❝ ဘဝ ရည်မှန်းချက် ❞
ဘာ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် အင်္ဂလိပ်ကျောင်းသို့ ရောက်ခဲ့ပြီ ။ ခေတ်ပညာကို သင်ရလေပြီ ။
ကျွန်တော့် စကောလားရှစ်မှာလည်း မများ ၊ အဖေ ပို့ပေးနိုင်သော ငွေမှာလည်း မများ ၊ ကျွန်တော့်
အဖေမှာလည်း စာရေးဘဝကို စွန့်လွှတ်ချင်လှ၍ ကုန်ကူးရာမှ ချစ်တီးအား နေအိမ်အပ်ရသော
အခြေသို့ ရောက်ခဲ့ရုံမက မပြေလည်သေးသဖြင့် လခထဲက ကြွေးဖဲ့ဆပ်နေရလေသေးသည် ။
ထို့ကြောင့် ဘော်ဒါမှာ လခကြီးပေး၍ မနေနိုင် ။ ကျွန်တော့်အဒေါ်နှင့် လင်တော်မောင် ဒီစတြိတ်
ကောင်စီ စာရေးကြီးအိမ်မှာ နေရလေသည် ။ စာရေးကြီးဆိုတော့ အစေခံ မငှားနိုင် ။ ထို့ကြောင့်
အိမ်ရှင်မလုပ်သူ ကျွန်တော့်အဒေါ်အား အိမ်တွင်းမှု ဗာဟီရကိစ္စများတွင် ကူညီရလေသည် ။
အင်္ဂလိပ်ကျောင်းသား ဆိုသော်လည်း ရေထမ်းရသည် ။ ဈေးသွားဝယ်ရသည် ။ ဆွမ်းစောင့်လောင်း
ရသည် ။ တံမြက်စည်း လှည်းရသည် ။ ဤမည်သော မြားမြောင်သည့်ကိစ္စတို့မှ အားလပ်လျှင်သာ
စာဖတ်ရ၏ ။ တစ်ခါတစ်ခါ စာဖတ်နေစဉ် ဦးလေးတော် က တောက်တိုမည်ရ ခိုင်းပြန်သဖြင့်
ပြေးလိုက်လွှားလိုက်ရလေသေးသည် ။ သည်မျှ မကသေး ၊ ဦးလေးတော်က မိန်းမငယ် နေသည်
ဟုဆိုပြီး အဒေါ်သည် ညညလိုက်ချောင်းရာ ကျွန်တော်က နောက်က အဖော်အဖြစ် လိုက်ရလေသည် ။
ကျွန်တော့်မှာ ကျောင်းသွားချိန်ကလွဲ၍ ကျောင်းသားနှင့် မတူလှပါ ။ အခိုင်းအစေကလေးနှင့်သာ
တူနေပါသည် ။
ထို့ကြောင့် စာသင်ပျက် မည်စိုးရှာသော ကျွန်တော့်အဖေက ကျွန်တော့်အား အခြားအိမ်တစ်အိမ်သို့
ပြောင်းရွှေ့ပေးပြန်ပါသည် ။ ၎င်းမှာ ကျွန်တော့်အဖေနှင့် ငယ်စဉ်က မိတ်ဆွေဖြစ်ဖူး၍ ယခု
ကျွန်တော်တို့၏ ကျောင်းမှာပင် အထက်တန်းဆရာ ဖြစ်နေသူ ဖြစ်ပါသည် ။ ဆရာ့အိမ်ဆိုတော့
စာလည်း ပိုဖတ်ဖြစ်မည်ဟု ယုံကြည်သည် ။ သို့ရာတွင် ထိုအိမ်မှာလည်း တစ်အိမ်လုံးအတွက်
ရေထမ်းရ ၊ ဆရာ့အတွက် တောက်တိုမည်ရ လုပ်ရန် ပြေးရလွှားရရုံမက ကလေးတွေ ဗရပွမို့ ကလေး
ပင် ထိန်းပေးနေရ ပြန်ပါလေသည် ။
အိမ်ရေးအိမ်ကိစ္စ အလုပ်များပြီး စာကျက်ချိန် နည်းသဖြင့် ကျွန်တော်လည်း စိတ်မကောင်း ၊ ကျွန်တော့်
မိဘများလည်း စိတ်မချမ်းသာ ။ သို့ရာတွင် ကျွန်တော်တို့အတွက် အင်္ဂလိပ်ကျောင်းနေ၍ ခေတ်ပညာ သင်ချင်လျှင် သည်နည်းသာရှိလေသည် ။ သို့ဖြစ်ရကား သူတို့အခိုင်းများ၍ စာကျက်ချိန်
သိပ်မရသော်လည်းတစ်နည်းအားဖြင့် စာသင်ဖြစ်အောင် ဖန်တီးပေးသဖြင့် ကျွန်တော့်ဦးလေးအား
လည်းကောင်း ၊ ကျွန်တော့်အဖေ့မိတ်ဆွေ ထိုဆရာအားလည်းကောင်း ၊ ယနေ့တိုင် ကျေးဇူးတင်စွာဖြင့် သတိရနေပါသည် ။ ၎င်းပြင် ယခု ပြန်စဉ်းစားလိုက်သောအခါ အင်္ဂလိပ်ကျောင်းသားဟု
ဂိုက်ကြီးဆိုက်ကြီးနှင့် မနေရဘဲ ရေထမ်းခြင်းကအစ လုပ်ခဲ့ခြင်းသည် ကျွန်တော့်အား အကျိုးများစေသည်ဟု ထင်ပါသည် ။ ကျိုးနွံသည် ၊ စိတ်ကြီးမဝင် ၊ စသောအရည်အချင်းများကို ကျွန်တော့်အား
ပေးခဲ့သည်ဟု ယူဆပေသည် ။
စာကျက်ချိန် နည်းခဲ့သော်လည်း စာမေးပွဲများကို အောင်ရုံမက အတန်းကျော်၍ တက်နိုင်ခဲ့ပါသည် ။
ဤအတွင်း ကျွန်တော့်အဖေ၏ အခြေအနေမှာလည်း တစ်စတစ်စ ကောင်းမွန်လာလေသည် ။
ကြွေးကျေသွားပြီ ။ မြေတိုင်းခ ၊ မြေပုံကူးခ ၊ ဦးပိုင်ပြောင်းခ စသော တရားသောလာဘ်သပ်ပကာ
များအပြင် မြေခွန်တော် လျော့အောင်ပေါ့အောင် သို့မဟုတ် ကောက်ပဲသီးနှံ လုံးဝမအောင်ဆိုပြီး
လုံးဝပလပ်နိုင်သော တန်းခိုးရှိခြင်းကြောင့် ' အပို ' လာဘ်သပ်ပကာများလည်း ရရှိလေသည် ။
ကျွန်တော့် အဖေကား အခြေအနေ ချောင်ချိသည် ဆိုလျှင်ပင် ကျွန်တော့်အား ဘော်ဒါသို့ ပို့၏ ။
ကျွန်တော်က ဘော်ဒါ မနေလိုလျှင် အိ်မ်ငှားရမ်း၍ ထမင်းလခပေးစားနိုင်ရန် စီစဉ်ပေး၏ ။ သူ အာရုံစိုက်သော အရာကား ကျွန်တော် စာကျက်ချိန် များရန်သာလျှင် ဖြစ်ပေသည် ။
သို့ဖြင့် ကျွန်တော်သည် အင်္ဂလိပ်မြန်မာ ဆယ်တန်းစာမေးပွဲကို သူများ သင်ရိုးသင်ချိန်ထက်
ထက်ဝက် မက စော၍ အောင်မြင်ခဲ့လေသည် ။
ဆယ်တန်း အောင်လေပြီ ။ မူလ မှန်းသလို မြေစာရင်း အင်စပက်တော်ကျောင်းကို သွားမလော ၊
ကျွန်တော့်အဖေ၏ မှန်းချက်ကား တက်သွားပြန်လေပြီ ။
ဆယ်တန်း မအောင်ခင်ကမူ သူ့အား နိုင်ချင်သလို နိုင်သွားသော ၊ သူက ဘုရားထူးရှိခိုးလိုက်ရသော
လယ်ဝန်များနှင့် သူ့သားအား တန်းတူ ဖြစ်စေချင်၏ ။ ဆယ်တန်းအောင်ပြီးသောအခါ သူ့သားအား
လယ်ဝန်များ အထက်က နေရမည့် ရာထူးကို ရောက်စေချင်၏ ။ ဆယ်တန်းအောင်ပြီး ဘီအေ အောင်ရမည် ။ ဘီအေအောင်ပြီး အိုင်စီအက်စ် အောင်ရမည် ။ ဤသည်ကား ကျွန်တော့်အဖေ၏ အသစ်ပွားတိုးလာသော မှန်းချက်ပေတည်း ။
သူ့မှန်းချက်အတိုင်း ကျွန်တော်က ခံယူပါသလား ။
ဆယ်တန်း အောင်ချိန်၌ ဤအမေးကို ကျွန်တော် လေးလေးနက်နက် ဆင်ခြင် မကြည့်မိပါ ။ အင်္ဂလိပ်ကျောင်း ပြောင်းနေစဉ်က လယ်ဝန် ဖြစ်ရမည်ဟု ကျွန်တော် ရည်မှန်းခဲ့၏ ။ သို့ရာတွင် ကျောင်းတွင်
စာသင်သောအခါ ထိုမှန်းချက်သည် တဖြည်းဖြည်း နောက်ဆုတ်သွားလေသည် ။ အခြား မှန်းချက်တစ်ခုခု မည်မည်ရရက သူ့နေရာကို ယူသည်ကား မဟုတ်ပါ ။ အင်္ဂလိပ်ကျောင်းနေ၍ အင်္ဂလိပ်
ပညာ သို့မဟုတ် ခေတ်ပညာ သင်ရသောအခါကစ၍ ပညာတတ်အောင်သင်မည် ။ စာမေးပွဲ
အောင်ရမည်ဟူသော ရည်မှန်းချက်ကသာ တစ်စတစ်စ လွှမ်းမိုးလာရာ ဆယ်တန်းအောင်သည်
အထိ ဖြစ်ပါ၏ ။
တစ်ခါတစ်ခါ စာဖတ်ရင်းသော်လည်းကောင်း ၊ ကျောင်းနေဖက် သူငယ်ချင်းများနှင့် စကားစပ်မိ၍
ပြောကြရင်းဖြင့် လည်းကောင်း ၊ ပညာတတ်ပြီးလျှင် ငါဘာလုပ်မလဲ ၊ သို့မဟုတ် ကြီးရင် ငါ
ဘာလုပ်မလဲ ဟူသော ပြဿနာ ပေါ်လာတတ်ပေသည် ။ ထိုအခါမျိုး၌ အဖေက ကျွန်တော့် ခေါင်းထဲ
သွင်းပေးခဲ့သော လယ်ဝန်ဖြစ်ရမည်ဆိုသော မူလရည်မှန်းချက်အပြင် အခြား မှန်းချက် များလည်း
ပေါ်လာတတ်ပေသည် ။
ဥပမာ - ဦးရွှေရိုး၏ ဝေဝေလွင် ဇာတ်ကားကို ကြည့်ပြီးနောက် ၊ ဦးရွှေရိုး ၏ ကပြဟန်ကို အလွန်နှစ်သက် စွဲလန်းခြင်းဖြစ်ပြီး “ ငါတော့ ကျောင်းထွက်ရင် ရုပ်ရှင်ဇာတ်လိုက် လုပ်မကွာ ” ဟု
သူငယ်ချင်းများအား ပြောမိလေသည် ။
ချားလ်စ်ဒစ်ကင်း ၊ ဆာဝါလ်တာစကော့ ၊ ဆာရိုက်ဒါဟက်ဂတ်တို့၏ ဝတ္ထုများကို ဖတ်ရသောအခါ
ဝတ္ထုများကို နှစ်သက်စွဲလမ်းသလောက် ဝတ္တုရေးဆရာများကို ကြည်ညိုအားကျလေသည် ။
ထို့ကြောင့် “ When I become a man , I will be a novelist , if can ” (ငါလူလားမြောက်သောအခါ တတ်နိုင်လျှင် ဝတ္ထုရေးဆရာ လုပ်မည် ) ဟူသော ကဗျာဆန်သည့် စာကလေးကို ကဗျာ
ဆန်သော စိတ်ကူးဖြင့် ရေးမိလေသည် ။
ကျွန်တော်တို့ အလွန်ငယ်ရွယ်၍ အတန်းငယ်လှသောအချိန်တွင် ဆာဂျေအေမောင်ကြီး သည် ခေတ္တ
ဘုရင်ခံကြီး ဖြစ်လာလေသည် ။ ဆာဂျေအေမောင်ကြီး သည် ခေတ္တဘုရင်ခံအဖြစ်ဖြင့် တိုင်းခန်း
လှည့်လည်လေရာ ကျွန်တော်တို့မြို့သို့ ရောက်လာပေ၏ ။ ထိုအခါ မြို့သူမြို့သားများက
ကြိုဆိုကြရာ ကျွန်တော်တို့ ကျောင်းသားကလေးများလည်း လမ်းမှာ စီတန်း၍ ယူနီယံဂျက်
အလံကိုလွှင့်ကာ “ အောင်ဆုဩဘာ မင်္ဂလာဖြင့် ၊ ဆယ်ဖြာလက် မြောက် ၊ ဆက်ကာလျှောက်ပိမ့် ” အစချီသော ဂျော့ဘုရင်ဘုန်းတော်ဘွဲ့ကို သံပြိုင်ရွတ်လျက် ကြိုဆိုကြရပါသည် ။ ထိုအခါတုန်းကမူ
အကြီးဆုံးသော အရာရှိကြီးဖြစ်ရန် ပြင်းထန်သောဆန္ဒ ကျွန်တော့်တွင် ဖြစ်၍လာပါသည် ။
တစ်နေ့သော ညနေခင်းတွင် ကျောင်းဘောလုံးကွင်း မြက်ခင်းပေါ်၌ သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့
စကားပြောကြရာ တင်လှ နှင့် စိုးဝင်းတို့က ဆရာဝန်အလုပ် ကောင်းမကောင်း ငြင်းခုံကြလေရာ
သူတို့နှစ်ယောက်၏ အငြင်းအခုံကား ဆုံးဖြတ်ချက် မကျ ။ ကျွန်တော်ကမူ “ ငါတော့ ဆရာဝန်
လုပ်မကွာ ” ဟု ဆုံးဖြတ်ချက် ချလိုက်ပါသည် ။
သို့ရာတွင် ဤမည်ဤမည်သော ရန်မှန်းချက် များကား စန္ဒရားပေါ်တွင် ကြောင်ခုန်တက်ရာမှ
ပေါ်ထွက်လာသော ဂီတသံမျှသာ ဖြစ်ပါသည် ။ နရီတိုက်၍ အစီအစဉ်နှင့် ပေါ်လာသော
ဂီတသံမျိုး မဟုတ်ပါ ။ အကြောင်း ဆိုက်သလို စကားအလျဉ်း သင့်သလို ပေါ်လာသော ရည်မှန်း
ချက် များသာ ဖြစ်ပါလေ၏ ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment