Friday, September 3, 2021

သူတော်ငတေ ၏ နွားတိုက်ပွဲ


 

❝  သူတော်ငတေ ၏ နွားတိုက်ပွဲ  ❞

စိတ်ညှို့အတတ်ပညာနှင့် ပတ်သက်၍ အရှေ့တိုင်း ၊ အနောက်တိုင်း စိတ်ညှို့ ပညာ အဖြစ်ဆန်းများကို စာရေးသူ အတော်များများ ဖတ်ဖူး ၊ လေ့လာဖူးသည် ။ နှစ်ပေါင်းများစွာ အဖြေရှာမရသော ရာဇဝတ်မှုခင်းများကိုပင် စိတ်ညှို့အတတ်ပညာဖြင့် ဖော်ထုတ်ပေးခြင်း ၊ တိရစ္ဆာန်တစ်ကောင်ကောင်အား တစ်နေရာတည်းတွင် နာရီအတော်ကြာကြာနေအောင် စိတ်ညှို့ထားခြင်း စသည်များကိုလည်း ဖတ်ဖူး မှတ်ဖူးသည် ။

သို့သော် လူစင်စစ်က တိရစ္ဆာန်စိတ်ပေါက်လာအောင် စွမ်းဆောင်နိုင်သော စိတ်ညှို့အတတ်ပညာကိုမူ အရှေ့တိုင်း ၊ အနောက်တိုင်း လောကီ ပညာစာအုပ်တွင် မတွေ့ဖူးဘူး ၊ မဖတ်ဖူးဘူးသေးပေ ။

ကျွန်ုပ် ရှစ်နှစ်သားအရွယ်တွင် ရွာဘုန်းကြီးကျောင်း၌ ကျောင်းနေရသည် ။ ကျွန်ုပ်တို့ကျောင်းတွင် အသက် ငါးဆယ်ကျော်ခန့် ဦးသူတော် ကပ္ပိယကြီးမှာ ဘုန်းကြီးလူထွက် ( လူပြန်တော် ) ဖြစ်သည် ။ သူ့အမည်မှာ ဦးမြအောင် ဖြစ်၏ ။ သို့သော် သူ့ကို သူတော်မြအောင် ဟု မည်သူကမျှ မခေါ် မပြောကြ ။ သူ့ရှေ့တွင် ...

“ ဦးသူတော် ” ဟု ခေါ်ကြသလို သူ့ကွယ်ရာ၌မူ... “ သူတော်ငတေ ” ဟု ခေါ်ကြသည် ။ သူ့ရှေ့တွင် သူ့ကို သူတော်ငတေ ဟု မခေါ်ဝံ့ကြခြင်းမှာ သူသည် လောကီပညာတတ်၍ဟု ဆိုကြသည် ။

သူ့ကို “ ငတေ ” ဟု ခေါ်ကြခြင်းမှာလည်း ငယ်စဉ်က အလွန် တေပေခဲ့၍ဟု သိရသည် ။ ထို့ကြောင့် မိဘနှစ်ပါးက ရှင်သာမဏေပြုပေး၍ ကိုရင် ဖြစ်လာသောအခါမှာလည်း ...

“ ရှင်ပဏ္ဍိ ” ဟူသော သာမဏေဘွဲ့ကို မည်သူကမျှ မခေါ်ကြဘဲ ...

“ ရှင်ငတေ ” ဟုသာ ခေါ်ကြသည် ။ သူ၏ ဥပဇ္ဈာယ်ဆရာရင်းဖြစ်သော ဘုန်းတော်ကြီးကပင် ရှင်ဘွဲ့ကို မခေါ်ဘဲ ...

“ ဟေ့ ကိုရင်ငတေ ၊ ဟို ရှင်ငတေ ဘယ်မှာလဲ ”

ဟုသာ ခေါ် သည် ။ မေးသည် ။ ဘုန်းကြီးကိုယ်တိုင်က ခေါ်တော့လည်း အားလုံးက သူ့ကို ရှင်ငတေ ဟုသာ လိုက်ခေါ်ကြသည် ။

သည်လိုနှင့် သာမဏေရှင်ဘဝမှ ရဟန်း ဖြစ်လာ၏ ။ ထိုအခါမှာလည်း...

“ ဦးပဉ္စင်းပဏ္ဍိ ”

ဟု မည်သူကမျှ မခေါ်ကြဘဲ ဦးပဉ္စင်းငတေ ဟုသာ ခေါ်ကြပြန်သည် ။ ဤသည်ကို သူကလည်း စိတ်နာ၍လား မသိ ၊ ရွာကျောင်းမှ ထွက်သွားသည် ။ စာပေပရိယတ္တိ သင်ကြားရန်ဟု အကြောင်းပြ၍ ထွက်သွားခြင်းဖြစ်၏ ။ အနှစ် ( ၂၀ ) ကျော်ခန့် ကြာပြီး ရွာသို့ ရောက်လာသောအခါ ဘုန်းကြီးဝတ်နှင့် မဟုတ်တော့ဘဲ သူတော်ဝတ်နှင့် ဖြစ်လာ၏ ။ ထိုအချိန်မှာ သူ့ ဥပဇ္ဈာယ်ဆရာ နှင့် မိဘနှစ်ပါးလည်း ကွယ်လွန်ကုန်ကြပြီ ။ ထို့ကြောင့် သူ့ဦးလေးတော် တစ်ယောက်က ...

“ ဦးပဉ္စင်း အဝတ်ကို လဲပြီး ဘာလို့ သူတော်ဝတ်လာရတာလဲ ”

ဟု မေးရာ ...

“ ကျပ်က ကိုရင်ဝတ် ၊ ပဉ္စင်းဝတ်ခဲ့တာ ဝါသနာပါလို့ မဟုတ်ဘူး ။ ငတေ နာမည် ပျောက် မလားလို့ဝတ်ခဲ့တာ ဦးလေး ။ ရှင်ဝတ်တော့ ရှင်ငတေ ၊ ပဉ္စင်းဝတ်ပြန်တော့လည်း ပဉ္စင်းငတေ ၊ ဘုန်းကြီးဖြစ်လည်း ငတေနာမည် ပျောက် မှာ မဟုတ်ဘူးဆိုတော့ ခု လူထွက်ပြီး ငတေ နာမည်များ ပျောက် မလားလို့ သူတော်ဝတ်လာတာပါ ”

ဟု ဦးလေးကို အပြောင်အပျက်လိုလို ၊ အတည်လိုလိုနှင့် ပြောသည် ။

သူစိမ်းတွေကိုကျတော့ ...

“ ကိုရင်ဝတ်လည်း ငတေ ၊ ပဉ္စင်းဝတ်လည်း ငတေ ၊ ကဲ ဒီတစ်ခါ ငတေ နာမည် ပျောက် မလားလို့ ကျုပ် သူတော်ဝတ်လာပြီး ကျုပ်ကို ဘယ်လို ငတေ လို့ ခေါ်ရဲသလဲ ။ သတ္တိရှိရင် ခေါ်ကြည့်ကြစမ်း ၊ ငတေအကြောင်းကို ကောင်းကောင်း သိသွားရမယ် ဟင်း ... ”

ဟု စိန်ခေါ်သည် ။ ထိုအခါ သူနှင့် အချစ်ဆုံး အခင်ဆုံး ဦးတင်အောင် ဆိုသူက ...

“ တကယ်လားကွ ငတေ ”

ဟု ခေါ်လိုက် မိရာ ချက်ချင်း ဦးတင်အောင် မှာ ပါးရွဲ့ သွားသဖြင့် သူတော်ငတေ ကို ရှိခိုးကန်တော့တော့မှ ပါးစပ်ပြန်တည့်သွားသည်ဟု လူကြီးတွေက ပြောကြသည် ။ ထို့ကြောင့် နောက်ပိုင်းတွင် သူ့ကို မည်သူမျှ မလေးမစား မလုပ်ရဲကြတော့ ။ လက်ရှိ ဆရာတော်ကလည်း သူ့ကို ဦးသူတော် ဟု ခေါ်သည် ။

သူတော်ငတေ သည် ခြေတံရှည်ကျောင်းအောက် ခေါင်းရင်းတွင် ကွပ်ပျစ်ရိုက် အခန်းကာ၍ သူ့ဘာသာသူ နေသည် ။ ဘုန်းကြီး၏ ဝေယျာဝစ္စ ကပ္ပိယ အလုပ်ကိုလည်း ကျိုးကျိုးနွံနွံ လုပ်တတ်သည် ။ ယာဝကာလိက ၊ ယာမကာလိက စသည်များကိုလည်း ဝိနည်းနှင့်ညီအောင် ခွဲခြား ဆောင်ရွက်ပေးသဖြင့် ဘုန်းတော်ကြီးကလည်း သူတော်ငတေ ကို သဘောကျသည် ။

သူ့ကွယ်ရာ၌သာ သူ့ကို သူတော်ငတေ ဟု ခေါ်ကြသော်လည်း ရွာမှာ စုန်းပူး ၊ နတ်ပူး ၊ ကလေးလန့် ၊ ကလေးတက် ၊ ကျွဲပျောက် ၊ နွားပျောက် ၊ ဥစ္စာပျောက် အရေးအကြောင်း တစ်ခုခုဖြစ်လျှင်တော့ သူတော်ငတေကို တရိုတသေ လာပင့်လာခေါ်တတ်ကြသည် ။ ကလေးသူငယ်နာ ၊ မာတရာ ၊ ရက္ခိုက် လက်ဖွဲ့လည်း စွမ်းသည်ဟု ပြောကြသည် ။

သူတော်ငတေ ၏ နေ့စဉ်အလုပ်မှာ တရားထိုင်ခြင်း နှင့် ဖိုထိုးခြင်းပင် ။ ထို့ကြောင့် ညနေတိုင်း အနင်းအနှိပ် ခံတတ်သည် ။ သူ့ကို နင်းနှိပ်ပေးလျှင် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များအကြောင်း နှင့် တစ္ဆေပုံပြင်များကိုလည်း တစ်နေ့တစ်မျိုး မရိုးအောင် ပြောပြတတ်သည် ။ ထို့ကြောင့် ကျွန်ုပ်တို့ ကျောင်းသားများမှာ တစ်ထောင့်တစ်ည ပုံပြင်ပမာ ညနေ စာအံပြီးတိုင်း သူတော်ငတေ နားသို့သာ ရောက်သွားတတ်ကြသည် ။ သူ အားလပ်၍ စိတ်လိုလက်ရရှိလျှင် ရသေ့စိတ်ဖြေ ( ထိုးလားမီးဇာ ) နှင့် လက်လှည့်ပညာများကိုလည်း လုပ်ပြ လုပ်ပေးတတ်သည် ။

ရသေ့စိတ်ဖြေခေါ် “ ထိုးလားမီးဇာ " မှာ သိပ္ပံအမြင်နှင့် ကြည့်လျှင် ဘယ်လိုမှ မယုံကြည်နိုင်စရာ လက်လှည့်ပညာတစ်ရပ် ဖြစ်သည် ။ စာဖတ်သူ အတော်များများ လမ်းဘေးမျက်လှည့်ပွဲ ၊ ဆေးရောင်းပွဲများကို ကြည့်ဖူးလိမ့်မည် ။ ဥ တစ်လုံးမှ နှစ်လုံး သုံးလုံး ဖြစ်သွားတာ ၊ အုပ်ခွက်ထဲမှ ဥ ပျောက်သွား၍ နောက် အုပ်ခွက်တစ်ခုထဲ ရောက်သွားတာ ၊ အဆက် မရှိသော သံကွင်းများ တစ်ကွင်းထဲသို့ တစ်ကွင်းကဝင်ပြီး ဆက်နေကြတာ စသည်တို့မှာ ရှေးရှေးက ရသေ့စိတ်ဖြေခေါ် အပျော်လုပ် ကစားကြသော ထိုးလားမီးဇာ ပင် ။ ထို့ကြောင့် သူတော်ငတေ အား ကျွန်ုပ်တို့မှာ ချစ်လည်း ချစ် ၊ ကြောက်လည်း ကြောက်ရသူ ဖြစ်သည် ။

သည်လိုနှင့် ဆရာတော် မင်းရွာရှင်ပြုပွဲသို့ ကြွသွားခိုက် တစ်နေ့တွင် သူတော်ငတေ သည် ကျွန်ုပ်တို့ ကျောင်းသားငယ်များ နွားလုပ်တမ်း ကစားနေကြသောနေရာ ကံ့ကော်ပင်အောက်သို့ ရောက်လာသည် ။ နွားလုပ်တမ်း ကစားနေကြသော ကျောင်းသားငယ်များကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်ပြီး ...

“ မင်းတို့ တကယ် နွားဖြစ်သွားပြီး နွားလို ဝှေ့ချင်ကြလား ။ ငါ လုပ်ပြရမလား ”

ဟု မေးသည် ။ ကျောင်းသားအားလုံးက တညီတညွတ်တည်း ...

“ လုပ်ပြပါ ၊ ကြည့်ချင်ပါတယ် ”

ဟု ပြောလိုက်ကြသောအခါ ...

“ ဒါဆို လာ ၊ ကျော်အောင် နဲ့ ဟိုကောင် နာမည် ဘယ်သူရယ် ”

ဟု မေးပြီး လှမြင့် ကို ခေါ်သည် ။ ပြီး လုံချည် ၊ အင်္ကျီတွေကို ချွတ်ခိုင်းသည် ။

“ ကိုယ်တုံးလုံးဆို မြန်မြန် နွားစိတ်ဝင်တယ် ”

ဟု သူတော်ငတေ ပြောသော်လည်း ရှက်သဖြင့် ကျော်အောင် နှင့် လှမြင့် တို့က မချွတ်ကြ ။ ထိုအခါ အင်္ကျီကိုသာ ချွတ်ခိုင်းပြီး ပုဆိုးကို ဖင်ပြောင်နေအောင် ခါးတောင်းကျိုက်ခိုင်းပြီး ခါးမှာ ကြိုးစည်းပေးထားသည် ။

ထို့နောက် နွားလို လေးဖက်ကုန်းနေခိုင်းပြီး ကျော်အောင် နှင့် လှမြင့် တို့ကို ခေါင်းချင်းဆိုင်ထားသည် ။ ပြီး သူတော်ငတေက ပါးစပ် တလှုပ်လှုပ်နှင့် မန်းမှုတ်သည် ။ မကြာမီ ကျော်အောင် နှင့် လှမြင့် တို့မှာ တဆတ်ဆတ် တုန်ယင်လာကြပြီး ခေါင်းချင်းဆိုင်ပေးထားရာမှ နွားလို ဝှေ့ကြတော့သည် ။ တကယ့် တိရစ္ဆာန် နွားနှစ်ကောင် ဝှေ့နေကြသလို တစ်ယောက်နှင့် တစ်ယောက် မှာ ခေါင်းချင်း တစ်ထွာတစ်မိုက် ခွာသွားကြရာမှ ဒိန်းခနဲ ဒိုင်းခနဲ ခေါင်းချင်းဆောင့်၍ ဝှေ့ခတ်နေကြသည် ။ ဝိုင်းကြည့်နေကြသော ကျွန်ုပ်တို့မှာ နှစ်ယောက်စလုံး၏ ခေါင်းတွေမှာ ပေါက်ပြဲဖူးရောင် ဖြစ်ကုန်ကြပြီဟု စိုးရိမ်နေကြသော်လည်း ကျော်အောင် နှင့် လှမြင့် တို့မှာ နာရကျင်ရမှန်း မသိဘဲ တဒိန်းဒိန်း တဂျိမ်းဂျိမ်းသာ ခေါင်းချင်းဆိုင်ပြီး ဝှေ့ခတ်နေကြသည် ။

သည်လိုနှင့် ဆယ်မိနစ်ခန့်ကြာသောအခါ သူတော်ငတေ က ကျောင်းသားကြီးများအား ကျော်အောင် နှင့် လှမြင့် တို့ကို ဝိုင်းဆွဲဖျန်ဖြေ ခိုင်းသည် ။ ကျောင်းသားကြီးများက တစ်ယောက်ကို သုံးယောက်ကျစီလောက် ဝိုင်းဆွဲထားကြသည် ။ သို့သော် ကျော်အောင် နှင့် လှမြင့် တို့မှာ ကျောင်းသားကြီးများ ဝိုင်းဆွဲ ခွဲထားကြသည့်ကြားက အတင်းရုန်းထွက်ပြီး တစ်ယောက်နှင့် တစ်ယောက် ခေါင်းချင်းဆိုင် ဝှေ့ခတ်ရန်ကိုသာ ထရုန်းကန်နေကြသည် ။ ဤသည်ကို စိုက်ကြည့်ပြီး သူတော်ငတေက ...

“ ပုဏ္ဏကနွား နဲ့ အာဠာဝကနွားကွ ၊ ဝှေ့ကြ ခတ်ကြဦးမယ် ။ လွှတ်ပေးလိုက်ကြစမ်း ”

ဟု ဆိုသောအခါ ဝိုင်းချုပ်ဖမ်းကိုင်ထားကြရာမှ လွှတ်ပေးလိုက်ကြရာ ဝိုင်းကြည့်နေကြသော ကျွန်ုပ်တို့အားလုံးမှာ လန့်ဖျပ်၍ပင် အလိုလို နောက်ဆုတ်မိပြီးသား ဖြစ်သွားကြသည် ။ လွှတ်ပေးလိုက်သောအခါ ကျော်အောင် နှင့် လှမြင့် တို့မှာ ကျွဲနွားရန်ဘက် နှစ်ကောင် ဝင့်နေကြသလို တစ်ယောက်နှင့် တစ်ယောက် လှည့်ပတ် ဝင့်နေကြရာမှ တစ်လံလောက် အကွာသို့ ရောက်သောအခါ ကဆုန်ပေါက်ပြေးဝင်ပြီး ခေါင်းချင်းပြေး ဆောင့်လိုက်ကြသည်မှာ မြေကြီးပင် တုန်သွားသလား ထင်လိုက်ရသည် ။

“ အဲ ... ဒါမှ အာဠာဝကနွားနဲ့ ပုဏ္ဏကနွားကွ ။ ပြေးဆောင့် လိုက်ကြစမ်း ။ ဝှေ့ခတ်လိုက်ကြစမ်း ၊ ဟင်းနော် အာဠာဝကနွား တောင့်ထားစမ်း ။ တာမရွေ့စတမ်း ၊ တာမရွေ့စတမ်းနော် ”

သွားပြီ ၊ လှမြင့်နှင့် ကျော်အောင်တို့မှာ အမှန်တကယ်ပင် နွားစိတ် ဝင်နေကြပြီ ဆိုသည်ကို သူတို့နှစ်ယောက် ခွာလိုက် ၊ တအားပြေးဆောင့်လိုက် ၊ ဝှေ့ခတ်လိုက် လုပ်နေကြသည်ကို မြင်ရုံနှင့် သိသာလေသည် ။

သည်လိုနှင့် ဆယ်မိနစ်လောက် ကြာသွားပြန်ရာ ကျောင်းသားကြီးများအား ကျော်အောင် နှင့် လှမြင့် တို့ကို ဆွဲခွဲခိုင်းပြီး ၊ ကျောင်းသားငယ် တစ်ယောက်ကိုလည်း ရေတစ်ခွက် သွားခပ်ခိုင်းလိုက်သည် ။ ဆွဲခွဲချုပ်ကိုင်ထားကြသော်လည်း ယခုထိ ရန်ငြိုး မပြေကြသေးဘဲ တစ်ယောက်နှင့် တစ်ယောက် နောက်ထပ် ဝှေ့ခတ်ရန် အတင်းရုန်းကန်လျက်ပင် ရှိနေကြသေးသည် ။

ဤသည်ကို သူတော်ငတေက ကျောင်းသားငယ် ခပ်လာပေးသော ရေနှင့် နှစ်ယောက်စလုံး၏ မျက်နှာကို လှမ်းပက်လိုက်သည် ။ ထိုအခါမှ နှစ်ယောက်စလုံး ရုတ်တရက် ငြိမ်ကျသွားပြီး ကျောင်းသားကြီးတစ်ယောက်စီ၏ ရင်ခွင်ထဲတွင် ပက်လက် သတိမေ့မြောနေကြ၏ ။ နောက်တစ်ခါ ကျောင်းသားငယ်တစ်ယောက်အား နောက်ထပ် ရေတစ်ခွက် ခပ်ခိုင်းလိုက်ပြီး တစ်ကိုယ်လုံးကို လက်နှင့်ရေဖျန်းပေးလိုက်တော့မှ နှစ်ယောက်စလုံး သတိရ၍ ငုတ်တုတ်ထထိုင်ကြသည် ။

စောစောက တစ်ယောက်နှင့်တစ်ယောက် ခေါင်းချင်းဆောင့် ခတ်ထားကြသည်ကို စိုးရိမ်နေကြသော ကျောင်းသားကြီးများက ...

“ မင်းတို့ ခေါင်းတွေ မနာဘူးလား ”

ဟု မေးလိုက်ကြရာ နှစ်ယောက်စလုံးက ကျီးကြည့်ကြောင်ကြည့်နှင့်

“ မနာပါလား ၊ ဘာဖြစ်လို့လဲ ”

ဟု သူတို့ ခေါင်းကို ကိုယ်စီပွတ်၍ မေးကြ၏ ။

“ မင်းတို့နှစ်ယောက် စောစောက ဘာဖြစ်ကြလဲ ”

“ ဘာမှ မဖြစ်ပါလား ၊ ဘာဖြစ်လို့လဲ ”

“ ဟာ စောစောက မင်းတို့နှစ်ယောက် နွားလို ဝှေ့ခတ်ခဲ့ကြတာ ”

“ ငါတို့က ရူးလို့ နွားလို ဝှေ့ခတ်မလားကွ ”

ကျောင်းသားကြီး စကားမဆုံးမီပင် လှမြင့်က ကျောင်းသားကြီးကို ပြန်အော်သည် ။ စောစောက သူ့ရင်ခွင်ထဲတွင် ပက်လက် သတိမေ့နေခဲ့သော ကျော်အောင် ၏ ခေါင်းကို ထွန်းသာ က အာလူးဘုကြီးတွေ ထွက်နေလိမ့်မည် အထင်နှင့် ပွတ်ဖိ စမ်းညှစ်ကြည့်သည် ။ ကျော်အောင့် ခေါင်းကား ဘာမှ မဖြစ် ။ လှမြင့် ခေါင်းမှာလည်း မည်သည့် အနာအဆာ အဖုအထစ်မျှ မရှိ ။

ကျောင်းသားကြီးများ ဝိုင်းမေး ဝိုင်းစမ်းနေကြသည်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေသော သူတော်ငတေ က ...

“ ကဲ ၊ နောက် မင်းတို့ ဘယ်သူ နွားလို ဝှေ့ကြဦးမလဲ ”

ဟု မေးရာ ကျော်အောင် နှင့် လှမြင့် တို့ စောစောက ဝှေ့ခတ်ခဲ့ကြသည်ကို မျက် မြင်ကိုယ်တွေ့ ဖြစ်ခဲ့ကြသော ကျောင်းသားများမှာ မည်သူကမျှ နှုတ်မဟရဲကြတော့ဘဲ သူတော်ငတေ ၏ မျက်နှာကိုသာ အံ့ဩတကြီး ငေးကြည့်နေကြသည် ။

ဤသည်နှင့် ဇာတ်လမ်းက မပြီးသေး ။ သူတော်ငတေ က ဆက်ပြောပြန်၏ ။

“ နောက်ကို မင်းတို့ နွားလိုလုပ်ပြီး မကစားကြနဲ့ ။ နွားဆိုတာ ဘာမှ အသိဉာဏ် မရှိဘူး ။ လမ်းသွားလမ်းလာ ပညာသည် တစ်ယောက်ယောက်က မင်းတို့ နွားလုပ်တမ်းကစားနေကြတာမြင်လို့ လက်တည့်စမ်း ပညာပြသွားရင် မင်းတို့ တစ်သက်လုံး နွားစိတ်ပေါက်ပြီး ကြာရင် နွားဖြစ်သွားတတ်တယ် ။ လူစင်စစ်က သမန်းကျား ဖြစ်သွားတဲ့အကြောင်း မင်းတို့ မကြားဖူးကြဘူးလား ”

ဟု ပြောသည် ။

ကျောင်းသားကြီးများက ...

“ ကျွန်တော်တို့ မကြားဖူးပါဘူး ။ ဦးဦးသူတော် ပြောပြပါ ”

ဟု ဝိုင်းပြောကြရာ

“ ညကျတော့ ပြောပြမယ် ။ ခု မင်းတို့ကို ငါ နွားတိုက်ပြတဲ့အကြောင်း ဘုန်းကြီး ပြန်လာရင် ဘယ်သူမှ မပြောရဘူးနော် ။ ရွာက လူတွေကိုလည်း မပြောရဘူး ။ ငါ မှာထားရဲ့နဲ့ မင်းတို့ တစ်ယောက်ယောက်ကို ပြောရင် ပြောတဲ့အကောင်ကို နွားဖြစ်သွားအောင် ငါ လုပ်ပစ်လိုက် မယ် ။ အားလုံး ကြားကြလား ”

“ ကြားပါတယ် ဦးဦး ”

“ အေး ... မင်းတို့စကားကို မင်းတို့ မှတ်ထားကြ ၊ မင်းတို့လို အသက်ရှိတဲ့ သဝိညာဏက ကို နွားလို စိတ်ပြောင်းခိုင်းပြီး ဝှေ့ခတ်ခိုင်းတာ ဘာမှ မခက်ဘူး ။ အဝိညာဏက ခေါ်တဲ့ အသက် မရှိတာကိုလည်း ငါ အသက်ဝင်လာအောင် လုပ်ပြလို့ရတယ် ။ မင်းတို့ မယုံရင် ဟိုမှာတွေ့လား ၊ ဇရပ်အမိုး မျက်ကွင်းအုပ်ဖို့ လုပ်ထားတဲ့ ဝါးခြမ်းပြား ရှည်ရှည်နှစ်ပြား သွားယူကြစမ်း ။ ငါပြဦးမယ် ”

ဟု ပြောပြန်ရာ ကျောင်းသားကြီးတွေက သူ့ထက်ငါဦး မျက်ကွင်းလုပ်ရန် ရွေသတ်ထားသော ဝါးခြမ်းပြား ရှည်နှစ်ပြားကို ပြေးယူလာကြသည် ။

ကျောင်းသားများ ယူလာပေးကြသော ဝါးခြမ်းပြားထဲမှ နှစ်လံ ၊ သုံးလံရှည်သော ဝါးခြမ်းပြားနှစ်ပြားကို သူတော်ငတေက ပူးကပ်ဆုပ်ကိုင် ကြည့်ကာ အညီဖြတ်ပြီး လူကြီးခါးလောက်ခန့် အမြင့်ရှိသော ကျောင်းတိုင်နှစ်လုံး၏ ဟိုဘက် သည်ဘက်တွင် အညီ ပူးချည်ထားသည် ။ ဝါးခြမ်းပြား နှစ်ပြား၏ အဆုံးနှစ်ဖက် မှာ အလယ်က ကျောင်းတိုင်သား နှစ်လုံး ခံနေသဖြင့် တောင်ဆုပ်နီးပါးခန့် ကွာနေသည် ။ ထိုကွာနေသော ဝါးခြမ်းပြား နှစ်ပြားကို သူတော်ငတေက အလယ်ပိုင်း နှစ်ပြားကို ပူးကပ်ကိုင်၍ မန်းမှုတ်နေသည် ။

သူတော်ငတေ မန်းမှုတ်ပြီး လက်လွှတ်လိုက်သော ဝါးခြမ်းပြားနှစ်ပြားမှာ အလယ်က ကျောင်းတိုင်ခံနေသဖြင့် တောင်ဆုပ်နီးပါး ပြန်ကွာသွားကြသည် ။

ဤသည်ကို သူတော်ငတေက အနားကပ်သွားပြီး ...

“ ကဲ ၊ ကပ်စမ်း ကပ်စမ်း ဆို ၊ မြန်မြန် ကပ်ပြစမ်း အေး ... ဟုတ်ပြီ ၊ ဆွဲသွား ဆွဲသွား ၊ မြန်မြန် ပြေးလုပ်စမ်း တောက် ၊ ငါတယ် ဘာရှက်နေလဲ ။ ကပ်ကြပါဆို ၊ ငါ့အမိန့် မဟုတ် ၊ အထက်ဆရာ အမိန့် ၊ ကပ်ဆို ကပ် ၊ လုပ်ဆို လုပ် ၊ ဘုတ်ဆုံမကို မကြိုက်ဘူးလား ”

ဟု ပါးစပ်မှ အယုတ္တ အနတ္တတွေ ဆိုကာ ...

“ နမ်းပြမလား ၊ နမ်းမပြဘူးလား ”

ဟု ဆိုလိုက်စဉ် လက် မပြားလောက်ရှိသော ဝါးခြမ်းနှစ်ပြားမှာ ညွတ်ပဲ့ညွတ်ပဲ့ တုန်ညွတ်လာကြပြီး မကြာမီ ပူးကပ်နေကြလေသည် ။

ဤသည်ကို ကြည့်၍ ကျွန်ုပ် ကျောင်းသားများမှာ အံ့ဩမဆုံး ဖြစ်နေကြ၏ ။ ကျောင်းတိုင်နှင့် ဖက်ချည်ထားသော ဝါးခြမ်းပြား အလယ်ပိုင်းနှစ်ခု ပူးကပ်နေကြသည်ကို တစ်ဖန် သူတော်ငတေက ...

“ ကဲ ... လူတွေ ဝိုင်းကြည့်နေကြတာ လူမြင်ကွင်းကြီး အရှက် မရှိတဲ့ဟာတွေ ခွဲကြစမ်း ၊ ခွာကြစမ်း ၊ မြန်မြန်ခွဲ ၊ မြန်မြန်ခွာ ၊ ဆရာအမိန့် ၊ ငါ့အမိန့် ၊ ခွဲဆို ခွဲ ၊ ခွာဆို ခွာ ဆရာလာပြီ ”

ဟု ပြောနေလေရာ ဝါးခြမ်းပြားနှစ်ပြားမှာ ညွတ်ပဲ့ညွတ်ပဲ့နှင့် တဖြည်းဖြည်း ခွာသွားကြပြန်လေသည် ။

ဤသည်ကို သူတော်ငတေက ...

“ ဒါ ... ဘာသဘော ထင်လဲ ”

ဟု ကျောင်းသားကြီးတွေဘက် ကြည့်၍ မေးရာ အယုတ္တ ၊ အနတ္တ တွေလည်း ပြောခဲ့သဖြင့် ကျောင်းသားကြီး တစ်ယောက်က ...

“ ဦးဦးသူတော် အစိမ်းတိုက်တာ ”

ဟူသော စကားမဆုံးမီ သူတော်ငတေက...

“ ဘာ ... အစိမ်း အကျက် မှ တိုက်တာ မဟုတ်ဘူး ။ ဓာတ်ဖို ဓာတ်မ ပူးပြတာ ။ ငါက ဝါးခြမ်းပြားနှစ်ပြား ပူးကပ်သွားအောင် လေနဲ့ မှုတ်ထားတာ ။ ပေါက်ကရတွေ အော်နေရတာက မင်းတို့ အထင်ကြီးအောင် ၊ တောထင် တောင်ထင် ထင်အောင် လုပ်ပြရတာ ။ ဟဲ ... ဟဲ ”

ဟု ပြောပြီး သူတော်ငတေသည် သူ့ ဖိုခန်းရှိရာ ကျောင်းအောက်သို့ ဝင်သွားလေသည် ။

◾ဝေယံလင်းခေါင်

📖 ဂမ္ဘီရမဂ္ဂဇင်း
       ၁၉၉၉ ခုနှစ် ၊ နိုဝင်ဘာလ

koaungnaingoo.blogspot.com

No comments:

Post a Comment