Friday, September 24, 2021

အနိမ့်စခန်း မှ ရွှေဘုံနန်း သို့ ( ပထမပိုင်း )


 

❝  အနိမ့်စခန်း မှ ရွှေဘုံနန်း သို့  ❞
           ( ပထမပိုင်း )

ဘုရင်ဖြစ်လာတဲ့ အခါကျတော့ သီပေါမင်းတရားသည် သူပေးထားခဲ့တဲ့ ကတိစကားကို မေ့မသွားပါဘူး ။ ဒါတစ်ခုတော့ သီပေါမင်း တော်တယ်လို့ ဆိုရမည် ။ မင်းသားဘဝနဲ့ ဖြစ်စေ ၊ ဘုရင်ဘဝနဲ့ပဲ ဖြစ်စေ သူ့ သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်တော့မှ မမေ့ဘူး ။ သီပေါမင်းသား ဟာ ထီးနန်း သူ့လက်ထဲမှာ မြဲပြီ သေချာပြီလို့ သိရတာနဲ့ တစ်ပြိုင်နက် တောင်တော်ကျောင်းတိုက် မှာ ရဟန်းဝတ်နေတဲ့ မောင်မောင်တုတ် ကို လူဝတ်ထွက်စေသည် ။ နောက်တော့မင်းညီမင်းသား အဆောင်အယောင် ပေးလိုက်လေသည် ။

နိုင်ငံတော်ရဲ့ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး ဖြစ်လာသည့် စုဖုရားလတ် နဲ့ နို့စို့ဖက်လည်းဖြစ်သည့် မောင်မောင်တုတ် အဖို့ အတိုင်းထက် အလွန် ဖြစ်သွားတော့တာပေါ့ ။ စုဖုရားလတ် ကလည်း မြှောက်စား ၊ ဘုရင်သီပေါ ကလည်း အရေးပေးဆိုတော့ မောင်မောင်တုတ် ကို အပြစ်တင်လို့ မဖြစ်သာဘူးပေါ့ ။ ဘယ်သူပဲဖြစ်ဖြစ် ဖြစ်သင့်တာထက် ပိုပြီး ရလာတော့ အောက်ခြေဆိုတာ လွတ်ကြစမြဲပါပဲ ။

သည်လိုနှင့် ရဟန်းလူထွက် မောင်မောင်တုတ် ကို ရနောင်မြို့ကို စားစေသည် ။ ဘုရင့် လက်သုံးတော်ကိုင် ၊ မြောက်ထားဝယ်ဗိုလ် ၊ ဝဲလှည့်ခေါင်း အဖြစ် ခန့်ထားတော်မူသည် ။

မင်းတုန်းမင်းတရားကြီး လက်ထက်က သေဆုံးသွားခဲ့တဲ့ ဖခင် မြောက်ထားဝယ်ဗိုလ် ဦးမောင်ကလေး ရဲ့ ရာထူးမျိုးပဲ ။ ဒါပေမယ့် မောင်မောင်တုတ် က အဆင့်မြင့်တယ် ။ မဟာ မင်းလှမင်းထင်စည်သူ ဟူသော ရွှေဘွဲ့ ချည်တော်မူသည် ။ ရနောင်မောင်မောင်တုတ် သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စီရွှေဓားကို လွယ်ပြီး ခစားရသည် ။ ထိုစဉ်က ရွှေနန်းတော်အတွင်းမှာ လက်သုံးတော်ကြီး ၊ လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်ပြီး ခစားရသည် ။

ရနောင်မောင်မောင်တုတ် ၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင် ( ၁၂ ) ယောက် ရှိသေးသည် ။ သူတို့သည် မြောက်ဘက် ထားဝယ်ဆောင်တွင် နေထိုင် စောင့်ကြပ်ရသည် ။ ထားဝယ်ဆောင် ဆိုသည်မှာ မှန်နန်းဆောင် နှင့် ကပ်နေသော အဆောင်ကြီးပင် ဖြစ်သည် ။

အဲသည်နေ့က မောင်မောင်တုတ် သည် အနီးအနား ရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်း ထိုင်မသိမ်း ဒူးအထိအရှည်ကို ဝတ်ထားသည် ။ ဘောင်းဘီအနားကွပ် အောက်ခံအပေါ်က လွန်းပုဆိုးကို အောက်ပိုး ကျိုက်ထားသည် ။ ခေါင်းမှာ ရွှေကျင်ခတ်ပဝါ ကိုလည်း ပေါင်းထားသည် ။ သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ် ပေါက်နေလေသည် ။

မောင်မောင်တုတ် လက်အောက်တွင် မြောက်ထားဝယ်အမှုထမ်း ခြောက်ရာ ရှစ်ဆယ့်ငါးယောက် ရှိသည် ။ အမှုထမ်းသားများ၏ ယာဘက် လက်ဖမိုးတွင် ခြင်္သေ့ရုပ် ဆေးနီဖြင့် ထိုးမှတ်ထားသည် ။ ထိုစဉ်က သေနတ်ဝန်ရာထူး ကို ရထားသော ကင်းဝန်မင်းကြီး အား ဥပဒေပြု အမတ်ကြီးအဖြစ် အမှုထမ်းစေလေသည် ။ အဲဒီ သေနတ်ဝန်ရာထူးကိုတော့ မောင်မောင်တုတ် ကို သီပေါဘုရင်က ပေးအပ်သည် ။ ဒါကို ကင်းဝန်မင်းကြီး အဖို့ ကျေနပ်ဟန် မတူဘူး ။ ဒါပေမယ့် ဘာမှ မပြောသာဘူးပေါ့ ။

စုဖုရားလတ် ကလည်း ပြောသေးသည် ။

“ ဘိုးဘိုးလည်း အသက်ကြီးပါပြီ … သေနတ်ဝန်ရာထူး နဲ့ မတော်တော့ပါဘူး ။ ဥပဒေပြု အမတ်ကြီး အဖြစ်နဲ့ပဲ အမှုတော်ထမ်းဖို့ တော်တယ် ”

သည်လို မိဖုရားခေါင်ကြီး ကိုယ်တိုင်က မိန့်တော်မူလေတော့ ကင်းဝန်မင်းကြီး လည်း ဘာ လှုပ်ဝံ့တော့ မတုံး ။ သည်တုန်းက မိဖုရားကြီး ရဲ့ ဓားက သိပ်ထက်နေတယ် မဟုတ်လား ။

ရနောင်မောင်မောင်တုတ် အဖို့ ပိုပြီး တန်ခိုးကြီးစေတဲ့ ဘွဲ့တစ်ခုကို ရလိုက်သေးသည် ။ ဒါကတော့ ဘုရင့်နောင် ကျော်ထင်နော်ရထာ ဘွဲ့ပဲပေါ့ ။ အင်မတန် ကြီးကျယ်တဲ့ ဘွဲ့ ။ မြင့်မြတ်လှတဲ့ ဘွဲ့ကြီးကလား ။ ရာဇဝင်မှာဆိုရင် ဟံသာဝတီ ဆင်ဖြူရှင် တစ်ပါးသာ သည်ဘွဲ့မျိုး ရခဲ့ဖူးသည် ။ သူနဲ့ဆိုရင် နှစ်ယောက်ပေါ့ ။ ဒါကြောင့်လည်း မောင်မောင်တုတ် သိပ်တန်ခိုးကြီးပြီး သိပ်ရမ်းကားတာ ထင်ပါရဲ့ ။ သည်တုန်းက မောင်မောင်တုတ် နဲ့အတူ အချီးအမြှောက်ခံရတဲ့ သူတွေထဲမှာ မောင်ဖေငယ် လည်း ပါလာသည် ။

မောင်မောင်တုတ် နဲ့ မောင်ဖေငယ် တို့ဟာ တစ်ဦးနဲ့ တစ်ဦး အလွန်တရာ ချစ်ခင်ကြ၏ ။ မောင်မောင်တုတ် ဆိုးသမျှကို မောင်ဖေငယ် က ဒိုင်ခံ, ခံရသည် ။ မောင်မောင်တုတ် ကြမ်းသလောက် မောင်ဖေငယ် က နုသည် ။ နှလုံးရည်သမား ။ သီပေါမင်းတရား က မောင်ဖေငယ် ကို တောင်သမန်လယ် ကို စားစေသည် ။ မောင်ဖေငယ် ဆိုတာ တခြားလူ မဟုတ်ဘူး ။ ဘိုးတော်ဘုရား ၏ သားတော်တစ်ပါး ဖြစ်တဲ့ ရွှေကူမင်းသား ၏ မြေး ဖြစ်သည် ။ မင်းသွေးမင်းသက်နဲ့ မကင်းသူ ဖြစ်သည် ။ စီးတော်မြင်းဝန် ၊ ရွှေတိုက်စိုး ၊ တောင်သမန်လယ် ကို စားစေရသူ ဖြစ်လေသည် ။ မောင်မောင်တုတ် နဲ့ ရောင်းရင်းဖက် ဖြစ်သည် ။ တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်သော တောင်သမန်စား သည် ကဗျာအဖွဲ့အနွဲ့တွင် ကျွမ်းကျင်သဖြင့် သီပေါမင်း ၏ စာဆိုတော်တစ်ဦးလည်း ဖြစ်သည် ။ ဘုရင်၏ စာဆိုတော်ပင် မကဘဲ တစ်ခါတစ်ရံတွင် မိမိ၏ ရောင်းရင်းဖြစ်သော မောင်မောင်တုတ် အတွက် အသုံးတော်ခံခဲ့ရသေးသည် ။

ရနောင်မောင်မောင်တုတ် တန်ခိုးကြီးလာချိန်တွင် တောင်သမန်လယ်စား သည် ရနောင်မောင်မောင်တုတ် ကို မှီခိုရတော့သည် ။ မောင်မောင်တုတ် ၏ နောက်လိုက်များနှင့် မောင်မောင်တုတ် ကို အားကိုးလိုသူများ ၊ မောင်မောင်တုတ် နှင့် ကျေးဇူးမကင်းသူများသည် မောင်မောင်တုတ် ကို ပိုပြီး အထင်ကြီးအောင် မြှောက်ပေးကြသည် ။

ပွဲတော်ကျ ။

မင်းညီမင်းသားများ၏ ပွဲတော်ကျများကို တော်ရုံတန်ရုံလူများ မစားရ ။ တကယ့် အရေးပါ အရာရောက်သူများသာ စားရသည် ။ အထူးသဖြင့် အရှင်သခင် အထူးသူကောင်းပြု မြှောက်စားထား သူများသာလျှင် စားရရိုး ထုံးစံ ရှိသည် ။

သီပေါမင်းတရား သုံးဆောင်ပြီးတဲ့ ပွဲတော်ကျများကို ရနောင်မင်းသား နှင့် မောင်ဖေငယ် တို့သာ သုံးဆောင်ခွင့် ရှိသည် ။ သီပေါမင်း ၏ အထူးချစ်ခင် မြှောက်စားထားသော ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်၍လည်း ပွဲတော်ကျကို အမြဲ စားသောက်ကြလေသည် ။ ဒါကြောင့်ပဲ ထင်ပါရဲ့ ။ ဘုရင်မင်းကလေးက မောင်မောင်တုတ် ကို အစစအရာရာတွင် တိုင်ပင်လေ့ ရှိသည် ။ အခါမပြတ် ခစားစေ၏ ။ အတွင်းရေးများကိုလည်း ရနောင်မင်းသား မှ မပါလျှင် မပြီးသကဲ့သို့ တိုင်ပင်လေ့ ရှိသည် ။

ရနောင် ဆိုသည်ကလည်း ရနောင် ပင် ။ ဘုရင်က သည်မျှ အခွင့်အရေးတွေ ပေးလာတော့ သည်ရလာတဲ့ အခွင့်အရေးကို အရယူတတ်သည် ။ သူ့နေရာနှင့် သူ အသုံးချတတ်လာသည် ။ ဘုရင်က နည်းနည်းပါးပါး ခိုင်းလျှင် သူက များများ လုပ်ပေးတတ်၏ ။ ဘုရင်လေးနှင့် ပတ်သက်လာလျှင် ရနောင်မောင်မောင်တုတ် မှာ ပျာပျာသလဲ ရှိလှသည် ။ ကိစ္စကိုလည်း လုပ်ပေးသင့်သည်ထက် ပိုမို လုပ်ကိုင်ပေးတတ်သည် ။

သီပေါဘုရင် နှင့် မောင်မောင်တုတ် တို့၏ ဆက်ဆံရေးကား တောင်ငူခေတ်က တပင်ရွှေထီး ၏ အထိန်းတော်သား ဘုရင့်နောင် နှင့် တူသည်ဟု ပြောကြသည် ။ ဘုရင့်နောင် ၏ အချိုးကို မောင်မောင်တုတ် က ချိုးနေသည်ဟုလည်း စွပ်စွဲသူများက စွပ်စွဲခဲ့ကြသည် ။

တပင်ရွှေထီး ၏ အစ်မ နှင့် ဘုရင့်နောင် တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး ၏ ထီးနန်းကိုပင် ဘုရင့်နောင် က ဆက်ခံသည့်အတိုင်း ယခုလည်း ရနောင်မောင်မောင်တုတ် က ဘုရင့်နောင် လုပ်ချင်သည်ဟု ဆိုသူက ဆိုကြသည် ။

ဟုတ် ၊ မဟုတ်တော့ မည်သူမျှ မသိ ။ ဒါပေမယ့် တိုက်ဆိုင်မှုကလေးတွေကလည်း ရှိနေသေးသည် ။

ဘာလဲဆိုတော့ ၊ သီပေါဘုရင်ကလေး မှာ အစ်မတော် ရှိနေတာကိုး ။ ပြီးတော့လည်း ရနောင်မောင်မောင်တုတ် အား သီပေါမင်းသားဘဝက ကတိတစ်ခု ထားခဲ့ဖူးသည် ။ ရတောင့်ရခဲတဲ့ ကတိစကားပါပဲ ။ ဘယ်လိုလူစားကမှ မရဘူးတဲ့ ကတိစကားပါပဲ ။ “ မောင်မောင်တုတ် ငါ့တစ်သက် မှာ ငါ့လက်နက်နဲ့ မသေစေရ ” ဆိုတဲ့ ကတိပဲ ။ ကဲ … ဘယ်လောက် များ ပိုင်လိုက်တဲ့ ရနောင်မင်းသား လဲ ၊ သူ လုပ်ချင်တာ လုပ်မည် ၊ သူ ဆိုးချင်သလို ဆိုးမည် ။ ဒါကို ဘုရင်မင်းမြတ် က ဘယ်လိုမှ မပြောနိုင် မလုပ်နိုင်အောင် ချည်ပြီး တုပ်ပြီးသား လုပ်လိုက်တဲ့ သဘောပေါ့ ။

အရှေ့ပွဲတက် အခမ်းအနားမှာလည်း မောင်မောင်တုတ် က မင်းသားများ၏ နေရာတွင် နေရသည် ။ မင်း၏ သား, ညီပင် စင်စစ် မဟုတ်ပေမယ့် သီပေါမင်း က ချီးမြှင့် သူကောင်းပြုထားတော့ မင်းသားပဲပေါ့ ။

သည်နေရာမှာ အတုယူဖွယ်ကောင်းဖို့ အချက်တစ်ချက် တွေ့လာရသည် ။ မင်းညီမင်းသား ဆိုတာ ရာဇသွေး ပါမှ ၊ ရှင်ဘုရင် ၏ သားတော်တွေမှ မင်းသားဖြစ်တာ မဟုတ်ဘူး ။ ရှင်ဘုရင် က ချီးမြှင့်ရင်လည်း မင်းသား ဖြစ်ရတာပါပဲ ။ ဒါကလည်း မောင်မောင်တုတ် ၏ ကြိုးစားမှု ၊ ဘုရင်မင်းတရားကြီးရဲ့ အကြိုက်ကို သိတဲ့သူမို့လည်း ဒီရာထူးကို ရတာထင်ပါရဲ့ ။ အရှင်မွေးတော့ နေ့ချင်းကြီး ဆိုတာလိုပေါ့ ။

သီပေါဘုရင် နန်းတက်ပြီးသည့် နောက်တွင် ရနောင်မောင်မောင်တုတ် သည် များစွာ တန်ခိုးကြီးလေသည် ။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ် ၏ ဩဇာညောင်းသည် ။ ဘယ်အထိ ဩဇာအာဏာ အရှိန်အဝါ ကြီးမားသလဲဆိုရင် မောင်မောင်တုတ် လာလျှင် လေးတောင် အကွာအဝေးဆီလောက်က လက်ယှက်ပြီး ဒူးတုပ် ခစားရသည်လို့ ဆိုကြသည် ။

မိဖုရားခေါင်ကြီး စုဖုရားလတ် နှင့် ဆင်ဖြူမရှင် မိဖုရားကြီး တို့ကပါ မောင်မောင်တုတ် မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် တိုင်ပင်လေ့ရှိသည် ။ ဒါကလည်း မောင်မောင်တုတ် ၏ အရှင်မြင့်တော့ ကျွန်တင့် ဆိုသည့် ပုံပြင်လိုပါပဲ ။ မင်းတုန်းမင်းကြီး နာမကျန်း ဖြစ်နေခိုက်တုန်းက ဖြစ်သည် ။ ကင်းဝန်မင်းကြီး ဦးကောင်း နှင့် ဆင်ဖြူမရှင် မိဖုရားကြီးတို့ တိုင်ပင်ပြီး ရှင်ဘုရင်အသစ် ရွေးကြသည် ။ သည်တုန်းက မြေနန်းတော်မှာ ဖြစ်သည် ။

အသစ် တင်မြှောက် မယ့် ရှင်ဘုရင်အတွက် ဆင်ဖြူမရှင် မိဖုရားကြီး နှင့် ဝန်ကြီး လေးပါး တို့ တိုင်ပင်ကြသည် ။ မောင်မောင်တုတ် ကတော့ သူတို့နှင့် မနီးမဝေးမှာ ရှိနေလေရဲ့ ။ ဝန်ကြီး လေးပါးကတော့ ရေနံချောင်းမင်းကြီး ဦးရွှေစိုး ၊ ခန်းပတ်မင်းကြီး ဦးရွှေမောင် ၊ မကွေးမင်းကြီး ဦးလှိုင် ( ယောမင်းကြီး ဦးလှိုင် ) ၊ ကင်းဝန်မင်းကြီး ဦးကောင်း တို့ ပါပဲ ။ ဝန်ကြီး တစ်ပါးဆီမှာ စာရေး တစ်ယောက်စီ ပါရှိသည် ။ အဝေးရောက် မင်း ဦးအောင်ကြီး ဆိုတာလည်း ရှိနေသည် ။

သည်နေ့တုန်းက သူတို့ မင်းသားခြောက်ပါး ရွေးကြသည် ။ သုံးဆယ်မင်းသား ၊ မက္ခရာမင်းသား ၊ သာဂရမင်းသား ၊ ညောင်အုပ်မင်းသား ၊ ညောင်ရမ်းမင်းသား ၊ သီပေါမင်းသား တွေပါပဲ ။ သည် မင်းသားတွေထဲက နောက်ဆုံး စကာတင် တစ်ပါးတည်းပဲ မဲနဲ့ရွေးဖို့ ဆုံးဖြတ် လိုက်ကြသည် ။ သည်တုန်းက ဆင်ဖြူမရှင် မိဖုရားကြီး က ဝန်ကြီးလေးပါးကို စကားတစ်ခွန်း ပြောပြခဲ့သေးသည် ။

“ ခုအခါဟာ အပ်ဖျားပေါ်မှာ မုန်ညင်းစေ့ တင်ထားသလို ဖြစ်နေပြီ ဝန်မင်းတို့ ”

သူတို့ ဘုရင်တင်မြှောက် မယ့် မင်းသား ရွေးပုံကလည်း ကြည့်ပါဦး ။ ဝန်ကြီးလေးပါးနဲ့ ဆင်ဖြူမရှင် မိဖုရားကြီး တို့က သူတို့ သဘောကျသည့် မင်းသားရဲ့ အမည်ကို စက္ကူပေါ်မှာ နာမည် ရေးကြသည် ။ သည် ရေးပြီးတဲ့ စက္ကူတွေကို ဆယ့်နှစ်ရာသီ ရွှေဖလားကြီးထဲမှာ ထည့်ကြသည် ။ အားလုံး စုံပြီဆိုမှ အများရဲ့ရှေ့မှာ တစ်ခုစီ ဖတ်သည် ။

ရေနံချောင်းမင်းကြီး ဦးရွှေစိုး က သုံးဆယ် မင်းသား ကို သဘောတူသည် ။ မကွေးမင်းကြီး ဦးလှိုင် က မက္ခရာ မင်းသားကြီး ကို သဘောတူသည် ။ ခန်းပတ်မင်းကြီး ဦးရွှေမောင် က ညောင်ရမ်း မင်းသား ကို သဘောတူသည် ။

ဆင်ဖြူမရှင် မိဖုရားကြီး နှင့် ကင်းဝန်မင်းကြီး ဦးကောင်း တို့ကတော့ ကြိုတင်ပြီး စည်းဝါး ရိုက်ထားဟန် တူပါရဲ့ ။ ဘာကြောင့်လဲဆို ကင်းဝန်မင်းကြီး နှင့် ဆင်ဖြူမရှင် မိဖုရားကြီး တို့ကတော့ သီပေါမင်း ကို ဆန္ဒပေးလို့ပါပဲ ။ သည်အချိန်မှာ မောင်မောင်တုတ် ကတော့ ဝန်ကြီးတွေ ပြောသမျှကို နားထောင်နေပြီး အလုပ်များချင်ယောင် ဆောင်နေလေရဲ့ ။

သည်တော့ နောက်ဆုံးမှာ မဲအများဆုံး ရသွားသည့် သီပေါမင်းသား ဟာ ရှင်ဘုရင် ဖြစ်သွားတော့တာပေါ့ ။ ဒါကို သိလိုက်တာနဲ့တစ်ပြိုင်နက် မောင်မောင်တုတ် ဟာ သူ့ရဲ့အရှင်သခင် ဖြစ်သည့် သီပေါမင်းသား ရှိရာကို အပြေးသွားတော့တာပဲ ။

သူတို့ရွေးတဲ့ မင်းသားတွေထဲမှာ သီပေါမင်းသား က အငယ်ဆုံးပဲ ။ အသက် ( ၁၉ ) နှစ် ( ၂၀ ) လောက်ပဲ ရှိဦးမယ် ။ ရှင်ကတောင် လူမထွက်ရသေးဘူး ။ လွှတ်တော်အနားမှာ ဆောက်ထားတဲ့ မှန်ကျောင်းမှာ သာမဏေကလေးဘဝနဲ့ ရှိသေးတယ်လို့ ဆိုတယ် ။

သေလုမြောပါး ဖြစ်နေသည့် ဘုရင်မင်းကြီး ၏ သလွန်အနီးအနားမှာ ပလ္လင်ပေါ် တက်ထိုင်ရေးအတွက် စက်ပုန်းခုတ်မှုများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေသည် ။ ဉာဏ်နီဉာဏ်နက် များ တစ်ခုပြီး တစ်ခု ပေါ်ပေါက်နေသည် ။

မင်းတုန်းမင်းကြီးတွင် သားတော်ပေါင်း အမြောက်အမြား ရှိလေသည် ။ သားတော်တိုင်းလိုလိုပင် ကိုယ့်အုပ်စုနဲ့ ကိုယ် ရှိနေကြသည် ။ သားတော်အားလုံးက ဘုရင်ပဲ ဖြစ်ချင်မှာပေါ့ ။ ဘုရင့် သားတော်တွေကိုး ။ ရှင်ဘုရင် ဆိုတာက တိုင်းပြည် တစ်ပြည်လုံးမှာ အာဏာအရှိဆုံးသူမို့ ဘယ်သူကရော ဘုရင် မဖြစ်ချင်ဘဲ နေပါ့မလဲ ။ သားတော်တွေများထဲမှာ အထင်ရှားဆုံး မင်းသားက မက္ခရာမင်းသား နှင့် ညောင်အုပ်မင်းသား တို့ပဲ ဖြစ်ကြသည် ။ သည် သားတော်နှစ်ပါးက အသက်အရွယ်မှာ သီပေါမင်းသားထက် ကြီးသည် ။ ဆက်ဆံရေးကလည်း ကောင်းသည် ။ သူတို့ရဲ့ ကြင်ယာဒေဝီများရဲ့ ဆက်ဆံရေးကလည်း ကောင်းသည် ။ ဒါကြောင့် သည်မင်းသားနှစ်ပါး၏ ဩဇာအရှိန်အဝါသည် ရွှေနန်းတော်တွင်း၌ အတော်ပင် ကြီးမား ခိုင်မာနေသည် ။

သည်မင်းသား နှစ်ပါးကို အကြောင်းပြုပြီး အုပ်စုကြီး နှစ်စု ရှိနေသည် ။ သူတို့နှစ်ဦးကို အသီးသီး ထီးနန်း အပ်လိုကြသည် ။ သည်အထဲမှာ ဘယ်သူ့ကိုမှ ဘုရင် မမြှောက်လိုသည့် ကြားနေအုပ်စုကလည်း ရှိနေသေးသည် ။ သူတို့ကတော့ နန်းတွင်းအခြေအနေ အေးဆေးမှပဲ မင်းသား တစ်ပါးပါးကို နန်းတင်လိုဟန် ရှိနေသည် ။ ထိုအုပ်စုထဲတွင် ဝန်ကြီးတချို့ ပါဝင်သည် ။ သူတို့က အကြောင်းပြကြသည် ။

“ ဘုရင့် သားတော်များဟာ လူလားမမြောက်ကြသေးပေ ။ မည်သူမျှ ထင်ပေါ် ကျော်ကြားမှုလည်း မရှိကြသေး ။ ဘယ်သူမှ ဖခမည်းတော်၏ ထီးနန်း အရိုက်အရာကို ဆက်ခံနိုင်မည့် ပညာအရည်အချင်းမျိုးလည်း မရှိကြသေး ။ ဒါကြောင့် အချိန်ကို စောင့်စားနေခြင်းသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည် ။ ရင်ခွင်ပိုက် အုပ်စိုးသည့် စနစ်မျိုးနဲ့သာ နိုင်ငံကို အုပ်စိုးသင့်သည် ။ နိုင်ငံအုပ်ချုပ်ရေးကို မှူးမတ်များ၏ လက်ထဲတွင်သာ ထားရှိစေပြီး ဘုရင့်သားတော်များ အချိန်တန် အရွယ်ရောက်လာမှ သူတို့အထဲက တစ်ယောက်ယောက်ကို ရွေးကောက်ပြီး ဘုရင်မြှောက်ရလျှင် ပိုပြီး လွယ်ကူပေမည် ။ သင့်မြတ်ပေမည် ”

သည်အုပ်စုတွေ ကွဲကြတဲ့အထဲမှာ နောက်ဆုံးအုပ်စု တစ်စုကလည်း ရှိနေသေးသည် ။ ဆင်ဖြူမရှင် သည် ယခုအခါတွင် မိဖုရားကြီး လေးဦးအနက် နောက်ဆုံးကျန်နေသည့် မိဖုရားခေါင်ကြီး ပင် ဖြစ်သည် ။ သူ့လောက် ဩဇာအရှိန်အဝါကြီးသည့် မိဖုရား တခြား မရှိတော့ပေ ။ ထိုစဉ်ကသာ သူ့မှာ သားတော်မောင် မင်းသားရှိပါက ထိုသားတော်သည် မုချ ဘုရင်ဖြစ်ရမည် မလွဲ ။ မိဖုရားကြီးသည် ထိုသားတော် လက်ကိုင်ဖြင့် တိုင်းနိုင်ငံကို စိုးမိုးအုပ်ချုပ်မည်မှာ သေချာ၏ ။ ရာဇပလ္လင်ထက် ရာဇပလ္လင် နောက်ကွယ်က အာဏာက ပိုပြီး လက်စောင်းထက် မည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည် ။

ဒါပေမယ့် မိဖုရားကြီး မှာ သားယောက်ျား မထွန်းကားဘူး ။ ဒါကြောင့် သူ ကြိုးကိုင်လို့ရမည့် မင်းသား တစ်ပါးပါးကို ဘုရင်မြှောက်ပြီး သမီးတော် သုံးပါး နဲ့ လက်ဆက်ပေးလိုက်ရင် ပြီးတာပဲလို့ ထင်ဟန် ရှိရဲ့ ။ သည်အကြောင်းကြောင့်လည်း မိဖုရားကြီး က သီပေါမင်းသား ကို လျာထားလိုက်ခြင်း ဖြစ်သည် ။ သည်လို သီပေါမင်း ကို နန်းညွန့်နန်းလျာအဖြစ် လျာထားသည့် နေရာမှာ မိဖုရားကြီး အဖို့ အကြောင်းများစွာ ရှိပေလိမ့်မည် ။

သီပေါမင်းသား သည် စိတ်သဘောကောင်းသည် ။ လူအေး ၊ လူရိုး ၊ လူဖြောင့်တစ်ယောက် ဖြစ်၏ ။ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိဟန် မတူ ။ ဒါကြောင့် လွယ်လွယ်ကူကူပင် ကိုင်တွယ်လို့ရမည့်လူမျိုး ဖြစ်၏ ။ အပြိုင် ပေါ်လာခဲ့လျှင်လည်း ရရှိထားသော မိမိ အာဏာကို စွန့်လွှတ်လိုက်ရန် ဝန်လေးသူ မဟုတ် ။ ပညာတတ်မြောက်ထားသူလည်း ဖြစ်သည် ။ သူ၏ မယ်တော် မှာလည်း မဟာသွေး မဟာနွယ် ဖြစ်လေသည် ။ အခြားသော သားတော်များကား များသောအားဖြင့် ရိုးရိုးမိဖုရား ၏ သားတော်များသာ ဖြစ်လေသည် ။ သည်အကြောင်းများက သီပေါမင်းသားအား အမျိုးအနွယ်အရ ဂုဏ်သိက္ခာ မြင့်မားတိုးတက်စေလေသည် ။

မက္ခရာမင်းသား နှင့် ညောင်အုပ်မင်းသား တို့၏ အခြေအနေမှာမူ တစ်မျိုးဖြစ်သည် ။ သူတို့မှာ အပေါင်းအသင်း အဆက်အသွယ် အလွန် များသည် ။ အကယ်၍ သူတို့နှစ်ဦးအနက် တစ်ဦးဦးသာ ဘုရင်ဖြစ်သွားပါက ဘုရင် ဖြစ်သူသည် မိမိအဆက်အသွယ်အပေါင်းအသင်းတို့၏ ဩဇာအာဏာကို နာခံရဖို့ရှိပြီး ဘုရင့်အာဏာ သည် သူတို့တစ်တွေ၏ လက်ထဲ ရောက်သွားဖို့ အလားအလာ များစွာ ရှိနေပေသည် ။

သည်အကြောင်းအမျိုးမျိုးကို ထောက်လျှင် သီပေါမင်းသား သည် ထီးနန်းအရိုက်အရာ ခံရဖို့အတွက် အတော်ဆုံးပုဂ္ဂိုလ် ဖြစ်နေသည် ။ ဆင်ဖြူမရှင် မိဖုရားကြီး ၏ ရည်ရွယ်ချက်အတွက် အထိုက်တန်ဆုံးပုဂ္ဂိုလ် ဖြစ်နေလေသည် ။

သည်လိုနှင့် တစ်ထောင့်နှစ်ရာ လေးဆယ်ခုနှစ် ၊ တော်သလင်း လပြည့်ကျော် ကိုးရက် နေ့တွင် သီပေါမင်းသား ကို အိမ်ရှေ့ဥပရာဇာအဖြစ် အပ်နှင်းလိုက်လေတော့သည် ။ သည်လို သီပေါမင်းသားကို အိမ်ရှေ့အရာ အပ်နှင်းလိုက်တော့ တခြားမင်းသားတွေက ခံနိုင်ရိုးလား ။ ဘယ် ခံမှာတဲ့တုံး ။ ဆွေ့ဆွေ့ခုန် နေကြတာပေါ့ ။ သည်အထဲမှာ သားတော်ကြီးများ ဖြစ်သည့် ညောင်ရမ်းမင်းသား ၊ ညောင်အုပ်မင်းသား တို့က မခံချင် အဖြစ်ဆုံးပဲ ။ တော်လှန်ပုန်ကန်ဖို့ အထိတောင် ကြံရွယ်တယ်လို့ သိရသည် ။

သည်နေရာမှာ ဆင်ဖြူမရှင် မိဖုရားကြီး ဟာ အတော်လေး ဉာဏ်သွားတယ်လို့ ဆိုရမယ် ။ ဘာကြောင့်လဲဆို ကင်းဝန်မင်းကြီး အမှူးရှိသည့် အရေးပါသည့် မှူးကြီးမတ်ကြီးများကို အတင်း တိုက်တွန်းပြီး သူ၏ အကြံအစည်ကို နာခံစေလို့ပါပဲ ။ တစ်နန်းတော်လုံး ဓားထက်လှသည့် မိဖုရားခေါင်ကြီး ၏ အမိန့်ကြောင့် ဝန်ကြီး ၊ မှူးမတ်များတို့သည် ဘာမှ ပြန်လည် မလျှောက်တင်ရဲ ကြဘူးပေါ့ ။ ခေါင်းညိတ်ခဲ့ရသည်ပေါ့ ။

သို့ဖြစ်၍လည်း မင်းတုန်းမင်းကြီး နတ်ရွာမစံမီ နှစ်ရက် အလိုလောက် မှာ သူတို့က သီပေါမင်းသား ကို နန်းတင်လိုက်ကြလေသည် ။ သည်လို အတွင်းတော်မှာ ကျိတ်ကျိတ် ကျိတ်ကျိတ် ဖြစ်နေသည့် ဖြစ်ရပ်များကို ဘုရင်မင်းတရားကြီး ကြားမှ ကြားသွားပါရဲ့လား ။ သိမှ သိသွားပါရဲ့လား ဆိုတာ ဘယ်သူကမှ မသိခဲ့ကြဘူး ။ ဒါနှင့်ပဲ မကြာပါဘူး ။ အတွင်းတော်က အမိန့်တစ်ခု ထုတ်ပြန်လာသည် ။ “ သားတော် ၊ သမီးတော်များ ငါ၏ ရှေ့တော်မှောက် အမြန် ခစားစေရမည် ” ဆိုသည့် အမိန့်ပါပဲ ။ ဖခမည်းတော် အမိန့်ဆိုတော့ ဘယ်မင်းသားမှ မနေသာတော့ဘူးပေါ့ ။ မင်းသား လေးဆယ် ကျော်တို့မှာ သံတော်ဆင့်များ၏ ခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ကြ၏ ။ မှန်နန်းဆောင်ကြီး တစ်ခုလုံးက တိတ်ဆိတ်နေသည် ။

မနက် နေဝန်းတက်ချိန်လောက်ကပင် သားတော်ကြီးများသည် တစ်ဦးပြီး တစ်ဦး မှန်နန်းဆောင်တော်ကြီးသို့ ဦးခိုက် ရောက်လာကြသည် ။ သည်တွင် အနောက်ဝန် နှင့် မာရဘင်ဗိုလ် ၊ တောင်ထားဝယ်ဗိုလ် ခေါင်းဆောင်သည့် ရဲမ က် တော် တစ်ရာကျော် တို့က မှန်နန်းဆောင်ကို ဝိုင်းထားလေသည် ။

တခြားမှူးမတ်များ နှင့် အတွင်းဝန်များကိုလည်း အမြန် ဆင့်ခေါ်လိုက်သည် ။ ရောက်လာတဲ့ သူတွေကတော့ ပျားပန်းခပ်ပါပဲ ။ ရွှေနန်းတော် အတွင်းမှာရှိသည့် သားတော်အားလုံးနဲ့ သမီးတော်များသည် ဖခမည်းတော် ဘုရင်ကြီးအား နောက်ဆုံးပိတ် ဖူးမြော်ကန်တော့ရန် လာရောက်ကြသည် ။ ဘုရင်မင်းကြီး ၏ အိပ်ဆောင်တော် အပြင်ဘက် ခန်းမကြီးထဲမှာ သားတော် ၊ သမီးတော်များနှင့် ပြည့်ကျပ်နေသည် ။ ငိုကြွေးသူများလည်း ရှိနေ၏ ။ အချင်းချင်း တီးတိုး တိုင်ပင်နေကြသူများလည်း ရှိ၏ ။ ရှေ့ဖြစ်လာမယ့် အနာဂတ်ခရီးကို ငံ့လင့်နေကြသည် ။

ဘုရင်လော ၊ ရာဇဝတ်ကောင်လော ၊ မသာလောင်းလော မည်သူကမျှ မသိရပေ ။ သူတို့ ရင်တမမ ၊ အသည်းတထိတ်ထိတ် နှင့် စောင့်နေစဉ်မှာပင် လက်နက်ကိုင် အစောင့်များ ရောက်လာကြသည် ။ နဂိုက လန့်နေသည့်အထဲ လက်နက်ကိုင် အစောင့်များ ရောက်လာတော့ အော်သူ အော် ၊ ဟစ်သူ ဟစ် ၊ ငိုသူ ငိုကြ၏ ။ ဘုရင့်သားတော် ၊ သမီးတော်ကြီးများကို ဖမ်းဆီးပွဲပင် ဖြစ်သည် ။ စစ်သည် ရဲမ က် များသည် သားတော်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြ၏ ။ ကြမ္မာငင်သည့် ထိုနေ့က ရွှေနန်းတော်အတွင်း၌ ရှိသည့် မင်းတုန်းမင်းကြီး ၏ သားတော် ၊ သမီးတော် အားလုံးလိုလို ဖမ်းဆီးခံကြရသည် ။

သည်နေရာမှာ ပါးတဲ့ နပ်တဲ့ မင်းသားနှစ်ပါးက အဖမ်းမခံရဘူး ။ လွတ်သွားလေရဲ့ ။ ဘယ်ခေတ်ပဲ ဖြစ်ဖြစ် လျင်တဲ့သူ ၊ အရာရာကို ကွက်ကျော် မြင်တတ်တဲ့သူတွေကသာ သက်သာရာ ရစမြဲပါပဲ ။ သည်မင်းသား နှစ်ပါးကလည်း သည်လိုပဲ ဖြစ်မှာပေါ့ ။ သီပေါမင်းသား ကို အိမ်ရှေ့ ဥပရာဇာ အဖြစ် အပ်နှင်းတယ် ကြားကတည်းက အထူး မခံမရပ်နိုင် ဖြစ်ကြသည့် မင်းသားနှစ်ပါး ပါပဲ ။

သူတို့ကတော့ ညောင်ရမ်းမင်းသား နဲ့ ညောင်အုပ်မင်းသား နှစ်ပါး ဖြစ်သည် ။ မြောက်ရွှေရေး တံတိုင်းရှည် မိဖုရားကြီး ၏ သားတော်များ ဖြစ်သည် ။ အတွင်းတော်က အမိန့်တော်ကို မယုံသင်္ကာ ဖြစ်လို့ မသွားဘဲ နေသဖြင့် အဖမ်းမခံရတာပဲ ။ ဘုရင်နားမှာ ခစားနေကြသူတွေဟာ သတိထားဖို့ ကောင်း၏ ။ ခေါ်တိုင်းလည်း မသွားနဲ့ ၊ ကျွေးတိုင်းလည်း မစားဘဲ နေတတ်သူတွေလို့ ဆိုရမှာပဲ ။ အနေကောင်းသူတွေပေါ့ ။

တကယ်ဆိုတော့ ညောင်ရမ်းမင်းသား နှင့် ညောင်အုပ်မင်းသား တို့သည် ဖခမည်းတော် ဝေဒနာ လုံးဝ မသက်သာဘဲ ရှိနေစဉ် သားတော်များ အခစားဝင်ရမည်လို့ အမိန့်တော် ရှိတာကို မသင်္ကာဘူး ။ ဒါကြောင့် အိမ်တော်မှ ချက်ချင်းပဲ ရှောင်သွားကြသည် ။ သူတို့ တိမ်းရှောင် သွားကြတာကလည်း ကြည့်ပါဦး ၊ တကယ် ယဉ်တယ် ၊ တကယ် လျင်တယ်လို့ ဆိုရမလားပဲ ။

သူတို့ ဆင်မြန်းထားတဲ့ မင်းသား အဆောင်အယောင်တွေကို ချွတ်လိုက်သည် ။ သည့်နောက် အသင့်ဆောင်ထားတာဖြစ်သည့် မျက်နှာဖြူ အဝတ်အစားကို ဝတ်လိုက်သည် ။ လူယုံတော် လေးငါးဦးနဲ့ အာဠဝီတံခါး လို့ ခေါ်တဲ့ ကြေးမုံတံခါးက ထွက်သွားကြတာ ဖြစ်သည် ။ သည်အကြောင်းကို ရိပ်မိထားသည့် ကင်းဝန်မင်းကြီး က မင်းသားနှစ်ပါး ကို အမိအရ ဖမ်းစေသည် ။ ဒါပေမယ့် သူတို့က လျင်တော့ မြို့ပြင်ကို ရောက်သွားပြီပေါ့ ။ အချိန်မီပင် လွတ်မြောက်သွားခြင်း ဖြစ်သည် ။
သူတို့ သွားရောက်ခိုလှုံတဲ့ အရပ်ကတော့ အရေးပိုင် မစ္စတာရှော ၏ သံတဲဝင်းပဲ ဖြစ်သည် ။ နိုင်ငံရေး ခိုလှုံတာပဲပေါ့ ။ အရေးပိုင် မစ္စတာရှော သည် သံအမတ်ကြီးလည်း ဖြစ်၏ ။ သူ့ဆီ လာရောက်ခိုလှုံတဲ့ မင်းသားနှစ်ပါးကို ကောင်းမွန်စွာပဲ လက်ခံလိုက်သည် ။ ပြီးတော့ အဲသည် အချိန်က အင်္ဂလိပ်အစိုးရပိုင်ဖြစ်တဲ့ ရန်ကုန်မြို့ကို ခိုးထုတ်ဖို့ ကြံစည်နေသည် ။

သည်မင်းသားနှစ်ပါး ထွက်ပြေးကြောင်းကို ရွှေလှံဝန်မင်း နဲ့ ကင်းဝန်မင်းကြီး တို့က ကြားသိသော် လိုက်ဖမ်းသေးသည် ။ ဒါပေမယ့် မစ္စတာရှော ရဲ့ သံတဲဝင်းထဲမှာ ရောက်နေပြီမို့ ဘာမှ မတတ်နိုင်တော့ဘူး ။ အကြံပိုင်တဲ့ မင်းသားနှစ်ပါးလို့ ဆိုရမှာပဲ ။ အားလုံး ဖမ်းဆီးရမိတဲ့ သားတော် ၊ သမီးတော်များကို ကြေးတိုက် အကျဉ်းထောင်ကို ချက်ချင်းပဲ ပို့လိုက်သည် ။

သည် ကြေးတိုက်အကျဉ်းထောင် ဆိုတာက မင်းညီမင်းသား နှင့် နန်းတွင်းမှ ရာဇဝတ် သင့်သူများအတွက် သီးသန့်ဆောက်ထားသည့် အဆောက်အအုံတစ်ခု ဖြစ်သည် ။
လူတစ်ဖက်စာမျှ ရှိသည့် ကျွန်းတိုင်ရှည်ကြီးများကို ထိပ်မှ အချွန်ပြုထားသည် ။ တစ်ခုနှင့် တစ်ခု ကပ်နိုင်သမျှ ကပ်ထားပြီး မြေမှာ စိုက်ထောင်ထားသည် ။ သစ်တပ်မြို့ရိုး သဘောပဲ ။ သည်အတွင်းဘက် မှာမှ အုတ်ကို အင်္ဂတေကိုင်ပြီး ကာထား၏ ။ ခင်းထား၏ ။ လည်ပေါ်စကြော နှစ်ထပ်အမိုးဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံကြီးသည် ရွှေနန်းတော်တွင်းက အကျဉ်းခံထားရတဲ့သူတွေရဲ့နေရာ ဖြစ်သည် ။ အဲသည် အုတ်ခံ အုတ်ကာထားတဲ့ ကြေးတိုက် အဆောက်အအုံကြီးထဲမှာ မင်းသား ၊ မင်းသမီးတွေနဲ့ ပြွတ်သိပ်ခဲနေတော့သည် ။ ကိုယ့်အုပ်စုနဲ့ ကိုယ် တီးတိုးတီးတိုး ပြောသံဆိုသံတွေဟာ ထွက်ပေါ်နေသည် ။ လိုဏ်ဂူသဖွယ် ဖြစ်နေတဲ့ သည် ကြေးတိုက်အဆောက်အအုံကြီးမှာ ပဲ့တင်သံတွေ ထပ်နေလေရဲ့ ။

တချို့ ထက် မြက်တဲ့ မင်းသားကြီးတွေကတော့ ရာဇဣန္ဒြေ မပျက်ဘဲ ရှိနေသည် ။ ခုလို အဖမ်းခံထားရတာထက် မြန်မြန်ထက်ထက် သေရသည်က မြတ်သေးတယ်လို့ ထင်နေဟန် ရှိလေသည် ။ တချို့ မင်းသားတွေကတော့ သီပေါမင်းသား ကို ဆဲဆိုနေကြသည် ။ တချို့ ငယ်ရွယ်သေးတဲ့ မင်းသားတွေကတော့ သီပေါမင်းသား ရဲ့ မယ်တော် လောင်းရှည် မိဖုရားကြီးရဲ့ ငယ်ကျိုးငယ်နာ များကို အော်ဟစ်နေကြလေသည် ။

သည်လို ဆူပူနေတဲ့အချိန်နဲ့ တစ်ပြိုင်တည်းမှာပဲ ဘမရာသန မှန်နန်းအဆောင်တော်မှာ ဆင်ဖြူမရှင် မိဖုရားကြီးနဲ့ ဝန်ကြီးလေးပါးတို့ဟာ ခေါင်းချင်းရိုက် နေကြသည် ။ ကင်းဝန်မင်းကြီး ၊ ခန်းပတ်မင်းကြီး ၊ တိုင်တားမင်းကြီး ၊ ရွှေပြည်မင်းကြီး တို့ပဲ ဖြစ်သည် ။ သည်အချိန်မှာ အရှင်သခင် မရှိသေးတဲ့ ဘမရာသန ပလ္လင်တော်ကြီးမှာ မလှုပ်မယှက် ရှိနေသည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment