❝ ခင်မောင်ရင်ကို မီရဲ့လား ❞
တစ်နေ့က အဖေ ကက်ဆက်ခွေတွေ ငှားလာသည် ။ အမှတ်တမဲ့ ကြည့်မိတော့
ခင်မောင်ရင် ၏ သီချင်းများ ။ အမှန်ပြောရလျှင် သိပ်စိတ်မဝင်စားမိပါ ။ ဖွင့်ပြီး နားမထောင်မိပါ ။ အဖေ
နားထောင်ဖို့ ငှားလာတာပဲလို့ ထင်မိပါသည် ။ မနေ့ကတော့ ကျွန်မ ဇော်ဝင်းထွဋ် သီချင်းများ
နားထောင်နေတုန်း ကျွန်မအနား အဖေ ရောက်လာသည် ။ “ ခင်မောင်ရင်သီချင်းတွေ
နားထောင်ကြည့်ရအောင် ” ဆို၍ ဖွင့်လက်စကို ပိတ်ကာ ခင်မောင်ရင် ကို ဖွင့်ပေးလိုက်ရ၏ ။
မောင်မောင်ကြီး၏ ဆိုသံက ပျံ့လွင့်လာသည် ။ “ အင်းကို ဟင်္သာ ဆင်းမည် ၊ ဆင်းရင်
လေးနဲ့ ခွင်းမည် ၊ ထိုမုဆိုးကို ထီးရိုးရိုက် မည် ၊ ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည် ၊ ၁၃၀၀
ပြည့်မှစ၍ မြန်မာပြည်သည် လိုတာ ရနိုင်မည် ” တဲ့ ‘ စကြာသိုက်သီချင်း ’ ၊ ကျွန်မက ထိုအပိုဒ်လေးကို
စိတ်ထဲမှာ ကြားဖူးသလိုပဲဟု ထင်မိ၏ ။ အဓိပ္ပာယ်ကို နားမလည်၍ အဖေ့ကို ရှင်းပြခိုင်းတော့
အဖေက အသေအချာ ရှင်းပြသည် ။ ဒီသီချင်းသည် အင်္ဂလိပ်လက်ထက်က
အင်္ဂလိပ်အာဏာပိုင်တွေ အကြီးအကျယ် စိတ်ဆိုးပြီး ပိတ်ပစ်ခဲ့ရသည့် သီချင်းပါလား ။ အဖေ
ရှင်းပြမှ သီချင်းအရသာ ပိုပီပြင်လာသည် ။ အဖေက စည်းချက်လိုက်တော့ ကျွန်မက တိုးတိုးလေး
လိုက်ဆိုမိ၏ ။ နှစ်ယောက်စလုံး သဘောကျကာ ထပ်ခါတလဲလဲ ဖွင့်နေမိ၏ ။ အဖေကတော့
သီချင်းသံကြားမှ ကျွန်မအား “ သမီးက ဇော်ဝင်းထွဋ် နားထောင်တယ် ၊ အဖေက ဇော်ဝင်းထွဋ်ရဲ့
အဘိုး ရွှေတိုင်ညွန့် ရေးတဲ့ သီချင်းတွေ နားထောင်တယ် ” ဟု လှမ်းပြောနေသေး၏ ။ ခေတ်ဆိုတာ
သိပ်မြန်တာပဲဟု ကျွန်မ တွေးနေမိ၏ ။ ခင်မောင်ရင် ကိုတော့ ဗိုလ်အောင်ဒင် ကြည့်ပြီးကတည်းက
သူ့အပြော ၊ သူ့အရယ်တွေကို သဘောကျနေခဲ့တာပဲ ဖြစ်သည် ။ သူ့သီချင်းကိုတော့ အမြဲတစေ
နားမထောင်ဖူးခဲ့ပါ ။ ကွက်ကျားကွက်ကျားတော့ နားထောင်ဖူးသည် ။ ငယ်ငယ်က အဖေနဲ့
တက္ကသိုလ်အနုပညာအသင်း အဆို အက အတီးပြိုင်ပွဲ လိုက်သွားစဉ်က လူရွှင်တော်
တောသားကြီး ကို ကျွန်မ အလွန်ပဲ သဘောကျမိပါသည် ။ နောက် မြန်မာ့ရုပ်မြင်သံကြားမှာ ‘ သူဇာ ’
ဇာတ်ကား လာတော့ ‘ နတ်သမီးလေးတွေ တစ်ဖက် လေး ငါးရာ ’ နှင့် တခြားသီချင်းများ
နားထောင်ဖူးပါသည် ။ သည်လို နားထောင်ပြီးတိုင်း ခင်မောင်ရင် က အဆိုရော ၊ အမူအရာပါ
အလွန်ပိုင်တဲ့ မင်းသားကောင်း တစ်လက်ပဲဟု စိတ်ထဲ မှတ်ချက်ချမိ၏ ။
နောက်တစ်ခါ အဖေ အမြဲဆိုနေတတ်တဲ့ ဘိုးဘိုးအောင် သီချင်းတို့ ၊ ကျော်ကြားလှတဲ့
နဂါးနီ တို့ကတော့ ကျွန်မကိုယ်တိုင်ပဲ လိုက်ဆိုတတ်နေပါပြီ ။ နဂါးနီ သီချင်းဆို နေရာအနှံ့အပြားမှာ
ကြားရတတ်၏ ။ ဒီသီချင်းသည် ကျွန်မတို့အတွက် စိမ်းမနေပါ ။ ထီဆိုင်တွေမှာလည်း ဖွင့်ကြသည် ။
ကျွန်မကတော့ ထိုသီချင်းသံ ကြားတိုင်း အမျိုးအမည် မသိတဲ့ စိတ်လှုပ်ရှားမှုမျိုး အမြဲဖြစ်တတ်၏ ။
တစ်ခါလည်း မဟုတ် ၊ နှစ်ခါလည်း မဟုတ် ။ ဒါပေမဲ့ ခင်မောင်ရင် ကို ကျွန်မ သိတာ ဒီလောက်ပဲ
ဖြစ်ပါသည် ။ ဒီလောက်နဲ့တင်ပဲ ခင်မောင်ရင် ကို ကျွန်မ စွဲငြိလှပြီ ။ ကျွန်မစိတ်ထဲမှာ ခမ်းနားလှပြီ ။
အမေ ကတော့ ကျွန်မကို ခင်မောင်ရင် နှင့် ပတ်သက်သော ဇာတ်လမ်း တစ်ပုဒ်
ပြောပြဖူး၏ ။ ပုံပြင် မဟုတ်ပါ ။ တကယ့် အဖြစ်အပျက် ဖြစ်၏ ။ ဒါပေမဲ့ ကိုယ်တွေ့ မဟုတ်ပါ ။
တစ်ဆင့် ပြောသော ဇာတ်လမ်း ဖြစ်၏ ။
ဟိုးအရင်က ရွာတစ်ရွာမှာ ခင်မောင်ရင် ကို အလွန်စွဲသော လူကြီးတစ်ယောက် ရှိသည်တဲ့ ။
စွဲလိုက်သမှ ခင်မောင်ရင် မှ ခင်မောင်ရင် ၊ ခင်မောင်ရင် ဆိုသည့် သီချင်းမှန်သမျှ သူ ရသည် ။
ခင်မောင်ရင် နှင့် တူအောင်လည်း အတော့်ကို ပင်ပန်းတကြီး ကြိုးစားကျင့်ယူသည်တဲ့ ။ တစ်ခါ
တစ်ခါ မာဖလာလေး လည်ပင်း ပတ်ပြီးလည်း နေတတ်သည် ။ အုန်းဆီကို ရွှဲနေအောင် လိမ်းပြီး
ဆံပင်ကို ပြောင်နေအောင် လှန်ဖြီးကာ မျက်နှာခပ်မော့မော့နှင့် ခင်မောင်ရင် စတိုင်လည်း
ဖမ်းတတ်သေး၏ ။ သူက ခင်မောင်ရင် အသည်းစွဲလေ ။ သူများတွေက ခင်မောင်ရင် ခေတ်ပြီးလို့
တွံတေးသိန်းတန် တို့ ၊ ဇော်ဝမ်း တို့ ခေတ်တွေ ရောက်ကုန်ပြီ ။ သူ မမှုပါ ။ သူ နားမလည်
သဘော မပေါက်ပါ ။ အမြဲတစေ ခင်မောင်ရင် ခေတ်လို့ပဲ ထင်နေရှာသည် ။ အစွဲအလမ်းကလည်း
ခပ်ကြီးကြီး မဟုတ်လား ။
သူ့ကို တစ်ရွာလုံးက ခင်မောင်ရင်နှင့် ပတ်သက်၍ စိတ်ကုန်ကြ၏ ။ စိတ်ပျက်ကြ၏ ။ သူနှင့်
ဝေးဝေး ရှောင်ကြရ၏ ။ သူနှင့် စကားတစ်ဝိုင်းထဲမှာ ထိုင်ပြီး ဘယ်သူမှ မငြင်းရဲပေ ။ မငြင်းချင်ပေ ။
သူများတွေက -
“ တွံတေးသိန်းတန် သိပ်ကောင်းတာပဲဗျာ ၊ ဘယ်လို အဆိုပိုင်တာ ” လို့ သူ့ရှေ့မှာ ပြောမိရင်
သူက …
“ ဟုတ်ပါပြီ ၊ မင်းတို့ တွံတေးသိန်းတန် ကောင်းတာ လက်ခံပါပြီ ၊ ဒါပေမဲ့ ငါ မေးပါရစေ ၊
ဦးခင်မောင်ရင် ကို မီရဲ့လား ” ဟု အမြဲမေးတတ်၏ ။
ဒါဆို သူနဲ့ ပြိုင်မငြင်းချင်သူတွေက သူ့အကြောင်း သိနေသူတွေက …
“ မမီပါဘူးဗျာ … မမီပါဘူး ” ဟု ပြန်ပြောမှ ကျေနပ်သဘောကျ နေတတ်သည် တဲ့ ။
တစ်ခါကလည်း ( ထိုခေတ်က ဇော်ဝမ်း ရေပန်းစားနေချိန် ဖြစ်သည် ) လူတစ်ယောက်က
သူ့ရှေ့မှာ -
“ ဇော်ဝမ်းတို့များ ဆိုတတ်လိုက်တာ ” ဟု သွားပြောမိရာ -
“ ဆိုတတ်တာကတော့ ဟုတ်ပါပြီ ၊ ဒါပေမဲ့ ငါမေးလိုက်ရဦးမယ် ၊ ခင်မောင်ရင်ကို မီရဲ့လား ”
ဟု မေးတော့သည် ။
မခံချင်စိတ် ရှိသူက …
“ သူ့ခေတ်နဲ့ သူပေါ့ဗျာ ” ဟု ပြောကြည့်ပါလား ။
သူနှင့် ငြင်းမဆုံးနိုင်တော့ ။ စကားစ မပြတ်နိုင်တော့ ။ “ ခင်မောင်ရင်ကို မီရဲ့လား ” ဟူသော
စကားသံသည်သာ ထိုစကားဝိုင်းတွင် ပေါက်ကွဲလျက် ရှိတော့သည် ။ ကျယ်လောင်လျက်
ကျန်ရစ်တော့သည် ။ ထိုအခါ အထွန့်တက်သူ ဂြိုဟ်ဆိုး ဝင်တော့၏ ။ မီးခိုးကြွက်လျှောက်
တသီတတန်းကြီး ဒုက္ခရောက်တော့၏ ။ နောက်ဆုံးမှာတော့ ကိုယ်ကပင် မှန်နေစေဦးတော့
အရှုံးပေးရကာ -
“ ခင်ဗျား ခင်မောင်ရင် ကိုတော့ ဘယ်မီမလဲ ” ဟု ပြောမှ စကားဝိုင်း သိမ်း၏ ။ ငြင်းခန်း
ရပ်၏ ။ ထိုအခါမှသာ ငြိမ်းချမ်းရေး ရတော့၏ ။
သူ့ကိုတော့ တစ်ရွာလုံးက ကျိတ်ရယ်ကြ၏ ။ “ ခင်မောင်ရင် နဲ့ ပတ်သက်လို့တော့ တစ်ခွန်းမှ
သွားမဟလေနဲ့ ” ဟု တိတ်တိတ် ကျိတ် သတိပေးကြ၏ ။ စကားစပ်မိလို့ ခင်မောင်ရင် အကြောင်း
ရောက်သွားပါကလည်း အချင်းချင်း လက်တို့ကာ စကားဝိုင်းမှ မသိမသာ ခွာကြ၏ ။
အကြောင်းအမျိုးမျိုး ပြ၍ သုတ်ခြေတင်ကြ၏ ။
သူသည် ခေတ်ကိုလည်း မမြင်တော့ပေ ။ ခေတ်ရေစီးကြောင်း၏ အားမာန်ကို
လျစ်လျူရှုကာ နောက်ကျနေပြီ ဖြစ်တဲ့ ၊ ခေတ်မမီတော့ပြီ ဖြစ်တဲ့ သံသရာထဲမှာ
ကုတ်ကပ်တွယ်ရစ်လျက် ကျန်ရစ်ခဲ့လေ၏ ။ ဘယ်လို အကြောင်းပြချက်ကိုမှ လက် မခံတော့ဘဲ
စိတ်၏ အစွဲအလမ်းနောက်ကို တကောက်ကောက် လိုက်ပါနေကာ ဘယ်အရာမဆို ခင်မောင်ရင်
ပေတံနှင့်ချည်း တိုင်းထွာနေတော့၏ ။ ရယ်လည်း ရယ်ရ ၊ အတော်လည်း ကသိကအောက်
နိုင်လှသော ကိစ္စပင် ဖြစ်သည် ။
ကျွန်မလည်း ထိုလူကြီးအကြောင်း တွေးရင်း အခုလို တိုးတက်ခေတ်မီလှသော
ဟဲဗီးရော့ခ် တို့ ၊ ရော့အင်ရိုး တို့ ခေတ်စားနေသော ခေတ်ကြီးထဲတွင် “ ခင်မောင်ရင် ကို မီရဲ့လား ” ဟု
ထိုလူကြီး လာမေးနေမှာ စိုးကြောက် မိပါတော့၏ ။
လူကြီးမင်းများ ရှင် … မိမိ သဘောကျ နှစ်ခြိုက်သူများကို တိုးတိုးတိတ်တိတ်သာ
ကောင်းချီးပေးကြရန် ကျွန်မ မေတ္တာရပ်ခံပါရစေ ။
◾မိုးချိုသင်း
📖 ပေဖူးလွှာမဂ္ဂဇင်း
၁၉၉၀ ၊ အောက်တိုဘာလ
koaungnaingoo.blogspot.com
.
No comments:
Post a Comment