❝ သမိုင်းဦး ဝေဒနာ ❞
၁ ။
မြို့ မရောက်ခင်က ရွာတွဲဖက် အလယ်တန်းကျောင်းမှာ ထွေးမောင် ခုနစ်တန်းအထိ နေခဲ့သေးတယ် ။ ခုနစ်တန်း နှစ်ဝက်လောက် မှာပဲ မန္တလေးကို ထွက်လာခဲ့တာဆိုတော့ ကမ္ဘာ့သမိုင်းကို သင်ခဲ့ဖူးတာပေါ့ ။ လူ့သမိုင်းအစမှာ လူတွေဟာ ကျောက်လိုဏ် ၊ ကျောက်ဂူတွေထဲမှာ အုပ်စုဖွဲ့နေခဲ့ကြတယ် ။ နောက်တော့ အသိဉာဏ်မြင့်မားလာပြီး ယဉ်ကျေးမှုဆိုတာကလည်း တိုးတက်လာတော့မှ ဂူထဲကနေ ကွင်းပြင်တွေပေါ် တက်လာပြီး အိမ်ရာဆောက်လုပ် နေထိုင်လာတတ်ကြတယ် ။ ထွေးမောင်ရင်ထဲမှာ သိချင်တာတစ်ခု ရှိတယ် ။ ကျောင်းဆက် မနေတော့လို့ မသိတာများလားလို့ စနိုးစနောင့်လည်း ဖြစ်မိတယ် ။ လူတွေကို ဂူထဲက ထွက်ပြီး ကွင်းပြင်မှာ အိမ်နဲ့ရာနဲ့ နေတတ်လာအောင် ဘယ်သူကစပြီး တွေးခေါ်ဦးဆောင်ခဲ့တာလဲ ။ အဲဒီပုဂ္ဂိုလ် ဘယ်သူလဲ ။ ဒါကို ထွေးမောင် သိပ်သိချင်နေတယ် ။
၂ ။
တစ်မိုးလုံး မှောင်လာပြီ ။ လျှပ်တဝင်းဝင်း မိုးသံတဂျိမ်းဂျိမ်းကြားမှာ လေကလည်း တစ်ချက်တစ်ချက်ဝေ့လိုက်သေးတယ် ။ လေထဲမှာ မိုးနံ့ပါလာတယ် ။ စဉ့်ကိုင် ဒါမှမဟုတ် မြစ်ငယ် လောက်ဆီမှာ ရွာနေလောက်ပြီ ။
ထွေးမောင် ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်ပြီး ကားဂိတ်နဲ့ မျက်နှာချင်းဆိုင်က ကွမ်းယာဆိုင်ကို ခပ်သုတ်သုတ် လှမ်းခဲ့တယ် ။ ကွမ်းယာဆိုင်နောက် မှာ ထောင်ထားတဲ့ စက်ဘီး ကယ်ရီယာပေါ်ကို လက်ပွေ့ဆွဲခြင်း တင်လိုက်ပြီး ဆွဲခြင်းထဲက ပလတ်စတစ်တစ်စကို ဆွဲထုတ်လိုက်တယ် ။
ဆွဲခြင်းထဲက ထွေးမောင်ရဲ့ ရောင်းကုန်ပစ္စည်းတွေက မိုးထိလို့ မဖြစ်ဘူး ။ ထိုးမုန့် ၊ ဧလမုန့် ၊ ဒူးယားဘူး ၊ မီးခြစ် ပြီးတော့ ခရီးသွားရင်းဖတ်ဖို့
ရုပ်ပြစာအုပ် ၊ စတီရီယိုသီချင်းစာအုပ် ၊ ဘုရားရှိခိုးနည်း ၊ အန္တရာယ်ကင်း ဂါထာစာအုပ်အမျိုးမျိုး ၊ နောက် အိပ်ချင်ပြေ အချဉ်ထုပ်မျိုးစုံ ၊ အချဉ်ထုပ်တွေကတော့ ကြိုးနဲ့သီပြီး ကိုယ်မှာ စလွယ်သိုင်းထားရတယ် ။
အောင်သူကား ထွက်သွားရင် မုံရွာကားဂိတ်ကို ဆက်ကူးပြီး ရောင်းဖို့ စိတ်ကူးရှိပေမယ့် မိုးက စိတ်မချရတော့ဘူး ။ အောင်သူဂိတ် ကနေပဲ လှည့်ပြန်ရတော့မယ့် အခြေအနေပဲ ။ မနက်အစောကြီးထ ဗန်းမော်သင်္ဘောအမီ ရောင်းပြီး ဒါးတန်းက လားရှိုးဂိတ် ၊ မိုးကုတ်ကားဂိတ် ၊ နောက် တောင်ကြီးကားဂိတ် ၊ အဲဒီကမှ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းဂိတ် ၊ ထမင်းပြန်စားပြီး အခု အောင်သူဂိတ် ၊ ဒီနေ့အဖို့ သိပ်တော့ မဆိုးလှဘူး ။
ဆွဲခြင်းကို ကယ်ရီမှာ သေချာအောင် ညှပ်လိုက်ပြီး ပလတ်စတစ်နဲ့ လုံအောင် ပတ်လိုက်တယ် ။ ပြီးမှ အပေါ်ကနေ နိုင်လွန်ကြိုးနဲ့ ပတ်ချီပြီး သော့ဖွင့် လိုက်တယ် ။ မိုးကလည်း မည်းသထက် မည်းလာပြီ ။ အိမ် အမြန်ရောက် မှဖြစ်မယ် ။
ဆေးရုံက ဆင်းခဲ့တာ သုံးရက်ပဲ ရှိသေးတဲ့ နုရီတို့ သားအမိအတွက် ရင်ထဲမှာ အတော်ပူသွားတယ် ။ နုရီက သွေးနုနုနဲ့ မိုးရေ လုံးဝထိလို့ မဖြစ်ဘူး ။ အိမ်ကလည်း မိုးမလုံဘူး ။ ညဆိုရင် ကြယ်မြင်လမြင် ။ ပြီးတော့ သားဦး ဆိုတော့ နုရီ နားလည်ပါ့မလား ။ မိုးရေတို့ ဆပ်ပြာတို့နဲ့လည်း မတည့်ဘူးဆိုတာကို ဆေးရုံကလည်း ကျန်းမာရေးကောင်းလို့ကတော့ မွေးပြီး နောက်တစ်ရက် ဆင်း တော့ပဲ ။ ဆေးရုံမှာဆိုရင် စိတ်ချသေးတယ် ။
ထွေးမောင် စက်ဘီးခွထောက်ကို မ,တင်လိုက်ပြီး သုံးဆယ့်နှစ်လမ်းအတိုင်း အနောက်တည့်တည့် သွက်သွက်နင်းလိုက်တယ် ။
xxxx xxxx xxxx
ထွေးမောင်တို့ ရွာက ပခုက္ကူနယ်ဘက် မှာ ။ မိုးခဏခဏခေါင်တော့ ဘာမှ လုပ်စားလို့ မရတော့လောက်အောင် ဖြစ်တဲ့ပြင် နွားစာတောင်မှ အနိုင်နိုင် ။ ဒီတော့ ကျောင်းထွက်ပြီး မြို့တက်လာခဲ့တယ် ။ မန္တလေး ဒေးဝန်းရပ်ထဲမှာ ရွာခံ ဆွေမျိုးနီးစပ်တစ်ဦး ရှိတယ် ။ သူတို့က ထိုးမုန့် ၊ လမုန့် လုပ်တော့ သူတို့ဆီကနေ မုန့်ယူရောင်းကြရတာပေါ့ ။ ရောင်းပြီး ငွေချေပေးတဲ့အပြင် ရွာက တက်လာတဲ့လူကို ဆွဲခြင်းတစ်လုံး ဆီးပေးလိုက်တာပဲ ။ သူတို့လည်း အဆင်ပြေ ၊ ရွာသား အချင်းချင်း ကူညီစောင်မရာလည်း ရောက်တယ်လေ ။ ထွေးမောင်လို လူပေါင်း
အစိတ်သုံးဆယ်လောက် ရှိတယ် ။ အားလုံး အဲဒီ အိမ်ပေါ်မှာပဲ အိပ်ကြတယ် ။ မနက်လင်းတာနဲ့ ထွက် ၊ လမ်းမှာစား ၊ ညမိုးချုပ်မှ ပြန်အိပ်ရုံသက်သက်အတွက် နေရာလည်း ပေးထားတယ် ။ တစ်လ နှစ်ဆယ်တော့ ပေးရတယ် ။ သူတို့အခေါ်တော့ တစ်ကျော့နှစ်ဆယ် ။
မန္တလေးရောက်ပြီး သုံးနှစ်လောက်အကြာမှာ နုရီနဲ့ တွေ့ကြတယ် ။ ရတနာဂူ ပွဲနေ့ကပေါ့ ။
အဲဒီနေ့ဆိုရင် မန္တလေးမြို့ပေါ်မှာ ခြောက်ကပ်သွားတော့တာပဲ ။ အားလုံးက ဦးပိန်တံတား ၊ တောင်သမန်အင်းစပ် မယ်စယ်ပင်တန်း ၊ အထက်နန်း အောက်နန်း အဲဒီနေရာတွေမှာ အကုန်ရောက်ကုန်ကြတယ် ။ တချို့က ဘတ်စ်ကားနဲ့ တချို့က ကိုယ်ပိုင်ကား ၊ ဆိုင်ကယ် ၊ တချို့က စက်ဘီးနဲ့ ပိုပျော်စရာကောင်းတာက လှည်းတန်းရှည်ကြီးပဲ ။
ထွေးမောင်တို့ ကြေးဇွန်းခတ်တန်းလောက်ကနေ စောစောသွားစောင့်ကြတယ် ။ လာသမျှ လှည်းတွေထဲက ကိုယ်သဘောကျတဲ့ လှည်းနောက်က ကပ်လိုက်ကြတာပဲ ။ နုရီတို့လှည်းကို စတွေ့တော့ လှည်းမြီးမှာ ခြေတွဲလဲချပြီး ထိုင်လိုက်တဲ့ လေးယောက်ထဲမှာ နုရီကို မျက်စိကျခဲ့တယ် ။
လှည်းတန်းတစ်လျှောက်လုံး စပီကာသံ ၊ ကိုယ့်တီးဝိုင်းနဲ့ကိုယ် တီးကြမှုတ်ကြတဲ့ အသံတွေ ၊ စကြ နောက်ကြတဲ့ အသံတွေက ထောင်းထနေတဲ့ ဖုန်လုံးကြီးတွေနဲ့ လုံးထွေးရစ်ပတ်နေတယ် ။
' အိမ်ကို မြန်မြန်ပြန်ပါ ၊ ကလေးတွေ ငိုကုန်ပြီ '
' ဪ ... မင်းကတော့ ဒီမှာပျော်လို့ပေါ့ ။ ငါ့မှာတော့ ကလေးမနေလို့ လိုက်လာခဲ့ရတာ ၊ ရော့ ... ကလေး '
ပလတ်စတစ် ရုပ်ကလေးတစ်ရုပ်ကို တုတ်ရှည်ရှည်တစ်ချောင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားပြီး ရှေ့လှည်းမြီးကို လှမ်းစသူ စတယ် ။
' ကျုပ် မမြသွေးကို စောင့်လာခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ရှိသွားပြီ '
ရီဝေနေတဲ့ ဘိုးတော်ကလည်း လှည်းပေါ် မတ်တတ်ရပ်ပြီး ရှေ့က လှည်းကို လှမ်းပြောလိုက်သေးတယ် ။ ဂျင်းဘောင်းဘီ ၊ တီရှပ်နဲ့ လူငယ်တစ်စုက အင်္ဂလိပ်သီချင်းကို ဖွင့်ပြီး တစ်လမ်းလုံး လှည်းပေါ်မှာ ကကြတယ် ။
' အမေ့သမီး အမေ ကြည့်ပြောနော် ။ ကျွန်တော် အတန်တန်တားရက်နဲ့ သူသွားတာ ဒါမျိုးတွေ ကျွန်တော် မကြိုက်ဘူး '
' ဟေ့ ... ချာတိတ် '
ဘယ်သူတွေ ဘယ်လိုအော်နေနေ ထွေးမောင်ကတော့ နုရီတို့ လှည်း နောက်နားက ရိုရိုကျိုးကျိုး ကပ်လိုက်နေခဲ့တယ် ။ မျက်လုံးချင်းဆုံအောင်
ကြည့်ဖို့ထက် ပိုမရဲခဲ့ဘူး ။ မယ်စယ်ပင်တန်း မှာ ထမင်းစားကြတော့လည်း နုရီနဲ့ မလှမ်းမကမ်းမှာ ထွေးမောင် ရှိနေတယ် ။ ဦးပိန်တံတားပေါ် လျှောက်တော့လည်း နုရီတို့ နောက် မှာ ထွေးမောင်ပါတယ် ။ ချောင်းထဲ ငှက်စီးပြီး အထက်နန်း အောက်
နန်း ကူးတော့လည်း ထွေးမောင်တို့ငှက်က သူတို့နောက် မှာ ။ နောက်ဆုံး ညနေစောင်းလို့ ပြန်ကြတော့ နုရီတို့ လိပ်တဲ့ မြင်းညို ဆေးလိပ်ခုံ ရောက်သည်ထိ ထွေးမောင် ကပ်ပါနေဆဲပဲ ။ လူတွေ အကုန်ဆင်း ၊ ပစ္စည်းတွေချပြီး နုရီတို့ သားအဖနှစ်ယောက် လှည်းမောင်းပြန်သွားတော့မှ ထွေးမောင် အိမ်ပြန်တယ် ။
ရတနာဂူက စခဲ့တဲ့ ထွေးမောင် နုရီဇာတ်လမ်းက နုရီကို ဆေးလိပ် လိပ်သင်ပေးတဲ့ အပျိုကြီးမအုန်းရဲ့ ကူညီစောင်မမှုကြောင့် အဆင်ပြေခဲ့တယ် ။
နုရီ ညလိပ်လိပ်ရင် ထွေးမောင် ဈေးမထွက်တော့ဘူး ။ နုရီ အပြန်ကို ဘေးမဲ့ ဘုန်းကြီးကျောင်းထောင့်က စောင့်ရတယ် ။ နုရီတို့အိမ်နဲ့ မလှမ်းမကမ်း ရောက်သည်ထိ လိုက်ပို့ပေးရတယ် ။ နောက်တော့ နုရီအဖေက သတင်းသဲ့သဲ့ ကြားတာနဲ့ နုရီကို အမြဲလာကြိုတော့တာပဲ ။
ထွေးမောင် ကတော့ သူ့အဖေကြီး မမြင်တဲ့ နေရာကနေ နေရာကနေ ချောင်း ကြည့် ပြုံးပြန် လုပ်နေရတော့တယ် ။ အဘိုးကြီး လှည်းထွက်သွားတဲ့ အချိန်ကို ဈေးရောင်း အပျက်ခံပြီး တွေ့ရတယ် ။ ဒီလိုနဲ့ တစ်နှစ်လည်လာခဲ့ပြီ ။ ရတနာဂူပွဲ ကျင်းပတဲ့
ဝါခေါင်လကို တစ်ကျော့ပြန်ရောက်လာတယ် ။
နုရီတို့ အိမ်နောက်ဖေးကို ဝင်းထရံအပြဲကနေ တိုးဝင်လိုက်တယ် ။ နွားတင်းကုပ်အောက် ခပ်မှောင်မှောင်နေရာမှာ အသာ ထိုင်လိုက်တယ် ။ ကောင်းကင်တစ်ခုလုံး မည်းမှောင်နေပြီး မိုးသံတွေ ကြားနေရတယ် ။ မိုးသံတွေ ကြားထဲမှာ နုရီအဖေ ဘုရားရှိခိုးသံကိုလည်း မသဲမကွဲ ကြားရတယ် ။ မိုးက တဖြောက်ဖြောက် ကျလာပြီ ။ နွားမြီးခတ်သံ တဖျတ်ဖျတ်ကို မိုးပေါက်သံကြားက ကြားနေရတယ် ။
နုရီတို့ အိမ်ထဲက ကြေးစည်သံ ကြားရပြီး ထရံကြားက မြင်ရတဲ့ မီးရောင်လက်လက်ကလေး ပျောက်သွားတယ် ။ အိပ်ရာဝင်သွားပြီ ။ မိုးက ပိုသည်းလာတယ် ။ နွားတင်းကုပ်က မိုးသိပ်မလုံတာနဲ့ လှည်းပေါ် တက်ထိုင်နေလိုက်တယ် ။ မနက်ကို ရတနာဂူ ပို့ရမှာဆိုတော့ လှည်းကပ်ကြမ်းပေါ်မှာ ကောက်ရိုး ထူထူခံပြီး ဖျာကြမ်းတစ်ချပ် ခင်းထားတယ် ။ နေမပူအောင် လှည်းပေါင်းမိုးကလည်း အဆင်သင့် တပ်ပြီးသား ။ ပေါင်းမိုးဖျာကြမ်းပေါ်မှာ ပလတ်စတစ်အုပ်ပြီး ကြိုးနဲ့သိုင်းထားပြီးသားဆိုတော့ မိုးလည်း စိတ်ချရတယ် ။
' နုရီကလည်း ကြာလိုက်တာ '
ကင်းတဲက သံချောင်းခေါက်သံ ကြားရတယ် ။ ထွေးမောင် စိတ်ထဲက လိုက်ရေကြည့်တယ် ။ ဆယ့်တစ်ချက် ။ မိုးက သည်းသထက် သည်းလာတယ် ။ လှည်းအောက် မှာ ချွတ်ထားတဲ့ ရာဘာဖိနပ်ကို မိုးရေစီးထဲ ပါမသွားအောင် ကုန်းကောက်ပြီး လှည်းရံတိုင်မှာ ချိတ်ထားလိုက်တယ် ။
တအောင့်လောက်ကြာမှ နုရီ အိမ်နောက်ဖေး တံခါးပွင့်လာတယ် ။ နုရီ ခမောက်တစ်ချပ် ခေါင်းပေါ်တင်ပြီး ထွက်လာတယ် ။ ထွေးမောင်ကို နွားတင်းကုပ်ထဲ လှမ်းကြည့်ပြီး ရှာသေးတယ် ။
' နုရီ ... ဟေ့ ... နုရီ ငါ ဒီမှာ ၊ လှည်းပေါ်မှာ '
နုရီ လှည်းမြီးကို ရောက်လာပြီး အပေါ်တက်လိုက်တယ် ။ ခမောက်ကို ပေါင်းမိုးပေါ် လှမ်းတင်လိုက်တယ် ။ ထွေးမောင်ပေးထားတဲ့ ရှင်မတောင်သနပ်ခါးနံ့က မွှေးကြိုင်လို့ ။
' စောင့်လိုက်ရတာ နုရီရာ '
' ရှူး ... တိုးတိုး ၊ အဖေက စောစောလေးကမှ အိပ်ပျော်သွားတာ အိပ်ရာထဲ ရောက်ပေမယ့် တော်တော်နဲ့ အိပ်တာမဟုတ်ဘူး '
' နင် မနက် ရတနာဂူ လိုက်ဦးမှာ မဟုတ်လား '
' အေး ... နင်လည်း လာမှာမဟုတ်လား '
' လာတော့ လာမှာပေါ့ ။ တော်ကြာ နင်တို့ ဆေးလိပ်ခုံက ကောင်မလေးတွေ ငါ့ မျက်စိကျနေရင် နင် ခက်မယ် '
' အောင်မာ ... အရူး ၊ လူကြည့်တော့ ရိုးပုံရိုးလက်နဲ့ '
' ငါ့ကို နင်က လူရိုးလို့ ထင်တယ်ဟုတ်လား '
ပြောပြောဆိုဆို နုရီ ကို သိုင်းဖက်ပြီး ဖျာကြမ်းပေါ် လှဲချလိုက်တယ် ။
' ထွေးမောင် ၊ နင်နော် မကဲနဲ့ ၊ ငါအော်မှာ '
' နုရီကလည်းဟာ ... '
' ကောင်စုတ် ငါပြောတာ မရဘူးလား ။ မျက်နှာရူး လွှတ်ဟာ '
' နင်နဲ့ငါ စတွေ့တာ ဘယ်နှရက်ရှိပလဲ ။ တွေ့တုန်းလေးကို မဟုတ် လည်း ယူကြမှာပဲ ဥစ္စာ '
' ...... '
' ...... '
လှည်းပေါ်မှာ လုံးထွေးရုန်းကန်နေကြတော့ လှည်းကို ထောက်ထားတဲ့ လှည်းထောက်ခွက ရွှံ့ထဲကျသွားတယ် ။ ဝုန်းခနဲ လှည်းထမ်းပိုး ပြုတ်ကျသွားတဲ့ အသံက မိုးသံထဲမှာ ဟိန်းထွက်လာတယ် ။
ထွေးမောင်လည်း လှည်းပေါ်က ဒလိမ့်ခေါက်ကွေး ရှေ့စိုက်ကျသွား ရင်း နောက်စေ့နဲ့ လှည်းထမ်းပိုးနဲ့ ရိုက် မိပြီး မျက်စိထဲမှာ ပြာသွားတယ် ။
ထွေးမောင် နားထဲမှာ သူခိုး သူခိုးလို့ အော်တဲ့ အသံတွေလည်း ကြားရတယ် ။ ဝင်းကနဲ လက်ကနဲ ဓာတ်မီးအလင်း ရောင်ကိုလည်း မျက်စိထဲမှာ ရဲခနဲ မြင်လိုက်ရသလိုပဲ ။ ပြီးတော့ နောက်ဆုံး ကြားလိုက်တာ နုရီအသံ ။
' အဖေ မလုပ်နဲ့ ၊ မလုပ်ပါနဲ့ ... သမီးတို့ပါ '
ထွေးမောင်လည်း သတိလစ်သွားတယ် ။
xxx xxxx xxx
ဝါကျွတ်တော့ ဘုန်းကြီးဆယ်ပါး ၊ အရပ်ထဲက လူကြီးတချို့နဲ့ မင်္ဂလာဆွမ်း ကျွေးလိုက်ကြတယ် ။ ထွေးမောင်လည်း တစ်ကျော့နှစ်ဆယ် အိမ်ကြီးကနေ နုရီတို့အိမ်ကို ရောက်သွားတယ် ။ ထွေးမောင်တို့ ရပြီး သုံးလလောက် မှာ နုရီ အဖေ ဆုံးတယ် ။
ထွေးမောင် ဒီအိမ်ပေါ်ရောက်ကတည်းက ကျိုးတိုးကျဲတဲ အိမ်အမိုးကို သတိထားမိတယ် ။ နောက်တစ်မိုးဆိုရင် နေမဖြစ်ဘူးဆိုတာလည်း တွက် မိတယ် ။ ဝန်နဲ့အား မမျှလို့ကို ကြည့်နေရတာ ။
တွက်ကြည့်လေ ၊ နှစ်ခန်းပတ်လည်အိမ်ဆိုတော့ ကပ်နှစ်ရာ့ငါးဆယ်လောက် မိုးရမယ် ။ ကပ်တစ်ချပ်ကို ပေါက်ဈေးက ခြောက်ကျပ်ခွဲ ။ ဒါတောင် မရမ်းခြံကပ်ပဲ ရမယ် ။ အကောင်းစား မရနိုင်ဘူး ။ ကပ်ဖိုးတင် ထောင့်ငါးရာ ။ သံက တစ်ပိဿာ တစ်ရာလောက် ရှိတယ် ။ တစ်ပိဿာတော့ ကုန်မှာပဲ ။ ပြီးတော့ ဖျက်ချလိုက်တဲ့ ကပ်အဟောင်းတွေ စွန့်ပစ်ခ ပေးရသေးတယ် ။ အရပ်ထဲ ပုံထားလို့ ရတာ မဟုတ်ဘူး ။ ဒီတော့ လက်ထဲ နှစ်ထောင်လောက်ရှိမှ ကပ်မိုးနိုင်မှာ ။
ထွေးမောင် ရတာက တစ်နေကုန် ရောင်းနိုင်မှ တစ်နေ့ ခြောက်ဆယ် ပတ်ဝန်းကျင်ရတယ် ။ ဒါက လူနှစ်ယောက်စားဖို့ကိုပဲ အတော်ချွေတာနိုင်မှ ။ နုရီ ကလည်း ကိုယ်ဝန်နဲ့ဆိုတော့ အလုပ်လုပ်ဖို့ မခိုင်းရက်ဘူး ။ နုရီ အဖေ သေပြီး လှည်းနဲ့ နွားရောင်းတာကလည်း အသုဘစရိတ်နဲ့ ရက်လည်ဆွမ်း ကပ်တာနဲ့ ။ ပြီးတော့ သံသရာကြွေး လွတ်အောင်လို့ ဆိုပြီး သူ့အဖေ ယူခဲ့တဲ့ အကြွေးတွေ
အကုန် ထိုးဆပ်လိုက်တယ် ။ အပိုမကျန်ခဲ့ဘူး ။
မိုးမလုံရင် မဖြစ်တဲ့အကြောင်း နုရီက ပြောတော့ ထွေးမောင် ထုံးစံအတိုင်း ခတ်ရွှတ်ရွှတ် ပြန်ဖြေတတ်တယ် ။
' မပူပါနဲ့ကွာ ။ ဒီတစ်သက် မိုးနိုင်ဖို့ မလွယ်ပါဘူး '
xxxx xxxx xxxx
၃ ။
စက်ဘီးကို အိမ်ဝင်းထဲ ချိုးဝင်လိုက်တော့ မိုးတစ်ပေါက်စ ၊ နှစ်ပေါက်စ ကျစပြုလာပြီ ။ စက်ဘီးကို ယိုင်ရွဲ့နေတဲ့ နွားတင်းကုတ်တိုင်ကို မှီလိုက်တယ် ။ ကယ်ရီယာအပေါ်က ခြင်းတောင်းကို ဖြုတ်ပြီး အိမ်ထဲကို ဝင်လိုက်တယ် ။
နုရီကတော့ တဘက်တစ်ထည် ခေါင်းပေါင်းထားပြီး ကလေးကို နို့ တိုက်နေတယ် ။
' ထွေးမောင် ၊ မိုးရွာတော့မယ် ။ ဘယ့်နှယ် လုပ်မလဲ '
ထွေးမောင် ပြန်မဖြေဘူး ။ ခြင်းတောင်းပေါ်က နိုင်လွန်ကြိုးတွေနဲ့ အလုပ်ရှုပ်နေတယ် ။
' ကလေး အိပ်ပြီလား '
' အင်း ... အိပ်ပြီ '
ထွေးမောင် နောက်ဖေးကို ကတန်းကမန်း ထွက်လာခဲ့တယ် ။ နွားတင်းကုပ်စင်ပေါ်က ဝါးတစ်လုံးယူပြီး ခွဲစိတ်ပစ်လိုက်တယ် ။ နောက် စိတ်ပြီးသား ဝါးခြမ်းတွေ ယူပြီး အိမ်ထဲ ပြန်ဝင်လာတယ် ။
ဝါးခြမ်းထိပ် တစ်ဖက်ကို ခုတင်ဘောင်နဲ့ ချည်လိုက်တယ် ။ နောက် ဝါးခြမ်းကို ကွေးပြီး ကျန်တဲ့ ထိပ်တစ်ဖက်ကို ကျန်တဲ့ ခုတင်ဘောင်နဲ့ တွဲချည်လိုက်တယ် ။ ခေါင်းရင်းကနေ ခြေရင်းထိ ငါးချောင်းချည်ပြီး သွားတဲ့အခါ ခုတင်ပေါ်မှာ ပေါင်းမိုးလေးတစ်ပုံ ပေါ်လာတယ် ။ အဲဒီငါးချောင်းကို ကန့်လန့် ဖြတ်ပြီး ဝါးခြမ်းသုံးချောင်းနဲ့ တွဲချည်လိုက်ပြန်တယ် ။ တော်တော်လေး တောင့်သွားပြီ ။
နုရီ ကတော့ ကလေးဘေးမှ လှဲနေပြီး နားမလည်တဲ့ မျက်နှာနဲ့ ထွေးမောင်ရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေတယ် ။
မိုးကလည်း နည်းနည်းပိုစိပ်လာတယ် ။ ဖျာကြမ်းအစုတ်တစ်ချပ်ကို ပေါင်းမိုးပေါ်အုပ်ပြီး ချည်လိုက်ပြန်တယ် ။ ဖျာကြမ်းပေါ်ကို ပလတ်စတစ် ဖြန့်အုပ်လိုက်တယ် ။ ခြေရင်းက နည်းနည်းလိုနေတာကို မြွေရေခွံအိပ်ခွံနဲ့ အုပ်လိုက်တယ် ။ ပြီးမှ နိုင်လွန်ကြိုးတွေနဲ့ အပေါ်ကနေ သိုင်းပြီး ချည်လိုက်တယ် ။
ဈေးခြင်းတောင်း ၊ ဆီအိုး ၊ ဆားအိုး ၊ ဆန်ပုံးတွေကို ခုတင်အောက် သွင်းလိုက်တယ် ။ အဝတ်အစားထည့်တဲ့ သံချေးတက်သေတ္တာကိုတော့ ခုတင်ခြေရင်း ပေါင်းမိုးအောက် သွင်းလိုက်တယ် ။ ပြီးတော့ နုရီ ဘေးကို ဝင်လှဲလိုက်တယ် ။ မိုးက တကယ်ရွာနေပြီ ။
' ကဲ ... လုံသွားပြီ မဟုတ်လား '
' ကြံကြံဖန်ဖန် လုပ်လည်းလုပ်တတ်တယ် '
' ခုလိုဆိုတော့ နင်နဲ့ငါ ချိန်းတွေ့တဲ့ညကို သတိမရဘူးလား '
' သွား ... မျက်နှာရူး '
နုရီရဲ့ ပြုံးစစမျက်နှာကို ကြည့်ရင်း ထွေးမောင် ဟက်ဟက်ပက်ပက် ရယ်လိုက်တယ် ။
ဒါပေမယ့် ထွေးမောင်ရင်ထဲမှာ သိပ်သိချင်နေတာ တစ်ခုရှိတယ် ။ လူတွေကို ဂူထဲကနေ ကွင်းပြင်ထွက်ပြီး အိမ်နဲ့ရာနဲ့ ဆောက်လုပ်နေထိုင်တတ်လာအောင် ဘယ်သူကစပြီး တွေးခေါ်ဦးဆောင်ခဲ့တာလဲ ။ သူ ဘယ်သူလဲ ။ ထွေးမောင် သိပ်သိချင်တယ် ။ ဖြစ်နိုင်ရင် ဒီပုဂ္ဂိုလ်ကို တွေ့ချင်တယ် ။ တွေ့ရရင် ထွေးမောင် ရင်ထဲမှာ ပြောစရာတွေ အများကြီးရှိတယ် ။
◾ကိုချစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၄၄
ဇွန်လ ၊ ၁၉၉၃ ခုနှစ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment