Wednesday, September 8, 2021

မောင်မောင်တုတ် ဆိုတာ ဘယ်သူလဲ


 

    ❝ မောင်မောင်တုတ်ဆိုတာ ဘယ်သူလဲ ❞

သူ၏ ငယ်မည်မှာကား မောင်ညိုတုတ် ဖြစ်သည် ။

အသားညိုညို ကိုယ်လုံးကိုယ်ထည် ခပ်တုတ်တုတ်မို့လည်း မောင်ညိုတုတ် လို့ ခေါ်ဟန် ရှိသည် ။ သူ၏ ဖခင်က မြောက်ထားဝယ်ဗိုလ် ဦးမောင်ကလေး ပင် ဖြစ်သည် ။ မောင်ညိုတုတ် ၏ မိခင်ဖြစ်သူမှာ သီပေါမင်း ရဲ့ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး စုဖုရားလတ် ရဲ့ နို့ထိန်းပဲ ဖြစ်ပါသည် ။ မွေးချင်း သုံးယောက်ရှိသည့်အနက် မောင်ညိုတုတ် က အကြီးဆုံးဖြစ်သည် ။ သူ့အောက်တွင် ပြင်းသာမင်းသား မောင်မောင်ပြောင်း နဲ့ ညီမအငယ်ဆုံး ယင်းမာချောင်း ခင်လေးတို့ ရှိကြသည် ။

သည်တော့ မောင်ညိုတုတ် နဲ့ မိဖုရားကြီး စုဖုရားလတ်တို့ဟာ နို့စို့ဖက်တွေပေါ့ ။ မောင်ညိုတုတ် ၏ ဖခင်သည် မင်းတုန်းမင်းတရားကြီး ၏ ကျေးကျွန်တော်ရင်း ဖြစ်သည့်အားလျော်စွာ နောက်တော်က အမြဲပါခဲ့ရသည် ။ မင်းတုန်းမင်းတရားကြီး ပုဂံမင်း ကို ပုန်ကန်၍ ရွှေဘိုသို့ ထွက်စဉ်တွင်လည်း မောင်ညိုတုတ် ၏ ဖခင်မှာ ပါခဲ့သည် ။

ဤသို့ ရွှေဘိုသို့ ချီရာလမ်းခရီးမှာပင် မြောက်ထားဝယ်ဗိုလ် ဦးမောင်ကလေး မှာ တိုက်ပွဲတွင် ကျဆုံးခဲ့ရရှာသည် ။ သို့နှင့် မင်းတုန်းမင်းတရား အမရပူရသို့ ပြန်ပြီး ရွှေနန်းတော် သိမ်းချိန်ကျမှ မောင်ညိုတုတ် သည် လက်သုံးတော်ကိုင်ကလေး ရာထူးတွင် ခစားရသည် ။ သည်ရာထူးလေး ရအောင်လည်း တိုင်တားမင်းကြီး ဦးဖိုး က မ, စ ပေးခဲ့သည်ဟု ဆိုသည် ။

ဘယ်လိုပင်ဆိုဆို သည်အချိန်ကတည်းကပင် မောင်ညိုတုတ် ကလေးမှာ ကင်းဝန်မင်းကြီး ၊ ယောမင်းကြီး နှင့် တိုင်တား ဦးဖိုး တို့က သဘောကျနေခဲ့ကြသည် ။ မောင်ညိုတုတ် ၏ အရည်အသွေးနှင့် ဖျတ်လတ်မှု ၊ ရဲစွမ်းသတ္တိ ရှိခြင်းတို့ကြောင့်လည်း ဤသို့ သဘောကျနေရခြင်းပင် ဖြစ်ပေလိမ့်မည် ။ နေရာတကာတွင် ရဲရဲဝံ့ဝံ့ ရှိခြင်း ၊ အသံဩဇာ ကောင်းခြင်း ၊ စကားကို တည်တည်တံ့တံ့ ပြောတတ်ခြင်းတို့ကြောင့် ဤသို့ လူသိများလာခြင်းပင် ဖြစ်၏ ။

မောင်ညိုတုတ် သည် အလုံးအရပ် ကောင်းသည် ။ အသားညိုသည် ။ ကျောက်ပေါက် မာ သက်သက် ရှိသည် ။ ကျင်စွယ်လည်း ရေးရေးထားသည် ။ မောင်ညိုတုတ် ကို အဝေးမှ ဖြစ်စေ ၊ အနီးမှ ဖြစ်စေ မြင်ရလျှင် မောင်ညိုတုတ် ၏ ကျက်သရေရှိလှသော အင်္ဂါရုပ်ကို လူတိုင်း နှစ်ခြိုက် မည်ပင် ဖြစ်သည် ။ မောင်ညိုတုတ် ၏ မျက်နှာပေါက် မှာ ခံ့ညားထည်ဝါသောသဘော ရှိသည် ။ စူးရှသော မျက်လုံး ၊ အသံဩဇာတို့နှင့် ပြည့်စုံသည် ။ မဟုတ်မခံ ဟောဟောဒိုင်းဒိုင်း ပြောတတ်သောသူ ဖြစ်သည် ။

သူ့ ငယ်နာမည် မောင်ညိုတုတ် မှ အဖျားဆွတ်ပြီး မောင်တုတ် ဟူ၍ အခေါ်များကြသည် ။ သူကမူ မောင်တုတ် အစား မောင်မောင်တုတ် ဟူ၍ ခေါ်မှပင် ကျေနပ်သည် ။ ကြိုက်နှစ်သက်သည် ။ သူသည် စင်စစ် လူချောလူလှ တစ်ဦးပင် ဖြစ်သည် ။ သူ့ခေတ်နှင့် သူတော့ စန်းပွင့်သူတစ်ယောက် ဟူ၍ ခေါ်ရမလောက်ပင် ။ ခြေတစ်လှမ်း ကုဋေတစ်သန်း ခေတ်ကပင် မိန်းမများက စပြီး သူ့ကို ကြိုက်နှစ်သက်ကြသည်ဟု ဆိုသည် ။

ရနောင်မောင်မောင်တုတ် အကြောင်း ဆိုရလျှင် တစ်နွယ်ငယ် တစ်စင်ပါ ဆိုသလို သူနှင့် ယှက်နွယ်နေသူများ အကြောင်းကိုပါ တင်ပြရမည် ဖြစ်ပါသည် ။ သည်အထဲတွင် သူနှင့် အရင်းနှီးဆုံးသော သူကား သီရိပဝရ ဒိတျာလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဟူသော ဘွဲ့တံဆိပ် နာမတော် ခံယူတော်မူသည့် သီပေါမင်းကလေး ပင် ဖြစ်သည် ။

သီပေါမင်း သည် ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းကြီး ၏ သားတော်များထဲမှ သားတော်ငယ် တစ်ပါးပင် ဖြစ်သည် ။ သီပေါမင်း ၏ မယ်တော်မှာ လောင်းရှည်မြို့စား မိဖုရားပင် ဖြစ်သည် ။ သက္ကရာဇ် ၁၂၂၁ ခုနှစ် ၊ နတ်တော် လပြည့်ကျော် ၁၂ ရက် ၊ စနေနေ့ နံနက် ( ၄ ) ချက်တီးကျော်တွင် ဖွားမြင်သည် ။ ငယ်စဉ် မင်းသားဘဝက လူအေးတစ်ယောက်  မို့ မထင်မရှားပင် ရှိသည် ။

၁၂၃၆ ခု ၊ ဝါဆိုလတွင် ရှင်သာမဏေပြုပြီး မာလာလင်္ကာရ သီရိဓဇ မဟာဓမ္မရာဇာ ဂုရု ဘွဲ့တော်ရ တောင်တော်ဆရာတော်ဘုရားကြီး ထံတွင် ပညာသင်ကြားသည် ။ သည်မှာတင် ရနောင်မင်းသား ဖြစ်လာမည့် မောင်ညိုတုတ် နှင့် သီပေါမင်းလေး တို့ စတင်တွေ့ခဲ့ခြင်း ဖြစ်သည် ။

သီပေါ မင်းသားလေး သည် ( ၁၂၃၇ - ၃၈ - ၃၉ ) ခုနှစ်များတွင် သုံးကြိမ်သုံးဖန် ပထမပြန် ဆိုတော်မူနိုင်ခဲ့လေသည် ။ မင်းသားဖြစ်ပြီး ဘာသာရေးနှင့် စာပေတွင် ထူးချွန်လှသော သီပေါ မင်းသားလေးကား ချီးကျူးစရာပင် ။ ရေပေါ်ဆီအလွှာ ဖြစ်သည့် မင်းသားဖြစ်ပေမယ့် ပေါ့ပေါ့ မနေ ပေါ့ပေါ့ မစားဘဲ တတ်နိုင်သမျှ ကြိုးစားအားထုတ်သည် ။ သည်ကြောင့်မို့လည်း သီပေါ မင်းသားလေးမှာ ရွှေနန်းတော် တစ်ခုလုံးရှိ ထိုမင်းသားများကြားဝယ် ထင်ရှားလာသည် ။

ရနောင်မင်းသားသည် မင်းသွေးမင်းနွယ် လုံးလုံးမဟုတ်ဘူး ၊ ဒါပေမယ့် သီပေါမင်းသား ငယ်စဉ်က နေခဲ့ရတဲ့ ဘုန်းကြီးကျောင်းမှာ အတူတူ နေခဲ့ကြသည် ။ လူငယ်ချင်းဖြစ်တဲ့ သူတို့သည်
သူငယ်ချင်းမိတ်ဆွေ ဖြစ်သွားကြလေသည် ။ သည်တုန်းက မောင်မောင်တုတ် အဖို့ မထင်ရှားသေးတဲ့ အညတြ လူငယ်တစ်ဦးပေါ့ ။ ဘယ် မင်းသားကမှ ဆေးဖော်ကြောဖက် မလုပ်ကြဘူး ။ သည်တော့ သဘောကောင်း မနောကောင်း လူအေးဖြစ်တဲ့ သီပေါမင်းသားကလေး က သူ့ကို ကရုဏာ ရှိတော်မူဟန် ရှိရဲ့ ။ သည်တော့ သူ့ကို အရေးပေးတော်မူသည် ။ ဒါကို သူက အခွင့်အရေး မယူပါဘူး ။ ခပ်တည်တည်ပါပဲ ။

သူတို့နှစ်ဦးဟာ စရိုက်ချင်း တူညီကြတာ မဟုတ်ဘူး ။ သီပေါမင်း က အဖြူဆို သူက မည်းသည် ။ သည်ထဲက သူ့မှာ သတ္တိရှိ၏ ။ ဟုတ်တာ ပြောရဲ၏ ။ မမှန်တာ မလုပ်ဘူးလို့ဆိုရမည် ။ ပြီးတော့ သူက သီပေါမင်းသားထက် အသက် ( ၁၀ ) နှစ် ပိုကြီးသည် ။ ဒါကလည်း သူ့ကို သီပေါ မင်းသားက အားထားရစေအောင် ဖန်တီးပေးထားတာပဲ ။ သူတို့နှစ်ဦးဟာ တစ်ဦးက ရှင်ဘုရင် သား ၊ တစ်ဦးက မြောက်ထားဝယ်ဗိုလ်ရဲ့ သား ၊ အဆင့်အတန်းက ကွာခြားသည် ။ အဆင့်အတန်း ကွာခြားသလိုပဲ လူနှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနားကြသည် ။

ဒါပေမယ့် သူတို့နှစ်ဦးဟာ သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ကြသည် ။ တစ်ဦးကို တစ်ဦး ယုံကြည်မှု အပြည့်ရှိတဲ့ သူငယ်ချင်း ၊ အားထားရတဲ့ သူတွေသာ ဖြစ်သည် ။ သည်တုန်းက အသက်ငယ်တဲ့ သီပေါမင်းသားက သူ့ကို နောင်တော်လို့တောင် ခေါ်ခဲ့ရသည် ။

အဲဒီ အချိန်ကာလတုန်းက သီပေါမင်းသား ဘုရင်ဖြစ်ဖို့ အလားအလာ ရှိတယ်လို့ ဘယ်သူကမှ မထင်ကြဘူး ။ မတွေးတောမိကြဘူး ။ သူတစ်ဦးတည်းသာ တွေးတောခဲ့သည် ။ ထင်မြင်ချက် ပေးခဲ့၏ ။ သီပေါမင်းသား ဟာ တစ်နေ့မှာ ဘုရင် ဖြစ်လာလိမ့်မယ်လို့ အထင် ရှိနေလေရဲ့ ။

သည်တော့ သီပေါမင်းသားကို သူက “ ကိုယ်တော်လေး တစ်နေ့ကျရင် ဘုရင်ဖြစ်လိမ့်မယ် ။ ကိုယ်တော်လေး ဘုရင် ဖြစ်ကို ဖြစ်ရမယ် ” လို့လည်း ပြောနေတတ်သည် ။ သည်လိုနဲ့ နေတုန်း တစ်နေ့မှာ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာလေသည် ။ ထူးခြားတဲ့ ဖြစ်ရပ်ပါပဲ ။ အတိတ်လော နိမိတ်လော ။

အဲဒီနေ့က သီပေါမင်းသား ၊ မောင်မောင်တုတ် နဲ့ ကျောင်းသားတစ်စုဟာ ကျောင်းဝင်းထဲက ဥယျာဉ်ထဲမှာ ကစားနေကြသည် ။ သည်လို ကစားနေတုန်း ဗြုန်းဆို စွန်ရဲ တစ်ကောင်ဟာ ကောင်းကင်ကနေပြီး ဥယျာဉ်ထဲကို ထိုးကျလာသည် ။ သည့်နောက် ဘယ်သူကမှ မဟန့်တားနိုင်ခင် အတွင်းမှာပဲ ကျောင်းသားတွေရဲ့ အလယ်မှာရှိတဲ့ သီပေါမင်းသားလေး ရဲ့ ဘောင်းတော်ကို ထိုးသုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလေသည် ။

သည်ဖြစ်ရပ်က မောင်မောင်တုတ် ကို ပိုပြီး အထောက်အကူ ပေးသွားသည် ။ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးပြီးချင်း မောင်မောင်တုတ် က သီပေါမင်းသား ကို ပြောလိုက်သည် ။

“ အဲဒါ ကိုယ်တော်လေး ဘုရင်ဖြစ်မယ့် အတိတ်နိမိတ်ပဲ ”

သည်လို ပြောလိုက်တာကို သီပေါမင်းသား နဲ့ တခြား ကျောင်းသားငယ်တွေက ဝိုင်းရယ်ကြ၏ ။ ဒါပေမယ့် မောင်မောင်တုတ် က မရယ်ပါဘူး ။ ခပ်တည်တည်ပါပဲ ။ သူ ပြောချင်တာကိုသာ ဆက်ပြီး သီပေါမင်းသား ကို ဆက်ပြောနေလေရဲ့ ။

“ ကိုယ်တော်လေး ကျိန်းသေ ဘုရင်ဖြစ်မှာ ၊ ဘုရင်ဖြစ်တဲ့အခါ ဘုရင်ဖြစ်မယ်လို့ ဟောခဲ့တဲ့ ကျုပ်ကို မမေ့ပါဘူးလို့ အခု ကတိပေးပါလား ”

ဒါကို သီပေါမင်းသား က လွယ်လွယ်ပဲ ကတိပေးလိုက်သည် ။ ကိုယ်မမျှော်မှန်းရဲတဲ့ နေရာကို ရ , ရမယ်လို့ အတိအကျ ပြောနေတဲ့အတွက် ကြည်နူးလို့ပဲ ကတိပေးလိုက်တာလား ၊ စကားပြတ်သွားအောင်လို့ပဲ ကတိပေးလိုက်တာလား ဆိုတာတော့ မပြောတတ် ၊ သီပေါမင်း မှသာ သိပေမည် ။ သည်ကတည်းက သီပေါမင်းသား က သူ့ကို အတော်သဘောကျနေသည် ။ ဘုရင့်သွေး ဆိုတာမျိုးက တစ်နေ့မှာ ဘုရင် မဖြစ်မှ နေရော ၊ လောလောဆယ် ဘုရင်ဖြစ်မယ်လို့ ကြိုပြောထားတာကို အတော် သဘောကျနေတတ်ကြသည် ။

ရှင်ဘုရင် ဆိုတာ အမြှောက်အပင့် နဲ့ ဘုန်းတော်ဘွဲ့များကိုသာ ကြိုက်နှစ်သက်ကြသည်မို့ မြှောက်ပင့် ပြောရသည်ဆိုကလည်း မောင်မောင်တုတ် မှာ ငယ်ရွယ်သေးသမို့ သည်လို မြှောက်ပင့် ပြောခြင်းလည်း ဟုတ်ချင်မှ ဟုတ်ပေမည် ။

သည်လိုနှင့် တစ်နေ့မှာ မောင်မောင်တုတ် ရဲ့ ဟောကိန်းဟာ မှန်လာသည်ဆိုတာ သိလာကြရပါပြီ ။

သီပေါမင်းသား အသက် ( ၂၀ ) ပြည့်ပြီး ၁၂၄၀ ပြည့်နှစ် ၊ တော်သလင်း လပြည့်ကျော် ၉ ရက်နေ့မှာ အိမ်ရှေ့မင်းသား ဖြစ်လာလေသည် ။ မကြာပါဘူး အိမ်ရှေ့မင်းသား ဘဝမှ သီတင်းကျွတ် လဆန်း ၆ ရက် မှာပဲ ရှင်ဘုရင် ဖြစ်လာတော့သည် ။

◾ မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment