❝ ကျွန်ုပ် နှင့် ခါးပိုက်နှိုက် ❞
ရှေ့ကို ထိုးရပ်လာတဲ့ ဆယ့်သုံးအစိမ်း ဘတ်စ်ကားပေါ်ကို
ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံနဲ့ ခပ်တည်တည် ကျွန်တော် တက်လိုက်တယ် ။ ကားပေါ်ကို ရောက်ပြီးတာနဲ့ ရှေ့ပေါက်နံဘေးက ကားဒရိုင်ဘာကြီးရဲ့ နောက် မှာ ရပ်ပြီး တစ်ကားလုံးကို ကျောခိုင်းပစ်လိုက်တယ် ။
အဲဒီလို ခပ်မိုက် မိုက် စတိုင်လ်ကို ကျွန်တော် တမင် ယူထားတာပါ ။
ဒီနှစ် ကျောင်းစတက် မှ ဒီစတိုင်လ်ကို ကျွန်တော် ပြောင်းတာပေါ့ ။
အရင်တုန်းကဆိုရင် ကားပေါ်တက်တာနဲ့ အထက ( ၃ ) က ကျောင်းသား / သူတစ်ဦးတလေကို တွေ့မလား ... ။ ဒါမှမဟုတ် ဆရာမ / ဆရာ
တစ်ယောက်ယောက်ကို တွေ့မလားလို့ အရင် ရှာတတ်တယ် ။ အခုတော့
.. အဲဒီလို မဟုတ်တော့ပဲ တစ်ကားလုံးကို ကျောခိုင်းထားလိုက်တာ ။
ဖြစ်နိုင်ရင် တစ်လောကလုံးကို မတွေ့ချင်ဘူးဗျာ ။
အထက ( ၃ ) က ဆရာ / ဆရာမ တွေကိုရော တစ်ကျောင်းတည်း
တက်တဲ့ အခန်းဖော်တွေ ၊ ကျောင်းဖော်တွေကိုရော ဘယ်သူ့ကိုမှ
မတွေ့ချင်ဘူး ။ မတွေ့ချင်ဆို ကျွန်တော် ဒီနှစ် ဆယ်တန်း ကျတာကိုး ။
ဟုတ်တယ် ။ ၁၉၈၃ - ၈၄ ခုနှစ် စာမေးပွဲမှာ ၁ဝ တန်း ကို ကျွန်တော်
ကျခဲ့တယ် ။
ဒါေပမယ့် ကျွန်တော့် ပြဿနာက ဆယ်တန်းကျတာကစပြီး
လောကကြီးနဲ့ ရန်ဖြစ်နေတာပါ ။ လူတွေဟာ ခက်တယ်ဗျာ ။ စာမေးပွဲ
ဆိုတာ စစ်မြေပြင်နဲ့ ( တိုက်ပွဲ ) နဲ့ တူတယ်လို့ ကျွန်တော်တို့ သမိုင်းဆရာ ဦးခင်မောင်စိုး က ပြောဖူးတယ် ။ ကျွန်တော်တို့တုန်းက ၁ဝ တန်း
စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး မေးခွန်း တစ်ခုတည်းပဲဗျာ ။ ဒါကြောင့်
သင်တဲ့ Course လည်း အတူတူပဲ ။ ဆရာဦးခင်မောင်စိုး က မင်းတို့ကို
သူက ( စာမေးပွဲက ) ဘယ်လိုလာတိုက် မယ်ဆိုတာ အချက်အလက်
အားလုံးပေးပြီးသားတဲ့ ။ သူတိုက် မယ့်အချက်အလက်တွေ အားလုံးကို
မင်းတို့က သိထားရင် သူ ဘယ်နည်းနဲ့ တိုက်တိုက် မင်းတို့ နိုင်မှာပဲတဲ့ ။
ဆရာ့ စကားဟာ တော်တော်ပြည့်စုံတဲ့ စကားပါ ။ ဒါပေမယ့်
ကျွန်တော် ရှုံးခဲ့ပါတယ် ။ ဒါ ဘာဖြစ်လဲ ... ။ ဆရာ့ စကားအတိုင်းဆို
ကျွန်တော် ၁ဝ ပွဲ တိုက်ခဲ့ပြီးပြီ ။ တစ်ပွဲရှုံးတာ ဘာဖြစ်လဲ ။ သူငယ်တန်း
ကနေ ၁ဝ တန်း အထိ ၊ ကျွန်တော် ဒီတစ်ပွဲပဲ ရှုံးခဲ့တယ် ။ ဒါပေမယ့်
လူတွေက ကျွန်တော့်ကို အထင်သေးခဲ့တယ် ။ အိမ်က အထင်မကြီးဘူး ။
အိမ်ကို ဧည့်သည်လာတိုင်း ၊ မိတ်ဆွေတွေနဲ့တွေ့တိုင်း အမေ နဲ့ အဖေက
“ အိမ်က သားတော်မောင်ကတော့ ကျသတဲ့လေ...ဒီနှစ် ကျသတဲ့ ”
လို့ ပြောတတ်တယ် ။ စာမေးပွဲအောင်ရင်တောင် လူတွေ့တိုင်း
အဲဒီလောက် ပြောပါ့မလား မသိဘူး ။
မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်က လူတွေကလည်း
တွေ့တာနဲ့ “ မင်း ဒီနှစ် ကျတယ်ဆို ... ကွ ” လို့ စကားစကြတယ် ။
သိပြီးရင် ဘာဖြစ်လို့ လာမေးနေသေးလဲ ... ။ ပြီးတော့ ရပ်ကွက်ထဲက
စာမေးပွဲအောင်တဲ့ လူတွေအကြောင်းကို ပြောလိုက်သေးတယ် ။ ပြီးတော့ “ ကြိုးစားကွာ ” တဲ့ ။ ခင်ဗျားရော ဆယ်တန်းအောင်လို့လားလို့
ကျွန်တော် ပြန်မေးချင်ပေမယ့် မမေးဖြစ်ဘူး ။ သူတို့ စကားတွေကို
ကျွန်တော် ပေခံပါတယ် ။ ရုပ်ရှင်တို့ ဗီဒီယိုတို့ ထဲကလို “ အခုနှစ်
ဘာသာစုံ ထွက်ရမယ်ကွ ” လို့လည်း လက်သီးဆုပ်ပြီး ကျွန်တော်
မကြုံးဝါးပါဘူး ။ ကျွန်တော့်ရင်ထဲမှာ အဲဒီလူတွေ လာပြောတဲ့ စကားတွေ အားလုံးကို မောင်းထုတ်နိုင်တဲ့ ခပ်တည်တည် ခပ်မဲ့မဲ့ နှုတ်ခမ်း
တစ်စုံ ရှိနေတယ် ။
အဲဒီ အဖြစ်တွေထက် ဆိုးတဲ့အဖြစ်က ကျောင်းက ကျွန်တော်တို့ကို ဆက်ဆံပုံပါ ။ ကျောင်းစတက်တဲ့ နေ့မှာပဲ ကျွန်တော်တို့ ၁ဝ တန်း
ကျတဲ့ ကျောင်းသားတွေအားလုံးကို ( F ) အခန်းကို ပို့လိုက်တယ် ။ ( F )
အခန်းဆိုတာက တစ်နှစ်ကျတွေ ချည်းပဲ နေရတဲ့ အခန်းလေ ။ ပို့တာက
ကိစ္စမရှိပါဘူး ။ ကျောင်းစတက်တဲ့နေ့က ဆရာတွေ ဝင်ကတည်းက
ကျွန်တော်တို့ကို နှစ်ပြားမတန်အောင် ဆူတော့တာပဲ ။ မနှစ်က ဆိုးခဲ့
မိုက်ခဲ့ပြီးပြီ ။ ကိုယ်ရတဲ့အခွင့်အရေးကို အဆုံးရှုံးခံခဲ့ပြီးပြီ ။ ဒီနှစ်
ထပ်ဆိုးလို့ကတော့ သကြားမင်း ဆင်းကယ်တောင် မရတော့ဘူး ။
ငါတို့က နင်တို့ မျက်နှာတွေကို မြင်ချင်တာ မဟုတ်ဘူး ။ မမြင်ချင်လည်း
မြင်နေရဦးမယ် ။ အသုံးမကျတဲ့ အရသာကို နင်တို့ ခံစားနေရပြီ
မဟုတ်လား ... ကြည့်စမ်း ... အောင်သွားတဲ့လူတွေက တက္ကသိုလ်
တက်ဖို့ ပြင်နေကြပြီ ... နင်တို့က ဒီလေးလုံးနဲ့ ဒီကျောင်း ၊ ဒီအတန်းမှာ
ဒီဆရာနဲ့ ဒီစာ ပြန်သင်နေရတာ ... အေး ... ဒီ နှစ်လုံး ထပ်ဖြည့်ပေးလိုက်ဦးမယ် ... ဒီအချိုးမျိုးနဲ့ဆို ဒီနှစ်လည်း မအောင်ဘူးမှတ် ... ။
ဆရာတစ်ယောက်ဝင် တစ်ခွန်းနဲ့ ပြောသွားလိုက်တာ ဗျာ ၊
ရှက်တတ်ရင် ကိုယ့်မျက်နှာ ကိုယ့်အိမ်သာက မုတ်ထဲ ထိုးထည့် ၊ ရေလောင်းချဖို့ပဲ ကောင်းတော့တယ် ။ သမိုင်းဆရာ ဦးခင်မောင်စိုး နဲ့
အင်္ဂလိပ်ဆရာ ဦးသန်းဝေတို့ပဲ “ ဪ ... ငါ့တပည့်တွေ ငါတို့နဲ့
ကျောင်းကို တော်တော်ချစ်ကြပါလား ” လို့ ခပ်ပေါ့ပေါ့စကား ဆိုတယ် ။
ဒါလည်း ရှေ့မှာ အခံရှိပြီးသားဆိုတော့ ထိတာပါပဲ ။
ဒီထက်ဆိုးတဲ့ နောက်တစ်ချက်က ကျွန်တော်တို့ ( F ) အခန်းကို ဝင်တဲ့ ဆရာတွေ ၊ ဆရာမတွေ အကုန်နီးပါးက ကျွန်တော်တို့
ကျောင်းသားတွေကို လူဆိုးလို့ ထင်ထားတာပါပဲ ။ ကျွန်တော်တို့
တစ်ခုခု အပြစ်မလုပ်လိုက်နဲ့ “ ဒီအချိုးမျိုးနဲ့ မနှစ်ကလည်း ကျပြီးပြီ ” ဆိုတဲ့စကားက အရင်ပဲ ။ ကျွန်တော်တို့ကလည်း ကျောင်းစည်းကမ်းအရ မှားလို့ အပြစ်ပေးတာထက် အဲဒီစကားကြီးကို ပြောတာ ပိုနာတယ် ။
ကျွန်တော်တို့များ တစ်ခါတစ်လေ စာမရခဲ့ရင် “ မနှစ်ကလည်း
အာပေါက်အောင် သင်ပြီးပြီ ... ဒီနှစ်လည်း နှစ်ခါ ထပ်သင်တာတောင်
မေ့တုန်းပဲ ... နင်တို့ ဘာအသုံးကျသလဲ ... ဖရက်ရှာလေးတွေများ
ဖြေလိုက်တာ ဒေါက်ခနဲ ... ဒေါက်ခနဲ ” တဲ့ ။
တုံ့ပြန် တွန်းကန်လွယ်တဲ့ လူငယ်သဘာဝအတိုင်းပဲ ကျွန်တော်တို့ကလည်း အဆိုးမြင်တာနဲ့ ဆိုးပါတယ်ဆိုတဲ့ နည်းမျိုးနဲ့ ပြန်ပြကြတယ် ။ ဆရာ ၊ ဆရာမတွေက အပြစ်ပေးတာကို ဂုဏ်ယူစရာ
တစ်ခုလို သဘောထားပြီး ခံယူတတ်လာတယ် ။ တစ်ခါ ဓာတုဗေဒ
Equation တွေ မေးတာကို ကြောက်တတ်တဲ့ မိန်းကလေး ၃ ၊ ၄
ယောက်ကလွဲပြီး ဘယ်ကျောင်းသားမှ မဖြေကြဘူး ။ မရဘူးပေါ့လေ ။
အားလုံး ဘူးခံကြတယ် ။ ရှေ့ဆုံးတန်းက မရဘူး ဆရာမ ဆိုပြီး ထရပ်တာနဲ့ တိုင်ပင်စရာ မလိုဘဲ နောက်တန်းတွေကလည်း မရဘူးပဲ ။ ဆရာမ
က ရိုက်တော့ အပြုံးမပျက်ဘဲ အရိုက်ခံကြတယ် ။
ဆရာမ ဒေါသတွေထွက်ပြီး ရိုက်တာများ အယောက် ( ၂ဝ )
လောက်လည်း ရိုက်ပြီးရော ဒေါသထွက်လွန်းလို့ ဆရာမလည်း
မျက်ရည်တွေဝဲ ကြိမ်လုံးကို လွှင့်ပစ် ၊ အသားတွေ တဆတ်ဆတ် တုန်ပြီး
အခန်းထဲက အချိန်မစေ့ပဲ ထွက်သွားတော့တာပဲ ။
အဲဒီနေ့ကစပြီး ကျွန်တော်တို့ နှစ်ကျတန်းဟာ အရင်နှစ်တွေ
ကထက် ဆိုးတယ် ဆိုတဲ့ အသံ ထွက်လာတယ် ။ ဆရာ ဆရာမတွေက
အဲဒီစိတ်နဲ့ ကြည့်လေ ကျွန်တော်တို့ကလည်း ဆိုးပြလေပါပဲ ။ အိပ်တယ် ၊ ကျောင်းပြေးတယ် ၊ စာမေးရင် မရဘူးဖြေတယ် ။ ကျွန်တော်တို့ အတန်းက လူတွေဟာဆိုးတယ် ဆိုတာကိုပဲ ဆက်လက်ထိန်းသိမ်းနေကြတယ် ။
စာမေးပွဲက ကျွန်တော်တင် ကျတာ မဟုတ်ပါဘူး ။ တစ်ဖွဲ့လုံး
ကျတာပါ ။ ဘယ်သန် ၊ ပေါက်စီ ၊ သခေါ ၊ ပျားတုပ် ၊ အားလုံးပဲ ။
ဘယ်သန် ရဲ့ ကောင်မလေး မြင့်မြင်ရီ လေးလည်း ကျတယ် ။ ၁ဝ တန်း
အောင်မှ အဖြေပေးမယ် ဆိုတဲ့ မြင့်မြင့်ရီ လေးက နှစ်ယောက်စလုံး
ကျပေမယ့် ကျောင်းတက်ပြီး ၁ လခွဲ လောက်လည်းကြာရော ဘယ်သန့်
ကို အဖြေပေးလိုက်တယ် ။ သူလည်း လူဆိုးမကလေး ဖြစ်နေတာ အံ့ဩဖို့ ကောင်းတာ တွေ့ရတယ် ။ ကျွန်တော်တို့နဲ့အတူ ကျောင်းပြေး ၊
အရိုက်ခံ ၊ အခေါက်ခံနဲ့ သူ့ပုံစံက တော်တော်လေးကို ငဖယ်တေ
ကလေးပဲဗျာ ။ အံ့ရောပဲ ။ အရင်နှစ်ကဆို သူက သိပ်အေးတာ ။
အမှန်တော့ ဆရာ ၊ ဆရာမတွေက စာမေးပွဲကျလာတဲ့ ကျွန်တော်တို့ကို
မခံချင်အောင် ပြောတာပါ ။ မခံချင်စိတ်နဲ့ ကြိုးစားလာမယ်ပေါ့ ။
ဒါပေမယ့် ကျွန်တော်တို့က ဝတ္ထုတွေ ၊ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေမှ မဟုတ်တာ ။ အိမ် ၊ ကျောင်းပတ်ဝန်းကျင်က ဖိအားတွေပေးမှ
တော့ သွားပြီပေါ့ ။ ဒီကြားထဲ ၁ဝ တန်း ကျရင် စိတ်လေရမယ်ဆိုတဲ့
ကျွန်တော်တို့ ခေတ်တုန်းက အတွေးအခေါ်ကြီးကလည်း ရှိသေးတယ် ။
၁ဝ တန်း ကျရင်ပဲ စိတ်လေနေပြီလို့ အားလုံးက ထင်ကြတယ် ။ အဲဒီတော့ လေသာတာပေါ့ ။ ဒါမှ ပတ်ဝန်းကျင်နဲ့ ကိုယ်က ညီတော့မှာကိုး ။
ကျွန်တော်ထင်တယ် ... နပိုလီယံ နဲ့ ဟစ်တလာ လူဆိုးဖြစ်တာ ဒါကြောင့်ပဲနေမှာပဲလို့ ။ သူတို့ဆို ပိုဆိုးတာပေါ့ ။ တစ်ကမ္ဘာလုံးက လူဆိုးလို့ ထင်ကြတာ ဆက်ဆိုးဖို့ပဲ ရှိတော့တာကိုး ။ ဒါကြောင့် ကျွန်တော်လည်း ခပ်မိုက်မိုက် စတိုင်လ်နဲ့ နေတာပါ ။ ကျွန်တော်တို့က လေ သူတို့က ဖိ ၊ ကွက်တိကို ဖြစ်လို့ပဲ ။
ဆယ့်သုံး အစိမ်းပေါ်ကို ကျွန်တော် အဲဒီလို ခပ်မိုက်မိုက်တက်ရင်း အဲဒီအကြောင်းတွေကို တွေးနေမိတယ် ။ ဒီအချိန်ဆို ကျွန်တော်စီးတဲ့ ကားပေါ်မှာ ကိုးတန်းတုန်းက သင်္ချာသင်တဲ့ ဆရာမ ဒေါ်ကြည်ကြည် ပါမယ် ။ ဘီအိုစီကနေပြီး ၈ တန်း တုန်းက အတန်းပိုင်ဆရာမ ဒေါ်စိန်စိန်ဝင်း လည်း ပါချင် ပါမယ် ၊ ကိုးတန်း တုန်းက ပထဝီ သင်တဲ့ ဆရာမ ဒေါ်ဝင်းဝင်း လည်း ပါချင် ပါမယ် ၊ နောက် မနှစ်က ကိုးတန်း တက်တဲ့ ကောင်မလေး တင်တင်ဇော် ၊ သူက အဆိုးဆုံး ။ ဘယ့်နှယ်ဗျာ ... ။ မှတ်တိုင် ၅ မှတ်တိုင်လောက်ပဲ စီးရတဲ့ကားပေါ်မှာ သူက
ကျောင်းစာအုပ်ကလေးကို ထုတ်ဖတ်လို့ ၊ အလကား အပိုတွေ ။ ကျွန်တော်ကလည်း အဲဒီလို အပိုလုပ်တဲ့ ကျောင်းသူတွေဆို အရမ်း မုန်းပဲ ။
ကဖူးကွေ့ရောက်တော့ ကားမရပ်ခင်ကတည်းက ခုန်ဆင်းပြီး
ကာကာဆိုင်ကို တန်းလာခဲ့တယ် ။ အခုဆို ကျွန်တော်တို့ ကျောင်းရှေ့မှာ အရင်ကလိုမျိုး မရပ်တော့ဘူး ။ ကျောင်းမတက်ခင် ကာကာ
ဆိုင်မှာပဲ ထိုင်တယ် ။ သီချင်းကောင်းရင် ခေါင်းလောင်းထိုးပြီး ဆယ်
မိနစ်လောက် မှ ဝင်တယ် ။ တံခါးဖွင့်မပေးရင် ကျောင်း မတက်တော့ဘူး ။
ဦးသိန်းအောင် ကလည်း ညှာရှာပါတယ် ။ ခေါင်းလောင်းခေါက်ပြီး
ဆယ့်ငါးမိနစ်လောက်အထိ ကျွန်တော်တို့ အုပ်စုကို စောင့်ပေးတယ် ။
ကာကာဆိုင်ထဲရောက်တော့ ဖွင့်ထားတဲ့သီချင်းက အက်စ်ကဲနက်ရဲ့
“ ယုံပါ ရင်သို့တိုးဝှေ့ဆဲပါ ခိုင် ” ။ ပျားတုပ်က စီးကရက်လှမ်းပေးရင်း
“ တိုင်ကီဝမ်း ” လို့ အော်တယ် ။ ဘယ်သန် ၊ သခေါ နဲ့ ပေါက်စီ တို့ပါ
ရောက်နေကြပြီ ။ တိုင်ကီ ဆိုတာ ရိုးရိုးလက်ဖက်ရည်ထက် သုံးပုံ
နှစ်ပုံလောက် ပိုတဲ့ လက်ဖက်ရည်ခွက်ပါ ။ အဲဒီတုန်းက ရိုးရိုးလက်ဖက်ရည်က ၅ မတ် (၁ ကျပ်/၂၅ပြား) ၊ တိုင်ကီ က ၂ ကျပ် / ။ တိုင်ကီလို့ခေါ်တာ
သူက ကြွေခွက်နဲ့ မဟုတ်ပဲ သံခွက်နဲ့ကြောင့် ဖြစ်မယ် ။
ကျွန်တော်တို့ ထွေရာလေးပါး စကားပြောနေကြတုန်း ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားရတယ် ။ ကျွန်တော်တို့က အေးဆေးပါပဲ ။ ကျောင်းဘက်ကို လှမ်းကြည့်တော့ မိုးက ဖွဲဖွဲကလေး ရွာနေတယ် ။
“ မိုးရွာနေတယ်ကွ ”
ကျွန်တော်က ပြောရင်း ပျားတုပ်ကို ...
“ စောစောကလည်း ရွာသေးတယ်ကွ ... ဘာဖြစ်လို့လဲ ”
“ မိုးရွာရင် အတန်းတက်ရတာ သိပ်ပျင်းဖို့ကောင်းတာပေါ့ ”
“ အမှန်ပဲ ... ဒီနေ့ မိုးတစ်နေ့လုံး ရွာချင်ရွာမှာ ”
ပျားတုပ် ရဲ့ စကားဆုံးတော့ ...
“ အမှန်အကန်ပဲ ”
ဘယ်သန် က ရောက်လာတဲ့ တိုင်ကီလက်ဖက်ရည်ခွက်ကို အမြှုပ်မသေခင် တစ်ဝက်ခွဲရင်း ထောက်ခံတယ် ။ သခေါ က သူ့ သွားကို မပေါ်အောင် နှုတ်ခမ်းနဲ့ သုံးလေးခါ ဆွဲစေ့ရင်း မေးတယ် ။
“ မင်း ... ဘာလုပ်ချင်လို့လဲ စာကလေး ”
“ မိုးရွာနေမှတော့ ကျောင်းပြေးရင်ပြေး ... မပြေးရင် အခန်းထဲမှာ ငါတို့ အတန်းက အားလုံးတန်းစီ အိပ်မယ်ကွာ ”
ကျွန်တော်တို့ စကားဝိုင်း ခဏတိတ်သွားပုံက ဘယ်သန်
ကျွန်တော့်အတွက် ငှဲ့ပေးထားတဲ့လက်ဖက်ရည် ပန်းကန်ထဲက အမြှုပ်ကလေးတွေ ပေါက်နေတာတောင် ကြားရမတတ်ပါပဲ ။ ခဏနေတော့မှ ပေါက်စီ က စဉ်းစဉ်းစားစား ပြောတယ် ။
“ မိုးရွာနေရင်တော့ ကျောင်းပြေးလို့ မကောင်းဘူးကွ ဘယ်သွားသွား ကြွက်စုတ်ဖြစ်မှာပဲ ...မင်းတို့မှာ ထီးပါလို့လား ”
ထီး ။
ကျွန်တော် မဲ့ပြုံးပြုံးရင်း လွယ်အိတ်ထဲကို စမ်းလိုက်တယ် ။
သွားပြီ ။
ကျွန်တော့် လွယ်အိတ်ထဲမှာ ထီး မရှိတော့ဘူး ။
ကျွန်တော် ကမန်းကတန်းပြေးထွက်ပြီး ကျွန်တော် စီးလာတဲ့ ဘတ်စ်ကားကို ရူးကြောင်ကြောင်နဲ့ ထွက်ရှာတယ် ။ ကားက ဘယ်ရှိတော့မလဲ ။ ဟိုကောင်တွေလည်း ဘာမသိ ၊ ညာမသိ ပြေးထွက်လာကြတယ် ။
“ ငါ့ ... ငါ့ထီး မရှိတော့ဘူးကွ ”
“ ဟာ ... သေချာလို့လား ”
“ မင်း ပါလာတာ သေချာလို့လား ”
“ ဘာလို့ မသေချာရမှာလဲ ... မှတ်တိုင်မှာ မိုးအုံ့လို့ ငါ ထုတ်ဆောင်းမလို့ လက်ထဲကိုင်ထားသေးတာ ... သေချာတယ် ပါသွားပြီ
ခါးပိုက်နှိုက်သွားပြီ ”
အမှန်တော့ ခါးပိုက်နှိုက်ဆိုတာထက် လွယ်အိတ်နှိုက်ဆိုတဲ့
စကားက ကျွန်တော့် ထီးအတွက် ပိုသင့်တော်လိမ့်မယ် ထင်တယ် ။
လွယ်အိတ်ထဲက နှိုက်တာကိုး ။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း
စေတနာရှိရင် ပိုင်သမျှအကုန် ပေးရင် ပေးမယ် ။ ကိုယ့်ကို ပတ်တီး
ချပြီးယူသွားရင် အလွန်မုန်းပါပဲ ။
ဒီနှစ်မှာချည်းပဲ ကျွန်တော့်ထီး ခါးပိုက်နှိုက်ခံရတာ ဒါနဲ့ပါဆို
၂ ခါ ရှိပြီ ။ ပထမထီးက အဟောင်းဆိုတော့ ထားပါတော့ ။ အခုထီး
အသစ်ဗျ ။ ထီးအဟောင်းပျောက်လို့ အိမ်က ဆူဆူပူပူ နေ့တိုင်းလုပ်ပြီး
မှ ဒီ Dove ထီးအသစ်ကို ဝယ်ပေးတာ ။ အဖေ အမေ ဝန်ထမ်းဘဝ
လခကလေး တစ်ယောက် မှ သုံးရာနီးပါး ရကြတာ Dove ထီးတစ်ချောင်း ရာကျော် ဆိုတာ့ ... ဆူမှာပေါ့လေ ။ ဒီကြားထဲ ကျွန်တော်က
ဆယ်တန်းကျထားတာ မဟုတ်လား ။ “ ဒီထီးပျောက်ရင် ကိုယ့်လက်ဝါးကိုယ် အုပ်ပြီး ဆောင်းတော့ ” လို့တောင် အမေက ပြောသေးတာ ။
ကျွန်တော့် ငယ်ထိပ်ကို ကင်းမလက် မည်းတုပ်သလို ကျွန်တော်ခံလိုက်ရတာ ကိုယ့်လူရေ ။ ပစ္စည်းကို နှမြောတာထက် ဒီ ၁ဝ တန်း ကျတာကြီးကို ထပ်အပြောခံရမှာကို စိုးရိမ်နေတာ ။
အဲဒီနေ့က ကျွန်တော်တို့ ကျောင်းမပြေးဖြစ်ပါဘူး ။ အခန်းထဲမှာ တန်းစီပြီးလည်း မအိပ်ဖြစ်ဘူး ။ ဒေါသထွက်လွန်းလို့ ကျောင်းဘယ်လို ဆင်းမှန်းတောင် မသိဘူး ။ ဒီ ဆယ်တန်းကျတဲ့ကိစ္စကို စဉ်းစားရင်းက ထီးအနှိုက်ခံရတာကို ဒေါသဖြစ်ရတာ ။
ကံများ ကောင်းချင်တော့ အဲဒီနေ့ကျောင်းလွှတ်တော့ မိုးက
ရွာတယ် ။ ရွာတာမှ သင်္ကြန်မှာ ဟော့ရှော့ ကောင်မလေးတွေက ကိုယ့်ကို အမြင်ကတ်ကတ်နဲ့ ရေဝိုင်းလောင်းသလိုကို ရွာတာ ။ ကျွန်တော်လည်း ညစ်ညစ်နဲ့ အိမ်မပြန်တော့ပဲ မိုးရေ အစိုကြီးနဲ့ ကျွန်တော့်ကို
တော်တော် ချစ်တဲ့ အဒေါ်အိမ်ကို ဝင်တယ် ။ ကျွန်တော် မိုးတွေရွှဲပြီး
တုန်နေတာကိုမြင်တော့ အဒေါ်က ပါးစပ်ကို ပြဲလို့ပေါ့ ။
ကျွန်တော် အကုန်ရှင်းပြတော့ အဒေါ်က နားလည်ရှာပါတယ် ။ ကိုယ့်မှာ ကြွယ်ဖိုးကြွယ်ဝ မဟုတ်ရှာပေမယ့် ရှိတာလေးနဲ့
ကျွန်တော့်ကို Dove ထီး အသစ်တစ်ချောင်း နေ့ချင်းဝယ်ပေးရှာပါတယ် ။ အဒေါ်နာမည်က အန်တီစိုး တဲ့ ။ အဖေ့ရဲ့ ညီမပါ ။ သူက
အိမ်နဲ့ ဆက်ပြဿနာ မဖြစ်ဖို့နဲ့ ဒီထီး ထပ်မပျောက်ဖို့ မှာပါတယ် ။
ကျွန်တော် သူတောင်းတဲ့ ကတိ နှစ်ခုစလုံးကို မပေးပါဘူး ။ ဒါပေမယ့်
အဒေါ်ဝယ်ပေးတဲ့ ထီးအသစ်ကို ကိုင်ထားရင်း နောက်ထပ်နှိုက် မယ့်
ခါးပိုက်နှိုက်ကို စိန်ခေါ်နေပါတယ် ။ စိန်သာ ခေါ်တာပါ ကျွန်တော်က
လူ့ဖလံရယ် ။ အရပ်က ငါးပေ မပြည့် ၊ လက်ကောက်ဝတ်က ခြောက် လက် မ မရှိ တရှိ ။ ဒါပေမယ့် ကျွန်တော် စိန်ခေါ်နေမိတယ် ။ ကျွန်တော်
( ၁ဝ ) တန်းကျတဲ့ အမုန်းတွေအားလုံး ဒီထီးကို နှိုက်တဲ့ ခါးပိုက်နှိုက်အပေါ် ပုံထားတာကိုး ။
ဒါကို အဒေါ်က သိဟန် တူပါတယ် ။
“ သားရယ် ... နောက်တစ်ခါ မပါရအောင် ခေါက်ထားပြီး
သားထီး အစွန်းရွက်ကလေးကို အတွင်းကနေ လွယ်အိတ်အသားနဲ့
တွဲပြီး ချိတ်နဲ့ ချိတ်ထားပါလား ... ဒါဆို သူဆွဲလည်း ရုတ်တရက်
မပါတော့ဘူးပေါ့ ။ ထီးတစ်ချောင်းတန်ဖိုးက နည်းတာမှတ်လို့ ”
ကျွန်တော် ဘာမှ ပြန်မပြောဘဲ ထွက်ခဲ့ပေမယ့် နောက်နေ့မှာ
အဒေါ် ပြောသလို လုပ်သွားပါတယ် ။ ဟုတ်တယ်လေ ။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ကားပေါ်ရောက်ရင် တွေးချင်ရာတွေးတတ်တာကိုး ။ မနက် နေ့လယ်ပိုင်း ကျပ်သပ်ညှပ်နေတဲ့ ကားပေါ်မှာသာ
စိတ်ကိုထားရရင်ဗျာ ... ။ ကျောင်းနဲ့အိမ် ပြန်မရောက်ခင် သေမှာပဲ ။
ကျွန်တော်က အကောင်သေးတော့ ပိုဆိုးတာပေါ့ ။ ခပ်ဝဝ ခပ်ထွားထွား မိန်းမကြီး နှစ်ယောက်လောက်များ ဖိထားရင် ကျွန်တော့်ကို ပြားနေတာပဲ ။ ခန္ဓာကိုယ် ဘယ်လိုနေရနေရ စိတ်ကို တခြားပို့ထားတော့
တော်တော် သက်သာတာပေါ့ ။ ဘတ်စ်ကားကျပ်ကျပ် စီးဖူးသူတိုင်း
ဒီနည်းကို သုံးရတာပဲ မဟုတ်လား ။ အဲဒါကိုလည်း ကိုရွှေခါးပိုက်နှိုက်တွေက သိနေတယ်လေ ။
ဒီတစ်ခါတော့ ... ကား ဘယ်လောက်ကျပ်ကျပ် စိတ်တွေ
ဘယ်လိုပဲ လွင့်လွင့် ကျွန်တော်လွယ်ထားတဲ့ လွယ်အိတ် သိမ့်ခနဲ
လှုပ်တာနဲ့ ချက်ချင်း သတိဝင်ရတယ် ။ ချိတ်နဲ့ ထီးကို တွယ်ထားဦးတော့
ကျွန်တော့်ကို နှစ်ခါ ဆော်ထားတဲ့ ဒီခါးပိုက်နှိုက်ကို ပညာပေးချင်
နေတယ် ။ လာများ ဆွဲလို့ကတော့ပေါ့လေ ... ။ ဟိုကောင်တွေ အားကိုးလည်း ပါပါတယ် ။
“ ငါ ထီးကို ဒီလို ချိတ်နဲ့ အထဲက တွယ်ထားတယ် ... လာ နှိုက်လို့ကတော့ ငါ ကျောင်းအထိ မှေးခေါ်လာပြီး ကျောင်းကျမှ ပြဿနာရှာမယ် ... မင်းတို့ အဆင်သင့်ရှိပေ့စေ ...”
ဒီကောင်တွေကလည်း မိုက်စိတ် ၊ ဆိုးစိတ်ဝင်နေတာပေါ့ ။
“ မင်း ထီး ... မပါတာ သေချာရင် ကျောင်းရှေ့အထိသာ ခေါ်
ခဲ့ ... ငါတို့နဲ့တွေ့မယ် ” ဆိုပြီး လက်သီး တပြင်ပြင်ပဲ ။ ပေါက်စီ ရော ၊
ပျားတုပ် ရော ဆိုတော့ အားတော့ ရှိတာပေါ့လေ ။ ဒီကောင်တွေ နေ့တိုင်း ကျွန်တော့်ကို ကျောင်းရှေ့ကားမှတ်တိုင်က စောင့်ပေးကြတယ် ။
ထီးအသစ်ရပြီး တစ်ပတ်လောက် အထိ ဘာမှ မဖြစ်ဘူး ခင်ဗျ ။
၁ဝ ရက်လောက် နေတော့ ကျွန်တော်လည်း ဒါကို တော်တော်
မေ့နေပြီ ။ တစ်နေ့မနက် ထုံးစံအတိုင်း ကားကျပ်ကျပ် စီးရတယ် ။
ထုံးစံအတိုင်း ကျွန်တော်လည်း တိုးဝှေ့ ၊ ရပ်စရာ နေရာရ ၊ စိတ်တွေ
အဝေးလွင့်ပေါ့ ။ ပထမ လွယ်အိတ်က သိမ့်ခနဲ လှုပ်တယ် ။ ကျွန်တော်
သတိထားမိပေမယ့် မှတ်တိုင်မှာ ကားရပ်လို့ တိုးဝှေ့ဆင်းကြရင်း
ဒါဟာ သဘာဝပါ ဘာမှ မထူးဆန်းပါဘူး ။ ဒါမျိုးကို သတိထားခဲ့တာလည်း တစ်ပတ်ကျော်ပြီ ။ ပြီးတော့ ထီးက ထပ် အနှိုက် မခံရလို့ တွယ်ချိတ်ကို စိတ်ချနေပြီ ။
ဘီအိုစီ မှတ်တိုင်ကျော်တော့မှ နောက်ထပ် သိမ့်ခနဲ ဖြစ်တော့
ကျွန်တော် သတိထားမိတာ ။ ဟုတ်တယ် ... ။ ကျွန်တော့် လွယ်အိတ်ကို အနောက်က တစ်ယောက်ယောက် ဆွဲနေပြီ ။ ကျွန်တော် လွင့်နေတဲ့ အတွေးတွေကို ဖြတ်ပြီး လွယ်အိတ်ဆီ အာရုံ ပို့ထားရတယ် ။ တတိယအကြိမ် လွယ်အိတ်က ' သိမ့် ' ခနဲ ။
ကျွန်တော် ရင်တွေတဆတ်ဆတ် တုန်လာတယ် ။ သေချာပြီ ။
ကျွန်တော့် လွယ်အိတ်ထဲက ထီးကို ဆွဲနေတာ ။ ဒါပေမယ့် တွယ်ချိတ်နဲ့
အသေအချာ ချိတ်ထားတော့ ထီးက ဆွဲထုတ်လို့ မရဘူး ။ အဲဒီလို တွေးနေတုန်း ခါးပိုက်နှိုက်က တစ်ခုခုနဲ့များ ငြိနေသလားဆိုပြီး ထီးကို
ဆွဲနှဲ့တာတောင် ကျွန်တော် သိတယ် ။ အသာငြိမ်နေရင်း ခေါင်းကို မသိမသာ ငဲ့ကြည့်တော့ ခါးပိုက်နှိုက်ပခုံးက ကျွန်တော့်ကို မိုးပြီးဖိထားတယ် ၊ လက်မောင်းမှာလည်း ဆေးမင်ကြောင်တွေနဲ့ ... ။ ခေါင်းက
ကျွန်တော့်ကို မကြည့်ဘူး ၊ လက်ကသာ လွယ်အိတ်ထဲက ထီးကို
ကိုင်ထားတာ ။
ကျွန်တော့်ရင်ဟာ တဆတ်ဆတ် တုန်နေရာကနေ တလှပ်လှပ် ဖြစ်လာတယ် ။ ဒီကောင် ငါ့ထီးကို နှိုက်နေတာ သေချာပြီ ။ ထအော်လိုက်ရမလား ။ ထအော်ရင် ကားပေါ်မှာ ငါ့ကို အကူအညီပေးမယ့်လူ ဘယ်နှစ်ယောက် ပါမလဲ ။ (ဒီကောင်ကြီးကို ကျွန်တော် မနိုင်တာတော့ သေချာတယ်) ။ ဒါမှမဟုတ် ကျွန်တော် တစ်ယောက်တည်းပဲ သတ္တိရှိရှိ
ရင်ဆိုင်ရမလား ။ ခါးပိုက်နှိုက်တွေဟာ သူတို့ လှုပ်ရှားနေတာ သိသွားရင် အော်တဲ့လူကို ဘရိတ်ဒါးတို့ ၊ မြိနေအောင် သွေးထားတဲ့ ဆယ်ပြားစေ့တို့နဲ့ မျက်နှာကို မွှန်းတတ်တယ်လို့လည်း ကြားဖူးတယ် ။ တကယ်ပဲ
ကိုယ့်လူရေ အဲဒီအချိန်မှာ ကျွန်တော်ဟာ အသား တဆတ်ဆတ်တုန်ပြီး ရင်တလှပ်လှပ်နဲ့ ဘာလုပ်ရမှန်း မသိတော့ဘူး ။
အဲဒီလို တွေးနေတုန်းမှာပဲ ထပ်ပြီး ထီးကို လှုပ်ရင်း နှဲ့ရင်းဆွဲတာ သေသေချာချာကို ခံစားရတယ် ။ ကျွန်တော် နောက်ဆုံး တွေးတာက ... ရှေ့ပေါက်နဲ့ နီးနေတော့ ကျောင်းရှေ့မှာ ဒီ ခါးပိုက်နှိုက်ကို ဝင်လုံး ၊ ကားပေါ်က ဆွဲချရင်း ... အော်ဟစ် ပြဿနာရှာဖို့ပါ ။ ဒါပေမဲ့ ဟိုကောင်တွေ ရှိနေရင် ပြဿနာ မရှိပေမယ့် ဟိုကောင်တွေက ဆယ်ရက်လောက် ကြာသွားတော့ ကျွန်တော့်ကို မှတ်တိုင်မှာ မစောင့်ရင်
သွားပြီ ။ ကျွန်တော့်မျက်နှာ ဟက်တက်ပေါ့ ။ ဒီလိုနဲ့ ဘီအိုစီမှတ်တိုင်ကနေ ရုံးရှေ့သံလမ်းမှတ်တိုင်တွေ ကျော်လာတယ် ။ ရှေ့မှာ ကဖူးကွေ့ ၊
ကျွန်တော် ဆင်းရမယ့်မှတ်တိုင် ။
ဒီခါးပိုက်နှိုက်ကလည်း အဖြူနဲ့ အစိမ်းဝတ်ထားတော့ အထက
( ၃ ) ရှေ့မှာရှိတဲ့ ကဖူးကွေ့မှာ ကျွန်တော် ဆင်းမယ်ဆိုတာကို
သိထားပြီးသား ... မှတ်တိုင်မရောက်ခင် ကျွန်တော့် လွယ်အိတ်ထဲက
ထီးကို တစ်ခုခုနဲ့ ငြိနေတယ်အထင်နဲ့ ခပ်ကြမ်းကြမ်းဆွဲရမ်းပြီး
ထုတ်ပါတယ် ။ ဒါပေမယ့် တာဝန်ကျေတဲ့ တွယ်ချိတ်ကြောင့် ကျွန်တော့် ထီးက သူ့လက်ထဲကို ပါမသွားဘူး ။ ကျွန်တော် အရမ်းခံပြင်းပြီး
ဒေါသထွက်နေတယ် ။ သူ့ကို တစ်ခုခုတော့ လုပ်ရမှ ကျွန်တော် ကျေနပ်နိုင်မယ် ။ ရာဇဝင်ကြွေးကို ဆပ်ရမှာပေါ့လေ အသားတွေတုန်ပြီး
ရင်တွေ ခုန်နေတာ ... ကိုယ့်လူရေ ... မပြောနဲ့တော့ ။
ဒါနဲ့ပဲ ကားက ကဖူးကွေ့ကို ကွေ့ပြီးရပ်တယ် ။
ကျွန်တော် ဆတ်ခနဲလွယ်အိတ်က ကြိုးကို ညာဘက်နဲ့ ဆုပ်ရင်း
ရှေ့က ဆင်းတဲ့ လူတွေကို စောင့်နေလိုက်တယ် ။ ကျွန်တော် သူ့ကို
တစ်ခုခု လုပ်ရမှကို ကျေနပ်နိုင်မယ် ။ ကျွန်တော် ဘာလုပ်ရမလဲ ။ သူက
လည်း ဆင်းတော့မယ် ။ ကျွန်တော့်ကို လွမ်းသလိုလို ... မချိတင်ကဲ
တစ်ချက် ငေးကြည့်တယ် ။ အမဲသားတစ်တုံး လွတ်သွားပြီပေါ့လေ ။
ဘာကြောင့်လဲပေါ့ ။ အဲဒီ သူ့ရဲ့ နားမလည်တဲ့ မျက်လုံးကို မြင်တော့ ...
ကျွန်တော့် အလှည့်မှာ ကျွန်တော် မဆင်းသေးပဲ ... ဆတ်ခနဲ သူ့အနား
ပြန်ရောက်သွားတယ် ။
“ ဒီမှာ ... ဟေ့လူ ... ခင်ဗျားဘယ်တော့မှ မရဘူးဗျ သိလား ... သနားလို့ မပြောတာ ... ခင်ဗျား ဆွဲနေတာ ကျွန်တော်သိတယ် ၊ ဘယ်တော့မှ မရဘူး ၊ ဒီမှာ အထဲကနေ ချိတ်နဲ့တွယ်ထားတာ သိရဲ့လား ”
ပြောပြီးတာနဲ့ ကျွန်တော် ပြေးဆင်းတာပဲ ။ အောက်ရောက်တော့ ရင်တွေက တဆတ်ဆတ်တုန်နေတုန်း ။ ဒါပေမဲ့ ကျွန်တော် ကျေနပ်တယ် ။ ကျွန်တော့်ကို တအံ့တဩနဲ့ ငေးကြည့်နေတဲ့ အဲဒီလူရဲ့ မျက်နှာကို ကြည့်ပြီး ပြောခဲ့ရတာကို ကျေနပ်တယ် ။ သူ ... ကြောင်တက်တက်နဲ့ ကားပေါ်မှာ တအံ့တဩ ပါသွားမှာပဲ ။ တော်ပါသေးရဲ့လို့လည်း တွေးချင်တွေးပြီး ပါသွားမှာပါပဲ ။ ဘာပဲဖြစ်ဖြစ် သူ့ကို
ကျွန်တော် လူလည် ကျလိုက်ရတာကို ကျေနပ်နေမိတယ် ။ မှတ်တိုင်မှာ
ဟိုကောင်တွေ စောင့် မနေပါဘူး ။ နပန်းလုံးပြီးသာ ဆင်းရင်တော့
ကျွန်တော့် မျက်နှာမှာ ဟက်တက်ပေါ့ ။ ကျွန်တော် ပြန်ပြောပြတော့
ဒီကောင်တွေ လက်သီးလက် မောင်းတွေ ဘာတွေ တန်းတယ် ။ တကယ်တော့ အာဖျံကွီးပါ ။ ကျွန်တော်ကတော့ ပြောခဲ့ရတာကိုပဲ ကျေနပ်နေတယ် ။ ဟုတ်တယ်လေ ... သူခိုး ကို မင်း သူခိုးလို့ ပြောရတာ ၊
ငါ သိတယ်ကွလို့ ပြောရတာ လောကမှာ ဘယ်လောက် အရသာရှိသလဲဆိုတာ ကိုယ့်လူလည်း သိမှာပေါ့ ။
နောက်ထပ် ကျွန်တော့် ထီးကလေး ခါးပိုက်နှိုက် မခံရတော့ပါဘူး ။
ကျွန်တော့်ကို သိသွားလို့ပဲ လက်ရှောင်တာလား ၊ တွယ်ချိတ်ကလေးကြောင့်ပဲ မပါတာလားတော့ မသိဘူး ၊ ကျွန်တော်ကတော့
ထီးလွယ်အိတ်ထဲ ထည့်ပြီဆိုရင် အမြဲတမ်း အခုထိ တွယ်ချိတ်ကို
သုံးတုန်းပဲ ။ ဟုတ်တယ်လေ ကျွန်တော်တို့က တွေးချင်ရာ တွေးတတ်တဲ့ ကောင်တွေကိုး ဘာမှ သတိထားစရာ မလိုတော့ဘူးပေါ့ ။
တစ်ခုတော့ရှိတယ် ။ ကျွန်တော့်ထီးတွေ အကုန်လုံး အနားတွေကတော့ စုတ်နေတာပဲ ။
◾ နီကိုရဲ
📖 လွယ်အိတ်ထဲက အလွဲများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment