❝ ဝတ္ထုစချိန်၏ နိုင်ငံရေး နောက်ခံကားချပ် ❞
ချစ်စွာသော စာဖတ်သူ ၊ စိတ်မရှိပါနှင့်ဦး ။ ပင်မ ဝတ္ထုကြီးကို မစမီ ချွတ်ယွင်းချက် မြောက် မြားစွာနှင့်
ကျွန်တော် ၊ မပြည့်စုံသေးသော ကျွန်တော် ၊ လူလားမမြောက်သေးသော ကျွန်တော် ၊ ထို ကျွန်တော်
ဤ ကျွန်တော် ရင်ဆိုင်ရသော ထိုအချိန် ထိုကာလ နိုင်ငံတကာဖြစ်ပျက်ရပ်များ ၊ ဗမာ့ဖြစ်ပျက်ရပ်
နောက်ခံကားများကို အနည်းငယ် ဖော်ပြလိုပါသေးသည် ။
အကြောင်းမူကား ကျွန်တော့်အား
ရိုက်ခတ်အပ်သော ထိုဖြစ်ပျက်ရပ်တို့၏ အာနိသင်သည် ကျွန်တော့်ပင်ကို ဓာတ်ခံစိတ်နှင့်
ဉာဏ်တို့ထက်လည်းကောင်း ၊ ကျွန်တော့်ဖခင်ထက်လည်းကောင်း ၊ ကိုရင်ကြီး ကိုဘသန်း ထက်
လည်းကောင်း ပိုမိုစူးရှထိရောက်သောကြောင့် ဖြစ်ပါသည် ။
ကျွန်တော်သည် ကိုယ်တွေ့ဖြင့် နိုင်ငံရေးတွင် စိတ်ဝင်စားသော်လည်း နိုင်ငံရေး စာအုပ်စာတမ်းနှင့်
နိုင်ငံရေးလွှမ်းသော သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်းများကို ဖြစ်ဖြစ်မြောက် မြောက် ဖတ်သူ မဟုတ်ပါ ။
သို့ရာတွင် ဥရောပ၌ နာဇီ နှင့် ဖက်ဆစ်များ စခန်းထလာပြီး ဟစ်တလာ မူဆိုလိုနီ တို့ တန်ခိုးထွားလာသည်ကိုကား မကြားဘဲ မနေနိုင်ပါ ။
မူဆိုလိုနီ က အာဖရိက ကန္တာရကြီး မှ အဘီဆီးနီးယား ဆိုသော တိုင်းငယ်ပြည်ငယ် ဂျင်ကလယ်
ကလေးကို အတင်းအဓမ္မ ချင်းနင်းတိုက်ခိုက် သိမ်းပိုက်လိုက်လေသည် ။ ကျွန်တော်တို့သည်
နယ်ချဲ့ လက်နက်နိုင်ငံကြီးဖြစ်သော အင်္ဂလိပ်၏ သိမ်းပိုက်ထားခြင်းခံနေရသော ကျွန်လူမျိုးများ
ဖြစ်၏ ။ အခြား နယ်ချဲ့နိုင်ငံဖြစ်သော အီတလီ က ကျွန်တော်တို့ နှင့် ဘဝတူဖြစ်သော နိုင်ငံငယ်
ကလေးအား ကျူးကျော်သိမ်းပိုက်သောအခါ အဘီဆီးနီးယား ဘက်သို့ စာနာထောက်ထား ကရုဏာမပွားဘဲ မနေနိုင်ပါ ။
ဂျပန် နယ်ချဲ့သမားသည် အကွဲကွဲအပြားပြားနှင့် အားနည်းလျက်ရှိသော အောက်ကျ နောက်ကျ
နိုင်သည့် တရုတ်ပြည်ကြီး ကို ဝင်ရောက်တိုက်ခိုက်လျက် ရှိလေသည် ။ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ခံရှိနေသော ကျွန်တော်တို့သည် ကျူးကျော်ခံရသော တရုတ်ပြည်ကြီးဘက်သို့ ကိုယ်ချင်းစာခြင်း မေတ္တာသက်ဝင်ခြင်း မရောက်ဘဲ မနေနိုင်ပါ ။ ၎င်းပြင် တရုတ်ပြည်သူပြည်သားတို့က မည်မျှပင် အင်အားကြီးမားသော ရန်သူဖြစ်စေကာမူ စည်းလုံးညီညွတ်စွာ အနိုင် မခံ အရှုံး မပေး ဘဲ ခုခံတိုက်ခိုက်နေခြင်းဖြင့် ကျွန်တော်တို့ စိတ်အားတက် မိလေသည် ။ ရိုင်ဖယ် နှင့် လာသော ရန်သူ ကို ဝါးချွန် နှင့်ပင် ဖြစ်စေ ၊ လှံတံဆွဲလျက်ပင်ဖြစ်စေ ခုခံကဖြစ်နိုင်သည်ဟူသော အကြောင်းရပ်သည် လက်နက်ဆို၍ ၆ လက် မ အရွယ်ရှိ ဓားကိုပင် ကိုင်ဆောင်ခွင့်မရှိသော ကျွန်တော်တို့အား အင်္ဂလိပ် ရိုင်ဖယ် ကို မကြောက်အောင် အားမွေးမြူပေးနေလေသည် ။
အိန္ဒိယမှ ဂန္ဒီ ၊ နေရူး စသောပုဂ္ဂိုလ်ကြီးများ ခေါင်းဆောင်သည့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီး၏
လွတ်လပ်ရေး တိုက်ပွဲများမှာလည်း ကျွန်တော်တို့အား လွတ်လပ်ရေးတိုက်ပွဲဝင်အောင် ဖိတ်ခေါ်လှုံ့ဆော် နေသည်နှင့် တူဘိ၏ ။
ကျွန်တော်တို့၏ ပြည်တွင်းမှာလည်း တို့ဗမာအစည်းအရုံးကြီးသည် ရေနံချောင်းမြို့၌ ကျင်းပသော
ပထမ ညီလာခံကြီးမှ အစပြု၍ တစ်ဟုန်ထိုး တိုးတက်လာခဲ့ရာ တရားစွဲ ၊ ထောင်ချ ၊ ပုလိပ်ညှဉ်းပြုနေသည့်ကြားမှပင် ပြည်သူအများက ထောက်ခံအားပေးသော အဖွဲ့အစည်းကြီး ဖြစ်လာပေသည် ။
၂၁ ဦး ၊ ငါးပွင့်ဆိုင် ၊ ဆင်းရဲသားအဖွဲ့ စသော သမားရိုးကျ ပျော့ဖတ်ဖတ် နိုင်လှသည့် အခြေခံ ကျွန်ဘဝကို အမြစ်ပါလှန်၍ မပြောင်းလဲဘဲ ကျွန်ဘဝတွင်းတွင်အဆောင်အယောင်ပြောင်ရုံ ၊ ကျွန်အကြီးစား ၊ ကျွန်အမောက်စားဖြစ်ရုံ ရှေးရှုသော အဖွဲ့အစည်းပါတီများ၏ အတိုက်အခံပြုခြင်းကို ခံနေရသည့် ကြားမှပင် တို့ဗမာအစည်းအရုံးသည် တိုးတက်လာခဲ့၏ ။ ယင်းသို့သော အဖွဲ့အစည်းပါတီ
တို့၏ ခေါင်းဆောင်များသည် မြန်မာနိုင်ငံအုပ်ချုပ်ရေး ( ၁၉၃၅ ) ဥပဒေ က ခွင့်ပြုချက်အရ
အင်္ဂလိပ်က ပေးလိုက်သော ရာထူးရာခံများကို ခွဲဝေယူရေး ၊ အခွဲအဝေ မတည့်လျှင် အချင်းချင်း
ခွက်စောင်းခုတ်ရေးတို့ကို လုပ်နေကြပေရာ ၊ ကျွန်တော်တို့ လူငယ်များသည် ၎င်းတို့အား စက်ဆုပ်ကြပေသည် ။ ကျွန်တော်တို့ လူငယ်များကား ကိုယ်တိုင် လုပ်နိုင်သည် မလုပ်နိုင်သည် အပထား၍
နိုင်ငံရေးအားသစ် ဖြစ်သော တို့ဗမာအစည်းအရုံး နှင့် ခေါင်းဆောင်များကိုသာ အားကိုးတစ်ခု
ထောက်ခံပြုကြရလေသည် ။
တို့ဗမာအစည်းအရုံးက တိုင်ပေးလိုက်သော “ ကမ္ဘာမကြေ ၊ ဗမာတွေ ၊ ဒါတို့ပြေ - ဒါတို့မြေ ” ကို
ကျွန်တော်တို့က လိုက်ဆိုကြသည် ။
“ တို့ဗမာပြည်ကို တိုင်းရင်းသား အကုန်အစင် ၊ တို့ပြည်လို့ မှတ်ထင် ၊ တို့ဝတ္တရားပင် ၊ တို့ဗမာ
သခင် ” ဟု ဟစ်အော် သီဆိုကာ လက်သီးလက် မောင်း တန်းကြသည် ၊ လက်ရုံး ဆန့်ကြသည် ။
အမျိုးသားစိတ်ဓာတ်ကို လှုံ့ဆွပြီး နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများသို့ တို့ဗမာ လူထုအား တို့ဗမာ
အစည်းအရုံးကြီး က သွင်းပေးလိုက်သည့်အတိုင်း အမျိုးသားလွတ်လပ်ရေး အုံကြွမှုကြီးသည်
ကြီးထွားလာခဲ့ပေသည် ။ ထိုအုံကြွမှုကြီးသည် နေရာတကာကို ရိုက်ခတ်၍ လာပေရာ ၊ အင်္ဂလိပ်
ပါမောက္ခများ ကြီးစိုးနေသော ကျွန်တော်တို့၏ စာသင်ခန်းများကို လည်းကောင်း ၊ ပန်ကာလေဖြင့်
တမြမြအေးနေသာ စာဖတ်ခန်းကို လည်းကောင်း ရိုက်ခတ်လာပေသည် ။ ထိုအုံကြွမှုမှာ ကျွန်တော်သည် အဖေ့ ဩဝါဒကြောင့် ရှောင်တိမ်းရန် ကြံသည့်အတိုင်း ရှောင်တိမ်းနိုင်ပါလျှင် ကျွန်တော့်အား
ဆန့်ကျင်သော လူထူးလူဆန်းတစ်ယောက်ဟုပင် ခေါ်ရပေလိမ့်မည် ။
၁၉၃၈ ခုနှစ် သို့ ရောက်သောအခါ ရေနံမြေအလုပ်သမားများ သပိတ်ကြီးသည် အင်္ဂလိပ် အရင်းရှင်
တို့၏ အရှိုက်ကို ထိုးလိုက်ဘိသကဲ့သို့ ပေါ်ပေါက်လာလေ၏ ။ ယင်းသပိတ်ကြီးကို တိုင်းပြည်နှင့်
အဝှမ်း ထောက်ခံကြ၍ ယင်းသပိတ်၏ ခေါင်းဆောင် တို့ဗမာအစည်းအရုံးမှ ဟစ်ဆိုလိုက်သော
“ အရှေ့က နေဝန်းထွက်သည့်ပမာပ ၊ တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ ။ တို့ဗမာ ၊ ဟေ့
တို့ဗမာ ” ဟူသော သီချင်းသံသည် ကျွန်တော်တို့ရင်ဝယ် ပဲ့တင်ခတ်လာပေသည် ။
ထိုအချိန်ကား ဤဝတ္ထု ၏ ပင်မဇာတ်လမ်း စချိန်ပေတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment