Friday, September 10, 2021

သူတော်ငတေ ၏ အညှာတို့ဆေး


 

❝  သူတော်ငတေ ၏ အညှာတို့ဆေး  ❞

စာရေးသူတို့ အရပ်သည် မြန်မာနိုင်ငံ၏ အစွန်ဆုံးအရပ် ဖြစ်သည် ။ တောတောင် ထူထပ်သည်။ သားရဲတိရစ္ဆာန်များ ပေါများသည် ။ ခေတ်မီတိုးတက်ဖွံ့ဖြိုးမှုဆို၍ ထိုစဉ်က လုံးဝ မရှိ။ အတန်းကျောင်း ( လောကဓာတ်ကျောင်း ) ဆိုသည်မှာလည်း ထိုစဉ်က မရှိ ။ မည်မျှ ခေတ်နောက်ကျသနည်းဆိုလျှင် ကျွန်ုပ်တို့ ငယ်စဉ်က ကံ့ကူဆံ မီးသွေးသင်ပုန်းတို့နှင့်သာ ဘုန်းတော်ကြီးကျောင်း၌ မြန်မာစာ သင်ကြားခဲ့ကြရသည် ။ ပထဝီ ၊ သိပ္ပံ ၊ ဓာတုဗေဒ ဆိုသည်ကိုပင် မကြားဘူးကြ။

ပြည်မနှင့်စာလျှင် ပုဂံခေတ်နှင့်ပင် နှိုင်းယှဉ်၍ ရသည် ။ ဦးကျည်ပွေ့ ရဟန်းတော်သည် စာသင်လို၍ ဘုရင်မင်းထံ ကံ့ကူဆံ အလှူခံဝင်ရသည်ကို စာဖတ်သူများ ကျောင်းစာ၌ သင်ကြားခဲ့ဖူးကြပြီး ဖြစ်ပါသည် ။ ကံ့ကူဆံနှင့် မီးသွေးသင်ပုန်းဆိုသည်ကို ယခုအခါ ပြတိုက် များ၌သာရှေးဟောင်း ပစ္စည်းများအဖြစ် မြင်နိုင် ၊ တွေ့နိုင်ကြပေလိမ့်မည် ။

ထို့ကြောင့် ကျွန်ုပ်တို့ဒေသခံ လူများသည် အစွဲအလမ်း ကြီးကြသည် ။ စုန်း ၊ နတ် ၊ တစ္ဆေ ၊ ကဝေ ၊ မှင်စာ စသည်တို့ကိုလည်း အယုံအကြည် များကြသည် ။ မြန်မာမှုနယ်ပယ်မှ ရှေးကျ၍ နက်နဲခက်ခဲသော လောကီပညာ အစီအမံများကိုလည်း အတော်အတန် တတ်ကြသည် ။ ထို့ကြောင့် ယခု သူတော်ငတေ ၏ လောကီပညာ အစီအမံတစ်ခုကို တင်ပြလိုက်ရခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ဘုန်းကြီးကျောင်း၏ တောင်ဘက်တွင် တော ၊ တောင် ၊ ချောက်ကမ်းပါးကြီးများ ရှိသည် ။ ချောက်ကမ်းပါးတွင် ခွေးအများ၏ သားရဲတွင်းများလည်း ရှိသည် ။ ကျောင်းပရိဝုဏ် တစ်ခုလုံးတွင် သရက် ၊ ပိန္နဲ ၊ နရွဲ ၊ မာလကာ ၊ သင်္ဘောနှင့် ငှက်ပျောတောကြီးများလည်း ရှိသည် ။

ငှက်ပျောတောထဲမှ သီးမွှေးငှက်ပျောခိုင်ကြီး တစ်ခိုင်သည် အသီးထွား ၊ အလေးစီးကာ ကျောင်းတပ်စည်းရိုး၏ အပြင်ဘက်ကို ကိုင်းညွတ်ကျနေသည် ။ ကျောင်းတပ်စည်းရိုးနှင့် ကပ်လျက်တွင် လူသွားလမ်း ရှိသည် ။ ထိုလမ်းမှာ ကျောင်းသားများနှင့် ရွာသူရွာသားများ ရေကန်သို့ ရေခပ်သွားရာလမ်းလည်း ဖြစ်သည် ။ ထို့ကြောင့် တပေါင်း၊ တန်ခူး နွေလရောက်လျှင် ညကျမှ ရေချိုးသူ၊ ရေခပ်ပြန်သူများသည် ထိုလမ်း၌ ည ( ၉ ) နာရီ ( ၁၀ ) နာရီထိ မပြတ်ကြ ။ စကားတပြောပြောနှင့် ရေခပ်သွားသူ ၊ ရေခပ်ပြန်သူများကို ကျောင်းပေါ်ကပင် ကြားနေရသည် ။

ကျောင်းခြံတပ်စည်းကိုကျော်၍ လမ်းမပေါ် ကိုင်းညွတ်ကျနေသော သီးမွှေးငှက်ပျောခိုင်ကြီးမှာ အလုံးထွား ၊ အခိုင်ကြီးသဖြင့် ဘုန်းကြီးနှင့် တကွ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားကြီးများကပါ ငှက်ပျောခိုင်ကြီးကို အရိပ်တကြည့်ကြည့် ရှိနေကြသည် ။ လူသွားလူလာများသော လမ်းပေါ်ကို ကိုင်းညွတ်ကျနေသဖြင့် စိတ်မချသော ကိုရင်ကြီးနှင့် ကျောင်းသားကြီးများက ရင့်သည်နှင့် ခုတ်ပြီးအုပ်ထားကြရန် ပြောသည်ကို ဦးပဉ္စင်းကြီးက ပင်ထက် မှည့်အောင် ထားမည် ။ ဤငှက်ပျောပင်မှာ သူ စိုက်သော ငှက်ပျောပင်ဖြစ်သဖြင့် သူ့သဘောအတိုင်းသာ ဖြစ်ရမည် ။ လက်ရင်းဖီးမှ တစ်လုံး ၊ နှစ်လုံး ဝင်းမှည့်လာမှ ခုတ်မည် ။ မည်မျှ အသီးထွား၍ မည်မျှ ရှိသည်ကို စံအဖြစ် သိနိုင်ရန်ထားမည်ဟု အခုတ်မခံဘဲ တားထားသည် ။

သီးမွှေးငှက်ပျောခိုင်မှာ လမ်းပေါ်က လှမ်းဆွဲခုတ်လျှင်လည်း မီနိုင်သဖြင့် ရေခပ်သွားရင်း ပြန်ရင်း တစ်ယောက်ယောက် ခိုးခုတ်သွားလျှင် မစားလိုက်ရ ဖြစ်မည်ဟု ဦးပဉ္စင်းကြီးအား ပြောကြားသောအခါ ဦးပဉ္စင်းကြီးက ကျောင်းပိုင် ငှက်ပျောခိုင်မှန်း လူတိုင်းသိသဖြင့် ရပ်ထုံး ၊ ရွာထုံးအရ မည်သူမျှ ခုတ်ရဲမည် မဟုတ်ဟု စိတ်ချလက်ချပင် ပင်ထက် မှည့်အောင် ထားသည် ။

သည်လိုနှင့် ကျောင်းသားကိုရင်များ စိုးရိမ်ကြသလို တစ်နေ့ညတွင် သီးမွှေးငှက်ပျောခိုင်ကြီးကို လူခိုးခုတ်သွားလေသည် ။ အရိပ် တကြည့်ကြည့် ရှိနေခဲ့ကြသော ငှက်ပျောခိုင်မှာ ယခုအခါ ရိုးတံသာ ကျန်တော့သည် ။ ညက မည်သူ ခိုးခုတ်သွားမှန်း မသိ ။

ညက ငှက်ပျောခိုင်ကြီး ပျောက်သွားသဖြင့် ကိုရင် ၊ ကျောင်းသားကြီးများက ဦးပဉ္စင်းကြီးကို အပြစ်တင်ကြသည် ။ သူတို့ ပြောတုန်းကသာ ငှက်ပျောခိုင်ကြီးကို ခုတ်ထားကြလျှင် ယခုလောက်ဆို ဘုန်းတော်ကြီးနှင့်တကွ အကုန်စားကြရမည် ။ အခုကား ငှက်ပျောခိုင်ကြီးမှာ သူခိုးနောက် ပါသွားလေပြီ ။

ထိုအခါ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားကြီးများက ငှက်ပျောခိုင်သူခိုးကို အမျိုးမျိုး ထင်ကြေးနှင့် ဟိုလူသည်လူ စွပ်စွဲပြောဆိုနေကြသည် ။ ညက ရေခပ်လမ်းတွင် မည်သူ ၊ မည်ဝါ ၊ မည်သည့် အချိန်က ရေခပ်ပြန်သည် ။ ရေခပ်သွားသည်ကိုလည်း စုံစမ်းမေးမြန်းကြသည် ။ ရေခပ်အသွားအပြန် လူများမှာ မိန်းမ၊ ယောက်ျား တစ်ရွာလုံးသားများ ဖြစ်နေကြသဖြင့် မည်သူ့ကိုမှ အတပ်စွပ်စွဲ၍ မရ ။ နောက်ဆုံး စွပ်စွဲခံကြရသူတွေမှာ ထုံးစံအတိုင်း ရွာကာလသားများ ခေါင်းပေါ်ကျသည် ။ ကြက်ခိုး ၊ ငှက်ခိုး ၊ ဘူးသီးခိုးကအစ ကာလသားများသာ လုပ်တတ်ကြသော အလုပ်များဖြစ်သည် ။ သို့သော် ကာလသားများထဲမှ မည်သူမည်ဝါကို ဖော်ထုတ် စွပ်စွဲကြရမှန်းလည်း မသိကြသောအခါ ခြေတံရှည်ကျောင်းအောက်၌ ကွပ်ပျစ်ခင်း ထရံကာ ဖိုရုံလုပ်နေသော သူတော်ငတေဆီ ငှက်ပျောခိုင် ပြဿနာက ရောက်လာလေသည် ။

ဦးပဉ္စင်းကြီးက ကျောင်းအောက်နေ သူတော်ငတေ ဆီ သူခိုးဖော်ခိုင်းရန် သွားသည် ။ ဦးပဉ္စင်းနောက်တွင် ကိုရင်ကြီးနှင့် ကျောင်းသားကြီးများလည်း တန်းစီလိုက်ပါလာကြသည် ။

“ ဦးသူတော် ၊ ကျုပ်တို့ကို ကူညီပါဦးဗျ ”

ဟု ဦးပဉ္စင်းကြီးက ပြောသောအခါ သူတော်ငတေ ဖိုထိုးနေရာက လှည့်ကြည့်သည်။

“ ဘာကူညီရမှာလဲ ဦးပဉ္စင်း ”

“ ခု ကျုပ်တို့ကျောင်းခြံထဲက သီးမွှေးငှက်ပျောခိုင်ကြီးတစ်ခိုင် ညက ပျောက်သွားတယ်ဗျ ။ အဲဒါ အရင်နှစ်က လှသန်း ဖိနပ်ကို ပြန်ရအောင် လုပ်သလို ဦးသူတော် လုပ်ပေးစမ်းပါ ။ ဒီငှက်ပျောခိုင်ကြီးက အသီးထွားလို့ ကျုပ်ကလည်း ပင်ထက် မှည့်အောင်ဆိုပြီး ထားမိတာ ခုတော့ သူခိုးလက်ထဲ ပါသွားပြီ ။ ဆရာတော် သိရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျုပ်တို့ရွာမှာ ကျောင်းပစ္စည်းခိုးတယ်ဆိုတာ တစ်ခါမှ မကြားဘူး ၊ မကြုံဖူးပါဘူး ။ အဲဒါကြောင့် ဒီသူခိုးကို မှတ်လောက်သားလောက်အောင် ဦးသူတော် အစွမ်းနဲ့ ဆုံးမပေးစမ်းပါဗျာ ”

“ ဟာ ... ဘုန်းကြီးကျောင်းက ပစ္စည်းခိုးတယ်ဆိုတာ ဟုတ်တာပ ၊ ရွာနာတယ်လေ ။ ခွေးမသားသူခိုးကို မျက်ရည်စက်လက်နဲ့ကို ငှက်ပျောခိုင် ထမ်းပြီး ကျောင်းဝင်းထဲ ဝင်လာအောင် တပည့်တော် လုပ်ပြပါ့မယ် ဦးပဉ္စင်း ။ စိတ်ချ ၊ စိတ်ချ ငှက်ပျောခိုင်ကို ပြန်ကို ရစေရမယ် "

“ အေးဗျာ ၊ လုပ်စမ်းပါ။ အဲဒါကြောင့်လည်း ဦးသူတော်ကို ကျုပ်တို့က အားကိုးတကြီး လာပြောတိုင်ပင်ကြရတာ ။ လုပ်စမ်းပါ ”

“ ဦးပဉ္စင်းတို့ ငှက်ပျောခိုင်က ဘယ်နေရာက ပျောက်သွားတာလဲ ။ တပည့်တော် လိုက်ကြည့်ပါရစေ ”

ဟု ပြောပြီး သူတော်ငတေ ထလိုက်လာသည် ။ ဦးပဉ္စင်းနှင့် ကိုရင် ၊ ကျောင်းသားကြီးများက သူခိုးခိုးသွား၍ အညှာတံသာ ကျန်တော့သော ငှက်ပျောခိုင် အညှာတံကို လိုက်ပြကြသည် ။

သူတော်ငတေ က ငှက်ပျောခိုင်အညှာတံကို ကြည့်ပြီး ခေါင်းခါပြ၏ ။

“ ဟင် ... ဦးသူတော် ၊ ငှက်ပျောခိုင် ပြန်မရနိုင်တော့ဘူးပေါ့ ။ ဟုတ်လား ”

သူတော်ငတေက ခေါင်းခါသည်ကို မြင်၍ ဦးပဉ္စင်းက မေး၏ ။

“ ငှက်ပျောခိုင်ကတော့ ပြန်ရမှာ မဟုတ်တော့ဘူး ဦးပဉ္စင်း ”

“ ဟင် ... ဘာဖြစ်လို့လဲဗျ ”

“ အေးလေ ၊ ဦးသူတော် စောစောက ပြောတော့ မျက်ရည်စက်လက်နဲ့ကို ငှက်ပျောခိုင်ထမ်းပြီး ပြန်လာပို့အောင် လုပ်ရမယ်ဆို ”

ဦးပဉ္စင်း နှင့် ကိုရင်ကြီး တို့က ဦးသူတော်၏ မျက်နှာကို စေ့စေ့ကြည့်၍ နားမလည်သလို ပြန်မေးကြ၏ ။

“ စည်း ... စည်းကြောင့်ပဲ ဦးပဉ္စင်း ၊ စောစောက ဦးပဉ္စင်းက အမိန့်ရှိတော့ ကျောင်းဝန်းထဲ ငှက်ပျောခြံကထင်လို့ တပည့်တော် ပြောမိလိုက်တာ ။ ခုက ကျောင်းအပြင်စည်းရောက်နေတဲ့ ငှက်ပျောခိုင်ဆိုတော့ တပည့်တော် လျှောက် မိသလို မဖြစ်နိုင်တော့ဘူး ။ စည်းအပြင်ရောက်နေတဲ့ ငှက်ပျောခိုင်ကို ဘယ်ပြန်ရအောင်လုပ်လို့ ဖြစ်တော့မလဲ ။ စည်းဟာ သိပ် အရေးကြီးတယ် ။ အဲဒါကြောင့် ရပ်စည်း ၊ ရွာစည်း ၊ ကျောင်းစည်း ၊ ခြံစည်း ၊ တပ်စည်းဆိုတဲ့ စည်းတွေဟာ ရှေးရှေးလူကြီးတွေက အလကား ထားခဲ့ကြတာ မဟုတ်ဘူး ။ ဦးပဉ္စင်းတို့ ကြားချင်မှ ကြားဖူးကြမှာ ။ စည်းပေါက်လို့ တပည့်တော်တို့ မြန်မာနိုင်ငံတစ်ခုလုံး ကျွန်သပေါက်ဖြစ်ခဲ့ရတာ ကြားဖူးလား ”

“ မကြားဖူးပါလား၊ ပြောပါဦး ”

“ ဒီလို ... ဦးပဉ္စင်းရဲ့၊ တပည့်တော်တို့ အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ လာသိမ်းပြီးစကပေါ့ ။ အဲဒီအချိန်တုန်းက တပည့်တော်တို့ မြောက်ပိုင်းမှာ ကဝါလမိုင်း ဆိုတဲ့ လောကီပညာရှင် ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့တယ် ။ အဲဒီ ကဝါလမိုင်း ဆရာဟာ အင်္ဂလိပ်တွေကို ပြန်တိုက်ဖို့အတွက် ဘယ်လို အစီအမံတွေ လုပ်သလဲဆိုတော့ စစ်သားတွေ စုဆောင်းတယ် ။ စစ်သားဆိုပေမယ့် သူက လူစစ်သားတွေ စုတာ မဟုတ်ဘူး ။ စက္ကူစစ်သားတွေ ။ လောကီအစီအမံနဲ့ စုဆောင်းတာ ။ စက္ကူတွေကို လက်ညှိုး ၊ လက် မ အဖဲ့အစတွေ ညှပ်ပြီး သေတ္တာထဲ ထည့်ထားတယ် ။ ပြီးတော့ သူ့သင်္ခမ်းရှေ့မှာ မောင်းတစ်လုံး ချိတ်ထားတယ် ။ ကဝါလမိုင်း ဆရာက သူ့သင်္ခမ်းကိုလည်း စည်းသုံးတန်တားထားတယ် ။ သူ ဘယ်သွားသွား ၊ ဘယ်လောက် အရေးကြီးကြီး ဒီမောင်းကို ဘယ်သူမှ မထုရဘူးလို့လည်း သွားခါနီး လာခါနီးမှာ နေ့စဉ် မှာတတ်တယ်တဲ့ ။ ဒါနဲ့ တစ်နေ့ သူ ရွာထဲ ဆွမ်းခံသွားတော့ သူ့တပည့်တစ်ယောက်က ဆရာကြီးက သူ ဘယ်သွားသွား ဒီမောင်းကို မထုဖို့ နေ့တိုင်း မှာတာပဲ ။ ဒီမောင်းကိုထုရင် ဘာများ ဖြစ်မလဲလို့ စမ်းကြည့်တဲ့သဘောနဲ့ မောင်းကို ထုလိုက်တယ်တဲ့ ။ မောင်းသုံးချက်လည်း ထုပြီးရော စက္ကူတွေကို ညှပ်ပြီး ထည့်ထားတဲ့ သေတ္တာကြီးဟာ အလိုလို ပွင့်လာပြီး ဓား ၊ လှံကိုယ်စီနဲ့ စစ်သားတွေ သေတ္တာထဲက ကြွေးကြော်ပြီး ထွက်လာကြတယ်တဲ့ ။ သူ့အစီအမံကလည်း မပြီးသေးတော့ ကဝါလမိုင်း ဆရာဟာ မောင်းထုသံကြားတာနဲ့ သူ့သင်္ခမ်းကို ပညာသည် တစ်ယောက်ယောက်တော့ ဝင်ဖျက်ပြီအထင်နဲ့ စိုးရိမ်တကြီး ပြေးလိုက်လာတော့ သူ စီမံထားတဲ့ စက္ကူစစ်သားတွေဟာ စည်းနှစ်တန်ကိုတောင် ကျော်လာနေကြပြီတဲ့ ။ ဒါနဲ့ အစီအမံ မပြီးသေးတော့ အင်္ဂလိပ်တွေကို သွားတိုက်ကြရင်လည်း နိုင်ချေ မရှိသေးတာနဲ့ ကဝါလမိုင်း ဆရာဟာ စည်းထဲ ခုန်ဝင်လိုက်ပြီး သူ့စစ်သားတွေကို အစီအမံနဲ့ သေတ္တာထဲကို မန်းမှုတ် ပြန်သွင်း ထားလိုက်ရတယ်တဲ့ ။ စစ်သားတွေ သေတ္တာထဲက ထွက်လာကြတည်းကပင် ကြောက်လန့်ပြီး ထွက်ပြေးသွားကြတဲ့ သူ့တပည့်တွေဟာ အင်္ဂလိပ်ဆီ ရောက်သွားပြီး ကဝါလမိုင်း ဆရာရဲ့ အစီအမံတွေကို ပြောပြကြတော့ အင်္ဂလိပ်က ကဝါလမိုင်းဆရာကို ဖမ်းပြီး သတ်ပစ်လိုက်တယ် ။ သူ တစ်ဦးတည်းကို မဟုတ်ဘူး ။ တပည့်တော်တို့ပြည်မှာ ရှိရှိသမျှ လောကီပညာသည် အားလုံးကို ဖမ်းသတ်ကြတယ် ။ လောကီပညာသည်တင် မကဘူး ။ နောက်တော့ မြန်မာသမားတော်တွေကိုပါ ဖမ်းပြီး သတ်ကြတယ်။ အဲဒီ အချိန်ကစပြီး လောကီပညာတွေဟာ တိမ်မြုပ်ပျောက်ကွယ်သွားပြီး အင်္ဂလိပ်တွေလည်း အထက် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ကြတယ် ။ စည်း ဟာ လောကီပညာ အစီအမံအတွက် အလွန် အရေးကြီးတယ် ။ ရွာစည်း ၊ ကျောင်းစည်း ၊ နယ်စည်း ၊ ပြည်စည်းသာ မဟုတ်ဘူး ။ လူတိုင်းလူတိုင်းမှာ ကိုယ်စည်း ၊ နှုတ်စည်းဆိုတာလည်း အင်မတန် အရေးကြီးပါတယ် ။ တပည့်တော်တို့ လောကီအစီအမံ ... ”

“ ဒါဆို ခု ကျောင်းတပ်စည်း အပြင်ဘက်ကို ကိုင်းသီးနေတဲ့ ငှက်ပျောခိုင်ကို သူခိုးခိုးသွားတာ ခင်ဗျား ဘာမှ မတတ်နိုင်တော့ဘူးပေါ့ ဟုတ်လား ”

ငှက်ပျောခိုင် ပြန်ရရေးသာ စိတ်စောနေသော ဦးပဉ္စင်းကြီးက သူတော်ငတေ ရှည်ရှည်ဝေးဝေး တောပြောတောင်ပြော လျှောက်ပြောနေသည်ကို စိတ်မရှည်တော့သဖြင့် ခပ်ဆတ်ဆတ် စကားဖြတ် မေးလိုက်သည် ။

“ နဂိုကပင် စည်းအပြင်ဘက် သွားသီးပြီး ခုလည်း စည်းအပြင်ဘက် ရောက်သွားတဲ့ ငှက်ပျောခိုင်ကို ပြန်ရအောင်တော့ တပည့်တော်လည်း မစွမ်းနိုင်တော့ပါဘူး ဦးပဉ္စင်း ။ ဒါပေမယ့် ဒီငှက်ပျောခိုင် သူခိုးလည်း ကျောင်းဝင်းထဲက ငှက်ပျောသီးကို စားလို့မရအောင်တော့ တပည့်တော် လုပ်တတ်ပါတယ် ”

“ ဟာ ဒါဆိုလည်း မဆိုးပါဘူး ဦးသူတော်ရယ် ။ လုပ်စမ်းပါဗျာ ။ ကျောင်းက ငှက်ပျောခိုင်ကိုမှ ရွေးခိုးတဲ့ သူခိုးလည်း သူခိုးလာခဲ့တဲ့ ငှက်ပျောသီးကို စားမရရင် နောက်နောင် ကျောင်းဝင်းထဲက ဘာပစ္စည်းမှ မခိုးရဲအောင်ပေါ့ဗျာ ။ လုပ်စမ်းပါ ”

“ မှန်ပါ့ဘုရား ”

ဟု ပြောပြီး သူတော်ငတေသည် ဦးပဉ္စင်းကြီး နောက် မှ လေးငါးယောက်ရှိနေသော ကျောင်းသားကြီးများကို စိုက်ကြည့်ပြီး တစ်ယောက်စီကို နာမည်မေးသည် ။

“ မင်းနာမည် ”

“ အောင်ကျော်ပါခင်ဗျာ ”

“ မင်းနာမည်ကော ”

“ ထွန်းသာအောင် ”

“ မင်းနာမည် ”

“ ဝယ်ချေးအောင် ”

“ ဟင် မင်းနာမည်ကလည်း အဆန်းပါလား ”

“ ဘာမှ မဆန်းဘူး ဦးသူတော် ။ ဒီကောင့် အမေ ၊ အဖေတွေက ကလေး အဖတ်မတင်လို့ သူ့ဘကြီး သူကြီးက ပထမ ဝယ်မွေးစားထားတယ် ။ နောက် နည်းနည်းကြီးလာတော့ သူ့အမေ ၊ အဖေတို့ကို ပြန်ပေးမယ် ။ ခဏ ချေးငှားတဲ့သဘောနဲ့ အိမ်ပြန်ခေါ်ထားကြပြန်ရော ။ ဒါနဲ့ ဝယ်လိုက် ၊ ချေးလိုက် လုပ်ခဲ့ကြလို့ ဝယ်ချေးအောင် ဖြစ်လာတာ ”

“ ဟာ ဒါဆို ဟုတ်ပြီ ဦးပဉ္စင်း ၊ ဟေ့ကောင် ဝယ်ချေးအောင် ၊ မင်း ဝါးလုံးပိုင်း တစ်ပိုင်းယူပြီး ဘုန်းကြီးကုဋီ ( ရေအိမ် ) ကို သွားစမ်း ။ ဝါးလုံးအဖျားနဲ့ ကုဋီထဲက ချေးမစင်တွေကို ထိုးမွှေပြီး ဒီကို ယူလာခဲ့ ။ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားတွေအားလုံး နောက်ဆုတ်ကြ ။ ဘုန်းကြီးချေးဟာ အင်မတန် အာနိသင် ကြီးတယ် ။ စည်းချရမယ် ။ စည်းထဲ ဘယ်သူမှ မဝင်ရဘူးနော် ။ ဟေ့ကောင် ဝယ်ချေးအောင် ”

“ ခင်ဗျာ ”

“ မင်း ဝါးလုံး ချေးသုတ် ယူလာတဲ့အခါ ဒီစည်းထဲ မဝင်ရဘူးနော် ။ မင်းအပြင်က ငါ့ကို အဲဒီဝါးလုံး ချေးသုတ်လှမ်းပေး ။ ကဲ သွား ... သွား ၊ မြန်မြန်သွား ”

ဝယ်ချေးအောင် ဆိုသော ကျောင်းသားကြီး ကုဋီဘက် ထွက်သွားသည် ။ သူတော်ငတေ က သစ်ခက်ပိုင်းတစ်ခုကို ချိုးယူပြီး သူခိုး ခိုးခုတ်သွားသော ငှက်ပျောခိုင်ရိုးတံအောက် စည်းဝိုင်း ဝိုင်းသည် ။ ငှက်ပျောညှာတံကို လှမ်းကိုင်၍ ပါးစပ်က ပွစိပွစိ မန်းမှုတ်နေသည် ။

ဝယ်ချေးအောင် ပြန်လာ၍ ဝါးလုံးချေးသုတ်ကို လှမ်းပေးသောအခါ ငှက်ပျောခိုင် ညှာတံထိပ်ဝကို ဝါးလုံးထိပ်နှင့် ချေးမစင်သုတ်သည် ။ ပြီးသည်နှင့် ...

“ ကိုင်း အားလုံး ကျောင်းကို သွားကြတော့ ဘယ်သူမှ လှည့်မကြည့်ရဘူးနော် ။ ယောင်လို့ကို မကြည့်ကြနဲ့ ”

ဟု ပြောပြီး နှင်လွှတ်သည် ။ သူတော်ငတေ ဘာလုပ်သည်ကိုမူ လှည့်မကြည့်ရသဖြင့် မည်သူမျှ မသိကြပေ ။ တစ်ရက် ၊ နှစ်ရက် ကြာတော့ သူတော်ငတေ ကို ဦးပဉ္စင်းကြီး က မေး၏ ။

“ ဦးသူတော် ၊ ခင်ဗျားဟာ ဘာမှလဲ ဖြစ်မလာပါလား ”

“ ဦးပဉ္စင်းကို တပည့်တော်က ဘာဖြစ်မယ် ပြောလို့လဲ ”

“ ဟ .. ခင်ဗျားဟာ သူခိုးမဖော်ဘူးလား ”

“ စည်းအပြင်မှာ သွားသီးတဲ့ ငှက်ပျောခိုင်ပါဆို ဘယ်လိုလုပ် သူခိုးဖော်ရမလဲ ”

“ ဟောဗျာ ၊ ခင်ဗျားဟာက သူခိုးလည်း မဖော် ၊ အဲဒီ ငှက်ပျောသီးလည်း ဘယ်သူမှ မစားကြရဘူးဆိုတော့ ဘာအကျိုးရှိလဲ ။ ကုဋီထဲ ချေးသွားယူတဲ့အကောင် ချေးနံ့ရှူလာရတာပဲ အဖတ်တင်တာပေါ့ ”

“ မှန်တာပေါ့ ၊ ဘုန်းကြီးချေးလည်း နံတာပဲ မဟုတ်လား ။ တပည့်တော်က ဦးပဉ္စင်းကြီးကို ဘုန်းကြီးချေး မွှေးပါတယ်ဘုရားလို့လျှောက်ဖူးလို့လား ”

“ ဒီလိုပဲ ၊ ခင်ဗျားလုပ်ရပ် ဘာမှ ဖြစ်မလာရင် ခင်ဗျား ခွပြောပြီ ။ အလကား ”

ဦးပဉ္စင်းက စိတ်တိုပြီး ကျောင်းပေါ်တက်သွားသည် ။ သူတော်ငတေ ကမူ ဖိုရုံထဲတွင် တဟားဟား ရယ်၍ ကျန်ခဲ့၏ ။

သို့သော် မကြာပါချေ ။ နောက် တစ်ရက် ၊ နှစ်ရက် အကြာတွင် သူခိုးပေါ်တော့သည် ။ သူခိုးမှာ မင်းရွာက မောင်ထီး ဖြစ်သည် ။ မင်းရွာမှာ ရွာကြီးဖြစ်ပြီး လူနေအိမ်ခြေ များသလို လူတွေကလည်း စုံသည် ။ အရက်သမား ၊ ဖဲသမား ၊ ဘိန်းစား ၊ သူခိုး ပေါသလို လက်သမား ၊ ပန်းပဲ ၊ ပန်းရံ ၊ စက်ချုပ်သမား ၊ တံငါသည် လူစုံ ရှိသည်။

မင်းရွာက ဘိန်းစားမောင်ထီး သည် ကျွန်ုပ်တို့ကျောင်းက သီးမွှေးငှက်ပျောခိုင်ကို ရေသွားချိုးဟန်ဆောင်ပြီး ခိုးခုတ်သွားသည် ။ ထိုငှက်ပျောဖီးများကို မင်းရွာတွင် လျှော့ဈေးနှင့် ရောင်း၏ ။ သူခိုးဈေးနှင့် ဝယ်နေကျ လူများက ဘိန်းစားမောင်ထီး ဆီက အလုံးကြီး အသီးထွားသော သီးမွှေး ငှက်ပျောသီးကို ဝယ်ပြီး အုပ်ထားကြသည် ။ ငှက်ပျောသီး မှည့်လာသောအခါ တစ်အိမ်လုံး ချေးစော်နံလာသည် ။ အစကမူ လေတိုက်၍ အိမ်သာက အနံ့လာသည်ဟု ထင်ကြ၏ ။ နောက် မှည့်လာသော ငှက်ပျောသီးကို စားမည်ဟု အခွံနွှာလိုက်သောအခါ ချေးစော်နံ၍ အော့အန်ကုန်ကြသည် ။ တစ်ယောက် မဟုတ် ၊ တစ်အိမ် မဟုတ် ၊ ဘိန်းစားမောင်ထီးဆီကငှက်ပျောသီး ဝယ်ယူထားသူအားလုံး၏ ငှက်ပျောသီးများက တစ်လုံးမကျန် ချေးစော်နံသည် ။

ထို့နောက် ဘိန်းစားမောင်ထီး ကို ကျိန်ဆဲကြကာ ထိုသတင်းကြောင့် နောက်ပိုင်းတွင် ဘိန်းစားမောင်ထီး ဆီက မည်သည့်ပစ္စည်းမျှ မဝယ်ရဲကြတော့ ။ ဘိန်းစားမောင်ထီး လည်း ကျောင်းခြံမှ ငှက်ပျောသီးကို ခိုးမိ၍ ချက်ချင်းလက်ငင်း အကုသိုလ်ကြီးပြီဟု ကြောက်ရွံ့ကာ နောက်ထပ် ဘိန်းပါ ပြတ်ပြီး လူကောင်းသူကောင်း ဖြစ်သွားလေသည်။

◾ ဝေယံလင်းခေါင်

📖  ဂမ္ဘီရမဂ္ဂဇင်း
       ၂ဝဝဝ ပြည့်နှစ် ၊ ဇန်နဝါရီလ

koaungnaingoo.blogspot.com

No comments:

Post a Comment