Monday, September 20, 2021

အဖေ့ဩဇာ မတည်သော နေရာ


 ❝ အဖေ့ဩဇာ မတည်သော နေရာ ❞  


ချိန်းထားသည့်အတိုင်း ညနေ ၂ နာရီတွင် မမြမှီ ၏ အလုပ်တိုက်သို့ သားအဖ သွားကြလေသည် ။


မဂိုလမ်းရှိ မမြမှီ အလုပ်တိုက် ( ဝင်းကုမ္ပဏီ ) မှာ အတော်ကျယ်ဝန်းပေသည် ။ မိန်းမစာရေး နှစ်ယောက်နှင့် အသက် ၅ဝ ကျော် လူကြီးတစ်ယောက် အလုပ်လုပ်နေကြသည် ။ ဒရဝမ်လိုလို ပြာတာလိုလို  ̶က̶̶ု̶̶လ̶̶ာ̶̶း̶ တစ်ယောက်လည်း ရှိသည် ။


မမြမှီ ကား တောမှ ကုန်သည်ပွဲစားများနှင့်တူသော ဧည့်သည် ၂ ယောက်နှင့် အရောင်းအဝယ်စကား ပြောနေလေသည် ။ ကျွန်တော်တို့အား လောကွတ်ပျူငှာ ဧည့်ခံမနေအားဘဲ ချက်ချင်းပင်အသင့်စောင့်နေသော ဒရိုင်ဘာလက်သို့ အပ်လိုက်လေသည် ။


ထိုနေ့ ညနေ ၂ နာရီ မှ ၆ နာရီ ထိ ကားဖြင့် လှည့်လည်ကြရာ အတော်နှံ့အောင်ပင် ရောက်ကြလေသည် ။ ဒရိုင်ဘာကလည်း သူ့သူဌေးမက ဓာတ်ဆီအပြည့် ထည့်ပေးထားကြောင်း ၊ သွားလိုရာလိုက်ပို့ရမည်ဟု ဆိုထားကြောင်း ပြောပြလေရာ အဖေ သည် ဘာစိတ်ကူးပေါက်သည် မသိ ၊ တံတားကလေး စိတ္တဇဆေးရုံ နှင့် အင်းစိန် တိရစ္ဆာန်ဆေးကု အတတ်သင်ကျောင်းများကိုပါ ကြည့်ချင်သည်ဆိုသဖြင့် လိုက်ပို့ကြရသေး၏ ။


ညနေ ၆ နာရီ ထိုးသောအခါ ကျွန်တော်တို့က ဒရိုင်ဘာအား အိမ်ပြန်ပို့ရန် ပြောကြလေ၏ ။ ထိုအခါ သူ့သူဌေးမက အကောင်းဆုံး ဆိုင်တစ်ဆိုင်မှာ ဧည့်သည်များအား ထမင်းကျွေးရမည် ဟုမှာလိုက်ကြောင်း ပြောပြလေသည် ။


ကျွန်တော်က -


“ ဟာ နေပါစေဗျာ ၊ ကားနဲ့ လိုက်ပို့တာပဲ ကျေးဇူးတင်လှပါပြီ ။ ဒေါ်မြမှီ လည်း ကားလိုနေရောပေါ့ ” 


“ မလိုပါဘူး ၊ ညဘက်လည်း သူဘယ်မှ သွားစရာ မရှိပါဘူးတဲ့ ။ ကျွန်တော် ဒီကပြန်ရင် ကားကိုဂိုဒေါင်ထဲမှာ သွားသွင်းရုံပဲ ” 


“ နို့ - အလုပ်တိုက်ကနေပြီး ဘယ်လို ပြန်သွားမလဲ ” 


“ ခြေကျင်လျှောက် ပြန်မယ်တဲ့ ၊ မခက်ပါဘူးဗျာ ။ ဘာဘူတွေကလည်း ကားနဲ့လိုက်ပို့ချင်မှာပဲ ။ ကဲဘာထမင်းစားချင်တယ်သာ ပြောပါ ။ မမက အလုပ်သမားမို့ အိမ်မှာ ထမင်းကျွေး ဧည့်မခံနိုင်တာသာ ခွင့်လွှတ်ပါတဲ့ဗျ ” 


အဖေသည် ခဏမျှ တွေနေလိုက်ပြီးနောက် -


“ ဒံပေါက်ထမင်း စားရအောင်ကွာ ” 


ကျွန်တော်တို့သည် ဝါလုံးအပေါင်ဆိုင် အနီးရှိ ဂရင်းဟိုတယ်သို့ သွားကာ ဒံပေါက်ထမင်း စားကြလေ၏ ။ သူ့သူဌေးမက ဧည့်ဝတ်ကျေသလို ဒရိုင်ဘာသည် ဧည့်ဝတ်ကျေပြီး မွန်ရည်လှပေ၏ ။ဒံပေါက်ပြီး အိုက်စ်ကရင်း ၊ အိုက်စ်ကရင်းပြီး ကွမ်းယာမွှေး ၊ နောက်ဆုံး ဂိုးလ်ဖလိတ် စီးကရက် ။ကျွန်တော်ကား စီးကရက်ကို မသောက်တတ်ဘဲနှင့် ဖွာသည် ။ အဖေကား စီးကရက်ကို ဆေးပေါ့လိပ်ကြီး သောက်ရှူပုံနှင့် သောက်ရှူသည် ။


ထိုနေ့အဖို့ အဖေသည် အတော်ပင် ကျေနပ်နှစ်သိမ့်သွားဟန် တူပေသည် ။ အိ်မ်ရောက်ရောက်ချင်းအိပ်ရာဝင်လေ၏ ။ နောက်တစ်နေ့တွင် ရွာက လူတွေဆီ သွားလည်ဦးမည် ဆိုပြီး ကျွန်တော့်အားမခေါ်ဘဲ ထွက်သွားလေ၏ ။ ထို့နောက် တစ်နေ့တွင်လည်း “ ခွင့်ရက်လည်း များများ မရခဲ့ဘူး ။မင်းအမေလည်း စိတ်ပူနေရော့ မယ် ” ဟုဆိုကာ ပြန်သွားလေသည် ။


အဖေ လာလိုက်သည့်အတွက် ကျွန်တော့်မှာ ပြဿနာ ၂ ရပ်ကိုအပူတပြင်း စဉ်းစားရလေသည် ။


ကျွန်တော်သည် နိုင်ငံရေးထဲသို့ ခြေစုံပစ်၍ မရောက်သေးသည့်တိုင်အောင် ခြေတစ်လှမ်းတော့ဝင်နေလေပြီ ၊ ခု ဖခင်၏ ဩဝါဒကား “ နိုင်ငံရေးနှင့် လုံးဝကင်းရှင်းရမည် ” ။ ကျွန်တော်သည် ' သခင် ပေါက်စ ထောင်ခြောက်လ ' ဖြစ်နေလေပြီ ၊ ခု ဖခင်ကြီး၏ ဩဝါဒကား “ သခင်တွေနှင့် အပေါင်းအသင်း မလုပ်နှင့် ” ။ ကိုင်း - သခင်တို့ အရှင်တို့ မိတ်ဆွေတို့ ဘယ်လို လုပ်ကြမတုံး ။


ကျွန်တော် နှင့် ဝင်နီဖေ တို့သည် ဘိုကလာတာတာ ၊ ဘာကလိုတိုတို ဖြစ်နေကြလေပြီ ၊ အဖေ၏ဩဝါဒကား “ လှည်းကျိုးကြီး ဝင်ထမ်းသလို ဖြစ်မှာပေါ့ ” ။ ကျွန်တော် နှင့် မမြင့်ဦး သည် သူငယ်ချင်းလည်းမက သမီးရည်းစားလည်း မကျ ဖြစ်နေလေပြီ ၊ အဖေ၏ ဩဝါဒကား “ မင်းလိုတာက ပညာရှိတဲ့ မိန်းမ မဟုတ်ဘူး ၊ ပိုက်ဆံရှိတဲ့ မိန်းမ ” ။ ကိုင်း - အရပ်ကတို့ ၊ ဘယ်လို ဆုံးဖြတ်ရမတုံး ။


အဖေ ရောက်လာသည့်အချိန်ကား တို့ဗမာအစည်းအရုံး ကွဲလို့ ကောင်းလှတုန်း အချိန် ၊ သခင်ဗစိန်တို့လူစု နှင့် သခင်သိန်းမောင် တို့ လူစု အပြန်အလှန် အပြင်းအထန် ရှုတ်ချစွပ်စွဲနေကြသည့် အချိန်ဖြစ်၏ ။ အစည်းအရုံးဌာနချုပ်ကို တုတ်တပြက် ဓားတပြက် လုနေကြလေသည် ။ နယ်က သခင်များကား စိတ်မချမ်းမသာဖြစ်ကြပြီး ဟိုဘက်သည်ဘက်လိုက်ရန် မဆုံးဖြတ်သေးဘဲ ခေါင်းဆောင်များညီညွတ်ရမည်ဟု တောင်းဆိုနေကြလေသည် ။ သခင်ကိုယ်တော်မှိုင်းကြီး အား ညီညွတ်ရေးလုပ်ရန် ၊အမှားအမှန် ဆုံးဖြတ်ပေးရန် တောင်းနေကြလေသည် ။ ပြည်လုံးကျွတ် ညီလာခံ ခေါ်၍ ဆုံးဖြတ်တောင်းဆိုချက်လည်း ပေါ်လာလေသည် ။ နှစ်ဖက်စလုံး ညီလာခံခေါ်ရန် သဘောတူကြပြီးမှသာယာဝတီ - ပန်းဆွဲ ၌ ညီလာခံခေါ်ရန် သခင်ဗစိန် တို့ဘက် မှ အတင်းစီမံပြီး တစ်ဖက်ကမူ ထိုနေရာ၌ ယင်းသို့ ညီလာခံခေါ်ခြင်းကို သဘောမတူနိုင်ကြောင်း ဆိုပြန်လေသည် ။ ထိုသို့ ပန်းဆွဲ ညီလာခံကို အသိအမှတ် ပြုထိုက် မပြုထိုက် အငြင်းပွားနေစဉ် ပန်းဆွဲ ညီလာခံကို စည်းရုံး ပြင်ဆင်ရာ၌ အရေးပါသူ သာယာဝတီ တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူး သခင်ခင်အောင် က သခင်ဗစိန် သည် သူ့အား ဒေါက်တာဘမော် ထံသို့ ခေါ်သွားကြောင်း ၊ သခင် ကွဲခြင်း ၊ ပန်းဆွဲညီလာခံကျင်းပရန် စီစဉ်နေခြင်းများကို ဒေါက်တာဘမော် နှင့် ဆွေးနွေးကြောင်း ၊ ၎င်းနောက် ဒေါက်တာဘမော် က သခင်ဗစိန်အား ငွေ ၁ဝဝဝိ - ပေးလိုက်ကြောင်းများကို ဖွင့်ချလိုက်လေသည် ။ သခင်ဗစိန်တို့ ဘက်ကမူ ထိုအချက်ကို ကျေလည်စွာ မဖြေရှင်းနိုင်ဘဲ သာယာဝတီ သခင်ခင်အောင် မှာသခင်မြ ၏ ယောက်ဖဖြစ်ကြောင်း ၊ သခင်မြ မှာ ဥပဒေပြု လွှတ်တော်အမတ် ဖြစ်ပြီး ပြည်ညီလာခံ၌သခင်ဗစိန် တင်သွင်းသော မင်းတိုင်ပင်အမတ်များ လခ မယူရေးအဆိုကိုအကြောင်းပြု၍ သခင်ဗစိန် အား ရန်ငြိုးကြီးနေကြောင်း စွပ်စွဲလေသည် ။


သခင်သိန်းမောင် တို့ ဘက်ကမူ ပြည်ညီလာခံ သခင်ဗစိန် သည် သူ့တပည့် သခင်ထွန်းအုပ် ကိုဥက္ကဌတင်ရန် ကြိုးစားရာ မအောင်မြင်သဖြင့် ဂိုဏ်းခွဲရေးလုပ်ငန်းများ လုပ်နေခြင်းဖြစ်ကြောင်း ထပ်မံ စွပ်စွဲလေသည် ။ သခင်သိန်းမောင် တို့ ဘက်က သခင်ဗစိန်အား မင်းသားကြီး မလုပ်ရရင်ပတ်မ ထိုးဖောက်သူဟု ခေါ်၏ ။ သခင်ဗစိန် တို့ဘက်က သခင်သိန်းမောင် အား ပျော့ပျော့ပျော့ပျော့နှင့် အင်မတန်နံတဲ့ ကြောင်ချေး ဟု ခေါ်၏ ။


ဤကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ပုဂ္ဂိုလ်ရေး အပြစ်တင် ပုတ်ခတ် ရှုတ်ချလုပ်နေကြခြင်း ၊ ကွဲကြပြဲကြခြင်းကို ကျွန်တော် လုံးဝ မလိုလား ။ ဘယ်သူ မှား၍ ဘယ်သူ မှန်သည်ဟု ပြောရန်လည်း ခဲယဉ်း၏ ။ စိတ်လည်း အလွန်ပျက် မိ၏ ။ နှစ်ဖက်စလုံးမှ ကျွန်တော်တို့ ကျောင်းသားများထံ လာ၍ရှင်းလင်းကြ၏ ။ သခင်ဗစိန် တို့ ဘက် မှ သခင်ဗစိန် ကိုယ်တိုင် လာရှင်း၏ ။ သခင်သိန်းမောင် တို့ဘက် မှမူ တက်ဘုန်းကြီးကိုသိန်းဖေ က ရှင်းလင်း၏ ။ အခြားသူများလည်း လာ၍ ရှင်းကြပါသေး၏ ။ သို့ရာတွင် ကျွန်တော်ကား ယင်းသို့ ခေါင်းဆောင်များ ကွဲခြင်းကြောင့် စိတ်ပျက်စရာ ကောင်းလှသည့်အထဲတွင် အဖေ့ ဩဝါဒကလည်း ကျွန်တော့် နားသယ်ကို အကြိမ်ကြိမ် နှက်နေပေရာသခင်တွေ နှင့် ကင်းကင်းရှင်းရှင်း နေပြီး ကိုယ့်စာကိုယ် သင်နေတာ ကောင်းမယ်ထင်ပါရဲ့ဟု တွေးမိလေသည် ။


ကျွန်တော်တို့သည် သခင်ကျောင်းသားများထဲမှ သခင်သိန်းမောင် တို့ ဘက်သို့ ထောက်ခံသူသာများပေ၏ ။ သခင်ဗစိန် တို့ ဘက်သို့ ထောက်ခံသူ အနည်းငယ် အနက် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလုပ်ဖူးသူ ညိုမြ အမည်ခံ ကိုသိန်းတင် တစ်ယောက်သာလျှင် ထင်ရှား၏ ။ ကိုအောင်ဆန်း ၊ကိုဘဟိန်း ၊ ကိုထွန်းရှိန် စသော ကျွန်တော်တို့၏ ခေါင်းဆောင်များကား သခင်သိန်းမောင် ဘက်သို့ထောက်ခံကြလေသည် ။


ကျွန်တော်သည် စိတ်ပျက်အားငယ်သွားသော်လည်း အဖြစ်အပျက်ကို မေ့ပျောက်၍ မရ ။ လျစ်လျူရှု၍ မရ ၊ လေ့လာကြည့်ပါ၏ ။ သို့ရာတွင် ပြဿနာများကို အခြေခံကျကျ မသိ ။ ကွဲကွဲပြားပြား မသိ ။ယခုမှ ခေါင်းအေးအေးထား၍ ဆင်ခြင်စဉ်းစားကာ ကျွန်တော် နားလည်သလောက်တင်ပြရသော်သခင်ဗစိန် တို့ ဘက် မှာ တို့ဗမာအစည်းအရုံး ညီလာခံ နှင့် နိုင်ငံလုံးဆိုင်ရာကော်မတီ ၌ နည်းရာစုဖြစ်သည် ။ သခင်သိန်းမောင် တို့ ဘက်က များရာစု ဖြစ်သည် ။ အမတ်လခယူရေး မယူရေးမှာဖြစ်ဖြစ် ၊ ဥက္ကဌရွေးကောက်ရာမှာ ဖြစ်ဖြစ် ဤအချက်များ ထင်ရှားလေသည် ။ သို့သော် သခင်ဗစိန်မှာ များရာစု၏ ဆုံးဖြတ်ချက်ကို ကျေနပ်စွာ လက် မခံ ။ သူလုပ်ချင်ရာ မလုပ်ရ၍ ဇွတ်တရွတ် လုပ်ရန်ဟန်ပြင်နေလေသည် ။ ဤအချက်ကို ကျွန်တော်တို့ မကြိုက်ကြ ။ သည်ဟာမှာဖြင့် ထင်ထင်ရှားရှားသခင်ဗစိန် မှားသည်ဟု ဆိုချင်သည် ။


နောက်တစ်ချက် ကိုဘဟိန်း တို့ ထံမှ ကျွန်တော် ကြားရသည့်အတိုင်းဆိုသော် သခင်ဗစိန် သည်ဘုံဝါဒ ( ဝါ ) ဆိုရှယ်လစ်ဝါဒ ( ဝါ ) ကွန်မြူနစ်ဝါဒကို နှစ်နှစ်ကာကာ မယုံကြည် ။ ဟစ်တလာ ၏ လူမျိုးရေးဝါဒ ကို ပိုမိုယုံကြည်သည်ကို မကြိုက်ပေ ။ အားလုံး တို့ဗမာအစည်းအရုံးထဲမှာပဲ စည်းရုံးထားရမည်ဟု ဆိုလေသည် ။ ထိုအချိန်တွင် သခင်သိန်းမောင် တို့ ဘက် မှ လူများသည် အလုပ်သမား ၊တောင်သူလယ်သမားအသင်းများကို သီးသန့်စည်းရုံးစပြုပြီး ဖြစ်ရုံမက ရေနံမြေသပိတ်ကြီးပင်ဆင်နွဲလျက် နေကြလေပြီ ။ တောင်သူလယ်သမားများ အရေး၌ကား သခင်ဗစိန် သည် အလွန်ပြင်းထန်လေသည် ။ သခင်သိန်းမောင် ၊ သခင်မြ တို့၏ လယ်သမားတောင်းဆိုချက် များကို ပျော့သည်ဟု သူက ယူဆလေသည် ။ သခင်ဗစိန် သည် ပစ္စည်းမဲ့ အလုပ်သမားများအား သီးသန့်စည်းရုံးပေးခြင်းကို မလိုလားရုံမက နိုင်ငံရေးအားဖြင့် အလုပ်သမားအား အသားပေးခြင်း ၊အလုပ်သမားဝါဒကို ဖော်ထုတ်ခြင်း စသည်တို့ပင် မုန်းတီးသည်ဟု သိရလေသည် ။


ဤအချက် များကို သိရသော်လည်း ကျွန်တော်သည် မှားသည် ၊ မှန်သည်ဟု ဝေဖန်ဆုံးဖြတ်နိုင်သော အရည်အချင်း မရှိသေးပါ ။ နိုင်ငံရေးဝါဒများ၌ မကျွမ်းကျင်သေးပါ ။ သို့သော်ကိုအောင်ဆန်း ၊ ကိုဘဟိန်း စသည်တို့ ညွတ်နေသောဘက်သို့ ကျွန်တော် ညွတ်သည်မှာ သဘာဝကျပါသည်ဟု ဆိုနိုင်ပေ၏ ။


သို့ရာတွင် ကျွန်တော်ကား အတော်ပင် ခြေလှမ်း တုံ့သွားလေပြီ ။ နိုင်ငံရေးထဲသို့ ရောက်နေသောခြေတစ်လှမ်းကို ပြန်ရုပ်သိမ်းရန် စိတ်ကူးနေလေပြီ ။ ရုပ်သိမ်းဖြစ်ရန် ဖခင်ကြီး၏ ဩဝါဒနှင့်သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးမှ နုတ်ထွက်ခြင်းတို့သည် အားပေးနေသကဲ့သို့ ရှိပေ၏ ။


ထိုစဉ်က ကျွန်တော့်အဖြစ်အပျက်နှင့် ဆီလျော်လှသောကဗျာမှာ သခင်ကိုယ်တော်မှိုင်း၏ သခင်ဋီကာနိဂုံး လေးချိုးကြီး ဖြစ်လေသည် ။


“ အကြင် ပြည်မြန်မာမှာ နန်းမရှိတုန်းတွင်မှ ၊ ' သခင်မဟာဋီကာ ' ကျမ်း၏အဆုံးမှာတော့ ၊ ကမ္မဌာန်း မိတဘုန်းရယ်တို့ ၊ ကြည့်ပြုံးဖတ်စရာအလို ၊( အိုကွယ် ) ဘန်းအပြည့်ဖုံးပါလို့ နိဂုံးသတ်မှာကို ။  ။

( အော် )အတက်နှေးပြန်သနဲ့ ၊ ရတက် မအေးသူမဖြင့်နှော ၊ အထက်ကျေးဆီက ၊

လက်ရွေးစင် သခင်တပည့်တွေနဲ့ ၊ အတွင်လှည့်ကာ တရားပေစာဟောရာက ၊မနားမနေသာသောအခါမှာ ဒကာငကြန် တို့က ၊ စာတတန် ပေတထောက်ကယ်နှင့် ၊ ကဝေလျှောက်ရှာတာ အဘိယာစကရယ်ကြောင့် ၊ တပည့်တကာတကာမတွေ အစဉ်မှီစရာဘို့ ၊ ဓမ္မိကာရာမမှာ မရွှင်မကြည်စွာနှင့် ၊ အကြင်ဤအခါမှာ ' သခင်ဋီကာ ' အရေးတွင်ဖြင့် ၊ ဖေးမသူ ကေသာဝတီရဲ့ပြင် ၊ဇေယာပြည် သမထဂိုဏ်းတွေပ ၊ မေဓာဝီလှကသိုဏ်းတို့ကလဲ ၊ လူစည်အောင်ကူညီလို့ဝိုင်းကြသမို့ ၊ သမိုင်းတလှဲ့ ယခုဆိုမယ်နော်ကွယ် ၊ တဂိုဏ်းတဖွဲ့စစ်ကိုင်းတပည့်တွေနဲ့ မှိုင်းရဲ့ကုသိုလ် ။  ။ မန်းထီးပလ္လင်ဘိဇ္ဇနနှင့် အနိစ္စအရေးလိုပ ၊ ကျမ်းမပြီးခင်ကိစ္စမအေးစေဖို့ ၊ အနဌဘေးရယ် တို့ဖန်လာသကို ၊

ရန်ဘယာထိုထိုနှင့် မဖြောင့်မဖြူတနည်း ၊ ( အိုကွယ် ) မြန်ဗမာ ဟိုမှာဖြင့်တမှောင့်တပူမီး ။  ။ တမင်ရိုင်းစွာ ၊ သခင်ဂိုဏ်း ညီညီညာညာနှင့် ထင်တိုင်းမစည်စရာမို့ ၊ ပလီပလာ ' သိန်းမောင် ' တပည့်ရဲ့ပြင် ၊ ကလီကမာ ယိမ်းထောင်သကဲ့သို့ လှည့်ချင်တဲ့ ၊ တပည့်ဂွကလိမ် ' ဗစိန် ' ကလဲ သရဲပြန်သနဲ့ ၊အချင်းချင်းပင် တရန်နှဲကြတဲ့ပြင် ၊ ( အော် ) အမျိုးဗမာ့တန်ခိုးမှာဖြင့် ၊

အဆိုးတကာ့ဗိုလ် ၊ အစိုးရဒရှိုလို စွဲပြီး ၊ မိုက်သနဲ့ ကြံကြံဖန်ဖန် ၊ ကိုက်တဲ့ရန်တပွဲကိုဖြင့် ၊ ပြီးစဲအောင် နှစ်စုံနှစ်ပြင်ပ ၊ ခုံတင်ကာ ဆရာဖြတ်ခဲ့ပြီး ၊အနာဂတ်အခါမှာ ကောင်းအောင်လုပ်မယ်လို့ ၊ ခေါင်းဆောင် နှစ်ရူပ ဖယ်ကာရှင်းသော်လဲ ၊ မကင်းသူ ၎င်းနှစ်ကောင်ကမွေးခဲ့တဲ့ ၊ ကျောင်းခွေးလို' အမှုဆောင် ' ငမိုက်တို့ကလည်း ၊ အကိုက်ခိုင်းလျှင် မိုက်ရိုင်းချင်တဲ့စရိုက်တွေကြောင့် ၊ စိတ်အိုက်ကာ မကြည်မရွှင်နှင့် ၊ ဒီ သခင်ဋီကာ မဆုံးမီပ ၊မညီမညာ ဆိုးတပည့်တွေကို တည့်စေမယ်လို့ မတတ်သာသဖြင့် ၊ခပ်ခွာခွာနေကြအုံးစို့ရဲ့လို့ ၊ အဆုံးသတ်ကာ ကျမ်းစာရေးပြီး ၊ နောင်ဘို့

တက်စရာကို မောင်တို့တွက်တာ မအေးသူက ၊ မသေမီ အမွေညီညီပေးခဲ့တဲ့ အပြင် ၊ အဝေးတပည့်တွေကိုသာ ညီညာဘို့ ၊ ကြည်ကြည်သာသာနှုတ်တော်ဆက်တဲ့ပြီး ၊ ရုတ်တရက်ပင် သခင်ဂိုဏ်းရယ်က ၊ မနေသာသွေခွာလို့ စိုင်းရော့မယ်လို့ ၊ ဇေယာ ကေသာတို့နှင့် ဆိုင်းတော့

တစ်ဗိုလ်တဂိုဏ်းနဲ့ ဗမာမနုဿတွေရဲ့ ၊ မဟာဒုက္ခ ယခုလိုမီးကိုဖြင့် ၊သူ့အလိုလို ပြီးကြမယ့်ပြင် ၊ ထိုထိုစစ်ကိုင်းတပည့်တွေနဲ့ ၊ အလိုအတိုင်းတည့်စေမည့် ၊ ( အော် ) ကိုမှိုင်းရဲ့ ဓမ္မာနုဂ္ဂဟကုသိုလ်ကြီး ။  ။ ” 


ကျွန်တော့် အဖေ မရောက်လာမီကလေးက ကျွန်တော် သည် ဝင်နီဖေ အား ချစ်ကြောင်း ကြိုက်ကြောင်း အတိအလင်း ဖွင့်ပြောကာ ခိုင်မြဲသော မေတ္တာနှောင်ကြိုးဖြင့် ချည်တုပ်တော့မည်ဟု ကြံရွယ်ခဲ့လေသည် ။ မကြံရွယ်ဘဲ နေပါမည်လော ။ အခြားအခြားသော အရာတို့ထက် ဝင်နီ ၏ စွဲမ က် ဖွယ်ကောင်းသော ရုပ်ရည်နှင့် ချစ်စနိုးဖွယ်ရာကောင်းသော ပွတ်သီးပွတ်သပ် နီးကပ်စွာနေမှုတို့သည်ကျွန်တော့် အား လွှမ်းမိုးစိုးရ နေလေသည် ။ စာဖတ်ရာမှာ သူ့မျက်နှာကလေး ပေါ်လာတတ်သည် ။ဆရာသင်တန်း ဟောပြောနေရာမှာ သူ့အသံကလေး ကြားနေတတ်သည် ။ သူနှင့် နီးနီးစပ်စပ်ပွတ်သီးပွတ်သပ် နေရခြင်း၌ များစွာ နှလုံးမွေ့နေလေသည် ။ ဝင်နီ တို့မှာတော့ ဗိုလ်ခပ်ဆန်ဆန်မို့တစ်ခါတစ်ခါ မသိမသာ ကျွန်တော့် လက်မောင်းကိုဆွဲကိုင်၍ ခေါ်လားပြောလား လုပ်ရာမှာလည်းဘာမျှ အထူးတဆန်းဖြစ်ဟန် မရှိ ။ ' ကရိုးကက်ချ်သည်ကရိန်း ' ကစားမျိုး၌ ရယ်ရင်းမောရင်းတစ်ယောက်တစ်ယောက် ဖက်လားယမ်းလား ဆွဲလားလုပ်ရာမှာလည်း မရိုးမရွဖြစ်မည် မထင် ။ကျွန်တော်ကား သူရို့လို မဟုတ်ပါ ။ အထူးတဆန်း ဖြစ်သေးသည် ။ ရိုးတိုးရွတ ဖြစ်သေးသည် ။အူရိုင်းဖြစ်သောကြောင့် ဆိုမည်လား ။ ကိုရင်ကြီးဦးဘသန်း ၏ ဖိုမဆက်သွယ်ရေး ဩဝါဒများ၏ဩဇာအရိပ်ငွေ့ မကုန်သေးသောကြောင့် ဆိုမည်လား ။ အိမ်ပြန်ရောက်သည့်တိုင်အောင် သူကခေါ်ခေါ်ပြောပြော လက် မောင်းကိုင်လိုက်သော အထိအတွေ့၏ အငွေ့သည် ကျန်ရစ်တည်ဆဲဖြစ်လေသည် ။ ကစားရင်း ဖက်ယမ်းဆွဲငင်လိုက်သော အရှိန်သည် အိပ်မက်ထဲမှာတောင် စွဲနေတတ်လေသည် ။


ထို့ကြောင့် နီးသည်ထက် နီးအောင် ကြံလိုခဲ့ခြင်း ဖြစ်လေသည် ။ ခိုင်မြဲသော မေတ္တာဖြင့် အဖြေခက်အောင် ချည်နှောင်ခဲ့လိုခြင်း ဖြစ်လေသည် ။ အမှန်စင်စစ် ကျွန်တော်သည် နှုတ်ထွက် မရဲ သေးသဖြင့်လည်းကောင်း ၊ နှုတ်ဖြင့် ပြောလျှင် လိပ်ပတ်မလည်ဘဲ နေမည်စိုးနေသဖြင့် လည်းကောင်းမပြောမိသေးခြင်းသာ ဖြစ်လေသည် ။ အိမ်မှာကား သူ့ပေးရန် စာတစ်စောင်ပင် စီထားခဲ့လေပြီ ။


ဖခင်ကြီး ရောက်လာပြီး သူ့အယူအဆများကို ကျွန်တော့် ဦးနှောက်တွင်းသို့ ရိုက်သွင်းလိုက်ပြန်သောအခါ ကျွန်တော်သည်အိပ်မ က် မှ လန့်နိုးသူကဲ့သို့ ဖြစ်လာလေသည် ။ သူ့အယူအဆဖြင့်ပြဿနာတစ်ရပ်လုံးကို သုံးသပ်ကြည့်လေသည် ။ အဖေ့ အယူအဆ မှားသည်ဟု ချေပရန် တစ်လုံးတစ်ပါဒမျှ ကျွန်တော် ရှာမတွေ့ခဲ့ ။ ထို့ကြောင့် အဖေ ပြန်သွားသောအခါ ရေးထားသောစာကိုဝင်နီ အား ပေးရန် ဆိုင်းထားလိုက်ပြန်လေသည် ။ သို့ရာတွင် ဝင်နီ ၏ အလှနှင့် ဝင်နီ နှင့် ပွတ်သီးပွတ်သပ် နေရသောအတွေ့တို့သည်ကျွန်တော် ခုခံခြင်းငှာ ခက်သောအားများ ဖြစ်နေသည်ကိုတွေ့ရလေသည် ။ ဖခင် ပေးလိုက်သော အမြင်ဉာဏ်နှင့် ဆင်ခြင်ကာ အားသစ်များမွေး၍ မနည်းကြီး ခုခံနေရလေ၏ ။ အင်း - ခပ်ခွာခွာနေမှ ကောင်းမှာပါပဲကလား ၊ ' ကရိုးက်ချ်သည်ကရိန်း ' တွေသိပ်မကစားမှ ဖြစ်မှာပါကလား ။


မမြင့်ဦး နှင့် ပတ်သက်၍ကား အခြေအနေမှာ ဆုတ်သာတက်သာ ဆိုတာလို အကောင်းဆုံးအခြေအနေ ဖြစ်သည် ။ တစ်ယောက်နှင့် တစ်ယောက် ခင်မင်သည်နှင့်အမျှ အနေအထိုင်မှာ ရိုသေကြသည် ။ မှန်ကြသည် ။ တစ်ယောက်ကို တစ်ယောက် ယူနိုင်ကြသောအခြေသို့ ဆိုက်ရောက်ပါမူဖွင့်ပြောပြီး ချက်ချင်း လက်ထပ်ကြရုံသာရှိသည် ။ သည်အတောအတွင်း သည့်ထက် ဆန်းပြားစွာနေထိုင်ဖို့လည်း မရှိ ။ ' မောင်ရှင့် ' ' မယ်ဗျ ' ဟု ညုတာနေရန်လည်း မရှိချေ ။ ၎င်းပြင် ကျွန်တော်သည် ' တက်တက်စင် ရိုးပါလျက်ကယ်နှင့် ၊ ကလက်တက်တက် ထင်သူရယ် တစ်မျိုးသဒ္ဓါမပျက်စေနှင့် ၊ အပိုးဝါသနာဘက်ကိုတဲ့ ကွင်းသမို့ဖယ် ၊ မင်းတို့ အရွယ်ကိုဖြင့် ကျောင်းတကာ မစော ၊ငြင်းလို့ပယ်နိုင်ပါရဲ့ ဖြောင့်စွာသဘော ' ဟူသော ကဗျာဖြင့် စကားကျွံခဲ့သည် မဟုတ်ပါလား ။


သို့ရာတွင် အဖေ ရောက်လာပြီးနောက် ရှင်းလင်းရသော ပြဿနာ ၂ ရပ် အနက် မိန်းမနှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ဇက်ကြိုးကိုင်ရတာက လွယ်သေးသည် ။ နိုင်ငံရေးနှင့် ပတ်သက်၍ ဇာတ်ကြိုးကိုင်ရတာ မလွယ်ကူပေ ။ သည့်ပြင် လူငယ်လူရွယ်တွေမှာ ဘယ်လိုတွေ့ကြုံ ခံစားရသည်မသိ ။ကျွန်တော့်မှာတော့ နိုင်ငံရေး၏ ဆွဲဆောင်ခေါ်ငင်မှုကို ခုခံရခြင်းက ပိုခက်နေကြောင်း တွေ့ကြုံရပေသည် ။


ကျွန်တော်တို့၏ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း သည် ကျောင်မှလည်းကောင်း ၊ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ်မှ လည်းကောင်း နုတ်ထွက်လိုက်ပြီး တို့ဗမာအစည်းအရုံးသို့ခြေစုံပစ်ဝင်ကာ သခင် ဖြစ်သွားလေသည် ။ သူနှင့်တစ်ပြိုင်နက်တည်း တို့ဗမာအစည်းအရုံး ( သခင်သိန်းမောင် နှင့်တကွသော အများစု စုဝေး၍ ဗဟိုတို့ဗမာအစည်းအရုံး ) သို့ ဝင်ရောက်သွားကြသူများကား ကိုနု နှင့် ကာလကတ္တား ကိုလှဖေ တို့ ဖြစ်လေသည် ။ ကိုလှဖေ မှာ ကာလကတ္တားတွင်ကိုသိန်းဖေ နှင့်အတူ ကျောင်းနေနေရာမှ ကိုသိန်းဖေ ဗမာပြည်သို့ ပြန်ရောက်လာပြီး မကြာခင်ပေါ်လာသော ၁၉၃၆ ခုနှစ် ၊ ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်လေသည် ။ကိုအောင်ဆန်း ၊ ကိုနု ၊ ကိုလှဖေ တို့ သခင် ဖြစ်လာခြင်းမှာ ကျွန်တော်တို့ သခင်ကျောင်းသားများ၏ချီတက်ရမည့်လမ်းစဉ်ကို ညွှန်ပြလိုက်သကဲ့သို့ ရှိလေသည် ။ သို့ကလို ခေါင်းဆောင်တွေကနိုင်ငံရေးတွင် ခြေစုံပစ်ဝင်ကြစဉ် ကျွန်တော်က လှမ်းပြီးခဲ့သော ခြေတစ်လှမ်းကို ရုပ်သိမ်းရမည်မှာပြေးနေသော ဘတ်စ်ကားပေါ် ခြေတစ်လှမ်းတက်မိပြီးမှ ပြန်ခုန်ဆင်းရန် ကြိုးစားသူနှင့် တူနေပေ၏ ။ ယင်းသို့ ပြန်ခုန်ဆင်းလျှင် လဲကျ ခြေကျိုးမည်ကိုပင် စိုးရိမ်ရလေသည် ။


ကမ္ဘာ့အခြေအနေကို ကြည့်လိုက်ပါဦး ။ နာဇီဟစ်တလာ သည် အင်္ဂလိပ်နယ်ချဲ့ခေါင်းဆောင်ချိန်ဘာလိန် ၏ သဘောတူညီမှု ( ဝါ ) ရန်သူအားပေး အစာကျွေးမှုဖြင့် ဆူဒေတန်နယ် ကို သိမ်းပိုက်ကာ ချက်ကိုစလိုဗက်ကီးယား တည်းဟူသော တိုင်းငယ်ပြည်ငယ်ကို ကျူးကျော်စော်ကားလိုက်လေသည် ။


ကျွန်တော်တို့ပြည်၏ မြောက်ဘက်ရှိ တရုတ်ပြည်ကြီးကိုလည်း ဖက်ဆစ်ဂျပန် နှင့် အင်္ဂလိပ်နယ်ချဲ့သမားတို့သည် ဝေခွဲယူရန် ကြံနေကြလေသည် ။ အင်္ဂလိပ်နယ်ချဲ့သမားတို့သည် တစ်ဖက်ကဤအကြံဖြင့် ဂျပန်စစ်ဘီလူးများကို ' အလျှော့ပေး ' လျက် ရှိ၏ ။ တစ်ဖက်တွင်ကား အိန္ဒိယ ၊ဗမာ စသော သူ့ပိုင်နက်အနီးသို့ ဂျပန် မလာနိုင်အောင် ၊ တရုတ်ပြည်တောင်ပိုင်းတွင် သူ့ဩဇာမပျက်အောင် ၊ တရုတ်ပြည်တောင်ပိုင်းတွင် ဂျပန်ခြေကုပ် မရအောင် တရုတ် ကိုမင်တန် အစိုးရကိုကူညီနေလေသည် ။ တရုတ် ဗမာလမ်းမကြီးကိုပင် ဖောက်လုပ်ထားလေပြီ ။ ထိုအချိန်တွင် တရုတ်ဗမာ လမ်းမကြီးပေါ် ကျူကုပ် - မန်ရှီ ကြားတွင် နေ့စဉ် စစ်လော်ရီ အစီး ၂ဝဝ မျှ ကူးလူးသွားလာနေလေသည် ။ ကွတ်ခိုင် မှာလေယာဉ်ပျံကွင်းကြီး ဆောက်လုပ်နေသည်ဟု ကြားရလေသည် ။ယင်းသို့ အင်္ဂလိပ်နယ်ချဲ့သမား၏ “ တို့မီး ရှို့မီး လုပ်မှု ”  ၊ “ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်မှု ” များကြောင့် စစ်ပွဲသည် ကျွန်တော်တို့၏ နယ်စပ်သို့ တစ်နေ့တခြား နီးကပ်လာခဲ့လေပြီ ။


အင်္ဂလိပ်နယ်ချဲ့သမား၏ ' အလျှော့ပေးရေး ' ပေါ်လစီကို အစွမ်းကုန် အသုံးချသော ဂျပန်သည်ကျွန်တော်တို့ ဗမာပြည်တွင်းသို့လည်း အသွင်အမျိုးမျိုးဖြင့် ဝင်လျက်ရှိလေသည် ။ ဂျပန်သွားစိုက်ဆရာ ၊ ဂျပန် ဓာတ်ပုံဆရာ ၊ ဂျပန် ကုန်သည်များ မှိုလိုပေါက်လာ၏ ။ ဂျပန်မြန်မာ ဆက်ဆံရေးအသင်းများ ပေါ်လာ၏ ။ ဂျပန်ပြည်သို့ ဗမာကျောင်းသားများ ပညာသင်လာပါဟု ဖိ်တ်ကြားလျက် ရှိ၏ ။ ဂျပန်ပြည်တွင် အနှစ်၂၀ ကျော်နေသဖြင့် ဗမာတွေကပင် မေ့နေပြီဖြစ်သော ဦးစံညွန့်သည်ပင် ဗမာပြည်သို့ ပြန်လာကာ ဂျပန်မြန်မာဆက်ဆံရေးဝါဒ ဖြန့်လျက်ရှိပေ၏ ။ မစ္စတာမူရာကာမိ ခေါင်းဆောင်သော ဂျပန်ကုန်သည်ကြီးများသည် အသစ်ဆောက်ပြီးစဖြစ်သော ရန်ကုန်မြို့တော်ခန်းမကြီးတွင် ဂျပန်ကုန်စည်ပြပွဲကြီးတစ်ခု ကျင်းပလေသည် ။ နယ်ချဲ့သမားအမျိုးမျိုး၏ခြေကုပ်ယူရာဖြစ်သော ယိုးဒယားကပင်လျှင် ' လွမ်ဗီချစ် ' ဆိုသော အရာရှိကြီးတစ်ယောက်ကို ဗမာပြည်သို့ လွှတ်လေသည် ။ သူသည် နှမတော်သူ ဆိုသလိုလို ၊ ခယ်မတော်သူ ဆိုသလိုလို မိန်းမချောကလေး မစ္စပရဘိုင် အား ခေါ်ပြီး ဆရာဖြစ်သင်ကောလိပ်ကျောင်းတွင် ' ပညာသင်ရန် 'အပ်နှံခဲ့လေသည် ။ သတင်းစာများက ဤကိစ္စကို ယိုးဒယား မြန်မာဆက်ဆံရေး ကောင်းဖို့ဟုရေးကြသည် ။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား အများအပြားကား မိန်းမချောကလေးမစ္စပရဘိုင် အား သွားကြည့်ကြသည် ။ သူ၏ အလှကို ကြည်ညိုကြသည် ။ သူ့လို ဟာမကလေးကဗမာပြည် စာလာသင်သဖြင့် ဂုဏ်ယူကြသည် ။ ကျွန်တော်တို့ နိုင်ငံရေးကျောင်းသားများသာလျှင်မစ္စပရဘိုင် ၏ အဖြစ်မှန်ကို ရိပ်မိကြလေသည် ။ ' လွမ်ဗီချစ် ' နှင့် ပရဘိုင် တို့သည် ဂျပန် ကိုယ်စားလှယ်များ ဖြစ်သည်ဟု ကြားရလေသည် ။ စားကျက်လု စစ်ပွဲကြီး၏ ယမ်းတောင့်တစ်တောင့်သာလျှင် ဖြစ်ပေသတည်း ။


ယင်းသို့ နယ်ချဲ့သမားတို့က စစ်ပြင်ဆင်လှုံ့ဆော်နေသော အခြေအနေတွင် အသို့လျှင် အိမ်တွင်းမှာ စိတ်ဖြောင့်စွာ စာကုန်းကျက်နေနိုင်အံ့နည်း ။ အသို့လျှင် တက္ကသိုလ်စာကြည့်တိုက်တွင်အေးအေးဆေးဆေး လေ့လာနိုင်အံ့နည်း ။ အသို့လျှင် စာသင်ခန်း၌ အာရုံစူးစိုက်၍ သင်ခန်းစာတွေကို လိုက်နိုင်အံ့နည်း ။


ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးအရ ဗမာပြည်ကြီးကို စိုးမိုးအုပ်ချုပ် မင်းလုပ်နေသော အစိုးရ၏လုပ်ပုံတွေကို ကြည့်လိုက်ပါဦး ။


ဂျော့ဘုရင်မင်းမြတ် ဘိသိက်ပွဲသို့ နန်းရင်းဝန် ဒေါက်တာဘမော် အမှူးရှိသော ကိုယ်စားလှယ်တော်များ လွှတ်ရသည့်အတွက် ငွေ ၅၅ဝဝဝ - သုံးပြီး ၊ မြန်မာနိုင်ငံမှာ စက် မှုလက် မှု ဖွံဖြိုးရေးအတွက်ကား ငွေ ၅ဝဝဝဝ - သာလျှင် သုံးလေသည် ။ စစ်တပ် ၊ ထောင် ၊ ပုလိပ် စသည်တို့အတွက်ယခင်ယခင်များကထက် ငွေပိုသုံးလျက် ရှိသည် ။ ထိုစစ်တပ် ၊ ထောင် နှင့် ပုလိပ် တို့မှာ နှစ်စဉ်ငွေပေါင်း ၆ ကုဋေ မှ ၁ဝ ကုဋေ အထိ အမြတ်ယူနေသော ရေနံမြေဓနရှင်များထံမှာ အခကြေးငွေအဖြစ် နှစ်စဉ်ငွေ ရသန်းမှ ၁ဝ သန်း အထိသာ ရနေသော အလုပ်သမားတို့၏ လှုပ်ရှားဆူပူဆန့်ကျင်မှုများကို ဖိနှိပ်ရန်သာ ဖြစ်နေပေသည် ။ ညွန့်ပေါင်းအစိုးရသည် သစ်တောတင်ဒါကိုငွေအနည်းဆုံးပေးသော သစ်တောရေးရောဝန်ကြီးချုပ် ဦးပု ၏ မိတ်ဆွေ ချပ်သင်းဦးဘတင် အားပေးခဲ့လေသည် ။ ရာထူးနှင့် မျှား၍ ငါးပွင့်ဆိုင်ကို ဖဲ့ထုတ်ရသော ညွန့်ပေါင်းအစိုးရသည်မန္တလေးမှ ဦးဘဦး အား အခွန်တော်ဝန်ကြီး အဖြစ် ခန့်လိုက်သည် ။ ခန့်ပြီးမျှ မကြာခင် ဝန်ကြီးချုပ်ဦးဘဦး သည် အရက် မူးမူးဖြင့် နေရှင်နယ်ကလပ် အပေါက်စောင့် ဗမာကလေးအား လက်သီးနှင့် ထိုး၍ ဝန်ကြီးစွမ်း ပြလိုက်လေသည် ။ မြေလတ်မှ မင်းတိုင်ပင်အမတ် တစ်ယောက်သည် အပျက် မကလေးတစ်ယောက် နှင့် ပျော်တပြုံးပြုံး မော်မဆုံးရှိနေဆဲ အမတ်မင်း ခြောက်လုံးပြူးကို ကစားမိသဖြင့် ပေါင်ကို ထိမှန်ခဲ့လေသည် ။ ရှမ်းပြည်နယ် နှင့် နယ်ခြားဒေသ ဥပဒေအရ အမျိုးသားရေးလုပ်ငန်း ၊ ဆင်းရဲသား လူထုလုပ်ငန်းများ ဗမာပြည်မှ ယင်းဒေသများသို့ မကူးစက်စေရန်ဦးကွာပိန္ဒာဓိပတိ အား မြစ်ကြီးနား မှ လည်းကောင်း ၊ သခင်တင်လှိုင် အား တောင်ကြီး မှ လည်းကောင်း ၊ ကိုဉာဏ် အား နမ္မတူ မှ လည်းကောင်း နှင်ထုတ်ခဲ့လေသည် ။


ဤသည်တို့ကား အင်္ဂလိပ်နယ်ချဲ့ နှင့် ၎င်း၏ ဗမာပြည်ရုပ်သေးအစိုးရ၏ အခြေအနေတည်း ။ဤနယ်ချဲ့အစိုးရမျိုး အောက်တွင် ကျွန်တော်သည် အသို့လျှင် ကျေနပ်ရောင့်ရဲ ဆိတ်ငြိမ်စွာ နေနိုင်အံ့နည်း ။ အသို့လျှင် ဤအစိုးရမျိုး၏ အမှုတော်ကို ထမ်းရွက်ရန် ရည်ရွယ်ချက်ဖြင့် ပညာကိုသင်နိုင်အံ့နည်း ။


ခက်တယ် အဖေ ၊ ခက်တယ် ။ အဖေ့ ဩဝါဒအတိုင်း နိုင်ငံရေးမှာ ဝင်မပါဖို့ ကြိုးစားတာပဲ မရဘူး ။သခင်တွေနဲ့ မပေါင်းဘဲနေဖို့ ကြိုးစားတာပဲ ၊ မအောင်ဘူး ။ ပြေးနေတဲ့ ဘတ်စ်ကားပေါ်မှာရောက်ပြီးသား ခြေလှမ်းကို ရုပ်သိမ်းပြီး ခုန်ချဖို့ ကြိုးစားကြည့်တာပဲ ၊ အထ မမြောက်ဘူး ။ လဲကျခြေကျိုးမှာကိုတောင် ကြောက် မိသေးတယ် ။


◾သိန်းဖေမြင့် 


📖 အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


 .

No comments:

Post a Comment