Thursday, September 23, 2021

သူတော်ငတေ ၏ ခါချဉ်ကောင် နှင်နည်း


 

❝ သူတော်ငတေ ၏ ခါချဉ်ကောင် နှင်နည်း ❞

ကျွန်ုပ်တို့၏ ကျောင်းတပ်စည်းရိုးနား ရေခပ်လမ်းဘေးတွင် သရက်ချိုပင် တစ်ပင် ရှိသည် ။ အသီးသေးသော်လည်း အလွန် အချိုလေသည် ။ တခြား သရက်ပင်တွေထက် ဦးစွာလည်း မှည့်တတ်သည် ။ သို့သော် ထိုသရက်ပင်က သရက်သီးကို မည်သူမှ ခူးဆွတ်ရန် သရက်ပင်ပေါ် မတက်ရဲကြ ။ အကြောင်းမှာ ထိုသရက်ပင်တွင် ခါချဉ်ထုပ်ကြီးတွေ နှင့် ခါချဉ်ကောင်တွေက အလွန် ပေါသဖြင့် ဖြစ်သည် ။

စောစော မှည့်တတ်သည့်အပြင် အချိုလည်း လေးသဖြင့် အစကမူ တချို့ကျောင်းသားတွေက ခါးတောင်းကို မြှောင်နေအောင်ကျိုက်ပြီး တစ်ကိုယ်လုံးကို ပြာလူးပြာသုတ်ကာ သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးကြသည် ။ သို့သော် ခါချဉ်ကောင်တွေ အလွန် ကိုက်သဖြင့် နောက်တော့ မည်သူမျှ တက် မခူးနိုင်ကြတော့ပေ ။

ထို့ကြောင့်လည်း တစ်နေ့တွင် ကျွန်ုပ်တို့ ကျောင်းသားများက သရက်သီးကို ခဲတုတ်တို့ဖြင့်သာ တစ်ယောက်တစ်လက် ပစ်ခတ်၍ စားကြရသည် ။ ထိုသို့ တစ်ယောက်တစ်လက် ပစ်ခတ်နေကြစဉ် တစ်နေ့သ၌ ...

“ဟဲ ... ဟိုကောင်တွေ ၊ အမယ်လေးလေး ၊ ငါ့ခေါင်းကို ခဲကျလို့ ကွဲတော့မှာပဲ ။ ဘယ်ကောင်တွေလဲကွ ၊ သရက်သီးကို ခဲပစ်နေကြတာ "

ဟု အော်လိုက်သံကြားရသဖြင့် လှည့်ကြည့်လိုက်ကြရာ သူတော်ငတေ ဖြစ်နေသည်ကို တွေ့ကြရသည် ။

ဘယ်တောထဲက ဆေးမြစ်ရှာ ပြန်လာသည် မသိ ။ ဆေးမြစ်တစ်ထွေးကို ကိုင်ပြီး သူတော်ငတေ သရက်ပင်နားက ဖြတ်လာသည်ကို တွေ့ကြရသည် ။

“ ဟေ့ကောင်တွေ ၊ လမ်းက ရေခပ်သွားတဲ့လူတွေကို ခဲထိတော့မှာပဲ ။ ဘာလို့ သရက်ပင်ကို ခဲနဲ့ ဝိုင်းပစ်နေကြတာလဲ ”

သူတော်ငတေ က မေးသည် ။

“ သရက်သီး စားချင်ကြလို့ပါ ဘဘ "

“ ဟ ၊ သရက်သီးစားချင်ရင် သရက်ပင်ပေါ် တက်ခူးစားကြပေါ့ကွ ။ ခုတော့ ခဲတွေတုတ်တွေနဲ့ တစ်ယောက်တစ်လက် ဝိုင်းပစ်နေကြတာ ခဲမိုးရွာသလားတောင် ထင်ရတယ် ”

“ သရက်ပင်ပေါ် တက်လို့ မရဘူး ဘဘ ”

“ ဟင် ... ဘာဖြစ်လို့ ”

“ သရက်ပင်ပေါ်မှာ ခါချဉ်ကောင်တွေ အားကြီးပဲ ဘဘရယ် ။ အပေါ်မှာရော ၊ ပင်စည်မှာပါ ပြည့်နေတာ ။ တက်တာနဲ့ ဝိုင်းကိုက်ကြတာပဲ ။ ဟိုတစ်နေ့ကတောင် စံလှိုင့် တစ်ကိုယ်လုံး ပြာလူးပြီး တက်တာ ခါချဉ်တွေကိုက်လွန်းလို့ သရက်ပင်ပေါ်ကတောင် လိမ့်ကျတယ် ”

“ သေရော့လား ၊ သေသံလည်း ငါ မကြားမိပါလား ”

“ သေတော့ မသေဘူး ဘဘ ။ တစ်ကိုယ်လုံးတော့ အဖုအပိမ့်တွေ ခုထိတောင် မပျောက်သေးဘူး ”

“ ဒီခါချဉ်ကောင်တွေ တခြား ပြောင်းသွားကြအောင် မင်းတို့ မလုပ်တတ်ကြဘူးလား ”

“မလုပ်တတ်ကြပါဘူး ဘဘ ၊ စွမ်းနိုင်ရင် ဘဘ လုပ်ပေးစမ်းပါ ။ ဒီအပင်က စောစောမှည့်တတ်တယ် ။ အချိုလည်း သိပ်လေးတာ ”

သူတော်ငတေ က သရက်ပင်ပေါ် တစ်ချက် မော့ကြည့်သည် ။ သရက်ပင်ပေါ်တွင် ထွေးခံလုံး ၊ အုန်းသီးလုံးလောက်ရှိသော ခါချဉ်ထုပ်တွေက တစ်ဆယ့်ကိုးထုပ် ရှိနေသည် ။ ခါချဉ်ကောင်များမှာ ဥတုသုံးပါးစလုံး၌ ဤသရက်ပင်ပေါ်မှာပင် အိမ်တည်နေကြသည် ။

“ အေး ၊ ငါလုပ်ပေးမယ် ။ မင်းတို့ ပြောင်းပင်တစ်ပင် ဘယ်မှာရနိုင်ကြမလဲ ”

“ ပြောင်းပင်က ယာထဲကိုင်းထဲ ပေါပါတယ် ”

“ အေး ၊ ဒါဆို သွားနုတ်ကြ ။ ပြောင်းပင်ကို မကျိုး မကြေစေနဲ့ ။ ပင်ပျိုဆို ပိုကောင်းတယ် ”

“ ဟုတ်... ဟုတ်ကဲ့ပါ ဘဘ ”

“ အမြစ်ပါ ... ပါပါစေ ”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ကျွန်တော် ခုချက်ချင်း သွားနုတ်လာပါ့မယ် ဘဘ ”

ထွန်းကျော် က ဝမ်းသာအားရ ပြောပြီး ကျောင်းအနောက်ဘက်က ဦးဘအောင် တို့ ယာခင်းထဲ ပြေးထွက်သွားသည် ။

သူတော်ငတေ က သူ့ကျောင်းအောက်ရှိ ဖိုရုံထဲ ဝင်သွား၏ ။

မကြာမီမှာပင် ထွန်းကျော် ပြောင်းဖူးပင်တစ်ပင်ကို ကိုင်၍ ပြန်ပြေးလာသည် ။

အောင်မြ က ပြောင်းဖူးပင် ရလာပြီဖြစ်ကြောင်း သူတော်ငတေ ကို သွားပြောသည် ။ ကျွန်ုပ်တို့ ကျောင်းသားများက သူတော်ငတေ မည်သို့မည်ပုံ အစီအမံလုပ်မည်ကို စောင့်ကြည့်နေကြသည် ။

သူတော်ငတေ နှင့် အောင်မြ တို့ ကျောင်းအောက် မှ အတူထွက်လာကြ၏ ။

ထွန်းကျော် က သူတော်ငတေလက်ထဲ ပြောင်းဖူးပင်ကို သွားပေး၏ ။

သူတော်ငတေ က ထွန်းကျော် ပေးသော ပြောင်းဖူးပင်ကို သေသေချာချာ ကြည့်သည် ။

“ သောက်သုံးမကျတဲ့ကောင် ”

ဟု ပြောပြီး ပြောင်းဖူးပင်ကို လွှင့်ပစ်လိုက်၏ ။ ဘာကြောင့်မှန်း မသိသဖြင့် ကျောင်းသားအားလုံးက သူတော်င‌တေ ၏ မျက်နှာကို ကြည့်နေကြသည် ။

ခဏကြာတော့မှ သူ့လက်ရင်း အန္တဝါသိက ဒေါင်းသိန်း က...

“ ထွန်းကျော် နုတ်လာတာ ပြောင်းဖူးပင်ပဲ ၊ ဘာဖြစ်လို့လဲ ဘဘ ”

ဟု မဝံ့မရဲ မေးလိုက်သည် ။

“ ဟဲ့ ဒါ ပြောင်းပင်မှ မဟုတ်တာ ”

“ ဟုတ်ပါတယ် ဘဘ ၊ တစ်ခင်းလုံး ပြောင်းချည်း စိုက်ထားတာပါ ”

“ ခွေးကောင် ၊ နင်လည်း အလကားပဲ ။ ပြောင်းပင်ဆို ဘာလို့ အဖူး ပါလာတာလဲ ။ ဒါ ပြောင်းပင် မဟုတ်ဘူးကွ ။ မသေမချင်း မှတ်ထား ။ အဲဒါ ပြောင်းဖူးပင်ဟ ”

သူတော်ငတေ ၏ စကားကြောင့် ကျောင်းသားတွေမှာ ကြောက်သွားကြသည် ။

“ ဟာ ၊ ဟုတ်သားပဲ ဘဘ ၊ ကျွန်တော် သဘောပေါက်ပါပြီ ။ ကျွန်တော် သွားပြေးနုတ်လိုက်ပါ့မယ် ”

ဟု ပြောပြီး ဒေါင်းသိန်း ပြေးထွက်သွားသည် ။

“ ထွန်းကျော် ”

သူတော်ငတေ က ထွန်းကျော် မျက်နှာကို စေ့စေ့ကြည့်၍ ခေါ်လိုက်၏ ။

ထွန်းကျော် မှာ ကြောက်၍ ကြောင်ပြီး သူတော်ငတေ ၏ မျက်နှာကိုသာ မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ငေးကြည့်နေ၏ ။ နှုတ်မဟရဲ ။

“ နင့်ကို ငါဘယ်လို မှာလိုက်လဲ ”

“ ပြောင်းပင် အမြစ်ပါစေလို့ မှာလိုက်ပါတယ် ဘဘ ”

“ ဒါပဲလား ”

“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါ ”

“ နင့်အမေကလွှားပဲ ။ ငါက နင့်ကို ပင်ပျိုဆို ပိုကောင်းတယ်လို့ မှာလိုက်တယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ မှာလိုက်ပါတယ် ဘဘ "

“ဒါဆို ဒီအပင်က ပင်ပျိုလား ။ ဒီမှာ အဖူးလေးပါလာတာ နင့် မျက်စိက မမြင်ဘူးလား ။ အဖူးပါနေမှတော့ ပင်ပျို ဖြစ်နိုင်ပါဦးမလား ။ ပြောင်းအိုပင်ပဲ ဖြစ်တော့မပေါ့ ။ ပြောင်းဖူးပင် ကို သရက်ပင်အောက် သွားစိုက်ရင် ပိုဆိုးတော့မပေါ့ ။ ငတုံးကောင်ရဲ့”

သူတော်ငတေ က ထိုသို့ပြောပြီး သရက်ပင် အောက်ကို ပတ်ကာ နှုတ်ခမ်း လှုပ်စိလှုပ်စိနှင့် ဘာတွေ ရွတ်ဖတ်သရဇ္ဈာယ် နေသည် မသိ ။ ကျွန်ုပ်တို့ကမူ သူတော်ငတေ မန်းမှုတ်နေပြီဟု ထင်နေကြသည် ။

ခဏအကြာမှာ ဒေါင်းသိန်း ပြောင်းပင်တစ်ပင်နှင့် ရောက်လာသည် ။ ဒေါင်းသိန်း လက်ထဲ ပါလာသော ပြောင်းဖူးပင်မှာ ပင်ပျိုဖြစ်သဖြင့် လူကြီးခါးစောင်းလောက်သာ မြင့်သေးသည် ။ သူတော်ငတေ ၏ အထာကို သိ၍ အဖူးအပွင့်လည်း လုံးဝ မပါ ။ ထွန်းကျော် သွားနုတ်ကတည်းကပင် အမြစ်ပါရမည်ဟု သူတော်ငတေ မှာလိုက်သလို အမြစ်လည်း ပါလာသည် ။

“ တူးရွင်းတစ်လက် သွားယူလိုက်ကြစမ်း ”

အောင်မြ က သူတော်ငတေ ၏ စကားအဆုံးမှာ ကျောင်းပေါ် ပြေးတက်သွားပြီး ဦးပဉ္စင်းကြီး ငှက်ပျောပင် စိုက်နေကျ တူရွင်းပြားကို ထမ်းချလာသည် ။ တူရွင်းပြားသွားယူရင်း အောင်မြ ပြောထားခဲ့သည်ထင်၏ ။

ကိုရင်နှစ်ပါး နှင့် ဦးပဉ္စင်းကြီး တို့ကလည်း ကျောင်းသားတွေ ဝိုင်းနေသော သရက်ပင် အောက်ကို ကျောင်းပေါ်က လှမ်းကြည့်နေကြသည် ။

အောင်မြ လက်ထဲက တူးရွင်းပြားကို မြင်တွေ့သောအခါ သူတော်ငတေ က ဒေါင်းသိန်း နုတ်လာပေးထားသော ပြောင်းဖူးပင်ကို ကိုင်ကာ သရက်ပင်ရင်းသို့ လျှောက်သွားသည် ။ သရက်ပင်ရင်းမှ တစ်ခါ ခြေဖဝါးချင်းဆက်ပြီး စက္ခုနြေချကာ သရက်ပင်ရင်းမှ တစ်လှမ်းချင်း လျှောက် လာသည် ။ ခြေလှမ်း လေးငါးလှမ်းမှာ ရပ်တန့်လိုက်သည် ။

“ ဒီနေရာမှာ ဒီပြောင်းပင်ကို စိုက် မယ် ။ ဒေါင်းသိန်း ကျင်းတူးစမ်း ”

သူ့ခြေဖဝါးဦး မြေပြင်တစ်နေရာကို ခြေထောက်နှင့် ထိုးပြ၍ ပြော၏ ။

ဖေသန်း ကိုလည်း ခေါ်သည် ။ ဖေသန်း နား နားကိုကပ်၍ သူတော်ငတေ ဘာပြောလိုက်သည် မသိ ။ တီးတိုး ပြောနေသည် ။ ဖေသန်းကတော့ ခေါင်းတညိတ်ညိတ်နှင့် ။

ထိုအချိန်တွင် ပြောင်းဖူးပင်စိုက်ရန် ကျင်းတူးနေသော ဒေါင်းသိန်း မှာလည်း ပြောင်းဖူးပင် စိုက်နိုင်လောက်သော ကျင်းအကျယ် အနက်ကို တူးပြီးနေပြီဖြစ်သည် ။

“ ဒီမှာ ၊ ဒီမှာဟေ့ .. အမောင်တို့ အားလုံး ကြားကြ သိကြစေ ။ ဒီပြောင်းပင်ကို ဘဘ ဒီမှာ စိုက် မယ် ။ စိုက်ပြီးလို့ ဘဘ က ဒီအပင် ဘာပင်လဲမေးရင် ဖေသန်း ဖြေတာကို နားထောင်ထားကြ ။ ငါ ဘယ်အခါ ဘယ်အချိန် မေးမေး ဒီအပင် ဘာပင်လဲ မေးရင် ဖေသန်း ပြောသလိုပဲ အားလုံး ဖြေတတ်ကြရမယ် ကြားလား ”

“ ကြားပါတယ် ဘဘ ”

“ အေး ... ကောင်းပြီ ၊ ရေအိုးလေးတစ်လုံးနဲ့ ရေတစ်အိုးလောက် သွားယူစမ်း ”

သူတော်ငတေ ၏ စကားအဆုံးမှာ စောလှိုင်က ဘုန်းကြီး ရေချိုးရုံထဲ ဝင်သွားပြီး ရေအိုးလေးတစ်လုံးကို မယူလာသည် ။

သူတော်ငတေ က သရက်ပင်အောက်တွင် ဒေါင်းသိန်း တူးထားသော ကျင်းထဲ ပြောင်းဖူးပင်အမြစ်ကို ထည့်၍ စိုက်၏ ။ မြေစာတွေကိုလည်း သူကိုယ်တိုင် လက်နှင့် ယက်ဖုံးသည် ။ ပြီးတော့ ပြောင်းဖူးပင်ပေါ် လက်နှစ်ဖက် မိုးပြီး ...

“ ကဲ ၊ ဟိုအကောင် ဘာငေး နေတာလဲ ၊ ရေလာလောင်းပေးစမ်း ”

ဟု ရေအိုးမ,၍ စောင့်ကြည့်နေသော စောလှိုင် ကို ခေါ်ပြီးပြောင်းဖူးပင်ပေါ် လက်ဆေးချသည် ။

သူ့လက်ထဲက မြေစာခဲ ရွှံ့တွေ စင်သွားသောအခါ ဖေသန်း ဆီ တစ်ချက် မျက်စောင်းထိုးကြည့်သည် ။

“ ဖေသန်း ”

“ ဘဘ ”

“ ဒီအပင် ဘာပင်လဲဟေ့ ”

“ ပြောင်းပင်ပါ ဘဘ ”

“ ဟုတ်ရဲ့လား ”

“ ဟုတ်ပါတယ် ဘဘ ၊ ပြောင်းပင် အစစ်ပါ ”

“ အမောင် ကျောင်းတော်သားတို့ ၊ ဒီအပင် ဘာပင်ပါလိမ့် ”

“ ပြောင်းပင်ပါ ဘဘ ”

အားလုံး ကျောင်းသားတွေက သံပြိုင်လိုက်ကြသည် ။

သူတော်ငတေ က ကျောင်းသားအားလုံးကို သုံးကြိမ်သုံးခါ မေးပြီးရင်း မေးသည် ။ ကျောင်းသားများကလည်း ဖေသန်း ဖြေထားသည်ကို နမူနာ ယူ၍ “ ပြောင်းပင် ” ဟုပင် ဖြေကြသည် ။ မည်သူတစ်ဦးတစ်ယောက် မျှ “ ပြောင်းဖူးပင် ” ဟု မဖြေကြပေ ။

“ ကဲ .. ကဲ ၊ သွား သွား ... သွားကြတော့ ”

ဟု ပြောပြီး သူတော်ငတေ လည်း သူ့ဖိုရုံရှိရာ ကျောင်းအောက်သို့ဝင်သွားလေသည် ။

ကျွန်ုပ်တို့သည် သူတော်ငတေ စီမံပေးထားခဲ့သော ပြောင်းဖူးပင်၏ အခြေအနေနှင့် သရက်ပင်ပေါ် မှ ခါချဉ်ကောင်များ၏ အခြေအနေကို မသိမသာ စောင့်ကြည့် အကဲခတ်နေကြသည် ။

သည်လိုနှင့် ညနေရွာထဲသို့ ထမင်းစားဆင်းကြရန် ကိုရင်သာဗြည့် ၏ အချက်ပေးတုံးခေါက်သံကို ကြားရသည် ။ ထိုအခါ ကျောင်းသားအားလုံး ကျောင်းကြီးပေါ် ပြေးတက်ကြရ၏ ။ ထုံးစံအတိုင်း ဘုရားကျောင်းရှေ့တွင် ကြီးစဉ်ငယ်လိုက် တန်းစီထိုင်ကြပြီး “ ဗုဒ္ဓံ ပူဇေမိ ၊ ဓမ္မံ ပူဇေမိ ၊ သံယံ ပူဇေမိ " ဟု သုံးကြိမ်ရွတ်ဆို ရှိခိုးကာ ရွာထဲသို့ ထမင်းစားဆင်းလာကြရသည် ။

ကျွန်ုပ်တို့ ထမင်းစားပြီး၍ ညနေ ကျောင်းသို့ ပြန်ရောက်လာကြသောအခါ သရက်ပင်ကြီးနားသွားပြီး မယောင်မလည် အကဲခတ်ကြည့်ကြသည် ။ ဘာမှ ထူးထူးခြားခြားတော့ သရက်ပင် အောက်တွင် မမြင်ကြရ ။ သည်လိုနှင့် မိုးချုပ်ကြသည် ။

ဦးပဉ္စင်းကြီး လသာမှန်အိမ်ထွန်းပြီးသည်နှင့် ဘုရားဝတ်တက်ကြသည် ။ ဘုရားဝတ်တက်ပြီးကြသောအခါမှာတော့ သရက်ပင်အောက်ကို မည်သူမျှ မသွားကြတော့ ။ သရက်ပင် မှာ ကျောင်းတောင်ဘက် တပ်စည်း နားတွင် ရှိနေသဖြင့် ကျောင်းနှင့် နည်းနည်းလှမ်းသည့်အပြင် ယခင်က မည်းနက် မ နေသွားသော မိုးကြိုးခ ပြပင်ကြီးဘက် ဖြစ်နေသည် ။ ထို့ကြောင့် ညညတွင် ထိုဘက်ကို ကျောင်းသားကြီးတွေ သွားလေ့သွားထ မရှိကြပေ ။

မနက် မိုးလင်း အရုဏ်ဆွမ်းစားပြီးချိန်မှာတော့ အာကျယ်အေးမောင် က ...

“ သရက်ပင်ပေါ်က ခါချဉ်ကောင်တွေ အကုန် ပြောင်းပြေးနေကြတယ် ။ လာကြည့်ကြ ”

ဟု အော်ပြောသဖြင့် ကျောင်းသားများ သရက်ပင်အောက်ကို ပြေးကြည့်ကြသည် ။

အာကျယ်အေးမောင်ကြီး ပြောသည်မှာ အမှန်ပင် ဖြစ်သည် ။ သရက်ပင်ပေါ်၌ နှစ်ပေါင်းများစွာ အသိုက်ဆောက်လုပ် အိမ်တည်ကာ နေလာခဲ့ကြသော ခါချဉ်ကောင် များသည် သရက်ပင် ပေါ်မှ စီတန်းဆင်း၍ ပြောင်းသွားနေကြသည် ။ ပြောင်းကြသည်မှ သူတို့ ဥဖြူလွလွတွေကိုပါ ကိုက်ချီ၍ ပြောင်းနေကြ၏ ။ တချို့ အရွယ်မရောက်ကြသေးသော ခါချဉ်သားပေါက်ကောင် မဖြူမညိုများကလည်း အကောင်ကြီးများနည်းတူ သရက်ပင်ပေါ်မှ လိုက်ဆင်း၍ အကောင်ကြီးတွေနောက် လိုက်ပြောင်းနေကြသည် ။

ခါချဉ်ကောင်များ ပြောင်းသွားကြသော လမ်းကြောင်းကိုလည်း ကျွန်ုပ်တို့ ကျောင်းသားများ လိုက်ကြည့်ကြသည် ။ ခါချဉ်ကောင်များသည် ကျောင်းတပ်စည်းတောင်ဘက် ချုံတောရှိ သပြေပင်ကြီးသို့ ပြောင်းသွားနေကြ၏ ။ ထို့ကြောင့် သပြေပင်ကြီးနားထိ လိုက်ကြည့်သူကကြည့် ၊ သရက်ပင်ပေါ်က ဥဖြူဖြူ ၊ အညိုအနီ အကြီးအသေး အနုအရင့်တွေကို ကိုက်ချီ ပြောင်းဆင်းလာကြသော ခါချဉ်ကောင်များကို ဝိုင်းကြည့်သူကကြည့်နှင့် သရက်ပင်နား တစ်ဝိုက်တွင် ကျောင်းသားများနှင့် ရှုပ်ယှက်ခတ်နေသည် ။ ထိုအထဲတွင် ဘာမဆို ကျောင်းသားများနှင့် အမြဲရင်ပေါင်တန်း ပါလာတတ်သော ကိုရင်သာဗြည့် ပင် ဧကသီ တကားကားနှင့် သရက်ပင်အောက် ရောက်လာသည် ။

“ ဦးသူတော် က တကယ်စွမ်းတာဗျ ။ ကြည့်စမ်း ၊ ဒီသရက်ပင်မှာ ငါတို့ ငယ်ငယ်ကပင် အိမ်ဖွဲ့နေကြတဲ့ ခါချဉ်ကောင်တွေ ပြောင်းပြေးနေကြတာ အံ့စရာပဲ ”

“ ဟုတ်တယ် ၊ ဘဘကြီး သူတော်က တကယ်စွမ်းတာနော် ”

သည်လိုနှင့် တစ်ယောက် တစ်ပေါက် သရက်ပင်အောက်တွင် ဆူဆူညံညံ ဝေဖန်ပြောဆိုနေကြရာ မကြာပါချေ ။ သူတော်ငတေ သည် တုတ်တစ်ချောင်းနှင့် ရောက်လာပြီး ကျောင်းသားတွေကို လိုက်ရိုက်လေတော့သည် ။ ထိုအခါမှ သရက်ပင်နားတွင် လူရှင်းသွား၏ ။

သို့နှင့် တစ်ပတ်ခန့်အကြာ သူတော်ငတေ က အနင်းအနှိပ်ခိုင်းသော တစ်နေ့မှာ ကျောင်းသားကြီး ထွန်းသာဦး က ...

“ ဘဘ က သိပ်စွမ်းတာပဲ ။ သရက်ပင်ပေါ်က ခါချဉ်ကောင်တွေကို ပြောင်းသွားအောင် ဘဘက ပြောင်းဖူးပင်ကို ဂါထာမန္တန်တွေနဲ့ မန်းမှုတ်ပြီး စိုက်လိုက်တာ ခါချဉ်ကောင်တွေ အကုန် ပြောင်းကုန်ကြတော့တာပဲ ”

ဟု ပြောလိုက်၏ ။

စိတ်ကြည်လင်နေပုံရသော သူတော်ငတေ ကလည်း စိတ်လိုလက်ရ  ...

“ ပြောင်းဖူးပင်ကို ဘာမှ မန်းမှုတ်ပြီး စိုက်စရာ မလိုဘူးဟ ။ မယုံရင် ခါချဉ်ကောင်တွေ ရှိတဲ့ သစ်ပင်အောက် မှာ မင်း သွားစိုက်ရင်လည်း တစ်ရက် နှစ်ရက်အတွင်း ခါချဉ်ကောင်တွေ ပြောင်းသွားကြမှာပဲ ။ အဲဒါ ငါ စွမ်းတာမှ မဟုတ်တာ ။ ပြောင်းဖူးပင်ကကို စွမ်းလို့ပါ ”ဟု ဆိုလေသည် ။

“ ပြောင်းဖူးပင်က ဘယ်လိုစွမ်းလို့လဲ ဘဘ ”

“ ဒီလောကကြီးကို ဓာတ်ကြီးလေးပါးက အုပ်စိုးထားတယ် ။ ခါချဉ်ကောင်တွေ ရှိနေတဲ့ သစ်ပင်အောက် မှာ ပြောင်းဖူးပင် သွားစိုက်လို့ ခါချဉ်ကောင်တွေ ပြောင်းပြေးသွားကြတာ ဓာတ်သဘောပါ ။ မင်း ပြောင်းဖူးပင်ကို နမ်းကြည့်ဖူးလား ”

“ မကြည့်ဖူးပါဘူး ဘဘ ”

“ အေးလေ ၊ မင်း နမ်းကြည့်လို့လည်း သားငါးစားနေတဲ့ နင်တို့ ပါးစပ်က ၊ နင်တို့ ဒွါရကိုးပေါက်က အနံ့အသက်ဆိုးတွေကြောင့် နင်တို့ နှာခေါင်းပေါက်က သိမ်မွေ့တဲ့ အနံ့ကို ရချင်မှ ရမှာပေါ့ ။ ပြောင်းဖူးပင်က ထွက်တဲ့ အနံ့ကို ခါချဉ်ကောင်တွေက မခံနိုင်ကြဘူးကွ ။ အဲဒါကြောင့် ပြောင်းသွားကြတာ ။ ဘဘ မှာထားမယ် ။ တကယ်လို့ မင်းတို့ တောနား ၊ ယာတဲလယ်တဲက နွားရုံတို့ ၊ တဲတို့မှာ ဒါမှမဟုတ် ရွာထဲက အိမ်မှာ ၊ သစ်ပင်တွေမှာ ပျားလာစွဲရင် အဲဒီပျားတွေ ပြောင်းပြေးသွားအောင် ဘယ်လိုလုပ်ရမလဲ မင်းသိလား ”

“ မသိပါ ဘဘ ”

“ မသိရင် မှတ်ထား ။ ပျားဟာ ဘာကိုကြိုက်သလဲ ”

“ အမွှေးနံ့သာကို ကြိုက်ပါတယ် ”

“ အေး ... ဟုတ်ပြီ ၊ ငါ့လူ မဆိုးဘူး ။ သဘာဝအမွှေးနံ့သာဟာ ဘယ်မှာရှိလဲ ”

“ ပန်းတွေမှာ ရှိပါတယ် ဘဘ ”

“ ဟုတ်လိုက်လေကွယ် ။ အမွှေးနံ့သာကိုကြိုက်တဲ့ ပန်းဝတ်ရည်တွေကို စုပ်ပြီး အိမ်တည်တတ်တဲ့ ပျားအုံအောက် မှာ တုတ်တစ်ချောင်းကို မစင် ( ချေး ) လူးပြီး သွားစိုက်ထားကြည့်စမ်း ။ မကြာမီ အဲဒီပျားတွေ ပြောင်းပြေးကြမှာပဲ ။ ဒါ သဘာဝပဲ ”

သူတော်ငတေ ၏ ထိုအပြောကို မယုံသူ ကျောင်းသားကြီးအချို့သည် မှိုရှာ ၊ ထင်းခွေ ထွက်ကြရင်း ပျားအုံတွေ့သောအခါ သွားစမ်းကြည့်ကြရာ ပျားတွေက ဝါးလုံးကို ချေးသုတ်ပြီး သူတို့ အပင်အောက် လာစိုက်သော ကျောင်းသားများကို ဝိုင်းတုတ်ကြပြီး ထိုနေရာမှ အမှန်တကယ်ပင် ပြောင်းသွားကြသည်ဆို၏ ။

ကျွန်ုပ်တို့ ကျောင်းသားများသည်လည်း သရက်ပင် မှ သပြေပင် သို့ ပြောင်းသွားကြသော ခါချဉ်ကောင်များအား သပြေသီး မှည့်ချိန်တွင် သပြေပင်အောက်၌ ပြောင်းဖူပင် သွားစိုက်၍ စမ်းသပ်ကြည့်ကြရာ အမှန်တကယ်ပင် သပြေပင်ကြီး မှ ခါချဉ်ကောင်များ ဇင်ပြွမ်းပင်ကြီး သို့ ပြောင်းသွားကြသည်ကို ကိုယ်တွေ့ကြုံကြရလေသည် ။

◾ ဝေယံလင်းခေါင်

📖 ဂမ္ဘီရ မဂ္ဂဇင်း
      ၂၀၀၀ ပြည့်နှစ် ၊ ဧပြီလ

koaungnaingoo.blogspot.com

.

No comments:

Post a Comment