❝ သူတော်ငတေ ၏ ဂမ္ဘီရသင်္ချာ ❞
ကျွန်ုပ်တို့ ဘုန်းကြီးကျောင်းများ၌ ကျောင်းပိတ်ရက် မှာ ဥပုသ်နေ့ နှင့် အဖိတ်နေ့ ဖြစ်သည် ။ ရှစ်ရက်သီတင်းတစ်ပတ်တွင် ကျောင်းနှစ်ရက် ပိတ်သည် ။ ဤသည်မှာ အစဉ်အလာ ဖြစ်သည် ။
သို့သော် ယနေ့ ဥပုသ်နေ့ မဟုတ်သော်လည်း ကျောင်းပိတ်သည် ။ အကြောင်းမှာ ဝါဆိုမှိုပေါက်သော ရာသီဖြစ်သဖြင့် မှိုရှာသွားကြရန် ကျောင်းပိတ်ခြင်း ဖြစ်သည် ။ မှိုပေါက်ရာသီတွင် ဤသို့ပင် ကျောင်းရှိ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားအားလုံး တောထဲ ၊ တောင်ထဲ မှိုရှာထွက်လေ့ရှိကြသည် ။
တစ်ကျောင်းလုံး မှိုရှာထွက်ကြသော်လည်း ကျွန်ုပ် မလိုက်ရ ။ အကြောင်းမှာ အငယ်ဆုံးကျောင်းသား ဖြစ်သည့်အပြင် ဖျားနေ၍ မလိုက်ရခြင်း ဖြစ်သည် ။ ထို့ကြောင့် ကျောင်းတွင် ဘုန်းကြီး ၊ သူတော်ငတေ နှင့် ကျွန်ုပ်တို့ သုံးဦးသာ ကျန်သည် ။ နေ့ဆွမ်းစားပြီး၍ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားများ မှိုရှာထွက်ကာနီးတွင် ကျွန်ုပ် ငှက်ဖျားတက်လာ၍ စောင်ကို ခေါင်းမြီးခြုံကာ အိပ်ကျန်ခဲ့ရသည် ။
အဖျားကျ၍ နေသာထိုင်သာရှိလာသောအခါ ကျွန်ုပ်တစ်ယောက်တည်း ပျင်းပျင်းရှိသည်နှင့် ကျောင်းအောက်သို့ ဆင်းလာသည် ။ မှိုရှာထွက်သွားကြသော ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားများမှာ ညနေ ( ၄ ) နာရီ ၊ ( ၅ ) နာရီမှ ပြန်ရောက်လာကြမည် ဖြစ်သည် ။ ထို့ကြောင့် ကျောင်းအောက်တွင် ဟိုဟိုသည်သည် ခဏလျှောက်နေပြီး တစ်ယောက်တည်း အပျင်းပြေ ဂုံညင်းဒိုး ပစ်ကစားနေသည် ။
ထိုစဉ် ဖိုရုံထဲက ထွက်လာသော သူတော်ငတေ သည်တစ်ယောက်တည်း ဒိုးပစ်ကစားနေသော ကျွန်ုပ်ကို မြင်သွားသည် ။ အံ့ဩသလိုနှင့် တစ်ချက် လှမ်းကြည့်ပြီး ကျွန်ုပ်အနားသို့ လျှောက်လာသည် ။ အနားကို ရောက်သောအခါ မတ်တတ်ရပ်ပြီး ..
“ ဟေ့ကောင်လေး ၊ နင် မှိုရှာလိုက် မသွားဘူးလား ”
ဟု မေးသည် ။
“ တ... တပည့်တော် ဖျားနေလို့ပါဘုရား ”
ကျွန်ုပ်က သူတော်ငတေ ကို ကြောက်လန့်နေသဖြင့် ဘုန်းကြီး ၊ ဦးပဉ္စင်းတို့ကို ပြောသလို ယောင်မှားပြီး ရုတ်တရက် “ တပည့်တော် ” ဟု ပြောမိလိုက်သည် ။
“ နင် ဖျားနေတာ ဘယ်နှစ်ရက် ရှိပြီလဲ ”
“ သုံးရက်လောက် ရှိပါပြီ ဘဘ ”
ယခုမှ သတိရပြီး သူတော်ငတေကို ယခင်က ခေါ်ပြောနေကျအတိုင်း “ ဘဘ ” ဟု ပုံမှန် ပြန်ပြောလိုက်သည် ။
“ ဒီလာစမ်း ”
သူ့အနား လျှောက်သွားသည် ။ သူတော်ငတေ က ကျွန်ုပ်နဖူးကို စမ်းကြည့်၏ ။
“ ငှက်ဖျားနဲ့ တူတယ်ကွ ။ ခုတော့ ကိုယ်သိပ်မပူတော့ပါဘူး ။ ဘဘ ဆေးပေးမယ် ။ ခဏနေဦး ”
ဟု ပြောပြီး သူ့ဖိုရုံထဲ ဝင်သွားသည် ။ ခဏအကြာမှာ ပြန်ထွက်လာပြီး ဆေးမှုန့်တစ်ဇွန်းနှင့် ရေနွေးတစ်ခွက်တို့ကို ယူလာပေးသည် ။ သူတော်ငတေ ပေးသော ဆေးနှင့် ရေနွေးကို ကျွန်ုပ် သောက်လိုက်၏ ။
“ နင့်နာမည် ဘယ်လိုခေါ်လဲ ”
“ ဝေယံလင်းပါ ဘဘ ”
“ နင် ဘယ်သူ့ သားလဲ ”
“ ဦးပန်းဖြူသားပါ ဘဘ ”
“ ဟေး ... နင်က ဆေးဆရာ စာဖတ်တတ်သား ကိုး ။ ဒီလိုမှန်းသိရင် ငါ နင့်ကို ဆေးမပေးပါဘူး ”
ကျွန်ုပ်မျက်နှာကို စေ့စေ့ကြည့်၍ ပြော၏ ။
သူတော်ငတေ ပြောသည်မှာ မှန်သည် ။ အဖေသည် ဗိန္ဒောဆေးဆရာ ဖြစ်သည် ။ လူမမာရှိ၍ လာခေါ်လျှင် ဟိုရွာ သည်ရွာသို့ပင် လိုက်၍ ဆေးကုပေးတတ်သည် ။ အဖေလိုက်ကုပေးသူများသည် ရောဂါပျောက်ကြသဖြင့် ရွာနီးချုပ်စပ်၌ နာမည်ရသည် ။ ထို့ကြောင့် အများအားဖြင့် အဖေ့ကို နာမည်မခေါ်ကြဘဲ “ဆေးဆရာ ” ဟု ခေါ်ကြသူများသည် ။
သူတော်ငတေ ပြောသော စာဖတ်တတ် ဆိုသည်မှာလည်း မှန်သည် ။ ကျွန်ုပ်တို့အရပ်တွင် ဥပုသ်သီတင်းနေ့များ၌ ဥပုသ်သီတင်းသည်များကို လင်္ကာနှင့်စီထားသော ဇာတ်ကြီးဆယ်ဘွဲ့ထဲမှ ကြိုက်နှစ်သက်ရာ ဇာတ်တစ်ခုခုကို စာဖတ်တတ်ဆိုသူက ဖတ်ပြတတ်သော အလေ့အထ ရှိသည် ။ အဖေမှာ လူပြန်တော် ဘုန်းကြီးလူထွက်ဖြစ်သဖြင့် လင်္ကာစီထားသော ဇာတ်ဝတ္ထုများကို အသံနေအသံထားနှင့် ဌာန်ကရိုဏ်း ကျကျ ဖတ်ပြ နိုင်သည် ။ အသံကလည်း အသံဝါ ၊ အသံကောင်းဖြစ်သဖြင့် အဖေ စာဖတ် ပြလျှင် ဥပုသ်သည်များစု၍ နားထောင်ကြသည် ။ ဝေဿန္တရာဇာတ်တော်ထဲ၌ ဂဏှာဇိမ် နှင့် ဇာလီ တို့အား ဇူဇကာပုဏ္ဏား နှိပ်စက်ခန်းရောက်လျှင် ဥပုသ်သည်မများ မျက်ရည်မဆည်နိုင် ဖြစ်ကြရသည် ။ အဖေကလည်း ငို၍ မျက်ရည်ကျ၍ပင် ဖတ်ပြသွားသည် ။ ဤသည်ကိုပင် ဥပုသ်သည်များက ပို၍ သဘောကျကြသည် ။ ထို့ကြောင့် အချို့က “ စာဖတ်တတ် ” ဟုလည်း အဖေ့ကို ခေါ်ကြသည် ။
“ နင့်အဖေ ဆေးဆရာဆို နင့်ကို ဆေးမတိုက်ဘူးလား ”
“ တိုက်ပါတယ် ၊ ခုတောင် တစ်ခွက်စာ ကျန်နေသေးတယ် ”
“ ဟယ် ... ငါ့ဆေးနဲ့ နင့်အဖေဆေး မတည့်ရင် ဒုက္ခပဲ ။ နင့် အဖေဆေး နင် ဘယ်တုန်းက သောက်လဲ ”
“ မနက်ကပါ ”
“ နင် စောစောကပြောတဲ့ တစ်ခွက်စာ ကျန်သေးတယ်ဆိုတာ နေ့လယ် သောက်ဖို့ပေးထားတာ မဟုတ်လား ။ ဘာလို့ စောစောက မသောက်လဲ ”
“ အဖေက ရေနွေးနဲ့ပဲ သောက်ရမယ်လို့ မှာထားလို့ပါ ။ ခု ရေနွေး မရှိလို့ မသောက်ရသေးတာပါ ”
“ မနက်ကကော ”
“ မနက်က ရေနွေးရပါတယ် ။ ကိုရင်သောဘဏ ယူပေးပါတယ် ”
ကိုရင်သောဘဏ မှာ ကျွန်ုပ်၏ အစ်ကိုဝမ်းကွဲ ဖြစ်သည် ။ အဖေက ကျွန်ုပ်အား ကိုရင်သောဘဏ ကို အပ်ထား ၊ မှာထားသည် ။ ယခု နေ့လယ်တွင်မူ ကိုရင်သောဘဏ ကလည်း မှိုရှာလိုက်သွားသဖြင့် ရေနွေးမရ၍ ဆေးမသောက်ရခြင်း ဖြစ်သည် ။ ဘုန်းကြီးကျောင်းတွင် ရေနွေးကို လိုအပ်မှ ကိုရင် ၊ ကျောင်းသားကြီးများက တည်ခွင့်ရကြသည် ။ ထိုစဉ်က ဓာတ်ဘူး စသည်တို့လည်း မရှိ ။
“ ဘဘ ဆီ လာယူရောပေါ့ကွယ် ၊ ဘဘ ဖားဖိုမှာ ရေနွေးတည်လိုက်ရင် ဆေးတစ်ခွက်စာ ခဏလေးနဲ့ ဆူတာပေါ့ ။ ဒါနဲ့ နင်က ဖျားနေတယ်သာ ပြောတယ် စောစောက ဒိုးထိုးနေတာ ငါ တွေ့ပါလား ”
“ တစ်ယောက်တည်းဆိုတော့ ပျင်းပျင်းရှိလို့ပါ ဘဘ ”
“ ဟဲ ... ဟဲ ၊ ဘဘ လည်း ပျင်းတာနဲ့ ဖိုရုံက ထွက်လာတာ ။ အတော်ပဲ ၊ ဘဘနဲ့ သား ရသေ့စိတ်ဖြေ ကစားကြရအောင် ”
ယခင်ကလည်း သူတော်ငတေ သည် မိမိတို့ကျောင်းသားများအား ရသေ့စိတ်ဖြေ ဟုခေါ်သော ဝါးနှီးကွင်းလေးများကို အဆက် မပြတ်စေဘဲ တစ်ကွင်းထဲ တစ်ကွင်းဝင်သွားအောင် အပျင်းပြေလုပ်ပြဖူးသည် ။
“ သံကွင်းမရှိလို့ မင်းတို့ကို ဒီဝါးခြမ်းကွင်းလေးနဲ့ လုပ်ပြတာ ။ သံကွင်းဆို လူတွေ ပိုယုံ ၊ ပိုအထင်ကြီးတာပေါ့ ”
ယခု မိမိအား ဘာများလုပ်ပြဦးမည်နည်းဟု ကျွန်ုပ် စဉ်းစား နေစဉ် သူတော်ငတေ က...
“ ဒီမှာ ဘဘ ပြမယ် ။ မင်း ခု ဒီဂုံညင်းဒိုးသီးတွေ ဘယ်လောက်ရှိလဲ ” ဟု မေး၏ ။
“ လေးငါးဆယ် ရှိပါတယ် ဘဘ ”
“ ဟုတ်ပြီ ။ ဘဘ ဒီဘက်ကို နောက်ခိုင်းထိုင်နေမယ်ဆိုပါတော့ ။ သားက ဒီဂုံညင်းသီး ဒိုးလုံးတွေကို သုံးပုံ အညီအမျှ ပုံထား ။ လုံးရေ အတူတူ သုံးပုံ ပုံထားရမယ်နော် ။ ဘယ်နှစ်ဆယ် ၊ ဘယ်နှစ်ရာ ပုံရမယ်ဆိုတာ ဘဘ မပြောဘူး ။ ပုံချင်သလောက် ပုံ ။ အရေးကြီးတာက တစ်ပုံမှာ တစ်ရာ ဆိုရင် နောက်နှစ်ပုံမှာလည်း တစ်ရာပဲ ဖြစ်ရမယ် ။ အပိုအလို မရှိရဘူး ။ သဘော ပေါက်တယ်နော် ”
“ ဟုတ်ကဲ့ ၊ ပေါက်ပါတယ် ဘဘ ”
“ အေး ... ဒါပေမယ့် ပိုသဘောပေါက်အောင် ဘဘ ပြဦးမယ် ။ ဒီမှာကြည့် ၊ အစ နှစ်ပုံက အလယ်ပုံကို သုံးလုံးစီ သွားပေါင်းထားလိုက်ဆိုရင် အစ နှစ်ဖက် မှာရှိတဲ့ ဒိုးသီးပုံထဲက သုံးလုံးစီယူပြီး ပေါင်းထားလိုက် ။ ငါးလုံးစီတင် ဆိုရင်လည်း ငါးလုံးပဲယူပြီး ပေါင်းထားရမယ် ။ ပြီးတော့ အစ တစ်ဖက်အပုံမှာ ကျန်တဲ့ အရေအတွက်အတိုင်း အလယ်ပုံက ပြန်ယူပြီး အစပုံထဲကို ပြန်ထား ၊ အဲဒီအခါ အလယ်ပုံမှာ ဒိုးသီး ဘယ်နှစ်လုံး ကျန်နေ တယ် ၊ ရှိနေတယ်ဆိုတာ ဘဘက နောက်ကို လှည့်မကြည့်ဘဲ အတပ်ဟောမယ် ။ မှန်လည်း မှန်ရမယ် ။ ဟုတ်ပြီလား ။ ကဲ ... စမ်းကြည့်ရအောင် ။ ဒီမှာ ဘဘက နောက်ခိုင်းထိုင်နေလိုက် မယ်နော် ။
ဪ ... ဒါနဲ့ ခဏနေဦးကွ ။ မင်းပုံထားတဲ့ အလယ်ပုံက ဒိုးလုံး အရေအတွက် ဘယ်နှစ်လုံး ရှိတယ်လို့ ဘဘကို ပြန်ပြောပြဖို့ တစ္ဆေတစ်ကောင် လိုသေးတယ် ။ ကဲ ... ဒီကျောက်ခဲလေးကိုပဲ တစ္ဆေလုပ်ထားခဲ့မယ် ။ ဘဘ ပြောသလိုသာ ဒိုးသီးတွေ ပုံတော့ ။ ဒီမှာ ဘဘ နောက်ခိုင်းနေလိုက်ပြီနော် ။ မင်း ဘယ်နှစ်လုံးစီ ပုံနေတယ်ဆိုတာ ဘဘ မမြင်ရဘူး ၊ မသိဘူး ။ ဒါပေမယ့် ဘဘ မှန်အောင် ဟောနိုင်တယ် ။ ကဲ ... လုပ်လုပ် ”
သူတော်ငတေ လုပ်ပြထားသည့်အတိုင်း ကျွန်ုပ် ဒိုးလုံး ( ၃၀ ) ကို ( ၁၀ ) လုံးစီ သုံးပုံ ပုံထားလိုက်သည် ။
“ ပုံပြီးပြီလားကွ ”
နောက်ခိုင်းထိုင်နေသော သူတော်ငတေ က မေး၏ ။
“ ဟုတ်ကဲ့ ၊ ပုံထားပြီးပါပြီ ဘဘ ”
“ ကောင်းပြီ ၊ ဒါဆို အစနှစ်ဖက် မှာရှိတဲ့ ဒိုးသီးပုံထဲက အလယ်ပုံကို တစ်ဖက် နှစ်လုံးစီ တင်လိုက် ”
သူတော်ငတေ ပြောသလို ကျွန်ုပ်သည် အစနှစ်ဖက်ရှိ ( ၁၀ ) လုံးစီ အပုံထဲမှ တစ်ပုံက နှစ်လုံးစီယူ၍ အလယ်ပုံတွင် ထည့်ထားလိုက်၏ ။ ထိုအခါ အစနှစ်ဖက် အပုံနှစ်ပုံမှာ ဒိုးသီးတစ်ပုံလျှင် ( ၈ ) လုံးစီ ကျန်၍ အလယ်ပုံမှာ ( ၁၄ ) လုံး ဖြစ်သွားသည် ။
“ ကဲ ... အစ နှစ်ဖက် မှာရှိတဲ့ တစ်ပုံစီက အလယ်ပုံကို ဒိုးသီး ( ၂ ) လုံးစီ ပေါင်းထားလိုက်ပြီလား ”
“ ဟုတ်ကဲ့ ၊ ပေါင်းထားလိုက်ပါပြီ ဘဘ ”
“ ဒါဆို တစ်ဖက်အစ တစ်ပုံမှာရှိတဲ့ ဒိုးးသီးအရေအတွက်အတိုင်း အလယ်ပုံမှာရှိတဲ့ ဒိုးသီးထဲက ပြန်နုတ်ယူလိုက် ၊ တစ်ဖက် မှာရှိတဲ့ ဒိုးသီး အရေအတွက်အတိုင်းပဲ နုတ်ယူရမယ်နော် ။ နှစ်ဖက် ပြန်မနုတ်ရဘူး ။ ဘဘ ပြောတာ သဘောပေါက်တယ်နော် ”
“ ဟုတ်ကဲ့ ၊ ပေါက်ပါတယ် ဘဘ ”
ဟု ပြန်ပြောလိုက်ပြီး အလယ်ပုံရှိ ဒိုးသီး ( ၁၄ )လုံးထဲမှ တစ်ဖက် အစပုံတွင်ရှိသော ဒိုးသီး ( ၈ ) လုံးအတိုင်း အလယ်ပုံထဲမှ ပြန်နုတ်ယူလိုက်ရာ အလယ်ပုံမှာ ဒိုးသီး (၆)လုံးသာ ကျန်တော့သည် ။
“ ကဲ ... တစ်ဖက်အစမှာ ရှိတဲ့ ဒိုးသီး အရေအတွက်အတိုင်း အလယ်ပုံက နုတ်ယူပြီးပြီလား ”
“ ဟုတ်ကဲ့ ၊ ပြန်နုတ်ယူထားပြီးပါပြီဘဘ ”
“ အေး ... ဒါဆို အလယ်ပုံမှာ ဒိုးသီး ဘယ်နှစ်လုံး ကျန်တယ်ဆိုတာ ဘဘ က ဟောရတော့မှာပေါ့ ။ ဟေ့ကောင် ကျောက်ခဲတစ္ဆေ ၊ အလယ်ပုံမှာ ဒိုးသီး ဘယ်နှစ်လုံးကျန်လဲ ပြောစမ်း ၊ ပြောစမ်း ၊ မြန်မြန်ပြောစမ်း ။ ဝေယံလင်း ပုံထားတဲ့ အလယ်ပုံမှာ ဒိုးသီးအလုံးရေ ဘယ်နှစ်လုံးကျန်လဲ ။ မြန်မြန်ပြောကွာ ။ ဪ ... အင်း ... အင်း ၊ ဟုတ်လား ။ အမှန်နော် ၊ ဟုတ်ပြီ ။ မမှန်ရင်တော့ ကျောက်ခဲတစ္ဆေလေး ၊ နင့်ကို ငါ သံတူနဲ့ကို ရိုက်ခွဲပစ်မယ်နော် ”
သူတော်ငတေ က သူ့ဘာသာသူ ပြောနေ ၊ မေးနေစဉ် ကျွန်ုပ်မှာ အလယ်ပုံရှိ ဒိုးသီး ( ၆ ) လုံးကို သူတော်ငတေ တကယ်ပင် အမှန်ပြောနိုင် ၊ ဟောနိုင်မည်လား ဟူသော အတွေးနှင့် ရင်ခုန်နေ၏ ။
“ ကဲ ... ဘဘ ကို ကျောက်ခဲတစ္ဆေလေးက ပြောပြီကွ ဝေယံလင်း ရဲ့ ။ ခု အလယ်ပုံမှာ ဒိုးသီး ( ၆ ) လုံးပဲ ကျန်တယ်ဆိုပါလား ။ ဟုတ်ရဲ့လားဟ ၊ ကြည့်ပါဦး ”
ကျွန်ုပ် အံ့ဩ သွားသည် ။
“ ဘယ့်နှယ်လဲ ၊ မှန်တယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ မှန်ပါတယ် ဘဘ "
“ အေး ... မှန်ရမှာပေါ့ ။ ဘဘ ကို ကျောက်ခဲတစ္ဆေလေးက ပြောတာကိုး ။ ဒါကို မင်း မယုံသေးဘူးဆိုရင် ကဲ ... နောက်တစ်ခါ စမ်းကြည့်ပါဦး ။ ဘဘ နောက်ခိုင်းထိုင်နေမယ် ”
သူတော်ငတေ က ပြောပြီး နောက်ခိုင်းထိုင်နေပြန်သည် ။
စောစောက ဒိုးသီးပုံတာနည်း၍ မှန်သည်ထင်သဖြင့် ဤတစ်ခါ ကျွန်ုပ် ဦးသီးသုံးပုံကို တစ်ပုံလျှင် အလုံး ( ၃၀ ) စီ ( ၃ )ပုံ အလုံး ( ၉၀ ) ပုံထားလိုက်သည် ။
နောက်ခိုင်းထိုင်နေသော သူတော်ငတေက မေး၏ ။
“ ပုံပြီးပြီလား ”
“ ဟုတ်ကဲ့ ၊ ပြီးပါပြီ ဘဘ ”
“ ကဲ ... ဒါဆို စောစောကလိုပဲ အလယ်ပုံကို နှစ်ဖက်အစ နှစ်ပုံထဲက ( ၅ ) လုံးစီ သွားပေါင်းထည့်ထားလိုက် ”
“ ဟုတ်ကဲ့ ”
“ ပေါင်းထည့်ပြီးပြီလား ”
“ ပြီးပါပြီ ဘဘ ”
“ ဒါဆို စောစောကလိုပဲ အစတစ်ဖက် အပုံမှာ ကျန်တဲ့ အရေအတွက် ဒိုးသီးအတိုင်း ပြန်နုတ်လိုက် ”
“ ဟုတ်ကဲ့ ”
တစ်ဖက်အစ အပုံတွင်ရှိသော ( ၂၅ ) လုံးအတိုင်း အလယ်ပုံ ( ၄၀ ) ထဲမှ ဒိုးသီး ( ၂၅ ) လုံးကို နုတ်ယူလိုက်သည် ။ ထိုအခါ အလယ်ပုံမှာ ( ၁၅ ) လုံး သာ ကျန်တော့၏ ။
“ နုတ်ပြီးပြီလား ”
“ ဟုတ်ကဲ့ ၊ နုတ်ပြီးပါပြီ ဘဘ ”
“ ကဲ ... ဝေယံလင်း ကတော့ နုတ်ပြီးပြီပြောတယ် ကျောက်ခဲတစ္ဆေလေးရယ် ။ ဒါဆို အလယ်ပုံမှာ ဒိုးသီး ဘယ်နှစ်လုံးကျန်လဲ ။ ငါ့ကို မြန်မြန်ပြောစမ်း ။ ဟေ့ကောင် ... ကျောက်ခဲတစ္ဆေ ၊ အောင်မာ ... အိပ်ငိုက်နေတယ် ၊ ကြည့်စမ်း ။ ထ ... ထ ။ မြန်မြန်ပြောကွာ ။ ဪ .. ဟုတ်လား ။ အိပ်ချင်မူးတူးနဲ့ ပေါက်ကရ မပြောနဲ့နော် ။ မမှန်ရင် နင့်ဆရာ သောက်ရှက်ကွဲလိမ့်မယ် ။ မှန်လား ကြည့်စမ်း ။ သေသေချာချာ ကြည့်ပြောပါဟ ။ အေး ... ဟုတ်ပြီ ။ မှန်တယ်နော် ။ ဒါဆို ငါဟောလိုက်တော့မယ် ။ အလယ်ပုံမှာ ( ၁၅ ) လုံး ဆိုပါလားကွ ဝေယံလင်းရဲ့ ။ဟုတ်ရဲ့လား ၊ ကြည့်စမ်းပါဦး ”
ကျွန်ုပ်မှာ အံ့ဩမဆုံး ဖြစ်ရပြန်သည် ။ သို့နှင့် မကျေနပ်သေးသဖြင့် မိမိပိုင် ဒိုးသီးများ သာမက အစ်ကိုဝမ်းကွဲများ၏ ဒိုးသီးများကိုပါ ယူလာပြီး ယခုတစ်ခါ တစ်ပုံလျှင် ( ၅၀ ) စီပုံပြီး သူတော်ငတေ ကို မေးပြန်သည် ။
သူတော်ငတေ က အလယ်ပုံကို ( ၁၀ ) လုံးစီ ထည့်ပါပြောသဖြင့် ( ၅၀ ) စီ ပုံထားသော ဘေးနှစ်ပုံမှ ( ၁၀ ) လုံးစီ အလယ်ပုံသို့ ထည့်ပေါင်းလိုက်ရာ အလယ်ပုံမှာ ဒိုသီးအလုံးရေ ( ၇၀ ) ဖြစ်သွားသည် ။ အစနှစ်ပုံမှာ ( ၄၀ ) စီ ကျန်နေ၏ ။ သူတော်ငတေ လုပ်ခိုင်းသလို တစ်ဖက်အစတွင် ရှိသော ( ၄၀ ) ကို အလယ်ပုံ ( ၇ဝ ) ထဲမှ နုတ်လိုက်ရာ အလယ်ပုံမှာ ( ၃၀ ) သာ ကျန်တော့သည် ။
ဤသည်ကို သူတော်ငတေက မှန်မှန်ကန်ကန်ပင် ကျောက်ခဲတစ္ဆေ အကူအညီနှင့် ( ၃၀ ) ကျန်သည်ဟု ဟောပြန်၏ ။ ကျွန်ုပ်မှာ အံ့ဩပြီးရင်း အံ့ဩရင်း ဖြစ်သွားရပြန်သည် ။
ဤသည်ကို ကြည့်ကာ မိန့်မိန့်ကြီး ပြုံးနေသော သူတော်ငတေ က
“ ကဲ ... ဘယ့်နှယ်လဲ ဝေယံလင်း ၊ ဘဘဟောတာ မှန်တယ် မဟုတ်လား ” ဟု မေး၏ ။
“ မှန်ပါတယ် ဘဘ ”
“ မှန်ရမှာပေါ့ ၊ ဒါ ဂမ္ဘီရ ပုံသေသင်္ချာပဲ ။ မင်း ဒါကို တတ်ချင်လား ”
“ ဟုတ်ကဲ့ ၊ တတ်ချင်ပါတယ် ဘဘ ”
“ အေး... တတ်ချင်ရင် ငါ့ကို ရှိခိုး ။ အဲ ... ဟုတ်ပါဘူး ၊ ယောင်လို့ ။ တတ်ချင်ရင် လွယ်လွယ်လေး ၊ ဘဘ ပြောပြမယ် ။ ပထမခေါက်တုန်းက အလယ်ပုံကို ဘယ်နှစ်လုံးထားလို့ သားကို ဘဘက ပြောလဲ ”
“ နှစ်လုံးထားလို့ ခိုင်းပါတယ် ဘဘ ”
“ တစ်ဖက်အစမှာရှိတဲ့ အလုံးရေကို ပြန်နုတ်ခိုင်းပြီး အလယ်ပုံမှာ ဘယ်နှစ်လုံးကျန်တယ်လို့ ဟောလဲ ”
“ ခြောက်လုံးလို့ ဟောပါတယ် ”
“ မှန်တယ် မဟုတ်လား ”
“ မှန်ပါတယ် ”
“ မှန်ရမှာပေါ့ ၊ ဒွေ တြိဆ ကိုး ။ အေး ... မင်းက ဗေဒင်မှ မတတ်တာ ဘယ်နားလည်မလဲ ။ နှစ်လုံးစီ သုံးခါဆိုတော့ ဘယ်နှစ်လုံးလဲ ။ လက်ချိုး ရေတွက်ကြည့်စမ်း ”
“ နှစ်သုံး ဆိုတော့ ခြောက်ပါ ဘဘ ”
“ အေး ... အဲဒါ အဖြေပေါ့ကွ ။ နောက် ဒုတိယခေါက် မှာ အလယ်ပုံကို ဘယ်နှစ်လုံး သွားထားခိုင်းလဲ ”
“ ( ၅ ) လုံးပါ ဘဘ ”
“ ( ၅ ) လုံး ၊ ( ၅ ) လုံး ( ၃ ) ခါ ဆိုတော့ ... ”
“ ( ၁၅ ) လုံးပါ ဘဘ ”
“ အဖြေက အဲဒါလေကွ ။ အလုံးရေများများ ဘယ်လောက်ပဲ ပုံထားထား တစ်ရာ ၊ တစ်ထောင် ၊ တစ်သောင်း ၊ တစ်သိန်းပဲ ပုံပုံ အလယ်ပုံကို ဘယ်နှစ်လုံးသွားပေါင်းလိုက်လို့ ပြောလိုက်တဲ့ အရေအတွက်ကိုပဲ မင်း မှတ်ထားရမယ် ။ သုံးပုံဆိုတော့ ( ၃ ) ဆ ၊ ငါးပုံဆိုတော့ ( ၅ ) ဆ ၊ ခုနစ်ပုံဆို တော့ ( ၇ ) ဆ ၊ ပုံချင်သလောက် အပုံများများ ပုံ ၊ အေး ... မင်း ပုံခိုင်းရမှာက မ ဘဲ ။ စုံ မပုံခိုင်းရဘူး ။ မှတ်ထားနော် ။ စုံပုံရင် အလယ်ပုံဆိုတာ ရှိပါဦးမလား ”
“ မရှိပါဘူး ဘဘ ”
“ အေး ... အဲဒါပဲ ၊ မင်း လုပ်တတ်ပြီနော် ။ သဘောပေါက်ပြီပေါ့ ”
“ ဟုတ်ကဲ့ပါ ၊ ပေါက်ပါပြီ ဘဘ ”
“ ကဲ.. ဒါဆို အတော်ကြာတော့ မှိုရှာရာက ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားတွေ ပြန်လာကြတော့မယ် ။ မင်း ဒီဂမ္ဘီရသင်္ချာကို လုပ်ပြလိုက်စမ်း ။ မင်းကို တစ်ယောက် မကျန် အံ့ဩသွားကြလိမ့်မယ် ။ ဒါနဲ့ကွ ဟေ့ .. ဒီလို မဖြစ်သေးဘူးဟ ။ ဟောဒီ ကျောက်ခဲလေး မင်း အိတ်ထဲ ထည့်ထား ။ မင်းကို ဒီလိုမှန်အောင် ဘယ်လို ဟောနိုင်လဲ မေးရင် ဒီ ကျောက်ခဲလေးက ပြောတာလို့ ခပ်တည်တည်နဲ့ပြော ။ ဒါမှ ယုံမှာကွ ။ ဒီကျောက်ခဲ ဘယ်က ရသလဲ မေးရင် ဘဘ ပေးထားတဲ့ မှော်ကျောက်ခဲလို့ ပြော ၊ ဒီကျောက်ခဲလေးဟာ နေ့ခင်းက ဘဘဦးသူတော် ခိုင်းလို့ သမန္တာ တွေ ဘာတွေတောင် ရွတ်ပြတယ် ဘာညာဆိုပြီး ပြီးပေါ့ကွာ ။ ဒါမှ မင်းကို အထင်ကြီးကြမှာ ။ လာစမ်း ၊ ငါကြည့်မယ် ။ ကိုယ်ပူသေးလား ။ အမယ် .. ကိုယ့်လူက ချွေးတွေ ဘာတွေတောင် ပြန်နေပါ လား ။ ဒါ ဂမ္ဘီရသင်္ချာရဲ့ အစွမ်းပဲကွ ။ မင်းအဖျားလည်း ပြေးပြီ ။ ဂမ္ဘီရသင်္ချာပညာသာ ညနေကျရင်ပြတော့ ဟဲ .. ဟဲ .. ဟဲ ”
ဟု ပြောပြီး ဦးသူတော် သူ့ဖိုရုံထဲ ဝင်သွားလေသည် ။
သည်လိုနှင့် ကျွန်ုပ် ညနေ မှိုရှာရာမှ ပြန်ရောက်လာကြသော ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားကြီးများကို အမျိုးမျိုး အဆဆ ဟောပြရာ အားလုံး အံ့ဩသွားကြသည် ။ ကျွန်ုပ်ကလည်း သူတော်ငတေ သင်ပေးထားသည့်အတိုင်း ကျောက်ခဲလေးကို ထုတ်ပြလိုက်သောအခါ ပို၍ အံ့ဩသွားကြပြန်သည် ။
နောက်တော့ တစ်ကျောင်းလုံး ၊ တစ်ရွာလုံးသာမက ကျွန်ုပ်တို့ ဘုန်းကြီးကျောင်းသားများ အလှူအတန်းရှိ၍ တစ်ရွာတစ်ကျေးကို သွားရာ၌ပင် သူတော်ငတေ ၏ ဂမ္ဘီရသင်္ချာကို ဟောပြကြရာ ရွာနီးနား ၊ ရပ်နီးနားမှ ကျောင်းသားများကလည်း ကျွန်ုပ်တို့ ကျောင်းတော်သားများကို အထင်ကြီးကြသည် ။ ကျွန်ုပ်တို့ ပစ္စည်းဆိုလျှင် မဝှက် မခိုးရဲကြ ။ ကျောက်ခဲလေးကို ပြပြီး ခြိမ်းခြောက်ထားကြသည် ။
သည်လိုနှင့် မင်းရွာအလှူပွဲသို့ ရောက်သွားကြရာ မင်းရွာ ကျောင်းရှိ ဦးပဉ္စင်းကြီးတစ်ပါးက ...
“ ဒီကောင်တွေ စုစု စုစုနဲ့ ဘာလုပ်နေကြတာလဲ ”
ဟု မတ်တတ်ရပ်၍ လာကြည့်၏ ။ ကျွန်ုပ်တို့ အစွမ်းပြနေမှုကို မြင်သွားရာ ...
“ မင်းတို့ ၊ မှော်ကျောက်ခဲ မပါဘဲ ငါ ဟောပြမယ် ”
ဟု ပြောပြီး ကျွန်ုပ်တို့ လျှို့ဝှက်ထားသော ဂမ္ဘီရသင်္ချာပညာကို ဖွင့်ချလိုက်သည် ။ ထိုအခါမှ သူတော်ငတေ ၏ ဂမ္ဘီရသင်္ချာမှာ ယခုခေတ် စကားနှင့် ပြောရလျှင် “ အာပလာ ” ဖြစ်သွားလေသည် ။
◾ ဝေယံလင်းခေါင်
📖 ဂမ္ဘီရ မဂ္ဂဇင်း
၂ဝဝဝ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ
koaungnaingoo.blogspot.com
.
No comments:
Post a Comment