Monday, September 13, 2021

နင် အင်မတန် ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါ မလွဲ


 ❝  နင် အင်မတန် ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါ မလွဲ ❞


ဘူတာရုံကလေးက ခပ်မြှောင်မြှောင်ကလေးဆင်းပြီး ဝါးတံတား ခနော်နီခနော်နဲ့ကို ဒယီးဒယိုင်နဲ့

ကူးဖြတ်လာတဲ့ ကိုမှန်ကင်း ကို ဝိုင်းကြည့်နေကြတဲ့ ကလေးတွေက …


“ ဦးမှန်ကင်းကြီး မိန်းမ ခိုးလာပြီ အဖေရေ ”


အော်လိုက်ကြတဲ့ ကလေးတွေဆိုတာ ပွက်ပွက်ကို ညံသွားတော့တယ် ။


ကလေးတွေက အဖေရေ လို့သာ အော်ကြတာ ၊ ထွက်ကြည့်တော့ အမေတွေချည်း

ထွက်ကြည့်တယ် ။ အဖေတွေက ထွက်ကြည့်လို့လည်း မြင်ရတာမှ မဟုတ်တာ ။ သည်တဲစုကလေးတွေမှာ

နေကြတဲ့ အိမ်ထောင်ဦးစီး ဆိုတဲ့ ယောက်ျားသား ဆယ့်လေးငါးယောက်ဟာ မျက် မမြင်တွေ ချည်းပဲ ။


ဒါပေမဲ့ ကိုမှန်ကင်း မိန်းမခိုးလာတယ် ဆိုတော့ သူတို့လည်း မမြင်ရပေမယ့် ထွက်ကြည့်ကြတယ် ။

မျက်နှာလေးတွေကလည်း ပြုံးလို့ ရွှင်လို့ ။


သူတို့အားလုံးက ဆရာကြီးလို့ ခေါ်ကြတဲ့ ဦးကျီးညိုကတောင် ‘ ဟ … မှန်ကင်းကြီးရ …

နှစ်ယောက်သား တွဲလို့ ၊ ဟုတ်လှချေလား ငါ့လူရ ’ တဲ့ လှမ်းအော်တယ် ။


ဟုတ်လှချေလား သာ အော်တာ သူလည်း မြင်ရတာ မဟုတ်ဘူး ။ တကယ်က

နှစ်ယောက်တည်းလည်း မဟုတ်ဘူး ။ ဖိုးငို လည်း ပါသေးတာ ။ မနက်က ခုနစ်နာရီခွဲကောင်နဲ့

လိုက်သွားတုန်းက ကိုမှန်ကင်း ရယ် ဖိုးငို ရယ် နှစ်ယောက်တည်း ။ မယ်ဒလင် နဲ့ သွပ်လွယ်ဘူးကလေးတော့

ပါတာပေါ့လေ ။ အခုညနေ ပြန်လာတော့ သုံးယောက် ။ ကိုမှန်ကင်း ကို မိန်းမ တစ်ယောက်က တွဲလို့ ။


တွဲတယ် ဆိုပေမယ့် မိန်းမ က ရှေ့က ကိုမှန်ကင်း က အဲဒီမိန်းမ ပခုံးကို ကိုင်ရင်း စမ်းစမ်း စမ်းစမ်းနဲ့

ပြန်လာတာ ။ ဖိုးငို ကတော့ ဟိုးဝေးဝေးနောက်က ကြံချောင်းတစ်ချောင်း စုပ်ရင်း လိုက်လာတယ် ။


ကိုမှန်ကင်း ကတော့ မယ်ဒလင်ကလေး ကျောမှာ ကပ်တဲ့ပြီး ‘ ဘူတာက ဆင်း ၊ နည်းနည်း

လမ်းလျှောက် ၊ ဝါးတံတားကလေး တွေ့လိမ့်မယ် ဖြတ် ၊ တဲစုကလေး တွေ့လား ၊

ခေါင်စောက်စောက်တဲကလေး တည့်တည့်ကို သွား ’ လို့ နောက်က လိုက်ရင်း တတွတ်တွတ်နဲ့

လမ်းပြတယ်နဲ့ တူပါတယ် ။ ရှေ့ကမိန်းမက လူစိမ်းဆိုပေမယ့် သွားနေလိုက်တာ ဖြောင့်လို့ ။


တဲလေးပေါ် ရောက်တော့ ကိုမှန်ကင်း က မယ်ဒလင်ကို ကျောသိုင်းထားရာက ဖြုတ်ပြီး

ထရံမှာ ညှပ်ထားတဲ့ နှီးချောင်းမာမာကလေးမှာ ချိတ်တယ် ။ သူ ခိုးလာတဲ့ မိန်းမကို လှမ်းပြီး ရေတစ်ခွက်

ခပ်ပေးစမ်း တဲ့ ။ ရောက်ရောက်ချင်း ပိုင်စိုးပိုင်နင်း ခိုင်းနေတဲ့ ကိုမှန်ကင်း ကို လာကြည့်ကြတဲ့ ကလေးတွေ နဲ့

မိန်းမတွေ က သဘောတွေ ကျလို့ ။ ကိုမှန်ကင်း ရဲ့ တဲကလေးဆီကို ကသုတ်ကရက် လိုက်လာကြတဲ့

မိန်းမတွေထဲက တစ်ယောက်က …


“ အောင်မာ အမောအပန်းများ ဖြေပါစေဦးတော့ ။ မင်းနှယ် … ၊ ငါ့ညီမ … မလုပ်နဲ့ ။ သူ့ဟာသူ

ခပ်သောက်လိမ့်မယ် ” တဲ့ ။


ကိုမှန်ကင်း ကတော့ အိအိဖိုင့်ဖိုင့် ကိုယ်ခန္ဓာကြီးကို တသိမ့်သိမ့် ဖြစ်သွားအောင် ရယ်ရင်းက …


“ မယားနေစ ဆင်သေမှ ဗျ ”


ဆိုတော့ မိန်းမတွေက ဝိုင်းရန်တွေ့ကြတာ ကက်ကက်လန်ရော ။ ခဏနေတော့ ကိုမှန်ကင်း က ဖိုးငို ကို

လှမ်းခေါ်တယ် ။ ဖိုးငို က ကြွပ်ကြွပ်အိတ်နဲ့ ဝယ်လာတဲ့ ထမင်းသုံးထုပ်ကို သူ့ရှေ့မှာ လာချတယ် ။


တကယ်က ဖိုးငို က ကိုမှန်ကင်းရဲ့ သား မဟုတ်ဘူး ။ ဘာမှလည်း မတော်ဘူး ။ သူ့လို

ဘဝတူ မျက်မမြင်ထဲက တစ်ယောက်ရဲ့ သားပဲ ။ အသက်က ရှိလှမှ ဆယ်နှစ် သာသာပဲ ။


ကိုမှန်ကင်း မှာက လူတွဲ မရှိဘူး ။ တစ်ယောက်တည်း သမား ။ လူပျိုလား ဆိုတော့လည်း မဟုတ်ဘူး ၊

မိန်းမနဲ့လား ဆိုတော့လည်း ရှိတာ မဟုတ်ဘူး ။ မိန်းမကတော့ ရဖူးတာပေါ့ ။


ဖိုးငို ကိုပဲ လောလောဆယ် လူတွဲ လုပ်နေရတယ် ။ ဆရာကြီး သော့ခတ်ပြီး လွှတ်လိုက်တဲ့

သွပ်လွယ်ဘူး လည်ပင်းချိတ်ပြီး တစ်နေကုန် မီးရထားလိုက်စီးနေလိုက်တာ မှောင်မှချည်း ပြန်ရောက်တယ် ။ ရောက်တော့ ပိုက်ဆံ ခွဲ ။


ဆရာကြီးက တချို့တစ်ဝက် နုတ်ပြီး ကျန်တာ ဖိုးငို တစ်ချိုး ၊ သူ နှစ်ချိုး ယူနေကျ ။ ဖိုးငို ကလည်း

ကျေနပ်တယ် ၊ ကိုမှန်ကင်း နဲ့ ထွက်ရတာ သူ ပျော်တယ် ။ ပိုက်ဆံလည်း ရတယ် ။


ကိုမှန်ကင်း က အဆို ကောင်း ၊ အတီး ကောင်း ။ အသံကတော့ ခပ်အစ်အစ် ရှတတ ကွဲပြဲပြဲကြီး ။

ဆိုတတ်လို့သာ နားထောင်ကောင်းတာပဲ ရှိတယ် ။ ဖိုးငို က ကိုမှန်ကင်းနဲ့ လိုက်ချင်သလို

ကိုမှန်ကင်း ကလည်း ဖိုးငို မှ ဖိုးငို ။ တခြားကလေး တွဲလေ့မရှိဘူး ။ အဆိုလေးရတဲ့ ကလေးမတွေ ရှိတာပဲ ၊

ဘယ်တော့မှ မခေါ်ဘူး ။ ဖိုးငို ကိုပဲ သံယောဇဉ် ဖြစ်နေပြီကိုး ။


ဖိုးငို ပေးရတာကိုလည်း သူ ဝမ်းသာတယ် ။ ဖိုးငို တို့ တဲက သူ့တဲနဲ့ သိပ်မဝေးပေမယ့် ဖိုးငို က

ကိုမှန်ကင်း နဲ့ပဲ ညအိပ်တယ် ။ နှိပ်ပေး နင်းပေးသေးတယ် ။ မျက်နှာသစ် ဆင်းတာ ၊ ရေအိမ် ဆင်းတာက အစ

ဖိုးငို ပဲ ။ ဖျားလို့ နာလို့ ချမ်းအေး လေး ၊ လင်မော်ဂျင် လေး ပြေးဝယ်ပါဦးဟ ဆိုလည်း ဖိုးငို ပဲ ။


ဖိုးငို လာချပေးတဲ့ ကြွပ်ကြွပ်အိတ်ထဲက အင်ဖက်နဲ ့ထုပ်ထားတဲ့ ထမင်း သုံးထုပ်ကို

ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမက ဖြေတယ် ။ မီးဖိုချောင်က ပစ္စည်းပစ္စယလေး ၊ ပန်းကန်ခွက်ယောက်လေး

တချို့ကို ဖိုးငို က လိုက်ပြတော့ အဲဒီမိန်းမက လိုက်ကြည့်တယ် ။


သူက ကိုမှန်ကင်း ရဲ့ အိမ်ရှင်မ ဖြစ်သွားပြီကိုး ။ ကိုမှန်ကင်း ကိုသာ မကဘဲ ပစ္စည်းခန်း ဆိုတာလည်း

သူနဲ့ ဆိုင်သွားပြီကိုး ။ ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမကလည်း ကိုမှန်ကင်း ရဲ့ ပိုင်ဆိုင်မှုကို ခဏလေးနဲ့

မြင်သွားပြီးသား ဖြစ်ကရော ။ အိပ်စရာ ခေါင်းအုံး နှစ်လုံး ၊ ဖျာ တစ်ချပ် ၊ သံပန်းကန် သုံး လေး ချပ် ၊

ဒယ်အိုးလေး တစ်လုံး ၊ သုံးဘူးဝင် ဒန်အိုးလတ်လတ် တစ်လုံး ၊ ပုလင်း လေး ငါး လုံး ၊ ရေညှိတက်နေတဲ့

သောက်ရေအိုး တစ်လုံးနဲ့ စစ်မတ်ခွက် ကြွေကွာ တစ်လုံး ပါပဲ ။


ကိုမှန်ကင်း ပိုင်တာ ဒါပဲ ။ ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမကလည်း ဒါလောက်ပဲ မျှော်လင့်ထားပုံပဲ ။

ကိုမှန်ကင်း လို လူဆီက သည့်ထက် ဘာမှ မျှော်လင့်မထားဘူး ဆိုတဲ့ မျက်နှာမျိုးပဲ ။ သံပန်းကန်နှစ်ချပ် ယူပြီး ထမင်းတွေ ထည့်တယ် ၊ သောက်ရေတစ်ခွက် ခပ်ပြီး ကိုမှန်ကင်း ရှေ့ ချပေးတယ် ။ ဖိုးငို နဲ့ ကိုမှန်ကင်း ကိုသာ

ချပေးတာ ၊ သူကတော့ မစားဘူး ။


“ အစ်ကို … စားလေ ” ဆိုတော့ ကိုမှန်ကင်း က ပြုံးပြုံးကြီး နဲ့ ။ “ မကြည်လည်း စားလေ ” တဲ့ ။


မကြည် ဆိုတဲ့ နာမည်ကို သိကြတော့ ဝိုင်းကြည့်နေကြတဲ့ မိန်းမတွေက ဖိုးငိုကို စ , တယ် ။


“ နင်စားပြီး မြန်မြန် ပြန်တော့ ။ ကိုမှန်ကင်း နဲ့ နင် နဲ့ ကနေ့ ဘာမှ မပတ်သက်တော့ဘူး ။ မကြည်

ရောက်လာပြီ ” တဲ့ ။


ဖိုးငို ကလည်း သူ့ဆရာသမား မိန်းမရလာတယ် ဆိုတော့ ပျော်နေပုံပဲ ။ နှစ်ယောက်သား

သံယောဇဉ်  ဖြစ်နေကြတာ မှန်ပေမယ့် ကိုမှန်ကင်း မိန်းမရလာပြီ ဆိုတော့ သူ ဆက်နေလို့

မကောင်းတော့ဘူး ဆိုတာ ဖိုးငို ကလည်း သိပုံပေါ်တယ် ။


“ ကျုပ် ပြန်မှာပါဗျာ ” တဲ့ ။


မိန်းမတွေက ရယ်တော့ ကိုမှန်ကင်း က မျက်နှာ မကောင်းဘူး ။ မပြန်ပါနဲ့ကွာ တဲ့ ၊ တို့နဲ့ပဲ နေပါ တဲ့

ပြောရှာပါတယ် ။ ဖိုးငို က မနေချင်ဘူးပဲ ပြောပြီး ထမင်းဆက်စားတယ် ။ ကိုမှန်ကင်း ထမင်းစားပြီးတော့

မကြည် က နောက်ဖေးဘက် ပန်းကန်ထွက်ဆေးတော့ မိန်းမတစ်ယောက်က မကြည် ကို ဘယ်က

ခေါ်လာတာလဲ တဲ့ တိုးတိုးလေး မေးတယ် ။


ကိုမှန်ကင်း က မဖြေပါဘူး ၊ ဖိုးငို ကပဲ ဖြေတယ် ။


“ ပုဇွန်တောင်ဘူတာမှာ တွေ့တာပါဗျာ ။ ဦးမှန်ကင်း နဲ့ ခင်တဲ့ သူ့အဖွဲ့ဟောင်းက လူတွေ

ထည့်ပေးလိုက်တာ ။ ဦးမှန်ကင်း ကလည်း ခေါ်လာရော ”


အဲဒါ ကိုမှန်ကင်း နဲ့ မကြည် တို့ တွေ့ကြပုံပဲ ။ သံယောဇဉ် ဖြစ်ကြပုံပဲ ။ ညားကြပုံပဲ ။


ခဏနေတော့မှ မကြည် ပြန်ဝင်လာတယ် ။ လာကြည့်ကြတဲ့မိန်းမတွေရော ဖိုးငို ရော ပြန်တော့မှ

ကိုမှန်ကင်း က ခေါင်းရင်းဘက်က မှိုတောင်တက်နေတဲ့ ဝါးပတ္တလားဆီ ထသွားတယ် ။ မကြည် က

မီးတိုင်ခွက်ကလေး ထွန်းတယ် ။ ကိုမှန်ကင်း က ပတ္တလားရွက်ပေါ် တင်ထားတဲ့ လက်ခတ်ကို

ကောက်ကိုင်ပြီး ဟိုစမ်းဒီစမ်း တီးတယ် ။ တော်တော်ကလေး တီးပြီးတော့မှ …


“ နင် ဘာသီချင်း ရသလဲ ”


“ ရပါတယ် ”


“ အာယားမ ရလား ”


“ အင်း ”


ကိုမှန်ကင်း သူနဲ့တစ်သက်လုံး တွဲရမယ့်မိန်းမ သီချင်းဘယ်လောက်ရသလဲ ဆိုတာ

ရောက်ရောက်ချင်း စာမေးပွဲစစ်တယ် ၊ တစ်ပုဒ်ပဲ မေးကြည့်ရသေးတယ် ၊ ရတယ် ဆိုတော့ ကိုမှန်ကင်း

ကျေနပ်သွားတယ် ။


အာယားမသီချင်း ခြေဆင်းလေး အသံပြလိုက်တော့ မကြည် က ဝင်ဆိုရော ။


“ သူငယ် ရေဆိပ် တောင်ထိပ်သစ်ပင် ဥယျာဉ် ပန်းမန် ရေကန်ရေတွင်း ယမင်းပျိုစစ် ဝတ်စားသစ်နှင့်

ပြူလှစ်ရိပ်ငြိမ် လူ့စည်းစိမ်ဝယ် အချိန်သာတောင်း ညနေစောင်း တဲ့ရှင် …”


ကိုမှန်ကင်း က သံကျလေးတွေပဲ လိုက်ခေါက်နေတာ ။ ခြေဆင်း သက်သက်ကိုး ။ မကြည် က

အသံတော့ ကောင်းပါရဲ့ ၊ အသံက မခိုင်ဘူး ။ ယိုင်ချင်တယ် ဆိုတာ သူ သတိထားမိတယ် ။


“ ခရာဘယ်တင် အမှာစကားနဲ့ ပြရပါတော့ … ရတနာတင်ဟာ အာယားမရယ်လို့ ကာလသားက

မုန်းချင် မုန်းပစေတော့ …”


ကိုမှန်ကင်း က ပတ္တလားကြောင်လေး သူ့မှာရှိပေမယ့် အရင်ညတွေက တီးဖြစ်တာ မဟုတ်ဘူး ။

တစ်နေ့လုံး ရထားပေါ်မှာ မယ်ဒလင် တီးနေရတော့ အိမ်က ပတ္တလားကြောင်ကို မတီးဖြစ်တာ ကြာပြီ ။


ကိုမှန်ကင်း မိန်းမခိုးလာတဲ့ ညပဲ သီချင်းသံလေးနဲ့ ပတ္တလားသံလေးနဲ့ ဆိုတော့ ဘေးကတဲတွေက

သဘောတွေ ကျလို့ ။ မကြည် ကလည်း မဆိုးဘူး ပေါ့ ။ ဘယ်က ဘယ်လို ဘာမှန်း မသိပေမယ့်

သူ့ဟာနဲ့ သူတော့ တွဲလို့ဖြစ်တာပဲ ပေါ့ ။


“နင် အင်မတန်ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါမလွဲ … ညည်း အင်မတန်ပလီတယ် ဆိုရင်ဖြင့်

ခံရမှာပါ မလွဲ … အားလုံး မှန်ကြတာပါပဲ …”


အဲသည်နေရာရောက်တော့ ကိုမှန်ကင်း ဝါးပတ္တလားကို ရပ်လိုက်တယ် ။


“ နင့်ဟာက အသံတွေ ယွင်းနေတယ်ဟ ။ ပတ္တလား အကျ နားထောင် ။ နေဦးဟ …

ငါ့ပတ္တလားကလည်း နည်းနည်းတော့ ကြောင်နေတယ် ။ ဆိုပေါက် … ဆိုပေါက် … ဒီမှာကြည့် … ”


ကိုမှန်ကင်း က ခြေဆင်းအချပိုဒ်ကို ဆိုပြတယ် ။ မကြည် ကလည်း လိုက်ဆိုတယ် ။ ဒါပေမဲ့ မကြည် က

သူဆိုနေကျ အဆိုက အသားကျနေတော့ တော်တော်နဲ့ ပြင်လို့ မရဘူး ။ ခဏခဏ ပြန်ဆို ပြတယ် ။ မကြည် က 

ခဏခဏ မှားတော့ …

 “ နင် အရင်က ဘယ်လို ဆိုခဲ့တာတုံး ” ဆိုတော့ ၊ မကြည်က …


“ အို … အစ်ကိုကလည်း …”  တဲ့ ။


အရင် ဘယ်လို ဆိုခဲ့တာတုံး ဆိုတာက မကြည် အရင် တွဲနေကျ ဆိုနေကျလူက သင်မထားဘူးလား

လို့ မေးတာမျိုး ဖြစ်နေတာကိုး ။ နင် ရဖူးခဲ့တဲ့ လင်တွေက ဒီလိုပဲ သင်ထားသလား ဆိုတဲ့ အဓိပ္ပာယ်မျိုး

ဖြစ်နေတာကိုး ။ ကိုမှန်ကင်း က သူ့စကား မှားသွားမှန်း သိတော့ သီချင်းတိုက်တာ ရပ်လိုက်ရော ။

လက်ခတ်ကလေး ပတ္တလားရွက်ပေါ် အသာတင်တယ် ။


ကိုမှန်ကင်း က မျက်စိသာ မမြင်တယ် ၊ မီးခွက်ထွန်းထားမှန်း သိတယ်နဲ့ တူပါရဲ့ …


“ မကြည် … နင့်မီးခွက်ကြီးက မပူဘူးလား ။ မှုတ်လိုက်ပါလား ” တဲ့ ။


* * *   * * *   * * *


ကိုမှန်ကင်းက သူ့တဲစုလေးမှာ လူချစ်လူခင်တော့ များတယ် ။ သည်နေရာကလေးက အစုကို

သူရောက်လာတာ ရှိလှမှ အလွန်ဆုံး တစ်နှစ်သာသာပေါ့ ။


အရင်က ပုဇွန်တောင်ဘက် မှာ နေတယ် ။ သူ့အုပ်စုကလေးနဲ့ သူ နေတာပါပဲ ။ အခု နေသလိုပါပဲ ။

နောက်တော့ အပေါင်းအသင်း မင်ပြီး သည်မှာ နေဖြစ်တော့တာ ။


ပထမ ရောက်စကတော့ အတွဲရယ် ဘာရယ် မရှိပါဘူး ၊ တစ်ကိုယ်တော်ပဲ မြို့ပတ်ရထားပေါ်

 ကြုံသလို လိုက်သွားတာပဲ ။ ခြေထောက်ကလေးနဲ့ စမ်းစမ်းပြီး တစ်တွဲပြီး တစ်တွဲ ကူးနေတာပဲ ။

လက်ကလည်း တီး ၊ ပါးစပ်ကလည်း ဆို ပဲ ။


ဘုရားလမ်း ဘူတာလောက် ရောက်တော့ ဆင်း ၊ အင်းစိန်ရထား ပြောင်းစီး ၊ တာမွေလောက်

ကန်ပဲ့ လာက်မှာ ပြန်ဆင်း ၊ လမ်းဘေးမှာ ထမင်းဝယ်စား ၊ ဘူတာတစ်ခုခုမှာ ခဏနား ၊ နှစ်ချက်ခွဲလောက်

ရထား ပြန်တက်ပြီးရင် မိုးကြီးချုပ်မှ ပြန်ရောက်ရော ။ ရလည်း ရတယ် ။ မရဘူးဆိုတဲ့နေ့ ခုနစ်ဆယ်လောက်

ရတယ် ။


တစ်ခုတော့ ရှိတယ် ။ ကိုမှန်ကင်း အရက်တော့ ကြိုက်တယ် ။ အသေကို ကြိုက်တာ ။ ပြန်ရောက်ပြီ

ဆိုတာနဲ့ ရေချိုးတယ် ၊ အနားက ဘူတာရုံကလေး ဘေးမှာတောအရက်ဆိုင်ကလေး တစ်ဆိုင်ရှိတော့

သူ့အဖို့ နီးနီးနားနား အဆင်ပြေတယ် ။ နည်းနည်းလေး ထွေလာတော့မှ ပြန်လာတာ ။

ပြန်လာတယ်ဆိုပေမယ့် သူ့ချည်းပြန်လာတာ မဟုတ်ဘူး ။ ကလေးတစ်ယောက်ယောက်က လာကြိုမှ

ပြန်လို့ရတာ ။


သူလို ဘဝတူမိသားစုတွေထဲမှာ သားတွေသမီးတွေနဲ့ ဝေဝေစည်စည် ရှိနေတဲ့ မိသားစုတွေလည်း

ရှိတာပဲ ။ တချို့လည်း ငယ်ပေါင်း ရိုးရိုးသားသား ကျိုးကျိုးနွံနွံ သစ္စာရှိရှိပဲ ။ ဘဝတူ အချင်းချင်းက

ခင်ကြတယ် ၊ စာနာကြတယ် ။ ကူညီကြတယ် ။ ကလေးအချင်းချင်းလည်း သင့်မြတ်ကြတာပါပဲ ။


သူ့ကလေး ကိုယ့်ကလေး ခေါ်ခိုင်း ၊ ခေါ်တွဲ လုပ်နေကြတာပဲ ။ ဘယ်သူ့ကလေးမှရယ် မဟုတ်ဘူး ၊

ကလေးတွေကလည်း ဘယ်သူ ဘယ်ဝါမှရယ် မဟုတ်ဘူး ၊ တွဲပြီး လိုက်ပို့တာပဲ ။ ရှက်တယ် ဘာရယ် မရှိဘူး ။

အရက်ဆိုင်မှာ ကိုမှန်ကင်း မူးလောက်ပြီဆိုရင် ကလေး တစ်ယောက်မဟုတ် တစ်ယောက်

ရောက်လာတာပဲ ။


“ ဦးမှန်ကင်းကြီး … ထတော့ ” ဆိုရင် “ ဟုတ်ပါပြီဗျာ ” ဆိုပြီး ထတော့တာ ။ မထလို့လည်း မရဘူးလေ ။

သူများတွဲမှ သူ အိမ်ရောက် မှာကိုး ။


နောက်တစ်ခုက ကိုမှန်ကင်း က ဖဲရိုက်ကောင်း ။ သူ့မှာ ဖဲထုပ်တစ်ထုပ် ကိုယ်ပိုင်ရှိတယ် ။

သူများ ဖဲထုပ်နဲ့ဆိုရင်တော့ သူ လက် မခံဘူး ။ သူ့ ဖဲထုပ်နဲ့သာ ရိုက် မယ် ဆိုလို့ကတော့ မျက်စိကောင်း မကလို့

မျက်စိသုံးလုံး ပါလာပါစေ ၊ လာခဲ့ ပါ ။ သူ့ ဖဲထုပ်ကိုလည်း သူ ဘာမှ လုပ်ထားတာတော့ မဟုတ်ပါဘူး ၊

ရိုးရိုး ဖဲထုပ်ပါပဲ ။ မှတ်ထား ၊ တေးထားတာလည်း မရှိပါဘူး ။ တွဲရိုက်မယ့် မျက်စိကောင်းတဲ့လူက

ရိုက်တော့မယ်ဆိုရင် ကြိုက်သလို စစ်ဆေး ။


မသင်္ကာဘူး ထင်ရင် မရိုက်နဲ့ ။ သူကိုင်တွယ်နေကျမို့ သူ့အထာကလေးနဲ့ သူ သိနေတာက လွဲလို့

ဖဲထုပ်ကို ဘာမှ ပြင်ထားတာ မဟုတ်ဘူး ။


တကယ် ရိုက်ဖြစ်ပြီဆိုရင်တော့ ကိုမှန်ကင်း က သူ့လူယုံကို ခေါ်လာရော ။ ငွေအနုတ်အသိမ်း လုပ်ဖို့ ၊

တစ်ဖက်က ဖဲပွင့် ကြည့်ပေးဖို့ ဒါပဲ ။ ကျန်တာ သူပဲ ကိုင်တယ် ၊ သူပဲ ရိုက်တယ် ။ သူ ခေါ်လာတဲ့လူက

ကိုင်ပေးတာ မဟုတ်ဘူး ။ လျော်စရာရှိရင် လျော်ပေးလိုက် ၊ စားစရာရှိရင် စားလိုက် ၊ ဒါပဲ ခိုင်းထားတာ ။


ဝိုင်းဖြစ်လို့များ ဆိုလို့ကတော့ ကိုမှန်ကင်း က ဒိုင်ပဲ လုပ်တယ် ။ သူများ မှောက်ထားတဲ့ ဖဲချပ်တွေကို

လိုက်စမ်းပြီး “ ဖမ်းတယ် ” လို့ အော်တော့တာ ။


မျက်စိကောင်းတဲ့ ရိုက်ဖက်တွေက “ အောင်မာ မှန်ကင်းရာ … သေချာမှလည်း လုပ်ပါဟ ”

လို့များဆိုရင် အောက်ဖဲတစ်ချပ် လက်နဲ့ ပွတ်တဲ့ပြီး “ ကုလားကွ ” လို့ အော်လည်း အော် ၊ ဖျောင်းခနဲလည်း

ရိုက်ချ ၊ ကြည့်လိုက် … ကုလား ပဲ ။ “ ပိုင်လှချေလား မှန်ကင်း ရ ” ဆိုတော့ “ ကံပါဗျာ … မှန်ကင်းရဲ့ ကံပါ …”  တဲ့ အမြဲ ပြောတတ်တယ် ။


ဖဲရိုက်တင် ကောင်းတာ မဟုတ်ဘူး ။ ကျားထိုးရင်လည်း ကိုမှန်ကင်း ကို တော်ရုံလူ မနိုင်ဘူး ။

ကောင်းလိုက်တဲ့ ခေါင်းကလည်း မပြောနဲ့တော့ ။ ကျားကွက် က စက္ကူကျားကွက် ဖြစ်ဖြစ် ၊

သစ်သားကျားခုံနဲ့ ဖြစ်ဖြစ် မကစားခင် သူ့လက်နဲ့ လိုက်စမ်းတယ် ၊ ဒါပဲ … ပြီးပြီ ။


ကျားကောင်တွေ ဖြောင့်နေအောင်စီတယ် ။ သစ်သားခုံဆိုရင်တော့ သူ ပိုကြိုက်တယ် ။

ကျားထိုးတယ်ဆိုလို့ ရေးတေးတေး မြင်ရလို့တော့ မထင်နဲ့ ၊ ဘာမှကို မမြင်ရတာ ။ ဝိုးဝိုးဝင်းဝင်းလောက်ပဲ

မြင်ရတာ ။ နေသာနေသလား ၊ မှောင်နေသလားဆိုတာပဲ သိတာ ။


တစ်ဖက်ကလူရဲ့ကျားက ဂျစ် ဂျစ် နဲ့ တက်မယ် ဆိုရင် သူကလည်း ဂျစ် ဂျစ် နဲ့ တက်လိုက်တာပဲ ။

သူ့ကျားကောင် တစ်ဖက်ကင်းနေရာရောက်လို့ မထည့်သေးဘူး ဆိုရင်လည်း “ ကင်း ထည့် ” လို့ အော်ရော ။

သူက ကင်းထည့်ရမယ်ဆိုရင်လည်း ကင်းထည့်ပေးလိုက်ရော ။ သူက ကင်းထည့်ရမယ်ဆိုရင် တစ်ခါတလေ

သုံးကွက်လောက် များ ကျော်စားသွားတာ ဒေါင်း … ဒေါင်း … ဒေါင်း … နဲ့ လူကောင်း မျက် မြင်ဆိုတဲ့လူက

ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ရော ။


ကိုမှန်ကင်း နဲ့ ကစားရင် တစ်ကောင်ကျ ရင်လည်း ပေးမှ ၊ နှစ်ကောင်ကျ ရင်လည်း ပေးမှ ၊ သရေရှုံး

ရင်လည်း ပေးမှ ကစားကြတော့တာ ။ ကစားရင်လည်း များသောအားဖြင့် ကိုမှန်ကင်း နိုင်တာ ချည်းပဲ ။

ကျားနိုင်တဲ့နေ့ ဆိုရင် ဘူတာရုံဘေးက ဆိုင်ကို အစောကြီး ရောက်နေတတ်တယ် ။ အဲဒီနေ့

ရထား မတက်တော့ဘူး ။


ကိုမှန်ကင်း ဘောလုံးလည်း ကန်သေးတယ် ။ ကန်တာမှ ကြေး ကြေးမှ ကန်တာ ။ ဂိုးကျဉ်း

တစ်ယောက်ချင်း ကန်ချင်တယ် လို့ သူ့ကို တဲတွေနားက ဆိုက်ကားနင်းတဲ့ ကိုကျော်ခ က အရက်ဝိုင်းမှာ

စိန်ခေါ်တော့ ကိုမှန်ကင်း က သိပ်ရတာပေါ့ တဲ့ ။ ကြေး မပယ်ကြေး တဲ့ ။


မျက်နှာဝ နှစ်တောင်လောက် ကျယ်တဲ့ သစ်သားတိုင်ကလေး တစ်ဖက် တစ်ချက် စိုက်တဲ့ပြီး

ကွင်း မကျယ့် တကျယ်လေးထဲမှာ ကိုမှန်ကင်း နဲ့ ကိုကျော်ခ ပိုက်ဆံကြေး ဘောလုံးကန်မယ် ဆိုတော့

ဘူတာရုံလေးဘေးက ကွင်းမှာ အဲဒီနေ့က လူတွေကို ညို့လို့ ။


ပွဲကြည့်ပရိသတ် ဆိုတာ ပြုံးလို့ ရွှင်လို့ ။ ကန်မှာကလည်း ဂိုးကျဉ်း ၊ ကန်မယ့်လူကလည်း

တစ်ဖက် တစ်ယောက် ၊ လောင်းကြေးကလည်း ငါးဆယ်ကြေး တဲ့ ။


ပွဲစမယ် လုပ်တော့ ဒိုင်လုပ်တဲ့ ဘူတာက စာရေးကြီးက မျက်စိကောင်းတဲ့ ကိုကျော်ခ မျက်စိကို

အဝတ်စနဲ့ တင်းနေအောင် စည်းတယ် ။ ကိုမှန်ကင်း က မျက် မမြင်ဆိုတော့ ကိုကျော်ခ ကိုလည်း မမြင်ရအောင်

လုပ်ရတာလေ ။ ဘောလုံးကိုလည်း ဆန်ခါကွက်ကျဲကျဲ ရက်ထားတဲ့ ဘောလုံးစွပ်တဲ့ အိတ်နဲ့ စွပ်တယ် ။

ဘောလုံးစွပ်မှာ ခြူကလေးတစ်လုံး မြဲနေအောင် ချည်တယ် ။


လက် မှတ် စာရေးကြီးက နည်းနည်း ကန်ကြည့်တော့ ခြူကလေးက တချွင်ချွင်နဲ့ ဘောလုံးပြေးရာမှာ

မြည်နေရော ။ အားလုံး အဆင်ပြေတော့မှ ဘောလုံးပွဲ စတယ် ။


ကိုယ်ခန္ဓာ ဖိုင့်ဖိုင့် ၊ အသားဖြူဖြူ ကိုမှန်ကင်းကြီးက ဘောင်းဘီအပွ တိုတိုကြီး ဝတ်ထားတော့

တကယ့် ဘောသမား ဆိုက်ပဲ ။ ဒိုင်က ဘောလုံးကို မြှောက်ပြီးလည်း ချလိုက်ရော ပြေးပြီး လုလိုက်ကြတာ ၊

ဘောလုံးက ပြေးချင်တဲ့နေရာ ပြေးတော့ ခြူသံကို နားထောင်ပြီး နှစ်ယောက်သား လိုက်လု လိုက်ကြတာ

လဲကြ ကွဲကြနဲ့ ။ ဘောလုံးနားရောက်လို့ ချိန်ကန်တော့လည်း ဘောလုံးကို ထိတယ် မရှိဘူး ။ လေပဲ

ကန်မိတော့ ကွင်းဘေးကလူတွေက တဝါးဝါးနဲ့ ။


“ ဟုတ်ပြီကွ … မှန်ကင်းကွ … ရှေ့မှာ နည်းနည်းတိုးဦး … ဟုတ်ပြီ … ကန် … ကန်တော့ ” ဆိုတဲ့

အသံတွေဆိုတာ ညံလို့ ။


နာရီဝက်လောက်အထိ ဘယ်သူမှ ဂိုး မရသေးဘူး ။ တစ်ခါတော့ ကိုမှန်ကင်း ဘောလုံး ရသွားတယ် ။

သူသွင်းရမယ့် ဂိုးတိုင်ဘက်ကို ဘယ်လို မှတ်ထားသလဲ မသိဘူး ။ လှည့်ပြီးသား ဖြစ်သွားရော ။


ကိုကျော်ခ လာလုတော့ ဘောလုံးကို အသာလေး နောက်ဆွဲလိုက်တော့ ကိုကျော်ခ အရှိန်နဲ့

လဲရော ။ သည်တော့မှ ကိုမှန်ကင်း သူ့ခြေခုံ ပြားကြီးနဲ့ မြေလှိမ့် ကန်လိုက်တာ ဘောလုံးက ခြူသံတချွင်ချွင်နဲ့

ဂိုးပေါက်ထဲ တည့်တည့်ကြီး ဝင်သွားတော့တယ် ။


“ ဂိုး …” လို့လည်း ဝိုင်းအော်ရော ပွဲလည်း ပြီးရော ။ တစ်ဂိုး ဂိန်းကိုး ။


ကိုမှန်ကင်း က အဲသလို လူမျိုး ။ မကြည် နဲ ့ညားတော့ ကိုမှန်ကင်း ကျား မထိုးဖြစ်တော့ဘူး ၊

ဖဲမရိုက် ဖြစ်တော့ဘူး ၊ ဘောလုံးလည်း မကန် ဖြစ်တော့ဘူး ။ ရသမျှပိုက်ဆံလေး ကျစ်ကျစ် စုတယ် ။

အရက်ကလေးတော့ သောက်သေးတယ် ။ ညနေဘက် ပြန်ရောက်ရင် အရက်လေး သောက်လိုက် ၊

ပတ္တလားလေး တီးလိုက် ၊ သီချင်းလေး ဆိုလိုက် နဲ့ ။


* * *   * * *   * * *


မကြည် သူ့ဆီရောက်လို့ ဆယ်လလောက် နေတော့ ကိုမှန်ကင်း အိပ်ရာထဲ လဲတယ် ။

အသည်းရောင် အသားဝါ ဖြစ်တာ တဲ့ ။


ဝဝဖိုင့်ဖိုင့်ကိုယ်ခန္ဓာကြီး ဆိုတာ စိန်ခလုတ်နဲ့ တိုက်ချတဲ့ သင်္ဘောသီးစိမ်း လို လုံးပါးပါးသွားလိုက်တာ

အရိုးပေါ်အရေတင်ပဲ ကျန်တယ် ။ စုဆောင်းထားတဲ့ ပိုက်ဆံလေးလည်း ဆေးဝယ် သောက်ရတာနဲ့ ၊

ဆေးထိုး ရတာနဲ့ တစ်တိ တစ်တိ နဲ့ ပွန်းလှပြီ ။ စုထားတဲ့ ငွေထုပ်ကလေးလည်း လျော့လိုက်လိုက်လာပြီ ။


ဖြစ်ခါစ နှစ်ပတ်လောက်တော့ မကြည် လည်း ပြုစုပါသေးတယ် ။ နောက်တော့ ဆရာကြီးက

ငွေကုန်မှန်း သိတော့ ကိုတင်ဖေ ဆိုတဲ့ မျက် မမြင် တစ်ယောက်နဲ့ တွဲပေးလိုက်ရော ။


မကြည် တစ်နေ့လုံး ရထားနဲ့လိုက်နေရတော့ အိမ်မှာ ကိုမှန်ကင်း တစ်ယောက်တည်း ။ ဖိုးငို လေး

ပြန်ခေါ်ခိုင်းပြီး ခိုင်းချင်တာလေး ခိုင်းရတယ် ။ မကြည် အတွက် ရလာတဲ့ ပိုက်ဆံလေးနဲ့ စားနေရတော့

ကိုမှန်ကင်း လည်း ကြာတော့ အားနာလာတယ် ။


သက်သာတယ် ၊ နာလန်ထတယ် ဆိုပေမယ့် နောက်တစ်လလောက်တော့ နားရဦးမှာ

သေချာတယ် ။ မကြည် ကလည်း တစ်နေကုန် ပင်ပန်းလို့ တဲ့ ပြန်လာတာနဲ့ ရေချိုး ၊ ထမင်းစား ၊

အလှလေးပြင်ပြီး ဘူတာမှာ သွားသွားထိုင်နေတတ်တယ် ။


တစ်ညတော့ မိုးကြီးသာချုပ်ရော မကြည် နဲ့ တင်ဖေ က ပြန်မလာဘူး ။ နောက်ဆုံးရထား

သူတို့ ဘူတာရုံကလေးက ထွက်သွားတဲ့ အသံသာ ပျောက်သွားတယ် ၊ မကြည် နဲ့ တင်ဖေ ပြန်မလာဘူး ။


တော်တော်လေး မှောင်တော့မှ ဆရာကြီး က လူတွဲကလေးနဲ့ ကိုမှန်ကင်း ဆီ ရောက်လာတယ် ။

ဒီသတင်းကြားတဲ့ မိန်းမ နဲ့ ကလေးတွေလည်း ရောက်လာကြတယ် ။


တင်ဖေ က မိန်းမတော့ မရှိဘူး ၊ ဒါပေမဲ့ ကလေးတွေ ကျန်ရစ်ခဲ့တယ် ။ တင်ဖေ့

သားသမီးတွေကလည်း မျက်စိသူငယ် နားသူငယ်နဲ့ ထိုင်နေကြတယ် ။ ကိုမှန်ကင်း ရဲ့ ဘဝတူ

သူငယ်ချင်းတွေကလည်း ဒေါသဖြစ်တဲ့လူက ဖြစ် ၊ မူးတဲ့လူ မူး ။


ကိုမှန်ကင်း ကတော့ ငေါင်းစင်းစင်းကြီး ။ ပိုက်ဆံ တစ်ပြားမှ မကျန်တော့တဲ့ အိတ်ရှုံ့ကလေး

ဘေးချပြီး ငေါင်းစင်းစင်းကြီး ထိုင်လို့ ။ ခဏနေတော့မှ ဖိုးငို ကို “ အရက်တစ်လုံး သွားဝယ်စမ်း ” တဲ့ ။

သူ့ နာမည် ပြောခဲ့ တဲ့ ။


အသည်းရောင်အသားဝါရောဂါနဲ့ နာလန်ထစ လူက အရက်ပြင်းတွေ သောက်မယ်ဆိုတော့ ဖိုးငို က

ကလေးပေမယ့် တားတယ် ။ ကိုမှန်ကင်း ကလည်း “ သွားသာဝယ် ” တဲ့ ။ “ သေပစေ ” တဲ့ ။ ဖိုးငို ကတော့

“ ဝယ်မပေးဘူး ” ပဲ ငြင်းတယ် ။


ဆရာကြီး နဲ့ တခြားလူတွေကလည်း အတင်း တားတယ် ။ ဆရာကြီးက ကိုမှန်ကင်း ကိုပဲ

အပြစ်တင်တယ် ။


“ မှန်ကင်း ရာ … မင်းမိန်းမ တင်ဖေ နဲ့ တွဲ ပေးလိုက်တာ မင်း ငွေကုန်မှန်း သိလို့ပါကွာ ။ စေတနာပါ ။

ဘယ်က မိန်းမများ မင်းတွေ့လာတာလဲ ငါ့ကောင်ရာ … မျက်စိ မမြင်တဲ့ ယောက်ျားကို သေတစ်ပန်

သက်တစ်ဆုံး ရှာကျွေးတဲ့ မိန်းမတွေ အများကြီးကွ ။ ဆင်းရဲပေမယ့် သစ္စာ မပျက်ကြဘူး ။

အချစ် မပျက်ကြဘူး ။ ကလေးတွေ မြေးတွေနဲ့ … မင်း အတွေ့ပဲ ။ တို့ အထဲမှာ မင်းက အကင်းအပါးဆုံး ။

ဖဲရိုက် မလား ၊ ကျားထိုး မလား ၊ ဘောလုံးကန် မလား … မင်းကျမှ ခံရတယ်လို့ကွာ ။ အေးလေ … ဘောလုံးက

ခြူ ပါတာကိုးကွ ၊ မိန်းမက ခြူ မှ မပါတာ”


ဆိုတော့ ကိုမှန်ကင်း ဘာမှ မပြောတော့ဘူး ။ အရက်လည်း မဝယ်ခိုင်းတော့ဘူး ။ ခေါင်းရင်းထရံကိုမှီရင်း

ထိုင်နေလိုက်တာ လူတွေအားလုံး ပြန်ကြတဲ့ အထိပဲ ။ ညဉ့် တော်တော်နက်တဲ့ အထိပဲ ။


တော်တော်လေး တိတ်ဆိတ်သွားပြီ ဆိုတော့မှ ကိုမှန်ကင်း ပတ္တလားဆီကို ဖင်ရွှေ့ပြီး သွားတယ် ။

ပတ္တလားလက်ခတ်ကို ကိုင်ပြီး ထင်းခွဲခြမ်းခွဲသလိုတဖြောင်းဖြောင်းနဲ့ ရိုက်ရိုက်တီးတယ် ။


နဂိုက အသံကြောင်နေတဲ့ ပတ္တလားက ကြောက်စရာအသံတွေ ထွက်လာတော့မှ သူ ဆိုနေကျ

ခပ်ရှရှ အစ်တစ်တစ် အသံမျိုး မဟုတ်ဘဲ အသံနက်ကြီးနဲ့ …


“ နင် အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါမလွဲ … ညည်း အင်မတန် ပလီတယ် ဆိုရင်ဖြင့်

ခံရမှာပါမလွဲ … အားလုံး မှန်ကြတာပါပဲ …” လို့ ကျုံးအော်ရော ။


ပထမတော့ တဲစုကလေးက မျက်မမြင်တွေရော ၊ မိန်းမတွေရော ၊ ကလေးတွေေ ရာ

လန့်နိုးကုန်ကြတယ် ။ နောက်တော့လည်း အမှောင်ကြီးထဲမှာ တဲစုကလေး ငြိမ်သက်သွားပြန်ရော ။


◾ နေဝင်းမြင့်


📖  ရင်ခုန်ပွင့် မဂ္ဂဇင်း 

       အမှတ် ၅၀

       ၁၉၉၀ ပြည့်နှစ် - ဒီဇင်ဘာလ


koaungnaingoo.blogspot.com


.

No comments:

Post a Comment