❝ မြင်ကွန်းမင်းသားကြီး အဆက် ❞
၁၃ဝဝ ပြည့်နှစ် ဒုတိယဝါဆိုလ ၊ ၁၉၃၈ ခု ဇူလိုင်လ နောက်ဆုံးအပတ် တစ်ညနေခင်းတွင် ကျွန်တော်သည် ကမာရွတ် ပေတစ်ရာလမ်းမကြီးဘေးမှာ လမ်းလျှောက်နေလေသည် ။ ကျွန်တော်နှင့် အတူ
ကမာရွတ် ဈေးအနီးနေ ကိုတင်ကြီး ဆိုသူပါလာ၏ ။ ကိုတင်ကြီး မှာ အရွယ်သိပ် မအိုသေးသော်လည်း
ဆံဖြူနေလေသည် ။ ခါးနှင့်တကွ ကိုယ်ခန္ဓာကြီးတစ်ခုလုံး တုတ်ခိုင်သည် ။ သို့ရာတွင် ခြေလက်
တို့ကား သေးကွေးလေရာ
̶က̶̶ု̶̶လ̶̶ာ̶̶း̶ကြီးရုပ်နှင့် ခပ်ဆင်ဆင်ဖြစ်၏ ။ သေးကွေးသော ခြေကြောင့်
သူသည် ခြေထောက်ကိုအသုံးပြုခြင်း နည်းပါးသည်ဟု ယူဆနိုင်ပါ၏ ။ သို့ရာတွင် သူ့အပြောအားဖြင့် သူသည် ယိုးဒယား နဲ့ အင်ဒိုချိုင်းနား သို့ ခြေကျင်သွားဖူး၍ သီဟို သို့လည်း ရောက်ဖူးသည်ဟု လမ်းလျှောက်ကြရင်း ကျွန်တော့်အား သူက ထိုအကြောင်းများကို အကျယ်ချဲ့ ပြောလေသည် ။
“ မင်းက ငါ့အကြောင်း ကောင်းကောင်း မသိသေးဘူး ။ ယိုးဒယား နဲ့ အင်ဒိုချိုင်းနားကို တစ်ခေါက်
မကဘူး ၊ အခေါက်ခေါက် ရောက်ဖူးတယ် ။ ကုန်းလမ်းက ယိုးဒယားသွားရင် ငါးရက်သာ
ကြာတယ် ”
“ ခင်ဗျား ဘာသွား လုပ်သလဲ ”
“ ကျောက်ကုန်သည်လည်း ကူးတာဘဲ ။ အင်ဒိုချိုင်းနား နဲ့ ယိုးဒယားနယ်စပ်မှာ ဗမာတွေ နေထိုင်တဲ့
ဒေသတစ်ခုရှိတယ် ။ မင်းကြားဖူးရဲ့လား ”
ကျွန်တော်ကား အံ့အားသင့်ကြောင်းမပြဘဲ “ ငါသိပါတယ် ” ဟူသော ဂိုက် မျိုး ဖမ်းလျက် -
“ ဪ ဪ ' ပိုင်လင်း ' လို့ ခေါ်တဲ့ ကမ္ဘောဒီးယားထဲက နယ်ကို ပြောတာလား ။ စိန် ၊ ကျောက် ၊
နီလာ ပတ္တမြားတွေ ထွက်တဲ့ ကျောက်တွင်းလေ ၊ ယိုးဒယားစိန် ထွက်တယ်လေ ”
ကိုတင်ကြီး သည် အနည်းငယ်မျှ ကသိကအောက် ဖြစ်သွားပုံ ရလေသည် ။ သို့ရာတွင် မျက်နှာပိုး
ပြန်၍ အပိုးသေစေပြီး -
“ ဟုတ်တယ် ဟုတ်တယ် ၊ မင်းဘယ်က သိထားသလဲ ”
“ ကျွန်တော် သူရိယ မဂ္ဂဇင်းထဲမှာ ပီယမောင် ရေးထားတဲ့ ခရီးသည်ဆောင်းပါးမှာ တွေ့ရတယ် ”
“ ဪ ပီယမောင် လား ၊ ငါနဲ့ တွေ့ဖူးသားပဲ ။ သူတို့ကတော့ စာရေးတတ်တော့ ဘယ်ရောက်တယ် ၊
ဘယ်ပေါက်တယ် စသည့်ဖြင့် ရေးပြနိုင်တာပေါ့ ။ တို့ကတော့ စာမရေးတတ်လို့ ကိုယ်ဘယ်လောက်ရောက် ၊ ဘယ်လောက်နှံ့တာ ရေးမပြနိုင်ဘူး ”
“ ကိစ္စ မရှိပါဘူးလေ ။ ခင်ဗျား ဘာကိစ္စ ရောက်သွားသလဲ ဆိုတာသာ ပြောစမ်းပါဦး ”
“ ပြောပြီကော ကျောက်ကုန်သွားကူးတာလို့ ။ ဟိုမှာ သူဌေးလည်း ဖြစ်ဖူးတယ် ၊ မိန်းမလည်း
ရဖူးတယ် ၊ ပြီးတော့ တစ်ခါကဆိုရင် မြင်ကွန်းမင်းသားကြီးဆီမှာ အမှုထမ်းဖူးသေးတယ် ”
ထိုအချိန်တွင် ကျွန်တော်တို့သည် ကမာရွတ်စာတိုက်အနီး ရေအိုင်ကြီးဘေးသို့ ရောက်လာကြလေပြီ ။ ဘဲတစ်အုပ်သည် ရေကူးနေကြ၏ ။
“ ဪ ခင်ဗျားက မြင်ကွန်းမင်းသားကြီးဆီမှာတောင် အမှုထမ်းဖူးတယ်နော် ”
ကိုတင်ကြီး သည် ရင်ကော့ မျက်နှာမော့ပြီး ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်များကို ပွတ်သပ်လိုက်သည် ။
“ အေး တစ်ခါတုန်းက မြင်ကွန်းမင်းသားကြီး က ငါ့ကို စာတစ်စောင်ရေးပေးပြီး ရှမ်းပြည်
လွှတ်တယ် ၊ ရှမ်းပြည်နယ်စပ်မှာ အင်္ဂလိပ်အစိုးရက ငါ့ကို ဖမ်းထားတယ် ၊ စာကလည်း အင်မတန် အရေးကြီးတယ် ”
“ ဘယ်လိုအကြောင်းတွေ ရေးထားသလဲ ကိုတင်ကြီး ”
“ အင်း အကြောင်းတွေကတော့ လျှို့ဝှက်အပ်တဲ့ အကြောင်းတွေ ဖြစ်တယ် ၊ အမျိုးဘာသာ သာသနာ
အကျိုး ဆောင်ဖို့ကိစ္စနှင့် ပတ်သက်တဲ့ ကိစ္စတွေပေါ့ ”
မိုးဖွဲကလေးများ ကျလာသဖြင့် ထီးဖွင့် ဆောင်းကြလေသည် ။ ကျွန်တော့်မှာ တို့ဗမာဝါဒ ဘုံဝါဒ
စသည်များကို နားလျှံအောင်ကြား၍ ကိုယ်တိုင်ကပင် အတော်အသင့် ဟောတတ်ပြောတတ်ပြီ
ဖြစ်သော်လည်း ဂျီစီဘီအေ ဝံသာနုခေတ် ၏ လက်သုံးဖြစ်သော အမျိုးဘာသာ သာသနာ ဟူသော
ဆောင်ပုဒ်များကို ကြားလျှင်လည်း စိတ်ထကြွသေးသည်ပင် ဖြစ်၏ ။ ၎င်းပြင် မြင်ကွန်းမင်းသားကြီး
နှင့်လည်း ဆက်စပ်နေလေရကား ကိုတင်ကြီး နှင့် သူ့အဖြစ်အပျက် များကို များစွာ အထင်ကြီးလာ
လေသည် ။ ကိုတင်ကြီး က မြင်ကွန်းမင်းသားကြီး ရေးလိုက်သည်ဆိုသော စာမှာ လျှို့ဝှက်အပ်သော
အကြောင်းများဖြစ်သည်ဟု ဆိုသည်နှင့် တစ်ပြိုင်နက် ကျွန်တော် မမေးတော့ပေ ။ သူ့အား အထင်ကြီးသွားပြီ ဖြစ်သည့်အတိုင်း တို့ဗမာ သခင်ဘက်သို့ သိမ်းသွင်းရန်ပင် အားထုတ်လေတော့၏ ။
“ အမျိုးဘာသာ သာသနာအကျိုးကို ဆောင်ရွက်ချင်ရင်တော့ တို့ဗမာအစည်းအရုံးနဲ့ ပူးပေါင်းတာဟာ အကောင်းဆုံးပေါ့ဗျာ ။ ကျွန်တော်ကတော့ အစည်းအရုံးဝင် သခင်တစ်ယောက်တော့
မဟုတ်ပါဘူး ”
သို့ဖြင့် အတန်ကြာအောင် သခင်တရားများကို ဆွေးနွေးကြလေသည် ။ တကယ့် လွတ်လပ်ရေး
ရဖို့အတွက် လက်နက် နှင့် ငွေလိုသည် ၊ ကိုတင်ကြီး က ပူစရာမလိုဟု ဆို၏ ။ သူသည် လက်နက်
လုပ်တတ်သည် ။ သူ့ကို တာဝန်ပေးလျှင် လုပ်ပေးမည် ။ ငွေအတွက်ကား ဂျပန်မှာ ငွေစက္ကူ အတုတွေလုပ်ပြီး ဗမာပြည်ထဲ ခိုးသွင်းလာလျှင် ဖြစ်နိုင်သည် ။ ထိုကိစ္စအတွက်လည်း အင်ဒိုချိုင်းနား တုန်းက သူ့မှာအတွေ့အကြုံရှိခဲ့သဖြင့် အဆက်ရနိုင်လိမ့်မည်ဟု ဆိုပေ၏ ။ ကျွန်တော်ကား နိုင်ငံရေး တွေးလိုက်တိုင်း ငွေအခက် ၊ လက်နက်အခက်ကြောင့် ရင်အလေးကြီး လေးမိသည်သာ ၊ ငွေမရှိလျှင် မိဘကျေးဇူး မဆပ်နိုင်သေးသဖြင့် နိုင်ငံရေး မလုပ်နိုင် ။ မိဘသံယောဇဉ် ဖြတ်နိုင်၍ နိုင်ငံရေး
ကောက်လုပ်နိုင်သည့်တိုင် ငွေမရှိလျှင် ဘာမျှ တွင်ကျယ်စွာ လုပ်နိုင်မည် မဟုတ် ။ လက်နက် မရှိလျှင်
ကျွန်နှောင်ကြိုးကို မဖြတ်နိုင် ။ ငွေ နှင့် လက်နက် အခက်ကြီး ခက်၏ ။ ယခုမူ ကိုတင်ကြီး က
ထိုအခက်ကို ဖြေရှင်းလိုက်လေပြီ ။ ကိုတင်ကြီး သည် ကျွန်တော်တို့အား ကယ်တင်မည့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနှင့် နတ်ဒေဝါ ဖြစ်နေလေပြီ ။
မိုးသည်းလာသည်နှင့် လက်ဖက်ရည်ဆိုင် ဝင်ထိုင်ကြလေသည် ။ ကျွန်တော်တို့သည် လက်ဖက်ရည်ဆိုင်တွင် လူအရှင်းဆုံးထောင့်ကို ရှာ၍ ထိုင်ကြ၏ ။ နိုင်ငံရေး လုပ်ကြံမှုကို ဆက်ကြပြန်၏ ။
“ ခုနင်က ခင်ဗျားပြောတဲ့ ငွေ နှင့် လက်နက်ကိစ္စ ဆွေးနွေးဖို့ သခင်ခေါင်းဆောင်တွေနဲ့ တွေ့ပေးမယ် ၊ တွေ့မလား ”
“ တွေ့ရမှာပေါ့ ”
“ ကျွန်တော် က ကမာရွတ် သခင်ခင်မောင် နဲ့တော့ အင်မတန် ရင်းနှီးတယ် ။ သူလည်း တို့ဗမာ
အစည်းအရုံးမှာ အမှုဆောင်လူကြီးတစ်ယောက် ဖြစ်နေပြီ ။ ပြီးတော့ သခင်ဗစိန် နဲ့လည်း သိတယ် ။
သခင်သိန်းမောင်ကြီး တို့ သခင်လေးမောင် တို့နဲ့တော့ကောင်းကောင်း မကျွမ်းဘူး ။ ဒီတော့ သခင်ခင်မောင် ရယ် ၊ သခင်ဗစိန် ရယ် ၊ ခင်ဗျား ရယ် ကျွန်တော် ရယ် တစ်နေရာမှာ တွေ့ကြမယ်လေ ”
“ ကောင်းသားပဲ ချိန်းပေးပေါ့ ။ ဒါထက် တို့ဗမာအစည်းအရုံးထဲမှာ ဂိုဏ်းကွဲနေကြတယ်ဆို ၊ သခင်
ဗစိန် ၊ သခင်သိန်းမောင် ၊ သခင်မြတို့ မသင့်မြတ်ကြဘူးဆိုပဲ ဟုတ်လား ”
ကျွန်တော့်မှာ အံ့အားသင့်သွားသည် ။ ကျွန်တော်ကား ထိုအကြောင်း မသိချေ ။ သခင်ကောင်းတာကိုသာ သိ၍ မကောင်းတာ မသိသော ကျွန်တော် ဖြစ်ပေသည် ။
“ ကျွန်တော် မသိဘူး ၊ ဟုတ်မယ် မထင်ပါဘူးဗျာ ”
” အေးလေ ဟုတ်ချင်မှ ဟုတ်မှာပါ ၊ ဒါထက် ကိုယ့်လူ ငွေ ၅ ကျပ်လောက် ရှိရင် ခဏချေးစမ်းပါ ”
ကျွန်တော် သည် ကျောက်ကုန်သည် သူဌေးဟောင်း မြင်ကွန်းမင်းသားကြီး ၏ အမှုတော်ထမ်းဟောင်း
အနာဂတ်တွင် သခင်တွေအတွက် လက်နက် နှင့် ငွေရှာပေးမည့်သူ ကိုတင်ကြီး က ငွေ ၅ ကျပ်
ကျွန်တော့်ထံမှ ချေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ ။ ရုတ်တရက် အံ့အားသင့်သွားမိလေသည် ။
ကိုတင်ကြီး သည် ကျွန်တော့်စိတ်တွင် ဖြစ်ပျက်နေတာတွေကို ရိပ်မိဟန် ရှိလေသည် ။
“ ကိစ္စ မရှိပါဘူး ၊ မရှိလည်း နေပါစေ ၊ လဆန်းရက် နီးပါပြီ ” ဟု သူက ရုပ်သိမ်းလိုက်လေသည် ။
ကျွန်တော်သည် သူ့အား များစွာ အားနာသွားသည် ။ တစ်ခါတစ်ရံ မဆင်းရဲ မမွဲတေဘဲနှင့် မတော်တဆ ငွေကျပ်တတ်သည်မှာ ဓမ္မတာပင် မဟုတ်ပါလောဟု ဆင်ခြင်မိ၏ ။ နောင် အလားအလာကိုလည်း ကိုတင်ကြီး ထံမှ မျှော်လင့်မိ၏ ။ ထို့ကြောင့် လဆန်းလျှင် ကျောင်းလခပေးရန် ဖယ်ထားသော ငွေ ၁၂ ကျပ်ကို သတိရမိလေသည် ။
“ မဟုတ်ဘူးလေ ၊ လိုရင်တော့ အိမ်လိုက်ခဲ့ပါ ။ ကျွန်တော် ကျောင်းလခပေးဖို့ ဖယ်ထားတာ ရှိတယ် ။
လဆန်းတော့သာ ကျွန်တော့် ပြန်ပေးပါ ”
ကျွန်တော်တို့သည် လက်ဖက်ရည်ဆိုင်မှထ၍ အိမ်ပြန်ကြလေသည် ။
လမ်းမကြီးပေါ်မှနေ၍ ကျွန်တော်တို့သည် ကျွန်တော်နေသော အိမ်တည်နေရာ လမ်းမကြီးတွင်းသို့
ဝင်တော့မည်လုပ်နေစဉ် ကိုကြွယ် ဆိုသူသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီး ကျွန်တော်တို့ နောက်သို့
ခပ်သုတ်သုတ် လိုက်လာသည်ကို မြင်ရလေသည် ။ ကိုကြွယ် ကား ရန်ကုန် မှ ပြန်လာခြင်း ဖြစ်၏ ။
သူသည် ကျွန်တော်တို့အား လက်ပြ၍ သူ့ကို စောင့်စေလေသည် ။ ဤတွင် ရှေ့မဆက် မီ ကိုကြွယ်
အကြောင်းကို အနည်းငယ် ဖော်ပြဖို့လိုသေးသည် ။
ကိုကြွယ် မှာ အသက်လေးဆယ်ကျော်လောက် ရှိပြီး အသားမည်း၍ ပိန်သည် ။ ကျောက်ပေါက် မ
သက်သက်နှင့် ဖြစ်၏ ။ သူသည် သား မရှိ ၊ မယား မရှိ ၊ ဆွေမျိုးမှာလည်း မြင်းခြံ မှာသာ ရှိရစ်၍
ရန်ကုန် မှာ တစ်ယောက် မျှ မရှိ ။ အလုပ်အကိုင် မည်မည်ရရ မရှိ ၊ ကမာရွတ် ကျွန်တော်နေသော
ရပ်ကွက်၌ သူသည် ဘယ်အိမ်တက်နေနေ နေနိုင်သည် ။ အိမ်ရှင်က ကြည်ဖြူသည် ။ အကြောင်းမူကား အသုံးဝင်သူတစ်ယောက် ဖြစ်သောကြောင့်တည်း ။ မုဆိုးမဒေါ်လုံးတင် သည် လက်ဖက်ဆိုင်ကလေး ဘူးသီးကြော်ဆိုင်ကလေး စသည်ဖြင့် ဖွင့်ထားရာ သူက ရန်ကုန်သွား၍ လက်ဖက် ၊
ကြက်သွန်ကြော် ၊ ဆီ စသည်များ ဝယ်ပေးသည် ။ မြင်းလှည်းသမား ကိုတင်ဖေ ဖျားလျှင် ဖြစ်စေ ၊
အနားယူသည် ဖြစ်စေ ကိုကြွယ် က မြင်းလှည်း ဝင်မောင်းပေးသည် ။ စွပ်ကျယ်စက်ထဲက မ က်ကင်းနစ် ကိုမော် ၏ ကလေးများကို အိမ်စာကူလုပ်ပေးသည် ။ ရပ်ရွာထဲတွင် သာရေး ၊ နာရေး ရှိလျှင်
ကိုကြွယ် သည် ဒိုင်ခံ အကျိုးဆောင်သူ ဖြစ်၏ ။ ရန်ကုန်သွား၍ လှူဖွယ်တန်းဖွယ် ဝယ်ပေး၏ ။
သေစာရင်း သွားတိုင်၏ ။ ကျွန်တော် ပါဝင်သော ဆွမ်းကြီးလောင်းအသင်းတွင် သူသည် နာမည်
မတပ်ဘဲလျက် အကျိုးဆောင် အတွင်းရေးမှူး လုပ်နေလေသည် ။ သူ နှင့် ကျွန်တော် သည် ခင်မင်ရင်းနှီးလေသည် ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်လေသည် ။
သူသည် ကျွန်တော်တို့ နောက်သို့ ခပ်သုတ်သုတ်လိုက်လာရာ အသက်ရှူပင် မှားနေသည်ဟု
ထင်သည် ။ သူ့မျက်နှာမှာလည်း ကျီးကန်းလူမိ ဖြစ်နေသည် ။ ကျွန်တော်ကား သူ့အမူအရာကို
မြင်ပြီး ထိတ်သွားပေ၏ ။
“ ရန်ကုန်ထဲမှာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ ရိုက်ကုန်ကြပြီ ” ဟု ပျာပျာသလဲ ပြောလိုက်၏ ။
“ ဟာ ဟုတ်လား ၊ ဘယ်လို ဖြစ်ကြတာတုံး ” ဟု ကျွန်တော်တို့ နှစ်ယောက်စလုံး သံပြိုင် မေးလိုက်ကြလေသည် ။
“ ရွှေတိဂုံခြေရင်းမှာ ဗမာက ဘုန်းကြီးတွေမှူးပြီး ဘုန်းကြီးအစည်းအဝေး လုပ်တယ် ။ သတင်းစာတွေထဲ ပါနေတဲ့ ကိုရွှေဖီ ရဲ့ မော်လဝီ နဲ့ ယောဂီ စာအုပ်ကိစ္စပေါ့ မောင်တင်ထွန်း ရ ၊ ဘုန်းကြီးတွေက
အစည်းအဝေးမှာ အဲဒီစာအုပ်ကို ကန့်ကွက်ကြတယ် ”
ကိုကြွယ် ကပြောပြီး မောသဖြင့် နားနေသည် ။ ကျွန်တော်က ဝင်၍ -
“ ကန့်ကွက်တာနဲ့ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်း ဖြစ်ရောလားဗျာ ”
“ ကန့်ကွက်တဲ့ အစည်းအဝေးပြီးတော့ အဲဒီစာအုပ်ကို ကုသိုလ်ဖြစ် ရိုက်နှိပ်ထုတ်ဝေတဲ့ ပတေးဆိုင်
ရှိရာ သိမ်ကြီးဈေးကို ချီတက်ကြတယ် ။ သိမ်ကြီးဈေး ရောက်တော့ အပေါ်ထပ် ပတေးဆိုင်ပေါ်
တက်နိုင်ရင် ဘာလုပ်ကြမယ်တော့ မသိဘူး ၊ သို့ပေမယ့် ပုလိပ်က သိမ်ကြီးဈေးနားကျတော့
ဆီးတားတယ် ။ တားမရတော့ ဘုန်းကြီး နဲ့ ပုလိပ် ဝရုန်းသုန်းကား ဖြစ်တယ် ။ ပုလိပ်က ဘုန်းကြီးတွေကို ရိုက်တာ ကွဲပြဲကုန်တယ် ၊ ဆေးရုံတင်ရတယ် ကြားတာပဲ ။ ဘုန်းကြီးတွေကလည်း အနီးအပါးရှိတဲ့ ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေ လျှောက်ရိုက်တယ် ။ ဒီတော့ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းဖြစ်တာပေါ့ ”
ကိုတင်ကြီး က
“ တစ်မြို့လုံး ပြန့်ကုန်ပြီလား”
“ မသိဘူး ။ ကျွန်တော်လည်း စုံစမ်းမနေရဲဘူး ၊ ရရာကားနဲ့ လိုက်ပြေးလာခဲ့တာပဲ ”
ကျွန်တော်ကား ကြားလိုက်ရသည့်ခဏ၌ ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာ ဘယ်သူ မှားသလဲဟု မစဉ်းစားနိုင် ။
̶က̶̶ု̶̶လ̶̶ာ̶̶း̶ရော ဗမာပါ အသက်တွေသေ ၊ ပစ္စည်းတွေပျက်စီးမည့် အရေးကိုသာတွေးပြီး ပူလိုက် မိလေသည် ။
“ ဒုက္ခပါပဲဗျာ ” ဟု ညည်းကာ မှိုင်တွေချ၍ နေလိုက်သည် ။
ကိုတင်ကြီး နှင့် ကိုကြွယ် တို့ကား စာရေးသူ ကိုရွှေဖီ နှင့် စာအုပ်ကုသိုလ်ဖြစ်ထုတ်ဝေသူ ကိုပတေး
တို့အား အပြစ်တင်နေကြသည် ။ ၎င်းနောက် ကိုကြွယ် က -
“ မွတ်စလင်တွေကို က ကဲပဲကဲလွန်းတယ် ။ သူတို့ဘာသာကို အယူသီးပြီး သူများဘာသာကို အထင်သေးတယ် ”
ထိုအခါ ကိုတင်ကြီး က အသံကျယ်ကျယ်ဖြင့် -
“ ဒါတော့ ချဉ်စရာ ကောင်းတာပဲဗျာ ”
ကျွန်တော့်မှာ သူတို့တစ်တွေကပါ ကမာရွတ်မှာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မည်ကို စိုးသောကြောင့် -
“ သိပ်လည်း ဒေါမဖောင်းကြနဲ့ဦးလေ ၊ ကျွန်တော်တို့ရဲ့ သတင်းစာတွေနဲ့ ဘုန်းကြီးတွေ ကလည်း
တစ်ဆိတ်တစ်အိတ် လုပ်လွန်းတယ်ထင်တယ် ”
ကိုတင်ကြီး က -
“ ဘယ်ဟုတ်မလဲ ။ အမှန်တွေ ရေးကြ ၊ သားကြ ၊ ဟောကြ ၊ ပြောကြတာပါ ။ ကဲ ပြောစမ်းပါ ၊
ဘယ် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ကောင်းသလဲ ။ တို့ကောင်မလေးတွေ ဒင်းတို့ မယားလုပ်တယ် ။ တရားဝင်မယား ဖြစ်ချင်ရင် တို့ကောင်မကလေးတွေက မွတ်စလင်ဘာသာကို ဝင်ရမယ်တဲ့ ။ ဘယ်လောက် စီးပိုင်သလဲ ၊
တို့ဘက်က အမျိုးလည်း ရှုံးတယ် ။ ဘာသာလည်း ရှုံးတယ် ”
ကိုကြွယ် က အောက်ပါအတိုင်း ထောက်ခံဖြည့်စွက်ပြန်၏ ။
“ ဟုတ်တယ် အမျိုးဘာသာ အားလုံး ရှုံးတယ် ။ ဒါတင် မကသေးဘူး စီးပွားရေးမှာကောဘယ်လောက်
̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေ လွှမ်းမိုးနေသလဲ ။ ကြည့်စမ်း ၊ ကျုပ်တို့ ကမာရွတ် မှာရှိတဲ့ စွပ်ကျယ်စက် ၊ ထီးစက် ၊
ဆပ်ပြာစက် ဒါတွေ ဘယ်သူ ပိုင်သလဲ ၊ ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေ ၊ မွတ်စလင်တွေ ၊ ကမာရွတ် မှာရှိတဲ့
အကောင်းဆုံး တိုက်ကြီးတွေနဲ့ ခြံကြီးတွေ ဘယ်သူတွေ ပိုင်သလဲ ၊ ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေ ။ ကွမ်းယာဆိုင်
မှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဗယာကြော်ဆိုင်မှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဖိနပ်ဆိုင်မှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ အထည်ဆိုင်ကြီးမှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဈေးဆိုင်ကြီးမှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ လက်ကားဆိုင်မှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊
ဖိနပ်ဆိုင်မှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ အရင်းငွေချေးတဲ့ လူဆီမှာလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဒရဝမ်လည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊
ဟိုက်ကုတ် တရားသူကြီးလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ကွန်ပေါင်းဒါလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဆေးဆရာဝန်ကြီးလည်း
̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဂျမဒါလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ထောင်မှူးလည်း ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ နေရာတကာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ချည်း လွှမ်းနေတာပဲ ...”
ကျွန်တော်သည် ကိုကြွယ် ဤလို ဆူဆူပူပူ လှုပ်လှုပ်ရှားရှားပြောသည်ကို တစ်ခါမျှ မကြုံဖူး ။
အခါတိုင်း သူစကားပြောလျှင် အေးစက်စက် ဖြစ်၏ ။
ကိုတင်ကြီး က -
“ ဟုတ်တယ် ၊ ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေကြောင့် တို့ဗမာတွေ ဆင်းရဲနေတာ ။ ကဲ ပြောနေကြာရော့မယ် ၊
ကမာရွတ် က ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေကို သွားချကြရအောင် ” ဟု ကျွန်တော်တို့အား အဖော်ညှိလေသည် ။
ကျွန်တော်ကိုယ်တိုင်ကား ̶က̶̶ု̶̶လ̶̶ာ̶̶း̶ သွားချဖို့ စိတ်မပါ ။ ကိုကြွယ် ပါသွားမှာ စိုးရိမ်မိ၏ ။ ထို့ကြောင့်
“ မကောင်းပါဘူးဗျာ ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶အပေါ်မှာ မကျေနပ်ချက်ကိုသည့်ပြင်နည်းနဲ့ ဖြေရှင်းကြတာပေါ့ ။
အဓိကရုဏ်းဖြစ်အောင်တော့ မလုပ်ကြပါနဲ့ ”
ကိုတင်ကြီး က -
“ ဟာ သည့်ပြင်နည်း မရှိဘူး ။ ဒင်းတို့တော့ မျိုးပြုတ်အောင် အုပ်ထည့်လိုက် မှပြီးမှာ ။ လာ ကိုကြွယ်
ဈေးဘက်သွားရအောင် ”
ကိုကြွယ် ကား တည်ငြိမ်သွားပြီး -
“ စဉ်းစဉ်းစားစား လုပ်ကြတာပေါ့ဗျာ ။ ရန်ကုန်ထဲက အခြေအနေကိုလည်း စောင့်ကြည့်ပါဦး ”
“ ခင်ဗျားတို့ မလိုက်ချင်နေ ၊ ကျုပ်တော့ ဈေးဘက်သွားပြီး ထွန်းဖေ တို့ ကျော်ခင် တို့ လိုက်ရှာ
လိုက်ဦးမယ် ၊ ကျုပ်တော့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး ”
ကိုတင်ကြီး သည် ပြောပြောဆိုဆို ဈေးဘက်သို့ ထွက်သွားလေ၏ ။ အဓိကရုဏ်းစိတ်မွှန်ပြီး
ကျွန်တော့်ထံမှ ချေးထားသော ငွေ ၅ ကျပ်ကို လိုက်ယူရန်ပင် သတိ မရတော့ချေ ။
ကျွန်တော်က သူ့အား နောက် မှကြည့်ကျန်ရစ်ခဲ့ရာ ကိုကြွယ် က ကျွန်တော့်အား လက်တို့ကာ
အိမ်ဘက်သို့ ခေါ်သွားပြီး -
“ ဒီလူ သိပ် မယုံရဘူး ၊ သူ့လူ ကိုယ့်ဘက်သား လုပ်မှာ စိုးရတယ် ၊ ပြီးတော့ ပုလိပ်တွေနဲ့ သိပ်လုံးတယ် ”
ကျွန်တော့်မှာ ခေါင်းနားပန်း ကြီးသွားပေ၏ ။ ကိုကြွယ် ပြောသလို တကယ်များဖြစ်ပါက ကျွန်တော့်
အား အင်္ဂလိပ်အစိုးရကို ပုန်ကန်ရန် လက်နက် ရှာမှု ၊ ငွေစက္ကူ အတုလုပ်မှု နှင့် အမှုပတ်အောင်
ဆင်နိုင်ပေလိမ့်မည် ။ ကိုကြွယ် နှင့် ကျွန်တော် သည် အိမ်ပြန်ပြီး ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ဗမာ အဓိကရုဏ်း ကိစ္စများကို စဉ်းစားဆွေးနွေးကြလေသည် ။
သူ နှင့် ကျွန်တော် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ - ဗမာ ဆက်ဆံရေးနှင့် ပတ်သက်ပြီး အယူအဆ သဘောကွဲလွဲမှုများ ရှိ၏ ။
သို့ရာတွင် နှစ်ဦးသဘောတူနိုင်သော အချက် များ ရှာကြ၏ ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာအဓိကရုဏ်း ကမာရွတ်
တွင် ( အထူးသဖြင့် ကျွန်တော်တို့နေသော ရပ်ကွက်တွင် ) မဖြစ်စေရန် ၊ က̶̶ု̶̶လ̶̶ာ̶̶း̶ကိုစပြီး မချရန် ၊
̶က̶̶ု̶̶လ̶̶ာ̶̶း̶က စပြီး ချလာလျှင်ကား ခုခံချဖို့ အဆင်သင့် ဖြစ်နေရန် ၊ ညဘက်တွင် ရပ်ကွက် မှာ
အလှည့်ကျကင်းချ၍ ကိုယ့်အိမ် ကိုယ့်ရပ်ကွက် ထဲမှာသာ နေရန် စသည်တို့ဖြစ်လေသည် ။
အိပ်ရာဝင်ခါနီးတွင် ဒိုင်ယာရီကို လှန်လိုက်သည် ။ ထိုနေ့မှာ ၁၉၃၈ ခုနှစ် ၊ ဇူလိုင်လ ၂၆ ရက်
ဖြစ်လေသတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment