Tuesday, September 28, 2021

နင်လားဟဲ့ ဓနရှင်


 ❝  နင်လားဟဲ့  ဓနရှင် ❞


တက္ကသိုလ်သမဂ္ဂတိုက်သို့ ပြန်ရောက်သောအခါ ကိုသိန်းအောင် တို့ထံမှ သတင်းထူးတစ်ခုကို

ကြားရလေသည် ။ အထက်လွှတ်တော်အမတ် သူဌေးဦးသွင် ၊ မြို့မကျောင်းဆရာကြီး ဦးဘလွင် ၊

ဗြိတိသျှဘားမား ဦးညွန့် ၊ ပွဲစားကြီး ဦးဘိုးဗြော့ စသော မြို့မိမြို့ဖ လူကြီးများသည်

ကျောင်းသားများ၏ တောင်းဆိုချက်ကို ရအောင် ညွန့်ပေါင်းအစိုးရ နှင့် စေ့စပ်ဆွေးနွေးနေသည်

ဆိုသော သတင်းဖြစ်ပေ၏ ။


ညွန့်ပေါင်းအစိုးရသည် ကျောင်းသားများ၏ တောင်းဆိုချက်ကို လူကြီးများ၏ စေ့စပ်ချက်ကြောင့်

လိုက်လျောမည် ၊ မလိုက်လျောမည် မသိနိုင်သော်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ပို၍လုပ်လာသည်ဟု

ဆိုရပေမည် ။ အရင်က အောက်ပိုင်းများကိုသာ ဖမ်း၏ ။ ယခု အထက်ပိုင်းကို ဖမ်းစပြုလေပြီ ။

ဇန်နဝါရီလ ၁ဝ ရက်နေ့ နိုင်ငံရေးကွန်ဖရင့်ကြီး ပြီးလျှင်ပြီးချင်း နောက်တစ်နေ့တွင် သခင်နု အား

ဖမ်းဆီးခဲ့၍ ၁၄ ရက်နေ့တွင် တက်ဘုန်းကြီးကိုသိန်းဖေ အား ဖမ်းပြီးနောက် ၂၃ ရက်နေ့ နံနက်တွင်

ကား တို့ဗမာ ထိပ်ပိုင်းခေါင်းဆောင် အားလုံးကို သိမ်းကျုံး ဖမ်းလိုက်လေသည် ။ တို့ဗမာ

အစည်းအရုံးကြီး သည် လက်နက်ကိုင် ပုန်ကန်ရန် ရွှေတိဂုံ မှာ လက်နက်တွေ စုနေကြပြီဟု သတင်း

လွှင့်ကာ ဌာနများကို လည်းကောင်း ၊ သခင်ကိုယ်တော်မှိုင်း ၏ အိမ်ကို လည်းကောင်း ၊ ပုလိပ်နှင့်

စစ်တပ်များ တက်ရောက် ရှာဖွေလေသည် ။ နံနက် ၅ နာရီတွင် ရန်ကုန်ပုလိပ်မင်းကြီး အမှူးပြုသော

စစ်ပုလိပ်တပ်ဖွဲ့သည် ဖိနပ်မချွတ်ဘဲ ရွှေတိဂုံရင်ပြင်ပေါ်သို့ တက်ကာ မော်လမြိုင်ဇရပ် ကို

ဝိုင်းလျက် သခင်သန်းထွန်း ၊ ထိပ်တင်ကိုယ်တော်ကြီး သခင်အာစရ ၊ သခင်အောင်ဆန်း ၊

သခင်လှသောင်း ( ဘတ်စ်ကားခေါင်းဆောင် ) ၊ သခင်အေးကြည် ၊ သခင်သင် ၊ သခင်လှစော

( ပေါင်းတည် ) ၊ သခင်ထွန်းစိန် နှင့် သခင်ဘသာ တို့ကို ဖမ်းလေသည် ။ တိုက်ပ်ရိုက်တာ ၊ စာရွက်

စာတမ်းနှင့် ဖိုင်တွဲများကိုလည်း သိမ်းယူသွားလေသည် ။


ဒီးဒုတ်ဦးဘချို အားလည်း သူ့နေအိမ်မှ ဖမ်းဆီးသွားလေသည် ။


သို့ဖြင့် အရေးတော်ပုံ၏ ခေါင်းဆောင်မှု တစ်ခုလုံးကို ယိမ်းပါးသွားအောင် နယ်ချဲ့သမား နှင့်

ညွန့်ပေါင်းအစိုးရ တို့က တစ်ထစ်တက်၍ ကြံစည်အားထုတ်လိုက်ပြန်ပြီ ။


သို့သော် -


တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ။


ဒုတိယဥက္ကဌ သခင်လှဘော် က ဥက္ကဌ ထိပ်တင်ကိုယ်တော်ကြီး နေရာ ။


သခင်လေးမောင် က ဒုတိယ ဥက္ကဌ နေရာ ။


သခင်တင်မောင်ကြီး က အထွေထွေအတွင်းရေးမှူး နေရာ ။


သခင်မြသိန်း ၊ သခင်ကျော်သိန်း ၊ သခင်အုန်းမြင့် ၊ သခင်ခင်မောင် စသည်တို့ကလည်း နေရာ

အသီးသီးတွင် အစားထိုးလိုက်ကြလေသည် ။


ဝိုင်အမ်ဘီအေ သခင်တင် သည် တို့ဗမာသီချင်းကို သီကုံးစပ်ဆိုကာ တို့ဗမာများ၏ နိုးကြားလာသော ' တို့ဗမာ ' အသိနှင့် ' သခင် ' စိတ်ဓာတ်ကို ထင်ဟပ်ဖော်ပြခဲ့လေသည် ။ ၁၃ဝဝ ပြည့်နှစ်

ကျွန်တော်တို့ အရေးတော်ပုံ၏ ပစ္စည်းမဲ့ လူထုအသိ ၊ ဓနရှင်နယ်ချဲ့ ဆန့်ကျင်ရေးအမြင် နှင့်

ခုခံတွန်းလှန်ရေး စိတ်ဓာတ်ကိုကား ဒဂုံဆရာတင် သို့မဟုတ် ဒဂုံသခင်တင် သည် ' နင်လားဟဲ့

ဓနရှင် ' သီချင်းဖြင့် ထင်ဟပ်ဖော်ပြလိုက်ပေသည် ။


အမျိုး ၊ တို့ဗမာကွဲ့ ၊ ကိုးရာမဲ့တွေအသွယ်သွယ် ၊ ငွေဂုဏ်ရှင်ဓနခြေဖဝါး ၊

တို့များကိုကွယ်..... ၊ နင်းထားကြတော့တယ် ၊ ( ပြည်ပိုင်မင်းဥပဒေတွေနဲ့ညှဉ်း ၊

ဓနရှင်ကိုတော့ပင်း ၊ အရင်းခံအကြောင်းရယ် ၊ အတွင်းဉာဏ်မကောင်းတယ် )၂ ။

ကုန်ရောင်းလာကြ ၊ လောဘဇောတွေခြယ်လှယ် ၊ အဆီတွေစားကာ အသားတွေ

မျိုလို့ကွယ် ၊ အကျန်တွေ အရိုးတွေဝေတယ် ၊ မသေရုံ ဟပ်ရလေပေါ့ တကယ် ။

( မညှာပေ ကြာလေဖိတယ် ) ။ ( ဒါကြောင့် သပိတ်တွေကို လက်ကိုင်ရှိကြတယ် )


( ငါးကြင်းဆီ ငါးကြင်းကြော်သည့်နှယ် ။ တို့မြေကြီးဝယ် ၊ တို့ကိုစီးကာ ရင်းနှီးသူတို့ရယ် ) ၊ နင်လားဟဲ့ ၊ နင်လားဟဲ့ ၊ ယောကျာ်းဘသား

ကုပ်သွေးစုပ်တာ တို့မခံတယ် ၊ ကမ္ဘာရန် နင့်ဉာဏ်သိပေါ့ကွယ်)


( မညှာပေ ကြာလေဖိလေတယ် ၊ ဒါကြောင့် သပိတ်တွေကို လက်ကိုင်

ရှိကြတယ် )


( ယောကျာ်းဘသား ၊ နင်လားဟဲ့ ဓနရှင်ရယ် ၊ အားစွမ်းမြင်စေမယ် ။

လူများစုနေရာမှာ စွာကျယ်ကျယ် ၊ နယ်ချဲ့သူတွေ ချိုးနှိမ်လေမှကွယ် )၂ ။

မြန်မာပြည်ဝယ် ၊ ကြံတာလီဆယ် ။ “ တို့ရဲ့ ”  မြန်မာပြည်ဝယ် ၊

ထင်တိုင်းခြယ်လှယ် ၊ ဖိနှိပ်လေတော့တယ် ၊ လိုအင်ဆန္ဒကြွယ် ။

( မညှာပေ ကြာလေဖိတယ် ၊ ဒါကြောင့် သပိတ်တွေကို လက်ကိုင်ရှိကြ တယ် ။ )


အင်္ဂလိပ်နယ်ချဲ့နှင့် လက်ပါးစေ ညွန့်ပေါင်းအစိုးရတို့က ဖိနှိပ်ကြသည် ။


ကျွန်တော်တို့ အလုပ်သမား တောင်သူလယ်သမား ကျောင်းသား နှင့် မြို့နေ လုပ်စားကိုင်စား

လူအများက ခုခံတိုက်ခိုက်ကြသည် ။ သပိတ်တွေ မှောက်ကြသည် ။ ဆန္ဒပြကြသည် ။


သူတို့က ဘွတ်ဖိနပ်ကြီးတွေ မချွတ်ဘဲ ရွှေတိဂုံကုန်းတော်ပေါ်တက်၍ တို့ဗမာအစည်းအရုံး

အလုပ်အမှုဆောင် လူကြီးများကို ဖမ်းသည် ။ တို့ဗမာအစည်းအရုံး ခေါင်းဆောင်များဖမ်းသော

အပြစ်သာမက ဘုရားပေါ် ဘွတ်ဖိနပ်စီးတက်ကာ ဘာသာကိုစော်ကားသော အပြစ်လည်း

ကျူးလွန် ပြန်လေသည် ။


တစ်ပြည်လုံးရှိ ဗမာအပေါင်းကလည်း မြိတ် ကနေ မြစ်ကြီးနား အထိ ။


“ တို့ဗမာခေါင်းဆောင်တွေကို ဖမ်းပြီး တို့ဗမာအစည်းအရုံးကို မတရားသင်းကြေညာဖို့ လုပ်ကြံနေပြီ ။ ဖော်ထုတ်ကန့်ကွက်ကြ ” ဟု လည်းကောင်း ၊


“ ဘာသာကို စော်ကားနေကြပြန်ပြီ ၊ ငုံ့ခံမနေကြနှင့် ” ဟု လည်းကောင်း တပ်လှန့်လှုံ့ဆော်ကာ

ကန့်ကွက် စည်းရုံးကြလေသည် ။


အတွင်းဝန်ကြီးများရုံး ကျောင်းသားများ ဝိုင်းစဉ် ပုလိပ်ရိုက်တုန်းက တစ်ချီ ၊ ယခု တချီ ၊ ပြည်လုံးကျွတ် ကန့်ကွက်ဆန္ဒပြပွဲများ ပေါ်လာခဲ့ပြန်လေသည် ။


ယခုတစ်ကြိမ် ညွန့်ပေါင်းအစိုးရနှင့် အင်္ဂလိပ်နယ်ချဲ့တို့က ပို၍ အကြမ်းဖက်ကာ နှိပ်ကွပ်လာသည် ။ မျက်ရည်ယိုဗုံး ၊ ပုလိပ်နံပါတ်တုတ် စသည်တို့ကိုသာမက သေနတ် နှင့် လှံစွပ် ကိုပါ

တွင်တွင်ကြီး သုံးလာလေသည် ။


သို့သော် လူထုကမူ အကြမ်းမဖက် ၊ အကြမ်းဖက်ရန် သူတို့လို လက်နက်ခဲယမ်း မရှိ ။ အနုနည်း

ရှိသမျှကိုသာ ရေလဲနှင့်သုံးပြီး ခုခံတွန်းလှန်ရလေသည် ။ လူထုအနုနည်းကား ထုထည် ပိုကြီးလာသည် ။ ပို၍ စွန့်စားလာသည် ။ ရုံးဝိုင်း ၊ ဂါတ်ဝိုင်း ၊ ထောင်ဝိုင်း ။


သန်လျင်တွင် က̶̶ု̶̶လ̶̶ာ̶̶း̶ ဗမာ အလုပ်သမား ၆ဝဝ ကျော်က ဆန္ဒပြချီတက်ရာ ပုလိပ်က ရိုက်ပြီး

လူစုခွဲသည် ။ ရန်ကုန် ၊ ပုဇွန်တောင် ဌာနကို အရပ်သူအရပ်သားတို့ ဝိုင်းရာ ပုလိပ်များက

မျက်ရည်ယိုဗုံး ဖေါက်ခွဲရုံမက တုတ်နှင့်လည်း ဝင်ရိုက်ကာ လူစုခွဲသည် ။


အာလံ တွင် သခင်ခေါင်းဆောင် နှင့် ကျောင်းသားများကို ဖမ်းသွားရာ လူထုက ဂါတ်ကိုဝိုင်းပြီး

လွှတ်ရန် တောင်းဆိုသည် ။ ပုလိပ်က မြင်းနှင့် ဝင်တိုက် ၊ နံပါတ်တုတ်နှင့် ရိုက်ခွဲ ၊ နောက်

သေနတ်နှင့်ပစ်ရာ လူ ၅ဝ ဒဏ်ရာ ရ၍ ၊ ကိုဘဖိုး ဆိုသူမှာ ကြီးမားသော သေနတ်ဒဏ်ရာဖြင့်

သေဆုံးသွားရလေသည် ။ ဝိုင်းကြသော လူထုထဲတွင် စတီးဆီစက် မှ မိန်းမ အလုပ်သမားများ ပါရာ

မြင်းခွာနှင့် အနင်းခံရသဖြင့် မေ့မြောနေကြလေသည် ။ လူစုခွဲပြီးနောက် အဖမ်းခံရသော စတီး

အလုပ်သမား ငါးယောက်အား နယ်ပိုင် ဦးဖေ သည် ပုဒ်မ ၁၄၃ အရ စစ်ဆေးပြီး ထောင် ၃ လ

ချလိုက်၏ ။ အမှုစစ်ပြီး သရက်ထောင်သို့ ပို့သည်အထိ ပေါင်းနှစ်နာရီသာ ကြာလေရာ ၂ နှစ်

ကြာအောင် စစ်လေ့ရှိသော အခြားအမှုများနှင့် ကွာလှပေ၏ ။ နယ်ချဲ့အင်္ဂလိပ်အား တိုက်ရိုက်

ထိသော အပြစ်ပေကိုး ။ တရားမင်းတို့ လက်သွက်ပေမှာပေါ့ ။


မြင်းခြံ တွင် သခင်မများက လူထု ၅ဝဝဝ ၏ ရှေ့မှနေ၍ ဂါတ်ကို ဝိုင်းလျက် ရေနံချောင်း တွင်

အခွန်ထမ်းသမား ၂ဝဝဝ ကျော် က နယ်ပိုင်ဝန်ထောက်အိမ်ကို ဝိုင်းလေသည် ။ မော်လမြိုင် တွင်

သခင်သန်း နှင့် သခင်ဗစော တို့အား ဖမ်းသွားရာ ချောင်းဆုံ ၊ မုဒုံ ၊ ရေးနှင့် မော်လမြိုင်မှ လူထု

တပ်ကြီးလေးတပ် ချီတက်ပြီး ထောင်ကို ဝိုင်းကြလေသည် ။


စစ်သား နှင့် စစ်ပုလိပ် တို့ကား စစ်ကာလ ရန်သူ နိုင်ငံတစ်နိုင်ငံ သို့ ရောက်နေဘိသကဲ့သို့ ပြုမူကြ၏ ။ စစ်သားများ လိုက်ပါသော မီးသတ်စက် ကို ခဲနှင့် ပေါက်ပါသည် ဆိုပြီး ပုဇွန်တောင်ဈေး

အနီးရှိ ပုဇွန်တောင် စတိုးဆိုင်တွင်းသို့ စစ်သားများဝင်ပြီး ဆိုင်ရှင်ကို လှံစွပ်နှင့် ထိုးလေသည် ။

သိမ်ကြီးဈေး တွင် ပုလိပ် က လူတစ်ယောက်အား ဖမ်းရာ လူထု ဝိုင်းတားကြသည် ။ စစ်တပ်က

လှံစွပ်ဖြင့် လိုက်ထိုးလေသည် ။ ညဆိုလျှင် ရန်ကုန်မြို့ပေါ်၌ စစ်တပ်များ လုံးဝမင်းမူနေကြ၏ ။

ရိပ်ခနဲမြင်လျှင် လှမ်းပစ်တတ်လေသည် ။


သူတို့ဘက်က ဤမျှ အကြမ်းဖက်နေစဉ် ကျွန်တော်တို့ ဘက်က လက်နက်ကိုင်စွဲမှု မပါသော လူထု

တိုက်ပွဲများဖြင့်သာ တုံ့ပြန်ရလေသည် ။ လက်နက်ကိုင်စွဲသော လူထုတိုက်ပွဲဆင်နွဲရန် အခြေ မရှိဟု

ယူဆထားကြပေသည် ။ ထို့ကြောင့် ကျောင်းသားခေါင်းဆောင်များ၏ ကြေညာချက်များတွင်သော်

လည်းကောင်း ၊ တို့ဗမာအစည်းအရုံး သခင်ခေါင်းဆောင်များ၏ မိန့်ခွန်းများ၌ လည်းကောင်း ၊

အကြမ်းမဖက်နှင့် ဟူသော စကားကို အမြဲလိုလို ထည့်သွင်း ဖော်ပြနေကြပေ၏ ။ သို့နှင့်လည်း

 အကြမ်းဖက်ခြင်းကို မှန်မှန်ကြီး ကျူးလွန်နေသော နယ်ချဲ့သမားနှင့် ညွန့်ပေါင်းအစိုးရသည်

အကြမ်းဖက်ရန် ကြံစည်ပါသည် ဟု လည်းကောင်း ၊ လှုံ့ဆော်ပါသည် ဟု လည်းကောင်း သူခိုးက

လူပါ ဟစ်နေလေသည် ။


အကြမ်းဖက်ပြီး အစိုးရအား ပြန်လှန့်ရန် အကြမ်းကိုင် ခြောက်လှန့်ရေးသမားတစ်စု ရှိနေပြီ

ဟုကား သိနိုင်ပေ၏ ။ ရန်ကုန်မြို့လယ်ကောင်တွင် ဒေါက်တာဘမော် ၏ မော်တော်ကားကို ပေထုပ်

နှင့် ထုခဲ့သည် ။ နယူးအိက်ဆယ်လ်စီယား ရုပ်ရှင်ရုံရှေ့နှင့် ပုလိပ်ရုံးကြီးတွင် ဗုံးဖောက်ခွဲခဲ့လေသည် ။ ထိုသူတို့ကား မည်သူများဖြစ်ကြသည်ဟု ကျွန်တော်တို့ မသိခဲ့ ။ သိလျှင်လည်း သူတို့

လုပ်ငန်း မှားကြောင်း ၊ သူတို့လုပ်ငန်းကြောင့် နယ်ချဲ့နှင့် ညွန့်ပေါင်းအား ဘာမျှအရာမထင်စေဘဲ

သူခိုးလက် ဓားရိုးကမ်းသလိုသာ ဖြစ်နေကြောင်း ပြောဆို၍ အကြမ်းကိုင် ခြောက်လှန့်ရေးဝါဒကို

တိုက်ဖျက်ကြမည် ဖြစ်လေသည် ။


လက်နက် မကိုင် ၊ အကြမ်းမဖက်သော လူထုတိုက်ပွဲများကား ဆက်လက်ပေါ်ပေါက်နေပေ၏ ။


အရေးတော်ပုံတိုက်ပွဲများတွင် မပါဝင်သေး ၊ ကြွင်းကျန်နေသေးသော လူထု အစိတ်အပိုင်းများသည်

ပွဲဝင်လာလေသည် ။


ရန်ကုန် တွင် ဝမ်းဆွဲဆရာမများက အစည်းအဝေးကျင်းပပြီး ဖိနှိပ်ချုပ်ချယ်မှုများကို ကန့်ကွက်ကြလေသည် ။


ရန်ကုန်မြို့လုံးကျွတ် အမျိုးသမီးများ အစည်းအဝေးတစ်ရပ်ကို ဒေါ်သက်စု က ဥက္ကဌ ၊ မခင်မြ

( ခင်မျိုးချစ် ) က အတွင်းရေးမှူးအဖြစ်ဖြင့် ခေါ်ဆို ကျင်းပပြီး ဖိနှိပ်ချုပ်ချယ်မှု ကန့်ကွက်ခြင်း ၊ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုခြင်း ဆုံးဖြတ်ချက် များ ချမှတ်လေသည် ။


အစိုးရက စစ်တပ်နှင့် ပုလိပ်များသုံးစွဲရန် ဘတ်စ်ကားများ ငှားသောအခါ ဗမာပိုင် ဘတ်စ်ကားများက မလိုက်ဘဲ နေကြရာ အစိုးရက ဘတ်စ်ကားများကို အစိုးရက အလိုရှိလျှင် မငှားဘဲ မနေရ

 ဟူသော အရေးပေါ် ဥပဒေတစ်ရပ် ထုတ်လေသည် ။ ထိုအခါ ဘတ်စ်ကားပိုင်ရှင်များ ပါဝင်လာကာ

ဘတ်စ်ကားသပိတ် မှောက်ကြလေ၏ ။ ဘတ်စ်ကားသပိတ်တားရင်း ပြေးနေသောဘတ်စ်ကားရှေ့

မိမိကိုယ်ကိုယ် ပစ်လှဲသူများပင် ပေါ်လာခဲ့ပေ၏ ။


မုံရွာခရိုင် ကူတော်ရွာ ၌ ရွာပေါင်း ၃၆ ရွာမှ တောင်သူလယ်သမား ၁၅ဝဝ ကျော်တို့ စည်းဝေးပြီး

အခွန်တော် လျှော့ပေါ့ရေး ၊ ရွှေ့ဆိုင်းရေး နှင့် လျှော်ပစ်ရေး များကို တောင်းဆိုကြသည် ။ မုံရွာ သို့

အင်အားပြ ချီတက်ရန်လည်း ဆုံးဖြတ်ကြ၏ ။


မြင်းခြံခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ စတိမ်းရွာ မှာ လူ ၂ဝဝ ကျော် စည်းဝေးပြီး အခွန်တော်

လျှော့ပေါ့ရေး ၊ ရွှေ့ဆိုင်းရေးနှင့် လျှော်ပစ်ရေးများကို တောင်းဆိုကြသည် ။ ၎င်းပြင် “ ကြွေးမြီနှင့်

ဓနရှင်တို့၏ ဘေးမှလွတ်ရန် အမတော်ကြေးငွေ တစ်ဦးလျှင် ၁ဝဝ ကျပ် ထက် မနည်း ၃ နှစ်ဆိုင်းဖြင့် ချေးရန် ” တောင်းဆိုကြသည် ။ ထိုအစည်းအဝေး၌ မကြာမီက ထောင်မှလွတ်လာသော

ရာဇဝတ်မှုအကျဉ်းသမား ကိုထွန်းဦး ဆိုသူက “ ယခု ကိုအောင်ကျော် သေခြင်း ၊ ကျောင်းသားများ

အဖမ်းခံခြင်း ၊ သခင်များ နစ်နာခံခြင်းများသည် ဆင်းရဲသားအကျိုးအတွက်သာ ဖြစ်ကြောင်း ” ဟောပြောလေသည် ။


ကြည့်ပါဦး ။ ရာဇဝတ်မှုကျူးလွန်သည်ဆိုပြီး သူ့အား ထောင်ချထားခဲ့သည် ။ ထောင်ထဲမှာ

နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ကြားခဲ့ရသည် ။ နိုင်ငံရေးတရား နာခဲ့ရသည် ။ ထောင်က

လွတ်၍ ရွာပြန်သောအခါ တောင်သူလယ်သမားတို့၏ တိုက်ပွဲများကို စည်းရုံးလေပြီ ။

အရေးတော်ပုံ လှုပ်ရှားမှုကား ဆီလိုအပေါက်ရှာ၍ တောကြိုတောင်ကြား ကျေးရွာများသို့ပင်

ရောက်ခဲ့လေပြီ ။


ဤသို့သော အခြေအနေတွင် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလွှတ်တော်ကို

ခေါ်ခဲ့လေသည် ။


မြို့မကျောင်း ကား လွှတ်တော် ကျင်းပရာဌာန ဖြစ်ပေ၏ ။


ရန်ကုန်တက္ကသိုလ် နှင့် ရန်ကုန်မြို့ အင်္ဂလိပ်မြန်မာ နှင့် မြန်မာစာသင် ကျောင်းပေါင်းစုံမှ ကိုယ်စားလှယ်များအပြင် မြို့နယ်ပေါင်း ၁၂၄ နယ် မှ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ကြလေသည် ။


တက်ရောက်ကြသော ကျောင်းသားကိုယ်စားလှယ် အားလုံးသည် သပိတ်တိုက်ပွဲများ ၊ ဆန္ဒပြချီတက်ပွဲများ ၊ ဂါတ် ၊ ထောင်ဝိုင်း၍ အကျပ်ကိုင် အရေးဆိုပွဲများမှ တက်လာခဲ့ကြသူတို့ ဖြစ်ရာ

 အရေးတော်ပုံသွေးဖြင့် တက်ကြွနေကြသည် ။ တိုက်ပွဲအရပ်ရပ် ၊ အတွေ့အကြုံ အမျိုးမျိုး  မှ

သင်ခန်းစာယူရန် စိတ်အားထက်သန်နေကြသည် ။ ဘယ်တောင်းဆိုချက်များတွင် စူးစိုက်၍ တိုက်ပွဲ

ဆင်ရမည်ကို ဆန်းစစ်ရွေးချယ်ကြမည် ။ ရှေ့လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ချမှတ်လိုက်ကြသည် ။


အစည်းအဝေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း က ဖွင့်၏ ။ ဆရာကြီး၏ မိန့်မြွက်စကားမှာ

ရိုက်နှက်ဖိနှိပ်ခြင်း အမျိုးမျိုးကို ခံနေရသော ကျောင်းသားများအတွက် သူကိုယ်တိုင်ခံစားရသလို

နာကြည်းသော အဓိပ္ပာယ် “ နယ်ချဲ့အင်္ဂလိပ် နှင့် ရှူးတိုက်တိုင်း ကိုက်တဲ့ ခွေးမသား ညွန့်ပေါင်း

အစိုးရ ကောင် ” တွေ အပေါ် ဒေါသူပုန်ဖြစ်သော အဓိပ္ပာယ် ၊ ကျောင်းသားများအား အနိုင်မခံ

အရှုံးမပေးဘဲ ဆက်လက်တိုက်ခိုက်စေရန် အားပေးသည့်အဓိပ္ပာယ်ကို ဆောင်လေသည် ။ သို့သော်

ကျွန်တော်သည် ဆရာကြီး ထိုမိန့်ခွန်းကို ပြောနေစဉ်တစ်လျှောက်လုံး ဆရာကြီး၏ မျက်နှာသည်

တည်ငြိမ်နေသည် ။ ဆရာကြီး၏ အသံသည် အေးချိုနေသည်ကို အထူးသတိပြုလိုက်မိပေ၏ ။


ကိုလှရွှေ သည် အာမခံဖြင့် ထောင်မှ လွတ်လာသော်လည်း အစည်းအဝေးတွင် ဥက္ကဌ အဖြစ်ဖြင့်

မဆောင်ရွက် ။ မူလအစီအစဉ်အတိုင်း ကိုသိန်းအောင် က ဥက္ကဌ အဖြစ်ဖြင့် လည်းကောင်း ၊

ကိုအေးကျော် က အတွင်းရေးမှူးအဖြစ်ဖြင့် လည်းကောင်း ဆောင်ရွက်လေသည် ။


အစည်းအဝေး စလျှင်စချင်း ကိုအေးကျော် က ရန်ကုန်ထောင်တွင်း မှ ထိပ်တင်ကိုယ်တော်ကြီး ၊

ဒီးဒုတ်ဦးဘချို ၊ ကိုနု ( သခင်နု ) ၊ ကိုသိန်းဖေ ( တက်ဘုန်းကြီး သခင်သိန်းဖေ ) စသူတို့ ရေးသား

ပေးပို့သောစာကို ဖတ်ပြလေသည် ။


တန်းလျား နံပါတ် ( ၇ )

ရန်ကုန်ထောင်ကြီး

၃ဝ. ၁. ၃၉


ရဲဘော်တို့ ကျောင်းသား ၊ အလုပ်သမား နှင့်တောင်သူလယ်သမား တို့ 


သွေးစည်းကြလော့

ဟူသော ကြွေးကြော်သံဖြင့် ငါတို့သည် အရေးတော်ပုံကြီး အတွင်းသို့ ဝင်ခဲ့

ကြ၏ ။ ထိုကြွေးကြော်သံကို လိုက်နာပြီး လုပ်ဆောင်မှုကြောင့် သင်ရဲဘော်တို့သည် အရိုက်ခံရပြီ ။ ထောင်တန်း အချခံရပြီ ။ ညှဉ်းပန်းခြင်းအမျိုးမျိုး ခံရပြီ ။

သို့သော် ရဲဘော်တို့သည် ထိုကြွေးကြော်သံကို ဟစ်ကြွေး၍ နောက် မတွန့်ဘဲ

ချီတက်လျှင် ငါတို့၏ အရေးတော်ပုံ အောင်မြင်သည်ကို တွေ့လိုက်ရမည်

ဖြစ်သတည်း ။

            ထောင်တွင်းရဲဘော်များ


ဆုံးဖြတ်ချက် အမှတ် - ၁ မှာ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဆိုင်သည် ။ ဖမ်းထားသော နိုင်ငံရေး အကျဉ်းသမားများကို လွှတ်ပစ်ရန် ၊ အရေးတော်ပုံလုပ်ငန်းများနှင့် ပတ်သက်၍ တရားစွဲထားသည်များကို

ရုပ်သိမ်းရန်နှင့် ပြည်သူ့လွတ်လပ်မှုများကို ချုပ်ချယ်သောဥပဒေများကို ရုပ်သိမ်းရန်တို့ ဖြစ်လေသည် ။


ဆုံးဖြတ်ချက် အမှတ် - ၂ မှာ ကျောင်းသားတို့အား ကျောင်းပြန်တက်သောအခါ အရေးတော်ပုံတွင်

ပါဝင်ခဲ့ခြင်းအတွက် အပြစ်ယူခြင်း မပြုရန်နှင့် စာမေးပွဲများကို ကျောင်းပြန်တက်ပြီး ၃ လ ကြာမှ

ကျင်းပရန် ဖြစ်လေသည် ။


ဤဆုံးဖြတ်ချက်ကို ကြည့်လျှင် ကျောင်းသားများသည် ထာဝစဉ် သပိတ်မှောက်ထားရန် မရွယ် ။

သင့်လျော်သောအချိန်တွင် ကျောင်းပြန်တက်ပြီး စာပေလေ့လာကြမည် ဆိုသည်ကို ပြပေသည် ။


နောက် အဆိုတစ်ရပ်မှာ အတွင်းဝန်ကြီးများရုံး ပတ်ဝန်းကျင်တွင် ကျောင်းသားများအား ပုလိပ်က

ရိုက်နှက်လူစုခွဲခြင်းနှင့် ပတ်သက်ပြီး စုံစမ်းရန် ကျောင်းသားသမဂ္ဂက သဘောတူသော ပုဂ္ဂိုလ်များပါသည့် ခုံသမာဓိအဖွဲ့ ခန့်ပေးရန် တောင်းဆိုလေသည် ။


နောက်ဆုံး ဆုံးဖြတ်ချက် မှာ ၉၁ - ဌာနအုပ်ချုပ်ရေး ( ဝါ ) ၁၉၃၅ ခုနှစ် ၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေး

ဥပဒေအရ တည်ထောင် စခန်းသွားနေသော အင်္ဂလိပ်ညွန့်ပေါင်းအုပ်ချုပ်ရေးကို တိုက်ဖျက်ရန်

အစီအစဉ်များ ချမှတ်လေသည် ။

( ၁ )  ညွန့်ပေါင်းအစိုးရ ( ဝါ ) ဒေါက်တာဘမော် ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့ နုတ်ထွက်ရမည် ။

၎င်းနေရာတွင် ဘယ်အမတ်ကမျှ တက်ပြီး အစိုးရအဖွဲ့မဖွဲ့ရ ။

( ၂ ) အမျိုးသားစီးပွားရေးထွန်းကားပြီး ဗြိတိသျှစီးပွားရေး ပြိုပျက်စေခြင်းငှာ အမျိုးသားဆိုင်များကို

အားပေးရန် တိုင်းရင်းဖြစ် ကုန်ပစ္စည်းများကိုသာ သုံးစွဲကြရမည် ။

( ၃ ) မသုံးမဖြစ်သည့် ကုန်များမှလွဲ၍ အင်္ဂလန်ဖြစ် ကုန်ပစ္စည်းများကို သပိတ်မှောက်ရမည် ။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့က သပိတ်မှောက်ရန်ဖြစ်သော

ဗြိတိသျှကုန်ပစ္စည်းများ စာရင်းကို ပြုလုပ်ရန် ဖြစ်ပေသည် ။


ဤသည်ကား ၉၁ ဌာန အုပ်ချုပ်ရေးကို တိုက်ဖျက်ရန် နိုင်ငံရေးနှင့် စီးပွားရေး လက်နက် များ

ဖြစ်ပေ၏ ။


ကျောင်းသားလွှတ်တော်သို့ တက်ရောက်လာကြသော အခြားကျောင်းသား ကိုယ်စားလှယ်များ

အဖို့တော့ ကျွန်တော် မပြောနိုင် ။ ကျွန်တော့် အဖို့တော့ ၉၁ ဌာန အုပ်ချုပ်ရေးဆိုသော ဗမာပြည်တွင်

အင်္ဂလိပ်တို့ မင်းမူကြီးစိုးနေသော အုပ်ချုပ်ရေး အဆောက်အအုံကို တိုက်ဖျက်ရန် ချမှတ်လိုက်သော နိုင်ငံရေးရေးနှင့် စီးပွားရေးအစီအစဉ်များတွင် ယုံကြည်မှုမပြင်းထန်လှပါ ။ ဒေါက်တာဘမော်

တို့က ရာထူးမှထွက်ပေးမည်ဟု မမျှော်လင့်နိုင် ။ သူတို့က ထွက်ပေးဦးတော့ ၊ အခြားအမတ်များက

သူ့နေရာ တက်ပြီး ရာထူး မယူပါဘူးဟု အာမမခံနိုင် ။ ဗြိတိသျှကုန်များကို သပိတ်မှောက်ရာမှာလည်း သိပ်ထိရောက်မည် မထင်ပေ ။ ဗြိတိသျှလုပ် အထည်အလိပ် ၊ စီးကရက် ၊ ဆပ်ပြာ စသည်လောက်ကို သပိတ်မှောက်ရုံဖြင့် ဗမာပြည် ကို ဗြိတိသျှ စီးပွားရေး လက်ဝါးကြီးအုပ်မှု မပျောက်ပျက်နိုင် ။ ပျက်နိုင်ပါ့မလား ၊ ဗြိတိသျှ၏ စီးပွားရေး လက်ဝါးကြီးအုပ်မှုမှာ ဤကုန်ပစ္စည်းများမှာ

မဟုတ် ။ ဆန်စပါး ၊ ကျွန်းသစ် ၊ ရေနံ ၊ သတ္ထု ၊ မီးသင်္ဘော ၊ မီးရထား ၊ ဘဏ်တိုက် စသည်တို့မှာ

ဖြစ်သည် ။


ဤသို့သော အုပ်ချုပ်ရေး တိုက်ဖျက်ရန် နိုင်ငံရေးနှင့် စီးပွားရေးလက်နက်များနှင့် ပတ်သက်၍

ကျောင်းသားလွှတ်တော် အစည်းအဝေးတွင်ကား အငြင်းမပွားကြ ။ အခြား အစည်းအဝေးများမှာလည်း အငြင်းမပွားကြ ။ အငြင်းပွား၍လည်း မဖြစ်နိုင် ။ လက်နက်ကိုင် ဆင်နွှဲနိုင်သော လူထု

တိုက်ပွဲအဆင့်သို့ မသွားနိုင် သမျှတော့ ဤလိုလုပ်ငန်းတွေသာ လုပ်စရာ ရှိတော့သည် မဟုတ်ပါလော ။


အစည်းအဝေးပြင်ပမှာကား အတော်အငြင်းပွားလေသည် ။ ကျွန်တော်တို့ အချင်းချင်းသာမက

သခင်နု နှင့်တကွသော တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အချို့က တစ်ဖက် ၊ ကိုသိန်းဖေ ၊

သခင်လှဖေ စသူတို့ကတစ်ဖက် အပြင်းအထန် ငြင်းခုံကြလေသည် ။ သခင်နု နှင့် သခင်ခေါင်းဆောင် အချို့ကား အိန္ဒိယကွန်ဂရက် နှင့် ဂန္ဒီဝါဒကို နမူနာထားကြကြောင်း ၊ ကလကတ္တားပြန်များ

ဖြစ်သော ကိုသိန်းဖေ နှင့် သခင်လှဖေ တို့က အိန္ဒိယပြည် ကွန်မြူနစ်ပါတီ၏ ဝါဒလမ်းစဉ်များကို

နမူနာ ရှေ့ဆောင်လမ်းပြထားကြောင်း ထိုငြင်းခုံပွဲများမှ ကျွန်တော်တို့ ကြားသိရိပ်မိရလေသည် ။

တစ်ခါက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတိုက် မှာ အခန်းပိတ်အစည်းအဝေး တစ်ခုရှိရာ

ကျောင်းသားများအပြင် သခင်နု ၊ သခင်လှဖေ နှင့် ကိုသိန်းဖေ တို့ တက်ရောက်ကြလေသည် ။

၉၁ ဌာန အုပ်ချုပ်ရေး ပျက်အောင် ဘယ်နည်းနဲ့ တိုက်မလဲဆိုသော ပြဿနာပေါ်လာရင်း အငြင်းပွားကြရာ သခင်နု က ဗြိတိသျှကုန်ပစ္စည်း သပိတ်မှောက်ရေး ၊ အမတ်များ ရာထူးမယူရေး များကို

ထောက်ခံပြောဆို၍ ကိုသိန်းဖေ က ထိုလက်နက်များသည် မထိရောက်ကြောင်း ပြောဆိုလေရာ

သခင်နု က “ ဒါဖြင့် မင်းတို့က ဘာလုပ်မလဲ ” ဟု ငေါက်ဆတ်ဆတ်ဖြင့် ကိုသိန်းဖေ အား မေးလိုက်လေသည် ။ ကိုသိန်းဖေက “ ကျွန်တော်တို့ ဗမာပြည်မှာ ခုဘာလုပ်ကြမလဲ ဆိုတာကတော့ အခု

ဆွေးနွေးနေကြတာပဲ ၊ အိန္ဒိယကွန်မြူနစ်ပါတီကတော့ ” ဟု အစချီပြီး ၉၁ ဌာနအုပ်ချုပ်ရေး နှင့်

 အိန္ဒိယ အား ပြိုင်တူပေးလိုက်သော အိန္ဒိယအုပ်ချုပ်ရေး ( ၁၉၃၅ ) ဥပဒေ ကို တိုက်ဖျက်ရန် ချမှတ်ထားသော အိန္ဒိယကွန်မြူနစ်ပါတီ ၏ ဝါဒလုပ်ငန်းစဉ်များကို ရှင်းလင်းပြောနေလေသည် ။


သူ့ရှင်းလင်းချက် များတွင် ပြည်နယ်များတွင် အမတ်အများစုရထားသော အိန္ဒိယ အမျိုးသား

ကွန်ဂရက်သည် ပြည်နယ်အစိုးများဖွဲ့ပြီး လယ်သမား ၊ အလုပ်သမား တို့အား လောလောဆယ်

သက်သာချောင်ချိရေး ၊ အခွန်အတုတ်များ လျှော့ပေါ့ရေး သီးစားခ လျှော့ပေါ့ရေးများ လုပ်ပေးရမည် ။ အလုပ်သမား ၊ လယ်သမားတို့၏ မြေပိုင်ဆန့်ကျင်ရေး ၊ အင်္ဂလိပ်ဓနရှင် ဆန့်ကျင်ရေး

တိုက်ပွဲများနှင့် အလုပ်သမား ၊ လယ်သမား စည်းရုံးရေးများ လွယ်ကူစေရန် ပြည်သူ့ အခွင့်အရေးများ ပေးရမည် စသည်များပါလေရာ သခင်နု သည် အတန်ကြာငေးပြီး နားထောင်နေရာက

ကိုသိန်းဖေ အား မျက်ခွက်စေ့စေ့ကြည့်ပြီး -


“ ဟေ့ ဟေ့ ကွန်ဂရက် က ပြည်နယ်အစိုးရအဖွဲ့ တွေ ဖွဲ့ရမယ်ဟုတ်လား ” 


“ ဟုတ်တယ် ဖွဲ့ရမယ် ” 


“ ဒါဖြင့် ရာထူး လက်ခံခိုင်းတာပေါ့လေ ၊ ဖြစ်ရလေကွာ လောကမှာ ကွန်မြူနစ်တွေက အုပ်ချုပ်ရေး

သပိတ်မှောက်ရာမှာ ရှေ့ဆုံးက ပါရမယ့်အစား ပြည်နယ်အစိုးရတွေ အဖွဲ့ခိုင်းနေတယ် ၊ ရာထူးလက်ခံဘို့ တိုက်တွန်းနေတယ် ” 


ကိုသိန်းဖေ က အိန္ဒိယကွန်မြူနစ်တွေ က ရာထူးလက်ခံခိုင်းသည်မှာ ညွန့်ပေါင်းအစိုးရ ရာထူးလက်ခံနည်းမျိုး မဟုတ်ကြောင်း ၊ လူထုတိုက်ပွဲတွေ ကြီးထွားစေအောင် လုပ်ရန်သာဖြစ်ကြောင်း

ရှင်းနေသေး၏ ။ သခင်နု က ကြာကြာ နားမထောင်ဘဲ -


“ တော်ကွာ တော် ၊ ဒီပုဆိုးဝတ် ဒီချေးပါမှာပဲ ၊ ငါအထင်ကြီးတဲ့ မင်း ကွန်မြူနစ်တွေက ရာထူးလက်ခံခွင့်ပြုတာ ငါအံ့ဩတယ် ” 


သခင်နု သည် အတော်ပင် ဒေါဖောင်းနေဟန် ရှိသည် ။ ကုလားထိုင်ကို စားပွဲကျောပေးပြီး ပြန်ခင်းလျက် အစည်းအဝေးအား ကျောပေးထိုင်ကာ -


“ ဟေ့ တို့ကတော့ ရာထူး သပိတ်မှောက်ရေးပဲကွ ၊ ဗြိတိသျှကုန် သပိတ်မှောက်ရေး ၊ တိုင်းရင်းဖြစ်

ကုန် အားပေးရေးပဲကွ ၊ နောက်ထပ် ရှုပ်မနေနဲ့ တော်ပြီ ” 


သခင်နု သည် နောက်ထပ် စကား မပြောတော့ချေ ။ သူများပြောတာ နားထောင် မထောင်တော့ မသိ ။

ကိုသိန်းဖေ ကမူ အေးအေးပင် ၊ သူပြောလိုရာ ဆက်ပြောနေလေသည် ။ ထိုနေ့ညက ဆွေးနွေးပွဲ

သာဖြစ်၏ ။ တစ်စုံတစ်ရာ ယတိပြတ် မဆုံးဖြတ်ပေ ။ ကိုသိန်းဖေ ပြောပြီးသောအခါ အခြားလူများ

ပြောကြသည် ။ သခင်နု ကား အစည်းအဝေးပြီးသည့်အထိ ဘာမျှ မပြောဘဲ ကျောပေး၍သာ ထိုင်သည် ။ အစည်းအဝေး ပြီးသောအခါ၌မူကား ငုံ့စာရေးနေသော ကိုသိန်းဖေ ၏ ပခုံးကိုပုတ်လျက် -


“ လာဟေ့ ပြန်ကြစို့ ငါအိပ်ချင်ပြီ ” ဟု ခေါ်လေသည် ။ ကိုသိန်းဖေ ကလည်း ကပျာကယာ ထ၍

သူ့နောက်က လိုက်သွားသည် ။ သခင်လှဖေ က သူတို့နှစ်ယောက်အား အပေါက်ဝမှ ကြိုပြီး

လိုက်သွားသည် ။ သူတို့သုံးဦးသည် အတူတူ နေကြသူတွေ ဖြစ်လေသည် ။ ဤအဖြစ်အပျက်ကား

သူတို့ ထောင်မကျမီကလေးမှ ဖြစ်၏ ။


◾သိန်းဖေမြင့် 


◾အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.


No comments:

Post a Comment