❝ ရေနံမြေမှ တပ်ကြီး ❞
၁၃ဝဝ ပြည့်နှစ် ၊ နတ်တော်လဆန်း ၈ရက် ။
၎င်းနေ့တွင် ဗမာသတင်းစာများ၌ အောက်ပါသတင်းကို ဖတ်ရှုကြရလေသည် ။
ရေနံမြေ သပိတ်မှောက် အလုပ်သမား ၁ဝဝဝ
ရန်ကုန်သို့ ခြေလျင်လာကြတော့မည်
ရေနံမြေတွင် ကုမ္ပဏီက တင်း အစိုးရက ပင်း သဖြင့် အတိဒုက္ခရောက်၍ နေကြသော ရေနံချောင်း ၊ ချောက် ၊ မူလာ ၊ လမ်းရွာ အစရှိသည့် ရေနံမြေတစ်ဝိုက် မှ
သပိတ်မှောက်အလုပ်သမား ၁ဝဝဝ ကျော်တို့သည် နိုဝင်ဘာလ ၃ဝ ရက်
ဗုဒ္ဓဟူးနေ့တွင် ချောက် မြို့မှ ရန်ကုန်သို့ ခြေလျင်ချီတက်လာကြမည်ဖြစ်ရာ
ချောက် မြို့ သခင်ဘိုးလှကြီး က ခေါင်းဆောင်လာမည် ဆိုကြောင်း ။
နောက်တစ်နေ့ ( နတ်တော်လဆန်း ၉ ရက်နေ့ ) ထုတ်တွင်ကား ချောက် သတင်းထောက်ထံမှ ပို့သည့် အောက်ပါသတင်းကို ဖတ်ကြရလေသည် ။
ရေနံမြေမှ သပိတ်တပ်ကြီး သပိတ် ၁ဝဝဝ ကျော်ပါ၍
ဗုဒ္ဓဟူးနေ့ စတင်ထွက်ကြပြီ
ရေနံကျပ် ၊ လမ်းရွာ ၊ ချောက် ၊ ရေနံချောင်း စသည့် ၄ - ဌာနတို့မှ ၂ဝဝ၀ ကျော်မျှ
ရှိသေးသော သပိတ်မှောက် အလုပ်သမား စာရေးစာချီတို့သည် မိမိတို့၏
သပိတ်မှောက် အရေးတော်ပုံ ကိစ္စကြီး အပြီးအပြတ်ဆောင်ရွက် ဆုံးခန်းတိုင်
ရောက်ကြရန်အလို့ငှာ ၊ ရန်ကုန် သို့ အားလုံး တစ်ယောက် မကျန် ခြေလျင်ချီတက် သွားရောက်ဆောင်ရွက် တောင်းဆိုကြရန် အများသဘောတူ စိတ်အားထက်သန်စွာ စည်းဝေးဆုံးဖြတ်ကြသော အလုပ်သမားပေါင်းစုံ အစည်းအဝေးကြီးကို ပရိသတ် ၂ဝဝဝ ကျော် တက်ရောက်ကြောင်း ။
အစည်းအဝေး နာယက အဖြစ် သပိတ်မှောက် အလုပ်သမား ၊ တွင်ခုံစက် လက်သမားဆရာကြီး သခင်သက် က ဆောင်ရွက်၍ အကျိုးအဆောင်အဖြစ် သပိတ်မှောက်စာရေး သခင်လွင် က ဆောင်ရွက်ပြီးလျှင် ဘီအိုစီမော်တော်ကား ဆိုင်ရာ
သပိတ်မှောက် စာရေးကြီး သခင်ဘိုးလှကြီး နှင့် သခင်ဘတင် တို့က အောက်ပါ ဆုံးဖြတ်ချက် ၂ ရပ်တို့ကို အကျယ်တဝင့် ဟောပြောထောက်ခံကြကြောင်း ။
သပိတ်ကိစ္စအမြန်ပေး စေ့စပ်ရန် အဆို အမှတ် ( ၁ )
ရေနံမြေ အလုပ်သမားတို့သည် မိမိတို့၏ နစ်နာချက်အရပ်ရပ်တို့ကို
ဗမာပြည်အစိုးရသို့ ပေးပို့တင်သွင်းထားခဲ့သော်လည်း ယနေ့အထိ ထိုကိစ္စကို ပြီးပြတ်အေးငြိမ်းရန် ဆောင်ရွက်စေ့စပ်ခဲ့ခြင်း မရှိသည့်ပြင် သပိတ်မှောက်
အလုပ်သမားခေါင်းဆောင်များ နှင့် သပိတ်တားအမျိုးသမီးများအား အပြစ်ဒဏ်ပေးခြင်း အလုပ်တို့ကိုသာ တွေ့ကြုံခဲ့ရပေသည် ။ ထိုကဲ့သို့ ပြုမူချက်တို့ကို ကြည့်ရှုခြင်းအားဖြင့် ဗမာပြည်အစိုးရတို့သည် ဓနရှင်တို့၏ အလိုကျ
တစ်ဖက်သတ် ပြုမူဆောင်ရွက် သယ်ပိုးလာခဲ့ကြောင်း ထင်ရှားလှသဖြင့်
( က ) ရေနံမြေ အလုပ်သမားတို့အပေါ်တွင် နှစ်ပေါင်း ၅ဝ ခန့်က ကောက်ခံလာခဲ့သော အခွန်တော်ငွေများကို ပြန်ပေးရန် ၊
( ခ ) ရေနံမြေသပိတ်မှောက်
ကိစ္စကြီးကို အမြန်ဆုံး ပြီးပြတ်အောင် စေ့စပ်ဆောင်ရွက်ပေးရန် ဤ အစည်းအဝေးကြီးက ဗမာပြည်အစိုးရသို့ လေးနက်စွာ တိုက်တွန်းတောင်းဆို ထားကြောင်း ။
ရန်ကုန် သို့ ချီတက်ရန် အဆို အမှတ် ( ၂ )
( က ) အဆိုပါ ဆုံးဖြတ်ချက် အမှတ် - ၁ ကို ဗမာပြည်အစိုးရထံသို့ သပိတ်မှောက်စာရင်းဝင် အလုပ်သမားစာရေးများပါ ညီညာဖြဖြ စုရုံး၍ ရန်ကုန် သို့
ခြေလျင်ချီတက် တင်သွင်းတောင်းဆိုကြရန် ၊
( ခ ) ထိုကဲ့သို့ ချီတက်သွားရောက် တောင်းဆိုကြရာတွင် ပါဝင်သောသပိတ်မှောက် အလုပ်သမား
တို့သည် ၁၂၉ဝ ခု ပြာသိုလဆန်း ၈ ရက်နေ့ကစ၍ ယနေ့ထိ တရားသဖြင့်
အေးချမ်းငြိမ်သက်စွာ ဆောင်ရွက်လာကြသကဲ့သို့ ရောက်လေရာ ဌာနတိုင်းနှင့် သပိတ်ကိစ္စ ပြီးသည့်တိုင်အောင် တရားဥပဒေအရ အေးချမ်းသာယာစွာ ရွက်ဆောင်သွားကြရန် ဤ သပိတ်အလုပ်သမားပေါင်းစုံအစည်းအဝေးကြီးက လေးနက်စွာ တိုက်တွန်းကြောင်း ။
အဆိုပါဆုံး ဖြတ်ချက် များကို အတည်ပြုပြီးနောက် ရေနံကျပ် နှင့် လမ်းရွာ မှ
သပိတ် - ၄ဝဝ ခန့် တို့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ ညတွင် လှေများဖြင့်
ချောက် မြို့ သို့ အရောက် စုန်ဆင်းလာကြ၍ ၃ဝ ရက်နေ့ နံနက် ၆ နာရီ အချိန်ကစ၍ ချောက်သပိတ် - ၅ဝဝ ကျော်တို့နှင့် စုပေါင်း စတင်ထွက်ပြီးနောက် လမ်းခရီးရှိ ဂွေးချို တွင် နံနက်စာ စားကြပြီး ရေနံချောင်း သို့ ၎င်းနေ့ည အရောက်သွားကာ ရေနံချောင်း မှ လိုက်ပါလာမည့် သပိတ်များနှင့် အတူ မကွေး ၊
တောင်တွင်းကြီး ပြည်လမ်း အတိုင်း ရန်ကုန်သို့ သွားကြမည့် အစီအစဉ်တို့ကို
ပြောဟော ရုပ်သိမ်းလိုက်ကြောင်း ။
လိုက်ပါမည့်သူတိုင်း ယူဆောင်ရမည့် ပစ္စည်းတို့မှာ လွယ်အိတ် ၊ အဝတ်အစား အပို တစ်စုံ ၊ စောင် တစ်ထည် ၊ ရေဘူး တစ်လုံးစီ ဖြစ်၍ အစားအသောက် များအတွက် ရောက်ရာ မြို့တိုင်းတွင် အလှူခံ တရားဟော ချက်ပြုတ်
စားသောက်သွားကြမည် ဖြစ်ကြောင်း ။ ။
“ ရေနံမြေအလုပ်သမားသပိတ်ကြီး ရန်ကုန်သို့ချီတက်လာပြီ ” ဟူသော သတင်းသည် တစ်တိုင်းပြည်လုံးကို တုန်လှုပ်သွားစေလေသည် ။
ရေနံမြေသပိတ်မှောက်အလုပ်သမားတို့ ၏ ထိုအလုပ် မှာ လျှပ်စစ်ပင်မ မီးခလုပ်ကို ဖွင့်လိုက်သည်နှင့် တူပေ၏ ။ တစ်ပြည်လုံးတွင် အရေးတော်ပုံ သွေး ၊ တော်လှန်ရေး စိတ်ဓာတ် မီးပွင့်များ
လင်းထိန်သွားစေပေသည် ။ သာယာဝတီခရိုင် ဖားရွှေကျော်ရွာ တွင် ဆရာစံ တို့ လူစု ပစ်ဖောက်လိုက်သော သေနတ်သံထက်ပင် ပို၍ နယ်ချဲ့သမားတို့အား ချောက်ချားသွားစေလေ၏ ။
ကျွန်တော်တို့သည် ထိုသတင်းကို မျက်တောင် မခတ် အယား မဖျောက်ဘဲ စိုက်၍ နားထောင်ကြ၏ ။ ချီတက်လာသော အလုပ်သမား သပိတ်တပ်ကြီးကို ဉာဏ်မျက်စိဖြင့် ပြေးကြိုကြည့်ကြလေ၏ ။ ကမာရွတ်အလုပ်သမားကြားမှာ လည်းကောင်း ၊ လက်ဖက်ရည်ဆိုင်မှာ လည်းကောင်း ၊
တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အသင်းတိုက် မှာသော် လည်းကောင်း ၊ စာသင်ခန်းမှာ လည်းကောင်း ၊ အင်းလျားကန်စောင်းမှာလည်းကောင်း ၊ ဘတ်စ်ကားပေါ်မှာ လည်းကောင်း ဤသတင်းကို
ပြောဆိုနေကြပေ၏ ။
“ တစ်နေ့လျှင် ၁၅ မိုင် ချီတက် မည် ”
သတင်းစာများတွင် ခြောက်လိုင်း စာလုံးမဲကြီးများဖြင့် ပါလာသည် ။
( ချောက် မြို့ ကျွန်ုပ်တို့ သတင်းထောက်ထံမှ )
“ စည်တော်သံလား ၊ မိုးသံလားဟေ့ ၊ စည်သံပဲ ၊ မိုးသံပဲဟေ့ ၊ အောင်ဘာလေ
သပြေညိုဆိုတဲ့ ပန်းရယ်နှင့် ရေချမ်းကိုလောင်း ... ” ဟု သီဆို၍ တီးမှုတ်လိုက်သော စည်တော်သံသည် တစ်မြို့လုံး သိမ့်သိမ့်တုန်အောင် မြည်ဟည်းလျက် ထွက်လာသည့်အချိန်တွင် လမ်းပေါ်နှင့် ထွက်ကြည့်သောလူထုကြီးမှာ
ကြိတ်ကြိတ်တိုး နေတော့ကြောင်း ”
စသည်ဖြင့် သတင်းထောက် များက စီကာပတ်ကုံးရေးသား ဖော်ပြကြသည် ။
“ ချီတက်ကြသော သပိတ်အလုပ်သမားများအား မြင်ရသော ပရိသတ်လူထုကြီးမှာ သနားခြင်း ပြင်းပြလှသဖြင့် မျိုးချစ် ပုဂ္ဂိုလ်ကြီးများ ၊ အမျိုးသမီးများ ၊
တက်လူငယ် တစ်စုတို့မှာ သည်းထန်စွာငိုကြွေးလျက် ဘီအိုစီ ဓနရှင်ကုမ္ပဏီကိုလည်းကောင်း ၊ ညွန့်ပေါင်းအစိုးရတို့ကိုလည်းကောင်း အမျိုးမျိုး
အပြစ်တင်စကား ပြောဆိုကြသည်ကို တွေ့ရကြောင်း ။ မြို့သစ်အရောက်
လိုက်ပို့ကြသော လူထုကြီးမှာ ၄ဝဝဝ - ကျော်ကျော်ခန့် ရှိကြောင်း ။ x x x x
တစ်နေ့လျှင် အများဆုံး ၁၅ မိုင် လမ်းလျှောက်ရန် စီစဉ်ထားကြောင်း ။ အဆိုပါ
ခြေလျင်အဖွဲ့ကြီးမှာ ကျန်းမာရေး အဖွဲ့ ၊ ချက်ပြုတ်ရေး အဖွဲ့ ၊ ထောက်ပံ့ရေး အဖွဲ့ ၊ အုပ်ချုပ်ရေး အဖွဲ့ဟု အသီးသီး ပါရှိကြောင်း ။ကျန်းမာရေး အဖွဲ့မှာ
မြန်မာဆေး ၊ အင်္ဂလိပ်ဆေးသေတ္တာများ ထမ်းလျက် လိုက်ပါကြောင်း ၊
ချက်ပြုက်ရေး အဖွဲ့မှာ စားသောက်ရန် အဆင်သင့်ဖြစ်စေရန် ဆန်ဆီ ငွေကြေးမှစ၍ စုဆောင်းရန်ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့မှာ အလံနီ အလံစိမ်းကလေးများနှင့် ခရာတစ်ခုစီ ယူဆောင်လျက် သွားရန် ၊ ရပ်ရန် အချက်ပေး၍ စောင့်
ရှောက်လျက် လိုက်ပါကြောင်း ။ x x x x ခရိးစဉ်များမှာ ကားလမ်းအတိုင်း
ဖြစ်၍ ချောက် မှ ရေနံချောင်း ၊ ၎င်းမှ မကွေးမြို့ ၊ ၎င်းမှ တောင်တွင်းကြီးမြို့ ၊
၎င်းမှ အောင်လံမြို့ ၊ ၎င်းမှ ပြည်မြို့ ၊ ၎င်းမှ ရန်ကုန်မြို့သို့ ရောက်သွားရန်
စီစဉ်ကြောင်း ။
“ ဘီအိုစီ ကုမ္ပဏီ လေးဘားဗိုလ် နှင့် ရေနံဝန် တို့မှာ အရေးတကြီး သွားလာနေသည်ကို မြင်ရကြောင်း ပုလိပ်အဖွဲ့ စုံထောက်ဘက် မှ ၁ရ မိုင် ဂွေးချို သို့
အရောက်လိုက်ပါ၍ ဂွေးချို သို့ ရေနံချောင်းပုလိပ်အဖွဲ့မှ လာရောက်လိမ့်မည်ဟု ကြားသိရကြောင်း ။ ထောင်ထွက်သပိတ်တား အမျိုးသမီးများလည်း
သပြေပန်း ကိုယ်စီ ကိုင်လျက် လိုက်ပို့ကြသေးကြောင်း ။ တို့ဗမာ အလုပ်သမား
အစည်းအရုံးကြီးမှာ ခြောက်ကပ်ကပ်ဖြစ်နေတော့ကြောင်း ။ အစည်းအရုံးကြီး၌
အတွင်းရေးမှူး နှင့်အလုပ်အမှုဆောင် သခင်မောင်ကြီး သာ ကျန်ရစ်ခဲ့တော့ကြောင်း ။ ဘီအိုစီ လခထုတ် ခန့်မှန်းခြေ အင်္ဂလိပ်လဆန်း ၇ ရက် နေ့လောက်
တွင် အလုပ်သမားများ အလှူငွေကောက်ခံပြီးလျှင် သခင်မောင်ကြီးပါ
လိုက်ပါသွားလိမ့်မည် ဖြစ်ကြောင်း ” ။
ထိုကဲ့သို့ ချီတက်လာသော သပိတ်တပ်ကြီးကို ကြိုဆိုကူညီကြရန် အောက်ပါအတိုင်း မေတ္တာရပ်ခံ
ထားသည်ကိုလည်း တွေ့ကြရပေ၏ ။
သပိတ်တပ်ကြီး၏ မေတ္တာရပ်ခံစာ
ရေနံမြေ ရေနံချောင်း မှစ၍ မကွေး ၊ တောင်တွင်းကြီး ၊ အာလံ ၊ ပြည်လမ်းတလျှောက် ရန်ကုန် အထိ မြို့နယ်အသီးသီးရှိ ဂိုဏ်းဂဏပါတီ မရွေး အသင်းအပင်း မြို့မိမြို့ဘ ၊ မျိုးချစ်တိုင်းချစ် ၊ ဆင်းရဲသားချစ် ရဟန်းရှင်လူ နယ်သူ
နယ်သား အပေါင်းတို့အား တင်ကြိုနိုးဆော် မေတ္တာရပ်ခံလိုက်ပါသည် ။
အဆွေတော်တို့၏ ဆွေချင်းသားချင်း ဆင်းရဲသား အလုပ်သမားများ ဖြစ်ကြကုန်သော ရေနံကျပ် ၊ လမ်းရွာ ၊ ချောက် ၊ ရေနံချောင်း စသည့် ၄ - ဌာနတို့မှ
သပိတ်မှောက်အလုပ်သမား ၁ဝဝဝ - ကျော်ခန့်တို့သည် ပြည်ပိုင်အစိုးရ
ဓနရှင်ကုမ္ပဏီကြီးတို့က ( ၁၁ ) လ ကျော်တိုင် လျစ်လျူရှု တင်းမာထားမှုတို့
ကြောင့် ယခုအခါ အိမ်တန်းလျားများမှ အနှင်ထုတ်ခံကြရခြင်း ၊ အနှောင့်အယှက် ဆင်းရဲဒုက္ခ ကြီးစွာခံရပြီး ငတ်ပြတ်ကုန်ကြရခြင်း ၊ ဘေးဒဏ်
အရပ်ရပ်တို့ကို မခံမရပ်နိုင်ကြသည့် အားလျော်စွာ အဆွေတို့၏ နယ်ပယ်မြို့ရွာ လမ်းခရီးစဉ်အတိုင်း ရန်ကုန်သို့ အရောက် ခြေလျင်လျှောက်ကြမည့်
ရေနံသပိတ်တပ်မကြီးမှာ ၃ဝ - ၁၁ - ၃၈ နေ့က စတင်ထွက်ခွာ ချီတက်လာကြပါပြီ ။
သို့ပါ၍ အဆိုပါခရီးစဉ်အတိုင်း အဆွေတို့ မြို့နယ်ပယ်သို့ သပိတ်များ ဆိုက်ရောက်လာသောအခါ ခေတ္တ အမောဖြေ တည်းခိုရန် ၊ ဆွေရိပ် မျိုးရိပ် ၊
ငွေအား ဆွေအား ၊ နံနက်စာ ညစာစသည့် အကူအညီအထောက်အပံ့ ကုသိုလ်
ဒါနထူးတို့ကို စေတနာစိတ်အား ထက်သန်စွာ ကူညီဝိုင်းဝန်းကြပါမည့်
အကြောင်း လေးနက်စွာ တင်ကြိုမေတ္တာရပ်ခံလိုက်ကြရပါသည် ။
အရေးတော်ပုံအောင်ပါစေ ...
သခင်ဘိုးလှ
အုပ်ထိန်း စောင့်ရှောက်ရေးမှူး
ခြေလျင်ချီတက်ရေး တာဝန်ခံအဖွဲ့ ။
အဆိုပါ ရေနံမြေသပိတ်တပ်အား ဝိုင်းဝန်းကူညီရန် မေတ္တာရပ်ခံချက်ကို အရပ်ရပ်မှ လက်ခံကြလေသည် ။ ရောက်လေရာအရပ်မှာ သပိတ်တပ်ကြီးသည် တည်းနေစရာ အကူအညီ ၊ စားနပ်ရိက္ခာ
အကူအညီများ ရလေသည် ။
ရေနံမြေသပိတ်တပ်ကြီး ချီတက်လာပြီဟု သိကြသောအခါ ဝေါ ၊ သနပ်ပင် ၊ ဖြူး ၊ သထုံ ၊
သာယာဝတီ စသောအရပ်များမှ တောင်သူလယ်သမားတို့ကလည်း သူတို့တောင်သူလယ်သမားများ တောင်းဆိုချက် များအတွက် အရေးဆိုရန်နှင့်တောင်သူလယ်သမား ညီလာခံကြီးကျင်းပရန်
ရန်ကုန်မြို့သို့ ချီတက်လာရန် ဆုံးဖြတ်ကြလေသည် ။ သတင်းစာများတွင်တောင်သူလယ်သမား
၂ဝဝဝဝ - ကျော်တို့သည် ဒီဇင်ဘာ ၁၉ ရက်နေ့၌ ရန်ကုန်မြို့သို့ ရောက်ကြမည်ဟု ပါလာလေသည် ။
ကျွန်တော်တို့သည် ရေနံမြေသပိတ်တပ်ကြီး နှင့် တောင်သူလယ်သမားတပ်ကြီးများ ရန်ကုန်သို့
ရောက်လာမည့် အချိန်ကို စိတ်အားထက်သန်စွာ ကြိုဆိုနေကြလေ၏ ။ ၎င်းတို့ ရောက် မည့်နေ့တွင်
သူတို့အား ထောက်ခံသွေးစည်းသောအားဖြင့် ကျောင်းသား ၃ဝဝဝ - ထက် မနည်း ရန်ကုန်မြို့တွင်
လှည့်လည်ဆန္ဒပြကြရန် ပြင်ဆင်ကြလေသည် ။
ထိုစဉ်က နယ်ချဲ့သမားတို့လည်း အလုပ်သမား ၊ လယ်သမား နှင့် ကျောင်းသား တို့၏ အုံကြွလှုပ်ရှားမှုကြီးကို ချိုးနှိမ်ဖိနှိပ်ရန် အမျိုးမျိုး စီစဉ်လျက် ရှိလေသည် ။ ဝေါ ၊ သနပ်ပင် ၊ သထုံ ၊
သာယာဝတီ စသောမြို့နယ်များတွင် အရေးပိုင် ၊ မြို့ပိုင် ၊ ပုလိပ်အရာရှိ စသည်တို့သည် နယ်လှည့်ကာ ကျေးရွာသူကြီးများအား တောင်သူလယ်သမား တို့အကြောင်း စစ်ဆေးမေးမြန်းကြသည် ။
တောင်သူလယ်သမားတို့သည် မည်သည့်အဖွဲ့အစည်း ၊ အသင်းအပင်းများတွင် ပါသနည်းဟု
စုံစမ်းစစ်ဆေးကြသည် ။
ရန်ကုန်မြို့သို့ ချီတက်နေသော ရေနံမြေအလုပ်သမား သပိတ်တပ်ကြီး ပြိုကွဲရပ်စဲအောင်လည်း
နယ်ချဲ့သမားတို့က နည်းအမျိုးမျိုး သုံးကြသည် ။ မကွေးမြို့ အရေးပိုင်သည် အောက်ပါ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လေသည် ။
ညွန့်ပေါင်းအစိုးရ၏ ကြော်ငြာ
မိမိတို့ အပေါ်၌ နစ်နာသောအချက်တို့ကို ဖော်ပြပြောဆိုရန်အကြံနှင့် ရန်ကုန်မြို့အထိ ခြေလျင်ချီတက် သွားရောက်ရန် ရည်ရွယ်၍ ရေနံမြေ အရပ်များမှ
အလုပ်လက် မဲ့ လူပေါင်း ၈ဝဝ - ခန့်တို့သည် မကွေးမြို့သို့ ၁၉၃၈ ခုနှစ် ၊
ဒီဇင်ဘာ ၄ ရက် နေ့တွင် ခြေလျင်ခရီးဖြင့် ဆိုက်ရောက်လာကြကြောင်း ။
ရန်ကုန်မြို့၏ အခြေအနေမှာလည်း ယခုအခါ လှုပ်ရှားလျက် ရှိသေးသည်ဖြစ်၍ ရန်ကုန် စီရင်စုနယ် ရာဇဝတ်တရားသူကြီးက အစည်းအဝေးများ မပြုလုပ်ရန် တားမြစ်သည့်အမိန့် ထုတ်ဆင့်လျက်ပင် ရှိသေးသည် ။ အလုပ်
လက် မဲ့ ခြေလျင်အဖွဲ့ဝင်တို့သည်လည်း ရန်ကုန်သို့ ရောက်အောင်သွား၍ ပြန်လာနိုင်ရန် စရိတ်ငွေကြေးအခြေအနေ လုံလောက်ထင်ရှားစွာ မရှိသည်လည်း
တစ်ရပ် ၊ မိမိတို့၏ ခေါင်းဆောင်များကလည်း မိမိတို့ ငြိမ်ဝပ်ပိပြားစွာ
ရှေ့သို့ ဆက်လက်၍ ခြေလျင်ချီတက်သွားနိုင်ရန် ကိစ္စအတွက် မကွေး
စီရင်စုနယ် ရာဇဝတ်တရားသူကြီးက တောင်းဆိုထားသည့် အနည်းငယ်မျှသော အာမခံငွေကလေးကိုပင် မတင်နိုင် ရှိနေကြသည်ကလည်း တစ်ကြောင်း ၊
မကွေးမြို့၏ တောင်ဘက်ကျရောက်သော ကျေးရွာများမှာလည်း ဆင်းရဲနွမ်းပါး၍ ဤနယ်အတွင်း ဖြတ်သန်းသွားရမည့် လူပေါင်း ၈ဝဝ - ခန့် တို့ကို
ကျွေးဖို့ မဆိုထားဘိ ၊ ကျေးရွာသားများမှာ မိမိတို့ အတွက်ပင်လျှင် အနို်င်နိုင်
စားသောက်နေကြရပေသည် ။ အထက်ပါ အကြောင်းများကြောင့် မကွေးမြို့၏
တောင်ဘက်သို့ ကျော်လွန် မသွားကြစေရန် မကွေးနယ်ပိုင် ရာဇဝတ် တရားသူကြီးကလည်း ၎င်းခြေလျင်တပ်ဖွဲ့ဝင် အပေါင်းတို့အားလည်း ဆင့်ဆိုတားမြစ်ထားပေ၏ ။ ၎င်းတားမြစ်သောအမိန့်ကို ၁၉၃၈ ခုနှစ် ၊ ဒီဇင်ဘာ ၆ ရက်
နေ့က ထုတ်ဆင့်သော်လည်း ခြေလျင်တပ်ဖွဲ့မှာ မကွေးမြို့၌ပင် ရှိနေသေးသည် ဖြစ်ကြောင်း ။
အထက်ဖော်ပြပါ အကြောင်းများကို စဉ်းစားဆင်ခြင်လျှင် ၎င်းခြေလျင်တပ်ဖွဲ့ဝင်သူတို့မှာ ရှေ့အဖို့ မည်သို့ ပြုလုပ်သင့်ပါသနည်းဟု တွေးကြည့်ကြလျှင်
မိမိတို့ အိမ်များကိုသာလျှင် ပြန်လည်သွားရောက်သင့်သော လမ်းတစ်ခုသာလျှင် ရှိကြောင်း ။ ထိုခြေလျင်တပ် အဖွဲ့ဝင်သူတို့မှာလည်း ဘာမျှ အပြစ်မရှိဘဲ
လူရိုးလူဖြောင့် များစွာပါလျက် ၊ ထိုသူတို့မှာ မိမိတို့အိမ်သို့ ပြန်သွားလိုကြသော်လည်း မသွားရန် ဆူပူနှောင့်ယှက်လိုသည့် သူများက ပြန်မသွားရန်သာ သွေးဆောင်ထားသည်ဖြစ်ကြောင်း ။ ထိုသို့ ဆူပူနှောင့်ယှက်သူများမှာလည်း ခြေလျင်တပ်အဖွဲ့သားတို့၏ အကျိုးများကိုသာ စစ်စစ်ဆောင်ရွက်လိုသည့် စိတ်ဆန္ဒသဘောမျိုးဖြင့် ပြုလုပ်သည်မဟုတ်ဘဲ မိမိတို့၏ ကိုယ်ကျိုး သက်သက်ကိုသာ အဓိကထား၍ ဆူပူနှောင့်ယှက်ရန် ကြိုးစားခြင်း
မျှသာဖြစ်ကြောင်း ။
နယ်ရှင်အရာရှိတို့ကလည်း ခြေလျင်တပ်အဖွဲ့၏ နစ်နာချက်များကို အစိုးရထံသို့ လျှောက်ထားခြင်း မပြုစေရန် တားမြစ်လိုသောဆန္ဒ အလျှင်း မရှိကြောင်း ၊ မိမိတို့၏ နစ်နာချက် များကို မကွေးမြို့ရှိ ခရိုင်ဝန်ထံသို့ဖြစ်စေ ၊
အရေးပိုင်ထံသို့ဖြစ်စေ သေချာကျနစွာ လျှောက်လွှာဖြင့် လျှောက်ထားလျှင်
လည်း လိုရင်းကိစ္စ ပြီးမြောက်ဖွယ်ရာ ရှိကြောင်း ။သို့တည်းမဟုတ် မိမိတို့
အထဲမှ ကိုယ်စားလှယ်များရွေးချယ်၍ ရန်ကုန်မြို့သို့ စေလွှတ်လိုလျှင်လည်း
စေလွှတ်နိုင်သည်ဖြစ်ကြောင်း ။
အက်ဖ် - အိပ်ချ် - စီ - မူလာ့ဝပ်
အရေးပိုင် ၊ မကွေးမြို့ ။
မစ္စတာမူလာဝပ် ၏ ကြေညာချက် မှာ ဖိနှိပ်မှုစက်ယန္တရား ခွေးသွားစိတ် လှည့်လည်ကောင်းအောင်
ဆီဆွတ်ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု ကျွန်တော်တို့ နားလည်လိုက်ကြပေသည် ။ မှန်ပေသည် ။
ကျွန်တော်တို့ တွေးထင်သည့်အတိုင်း မြန်မာ့အလင်းသတင်းစာတွင် အောက်ပါအတိုင်း တွေ့ရလေတော့သည် ။
ဗမာသတ္တိ
“ x x x x လူနှစ်ယောက်တစ်တွဲ စီတန်းကာ မြို့ထဲသို့ ချီတက်လာရာ
လူတန်းကြီးမှာ မိုင်ဝက်ကျော်ကျော်မျှပင် ရှည်လျားကြောင်း ။ ရှေ့ဆုံးနှင့်
နောက်ဆုံးမှ သုံးရောက်ခြယ်အလံကြီးများကိုလည်း အားပါးတရ တလွင့်လွင့်
ရှိကြသည်မှာ တအားတက်ဖွယ် ကောင်းလှတော့ကြောင်း ။ x x x x
မကွေးမြို့မ ပုလိပ်အဖွဲ့မှ အင်စပိတ်တော် ရာဇဝတ်အုပ် ၊ ပုလိပ်များက အထူးစောင့်ကြပ်လိုက်ပါလာကြသည့်ပြင် ခြေလျင်တပ်ကြီး၏ နောက် မှကပ်လျက်
ပုလိပ်သား ၂ဝ ခန့်တို့သည် ၈ ပေခန့်ရှည်သော တုတ်ကြီးကိုယ်စီနှင့် စိုးရိမ်ကြီးစွာ လိုက်ပါလာကြကြောင်း ။ ဤမျှ အံ့မခန်းသော လူထုကြီးသည်
စည်းနှင့်ကမ်းနှင့်သိပ်သိပ်သည်းသည်း ညီညီညာညာ ချီတက်လာသည်ကို
တစ်ခါမှ မမြင်ဖူးခဲ့သည့်အတိုင်း မကွေးမြို့ အိမ်တိုင်းမှ ထွက်ကြည့်ကြကာ
များစွာ အံ့အားသင့်နေကြကြောင်း ။ x x x x နေ့လယ်တစ်နာရီထိုးမှ
ပန်းကန်ပြားကိုယ်စီနှင့် ထမင်း ၊ ငါးပိကြော် ခုံညင်းခန့် ဝေစုယူကြပြီးလျှင်
မြစ်ကမ်းပါး နေကျဲကျဲတွင် ထိုင်၍စားကြရကြောင်း ။ x x x x ̶က̶̶ု̶̶လ̶̶ာ̶̶း̶များသည် ပဲဟင်းတစ်ခွက်နှင့် ဟင်းရည်များများဆမ်းကာ အားရပါးရ စားကြကြောင်း ။ ၎င်းတို့လူစု တစ်ဝက်ခန့် ထမင်းစားနေစဉ် မြစ်ကမ်းပါးသို့
ရာဇဝတ်ဝန်ကြီး၏ မော်တော်ကားနှင့် အာရ်စီ ၁၄ဝဝ ဘတ်စ်ကားတွင် ပုလိပ်
အပြည့် ဆိုက်ရောက်လာကြောင်း ၊ ၎င်းနောက် သပိတ်ကြီးကို အုပ်ချုပ်ကာ
လိုက်ပါလာသော ခေါင်းဆောင် သခင်ဘိုးလှကြီး ၊ သခင်ဗဒင် ၊ သခင်ဗမောင် ၊
သခင်ခင် ၊ သခင်ဖေကြီး တို့နှင့်တကွ ၎င်းတို့၏ ဆရာတော်များဖြစ်သော
ဆရာတော် ဦးဝါယမ ၊ ဦးဇောတိက ၊ ဦးကန္ဒရ ၊ သျှင်နန္ဒ တို့ကို ဝရမ်းနှင့်
ဖမ်းဆီးလိုက်ကြောင်း ။ x x x x ထမင်းစားနေကြသော သပိတ်သမားများလည်း ကြားလျှင်ကြားချင်း ထမင်းမစားနိုင်ကြတော့ကြောင်း ။ “ တို့ခေါင်းဆောင်ကြီးများကို မတရား ဖမ်းဆီးကြတယ် ။ တို့ခရီးကို လမ်းတဝက် မှ
နှောင့်ယှက်တယ် ။ တို့ခေါင်းဆောင်များ မလွှတ်သရွှေ့ တို့ခရီးဆက် မသွား ။
တို့ထမင်းမစား ။ အသေခံမယ် ။ တို့ထမင်းမစားလို့ သေရင် အစိုးရတာဝန် ”
ဟု ဆိုကာဗမာ̶က̶̶ု̶̶လ̶̶ာ̶̶း̶အားလုံးပင် တညီတညာတည်း အစာငတ်ခံကြကြောင်း ။
ယင်းသို့သော သတင်းများကို ဖတ်ကြရသော ကျွန်တော်တို့သည် ရေနံမြေဓနရှင်များကို ပို၍ပို၍
မုန်းတီးစိတ်နာလာကြသည် ။ ရေနံမြေဓနရှင်အကျိုးကို အစွမ်းကုန်ကာကွယ်လျက်ရှိသော မကွေး
အရေးပိုင် မစ္စတာမူလာဝပ် ကို ဒေါသဖြစ်ကြသည် ။ ရေနံမြေဓနရှင်နှင့် ဗျူရိုကရက် များအား
ဗမာမျက်နှာဖုံးစွပ်ပေးနေသော ဒေါက်တာဘမော် ၏ ညွန့်ပေါင်းအစိုးရ ကို အော့နှလုံးနာလာကြသည် ။
ကမာရွတ် က ကျွန်တော့်မိတ်ဆွေကြီး ကိုကြွယ် ကား “ ထွီ ” ခနဲ တံထွေးထွေးထုတ်လိုက်ပြီးနောက်
ပစ်ပစ်ခါခါ ဒေါက်တာဘမော် အစိုးရ ကို ဆဲလိုက်သည် ။
ကမာရွတ်ရှိ ကိုကြွယ် တို့လို သာမန်အရပ်သူအရပ်သားများ ၊ စက်ရုံအလုပ်သမားများ နှင့် သခင်
များသည် ရေနံမြေဓနရှင် နှင့် အစိုးရအာဏာပိုင် တို့၏ ရေနံမြေအလုပ်သမား တို့အား မတရား
ဖိနှိပ်ကျင့်ကြံနေခြင်းကို ကန့်ကွက်သောအားဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ရန် စိတ်အားထက်သန်နေကြလေသည် ။
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားများမှာ ရေနံမြေသပိတ်တပ်ကြီးအတွက် တစ်ခုခုတော့
လုပ်မှ ဖြစ်မည်ဟူသော အယူအဆဖြင့် ရိုးတိုးရွတ ဖြစ်နေစဉ် ရေနံချောင်းမြို့မှာ ကျောင်းသားသပိတ် တစ်ခုကလည်း ပေါ်နေပြန်သဖြင့် မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်နေတော့၏ ။
ထိုအချိန်က ထူးခြားချက်တစ်ရပ်မှာ ကျွန်တော်တို့ ကျောင်းသားများကဲ့သို့ အလုပ်သမား
လယ်သမား တို့၏ တောင်းဆိုချက် များကို ကိုယ်ကျိုးနှင့်ထပ်တူမြင်၍ လယ်သမား ၊ အလုပ်သမား
အရေးတွင် သက်ဝင်ယုံကြည်စွာ ပါဝင်ဆောင်ရွက်ကြသူများအနက် ကျောင်းဆရာများ ပါဝင်နေခြင်း ဖြစ်ပေသည် ။ ယင်းကျောင်းဆရာများမှာလည်း များသောအားဖြင့် နေရှင်နယ် ကျောင်းဆရာများ နှင့် မြန်မာကျောင်းဆရာများ ဖြစ်လေသည် ။
ယင်းသို့သော ကျောင်းဆရာအချို့နှင့် ကိုဘဟိန်း ၊ ကိုဗဆွေ ၊ ကိုထွန်းရှိန် စသော ကျောင်းသား
ခေါင်းဆောင်များသည် မကြာခဏ တွေ့ဆုံဆွေးနွေးတတ်ကြလေသည် ။ ကျောင်းသားတို့၏
အရေးသက်သက်တွင် လည်းကောင်း ၊ ကျောင်းသားများ စည်းရုံးရေးအတွက်သော် လည်းကောင်း
ထိုဆရာများသည် အကြံဉာဏ်နှင့် အခြားအကူအညီအမျိုးမျိုးကို ပေးလေ့ရှိကြသည် ။ ကျောင်းသား
လှုပ်ရှားစည်းရုံးရေးလုပ်ငန်းများ မြန်မာကျောင်းသားများသို့ ပျံ့နှံ့လာခြင်းတွင် ထိုဆရာတို့၏
ပယောဂ များစွာပါသည်ဟု ဆိုနိုင်၏ ။
မကွေး တွင် ရေနံမြေသပိတ်တပ်ကြီးကို အစိုးရက တားဆီးထားပြီဟူသော သတင်း ရန်ကုန်သို့
ရောက်လာပြီး နောက်တစ်နေ့တွင် ကျောင်းသားခေါင်းဆောင်အချို့နှင့် ယင်းသို့သော ဆရာအချို့သည် ရေကျော်လမ်းမကြီးပေါ်ရှိ ဆရာကြီးဦးရွှေဖေ ၏ အိမ်တွင် တွေ့ဆုံရန် ချိန်းထားလေသည် ။
ကိုဘဟိန်း က ထိုအစည်းအဝေးသို့ ကျွန်တော်ပါ သွားတက်ရန် ညွှန်ကြားလေသည် ။ သူ နှင့်
ကိုဘဆွေ မှာ မတက်နိုင်ကြချေ ။ သူတို့မှာ ခရီးထွက်စရာရှိသည်ဟု သိရပေ၏ ။ တတ်နိုင်လျှင်
သမဂ္ဂဒုတိယဥက္ကဌ ကိုလှရွှေ ၊ အတွင်းရေးမှူး ကိုအေးကျော် ၊ ငွေထိန်း ကိုစိုးမောင် ၊ ကိုထွန်းရှိန်
စသူတို့ တက်ကြမည်ဖြစ်လေသည် ။ ကျွန်တော်ကား ချိန်းထားသောနေရာသို့ ကြိုတင်သွားရန်
ဖြစ်လေသည် ။
အချိန်ကား ၆ နာရီ ခွဲ ။
နေ့တာ တိုလာသော ဆောင်းတွင်းဖြစ်သဖြင့် ညဘက်သို့ လုံးလုံးကူးခဲ့လေပြီ ။ မြူမင်းလွင် ဝေ့
သလောက်ရှိသော နှင်းဖွဲဖွဲသည် ပြည့်ခါနီးနေသော လရောင်တွင် ဖြူဖွေးစွာဆိုင်းလျက် ရှိပေ၏ ။
ကျွန်တော်သည် ကရိလမ်း ( ဗိုလ်မြတ်ထွန်းလမ်း ) နှင့် မောင်ဂိုမာရီလမ်း ( ဗိုလ်ချုပ်အောင်ဆန်းလမ်း ) ထောင့်မှနေ၍ ရေကျော် ထဲသို့ ဝင်ရန် ဟန်ပြင်နေပြီးမှ ညစာ မစားခဲ့ရသေးသည်ကို သတိရပြီး ပလက်ဖောင်းပေါ်ရှိ လက်သုပ်ဆိုင် တစ်ဆိုင်သို့ ဝင်လိုက်လေ၏ ။ လက်သုပ်ဆိုင်ကား စည်ကားလှပေ၏ ။ အင်္ဂလိပ်ကပြား ကျားမတစ်တွဲသည်ပင် လက်သုပ်စားနေလေသည် ။ လက်ဆွဲဓာတ်မီးကလည်း အခြားဆိုင်က ဓာတ်မီးများထက် လင်းနေပေသည် ။ လက် မလည်နိုင်အောင်
လက်သုပ်ထည့်နေရသော အဒေါ်ကြီးကား ဓာတ်မီးရောင်အောက်တွင် အသားနက်ကျောက်မနှင့်
အရုပ်ဆိုးမှုကို ထင်ရှားစွာပြနေသလို ဝင်းလက်နေသော နားကပ်ရောင်နှင့် လက်ကောက်ရောင်တို့ဖြင့် စီးပွားဖြစ်မှုကိုလည်း အထင်အရှားပြသနေပေသည် ။
ကျွန်တော့်အတွက် လက်သုပ်တစ်ပွဲ မှာပြီး စောင့်နေစဉ် ဘေးက ထိုင်နေသူများကို သတိထား
ကြည့်လိုက် မိပေသည် ။ ရန်ကုန်ပုလိပ်အဖွဲ့ဝင် ပုလိပ်သား ( ဝါ ) ရဲသားနှစ်ဦး ကိုလည်း တွေ့ရ၏ ။
သူတို့ ဘာတွေပြောနေပါလိမ့် ဟု နားစွင့်လိုက်မိသည် ။ သူတို့သည် ရေနံမြေမှ ချီတက်လာမည့်
သပိတ်တပ်ကြီးအကြောင်း နှင့် မကွေးအရေးပိုင်က ပိတ်ပင်ထားသည့် အကြောင်းကိုသာ ပြောဆိုနေ
ကြသဖြင့် ကျွန်တော့်မှာ များစွာ စိတ်ထိခိုက်သွားပါသည် ။
ကျွန်တော်ကား လက်သုပ်စုံကို စားရင်း ရေနံမြေသပိတ်တပ်ကြီးမှ ရိုက်ခတ်လိုက်သော တော်လှန်ရေး လှိုင်းဂယက်၏ အရှိန်အာနိသင်ကြီးပုံကို တွေးနေမိသည် ။ ထိုလှိုင်းဂယက်သည် ပုလိပ်လို
နိုင်ငံရေးအောက်ကျနောက်ကျ နိုင်လှသော လူစုကိုပင် ပုတ်ခတ်လှုပ်ရှားနိုင်လေပြီတကား ။
လက်သုပ်စုံမှာ ထူးထူးခြားခြား အရသာ ရှိလှပေသည် ။ ချိုနွေးသော ဟင်းချိုရေကျဲသည်
လက်သုပ်စုံကို ဆောင့်၍ဆောင့်၍ သွင်းလိုက်သကဲ့သို့ ဖြစ်ပေ၏ ။ ဆာကလည်း ဆာ ၊ စားလို့
ကလည်း ကောင်းသည် နှင့် တစ်ပန်းကန်ပြီး တစ်ပန်းကန် ဆက်စားလိုက်ရာ ပိုက်ဆံလည်း မရှိ ၊
အချိန်လည်း မရှိတော့ပြီ ။
ရေကျော်လမ်းမကြီးပေါ်တွင် လမ်းလျှောက်၍ ကောင်းသော အချိန်ဖြစ်သည် ။ ကားအကူးအဖြတ် မရှိသလောက် ၊ လန်ချားစီးသူလည်း မရှိသလောက် ဖြစ်ပေသည် ။ လရောင်ဖွေးဖွေးသည်လည်း ပတ်ဝန်းကျင် တစ်ခုလုံးကို ပက်ဖျန်းနေရာ လမ်းမပေါ်တွင်ပင် အရောင်ဟပ်နေပေ၏ ။
ရေကျော်ဈေး ကျော်၍ သုံးလေးမိနစ်မျှ လျှောက်လိုက်သောအခါ ဆရာဦးရွှေဖေ ၏ အိမ်ကို တွေ့ရလေသည် ။ ဦးရွှေဖေ ၏ အိမ်ကား နှစ်ထပ်အိမ်ကြီး ဖြစ်၏ ။ ဦးရွှေဖေ သည် ကျောင်းဆရာတစ်ဦး ဖြစ်လေသည် ။ သို့ရာတွင် ကျောင်းဆရာလခဖြင့် လောက်ငဟန် မရှိ ။ ဆရာကတော်သည် မြန်မာဗိန္ဓော
ဆေးဆိုင်တစ်ဆိုင် အိမ်အောက်ထပ်မှာ ဖွင့်ထားလေသည် ။
ကျွန်တော်သည် အောက်ထပ်တံခါးပေါက်ဝတွင် ရပ်လျက် အတွင်းသို့ ကြည့်လိုက်သည် ။ မှန်ဗီရိုကြီးများတွင် ဆေးပုလင်းများ ၊ ဆေးထုပ်များ ခင်ကျင်းထားသည်ကို မြင်ရ၏ ။ နံရံများတွင်
ပြက္ခဒိန်များ ၊ သွေးဆေးကြော်ငြာကားချပ်များအပြင် စာလုံးကြီးကြီးများဖြင့် ' ရန်ကိုရန်ချင်း မတုံ့
လျင်းနှင့် ' ' တန်ဆေး လွန်ဘေး ' ' ရိုးရိုးကျင့် မြင့်မြင့်ကြံ ' စသည်ဖြင့် ပုံနှိပ်ထားသော စာတန်းများကို တွေ့နိုင်သည် ။ တိုင်နှစ်တိုင်တွင် အင်္ဂလိပ်စစ်ဗိုလ်များအလေးပြုနေသည်ကို ခံယူနေသော
မဟာဗန္ဓုလ ၏ ပုံနှင့် သခင်ကိုယ်တော်မှိုင်း ၏ ပုံကို ချိတ်ဆွဲထားလေသည် ။
ရုတ်တရက်သော် လူမရှိဟု ထင်မိလိုက်၏ ။ သို့သော် အသေအချာကြည့်လိုက်သောအခါ ကွပ်ပျစ်တစ်ခုပေါ်တွင် ကျွန်တော့်ဘက် ကျောပေးလျက် မဟာဗန္ဓုလပုံ ချိတ်ဆွဲထားသော တိုင်ကိုမှီကာ
ခြေဆင်းထိုင်၍ စာဖတ်နေသော သူငယ်မကလေး တစ်ယောက်ကို မြင်ရလေသည် ။
သူငယ်မသည် စာအုပ်တွင် များစွာစိတ်ဝင်စားနေလေရာ ကျွန်တော့် ခြေသံကို ကြားမိဟန် မရှိပေ ။
ကျွန်တော်က “ အဟမ်း ” အသံပေးပြီး မေးလိုက်သည် ။
“ ဆရာဖေ ရှိပါသလား ”
သည်တော့မှ သူငယ်မသည် မှီနေသောတိုင်မှ ကျောကိုခွာကာ ဆင်းထားသောခြေကို မရုပ်သေးဘဲ
ကျွန်တော့်ဘက်သို့ ကိုယ်တစောင်း လှည့်ကြည့်လိုက်သည် ။ သူငယ်မ၏ ကိုယ်လုံးနှင့်ဟန်ပန်မှာ
သေးသွယ်နုနယ်လှသည် ။ သျှောင်ထုံးဆံတောက်နှင့် ဖြစ်ရာ မြန်မာဆန်လှသည် ။ သူငယ်မကို
ယင်းသို့ မြင်မြင်ချင်း ကနုတ်ပန်းခက်ကလေးနှင့် နှိုင်းကြည့်လိုက် မိသည် ။ သူငယ်မသည်
ကျွန်တော့်ကို အတန်ကြာစိုက်ကြည့်နေပြီးနောက် မတ်တပ်ရပ်လိုက်သည် ။ အရပ်မှာ ခပ်ရှည်ရှည်
ခပ်နွဲ့နွဲ့ ။ သူငယ်မ၏ အသားဝါဝါနှင့် ဟန်ဇားပင်နီနုအင်္ကျီကလေးမှာ ပနံရလှပေ၏ ။ သူငယ်မ
သည် လက်ထဲကစာအုပ်ကို လက်ညှိုးညှပ်ကာ ပိတ်လိုက်သည် ။ လယ်တီပဏ္ဍိတဦးမောင်ကြီး
ရေးသားသော တပင်ရွှေထီး ဝတ္ထုကြီး ဖြစ်ပေ၏ ။
“ ဆရာဖေ ရှိပါသလား ”
ကျွန်တော်က ထပ်မေးလိုက်တော့မှ -
“ ဘယ်ကပါလဲရှင် ”
သွားကလေး အနည်းငယ် ခေါသည် ။ သို့သော် အရုပ်ဆိုးသွားအောင် မခေါ ၊ ဖြူဖွေးလှပ ညီညာသော သွားများဖြစ်ခြင်းကို ပြလို့ကောင်းရုံသာ ခေါ၏ ။
“ တက္ကသိုလ် ကျောင်းကပါ ၊ ဆွေးနွေးပွဲ ချိန်းထားလို့ ”
“ ဪ ဪ ဖေဖေ အပေါ်ထပ်မှာ ရှိပါတယ်ရှင် ၊ တက်သွားပါ ။ ဆရာကိုထွန်းရွှေ တို့လည်း ရောက်နေပါပြီ ”
အပေါ်ထပ်သို့ အိမ်တွင်းလှေကားဖြင့်ပင် တက်သွားရလေသည် ။ ဆရာဖေ ၏ သမီးကလေးကား
ဤသို့ လမ်းညွှန်ပေးပြီးနောက် ကွပ်ပျစ်ပေါ် ခြေဆင်းထိုင်၍ တိုင်ကို ကျောမှီကာ စာဖတ်နေရစ်လေသည် ။ သူငယ်မသည် အသက်အားဖြင့် ၁၅ နှစ် တစ်ဝိုက်လောက်တွင် ရှိပေလိမ့်ဦးမည် ။
အပေါ် ရောက်လျှင် ရောက်ချင်း ဆရာကိုထွန်းရွှေ က ဆီးခေါ်၏ ။ ကိုထွန်းရွှေ အား ကျွန်တော်သည်
နဂါးနီ စာအုပ်တိုက် မှာ ပထမဦးဆုံး တွေ့ဖူးပြီးနောက် ကောင်းစွာ ရင်းနှီးနေလေပြီ ။
ဆရာဖေ ကိုကား ယခုတစ်ကြိမ်သာ တွေ့ဖူးသည် ။ ဆရာဖေ မှာ အသားဖြူဖြူ ပိန်ပိန်ပါးပါး
နှုတ်ခမ်းမွေး ရေးရေးနှင့် ဖြစ်သည် ။ အသက်မှာ ၅ဝ ဘက်သို့ နီးနေပြီဟု ထင်ရသည် ။
ကျွန်တော် ရောက်ရောက်ချင်း ဆရာဖေ က နောက်ဖေးဆောင်သို့ လှမ်း၍ -
“ မညွန့်ရေ ၊ ကော်ဖီတစ်ခွက် ယူခဲ့ပါဟေ့ ” ဟု ပြောလိုက်၏ ။
ကိုထွန်းရွှေ က ထားဝယ်သံဝဲဝဲဖြင့် ကျွန်တော့်အား -
“ နောက်ထပ် ဘာကြားသေးသလဲ ” ဟု မေးလိုက်သည် ။
“ သတင်းစာတွေထဲမှာ ပါတာတွေအပြင် ဘာမှ ထပ်မကြားရသေးပါဘူး ။ ဆရာတို့ ပုဇွန်တောင်
မြူနီစပယ်ကျောင်းသားတွေ သမဂ္ဂဖွဲ့ပြီးပြီ မဟုတ်လား ဆရာ ”
ကိုထွန်းရွှေ က ပြုံးလိုက်ပြီး -
“ ဘယ်နောက်ကျလိမ့်မလဲ ”
ထိုအတွင်း အဒေါ်ကြီးတစ်ယောက် ကော်ဖီယူ၍ ထွက်လာလေသည် ။ ဝဝထောင်ထောင်မောင်းမောင်း ဖြစ်သည် ။ အသားမှာ ခပ်ညိုညို ဖြစ်၏ ။ ဆရာကတော် ဒေါ်ညွန့် ပင် ဖြစ်ဟန်ရှိ၏ ။
ကျွန်တော့်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ပြီး ကိုထွန်းရွှေ ဘက်သို့ -
“ ဒီသူငယ် အဒေါ် မမြင်ဖူးပါပဲကလား ”
ကိုထွန်းရွှေ က -
“ ကိုတင်ထွန်း တဲ့ ဒေါ်ဒေါ် ၊ ကောလိပ်ကျောင်းသားသခင်ပေါ့ ”
ဒေါ်ညွန့် က ပြုံးလိုက်သည် ။ သဘောကောင်းသော မိခင်တို့၏ အပြုံးမျိုး ။
“ ဟဲ ဟဲ ဒါဖြင့် မင်း ကျင့်သား မရသေးဘူးပေါ့ ”
ကျွန်တော်ကား စပ်ဖြဲဖြဲ လုပ်နေသော်လည်း ဒေါ်ဒေါ်ညွန့် ၏ ဆိုလိုချက်ကို အဓိပ္ပာယ်ကို မပေါက်သေးကြောင်း ဒေါ်ဒေါ်ညွန့် ရိပ်မိဟန် တူသည် ။ ထို့ကြောင့် ဆက်ရှင်းသည် ။
“ သခင် ဖြစ်စဆိုတော့ ည ထမင်းငတ်ဖို့တို့ ၊ ခြေလျင် လျှောက်ဖို့တို့ ကျင့်သား မရသေးဘူး မဟုတ်လား ”
ဆရာဖေက ဝင်၍ -
“ ညစာကော စားခဲ့ပြီလား ”
“ ခုနကပဲ ဆိုင်မှာ ဝယ်စားခဲ့တယ် ဆရာ ”
ဒေါ်ဒေါ်ညွန့် က ပြုံးလိုက်ပြန်သည် ။ သားသမီးကို အလိုလိုက်သော မိခင်၏ အပြုံးမျိုးပင် ဖြစ်သည် ။ ဤအပြုံးကို ကျွန်တော် မမေ့နိုင် ။ ၎င်းအပြင် ဒေါ်ဒေါ်ညွန့် ၏ သွားများမှာ အောက်တွင်
တွေ့မြင်ခဲ့သော သူ့သမီး၏ သွားများနှင့် ဆင်သည်ကို သတိပြုမိလိုက်၏ ။
“ ဘာလို့ ဆိုင်ဝယ်စားသလဲကွဲ့ ၊ နောက် မှတ်ထား ၊ အဒေါ်တို့ အိမ်မှာ အမြဲ ထမင်းဟင်း ကျန်တတ်တယ် ၊ ဟဲ ဟဲ ဟဲ ”
ကိုထွန်းရွှေ နှင့် ကျွန်တော်တို့လည်း ရောရယ်နေရတော့၏ ။
ကိုလှရွှေ ရောက်လာလေသည် ။ ကိုလှရွှေ ၏ မှောင်နေသောအသားမှာ ချွေးစို့နေသဖြင့် မီးရောင်တွင် သပိတ်ရောင်ထနေ၏ ။ မျက် မှန်ထူကြီးကလည်း တဖျပ်ဖျပ်တောက်နေသည် ။ ဒေါ်ဒေါ်ညွန့်
သည် နောက်ဖေးခန်းဝင်သွားပြီး ကော်ဖီတစ်ပန်းကန် ယူလာပြန်လေသည် ။
ဆရာချစ် ရောက်လာပြန်သည် ။ ဆရာချစ် နှင့် ကိုလှရွှေ မှာ ရုပ်ချင်းခပ်ဆင်ဆင် ဖြစ်သည် ။
ဆရာချစ် က ကိုလှရွှေ လောက်တော့ မမည်းပေ ။ သူတို့နှစ်ယောက်စလုံးတွင် ဩဇာရှိ၍
မြည်ဟိန်းသော အသံများ ရှိကြ၏ ။ သို့သော် ကိုလှရွှေ ၏အသံက ပိုကြီးလေသည် ။
ဒေါ်ဒေါ်ညွန့် ကား လူသစ်ရောက်တိုင်း နောက်ဖေးခန်းဝင်၍ ကော်ဖီယူလာခဲ့သည် ။
“ ကဲ ကဲ ကော်ဖီတွေ အေးကုန်လိမ့်မယ် ၊ သောက်လိုက်ကြဦး ”
ထိုသို့ ဒေါ်ဒေါ်ညွန့် ကပြောစဉ် ကိုလှရွှေ သည် ကော်ဖီပန်းကန်ကို ကိုင်ထားပြီးဖြစ်သည် ။ သူသည်
ပန်းကန်ကို ချထားလိုက်ပြီး -
“ မသောက်တော့ဘူး ဒေါ်ဒေါ် ” ဟု ခပ်တည်တည် ပြောလိုက်၏ ။
ထိုအခါ အားလုံးပင် မျက်နှာမကောင်း ဖြစ်သွားကြ၏ ။ ဒေါ်ဒေါ်ညွန့် ကားပျာပျာသလဲ အားပါးတနာပင် ဖြစ်သွားသည် ။
“ ဟင် ဘာဖြစ်လို့လဲ ”
“ အသားမည်းသွားမှာစိုးလို့ ဟား ဟား ဟား ”
ကိုလှရွှေ ၏ ရယ်သံကား အားရပါးရ ရှိလှ၏ ။ သည့်ပြင်လူတွေလည်း ဝိုင်းရယ်ကြသည် ။
ဆရာ ကိုထွန်းရွှေ က -
“ ကျွန်တော်က ရေနွေးကတူးလို့ မသောက်တော့ဘူးများ ပြောမလားလို့ ”
ယင်းသို့ ရယ်ရယ်မောမော စကားပြောကြပြီးနောက် ကိုလှရွှေ က ကိုအေးကျော် ၊ ကိုစိုးမောင် စသော
အခြားကျောင်းသားခေါင်းဆောင်များ လာနိုင်မည်မဟုတ်ကြောင်း ပြောပြသည် ။ ကိုချစ် က ဆရာဦးရွှေဖြူ ၊ ဆရာလှ စသူတို့လည်း လာနိုင်ကြမည် မဟုတ်ကြောင်း ပြောပြသည် ။ ၎င်းနောက်
ဆွေးနွေးပွဲ စကြ၏ ။ ရေနံမြေသပိတ်တပ်ကြီးကို ပိတ်ပင်တားဆီးထားသည့်အကြောင်း ၊ ဝေါ ၊
သာယာဝတီ တို့တွင် လယ်သမားများ အင်အားစုနေသည်ကို ညွန့်ပေါင်းအစိုးရက လိုက်လံခြိမ်းခြောက်နေသည့်အကြောင်း ၊ ကျောင်းသား ၊ ကျောင်းဆရာမှစ၍ မြို့ပေါ်မှလူအများသည် အလုပ်သမားနှင့် လယ်သမားတို့၏ တောင်းဆိုချက် များကို ထောက်ခံနေကြသည့် အကြောင်းများကို
ပြောဆိုကြသည် ။
ကိုလှရွှေ က -
“ ရေနံမြေ သပိတ်တပ်ကြီးကို တားဆီးထားတာကတော့ အလုပ်သမားတွေ ၊ လယ်သမားတွေ ၊
ကျောင်းသားတွေ ရန်ကုန်မှာ စုဝေးပြီး တပ်ပေါင်းစုကြီး ဖြစ်မလာအောင် ဦးချီုးလိုက်တာပဲ ။
ဒါကြောင့် ဒီကိစ္စကို လက်ပိုက်ကြည့်နေလို့တော့ မဖြစ်ဘူး ။ ရေနံမြေ သပိတ်တပ်ကြီး ရှေ့ဆက်
လာနိုင်အောင် ဘယ်နည်းနဲ့မဆို လုပ်ကြမယ်လို့ ဆုံးဖြတ်ထားတယ် ”
ဆရာဖေ က “ ကောင်းတယ် ၊ ရန်ကုန်ကို မရောက်ရောက်အောင် ခေါ်ရမယ် ” ဟု ထောက်ခံလေသည် ။
ဒေါ်ဒေါ်ညွန့် က ပြုံးလိုက်ပြန်သည် ။
“ အင်း ရွှေတိဂုံမှာ မင်းလေးပါး ဆုံမယ်ဆိုတဲ့ကိန်း ဆိုက်ပြီ ထင်ပါရဲ့ ။ အလုပ်သမားရယ် ၊ လယ်သမားရယ် ၊ ကျောင်းသားရယ် ၊ တို့အမျိုးသမီးတွေလည်း မင်းတစ်ပါးပေါ့ကွယ် ”
အားလုံး ပြုံးနေကြသည် ။ ကိုထွန်းရွှေ သာ မပြုံးဘဲ သဲသဲမဲမဲ တွေးနေသည် ။ အတန်ကြာလျှင် သူက
ကိုလှရွှေ ဘက်သို့ -
“ ကဲ ဘယ်လို ရှေ့ဆက်လာနိုင်အောင် လုပ်လိုကြသတုံး ”
“ ဒါကတော့ ဆွေးနွေးကြတုန်းဘဲ ၊ ဒီက လက်ရွေးစင်တွေ မကွေးလွှတ် ၊ ခေါင်းဆောင်တွေ
အဖမ်းခံရလို့ ခေါင်းဆောင်မဲ့ ဖြစ်နေတဲ့ အလုပ်သမားတွေကို အဲဒီလိုဗိုလ်တွေက တစ်ဗိုလ်ကျ
တစ်ဗိုလ်တက် စနစ်နဲ့ ခေါင်းဆောင်ပြီး တားဆီးတဲ့အမိန့်ကို ဖီဆန်ပြီး အတင်း ဆက်ချီတက်လာရုံပဲ ”
၎င်းနောက် ရန်ကုန်သို့ အလုပ်သမား ၊ လယ်သမား တပ်ကြီးများ ရောက်လာလျှင် ကျွေးမွေးဧည့်ခံရေးများကို စဉ်းစားကြလေသည် ။ ဘဏ္ဍငွေရှာဖွေရေး ဆွေးနွေးကြသည် ။
ကျွန်တော်က အပေါ်အင်္ကျီအိတ်ထဲမှာ စာအိတ်ကလေးနှင့် ထည့်ထားသော ရေနံမြေသပိတ် ရန်ပုံငွေ
ဓာတ်ပုံ ရင်ထိုးကလေးတစ်ခုကို ထုတ်ယူပြီး -
“ ဟောဒီ ဓာတ်ပုံ ရင်ထိုးကလေးတွေ ရောင်းပြီး ရန်ပုံငွေစုတာလည်း ကောင်းတာပဲ ၊ ကျွန်တော်
တစ်နေ့က ၂၅ ခု ယူသွားပြီး ရောင်းတာ ခု ၂ ခုပဲ ကျန်တော့တယ် ”
ဆရာဖေ က ဓာတ်ပုံကို ယူကြည့်ရင်း -
“ အင်း ကောင်းသားပဲ ၊ အဓိပ္ပာယ်လည်း စုံတယ် ။ ရေနံမြေရော ၊ မီးတုတ်ရော ၊ တူတံစဉ်ရော
ကျားကျားလျားလျား ဗမာကြီးရော ။ ဘယ်လောက်နဲ့ ရောင်းသလဲ မောင် ”
ကျွန်တော် မဖြေခင် ကိုလှရွှေ က ဝင်ဖြေလိုက်သည် ။
“ ဟဲ ဟဲ သူများကိုတော့ ငါးမူးနဲ့ ရောင်းတယ် ။ ဆရာ လိုချင်ရင်တော့ တစ်ကျပ်ပဲ ပေးတာပေါ့ ”
ဆရာဖေ က ကျွန်တော့်ဆီ လက်ဖြန့်လှမ်းရင်း -
“ တစ်ကျပ် လိုချင်ရင် နှစ်ပုံ စလုံးပေး ”
ကျွန်တော်သည် ဓာတ်ပုံနှစ်ပုံစလုံးကို ဆရာဖေ အား ပေးလိုက်လေသည် ။
ဦးရွှေဖေ က ဆရာကတော် အား -
“ မညွန့်ရေ ငွေတစ်ကျပ် ပေးပါကွာ ”
ဒေါ်ဒေါ်ညွန့် သည် အိတ်ထဲစမ်းရင်း လှေကားဝသို့ လျှောက်သွားသည် ။ အောက်သို့ ငုံ့လျက်
“ သစ်သစ် ရေ ဟေ့ မခင်သစ် ၊ ငွေတစ်ကျပ် ယူခဲ့ပါကွယ် ”
သို့ကလို လှမ်းတောင်းပြီးနောက် သူ့ခင်ပွန်းထံလာ၍ ရင်ထိုးဓာတ်ပုံတစ်ခုကို ယူကြည့်နေပြန်လေသည် ။ ကိုလှရွှေ ၊ ကိုထွန်းရွှေ နှင့် ဆရာချစ် တို့ကား အခြားကိစ္စများကို ပြောဆိုနေကြ၏ ။
သစ်သစ် သို့မဟုတ် မခင်သစ် ။ သေးသွယ်နုနယ်သည့် သူငယ်မကလေးသည် တက်လာပြီး သူ့
အမေအား ငွေတစ်ကျပ်ကို ပေးလေသည် ။ ဒေါ်ဒေါ်ညွန့် က ထိုငွေတစ်ကျပ်ကို ကျွန်တော့်အား
ပေးအပ်၏ ။ ဆရာဖေ က ရင်ထိုးဓာတ်ပုံကို သူ့သမီးအား လှမ်းပေးပြီး -
“ ရော့ သမီး ရင်ဘတ်မှာ ထိုးထား ၊ တို့က ရေနံမြေသပိတ်တပ်ရဲ့ ဘက်တော်သားတွေဆိုတဲ့ အထိမ်းအမှတ် ပေါ့ကွယ် ”
မခင်သစ် သည် ဓာတ်ပုံကို စေ့စေ့စပ်စပ် ကြည့်နေ၏ ။ နဖူးအနည်းငယ် မောက်နေသည်ဟု ထင်ရသည် ။ သို့သော် မဟာနဖူး ဆန်သည် ။ မျက်လုံးမျက်ဖန် ကောင်းသည် ။ နှုတ်ခမ်းများမှာ မဆိုးပဲနှင့် နီနေပြီး မစေ့တစေ့ဖြင့် ပြုံးတုံးတုံးနေကြသည် ။ အလှကြီး လှသည်ဟု မဆိုနိုင်သော်လည်း
ကျက်သရေရှိသော မျက်နှာပါပေ ။ ချိုသာသော မျက်နှာပါပေ ။
မခင်သစ် သည် ကျွန်တော်တို့ ရှေ့မှာပင် ဓာတ်ပုံရင်ထိုးကို ရင်ဘတ်မှာ ထိုးလိုက်လေသည် ။ ဤတွင်
ကျွန်တော်သည် မမြင့်ဦး နှင့် မခင်သစ် ကွာခြားပုံကို ပြေးမြင်လိုက်မိသည် ။ မမြင့်ဦး ကား ဟန်ဇား
ပင်နီ ဝတ်ရန်ပင် ငြင်းဆန်၏ ။ ပင်နီသည် ထူပြီး မလှမပဟု ဆိုသည် ။ မခင်သစ် ကား ဟန်ဇားပင်နီနုကလေးကို ဝတ်ထားသည် ။ မမြင့်ဦး သည် ငွေ ၈ ပဲတော့ ရန်ပုံငွေ ထည့်သည် ၊ ရင်ထိုးဓာတ်ပုံကို
ကား ရင်ဘတ်ထိုးဖို့ နေနေသာသာ လက် မခံလိုက်ပေ ။ ရင်ထိုးဓာတ်ပုံက ထိုးချင်ဆင်ချင်စဖွယ်
ဖြစ်အောင် မလှဟု ဆိုခဲ့ပေသည် ။ မခင်သစ် ကား ထိုဓာတ်ပုံရင်ထိုးကို ရင်ဘတ်မှာ အမြတ်တနိုး
တပ်ဆင်ထားလေပြီ ။ “ တို့က ရေနံမြေသပိတ်တပ်ရဲ့ဘက်တော်သားတွေဆိုတဲ့ အထိမ်းအမှတ်ပေါ့ကွယ် ” ဆိုသော သူ့အဖေ စကားကို ကောင်းစွာ မှတ်သားနာယူလိုက်ဟန်ရှိပေ၏ ။
ထိုအခိုက် ကိုလှရွှေ သည် သည်းထန်စွာ သမ်းလိုက်လေသည် ။
“ အင်း ၊ ပြန်ကြဦးမှပဲ ။ မနေ့ညက မအိပ်ရဘူး ။ ရဲဘော်တင်ထွန်း ကော လိုက် မယ်မဟုတ်လား ”
“ ကျွန်တော်က မြို့ထဲမှာ အိပ်လိုက် မလားလို့ ”
“ ဘာပြုလို့လဲ ၊ ပြန်စရာ စရိတ် မရှိလို့လား ။ လာပါ ထ ၊ ဟဲ ဟဲ လူတစ်ကိုယ် ဖောင်တိန်တစ်ချောင်းစီတော့ ပါသေးတာပဲ ၊ ဖောင်တိန်ပြပြီး ဘတ်စ်ကားကြွေးထားလို့ မရရင် အပေါင်ဆိုင် ပို့ရုံရှိတာပေါ့ ”
ကျွန်တော်လည်း ထလိုက်သည် ။ ဒေါ်ဒေါ်ညွန့် က စိုးရိမ်သောအမူအရာဖြင့် ကျွန်တော်တို့နှစ်ယောက်အား ကြည့်ပြီး -
“ ပြန်စရိတ် ပါကြရဲ့လား ၊ ယူသွားလေ ၊ သစ်သစ်ရေ ငွေတစ်ကျပ် သွားယူပါဦးကွယ် ”
ကျွန်တော် ဘာမျှမပြောဘဲ စပ်ဖြဲဖြဲလုပ်နေသည်ကို ကိုလှရွှေက ရယ်ပြီး -
“ မလိုပါဘူး ဒေါ်ဒေါ် ၊ ပါပါတယ် ဖောင်တိန်ပေါင်ဖို့ မလိုပါဘူး ”
မခင်သစ် ကား အောက်ဆင်း ပိုက်ဆံယူမည်လုပ်ပြီးမှ သူ့အမေနား လာရပ်နေပြန်၏
။
ကျွန်တော် နှင့် ကိုလှရွှေ တို့သည် ဆင်းလာကြသည် ။ ကိုလှရွှေ ကား ကျွန်တော့်ပုခုံးကို လက်တစ်ဖက်နှင့် ဖက်ကိုင်လျက် ။
အောက်သို့ ရောက်သောအခါ ကိုလှရွှေ က ကျွန်တော့်နားထဲသို့ တိုးတိုးကပ်၍ -
“ အတည်ပေါက် မေးနေတာ ပိုက်ဆံပါရဲ့လား ”
“ ခုနင်က ရန်ပုံငွေ တစ်ကျပ်အပြင် နှစ်ပြားပဲ ပါတော့တယ် ။ ရန်ပုံငွေကတော့ သုံးလို့ မဖြစ်ဘူးထင်တယ် ”
ကိုလှရွှေ သည် ရယ်လိုက်သည် ။
“ ကိုယ်ကလည်း မောင်မင်းကြီးသား အားကိုးနဲ့ ပါပါတယ် ပြောတာ ။ ရှိသမျှပိုက်ဆံ မန္တလေး
ကြေးနန်းရိုက်လိုက်ရတာနဲ့ ကုန်ရော ။ ကဲ ကဲ မဖြစ်သေးဘူး ၊ ရှေ့မျက်နှာနောက်ထားပြီး သွားတောင်းဦးမှ ”
ကိုလှရွှေ သည် အိမ်ပေါ်သို့ ပြန်တက်သွားလေသည် ။
အိမ်ပေါ်မှ တဟားဟား ရယ်သံကြားရ၏ ။ အတန်ကြာသော် မခင်သစ် အောက်ဆင်းလာသည် ။
ဆေးဗီရိုတွင်းရှိ ဘူးကလေးတစ်လုံးအတွင်းမှ ငွေတစ်ကျပ်ယူပြီး တက်သွားပြန်လေသည် ။
မခင်သစ် သည် အဆင်းတွင် လည်းကောင်း အတက်တွင် လည်းကောင်း ကျွန်တော့်အား ပြုံးစေ့စေ့
နှင့် ကြည့်သွားပေသည် ။ ကျွန်တော်တို့၏ အဖြစ်ကို ပြုံးခြင်း ဖြစ်ပေလိမ့်မည် ။ နောက် ကိုလှရွှေ
သည် ဝုန်းဒိုင်းနှင့် ပြေးဆင်းလာပြီး “ ကိုင်း လစ်ကြစို့ ၊ နောက်ဆုံး ဘတ်စ်မမီရင် သန်းခေါင်ထိ
စောင့်နေရဦးမယ် ” ဟု ကျွန်တော့်အား တွန်းဆွဲ ခေါ်ယူသွားလေသည် ။
◾သိန်းဖေမြင့်
📖အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment