❝ မမြမှီ ၏ စေတနာ ❞
ပြဿနာတွေက များလှပါဘိသည်တကား ။ တစ်ခုမပြီးသေး ၊ တစ်ခုပေါ်လာသည် ။
ရေနေံမြေအလုပ်သမား ကျောင်းသားပြဿနာများက မပြီးသေး ။ အခြားပြဿနာများ ပေါ်
လာသည် ။
ပေါ်လာသမျှသော ပြဿနာတိုင်းမှာကား အင်္ဂလိပ်ဓနရှင်နှင့် ညွန့်ပေါင်းအစိုးရကို မကျေနပ်စရာ
အကြောင်းများသာ ဖြစ်လာပေ၏ ။
လူတစ်ကိုယ် မြေ ငါးဧကစီ ဝေပေးမည်ဟု ဟိတ်ထုတ်ကြွေးကြော်ကာ တက်လာသော ဒေါက်တာ
ဘမော် သည် ခေါင်းပေါင်းတစောင်း ပေါင်းသောမူကို မပျက်အောင် ထိန်းထားနိုင်သော်လည်း
ယင်းကတိကိုကား မပျက်အောင်မထိန်းနိုင် ။ သီးစားခ နှင့် အတိုး လျော့ပေါ့အောင်ပင် လုပ်မပေးနိုင် ။ ထိုမျှ မကသေး ၊ သီးစားခနှင့်အတိုးနှုန်း လျော့ပေါ့နိုင်အောင် ဆူပူလှုံ့ဆော်လာသော တို့ဗမာ
အစည်းအရုံးကိုသာ ဖိနှိပ်လာလေသည် ။ အုတ်ဖိုသား ဥပဒေပြု လွှတ်တော်အမတ် ဦးဘရင် သည်
တို့ဗမာအစည်းအရုံး၏ တောင်သူလယ်သမားပြဿနာ နှင့် ပတ်သက်သော ကြေညာချက်ကို ဝေငှသည် ။ ညွန့်ပေါင်းအစိုးရ က ဦးဘရင်အ ား ပုဒ်မ ၁ဝ၇ နှင့် တရားစွဲဆို၏ ။ တို့ဗမာအစည်းအရုံး
တောင်သူလယ်သမားဌာန က တောင်သူလယ်သမားညီလာခံကြီးကို ခေါ်၏ ။ ဟင်္သာတခရိုင် ဇလွန်
တွင် ထိုညီလာခံသို့ ကိုယ်စားလှယ်လွှတ်ရန် နှင့် ဇလွန်မြို့နယ် တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းရန် တောင်သူလယ်သမားအစည်းအဝေးကြီး တစ်ခု ကျင်းပလေ၏ ။ ညွန့်ပေါင်းအစိုးရ က ထိုအစည်းအဝေးကို ပိတ်လိုက်လေသည် ။
ပဲခူးဈေးကြီး မှ ဈေးသူဈေးသားများက ဆိုင်ခွန်ဆိုင်ခတွေ လျှော့ပေးပါဟု တောင်းဆိုသည် ။
တိုင်းမင်းကြီးက ၁ဝ ရာခိုင်နှုန်းသာ လျှော့နိုင်မည်ဟု ဆိုသောအခါ ဈေးသူဈေးသားများက မကျေနပ်သဖြင့် ဆူပူကြလေသည် ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအပြီးတွင် ရန်ကုန်အရှေ့ပိုင်း၌ ဗမာ ညဈေးတစ်ခု စည်စည်ကားကား ဖြစ်ပေါ်လာလေသည် ။ မြူနီစပယ်က အခွန်တော်ကောက်ရန် စီမံသဖြင့် ထွက်ခါစအညွန့်ကို ချိုးရမည်လား ၊ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ညဈေးတန်းအကျိုးကို ကာကွယ်ရန် ဗမာညဈေးကို ဖိနှိပ်သလား စသဖြင့် ဆူပူကြပြန်လေသည် ။ ရန်ကုန်မြို့နီစပယ်တွင် ဥပဒေ
အကြံပေးအရာရှိအဖြစ်ဖြင့် မစ္စတာရာဖီး အား တစ်လ ၁၂ဝဝိ ပေး၍ ခန့်လိုက်ရာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶မဲဖြင့်
ခိုင်မြဲနေသော ညွန့်ပေါင်းအစိုးရဖြစ်၍သာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ကို ခန့်ခြင်းဖြစ်သည်ဟုဆိုကာ ဗဟိုအခွန်ထမ်း
အသင်းကြီးက ဆူပူကန့်ကွက်ပြန်လေသည် ။
ရွှေဘိုနယ် တဇယ်ရွာ၌ ရွာသူရွာသားတို့အား တုတ်ပြီးဓားပြီးဆေး ထိုးပေးသည်ဆိုကာ သီလရှင်
မဂန္ဓလဝါသီ ( လူအမည် မအေးခင် )အား အစိုးရက ပုဒ်မ ၁ဝ၇ ဖြင့် ဖမ်းဆီးအရေးယူလေသည် ။
အို ... ညွန့်ပေါင်းအစိုးရ လှံဖျားပုစဉ်းနား ကျီးကန်းကချေးပါနေသလော ။ သို့ကလို ပြည်သူတို့က
မေးငေါ့၍ မေးကြလေသည် ။
ထို့ကြောင့်လည်း ရေနံမြေသပိတ်မှ စတင်ဖြစ်ပွားလာသော ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံများသည်လူတန်းစားတိုင်းနှင့်ဆိုင်သော လူတန်းစားအားလုံးတို့အား သိမ်းကျုံးခေါ်ဆောင်သော အရေးတော်ပုံကြီး ဖြစ်ခဲ့ရပေသည် ။
မြို့ကြီးမြို့ကလေး အားလုံးမှာပင် ကျောင်းသားများ သပိတ်မှောက်ကြသည် ။ ဓနရှင်အင်္ဂလိပ် နှင့်
လက်ပါးစေ ညွန့်ပေါင်းအစိုးရအား ကန့်ကွက်ရှုတ်ချသောအစည်းအဝေးများ ကျင်းပကြလေသည် ။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေအမိန့်များကို အာဏာဖီဆန်ကြလေသည် ။
ယင်းသို့သော သပိတ်ကန့်ကွက် အစည်းအဝေးနှင့် အာဏာဖီဆန်အင်အား ပြပွဲများတွင် အဘယ်မျှ အဖွဲ့စုံပါဝင်သည်ကို ကြည့်ပါဦး ။ ဥပမာအားဖြင့် ဝါးခယ်မမြို့ ကန့်ကွက်ပွဲကို ဆောင်လိုက်ပါရစေ ။ ရဟန်းအပျိုအဖွဲ့ ၊ ဈေးသူဈေးသားများအဖွဲ့ ၊ မြူနီစပယ်အဖွဲ့ ၊ ငါးပွင့်ဆိုင်အဖွဲ့ ၊
နဝဒီသာအဖွဲ့ ၊ အာရုံခံအဖွဲ့ ၊ ဆေးလိပ်ခုံအဖွဲ့ ၊ ကုမ္မာရီအဖွဲ့ ၊ မီးသတ်အဖွဲ့ ၊ စကောက်အဖွဲ့ ၊
ကျောင်းသားများသမဂ္ဂ ။
သို့ကလို တိုက်ပွဲဆင်ကြရာ၌ ဖိနှိပ်ချုပ်ချယ်မှုရှိတိုင်း ဝုန်းခနဲ ထကန့်ကွက်ကြသည့်အပြင်
အောင်ပွဲလေးတစ်ခု ရလိုက်လျှင်လည်း တစ်ပြုံလုံးထ၍ အောင်စည်တီးကြပေသည် ။ ဆူပူကန့်ကွက်ကြသောကြောင့် မန္တလေး တွင် ပုဒ်မ ၂၃ ( ၇ ) ကို ရုပ်သိမ်းခဲ့လိုက်ရလေရာ သံဃာတော်
အပါး ၂ဝဝဝ နှင့် လူပရိသတ် ၅ဝဝဝ ကျော် အောင်စည်တော် ထမ်းလျက် လှည့်လည်ကာ
ဈေးချိုတော်အတွင်းသို့ ဝင်ကြလေသည် ။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ငွေထိန်း
ကိုသိန်းအောင် ၊ ကိုထွန်းရှိန် အစရှိသော ခေါင်းဆောင်များအား ဖမ်းသွားပြီး အာမခံနှင့် လွှတ်ပစ်ရသော အောင်မြင်မှု အသေးအငယ်မျိုးမှာ ဖြစ်စေ ၊ အချုပ်ခန်းကို လူထုဝိုင်းဆူသဖြင့် ဖမ်းထားသူကို
လွှတ်ပစ်ရသော အောင်မြင်မှုအကြီးမျိုးမှာ ဖြစ်စေ ခမ်းနားကြီးကျယ်စွာ အောင်ပွဲဆင်ကြပေသည် ။
ကျွန်တော်တို့သည် ၁၅ ရက် နေ့က ကျင်းပခဲ့သော အာဏာဖီဆန်ရေး အင်အားပြပွဲကြီး အောင်မြင်သည်ဖြင့်လည်း အောင်ပွဲခံကြသည် ။
ကျွန်တော်တို့ အောင်ပွဲအစည်းအဝေးကြီးကို သမဂ္ဂအဆောက်အအုံ ခန်းမကြီးတွင် ကျင်းပလေရာ
“ ဖိနှိပ်ချုပ်ချယ်တဲ့ ပုဒ်ထီးပုဒ်မ ပျက်ပြီ ပျက်ပြီ ” “ အရေးတော်ပုံ အောင်ပြီ အောင်ပြီ ” “ ဓနရှင်အစိုးရ ပျက်စီးပါစေ ” “ သူပုန် သူပုန် ထ ထ ” စသော ကြွေးကြော်သံများဖြင့် တက္ကသိုလ်နယ်မြေ
တစ်ခွင်လုံး သိမ့်သိမ့်တုန်သွားပေသည် ။
အစည်းအဝေး စလျှင်စချင်း အစည်းအဝေး သဘာပတိလုပ်သူ ဒု - ဥက္ကဌ ကိုလှရွှေ က ရဲဘော် နှင့်
ရဲမေအပေါင်း တို့သည် တစ်သွေးတည်းထား၍ ညီညာစွာ မိမိတို့အားများကို ပြခဲ့ကြသဖြင့်
အတိုင်းမသိအောင် ဝမ်းသာစရာကောင်းပါသည် စသဖြင့်ပြောကာ ဖွင့်လေသည် ။ ထို့နောက်
အကြံပေးရန် ဖိတ်ခေါ်ထားသော ပြင်ပက ပုဂ္ဂိုလ်နှစ်ဦးကို ဟောပြောဖို့ စင်တင်သည် ။
ပထမဟောပြောသူမှာ တက်ဘုန်းကြီးကိုသိန်းဖေ ဖြစ်ပါ၏ ။ “ ရဲဘော်တို့ဟာ လပြည့်ကျော် ၉ ရက်
နေ့က စွန့်စွန့်ချွံချွံ မည်သူမျက်နှာကိုမှ မထောက်ဘဲ ၊ အသက်ပင်ပဓာနမထားဘဲ တိုင်းပြည်အတွက် ဆောင်ရွက်ကြရာ အောင်မြင်သဖြင့် ချီးကျူးပါရစေ ” ဟုစပြီး ကျွန်တော်တို့ကို ချီးကျူးလေသည် ။ သူက ကျွန်တော်တို့ ညီညွတ်ပုံ နှင့် စည်းကမ်းသေသပ်ပုံ ၊ အထူးသဖြင့် ရန်သူက
အကြမ်းအတမ်း ဖြစ်လာအောင် ရှို့မီးတို့မီး လုပ်သည်ကိုပင် အကြမ်းအတမ်း မဖြစ်အောင်
စည်းကမ်းသေဝပ်ကြပုံကို ချီးကျူးပေသည် ။
“ အလုပ်သမားများ နှင့် လယ်သမားများ က သူတို့နစ်နာချက် များကို တိုင်ကြားဖို့ ရန်ကုန် သို့
ချီတက်လာကြခြင်းကို ညွန့်ပေါင်းအစိုးရက ဘာကြောင့် မနှစ်သက်သလဲ ၊ အင်္ဂလိပ်ဓနရှင်တွေ
ညစ်ပတ်သွေးစုတ်မှုကို နယ်တကာက သိကုန်မှာစိုးလို့ မဟုတ်လား ။ အင်္ဂလိပ်ဓနရှင်တွေက
တောင်းဆိုတဲ့အတွက် အရေးပိုင်တို့ ၊ ရာဇဝတ်ဝန်တို့က ပုဒ်မ ၁၄၄ ထုတ်ရတယ် ၊ ခု ရဲဘော်တို့ဟာ အင်္ဂလိပ်ဓနရှင်များ မနှစ်သက်တဲ့အလုပ်ကို အားပေးတယ် ၊ အင်္ဂလိပ်ဓနရှင်များ လိုလားတဲ့
ပုဒ်မ ၁၄၄ ကို အောင်မြင်စွာ ချိုးဖဲ့ပစ်ကြတယ် ၊ ဒါ့ကြောင့် ခု ပုဒ်မ ၁၄၄ မရှိတော့ဘူး ”
သို့ကလို ကိုသိန်းဖေ က ပြောလိုက်သောအခါ ကျွန်တော်တို့မှာ ကျွန်တော်တို့ အောင်မြင်မှုကို
လက်ခုပ်တီးဩဘာပေး၍ မပြီးနိုင်အောင် ဖြစ်နေပေတော့သည် ။
ကိုသိန်းဖေ က ရန်သူအစစ်မှာ ဗြိတိသျှဓနရှင် ဖြစ်သဖြင့် သူတို့ကိုသာ နှင်ထုတ်ရန် ဖြစ်ကြောင်း
ရှင်းပြသည် ။
“ ညွန့်ပေါင်းအစိုးရဟာ ဗြိတိသျှဓနရှင်တွေရဲ့ လက်နက်သာဖြစ်တယ် ။ ဒေါက်တာဘမော် က သူ့
အမှတ်တံဆိပ် ဓားမဟာ အာဏာကို ဆိုလိုသတဲ့ ၊ အဲဒီ အာဏာဓားမကို ယူပြီး ရန်သူကို ခုတ်ဖို့
ဖြစ်သတဲ့ ။ ပြောတော့ အဲဒီလိုပြောတာပဲ ၊ သို့ပေမဲ့ ဓားမဟာ ဗြိတိသျှလက်ကိုင် ဓားမဖြစ်နေပြီး
ဗြိတိသျှက တောင်သူလယ်သမား နဲ့ အလုပ်သမား တွေကို ခုတ်သတ်ရာမှာ သုံးနေတယ် ။ ဒီတော့
ဓားမကို ကိုင်ထားတဲ့ ဗြိတိသျှရန်သူကိုသာ အငြိုးကြီးကြီးထားရမယ် ၊ သူ့လက်ထဲက ဓားမကိုတော့ ဆွဲယူပြီး ရေထဲပစ်ချဖို့ပဲရှိတယ် ”
ကိုသိန်းဖေ ပြောပြီးနောက် ကိုကြီးနု ဟု ကျွန်တော်တို့ ကျောင်းသားအပေါင်းက ခေါ်နေသော
သခင်နု စင်ပေါ်သို့တက်လာလေသည် ။
“ ယနေ့ည ဒီစင်မြင့်ပေါ် မတ်တတ် တက်ရပ်ရတာလောက် ဝမ်းနည်းတာ မရှိပါဘူး ၊ ရှေးက ဒီလိုများ
စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ပြီး အသေခံဖို့ ပြောလိုက်ကြလျှင် ကျွန်တော်ပါ ခံယူနိုင်ပါတယ် ၊
ယခုတော့ ကျောင်းသား မဟုတ်သဖြင့် ထိုဂုဏ်ထူးကို မယူနိုင်တော့ပါဘူး ။ တိုင်းပြည်မှာ
အင်မတန်ကျယ်တဲ့ အသံကြီးတစ်သံ ပေါ်ထွက်နေခဲ့တာ နှစ်ပေါင်းငါးဆယ်လောက် ရှိပါပြီ ၊
သို့ပေမဲ့ ရှေးက ဗမာတွေ အသိတရားနည်းပါးသဖြင့် အသံကို မသိခဲ့ကြဘူး ၊ တိုင်းပြည် ခေါင်းဆောင်တစ်စုက ရာထူးတွေကို မ က်ပြီးလောဘသက္ကာယတွေ အားကြီးလို့ ဒီအသံကြီးကို
မကြားခြင်းဖြစ်ပါတယ် ။ ဒီအသံကြီးကို အော်ကြတဲ့လူတွေက တောသူတောင်သား လယ်သမားတွေနဲ့ အလုပ်သမားများဖြစ်တယ် ၊ ယခု ဓနရှင်တွေရဲ့ဖိနှိပ်မှုကြောင့် ဗမာတွေမှာ ကျောမွဲချည်း
ဖြစ်ကုန်ပြီး စားစရာလည်း မရှိ ၊ နေစရာလည်း မရှိ ၊ ကြွက်သိုက်ပမာ အိမ်စုတ်တွေနဲ့ နေကြရတဲ့အတွက် ရောဂါထူပြီး မသေချင်ဘဲ သေကြရပြီ ၊ အသက်တိုကြရပြီ ၊ ညီအစ်ကိုမောင်နှမ မိတ်ဆွေတွေ
နဲ့ မခွဲချင်ဘဲ ခွဲကြရပြီဆိုတဲ့ အသံကြီးကို ကြားကြရပြီဖြစ်တဲ့အတွက် ဆင်းရဲသား တောင်သူလယ်သမား နဲ့ အလုပ်သမားများရဲ့ လိုအင်ဆန္ဒပြည့်ဝအောင် ဆောင်ရွက်ကြရတော့မှာဖြစ်ပါတယ် ”
သူတို့နှစ်ယောက် ပြောပြီးနောက် ကိုလှရွှေ က ညွန့်ပေါင်းအစိုးရအား ရာဇသံပေးလေသည် ။
ကျောင်းသားတို့၏ တောင်းဆိုချက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီထက် နောက် မကျဘဲလိုက်လျောရမည် ။ ထိုသို့မဟုတ်က ၁၅ ရက် နေ့က အာဏာဖီဆန်ရေးထက် ပိုပြင်းထန်သော
လုပ်ငန်းကို လုပ်မည်ဟူသော ရာဇသံပေတည်း ။
၁၅ ရက် နေ့က အာဏာဖီဆန်ရေးထက် ပိုပြင်းထန်သော အလုပ် ။ ဘယ်လို အလုပ်မျိုးပါလိမ့် ။
တိုင်းပြည်က မသိကြသေး ၊ အစိုးရလည်း မသိနိုင်သေး ။ ကျွန်တော်ကား သိထားပေသည် ။ ၁၆
ရက် နေ့ ည ၁၁ နာရီ၌ သမဂ္ဂတိုက် စာကြည့်ခန်း၌ တံခါးပိတ်အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ထားသော အလုပ်ဖြစ်ပေသည် ။ ထိုအစည်းအဝေးသို့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နှင့် ဗမာ
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ တို့၏ အမှုဆောင်လူကြီးများနှင့် ဗိုလ်စာရင်းဝင် ကျောင်းသားအချို့သာတက်သော အစည်းအဝေးဖြစ်လေသည် ။ ဗိုလ်စာရင်းဝင် ကျောင်းသားများတွင်
ပါဝင်သော ကျွန်တော်လည်း တက်ရပေ၏ ။ ပြင်ပလူဆိုလျှင် တက်ဘုန်းကြီး ကိုသိန်းဖေ နှင့်
ကာလကတ္တား ကိုလှဖေ တို့သာ အားလုံးခွင့်ပြုချက်အရ တက်ရလေသည် ။ ဆုံးဖြတ်ထားသော
အလုပ်ကို အစည်းအဝေးထက်ရသူမှတစ်ပါး မည်သူ့အားမျှ တစ်ဆင့် မပြောရဟု ပိတ်ပင်ထားခဲ့လေသည် ။ ထိုအလုပ်ကား အတွင်းဝန်ကြီးများရုံးကို ကျောင်းသားထုက ဝိုင်းထားပြီး အာဏာဖီဆန်ရန်နှင့် အရေးဆိုရန် ဖြစ်လေသည် ။
အတွင်းဝန်ရုံးကြီးမှာ နယ်ချဲ့အုပ်ချုပ်ရေးစက်ယန္တရားကြီး၏ ဗဟိုချက် မကြီးဖြစ်သည် ။ ညွန့်ပေါင်းအစိုးရ၏ မော်တာစက်ကြီးလည်း ဖြစ်သည် ။ ကျွန်တော်တို့သည် အတွင်းဝန်များရုံးကြီးကို ဝိုင်းထားပြီး အုပ်ချုပ်ရေးစက်ယန္တရားကြီး မလည်နိုင်အောင် အကျပ်ကိုင်ကာ တောင်းဆိုချက် များအတွက် အရေးဆိုရန် ရည်ရွယ်ကြပေသည် ။
တစ်နည်းအားဖြင့်ဆိုသော်ကျွန်တော်တို့ ကျောင်းသားများသည် နယ်ချဲ့ဓနရှင်၏ ဗဟိုခံတပ်ကြီးကို တိုက်ခိုက်ကြရန် ဖြစ်ပေသည် ။
ကျွန်တော်တို့သည် ထိုဆုံးဖြတ်ချက်ကို ချကြပြီးနောက် မည်မျှ လျှို့ဝှက်ရေး သုံးကြပါသနည်း
ဆိုလျှင် ဆုံးဖြတ်ချက်တွင် ပါဝင်ကြသော ကျွန်တော်တို့အချင်းချင်းပင်လျှင် ထိုအကြောင်းနှင့်
ပတ်သက်၍ အစည်းအဝေးခန်းမမှတစ်ပါး ဆွေးနွေးပြောဆိုခြင်း မပြုကြပေ ။
ဝိုင်းရန် ဆုံးဖြတ်သည့်အချိန်ကား ၁၆ ရက်နေ့ ည ၁၁ နာရီဖြစ်၍ ဝိုင်းသည့်အချိန်ကား ၂ဝ ရက်
နေ့ နံနက်ဖြစ်ပေရာ ကြားရက် များတွင် ဖြစ်ပျက်သည့် များစွာသော အဖြစ်အပျက်တို့အနက်
မဖော်ပြလျှင် မပြီးသော အဖြစ်အပျက်တစ်ရပ် ရှိပါသေးသည် ။ ထိုအချိန်မှာ တော်လှန်ရေး အုံကြွမှု
အချိန် ၊ အရေးတော်ပုံ ပွက်လောထချိန် ဖြစ်ပေရာ နက်ရှိုင်း၍ ကျယ်ပြန့်သော အဖြစ်အပျက်
တို့ဖြင့် ပြည့်ညပ်နေပါသည် ။ ၎င်းပြင် မနက်ရှိုင်း၍ မကျယ်ပြန့်သော်လည်း အသံမြည်ရာ ဟိတ်
ပေးရာမှာ သူများထက် မလျော့သော အဖြစ်အပျက် များလည်း ရှိတတ်ပါသေးသည် ။ အစစ်ရှိလျှင်
အတုရှိရသည်မှာ ဓမ္မတာပင် မဟုတ်ပါလော ။
အဆွေစာဖတ်သူ ကျွန်တော့်အား ခွင့်ပြုပါ ။ ဂဠုန်ဦးစော ၏ ' စတိ ' အာဏာဖီဆန်ရေး လုပ်ငန်းကိုလည်း ဖော်ပြလိုက်ပါရစေဦး ။
ကျွန်တော်တို့ ကျောင်းသား နှင့် သခင်များ အာဏာဖီဆန်ရေး လုပ်ပြီးသောအခါ ဦးစော လည်း
တစ်စုံတစ်ရာ မလုပ်ဘဲ ငုတ်တုတ်နေ၍ မဖြစ်တော့ပါ ။ သူကား ဒေါက်တာဘမော် အား အစားထိုးရန် ကြံရွယ်နေသူ မဟုတ်ပါလော ။
တိုင်းပြည်၏ အာရုံ သူ့ဘက် လှည့်လာစေရန် မီးရှူးမီးပန်း လွှတ်ပြရမည် မဟုတ်ပါလော ။
ဦးစော ၊ သာယာဝတီ ဦးစော ၊ သာယာဝတီ ဂဠုန်ဦးစော ၊ မျိုးချစ်အဖွဲ့ခေါင်းဆောင် အောက်လွှတ်တော်အမတ် ဦးစော ၊ ရန်ကုန် မြူနီစပယ်လူကြီး ၊ သူရိယသတင်းစာ အယ်ဒီတာချုပ် ဦးစော ။
ထိုကဲ့သို့သော ဂုဏ်ထူးဝိသေသ ပေါများလှသော ဦးစော သည် သူ၏ အာဏာဖီဆန်ရေးပြပွဲကို
ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီမှ စ၍ ကျင်းပပါသည် ။
ကျောင်းသားခေါင်းဆောင်များက ဦးစော ၏ အာဏာဖီဆန်ရေးပြပွဲကို သွားကြည့်အကဲခတ်ကာ
သူတို့အား အစီရင်ခံရန် ကျွန်တော့်ကို စေလွှတ်ကြလေသည် ။
ကျွန်တော်သည် ၃ နာရီ မထိုးမီ ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်ခြေတော်ရင်း ဓာတ်ရထားလမ်းဘေးရှိ ဦးဘရီ ၏ ဇရပ်သို့ အရောက်သွားခဲ့လေသည် ။
ဤအာဏာဖီဆန်ပွဲကို ဖိတ်ခေါ်၍ ကြီးမှူးသူများမှာ ဦးစော အပြင် မျိုးချစ်ပါတီဝင် ဦးဘအုန်း နှင့်
ဦးအိမ် ၊ မန္တလေးသူရိယအယ်ဒီတာ ဦးထွန်းရင် ၊ မြန်မာ့ရုပ်ရှင် ဦးမောင်မောင် နှင့် မဟာဆွေ ခေါ်
ရဲသတင်းစာ အယ်ဒီတာ ဦးဘရှိန် တို့ ဖြစ်လေသည် ။
၎င်းတို့အနက် မဟာဆွေ ၏ အကြောင်းကို အနည်းငယ် ရေးလိုသည် ။ ကျွန်တော်သည် မဟာဆွေ
အား နီးကပ်စွာ သိသူ မဟုတ် ။ မိတ်ဆွေ ကိုအောင်ကျော် ကမူ မဟာဆွေ အား အတော်ရင်းနှီးစွာ
သိထားသည် ထင်၏ ။ မဟာဆွေ ၏ စာကိုကား ကျွန်တော်တို့ လူငယ်များ အနည်းနှင့်အများ ဖတ်ဖူးကြသည်သာ များလေ၏ ။ သူ၏ မျိုးချစ်စိတ်လှုံ့ဆော်ရေး စာပေများသည် ကျွန်တော်တို့အား
အတော်ပင် ဆွဲဆောင်နိုင်ခဲ့ပေသည် ။ သို့ရာတွင် ကျွန်တော်ကား အတော်ပြောင်းလာခဲ့ပြီးပြီ
ဖြစ်သည် ။ နဂါးနီ မှ ထုတ်ဝေနေသော ဘုံဝါဒစာပေများကြောင့် လည်းကောင်း ၊ ကိုဘဟိန်း ၊
ကိုဗဆွေ စသော ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်များ၏ ဟောပြောသွန်သင်ချက် များကြောင့်လည်းကောင်း ဘုံဝါဒသဘောတရားများ အတော်ဝင်လေပြီ ။ ထို့ကြောင့် မဟာဆွေ ၏
အမျိုးသားရေး လှုံ့ဆော်မှုကို လေးစားကျေနပ်သော်လည်း သူ့အခြေခံအယူအဆများကို မကျေနပ်တော့ချေ ။ အပြစ်မြင်လာခဲ့ချေပြီ ။ မဟာဆွေ က တစ်ယောက်ကောင်း ၊ နှစ်ယောက်ကောင်း
ချောင်းမြောင်း သတ်ဖြတ်သောနည်းဖြင့် တိုင်းပြည်လွတ်လပ်ရေး ရမည်ဟု ထင်နေသည် ။ လူထုအုံကြွမှုအစား လူတစ်စုက အာဇာနည် လုပ်ပြပြီး ' နန်းတွင်းအရေးတော်ပုံ ' လုပ်ကြံနည်းဖြင့် လွတ်လပ်ရေး တိုက်ပွဲဆင်ရန် လမ်းညွှန်သည် ။ သူ့အဖို့ လူတစ်စုက အရာရာ ဆုံးဖြတ်လုပ်ဆောင်ပြီး
လူထုက ပွဲကြည့်ပရိသတ်သဖွယ်နေ၍ လက်ခုပ်တီးရုံမျှသာ ရှိသည် ။ သူသည် တောင်သူလယ်သမား အလုပ်သမား လူထုကြီး ၏ တော်လှန်ရေး အစွမ်းအစအရည်အချင်းကို မယုံကြည် ။
အချုပ်အားဖြင့်ဆိုလျှင် လူထုတော်လှန်ရေးကို ဆန့်ကျင်သည် ။ သူ့အယူအဆများသည်
ကိုအောင်ကျော့် အပေါ်တွင် တော်တော် ဩဇာဝင်တတ်ရာ ကျွန်တော်တို့ ကျောင်းသားများက
ကိုအောင်ကျော် အား အတော် ချွတ်ယူရလေသည် ။ မဟာဆွေ သည် ယခု အရေးတော်ပုံအတွင်းမှာပင်
လူထုကြီးနှင့် မလုပ်ဘဲ လူလက်တစ်ဆုပ်နှင့် လျှို့ဝှက်ရေးလုပ်ငန်း ၊ လုပ်ကြံမှုလုပ်ငန်းကလေးများကိုသာ လုပ်ရန် ကိုအောင်ကျော် အား အကြံပေးလိုက်သေးသည် ။ လူထုအရေးတော်ပုံမှ
ကိုအောင်ကျော် ကင်းကွာနေအောင် အားထုတ်ခဲ့လေသေးသည် ။ ၎င်းပြင် မဟာဆွေ သည်
နေသူရိန် အမည်ဖြင့် ဘုံဝါဒ ဆန့်ကျင်ရေးများကိုလည်း ရေးသားနေပေသေးသည် ။
ဤသို့လျှင် မဟာဆွေ အား နားလည်ထားသော်လည်း ယနေ့ ဦးစော ၏ အာဏာဖီဆန်ရေး
လုပ်ငန်းတွင် အဘယ်သို့သောနည်းဖြင့် မဟာဆွေ ပါလာသည်ကို ကျွန်တော် စဉ်းစားမရ ဖြစ်နေလေသည် ။ မဟာဆွေ က ကြည်ညိုလေးစား၍ မဟာဆွေ ၏ နိုင်ငံရေးခေါင်းဆောင်ဟုပင် ခေါ်နိုင်သော ရဲဦးမောင်ကြီး ( အမ်အေ ) ကြောင့် ပါလာသည်ဟု ဆိုရန်လည်း ခဲယဉ်း၏ ။ ဦးမောင်ကြီး နှင့်
ဦးစော မှာ နိုင်ငံရေးအစု တစ်စုတည်း မဟုတ်ကြ ။ မဟာဆွေ သည် ဦးစော လို နိုင်ငံရေး လာဘ်
လာဘ မျှော်မှန်းချက်လည်း မရှိ ။ ဤကိစ္စတွင် ပကတိ ရိုးသား၏ ။
မဟာဆွေ နှင့် ပတ်သက်ပြီး သို့ကလို တွေးတောနေပြီးနောက် ဘေးဘီပရိသတ်ကို အကဲခတ်လိုက်သည် ။ ရဟန်းရှင်လူ ပြည့်ညပ်နေသည် ။ ဤအချိန် ဤအခါ လူထုကား ဘယ်သူမဆို
အင်္ဂလိပ်ဓနရှင် နှင့် ညွှန့်ပေါင်းအစိုးရကို ဆန့်ကျင်မည်ဆိုလျှင် ဘယ်ရွေ့ဘယ်မျှ ဆန့်ကျင်
ဆန့်ကျင် အားပေးရန်အဆင်သင့် ဖြစ်နေဟန်ရှိပေသည် ။
ဦးစော တို့ လူစု ချိတ်ဆွဲထားသော စာတန်းကြီးများကလည်း လူထုကြိုက်လောက်စရာပင် ဖြစ်ပေသည် ။ ' တိုင်းပြည်အတွက် အသက်နှင့်လဲပါ ' ၊ ' မိန်းမရှာ အလိုမရှိ ' ၊ ' သတိ္တရှိရင်ထွက်ခဲ့ ' ၊ ' ဗမာပြည်
ပြန်ရရေးဝါဒ အောင်မြင်ရမည် ' ၊ ' ငါတို့ အာဏာဖီဆန်ပြီ ' ၊ ' ငါတို့ကို ထောင်ချလျှင် ငါတို့
နိုင်မည် ' ၊ ' အစိုးရဖိနှိပ်ခြင်းကို တိုက်ဖျက်ပစ်ပါ ' ၊ ' ကြောက် မွေးပါ ဖြုတ်ပစ်လိုက် ' ၊ ' ဗမာ့သတ္တိ
ပြကြလော့ ' ။
ဘေးက ကြည့်နေကြသည့် ပရိသတ်ကား ထိုစာတန်းများကို ကြည့်နေရရုံဖြင့် အားရကျေနပ်ခြင်း
မရှိသည့်အလား ' သခင်မျိုးဟေ့ တို့ဗမာ ' ' မီးတုတ် မီးတုတ် ရှို့ရှို့ ' ' သပိတ်သပိတ် မှောက် မှောက် '
' ဂဠုန် ဂဠုန် ထ ထ ' စသော ကြွေးကြော်သံများကို ဝိုင်းအော်ကြလေရာ ရွှေတိဂုံစေတီတော်ကြီး
ပတ်ဝန်းကျင်တစ်ဝိုက် သိမ့်သိမ့်တုန်သွားလေသည် ။
ကျွန်တော့်စိတ်ထင် ဦးစော သည် ကြည့်နေသောပရိသတ်က ' သခင်မျိုးဟေ့ တို့ဗမာ ' ဟု အော်ခြင်းကို ကြိုက်ဟန် မရှိ ။ ၎င်းပြင် သူ့စာတန်းတွင် ' ဗမာပြည် ပြန်ရရေးဝါဒ အောင်မြင်ရမည် ' ဟု
ရေးထားသည်မှာ ထူးခြား၏ ။ သူသည် ကျွန်တော်တို့၏ ' လုံးဝလွတ်လပ်ရေး ' ' နယ်ချဲ့ဓနရှင်စနစ်
ပျက်စီးပါစေ ' စသော အသုံးအနှုန်းများကို တတ်နိုင်သမျှ ရှောင်၍ သူ့ ထူးခြားသော အသုံးအနှုန်းဖြင့် အစားထိုးလေ့ ရှိပေသည် ။
ပုလိပ်များကား အစည်းအဝေး အနီးအနား တစ်ဝိုက်၌ လည်းကောင်း ၊ ခပ်လှမ်းလှမ်း၌ လည်းကောင်း ၊
ပျားပန်းခပ်မျှ လူးလာသွားလာ အလုပ်များနေကြပေသည် ။ အချို့ပုလိပ်များက အာရ်အီးတီ
ဘတ်စ်ကားများကို စီးလုံးငှား၍စီးကာ အဆင်သင့်စောင့်နေကြပေသည် ။ အရပ်ဝတ်အရပ်စားနှင့်
စုံထောက်ပုလိပ်များကား လူထုပရိသတ်ကြားတွင် ရှိနေကြပေသည် ။
' ငါတို့ အာဏာဖီဆန်ပြီ ' ဆိုသော ပိတ်ဖြူပေါ်တွင် မင်နီနှင့် ရေးထားသည့် စာတန်းကြီးအောက်တွင်
ဦးစော တို့လူစု ရပ်ကြပြီးနောက် အခမ်းအနား စလေသည် ။ ဦးဘအုန်း က လက်နက်တစ်စုံတစ်ရာ
မပါဘဲ အနုသက်သက်ဖြင့် အာဏာဖီဆန်ရေးလုပ်ရာ အစိုးရသူလျှိုများက သွေးထွက်သံယိုမှု
ဝရုန်းသုန်းကားဖြစ်အောင် ဆွပေးမည် စိုးရိမ်ရကြောင်း ၊ သို့ကြောင့် စည်းကမ်းတကျ ထိန်းသိမ်းရန်
လိုအပ်ကြောင်း ကြေညာလေသည် ။ ဦးစော ၏ ညွှန်ကြားချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာကာ အာဏာဖီဆန်ရေး လုပ်ကြရမည်ဖြစ်ကြောင်း ပြောဆိုလေသည် ။
ထိုသို့ ပြောပြီးသောအခါ ဦးစော က ညွှန်ကြားချက်ပေးရန် ဟန်ပြလိုက်သည် ။ သူသည် ရုတ်ခြည်း
သူ့ကိုယ်သူ ဂဠုန်စစ်သူကြီး သဖွယ် ထင်မှတ်လိုက်ဟန် ရှိပေ၏ ။ ရင်ကို ကော့၍ ခေါင်းကိုမော့်လိုက်သည် ။ သူသည် ဒေါက်တာဘမော် လို ရွဲ့စောင်း၍ ခေါင်းပေါင်း မပေါင်းသော်လည်း သူ့မူနှင့် သူ
ထူးခြားအောင် ခေါင်းပေါင်း ပေါင်းထားသည် ။ ပင်နီရောင်ပိုးအပေါ်အင်္ကျီကို ရင်စေ့အောင် အသီးတပ်လျက် ဝတ်ထားသည် ။ ဘန်ကောက်လုံချည်မှာလည်း ပင်နီရောင် ဖြစ်လေသည် ။ အပေါ်အင်္ကျီ
နာရီအိတ်ထဲတွင် လက်ကိုင်ပုဝါကို အလှပြ ထည့်ထားလေသည် ။
ဦးစော က ယခုအချိန်အခါမျိုးတွင် ပါးစပ်ကပြောနေသည့် အလုပ်ဖြင့် တင်းတိမ်နေရန် မဖြစ်ကြောင်းဖြင့် ပဏာမချီ၍ ပြောသောအခါ ပရိသတ်က “ တို့ဗမာကွ ” ဟု အော်ကြလေသည် ။ ဦးစော
မျက်နှာကို ကြည့်ရခြင်းဖြင့် “ တို့ဂဠုန်ကွ ” ဟု အော်သံကို မကြားရသဖြင့် စိတ်ပျက်သွားပုံရသည် ။
၎င်းနောက် ဦးစော က အချို့သံဃာတော်များသည် အာဏာဖီဆန်ရာတွင် ပါဝင်လိုကြောင်း အမိန့်
ရှိကြရာ မပါဝင်ဘဲ ခေတ္တစောင့်ဆိုင်းဖို့ တောင်းပန်လေသည် ။ သံဃာတော်များအလှည့် မကျသေးဟု ဆိုလေသည် ။ ကျွန်တော်ကား အံ့ဩနေမိသည် ။ အဘယ် သံဃာတို့က ပါဝင်လိုသနည်း ၊
သူ့အင်အားကြီးကြောင်းပြရန် သံဃာတော်များ ပါဝင်ခွင့် မပြုထိုက်ပါလော ။
“ အာဏာ ဖီဆန်တဲ့အလုပ်ဟာ ဗမာပြည်နဲ့ တော်မှတော်ပါ့မလားလို့ တွေးမိပါတယ် ။ အာဏာ
ဖီဆန်တဲ့ အလုပ်မှာ လက်နက် မရှိသဖြင့် အပျော့စားဖြစ်ရာ သည်းခံနိုင်မှ အောင်မြင်မှာ ဖြစ်ပါတယ် ။ ဒီတော့ ဗမာတွေဟာ အာဏာဖီဆန်ရေးလုပ်ရင် ဖြစ်မှ ဖြစ်ပါ့မလားလို့ စောင့်နေတယ် ။
̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအပြီးမှာ အစိုးရက ̶က̶̶ု̶̶လ̶̶ာ̶̶း̶များအား ပြန်တော်ပြန်စရိတ် ငွေတစ်သောင်း
ထုတ်ပေးတယ် ။ ဒီကိစ္စကို ဗမာတစ်ပြည်လုံးနှင့် ဘိလပ်ပါလီမန်နှင့်တကွ တစ်ကမ္ဘာလုံးကပါ သိသွားအောင် ကန့်ကွက်ပွဲ အစည်းအဝေးကြီးတစ်ခု ဂျူဗလီဟောမှာ ကျင်းပဖို့စီစဉ်ခဲ့တယ် ။
အစိုးရက ခွင့်မပေးဘူး ”
ကျွန်တော်ကား ဤသို့ အလုပ်သမားလယ်သမား ကျောင်းသားအရေးတော်ပုံကြီး အုံကြွ၍ ညီညွတ်စွာ နယ်ချဲ့သမားကို ဦးတည်တိုက်ခိုက်နေကြစဉ် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းကိစ္စ ထည့်ပြောသည်ကို သဘောမကျပါ ။ ဦးစော ကား ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ မုန်းတီးရေးလုပ်မှ လူကြိုက် များမည်ဟု
ထင်နေသူဖြစ်လေသည် ။ သူသည် “ ̶က̶̶ု̶̶လ̶̶ာ̶̶း̶များ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ပြည်သို့ ကြေးအိုးထမ်းပြန်စေရမည် ”
ဟူသော ကြွေးကြော်သံဖြင့် နိုင်ငံရေးတက်လမ်းထွင်ခဲ့သူ မဟုတ်ပါလော ။
“ ကျွန်တော်ဟာ ပုသိမ်မြို့မှာ အာဏာဖီဆန်ရေးလုပ်ဖို့ ပုသိမ် က မိတ်ဆွေတွေကို တိုင်ပင်ကြည့်တယ် ။ ပုသိမ် က မိတ်ဆွေတွေက မန္တလေး မှာသာ ကောင်းမယ်လို့ ပြောကြတယ် ။ ဒါနဲ့ မန္တလေး မှာ
လုပ်ဖို့ မန္တလေး က မိတ်ဆွေတွေဆီ လှမ်းတိုင်ပင်တော့ မန္တလေး လာရင် သွေးထွက်သံယိုဖြစ်ကုန်မှာ
စိုးရတယ် ၊ မလာပါနဲ့လို့ တားကြတယ် ။ အစိုးရဟာ အင်မတန်လိမ္မာတဲ့ လူတွေပါ ၊ သူတို့သာ
လိမ္မာကြရင် မကွေး က ရန်ကုန် ကို ချီတက်လာကြတဲ့ ရေနံမြေသပိတ်သမားတွေနဲ့ ဝေါ မှ
လာကြမယ့် လယ်သမားတွေကို ခင်ဗျားတို့ ရန်ကုန် လာကြမှာလား ၊ ရွှေတိဂုံဘုရားကို ဖူးကြပါ ၊
ကျွန်တော်များက ထမင်းမကျွေးနိုင်ရင် ရေကလေးတော့ တိုက်ပါ့မယ်လို့ ပြောလိုက်ရင် လာချင်စိတ် ရှိကြမှာ မဟုတ်ဘူး ”
အချို့က ဦးစော ၏ ထိုစကားကို ခပ်ပြုံးပြုံးနှင့် နားထောင်နိုင်ကြသည် ။ ကျွန်တော်ကား ထောင်းခနဲ
ဒေါပွမိပေသည် ။ ဦးစော သည် အလုပ်သမား နှင့် တောင်သူလယ်သမား တို့၏ အရေးကို ပေါ့ပေါ့ပင် တွေးဟန်ရှိသည် ။ သူတို့၏ တောင်းဆိုချက် ၊ သူတို့၏ ပြဿနာများကို လိုက်လျောရန်
ညွန့်ပေါင်းအစိုးရအား တိုက်တွန်းရမည့်အစား ပြက်ရယ်ပြုစေရန် ၊ ရယ်စရာ ကလေးကစားစရာ
လုပ်ပစ်စေရန် ' မလိမ္မာသော ' ညွန့်ပေါင်းအစိုးရအား အလိမ္မာသင်ကြားပေးနေပေသည် ။
၎င်းနောက် ဦးစော က ဆက်လက်၍ “ ဆရာတော် သံဃာတော်တွေကို မလိုက်ကြဖို့ တောင်းပန်ပြီးပါပြီ ၊ အရပ်ထဲက လူတွေလည်း သိပ်မလိုက်စေချင်ပါဘူး ၊ အခု အာဏာဖီဆန်ရေးအတွက်
လှည့်လည်လမ်းလျှောက်ရာမှာ သူတို့က ခဲနဲ့ ပေါက် ၊ တုတ်နဲ့ ရိုက် ၊ သေနတ်နဲ့ ပစ်ရင် ခံနေကြမှသာ အောင်မြင်မယ် ၊ သည်းမခံနိုင်ရင် မလိုက်ကြစေချင်ဘူး ၊ လူအစိတ်လောက်သာ လိုချင်ပါတယ် ၊ ဒီ လူအစိတ် ကသာ ချုပ်ချယ်ဖိနှိပ်ထားတဲ့ ဥပဒေအမိန့်ကို အာဏာဖီဆန်ရန် ဖြစ်ပါတယ် ”
ဤတွင် ထင်ရှားလှပေသည် ။ ဦးစော သည် လူအစိတ်လောက်နှင့်သာ အာဏာဖီဆန်ရေး လုပ်လိုသည် ။ လူတစ်စုကသာ အာဏာဖီဆန်ပြပြီး လူထုက ဘေးကကြည့်၍ လက်ခုပ်တီးရုံသာ
ဖြစ်စေလိုသည် ။ သူ့အာဏာဖီဆန်ရေးကား ပွဲကောင်းတစ်ခု ၊ လူထုကား ပွဲကြည့်ပရိသတ် ။ ဤ
အချက်တွင် မဟာဆွေ့ အယူအဆနှင့် ဦးစော ၏ အယူအဆ တူကြပေသည် ။ ထို့ကြောင့် ဦးစော နှင့်
မဟာဆွေ သည်ပွဲမှာ ပေါင်းမိကြလေသည်တကားဟု ကျွန်တော် အသိဉာဏ် ထပေါက်သွားပေသည် ။
ခေါင်းဆောင်ဖိတ်ခေါ်သူများလည်း တစ်ယောက် ငါးမိနစ်စီ ပြောရရာ ၊ မဟာဆွေ လည်း ပြောသေးသည် ။
ဦးစော က မဟာဆွေ အား ပရိသတ်နှင့် မိတ်ဆက်ပေးလေသည် ။
“ ဟောဒီ ပုဂ္ဂိုလ်က နာမည်ရင်း ပြောရင် ခင်ဗျားတို့ သိကြမှာ မဟုတ်ဘူး ၊ နိုင်ငံကျော် စာရေးဆရာကြီး မဟာဆွေ ဆိုရင် အားလုံး သိကြမှာပဲ ၊ မဟာဆွေ က တိုက်စရာရှိရင် သတ္တိရှိရှိနဲ့ ရှေ့ကနေပြီး
တိုက် မယ့် ပုဂ္ဂိုလ်ပါပဲ ၊ ဥပဒေဆိုတာ အရမ်းသုံးရတာ မဟုတ်ဘဲ အရမ်းသုံးလို့ ရွပ်ရွပ်ချွံချွံ တိုက်ပါ့မယ်လို့ ဆုံးဖြတ်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ပါပဲ ”
ပရိသတ်က လက်ခုပ်တီးကြသည်ကို မဟာဆွေ က လက်ဖြင့် အရပ်ခိုင်းပြီး -
“ ကျွန်တော် အာဏာဖီဆန်ရေး ပါဝင်ဆင်နွဲတာ ခင်ဗျားတို့ လက်ခုပ်ဩဘာပေးတာ ခံချင်လို့
မဟုတ်ဘူး ၊ အစိုးရက ဥပဒေကို အလွဲသုံးစားလုပ်လို့ ပါဝင်ရတာ ။ ပုဒ်မ ၁၄၄ ဆိုတာ လူမျိုး
တစ်မျိုးနဲ့ တစ်မျိုး လူတစ်စုနဲ့တစ်စု အဓိကရုဏ်း ဖြစ်တဲ့အခြေရှိမှ ထုတ်ရတာ ၊ ရန်ကုန်မြို့မှာ
ဒီအခြေအနေမျိုး လုံးဝ မရှိဘူး ။ ရေနံမြေကိစ္စ ၊ တောင်သူလယ်သမားကိစ္စ အုံကြွနေတော့ ဒီအုံကြွမှု
အစိုင်အခဲကြီးရင် လက်ရှိအစိုးရ ရာဇပလ္လင်နဲ့ ဖင်မမြဲဘဲ ဖြစ်သွားမှာမို့ သူတို့အကျိုးအတွက်
ညစ်ပတ်ပြီး ထုတ်ပြန်ခြင်းဖြစ်တယ် ။ ဒါကို ကျွန်တော်တို့က ခေါင်းငုံ့ခံနေရမလား ။ ( မခံရဘူး
မခံရဘူး ၊ အော်သံများ ) အဲဒီလို မခံချင်တဲ့အတွက် ထောင်ကျကျ တန်းကျကျဆိုပြီး ကျွန်တော်
ပါဝင်တာပဲ ”
အာဏာဖီဆန်ရေး အင်အားပြပွဲလုပ်သောအခါ ဦးစော ပြောသလို လူအစိတ်လောက်သာ မဟုတ်ပါ ၊
လူ ၅ဝဝ မျှ ပါဝင်လေသည် ။ များသောအားဖြင့် ဂဠုန်လက်ရွေးစင် များသည်ဟု ဆိုလေသည် ။
ဘုရားလမ်းတစ်လျှောက် နှစ်ယောက်တစ်တွဲ လမ်းလျှောက်ချီတက်ကြရာ ရှေ့ဆုံးက နဂါးကို
ဂဠုန်စီးထားသော တံဆိပ်အပိုတပ်ထားသည့် ဒေါင်းအလံကြီးကို လွှင့်ထူသွားလေသည် ။ ဘေးမှ
မီးတုတ်ကြီးနှစ်ခုလည်း ပါသေးသည် ။ အထူးညွှန်ကြားထားသဖြင့် ကြွေးကြော်သံများ မအော်ဘဲ
ငြိမ်သက်စွာ လျှောက်ရလေသည် ။ စာတန်းများကိုကား ကိုင်ဆောင်ခဲ့ကြသည် ။ ကြွေးကြော်သံ
မအော်ခြင်းကြောင့် ဝမ်းနည်းသောအထိမ်းအမှတ်နှင့် တူနေသည်ဟု ကျွန်တော့်စိတ်မှာ မကျေမနပ်
ဖြစ်နေခိုက် ကျားကူးကျောင်းရှေ့သို့ ရောက်သောအခါ လူငယ်များသည် စိတ်အားတက်ကြွ
လာကာ ချမှတ်ထားသော စည်းမျဉ်းကို မနာယူတော့ဘဲ ဇာတိမာန်တက်သည့် ကြွေးကြော်သံများကို အော်ဟစ်ကြလေသည် ။
ကျွန်တော်သည် ဘေးမှ အကဲခတ်လိုက်ခဲ့သည်မှာ သိမ်ကြီးဈေး အထိ ဖြစ်၏ ။ ထို့နောက် ဘတ်စ်ကား စီး၍ ကျောင်းသို့ပြန်ခဲ့လေသည် ။
သမဂ္ဂရုံးခန်းတွင် ခေါင်းဆောင်များ အလုပ်များနေကြသည် ။ ဘယ်သူမျှ အအားမနေကြ ။
မနက်ဖြန်အတွက် ဘတ်စ်ကား ငှားသူ ၊ စာတန်း ရေးသူ ၊ တိုက်ပ် ရိုက်သူ ၊ ဂျက်စတင်နာ လှိမ့်သူ ၊
ဘဏ္ဍရေး ရှာဖွေသူ ။
အဆင်သင့်ပင် ဥက္ကဌအခန်း၌ ကိုလှရွှေ အားတွေ့သဖြင့် ဦးစော ၏ အာဏာဖီဆန်ရေး ပြပွဲ
အကြောင်းကို ပြောပြသည် ။ သူက အလုံးစုံ ကြားနာပြီးနောက် လှောင်ရယ်ရယ်ကာ -
“ ဟဲ ဟဲ သူ့စာက စတိ လုပ်တာပေါ့ ၊ စတိ အာဏာဖီဆန်ရေးပေါ့ ၊ အေးလေ ဒါထားပါတော့ ၊
ကိုယ်တို့ဆီ အစိုးရက ဘာမှ စကားမပြန်ဘူး ၊ ကိုယ်တို့က အစိုးရကို ပေးတဲ့ နောက်ဆုံးအချိန်က
ဒီနေ့ ညနေ ၄ နာရီ ၊ ဒီတော့ မနက်ဖြန် လုပ်ရမှာပဲ ”
၎င်းနောက် ကိုလှရွှေ သည် လိပ်ထားသောမြေပုံတစ်ခုကို ဖြန့်ချလိုက်သည် ။ အတွင်းဝန်ရုံးကြီး၏
မြေပုံတည်း ။ ဘယ်နေရာတွင် လူဘယ်နှယောက် ဝိုင်းမည် ၊ ဘယ်အပေါက်ကို ဘယ်လို ပိတ်ဆို့မည်
စသည်ဖြင့် အတိအကျ သတ်မှတ်ပြီး ဖြစ်ပေ၏ ။ မလွယ်ပေါက် များကိုပင် အလစ် မပေးပေ ။
ထိုအတွင်း ကိုအေးကျော် ဝင်လာလေသည် ။ သူကား ဟောဟဲလိုက်လာအောင် မောနေ၏ ။
အလိုလိုမှ ပေါ်ချင်နေတတ်သော သူ့ရှေ့သွားများသည် မောလှသဖြင့် စေ့မရသော နှုတ်ခမ်းများ
ကြားမှ ပြူထွက်နေကြပေသည် ။ ကိုအေးကျော် ၏ ထူးခြားချက်တစ်ရပ်မှာ အပေါ်အင်္ကျီကို မြဲမြဲစွဲစွဲ
ဝတ်တတ်ခြင်းဖြစ်သည် ။ အခုလို ဖတ်ဖတ်မောအောင် ဟိုပြေးသည်ပြေး ပြေးရသောအခါမှာလည်း
အပေါ်အင်္ကျီနှင့်ပင် ဖြစ်ပေသည် ။
ခရီးရောက် မဆိုက်ပင် ကိုအေးကျော် က ကိုလှရွှေ အား -
“ နက်ဖြန် ဝိုင်းမယ့် ကျောင်းသားတွေကို မနက်စာတစ်ခုခု ကျွေးမှဖြစ်မယ် ။ တစ်နေကုန် ဝိုင်းချင်
ဝိုင်းနေရမှာဗျ ၊ ဒီတော့ ငွေရှာဖို့ လုပ်ဦးမှ ဖြစ်မယ် ”
ကိုလှရွှေ က ခေါင်းမော့ကာ စဉ်းစားလိုက်သည် ။ မျက် မှန်က ဝင်းသလို ချွေးဆီဖြင့်ဝေ့နေသော
သူ့နဖူးလည်း ဝင်းနေလေသည် ။ နောက် -
“ အင်း ကိစ္စ မရှိဘူး ၊ ကျုပ် ကိုသိန်းဖေ ကို အရှာခိုင်းလိုက် မယ် ”
ကိုအေးကျော် က ဝင်ထိုင်ရင်း -
“ သုံးလေးရာ ရမှ ဖြစ်မှာ ၊ ပြီးတော့ ဘာလုပ်ဖို့ဆိုတာလည်း ဖွင့်မပြောရဘဲနဲ့ လှူတဲ့လူ ရှိမှဖြစ်မှာ ”
“ ဟုတ်တယ်လေ ၊ အဲဒီလိုပဲ အရှာခိုင်းရမှာပဲ ”
ထိုအခါ ကျွန်တော်သည် ဖြုန်းခနဲ အကြံတစ်ခုရလာပြီး -
“ ကိုလှရွှေ ကျွန်တော့်မှာလည်း ဒကာမ တစ်ယောက်ရှိတယ် ။ ဒီအခါမျိုးမှာ သွားအလှူခံရင်
ဟန်မယ် ထင်တာပဲ ”
ကိုလှရွှေ နှင့် ကိုအေးကျော် တို့သည် ကျွန်တော့်အား ပြုံးစေ့စေ့ဖြင့် ကြည့်လိုက်ကြလေသည် ။
ကျွန်တော်၏ ' ဒကာမ ' ဟူသော အသုံးအနှုန်းကို ပြုံးခြင်းပေလား ၊ သို့မဟုတ် ဒကာမ ဆိုသူနှင့်
ကျွန်တော်တို့၏ အဆက်အသွယ်ကို အတွေးခေါင်မိ၍ ပြုံးခြင်းပေလား မသိနိုင်ချေ ။ ဘာပဲဖြစ်ဖြစ်
ကျွန်တော့် ခေါင်းဆောင်များက ကျွန်တော့်အား အထင်မြင် မလွဲစေလို ၊ ထို့ကြောင့် -
“ ဒီလိုဗျ ၊ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအတွင်းက ကျွန်တော်ခေါင်းဆောင်တဲ့ ကျောင်းသားတစ်စုက
သူ့ကို ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေကြားက ကယ်ထုတ်ထားခဲ့ရတယ် ၊ သူက အသက် ၃ဝ ကျော် ၄ဝ တွင်း ၊ သူ့
ယောကျာ်းက ”
ကိုလှရွှေ က တဟားဟားရယ်၍ သူ့ရယ်သံဖြင့် ကျွန်တော့်စကားကို မြုပ်ပစ်လိုက်ပြီးနောက် -
“ ဒါတွေ ရှင်းနေဖို့ မလိုပါဘူး ၊ ကိုယ့်လူ ရိုးကြောင်း ယုံပါတယ် ၊ ရမယ်ထင်ရင် သွားအလှူခံပေတော့ ”
“ ဘယ်လောက် များမလဲတော့ မသိဘူးပေါ့ဗျာ ၊ ကိုသိန်းဖေ ကို လွှတ်မှာလည်း လွှတ်လိုက်ပါ ၊
ကျွန်တော့်ဆီက ရတာတော့ အဖြည့်လောက်ပေါ့ ”
“ ကိုင်း ပြောနေကြာရော့ ရဲဘော်တင်ထွန်း သွားပေတော့ ၊ ဘယ်လောက်ရရ အမြတ်ပေါ့လေဗျာ ၊ ဟဲ
ဟဲ ”
ကိုအေးကျော် ကမူ ကျွန်တော့အား ပြုံး၍သာ ကြည့်နေလေသည် ၊ ဘာမျှမပြော ။ သို့ဖြင့်
ကျွန်တော်သည် မြို့ထဲသို့ တစ်ခေါက် ထွက်ခဲ့ရပြန်လေပြီ ။
ဘတ်စ်ကားပေါ်တွင် အတော်လေးကြာအောင် စီးမိမှ ချမ်းစိမ့်စိမ့်ဖြစ်နေသော ရာသီဥတုကို
သတိပြုမိတော့သည် ။ ကျွန်တော့်မှာ အနွေးထည် မပြောနှင့် ၊အပေါ်အင်္ကျီတောင် မပါချေ ။
ဘတ်စ်ကားပေါ်မှ မောင်ထော်လေးလမ်း တွင်းသို့ ရောက်သွားသောအခါမူ အချမ်းသက်သာ
သွားသည် ။ ကားလမ်းနှစ်ဖက်ရှိ တိုက်ကြီးများမှ ထွက်နေသော အပူငွေ့ကြောင့် ဖြစ်ဟန်ရှိပေသည် ။ လမ်းတစ်လမ်းလုံး ဓာတ်မီးများဖြင့် လင်းနေသော်လည်း မမြမှီ တို့ တိုက်ခန်းသို့
တက်ရသော လှေကားမှာမူ အတော်ကလေး မှောင်လေသည် ။ စမ်း၍ ဖြည်းဖြည်းကလေး တက်သွားရပေ၏ ။
တံခါး ခေါက်လိုက်သည် ။ ဘယ်သူမှ လာမဖွင့် ။ နောက်ထပ် ခေါက်လိုက်သောအခါ မီးတစ်လုံး
ပွင့်လာသည် ။ သို့သော် ဘယ်သူကမျှ လာမဖွင့်သေး ။ အထဲက ခြေသံသဲ့သဲ့လိုလို ကြားလိုက်ရပေရာ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော အကြားကလေးမှ ချောင်းကြည့်နေသည်ဟု ထင်ပေသည် ။ ကျွန်တော်သည် အားမလို အားမရဖြစ်ပြီး ထပ်ခေါက်လိုက်၏ ။
ထိုအခါမှ တံခါးပွင့်လာပေတော့သည် ။
တံခါးဖွင့်သူမှာ ကျွန်တော် တစ်ခါက ဒီနေရာမှာပင် တွေ့ဖူးပြီးဖြစ်သော လုံချည်ဝတ် မွတ်ဆလင်
̶က̶̶ု̶̶လ̶̶ာ̶̶း̶အဘိုးကြီးပင် ဖြစ်ေလသည် ။
“ မမြမှီ ရှိသလား ”
“ ဘာကိစ္စ ရှိလို့တုံး ”
သူ့ ရုပ်ကသာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ရုပ် ဖြစ်သည် ။ အသံကား ဗမာသံလုံးလုံး ဖြစ်၏ ။
“ တွေ့ချင်လို့ပါ ”
“ နာမည် ပြောပါဦး ”
“ တင်ထွန်း ၊ ကောလိပ်ကျောင်းသား တင်ထွန်း ”
ကျွန်တော့် အသံကို အတွင်းရှိ မမြမှီ က ကြားလိုက်ဟန် ရှိသည် ။ ရုတ်တရက် ထွက်လာပြီး -
“ အို မောင်တင်ထွန်း ပါကလား ၊ လာဟေ့ ဝင်ခဲ့ ”
မမြမှီ သည် ရေမိုးချိုးပြီးခါစ ဖြစ်ဟန် တူသည် ။ ဆံပင်ကပိုကရို ထုံးထား၍ မျက်နှာကို သနပ်ခါး
ရေကျဲ လိမ်းထားသည် ။ မီးခိုးရောင် တာဖက်တာအင်္ကျီကို အပေါ်မှ ထပ်ဝတ်ထားရာ ကြယ်သီးများပင် အပြီးမတပ်ရသေးသဖြင့် ကျွန်တော့်ရှေ့တွင် ရပ်လာသောအခါ ဒုတိယ နောက်ဆုံး
ကြယ်သီးတစ်လုံးကို တပ်နေရင်းတွေ့ရသည် ။
ပေးသော ကုလားထိုင်တွင် ထိုင်လိုက်စဉ် မမြမှီ က မသပ်မရပ်ဖြစ်နေသာ လုံချည်ကို သပ်ရပ်အောင်
ပြုပြင်ရင်း -
“ ဘယ်ကလျှောက်လာလဲ မောင်တင်ထွန်း ၊ တွေ့ရတာ သိပ်ဝမ်းသာတာပဲကွယ် ”
“ ကိစ္စရှိလို့ လာခဲ့တာ မမရဲ့”
မမြမှီ က မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်ရင်း -
“ ကိစ္စရှိလို့လာလို့ တွေ့ရလည်း မမကတော့ ဝမ်းသာတာပဲကွဲ့ ၊ ကဲ ပြောစမ်းပါဦး မောင့်ကိစ္စ ”
“ ကျွန်တော်တို့ ကျောင်းသားတွေ လုပ်နေကြတာတွေ ကြားမှာပေါ့ ”
“ မကြားဘဲ နေပါ့မလားကွာ ၊ မမ ဖြင့် မောင်တင်ထွန်း အဖမ်းများခံရမလားလို့ သတင်းစာထဲမှာ
တထိတ်ထိတ်နဲ့ ကြည့်နေတယ် ၊ အေး ဆိုစမ်းပါဦး ”
“ နက်ဖြန်မှာ ကျောင်းသားတွေ လုပ်ငန်းတစ်ခု ရှိတယ် ၊အရေးတကြီး ငွေလိုလို့ လာ အလှူခံတာပဲ ၊
ဘာလုပ်ကြမယ် ၊ ဘာလုပ်ဖို့ ငွေလိုတယ်ဆိုတာတော့ နောက် မှ မမ ကို ပြောမယ် ”
ပြောပြီး မမြမှီ ၏ မျက်နှာကို အကဲခတ်ကြည့်လိုက်သည် ။ ငြိုငြင်သွားသည်ကို လုံးဝ မတွေ့ရ ။
သနပ်ခါးရေကျဲကြောင့် စုတ်ကြမ်းကြမ်း ခြယ်ထားသလိုရှိသော အလှ၏ ဝင်းလက်ပုံကိုသာ တွေ့ရပေသည် ။
“ မမ ကတော့ ကျောင်းသားအရေး ဘာအရေးတွေ ဘာမှန်းမှ နားမလည်ဘူး ၊ နိုင်ငံရေးမှာလည်း
ကောင်းတာ ဆိုးတာ ဘာမှ မပြောလိုဘူး ၊ သို့ပေမယ့် မောင်တင်ထွန်း ကို ပေးတဲ့ အနေနဲ့
မောင်တင်ထွန်း ဘာလုပ်လုပ် လုပ်နိုင်တဲ့ ငွေ ၁ဝဝိ လှူလိုက် မယ် ”
ကျွန်တော်ကား ဤမျှ များများ မမျှော်လင့်ခဲ့ပါ ။ အထူး ဝမ်းသာသွားမိသည် ။ သို့သော် ဘာမျှ
မပြောဘဲ မမြမှီ ကို ပြုံး၍သာ ကြည့်နေလိုက်သည် ။
“ ဘယ့်နှယ်လဲ ၊ နည်းတယ် ထင်သလား ၊ လိုရင်လည်း နောက်ထပ် လာယူလှည့်ဦးပေါ့ ဟုတ်လား ”
“ နည်းတယ် မထင်ပါဘူး မမရယ် ၊ ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ် ”
“ ဟေ့ ကျေးဇူးတင်တဲ့ စကား မပြောကြေးနော် ”
မမြမှီ သည် ထပြီး အခန်းတွင်းသို့ ဝင်သွားလေသည် ။ အခြားတစ်ဖက်ခန်းဆီသို့ လှမ်းကြည့်လိုက်ရာ ဦးထွန်းဝင်း သည် အိပ်ရာတွင် စာဖတ်နေသည်ကို တွေ့ရပေသည် ။ သူ့ခြေထောက် များကို
သက္ကလတ် စောင်ကြီးများဖြင့် ရစ်ပတ်ထားလေသည် ။
မမြမှီ က ငွေ ၁ဝဝိ ကို ကျွန်တော့်အား ပေးပြီးသောအခါ -
“ ကျွန်တော် သွားတော့မယ် မမ ၊ အလုပ်တွေ ရှိသေးလို့ပါ ”
“ အေး အေး ၊ အလုပ်ရှိသေးရင်တော့ ပြန်တော့လေ ၊ သို့ပေမယ့် မမ က မောင်လေးအပေါ်မှာ
မကျေနပ်တာ ပြောရဦးမယ် ၊ အလည်လည်း တစ်ခေါက် မှ မလာဘူး ”
ကျွန်တော် တကယ်ပင် စိတ်ထိခိုက်သွားသည် ။ ကျွန်တော်ကား စိမ်းကားလွန်းသည် ။ အားလည်းနာမိသည် ။
“ ကျွန်တော်က ဒီလို ရိုင်းပေမယ့် မမက စိတ်မဆိုးပါနဲ့နော် ၊ ကျွန်တော် အလည်လာဖြစ်အောင်
လာပါဦးမယ် ”
ကျွန်တော်က ထိုင်ရာမှထလိုက်သည် ။ မမြမှီ က ပြုံးပြီး -
“ မောင်လေးက စကား အတတ်သားနော် ၊ အပြင်မှာ မချမ်းဘူးလား ”
“ နည်းနည်းတော့ ချမ်းတယ် ”
“ ကြည့်စမ်း အနွေးထည် မပါ အပေါ်အင်္ကျီမပါနဲ့ ၊ အအေးမိနေပါဦးမယ် ၊ ခဏနေဦး ( အတွင်းဘက်သို့လှမ်း၍ ) မာမွတ်ကြီး ရေ ”
မမြမှီ သည် ̶က̶̶ု̶̶လ̶̶ာ̶̶း̶အဘိုးကြီး ကို ခေါ်ရင်း ထိုင်ရာမှ ထလိုက်သည် ။ မာမွတ်ကြီး ရောက်လာသော
အခါ -
“ ကိုထွန်းဝင်း အဝတ်ထည့်တဲ့ ဗီရိုထဲမှာ အလယ်ထပ်က ဆွယ်တာ သွားယူစမ်းပါ ”
ကျွန်တော်ကား အံ့အားသင့်သွားသည် ။
“ နေပါစေ မမရယ် ”
“ ဘယ်နေရမလဲ ၊ ဒီလို ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် နှစ်သတ်တာပဲ ၊
အအေးကို ကြပ်ကြပ် ဂရုစိုက်ရမယ် ၊ ကြည့်လိုက်စမ်း ဟိုမှာ ( လဲလျောင်း စာဖတ်နေသော
ဦးထွန်းဝင်း ဆီသို့ ညွှန်းကာ ) အနေအထိုင် ဂရုမစိုက်တော့ တစ်သက်လုံး မလူတော့ဘူး ၊ မျှော်လင့်ချက် မရှိတော့ဘူး ၊ မောင်တင်ထွန်း ဘာလုပ်လုပ် ကျန်းမာရေးကိုတော့ ဂရုစိုက်ရမယ် ”
ကျွန်တော်ကား မမြမှီ ပေးသော ဆွယ်တာကို ငြင်းပယ်ရန်အကြောင်း လုံးလုံး မရှိတော့ရုံမက
ကျေးဇူးပဲ တင်လာပေသည် ။ အစ်မကြီးအရင်းလို ချစ်ခင်ရင်းနှီးခြင်းလည်း ဖြစ်လာပေသည် ။
သမဂ္ဂတိုက်သို့ ပြန်ရာက်သောအခါ ကိုလှရွှေ အား ဥက္ကဌအခန်း၌ ကုလားထိုင်များ စီခင်းကာ
စာအုပ်များ ခေါင်းအုံး၍ အိပ်နေသည်ကို တွေ့ရလေသည် ။ သူသည် မျက် မှန်ကို မချွတ် ၊ မီးကိုလည်း မပိတ်ဘဲ အိပ်နေခြင်းဖြစ်ပေရာ ခဏခါးဆန့်ရင်း အိပ်ပျော်သွားဟန်တူပေသည် ။ သူ့အား
နှိုးပြီး ငွေ ၁ဝဝိ ကို ပေးလိုက်သောအခါ -
“ အင်း ကိုယ့်လူ အဟန်သားပဲ နက်ဖြန် သန်ဘက် မြို့ထဲ ငွေကောက်ထွက်ကြရင် ကိုယ့်လူကို ထည့်ရဦးမယ် ”
ထိုနေ့ညက ကိုသိန်းဖေ လည်း ရွှေတိဂုံ ဘဏ္ဍတော်ထိန်းလူကြီး ဆီနေတာ သူဌေးဦးသွင် ထံမှ
ငွေ ၃ဝဝိ အလှူခံ၍ ရခဲ့သည်ဟု သိရပေသည် ။ သို့ဖြင့် နက်ဖြန်မှာ ကျောင်းသားများ
ပေါင်မုန့် ငါးသေတ္တာညှပ်၍ ကျွေးနိုင်ရန် ဖူလုံလေပြီ ။
ကျွန်တော်ကား အစည်းအဝေးခန်းမကြီးသို့သွားပြီး ခုံရှည်များကို မျက်နှာချင်းဆိုင်ခင်း၍ အိပ်လေသည် ။ မမြမှီ ပေးလိုက်သော ဆွယ်တာသည်ကား ကျွန်တော့်အတွက် တမင်ထိုးထားဘိသည့်အလား
တော်နေလေသည် ။ ဆွယ်တာမှာ လက်ထိုးဆွယ်တာ အသစ်စက်စက်လို ဖြစ်နေပေ၏ ။ ဆွယ်တာ
ဝတ်၍ အိပ်လေရာ အတော်ပင်နွေးနေသဖြင့် မမြမှီ အား တစိမ့်စိမ့် ကျေးဇူးတင်နေမိလေသည် ။
မမြမှီ သည် ကျွန်တော့်အား နွေးသောမေတ္တာဓာတ်ဖြင့် လွှမ်းခြုံပေးနေဟန် ရှိချေ၏ တကား ။
အိပ်ပျော်မည်လုပ်ကာရှိသေး ၊ ကိုထွန်းရှိန် နှင့် အဖော်တစ်ယောက် စကားတပြောပြောနှင့် ဝင်လာကြပြီး ကျွန်တော့်လိုပင် အိပ်ရန် ထိုင်ခုံရှည်များကို ဆွဲရွှေ့နေကြသဖြင့် အတော် ဇိမ်ပျက်သွားလေသည် ။ ကျွန်တော်သည် သူတို့ကို မျက်စိဖွင့်၍ပင် မကြည့်တော့ချေ ။ ကိုထွန်းရှိန် အား
သူ့အဖော်က တက္ကသိုလ်ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင် နှင့် ပတ်သက်၍ သတင်းတစ်ခု
ဖောက်သည်ချ နေလေသည် ။ ပဲခူးကျောင်းဆောင်မှ ကိုလှမြတ်စိုး သည် ရေနံတပ်ကြီးကို ခေါင်းဆောင်၍ ရန်ကုန်သို့ ခေါ်ရန် ဗိုလ်ခေါ်ရာ စာရင်းသွင်းခဲ့လေသည် ။ နောက်သူ့အား အခြားသူ
တစ်ယောက်နှင့် အတူ မကွေး သို့ လွှတ်လိုက်လေသည် ။ ကိုလှမြတ်စိုး မှာ ပဲခူးကျောင်းဆောင်သား
ဖြစ်ရာ ထိုကျောင်းဆောင် ဝါဒင်လုပ်သူ ပရိုဖက်ဆာမဂ္ဂစ် က ကိုလှမြတ်စိုး အား အရေးယူရမည်ဟု
ကျောင်းအုပ်ကြီး ဦးဖေမောင်တင် အား တောင်းဆိုလေရာ ဦးဖေမောင်တင် က ကျောင်းသားများသည် အစိုးရကိုသာ တိုက်နေခြင်းဖြစ်ရာ ကျောင်းက အရေးမယူနိုင်ကြောင်း ပြောလိုက်သည်ဟု
ဆိုလေသည် ။ ဗမာကျောင်းအုပ်ဖြစ်၍ ဤသို့ သဘောထားသည် ဆိုပြီး အင်္ဂလိပ်လူမျိုး ဆရာများက
အတော် မကျေမနပ်ဖြစ်နေသည်ဟု ဆိုလေသည် ။
သူတို့ ပြောနေကြသည်ကို ဤမျှသာ နားထောင်ပြီးနောက် အိပ်ကလည်း အိပ်ချင် ကိုယ့်ဘာသာ
ကိုယ်လည်း ဦးဖေမောင်တင် အကြောင်း စဉ်းစားနေမိလေရာ သူတို့ဘာသာ ဆက်ပြောနေကြသည်ကို မကြားရတော့ချေ ။ ဦးဖေမောင်တင် အကြောင်းကား ဤသို့တည်း ။
ဆရာကြီးသည် သခင်ဘသောင်း ၊ သခင်ဗစိန် တို့ တက္ကသိုလ်ကို အခြေခံယူ၍ သခင်လုပ်ငန်း စလုပ်ကြစဉ်က တိတ်တဆိတ် ငွေလှူလေ့ ရှိသည် ။ တစ်ခါက တို့ဗမာသတင်းစဉ်ထုတ်ရန် အလှူငွေ ၃ဝဝိ ပါဝင်သည်ဟု
ကျွန်တော် ကြားဖူးထားလေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment