Friday, September 24, 2021

အနိမ့်စခန်း မှ ရွှေဘုံနန်း သို့ ( ဒုတိယပိုင်း )


 

❝ အနိမ့်စခန်း မှ ရွှေဘုံနန်း သို့  ❞
           ( ဒုတိယပိုင်း )

ဘမရာသန ပလ္လင် ကို မှန်နန်းဆောင် ရှေ့ပိုင်းခန်းမကြီးတွင် ထားရှိသည် ။ မြန်မာမင်းတို့မှာ ပလ္လင်ရှစ်ခန်း ရှိသည် ။ မှန်နန်းအဆောင်တော်မှာ ထားရှိတဲ့ ဘမရာသန ပလ္လင်တော်ဟာ အဂ္ဂမဟေသီ မိဖုရားကြီး နဲ့ အတူယှဉ်တွဲပြီး ဘိသိက်ခံယူတဲ့ ပလ္လင်တော် ဖြစ်၏ ။ အောက်ခြေကို ပိတုန်းရုပ်ခံကာ ကရဝေးသားဖြင့် ပြုလုပ်ထားသည် ။

သည် ဘမရာသန အဆောင်တော်မှာ ဆင်ဖြူမရှင် မိဖုရားကြီး နဲ့ ဝန်ကြီး လေးပါး တို့က နန်းတွင်းရေးကို တိုင်ပင်ဆွေးနွေးသည်ဆိုတာ အဓိပ္ပာယ်အများ ရှိသည်လို့ ထင်ရပါသည် ။ ဒါကလည်း ဆင်ဖြူမရှင် မိဖုရားကြီး သာ သိမှာပါပဲလေ ။

မြန်မာမင်းများဟာ စည်းစိမ်ကို အတော်ယစ်မူးဟန် ရှိပါသည် ။ အဆောင်တော် များများ ထားပြီး တစ်ဆောင်မှ တစ်ဆောင်ကို ကူးပြောင်း စံစားတော်မူသည် ။ အဆောင်တစ်ခုမှာ ပလ္လင်တော် တစ်ခု ထားရှိ၏ ။ ဒါကြောင့်မို့လည်း ပလ္လင်တော် ရှစ်ခန်း ဟူ၍ ခေါ်ဝေါ်ကြဟန် တူပါရဲ့ ။

ဤ ပလ္လင်ရှစ်ခန်း အနက် အရေးကြီးဆုံးသော ပလ္လင်တော်ကား သီဟာသန ပလ္လင်တော် ဖြစ်သည် ။ ရွှေနန်းတော်ကြီး၏ ဦးကင်း ဖြစ်တဲ့ မြေနန်းတော်ခန်းမကြီးမှာ ထားရှိသည် ။ မြန်မာမင်းများ ရာဇဘိသေက ခံယူမြဲ ဖြစ်၏ ။ အဝေးအနီး ရပ်ရွာမှ မြို့စား ၊ ရွာစား ၊ မင်းညီမင်းသားများကို အကန်တော့ခံတဲ့ ပလ္လင်လည်း ဖြစ်ပေသည် ။ သည် သီဟာသန ပလ္လင်တော် ကို ယမနေသားဖြင့် ထုလုပ်ပြီး ခြင်္သေ့ရုပ် ခံထားလေသည် ။

ဒုတိယ ပလ္လင်တော်က မှန်နန်းဆောင်မှာထားတဲ့ ဘမရာသနပလ္လင် ဖြစ်သည် ။ ကရဝေးသား ကို ထုလုပ်ပြီး ပိတုန်းရုပ် ခံ၏ ။ ဘုရင်မင်းမြတ် နန်းတက်သည့်အခါ ၊ အဂ္ဂမဟေသီ မိဖုရားခေါင်အဖြစ် ဘိသိက်သွန်းတဲ့အခါ အသုံးပြုသည် ။ ဘမရာသန ပလ္လင်တော်မှာ ဘုရင်မင်းမြတ် အမြဲ စံနေလေ့ရှိသည် ။

ပဒုမ္မာသန ပလ္လင်တော် က တတိယပလ္လင် ဖြစ်သည် ။ အနောက် ဇေတဝန်ဆောင်မှာ ထားရှိသည် ။ ပဒုမ္မာကြာပွင့်ခံကာ သရက်သားဖြင့် ထုလုပ်ထား၏ ။ သည် ပလ္လင်တော်တွင် မင်း ၊ မိန်းမ တို့ကို ကန်တော့ခံလေ့ရှိသည် ။

အရှေ့ဇေတဝန်ဆောင်မှာ ထားရှိသည့် ပလ္လင်တော်က စတုတ္ထပလ္လင် ဖြစ်သည် ။ ဟံသာသနပလ္လင် လို့ ခေါ်သည် ။ သည်ပလ္လင်တော်မှာ ညီလာခံစည်းဝေး တိုင်ပင်မှုများ ပြုလုပ်လေ့ ရှိသည် ။ ဟံသာသန ပလ္လင်တော်ကို သင်္ကန်းသား နဲ့ ထုလုပ်ထား၏ ။ ဟင်္သာရုပ်ကို ခံထားသည် ။

ပဉ္စမ ပလ္လင်ကို ရတာသနပလ္လင် လို့ ခေါ်သည် ။ ဇေတဝန်ဆောင် မြောက်ဘက် ဗြဲတိုက်ဆောင်မှာ ထားရှိသည် ။ ဆင်ရုပ်ခံ၏ ။ အသားကတော့ စကားသားနဲ့ ထုလုပ်ထားသည် ။ မင်းမှုထမ်းများအား ချီးမြှောက်သည့် ကိစ္စနှင့် နှိမ့်ချသည့် ကိစ္စများကို စီရင်လေ့ရှိသည် ။ မင်းတုန်း မင်းတရားကြီး နှင့် သီပေါမင်းတရား တို့ လက်ထက်တော်တွင်မူ နန်းတက်စ ဗြဲတိုက်သိမ်းသော အခမ်းအနား ကျင်းပစဉ်သာ ကိုယ်တိုင်ကြွလာဖူးသည် ဟု ဆိုသည် ။ တကယ်တော့ ဗြဲတိုက်တော်မှာ လွှတ်တော် ငါးရပ် အပါအဝင် ဖြစ်သည် ။ အတွင်းလေးပါးက ကြီးကြပ်ရသည် ။

ဆဋ္ဌမ ပလ္လင်တော်မှာ ဗောင်းတော်ဆောင်မှာ ရှိသည့် သင်္ခါသန ပလ္လင်တော် ဖြစ်သည် ။ ခရုသင်းရုပ် ခံသည် ။ ပိန္နဲသားဖြင့် ထုလုပ်ထားသည် ။ သင်္ခါသန ပလ္လင်တော်သည် တရားဓမ္မ နာယူရာတွင် အသုံးပြုသည် ။

သတ္တမ ပလ္လင်တော်မှာ တောင်စမုခ်ဆောင်တွင် ရှိသည် ။ အစစအရာရာ တိုင်ပင် ဆွေးနွေးရန် ဖြစ်သည် ။ သားရဲရုပ် ( ဝါ ) သမင်ရုပ် ခံ၍ ရေသဖန်းသားဖြင့် ပြုလုပ်ထားသည် ။ မိဂါသန ပလ္လင်တော်ဟု ခေါ်သည် ။

နောက်ဆုံး အဋ္ဌမမြောက်ဖြစ်သည့် ပလ္လင်တော်က မြောက်စမုခ်ဆောင်တွင် ထားရှိသည့် မဟူရာသန ပလ္လင်တော် ဖြစ်၏ ။ ပေါက်သားဖြင့် ပြုလုပ်ပြီး ဥဒေါင်းရုပ် ခံထားသည် ။ ရွှေ ၊ ငွေ ၊ ရတနာ ၊ ဆင် ၊ မြင်းရတနာ ဆက်သရာနှင့် သမီးကညာ ဆက်သရာများတွင် သိမ်းပိုက် ခံယူတော်မူလေ့ ရှိသည် ။

သည်ဌာနများကား ပလ္လင်ရှစ်ခန်း အပါအဝင် ဌာနများ ဖြစ်သည် ။ ရွှေနန်းတော်တွင်းမှာ နန်းတွင်းရေးတွေ ရှုပ်ထွေးနေသည် ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရှေ့တန်းတင်နေကြသည် ။ မိမိတို့ အာဏာရရေးကိုသာ ကြိုးစားနေကြသည် ။ အာဏာရရင် ပြီးရော ၊ ဘာပဲ လုပ်ရလုပ်ရ ၊ သတ်ရမလား ဖြတ်ရမလား ။ နောက် မတွန့်တော့ပြီ ။ ဖြစ်လာမယ့် ပြဿနာ အရပ်ရပ်ကိုလည်း မငဲ့တော့ပြီ ။ ရာဇဝင်မှာ တွင်ကျန်နေရစ်ခဲ့မည့် သွေးအလိမ်းလိမ်း ကိုလည်း မမှုတော့ပြီ ။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော ဆိုသလိုပေါ့ ။

သည်တော့ ခု ဖမ်းထားတဲ့ မင်းညီမင်းသား အားလုံးကို မလွှတ်သေးဘူး ။ ရွှေနန်းတော် အတွင်းမှာ အေးဆေးတည်ငြိမ်လာသည်အထိ စောင့်မည် ။ နောက် မှ လျောက်လျားပဲ ။ သည်ကြားထဲ ထူးခြားလာရင် ထူခြားသလို လုပ်ရမှာပဲ ။ ကျူပင်ခုတ် ကျူငုတ်တောင် မချန် ၊ ကိစ္စတုံးရမလား ဆိုတာ မိဖုရားကြီး တွေးနေဟန်ရှိသည် ။ အခါခပ်သိမ်းထက် သည်နေ့မှာ မိဖုရားကြီး အဖို့ စိတ်ကို ပိုမိုတည်ငြိမ်ထားရဟန် တူသည် ။ ရတနာပုံ ရွှေမြို့တော်သူ မြို့တော်သားများကမူ ခါတိုင်းလိုပင် ရောင်းမြဲ ရောင်း ၊ ဝယ်မြဲ ဝယ်လျက် ရောင်းဝယ်မပျက်ဘဲ ရှိနေကြသည် ။ ရွှေနန်းတော်တွင်း၏ အရေးတော်ပုံကိုကား သူတို့ မသိချေ ။ သိလို့ ဘာထူးခြား လာဦးမှာတဲ့လဲ ။ ဘာတွေကော လုပ်နိုင်မှာတဲ့လဲ ။ တတ်နိုင်မှာတဲ့လဲ ။ သူတို့ဘာသာ သူတို့ ကြိုက်တဲ့ မင်းကို တင်နေကြတာ ၊ တို့က ဘာတတ်နိုင်မှာတဲ့လဲ ၊ တို့နဲ့ကော ဘာဆိုင်လို့သလဲလို့လည်း တွေးကြမှာပဲပေါ့ ။

ရှင်ဘုရင် ဆိုတာ လူတကာလုပ်ချင်လို့ ရတာ မဟုတ်ဘူး ။ ဘုရင် တစ်နေရာအတွက် လူသတ်ရဲရမည် ၊ ဖြတ်ရဲရမည် ၊ နေရာတကာမှာ မဟုတ်သည်ဖြစ်စေ ၊ ဟုတ်သည်ဖြစ်စေ ရဲရဲရင့်ရင့် လုပ်ရဲရတတ်သည် ။

ဘယ် ဘုရင်ပဲ တက်တက် ၊ တို့တစ်တွေကတော့ နင်းပြားက နင်းပြားပါပဲ ။ ဘုရင်တစ်ပါး ပြောင်းပြီး နောက်တစ်ပါး တက်လာလည်း မထူးပါဘူး ။ စားဝတ်နေရေးစရိတ် ပိုကြီးတာနဲ့ လူတွေအသက် သေတာပဲ ပိုတာပဲလို့လည်း တွေးကြပါလိမ့်မည် ။

သည်အချိန်မှာ ရွှေနန်းတော်တစ်ပြင်လုံး လက်နက်ကိုင် အစောင့်တို့ဖြင့် တင်းကျမ်း ပြည့်နေတော့လေသည် ။ ရွှေနန်းတော်ကို အဝင်သာ ရှိစေသည် ။ အထွက် မရှိစေရဘူး ။ သူတို့အားလုံး လက်နက်တွေကိုင်ပြီး ရပ်နေကြသည် ။ သတ်မှတ်ထားတဲ့ နေရာကလွဲပြီး တခြား ဘယ်ကိုမှ မသွားဘူး ။ ကြေးစားစစ်သား ပီသပါပေသည် ။ မျက်နှာထားတွေက သုန်လို့ မှုန်လို့ ။

မင်းသားတွေကို ဖမ်းဆီးလိုက်ကတည်းက တစ်စုံတစ်ခု ထူးခြားတော့မည် ဆိုသည်ကို သိထားတဲ့ ဆောင်ရ ၊ နန်းရ မိဖုရားကြီးတွေ ရှိသည် ။ သီပေါမင်းသား ကို အမိန့်တော်နှင့် အိမ်ရှေ့အရာ နှင်းလိုက်သည်လည်း ကြားရော… အထူးပဲ မခံမရပ်နိုင် ဖြစ်ကြသည် ။ သူတို့ကတော့ သက်ပန်း မိဖုရား ၊ ခုနှစ်ရွာ မိဖုရား ၊ လင်ပန်းတိုက်စား မိဖုရားနဲ့ ညောင်ရမ်းမင်းသား ညီနောင်၏ မယ်တော်ဖြစ်သည့် မြောက်ရွှေရေး မိဖုရားတို့ ဖြစ်သည် ။ မိမိတို့ သားတော်များကို ဖမ်းထားသည် ဆိုကတည်းက သူတို့ခမျာမှာ ပရိဒေဝမီး တောက်လောင်ကြရှာသည် ။ မိမိတို့ နေသည့် အဆောင်တော်နဲ့ မှန်နန်းဆောင်ကြားမှာလည်း အစောင့်တွေက ဒုနဲ့ ဒေး ၊ အများကြီးပဲ ။ မှန်နန်းဆောင်မှာက ဘုရင်မင်းတရားကြီးရဲ့ အိပ်ဆောင်ရှိသည် ။ သည်တော့ ဘာလုပ်ရရင် ကောင်းမလဲလို့ သူတို့ တိုင်ပင်ကြသည် ။

နောက်ဆုံး ရလာတဲ့အဖြေကတော့ ဘာပဲဖြစ်ဖြစ် အကျဉ်းခံ သားတော် ၊ သမီးတော်များရဲ့ အသက်နဲ့ မိမိတို့ အသက်ကို လဲကြမည်ပေါ့ ။ ဖြစ်လာမယ့် အန္တရာယ်ကိုလည်း အတူတူ ရင်ဆိုင်ကြမည်ပေါ့ ။ သားဇောသမီးဇောဆိုတော့ မယ်တော်များအနေနဲ့ ကြံမိကြံရာ ကြံကြရတာပေါ့ ။ မဖြစ်, ဖြစ်တဲ့နည်းနဲ့ ကနေ့ ရွှေနန်းရှင် ဘုရင်မင်းတရားကြီး နဲ့ တွေ့မယ်လို့ တိုင်ပင်ပြီး မှန်နန်းဆောင် ဘက်ကို ထွက်လာကြသည် ။ ပရိဒေဝမီး တောက်လောင်နေကြတဲ့ မိဖုရားကြီးများသည် ထဘီ ၊ ပဝါ ၊ ဆံပင်များကို မသိမ်းနိုင်အောင် ရှိနေကြသည် ။

သည်လို ရုတ်ရုတ်သဲသဲနဲ့ အမောတကော ဝင်လာကြသည့် မိဖုရားကြီးများကို ဘယ် အမှုထမ်းများကမှ မပိတ်ပင်နိုင်ကြဘူး ။ သွားလမ်းဖြစ်သည့် လမ်းကိုတောင် ဖယ်, ဖယ် ပေးကြသည် ။ ဘုရင်မင်းမြတ်၏ ကြင်ယာဇနီးများ ဖြစ်ရသည်မှာ တယ်မလွယ်ဘူး ။ ကိုယ့်လင် ဆိုပြီး အရမ်းသွားတွေ့လို့ရတာ မဟုတ်ဘူး ။ သူက အခေါ်တော်ရှိမှ ဒါမှမဟုတ် သူလိုချင်တာလေးရှိမှ လာတွေ့မှ တွေ့ရတာပဲ ။

ဒါနဲ့ပဲ မိဖုရားများသည် မှန်နန်းဆောင်တော် တံခါးဝကို ရောက်လာကြသည် ။ မှန်နန်းဆောင်မှာ မင်းတုန်းမင်းတရားကြီး မမာမကျန်း ဖြစ်နေတော်မူသည် ။ ဒါကြောင့်လည်း ဆင်ဖြူမရှင် မိဖုရားကြီး က အတွင်းတော်သို့ ဘယ်သူမှ မဝင်နိုင်အောင် အစောင့်အရှောက် များ အထပ်ထပ် ချထား၏ ။ အတွင်းက တံခါးကျည်းရှင်ကို ခိုင်လုံစွာ ပိတ်ထားစေသည် ။

မင်းတရားကြီး မမာမကျန်း ဖြစ်နေစဉ်အတွင်းမှာ တခြားမိဖုရားများက လာပြီး နားပူနားဆာ လုပ်မှာစိုးလို့ ထင်ပါရဲ့ ။ အနှိပ်တော် ဘလဲဘ ရွာစား နှင့် စားတော်ဝန်ကြီး ဦးခဲ တို့သာ မင်းကြီး အနားမှာ ရှိစေလေသည် ။ သည့်အပြင် နန်းစည်းစိမ်ကို မဆက် မခံနိုင်ဘဲ သမီးတော်များသာ ထွန်းကားသည့် ဆောင်ရမိဖုရားများ ကလည်း မင်းတုန်းမင်းတရားကြီး ၏ အပါးတော်မှာ ခစား ပြုစုစေသည် ။ သူတို့ကိုတော့ ဆင်ဖြူမရှင် မိဖုရားကြီး က သလွန်တော်အနီးမှာပဲ နေစေသည် ။ တောင်ဆောင်တော် မိဖုရား ၊ စိန်တုန်း မိဖုရား ၊ လက်ပံရှည် မိဖုရား ၊ သရစိမ်း မိဖုရား ၊ လဲချား မိဖုရား နှင့် သနတ်စည် မိဖုရား တို့ပဲ ဖြစ်ကြသည် ။

သည်လိုနဲ့ မှန်နန်းဆောင် အပြင်ဘက်တွင် ရောက်ရှိနေသော မိဖုရားများသည် အစောင့်များနှင့် အတွင်းတော်သို့ ဝင်ရရေးအတွက် စကားပြောနေကြရသည် ။ အစောင့်များက ဆင်ဖြူမရှင် အမိန့်တော်ကို ခံယူဖို့ ပြောသည် ။ ဒါကို စိတ်စောနေတဲ့ မိဖုရားအားလုံးက စိတ်မထိန်းနိုင်အောင် ရှိလာကြသည် ။

“ ငါတို့လင် မမာနေတာကို ငါတို့လာကြတာ ဘယ်သူ့အမိန့် ခံရဦးမှာလဲ ” ဆိုပြီး အစောင့်များကို အတင်းတွန်းဖယ်ပြီး ကျည်းရှင်တံခါးဝဆီကို စုရုံးလာကြလေသည် ။ ဒရောသောပါး ပြေးဝင်သွားကြသည့် မိဖုရားကြီးများကို ဘယ်အစောင့်ကမှ မဟန့်ရဲဘူး ။ မတားရဲဘူး ။ လက်ဖျားကလေးနဲ့ မပြောနဲ့ သူတို့ရုံတဲ့ ပဝါကိုတောင် မထိရဲကြဘူး ။ ဒါပေါ့… မိဖုရားတွေဆိုတာက ဘုရင်မင်းတရားကြီး မှ တစ်ပါး တခြားသူစိမ်း ဘယ်သူမှ မထိကောင်းတဲ့ အရာပေပဲ မဟုတ်လား ။ ဘုရင်မင်းမြတ် တို့သာလျှင် ထိရင် ထိ ၊ ကလိ လျှင် ကလိလို့ ရသည့် ဟာတွေပဲ မဟုတ်လား ။ ဒါကြောင့်လည်း ဘုရင်ဖြစ်ဖို့ မလွယ်ဘူး ပြောကြတာပေါ့ ။ ဘုန်းရှင်ကံရှင် မှပဲ ဖြစ်ကြတာပေါ့ ။ ဖြစ်နိုင်တယ်ပေါ့ ။

ပိတ်ထားတဲ့ အဆောင်တော် တံခါးရွက်ကို ထုနှက်နေကြသည် ။ နုနယ်သေးသွယ်လှတဲ့ မိဖုရားတွေရဲ့ လက်တွေမှာ သွေးခြည်တွေ ဥလာပြီ ။ ဒါပေမယ့် အတွင်းတော်က မပွင့်သေးဘူး ။ အစောင့်တွေကလည်း အကြောင်သား ငေးကြည့်နေကြလေရဲ့ ။

သည်လို တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ထုနှက်နေတဲ့ အသံတွေဟာ ဆူညံနေတာပဲ ။ ပဲ့တင်သံတွေကြောင့်လည်း အဆောင်တစ်ခုလုံး ဆူညံနေသည် ။

သလွန်ပေါ်တွင် မှေးစက်နေတဲ့ မင်းတရားကြီးဘုရား လည်း လန့်နိုးသွားဟန် ရှိတယ် ။ ဆူညံနေတဲ့ တံခါးရွက်သံကို နားထောင်ရင်းက အနားမှာရှိတဲ့ စားတော်ဆက် မောင်ခဲ ကို သွားဖွင့်စေတယ် ။ တံခါးပွင့်သွားသည်နှင့် မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုက မင်းတုန်းမင်းကြီး ကို အံ့အားသင့်သွားစေသည် ။

ဆံပင် ဖိုးရိုးဖားရား ၊ ပဝါမနိုင် ထဘီမနိုင်တဲ့ မိဖုရားကြီး တွေက မင်းတရားကြီး ရှိတဲ့ သလွန်တော်ကို ပြေးဝင်လာကြသည် ။ ခြေတော်ရင်းမှာ ဝပ်စင်းနေကြရင်းက ငိုရှိုက်နေကြသည် ။ သည်အချိန်မှာ မင်းတရားကြီး ကလည်း ရောဂါ အတော်သက်သာနေသယောင် ရှိနေသည် ။

သားတော် ၊ သမီးတော်များကို အိမ်ရှေ့မင်း နှင့် မှူးတော် မတ်တော်များက မတရား ဖမ်းဆီးချုပ်နှောင်ထားကြောင်းကို မိဖုရားများက လျှောက်တင်ကြသည် ။ သည်အချိန်မှာ ဘမရာသန အဆောင်တော် မှာ ဝန်ကြီးတွေနဲ့ ဆွေးနွေးလျက်ရှိသော မိဖုရားကြီး လည်း သတင်း ကြားသောကြောင့် အရေးတကြီး ပြန်ရောက်လာသည် ။ မင်းတရားကြီး သည် အဖမ်းခံ သားတော် ၊ သမီးတော်များအတွက် အလွန် စိတ်မကောင်းဖြစ်သွားသည် ။ ခါတိုင်းလို ညှိုးညှိုးခွေခွေ မနေတော့ဘဲ အုံးဝန်းတော်ကို မှီထားသည် ။ ကိုယ်ကို ခပ်မတ်မတ် ပြင်ထိုင်လိုက်လေသည် ။ အစဉ် အေးဆေးတည်ငြိမ်ဟန် ရှိနေသည့် မင်းတရားကြီး ၏ မျက်နှာတော်မှာ ပူပင်သောကရဲ့ အရိပ်အယောင်များ တွေ့မြင်နေရ၏ ။ နာတာရှည် ဝေဒနာ စွဲကပ်နေသူမို့လည်း အသားအရေမှာ ခပ်ဖျော့ဖျော့ ရှိနေသည် ။

“ ငါ၏ သားတော်များကို အနှောင်အဖွဲ့မှ ချက်ချင်း လွှတ်ရမည် ။ ရှေ့တော်မှောက်ကိုလည်း အမြန်သွင်းစေ ”

မကြာခင်မှာပဲ ကြေးတိုက်တွင်းမှ မင်းသား လေးဆယ်ကျော် တို့သည် မင်းတရားကြီး ၏ ရှေ့တော်မှောက်သို့ ရောက်နေကြသည် ။ သည်တွင်မှ မင်းတရားကြီး လည်း ရယ်နိုင်မောနိုင် ဖြစ်လာတော့သည် ။ ဘေးမှာ ထိုင်နေသည့် ဆင်ဖြူမရှင် မိဖုရားကြီးမှာ မတုန်မလှုပ်နဲ့ မင်းတရားကြီး ကိုသာ အငေးသား ကြည့်နေလေသည် ။ မင်းတုန်းမင်း လည်း သားတော်များကို မြို့စားရွာစား တန်သူကို မြို့စားရွာစား ပေးအပ်၏ ။ ရွှေ ၊ ငွေ ၊ လက်ဝတ်ရတနာ ဆုတော် လာဘ်တော် တန်သူကို ဆုတော်လာဘ်တော် ပေးသနား၏ ။ အဝတ်အထည် တန်သူကို အဝတ်အထည် ချီးမြှင့်သည် ။

မင်းတုန်းမင်း သည် ကျန်ရှိသမျှသော အားအင်များကို ခြိုးခြံလျက် မက္ခရာမင်းသားကြီး အား တီးတိုး မှာကြားတော်မူလေသည် ။ သားတော်များအလာကို စောင့်မျှော်နေသည့် အချိန်မှာပင် မင်းတုန်းမင်း သည် ဘုရင်မင်းမြတ် ပီသစွာ နန်းတွင်းရေး စက်ပုန်းခုတ်သူများကို ကွက်ကျော် နင်းနိုင်မည့် အကြံအစည်တစ်ခုကို စီမံပြီး ဖြစ်လေသည် ။

မင်းတုန်းမင်း သည် သူ့ သားတော် ၊ သမီးတော်များ အားလုံး၏ အသက်ဘေးကို ကာကွယ်ပေးနိုင်ပေမည် ဖြစ်သော်လည်း သူ ကံတော်ကုန်ပြီး နောက်ပိုင်း၌ အသက်အန္တရာယ် ရောက်ရှိနိုင်သည့် မင်းသားသုံးပါး၏ အရေးမှာ သူ့အတွက် အသက်သာမကဘဲ သူတို့၏ ဆွေမျိုး တစ်သိုက်နှင့် နောက်လိုက် နောက်ပါ တို့၏ အသက်ဘေးမှာ အန္တရာယ်ကြီးလှပေသည် ။

အကယ်၍သာ သူသည် သုံးဆယ်မင်းသား ၊ မက္ခရာမင်းသား နှင့် ညောင်ရမ်းမင်းသား တို့ကို သံကိုယ်စားလှယ် အဖြစ် ခန့်အပ်မည်ဆိုပါက သင်္ဘောဆိပ်တွင် အမြဲတမ်း အသင့်ပြင်ထားသော မီးသင်္ဘော နှစ်စင်းဖြင့် သူတို့၏ ဆွေတော်မျိုးတော်များ ၊ နောက်တော်ပါများကို အချိန်မရွေး ခေါ်ဆောင်သွားနိုင်မည် ဖြစ်လေသည် ။ မက္ခရာမင်းသား သည် အင်္ဂလိပ် သံကိုယ်စားလှယ် မစ္စတာရှော ထံ လူလွှတ်၍ ညောင်ရမ်းမင်းသား အား အစီအစဉ်ကို အပြောခိုင်းရန် ဖြစ်သည် ။

ခပ်မှိန်မှိန် ဖြစ်နေသော အဆောင်တော်ထဲတွင် မှောင်စပင် ပျိုးလာလေသည် ။ မက္ခရာမင်းသား သည် ခမည်းတော်၏ လက်ကို ဦးထိပ်တွင် ရွက်တင်လျက် မှာကြားတော် မူသမျှတို့ကို နာယူနေပေသည် ။ ဖခမည်းတော် အမိန့်တော် ရှိသည့်အတိုင်း ကျေပွန်စွာ ထမ်းဆောင်လိုက်နာပါမည် ဟူ၍လည်း ကတိပြုလိုက်လေသည် ။ သတ္တိပြောင်လှသော မက္ခရာ မင်းသားကြီး ပင်လျှင် နန်းတွင်းရေးကိစ္စ၌ အန္တရာယ်များကြောင်းကို ကိုယ်၌ ခံစားမိရှာလေသည် ။

မှာစရာရှိသည်များကို နောက်ဆုံး မှာကြားတော်မူပြီးနောက် မင်းတုန်းမင်း သည် သားတော်၏ ဦးခေါင်းပေါ်၌ လက်တော်ကို ခေတ္တမျှတင်ထားလိုက်သည် ။ မက္ခရာမင်းသားကြီး သည် မျက်ရည်ဖြိုင်ဖြိုင်ကျလျက် နှလုံးမသာမယာ ရှိနေသည့်အကြားမှ ခြေတော်ကို အုပ်ထားသည့် ပိုးစောင်ပါးကို အသာလှပ်လိုက်သည် ။ ပြီးမှ ခမည်းတော်၏ ခြေတော်ကို သူ့ဆံပင်ဖြင့် ပွတ်သပ်လိုက်ရှာလေသည် ။

ဖြောင့်ဖြောင့်တန်းနေသော မင်းတုန်းမင်း ၏ ရွှေဝါရောင် ခြေထောက်တော်သည် စောင်ကို လှပ်လိုက်သောကြောင့် အေးခနဲ ဖြစ်သွားမိလေသည် ။ မက္ခရာမင်းသား သည် ပိုးစောင်ပါးကို ပြန်လည် အုပ်ပေးပြီးနောက် ဦးနှိမ်ပြီး အဆောင်တွင်းမှ ထွက်ခွာလာခဲ့လေသည် ။

ညဘက်တွင် မင်းတုန်းမင်း သည် ကယောင်ကတမ်းတွေ ပြောနေရှာသည် ။ သတိမှာလည်း မရတစ်ချက် ရတစ်ချက်ပင် ။ နာရီများ ကုန်လွန်သည့်အတွက် ပဟိုရ်စည်တော် ဆော်နှက်သည့် အခါများတွင် “ ငါ့သားတော်တွေ မြစ်ကြောင်း ရောက်သွားကြပြီ ။ သူတို့မှာ ခေါင်းပေါင်းဖြူတွေနဲ့ ပါကလား ၊ သူတို့တစ်တွေတော့ ချမ်းသာသွားကြလေပြီ ။ ချမ်းသာသွားကြလေပြီ ” ဟူ၍လည်း ရေရွတ် နေရှာလေသည် ။

နိမိတ်ပြတာပဲလား ၊ တိုက်ဆိုင်မှုပေပဲလားလို့ စဉ်းစားရလောက်အောင်ပါပဲ ။ သည်နေ့က သည်ဖြစ်ရပ်သည် သည်မိသားစုတစ်စု၏ နောက်ဆုံး သိုက်သိုက်ဝန်းဝန်း တွေ့ဆုံရခြင်းပင် ဖြစ်ပေသည် ။ ဘုရင်မင်းတရားကြီး အနေနဲ့ နောက်ဆုံး မြှောက်စားခြင်းသဘော ဖြစ်ကောင်း ဖြစ်မှာပါပဲ ။ သူ့ ရောဂါ ဝေဒနာကလည်း အတော်ကျွမ်းနေမှပဲကိုး ။

“ ဝဋ်မှာအမြဲ ငရဲအပ ” ဆိုတာလိုပဲ အချီးအမြှောက်ခံ မင်းသားများ၏ ဘဝသည် ဆိုးရွာလှပေသည် ။ ဘုရင်မင်းတရားကြီး ရှေ့မှောက်က တပျော်တပါး စုစုဝေးဝေးနဲ့ ထွက်လာကြသည့် မင်းသားများသည် “ မင်းသားအားလုံး တောင်ဥယျာဉ်တွင် ခေတ္တ စံကြရမည် ” ဟူသော အမိန့်တော်ကြောင့် တောင်ဥယျာဉ်တော်ကို စုဝေး ရောက်ရှိသွားကြရပြန်လေသည် ။

မင်းသားများနှင့် မင်းသားများ၏ မယ်တော်များအားလုံး တောင်ဥယျာဉ်တော်သို့ ရောက်ရှိ နေကြသည် ။ သည်အခါမှာ စောစောကတည်းက အကွက်ဆင်ပြီး အသင့်စောင့်ဆိုင်းနေပြီးဖြစ်သည့် ဆင်ဖြူမရှင် မိဖုရားကြီး နှင့် ဝန်ကြီးအချို့က သားတော်များ နှင့် မယ်တော်များကို ဖမ်းဆီးလိုက်လေတော့သည် ။

ခပ်စောစောက စံရာဌာနဖြစ်သည့် ကြေးတိုက်အတွင်းကို ပြန်ပို့စေသည် ။ ကဲ … ခုတော့ ဘယ်သူက ဘာတတ်နိုင်ဦးမှာတဲ့လဲ ။ ဘယ်မိဖုရား ကရော မင်းတုန်းမင်း ဆီကို သံတော်ဦး တင်နိုင်ဦး တော့မှာလဲ ။ နောက်တစ်နေ့ နံနက်တွင် ဘုရင်မင်းမြတ် ၏ အဆောင်တော်ဝဆီမှ ခြေသံဖွဖွကို ကြားကြရသည် ။ ဆင်ဖြူမရှင် မိဖုရား သည် အသက်အရွယ် ကြီးရင့်လင့်ကစား ပေါ့ပေါ့ပါးပါးပင် အဆောင်တော်အတွင်းသို့ ဝင်ရောက်လာပြီး သလွန်တော် ခေါင်းရင်းဘက်၌ ဒူးတုပ်၍ ထိုင်ချလိုက်သည် ။

သည့်နောက် တရားစာအုပ်ကို ကိုင်ထားသည့် မိဖုရားငယ်အား ဘေးသို့ ဖယ်ရှားရန် အမူအရာ ပြလိုက်လေသည် ။ ဆင်ဖြူမရှင် မိဖုရာ းသည် ရဲတင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည် ။ သူသည် မည်သူ့ကိုမျှ မကြောက် ၊ စိတ်ဆိုးတော်မူနေသည့် ဘုရင်မင်းမြတ်ကိုပင် အမှုမထားချေ ။ သို့ဖြစ်သောကြောင့် ဆင်ဖြူမရှင် မိဖုရား သည် ဘုရင်နှင့် ခပ်ခွာခွာတွင် မနေဘဲ မင်းသားများကို ဖမ်းဆီးသည့် အကြောင်းနှင့် ပတ်သက်၍ သူ့ဟာသူ အကြောင်းပြလျက် ရှင်းလင်း၍ သံတော်ဦး တင်နေသည် ။ သူကိုယ်တိုင်သည် ထိုကိစ္စတွင် မည်သို့မျှ မပါဝင်ဘဲ ဝန်ကြီးတစ်ပါး၏ လုပ်ဆောင်ချက် သက်သက်ဖြစ်၍ ၎င်းဝန်ကြီးအား အပြစ်ဒဏ်ပေးပြီး ဖြစ်ကြောင်းကိုပါ ထပ်လောင်းပြီး သံတော်ဦး တင်လိုက်လေသည် ။

သည့်နောက် ဆင်ဖြူမရှင် မိဖုရားကြီး သည် သူ့လက်ထဲမှ ပုရပိုက်တစ်ခုကို ဘုရင်မင်းမြတ် ရှေ့တော်မှောက်တွင် မြင်သာအောင် ပြသထားသည် ။ ပါးစပ်ကမူ ဘာကိုမှ မပြောဆိုချေ ။

မင်းတုန်းမင်းသည် လေးလံနေသော မျက်ခွံများကို မပွင့်တပွင့် ဖွင့်လျက် ဦးခေါင်းကို အားစိုက်၍ လှည့်လိုက်ပြီး ပုရပိုက်ကို လှမ်း၍ ကြည့်လိုက်လေသည် ။ မင်းတုန်းမင်း သည် အရောင် မှိန်လျက်ရှိသော အဆောင်တော်တွင်း၌ အားယုတ်လျက်ရှိသော မျက်လုံးများဖြင့် ဆင်ဖြူမရှင် ၏ အရေးများ ထင်လျက်ရှိသော မျက်နှာပေါ်တွင် စူးရှ၍ ခက်ထန်သော မျက်လုံးများကို မြင်လိုက်ရ လေသည် ။

မင်းတုန်းမင်း သည် ပုရပိုက်ကို ၎င်း၏ သွေ့ခြောက်နေသော လက်ဖြင့် ဖြည်းညင်းစွာ လှမ်းယူလိုက်လေသည် ။ ပုရပိုက်ပေါ်တွင် သုံးဆယ် ၊ မက္ခရာ ၊ ညောင်ရမ်း နှင့် သီပေါမင်းသားတို့၏ အမည်များကို ရေးသားထားလေသည် ။ သီပေါမင်းသား ဘေးတွင်မူကား ကြက်ခြေခတ် ခရေပွင့် အမှတ်အသား နှစ်ခု ပါရှိနေလေသည် ။

“ ဒီ အမှတ်အသားတွေကတော့ တိုင်တားမင်းကြီး နဲ့ ကင်းဝန်မင်းကြီး တို့ရဲ့ အမှတ်အသား တွေပါ ဘုရား ၊ သီပေါမင်းသား ကို အိမ်ရှေ့မင်းအဖြစ် ကြေညာဖို့အတွက် မင်းတရားကြီး ရဲ့ အမှတ်အသားကို စောင့်စားနေကြပါတယ် ။ မင်းတရားကြီး က သုံးဆယ် ၊ မက္ခရာ နဲ့ ညောင်ရမ်း မင်းသား တို့ တစ်တွေကို သံကိုယ်စားလှယ်တော်တွေ အဖြစ်နဲ့ စေလွှတ်လိုက်ပြီးပြီ မဟုတ်ပါလား ဘုရား ၊ သူတို့တစ်တွေဟာ အေးအေးချမ်းချမ်းနဲ့ ရှိနေကြပါပြီ ။ သူတို့တစ်တွေ မရှိခိုက် မှာဆိုရင် သီပေါမင်းသား ကို အိမ်ရှေ့မင်းအဖြစ် ကြေညာဖို့ပဲ ရှိပါတော့တယ် ဘုရား ” ဟူ၍ ဆင်ဖြူမရှင် မိဖုရား သည် ရှေ့သို့ ကိုင်းညွတ်လျက် ကလေးငယ်အား တစ်လုံးချင်း နားလည်အောင် ပြောပြနေသကဲ့သို့ ဖြည်းဖြည်းအေးဆေး ဂရုတစိုက် သံတော်ဦးတင်နေလေသည် ။

မင်းတုန်းမင်း သည် ဘာတစ်ခွန်းမှ ပြန်မပြောသေးဘဲ ပုရပိုက်ကို ချထားလိုက်သည် ။ သူ့နှလုံးသားသည် ပြင်းထန်စွာ ခုန်လျက်ရှိလေသည် ။ သူ့အနေနဲ့ သူလုပ်လိုသည့်အတိုင်း မလုပ်လိုက်ရဘဲ ကံတော်ကုန်သွားရမည်ကို စိုးရိမ်တော်မူလျက် ရှိလေသည် ။ သတိလစ်ခါနီး၌ ဖြစ်ပေါ်လာတတ်သော ဦးနှောက်တွင်းသို့ တစ်သုတ်ပြီး တစ်သုတ် ဝင်ရောက်လာလေ့ရှိသော ခံစားမှုများသည် ပေါ်၍ ပေါ်၍လာပြီး ပျောက်၍ ပျောက်၍ သွားနေလေသည် ။

သူ့လက် များသည် ပုရပိုက်ဘေးတွင် မလှုပ်မယှက် အေးစက်စက်ကြီး ရှိနေလေသည် ။ သူ့တွင် ပြန်လည် အမိန့်ပေးနိုင်လောက်အောင် အားအင် မကျန်ရှိတော့ချေ ။ ဖြစ်ချင်ရာ ဖြစ်စေတော့ဟု ပေယျာလကန် ထားလိုက်ချင်နေဟန် တူရဲ့ ။ သူ့သားတော်ကြီး သုံးပါးတို့သည် အသက်ဘေးရန် အန္တရာယ်မှ လွတ်ကင်းလျက် ချမ်းသာမှု ရရှိသွားကြပြီ ဖြစ်သည့်အတွက် သူ့အနေနှင့် ဤသို့ ပေယျာလကန်သဘောမျိုး ထားလိုက်ခြင်း ဖြစ်လေသည် ။

သလွန်ဘေး၌ ဒူးတုပ် ခစားလျက်ရှိနေသော ဆင်ဖြူမရှင် မိဖုရား သည် မင်းတုန်းမင်း ၏ မျက်လွှာတော်ပိတ်လျက် မျက်လုံးများ မှိတ်ကျသွားသည်ကို မြင်တွေ့လိုက်လေရာ သူ့ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး ဂရုစိုက်၍ နားထောင်လိုက်လေသည် ။ မင်းတုန်းဘုရင်ကြီး သည် သဲ့သဲ့ကလေး အသက်ရှူနေလေသေးသည် ။ သည်တွင် ဆင်ဖြူမရှင် မိဖုရားကြီး သည် မင်းတုန်းမင်း ၏ လက်ထဲသို့ ကညစ်တံကို ထည့်လိုက်ပြီး မင်းတုန်းမင်း ၏ လက်အပေါ်မှ သူ့လက်ကို အုပ်လျက် သီပေါမင်းသား ၏ အမည်ဘေးတွင် အခြားသူများ၏ အမှတ်အသားထက် ပို၍ ထင်ရှားသော ကြက်ခြေခတ် အမှတ်အသားကို ရေးမှတ်လိုက်လေသည် ။

အေးစက်နေသော မင်းတုန်းမင်း ၏ လက်သည် အနည်းငယ် ရုန်းကန်မှုမျိုးကို ပြုလုပ်လိုက်လေသေးသည် ။ သို့သော် ထိုသို့ ပြုလုပ်ခြင်းထက် ပို၍ မလုပ်ဆောင်နိုင်ချေ ။ ဆင်ဖြူမရှင် မိဖုရား သည် တိတ်ဆိတ်စွာ ထလျက် အဆောင်တော်တွင်းမှ ထွက်ခွာသွား လေတော့သည် ။ ထိုနေ့ ညနေဘက်တွင် သီပေါမင်းသား အား အိမ်ရှေ့မင်းအဖြစ် အတိအလင်း ကြေညာလိုက်လေသည် ။

မင်းသားများသည် ကြေးတိုက်တော်အတွင်း၌ ပြန်လည် အချုပ်အနှောင် ခံထားရပြန် လေသည် ။နောက်တစ်ဖန် တစ်ကျော့ ပြန်အချုပ်ခံထားရသည်မို့လည်း မကျေမနပ်ဖြစ်ကာ လက်သီးတဆုပ်ဆုပ် အံတကြိတ်ကြိတ် ဖြစ်နေကြရသည် ။ အရိပ်သုံးပါး နားမလည်ကောင်းလား လို့လည်း ကိုယ့်ကိုယ်ကိုယ် ဒေါသ ဖြစ်ကြရသည် ။

ကြေးတိုက် ဆိုသည်ကလည်း ကြေး ၊ သံ ၊ သတ္တု များကိုသာ သိုလှောင်ထားသည့် တိုက် ဖြစ်သဖြင့် အလင်းရောင်အား နည်းပါးသည် ။ မှောင်သည် ။ အလိုလို စိတ်အားငယ်ရသည့်အထဲ မှောင်နေသည့် တိုက်ထဲမှာ ချုပ်ထားတော့ အားငယ်တတ်သော မင်းသမီးများ အဖို့ဝယ် ထိတ်လန့်တကြား ဖြစ်နေကြရတော့သည် ။ သည်သို့ ချုပ်ထားသည့်နေ့မှ စပြီး နေ့စဉ်နေ့တိုင်းပင် ဗြဲတိုက်တော် အတွင်းဝန်များသည် အလှည့်ကျ သွားရောက်ပြီး မင်းသားများကို စစ်ဆေးကြရသည် ။ သည်လို အကျဉ်းကျနေသည့် မင်းသားများကို စစ်ဆေးခြင်းကို မီးစစ်သည် ဟု ခေါ်ကြ၏ ။ သည်အခါတွင် အကျဉ်းခံ မင်းသားများ၏ အမည်များကို တစ်ယောက်စီ ခေါ်ကြည့်ရသည် ။

ဥပမာ “ မက္ခရာမင်းသားကြီး ” လို့ အမည်တော် စစ်ဆေးသည့်အခါတွင် မက္ခရာမင်းသား က “ ရှိပါရဲ့ ၊ ရှိပါရဲ့” လို့ ကောင်းစွာ ဖြေဆိုရ၏ ။ သည်လို စစ်ဆေးခြင်းကို မင်းသားအများစုက လက်ခံသော်လည်း လက် မခံသော မင်းသားတစ်ပါး ရှိသေးသည် ။ အဆိုပါ မင်းသားမှာ သုံးဆယ် မင်းသားကြီး ဖြစ်သည် ။

ဗြဲတိုက်အတွင်းဝန်က သူ၏ အမည်တော်ကို ခေါ်တိုင်း မည်သည့်အခါမျှ ပြန်လည်မထူးဘဲ ဆဲ၍ဆို၍သာ တုံ့ပြန်လေသည် ။ ဒါကလည်း မင်းသားကြီး ကို အပြစ်မဆိုသာချေ ။ ပုထုဇဉ်လူသားပီပီ မခံချင်စိတ် တော်လှန်ချင်စိတ်တွေ များပြားနေလို့သာ ဖြစ်ရပေမည် ။ ဒါကြောင့်မို့ပင် နောင်ကို တောင်ခွင်မြို့စား ၊ ရွှေတိုက်အတွင်းဝန် စသည့် ဗြဲတိုက်အတွင်းဝန်များမှာ သုံးဆယ်မင်းသားကြီး ၏ အမည်ကို မမေးရဲတော့ဘဲ တခြား မင်းသားများ ၏ အမည်များကိုသာ မေးကြရရှာသည် ။

နောက်တစ်ပတ်ခန့် ကြာသည်အထိ မင်းတုန်းမင်း သည် သတိ မရတစ်ချက် ရတစ်ချက်နှင့် သတိလစ်နေသော အချိန်ကသာ များခဲ့လေသည် ။ တစ်ခါတစ်ရံတွင်မူကား အားသစ်အင်သစ်များ ဝင်ရောက်လာသည့်အလား သတိများ လည်၍ လာတတ်သည့်အတွက် တစ်စုံတစ်ယောက်ကများ သားတော်များသည် ထောင်သွင်းအကျဉ်းချခြင်း ခံနေရကြောင်းကို သံတော်ဦးတင်ကြမည့် အရေးအတွက် ဆင်ဖြူမရှင် နှင့် ဝန်ကြီးများ အနေနှင့် အတော်ကြီးပင် စိုးရိမ် ပူပန်မိကြရလေသည် ။ သို့ရာတွင် ဘုရင်ကြီး ၏ အဆောင်တော်တွင် အစောင့်များ အထပ်ထပ် ချထားသည့်အတွက် မှန်နန်းဆောင် အတွင်းသို့ မည်သူတစ်ဦးတစ်ယောက် မျှ ဝင်ခွင့် မရရှိနိုင်ခဲ့ချေ ။

◾ မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment