Wednesday, September 1, 2021

မောင် မမှားပါကွယ် ချောင်ကြားက ပုလင်းရယ်ကြောင့်


 

  ❝  မောင် မမှားပါကွယ် ချောင်ကြားက ပုလင်းရယ်ကြောင့်  ❞

လူပျိုကြီး ကျောင်းဆရာ တင်မောင်လွင် ကို ဒီရပ်ကွက်ကလေးမှာ မသိသူ မရှိဘူး ။

ဒီရပ်ကွက်ကလေးက တစ်ခုတည်းသော စာသင်ကျောင်းမှာ ၊ ရပ်ကွက်ထဲက တစ်ယောက်တည်းသော ကျောင်းဆရာကလေးမို့ပါ ။ ကျန်တဲ့ ဆရာတွေက တခြားကတွေလေ ...

ဒါကြောင့် ဒီရပ်ကွက်ပေါက် တစ်ဦးတည်းသော ကျောင်းဆရာ တင်မောင်လွင် ကို မသိသူ မရှိဘူး ။ နောက်ပြီး တင်မောင်လွင် ကို လူသိအများဆုံး ကိစ္စကတော့ အနေအေးတယ် ။ တစ်ဖက်သားကို ကူညီ တတ်တယ် ။ အားနာ တတ်တယ် ။ အရက် သောက်တယ် ။

အရက်သောက်တတ်တယ် ဆိုပေမယ့် သူများတွေလို မူးယစ်ရမ်းကားတတ်တာမျိုးတော့ မဟုတ်ဘူး ။ သူ့ဘာသာသူ သောက်ပြီး အေးအေးလေး နေတာ ။ အကယ်၍ အမူးလွန်ပြီး အန်ရင်တောင် အသံမထွက်ဘဲ အန်တတ်တာ ...  ။ အဲသည်လောက်ထိ အေးတယ် ။

အဲ ... ဒါပေမယ့် တစ်ခုရှိတာက တင်မောင်လွင် မူးနေပြီဆို အလုပ်ကိစ္စနဲ့ ဖြစ်ဖြစ် ၊ အရေးကြီးစကားဖြစ်ဖြစ် ဘာမှ သွားမပြောမိစေနဲ့ ။ အမူးပြေရင် ဘာတစ်လုံးမှ မမှတ်မိဘူး ။

ဒါကတော့ လူအတော်များများ ဖြစ်တတ်ပါတယ် ။ အမူးလွန်သွားရင် ဘာပြောမိလို့ ပြောမိမှန်း မသိတာမျိုး ၊ ဘယ်မှာ အိပ်လို့ အိပ်နေမှန်း မသိတာမျိုး ။ ဘယ်သူတွေနဲ့ တွေ့ခဲ့တယ်ဆိုတာမျိုးကို မေ့သွားတတ်တာမျိုးပေါ့ ။

တင်မောင်လွင်က အဲသည်ထက် ဆိုးတယ် ။ သူအရက်ကလေး စဝင်ပြီဆိုတာနဲ့ မသောက်ခင် နှစ်နာရီလောက်ကထိကို ချေးပြီး မေ့သွားတတ်တဲ့ လူမျိုး ။

နည်းနည်းမှ မမှတ်မိတော့တာ ။ တစ်လုံးမှ မသိတော့တာ ။ အဲလိုမျိုး ။

အဲ ... ဒါပေမယ့် မူးနေတဲ့အချိန်မှာ ပြောနေရင်လည်း အကောင်းပဲနော် ...  ။ လုံးဝမူးနေတယ် မထင်ရဘူး ။ စကားကို လူကောင်း တစ်ယောက်လိုပဲ အေးအေးဆေးဆေး ထိုင်ပြောနိုင်တဲ့အပြင် စကားပြောက ပို ယဉ်ကျေးသွားတယ် ။

“ ဟုတ်ကဲ့ခင်ဗျ ။ ဟုတ်ပါတယ် ။ ဖြစ်ရမှာပေါ့ ”

စသည်ဖြင့် လိုအပ်သည်ထက်ကို ပိုချိုသေး ။

ဒါကြောင့်လည်း ရပ်ကွက်ထဲက ကောင်မလေးတွေဆို ကျောင်းဆရာ တင်မောင်လွင် ကို စိတ်ဝင်စားကြတာ ။ ကောင်မလေးတွေတင် မဟုတ်ဘူး ။ ကောင်မလေးတွေရဲ့ မိဘတွေကပါ ကျောင်းဆရာ တင်မောင်လွင် ကို သမ က် ကလေးအဖြစ် မျက်စိကျကြတာ ။

ကျောင်းဆရာတင်မောင်လွင် လမ်းလျှောက်လာပြီဆို ၊ ကောင်မလေးတွေက မထိတထိ ကလိကြတဲ့အပြင် ကောင်မလေးတွေရဲ့ မိဘတွေကပါ ...

“ ကျောင်းဆရာလေးရေ ၊ သားလေးရေ ၊ သမ က်ကလေးရေ ...”

နဲ့ တိုးတိုးတစ်မျိုး ၊ ကျယ်ကျယ်တစ်ဖုံ ၊ မသိတသိ တစ်မျိုး ၊ သိသိသာသာကြီး တစ်လမ်း ၊ နှုတ်နဲ့ မြန်းကြတော့တာ ။

အဆိုးဆုံးကတော့ တင်မောင်လွင် ထမင်းလခပေးစားတဲ့ ဒေါ်ရွှေနု ထမင်းဆိုင်က အပျိုကြီး မရွှေအေး ပေါ့ ။

အမှန်တော့ မရွှေအေး ကလည်း ငယ်လှတော့တာရယ်တော့ မဟုတ်ဘူး ။ အရွယ်တော် တစ်စိတ်ဟိုင်းလို့ ၊ သုံးဆယ်ကျော် ငါးနှစ်ပိုင်းလောက် ရှိပေါ့ ။

ဒါပေမယ့် ဒီအသက်အရွယ်အထိ ဖူးစာရေးနတ်ကယ် မျက်ကွယ်ပြုတာကြောင့် တစ်ခါမှ မတစ်ခါဖူးဘူး ။ သူ့ခမျာလည်း တစ်ခါတော့ တစ်ခါချင်ရှာမှာပါပဲလေ ။ ကံကွက်ကြားမိုးပဲ ရွာနေလို့လား မသိဘူး ။ ဒီလောက် နာမည်ကြီး ထမင်းဆိုင် ဖြစ်နေတာတောင် ဒီလောက် ကာလသားစုံတဲ့ ထမင်းဆိုင်ဖြစ်နေတာတောင် ဘယ်သူကမှ မဘာကြဘူး ။

ဒါဆို မရွှေအေးက ရုပ်ဆိုးလို့လား ။

မဟုတ်ဘူး ။ မဆိုးဘူး ။ အသားဖြူဖြူ ၊ မျက်ရည်လဲ့လဲ့ ၊ ဆံပင်နက်နက် ရှည်ရှည်ကလေးနဲ့ ယဉ်ယဉ်ကျေးကျေး ကလေးပါ ။ အနေအေးသလောက် ဣ‌ေန္ဒြနဲ့လည်း ပြည့်စုံတယ် ။

ကိုယ်လုံးကိုယ်ထည်ကလည်း သူတင်ငါတင်နဲ့ကို ပိုပြီးပြည့်စုံ လှပသေး ။ မယ်ပြိုင်ရင် သူချည်းရမယ့် ကိုယ်လုံးမျိုး ။

ဒါဆို သူ့မှာ ဘာအပြစ်ရှိလို့ ကာလသားတွေ မကြိုက်ကြတာလဲ ။

ဟုတ်ကဲ့ ။ သူ့ရဲ့ တစ်ကိုယ်လုံးစစ်စစ်ပေါက်ပေါက် အပြစ်ရှာ မယ်ဆို ။ နေဦး စဉ်းစားလိုက်ဦးမယ် ... ။ ဒါ ... တကယ့်စစ်စစ် ပေါက်ပေါက် အပြစ်ရှာတာနော် ...

အင်း ... သူ့နှာတံလေးကိုပဲ ပြောရမှာပေါ့ ။ ဒါ အသေအချာ အပြစ်ရှာ ပြောတာနော် ...  ။ တစ်မျိုး မထင်နဲ့ ။

သူ့နှာတံက ဆိုးသလားဆိုတော့ ၊ သိပ်အဆိုးကြီးတော့ မဟုတ်ဘူးဗျ ... ။ နော့ ။

အဲ ... ဒါပေမယ့် ဟိုလေ ... မြေဩဇာ မကိုက်ဘဲ အပင်ပေါက် နေသလိုပေါ့ ။ အညာလို မြေကြီးမှာ တမာပေါက်ရမယ့်အစား ချယ်ရီ ပေါက်နေသလိုမျိုး ၊ အထက် မြန်မာပြည်လို အအေးပိုင်းမှာ တောင်ဇလပ်ပန်း ဝေနေရမယ့်အစား ကန္တာရဆူးပင် သွားထွက်နေသလိုမျိုးပေါ့ ။

ဆိုလိုတာက ဒီမျက်နှာမျိုးမှာ ဒီနှာခေါင်းမျိုးက ပေါက်ကို မပေါက်ရဘူးဗျာ ။ ခုနကျွန်တော်ပြောခဲ့သလို အညာမှာ ချယ်ရီပင် ပေါက်နေသလိုကြီး ၊ ဘယ်ကိစ္စနဲ့ ဘယ်လိုတွက်တွက် ဖြစ်ကိုမဖြစ်သင့်ဘူး ။

မျက်နှာနဲ့ နှာခေါင်း ဘယ်လိုမှ လမိုင်းမကပ်ဘူး ။ မျက်နှာက တစ်ပြား ၊ နှာခေါင်းက တစ်လုံး ၊ အဲလိုကို ခွဲခြားပြီး သတ်သတ်စီကို မြင်နေရတာ ။

ဒီနှာခေါင်းမျိုးက နီဂရိုးမတွေမှာ သွားပေါက်ရင်တော့ အင်မတန် လှပပြီး ဆွဲဆောင်မှုရှိတဲ့ နှာခေါင်းမျိုး ဖြစ်မှာပေါ့ ။ အခု အဲဒီ နီဂရိုးနှာခေါင်းကြီးက တရုတ်မမျက်နှာမှာ လာပေါက်နေတယ်ဆိုတော့ စဉ်းစားသာကြည့် ။ ဘယ်နှယ့်ဗျာ ။ မျက်နှာက ဖြူဖြူ ၊ နှာခေါင်းကြီးက မည်းမည်းပွပွကြီး ...  ။ မျက်နှာ နဲ့ နှာခေါင်း လမိုင်း မကပ်ပုံ ပြောပါတယ် ။

ကျွန်တော့်အနေနဲ့ ပြောရရင် ဒီမျက်နှာမျိုးပေါ်မှာ ဒီနှာခေါင်းမျိုးက ပေါက်ကို မပေါက်သင့်ဘူး ။ မျက်နှာမြေဩဇာကို မှားနေတာပြောတာပါ ။

ထားတော့  ။

အဲဒီ နီဂရိုးနှာခေါင်းကြီးက ... အဲလေ ... အဲဒီ မရွှေအေး က ကျောင်းဆရာ တင်မောင်လွင်ကို ကြိုက်တာ ။

ကြိုက်တယ်ဆိုတာကလည်း အပျိုမလေး ။ အပျိုဖျန်းကလေးများ ကြိုက်သလို လက်လက်ထနေတာမျိုးတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် တင်မောင်လွင် ထမင်းလာစားပြီဆို ၊ သိသိသာသာ ဟင်းပိုထည့်ပေးတာမျိုး ၊ မမှာဘဲနဲ့ အကြော်လေးအခြမ်းလေး မေတ္တာဖြင့် ချပေးတာမျိုးတွေ ၊ ထမင်းစားရင် အချိုတည်းဖို့ မသိမသာ ဖရဲသီးလေး ခွဲကျွေးတာမျိုး ၊ လက်ဖက်သုတ် ပေးတာမျိုး တွေပေါ့ ။ သူဖြစ်နေတာ လူတိုင်းသိတယ် ။

ဒါပေမယ့် တင်မောင်လွင် က သိတယ်မဟုတ်လား ။

ပိလေတဲ့ ငဖုတ် ၊ အဲလေ  .. ရှိလေတဲ့ ငပိ ... ဟင် .. ဒါလည်း မဟုတ်သေးပါဘူး ။ ဖိလေတဲ့ ငပုတ် ... အယ်... ဒါလည်း ဟုတ်ပြန်ဘူး ။ ဘာဆိုလားကို ရှိတယ် မထင်တာမျိုးလေ ...  ။ တင်မောင်လွင် က မရွှေအေးခမျာ ကပ်ပါနေတာတောင် ... ရှိတယ်ကို မထင်ဘူး ။

မရွှေအေးက ဟင်းအပိုပဲ ချချ ၊ အချိုတည်းဖို့ပဲ ပေးပေး လှည့်ကြည့်တာတောင် မဟုတ်ဘူး ။ အဲ ... ဒါပေမယ့် ညနေပိုင်း အရက် မူးနေချိန်ဆို တစ်မျိုးပေါ့ ။

ယောက်ျားသားများကလည်း တကယ်ပါပဲ ။ ( ကိုယ်တွေ့ )

အရက်ကလေးများ မူးလာပြီဆို တော်ရုံမိန်းမ လှလာတာချည်းပဲ ...  ။ မမူးရင် ဘယ်လိုမှ စိတ်မရှိပေမယ့် အရည်ကလေးများ ဝင်ရင် ပြီးရင် ရယ်ချင်တော့တာ ။

တင်မောင်လွင်မှာလည်း အဲဒီစိတ်မျိုးကလေးတော့ ရှိရဲ့ ...  ။

သူက မမူးရင်သာ မရွှေအေး ကို မသိချင်ယောင် ဆောင်နေတာ ၊ မူးလာပြီဆို ၊ မရွှေအေး ကို ပြုံးပြုံးကြီးကြည့်ပြီး ...

“ နေကောင်းလား ၊ ပိုလှလာသလိုပဲ ...  ။ နှာတံလေးကို စင်းနေတာ ... "

စသည်ဖြင့် ကျူတော့တာ ။

ဟိုက မြေဩဇာ မမှန်ပဲ ပေါက်နေတဲ့ နှာခေါင်းပွပွကြီးကိုပါ အာပွားက ရှလူးချင်သေးတာ ။ ဒါကြောင့် မရွှေအေးက ကျောင်းဆရာ တင်မောင်လွင် သူ့ကို ကြိုက်နေတယ် ထင်စရာပေါ့ ။

ကျောင်းဆရာကလည်း သူ့အကြောင်း သူ သိတယ် ။ သူ မရွှေအေး ကို အရက် မူးတိုင်း အဲလို ပြောနေမိကြောင်းကို သူ့ဘာသာသူ သိတယ် ။ ဘာပြောမိမှန်းသာ မသိတာ ။ ချစ်ကြောင်း ၊ ကြိုက်ကြောင်း အရိပ်အမြွက် ပြောနေမိမှန်း သူသိတယ် ။ ဒါကို အမူးပြေလာရင်လည်း သူ့ဘာသာသူ နောင်တ ပြန်ရနေတတ်တယ် ။ စဉ်းစားမိရင်လည်း ကြက်သီးထတယ် ။ သူ့မှာလည်း သူ့ကိုကြိုက်တဲ့ ကောင်မလေး ငယ်ငယ်ချောချောတွေ ဝိုင်းဝိုင်းလည်နေတာကိုး ။ အဲဒီကြားကမှ ဒီနှာခေါင်းကြီးနဲ့ တစ်သက်လုံး ပေါင်းနေရရင် သူ့ဘဝကသေပြီ ။ ဒီအဖြစ်မျိုးက ဘယ်သူအဖြစ်ခံချင်မှာလဲ ..  ။

ဒါနဲ့ပဲ သူ မရွှေအေးကို လုံးဝမချစ်နိုင်ကြောင်း ပစ်ပစ်ခါခါပြောဖို့ ဆုံးဖြတ် လိုက်တယ် ။ ဒါ သူမလုပ်ရင်လည်း ဘာမှတော့ မဖြစ်ပါဘူး ။ ဒါပေမယ့် အခုပြတ်မှ နောင်ပြတ်မှာမို့ အဲဒီဆုံးဖြတ်ချက်ချလိုက်တာ ။

°°°°°   °°°°°   °°°°°

အဲဒီနေ့မှာ တင်မောင်လွင် အရက်ကို ခါတိုင်းထက် ပိုမူးအောင် သောက်သွားတယ် ။

မရွှေအေး ကို သူ လုံးဝ မချစ်နိုင်ဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောရဲအောင်လေ ။ အရက်က များများမူးမှ စိတ်က ရဲမှာကိုး ။ သိပ်မမူးရင် သူ့ကျေးဇူး ကိုယ်ကြည့် ၊ ကိုယ့်ကျေးဇူး သူကြည့်နဲ့ ပြောရဲဦးမှာ မဟုတ်ဘူး မို့လား ။ ( သူ့ကျေးဇူးကြည့်ရ ၊ ကိုယ့်ကျေးဇူးကြည့်ရ ဆိုတာ ဒီလိုပါ ။ ကျောင်းဆရာ တင်မောင်လွင် တို့ တစ်ခါတစ်ရံ ငွေကြေး အဆင်မပြေသေးရင် သူတို့ဆိုင်မှာ အကြွေးစားသလို ၊ ဟိုကလည်း ကျောင်းနဲ့ပတ်သက်တဲ့ သာရေး ၊ နာရေးဆို တင်မောင်လွင် ကိုပဲ အကူအညီတောင်းရတော့တာကိုး ... )

ဒါကြောင့် အရက် မမူးရင် ပစ်ပစ်ခါခါ မပြောရဲဖြစ်မှာ စိုးတာပေါ့ ။

တင်မောင်လွင် ရဲဆေးတင်လိုက်တာ နည်းနည်းလက်လွန်သွားတယ်ထင့် ။ မျက်နှာကြီးရဲချိတ်ပြီး ခြေလှမ်းတွေလည်း ယိုင်လုလု ...  ။ ဒါပေမယ့် သိတယ်မဟုတ်လား ။ ကျောင်းဆရာဆိုတော့ ဟန်တော့ကောင်းတယ် ။

“ မရွှေအေး ... ခဏလောက် ...”

မခေါ်စဖူး ၊ အခေါ်ထူးတာကြောင့် မရွှေအေး ဝမ်းသာအားရပဲ ..

“ ဘာလဲဟင် ... ဘာလိုလို့လဲ ...”

ဆိုပြီး မရွှေအေး ကျောင်းဆရာ စားပွဲဝိုင်း ခပ်သွက်သွက် ခုန်ဝင်သွားတယ် ။ ( ခုန်ဝင်တယ်ဆိုတာ အပျိုကြီးများရှက်ကိုးရှက်ကန်း ဖြစ်ရင် ၊ ရုတ်တရက် အလန့်တကြားဖြစ်ရင် ဖြစ်တတ်တဲ့အမူအရာပါ ) ( ကိုယ်တွေ့)

ကျောင်းဆရာ အသက်ကိုပြင်းပြင်းရှူလိုက်တယ် ။ ပြီးတော့ ပြတ်ပြတ်သားသား ပြောချလိုက်တယ် ။

“ ဒီလို မရွှေအေးရဲ့ ...”

နောက်ပိုင်း စကားတွေ ဘာတွေမှန်း မသိဘူး ။ မရွှေအေး က ကျောင်းဆရာကို ပါးစပ်လေးဟပြီး ကြည့်နေတယ် ။ သူ့ကိုယ်လုံးက ကျုံ့သွားလိုက် ၊ ကျယ်လာလိုက် ၊ ရှက်ကိုးရှက်ကန်းဖြစ်လိုက်နဲ့ နားထောင်နေတယ် ။

°°°°°   °°°°°   °°°°°

နောက်တစ်နေ့ မနက်ကျတော့ ကျောင်းဆရာခေါင်းတွေ အုံကိုက်ပြီး နိုးလာတယ် ။ မနေ့ညက အဖြစ်အပျက်ကို သူပြန်စဉ်းစား ကြည့်တယ် ။ ရေးတေးတေးပဲ ။ မရွှေအေး ကို သူ ပြတ်ပြတ်သားသား တစ်ခုခု ပြောခဲ့တာကတော့ သူ ပြန်မှတ်မိတယ် ။ ဒါပေမယ့် ဘာတွေပြောခဲ့တယ် ဆိုတာတော့ ရေးတေးတေးပဲ ။ ပြောခဲ့တဲ့အထဲမှာ ရိုင်းရိုင်းစိုင်းစိုင်းများ ပါသွားပြီလား ။ အဲဒါလည်း သူ မမှတ်မိတော့ဘူး ။ သူ အာမခံနိုင်တာကတော့ သူ ဘယ်တော့မှ စကားပြော မရိုင်းဘူး ဆိုတာပဲ ။ ဒါကလည်း မသေချာဘူး ။ သူပြောတဲ့အထဲမှာ ဒေါသသင့်စရာများ ပါသွားခဲ့ရင် တစ်ဖက်လူ အတွက်က ရိုင်းစရာ ဖြစ်ချင် ဖြစ်သွားနိုင်တာပေါ့ ။ ဟုတ်ဘူးလား ။

ကျောင်းဆရာ မနေ့ညက သူ့အဖြစ်ကိုသူ မဝေခွဲနိုင်ဖြစ်နေတယ် ။ နောက်ဆုံးတော့ ...

“ မထူးပါဘူး ၊ အခြေအနေ သိရအောင် သူတို့ဆိုင် သွားကြည့်တာပဲ ကောင်းပါတယ် ” လို့ စိတ်ကူးမိပြီး ရေမိုးချိုး ၊ အဝတ်အစားလဲပြီး ၊ မရွှေအေး တို့ ဆိုင်ဘက် ထွက်လာလိုက်တယ် ။ မျက်နှာပူပူနဲ့ပေါ့ ...  ။

°°°°°   °°°°°   °°°°°

“ ဟာ ...”

သူ့ကိုမြင်တာနဲ့ ပြုံးရွှင်တဲ့ မျက်နှာနဲ့ ဆိုင်ရှေ့ပြေးထွက်ကြိုတဲ့ မရွှေအေး ကို တွေ့တော့ တင်မောင်လွင် အံ့အားသင့်သွားတယ် ။

မရွှေအေးက သူ့နှာခေါင်းကို နောက်ဆုတ်ပြီး ( နှာခေါင်းဘယ်လို နောက်ဆုတ်တယ်တော့ မသိဘူး )

“ အစ်ကို ဒီနေ့ တယ်စောပါလား ။ လာလေ ... ထိုင် ဘာစားမလဲ ပြော ”

ဆိုပြီး သူ့ကို နေရာတွေချပြီး မလိုအပ်ဘဲ စားပွဲခုံကို လာပွတ်နေတယ် ။ ပြီးတော့ သူမမှာခင်မှာပဲ မရွှေအေး သူ့အတွက် ထမင်း နဲ့ဟင်း တွေ သွားယူပြီး ၊ သူ့စားပွဲဝိုင်း လာပြန်ချကာ ပြုံးစစမျက်နှာပေးနဲ့ စားပွဲခုံကို သုတ်ရင်း အသံတိုးတိုးနဲ့ ...

“ မနေ့ညက သူသိပ်ဆိုးတာပဲ သိလား ...”

“ ဗျာ ”

မရွှေအေး စကားကြောင့် ကျောင်းဆရာ လန့်သွားတယ် ။ နောက် ကတုန်ကရင်နဲ့ ...

“ ဘာ ... ဘာ ... ကျွန်တော် ဘာဆိုးလို့လဲ ”

သူ့အမေးကို မရွှေအေးက မူနွဲ့ နွဲ့ ပြုံးပြီး ...

“ ဘာ မဆိုးရမှာလဲ ... ဒီက စဉ်းစားပါရစေဦးဆိုတာကို အတင်းပဲ အဖြေတောင်းသွားတယ် ”

“ ဗျာ ”

တင်မောင်လွင် ရဲ့ အလန့်တကြား ရေရွတ်သံ ။ ဒါကို မရွှေအေး က

“ ဗျာ မနေနဲ့ ...  ။ ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့ သိလား ... ။ရှက်စရာကြီး ... ဟီဟိ ... ”

ဆိုပြီး ပြေးထွက်သွားတယ် ။

တင်မောင်လွင်က ပါးစပ်ကြီးဟပြီး ကြောင်လျက် ၊ သူ့အရှေ့မှာက သူ မမှာ ပါဘဲ မရွှေအေး လာချသွားပေးတဲ့ အသည်းအမြစ် တစ်စုံ ... ။

°°°°°   °°°°°   °°°°°

တင်မောင်လွင် ဒီနေ့ ပိုမူးနေတယ် ။

မူးမှာပေါ့ ။ မနေ့က သူ့အဖြစ်အပျက်ကို နောင်တရပြီး ရှက်ရှက်နဲ့ သောက်နေမိတာ ။

ဟုတ်တယ် ။ ရှက် မယ်ဆိုလည်း ရှက်စရာ ။ ဘယ့်နှယ် နောင် မပတ်သက်ဖို့ ပြောဖို့သွားတဲ့ဟာကို ဘယ့်နှယ် ရည်းစားစကား ဖြစ်သွားသည်ကို မသိ ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် နောင်တတွေ တဝီဝီနဲ့ စီနေအောင် ရင်ဝယ်ပိုက်ပြီး ခေါင်းငိုက်စိုက်ချပြီး သောက်နေတာ ။

အရက်ခွက်ကို မယူလိုက်တယ် ။ ပြီးတော့ ဂွပ်ခနဲ မော့သောက်ချလိုက်တယ် ။

“ ဟား ...”

သူ့စိတ်ထဲ ဖျဉ်းခနဲ ။ သွေးတွေ ဆူပွက်လာသလို ခံစားရတယ် ။ အားအင်များ ပြည့်သလို ဖြစ်လာတယ် ။ အဲဒီအချိန်ကျမှ သူ ပြတ်ပြတ်သားသား ပြန် ဆုံးဖြတ်နိုင်တယ် ။

“ ဟုတ်တယ် ။ မနေ့ညက ကိစ္စ ၊ မဟုတ်ကြောင်း သွား ပြန်ရှင်းပြ ရမယ် ။ ပြောကို ပြောရမယ် ”

ဆိုပြီး ခေါင်းကို ထောင်မတ်လိုက်တယ် ။

နောက် ...

“ ဟေ့ ... ဟောဒါကို ပါဆယ်ထုပ်ပေးစမ်း ...”

သူ့ရဲ့ ခပ်မာမာ စကား ။ ပြီးတော့ ...  ။

°°°°°   °°°°°   °°°°°

ကျောင်းဆရာ မရွှေအေး တို့ ဆိုင်ထဲ မဝင်သေးဘဲ လက် မှာ ပါဆယ် ဆွဲခဲ့တဲ့အရက်ကို ကုန်အောင် သောက်လိုက်တယ် ။ ခေါင်းထဲမှာ နောက်နေတာ အားလုံး ကြည်လင်သွားသလို ခံစားရတယ် ။

ပြီးတော့ ... မရွှေအေး တို့ ဆိုင်ထဲ လှမ်းလိုက်တယ် ။ ခြေလှမ်းတွေ ယိုင်ချင်နေပြီ ။ ဒါပေမယ့် ဦးတည်ချက်ကတော့ မပြောင်းဘူး ...

“ မရွှေအေး ... လာဦး ...”

“ မနေ့ကကိစ္စက ကျွန်တော် ပြောတာ ဒီလို ... အချစ်ဆိုတာ လုပ်ယူလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး ... ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် မုန်းဖို့ ဆိုတာကလည်း ... ”

ညက နက်နေပြီ ။ ကျောင်းဆရာရဲ့ စကားတွေ မဆုံးသေးဘူး ။ မရွှေအေး က ခေါင်းတခါခါ လည်တစ်ခါခါ ဖြစ်နေတယ် ။ သူ့ခမျာ ကျောင်းဆရာစကားကို စိတ်ရှုပ်နေပုံရတယ် ။ ကျောင်းဆရာရဲ့ စကားသံတွေက ပြတ်သား ကြည်လင်နေတယ် ...

“ အမေရေ ... ဒီမှာလ ာကြည့်ပြောပါဦး ”

မရွှေအေး က သူ့အမေ ဒေါ်ရွှေနု ကို လှမ်းခေါ်တယ် ။ ဒေါ်ရွှေနု က မျက်လုံးလေး အဝိုင်းသားနဲ့ သူတို့ဆီ လှမ်းသွားတာတွေ့ရတယ် ။

ဒီလိုနဲ့ ...  ။

°°°°°   °°°°°   °°°°°

နောက်တစ်နေ့ နေအတော်မြင့်မှ ကျောင်းဆရာ အိပ်ရာက နိုးလာတယ် ။ ခေါင်းတွေ ကိုက်လွန်းတာကြောင့် သူ့နားထင်ကို သူ လက်နှစ်ဖက်နဲ့ ဖိထောက်လိုက်တယ် ။

“ မနေ့က ဘာဖြစ်ခဲ့လဲ ”

မရွှေအေး မျက်နှာငယ်ကလေးနဲ့ တောင်းပန်သံ ။ သူ့အမေကြီး ဒေါ်ရွှေနု ရဲ့ အံ့အားသင့်နဲ့ ရေရွတ်စကား ။ သူဘာမှ သိပ်မမှတ်မိတော့သော်လည်း အဲဒီပုံရိပ်တွေကိုတော့ မြင်ယောင်ဆဲ... ။

ကျောင်းဆရာ ခပ်ဖွဖွ ပြုံးလိုက်တယ် ။ ဟုတ်တယ် ။ အောင်မြင်ပြီ ...  ။

မရွှေအေး အတွက်တော့ စိတ်မကောင်းဘူးပေါ့ ။ ဒါပေမယ့် ဘယ် တတ်နိုင်မှာလဲ ...  ။ သူ့ ကိုယ်က ကြိုက်တာမှ မဟုတ်တာ ။ ဒီလိုပဲ ဖြစ်ရမှာပေါ့ ... ။

ဆိုပြီး တွေးရင်း အိပ်ရာက ထလိုက်တယ် ။ ပြီးတော့ ရေမိုးချိုးပြီး ...

°°°°°   °°°°°   °°°°°

မရွှေအေး တို့ ဆိုင်သွားရမှာ ရှိန်သလိုဖြစ်နေပေမယ့် ထမင်းစားချိန်ရောက်တော့ မသွားရ မနေနိုင်ဘဲ အဲဒီဆိုင်ပဲ သွားဖြစ်တယ် ။

မရွှေအေး က မျက်နှာ မကောင်းဘူး ။ သူ့ကိုတွေ့တော့ မျက်နှာကြီး ညိုသွားတယ် ။ နောက် စားပွဲသုတ်ဖို့ အဝတ်စုတ် တစ်ခုယူပြီး သူ့စားပွဲကို လာသုတ်ရင်း ...

“ အစ်ကို မကောင်းဘူး သိလား ...”

မရွှေအေး စကားကြောင့် ကျောင်းဆရာ ပျော်သွားတယ် ။ မနေ့က သူပြောခဲ့တာ မှန်သွားပြီကိုး ဒါနဲ့ အလိုက်သင့်ပဲ မသိချင်ယောင်ဆောင်ပြီး ...

“ ဘာမကောင်းလို့လဲ ဟင် ... ဘာဖြစ်လို့လဲ ... ”

သူ့စကားကို မရွှေအေးက စိတ်ဆိုးသွားသလို ခြေကို ဆောင့်ပြီး ....

“ ဘာဖြစ်ရမှာလဲ ... အစ်ကိုပေါ့ ။ အဲဒီရက်ဆို သိပ်ကပ်လွန်းပါတယ် ဆိုတာ ပြောလို့ မရဘူး ။ အမေပါ ဝင်တောင်းပန်တာတောင် မရဘူး ။ အစ်ကိုက ဇွတ်ပဲ ... သိလား ။ သိပ်စိတ်ဆိုးဖို့ ကောင်းတာပဲ ”

“ ဟင် "

မရွှေအေး ရဲ့ စကားတွေကြောင့် တင်မောင်လွင် အူကြောင်ကြောင် ဖြစ်နေတယ် ။ ပြီးတော့ ဘုမသိ ဘမသိနဲ့ ...

“ ဘာ ... ဘာကို ပြောနေတာလဲဟင် ... ဘယ်ရက်က ...”

ဆိုတော့ မရွှေအေး က နှုတ်ခမ်းစူပြီး ...

“ အစ်ကိုပဲ စဉ်းစားကြည့်လေ ... အစ်ကိုတို့ယောက်ျားလေးတွေက ကိစ္စမရှိပေမယ့် ကျွန်မတို့ မိန်းကလေးတွေ သတို့သမီး ဝတ်စုံချုပ်ဖို့က ရက်က သိပ်ကပ်နေပြီ ...  ။အခုတောင် ... ”

“ ဗျာ ... ”

နောက်ပိုင်းစကားတွေ ကျောင်းဆရာ မကြားတော့ဘူး ။ မရွှေအေး အစီအစဉ်တွေ ဆက်ပြောနေပေမယ့် သူ့နားထဲ တဝီဝီပဲ ကြားနေရတော့တယ် ။ သူ့အမေကြီး ကြည့်တော့လည်း ပြုံးပြုံးနဲ့ ...  ။

လာချပေးတဲ့ ဟင်းကြည့်တော့ မနေ့ကနဲ့ မတူတော့ဘူး ။

ရင်ပုံ နဲ့ ပေါင်သား ... သူပိုင်ပိုင်ကြီး စားရတော့မှာလေ .... ။

°°°°°   °°°°°   °°°°°

“ တောက် ”

ကျောင်းဆရာ အရက်ပုလင်းကို ဆောင့်ချပြီး သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေတယ် ။ အရက်အမူးလွန် မေ့မေ့ပြီး ဘာသွားပြော နေမိမှန်း မသိဘဲ အခု မိန်းမရတော့မယ့် အနေအထားကို ရောက်နေပြီ ။ အမှန်တော့ သူဆိုလိုတာက ဒီလိုမျိုး မဟုတ်ဘူး ။ သူယူချင်တာလည်း ဒါကြီး မဟုတ်ဘူး ...  ။

အခုတော့ ... အခုတော့ ...

“ တောက် ”

သူ့ရဲ့ ကျယ်လောင်တဲ့ တောက်ခတ်သံကြောင့် ဘေးဝိုင်းက လူတွေပါ သူ့ကို ဝေ့ကြည့်ကြတယ် ။

“ ခင်ဗျားတို့ ဘာကြည့်တာလဲ ”

ကျောင်းဆရာရဲ့ ခပ်မာမာစကားကြောင့် အားလုံးပြန်လှည့်ကုန်တယ် ။ အားလုံးကလည်း သိနေကြတဲ့လူတွေ ဖြစ်နေကြတဲ့အပြင် တင်မောင်လွင် ကို ဒေါသဖြစ်နေတာ တစ်ခါမှ မမြင်ဖူးတော့ အံ့အားသင့်ကြောက်လန့်နေပုံ ရတယ် ။

“ ဟေ့ ..  ဒါတွေ ပါဆယ် ထုပ်ပေးစမ်း ”

စားပွဲထိုးလေးတစ်ယောက်က တင်မောင်လွင့် ဝိုင်းလာပြီး ကတုန်ကရင်နဲ့ အရက်ကို ကြွပ်ကြွပ်အိတ်ထဲ လှယ်ပေးတယ် ။

“ ရပြီ ဆရာလေး ... ”

တင်မောင်လွင် စားပွဲထိုးလှမ်းပေးတဲ့ ကြွပ်ကြွပ်အိတ်ကို ဖတ်ခနဲ ဆွဲယူလိုက်တယ် ။ ပြီးတော့ မတ်တပ်ထ ... ။ သူ့ခြေလှမ်းတွေက ...

“ ဒီမှာ မရွှေအေး ... ခင်ဗျားကို ကျုပ်မင်္ဂလာဆောင်ဖို့ မပြောနဲ့ ၊ ဘယ်တုန်းကမှ ချစ်ခဲ့တာ မဟုတ်ဘူး ။ အခုဟာတွေက ကျွန်တော်မူးလို့ ပြောမိတာ ။ အဲဒီအတွက်ကို ကျွန်တော် တောင်းပန်ပါတယ် ။ အမှန်အတိုင်း ပြောရရင် မရွှေအေးကို ကျွန်တော် တစ်စက် မှ ချစ်လို့ မရဘူးဗျာ ... ဒါမှန်သော သစ္စာစကားပါ ”

ကျောင်းဆရာ စိတ်ကူးထဲ စကားတွေ စီနေတယ် ။ မရွှေအေး တို့ ဆိုင် လှမ်းကြည့်တော့ မီးရောင်မှိန်ပျပျနဲ့ လူတွေ စည်နေတယ် ။

ကျောင်းဆရာ အရက်ကို ကုန်အောင် မော့သောက်လိုက်တယ် ။

သူ့ခေါင်းက ထောင်ခနဲ ...

သူ့ခြေလှမ်းတွေက ...

°°°°°   °°°°°   °°°°°

“ ဒီမှာ မရွှေအေး အမှန်အတိုင်း ပြောရရင် အချစ်ဆိုတာ လုပ်ယူလို့ မရဘူးဗျ ။ မရွှေအေး ကို ကျွန်တော်က ... လက်ထပ်ပေါင်းသင်းပါ့မယ် ဆိုတာကလည်း သစ္စာမဏ္ဍိုင် ခိုင်ခိုင်မြဲတဲ့သူတွေမှ ...... "

ကျောင်းဆရာရဲ့ စကားသံ တစ်ဆိုင်လုံးကို ဖုံးလွှမ်းနေတယ် ။ ဖြတ်သွားဖြတ်လာ လူတွေကပါ ပေါက်ကွဲနေတဲ့သူ့ကို လှည့်ကြည့် လှည့်ကြည့် လုပ်သွားကြတယ် ။ သူကတော့ လုံးဝကို ဂရုမစိုက်ဘူး ။ သူ ပြောချင်တာတွေချည်း စွတ်စက် ပြောနေတယ် ။ ညက နက်ပြီ ။ စကားတွေလည်း နက်လာပြီ ။ ဒါပေမယ့် မပြီးဆုံးသေး  ၊ ပြောနေတုန်း ။ ဆိုနေတုန်း ။ အော်ဟစ်နေတုန်း .... ။

°°°°°   °°°°°   °°°°°

“ အား ... ကျွတ် ကျွတ် .. ”

ကျောင်းဆရာ သူ့ခေါင်းကိုသူ လက်နှစ်ဖက်နဲ့ အုပ်ရင်း ထလာတယ် ။ ညက ဘယ်လောက် များခဲ့တယ်ရယ်တော့ မသိ ။ မျက်လုံးတွေပါ ဝါးနေတယ် ။

ရီဝေဝေနဲ့ လိုက်ကြည့်မိတယ် ။ အမြင်အာရုံတွေဝေဝါးဆဲ ...

မနေ့ညက ဘာတွေဖြစ်ခဲ့လဲ ။ သူ ဘာမှ မမှတ်မိတော့ ။

မရွှေအေး တို့ သားအမိကိုရော ... ဘယ်လိုပွဲကြမ်းခဲ့လဲ ... ။

ဒါလည်း သူမသိတော့ ။

ကိစ္စပြတ်အောင် ပြောခဲ့တာတော့ သေချာတယ် ။

ဒါတော့ သူသိတယ် ။

ပြီးပြီ ။ အားလုံး ဇယားငြိမ်းပြီ ။ သူ့ဘာသာသူ တွေးရင်း ပြုံးလိုက်စဉ် ...

“ ဟင် ...”

သူ့အိပ်ရာဘေးမှ လှုပ်ရှားလာတဲ့အရိပ်တစ်ခု ... စောင်တွေ လုံးထွေးနေလို့ မသဲကွဲသေး ။ ဘယ်သူပါလိမ့် ... ညက သူ့ကို ဘယ်သူ လိုက်ပို့တာလဲ ... အခုဒီဟာက ဘယ်သူလဲ ... သူ မမှတ်မိ ... အသေအချာ ကြည့်မှ ...

“ မ ... မရွှေအေး ....  မရွှေအေး ... ”

သူ့ဘေး ခွေခွေလေး အိပ်နေတဲ့ မရွှေအေးကို မြင်တော့ တင်မောင်လွင် အံ့အားသင့်သွားတယ် ။ စိုးရိမ်စိတ်က ဒိန်းခနဲ ငယ်ထိပ် တက်ဆောင့်တယ် ။

“ ဘာလုပ်ရမှာလဲ ၊ ဘယ်လို လုပ်ရမှာလဲ ... ဘယ်လိုလုပ်ပြီး မရွှေအေး သူနဲ့ ပါလာတာလဲ ... ”

သူမခွဲခြားတတ်တော့ ...  ။ဘယ်လိုလုပ်ပြီးသူနဲ့ပါလာတာလဲ ...  သေပြီ ဒီ နှာခေါင်းကြီးနဲ့ဆို သေပြီ ...  ။ ကယောင်ကတမ်း ဘေးနား ဝေ့ကြည့်လိုက်တော့ အရက်ပုလင်းတစ်လုံးကို တွေ့တယ် ။ သူ မရွှေအေး ကို ကြည့်လိုက် ၊ အရက်ပုလင်းကို ကြည့်လိုက် ဖြစ်နေတယ် ။ နောက် မှ ...

သူလည်း စိတ်ငြိမ်လို ငြိမ်ငြား အရက်ပုလင်းကိုယူပြီး ကမန်းကတမ်း မော့ချလိုက်တယ် ။

“ ဟား ”

အရက်ကို ဒီအတိုင်း အစိမ်းလိုက်ကြီး သောက်ချလိုက်တော့ သူ့တစ်ကိုယ်လုံး ထူပူသွားတယ် ။ ခုန်နေတဲ့ နှလုံးခုန်သံလည်း ငြိမ်ကျသွားတယ် ။

သူ ကြောင်တောင်တောင်နဲ့ သူ့ဘေးနား အိပ်နေတဲ့ မရွှေအေး ကို ပြန်ကြည့်တယ် ။

မရွှေအေးက မနိုးသေးဘူး ။ အိပ်နေတုန်းပဲ ။

မရွှေအေး ဘယ်လို သူ့အိမ် ရောက်လာတာလဲ ...  ။ သူ စဉ်းစားမရ ဖြစ်နေတယ် ။ ဒါနဲ့ပဲ စိတ်ရှုပ်ရှုပ်နဲ့ အရက်ပုလင်းကိုကိုင်ပြီး နောက် တစ်မော့ မော့ချလိုက်တယ် ။

“ ဟား ...”

အခုမှပဲ စိတ်က လန်းဆန်းသွားသလို ...  ။ နောက်တစ်ကျိုက် နောက်တစ်ကျိုက် ။ သူ့ခေါင်းထဲ ရီဝေနေတယ် ။

သူ့လက်က မရွှေအေး ပခုံးကို ထိမလိုဖြစ်သွားတယ် ။ သူ မထိရဲသေး ။ အရက်တစ်ကျိုက် ထပ်မော့လိုက်တယ် ။ ပြီးတော့ မရွှေအေး ကို ပြန်ကြည့် တယ်  ။ အရက်တစ်ကျိုက် မော့လိုက်တယ် ။ မရည်ရွယ်ဘဲသူ့လက်က မရွှေအေး ပခုံးကို အသေအချာသွားထိတယ် ။

မရွှေအေး လူးလွန့်လာတယ် ။

မရွှေအေးက သူ့လက်ကလေး ပြန်ဆုပ်ကိုင်ပြီး ...

“ သွား ...  လူဆိုး ... ”

ဆိုပြီး ပြောတယ် ။ ကျောင်းဆရာ ပြုံးတယ် ။ ဟုတ်သား မရွှေအေး နှာတံလေးက စင်းနေတာပဲ ။ အရက်တစ်ကျိုက် သောက်တယ် ။

အရက်ချည်း လှိမ့်သောက်နေရလို့ ပါးစပ်ထဲ ခါးနေတယ် ။ ဒါနဲ့ မြည်းစရာ ရှိလိုရှိငြား အနီးနား ဝေ့ကြည့်လိုက်တော့ . . .  ။

ရှိတယ် ။ မြည်းစရာရှိတယ် ။

ဆီဗူးကင် ...

ပလောက်ခနဲ သူ ကောက်ဝါးလိုက်တယ် ။ လက်ကျန်ကြီးမို့ ညှီနံ့ ရှိပေမယ့် မူးနေတော့လည်း အချိုသား ... ....

◾  အကြည်တော်

📖  စွယ်စုံလက်ဆောင်

koaungnaingoo.blogspot.com

.

No comments:

Post a Comment