❝ ဒဏ်ရာရသူ မခင်သစ် ❞
ထွန်းကလေး
မြင့်ကြီး တော့ ခက်ပြီ ။
တစ်ဖက်က ကျောင်းသားအရေး ၊ အခြားတစ်ဖက်က ကိုယ့်စာပေ ကိုယ့်စာမေးပွဲအရေး ၊ ကြားထဲမှာ ဗျာများနေပြီ ။ တစ်ဖက်က အများအရေး အခြားတစ်ဖက်က ကိုယ့်အရေး ကြားထဲမှာ ဟိုယိမ်း သည်ယိုင် ဖြစ်နေပြီ ။ မြင့်ကြီး
တစ်ယောက်ဖြင့် ပန်းပြားပင် ဖြစ်နေပါပြီ ။
စာကိုပဲ ဖတ်နေမယ် ၊ ဒါကြောင့် ထွန်းကလေးတို့ လုပ်နေကြတဲ့ ကျောင်းသားအရေး ဆူပူလှုပ်ရှားမှုမှာ မပါသေးဘူး ။ အစည်းအဝေး မတက်ဘူး ။ အင်အားပြပွဲတွေ မလိုက်ဘူး ၊ ဗမာစာ ဂုဏ်ထူး စာမေးပွဲမှာ ပထမတန်းက အောင်ရမယ်လို့ ဆုံးဖြတ်ပြီး ကျန်းမာရေး လမ်းလျှောက်ချိန်ကလွဲပြီး ကျောင်းပြင်ကို
မထွက်ခဲ့ဘူး ထွန်းကလေးရယ် ။
သို့ပေမယ့် စာဖတ်လို့ ဖြောင့်သလားဆိုတော့ မဖြောင့်ဘူး ၊ စာမှာ စိတ် မရောက်ဘူး ။ ခုတော့ ပိုဆိုးတယ် ။ ကျောင်းသားတွေသွေး မြေဝယ်ကျပြီ
ဆိုတော့ မဟာပထဝီမြေကြီးတောင် တုန်လှုပ် လောက်ပေတယ် ။ မြင့်ကြီး ရဲ့
အသည်းနှလုံးတုန်တာတွေတော့ မပြောနဲ့တော့ကွယ် ။ ကိုယ့်သွေးတူ သားတူတွေဟာ ကျောင်းသားတွေ အလုပ်သမားတွေ လယ်သမားတွေရဲ့ အရေးတော်ပုံ အောင်မြင်ဖို့ အတွက် သွေးစက်နဲ့ ယဇ်ပူဇော်ပြီး ဆောင်ရွက်နေကြတဲ့အခါမှာ ကိုယ်ကျိုးအတွက် ( ကိုယ်ကျိုးက ဘယ်လောက်ပဲ မွန်မြတ်
မွန်မြတ် ၊ မြန်မာစာဂုဏ်ထူးတန်း ပထမတန်း ဆွတ်ခူးမယ်ဆိုတဲ့ ကိုယ်ကျိုးရည်ရွယ်ချက်ပင် ဖြစ်လင့်ကစား ) ကိုယ်ကျိုးအတွက် ချောင်ကုပ်ပြီး အားထုတ်နေတာဟာ သေးငယ်တဲ့အလုပ် ၊ သိမ်တဲ့အလုပ် ဖြစ်နေပေါ့ကွယ် ။
မြင့်ကြီး ကိုယ်ကိုယ် မြင့်ကြီး ရှက် မိတယ် ။ ဒီအထဲမှာ ထွန်းကလေး က ငေါ့တော့တော့ စာရေးပြီး မြင့်ကြီး ကို ပြက်ရယ်ပြုပြန်တော့ တုန်လှုပ်နေတဲ့
အသည်းနှလုံးမှာ သင်တုန်းဓားနဲ့ ပါးပါးလွှာလွှာ လှီးနေသလားထင်ရတယ် ။
ထွန်းကလေး ရေ မြင့်ကြီး တော့ မျက်ရည်အကြိမ်ကြိမ် ကျမိပြီကွယ် ။
မြင့်ကြီး လေ ... ကိုယ်ကျိုးနဲ့ အများကျိုး မြန်မာစာဂုဏ်ထူးပထမတန်းနဲ့
ကျောင်းသား အရေးတော်ပုံ အောင်မြင်မှုတွေကို ချိန်ခွင်မှာ တင်စက်ကြည့်တယ် ။ ၁၉၃၆ ခုနှစ် သပိတ်တုန်းက တကယ် ထူးချွန်တဲ့ ကျောင်းသား
အရေးရှိတော့ စွန့်ကြတာပဲ မဟုတ်လား ။ ကိုခွက်ညို ၊ ကိုသာလှ ၊ ကိုစံထွေး
တို့နှင့် ဆေးသိပ္ပံဘက်က ပထမတန်းကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပုံတွေ သွား သတိရတယ် ။
ဒီတော့ကာ နောက်တစ်ခါ အရေးရှိရင် မြင့်ကြီး ကို လာခေါ်ပါနော် ။ အာဏာဖီဆန်ဖို့ပဲဖြစ်ဖြစ် ၊ ညွန့်ပေါင်း နန်းရင်းဝန် မက ဘုရင်ခံ့အိမ် ဝိုင်းဖို့ဖြစ်ဖြစ်
လာခေါ်ပါနော် ။ မြင့်ကြီး လိုက်ပါ့မယ် ။ လူဟောင်းတွေကကတော့ မြင့်ကြီး
တစ်ယောက်တော့ သေချာပေါက် ထားလိုက်ပေတော့ ။ မအုန်း ၊ မမကြီး ၊
မခင်မြ တို့တစ်တွေတော့ ကိုယ်အားဖြင့် မပါနိုင်ကြပေမယ့် စိတ်တော့ဖြင့်
ညွတ်ဟန် တူပါရဲ့ ။ မအမာ တစ်ယောက်ကတော့ ယောက်ျားရပြီး စီးပွားရေး လုပ်နေပြီ ။ ဒီတော့ မြင့်ကြီး ကတော့ ဘက်ပဲ့နေတာပဲ ။ သို့ပေမယ့် လူသစ်ကလေးတွေ ရှိပါတယ်လေ ။ အားရှိစရာပါပဲ ။
ဪ ဒါထက် သတင်းတစ်ခု ကြားပြီလား ။ မြင့်ကြီး တို့တော့ ဗမာစာဌာနကဆိုတော့ ဆရာကြီး ဦးဖေမောင်တင် နဲ့ ပတ်သက်ပြီး ပိုပြီးနီးစပ်တဲ့သတင်း
ကြားတာပေါ့ ။ စစ်ကိုင်းကျောင်းဆောင် ကကျောင်းသားခေါင်းဆောင်
ကိုလှမြတ်စိုး ဟာ ဗိုလ်စာရေးသွင်းပြီး ရေနံချောင်း ကိုသွားတယ် မဟုတ်လား ။ ဒီတော့ အဆောင်မှူး ပါမောက္ခ မ က်ဂစ် က အရေးယူရမယ်လို့
တောင်းဆိုတယ် ။ ဒီတော့ ဆရာကြီး ဦးဖေမောင်တင် က ခုကိစ္စဟာ
ကျောင်းသားတွေနဲ့ တက္ကသိုလ် ဘာမှဖြစ်တာ မဟုတ်ဘူးတဲ့ ။ ကျောင်းသားတွေက ကျောင်းကို ဆူနေတာမဟုတ်ဘူး ။ အစိုးရကို ဆူနေတာ ။ ဒါကြောင့်
အရေးမယူနိုင်ဘူးလို့ ဆိုလိုက်သတဲ့ ။ ဆရာကြီးကတော့ အရေးကျရင်
သိပ်သတ္တိ ကောင်းတာ ထွန်းကလေး ရဲ့ ။
ကဲ - စာရှည်သွားပြီ ၊ တော်သေးပြီနော် ။
အရေးတော်ပုံ အောင်ပါစေသတည်း ။
မြင့်ကြီး
၂၁ - ၁၂ - ၃၈
ကျွန်တော်သည် မမြင့်ဦး ၏စာကို တစ်ကြိမ်နှစ်ကြိမ် မက သုံးကြိမ်ကျအောင် ဖတ်မိပါသည် ။
အဓိပ္ပာယ်ကို နားမလည်သောကြောင့် မဟုတ်ပါ ။ အဓိပ္ပာယ်ကို သဘောကျလွန်းလို့ ဖြစ်ပါသည် ။
ဟယ် - နယ်ချဲ့သမား ၊ ဟယ် - ညွန့်ပေါင်းအစိုးရ ၊ သင်တို့သည် ကျောင်းသားတို့၏ သွေးကို
မြေသို့ကျအောင် ဖိနှိပ်ညှင်းပန်းခြင်းဖြင့် သင်တို့အား ဆန့်ကျင်မှု ၊ အတိုက်အခံမှု လျော့ပါးသွားလိမ့်မည် ၊ ကွယ်ပျောက်သွားလိမ့်မည် ထင်သလော ။ကျောင်းသား ၊ အလုပ်သမား ၊ တောင်သူလယ်သမား တွေက သင်တို့အား ခေါင်းငုံ့ဒူးထောက် အရှုံးပေးမည် ဟု ထင်သလော ။ သို့ကလို
ထင်လျှင် သင်တို့မှားလိမ့်မည် ။ သင်တို့ ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် ငါတို့အင်အား လျော့၍မသွား ။
တိုးတက်၍သာ လာသည် ။ ကျောင်းသားတို့သွေး မြေမကျခင်က အေးအေးသက်သာ ကိုယ့်စာကိုယ် ဖတ်နေလိုသောကျောင်းသား ၊ ကျောင်းသူများပင် မခံမရပ်နိုင်ဖြစ်လာခဲ့ပြီကို သင်တို့မြင်ပြီလော ။
သို့ကလိုပင် ကျွန်တော် အံကြိတ်၍ ကြုံးဝါးမိသည် ။
ဪ မမြင့်ဦး ၊ ခုလိုတော့လည်း အတော်သားပဲ ။ အရေးကြုံတော့ မဟုတ်မခံ စိတ်ဓာတ်ကို
ပြလိုက်တယ်နော် ။ အရင်က ကျောင်းသားအရေးတော်ပုံမှာ နောက်ဆုတ်ပြီး ခပ်ကုပ်ကုပ် နေခဲ့လို့ ထွန်းကလေး အထင်သေးခဲ့မိသေးတယ် ။ ခုတော့ အမှန်ကို သိပါပြီ ။ ' မီးခဲပြာဖုံး ' နေခဲ့တာပဲနော် ။ မမြင့်ဦး ကို အထင်သေးခဲ့မိတာ မှားပြီ ။
သို့ကလို တွေးမိပြီး မမြင့်ဦး ထံ ပြေး၍ပင် တောင်းပန်ချင်စိတ် ပေါ်ပါသည် ။ ကျွန်တော်က
တောင်းပန်ပြန်လျှင်လည်း မမြင့်ဦး က မဆွတ်ခင်က ညွတ်ချင်ပြီး ဖြစ်ပေလိမ့်မည် ။ ကျွန်တော်
သည် မမြင့်ဦး ၏ ခွင့်လွှတ်ပြီဆိုသော အထိမ်းအမှတ်ဖြစ်သည့် အပြုံးကို ဆာလောင်မွတ်သိပ်မိ၏ ။
ဝိုင်းစက်ကြည်လင်သော မျက်လုံးအစုံမှ လွှတ်လတ္တံ့သော မေတ္တာကရုဏာ ရောင်ခြည်များကို
ရမ်းရော်မိပေ၏ ။
အကယ်၍ မခင်သစ် ထံသို့ သွား၍ကြည့်ရန် တာဝန်သာ မရှိခဲ့ပါမူ မမြင့်ဦး ထံသို့ ခြေဦးလှည့်မိပေလိမ့်မည် ။
မခင်သစ် ခမျာမှာ ပုလိပ်တုတ်ဒဏ်ရာဖြင့် အိပ်ရာတွင် လဲလျောင်းနေရရှာပေလိမ့်မည် ။
ကျောင်းသားကျောင်းသူ ၂ဝဝ ကျော် ဒဏ်ရာရရှိသည့်အနက် အချို့မှာ ရန်ကုန်ဆေးရုံကြီးတွင် ၊
အချို့မှာ တက္ကသိုလ် ဆင်နီတိုရီယံ တွင် ၊ အချို့မှာ ကိုယ့်အိမ်ကိုယ့်ရာတွင် ကုသနေကြသည် ။
ကိုလှရွှေ နှင့်တကွသော ကျောင်းသားခေါင်းဆောင်များသည် ဆေးရုံကြီး နှင့် ဆင်နီတိုရီယံ သို့ သွားကာ ဒဏ်ရာရသူများကို မေးမြန်းကြည့်ရှုကြရာ ကျွန်တော်လည်း ပါသွားလေသည် ။ ၎င်းနောက်
လူစုခွဲ၍ အိမ်တွင်ကုသနေသော ဒဏ်ရာရရှိသူများကို ကြည့်ရှုကြရသည် ။ ကိုလှရွှေ သည် မခင်သစ်
အား သွားကြည့်ရန်ဖြစ်၏ ။ သို့ရာတွင် မအားသဖြင့် သူ့ကိုယ်စား ကျွန်တော့်အား သွားကြည့်ပါ
ဟု တာဝန်ပေးထားလေသည် ။ ထို့ကြောင့် မမြင့်ဦး နေရာ အင်းလျားဆောင် ဘက်သို့ ခြေဦးမလှည့်နိုင်တော့ဘဲ မခင်သစ် တို့နေရာ ရေကျော် သို့သာ ခြေဦးလှည့်ရပေတော့သည် ။
မခင်သစ် ကား အပေါ်ထပ်ဧည့်ခန်းမှာ ပက်လက်ကုလားထိုင် နှင့် ခပ်ခွေခွေ ထိုင်နေသည်ကို တွေ့ရ၏ ။ သူ့အမေကား မခင်သစ် ၏ ဘေးတွင် ကုလားထိုင်တစ်လုံးမှာ ထိုင်လျက် သတင်းစာ ဖတ်နေလေသည် ။ သူတို့သားအမိအပြင် ဘယ်သူ့ကိုမျှ မတွေ့မြင်ရ ။
မခင်သစ် မှာ ခေါင်းတွင် ပတ်တီးစည်းထားသည် ။ ဂီတဝိသောဓနီ စာအုပ်ကို ဖွင့်လျက် ရင်ခွင်ပေါ်မှာ တင်ထားကာ မျက်စိများကို မှိတ်ထားသည် ။
ကျွန်တော့် ခြေသံကို ကြားလိုက်သောအခါ ဒေါ်ဒေါ် က သတင်းစာကြည့်ရာမှ လှမ်းကြည့်လျက် -
“ ဪ မောင်တင်ထွန်း လားဟေ့ ၊ လာ လာ ထိုင် ” ဟု ပြောပြီး မခင်သစ် နှင့် မျက်နှာချင်းဆိုင်ရှိ
ကုလားထိုင်တစ်လုံးကို ပေးလေသည် ။
ထိုအခါ မခင်သစ် သည်လည်း မျက်လုံးများကို အသာလှပ်လျက် ကျွန်တော့်အား ကြည့်လိုက်သည် ။
၎င်းနောက် သူ့မျက်နှာတွင် အပြုံးကလေး ခပ်ရေးရေးပေါ်လာသည်ဟု ထင်သည် ။
“ ဘယ့်နှယ့်နေသေးသလဲ ဒေါ်ဒေါ် ၊ ကိုလှရွှေ က သူမအားလို့ ကျွန်တော်ပဲ သွားမေးလိုက်ပါဆိုတာနဲ့ ”
ဒေါ်ဒေါ် က ပြုံးလိုက်ရာ စိုးရိမ်မှုကင်းနေသော အပြုံးဖြစ်ကြောင်း အကဲခတ်မိသည် ။
“ ကိစ္စ မရှိပါဘူးကွာ ၊ မောင်လှရွှေ မအားလို့ မလာတာလည်း ဒေါ်ဒေါ် တို့က ဘာမှ ဗွေမယူပါဘူး ၊
သို့ပေမယ့် မောင်လှရွှေ မအားလို့ ကိုယ်စားလွှတ်လို့သာ မောင်တင်ထွန်း လာရတယ်ဆိုတာကတော့ ဟဲ ဟဲ ”
ကျွန်တော့်မှာ ရုတ်တရက် ဘာဖြေရမည်မသိ ၊ အနေကျပ်သွားပြီးမှ အားယူ၍ပြုံးကာ -
“ သည်လိုလည်း မဟုတ်ပါဘူး ဒေါ်ဒေါ် ရယ် ၊ ကိုလှရွှေ အားလို့ လာလည်း ကျွန်တော်လည်း
လာမှာပါပဲ ”
“ ကျီစားတာပါကွာ ၊ ခုလို အခါကြီးမှာ အရေးကြီးတော့ သွေးနီးရာဆိုတာလို တစ်ယောက်နဲ့
တစ်ယောက် ကြင်နာကြတာ ၊ ခင်မင်ရင်းနှီးကြတာ ၊ သူခံရင် ကိုယ်ခံရသလို နာကြတာတွေ့ရတော့
ဒေါ်ဒေါ် တို့ဖြင့် အများကြီး အားတက် မိတယ် ။ ခုကြည့်ပါလား ၊ သစ်သစ် ကလေး ခံရတယ်
ဆိုရင်လေ လာလိုက်ကြ ၊ မေးလိုက်ကြ ကြင်နာယုယလိုက်ကြတာ ၊ လူစုံ ရောက်လာတာပဲကွဲ့ ။ဟိုသူငယ်တောင် ရောက်လာသေးသကွဲ့ ၊ အရင်ကတော့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ပါပဲ ခုတော့ အိုင်စီအက်စ် စာမေးပွဲ ဝင်နေတယ်လေ ”
“ ကိုကျော်ငြိမ်း လား ဒေါ်ဒေါ် ”
“ အေး အေး ”
ကျွန်တော်ကား ဘယ်သူဘယ်ဝါ လာရောက် မေးမြန်းကြကြောင်းထက် မခင်သစ် ၏ ဒဏ်ရာအကြောင်းကိုသာ သိလိုနေပြီ ဖြစ်ရကား -
“ နို့ ပြောစမ်းပါဦး ဒေါ်ဒေါ် ရဲ့ ၊ မခင်သစ် ရဲ့ ဒဏ်ရာအခြေအနေက ဘယ်လိုလဲ ”
မခင်သစ် က ကျွန်တော့် အား ပြုံး၍ ကြည့်လိုက်သည် ။ ဒေါ်ဒေါ် က သူ့သမီးအား ကြည့်လျက် -
“ ဘာမှ စိုးရိမ်စရာ မရှိပါဘူးကွယ် ၊ ခေါင်းမှာ ငါးမူးစေ့ဝိုင်းလောက် ပွန်းပဲ့သွားတယ် ၊ မနက်ပါဘူး ၊
အပေါ်ယံ တင်ပါ ၊ သို့ပေမယ့် တုတ်ရဲ့ အရှိန်ကြောင့် ခေါင်းနည်းနည်းတော့ မူးတတ်တယ် ”
ကျွန်တော်က မခင်သစ် ၏ ရင်ခွင်ပေါ်ဝယ် ဖွင့်လျက် မှောက်ထားသော ဂီတဝိသောဓနီ စာအုပ်ကို
ညွှန်းလျက် -
“ ခေါင်းမူးရက်နဲ့ ဘာဖြစ်လို့စာဖတ်ရသလဲ ၊ စာမဖတ်ရဘူး ”
“ ကွယ် ၊ ဒေါ်ဒေါ် ကတော့ စာကို အလျှင်းမဖတ်ဖို့ ပြောတာပဲ ”
မခင်သစ် က ကျွန်တော့်ဘက် မှ သူ့အမေဘက် လှည့်ကြည့်လျက် -
“ စာဖတ်တာ မဟုတ်ပါဘူး မေမေရဲ့ ” ဟု ပြောပြီး ကျွန်တော့်ဘက် ပြန်လှည့်ကြည့်ကာ “ သစ်သစ်
ရထားတဲ့ သီချင်းကြီးတွေကို စိတ်ထဲမှာ ပြန်ရွတ်ကြည့်တယ် ၊ မေ့တဲ့နေရာမှာ စာအုပ်ကို
ဖွင့်ကြည့်တာပါ ”
မခင်သစ် ၏ အသံကား သာယာ၍ ရှင်းလင်းပြတ်သား၏ ။ ဤလို အချိန်မျိုးမှာပင် သူ့ဒဏ်ရာ
အခြေအနေနှင့် လိုက်အောင် အချိန်ကို အသုံးချတတ်ပုံနှင့် သူ့ လုံ့လကို များစွာ သဘောကျမိပေသည် ။ ဒေါ်ဒေါ် က ထိုင်ရာမှထပြီး -
“ စကားပြောရစ်ကြဦး ၊ ကော်ဖီ သွားယူလိုက်ဦးမယ် ”
“ နေပါစေ ဒေါ်ဒေါ် ”
ကျွန်တော်က တားသော်လည်း မရ ။ ဒေါ်ဒေါ် ထသွားသောအခါ မခင်သစ် နှင့် ကျွန်တော်တို့သည်
ဒေါ်ဒေါ့် နောက်သို့သာ လိုက်ကြည့်နေကြသည် ။ ဒေါ်ဒေါ် နောက်ဖေးမီးဖိုထဲ ဝင်သွားသောအခါ
ကျွန်တော်တို့ နှစ်ယောက်သည် အပြန်အလှန် ပြိုင်တူ ကြည့်လိုက်ကြ၏ ။ ကျွန်တော့်ရင်တွင်းမှာ
ဒိတ်ခနဲ ဖြစ်သွားပြီး မျက်လုံးကို လမ်းမဘက်သို့ လွှဲလိုက်သည် ။ လမ်းမဘက် ငေးကြည့်ရင်း
မိန်းမပျို နှင့် ယောက်ျားပျို ဒီလို နှစ်ယောက်တည်း အကြည့်ဆုံကြလျှင် ဒိတ်ခနဲဖြစ်ရသည့်
သဘာဝ၏ ဇာစ်မြစ်ကို စစ်တမ်းထုတ်နေမိသည် ။ ထိုခဏ၌ နှလုံးသွေးကြော ရပ်စဲသွားလေသလော ။ ဤလို ဖိုမဆက်ဆံရေးတွင် ကျွန်တော့် ငယ်ဆရာဖြစ်သော ကိုရင်ကြီးကိုဘသန်း အမိန့်ရှိ
သလို ဒိန်းဒလိန်းနတ် ပူးကပ်ခြင်းပင် ဖြစ်လေသလော ။ သို့ကလိုစကားမပြောဘဲ တွေးတော
ငေးမောနေရင်း စကားမပြောလျှင် ရိုင်းရာ ကျလိမ့်မည် ထင်သဖြင့် မခင်သစ် ဘက်သို့ လှည့်လိုက်သောအခါ မခင်သစ် သည် စာအုပ်ကို ရင်ခွင်ပိုက်၍ မျက်စိကလေးမှေးနေသည်ကို တွေ့ရပြန်လေသည် ။ ဟန်ဆောင်မှု ကင်း၍ ပကတိရိုးသားသော မျက်နှာကလေးပါတကား ။ ဝါသဲ့သဲ့
နဖူးပြင်တွင် အကြောစိမ်းကလေးများ ခပ်ရေးရေးကိုမြင်ရပေရာ ' ရွှေတလင်းပြင်က မြရေယဉ် ' ကို
သွား၍ သတိရမိပေ၏ ။ နှုတ်ခမ်းနီးတွေးတွေးကလေးသည် မခေါ တခေါ သွားခေါကလေးပေါ်တွင်
မစေ့တစေ့ တင်နေဟန်ကို ကြည့်မိသောအခါ၌ကား ပွင့်ချပ် အာခါစ ပန်းဖူးကလေးကို ကသိုဏ်းရှု
နေမိစဉ် နှုတ်ခမ်းနီတွေးတွေးကလေးသည် လေ ငြိမ်တုန်း လှိုင်းလှုပ်သလို မသိမသာ လှုပ်နေသည်
ကို တွေ့ရသောအခါ “ အင်း - သူကတော့ သမာဓိကောင်းကောင်းနဲ့ သီချင်းကြီး ရွတ်ဖတ်နေတယ် ၊
ငါကတော့ သမာဓိ ဖောက်ပြားပြီး သူ့မျက်နှာကို ကသိုဏ်းရှုနေတယ် ၊ ငါ့နှမငယ်ကလေးလို
အောက် မေ့ရမယ့်အစား ဖောက်ပြားချင်တယ် ၊ တော်တော်ချာတဲ့ ငါပါကလား ” ဟု သဘောပေါက်ကာ ကိုယ့်ကိုယ်ကိုယ်ပင် ရှက် မိပေသည် ။ ထို့ကြောင့် အရှက်လည်း ပြေစေတော့ စကားပြော၍လည်း ယဉ်ကျေးရာ ရောက်စေတော့ ဟူသော ရည်ရွယ်ချက် များဖြင့် -
“ မခင်သစ် သီချင်းကြီး ဘယ်နှပုဒ်ရသလဲ ”
မခင်သစ် သည် မျက်လုံးဖွင့်ပြီးနောက် ခပ်ရေးရေးပြုံးလျက် -
“ သိပ် မများပါဘူး ”
“ ဘယ်နှပုဒ်လဲ ”
“ ကြိုး ၇ ပုဒ် ၊ ဘွဲ့ ၉ ပုဒ် ၊ သီချင်းခံ ၅ ပုဒ် ၊ ပတ်ပျိုး ၁၅ ပုဒ် ၊ ယိုးဒယား ၆ ပုဒ် ၊ ဘောလယ် ၅ ပုဒ် ”
“ ဟင် - များလှပါကလား ”
“ မများပါဘူး ၊ ခုမှ နည်းနည်းကလေး ရှိသေးတယ် ၊ ဟောဒီ တစ်အုပ်လုံးကုန်အောင် ကျက်ရမယ် ”
ကျွန်တော်ကား အံ့ဩ၍ မဆုံးနိုင်အောင် ဖြစ်နေပါသည် ။ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် စာပေနှင့်ဂီတတွင် ဤမျှလေ့လာလိုက်စားသော အခြားသူတစ်ဦး မတွေ့ဖူးသေးပါ ။ ဒီကောင်မကလေးဟာ
' ကြီးပု ' ကလေးများ ဖြစ်နေရော့သလားဟုပင် သင်္ကာမကင်းဖြစ်လာပေရာ -
“ မခင်သစ် အသက် ဘယ်လောက် ရှိပြီလဲ ”
“ ဆယ့်ငါးနှစ် ပြည့်ပြီးတာ မကြာသေးဘူး ”
“ ဟင် ” ဟု ကျွန်တော့်ပါးစပ်မှ အာမေဋိတ်သံထွက်သွားပြီး မရှေးမနှောင်းပင် -
“ အသက်တွေ ဘာတွေမေးပြီး ဗေဒင်များ တွက် မလို့လားကွဲ့ ” ဟူသော ဒေါ်ဒေါ် ၏ အသံကို ကြားလိုက်ရသဖြင့် ကျွန်တော့်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားလေသည် ။ ဒေါ်ဒေါ့် ဆီသို့ ကြည့်လိုက်ရာ
မိခင်တို့၏ သဘောကောင်းသော အပြုံးကြီးကို ထင်းခနဲမြင်ရသဖြင့် အရှက်ပြေသွားသည် ။
“ မဟုတ်ပါဘူး ဒေါ်ဒေါ်ရဲ့ ၊ ကျွန်တော် ဗေဒင် မတွက်တတ်ပါဘူး ၊ ဒေါ်ဒေါ့် သမီးက သီချင်းကြီးတွေ
ရလွန်းအားကြီးလို့ ကျွန်တော်က အသက် မေးကြည့်တာပါ ”
ဒေါ်ဒေါ်က ကျွန်တော့်အား ကော်ဖီပန်းကန်ကို ပေးရင်း -
“ အင်း သူက ဉာဏ်ကောင်းသကွဲ့ ၊ ဆရာကောင်းတွေလည်း ရှိတယ် ”
“ ဆရာတွေက ဘယ်သူတွေလဲ ဒေါ်ဒေါ် ”
“ ဒီးဒုတ်ကိုဘချို တို့ ဒေလီညွန့် တို့ ကိုသန်း တို့ပေါ့ကွယ် ”
မခင်သစ် က စာအုပ်ကို ထောင်ကိုင်လိုက်ပြီး -
“ ဒီ ဂီတဝိသောဓနီဟာ ဦးလေးဦးဘချို တည်းဖြတ်တာပဲ ၊ ဦးလေးဦးဘချို ပြင်ထည့်တဲ့ စာသားတွေက တကယ် အဓိပ္ပာယ်ရှိတယ် ”
ကျွန်တော်က ဒေါ်ဒေါ့်အား -
“ ကျွန်တော်တော့ ညံ့တယ်ဆိုဆို ၊ ကဗျာဂီတဘက် မှာတော့ ဘာမှ နားမလည်ပါဘူး ၊ ဝါသနာလည်း
မရှိဘူး ၊ တစ်ခါတစ်ခါ ဂီတတို့ ကဗျာတို့ဟာ လူတွေကို စိတ်နုအောင်လုပ်တဲ့အတွက် အခုလို
တိုက်လားခိုက်လား အရေးတော်ပုံ လုပ်ရမယ့် အခါကြီးမှာ မလိုလားအပ်ဘူးလို့တောင် ထင်ထင်နေတယ် ”
“ မှားတော့ မပေါ့ကွယ် ၊ တိုက်လားခိုက်လား လုပ်ရမယ့်အခါမှာလည်း အတိုက်အခိုက်နဲ့ သင့်လျော်တဲ့ ဂီတကဗျာတွေ လိုတာပေါ့ကွဲ့ ။ ဒူးနေရာ ဒူး ၊ တော်နေရာ တော် ဆိုသလိုပေါ့ ၊ ခု မင်းတို့
လုပ်နေကြတဲ့ အရေးတော်ပုံ အတွက်လည်း အရေးတော်ပုံသီချင်း နဲ့အတီးအမှုတ် ရှိရမှာပေါ့ ”
ကျွန်တော်သည် အတိုက်အခံလည်း ထပ်မပြောလို ၊ ပြောစရာလည်း ကျွန်တော့်ဘက်က မခိုင်လုံ ။
ထို့ကြောင့် စကားကြောင်း ပြောင်းသွားစေရန် -
“ ဪ ဒါထက် ဆရာကြီးလည်း မတွေ့ပါလား ဒေါ်ဒေါ် ”
“ မခင်သစ် တို့အဖေလည်း ဒဏ်ရာရတဲ့ ကျောင်းသားတွေ မေးဖို့မြန်းဖို့ ထွက်သွားတယ်လေ ၊
ဒီလိုပေါ့ကွယ် တစ်ယောက် တစ်ယောက် အားပေးပြီး သွေးစည်းနေကြရတာပေါ့ ၊ ဒီအစိုးရတော့
ကြာရှည် မခံပါဘူးကွာ ၊ လူတိုင်းက ကျိန်ဆဲကြတာနဲ့ ပြုတ်ကျမှာပါပဲ ”
ထိုအတွင်း ဧည့်သည်များရောက်လာသည့်အပြင် ကျွန်တော့်မှာလည်း သွားစရာကိစ္စများ ရှိသေးသဖြင့် နှုတ်ဆက်၍ ထွက်လာခဲ့ပေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment