❝ သခင်ပေါက်စ ထောင်ခြောက်လ ❞
ထိုနှစ်တွင် ဝါထပ်၏ ။ ပထမဝါဆိုလထဲမှာ တနင်္ဂနွေနေ့တစ်နေ့ နံနက်ခင်းတွင် ကျွန်တော်သည်
ဝင်နီဖေ တို့နှင့်အတူ ရွှေတိဂုံဘုရားသို့ လိုက်သွားလေ၏ ။ ထိုနေ့ နံနက်ခင်းတွင် မိုးတိတ်လျက်
ရှိလေ၏ ။ တိမ်ဖြူများသည် နေဝန်းကြီးကို ကန့်လန့်ကာကာထားသလို ကာထားကြ၏ ။ ရွှေတိဂုံ စေတီတော်ကြီးကား ကန့်လန့်ကာဆီးသည့် နေရောင်တွင်လည်း တစ်မျိုးအားဖြင့် သပ္ပာယ်
တင့်တင့်တယ် ကြည်ညိုဖွယ်ပင် ဖြစ်ပေသည် ။
ဦးဖေ ၊ ဒေါ်ဒေါ် ၊ ဝင်နီ နှင့် သူ့ညီမတို့သည် မြောက်ဘက်တန်ဆောင်းတွင် ဘုရားဆွမ်းကပ်ပြီး
ဝတ်ပြုလျက်ရှိကြ၏ ။ ကျွန်တော်ကား တန်ဆောင်းပြင်ဘက် ရင်ပြင်တော်မှာပင် ဝတ်ပြုလျက်
ရှိလေသည် ။ ကျွန်တော်သည် ရင်ပြင်တော်ပေါ်တွင် ဘုရားရှိခိုးရခြင်းကို ပို၍ နှစ်သက်၏ ။ ရင်ပြင်တော် ကျယ်ပြန့်သလောက် ကျွန်တော့်သဒ္ဓါတရား ကျယ်ပြန့်သွားသည်ဟု ထင်မိသည် ။ ဟာလာဟင်းလင်း ဖြစ်သောကောင်းကင်ကို ကျောခံလျက် တည်ငြိမ်စွာ ကျွန်တော့်ရှေ့မှာ ထီးတည်းကြီး
တည်နေသော စေတီတော်ကြီးသည် ကျွန်တော့်အာရုံကို တန်ဆောင်းတွင်းမှ ပုံသဏ္ဌာန်အမျိုးမျိုး
ဆောင်သော ဆင်းတုတော်များ ၊ ပန်းအိုးများ ၊ ညှော်သင်းလျက်ရှိသောဖယောင်းတိုင်များ အသံအမျိုးမျိုးဖြင့် ဆူညံလျက်ရှိသော ဘုရားရှိခိုးသံများထက် ပို၍ တည်ငြိမ်စုစည်းစေနိုင်သည်ဟု
သဘောရပေသည် ။
တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် ဝတ်ချ၍ ပြီးခါရှိသေး -
“ ဝင်နီ တို့နှင့် အတူတူ ဘုရားမဖူးချင်လို့ ဒီမှာလာပြီး ဖူးနေတာပေါ့နော် ၊ ရေစက် မဆုံ ထင်ပါရဲ့ ဟဲ
ဟဲ ”
လှည့်ကြည့်လိုက်သောအခါ ပြုံးနေသော ဝင်နီ ကို မြင်ရလေသည် ။ ဝင်နီ ၏ နီမြန်းသောနှုတ်ခမ်း ၊
ဆံထုံးမှ နှင်းဆီနီ နှင့် လည်တိုင်မှ တကျော့နှစ်ကျော့ရစ်ပြီး လျော့ကျ လွင့်ပျံနေသော ယောဂီ
ပဝါကလေးများကို အထူးသတိပြုလိုက် မိသည် ။ သူနှင့် ပုခုံးချင်းယှဉ်ကာ ရပ်လိုက်ပြီး -
“ မဟုတ်ပါဘူး မသိန်းဝင်း ရယ် ၊ ဒီနေရာမှာ ပိုကြည်နူးတယ် ၊ ပိုပြီး အာရုံရတယ် ၊ ဒါကြောင့်
ဒီကနေပြီး ဘုရားဖူးတာပါ ။ နေရာခွဲပြီး ဘုရားဖူးပေမယ့် ဝင်နီ တို့နဲ့ စိတ်ဝမ်းကွဲရစေသားလို့
ဆုမတောင်းပါဘူး ။ ဒီအချိန်ထဲမှာ ဒီဘုရားကိုပဲ အတူတူ ဖူးတယ် ။ တစ်ယောက် နဲ့ တစ်ယောက်
လည်း အမျှအတန်းဝေတယ်ဆိုရင် ကုသိုလ်ရတော့လည်း အတူတူပဲ ဖြစ်မှာပေါ့ မသိန်းဝင်းရဲ့”
“ ကဲပါ စကားတတ်တိုင်း ရှည်မနေပါနဲ့တော့ ။ ဒက်ဒီတို့ မာမီတို့တောင် ဟိုဘက်လျှောက်နှင့်
ကြပြီ ။ ဝင်နီ က ကိုတင်ထွန်း အတွက် အစောင့်ကျနေရစ်ခဲ့တယ် ။ လာ လာ လိုက်ကြစို့ ”
ကျွန်တော်တို့ နှစ်ယောက်သည် ယှဉ်တွဲ၍ ကုန်းတော်ကို ပတ်ကြလေသည် ။ ဦးဖေ တို့ကား
ကျွန်တော့်ရှေ့က လျှောက်နေကြလေသည် ။ သို့ကလို ယှဉ်တွဲသွားရင်း ကျွန်တော် က ဝင်နီ့
ဘက်သို့ မကြာခဏ ငဲ့၍ ငဲ့၍ ကြည့်မိလေသည် ။ ယင်းသို့ ကြည့်သည်ကို ဝင်နီ က သဘောကျ
သလိုလို ၊ မကျသလိုလို ဟန်ဖြင့် -
“ ဘာကြည့်တာလဲ ကိုတင်ထွန်း ရဲ့ ၊ ဘာများ အဆန်းတွေ့နေလို့လဲ ”
“ မသိန်းဝင်း က ယောဂီအဖွဲ့ဝင်ထဲကလား ”
“ ဟင့်အင်း ၊ ဘယ်ယောဂီအဖွဲ့မှ မပါဘူး ”
“ ဒါဖြင့် မိုးညှင်းတရားပွဲသွားပြီး တရားနာ ဖူးသလား ”
“ ဟင့်အင်း ၊ တစ်ခါမှ မရောက်ဖူးဘူး ၊ ဘာဖြစ်လို့လဲဟင် ”
“ ဘာမှတော့ မဖြစ်ပါဘူး ၊ လည်ပင်းက ယောဂီပုဝါကလေးကြောင့် မေးတာပါ ”
“ အို ကိုတင်ထွန်း ကလည်း မသိဘူးလား ။ ယောဂီပုဝါဟာ ယောဂီအဖွဲ့ဝင်မှ မိုးညှင်းတရားပွဲသွားမှ
ဆင်ရတာ မဟုတ်ပါဘူး ။ ဘုရားသွား ကျောင်းတက်အတွက် စပါယ်ရှယ် အရောင်လည်းဖြစ်တယ် ။
လှလည်း လှတယ် ။ ဒါကြောင့် ဝင်နီတို့ ဝတ်ကြတာပေါ့ ”
“ ဩ ဒီလိုကိုး ၊ ကောင်းတယ် ကောင်းတယ် ။ လှလည်း လှပါတယ် ”
ကုန်းတော်ကို တစ်ပတ်ပတ်ပြီးနောက် သွေးဆေးကန်ဘက်သို့ ဆင်းကြလေ၏ ။ သွေးဆေးကန်
ဘက် မှာ ဦးဖေ တို့၏ ကိုယ်ပိုင်ကားသည် စောင့်လျက်ရှိ၏ ။ ကားမှာ အာရ်အေ နံပါတ်ထဲက ဖြစ်ပြီး ဆေးသုတ် ၊ ပေါင်းတင် ၊ အိုဗာဟောအကြိမ်ကြိမ် လုပ်လင့်ကစား ဟောင်းမြင်းသော အရောင်အဆင်း အသွင်အပြင်အမူအရာ မပျောက် ။ ထွက်ခါနီးဆိုလျှင် သံကောက်ကြီး နှင့် တဂျောင်းဂျောင်း
လှည့်ရသည် ။ ထွက်ပြန်သောအခါ ဖင်ပိုင်းမှ မီးခိုးတထောင်းထောင်း ထွက်တတ်သည် ။ ဓာတ်ဆီ တိုင်ကီပိုက် ကို နို့ဆီဘူးခွံ နှင့် ပိတ်ထားရာ မကြာခဏ ပြုတ်ကျလေ့ရှိသဖြင့် ဒရိုင်ဘာသည်
နို့ဆီဘူးခွံအပိုကလေးများ ဆောင်ထား၏ ။ ထိုကား ၏ အဆိုးဆုံးသော ဉာဉ်တစ်ခုကား ပုလိပ်
လက်ပြတိုင်ရှေ့ ကားတွေ စီတန်းရပ်နေချိန်တွင် စက်ရပ်သွားတတ်ခြင်း ဖြစ်၏ ။ ထိုအခါမျိုး၌
ဒရိုင်ဘာသည် ပျာလောင်ခတ်နေသည် ။ ဝင်နီ စသော မိန်းမသားများမှာ -
“ ငါတို့ကို လူလယ်ကောင် အရှက်ခွဲတဲ့ သောက်ကားပဲ ” ဟု ငြူစူကာ ခေါင်းငုံ့၍ နေတတ်လေသည် ။ ဦးဖေ ကား အခြေမပျက် ၊ ခပ်ခံ့ခံ့ပင် အခံ့သား ထိုင်နေသည် ။ တွေ့သမျှ လန်ချား ̶က̶̶ု̶̶လ̶̶ာ̶̶း̶
တွေ ခေါ်ပြီး အတွန်းခိုင်းကာ တစ်ကျပ်စ ၊ နှစ်ကျပ်စ ဆုကောင်းကောင်း ချလေ့ရှိသည် ။
ကျွန်တော့် စိတ်ထင်အားဖြင့် ဝင်နီ ( ခေါ် ) မသိန်းဝင်း သည် ဤကားပေါ်ထိုင်လိုက်တိုင်း မျက်နှာအို
သွားသည် ။ အပူထိသောပန်း ညှိုးကျသွားသလို ဝင်နီ ၏ လတ်ဆတ်သော အလှမှာ ညိုးသွားသည်
ဟု ထင်ရ၏ ။ မိခင်လုပ်သူလည်း ထို့အတူပင် ။ ကားပေါ်တွင်ထိုင်သည်နှင့် တစ်ပြိုင်နက် ကားကို
သူမက မစီး ၊ သူမကိုသာ ကားက စီးနေဟန် တူသည် ။ ကားသည် ဟောင်းလှပါသည် တကား ဟူသော
အသိသည် ဖိစီးချက် ကောင်းလှပါသည် တကား ။ သို့ရာတွင် မိခင် လုပ်သူသည် သမီးတွေထက်
စိတ်ကို ဖြေတတ်သည် ။
“ မောင်တင်ထွန်း ရဲ့ အန်တီတို့ ကားသစ် ထုတ်တော့မယ် ။ ဟောဒီကားကို ရောင်းလို့ ဈေးမတည့်
သေးတာနဲ့ ကြန့်ကြာနေတာ ၊ ခုတော့ ရဈေးနဲ့ပဲ ရောင်းလိုက်မယ် အောက် မေ့တယ် ” ဟု ပြည်လမ်း
အကွေ့တွင် ကျွန်တော့်အား လှမ်းပြောလိုက်လေသည် ။
ကျွန်တော်သည် သူတို့စိတ်ကို တော်တော် သိနေလေပြီ ။ ပင်စင် နှင့် ရှိပစ္စည်းများကို ထိုင်စားနေကြသော အထည်ကြီးပျက် များ ဖြစ်သည် ။ အလုပ်သစ်အကိုင်သစ် မလုပ်နိုင်သလို ၊ အိမ်သစ်
မဆောက်နိုင် ။ ကားသစ် မဝယ်နိုင် ။သို့ရာတွင် အလုပ်သစ်ကို စိတ်ကူးသလို အိမ်သစ် ၊ ကားသစ်ကို
စိတ်ကူးကောင်းနေကြလေသည် ။ အထည်ကြီးပျက် များ ဓမ္မတာအတိုင်း အဖာအထေး မည်မျှပင်
ထည့်ရစေတော့ ၊ အထည်ကြီးကို မစွန့်နိုင် ။ ဖာရထေးရပုံကို လူမြင်တိုင်း အသစ်ဆောက် မည်
အသစ်ဝယ်မည် ပြော၍ ဖုံးဖိပေ၏ ။ သို့ကလို ဓာတ်သိဖြစ်လာခြင်းကြောင့် ကျွန်တော်သည်
သူတို့အား မမုန်း ၊ မစက်ဆုပ် ၊ သနား၍သာ နေမိသည် ။ ထို့ပြင် သူတို့၏ အထည်ဟောင်း
နောက်ကွယ်မှ တကယ့်စေတနာနှင့် စိတ်ကောင်းနှလုံးကောင်းတို့ကို ကျွန်တော် ကြည်ညိုသည် ။
သူတို့မှာ ' မရ ဒဿက ချိုင် ' ဆိုသော လောဘမျိုး မရှိသည့်အတွက် ချီးကျူးလိုသည် ။ သူတို့က
အဖာအထေးကို ဖုံးရန်ကြိုးစားသည်ကို တွေ့တိုင်း ကျွန်တော်ပါ ရော၍ ဖုံးပေးတတ်နေလေပြီ ။
“ ဒေါ်ဒေါ်ရယ် ၊ ကားသစ်တွေ ဘာတွေ ဝယ်မနေပါနဲ့တော့ ။ အပို ကုန်တာဘဲ ။ လူစီးဘတ်စ်ကား
တို့လို ၊ ကုန်တင် လောလီတို့လိုအတွက် ကုန်တာကိုတော့ ကုန်သင့်တယ် ဆိုရမယ် ။ ကိုယ်ပိုင်ကား
ဆိုတာကတော့ ဇိမ်ခံပစ္စည်းသဘောမျိုးမို့ ဝယ်တာကို ကျွန်တော်ဖြင့် အားမပေးချင်ဘူး ။ တစ်နေ့က သတင်းစာမှာ စာရင်းတစ်ခု တွေ့တယ် ။ ၁၉၃၈ ခု မေလ ၃၁ ရက်နေ့ အထိ ၊ ကုန်ခဲ့တဲ့ တစ်နှစ်
အတွင်းမှာ ဗမာပြည်ထဲကို ကားအစီး ၂ဝဝ ဝင်လာပြီး နိုင်ငံခြားသို့ ကားတန်ဖိုးငွေ ၆ သန်း
ကျော်ကျော် ပို့ပေးရတယ်တဲ့ ” သို့ကလို ကျွန်တော်က ဂဃနဏ တိကျသော စကားတို့ဖြင့် သူတို့
မလုပ်နိုင်မည့် အလုပ်ကို မလုပ်ရန် ဖျက်လိုက်သောအခါ ဒေါ်ဒေါ်၏ မျက်နှာသည် ဝင်းသွား၏ ။
စိတ်သက်သာရာ အတော်ရသွားဟန် တူ၏ ။ သို့သော် ကျွန်တော့် အကြံပေးချက်ကို မကျေနပ်ဟန်
ပြုလိုက်ပြီး -
'' မဟုတ်သေးဘူး မောင်တင်ထွန်းရဲ့ ၊ ကားဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ဘူး ၊ ဝယ်မှဖြစ်မယ် ” ဟု
ဆိုလိုက်လေသည် ။
ကျွန်တော် စကား မပြန်တော့ချေ ။ အန်ကယ်လ်ကြီး ဦးဖေ က ဝင်ပြီး “ အိုင်ဆေး နိုင်ငံခြားကို ငွေတွေ
မရောက်အောင် လုပ်တာ အင်မတန် ကောင်းတယ် ။ အန်ကယ်လ်တောင် အခု ပင်နီ ဝတ်တော့မယ်
အောက် မေ့တယ် မောင်ရ ”
“ ကောင်းတာပေါ့ ဦးရယ် ၊ တစ်အိမ်လုံး ပင်နီဝတ်ရင်တောင် ကောင်းဦးမယ် ”
ဒေါ်ဒေါ် က ကျွန်တော့်အား မျက်စောင်းထိုးကြည့်လိုက်ပြီး -
“ မောင်တို့ တူဝရီးသာ ဝတ်ကြမောင် ၊ အန်တီတို့တော့ မဝတ်ပါရစေနဲ့ ၊ အန်ကယ်လ်လည်း
မောင်တင်ထွန်း နဲ့ပေါင်းမှ သခင် ဖြစ်ခါနီးနေပြီ ဟဲ ဟဲ ”
အန်ကယ်လ် ဦးဖေက တဟားဟား ရယ်လိုက်သည် ။ ကျွန်တော်ကလည်း ရယ်လိုက်သည် ။ နောက်
ဒေါ်ဒေါ် က -
“ သခင်ပေါက်စ ထောင်ခြောက်လတဲ့ကနော် ”
သို့ဖြင့် အိမ်ရောက်ကြလေ၏ ။ ဒေါ်ဒေါ် နှင့် ဝင်နီ တို့သည် သူတို့အခန်းများသို့ ဝင်သွားကြလေသည် ။ ကျွန်တော် နှင့် ဦးဖေ သည် အိမ်ရှေ့ဝရန်တာတွင် ထိုင်၍ စကားပြောနေကြလေ၏ ။
ဦးဖေ ကား ကြိမ်ပက်လက်ကုလားထိုင်ကြီးပေါ်မှာ လှဲလျက် ၊ ဗိုက်ပူကြီးပေါ်တွင် လက်နှစ်ဖက်ကို
ပတ္တာဆက်သလို ဆက်ကာ တင်ထားလျက် ၊ ကျွန်တော်ကား ထိုင်ကုလားထိုင်ပေါ်မှာ ထိုင်လျက်
ခြေနှစ်ဖက်ကို ကားထားလျက်ဦးဖေမှာ ' သခင်ပေါက်စ ထောင်ခြောက်လ ' စကား အရှိန်မကုန်သေး ။
“ အိုင်ဆေး မောင်တင်ထွန်း ၊ သခင်ဝါဒဆိုတာ ဘာလဲ ၊ ဦး ကိုသေသေချာချာ ပြောပြဦး ။ တို့ဗမာ
ဝါဒနဲ့ ဘယ်လိုခြားနားသလဲ ”
“ သခင်ဝါဒ နဲ့ တို့ဗမာဝါဒ အတူတူပေါ့ ဦးရဲ့ ”
“ အေး အေး ရှင်းပြစမ်းပါဦး ။ ဦး တို့ ဖတ်ရတဲ့ သတင်းစာတွေထဲမှာလည်း ဒီဟာတွေ မပါ ၊ သခင်
တရားပွဲလည်း ဦး တို့ တစ်ခါမှ မရောက်ဖူးဘူး ”
ကျွန်တော် သည် သိကြပြီးဖြစ်သည့်အတိုင်း သခင်ခေါင်းဆောင် တစ်ဦး မဟုတ် ၊ သခင်အစစ်ပင်
မဟုတ်သေး ။ ' သခင်ပေါက်စ ထောင်ခြောက်လ ' စခန်းသို့ပင် မရောက်တတ်ပေသေး ။ သို့ရာတွင်
သခင်ကို ကြည်ညို၏ ။ သခင့်အကြောင်း အတော်အတန် လေ့လာ၏ ။ ကြားဖူးနားဝ ရှိ၏ ။ သခင့်
အကြောင်းကိုလည်း အရပ်မှာ ပြောပြလို၏ ။ မမြင့်ဦး က စာကလေးရေး၍ နိုင်ငံရေး ပြဿနာများ
မေးသောအခါ နိုင်ငံရေးသမားလုပ်တမ်း ကစားပြရာ၌ နှစ်ခြိုက်ပျော်ပိုက်သလို ဦးဖေ က သခင့်
အကြောင်း မေးသဖြင့် သခင်လုပ်တမ်း ကစားပြရာ၌ ပျော်ပိုက်ပေသည် ။ သခင့်အကြောင်း
လက်သီးလက်ရုံးတန်း၍ ပြောနေလေတော့သည် ။
“ ဦး တို့ဗမာသီချင်း နားထောင်ဖူးသလား ”
“ နားမထောင်ဖူးဘူး ၊ ဆိုပြစမ်းပါဦး ”
“ ဆိုပြဖို့ မဟုတ်ဘူး ၊ တို့ဗမာသီချင်းဟာ တို့ဗမာဝါဒကို ကောင်းကောင်း ဖော်ပြနိုင်တဲ့ သီချင်း
ဖြစ်တယ် ။ ၁၂၉၂ ခုနှစ်ထဲမှာ ရေးခဲ့တာ ။ ကျွန်တော် ရိုးရိုးအသံနဲ့ ဆိုပြမယ် ၊ ဦး နားမလည်ဘူးထင်တဲ့ နေရာမှာ အဓိပ္ပာယ်ရှင်းပြမယ် ”
“ ကောင်းသားပဲ ”
( တကောင်း အဘိရာဇာ ၊ တို့ဗမာ သာကီမျိုးဟာမို့ ၊ မညှိုးဂုဏ်တေဇာ ၊
ယိုးဒယား နဲ့ ကုလားကိုပါ ၊ တိုက်ခိုက်ကာ အောင်ခဲ့တာ ၊ တို့ဗမာ .... )
“ ဒီအပိုဒ်ကတော့ တို့ဗမာတွေဟာ မျိုးရိုးစဉ်လာအားဖြင့် မညံ့တဲ့ အကြောင်း ၊ သာကီဝင်မင်းမျိုးက
ဆင်းသက်ကြောင်း ၊ ဗမာ့ရာဇဝင်အစ တကောင်းက ဖြစ်ကြောင်း ၊ ဗမာတွေဟာ ယိုးဒယားနဲ့
̶က̶̶ု̶̶လ̶̶ာ̶̶း̶ တွေကိုတောင် နိုင်ခဲ့ဖူးကြောင်း ၊ ဗမာတို့ရဲ့ ကြီးကျယ်ခဲ့တဲ့ အတိတ်ကို ပြန်ဖော်လိုက်တာကိုး ဦးရဲ့ ”
“ ဟုတ်တာပေါ့ အိုင်ဆေး ၊ ထမင်းလည်း ဝေးသေးတယ် ။ ကာဖီ သောက်ပါဦးလား ။ ဟေ့ - ဝင်နီ ရေ
ဒက်ဒီတို့အတွက် ကာဖီနှစ်ခွက် ယူခဲ့ပါကွယ် ”
( စိန်မှန်ကင်းစစ် ၊ အဖြစ်ကြီးဖြစ်ရဲ့ ၊ ထင်းတစ်လှည့်ကြုံရထုံးနှင့် မသွေ ၊
လောကဓမ္မာတာပေ ၊ ငါတို့ကံခေ ၊ ဖြစ်ရပြန်သလေ ၊ သို့သော် အရင်းကို
စစ်လျှင် ဗမာပြည် ငါတို့ ငါတို့ပြည် )
“ မှန်ကင်း တစ်လှည့် ၊ ထင်း တစ်လှည့်ဆိုတဲ့ စကားရှိတယ် မဟုတ်လား ။ စိန်ဖူးမှန်ကင်း ဖြစ်ရာက
နေပြီး ထင်းလည်း ဖြစ်တတ်တာပဲ ။ ဒါဟာ ဓမ္မတာ ၊ အဲဒီ ဓမ္မတာအတိုင်း တို့ဗမာတွေဟာ ကံဇာတာ
ညှိုးမှိန်လို့ ကျွန်ဖြစ်နေရတယ် ။ ဗမာပြည်ဟာ ကျွန်တိုင်းပြည် ဖြစ်နေရတယ် ။ သို့ပေမယ့် အရင်းစစ် ကြည့်လိုက်ရင် ဗမာပြည်ဟာ တို့ဗမာတွေရဲ့ ပြည်ပဲ ၊ သခင် တိုင်းပြည်ပဲ ။ မှန်ကင်းတစ်လှည့်
ထင်းတစ်လှည့် ဖြစ်သလိုပဲ ၊ သခင်ဖြစ်ခဲ့ရာက ကျွန်ဖြစ်လာရတယ် ။ လောကဓမ္မတာမို့ အားငယ်စရာ မရှိဘူး ။ အရင်းစစ်လိုက်ရင် တို့ဟာ သခင် ပြန်ဖြစ်ရဦးမယ် လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်
အားတင်းလိုက်တဲ့ သီချင်းပိုဒ်ဖြစ်တယ် ”
“ ဒါကြောင့် သခင် ခေါ်တာကိုး ”
“ ဟုတ်တယ် ”
( နောင်ဥဒါန်း ဘယ်မကျေစရာ ၊ ရာဇဝင်တင်ထား ၊ မျိုးရိုးနွယ်လာ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာ အထင်အရှား ၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ၊
တို့ဗမာ မဟုတ်လေသလား ၊ တို့ဗမာ ငါတို့ဗမာ ၊ တို့ဗမာ ငါတို့ဗမာ ၊ ဒါ
ငါတို့ဗမာ ၊ ဒါ ငါတို့ဗမာ )
“ ကမ္ဘာမှာ ဗမာရယ်လို့ ရာဇဝင်တွင် ထင်ရှားခဲ့တယ် ၊ တို့ခေတ်ကျမှ ညံ့ကြတော့မှာလား ။ တို့ဟာ
ဗမာ မဟုတ်ဘူးလား ။ ဗမာမှ ဗမာအစစ် ၊ တို့ဗမာ ၊ ငါတို့ဗမာ ၊ ဒါ ငါတို့ ဗမာဖြစ်တယ် ။ ဇာတိသွေး
ဇာတိမာန်တွေ ဖော်ပြလိုက်တာ ၊ လက်ခမောင်း ခတ်လိုက်တာဘဲ ”
( အားလုံးညီညီ ၊ ယောကျာ်းဘသား ၊ တို့ဗမာ ၊ နောင်လာနောက်သား
ကောင်းစားဖို့ရာ ၊ တို့ကိုယ် ကျိုး လုံးလုံးမပါ ၊ ရဲရဲ ဗမာပီပီ ၊ ဗမာပြည်
တို့ဗမာဖို့ပါ ၊ သခင်ကျင့်ကို ကျင့်ကြပါ ၊ သခင်မျိုးဟေ့ တို့ဗမာ ၊
မိုးအောက် မြေပြင်မှာ ၊အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ)
“ တို့ဗမာတွေအားလုံးဟာ ညီကြ ၊ ယောကျာ်းဘသားပီကြ ၊ တို့ကိုယ်ကျိုး လုံးလုံးမဖက်ဘဲနှင့်
နောင်လာနောင်သားတွေ ကောင်းစားဖို့လုပ်ကြ ၊ ဗမာပြည်ကို တို့ဗမာတွေပိုင်ရအောင် ဗမာပီပီ
ကြိုးစားကြ ၊ တို့ဗမာတွေဟာ သခင်မျိုးတွေ ။ ဒါကြောင့် သခင်ကျင့် ကျင့်ရမယ် ၊ အထက်တန်းစိတ်
မွေးမြူကြရမယ် ၊ တို့ဗမာတွေဟာ စာမရီငှက်လို မဟုတ်မခံ ခုခံစိတ် ရှိကြရမယ် ၊ အဲဒီလို
တက်ကြွလာအောင် လှုံ့ဆော်တဲ့ သီချင်းပိုဒ် ဖြစ်တယ် ၊ နောက်အပိုဒ်ကျတော့ သံပြိုင်ဆိုရတာ
ဦး ကြားစေချင်တယ် ၊ သံပြိုင်ဆိုတဲ့အခါမှာ ကြက်သီးမွေးညှင်းတွေတောင် ထလာတယ် ”
ထိုအတွင်း ဝင်နီ သည် ကော်ဖီနှစ်ခွက်ကို လင်ပန်းကလေးပေါ်မှာတင်၍ ယူလာလေသည် ။
အငြီးပြေဝါးဖို့ မြေပဲဆားလှော် တစ်ပန်းကန် ပါလာသေးသည် ။ ဝင်နီ ကား ဘာမျှ မပြောဘဲ လင်ပန်းကို ကျွန်တော်တို့ ရှေ့မှာ ချထားပါသည် ။ သူ့ကို ကြည့်နေသော ကျွန်တော့်အား မျက်လွှာပင့်၍
ကြည့်လိုက်သည် ။ ပါးစပ်စေ့၍ ပြုံးပြသွားသည် ။ ထိုအပြုံးကား သရော်တော်တော် အပြုံးဖြစ်၏ ။
ဧကန္တ ကျွန်တော် ဟောနေသော တို့ဗမာတရား ကို သရော်ပြုံးပြုံးတာ ဖြစ်မည်ဟု ကျွန်တော် ယူဆလိုက်သည် ။ သို့သော် ကျွန်တော် သူ့အား မမုန်းပါ ။ နားမလည်လို့သာ သရော်ခြင်း ဖြစ်ရမည်ဟု
ကျွန်တော်က သူ့အားနားလည်ပြီး သနားလိုက် မိပါသည် ။
ဦးဖေ သည် ကော်ဖီတစ်ခွက်ကို ယူသောက်နေလေပြီ ။ ကျွန်တော်က သံပြိုင်အပုဒ်ကို ရွတ်ပြနေလေသည် ။
( ကမ္ဘာမကြေ ၊ ဗမာတွေ ၊ ဒါတို့ပြည် ၊ ဒါတို့မြေ ၊ ဒါငါတို့ပြည် ၊ ကမ္ဘာမကြေ ၊
ဗမာတွေ ၊ ဒါတို့ပြည် ၊ ဒါတို့မြေ ၊ ဒါငါတို့ပြည် ၊ ဒါတို့ပြည် ၊ ဒါတို့မြေ ၊
ဒါငါတို့ပြည် ၊ တို့ဗမာ တို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင် ၊
တို့ပြည်လို့မှတ်ထင် ၊ တို့ဝတ္တရားပင် တို့ဗမာသခင် ။ )
“ ဒီအပုဒ်ကတော့ အထူးအဓိပ္ပာယ် ရှင်းဖို့ မလိုပါဘူး ဦးရယ် ၊ တို့ပြည် ၊ တို့မြေ ဖြစ်တယ်ဆိုတာ
ကြုံးဝါးပြီး ပြတာ ။ တို့ပြည်မှန်း သိပြီး တို့ပြည်ကို ချစ်ကြပါလို့ တိုက်တွန်းတာ ဖြစ်တယ် ”
“ အိုင်ဆေး မောင်တင်ထွန်း ၊ ကာဖီ သောက်လိုက်ဦးလေ ” ဟု ဦးဖေ သည် သူ့ ကော်ဖီပန်းကန်ကို
ချထားပြီး ပြောလိုက်သည် ။ ဦးဖေသည် မြေပဲစေ့များကို ကောက်စားနေပြန်၏ ။
( အမျိုးသားရေး ကြိုးပမ်းကြပါ ။ တို့ဗမာ ဟေ့ တို့ဗမာ ၊ ဪ အမျိုးသားရေး ကြိုးပမ်းကြပါ ၊ တို့ဗမာဟေ့ တို့ဗမာ ၊ အရှေ့က နေဝန်း ထွက်သည့်ပမာ ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ ၊ တို့ဗမာဟေ့
တို့ဗမာ ၊ ဗမာပြည်အဝှမ်း အကုန် ၊ တို့အိမ် မှတ်ပါ ၊ တို့ရာ မှတ်ပါ ၊ အဲဒါ တို့ဗမာ ။ )
“ အဲဒီ အပိုဒ်ပြီးတော့ သံပြိုင် ထပ်ကောက်တာပဲ ။ တို့ဗမာသခင်အပေါင်းဟာ အမျိုးသားရေး ကြိုးပမ်းကြဖို့ ၊ တို့ဗမာတွေဟာ ငါ့အိမ်မှ ငါ့အိမ် ၊ ငါ့ရွာမှ ငါ့ရွာ ၊ ငါမြို့မှ ငါ့မြို့ ၊ ငါ့နယ်မှ ငါ့နယ်လို့
ကျဉ်းမြောင်းစွာ သတ်မှတ်ပြီး ဒေသစိတ် မထားကြပါနဲ့ ။ တစ်ပြည်လုံးကို တို့အိမ် မှတ်ပါ ။ တို့အိမ်တို့ ချစ်သလို ၊ တို့အိမ်တို့ ကာကွယ်စောင့်ရှောက်သလို ၊ တို့တစ်ပြည်လုံးကိုလည်း ချစ်ပါ ။ စောင့်ရှောက် ကာကွယ်ပါ ။ တိုင်းစိတ်ပြည်စိတ် မွေးကြစမ်းပါလို့ တိုက်တွန်းနှိုးဆော်သံ ဖြစ်တယ် ။
ပြီးတော့ အရှေ့ကနေဝန်းကြီးထွက်တာဟာ ဓမ္မာတာ ဖြစ်သလို ၊ မလွှဲမရှောင်သာသလို ၊ တို့ခေတ်
သခင်ခေတ် ရောက်ရမည်မှာ ဓမ္မတာပဲ ။ မလွှဲမရှောင်သာဘူးဆိုပြီး အားတက်စရာ သီဆိုထားတယ် ။ မကောင်းဘူးလာ းဦး ၊ ဒီသီချင်း မကောင်းဘူးလား ”
ဦးဖေ သည် ထိုခဏ၌ အနည်းငယ် စိတ်လေနေသည်ဟု ထင်ရ၏ ။ အကြောင်းမူကား
“ အင်း အင်း ၊ ကောင်းတယ် ၊ ဒီမြေပဲ တော်တော် ကောင်းတယ် ၊ အိုင်ဆေး ကာဖီ သောက်လိုက်လေ ”
ကျွန်တော် သည် တရားဟောရ၍ မောလှသည့်အထဲ ဦးဖေ စိတ်လေသည်ကို တွေ့ရသောအခါ
အလုံးဆို့ မတတ် ဖြစ်သွားလေသည် ။ ကော်ဖီကို ယူသောက်ပြီး အမောဖြေနေလိုက်သည် ။ အတန်ကြာလျှင် ဦးဖေ က ဝင်နီ ကို လှမ်းခေါ်လိုက်ပြန်လေသည် ။ ဝင်နီ ရောက်လာသောအခါ သူ့ခေါင်းတွင် နံနက်က ပန်လာသော နှင်းဆီနီရဲရဲကြီးကို မတွေ့ရတော့ချေ ။ နှုတ်ခမ်းကလေး နီရဲရဲကိုသာ တွေ့ရ၏ ။ နှင်းဆီ နီရဲရဲကြီးကို ဘယ်သူ့ ဖြုတ်ပေးလိုက်သနည်း ။ နောက်ဖေးက ချောင်းဝင်တဲ့
ရည်းစားကိုများ ဖြုတ်ပေးလိုက်တယ်ဆိုရင် အိမ်ရှေ့မှာ တို့ဗမာ တရားဟောနေတဲ့ ငါ့မှာကော
မကျန်ရစ်ပေဘူးလား ၊ စသည်ဖြင့် တစ်ခဏအတွင်း ရောက်တတ်ရာရာ စဉ်းစားပစ်လိုက်သည် ။
ဝင်နီ က ကော်ဖီလင်ပန်းကို သိမ်းယူနေစဉ် သူ့ခေါင်း ကို သေသေချာချာကြည့်လိုက်ရာ နံနက်က
ဆံထုံးကို ဖျက်၍ ဘီးပျံစိုက် လေယာဉ်ပျံဆံထုံး ထုံးထားသည်ကို တွေ့ရလေ၏ ။
ဪ - ခေါင်းလျှော်မယ်လို့ ထင်ပါရဲ့ ၊ ဒါကြောင့် နှင်းဆီနီရဲရဲကြီး ဖြုတ်ချထားခဲ့တာ ဖြစ်မှာဘဲ ။
ကျွန်တော့်စိတ်မှာ သက်သာရာရသွားပေသည် ။
“ ဝင်နီ ထမင်းစားဖို့ အဆင်သင့် မဖြစ်သေးဘူးလား ”
“ မဖြစ်သေးဘူး ဒက်ဒီ ၊ ဘဲပေါင်းထားတာ မနူးသေးဘူး ။ ဝက်သားနှပ်ကလည်း မနူးတတ်သေးဘူး ”
“ အေး အေး ၊ အဆင်သင့်ဖြစ်တော့ ခေါ်လိုက်နော် ”
ဝင်နီ ထွက်သွားသည် ။ ဦးဖေ သည် ကျွန်တော့်ဘက် လှည့်ပြီး -
“ ဘယ့်နှယ် - တို့ဗမာတရားက ပြီးပြီလား ။ လုပ်ပါဦး ဆက်ပါဦး မောင်တင်ထွန်းရဲ့”
“ ပြီးတော့ မပြီးသေးပါဘူး ဦးရဲ့” ဟု ကျွန်တော်က အားမလိုအားမရလေဖြင့် ဖြေလိုက်ရာ ဦးဖေ က
အားတက်လာဟန်ဖြင့် -
“ မပြီးသေးရင် လုပ်ပါဦးကွဲ့”
“ ခုနင်ကပြောပြခဲ့တဲ့ တို့ဗမာဝါဒ က တည်ထောင်ခါစ မူလဝါဒအတိုင်း ဖြစ်တယ် ။ ခု ၁၃ဝဝ ပြည့်
ရောက်လို့ ရှစ်နှစ် ကြာတဲ့အခါမှာ အဓိပ္ပာယ် တိုးတက်လာတယ် ။ မူလဝါဒကို ပစ်ပယ်တာတော့
မဟုတ်ဘူး ။ တို့ဗမာအစည်းအရုံးကြီးဟာ တို့ဗမာ အလုပ်သမား ၊ လယ်သမား ၊ ဈေးရောင်းခေါင်းရွက် ၊ လုပ်စားကိုင်စား ဆင်းရဲသား အများဆုံးပါဝင်တဲ့ အစည်းအရုံးကြီးဖြစ်တဲ့အတိုင်း ကမ္ဘာ လောကကြီး အတွင်းရှိတဲ့ ဒုက္ခိတအများ ၊ ဆင်းရဲသား ပိုက်ဆံမဲ့လုပ်စားကိုင်စား တောင်သူ လယ်သမားတို့ရဲ့ အရေးကိစ္စဟူသမျှကို ရှေ့ဆောင်မယ် ။ ပစ္စည်းဥစ္စာရှိသူ အရင်းအနှီးရှိသူ ၊ ဓနရှင်
သူဌေးသူကြွယ်တို့ရဲ့ အကျိုးကို အဓိကထားပြီး မတရားအုပ်စိုးချုပ်ချယ်တဲ့ အရင်းအနှီးစနစ်ကြီး
တည်နေတဲ့အတွက် ပစ္စည်းဥစ္စာရှိသူနဲ့ ပစ္စည်းဥစ္စာမဲ့သူ ၊ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမဲ့သူ ၊ သူဌေးနဲ့
ဆင်းရဲသား ၊ အထက်တန်းစားနဲ့ အောက်တန်းစား အဆင့်အတန်းမမျှတခြင်း ရှိနေရတယ် ။ ဓနရှင်
ကိုယ်ကျိုးရှာသမားတွေက အရင်းအနှီးအားဖြင့် အမြတ်ယူပြီး သူတို့လက်ထဲမှာ ပစ္စည်းဥစ္စာ ပိုမိုတိုးပွားလေလေ ၊ ဆင်းရဲသားပစ္စည်းမဲ့တွေ ပိုမိုကျပ်တည်း ဆင်းရဲလေလေ ဖြစ်တယ် ။ ' ဖွတ်မိချောင်း
ဖြစ် ၊ မြစ်မချမ်းသာ ' ဆိုတာလိုပဲ ' တစ်ယောက်ချမ်းသာ ကိုယ်ဖို့ရှာမူ ၊ သတ္တဝါအပေါင်း ၊ ပျက်စီးကြောင်းတည်း ' ဆိုတာလို ဖြစ်တယ် ။ ဒါကြောင့် အဲဒီ ဓနရှင်စနစ်ကို ပယ်ဖျက်ပစ်ရမယ် ။ လူနည်းစု
ဓနရှင်သူဌေးတို့ရဲ့ ကိုယ်စားလှယ် အစိုးရ ကင်းမဲ့ရေး ၊ ဓနရှင်အာဏာရှင် အုပ်ချုပ်ရေး ပပျောက်ရေး ... ”
ကျွန်တော် စိတ်ပါလက်ပါ ပြောနေစဉ် ဦးဖေ က ကြားဝင်၍ ..
“ ဘယ့်နှယ် ဘယ့်နှယ် ၊ လက်သစ် တို့ဗမာဝါဒက သူဌေး တို့ ဓနရှင် တို့ မလိုချင်ဘူး ဟုတ်လား ။
အစိုးရလည်း မလိုချင်ဘူး ဟုတ်လား ”
“ ဟုတ်တယ် ၊ ဓနရှင်စနစ် မလိုချင်ဘူး ။ ဓနရှင်တွေက အာဏာရှင် လုပ်နေတဲ့ အစိုးရလည်း မလိုချင်ဘူး ။ လူတိုင်း လူတိုင်း ဗမာတိုင်း ဗမာတိုင်း အခွင့်အရေးအားလုံးကို ညီတူညီမျှ ပိုင်ဆိုင်ကြတဲ့
စနစ်သစ် ၊ ပြည်သစ် ၊ ဗမာသစ် တည်ထောင်ရမယ်လို့ တို့ဗမာဝါဒက ဆိုတယ် ။ ဗမာပြည်နဲ့တကွ
လက်အောက်ခံနိုင်ငံတို့ရဲ့လွတ်လပ်ရေးကို တို့ဗမာအစည်းအရုံးကြီးက လိုလားတယ် ။ ကမ္ဘာမှာ
ရော ၊ ဗမာမှာရော ကြီးပွားချမ်းသာချင်ရင် လူများစုဖြစ်တဲ့ အောက်တန်းစားဆင်းရဲသား တောင်သူ
လယ်သမား အလုပ်သမားတို့ရဲ့ ကိုယ်ပိုင်အစိုးရ အစစ်ရှိမှ ဖြစ်မယ်လို့ တို့ဗမာဝါဒသစ်က
ယုံကြည်တယ် ”
“ ဟ မောင်တင်ထွန်းရေ ၊ဆင်းရဲသားတွေ အစိုးရတက်လုပ်လို့ ဖြစ်ပါ့မလား ၊ စာမှ မတတ်ဘဲနဲ့ ။
အစီရင်ခံစာ မရေးတတ် ၊ စီရင်ချက် မရေးတတ် ၊ ဥပဒေ မဖတ်တတ်နဲ့ ဘယ့်နှယ့်လုပ်ဖြစ်မလဲ ”
ကျွန်တော့်မှာ စကားအစဉ် ပျက်သွားပြီး ကြောင်နေသေးသည် ။ ၎င်းပြင် တရားဟော အကျင့်ရှိသူ
မဟုတ်သဖြင့် ဖြတ်ထိုးမေးလိုက်သည့် မေးခွန်းကို ဘယ်လိုဖြေရမယ် မသိ ဖြစ်သွားလေသည် ။
ထို့ကြောင့် အချိန်ယူစဉ်းစားနိုင်ရန် မြေပဲစေ့ကလေးများကို ကောက်၍ ဝါးနေလေသည် ။ အတန်ကြာမှ -
“ ဆင်းရဲသားထဲမှသော်လည်းကောင်း ၊ ဆင်းရဲသားအကျိုး လိုလားတဲ့ ပညာတတ်ထဲက သော်လည်းကောင်း ၊ စာတတ်သူကို ဆင်းရဲသားတွေက ကိုယ်စားလှယ်အဖြစ် ရွေးပြီး အုပ်ချုပ်ခိုင်းမှာ
ဖြစ်တယ် ။ တစ်ဖက်ကလည်း ဆင်းရဲသား အစိုးရဖြစ်တာနဲ့ တစ်ပြိုင်နက် စာမတတ်သူ အလုပ်သမား လယ်သမားတွေကို စာအမြန်ဆုံးတတ်အောင် လုပ်ပေးရမှာပဲ ဦးရဲ့”
ဦးဖေ သည် ပက်လက်ကုလားထိုင်မှာ အစန့်သားကျောခင်း၍ ထိုင်လိုက်ကာ နောက်ထပ် အတွန့်တက်လိုသောဆန္ဒ လုံးဝ မပြတော့ချေ ။ ကျွန်တော်လည်း များစွာ ကျေနပ်သွားပေ၏ ။ ငါဖြေလိုက်တာ ချက်ပိုင်သွားလို့ ဗြူရိုကရက်ဟောင်းကြီး ပြန်မချေပနိုင်တော့ဘူး ။ ကျွန်တော်သည် မျက်နှာမော့၍ အပြင်ဘက်သို့ ငေးကြည့်ရင်း ဆက်ပြန်၏ ။
“ အောက်ဆုံးတန်းမှာရှိတဲ့ ပိုက်ဆံမဲ့ တောသူတောင်သားလုပ်စားကိုင်စား အလုပ်သမား
လယ်သမားတွေ ၊ နင်းပြားတွေဟာ အရာရာမှာ ရှေ့ဆောင်ရမယ်လို့ တို့ဗမာအစည်းအရုံးကြီးက
ထုံးနည်းဥပဒေ အခြေခံ ချမှတ်ထားတယ် ။ အထက်တန်းစား ၊ အောက်တန်းစား ၊ သူဌေး ဆင်းရဲသား
အတန်းအစား ခွဲခြားမှု မရှိစေရဘူးလို့လည်း ချမှတ်ထားသေးတယ် ။ ငွေပင်ငွေရင်းစိုက်ထုတ်ပြီး
အများသော သူတို့အပေါ်မှာ အညွန့်ခူးတဲ့ နည်းစနစ်ဟာ နိုင်ငံချဲ့စနစ်ရဲ့ အမြစ်မူလအခြေခံ ဖြစ်တယ် ။ လူနည်းစု ဓနရှင်တွေရဲ့အကျိုးအတွက် စစ်မ က် တိုက်ခိုက်တယ် ။ လောဘရမ္မက်ကို ရှေးရှုတယ် ။ နိုင်ငံချဲ့တယ် ။ ဒီစနစ် ပပျောက်ပြီးတော့ အပြတ်ပြတ် အလပ်လပ်နဲ့ငတ်မွတ်ခေါင်းပါးနေတဲ့ ဒုက္ခ ၊ မျက်နှာငယ်တဲ့ ဒုက္ခ ၊ အောက်တန်းနောက်တန်းကျတဲ့ ဒုက္ခ ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ လောကီနိဗ္ဗာန်ဆိုတဲ့ လူတိုင်းလူတိုင်း အယဉ်အရိုင်း မရွေး လူ့အခွင့်အရေး ကျပ်ပြည့်တင်းပြည့် ခံစားရေးဟာ တို့ဗမာဝါဒ ပဲ ဖြစ်တယ် ။ တို့ဗမာတွေ ခုလို ဆင်းရဲဒုက္ခရောက်ရတာဟာ နိုင်ငံချဲ့ စနစ်ကြီးကြောင့် ၊ လွတ်လပ်ရမယ် ။ လွတ်လပ်ရေး ရှေးရှုပြီး တို့ဗမာအစည်းအရုံးကြီး က
နည်းထုံးဥပဒေသ မူလအခြေခံတွေ ချမှတ်ထားတယ် ။ အဲဒါတွေက -
ဗမာပြည်သည် တို့ပြည် ။
ဗမာလူမျိုးသည် တို့လူမျိုး ။
ဗမာစာသည် တို့စာ ။
ဗမာစကားသည် တို့စကား ။
ကျွန်တော် သည် ထိုဆောင်ပုဒ်လေးရပ်ကို တစ်ပုဒ်စီ လေးလေးမှန်မှန်နှင့် ခပ်မြည်မြည်ရွတ်ဆို၏ ။
ထို့နောက် မျက်နှာမော့၍ အပြင်ဘက်ကြည့်ရင်း ကြီးစွာသောသမာဓိဖြင့် ဟောပြောနေရာမှ အနားယူသောအားဖြင့် ဟောပြောမှုရပ်လိုက်ပြီး ဦးဖေ ဘက်သို့ ကြည့်လိုက်ပေ၏ ။ ဦးဖေ ကား အိပ်ပျော်လျက် ရှိလေသည် ။
ဦးဖေ အိပ်ပျော်နေခြင်းသည် ကျွန်တော့် အား အိပ်မောကျနေရာမှ လှန့်နှိုးလိုက်သကဲ့သို့ ရှိပေ၏ ။
ကျွန်တော်ကား ပင်စင်အငြိမ်းစား ဝန်ထောက်ကြီးအား သခင်တရားဟော၍ အကျိုးရှိမည် ထင်ခြင်းတည်းဟူသော အိပ်မောကျလျက် နေခဲ့သည် မဟုတ်ပါလော ။
ရုတ်တရက်သော် ရှက်ခြင်းကြောင့် ဒေါသဖြစ်မိသည် ။ ငါ့မှာဖြင့် ဟောလိုက်ရ ပြောလိုက်ရတာ
မောလို့ ။ အိပ်ပြီး ငါ့ကို သက်သက် အရှက်ခွဲတာ ၊ ငါ့ကို စော်ကားတာ ၊ သခင်တွေကို စော်ကားတာ
စသည်ဖြင့် တွေးမိ၏ ။ နောက်ပြီး ငါက မှားတာပါ ၊ ဦးဖေ လိုလူစားမျိုးက ဒီဝါဒတွေ နားဝင်နိုင်ပါ့မလား စသည်ဖြင့် တန်ပြန်တွေးပြီး ဒေါသကို ချွန်းနှင့် အုပ်ထိန်းလိုက်ရလေသည် ။ သို့တစေ
ထားဦးတော့ ၊ ဤလို တန်ပြန် မတွေးမိဘဲ ရှိပြီးဒေါသကို မထိန်းနိုင်သည့်တိုင်အောင် ကျွန်တော်သည် ဦးဖေ အပေါ်မှာ တာရှည်ကား ဒေါသပွားများနိုင်မည် မဟုတ်ပေ ။
အကြောင်းမူကား ဦးဖေ သည် ကျွန်တော် ပြောသမျှဟောသမျှကို နားထောင်နိုင်လျှင် ထောင်၏ ။
မထောင်နိုင်လျှင် အိပ်၏ ။ ကျွန်တော့်အား ဘယ်တော့မျှပြင်းပြင်းထန်ထန် အတိုက်အခံ မလုပ် ။
၎င်းပြင် အခါခပ်သိမ်း ကျွန်တော့်အား စင်ကြယ်သော မေတ္တာနှင့် ထက်သန်သော စေတနာတို့ဖြင့်
လွှမ်းခြုံထားပေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment