရှိနေ၏ ။ ကျွန်တော်တို့ သားအဖ ထိုင်နေကြသော ထောင့်ကွက် မှာကား
သစ်ပင်ရိပ် တန်ဆောင်းရိပ်စသည်တို့ လွှမ်းခြုံထားသဖြင့် အေးမြသာယာဖွယ်ရာ ဆိတ်ငြိမ်နေပေသည် ။ ဤကွယ်ရာ ဆိတ်ငြိမ်ထောင့်ကွက်သည် များစွာသော ဇနီးမောင်နှံနှင့် သမီးရည်းစား ဒွယံ
ဒွယံတို့အဖို့ နှစ်ကိုယ်ကြားဆွေးနွေးရန် အကွက်ကောင်းဖြစ်ခဲ့သည်မှာ အများသိခဲ့ကြသော်လည်း
ကျွန်တော်တို့ သားအဖအဖို့ နှစ်ကိုကြား ဆွေးနွေးရန် အကွက်ကောင်းဖြစ်နေသည်ကိုကား သိကြမည်မဟုတ် ။
ဆေးလိပ်ကြီးကို တစ်ဝရှူရှိုက်ပြီးနောက် ဖခင်ကြီးသည် အောက်ပါအမေးဖြင့် ကျွန်တော့်အား
ခေါင်းကြီး သွားစေပြန်လေသည် ။
“ မင်းမှာ ရည်းစားတွေ ဘာတွေ ရှိနေပြီလား ”
ကျွန်တော့်မှာ ခေါင်းကြီးနေရုံမက အတော်ကြာအောင် အာစေး၍ နေလေတော့သည် ။
“ ပြောလကွာ ၊ ရည်းစားတွေဘာတွေ ရှိနေပြီလား ”
ကျွန်တော်က ကပ်နေသော အသံဖြင့် -
“ ရှိတယ်လည်း မဟုတ် ၊ မရှိဘူးလည်း မဟုတ် ”
အဖေသည် မျက်စောင်းထိုးပြီး ငေါက်လိုက်သည် ။
“ ဘာလဲကွ ရှိတယ်လည်းမဟုတ် မရှိဘူးလည်း မဟုတ် ။ ငါလခွေးမှပဲ ကြောင်ပန်း အဘိဓမ္မာ စကားပြောတာကျလို့ ”
ကျွန်တော်သည် အဖေ့မျက်နှာကို မချိုမချဉ်အပြုံးဖြင့် စိုက်ကြည့်နေလေသည် ။
“ ပြောလေကွာ ဘယ်လိုလဲ ၊ ရှိသလား မရှိဘူးလား ”
ကျွန်တော်သည် မချိုမချဉ်အပြုံးရာမှ မဆတ်တငံ့ ရယ်သွမ်းသွေးလိုက်ပြီး -
“ တကယ်ဆိုတော့လည်း ... ”
“ တကယ်ဆိုတော့ ရှိသပေါ့လေ ”
“ တကယ်ဆိုတော့လည်း ရှိတယ်လည်း မဟုတ် ၊ မရှိဘူးလည်း မဟုတ်ထဲကပဲ အဖေရဲ့ ဟဲ ဟဲ ”
“ တောက် ၊ သောက်ကောင်ကလေး ”
အဖေ့ဒေါသယမ်းအိုး မီးမကျမီ ကျွန်တော်က သွက်လက်စွာ -
“ ကျွန်တော် ရှင်းပြမယ် အဖေ နားထောင် ”
သို့ဖြင့် ကျွန်တော်သည် ဝင်နီဖေ ( ဝါ ) ခင်သိန်းဝင်း နှင့် ဘာကလိုတိုတို ဘိုကလာတာတာ အဖြစ်သနစ်များကို လည်းကောင်း ၊ မြန်မာစာ ဂုဏ်ထူးကျောင်းသူ မမြင့်ဦး နှင့် သူငယ်ချင်းလည်း မက
ရည်းစားလည်း မကျ အဖြစ်သနစ်များကိုလည်းကောင်း ၊ မျိုးရိုးအစဉ်အလာ အခြေအမြစ် စာရင်းအင်း နေ့စွဲများနှင့်တကွ လုံးစေ့ပတ်စေ့ ကရားမှရေလွှတ်သကဲ့သို့ တတွတ်တွတ် ပြောပြရလေတော့သတည်း ။
အဖေသည် ဆေးပေါ့လိပ် အသစ်တစ်လိပ်ထပ်ညှိ၍ သောက်ရှူကာ ကောင်းမွန်လိုလားစွာ
နားထောင်ပေသည် ။ တစ်ခါတစ်ရံ သိချင်သော အချက်ကလေးများကိုမေးခွန်းထုတ်ခြင်းဖြင့်သာ
ဝင်စွက်လေသည် ။
ကျွန်တော်ပြောပြီးသည်၏ အဆုံး၌ အဖေသည် လေးနက်တည်ငြိမ်သော မျက်နှာဖြင့် -
“ အေး လက် မလွန်သေးဘူးပေါ့ကွာ ၊ ဆုတ်သာ တက်သာပဲဟေ့ ၊ ငါပြောမယ် နားထောင် ။ မင့် ...
ဘာဖေ ကွ ၊ အေး - ဝင်နီဖေ ဆိုတာကတော့ အထည်ကြီးပျက်ဆိုတော့ လှည်းကျိုးကြီး ဝင်ထမ်းရသလို
ဖြစ်လိမ့်မယ်ဗျား ။ မင်းပါ ကြွေးဝင်ဆပ်နေရမယ့် ကိန်းကွဲ့ ။ သူတို့တစ်တွေရဲ့ လှည်းကျိုးကြီး
တာဝန်ကို မင်းထမ်းနေရရင် လူမွေးလူတောင် ပေါက်ဖို့ ခက်နေလိမ့်မယ် ။ မမြင်ဦး ဆိုတာကတော့
လိမ္မာပုံ ရရဲ့ ၊ တော်ပုံ ရရဲ့ ၊ ဝန်ထုပ်ဝန်ပိုး လှည်းကျိုးမျိုးလည်း မဟုတ်ဘူးကွ ။ သို့ပေမယ့် မင်း
စဉ်းစားကြည့်စမ်း ။ မင်းကလည်း ပညာတွေနဲ့ သူကလည်း ပညာတွေနဲ့ ။ အမှန်က မင်းလိုတာ
ပညာရှိတဲ့ မိန်းမ မဟုတ်ဘူး ။ ဥစ္စာရှိတဲ့ မိန်းမ ဖြစ်တယ် ။ မင်းမရှိတာ သူ့မှာ ရှိဖို့ လိုတယ် ။ ဒါမှ
ဥစ္စာ နဲ့ ပညာ ပေါင်းမိသလို ဖြစ်မှာဗျား ။ ကြားလား ၊ မင်းသိတဲ့အတိုင်း ငါတို့မှာ ဥစ္စာ မရှိဘူး ၊ ငါ့
လခကလေးနဲ့ဆိုရင် တစ်သက် ဘယ်တော့မှ သူဌေး မဖြစ်နိုင်ဘူး ။ ဒီတော့ မင်းဟာ မင်းပညာနဲ့
အရင်းတည်ပြီး ဥစ္စာပစ္စည်းကြွယ်ဝတဲ့ မိန်းမကိုသာ ရှာယူရမယ် ကြားလား ”
ကျွန်တော် ကြားပေသည် ။ အဖေ့ ရှင်းလင်းပြတ်သားသော ဒေသနာကို ကြားပေသည် ။ သို့သော်
ကျွန်တော်သည် တုဏှိဘာဝေ ဆိတ်ဆိတ်နေပေသည် ။ သို့သော် ဤတစ်ကြိမ် ဆိတ်ဆိတ်နေခြင်းကား နိုင်ငံရေးမှာ လုံးဝမပါရဟု တားမြစ်သော ဒေသနာကိုကြားစဉ်က ဆိတ်ဆိတ်နေခြင်းနှင့်
မတူ ။ မိန်းမ ရှာရေး၌ အဖေ နှင့် ကျွန်တော်သည် ယခုအခါ ဖြောင့်ဖြောင့်ဆန့်ကျင်သော အယူအဆ ရှိကြသည် မဟုတ် ။ ကျွန်တော်သည် အဖေ့အဆုံးအမဩဝါဒ၌ မတည်နိုင်သေးသည့်တိုင်အောင်
ယင်း အဆုံးအမဩဝါဒ မှားသည်ဟု မထင်နိုင် ။ ဒီလိုကြည့်တော့လည်း ဟုတ်ပေတာပဲဟု
တစ်မျိုးတစ်ဖက်လှည့်ကာ စဉ်းစားဆင်ခြင်လျက်ရှိပေသည် ။
“ ကဲ သွားကြစို့ ၊ တို့တစ်နေရာရာမှာ ဝင်ပြီး ထမင်း ဝယ်စားကြဦးစို့ရဲ့ ”
ကျွန်တော်တို့ ထိုင်နေရာမှ ထကြစဉ် စေတီထီးများကို လေဝှေ့သဖြင့် ဆည်းလည်းသံ သာယာတို့သည် လာနေကြလေသည် ။ အဖေ့ဩဝါဒတို့သည် ဆည်းလည်းသံကဲ့သို့ သာယာကြောင်း
တွေ့ရမည့် နိမိတ်ပေလော ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment