❝ ပိတ်ဖြူစင်ကြယ်ဝတ် ကောလိပ်ကျောင်းသား ❞
ဝင်နီဖေ ( ခေါ် ) မသိန်းဝင်း နှင့် ကျွန်တော်တို့ ပထဆုံးအကြိမ် တွေ့ဆုံကြပုံမှာ တော်တော် ဆန်းသည်ဟု ဆိုနိုင်ပါသည် ။ အကြောင်းမူကားကောလိပ်ကျောင်းသားဖြစ်သူ ကျွန်တော်သည်မသိန်းဝင်း အား ဘုန်းကြီးကျောင်းသား က ဆွမ်းလောင်းသူ ဒကာမကလေးအား တွေ့ပုံတွေ့နည်းနှင့် တွေ့ရသောကြောင့်တည်း ။
ဝင်နီဖေ ( ခေါ် ) မသိန်းဝင်း ၏ ဖခင် ဦးဖေ မှာ အငြိမ်းစားဝန်ထောက်ကြီး ဖြစ်၍ ကမာရွတ် နှင့်အင်းလျား ကြား ခြံကြီးတစ်ခြံတွင် နေထိုင်လေသည် ။
အထက် တစ်နေရာတွင် ဖော်ပြပြီး ဖြစ်သည့်အတိုင်း ကျွန်တော်သည် ကမာရွတ် မှာနေ၍ ကောလိပ်ကျောင်းသို့ တက်စဉ် အရပ်ထဲက ဆွမ်းကြီးလောင်းအသင်းတွင် ပါဝင်ပြီး ပိတ်ဖြူစင်ကြယ် ဝတ်လျက် တနင်္ဂနွေနေ့တိုင်း ဆွမ်းဆန်ခံလေ့ ရှိလေသည် ။ ကျွန်တော်တို့သည် ဦးဖေ ၏ ခြံသို့ ဝင်၍လည်း ဆွမ်းဆန်ခံကြရ၏ ။ ဦးဖေ ၏ ခြံမှ အပတ်စဉ် ငွေတစ်ကျပ် နှင့် ဆန်တစ်ပြည် လောင်းလေ့ ရှိပေသည် ။
ဦးဖေ မှာ ကြွယ်ဝချမ်းသာသော မိဘများက ဆင်းသက်သည့်အတိုင်း ကမာရွတ် တစ်ဝိုက်တွင်မြေဧကတော်တော်များများ ပိုင်ခဲ့ဖူး၏ ။ သို့သော် အသုံးကြီးသူ ဖြစ်သဖြင့် မြေများကို တစ်စတစ်စရောင်းချစားခဲ့ရာ ထိုအချိန်တွင် သူတို့နေသော ခြံမြေနှင့် မြေဧက အနည်းငယ်မျှသာ ကျန်လေတော့၏ ။ သို့ရာတွင် အသုံးကား မလျှော့ ၊ မြင်းပွဲသို့လည်း အပတ်စဉ် မှန်မှန် သွားလိုက်သေးသည် ။“ မြင်းပွဲမသွားရင်လည်း ဘာမှလုပ်စရာမရှိတော့ ပျင်းစရာကြီး ” ဟု ဦးဖေ က မြင်းပွဲသွားခြင်းကိုကန့်ကွက်သော မိတ်ဆွေများအား ဖြေကြားလေ့ရှိလေသည် ။ မှန်လှပေသည် ။ သူသည်လည်းကောင်း ၊ သူ့ဇနီးသည် ဒေါ်ဌေးကြည် သည်လည်းကောင်း ၊ သားသမီးများသည် လည်းကောင်း ၊သူ့အား မှီခိုနေကြသော အမျိုးကြီးဆွေမျိုးများသည်လည်းကောင်း အသက် မွေးမှု အလုပ်ဆို၍ ဘာတစ်ခုမျှ မလုပ်ကြ ။ ထို့ကြောင့် မြင်းပွဲသည်သာ သူတို့အား တနင်္ဂနွေတစ်ပတ်လုံး မအားမလပ်ရအောင် အလုပ်ပေးထားနိုင်၏ ။ တနင်္ဂနွေနေ့ တွင် စနေနေ့က ပြီးခဲ့သော မြင်းပွဲကို စားမြုံ့ပြန်ကြသည် ။ တနင်္လာနေ့ နှင့် အင်္ဂါနေ့များတွင် မြင်းများ၏ ရာဇဝင်ကို လေ့လာကြသည် ။ ဗုဒ္ဓဟူးနေ့တွင် ရှေ့အပတ် ပြိုင်ပွဲဝင်မည့် မြင်းများကို လေ့လာကြသည် ။ ခဲတွက်ကြသည် ။ ကြာသာပတေး ၊သောကြာနေ့ များတွင် တစ် ရှာဖွေကြသည် ။ တတ်နိုင်လျှင် ကိုယ်တိုင် မြင်းဇောင်းများဆင်း၍စနည်းနာကြသည် ။ သည့်ထက် တတ်နိုင်လျှင် ဗေဒင်ဆရာကို သွားတွေ့ပြီး မြင်း၏ ဇာတာ ၊ ဂျော်ကီ၏ ဇာတာ စသည်များကို တွက်စစ်၍ နိုင်ခြေကို ရှာကြရလေသည် ။ ထို့ကြောင့် “ မြင်းပွဲ မသွားရင်လည်း ဘာမှလုပ်စရာ မရှိတော့ ပျင်းစရာကြီး ” ဟူသော ဦးဖေ ၏ ပြောစကားမှာ အကြောင်းမဲ့မဟုတ်ပါ ။
ကျွန်တော်သည် ဦးဖေ တို့ မြင်းပွဲ သွားခြင်းကို နားလည်နိုင်ပါ၏ ။ သို့ရာတွင် အလုပ်ရှိပါသည်ဆိုသော အလုပ်များလှပါသည်ဟု ညည်းညူလေ့ရှိသော ဥပဒေ လွှတ်တော်အမတ်များ ဝန်ကလေးဝန်ကြီးများ ၊ ဝန်ကြီးချုပ်များ ( ယခုခေတ်တွင် ဝန်ကြီးဟု ခေါ်တွင်သူများကို ယခင်ခေတ်ကဝန်ကြီးချုပ်ဟု ခေါ်ကြ၏ ) ကုန်သည်ပွဲစားများ ၊ စာရေးစာချီများ မြင်းပွဲသွားသည်ကိုကားနားမလည်နိုင်ပါ ။ ၎င်းပြင် ကောလိပ်ကျောင်းသားအချို့ပင် မြင်းပွဲသွားသည်ကို တွေ့ရသောအခါအပြင်းအထန် ရှုတ်ချမိပေသည် ။ ဤကား စကားစပ်မိသဖြင့် ကြားညှပ်၍ပြောခြင်း ဖြစ်ပါသည် ။ဦးဖေ တို့အကြောင်း ဆက်ပါဦးမည် ။
ဦးဖေ ခြံသည် အတော်ကျယ်ဝန်း၍ သရက် ၊ ပိန္နဲ ၊ တညင်း ၊ ကနစိုး ၊ ကံ့ကော် ၊ ခရေ ၊ သပြေ စသောပင်စောက်ကြီးများဖြင့် စိုပြည်စည်ကားလှပေ၏ ။ ခြံကြီးအလယ်တွင် အိမ်အိုကြီးတစ်လုံး ရှိ၏ ။အမိုးမှာ ဓနိ ၊ နံရံနှင့်အခင်းမှာ သစ်သား ဖြစ်လေသည် ။ သစ်သားနံရံများကို အထပ်ထပ် ရေနံသုတ်ထားသဖြင့် ညိုမှိုင်း၍နေ၏ ။ ထိုကဲ့သို့ အထပ်ထပ် ရေနံသုပ်ထားခြင်းသည် တစ်နည်းအားဖြင့်ဟောင်းနွမ်းယိုယွင်းခြင်းကို ဖုံးအုပ်ထားသလို ရှိပေ၏ ။ အခင်းကြမ်းပြင်မှာ အကြိမ်ကြိမ် တိုက်ထားသဖြင့် တဖိတ်ဖိတ် တောက်နေ၏ ။ သို့ရာတွင် တောက်ပနေသော အခင်းအရောင်သည်ဟောင်းနွမ်းယိုယွင်းခြင်းကို မဖုံးအုပ်နိုင် ။ နှစ်ပေါင်းများစွာ ခြေနင်းထားသဖြင့် ခြေတိုက်စားသောကြောင့် ခွက်နေသောနေရာများကို ထိတွေ့နိုင်သည် ။ ဆွေးသဖြင့် ကျိုးကျသော နေရာများတွင်ဖာထေးထားသည်ကိုလည်း မြင်နိုင်သည် ။
ဧည့်ခန်းတွင် ခင်းထားသော ကုလားထိုင် စားပွဲများမှာလည်း မည်မျှပင် ပွတ်တိုက် သုတ်လိမ်းထားထား ၊ မည်သို့ပင် ဇာအလှတို့ဖြင့် ဖုံးဖုံး ၊ ဟောင်းနွမ်းသော အသွေးအမွေးနှင့် ရှေးဆန်သောပုံသဏ္ဌာန်များကို မဖုံးလွှမ်းနိုင်ချေ ။ သူတို့ အိမ် ဧည့်ခန်းတွင် ပွတ်လုံးတပ် ကုလားထိုင်များကိုလည်းကောင်း ၊ ဘုရားတန်ဆောင်းတွင် ပန်းပုထုထားသလို ထုလုပ်ဆင်ယင်ထားသော စားပွဲများကို လည်းကောင်း ခင်းကျင်းထားလေသေး၏ ။ အကယ်တန္တု ဧည့်ခန်းသို့ကြွပါဟု ဖိတ်ခေါ်ခြင်းမခံရဘဲ ထိုအခန်းတွင်းသို့ ဝင်မိချေသော် ရှေးဟောင်း အိမ်ထောင်ပရိဘောဂပစ္စည်း ပြခန်းတစ်ခုသို့ဝင်ရောက်နေသည်ဟု ထင်မိပေလိမ့်မည် ။
ကျွန်တော်တို့သည် ထိုဧည့်ခန်း၌ ကျုံ့ကျုံ့ယုံ့ယုံ့ကလေး ထိုင်နေကြ၏ ။ ဧည့်ခန်းအဝင်ဝ၌ဆွမ်းဆန်တောင်းကို ချထားသည် ။ ဆွမ်းဆန်တောင်း ထမ်းသူများမှာ အခန်းထဲ မဝင်ကြဘဲပြင်ဘက် ဝရန်တာတွင် ရပ်နေကြသည် ။ ကြေးစည်ရိုက်သူတို့ကား အိမ်ပေါ်သို့ပင် မတက်ခဲ့ကြ ။အိမ်အောက် ခုတင်ကြီးပေါ်တွင် ထိုင်သူ ထိုင် ၊ လှဲသူ လှဲ ၊ အိမ်အောက်ရှိရေအိုးစင်မှ ရေခပ်သောက်သူသောက် ၊ ကျွန်တော် နှင့် ဦးလေးမြင့် တို့သာ ဧည့်ခန်းတွင်းသို့ ဝင်ကြလေသည် ။ ကျွန်တော့်လက် မှာ အလှူခံငွေဖလား ရှိ၏ ။ ဦးလေးမြင့် မှာ ဆွမ်းခံရာတွင် ဘာတာဝန်မျှ ထမ်းဆောင်ဖို့ မလို ၊မျက်နှာပြဖို့သာ လိုသောကြောင့် သူ့လက်ဝယ် ဘာမျှ ကိုင်ဆောင် မထားချေ ။ ဦးလေးမြင့် မှာသတင်းစာတိုက်တစ်တိုက်တွင် ဒုတိယ ဖိုမင်လူကြီး ဖြစ်ပြီး ရပ်ရွာသာရေးနာရေးတွင် မားမားမတ်မတ် ဆောင်ရွက်သဖြင့် လူသိများသော ပုဂ္ဂိုလ်ကြီးပေတည်း ။ ကျွန်တော်တို့သည်စောင့်နေကြ၏ ။ စောင့်နေကြစဉ် နံရံရှိ ချိန်သီးတပ်နာရီကြီးမှ ဒေါက်ဒေါက် - ဒေါက်ဒေါက်အသံနှင့် ကျွန်တော်၏ အသည်းနှလုံးခုန်သံများကို ကြားနေရလေသည် ။
တစ်အောင့်လောက်ကြာလျှင် အတွင်းခန်းမှ ဧည့်ခန်းတွင်းသို့ မိန်းမပျိုကလေးတစ်ဦး ဝင်လာလေသည် ။ သူ့လက်ထဲမှာ ဆွမ်းဆန်တစ်ပြည် နှင့် ငွေတစ်ကျပ် ။ အကယ်၍ သူ့လက်ထဲမှာ ဆွမ်းဆန်တစ်ပြည် နှင့် ငွေတစ်ကျပ် မပါလျှင် ကျွန်တော်သည် သူ့အား ထိုခြံ ၊ ထိုအိမ် ၊ ထိုဧည့်ခန်းမှမိန်းမပျိုလေး ဖြစ်သည်ဟု ဘယ်နည်းနှင့်မျှ မှတ်ယူမည် မဟုတ်ပေ ။ ပင်စောက်ကြီးများဖြင့် ဖုံးအုပ်နေသော ထိုအိမ်ကြီးနှင့် ထိုဧည့်ခန်းဟောင်းတို့သည် ထိုမိန်းမပျိုကလေး၏ လတ်ဆတ် ပျိုမျစ်ခြင်းနှင့် သဘောမတူ ခြားနားလှချေဘိ၏ တကား ။
သူ၏အသားမှာ စိုပြည်ဝါဝင်းနေ၍ ပါးမို့ ၊ လက်ဖဝါး စသည်တို့တွင် သွေးစို့ကာ နီကြန့်ကြန့်ဖြစ်နေပေသည် ။ အိစက်ညက်ညောသော ကိုယ်လုံးကိုယ်ထည် နှင့် တည်ကြည်သော မျက်နှာတို့မှာ ကြည်ညိုနှစ်လိုဖွယ် ကောင်းလှသည် ။ ဆံပင်ကို တစ်ပတ်လျှိုဘီးခံ၍ နောက်တွဲထုံးထားပေရာ အိမ်နေရင်းသဘာဝကျကျ မခို့တရို့အလှကို တမင်ဖော်ထုတ်ပြနေရာ ရောက်ပေ၏ ။
သူမသည် ဣန္နြေရသော မျက်နှာကို ကျွန်တော့်ဆီသို့ မူထားသဖြင့် တောက်ပနေသော မျက်လုံးများနှင့် တင်းလည်း မတင်း ၊ လျော့လည်း မလျော့ဘဲ စေ့ထားအပ်သော နှုတ်ခမ်းနီကလေးများကို သတိပြုမိပေ၏ ။ ၎င်းပြင် သူမ၏ မျက်လုံးများသည် ကျွန်တော့် မျက်နှာပေါ်သို့ အာရုံစိုက်ထားသည်မဟုတ်ဘဲ ကျွန်တော့် လက်ထဲက အလှူခံဖလားဆီသို့သာ အာရုံစိုက်ထားသည်ကိုလည်း သတိပြုမိပေသေး၏ ။ သို့ကလို ကျွန်တော့်အပေါ်တွင် အာရုံ မစိုက်သည်ကို သတိပြုမိသောကြောင့် စိတ်ထဲမှာ ကြေကွဲဝမ်းနည်းသလိုလို ဖြစ်မိသေး၏ ။
သူမသည် ကျွန်တော့်လက်ထဲက ဖလားထဲသို့ ငွေတစ်ကျပ် ကို ရိုသေစွာထည့်ပြီး အပေါက်ဝရှိဆွမ်းဆန်တောင်းထဲသို့ ဆွမ်းဆန်ကို ထည့်လောင်းပြီးနောက် အတွင်းခန်းထဲသို့ ဝင်မည်ပြုသောအခါ ဦးလေးမြင့် က လှမ်း၍မေးလိုက်လေသည် ။
“ ဒေါ်ဌေးကြည် တို့ကော ရှိရဲ့လား ”
သူမက ကျွန်တော်တို့ဘက်သို့ ကိုယ်ကို မလှည့် ၊ ခေါင်းကို လှည့်ပြီး -
“ မာမီရှိပါတယ် ၊ ခုပဲ ထွက်လာပါလိမ့်မယ် ”
သို့ကလို လှည့်ပြောရင်း ကျွန်တော်တို့ဘက်သို့ လှည့်ကြည့်သော်လည်း သူမ၏ အာရုံသည်ကျွန်တော့်ဆီသို့ တစ်ဆံခြည်မျှ ရောက်ဟန် မရှိပါ ။ ထို့ကြောင့် ကျွန်တော်သည် အနှိမ်ခံရသလိုထင်မိပြီး မာနအငွေ့အသက်ကလေး ရောယှက်သည့် ဒေါသကလေးပင် ထွက်မိသေး၏ ။ သို့ရာတွင် လှည့်အကြည့်လိုက် မီးရောင်ထဲမှာ စိန်ကို လှည့်လိုက်သောအခါ ဖျတ်ခနဲ ထွက်လာသောအရောင်နှင့်အတူ သူမ၏ အလှရောင်ကိုကား မချီးကျူးဘဲ မနေနိုင်ပါ ။
ဤသည်ကား ဝင်နီဖေ ( ခေါ် ) မသိန်းဝင်း နှင့် ပထမဆုံးအကြိမ် တွေ့မြင်ကြပုံတည်း ။
နောက် တစ်အောင့်လောက် ကြာသောအခါ ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ဦး ထွက်လာလေသည် ။အသက် မှာ ၃၈ - ၃၉ နှင့် ၅ဝ ကြား ဖြစ်ချင်ရာ ဖြစ်နိုင်သည် ။ သို့ရာတွင် ဘယ်နည်းနှင့်မျှ ပင်စင်အငြိမ်းစား ယူလောက်သော အရွယ် မဟုတ်ချေ ။ ပို၍ တိကျစွာဆိုရသော် ဘယ်နည်းနှင့်မျှ ပင်စင်အငြိမ်းစားကြီးတစ်ဦး ၏ ဇနီးအရွယ် မဟုတ်ချေ ။ လတ်လတ်ဆတ်ဆတ် မင်းကတော်ကြီးနှင့်သာတူပေ၏ ။ ထောင်ထောင်မောင်းမောင်း အရပ်အမောင်း ကောင်းလှ၏ ။ ဝဖြိုးအိစက်၏ ။ အသားဖြူဝင်း၏ ။ မျက်နှာချိုပြုံး၍ ဖော်ရွေ၏ ။ ကျွန်တော်သည် မြင်မြင်ချင်း ဒေါ်ဌေးကြည် ပဲ ဟု သိလိုက်ပေသည် ။ သူမက ဦးလေးမြင့် ဘက်သို့ -
“ အောက်က သူငယ်တွေ ဆေးလိပ်သောက်ကြရရဲ့လား ”
“ သောက်ကြရပါတယ် ။ ဒေါ်ဌေးကြည် ရဲ့ အိမ်ကလူတွေက နိစ္စပတ်ကုသိုလ် ဝတ္တရား ကျေပွန်ကြပါတယ် ။ ကျွန်တော်တို့ မလာခင်ကတည်းက ဆေးလိပ်တွေချထားတယ် ''
“ ကျွန်မတို့ ဝတ္တရားကျေတာက ဘာဟုတ်သေးလဲရှင် ။ ဦးမြင့် တို့ ကုသိုလ်ရေး ကျေပွန်တာကမှတကယ် ချီးမွမ်းလောက်တယ် ။ ကျွန်မတို့လို သူငါ ကုသိုလ်ပြုနိုင်အောင် နိဗ္ဗာန်ဆော်ပေးတဲ့အတွက် ပိုပြီး ကုသိုလ်ကြီးပါတယ်ရှင့် ”
ဒေါ်ဌေးကြည် နှင့် ဦးလေးမြင့် တို့သည် ဒါနသီလ ဘာဝနာ အကြောင်းများကို တစ်ယောက်တစ်ပေါက် ရောက်တတ်ရာရာ ပြောဆိုနေကြလေသည် ။ ဒေါ်ဌေးကြည် သည်လည်း သူ့သမီး ကဲ့သို့ပင် ကျွန်တော့်ဘက်သို့ အာရုံကျက်စားခြင်း ရှိဟန် မတူပါ ။ ကျွန်တော်ကား သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို သိမ်းကျုံးကြည့်ပြီး အဘယ့်ကြောင့် ဤမျှ အရွယ်တင်ပါသနည်း ။ သူ့သမီးကို သူမဘယ်အရွယ်တုန်းက မွေးခဲ့ပါလေသနည်း ။ သူ့ သမီးနှင့် သူ့အမေ ဘယ်နေရာတွင် တူညီကြပါသနည်း ။ သူမ၏ စိန်ကြယ်သီးသည် အစစ်လော အတုလော ။ သူမ၏ ဆံပင်သည် မည်မျှ ရှည်သနည်း ။ အငြိမ်းစားဝန်ထောက်ကြီး ဦးဖေ က သူ့အား မည်ရွေ့မည်မျှ ချစ်ပေလိမ့်မည်နည်း - စသည်ဖြင့် အမျှင်မပြတ် မအားမလပ် စဉ်းစားလျက်ရှိလေ၏ ။
ယင်းသို့ ဘာသိဘာသာ စဉ်းစားတွေးတောနေဆဲ ဒေါ်ဌေးကြည် က ဆတ်ခနဲ ကျွန်တော့်ဘက်လှည့်၍
“ ဒီသူငယ်က ဘယ်သူလဲ ၊ တစ်ခါမှ မမြင်ဖူးသေးပါကလား ”
ကျွန်တော့်မှာ ထိုစကားကိုကြားသောအခါ ကျီးကန်းလူမိ ကသိကအောက် ဖြစ်သွားသေးသည် ။နောက် မှ ပြုံးလိုက်ပြီး အဖြေပေးရန် ပြင်ဆင်နေစဉ် ဦးလေးမြင့် က ဝင်ဖြေလိုက်လေသည် ။
“ သူ့နာမည်က မောင်တင်ထွန်း တဲ့ ၊ ကျွန်တော်တို့ အရပ်ထဲမှာနေပြီး ကောလိပ်ကျောင်း ဘီအေမှာတက်နေတယ် ”
ဒေါ်ဌေးကြည် ၏ မျက်နှာ သိသိသာသာကြီး ချိုသွားပြီး ကျွန်တော့်ဘက် လုံးလုံး လှည့်လိုက်သည် ။
“ ဪ ၊ မင်းက ကောလိပ်ကျောင်းသားကိုး ၊ သာဓုကွယ် သာဓု ၊ ကြည့်စမ်း - ကြည့်စမ်း ၊ ကောလိပ်ကျောင်းသား ဆိုပြီး သွေးမကြီးဘူး ၊ ဆွမ်းကြီးလောင်းအသင်းမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပြီးဆောင်ရွက်တယ်နော် ၊ သာဓုကွယ် သာဓု ”
ယခုမှ သူတို့သည် ကျွန်တော့်အား အသိအမှတ်ပြုကြပေတော့သည် ။ ထိုအချိန်ထိ ကျွန်တော့်မှာဒေါ်ဌေးကြည် နှင့် သူ့သမီးတို့၏ အသိအမှတ်ပြုခြင်း မခံရဘဲ နှိမ်ထားသလို ခံစားနေရသောကြောင့် စိတ်အားငယ်ကာ လူနေပါ ကျုံ့နေခဲ့ပါသည် ။ ယခုမူ ကျွန်တော်သည် ရင်ကို ကော့နိုင်ပြီ ။မျက်နှာကို မော့နိုင်ပြီ ။
“ ဟုတ်ကဲ့ ၊ ဘုရားသာသနာတော်အကျိုးကို ဆောင်ရွက်ရာမှာ လူချမ်းသာပဲ ၊ ဆင်းရဲသားပဲ ၊ မင်းပဲ ၊နင်းပြားပဲ ၊ သခင်ပဲ ၊ ကျွန်ပဲ ၊ ကောလိပ်ကျောင်းသားပဲ ၊ လူ့အန္ဓပဲ ခွဲခြားဖို့ မလိုပါဘူးခင်ဗျာ ၊ပိတ်ဖြူစင်ကြယ်ဝတ်ပြီး ကုသိုလ်ရေးလုပ်တယ်ဆိုရင် အားလုံးတန်းတူချည်းပါပဲ ။ ခု - ကျွန်တော်တို့ အထဲမှာဆိုရင် ဘတ်စ်ကားစပယ်ယာ ၊ မြင်းလှည်းသမား ၊ ဈေးသည် ၊ ကျောင်းသား အစုံပါကြတာပါပဲ ။ ကုသိုလ်ရေး ကြိုးစားကြတာမှာ ချွေးထွက်ကြတာ ဘယ်သူ့ဘယ်သူမှ မပိုကြပါဘူး ”
ဒေါ်ဌေးကြည်က တပြုံးပြုံးနှင့် နားထောင်နေရာက -
“ ကြည့်စမ်းကြည့်စမ်း ၊ အန်တီ တူကလေးက စကားပြောကလည်း တတ်လိုက် လိမ္မာလိုက်တာနော် ”
၎င်းနောက် ကျွန်တော့် မွေးရပ်ဌာနီ နှင့် မိဘများအကြောင်း မေးလေသည် ။ ကျွန်တော်က လုံးစေ့ပတ်စေ့ ပြန်ဖြေသောအခါ -
“ အဲဒီ မင်းတို့နယ်ကို အန်တီတို့ ကောင်းကောင်း သိတာပေါ့ ။ မင့်အန်ကယ်လ် မြို့အုပ် လုပ်တုန်းကရောက်ဖူးတာပေါ့ ”
သို့ဖြင့် ဒေါ်ဌေးကြည် သည် ကွဲကွာနေသော ရပ်ဆွေရပ်မျိုးကို တွေ့လေဟန် ၊ ရှေးဟောင်းနှောင်းဖြစ် စကားများပြောပြီး ကျွန်တော်နှင့် ရင်းနှီးမှု ယူလိုက်ပါသည် ။ ကျွန်တော်ကလည်းမဆွတ်ခင်က ညွတ်ချင်သည့်ပန်း ။
“ အေး ၊ အန်တီတို့နှင့် ဆွေမျိုးရင်းချာလို သဘောထားပြီး ဆက်ဆံနော် ။ အလည်သက်သက်လာခဲ့ဦး မောင်တင်ထွန်း ရေ ၊ မင်း အန်ကယ်လ်ကြီးနဲ့လည်း မိတ်ဆက်ပေးရဦးမယ် ။ ခုတော့အန်ကယ်လ်ကြီးက မရှိဘူး ။ သူ့သမီးအငယ်ရယ် သားကလေးရယ် ခေါ်ပြီး အန်တီ့ရဲ့မောင် ဝတ်လုံတော်ရ ဦးမြဘူး အိမ် သွားလည်ကြတယ် ။ သမီးအကြီး ဝင်နီ တော့ အိမ်မှာ ရှိတယ် ။ ခုနင်ကတွေ့လိုက်တယ် မဟုတ်လား ”
ဒေါ်ဌေးကြည် က မေးလိုက်ပုံမှာ ပြုံးစိစိ မို့ ရိုးရိုးမေးသည့် အမေးဟု မယူဆပါ ။ ကလိဆွသည့်အမေး ဖြစ်ဟန် ရှိပါသည် ။
“ အဲဒါ ဝင်နီ တဲ့လား ၊ မြင်တော့ မြင်လိုက်ရပါရဲ့”
“ ဪဪ ၊ မြင်ရုံသာ မြင်လိုက်ရပြီး အသိမဖွဲ့လိုက်ရဘူးပေါ့ ၊ ဟဲဟဲ အသိဖွဲ့ပေးရမှာပေါ့ ။ ဝင်နီရေ ဝင်နီ သမီးရေ လာပါဦးကွယ် ”
ဝင်နီမှာ ခပ်ဝေးဝေးမှာ နေဟန် မတူ ။ ကျွန်တော်တို့နှင့် ကပ်နေသော အတွင်းခန်းမှာသာ ရှိဟန်တူ၏ ။ ခေါ်လိုက်သံနှင့် ထူးသံမှာ ဆက်နေပါသည် ။ ထူးသံကြားရပြီး ဘာမျှ မကြာခင် ဝင်နီဖေ( ခေါ် ) မသိန်းဝင်း ရောက်လာလေသည် ။
“ ဘာလဲ မာမီ ” ဟု မေးပြီး အမေ့ဘေးမှာ ကနွဲ့ကလျလာ၍ ရပ်နေလေသည် ။ ကျွန်တော့် မျက်လုံးအစုံကား ဝင့်နီမျက်လုံးကလေးပေါ်တွင် လွှဲဖယ်၍ မရအောင် ငြိတွယ်နေကြလေသည် ။
“ ထိုင်ပါဦး သမီးရဲ့”
ကျွန်တော့် မျက်လုံးများသည် ကုလားထိုင်တစ်လုံးပေါ်တွင် ယဉ်ကျေးသပ်ရပ်စွာ ဝင်ထိုင်သောဝင်နီ နှင့် တစ်ပါတည်း လိုက်သွားကြလေသည် ။
“ ဟောဒါက ကောလိပ်ကျောင်း ဘီအေမှာ သင်နေတဲ့ မောင်တင်ထွန်း တဲ့ ၊ လက်စသတ်တော့မာမီတို့နဲ့ သိဟောင်းကျွမ်းဟောင်း ရပ်ဆွေရပ်မျိုးထဲကကိုးကွယ့် ”
ဝင်နီ က ကျွန်တော့်အား ပြုံး၍ ကြည့်လိုက်သည် ။ သူ့အပြုံးကလေးမှာ ကျွန်တော့် ရင်ကို အေးခနဲဖြစ်သွားစေပါသည် ။
“ သမီးရဲ့ ၊ မောင်တင်ထွန်း ဟာလေ သွေးကြီးမွေးကြီး မလုပ်တတ်ဘူး ။ ကြည့်စမ်း ၊ ကုသိုလ်ရေးမှာဘယ်လောက် အားထုတ်သလဲ ပြီးတော့ စကားပြောလည်း အင်မတန်ကောင်းတယ် ”
ယင်းကဲ့သို့ ချီးကျူးစကားပြောနေလေသဖြင့် ကျွန်တော့်မှာ မနေတတ် မထိုင်တတ်နှင့် မျက်နှာခပ်အမ်းအမ်း ဖြစ်လာပါသည် ။ ဝင်နီ မှာကား ချီးကျူးစကားများကို ပြုံးပြုံးကလေး စူးစိုက်နားထောင်၍သာ နေလေသည် ။
“ မောင်တင်ထွန်း ၊ ဘီအေအောင်ပြီး ဘာလုပ်မလဲဟေ့ ”
ကျွန်တော့်မှာ အဖြေရုတ်တရက် မပေးနိုင်ဘဲ ခဏတွေနေလေသည် ။ ထိုအချိန်တွင် ကျွန်တော့်ရည်မှန်းချက် များမှာ အထူးထွေပြားနေချိန် ဖြစ်လေသည် ။
“ ကျွန်တော်ကိုယ်တိုင်တော့ ခိုင်ခိုင်မာမာ ၊ မည်မည်ရရ ဘာမှမဆုံးဖြတ်ရသေးပါဘူး ၊ အဖေကတော့အိုင်စီအက်စ် အောင် အောင် ကြိုးစားရမယ်တဲ့ ”
ဒေါ်ဌေးကြည် သည် ခိုင်မာစွာ ပြဌာန်းအပ်သော မျက်နှာဖြင့် -
“ ဒါမှပေါ့ကွဲ့ ၊ အိုင်စီအက်စ် အောင် အောင် ကြိုးစားရမယ် ”
ဝင်နီ က ပြုံး၍ ခေါင်းကို မသိမသာညိတ်ကာ အမေကို ထောက်ခံလိုက်သည်ဟု ကျွန်တော် ထင်၏ ။
ဦးလေးမြင့် ကား ပါးစပ်အဟောင်းသား နှင့် ကျွန်တော်တို့ကို တစ်လှည့်စီ ကြည့်နေလေသည် ။
ကျွန်တော်ကမူ သူတို့အားလည်း မကန့်ကွက်ချင် ၊ အိုင်စီအက်စ်လောင်း အဖြစ်ဖြင့် သူတို့ကကျွန်တော့်အား မျှော်လင့်ခြင်းဖြင့် ကြည့်လိုက ကြည့်နေစေချင် ၊ ကိုယ့်စိတ်ထဲ ရှိတာတွေကိုလည်းဖွင့်မပြောချင်သေးရကား ပြုံးစိစိနှင့်သာ လုပ်နေလိုက်ပေသည် ။ ထိုအတွင်း အပေါ်က ဓနိပိုးစာလုံးကလေးများသည် ပြောင်ချောသော ကြမ်းပြင်ပေါ်သို့ ကျလာလေရာ ကျွန်တော်သည် ၎င်းတို့ကိုကြည့်နေမိလေသည် ။ ထိုအခါ ဟောင်းမြင်းယိုယွင်းနေသော အိမ် နှင့် လတ်ဆတ်လှပသော ဝင်နီ တို့သဘာဝမကျ ပနံမရပုံသည် ကျွန်တော့်စိတ်တွင် ပေါ်လာပြန်လေ၏ ။ ဒေါ်ဌေးကြည် ၏ စိတ်မှာလည်း ဓနိပိုးစာလုံးကလေးများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပေါ်လာဟန်လက္ခဏာရှိလေသည် ။
“ အန်တီတို့လည်း ရှေ့နှစ်ခါကျရင် ဒီအိမ်ကို ဖျက်ပြီး တိုက်တည် ရဦးမယ် ။ ဒီအိမ်က ခုလို အမြဲနေဖို့ဆောက်ထားတဲ့အိမ် မဟုတ်ဘူး ။ ခြံထဲ အလည်လာတော့ တည်းခိုဖို့ ဒီအိ်မ်ကို ဆောက်ထားတာ ၊တိုက်ဆောက်ဖို့လေ ၊ ဟို မြူနီစပယ်ရုံးကြီးကို ဆောက်တဲ့ ဦးတင် ကိုတောင် ပုံစံအဆွဲခိုင်းထားပြီးပြီ ”
ဤမျှပြောပြီး စကားရပ်ကာ ဒေါ်ဌေးကြည် သည် ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်နေ၏ ။
ကျွန်တော်က ဘာမျှစကား မထောက် ၊ စကား မဖြည့် ။ ဝင်နီ ကလည်း ထို့အတူ ၊ ဦးလေးမြင့် ကလည်းထိုနည်း ။ သို့ဖြင့် နံရံကနာရီကြီး၏ ချိန်သီးသံသာလျှင် လွှမ်းမိုးနေလေတော့သည် ။ ဦးလေးမြင့် ကထလိုက်ပြီး -
“ ကိုင်း ၊ ကျွန်တော်တို့ သွားလိုက်ဦးမယ် ။ ဆွမ်းဆန်ခံစရာ အိမ်နည်းနည်းကျန်သေးတယ် ”
ကျွန်တော်လည်း မတ်တတ်ထရပ်လိုက်ပြီး -
“ ကျွန်တော်လည်း သွားပါဦးမယ် ဒေါ်ဒေါ် ”
“ အေးအေး သွားဦးရော့ ၊ နောက်လာလည်နော် ။ မင်း အန်ကယ်လ်ကြီး နဲ့ တွေ့ရအောင် လာဖြစ်အောင် လာခဲ့နော် ”
ဒေါ်ဌေးကြည် က တဖွဖွလိုက် မှာနေလေသည် ။ ကျွန်တော်က ဝင်နီ အား ပြုံး၍ နှုတ်ဆက်ခဲ့သည် ။
“ သွားဦးမယ်နော် ဝင်နီ ”
ဝင်နီ သည် ထိုင်ရာမှ ထရင်း -
“ ဟုတ်ကဲ့ ကိုတင်ထွန်း ”
ဤကား ဝင်နီဖေ ( ခေါ် ) မသိန်းဝင်း နှင့် ကျွန်တော် စကားအပြန်အလှန် ပထမဆုံးအကြိမ် ပြောရခြင်းတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment