Sunday, September 12, 2021

အချစ် မဟုတ်ဘူးနော်


 

❝  အချစ် မဟုတ်ဘူးနော် ❞

“ မောင် ... သက်လေး မှာ ကိုယ်ဝန် ရှိနေပြီ ထင်တယ် ... ”

“ ဘာ ... ”

အစဉ်အမြဲ ချိုပြုံးနေခဲ့သော ချစ်သူမျက်နှာ တင်းမာသွားသည်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည် ။

“ မင်း အဲဒီလောက်တောင် အသုံးမကျဘူးလား.… မင်း ဘာမှ ကာကွယ်မှု မရှိဘူးလား ... ”

သူလိုရာကို တောင်းတတ်သည့် ချိုမြမြ အသံမျိုး မဟုတ်တော့ ။ တကယ်ဆို အကာအကွယ် သုံးဖို့ နှစ်ဦးစလုံးမှာ တာဝန်ရှိသည် မဟုတ်လား ။ သို့သော် သူမ နှုတ်မှ ပြောမထွက်ခဲ့ပါ ။

“ သက်လေးလည်း ဆေးသောက်တာပဲ မောင်ရဲ့မောင်နဲ့ ချိန်းခါနီးတိုင်း ဆေးသောက်ခဲ့တာပဲ ... ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး……. မောင်ရယ် သက်လေးတို့ ဘယ်လိုလုပ်ကြမလဲ ဟင်... ”

အားကိုးတကြီး မေးမိသည် ။ အရင်လို ချော့မော့နှစ်သိမ့်သည့် စကားများကို မောင့်နှုတ်ဖျားမှ ကြားချင်သေးသည် ။

မောင်က သူ့ဆံပင်များကို ထိုးဖွကာ “ စိတ်ညစ်တယ်ကွာ .. ” ဟုသာ တဖွဖွ ရေရွတ်နေလေသည် ။ ချစ်သူ မျက်နှာညိုသည်ကို မကြည့်ရက်သည့် သူမကပဲ ပြန်လည် နှစ်သိမ့်ရသည် ။

“ မောင်ရယ် ... မသေချာသေးပါဘူး ... သက်လေး ကြားဖူးတာတော့ ဆီးစစ်ရတယ်တဲ့ ... အဲဒီတော့မှ ဟုတ်မဟုတ်သေသေချာချာ သိမှာ ... သက်လေးတို့ သွား စစ်ကြည့်ရအောင်နော် ... ”

သည်တော့မှ စိတ်မသက် မသာ ဖြစ်နေသည့် မောင့်မျက်နှာမှာ အနည်းငယ် ကြည်လင်လာသည် ။

“ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရတာပဲကွာ ... တကယ်ဆို ဒီအတွက် မောင်တို့ သိပ်ငယ်သေးတယ် မဟုတ်လား ... ”

ဒီစကားကို ဘာလို့များ မောင် အရင်က မပြောခဲ့ပါလိမ့် ။ အတူတူနေကြဖို့ကော သိပ်ငယ်သေးတယ်လို့ မောင် မတွေးမိခဲ့ဖူးလားဟင် ။

*****   *****   *****

သူမတို့ ဆုတောင်းမပြည့်ခဲ့ပါ ။

ကံမကောင်းလှစွာပင် UCG Test ၏ အဖြေက Positive တဲ့ ။

အခုလို ဖြစ်ရတော့ အပြစ်တွေ အားလုံး သူမအတွက် ဖြစ်သွားတော့သည် ။

အလျင်က အတူတူနေဖြစ်ဖို့ နည်းမျိုးစုံ နှင့် ဖျောင်းဖျ တိုက်တွန်းခဲ့တာ မောင် မဟုတ်လား ။ ချစ်သူရဲ့ အငြိုအငြင်ကို တာရှည် တင်းမခံနိုင်လို့ ခေါင်းညိတ်လိုက်လျောခဲ့မိတဲ့ သက်လေးရယ်ပါ ။

အရင်ကတော့ အရမ်းချစ်လှချည်ရဲ့ ဆို ၊ သက်လေးရဲ့ အချစ်ကိုမှ မရရင် သေတောင် သေရလိမ့်မယ်ဆို ။ အခုတော့ မောင့်အချစ်တွေ ဘယ်ရောက်ကုန်ပြီလဲ ။ ရင်ထဲမှာ တစစ်စစ် နာကျင်နေသည် ။

“ လက်ထပ်ကြရအောင် ... ” လို့ သူမ ပြောတော့

မောင်က ...

“ အခုနေ လက်ထပ်ရင် ဘယ်မှာ နေကြမလဲ ။ ဘယ်လို စားကြမလဲ ... ” တဲ့ ။

မောင်က ယောက်ျားပဲ  ။ တကယ်ဆို ဒီစကားတွေကို သက်လေးက မေးရမှာပါ ။ “ တူနှစ်ကိုယ် တဲအိုပျက် မှာပဲ နေရ ၊ နေရပေါ့ ... ” ဆိုတော့ မောင်က ..

“ စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ ... ” တဲ့ ။ အတူနေစရာ တစ်နေရာ၏စရိတ် ၊ စားစရိတ် ၊ ကလေးမွေးလျှင် ကုန်ကျမည့်စရိတ်တွေ မောင် တွက်ပြတော့ သူမ ထိတ်လန့်စွာ တအံ့တဩ ဖြစ်သွားရသည် ။

ဒါတွေကို မောင်အရင်က ဘာလို့ မတွက်ပြခဲ့တာလဲ ။ ဒါတွေကို မောင် အရင်ထဲက သိလျက်နဲ့ ဘာလို့များ သူမကို ဒီအခြေအနေအထိ သွေးဆောင်ခဲ့ရတာလဲ ။ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို မောင် ကြိုမမြင်ခဲ့ဖူးလား ။

သူမကတော့ မောင့်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်အားကိုးခဲ့သည် ။ အခုတော့ မောင်က ...

“ မောင်တို့ လက် မထပ်ကြဘူးလို့ မပြောပါဘူး ... တစ်နေ့ လက်ထပ်ကြမှာပါ ... ဒါပေမယ့် အခု လက်ထပ်လို့ မဖြစ်သေးဘူး ... မောင့်ပညာရေးက ရှိသေးတယ် သက်လေးက လိမ္မာပါတယ်ကွာ ... ” တဲ့ ။

မောင့်ရဲ့ ချော့တစ်လှည့် ၊ ချောက်တစ်လှည့် စကားတွေကြားထဲမှာ သူမအတွက် အဖြေက ထင်ရှားနေသည် ။ သူမကလည်း မောင်တာဝန်မယူနိုင်ဘဲနှင့် ကလေးတစ်ယောက် မွေးရဲသည့် သတ္တိ မရှိပါ ။ ရုပ်ရှင်ထဲက အမျိုးသမီးများကတော့ သတ္တိကောင်းကြသည် ။ အပြင်မှာကော ဒါမျိုးတွေ တကယ် ရှိသလား ။

သူမ အဖေ မရှိသည့် ကလေးတစ်ယောက်ကို မွေးလျှင် သူမကို လူတွေက ဘယ်လိုပြောကြလဲ ။ အဲဒီကလေးရဲ့ ရှေ့ရေးကကော ကောင်းနိုင်ပါ့မလား ။

အခုမှ သူမ အိပ်မ က် မှ လန့်နိုးသည် ။

“ ပတ်ဝန်းကျင်က ဘာပြောပြော ဂရုစိုက်နေရမှာလား ... ” တဲ့ ။ သူမ နားယောင်ခဲ့တဲ့ မောင့်စကားတွေ ။

အခုတော့ နောက်ဆက်တွဲ ပြဿနာများက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ နေလို့ရမည့် ပြဿနာများ မဟုတ် ။ အစကတည်းက လူ့အသိုင်းအဝိုင်းက လက် မခံ ၊ ခွင့်မပြုသည့်ကိစ္စမို့ ဖြစ်လာသည့် ပြဿနာများကိုကော လူ့အသိုင်းအဝိုင်းက လက်ခံမည် ၊ ခွင့်ပြုမည်တဲ့လား ။

သူမရဲ့ အသိတရားရမှုက သိပ်ကို နောက်ကျလွန်းနေခဲ့ပြီ ။

*****   *****   *****

မည်သူ့ကိုမှ ဖွင့်မပြော ၊ မတိုင်ပင်ရဲသည့် ကိစ္စမို့ မောင်ခေါ်ဆောင်ရာ နောက်သို့ သာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ရသည် ။

သူမ စိတ်အားငယ်စွာ စောင့် နေစဉ်တွင်ပင် ဆရာဝန်မလား ၊ သူနာပြု ဆရာမလားဟု မသဲကွဲသည့် အမျိုးသမီးတစ်ဦးက အခန်းထဲသို့ ဝင်လာကာ လိုအပ်သည်များကို စတင်လုပ်ကိုင်သည် ။

ကြောက်ရွံ့ ထိတ်လန့်ခြင်း ၊ နာကျင်ခြင်း ၊ ရှက်ခြင်းတို့ ရောပြွမ်းကာ ထိုနေရာမှ ပျောက်ကွယ်၍သာ သွားချင်တော့သည် ။ သူမ၏စိတ်ထဲ တစ်ကမ္ဘာလောက် ကြာသည်ဟု ထင်မိသည် ။

“ ကဲ ... အားလုံး ပြီးပြီ .. .”

ထိုအမျိုးသမီး၏ အသံကြားတော့မှ ငရဲပြည်က လွတ်လာသူလို ခံစားလိုက်ရသည် ။ ဘာပဲဖြစ်ဖြစ် တော်သေးတာလို့ပဲ မှတ်ရမှာပေါ့ ။ သူမမှာ ဘာပြဿနာ မှ မရှိတော့ ။ ဘယ်သူမှလည်း မသိလိုက်ဘဲ အားလုံး ရှင်းလင်းသွားပြီ ။ သူမ နောက်ထပ် မမိုက်တော့ဟု ကိုယ့်ဘာသာကိုယ် ကတိပြုလိုက် မိသည် ။ သည်တစ်ခါနဲ့တင် လုံလောက်သွားပြီ မဟုတ်လား ။

*****   *****   *****

ညက သူမ အဖျားတွေ တက်လာသည် ။ အမေက ဆေးခန်းသွားပြရန် ပြောသည် ။

“ ကောင်းသွားမှာပါ ... ” ဟု အမေ့ကို နှစ်သိမ့်ရင်း ပါရာစီတမော့ တစ်ပြားသောက်ကာ အိပ်ရာထဲမှာ ခွေနေမိသည် ။

ဆေးခန်းပြလို့ မဖြစ် ။ ဆရာဝန်က သူမကို မေးတော့မည် စမ်းသပ်တော့မည်  ။ သူမလုပ်ထားသမျှတွေ အကုန် ပေါ်ကုန်တော့မည် ။

သူမ၏ မိန်းမကိုယ်မှလည်း ပုပ်အဲ့အဲ့အရည်တွေ ဆင်းနေသည် ။ ဆီးစပ်ကလည်း အရမ်းကိုက်သည် ။ အဖျားက ကျမသွားဘဲ ပို၍သာ တက်လာသည် ။ သည်လိုနှင့် ကြိတ်မှိတ်နေရင်း နောက်တစ်ရက် ကူးသွားသည် ။

( ၂ ) ရက် မြောက်နေ့၏ မနက် မှာ အမေ အခန်းထဲဝင်ကာ အဖျားလာတိုင်းတော့ သူမ သတိမရချင်တော့ ။

“ အမလေး .. အဖျား ၁၀၄ တောင် ကျော်နေပြီ ... မဖြစ်ဘူး ဆရာဝန် ခေါ်မှ .. ”

သူမ ခပ်သဲ့သဲ့ ကြားလိုက်ရသော အမေ့ ၏ နောက်ဆုံးအသံ ဖြစ်သည် ။

*****   *****   *****

သူမ သတိပြန်လည်လာတော့ ဆေးရုံပေါ်မှာ သူမလက်နှစ်ဖက်စလုံးမှာ ပိုက်တန်းလန်းနှင့် ။

“ သမီး .. သမီးလေး သတိရပြီလား ... ”

အမေ၏ စိုးရိမ်တကြီး အသံ ။

“ သမီးရယ် ... အမေ စိတ်ပူလိုက်တာ ... ဒီက ဆရာဝန်မတွေက အမေ့ကို မဟုတ်တန်းတရားတွေ လာပြောနေကြတယ် ... အမေ့သမီးလေးကိုများ ကိုယ်ဝန် ဖျက်ချတာတဲ့ ... အမေ အားလုံးကို ရန်တွေ့ပစ်လိုက်တယ်... သမီး နေကောင်းတာနဲ့ အမေ ဒီဆေးရုံပေါ်က ဆင်းမယ် ... တစ်စက္ကန့်တောင် မနေဘူး ”

အမေရယ် သမီးကို အကြွင်းမဲ့ ယုံတဲ့အမေ့ကို သနားလိုက်တာ ။ သမီးမိုက်ကို ခွင့်လွှတ်ပါ အမေရယ် ။

အမေ့ကို ညာထားလို့ ရပေမယ့် ဆေးရုံက ဆရာဝန်တွေကိုတော့ ညာထားလို့ မရ ။ အသက်အန္တရာယ်နှင့် နီးလွန်းလှသည့် ကိုယ်ဝန်ဖျက်ချခြင်း၏ ဆိုးကျိုးများကို ကြားရမှ သူမ အလွန် ထိတ်လန့်တုန်လှုပ်လာမိတော့သည် ။ ။

ဖျက်ချရင်းနှင့် သွေးလွန်ကာ သေနိုင်သည် ။ ကိုယ်ဝန်ရှိသဖြင့် အလွန်ပျော့နေသော သားအိမ်သည် အလွယ်တကူ ပေါက်သွားနိုင်သည် ။ သူမ ဖြစ်သည်ကတော့ ကျန်ရစ်သည့် သန္ဓေသား၏ အစိတ်အပိုင်းမှ တစ်ဆင့် ပိုးဝင်ကာ တစ်ကိုယ်လုံး ပြန့်သွားခြင်းတဲ့ ။

သူမ ဆေးရုံရောက်တော့ အရေးပေါ်သားအိမ်ခြစ်ခဲ့ရသည် ။ သို့သော် သားအိမ်တစ်ခုလုံး ရိကာပုပ်နေပြီမို့ သားအိမ်ကို ထုတ်လိုက်ရသည်တဲ့ ။

ဆေးရုံရောက်တာသာ နည်းနည်းနောက်ကျလျှင် မည်သို့မှ မကယ်နိုင်တော့ဟု ဆရာဝန်မကြီးက ပြောသည် ။

သူမ တစ်သက်လုံး သားသမီး မရနိုင်တော့ ။

သူမ မိုက်ပြစ်အတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးက ကြီးမားလွန်းသည် ။

*****   *****   *****

ဖုံးဖိထားလို့ မရတော့ပြီမို့ အဖေလည်းသိသွားခဲ့သည် ။ အဖေက အရမ်းဒေါသထွက်သော်လည်း သူမကို ဆူပူကြိမ်းမောင်း မနေတော့ပါ ။

“ ဖြစ်ပြီးတာတွေထားတော့ ... ရှေ့လျှောက်ဘာလုပ်ရမလဲဆိုတာပဲ စဉ်းစားကြမယ် ... ” ဟု ပြောသည် ။

အဖေ နှင့် အမေ တိုင်ပင်ကာ မောင် နှင့် သူမကို လူကြီးချင်း ညှိနှိုင်းကာ လက်ထပ်ပေးကြရန် ဆုံးဖြတ်သည် ။

ဖေဖေက မောင်တို့အိမ်သို့ ဖုန်းဆက်အကြောင်းကြားကာ အကျိုးအကြောင်း ရှင်းပြပြီး လူကြီးချင်း စကားပြောရန် အိမ်သို့ ဖိတ်ခေါ်လိုက်သည် ။

နောက်တစ်နေ့တွင် မောင် နှင့် သူ့မိဘများ အိမ်သို့ ရောက်လာကြသည် ။ မောင်က သူနှင့် ဘာမှမဆိုင်သလို အပြစ်မရှိသလို ပုံမျိုးနှင့်မို့ သူမ အလွန်အသည်းယားလှသည် ။ သူမကို ဘာဖြစ်သလဲပင် မမေး ။ မောင့် ကြောင့် သူမ သေလုမျောပါးဖြစ်ခဲ့ရတာတွေကို မောင် နည်းနည်းလေးမှ မစာနာမိဘူးလား ။

မောင့်အဖေက ခပ်အေးအေးပေမယ့် မောင့်အမေ ကတော့ သူမကို ဒေါသထွက်နေသည် ။ သူ့သားကို အညွန့်ချိုးသည်ဟု စွပ်စွဲသည် ။

တကယ်တမ်း အညွန့်ကျိုးခဲ့ရတာက သူမပါ ။ သားရှင် ဖြစ်သည်နှင့် သူ့ကိုယ်သူ မိန်းမသားတစ်ဦး ဖြစ်သည်ဆိုတာကို မေ့သွားပုံရသည် ။ သူမကို မိန်းမသားချင်း ကိုယ်ချင်းစာဖို့ဆိုတာ ဝေလာဝေး ။ သည် ဖြစ်သမျှ ကိစ္စအားလုံးမှာ သူမတစ်ယောက်တည်းသာ တာဝန်ရှိသည်ဟု ယူဆထားပုံရသည် ။

“ ယောက်ျားလေးကတော့ လွယ်ရင် နေမလား ... မိန်းကလေးကမှ အနေအထိုင် မတတ်တာ ... ” တဲ့ ။

သည်လို အပြောခံရရလိမ့်မည်ဟု သူမ အိပ်မ က်ပင် မမ က်ခဲ့ဖူးပေ ။

တစ်နာရီခန့် သူ့ဘက် ကိုယ့်ဘက် အကြိတ်အနယ် ဆွေးနွေးအပြီးတွင် မောင့်အဖေက ...

“ ကျွန်တော်တို့ သားရဲ့ အိမ်ထောင်ရေးကို ချုပ်ချယ် မထားပါဘူး ... သူ့သဘောအတိုင်းပါ ... ဒါပေမယ့် တစ်ခုတော့ ရှိတယ်... သူ့ကို ကျွန်တော်တို့က နိုင်ငံခြားမှာ ကျောင်းထားပေးဖို့ စီစဉ်ထားတာ ... မိန်းမယူမယ် ဆိုရင်တော့ ဘာလို့ ထားပေးတော့မှာလဲ ... ဒီမှာပဲ အလုပ်တစ်ခုခု လုပ်ပေါ့ ... ” တဲ့ ။

သူ မောင့်မျက်နှာကို မျှော်လင့်ခြင်းကြီးစွာ ကြည့်မိသည် ။

“ ကဲ ... သား မင်းသဘောကကော ... ”

မောင့်အမေက ခပ်တင်းတင်း မေးသည် ။

“ ကျွန်တော်ကတော့ ကျောင်းဆက်တက်ချင်သေးတယ် အန်ကယ်... အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်တော့ပြုပြု ရပါတယ်... ကျွန်တော် သက် ကို မယူနိုင်ဘူးလို့ မပြောပါဘူး...အန်ကယ်တို့ ဘက်ကသာ အချိန်နည်းနည်း စောင့်ပေးဖို့ ... ”

အဖေ သည်းညည်း မခံနိုင်တော့ပါ ။

“ ဘာကွ ... မင်းကကော အချိန် စောင့်ခဲ့လို့လား ... ငါ့သမီး ဒီလို အရှက်တကွဲဖြစ်ခဲ့ပြီးမှ မင်းက ဒီစကားမျိုး ပြောရဲသေးတယ် ... ”

နှစ်ဖက် မိဘများ၏ စေ့စပ်ညှိနှိုင်းပွဲသည် ရန်ပွဲဖြင့် ပြီးဆုံးသွားခဲ့ပါသည် ။

သူမကတော့ ငိုစရာ မျက်ရည် မကျန်အောင် ငိုရုံမှတစ်ပါး ဘာများတတ်နိုင်ဦးမှာလဲ ။ သူမကြောင့် မိဘများ အရှက်ကွဲခဲ့ပြီ ။ သူမကိုယ်တိုင်လည်း တစ်ဘဝစာ အရှက်ရခဲ့ပြီ ။

နားယောင်မိသူ၏ ဘဝနှင့် ရင်းရသည့် သင်ခန်းစာများ ။ သူမလို မိန်းကလေး ဘယ်နှစ်ယောက် များ ရှိလေမလဲ ... ။ ယောက်ျားလေးများကတော့ သူတို့ ဘက် မှ နာစရာ မရှိ ၊ နှစ်သက်ကြပေလိမ့်မည် ။ ဒါကို အချစ်ဟု ယုံမှတ်မှားအောင် ပြောကြပေလိမ့်မည် ။

ဒါဟာ အချစ် မဟုတ်ပါ ။ အချစ်ဆိုလျှင်လည်း သူတို့ကိုယ် သူတို့ ချစ်ခြင်းသာ ဖြစ်ပေလိမ့်မည် ။ လက် မထပ်မီ အတူနေရန် တောင်းဆိုသော ယောက်ျားလေးများသည် ကိုယ့်အတွက်သာ ကိုယ် ကြည့်တတ်သော အတ္တသမားများမို့ ချစ်သူကို ယုံကာ ပုံမိပါက ကိုယ်သာ ဒုက္ခရောက်ရမည်ဟု သူမ သိသင့်ခဲ့သည် ။

သူမလို မဖြစ်ကြစေဖို့ မိန်းကလေးများကို မှာချင်သည် ။ ချစ်သူ၏ စကားကို နားထောင်ကာ လိုက်လျောမိတော့မည်ဆိုလျှင် နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် ပြဿနာများအတွက် မိမိ ခံနိုင်ရည် ဘယ်လောက်ရှိသလဲ ။ လူ့အသိုင်းအဝိုင်းက လက် မခံနိုင်သည့် ကိစ္စ တစ်ခုကို ကျူးလွန်ပြီး ရလာသည့် ရလဒ်များကို အရှက်ကင်းမဲ့စွာ လက်ခံရဲ ၊ ရင်ဆိုင်ရဲကြပါသလား ဆိုတာကို အရင်စဉ်းစားကြည့်ကြစေချင်ပါသည် ။

သူမကတော့ အချိန်လွန်မှ ရခဲ့သော နှောင်း နောင်တများနှင့်သာ ... ။

◾ ကျွန်း

📖 ချယ်ရီ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂၀၀၁

koaungnaingoo.blogspot.com

.

No comments:

Post a Comment