Monday, September 6, 2021

သည်းထိတ်ရင်ဖို ဇာတ်လမ်းထဲက မင်းသားတစ်ယောက် ( ပထမပိုင်း )


 

❝ သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက မင်းသားတစ်ယောက် ❞ ( ပထမပိုင်း )

သက္ကရာဇ် ၁၂၄၁ ခု ပတ်ဝန်းကျင် ။

အချိန်ကား ညီအစ်ကို မသိတသိ အချိန် ။

နေရာကား ရတနာပုံ မန္တလေးနန်းတော် အနောက်တောင်ပိုင်း မြို့ရိုးတံခါးပေါက် ဖြစ်သည့် အာဠဝီတံခါးခေါ် ကြေးမုံတံခါးဝတွင် ဖြစ်သည် ။

နန်းတွင်းရဲမ က် အချို့သည် မြင်းကိုယ်စီ စီးထားကြပြီး မြို့ရိုးတံခါး အဖွင့်ကို ငံ့လင့် နေကြသည် ။ မြင်းများကို မြို့ရိုးတံခါးပေါက်ဆီသို့ ဦးတည်ထားကြသည် ။ သူတို့အားလုံးမှာ ဓားတွေ ၊ လှံတွေနဲ့ ဘယ်ကိုသွားပြီး ဘာတွေများ လုပ်ကြမှာပါလိမ့် ။ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရန်အတွက် ထွက်လာကြဟန် တူရဲ့ ။

ခေါင်းဆောင်လုပ်သူကလည်း တံခါးဗိုလ်နှင့် တံခါးမှူးတို့အား “ မည်သူလာလာ တံခါး မဖွင့်ပေးနဲ့ ” လို့လည်း မှာကြားနေသည် ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။ လျှို့ဝှက်သည့် အရေးအခင်း ဖြစ်ဟန်တူသည် ။ သူတို့အားလုံး ဣန္ဒြေ မရကြ ။ ပျာလောင်ခတ်နေသည် ။ ကျီးကန်းတောင်းမှောက် ဖြစ်နေလေရဲ့ ။ မိမိတို့လာခဲ့ရာ လမ်းဆီကိုလည်း မကြာမကြာ ကြည့်နေတတ်သည် ။

သည်တော့ သည်ရဲမ က်တွေက ဘယ်သူတွေလဲ ။ ဘာကြောင့်များ နောက်က လိုက်လာမယ့် လူတွေကို တံခါးဖွင့်မပေးဖို့ မှာနေရတာလဲ ။ စိုးရိမ်ကြောင့်ကြမှု ကြီးနေရတာလဲ ။ တစ်စုံတစ်ခုသော အရေးအခင်းကြောင့်သာ ဖြစ်ပေမည် ။ သူတို့၏ မျက်နှာသွင်ပြင်များကလည်း ခက်ထန် ပါဘိ ။ ကြမ်းတမ်းလှ ပါဘိ ။ ကြမ်းကြမ်းတမ်းတမ်း ရမ်းရမ်းကားကား ရှိမည့် သူများပင် ။

သို့သော် ထိုတင်းမာနေသော မျက်နှာအသွင်အပြင်များပေါ်ဝယ် တစ်ခုခုကို စိုးရိမ်နေသည့် အရိပ်အယောင်ကလေးများကိုလည်း တွေ့နေရသေးသည် ။ သည်လောက်တောင် စိုးရိမ်တကြီး ဖြစ်နေရင်တော့ သူတို့ လုပ်ဆောင်မည့် အရေးသည် သေးငယ်သောအမှု ဖြစ်ဟန်မတူ ။ အရှင်ဖြစ်သူက ခိုင်းစေလိုက်သော သည်အရေးကို မပြီးမြောက် မှာလည်း စိုးရိမ်နေကြသည် ။

သည်ရဲမ က် များက တခြားသူများတော့ မဟုတ် ။ မြို့တော်ဝန် ရွှေလှံဗိုလ်၏ ရဲမ က်တော် များပင် ဖြစ်သည် ။ ရွှေလှံတပ်သားများပေါ့ ။

သည် ရွှေလှံတပ်သားများသည် ရောက်စကတည်းက အာဠဝီတံခါးမှူးမှာ ထိတ်ထိတ်ပျာပျာ ရှိလှသည် ။ ဒါကလည်း မဆန်းပါ ။ ဓားထက်သောသူ ၊ နိုင်ငံရေး အရှိန်အဝါ ကြီးမားသောသူ၏ ဝန်ထမ်း လက်ပါးစေများ ဖြစ်နေတာကိုး ။ သည်တော့ သူတို့နဲ့ မကင်းရာ မကင်းကြောင်း ဆက်နွယ် ပတ်သက်နေရတဲ့ သူတွေက ကြောက်ရှာကြပေမပေါ့ ။

သူတို့က သေဆိုသေ ၊ ရှင်ဆိုရှင်ကိုး ။

ကြောက်ပါတယ်ဆိုနေမှ ဖြဲခြောက်တယ်လို့ပဲ ဆိုလေမလား ။

သူတို့ကို ပျာပျာသလဲ မြို့တံခါး ဖွင့်ပေးနေသည့် တံခါးစောင့်ကို တံခါးဖွင့် နှေးကွေးတယ် ဆိုပြီး ရွှေလှံဗိုလ်တပ်သား တစ်ဦးက မြင်းနှင့် တိုက်လိုက်သည် ။ သူတို့ကတော့ ရယ်လို့မောလို့ပေါ့ ။ ခံရတဲ့သူ ခမျာမှာတော့ မြေပြင်ပေါ်မှာ ကျွမ်းထိုးမှောက်ခုံလေ ။ အာဠဝီတံခါး တစ်ဝိုက် မှာ သူတို့၏
ရယ်သံတွေ ဟိန်းဟိန်းထ နေကြလေရဲ့ ။ ပြီးတော့မှ သူတို့ရဲ့ မြင်းတွေကို မြို့ပြင်ဘက်ဆီသို့ ဦးတည်လိုက်သည် ။ ကောင်းလိုက်သည့် မြင်း ၊ မြန်လိုက်သည့် မြင်း ဖောင်းဝတ်ကြီးတွေနဲ့ လှပါ့ ။ ခံ့ပါ့ ။ ဘယ်ကိုများ သွားနေကြပါလိမ့် ။ ဘာများလုပ်ကြမှာပါလိမ့် ။ တရိပ်ရိပ် ပြေးနေသည့် မြင်းတွေမှာ ဦးတည်ရာကတော့ ဒေးဝန်းအရပ် ဆီကိုပဲ ။

မင်းတုန်းမင်းကြီး လက်ထက် သက္ကရာဇ် ၁၂၂၁ ခုနှစ် ၊ ကဆုန်လပြည့်ကျော် အချိန်တွင် မန္တလေးမြို့ရိုး နန်းပန္နက်နှင့်အတူ မြို့ရိုးတံခါး ( ၁၂ ) ရပ်တို့ကို တစ်ပြိုင်နက် ပန္နက် ရိုက်ခဲ့သည် ။ ဤတွင် အာဠဝီတံခါးခေါ် ကြေးမုံတံခါးလည်း ပါဝင်ခဲ့သည် ။ အဆိုပါ တံခါးကြီး ( ၁၂ ) ရပ်မှာ ဗေဒင်ကိန်းခန်းအရ နက္ခတ်ခါးပတ် အချိန်နရီ ရွေးချယ်ပြီး မြို့စား ၊ နယ်စား ၊ မှူးမတ် ၊ ဝန်ကြီးများက နေ့သင့် နံသင့် အရပ်များတွင် ကြီးကြပ်တာဝန်ယူကာ ပန္နက်ရိုက် တည်ထားခဲ့ခြင်း ဖြစ်သည် ။

မြို့ရိုးတံခါး ( ၁၂ ) ရပ် အနက် အရှေ့မျက်နှာ ယခု မြို့ထိပ်တံခါးဟု ခေါ်နေကြသည့် တံခါးကြီးမှာ သူရဇ္ဇဓာတ်တွင် အန္တော ဟူသော မိတ်ဖက်နံအရ မြို့ဦးထိပ်တွင် တည်ရှိသဖြင့် ဦးထိပ်တံခါးဟု ခေါ်ခဲ့သည် ။

မြို့ဦးထိပ်မှ မင်္ဂလာတံခါးကို မကွေးမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူက ကြီးကြပ် တည်ဆောက်ရသည် ။ မန္တလေးမြို့ရိုး၏ တောင်ဘက်မျက်နှာ အလယ်တံခါးကြီးမှာ လောင်းရှည်မြို့စား အတွင်းဝန် မင်းကြီး မဟာစည်သူက ကြီးကြပ်သည် ။ ကောလီဓာတ်တွင် ဂဗ္ဗေဟူသော မိတ်ဖက်ဓာတ်ယူကာ ကျော်မိုးတံခါးဟု ခေါ်ဝေါ်သမုတ်ခဲ့၏ ။ ယခုအခါ မင်္ဂလာတံခါးဟု အမည်တွင်သည် ။ မြို့ရိုးအနောက် မှ အလယ်တံခါးကြီးမှာ မြတောင်မြို့စား သေနတ်ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှကျော်စွာ ကြီးကြပ်သည် ။ ပါပဓာတ်တွင် စရေ ဟူသော မိတ်ဖက်နံသင့်ကို ယူကာ စည်ရှည်တံခါး ဟူ၍ ခေါ်ဝေါ် သမုတ်တော်မူခဲ့သည် ။ ပခန်းကြီးမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှစည်သူက မြောက် မျက်နှာ အလယ်ပေါက် မြို့ရိုးတံခါးကြီးကို ကြီးကြပ်စေသည် ။ အမြိတ္တဓာတ်တွင် ဝံသေဟူသော မိတ်ဖက်ဓာတ် နံသင့်စေ၍ လေးသိန်းတံခါးဟု ခေါ်ဝေါ်စေသည် ။

အရှေ့မြောက်ထောင့် ၊ အရှေ့တောင်ထောင့် ၊ တောင်ဘက် အရှေ့စွန် ၊ တောင်ဘက် အနောက်စွန်နှင့် အနောက်ဘက် တောင်စွန်နှင့် အနောက်ဘက် မြောက်စွန် တံခါးများအပြင် မြောက် မျက်နှာမှ မြောက်ဘက်အစွန်နှင့် မြောက်ဘက် အနောက်တံခါးများကိုလည်း ဓာတ်သင့် နံသင့် အမည်ပေး သမုတ်စေသည် ။

အနောက်ဘက် တောင်စွန် တံခါးကြီးမှာ ဂဗ္ဗေ ဟူသော ဓာတ်ဖက်နံသင့် အက္ခရာကို ယူ၍ လူသေများ ၊ ရာဇဝတ်ကောင်များ မြို့တွင်းမှ ထုတ်ဆောင်ရာ အမင်္ဂလာ တံခါးအဖြစ် မရဏဿတိ ကမ္မဋ္ဌာန်းကို ကြေးမုံပြင်တွင် အာရုံပြု၍ ရှုကြကုန်လော့ ဟူ၍ သတိပေးသည့် အနေဖြင့် ကြေးမုံတံခါး ဟူ၍ ခေါ်စေခဲ့ကြောင်း သိရသည် ။ ယင်း အာဠဝီတံခါး ခေါ် ကြေးမုံတံခါးကို တောင်စွန် သစ်တောဝန် မင်းကျော်မင်းလှစည်သူက ကြီးကြပ်၍ ပန္နက်ရိုက် တည်ခဲ့သည် ။

ကြေးမုံတံခါးကို စောင့်ကြပ်ရသော ဗိုလ်မှူး ၊ တံခါးမှူး ၊ အစောင့်များ စသည်တို့သည် ရဲရင့်ခြင်း ၊ ရက်စက်ခြင်း ၊ ကြမ်းကြုတ်ခြင်း စသည့် လူကြမ်းများကိုသာ ရွေးချယ်ခန့်ထား၏ ။

အရေးကြီးသော တံခါးပေါက် ဖြစ်သည် ။ မကောင်းသည့် အနိဋ္ဌာရုံများနှင့် ရင်ဆိုင်ရလေ့ ရှိသဖြင့် အမြဲတမ်း သတိ ၊ ဝီရိယနှင့် စောင့်ကြပ်ရရှာသည် ။ အရာရာကို သတိထားနေရသဖြင့်လည်း သူတို့၏ လှုပ်ရှားမှုများမှာ သွက်သွက်လက်လက် ရှိလှသည် ။ ချက်ချက်ချာချာ ရှိလှသည် ။ အရိပ်အကင်းလည်း ပါးနပ်ကြသည် ။ မိမိတို့တာဝန် ကျေပွန်မှုကို အလေးပေး၏ ။ တခြား ဘာကိုမှ မစဉ်းစား ။ ထားရာနေ စေရာသွား ဟူသော ထုံးကို နှလုံးမူထားကြသူများ ဖြစ်ပေသည် ။

ရွှေလှံတပ်သားများ ထွက်သွားပြီး မကြာပါ ။

အပြင်းစိုင်းလာသော မြင်းခွာသံများနှင့်အတူ မြင်းစီးရဲမ က် ဆယ်ယောက်တို့မှာ ကြေးမုံ တံခါးဝသို့ ထပ်ရောက်လာပြန်သည် ။ ကြွကြွရွရွ ရှိလှသော မြင်းများ၏ နှာမှုတ်သံများမှာ တရှူးရှူး တရှဲရှဲနှင့် မြည်နေပေသည် ။ အလျင်စလိုနိုင်လှသော သူတို့၏ အမူအရာများကြောင့် မသင်္ကာဖွယ် ကောင်းလှပေသည် ။

ကြေးမုံတံခါးမှူးမှာ ထပ်မံရောက်ရှိလာသော မြင်းစီးရဲမ က်တော်များနှင့် စကားအချေအတင် ပြောလျက်ရှိသည် ။ အကြောက်အကန် ငြင်းကြခုံကြရသည် ။ အခြေအနေက တင်းမာလာခဲ့သည် ။

ရွှေလှံတပ်သားများ၏ မှာကြားထားခဲ့သော အမှာစကားကြောင့် တံခါးမှူးမှာ အခက်ကြုံ နေ၏ ။ မြို့ရိုးတံခါး ဖွင့်ပေးဖို့ရန်အတွက် လက်နှေးနေမိသည် ။ ရွှေလှံဗိုလ်၏ ဓားကိုလည်း ကြောက်ရသေးသည် ။ စကားတစ်ခွန်း မှားသည်နှင့် ခေါင်းနှင့် ခန္ဓာ တစ်ကွဲစီ ဖြစ်ကြရသော သာဓကများလည်း ရှိခဲ့ဖူးသည် မဟုတ်လား ။ သည်တော့ သူ့ခမျာမှာလည်း ကြောက်ရှာပေမပေါ့ ။

‘ မဖွင့်ပေးပါနဲ့ ’ လို့ မှာထားရက်ကယ်နဲ့ မြို့တံခါး ဖွင့်ပေးလိုက်ပါက ရွှေလှံဗိုလ်၏ ဓားက မိမိ၏ ကုပ်ပေါ် ဝဲကျလာပေရော့မည် ။ အာဏာဟူသည်မှာ ပြည်သူ့လက်ထဲမှာ မရှိဘဲ လူတစ်စု၏ လက်ထဲမှာသာ ရှိနေသဖြင့် သူတို့လုပ်သမျှ ခံရပေတော့မည် ။ မိမိတစ်ယောက်တည်း အသက် ဆုံးရှုံးပါက မဆန်း ။ ခုတော့ မိမိနှင့်အတူ အိမ်သူသက်ထား ဇနီးမယားနှင့် သားငယ် ၊ သမီးငယ်ပါ မကျန် တစ်စုလုံး အသက်ဆုံးရှုံးမည့် အဖြစ်မျိုးတော့ လုံးဝ အဖြစ်မခံနိုင် ။ မြို့ရိုးတံခါးကိုတော့ မဖွင့် ရေးချ မဖွင့်ပါ ။ နောက်ဆုံး သူတို့နဲ့ တိုက်ရ တိုက်ရပေါ့ ။

သည် သူ၏အတွေးက မကြာပါ ။

မြင်းစီးရဲမ က် တစ်ဦး ပြောလိုက်သော စကားတစ်ခွန်းကြောင့် သူ့အတွေး ၊ သူ့မာန်များမှာ အဝေးသို့ တိမ်စင်နှယ် လွင့်ပါသွားရတော့သည် ။

“ မောင်မင်းက ကျုပ်တို့ကို အသူမှတ်လို့တုံး … ၊ မြောက်ထားဝယ်ဗိုလ် ရနောင်မြို့စား မင်းသားကြီး ရနောင်မောင်မောင်တုတ်ရဲ့ ရဲမ က်တွေဆိုတာ မသိအံ့လေသလော ”

သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ ။

ခုနက မြို့တော်ဝန် ရွှေလှံဗိုလ်ရဲ့ ရွှေလှံတပ်သားတွေ ။ ဟော … ခု ရွှေနန်းရှင်ဘုရား နဲ့ ထိပ်စုဖုရား တို့မှလွဲရင် ရွှေနန်းတော်တစ်ခုလုံး အကြောက်ရဆုံးဖြစ်တဲ့ ရနောင်မင်းသားကြီးရဲ့ ရဲမ က်တွေတဲ့ ။

ကဲ … ဘယ်လို လုပ်ပါ့မတဲ့တုန်း ။

ခုန ရွှေလှံတပ်သားတွေနဲ့ဆိုရင် အခု ရောက်ရှိလာသည့် သည်လူတွေက ပိုပြီး အရေးပါ အရာရောက်တယ် မဟုတ်လား ။ ပိုပြီးတော့လည်း အန္တရာယ်ပေးနိုင်သည် ။ သည်တော့ ဘာလုပ်မလဲ ။ သူတို့ကို စကားအချေအတင် အငြင်းအခုံ လုပ်နေလို့တော့ မဖြစ် ။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေးမှာ အမှားကလေးတွေများ ရှိထားခဲ့ရင် တောင်းပန်ပါရဲ့ ။ မသိလို့ တားမိတာကို ခွင့်လွှတ်ပါလို့လည်း တဖွဖွ တောင်းပန်နေရှာတော့သည် ။

မဖြစ်သေးဘူး ။ သင်းတို့ သခင်က ရွှေလှံဗိုလ်ထက် ဓားပိုထက်တယ် ။ မဖြစ်ချေဘူး ။ ခပ်မြန်မြန်ဖွင့်ပေးမှပဲလို့ တွေးမိဟန် တူပါရဲ့ ။ မြို့ရိုးတံခါးက ရုတ်ခြည်းပဲ ပွင့်သွားသည် ။ မြို့ရိုးတံခါး ပွင့်သွားသည်နှင့်အတူ ရနောင်မင်းသား၏ ရဲမ က်တွေကလည်း မြင်းကိုယ်စီနှင့် လွှားခနဲ လွှားခနဲ မြို့ပြင်သို့ ထွက်သွားကြတော့သည် ။ သူတို့မြင်းတွေကို ဦးတည် အပြေးနှင်သွားတာကလည်း ဒေးဝန်းအရပ် ဆီကိုပါပဲ ။

တံခါး ( ၁၂ ) ရပ်ထဲမှာ အကြမ်းဆုံး ၊ အရမ်းဆုံး အစောင့်တွေသာ စောင့်ကြပ်ရသည့် အာဠဝီတံခါး ဗိုလ်မှူး တံခါးစောင့်တွေတောင် ဖိမ့်ဖိမ့်တုန် ကြောက်ရသည့် မြို့တော်ဝန် ရွှေလှံဗိုလ် ဦးချိတ် နှင့် ရနောင်မြို့စားကြီး မောင်မောင်တုတ်တို့ဟာ ဘယ်လိုလူစားတွေလဲ ဆိုတာ ကြည့်ကြ ရအောင် ။

မြို့တော်ဝန် ရွှေလှံဗိုလ် ဦးချိတ် ဆိုသူက နှယ်နှယ်ရရ မဟုတ် ။ မန္တလေး ရတနာပုံ မြို့တော်ဝန်မင်း တိုင်တားမင်းကြီး ဦးဖိုး ရဲ့ လက်သုံးတော် တပည့်ရင်း ။ သတ္တိကလည်း မခေ ။ သတ်ရမလား ၊ ဖြတ်ရမလား ရရှိထားသည့် အာဏာ အရှိန်အဝါကလည်း မနည်းမို့ တော်ရုံတန်ရုံ မှူးမတ်များက သူ့ကို မယှဉ်ရဲ ။ မပြိုင်ရဲ ။ စကားကို တင်းတင်း မဆိုရဲ ။

တဏှာရာဂ ကလည်း ကြီးသေးရဲ့ ။ အချိန်ရရင် ရသလို နေ့ရောညပါ ရှောင်လေသူ မဟုတ် ။ အာဏာရှိသူ ဖြစ်နေတော့ သူလုပ်သမျှအကုန် တင့်တယ်နေသည် ။ ထိုစဉ်က နေပြည်တော် တစ်ဝန်းတွင် သူ နှင့် ရနောင်မင်းသား နှစ်ဦးသာ မယားများစွာ ယူထားကြသည် ။ သူတို့၏ အရှင် သီပေါဘုရင်တောင်မှ မယား တစ်ယောက်တည်းဖြင့် တင်းတိမ်နေရရှာသည် ။ စံမြန်းနေရရှာသည် ။

နေပြည်တော်မှာ ချောပေ့ ၊ ယဉ်ပေ့ ၊ လှပေ့ဆိုသည့် မိန်းကလေးတွေကို ဘယ်တော့မှ လက် မနှေး ။ ရနောင်မင်းသားအရင် ဦးအောင်လည်း ယူတတ်သည် ။ ရနောင်မင်းသား ဦးသွားသည်လည်း ရှိသည် ။ သီပေါဘုရင်၏ နောင်တော်အရာမှာ ရောက်နေသည့် ရနောင်မြို့စား ကိုတော့ သူ ခြွင်းချက်ထားရသည် ။ မယှဉ်ရဲ ၊ မပြိုင်ရဲ ။ ရနောင်မင်းသားနှင့် ယှဉ်လျှင် မိမိက အလိုလို နိမ့်ကျပြီးသား ဆိုတာ သိထားရသည်မို့လည်း ဘယ်တော့မှ ရင်မဆိုင် ။ မတတ်သာလို့ တွေ့ကြရင် တောင်မှ အသာ လှည့်ပြန်ခဲ့ရတာ ချည်းပင် ။

အာဏာရှိသူချင်း အတူတူ မိမိက အရှုံးပေးရဖန် များတော့ မခံချင်စိတ်က ဖြစ်မိသည် ။ နာကြည်းမှုများ ဖြစ်လာခဲ့ရသည် ။ ရနောင်မင်းသားနှင့် ယှဉ်လိုက်လျှင် အရှုံးဘက်ကချည်း အမြဲနေရသော မိမိကိုယ်ကို မကျေနပ်ချင်တော့ ။ ဒေါသဖြစ်ရသည် ။ ရွှေမြို့တော်ဝန် ဆိုပေမယ့် ပုထုဇဉ်လူသားပဲ မဟုတ်လား ။ ဘယ် ခံချင်ပါ့မတုံး ။

သီပေါဘုရင်ကစပြီး ရွှေနန်းတော် တစ်ခုလုံးက အရေးပေး အခံရဆုံးသူမှာ ရနောင်မင်းသား မောင်မောင်တုတ် မဟုတ်လား ။ သည်တော့ သူ့ကို အသူက ယှဉ်လို့ ရမှာတဲ့တုံး ။ သူနဲ့ ယှဉ်တဲ့သူ ၊ ပြိုင်တဲ့သူ အားလုံးဟာ နောက်ဆုံးမှာ ရနောင်မင်းသား၏ အောက်ကို ရောက်သွားရတာချည်းပဲ ။

သည်တော့ မောင်မောင်တုတ်ဆိုရင် အမှုန့်တောင် မကျန်အောင် ပွတ်ခြေပစ်ချင်တဲ့ စိတ်ဓာတ်က ရွှေလှံဗိုလ် မြို့ဝန်မှာ အလိုလို ကိန်းအောင်းနေတာ မဆန်းဘူးပေါ့ ။ သူတို့နှစ်ဦးရဲ့ တိုက်ခိုက် မှုကလေးတွေဟာ တစ်နေ့ထက် တစ်နေ့ ၊ တစ်ရက်ထက် တစ်ရက် ပိုမို ရင့်သန်လာသည် ။ ဆုတ်မသွားဘဲ တိုးလို့သာ လာသည် ။ မကြာပါဘူး ။ သူတို့နှစ်ဦးရဲ့ မစ္ဆရိယ စိတ်ကလေးတွေကို ရင့်သန်လာအောင် ဖြစ်စေတဲ့ အဖြစ်အပျက်တစ်ခုက နေပြည်တော်မှာ ပေါ်ပေါက်လာပြန်သည် ။ သည်ဖြစ်ရပ်က ဘာလဲဆိုတော့ ဒေးဝန်းအရပ်မှာနေတဲ့ အသည်သား မောင်မောင်ကြီး ဆိုသူရဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်နေလေရဲ့ ။

မောင်မောင်ကြီးဆိုတဲ့လူက တော်တော်ပွေတဲ့ လူတစ်ယောက်လို့ ဆိုသည် ။ အသည်ကြီးရဲ့ တစ်ဦးတည်းသောသား ဆိုတော့ ပိုက်ဆံကလည်း ရှိရဲ့ ၊ ဥစ္စာဓနကလည်း နောက်ခံ တောင့်တင်းတဲ့ လူဆိုတော့ သူပွေချင်သလောက် ပွေမှာပဲပေါ့ ။ အရပ်ထဲမှာ ပိုက်ဆံလေး ခြူးပြားလေးတွေ နည်းနည်း ရှိတယ်ဆိုရင်ပဲ ဖောက်ပြန်ကုန်တာပါပဲ ။ ငွေကြေး ကြီးမြင့်ခြင်းရဲ့ ဒဏ်ကို မခံနိုင်တဲ့ သဘောပေါ့ ။ လူတွေဟာ အများအားဖြင့် ဆင်းရဲဒဏ်ကို ခံနိုင်ကြရဲ့ ၊ ချမ်းသာခြင်း ကျော်စောခြင်း ဒဏ်ကို မခံနိုင်ကြဘူး ။

သည်တော့ မောင်မောင်ကြီးလည်း သည်ငွေကြေး အရှိန်အဝါနဲ့ ပွေတာ ၊ လည်ပတ်တာဟာ မဆန်းဘူးပေါ့ ။ ဖဲရိုက် ၊ ကြက်တိုက် ၊ ထန်းရည်သောက် စသည့် မကောင်းမှု ဒုစရိုက်တွေ အားလုံးကို လုပ်သည် ။ အဆိုးဆုံး အလုပ်ကတော့ မိန်းမလိုက်စားတာပေါ့ ။ ပျိုပျို အိုအို မရှောင်ဘူး ။ ချောင်ရင် ချောင်သလို လုပ်တတ် ကိုင်တတ်သည် ။ သည်လို ပျော်ဖို့ စားဖို့အတွက် ငွေကို သောက်သောက်လဲ သုံးသည် ။ သည်ငွေကြေးဟာ သူ့ကို ဖျက်ဆီးနေတယ်လို့ သူ မသိသေးဘူး ။ ပြန်ပြင်လို့လည်း မရတော့ဘူး ။ သူ့ကိုဖျက်ဆီးနေတဲ့ ငွေကြေးတွေကလည်း သူ့ကို မကူညီနိုင်တော့ဘူး ။ ငွေကြေး အသပြာဆိုတာ နေရာတကာ အသုံးမဝင်တော့ဘူးဆိုတာ သူ သိလာပြီ ။

သည်အချိန်ကတော့ လူသတ်မှု ဖြစ်ပြီးခဲ့တဲ့ အချိန်ပေါ့ ။ သူ လူတစ်ယောက်ကို သတ်မိခဲ့ပြီ ။ သူသတ်ခဲ့တဲ့ သူကလည်း သူရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ ။ ဖြစ်ပုံက သည်လိုပါ ။ တစ်ညမှာ ထန်းရည်မူးမူးနဲ့ သူ့သူငယ်ချင်းအိမ်ရှိရာ ဟေမာဇလအရပ်ကို လာခဲ့တယ် ။ အိမ်ရောက်တော့ သူ့ သူငယ်ချင်း မရှိဘူး ။ အပြင်သွားနေတယ်လို့ ဆိုတယ် ။ သူငယ်ချင်းဖြစ်သူရဲ့ မိဘ လူကြီးတွေလည်း မရှိဘူး ။ နှမငယ်လေးတစ်ယောက်သာ ရက်ကန်းခတ်နေလေရဲ့ ။

ထန်းရည်မူးနေတဲ့ မောင်မောင်ကြီးအဖို့ သူငယ်ချင်းရဲ့ နှမ ဆိုတာကို မမြင်တော့ဘူး ။ သူ့ သွေးသားက တောင်းဆိုလာတဲ့ ဆန္ဒရမ္မက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတော့တယ် ။ သည်တွင် သူ့ သူငယ်ချင်းက အပြေးအလွှား ရောက်လာတယ် ။ အကြောက်အကန် ပြောကြ ဆိုကြရင်း အချင်းများကြပြီး ကိုယ်စီပဲ ဓားတွေ ဆွဲထုတ်ကြသည် ။ သူတစ်ပြန် ကိုယ်တစ်ပြန် ခုတ်ကြ ထစ်ကြရင်းနဲ့ နောက်ဆုံးမှာ သူ့ သူငယ်ချင်း သေသွားသည် ။

မောင်မောင်ကြီး လူသတ်ခဲ့ပြီပေါ့ ။

အခွင့်အရေးကို စောင့်နေသူက ရွှေလှံဗိုလ်ပေါ့ ။ သည်အခွင့်အရေးကလည်း ရခဲဘိခြင်း ။ သည်တော့ ဒီလို ရခဲတဲ့ကိစ္စကို မောင်မောင်တုတ် မသိအောင် လုပ်မှပဲ ၊ ကြံစည်မှပဲလို့ ရွှေလှံဗိုလ်က စဉ်းစားလိုက်သည် ။ ဆုံးဖြတ်လိုက်သည် ။ ဘာကြောင့်များလဲဆိုတော့ မောင်မောင်ကြီးမှာ အလွန်ချော ၊ အလွန်လှ ၊ အလွန်ပဲ ကျက်သရေရှိသည့် အစ်မ ခင်ဦး ဆိုတာ ရှိနေတာကိုး ။

ဒါကို ရွှေလှံဗိုလ်က မောင်မောင်ကြီးကို မှီပြီး သူ၏ အစ်မဖြစ်သူ ခင်ဦး ကို အရယူရန် ကြံသည် ။ ခင်ဦးသည် ရုပ်ရည် ရူပကာယမှာ အလွန် ပြေပြစ်ချောမွေ့သူ ဖြစ်၏ ။ မောင်ကိုလည်း အလွန်ချစ်ခင်သူ ဖြစ်သည် ။

မျက်လုံးကလေးတွေကလည်း ဝိုင်းစက်နေသည် ။ လက်ချောင်းကလေးတွေကလည်း သေးသွယ် ပျော့ပျောင်းနေသည် ။ ရှင်းနေတဲ့ လည်တိုင်တစ်လျှောက် မှာ အကြောလေးတွေကလည်း စိမ်းနေတာပဲလို့ ဆိုသည် ။ မိန်းကလေးတွေမှာ ရှိသင့်တဲ့ အဖုအထစ် အရှိုက်အဝန်း ဆိုတာကတော့ ပြောနေစရာတောင် မလိုအပ်ဘူးတဲ့ ။ သူ့နေရာနဲ့ သူ့နေရာမှာ အံဝင်ခွင်ကျ ရှိနေသည် ။ အရာရာကို ငံ့လင့်နေဟန် တူသည် ။

ဒီလောက် နေပြည်တော်တစ်ဝန်းမှာ လူပြောများနေတဲ့ ခင်ဦး ကို ရွှေလှံဗိုလ်က သိမ်းပိုက်ချင်နေတာ ကြာလှပြီပေါ့ ။ အခွင့်မသာသေးလို့သာ အောင့်နေရတာ ။ သွန်ချချင် နေတာကတော့ ကြာလှပြီပေါ့ ။ ချစ်ချင်တဲ့ စိတ်တွေကလည်း မနည်းဘူးပေါ့ ။ ‘ ကိုင်း … ဒီတစ်ခါတော့ ငါ့ရဲ့ ရင်ခွင်တော်မှာ ခိုလှုံရတော့မပေါ့ ခင်ဦးရယ် ’ လို့ ရွှေလှံဗိုလ်က ကိန်းသေ တွက်ထားဟန် တူပါရဲ့ ။

သည်တော့ မောင်မောင်ကြီးကို လူသတ်မှုက လွှတ်မည် ။ ရွှေလှံဗိုလ်ရဲ့ အငယ်အနှောင်း အဖြစ် ခင်ဦး ခံယူရမည်လို့ အမှာစကားကို ခင်ဦး ထံ အပို့ဆက်တော့ မောင်ကို ချစ်လှတဲ့ ခင်ဦး က ခေါင်းမခါသာဘူးပေါ့ ။

သူ့ခေတ်နဲ့ သူ့အခါ … သူ့မှာ အာဏာလေး နည်းနည်းရှိတော့ သူလုပ်တိုင်း အရာထင် နေသပေါ့ ။ ဟုတ်တာပဲ လုပ်လုပ် ၊ မဟုတ်တာကိုဘဲ လုပ်လုပ် အာဏာမဲ့တဲ့ ပြည်သူတွေကတော့ ခေါင်းငုံ့ ခံရတော့မှာပဲပေါ့ ။

သည်အတိုင်းပဲပေါ့ ။ မောင်ကိုချစ်တဲ့ ခင်ဦး ခမျာမှာ မိမိကိုယ်နဲ့ ရင်းပြီး မိမိရဲ့ ဘဝကို အဆုံးခံပြီး ချစ်လှတဲ့ မောင်ဖြစ်သူရဲ့ အသက်တစ်ချောင်းကို ကယ်လိုက်တော့မယ်လို့ ဆုံးဖြတ် လိုက်သည် ။ သည်လိုနဲ့ ရွှေလှံဗိုလ် က မောင်မောင်တုတ် မသိအောင် ဒေးဝန်းအရပ်မှာရှိတဲ့ ခင်ဦး ကို သွားခေါ်ခိုင်းခြင်း ဖြစ်သည် ။

ဒီကိစ္စကို ရနောင်မောင်မောင်တုတ် ကလည်း စောဖေ နောကျေပြီးသားပဲပေါ့ ။ ရွှေလှံဗိုလ် လှုပ်ရှားသမျှကို အတိအကျ သိထားတဲ့ မောင်မောင်တုတ် ကလည်း ကွယ်ရာမှာ ဟားတိုက် နေတာပေါ့ ။ မြွေမြွေချင်း ခြေမြင်ဆိုတာမျိုးက ဒါမျိုးပဲ ထင်ပါရဲ့ ။ နေရာတကာမှာ လူစွာလုပ်ချင်သူ ၊ ရှင်ဘုရင် နဲ့ ထိပ်စုဖုရား ကို အတတ်နိုင်ဆုံးနည်းနဲ့ ချဉ်းကပ်နေသူ ရွှေလှံဗိုလ် ကို မောင်မောင်တုတ် ကလည်း အတော် မြင်ပြင်းကပ်ဟန် ရှိသည် ။

မိမိ နဲ့ ရွှေလှံဗိုလ် တို့ ထိပ်ချင်းတိုက် တွေ့ခဲ့ရသော ကိစ္စများတွင် မိမိကသာ အနိုင်ရအောင် ယူခဲ့သည် ။ အိမ်နိမ့်စံ ဘဝ ၊ မထင်ရှားသေးသောကာလက မထိတရိ ပြောခဲ့ ဆိုခဲ့ ၊ အနိုင်ကျင့်ခဲ့သော ရွှေလှံဗိုလ် ၏ စကားသံလေးများကို ခုထိ နားထဲတွင် စွဲမြဲနေမိ၏ ။

“ ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးက ရောနေသေး ၊ ကိုယ်နဲ့ မဆိုင် တယ် ရှုပ်သကိုး ”

မောင်မောင်တုတ် လုပ်သမျှကို ရွှေလှံဗိုလ် က အကောင်းမမြင်သလို ရွှေလှံဗိုလ် လုပ်သမျှကိုလည်း မောင်မောင်တုတ် က ကြည့်မရပေ ။

ရာထူးနှင့် ယှဉ်လျှင် မြောက်ထားဝယ်ဗိုလ် ရာထူးကို ရထားသော မိမိကသာလျှင် အကြီးအကဲမို့ အခွင့်သာလျှင် သာသလို ပညာပြတတ်၏ ။ ဤသို့ သူတို့နှစ်ဦး ပုဂ္ဂိုလ်ရေး ယှဉ်ပြိုင်နေသည့် ကြားထဲတွင် နန်းတော်တွင်းမှ မှူးမတ် သေနာပတိများကလည်း အုပ်စုကွဲလျက် ရှိနေကြသည် ။

သူ့အုပ်စု နှင့် ငါ့အုပ်စု အနိုင်ကြဲစတမ်း စိတ်များ ကျယ်ပြန့်လာကြ၏ ။ သို့ကြောင့် နန်းတွင်းရေးများ တစ်စထက် တစ်စ ရှုပ်ထွေးမည့် အရိပ်အယောင်များ ဖြစ်ပေါ်လာနေသည် ။

နန်းတွင်းအုပ်စုများ ထိုသို့ ကွဲစပြုလာချိန်တွင်ပင် သီပေါမင်းတရားသည် ကင်းဝန်မင်းကြီး မကြာခဏ အကြံပေး လျှောက်တင်ချက် များ ၊ ယောအတွင်းဝန်၏ နီးစပ်လှသော အကြံပေးချက် များ တို့ကို အခြေခံကာ အုပ်ချုပ်ပုံ နည်းစနစ်တစ်မျိုးကို တီထွင်လိုက်လေသည် ။

အဟောင်းကို ပယ်ပြီး အသစ်အသစ်ကို ထွင်ဟန်တူပါရဲ့ ။ တစ်ချက်လွှတ် မင်းအာဏာဖြင့် စီရင်အုပ်ချုပ်ရသော သက်ဦးဆံပိုင် စနစ်မျိုး မဟုတ်ဘဲ ရှေးထုံးအချို့ကို ပယ်ဖျက်ကာ ခေတ်မီ အုပ်ချုပ်ပုံ နည်းစနစ်တစ်ခုပင် ဖြစ်သည် ။

ရှေးက လုပ်ရိုးလုပ်စဉ်မှာ လွှတ်တော် အစည်းအဝေး ၊ ဗြဲတိုက်တော် အစည်းအဝေးနှင့် ဘုရင့်ရှေ့တော်မှောက် ညီလာခံ အစည်းအဝေး ဟူ၍ အစည်းအဝေး သုံးဆင့် ထားခဲ့၏ ။

ပထမ လွှတ်တော်တွင် အရေးကြီးသောကိစ္စများ တင်ပြလက်ခံသည် ။ ဒုတိယ ဗြဲတိုက်တော် အစည်းအဝေး၌ မှုခင်းရေးရာများ စည်းဝေးဆုံးဖြတ်သည် ။ နောက်ဆုံး ဘုရင့် ရှေ့တော်မှောက်တွင် ကျင်းပသည့် ညီလာခံတွင် လျှောက်ထား တင်ပြကြသည်များကို ဘုရင်တစ်ဦးတည်း သဘောဖြင့် တစ်ချက်လွှတ် ဆုံးဖြတ်ချက် များ ချမှတ်လေ့ရှိသည်က များသည် ။

ယခု သီပေါမင်းအလိုကျ ပြောင်းလဲလိုက်သည့် စနစ်နှင့်ကား တခြားစီပင် ။

ဘုရင့်ရှေ့မှောက် ညီလာခံတွင် ဆွေးနွေးချက် များကို လွှတ်တော်တွင် တင်ပြသည် ။ ပြီးမှ မှူးမတ်သေနာပတိ ခြောက်ဆယ့်သုံးဦး အရေအတွက်ရှိသော အများစုက စည်းဝေးဆုံးဖြတ် အတည်ပြုသည် ။

ထိုသို့ ဆုံးဖြတ်ခဲ့သော ကိစ္စရပ်များကို ဆယ့်လေးဌာန အုပ်ချုပ်ရေး ရုံးတော်များက ဆောင်ရွက်သွားရမည် ဖြစ်ပေသည် ။ ဆယ့်လေးဌာန အုပ်ချုပ်ရေးတွင် တစ်ဌာနလျှင် ဝန်ကြီး သို့မဟုတ် အတွင်းဝန် တစ်ပါး, ပါးက ကြီးမှူးသည် ။ ဌာနကြီးမှူး လက်အောက်တွင် အရာရှိကြီး ၊ အရာရှိလတ်နှင့် အရာရှိငယ် လေးဆယ်ကျော်တို့က သူ့ဌာနနှင့် သူ နိုင်နိုင်နင်းနင်း အုပ်ချုပ်ရမည် ဖြစ်သည် ။ အဆိုပါ ဆယ့်လေးဌာနတွင် ဝန်ကြီး ၊ အတွင်းဝန်မှအစ စုစုပေါင်း အမှုထမ်း ငါးရာကျော် ရှိသည် ။

တကယ်တော့ သည်လို ရွှေလှံဗိုလ် ခြေပုန်းခုတ်ပြီး ခင်ဦး ကို အရချိုင်နေသည်ကို မောင်မောင်တုတ် မသိ မဟုတ် ၊ သိ၏ ။ မောင်မောင်ကြီး အကြောင်းလည်း ကြားသိပြီးမို့ ရွှေလှံဗိုလ်၏ ခြေလှမ်းများကို စောင့်ကြည့်နေခဲ့သည် ။ သူတို့ အပေးအယူ မျှပြီးကြလို့လည်း ဒီနေ့ည ခင်ဦး ကို သွားခေါ်ပြီး ရွှေလှံဗိုလ် က သိမ်းပိုက်တော့မည် ဆိုတာလည်း သိထား၏ ။ မိမိဘက်က အကွက် မှားလို့လည်း မဖြစ် ၊ တစ်ကွက် မှားလျှင် တစ်သက် မှာ ရှက်ဖွယ်လိလိ ဖြစ်ပေမည် ။ သည်တော့ နေဝင်ချိန်ကို စောင့်နေတော့သည် ။

ရွှေလှံဗိုလ် အုပ်စုကလည်း တစ်နေ့ခင်းလုံး ငြိမ်သက်နေခဲ့ပေမယ့် မှောင်စပျိုးသည် ဆိုသည်နှင့် သူတို့လူစုမှာ လှုပ်ရှားတော့သည် ။

ဓားတကားကားနှင့် ရွပိုးထိုးနေသည့် ရွှေလှံတပ်သား တစ်သိုက်ကို ကြည့်ပြီး မောင်မောင်တုတ်တို့က ပြုံးမိ၏ ။ သနားပါသေးရဲ့ ဟူသော အကြည့်များဖြင့် ကြည့်နေသည် ။ အခွင့်အရေးဖြင့် သာချေပြီ ။ သည်တစ်ခါ မယူလိုက်က သင်းအပြင် မိုက် မဲသူ အသူ ရှိပါအံ့နည်း လို့လည်း တွေးနေဟန်တူရဲ့ ။ အချိန်အခါကို စောင့်ကြည့်နေသော မောင်မောင်တုတ်မှာ သည်တစ်ခါဖြင့် ခင်ဦး ကို ပိုင်ရချေပြီ ။ သည်အရေး အောင်မြင်ရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ခင်ဦး ကိုလည်း ရ ၊ ရွှေလှံဗိုလ်ကိုလည်း ဦးနှိမ်ပြီးသဘော ဖြစ်နေပြီပေါ့ ။

မောင်မောင်တုတ်တို့ ကြည့်နေဆဲမှာပင် ရွှေလှံတပ်သားအချို့ မြို့ပြင်သို့ ထွက်သွားကြ ချေပြီ ။ တစ်ဖက် မှ အရိပ်အကဲ အခြေအနေကို ကြည့်ပြီးမှ မောင်မောင်တုတ်က သူ့ ရဲမ က်အချို့ကို မြင်းကိုယ်စီနှင့် လွှတ်လိုက်သည် ။ ကိစ္စ ပြီးပြတ်စေရန်လည်း အသေအချာ မှာလိုက်သည် ။ မယား လုပွဲကတော့ စ,ချေပြီ ။ သူတို့ ဘာဖြစ်ကြမလဲ ။ ဘယ်သူက အနိုင်ရမလဲဆိုတာ ကြည့်ကြရအောင် ။

တင်ကြိုစီစဉ်ထားမှုကြောင့် ခင်ဦး ကို ရွှေလှံတပ်သားများက သူ့အိမ်မှ ခေါ်ခဲ့ကြသည် ။ အိမ်မှ ထွက်လာကြတုန်းက သူတို့အားလုံး ပြုံးပြုံးပါပဲ ။ အခက်အခဲဆိုတာ ခုထိ မြူမျှ မရှိသေး ။ အရှင် မြို့တော်ဝန် မှာလိုက်သည့် လျှို့ဝှက်ကြံစည်မှုများ ဆိုသည်မှာ အဘယ်မှာနည်း ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည် ။ လမ်းမကြီး တစ်လျှောက် မှာလည်း လူသူ မရှိ ။ ပကတိ ငြိမ်နေလေရဲ့ ။

သူတို့အားလုံးရဲ့ အတွေးများ မဆုံးခင်မှာဘဲ ဒေးဝန်းအရပ်၏ အရှေ့တည့်တည့် ရဟိုင်းဈေးရပ်ဆီမှ မြင်းခွာသံများနှင့်အတူ ရဲမ က်တော်အချို့ကို တွေ့လိုက်ရသည် ။ ခင်ဦး အား ခေါ်ဆောင်လာခဲ့ကြသော ရွှေလှံတပ်သားများမှာ မကြာမီ အခက်အခဲတစ်ခုဖြင့် ရင်ဆိုင် လာရတော့၏ ။ အကြောင်းမူ ရဟိုင်းဈေးရပ်ကို ဖြတ်မည့် လမ်းဆုံတွင် ရဲမ က်တော်အချို့က မြင်းကိုယ်စီနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည် ။ ထွက်လမ်းကို ပိတ်ထားသည်မို့လည်း ရွှေလှံတပ်သားများမှာ နောက်သို့ မဆုတ်တော့ဘဲ စတင် ထိုးခုတ်ရတော့သည် ။

ည၏ ဝိုးတဝါး အလင်းရောင်အောက်ဝယ် တချွင်ချွင် တဒင်ဒင် မြည်သံများမှာ ပြင်းထန်စွာ ထွက်ပေါ်နေသည် ။ အသက်လုပွဲ ၊ မိမိတို့ အရှင်သခင်၏ သွေးသား ဖြေဖျောက် မှုများအတွက် မို့လည်း အားစိုက်ခွန်ပါ ထိုးခုတ်နေကြသည် ။ သည်သို့ တရစပ် ထိုးနှက်နေကြသော ဓားများကြားဝယ် ရွှေလှံတပ်သားများမှာ စွေ့ခနဲ စွေ့ခနဲ အသက်ပါသွားကြရှာသည် ။ အံ့အားသင့်ချိန်မှ မပြေခင် တမလွန်သို့ ရောက်သွားကြရတော့သည် ။ လျင်သူ ၊ ကွက်ကျော်မြင်တတ်သူက အနိုင်ရစမြဲပေါ့ ။

ငရဲတမျှ ဆူညံပွက်လောထနေသော ဒေးဝန်းအရပ်ထဲရှိ ပြည်သူပြည်သားများမှာကား တုတ်တုတ်မျှ မလှုပ်ရဲ ။ အပြင်မှာ ဘာဖြစ်ဖြစ်နေ ၊ အိမ်တံခါးပိတ် နေတာကမှ ရန်ကင်းသေးသည် ဟူသော သဘောဖြင့် မီးမှိတ် တံခါးပိတ်ထားကြလေသည် ။ သည်သို့ မိန်းမမှုပွေသော အရှင်သခင်များကြောင့် တပည့်တပန်းများ၏ သွေးများ မြေသို့ ကျဆင်းခဲ့ရသည် ။ အရှင်သခင်များ သွေးသားသောင်းကျန်းဖို့အတွက် မိမိတို့၏ အသက်ကို ပေးဆပ်ခဲ့ရရှာသည် ။

ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး နိုင်လိုမင်းထက် လုပ်နေသူများ အတွက်ကား ဥပဒေဆိုသည်ကို နားမလည် ။ ဥပဒေဆိုတာ စက္ကူကြီးလား ဆိုရလောက်အောင် ဖြစ်သည် ။ ရှင်ဘုရင်နှင့် အနီးဆုံး နေကြသူများမို့လည်း ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် ပေါ့လေ ။ သူ့မယား ငါလု ၊ ငါ့မယား သူလု ဆိုသည့် ဖြစ်ရပ်မျိုးကလည်း ပြည်သူတွေအတွက် မဆန်းတော့ပေပြီ ။

သည်လို ရုန့်ရင်းဆန်ခတ်မှု လူသတ်ပွဲကြီး၏ နောက်ဝယ်တွင် အောင်ပွဲရလိုက်သူကတော့ ရနောင်မင်းသား မောင်မောင်တုတ်ပင် ဖြစ်သည် ။ ဆူဆူဖြိုးဖြိုး ရှိလှသော ခင်ဦး အား မိမိ၏ အိမ်တော်တွင် အသစ်ချဲ့ထွင် ပြုလုပ်ထားသော အခန်း တစ်ခန်းထဲသို့ ပို့ထားစေသည် ။ ရနောင်မင်းသား၏ အိမ်တော်ကလည်း မည်သည့် ပုံသဏ္ဌာန်မှန်း မခန့်မှန်း မမှန်းဆနိုင် လောက်အောင်ပင် ။ အဝိုင်းလည်း မဟုတ် ၊ ဘယ်လို အဆောက်အအုံကြီး ဖြစ်သည်ကိုပင် ရုတ်တရက် မပြောနိုင်အောင် ရှိတော့သည် ။

သည် အဆောက်အအုံကြီးထဲဝယ် သူ၏ မယားတွေကို ထားရှိသည် ။ အခန်း တစ်ခန်းထဲတွင် မယား တစ်ယောက် မို့ အခန်းပေါင်း တစ်ရာကျော်မျှ ရှိပါလိမ့်မည် ။ မယားပေါင်းကလည်း တစ်ရာကျော်ပေတာကိုး ။ သည်တုန်းက အရှင်သခင် ဘုရင်မင်းတရားကြီး ဖြစ်သည့် သီပေါဘုရင် တောင်မှ ရနောင်မောင်မောင်တုတ် လောက် မယား မများပေ ။ သည်လို ရနောင်မင်းသားမှာ မယားများကြောင်း သိထားသော သီပေါဘုရင်က “ ဟဲ့ … မောင်တုတ်ရဲ့ ၊ နင့်မှာ မယားတွေ တယ်များတယ်ဆို ၊ ဒီမယားတွေ နင် ဘယ်က ရလာတာလဲ ၊ နိုင့်ထက်စီးနင်းမှုများ မလုပ်ပါနဲ့ကွယ် ” ဟူ၍ပင် မိန့်ကြားတော်မူခဲ့ဖူးသည် ။

သည်လို သာသာယာယာ ည ၊ လှပသော ည ၊ မေ့မူးစရာအကောင်းဆုံး ညများကို ဖန်တီးလာသူ မောင်မောင်တုတ်အဖို့ကား မဆန်းတော့ပေ ။ ဆန်းရသည်က ခင်ဦး ပင် ။ ယင်ဖိုတောင်မှ မသန်းခဲ့ဘူးသော ခင်ဦး အဖို့ကား တထိတ်ထိတ် တလန့်လန့် ရှိလှဘိသည် ။ အချစ်ဆုံး မောင် အတွက် မို့ ဘဝနှင့်ရင်းပြီး စွန့်လိုက်ရသည် ။ မစွန့်လို့ကလည်း မဖြစ် ။ သည်လို မစွန့်ပါက မောင်ဖြစ်သူ အသတ်ခံရတော့မည် မလွဲ ။ အခေါ်လွှတ်သည်က ရွှေလှံဗိုလ် ။ ရောက်လာရသည့် အိမ်က ရနောင်မင်းသား အိမ် ။ အိုလေ … ဘာပဲ ဖြစ်ဖြစ်ပေါ့ ၊ မောင်မောင်ကြီး အသက်ဘေးမှ လွတ်ရင်ပြီးတာပဲ ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့လည်း တွေးမိဟန် တူပါရဲ့ ။

သည်လိုနဲ့ပဲ ခင်ဦး ဟာ ရနောင်မောင်မောင်တုတ် ၏ အငယ်အနှောင်း များစွာထဲက တစ်ယောက် ဖြစ်သွားရတော့သည် ။

ဤအရေးတွင် အနာကြည်းဆုံးနှင့် အခံပြင်းဆုံး ဖြစ်နေသူကား ရွှေလှံဗိုလ်ပင် ဖြစ်၏ ။ ရည်းစားလူလု အူနုကျွဲခတ်ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ။ သည်လို မောင်မောင်တုတ်၏ ထိပါး စော်ကားခြင်းကို ခံလိုက်ရသဖြင့်လည်း များစွာ အခဲမကျေ ဖြစ်နေရသည် ။ တက် တခေါက်ခေါက် ၊ လက်ရုံး တဆန့်ဆန့် ။ နေသေးသပ ငတုတ်ရယ် ၊ တစ်နေ့ ငါ့အလှည့်ကြုံမှ မင်း ငါ့အကြောင်း သိရမယ်ပေါ့ ။

ပုဆိုးခြုံထဲက လက်သီးပုန်းပြတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ။ ဒါနဲ့ ဒီကိစ္စက ဒီမှာတင် ရပ်မသွားသေးဘူး ။ မကြာခင်မှာပဲ မောင်မောင်တုတ် ၏ ထပ်မံစော်ကားခြင်းကို ရွှေလှံဗိုလ် ခံလိုက်ရပြန်သေးသည် ။ ခင်ဦးကိစ္စ ဖြစ်ပျက်ပြီး တစ်ပတ်အကြာမှာပဲ ဖြစ်သည် ။ ရွှေလှံဗိုလ် ဒေါသထွက်နေသည်ကို သိထားသည့် ရနောင်မောင်မောင်တုတ်က ထပ်ပြီး ကလိလိုက်သည့် ဖြစ်ရပ်တစ်ခုပဲ ။ နိုင်တုန်း နှိမ်ထားသည့် သဘောလည်းပါရဲ့ ။ သည်တစ်ခါ ဖြစ်သည့် ဖြစ်ရပ်ကတော့ ရွှေလှံဗိုလ်အဖို့ ပိုပြီး အထိနာသည် ။ မိမိတင်မကဘူး ၊ မိမိ၏ တပည့်တပန်းတွေကိုပါ အနိုင်ကျင့်လာသည် ။ ထပ်ပြီး စော်ကားလာသည် ။

◾ မောင်ဖေငယ်

📖  ရနောင် မောင်မောင်တုတ်

koaungnaingoo.blogspot.com

🔳  ❝ သည်းထိပ်ရင်ဖို ဇာတ်လမ်းထဲက မင်းသားတစ်ယောက် ❞ အပိုင်း ( ၂ ) ကို ဆက်လက်တင်ပေးပါမည် ။
.

No comments:

Post a Comment