❝ သူတော်ငတေ ၏ သူခိုး ရှာပုံတော် ❞
နွေလ၏ တစ်နေ့သ၌ ကျွန်ုပ်တို့ ဘုန်းတော်ကြီးအား ရှင်ပွဲ ၊ ပဉ္စင်းခံပွဲအတွက် သရက်တောင်ရွာမှ ဒကာနှစ်ယောက် လာရောက် ပင့်လျှောက်ကြသည် ။ ဘုန်းတော်ကြီးကလည်း ထုံးစံအတိုင်း အလှူပွဲသို့ ကြွရောက်ရန် လက်ခံလိုက်သည် ။
သည်လိုနှင့် ရှင်ပြုရဟန်းခံပွဲကြွရန် ဘုန်းတော်ကြီးက ကျောင်းသားကြီး လေးယောက်အား ရှင်ပြု ရဟန်းခံပွဲသို့ မည်သူ လိုက်ကြမည်နည်းဟု ခေါ်မေးသည် ။ ကျွန်ုပ်တို့ ရွာနှင့်စာလျှင် သရက်တောင်ရွာမှာ အိမ်ခြေ သုံးလေးရာ ရှိသော ရွာကြီး ဖြစ်သည် ။ အပျိုချောများ ပေါသော ရွာဟုလည်း ပတ်ဝန်းကျင်၌ နာမည်ကြီးသောရွာ ဖြစ်သည် ။ ထို့ကြောင့် ကျောင်းသားကြီး လေးယောက်က သူ လိုက် မည် ၊ ငါ လိုက် မည်ဟု အပြိုင်လျှောက်ကြရာ ဘုန်းတော်ကြီးက လေးယောက်စလုံး လိုက်၍ မဖြစ် ၊ နှစ်ယောက်သာ လိုက်ရမည်ဟု ဆိုသဖြင့် ကျောင်းသားကြီးလေးယောက်ကို အလှည့်ကျ လိုက်ရန် ဘုန်းတော်ကြီးက အမိန့်ချသည် ။
ထိုအခါ သရက်တောင်ရွာ ရှင်ပြုရဟန်းခံပွဲသို့ လိုက်ရမည့် ကျောင်းသားကြီး နှစ်ယောက် မှာ လှသန်း နှင့် ထွန်းအောင် တို့ ဖြစ်သွားကြသည် ။ ထို့ကြောင့် မနက်ဖြန်မနက် နေမပူမီ အရုဏ်ဆွမ်းစားပြီးသည်နှင့် သရက်တောင်ရွာသို့ သွားကြရမည်ဖြစ်ရာ ဤနေ့ ညနေကပင် ရှင်ပြုရဟန်းခံပွဲ၌ ဝတ်မည့်အင်္ကျီ ၊ လုံချည်တို့ကို ယူလာကြရန် ဘုန်းတော်ကြီးက အမိန့်ရှိ ထားသည် ။
ထို့ကြောင့် ညနေ ရွာသို့ ထမင်းစားဆင်းသွားကြပြီး မကြာမီပင် လှသန်း နှင့် ထွန်းအောင် တို့က အင်္ကျီ ၊ လုံချည် ၊ လွယ်အိတ်ကိုယ်စီနှင့် ကျောင်းသို့ ပြန်ရောက်လာကြသည် ။ သူတို့နှစ်ယောက်သည် သရက်တောင်ရွာ ရှင်ပြုပွဲသို့ လိုက်ကြမည် ဖြစ်သဖြင့် မြူးပျော်နေကြသည် ။
ဆရာတော်၏ စီမံချက် မှာ မနက် အရုဏ်ဆွမ်း စားပြီးသည်နှင့် ခရီးစထွက် မည် ။ နေ့လယ်ဆွမ်းကို ကွင်းကြီးရွာ ဘုန်းကြီးကျောင်းတွင် ဘုန်းပေးပြီး ကွင်းကြီးရွာ ဘုန်းကြီးနှင့်အတူ ညနေချမ်း၌ သရက်တောင်ရွာ အလှူသို့ ကြွရန် ဖြစ်သည် ။ ဤသည်မှာလည်း သရက်တောင်ရွာ အလှူမှပင့်တိုင်း ကွင်းကြီးဘုန်းကြီး နှင့် ကျွန်ုပ်တို့ ဘုန်းကြီးက ကြွနေကျ ဖြစ်သည် ။
သည်လိုနှင့် နောက်တစ်ရက် အရုဏ်ဆွမ်းစားပြီး သရက်တောင်ရွာအလှူသို့ ဘုန်းကြီး ကြွခါနီးမှာပင် လှသန်း မှာ ဖိနပ်ပျောက်၍ တငိုငို တရယ်ရယ် ပြဿနာပေါ်တော့သည် ။ သူ့ဖိနပ်မှာ ကုန်ခဲ့သော တစ်ပတ်လောက်ကမှ သူ့အဖေမြို့မှ ဝယ်လာပေးထားသော ဖိနပ် ဖြစ်သည် ။ ဘယ်ပွဲမှ မစီးရသေးသော အသစ်ကျပ်ချွတ် ကြောင်တံဆိပ် ဖိနပ်ဟု ပြောသည် ။
ထိုအခါ ကျောင်းသားကြီးလေးယောက်ထဲတွင် အလှည့်မကျ၍ မလိုက်ရသော အေးဆောင် နှင့် ငြိမ်းမောင်ကြီး တို့က အငြိုးအတေးနှင့် ယူဝှက်ထားကြလေသလားဟု ဘုန်းတော်ကြီး နှင့် လှသန်း တို့က ထင်ကြရာ ငြိမ်းမောင်ကြီး နှင့် အေးဆောင် ကို ဘုန်းတော်ကြီးက အကြိမ်ကြိမ် အခါခါ ခေါ် မေးသည် ။ ငြိမ်းမောင်ကြီး နှင့် အေးဆောင် တို့ကလည်း သူတို့ မယူရပါကြောင်း ဘုန်းတော်ကြီးကို ကျိန်တွယ်၍ပင် လျှောက်ကြသည် ။ ထိုအခါ ကျွန်ုပ်တို့ ကျောင်းသားအားလုံးကို ဘုန်းတော်ကြီးက ခေါ်စစ်ပြန်သည် ။ မည်သူမျှ မယူကြောင်းသာ လျှောက်ကြ၏ ။ ဘယ်လိုမှ မေးစစ် မရ ။ သည်လိုနှင့် အချိန်ကလည်း သွားကာနီးနေပြီ ဖြစ်လေရာ ဘုန်းတော်ကြီးက ...
“ မင်း ဖိနပ်က ဘယ်မှာထားလို့ ပျောက်တာလဲ ”
ဟု လှသန်းကို မေး၏ ။
“ တပည့်တော် ဖိနပ်က တစ်ခါမှ မစီးရသေးတဲ့ အသစ်ကြီးပါ ဘုရား ။ ကုန်ခဲ့တဲ့ အပတ်ကမှ အဖေ မရန်းသီး သွားရောင်းလို့ မြို့က ဝယ်လာတာပါ ။ တပည့်တော်က ရှင်ပြုပွဲမှာ စီးမလို့ ဖိနပ်အသစ်ကို လွယ်အိတ်ထဲ ထည့်ထားပါတယ် ။ မိုးလင်းလို့ ကြည့်တော့ ဖိနပ် မရှိတော့ပါဘူး ဘုရား ”
ဟု ငို၍ လျှောက်သည် ။
ဘုန်းတော်ကြီးက ...
“ ငိုမနေနဲ့ ၊ တိတ်စမ်း ။ ဖိနပ်အသစ်ဆိုတာ ခရီးဝေးသွားတဲ့အခါ စီးရင် ခြေပေါက်တတ်တယ်ဆိုတာ နင် မသိဘူးလား ။ ခု သွားကြရမှာက တစ်ရက် ခရီး ။ ဒီတော့ လမ်းမှာ ဖိနပ်ပေါက်နေလိမ့်မယ် ။ အဟောင်းပဲ စီးလိုက်ခဲ့ ။ ကဲ သွားမယ် ။ ကျောင်းသားတွေအားလုံး နားထောင်ကြစမ်း ။ ငါ ရှင်ပြုပွဲက ပြန်လာရင် လှသန်း ဖိနပ်ကို တစ်နည်းနည်းနဲ့ ပြန်ရအောင် လုပ်ထားကြ ။ ယူထားတဲ့အကောင်က လူမြင်သာတဲ့ တစ်နေရာရာမှာ ပြန်ချထားရင် ထား ၊ မထားရင်တော့ နင်တို့အားလုံး ကျောကွဲကြပြီသာ မှတ် ။ နင်တို့ အချင်းချင်း ဘယ်သူ ယူထားတယ်ဆိုတာ သိကို သိရမယ် ။ သူခိုးမဖော်နိုင်ရင် အားလုံး ငါ့ကြိမ်လုံးကို ကြည့်ထားကြ ”
ဟု မိန့်မှာခဲ့ပြီး ဘုန်းတော်ကြီးသည် လှသန်း ၊ ထွန်းအောင် တို့နှင့်အတူ သရက်တောင်ရွာ အလှူပွဲသို့ ကြွသွားလေသည် ။
ကျွန်ုပ်တို့ ကျောင်းသား ( ၂၀ ) ကျော်မှာ ဘုန်းတော်ကြီး ပြန်ကြွလာလို့မှ လှသန်းဖိနပ်ကို ပြန်မရရင် အရိုက်ကြမ်းသော ဘုန်းတော်ကြီး အကြောင်းကို တွေးကာ ကျောချမ်းနေကြ၏ ။ မည်သူ ယူသနည်း ၊ မည်သူ ဖြစ်နိုင်သနည်း ဟုလည်း အချင်းချင်း မေးမြန်းစုံစမ်းကြသည် ။ သို့သော် ညကြီးမင်းကြီး ပျောက်သွားသော လှသန်း ဖိနပ်ကို ဘယ်လိုမှ စုံစမ်း၍ မရကြ ။ ထိုအခါ မည်သည့် အမှုကိစ္စမဆို တစ်စုံတစ်ရာ ထူးခြားမှုဖြစ်ပါက အကြံဉာဏ်တောင်းကြ ၊ တိုင်ပင်ကြရသော ကျောင်းအောက်က သူတော်ငတေ ဆီ လှသန်း ဖိနပ်ပျောက် မှု ပြဿနာက ရောက်သွားပြန်လေသည် ။
ကျွန်ုပ်တို့က သူတော်ငတေ အား ..
“ ဘကြီးသူတော် ၊ ဦးဦးသူတော် ၊ ဘိုးဘိုးသူတော် ၊ ဘုန်းကြီး ပြန်လာလို့မှ လှသန်း ဖိနပ် ပြန်မရရင် ကျွန်တော်တို့အားလုံး တန်းစီပြီး အရိုက်ခံကြရတော့မယ် ။ ဘယ်လိုလုပ်မလဲ ၊ ကယ်ပါဦး ၊ ကူညီပါဦး ”
ဟု တစ်ယောက် တစ်ပေါက် တော်ရာစပ်ရာ ခေါ်၍ အကူအညီ တောင်းကြရသည် ။
ထိုအခါ သူတော်ငတေ က ကျောင်းသားအားလုံးကို စုခေါ်၍ ...
“ မင်းတို့ လှသန်း ဖိနပ်ကို ဘယ်သူ ယူထားသလဲဆိုတာ မင်းတို့ မျက်နှာကို ကြည့်တာနဲ့ ငါသိတယ်နော် ။ ဒါပေမယ့် လူတစ်ယောက်ဟာ လှသန်း ဖိနပ်လေးတစ်ရန် ခိုးမိတာနဲ့ တစ်သက်လုံး သူခိုး အခေါ်ခံရမှာ ။ ကြီးလာတဲ့အခါမှာလည်း ဒီကောင် တို့ကျောင်းသားဘဝတုန်းက လှသန်း ဖိနပ်ကို ခိုးဖူးတယ်ရယ်လို့ လူတော သူတော သိက္ခာအချ ခံရမှာ ။ ဘုန်းကြီး ပြန်လာရင်လည်း ငါက လှသန်း ဖိနပ်ကို ခိုးတာ ဒီကောင်ပါဘုရားလို့ ပြောလိုက်ရင်သေလုမြောပါး အရိုက်ခံရမှာ ငါ မကြည့်ရဲဘူး ။ မင်းတို့ အားလုံးက ငါ့ဆွေမျိုး ၊ ဒီရွာသားလေးတွေ ချည်းပဲ ။ အဲဒီတော့ ဒီကနေ့ ညနေ မတိုင်မီ ကျောင်းအောက်က ငါ့ဖိုရုံထဲ လှသန်း ဖိနပ်ကို လာထားပေးပါကွာ ။ ဒါဆို မင်းခိုးတယ်ဆိုတာလည်း ဘယ်သူမှ မသိတော့ သိက္ခာလည်း မကျဘူးပေါ့ ။ ငါ ဒါပဲပြောမယ် ”
ဆိုပြီး ဟိုလူလိုလို သည်လူလိုလို အကြည့်မျိုးနှင့် ကျောင်းသားနှစ်ဆယ်ကျော်ကို မျက်လုံးဝေ့ဝိုက်ကြည့်ပြီး သူသွားနေကျအတိုင်း တောထဲ ဆေးမြစ်ရှာရန် ထွက်သွားလေသည် ။
ဘုန်းကြီး ပြန်ရောက်လာလျှင် အရိုက်ခံရမှာ ကြောက်နေကြသော ကျွန်ုပ်တို့ ကျောင်းသားများမှာ သူတော်ငတေ ပြန်လာလျှင် ကျောင်းအောက်ရှိ သူ့ဖိုရုံထဲ၌ ဖိနပ်ခိုးထားသော ဖိနပ်သူခိုးက လှသန်း ဖိနပ်ကို လာထားပေးတာတွေ့ပါစေဟု ဆုတောင်းနေကြသည် ။ နေ့ဆွမ်းစားကာနီးတွင် သစ်မြစ်တစ်ထွေးနှင့် သူတော်ငတေ တောထဲက ပြန်လာ၏ ။ သူ့ ဖိုရုံ၌ လှသန်း ဖိနပ်ကို မတွေ့ ။
ထိုအခါ သူတော်ငတေက နေ့ဆွမ်းစားပြီးသည်နှင့် ကျောင်းသားများကို တစ်ခါ စုခေါ်ပြန်သည် ။ အကျိုးအကြောင်း အမျိုးမျိုး ပြောပြသည် ။ သူတစ်ပါးပစ္စည်းကို ခိုးလျှင် မည်မျှ ငရဲကြီးကြောင်း ၊ ဘယ်ဇာတ်တော်ထဲမှာ သူခိုးက ဘယ်လို ငရဲ၌ ခံရကြောင်း ၊ ထို့ကြောင့် လူမြင်မှာ စိုး၍ နေ့ခင်း လာ မထားဝံ့လျှင် ညကျ လှသန်းဖိနပ်ကို ဖိုရုံဝ၌ လာပစ်ချထားရန် ပြောပြန်သည် ။ မိုးလင်းလို့မှ လှသန်း ဖိနပ်ကို သူ့ဖိုရုံရှေ့မှာ မတွေ့လျှင်တော့ သူတတ်သော လောကီပညာနှင့် ဖိုရုံရှေ့ ပြာပုံပေါ်မှာ သူခိုးလာပြီး လူးလှိမ့် ငိုရအောင် သူ လုပ်တော့မည်ဟု ပြောပြီး ကျောင်းသားများကို ပြန်လွှတ်လိုက်သည် ။
သို့နှင့် တစ်ရက်တစ်ည ကုန်သွား၏ ။ လှသန်း ဖိနပ်ကို သူတော်ငတေ ဖိုရုံရှေ့ ၊ ကျောင်းအောက် ၊ ကျောင်းပေါ် ၊ လှေကားထိပ် လူမြင်သာသော ဘယ်နေရာမှာမှ မတွေ့ ။ သူတော်ငတေ လည်း ဖိနပ်သူခိုးကို အလွန် စိတ်ဆိုးလာပြီ ။ ထို့ကြောင့် ကျောင်းသားနှစ်ဆယ်ကျော်ကို ညနေ ထမင်းစား မဆင်းကြမီ စုခေါ်ပြီး ..
“ လှသန်း ဖိနပ်ကို ဘယ်သူ ယူထားတယ်ဆိုတာ ငါ တပ်အပ်ကို သိတယ်နော် ။ ငါ စောစောက ပြောခဲ့သလို မင်း ဖိနပ်ကလေးတစ်ရန် ခိုးတာက အကြောင်း မဟုတ်ဘူး ။ မင်းမိဘ ၊ ညီအစ်ကို မောင်နှမတွေ သိက္ခာပါ ထိခိုက် မှာစိုးလို့ ငါ မဖော်ထုတ်သေးတာ ။ မင်းလုပ်တာ ငါ အကုန်သိတယ် ။ ဖိနပ်ပျောက်တဲ့ မနေ့က ဗုဒ္ဓဟူးနေ့ပဲ ။ လှဒိသာဂါမေတဲ့ ။ လှ - ဗုဒ္ဓဟူးနေ့ ၊ ဥစ္စာ - ကျွဲနွားပျောက်မူ ၊ ဒိသာ - အရှေ့အရပ်သို့ ယူသွားလေ၏ ။ ဂါမေ - ရွာ၌ ဝှက်ထားသည်တဲ့ ။ ဒီတော့ ခု ထမင်းစားဆင်းရင် ဝှက်ထားတဲ့ လှသန်း ဖိနပ်ကို ပြန်ယူလာပြီး ကျောင်းလှေကားရင်း ၊ လှေကားထိပ်မှာပဲ ဖြစ်ဖြစ် ၊ ဘိုးဘိုး ဖိုရုံဝမှာပဲ ဖြစ်ဖြစ် လူမြင်သာတဲ့ တစ်နေရာရာမှာ လာထားပါ ကလေးရယ် ။ မင်း နဲ့ ဘိုးဘိုးက ဆွေမျိုးဆိုတော့ ဘိုးဘိုး မလုပ်ရက်လို့ပါနော် ။ ဒါပဲ ၊ ကဲ အိမ်ပြန်ကြတော့ ။ ဖိနပ်ပြန်ယူလာဖို့တော့ မမေ့နဲ့နော် ။ ကဲ ...သွားကြ ၊ သွားကြ "
ဟု ပြောပြီး ကျောင်းသားအားလုံးကို ထမင်းစား စောစောဆင်းခိုင်းလိုက်သည် ။ သည်လိုနှင့် ကျောင်းသား နှစ်ဆယ်ကျော် ရွာထဲ ထမင်းစား ဆင်းလာကြသည် ။ ကျွန်ုပ်တို့မှာ အိမ်နီးပါးချင်း နီးရာနီးရာ ကျောင်းသားများနှင့် အတူတကွ ထမင်းစားပြန်ကြလေ့ရှိရာ အသွား၌ လည်းကောင်း ၊ အပြန်၌ လည်းကောင်း လှသန်း ဖိနပ် ပြန်ရရေးကိုသာ ဆွေးနွေးတိုင်ပင်ပြီး မိမိတို့၏ မသင်္ကာသူ ထင်သူများ၏ အရိပ်အခြည်ကိုသာ တစ်လမ်းလုံး ဂရုတစိုက် ကြည့်လာကြလေသည် ။
တစ်ည ကုန်သွားပြန်ပြီ ။ ဖိနပ်ပျောက်သောနေ့ကပင် ရေတွက်လျှင် နှစ်ည ၊ နှစ်ရက် ရှိသွားပြီ ။ လှသန်း ဖိနပ်ကိုကား ဘယ်နေရာမှာမှ မတွေ့ကြရသေး ။ ဤနေ့ ညနေဆိုလျှင် သရက်တောင်ရွာအလှူမှ ဘုန်းကြီး ပြန်ကြွလာတော့မည် ။ သူတော်ငတေ လည်း ဘာမှ မတတ်နိုင်တော့ဟု ထင်၍ ကျွန်ုပ်တို့မှာ ကျောတချမ်းချမ်း ၊ ရင်တဖိုဖို ဖြစ်သူဖြစ် ၊ အရိုက်ခံကြရတော့မည်ကို တွေးပြီး မျက်ရည် ကျသူ ကျ ၊ မှိုင်မှိုင် ဖြစ်နေကြလေသည် ။
မနက် အရုဏ်ဆွမ်းစားပြီးသည်နှင့် ကျောင်းသားအားလုံးကို သူတော်ငတေ က စုခေါ်ပြန်ရာ ဒီတစ်ခါတော့ လှသန်းဖိနပ် ပြန်ရပြီအထင်နှင့် ကျွန်ုပ်တို့အားလုံး သူတော်ငတေရှေ့ အပြေးရောက်သွားကြသည် ။ သို့သော် ဖိနပ်ပြန်ရ၍ မဟုတ် ။ သူတော်ငတေက ..
“ ကဲ တစ်ယောက်စီ လာကြစမ်း ၊ ဖိနပ်သူခိုးဟာ ဘယ်သူဆိုတာ ငါ လက်ရဖမ်းပြမှ ဖြစ်တော့မယ် ”
ဟု ပြောပြီး တစ်ယောက်စီကို နားရွက်ဆွဲ ၊ ရင်ဘတ်စမ်း လုပ်တော့ သည် ။ ထိုသို့ တစ်ယောက်ပြီးတစ်ယောက် စမ်းနေရာ ကျွန်ုပ် အလှည့်သို့ ရောက်လာသောအခါ သူတော်ငတေ ဆီ၌ ကျွန်ုပ် အစမ်းခံရသည် ။
“ ဟေ့ကောင် ဘာဖြစ်လို့ ဒီလောက်ကြောက်နေရတာလဲ ”
ဟု သူတော်ငတေက အော်လိုက်ရာ ကျွန်ုပ်မှာ ဟီးချငိုမိလိုက်သည် ။ ကျောင်းသားထဲတွင် ကျွန်ုပ်ကား အငယ်ဆုံး ဖြစ်၏ ။ သူတော်ငတေ က တစ္ဆေပုံပြင်များကို ညတိုင်း ပြောပြတတ်ရာ သူတော်ငတေ ကို ကြောက်လည်း အလွန် ကြောက်နေသူဖြစ်ရာ ကျွန်ုပ် မခိုးရပါဘဲ ကျွန်ုပ်အား စွပ်စွဲပြီအထင်နှင့် လန့်၍ ငိုချမိလိုက်ခြင်း ဖြစ်သည် ။ ဤသည်ကို ကျောင်းသားများ အားလုံးကလည်း ဖိနပ်သူခိုး ပေါ်ပြီအထင်နှင့် ကျွန်ုပ်ကို ဝိုင်းကြည့်နေကြရာ ကျွန်ုပ်မှာ အငိုမရပ်နိုင်ဖြစ်နေစဉ် သူတော်ငတေက
“ ဟဲ့ ကောင်လေး ၊ နင့်ကို ငါက ဖိနပ်ခိုးတယ်လို့ ပြောလို့လား ။ ကြောက်တတ်လိုက်တာ နင့်ရင်ခုန်သံကို ဗြဟ္မပြည်ကတောင် ကြားနိုင်တယ် ။ တိတ်စမ်း ၊ ငိုမနေနဲ့ ။ မင်း ဖိနပ်မခိုးဘူးဆိုတာ ဘဘ သိတာပေါ့ ”
ဟု ပြောပြီး ကျွန်ုပ်ကို ပြန်လွှတ်လိုက်သည် ။
ကျောင်းသားကြီးတွေ ပြီးသွားပြီး နောက် မှ စမ်းသပ်ခံကြရသော ကျောင်းသားငယ်တွေမှာလည်း ကျွန်ုပ်ကဲ့သို့ပင် ကြောက်ရွံ့၍ ရင်ခုန်နေကြသည် ။ ဤသည်ကို သူတော်ငတေက ..
“ နင်တို့ကောင်တွေ ယောက်ျား မဟုတ်ကြဘူးလား ။ ငကြောက်တွေ များလိုက်တာ ။ ဘယ်လူ့ သူခိုးစွပ်စွဲရမှန်းတောင် မသိတော့ဘူး ။ ကဲ အကုန် အင်္ကျီချွတ်ပြီး ဒီမှာ လာပုံကြစမ်း ။ ဒီလောက် ခေါင်းမာတဲ့ ဖိနပ် သူခိုး ၊ ဒီတစ်ခါတော့ ငါ့စကြာကြိမ်နဲ့ တွေ့ကြပြီပေါ့ကွာ ။ ချွတ် ၊ ချွတ် မြန်မြန် အင်္ကျီချွတ်ပြီး ဒီမှာ လာပုံကြစမ်း ”
ဟု ပြောပြီး ဘုန်းတော်ကြီး၏ လက်သုံးတော် ထားဝယ်ကြိမ်ကို သွားယူကာ ကြိမ်ဝင့်၍ ကျွန်ုပ်တို့ ကျောင်းသားအားလုံး အင်္ကျီချွတ်ပုံထားကြသော အနားသို့ ရောက်လာသည် ။
“ ခွေးမသား သူခိုး ။ ကဲကွာ ကဲကွာ ငါ့အမိန့် မဟုတ် ၊ ဆရာတော် အမိန့် ပေါ်စေ ၊ ပြစေ ၊ ဒူဝေဝေ ၊ ပေါ်လဟယ် ပေါ် ၊ ပြလဟယ် ပြ ၊ ဖွ သွားဟ ”
ဟု ဆိုပြီး ကျောင်းသားနှစ်ဆယ်ကျော် ချွတ်ပုံထားကြသော အင်္ကျီပုံကြီးကို ကြိမ်လုံးနှင့် နှစ်ချက် ကြက်ခြေခတ်ရိုက်သည် ။ သူတော်ငတေက အင်္ကျီပုံကြီးကို ဒေါမာန်ပါပါ ရိုက်လိုက်စဉ်က ကျွန်ုပ်တို့မှာ ကျောချမ်း၍ ကြက်သီး တဖြန်းဖြန်းပင် ထသွားကြသည် ။
“ ကဲ လာကြ ၊ ကိုယ့်အကိုပဲ ကိုယ်ယူဝတ်နော် ။ မမှားစေနဲ့ ။ အင်္ကျီဝတ်ပြီးရင် ကျောင်းအောက် မှာ သွားထိုင်နေကြ ။ ငါမခေါ်ဘဲ ဘယ်သူမှ ကျောင်းပေါ် တက် မလာရဘူး ။ အားလုံး ကြားလား ”
“ မှန်ပါ့ဘုရား ၊ တင်ပါ့ ဘိုးဘိုး ၊ ဟုတ်ကဲ့ပါ ဘဘ ၊ ဟုတ်ကဲ့ပါ ဦးဦး ”
ဟု ကြောက်ကြောက်ရွံ့ရွံ့နှင့် ဘုန်းကြီးကို ပြောသလို ပြောသူက ပြော သူတော်ငတေနှင့် ဆွေမျိုးနီးစပ်တော်သူများကလည်း ယခင် ခေါ်ပြောနေကျအတိုင်း ခေါ်ပြောသူပြောနှင့် ကိုယ့်အင်္ကျီကိုယ် ယူဝတ်ကာ ကျောင်းအောက်သို့ ဆင်းလာကြရလေသည် ။
သည်လိုနှင့် မနက် ( ၈ ) နာရီ ကျော်လာသောအခါ ရွာထဲ ဆွမ်းခံဝင်ကြရမည့်အဖွဲ့ အလှည့်ကျကျောင်းသားများ တက်လာကြတဲ့ သူတော်ငတေ က လှမ်းအော်ပြောသဖြင့် အလှည့်ကျ ကျောင်းသားများ ဆွမ်းခံ ထွက်ကြသည် ။ ပန်းကန်ဆေး ၊ တံမြက်လှည်း ၊ ရေခပ်အဖွဲ့များကိုပါ ခေါ်ပြီး ရှိသမျှ ကျောင်းသားအားလုံးကို ကျောင်းပေါ် ပြန်တင်သည် ။
တစ်ခု ထူးခြားသည်မှာ ခါတိုင်းနေ့လို ရေခပ်အဖွဲ့များသည် အင်္ကျီမချွတ်ဘဲသာ သွားကြရသည် ။ ဆွမ်းအုပ်ပို့သူများလည်း အလျှိုလျှို ရွာက ရောက်လာကြရာ အားလုံးမှာ ကျောင်းပေါ် ပြန်တက်ပြီး နေ့စဉ်လုပ်နေကျ အလုပ်များကို ပုံမှန်လုပ်ကိုင်ကြပြီး နေ့ဆွမ်းစားကြသည် ။
နေ့ဆွမ်းစားပြီးသည်နှင့် ကျောင်းသားများအားလုံးကို သူတော်ငတေ က ကျောင်းအောက်သို့ ပြန်မောင်းချသည် ။
“ ငါမခေါ်ဘဲ ဘယ်သူမှ ကျောင်းပေါ် တက် မလာရဘူး ။ မခေါ်ဘဲ ကျောင်းပေါ် တက်လာလို့ကတော့ ဒီမှာတွေ့လား ”
ဟု ကြိမ်ဝင့်၍ ကြုံးဝါးလွှတ်သည် ။ ကျွန်ုပ်တို့မှာလည်း သူတော်ငတေ အမိန့်အတိုင်း အားလုံး ကျောင်းအောက် ဆင်းလာကြကာ သူတော်ငတေ ဘာလုပ်မည်ကိုထင်ကြေးပေး ပြောဆိုနေကြသည် ။
ဆယ်မိနစ်ခန့်အကြာတွင် သူတော်ငတေ က လှေကားထိပ်နားမှ လှမ်းကြည့်ပြီး ခေါ်၏ ။
“ ကဲ တစ်ယောက် တက်လာစမ်း ၊ တစ်ယောက်ပဲနော် ”
အရဲရင့်ဆုံး ကျောင်းသားကြီးတစ်ယောက် ရင်ကော့၍ ကျောင်းပေါ် တက်သွားသည် ။
“ အင်္ကျီချွတ် နင့်ကျောကုန်းကို ပြစမ်း ”
ဟု သူတော်ငတေ အော်ပြောသံကို ကြားလိုက်ရပြီး ခဏအကြာမှာ ထိုကျောင်းသားကြီး ပြန်ဆင်းလာသည် ။
“ နောက်တစ်ယောက် လွှတ်လိုက်လို့ ဦးသူတော် မှာလိုက်တယ် ။ တစ်ယောက် တက်သွားကွာ ”
ဟု ကျောင်းပေါ်မှ ပြန်ဆင်းလာသော ကျောင်းသားကြီးက ပြော၏ ။ ဒုတိယမြောက် တက်သွားသော ကျောင်းသားကိုလည်း ဦးသူတော် က အင်္ကျီချွတ်ခိုင်းနေသံ ကြားရသည် ။ ထိုကျောင်းသားလည်း ပထမကျောင်းသား နည်းတူ ဦးသူတော် ကို အင်္ကျီချွတ်ပြခဲ့ပြီး သူ့အင်္ကျီသူ ပြန်ဝတ်ကာ ကျောင်းပေါ်က ဆင်းလာပြန်သည် ။
သည်လိုနှင့် တစ်ယောက်ပြီးတစ်ယောက် ကျောင်းသားနှစ်ဆယ်ကျော်တို့ကို ကျောင်းပေါ်ခေါ်လိုက် ၊ ပြန်ဆင်းခိုင်းလိုက်နှင့် ဦးသူတော် က စစ်ဆေးနေသည်မှာ နာရီဝက်နီးပါး ကြာသွားသည် ။
ကျောင်းသား နှစ်ဆယ်ကျော်ကို စစ်ဆေးပြီးသောအခါ ...
“ တကယ်လို့ ငါမရှိတုန်း ဆရာတော် ပြန်ရောက်လာရင် လှသန်း ဖိနပ်ကို သူခိုးက ပြန်ထားပေးတာ တွေ့ပါပြီ ဘုရား ၊ လှသန်းဖိနပ်ကို ဦးသူတော် သိမ်းထားပါတယ်လို့ လျှောက်လိုက်ကြတော့ ။ နို့မို့ရင် နင်တို့ အကုန် ကျောကွဲကုန်လိမ့်မယ် ”
ဟု မှာထားခဲ့ပြီး ကျောင်းတောင်ဘက်သို့ သူတော်ငတေ ထွက်သွားလေသည် ။
ထင်ထားသည့်အတိုင်းပင် ကျွန်ုပ်တို့ ရွာဆင်း ထမင်းစားပြီးအပြန် ညနေမိုးချုပ်စမှာ ဆရာတော် သရက်တောင်ရွာအလှူက ပြန်ရောက်လာသည် ။ ဘုန်းကြီးကလည်း ရောက်ရောက်ချင်း လှသန်း ဖိနပ်ကိုပင် အရေးတယူ မေးသည် ။ ကျောင်းသားကြီး ကျော်မောင် က သူတော်ငတေ မှာထားသည့်အတိုင်းပင် ဘုန်းကြီးကို လျှောက်၏ ။ ဘုန်းတော်ကြီးက ...
“ နောက်တစ်ခါဆို ဘာပျောက်ပျောက် ဦးသူတော်ကို သူခိုး ဖော်ခိုင်းပြီး သေအောင်ရိုက် မယ် ၊ မှတ်ထားကြ ။ ဒီတစ်ခါတော့ ငါ ခွင့်လွှတ်လိုက် မယ် ။ ခု ဦးသူတော် ဘယ်မှာလဲ ”
ဟု မေးရာ ...
“တပည့်တော်ရှိပါတယ် ဘုရား”
ဟု ပြောပြီး လှသန်း ဖိနပ်ကို ကိုင်ကာ ဦးသူတော် ကျောင်းပေါ်သို့ တက်လာလေသည် ။
ဤအဖြစ်အပျက် များကို ရွာသူရွာသားများကလည်း သိသွားကြရာ တချို့က ငယ်ကျင့်မပျောက်သော သူတော်ငတေ သည် သူနာမည်ကြီးအောင် လှသန်း ဖိနပ်ကို သူ တမင်ခိုး၍ ဝှက်ထားလေသလားဟု ထင်ယောင်ထင်မှား ပြောကုန်ကြသည် ။ သို့သော် ထိုစဉ်က အလွန် ပူအိုက် သော တပေါင်းလဆုတ် ရက်၌ပင် “ ဒေါင်းသိန်း ” မည်သော ကျောင်းသား တစ်ယောက်ကား သူ့ကျောကုန်းပေါ်၌ သူတော်ငတေ ၏ ကြိမ်ရိုက်ထားသော ကြက်ခြေခတ် အရှိုးရာကို လူမြင်မှာစိုး၍ တစ်လကိုးသီတင်း လူရှေ့ အင်္ကျီမချွတ်ရဲဘဲ နေခဲ့ရသည်ကို မည်သူမျှ သတိမထားမိကြပေ ။
ဒေါင်းသိန်း အား သတိထားမိခဲ့ကြသည်မှာ ထိုနေ့ ၊ ထိုရက်က စပြီး ဒေါင်းသိန်း သည် သူတော်ငတေ ခိုင်းသမျှ မငြိုမငြင် လုပ်ပေးတတ် သည် ။ သူတော်ငတေ ၏ စကားဆိုလျှင်လည်း ဆရာတော်အမိန့်ထက်ပင် နာခံကျိုးနွံခဲ့သည် ။ သူတော်ငတေ သွားရာနောက် တကောက်ကောက် ပါနေတတ်သည် ။ ဒေါင်းသိန်း သည် သူတော်ငတေ ၏ အန္တဝါသိက တပည့် ဖြစ်လာသည် ။ လူပျိုကြီးဖြစ် ၊ အိမ်ထောင်ကျပြီးသောအခါ ပန်းရောင်ပဝါ အနီပေါင်းနှင့် ဆေးဆရာ ၊ ပယောဂ ဆရာကြီး ဦးဒေါင်းသိန်း ဖြစ်လာလေသည် ။
ထိုအခါမှ ဆရာကြီးဦးဒေါင်းသိန်း ပြောပြ၍ သိကြရသည်မှာ ထိုစဉ်က သူတော်ငတေ သည် ကျောင်းသားနှစ်ဆယ်ကျော်၏ အင်္ကျီကို ကြိမ်ကြက်ခြေခတ် ရိုက်၍ ပြန်ဝတ်ခိုင်းရာ ဒေါင်းသိန်း ၏ နောက်ကျောမှာ မနာမကျင်ဘဲ ကြက်ခြေခတ် အရှိုးရာ ပေါ်လာသည်ဟု ဆိုသည် ။ သူတော်ငတေ က လူတွေသိပြီး သူ သိက္ခာကျမှာ စိုးသဖြင့် ဤသည်ကို ဖုံးထားခိုင်းသည် ။ ထိုအရာတွေမှာ မနာမကျင်သော်လည်း တစ်ပတ်ကျော် ကြာမှ လုံးလုံး ပျောက်သွားသည် ။ သို့သော် သူက လူသိမှာ ၊ လူမြင်မှာ စိုး၍ တစ်လလောက်ပင် လူရှေ့သူရှေ့ အင်္ကျီမချွတ်ဘဲ နေရကြောင်း ပြောပြသည် ။
လှသန်း ဖိနပ်အား သူယူဝှက်ထားခဲ့ရသည့်အကြောင်းမှာ လှသန်း သည် ကြေးရတတ်သား ပီပီ အကြွားသန်ခြင်း ၊ ဒေါင်းသိန်း ကျောင်းသားသစ် အဖြစ်နှင့် ကျောင်းရောက်လာစဉ်က နှိမ်ခြင်း ၊ စာသင်ပြရာ၌ တမင် စာမရသည်ကို အကြောင်းပြ၍ ရိုက်နှက်ခဲ့ခြင်းတို့ကြောင့် အငြိုးနှင့် လှသန်း အလှူပွဲမှာ အရှက်ကွဲအောင် လုပ်မိခြင်းတို့ကို ပြန်ပြောပြလေသည် ။
◾ဝေယံလင်းခေါင်
📖 ဂမ္ဘီရ မဂ္ဂဇင်း ၊
၁၉၉၉ ခုနှစ် ၊ ဒီဇင်ဘာလ
koaungnaingoo.blogspot.com
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, September 4, 2021
သူတော်ငတေ ၏ သူခိုး ရှာပုံတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment