❝ ဟန်ဇားပင်နီ နှင့် မခင်သစ် ❞
အရေးတော်ပုံကြီးကား တစ်ထစ်ထက် တစ်ထစ် မြင့်လာရုံမက ပို၍ ပို၍လည်း ကျယ်ပြန့်လာပေပြီ ။
ပယ်လယ်ကမ်းခြေတွင် ဒီရေတက်လာပုံ မြင်ရသည်နှင့် တူနေပေ၏ ။ ရေပြင်သည် ကုန်းထလာ၏ ။
လှိုင်းလုံးကြီးများသည် လှိမ့်၍လာရင်း တစ်လုံးပေါ်တစ်လုံး ကျော်တက်ကြပေသည် ။
အလုပ်သမား အုံကြွခြင်းက လယ်သမား တို့ထံ ကူးစက်သည် ။ အလုပ်သမား လယ်သမား တို့
အုံကြွခြင်းတို့က ကျောင်းသား ကို ရိုက်ခတ်သည် ။ ယနေ့အစည်းအဝေးက မနေ့က အစည်းအဝေးထက် ကြီးမားသည် ။ မနက်ဖြန်အစည်းအဝေးသည် ယနေ့အစည်းအဝေးထက် စိတ်အား ပို
တက်လိမ့်မည် ။ ယနေ့ ရန်ကုန် ၊ မန္တလေးမှာ ဆူပူကန့်ကွက်ကြသည် ။ နက်ဖြန် မြို့ကလေးများ ၊
ကျေးရွာများက ဆူပူကန့်ကွက်ကြပေလိမ့်မည် ။
မကွေးတွင် ရေနံမြေသပိတ်တပ်ကြီးကို အရေးပိုင် မစ္စတာမူလာဝပ် က ပိတ်ပင်တားဆီးထားသဖြင့်
ကန့်ကွက်ကြသည် ။ ရန်ကုန် ၊ မန္တလေး စသောမြို့များ၌ ပုဒ်မ ၁၄၄ ၊ ပုဒ်မ ၂၃ ( ၇ ) စသည်တို့ကို
ကြေညာထားရာ ရုပ်သိမ်းရန် တောင်းဆိုကြသည် ။ ပုဒ်မ ၁ဝ၇ အရ ဆိုပြီး ဖမ်းဆီးထားသော
ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း ၊ ကိုဗဆွေ တို့ကို လွှတ်ပစ်ရန် ဆူပူကြသည် ။
ဒီဇင်ဘာလ ၁၃ ရက် နေ့က တက္ကသိုလ်သမဂ္ဂ ခန်းမကြီးတွင် ကျင်းပသော အစည်းအဝေးမှာ
ကျောင်းသားများနှင့် အပြင်မှဧည့်သည်များ တက်ကြရာ ကြိတ်ကြိတ်တိုးအောင်စည်ကားသည် ။
နောက်နေ့ ၁၄ ရက်နေ့ ရွှေတိဂုံကုန်းတော် ရာဟုထောင့်ရင်ပြင်၌ ရန်ကုန်ကျောင်းပေါင်းစုံ အစည်းအဝေး ကျင်းပရာ ထို့ထက်ပင် စည်ကားပြန်လေသည် ။ တက္ကသိုလ် ကျောင်းသူကျောင်းသားများ
သာမက မြို့မကျောင်း ၊ ပုဇွန်တောင်ဆရာဖြစ်သင် မြူနီစပယ်ကျောင်း ၊ လမ်းမတော် မြူနီစပယ်
အထက်တန်းကျောင်း ၊ ခေတ်သစ် နော်မန်ကျောင်း ၊ ကန်တော်ကလေး မြူနီစပယ် အထက်တန်းကျောင်း ၊ မဲသောဒစ်ကျောင်း ၊ ကူရှင်ကျောင်း ၊ စိန်ဂျွန်းကျောင်း ၊ အစိုးရ ဟိုက်စကူးကျောင်း စသည်များမှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြလေသည် ။ ၎င်းပြင် တို့ဗမာအစည်းအရုံးမှ သခင်များ ၊ ဗဟိုအခွန်ထမ်းအသင်းမှ အမှုဆောင်လူကြီးများ ၊ ဘုန်းတော်ကြီးများပါ တက်ကြသေးရာ ရာဟုထောင့် ရင်ပြင်သာလျှင်မက အနီးရှိ ဇရပ်တန်ဆောင်းများလည်း ပြည့်လျှံသွားလေသည် ။
ဤကဲ့သို့သော အစည်းအဝေးပွဲများမှာ မြန်မာပြည်အနှံ့အပြား၌ ကျင်းပကြရာ စည်ကားတက်ကြွလှပေသည် ။ အင်းဝ ကဲ့သို့သော မြို့ကလေးမှာ လူ ၃ဝဝဝ တက်သည် ။ အမရပူရ မှာ
ဘုန်းကြီး ၅ဝဝ ၊ လူ ၉ဝဝဝ တက်သည် ။ ညောင်ဦးမှာ ရှင်လူ ၅ဝဝဝ ကျော် တက်လေသည် ။
ကြွေးကြော်ဟစ်အော်သံတို့သည်လည်း အပူရှိန် တက်၍တက်၍သာ လာလေသည် ။ “ ညီညာမှ
ပြည်သာမည် ” “ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ” “ အရေးတော်ပုံ အောင်ပါစေ ” “ သခင်မျိုးဟေ့
တို့ဗမာ ” စသည်ဖြင့် တက်လာခဲ့ရာ “ မီးတုတ် မီးတုတ် ရှို့ရှို့ ၊ သူပုန် သူပုန် ထ ထ ၊
ဒေါက်တာဘမော် သေပါစေ ၊ ဓနရှင်အစိုးရ ပျက်စီးပါစေ ” စသည်တို့သို့ ရောက်လာလေသည် ။
ဒီဇင်ဘာလ ၁၅ - ရက်နေ့တွင် ကျွန်တော်တို့ကျောင်းသားများ၏ ဆောင်ရွက်ချက်ကား တစ်ဆင့်
မြင့်သွားပြန်လေသည် ။
ထိုနေ့တွင် ကျွန်တော်တို့သည် ပုဒ်မ ၁၄၄ ကို အာဏာဖီဆန်၍ အင်အားပြပွဲကြီး ကျင်းပကြလေသည် ။
ကျောင်းသား ၃ဝဝဝ ကျော်ခန့် မြို့မကျောင်းဝင်းတွင် စုရုံးကြပြီး ကျောင်းသားများသည်
၄ ယောက် တစ်တွဲ စီတန်းကြလေသည် ။ လူ ၂ဝ လျှင် တစ်ဗိုလ်ကျ ခန့်ထား၍ စည်းကမ်းသေဝပ်အောင် လိုက်အုပ်ချုပ်ရလေသည် ။ ဂေါ်ဒွင်လမ်း အတိုင်း ချီတက်စဉ် မိုးရွာကျလာသေး၏ ။
သို့သော် ကျောင်းသားများသည် မိုးကြောင့် ဖြုံပင် မဖြုံကြ ၊ ကြွေးကြော်သံအော်လျက် ချီတက် မြဲ
ချီတက်ကြ၏ ။ ရှေ့ဆုံးမှ တူတံစဉ် အလံနီကြီးကို မားမားစွင့်စွင့် ကိုင်သွားလေသည် ။ ထိုနေ့က
အလံကိုင်ဂုဏ်ထူးအတွက် ကိုထွန်းရှိန် ၊ ကိုကြည်မောင် ၊ ကိုအောင်ကျော် တို့ ၃ ဦးသား အလုအယက် အပြိုင်အဆိုင် ဖြစ်ကြသေးသည် ။ မဲနှိုက်ရာ ကိုကြည်မောင် မဲပေါက်သဖြင့် အလံကိုင်ခွင့် ရလေသည် ။ ကိုအောင်ကျော် နှင့် ကိုထွန်းရှိန် တို့ကား အလံနောက် မှ ကြွေးကြော်သံတိုင်၍ လိုက်ခဲ့ကြ၏ ။ ကိုဌေးမြိုင် ( ဒဂုန်တာရာ ) ကား ကိုကြည်မောင် ၏ အနီးမှာရှိရာ ကူ၍ အလံကိုင်ပေးနေလေသည် ။
အင်အားပြ အာဏာဖီဆန်ရေး ကျောင်းသားတပ်ကြီးသည် ဂေါ်ဒွင်လမ်း မှ ကော်မရှင်နာလမ်း ၊
နောက် မောင်ဂိုမာရီလမ်း အတိုင်း ချီတက်လေသည် ။ ဆန့်တန်းလိုက်သော် လူ ၃ဝဝဝ သည်
မျက်စိတစ်ဆုံး ရှည်လျားသည် ။
လမ်းတစ်လျှောက်လုံး ဟိုဘက်ကမ်း သည်ဘက်ကမ်း လူများပြည့်ညပ်ကာ ကျွန်တော်တို့အား
ဩဘာပေးနေကြ၏ ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၊ ဗမာ ၊ တရုတ် မကွဲမပြားဘဲ လူထုတစ်ရပ်လုံးက ကျွန်တော်တို့အား
အားပေးကြ၏ ။
ပုဇွန်တောင် လိပ်ကန်ပန်းခြံသို့ ရောက်သောအခါ လူစုခွဲကြလေသည် ။
လူစုခွဲပြီး ပြန်ကြမည်လုပ်နေစဉ် ဆရာကတော် ဒေါ်ညွန့် နှင့် သမီး မခင်သစ် တို့နှင့် သွားတိုးလေသည် ။ သူတို့ သားအမိသည် ရေကျော်လမ်းထိပ်သို့ ထွက်၍ ကျောင်းသားများ အင်အားပြပွဲကို
ကြည့်ရင်း လိပ်ကန်ပန်းခြံအထိ လိုက်လာခဲ့ကြခြင်း ဖြစ်လေသည် ။ ယနေ့ အင်အားပြပွဲတွင်
စိုးရိမ်ကြသဖြင့် ကျောင်းသူများကို မပါရဟု ချန်ထားခဲ့ကြသည် ။ ဤသည်မှာ အမှားတစ်ရပ်
ဖြစ်သည်ဟု ကျွန်တော် ထင်၏ ။ တစ်နည်းအားဖြင့် မိန်းမ ယောက်ျား ခွဲခြားမှုပင် ဖြစ်ပေသည် ။
ဆရာကတော် ဒေါ်ညွန့် က ပြုံးပြီးနှုတ်ဆက်ရာ ကျွန်တော်က သူတို့ သားအမိအနီးသို့ ကပ်သွားသည် ။ မခင်သစ် ကား မန္တလေးပိုးလုံချည် အညိုအဖြူ မန်ကျည်းစေ့ကွက် နှင့် ဟန်ဇားပင်နီ
ဝါသဲ့သဲ့ တို့ကို ဝတ်ဆင်ထားသည် ။ ရင်ဘတ်တွင် ကျွန်တော်ရောင်းခဲ့သော ရေနံမြေရန်ပုံငွေ
ရင်ထိုးဓာတ်ပုံကို ထိုးထားလေသည် ။
ဒေါ်ညွန့် က သွားဖုံးများပေါ်သည့်တိုင်အောင် ပြုံးပြီး -
“ မောင်ဘယ်သူတဲ့ ”
“ မောင်တင်ထွန်းပါ ဒေါ်ဒေါ် ”
“ အေး မောင်တင်ထွန်း ၊ မင်းတို့ အင်အားပြပွဲက ကျောင်းသူတွေ မပါရဘူးဆိုတာ တရားသလားကွ ”
“ ကျွန်တော်လည်း ဒီလိုခွဲခြားတာကို သဘောမကျဘူး ဒေါ်ဒေါ် ၊ တချို့က အစိုးရိမ်ကြီးပြီး အားနွဲ့တဲ့ မိန်းကလေးတွေ ဆိုပြီး ချန်ခဲ့တာပါ ။ နောက်တခါဆိုရင် ဒီလို မဖြစ်အောင် အဆိုသွင်းမယ်
ဒေါ်ဒေါ် ”
လူအများက ကျွန်တော်တို့အား တိုးဝှေ့သွားနေကြသဖြင့် ကျွန်တော်သည် ဒေါ်ညွန့် တို့ အနီး ပို၍
ကပ်သွားရလေသည် ။ ဒေါ်ညွန့် က သူ့သမီးပခုံးကို ကိုင်ဖက်ထားလိုက်၏ ။ မခင်သစ် ကလေးကား
ငယ်ရွယ်နုနယ်လှသော်လည်း အရပ်မှာ သူ့အမေနီးပါး ရှည်သည်ကို တွေ့ရပေ၏ ။
လူကျဲသွားသောအခါ ဒေါ်ညွန့် က -
“ မောင်တင်ထွန်း အိမ်လိုက်ခဲ့ပါဦးလား ၊ မင်းတို့ မောနေမှာပေါ့ ။ လာ လာ ကာဖီလေး ဘာလေး
သောက်သွားဦး ”
သူ့အမေ က ဤသို့ဖိတ်ခေါ်စဉ် မခင်သစ် က ကျွန်တော့်အား လက်ခနဲ ကြည့်လိုက်သည် ။ သူ့
မျက်လုံးကလေးများတွင် ကျွန်တော့် အား သနားကြည်ညိုသော အရိပ်များ ထင်ဟပ်နေသည်ဟု
ကျွန်တော် ထင်မိပေသည် ။ ကျွန်တော်က သူ့အား စေ့စေ့ကလေး ကြည့်နေမိသောအခါ သူ့မျက်လွှာကို ချပစ်လိုက်ပြီး အမေ့ခါးကို ခပ်ကျပ်ကျပ်ကလေး ဖက်လိုက်သည် ။
ကျွန်တော့်မှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားပြီး ၊ တစ်စုံတစ်ယောက်ကို ရှာလေဟန်ဖြင့် ဟိုကြည့် သည်ကြည့် ကြည့်ရင်း -
“ မလိုက်တော့ပါဘူး ဒေါ်ဒေါ် ၊ ကျွန်တော် ကိုအေးကျော် ကို တွေ့စရာ ရှိသေးတယ် ”
“ မင်းတို့ အတွင်းရေးမှူး မောင်အေးကျော် လား ၊ သူ့လို ပုပုညက်ညက်ကို ဒီလို လူစုလူဝေးကြီး
ထဲမှာ ရှာလို့ တွေ့နိုင်ပါ့မလားကွယ် ဟဲ ဟဲ ”
ကျွန်တော်ကလည်း လိုက်ရယ်နေမိပေသည် ။
မခင်သစ် က သူ့အမေအား ပြန်ကြစို့ဟူသော အဓိပ္ပာယ်ဖြင့် တွန်းခေါ်နေလေသည် ။
“ ကဲ ကဲ မောင်အေးကျော် နှင့် တွေ့ဖို့ အလုပ် ရှိသေးရင်တော့ နေရစ်ပေါ့ကွယ် ၊ ဒေါ်ဒေါ်တို့
သွားတော့မယ် ”
“ ဟုတ်ကဲ့ ဒေါ်ဒေါ် ”
မခင်သစ် ကား အပြစ်ကင်းမဲ့သော ၊ ပကတိရိုးသားသော အကြည့်ဖြင့် ကျွန်တော့်အား ကြည့်ကာ
တခြား ကိုယ်နှုတ်အမူအရာ ဘာမျှမပါဘဲ နှုတ်ဆက်သွားပေသည် ။ သူ့ရိုးသားသော အကြည့်ကြောင့်
ခုနင်က ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားကာ တစ်ခဏမျှ စိတ်လှုပ်ရှားဆန်းပြားမှု ဖြစ်ခဲ့ခြင်းအတွက်
ကျွန်တော့်ကိုယ် ကိုယ် ကျွန်တော် ရှက်သလိုလိုပင် ဖြစ်မိပေတော့သည် ။
ကိုအေးကျော် ကို လိုက်ရှာသည် ။ မတွေ့နိုင် ။ ဒေါ်ညွန့် ပြောသကဲ့သို့ လူထုကြားထဲမှာ လူပုကလေး ပျောက်ကွယ်သွားသလော ။
ကိုအေးကျော် အား ရှာဖွေနေစဉ် ကားတစ်စီးပေါ်သို့ ရောက်နေသော ကိုလှရွှေ က ကျွန်တော့်အား
ဆီးခေါ်လိုက်သည် ။ ၎င်းနောက် စာရွက်တစ်ရွက်ကို ပေးပြီး -
“ အဲဒီ ကြေညာချက်ကို ယူသွားပြီး ဂျက်စတင်နာ လှိမ့်ပြီးတော့ သတင်းစာတွေ ဝေလိုက် ၊ ကိုယ့်လူ
အဖို့ ဒီနေ့တာဝန် ဒါပဲ ”
စာရွက် မှာ ဗမာပြည်အရပ်ရပ်က ကျောင်းသားများအတွက် ညွှန်ကြားချက် ဖြစ်သည် ။
ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး အရပ်ရပ် ကျောင်းသားတို့သည်
ချက်ချင်း တုံ့ပြန်သောအားဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြလေသည် ။ ကျွန်တော်တို့ သဘောအရ သပိတ်မှောက်ခြင်းသည် ဖိနှိပ်ချုပ်ချယ်နေသော အစိုးရအား သိပ်မထိဟု ယူဆသည် ။ ၎င်းပြင်
ကျောင်းသားအနေနှင့် ထာဝစဉ်သဘော သပိတ်မှောက်နေခြင်းလည်း မဖြစ်နိုင်ဟု ယူဆကြသည် ။
အစိုးရ၏ ဖိနှိပ်မှုအဝဝကို တိုက်ရန်အကောင်းဆုံးမှာ ယနေ့ ကျွန်တော်တို့လုပ်ခဲ့ကြသလို အာဏာ
ဖီဆန်ရန် ဖြစ်လေသည် ။
ကိုလှရွှေ ၏ ညွှန်ကြားချက်တွင် အောက်ပါ အချက်အလက်တစ်ရပ် ပါရှိလေ၏ ။
“ တစ်ပြည်လုံး ကျောင်းသားတွေ ဒီဇင်ဘာလ ၁၉ - ရက်နေ့မှာ အာဏာဖီဆန်ကြရန် ”
“ ဤညွှန်ကြားချက် အချိန်မီရောက်လျှင် သင့်လျော်သောနေ့သတ်မှတ်၍ အာဏာဖီဆန်ကြရန် ”
“ အချို့နယ်များတွင် ယခုအရေးနှင့်ပတ်သက်၍ သပိတ်မှောက် မှုများ ဖြစ်ပွားနေသည်ကိုလည်း
အမြန်ဆုံးငြိမ်း၍ အထက်ပါ အာဏာဖီဆန်ခြင်းကိုသာ လုံ့လပြုရမည် ”
ကျွန်တော်သည် ထိုညွှန်ကြားချက်ကို ယူလာပြီး တက္ကသိုလ်သမဂ္ဂတိုက်သို့ လာခဲ့လေသည် ။
လကွယ်တော့မည်ဖြစ်၍ အတော်ပင် မှောင်မိုက်နေလေသည် ။ သမဂ္ဂတိုက်အောက်ထပ် ပျော်ပွဲစား
ခန်း၌ကား မီးများ ထိန်လင်းလျက်ရှိ၏ ။ ဆံပင်ညှပ်ဆိုင်ဘက်၌ကား မှောင်နှင့်မည်းမည်း
ဖြစ်နေသည် ။ အပေါ်ထပ်မှာမူ ဥက္ကဌအခန်း အပြင်ဘက်ရှိ မီးတစ်ပွင့်သာ လင်းနေပေရာ
ကျောင်းသားခေါင်းဆောင်များ ပြန်မရောက်ကြသေးသည်ကို သိနိုင်၏ ။ ဆံပင်ညှပ်ဆိုင်ဘက်၌
မှောင်နေသဖြင့် သမဂ္ဂဥစ္စာစောင့်ကြီး ဦးကံသိန်း ပင် ရှိမှရှိပါလေလောဟု ကျွန်တော် သံသယ
ဖြစ်မိလေသည် ။
သို့သော် “ ဗျို့ ဦးကံသိန်း ” ဟု အော်ခေါ်လိုက်သောအခါ -
“ ဗျား ” ဟူသော အသံနှင့်အတူ မီးတစ်ပွင့် လင်းလာပေသည် ။ မတ်တတ်ရပ်လျက် ကျွန်တော့်အား
ပြုံးချိုစွာ ကြိုဆိုနေသော ဦးကံသိန်း အား တွေ့ရပေသည် ။
“ ဦးကံသိန်း ကလည်း မီးလေးဘာလေး ထွန်းထားရောပေါ့ဗျာ ”
“ အလကား ဓာတ်အားတွေ ကုန်နေမှာပေါ့ဆရာ ”
ဦးကံသိန်း အား ကျိတ်ပြီး ချီးကျူးနေမိသည် ။ သူကား သမဂ္ဂတိုက်ကြီးကို ဥစ္စာစောင့်ကြီးသဖွယ်
စောင့်ရှောက်၏ ။ သမဂ္ဂပစ္စည်း အယိုအဖိတ် အပျောက်အရှ မရှိအောင် ထိန်းသိမ်းချွေတာ၏ ။
“ တိုက် ရိုက်စရာ ပါလာတယ်ဗျို့ ”
“ စာရေးကြီး မရှိသေးဘူး ဆရာ ။ ဘယ့်နှယ့်တုံး ၊ အာဏာဖီဆန်ရေး အောင်မြင်ခဲ့ရဲ့လား ”
“ အောင်တယ်ဗျို့ ၊ အောင်သမှ သိပ်အောင်တာပဲ ”
ဦးကံသိန်း က အစိုးရိမ်ကြီးသော အသံဖြင့် -
“ အစိုးရကကော နှောင့်ယှက်သေးသလား ”
“ မနှောင့်ယှက်ရဲဘူးပေါ့ဗျာ ၊ ကျုပ်တို့အားက သိပ်ကောင်းတာကိုးဗျ ”
“ ကောင်းပါလေ့ဗျာ ၊ ကျုပ်ဖြင့် စိတ်ပူလိုက်ရတာ မပြောပါနဲ့တော့ ၊ ဘာကြားရမလဲလို့ နားစွင့်နေရသာပဲ ”
ကျွန်တော်သည် ဦးကံသိန်း အား အာဏာဖီဆန်ရေး အင်အားပြပွဲအကြောင်းကို ဖောက်သည်ချရပေ၏ ။ အပြီး၌ ဦးကံသိန်း က ဆိုင်မှ အဖျော်ရည်တစ်ခွက်ဝယ်ပြီး တိုက်လေသည် ။
ကျွန်တော်က ဖျော်ရည်ကို ဇိမ်ယူ၍ သောက်နေစဉ် ဦးကံသိန်း က လေးနက်စွာ တွေးတောရင်း
ပြောလိုက်သည်မှာ -
“ ဆရာ ၊ ဒေါက်တာဘမော် ဟာ စကားပြောကကောင်းသနှင့် တယ်ဆိုးတယ်နော ”
“ ဆိုပါဦး ”
“ ဘယ့်နှယ်ဆရာ ၊ အလုပ်သမားတွေတောင်းတာလည်း ဘာမှ မပေး ၊ ကိုဘဟိန်း တို့ ကိုဗဆွေ တို့လည်း ထောင်ချ ”
“ ခင်ဗျား သူစကားပြောကောင်းတာ နားထောင်ဖူးသလား ”
“ ဟာ - ထောင်ဖူးသာပေါ့ ၊ ကျုပ်တို့ ယူနီယံ လာဟောတဲ့ လူတိုင်း ကျုပ် နားထောင်ဖူးသဟာပဲ ၊
ဘာကြာသေးတုံး ဆရာ ၊ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်း ဖြစ်တုန်းက ဟိုနားမှာ ပြောသွားသဟာလေ ”
ဒေါက်တာဘမော် အကြောင်း ပြောရာမှ ညွန့်ပေါင်းအစိုးရ အကြောင်း ရောက်သွားကြလေသည် ။
ညွန့်ပေါင်းအစိုးရ ထောက်ခံသူ အမတ်များအကြောင်းကိုလည်း ပြောမိကြသည် ။ လွှတ်တော်ဝန်ကလေး ဦးမြသိန်း အား အမာ ခေါ် မလှကြည် က စားစရိတ်ရလိုမှုနှင့် တရားစွဲထားကြောင်း ၊
လွှတ်တော်အမတ် ညွှန့်ပေါင်းအစိုးရဘက်သား ဦးချစ်ဖေ အား ဦးထွန်းစိန် ဆိုသူက မယားခိုးမှု နှင့်
တရားစွဲထားကြောင်း စသည်များကိုလည်း ရောက်သွားကြသေးသည် ။
ဦးကံသိန်း နှင့် ကျွန်တော် စကားကောင်းနေကြစဉ် သမဂ္ဂခေါင်းဆောင်များ တစ်စုပြီးတစ်စု
ရောက်လာကြသည် ။ အပေါ်ထပ် ဥက္ကဌ ၊ အတွင်းရေးမှူးအခန်း စသည်တို့မှာ မီးများနှင့် ထိန်လင်းပြီး လှုပ်လှုပ်ရွရွ အလုပ်များလာလေပြီ ။ နောက်နေ့ တိုက်ပွဲများအတွက် ပြင်ဆင်ကြရပြန်ပြီ ။
အလုပ်တာဝန်များ ပြီးသောအခါ အတော်ညဉ့်နက်လေပြီ ။ ကျွန်တော်ကား ကမာရွတ်အိမ်သို့
မပြန်တော့ပေ ။ ကိုထွန်းရှိန် ၊ ကိုအောင်ကျော် တို့လည်း ကျောင်းဆောင်များသို့ မပြန်ကြတော့ပေ ။
ကျွန်တော်တို့သည် အစည်းအဝေးခန်းမကြီးရှိ အမှီပါသော ခုံရှည်ကြီးများကို မျက်နှာချင်းဆိုင်စီပြီး
စာအုပ်များခေါင်းအုံး၍ လုံချည်ခြုံကာ အိပ်ကြရပေ၏ ။ ကိုယ်ပင်ပန်းနွမ်းနယ်သဖြင့် ဤသို့
လဲလျောင်း အိပ်စက်လိုက်ရသည်ကိုပင် များစွာ သုခတွေ့နေကြ၏ ။
ကျွန်တော့် မှာ မှေးခနဲ အိပ်ပျော်တော့မည် ရှိနေစဉ် ကိုထွန်းရှိန် က လှမ်းပြီး -
“ ကိုတင်ထွန်း သတင်းစာများ ဖတ်မိသေးသလား ၊ ကိုယ်တော့ မဖတ်နိုင်တာ ကြာပြီ ”
“ ဖတ်ကြည့်လိုက်ပါတယ်ဗျာ ၊ ရေနံမြေသပိတ်တပ်ကြီး ဆင်ပေါင်ဝဲ မရောက်ခင် သပိတ်တပ်ခေါင်းဆောင် ၂ဝ ကို ထပ်ဖမ်းသတဲ့ ၊ ပြီးတော့ အရင်ဖမ်းထားတဲ့ သပိတ်တပ်ခေါင်းဆောင် ၃၉ ယောက်
ကိုလည်း ထောင်ချလိုက်ပြီဗျ ”
ကိုအောင်ကျော်က ' တက် ' ခေါက်လိုက်ပြီး -
“ ခွေးမသား မူလာဝပ် ကောင်းမှုပေါ့ဗျာ ၊ အင်္ဂလိပ်တရားဥပဒေစနစ်ဟာ တယ်ကောင်းတယ်လို့
ကြွားကြတယ် ။ ကြည့်ပါဦး ၊ ခုတော့ မူလာဝပ် ဟာ မကွေးအရေးပိုင်အဖြစ်နဲ့ ပုဒ်မ ၁၄၄ - ထုတ်တယ် ၊ ရေနံမြေသပိတ်တပ် ရှေ့ဆက် မသွားရဘူးလို့ ပိတ်ပင်တယ် ”
ကိုအောင်ကျော် ဒေါဖောင်းနေစဉ် ကိုထွန်းရှိန် က မေးပြန်သည် ။
“ နိုင်ငံခြားသတင်းကလေးများ ဘာလေးများလည်း ဖောက်သည်ချပါဦးဗျ ”
ကျွန်တော်က သတင်းစာဖတ်ချိန်ပင် မရအောင် အလုပ်များရှာသော ရဲဘော်ထွန်းရှိန် အား ပါရမီ
ဖြည့်ရပြန်ပါသည် ။
“ ပက်လက်စတိုင်း မှာ အင်္ဂလိပ်နဲ့ အာရပ် တွေ ချကြတာ ကြားပြီးပြီလား ၊ သိပ်သတ္တိကောင်းတဲ့
အာရပ်တွေ ၊ အင်္ဂလိပ်တွေ က သေနတ်တွေနဲ့တိုက်တာကို အာရပ်တွေ က ဓားလွတ်တွေကိုင်ပြီး
ခံချတယ်တဲ့ ”
ကိုထွန်းရှိန် က ထထိုင်တော့မတတ် စိတ်အားထက်သန်သွားပုံပြပြိး -
“ ဒါမှ သတ္တိကွ တို့လည်း ဒီလို ခံချချင် ချရမှာ သိလား ”
“ ဟိုသတင်းကော ကြားပြီးပြီလား ”
“ ဆိုပါဦး ”
“ တရုတ်ပြည်ထဲမှာ ဂျပန်စစ်ဦးက တော်တော် အတွင်းရောက်လာတော့ တရုတ်အများအပြားဟာ
ကျုပ်တို့ ပြည်ထဲ ဝင်လာကြတယ် ဆိုပဲ ။ အဲဒီ စစ်ပြေးတွေနဲ့အတူ ဂျပန်သူလျှိုတွေလည်း ပါလာသတဲ့ ။ ဗန်းမော် ၊ မြစ်ကြီးနား ၊ လားရှိုး တို့မှာ ဂျပန်သူလျှိုတွေ ခြေရာထပ်နေသတဲ့ ။ တရုတ်ပြည်
ကို ပို့တဲ့လက်နက်တွေဟာ ရန်ကုန်ဆိပ်ကမ်းမှာ သင်္ဘောနဲ့ ရောက်လေတော့ ဘယ်ရွေ့ဘယ်မျှ
ရောက်တယ်ဆိုတာ စောင့်ကြည့်ဖို့ ဂျပန်စစ်သင်္ဘောတစ်စင်း ဗမာပြည်ကို ရောက်လာတယ် လို့လည်း သတင်းစာတွေက ရေးနေကြတယ် ” ဟုပြောပြီး ကျွန်တော်က သည်းထန်စွာ သမ်းပစ်လိုက်သည် ။
ကိုထွန်းရှိန် က အလိုက်သိစွာ -
“ ကဲလေ ကိုတင်ထွန်း အိပ်တော့ အိပ်တော့ ၊ ကိုအောင်ကျော် တော့ အိပ်ပျော်သွားပြီထင်တယ် ”
ကိုအောင်ကျော် ကား အိပ်ပျော်သွားပြီ ထင်သည် ၊ ဘာမျှ စကားမတုံ့ပြန်တော့ချေ ။ ကျွန်တော်လည်း
အိပ်ချင်လှသဖြင့် အိပ်ပျော်ရန် ကြိုးစားသည် ၊ သို့ရာတွင် အိပ်မပျော်နိုင်သေး ။ မေးခွန်းတစ်ခု
ဦးနှောက်ကို တတောက်တောက်နှင့် မကြားမနေရအောင် ခေါက်နေလေသည် ။
“ ကိုထွန်းရှိန် ခုနေများ အင်္ဂလိပ် နဲ့ ဂျပန် စစ်ဖြစ်လာရင် ဘယ်လို လုပ်မလဲ ”
“ ကျုပ်တို့ အမြတ်ထုတ်ရမှာပေါ့ဗျ ၊ ဒါပေမဲ့ ခုနေမှာတော့ ဘာပြောပြော အင်္ဂလိပ် ဟာ ကျုပ်တို့နဲ့
နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတဲ့ ရန်သူပဲ ၊ ဂျပန် က အဲလို မဟုတ်ဘူး ”
၎င်းနောက် သူလည်း နောက်ထပ် စကား မပြော ။ ကျွန်တော်လည်း နောက်ထပ် မမေး ။ တက္ကသိုလအလုပ်သမားများ ရပ်ကွက်ဆီမှ ကြက်တွန်သံကို ကြားလိုက်ရလေသည် ။ ဘာကြောင့်ပါလိမ့် ၊
ဘယ်အချိန်ပါလိမ့်ဟု တွေးတောရင်းပင် အိပ်ပျော်သွားလေတော့၏ ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment