❝ အောင်ကျော် နှင့် လွတ်လပ်ရေးသမထ ဘာဝနာ ❞
ပါတော်မူနေ့သို့ ရောက်ခဲ့လေပြီ ။
ထို ပါတော်မူနေ့ ( ၁၃ဝဝ ခု ၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ) တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအသင်းမှ ဆန္ဒပြပွဲ ၊ အစည်းအဝေးစသည်တို့ကျင်းပ၍ ပါဝင်ခြင်း မပြု ။ မိမိကြိုက်သလို ပါဝင်ဆင်နွဲကြပေသည် ။ ဥပမာ ကိုအောင်ကျော် သည် သူ့အခန်းဝတွင် “ ဤနေ့ဤရက်ကား ငါတို့ အရှင်နှစ်ပါး ပါတော်မူသောနေ ့ဖြစ်သည် ။ သတိရကြပါ ” ဟူသော စာတန်းကြီးတစ်ခု ရေးဆွဲ၍ ချိတ်ထားလေသည် ။ သူသည် အခန်းကို အတွင်းမှပိတ်ကာ တစ်နေ့လုံးအခန်းအောင်း၍ အစားမစား ၊ စကားမပြောဘဲ ' လွတ်လပ်ရေး ' သမထဘာဝနာ စီးဖြန်း၍ နေလေသည် ။
ကိုအောင်ကျော် ကား အမျိုးသားရေးဝါဒ ပြင်းထန်သူတည်း ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအတွင်းက ̶က̶̶ု̶̶လ̶̶ာ̶̶း̶များကိုတစ်ယောက်တည်း ထွက်ချမည်ဟု တကဲကဲလုပ်နေသဖြင့် တားထားကြရလေသည် ။သူ့အယူအဆများမှာ ရှေးဆန်သည် ။ ဥပမာ မိန်းကလေး နှင့် ယောက်ျားကလေး လွတ်လပ်စွာပေါင်းသင်းဆက်ဆံခြင်းကို မကြိုက် ။ ထမင်းစားပွဲ အခမ်းအနားများတွင် မိန်းကလေး နှင့်ယောက်ျားကလေး အတွဲလိုက် အတွဲလိုက် ထိုင်၍ စားသည့်ဓလေ့ကို မကြိုက်သောကြောင့် ထိုထမင်းစားပွဲ အခမ်းအနားများကို သပိတ်မှောက်လေ့ ရှိ၏ ။
ဆရာ ၊ ဆရာမတွေ ပွတ်သဘင် ဘော်လ်ဒန့်စ် ကျင်းပသည်ကို မကျေနပ်သဖြင့် ခဲနှင့် ပေါက်ခဲ့ဖူးလေသည် ။ ၎င်းပြင် တစ်ဦးချင်း စွန့်စား၍ ရန်သူခေါင်းဆောင်များကို သတ်ပစ်ခြင်း ( ဝါ ) ရန်သူခေါင်းဆောင်နှင့် အသက်ချင်းလဲ၍ လွတ်လပ်ရေးယူခြင်းတွင်လည်း ယုံကြည်မှု ရှိလေသည် ။ လူထုနှင့်ချီ၍ ဆူပူခြင်းထက် ယင်းသို့လုပ်ခြင်းက ပို၍ထိရောက် မည်ဟု ယူဆတတ်လေသည် ။ သို့သော်ကိုအောင်ကျော် ၏ အယူအဆများကို ကိုဘဟိန်း စသော ခေါင်းဆောင်များက သော်လည်းကောင်း ၊ကျွန်တော်တို့ သူငယ်ချင်းများကသော်လည်းကောင်း ဝေဖန်ခဲ့သဖြင့် ယင်းသို့ယူဆရာတွင် မပြင်းထန်တော့ပေ ။ သို့ရာတွင် သူ၏ ရှေးဆန်မှုအချို့ကား ပျောက် မသွားသေးချေ ။
ဘာပဲဖြစ်ဖြစ် ပါတော်မူနေ့က ကိုအောင်ကျော် ' လွတ်လပ်ရေး ' သမထဘာဝနာ ပြုလိုက်ပုံကားကျောင်းသားလောကတွင် တော်တော်ကလေး လှုပ်ရှားသွားသေး၏ ။
နောက်တစ်ရက်ခြားပြီး အမျိုးသားအောင်ပွဲနေ့ နေရှင်နယ်ဒေး ရောက်လာပေ၏ ။ ကျွန်တော်တို့ကျောင်းသားများ စတင်လှုံ့ဆော်မှုကြောင့် ထိုနေ့ကစ၍ နှစ်စဉ် အမျိုးသားနေ့တိုင်း ကျောင်းများကို ပိတ်ပေးလေသည် ။ မကြုံဖူးအောင် စည်ကားသော အမျိုးသားအောင်ပွဲနေ့ပေတည်း ။ “ မီးတုတ်- မီးတုတ် ရှို့ရှို့ ” “ သပိတ် - သပိတ် မှောက် မှောက် ” “ သူပုန် - သူပုန် ထထ ” ဟူသော ကြွေးကြော်သံများကား အမြို့မြို့အရွာရွာ အရပ်ရပ်တွင် လွှမ်းမိုးပဲ့တင်ခတ်နေလေသည် ။
နေရှင်နယ်ဒေး သည် ၁၉၂ဝ ပြည့် ၊ ကောလိပ်သပိတ်နေ့ကို နဝမအကြိမ်မြောက် ဂျီစီဘီအေကွန်ဖရင့်က သတ်မှတ်ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျီစီဘီအေကြီး အကြိမ်ကြိမ် အစိတ်စိတ်ကွဲသွားသောအခါ နေရှင်နယ်ကျောင်းသားများကသာ ဆက်လက်ကျင်းပနေခဲ့လေသည် ။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ပေါ်ခဲ့သည့် နောက် များတွင် ကျောင်းသားပေါင်းစုံ အင်အားပြပွဲ ဖြစ်လာခဲ့လေသည် ။ ထိုအတွင်း တို့ဗမာအစည်းအရုံးလည်း နေရှင်နယ်ဒေး ၊ ကျင်းပရေးတွင် တစ်စတစ်စ ဝင်ခဲ့၏ ။ ယခုနှစ်မှာမူ အမျိုးသားနေ့သည်ကျောင်းသားများ အင်အားပြပွဲမျှသာ မကတော့ဘဲ ' အမျိုးသားရေး ' စိတ်ဓာတ် တက်ကြွလာသောတစ်မျိုးသားလုံး၏ လွတ်လပ်ရေးဆန္ဒပြပွဲကြီး ဖြစ်လာတော့၏ ။ ဆိုက်ကားသမား ၊ ဈေးသည်များလည်း ပါလာ၏ ။ အလုပ်သမားများလည်း ပါလာ၏ ။ စာရေးဆရာများလည်း ပါလာ၏ ။ အမျိုးသမီး အများအပြားလည်း ပါလာ၏ ။ မမြင်ဦး အစရှိသော ကျောင်းသူများမှာ ကျောင်းသားများနီးပါး တက်ကြွစွာ ပါဝင်လာကြလေ၏ ။
မနေ့က ကျွန်တော်သည် မမြင့်ဦး ထံမှ အောက်ပါစာကို ရထားလေသည် ။
ထွန်းကလေး
မနက်ဖြန်မနက် အမျိုးသားနေ့အင်အားပြပွဲပြီးရင် ထွန်းကလေး ရယ် မြင့်ကြီးရယ် တစ်နေရာရာသွားပြီး တစ်ခုခုစားကြမယ် ။ ဘိုင်ကျနေရင်လည်း မပူပါနှင့် ၊ မြင့်ကြီး က ဒကာခံပါ့မယ် ။ စားသောက်ပြီးတော့ ဘားနဒ် ပိဋကတ်တိုက်သွားကြရအောင် ။ ပေမူတချို့ မြင့်ကြီး ဖတ်ချင်လို့ ။ ပြီးတော့ အခန့်သင့်ရင်မွန်စာနှင့် ပတ်သက်ပြီး လက်ထောက်ပိဋကတ်တိုက်စိုး ဒေါ်နှင်း နှင့် နည်းနည်းဆွေးနွေးချင်တယ် ။ ထွန်းကလေး ကတော့ ကြိုက်တဲ့စာ ဖတ်နေပေါ့ ။ အားတယ် မဟုတ်လား ။ အင်အားပြပွဲ အပြီးမှာ လာခေါ်နော် ....
မြင့်ကြီး
ထိုစာကို ရထားသောကြောင့် ဆန္ဒပြပွဲအပြီး လူစုခွဲလျှင် ကျွန်တော်သည် ရဲဘော်ကျောင်းသားများနှင့် ခွဲ၍ မမြင့်ဦး အား သွားခေါ်ရလေသည် ။
မမြင့်ဦး ဝတ်ထားသော အင်းလုံချည်မှာ အစိမ်းခံတွင် လှပသောအဆင်ကျစ်ထားသည် ။ ပဒုမ္မာအင်္ကျီကား မထူမပါး ဖြစ်၏ ။ ကျွန်တော်ကား ဟန်ဇားလုံချည် အညိုအဖြူ မန်ကျည်းစေ့ကွက်နှင့်ပင်ဖြူ အပေါ်အင်္ကျီကို ဝတ်ထားပေးသည် ။
မမြင့်ဦး က တရုတ်စာ စားချင်သည်ဆိုသောကြောင့် တရုတ်တန်း တရုပ်ဆိုင်ကြီးတစ်ဆိုင်တွင်းဝင်ကြလေ၏ ။ စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်မိသည်နှင့်တစ်ပြိုင်နက် ကျွန်တော်က အပေါ်အင်္ကျီစနှင့် ကိုယ့်ကိုယ်ကိုယ် ယပ်ခတ်ရင်း -
“ မမြင့်ဦး လုံချည်ကတော့ လှလိုက်တာ ”
မမြင့်ဦး သည် လက်ကိုင်ပုဝါဖြင့် ချွေးသုတ်ပြီး ပြုံးလျက် -
“ ဘာကတော့ မလှသတုံး ”
ကျွန်တော့် အာခေါင်တွင် ပြူတစ်ပြူတစ် လုပ်နေသော စကားမှာ “ လူကတော့ လုံချည်ထက် ပိုလှတယ် ” ဟူ၍ ဖြစ်၏ ။ သို့ရာတွင် အဖေ့မျက်နှာပေါ်လာပြီး “ ဟေ့ ရှေ့မတိုးနှင့် ” ဟု ပြောလိုက်သယောင်ဖြစ်ကာ ထိုစကားကို မျိုချလိုက်ပါသည် ။ ၎င်းနောက် အတန်ကြာပြုံးကြည့်နေပြီး -
“ မမြင့်ဦး ဘာလို့ ပင်ဖြူ မဝတ်သလဲ ၊ အဖျင်းဆုံး ဒီနေ့လိုနေ့မှာ ဝတ်ရောပေါ့ ”
“ အို - ကျွန်မက သည်လို ဟန်မဆောင်တတ်ဘူး ။ တစ်နှစ်လုံးခေါက်ပြီး သေတ္တာထဲထည့်ထားအမျိုးသားနေ့ကျမှ ဝံသာနုစိတ် ပြဖို့ ထုတ်ဝတ်တာမျိုး မကြိုက်ဘူး ။ ဝတ်နိုင်ရင် အမြဲဝတ်မယ် ၊အမြဲလည်း မဝတ်နိုင်ဘူး ”
တရုတ်စားပွဲထိုးက ဘာမှာမတုံး ဟု လာမေးသဖြင့် စကားပြတ်သွားကြလေသည် ။ စားလိုရာ မှာကြပြီးနောက် -
“ ပဒုမ္မာ အင်္ကျီဝတ်တော့ ရဟန်းပျိုတွေ မာမကတွေ မကြောက်ဘူးလား ဟဲ ဟဲ ”
“ ရဟန်းပျိုတွေကလည်း အတင်းတရကြမ်း အင်္ကျီပါးတွေမဝတ်အောင် လုပ်နေကြတယ် ။ သတင်းစာတွေကလည်း တောင်ရေးမြောက်ရေးနဲ့ ။ အင်္ကျီပါး ဝတ်ထိုက် မဝတ်ထိုက် ၊ ဖျင်နီ ဝတ်ထိုက်မဝတ်ထိုက် မပြောခင် ဒီကိစ္စမှာ ရဟန်းသံဃာတွေ ပါသင့် မပါသင့် ကျွန်မပြောချင်တယ် ”
“ ကဲ လုပ်စမ်းပါဦးဗျာ ”
“ ရဟန်းဘောင်က ဆရာတော်ကြီး ဖြစ်ဖြစ် ၊ ဦးပဉ္စင်းကလေးပဲ ဖြစ်ဖြစ် ၊ ကျွန်မတို့ မိန်းမသားတွေရဲ့အတွင်းဓာတ်နဲ့ သဘာဝကို သိဖို့ခက်ပါတယ် ။ ဘယ်ဆရာတော်က ရေးရေး ၊ မိန်းမအကြောင်းတွေရေးခဲ့တာတွေဟာ မှန်တာ အင်မတန် ရှားတယ်လို့ ကျွန်မ ဆိုချင်တယ် ။ မိန်းမကို အရမ်းကာရောနှိမ်နင်းပြီး တစ်ဖက်သတ် ရေးတာတွေသာ များတယ် ။ ပြီးတော့ သူတို့ရည်ရွယ်ချက်က ရဟန်းတွေဟာ မိန်းမကို မုန်းစေ ၊ အနားမကပ်စေနဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမို့ ဘယ်မှာ အများအားဖြင့် အမှန်ကိုရေးတာ ဖြစ်နိုင်ပါမလဲ ။ ကမ္ဘာမှာ ပေါ်ခဲ့သမျှ မိန်းမတွေ အသင်္ချေ အနန္တအနက်က မကောင်းပေ့ ၊ ယုတ်မာပေ့ဆိုတဲ့ မိန်းမတွေအကြောင်းကို အထပ်တလဲလဲ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရေးကြတာပဲ ။ မိန်းမများရဲ့ သဘာဝဓလေ့ကောင်းတွေ မဖော်ကြဘူး ။ ဒီတော့ဘုန်းကြီးများဟာ မိန်းမနဲ့ ပတ်သက်ရင် အထင်ရင်လည်း သေးလွန်းရမယ် ။ ဣတ္ထိဝင်္ဂံ ဆိုတာမျိုးပေါ့ ။ သို့မဟုတ် မိန်းမနဲ့ သိပ်မတွေ့ဘူး မကြုံဖူးဘဲ တစ်ကြိမ်တစ်ခါ ကြုံတွေ့ရတော့ အလွန်အကြူး အထင်ကြီးတာရင်လည်း ဖြစ်ရမယ် ၊ ဘုန်းကြီးတွေရေးတဲ့ ကညာဘွဲ့ ကဗျာတွေ ကြည့်ပါတော့ ”
ထမင်းပန်းကန်များနှင့် ဘဲပေါင်းဟင်းချိုကို လာ၍ ချလေပြီ ။ ဘဲပေါင်းမှ တထောင်းထောင်းတက်နေသော အငွေ့ကို ကြည့်ရင်း -
“ အဲဒီတော့ ပင်နီ ပင်ဖြူဆီ ဆက်ပါဦး ။ အင်း - ပင်နီဆိုတော့ ဟိုပင်နီ ဆရာကြီး သတိရသေးတော့ ”
“ ဒီနေ့ သူ့ကိုလည်း မမြင်မိဘူးနော် ”
“ ကျောင်းထွက်သွားပြီး ခု ဘယ်ရောက်နေတယ် မသိဘူး ”
သို့ကလိုပင် ပင်နီမြတ်ကျော် ၏ အကြောင်းကို ပြောကြရင်း ကျွန်တော်ကား မမြင့်ဦး နှင့် ကျွန်တော်' သူငယ်ချင်းမက ၊ ရည်းစားလည်းမကျ ' ဖြစ်သွားစေသည့် အကြောင်းကို ပြန်ပြောင်း သတိရနေလေသည် ။ မမြင့်ဦး လည်း ထိုဟာကိုပင် သတိရသွားဟန်ရှိသည် ။
အတန်ကြာ စကားမပြောဘဲ နေကြပြီးနောက် မမြဦး က -
“ မိန်းမရဲ့ ဥစ္စာဟာ အဆင်း ၊ ယောကျာ်းရဲ့ ဥစ္စာဟာ ပညာလို့ ဆိုတဲ့စကားဟာ ကမ္ဘာတည်ဦးက စပြီးခုတိုင် မှန်နေတာပဲ ။ နောင်လည်း မှန်မှာပါပဲ ။ မိန်းမတို့ရဲ့ အတောင့်တဆုံးဟာလည်း အဆင်းပဲ ။ဒီတော့ လှချင်တယ်ဆိုတဲ့ အာသီသ ဟာ မိန်းမတိုင်းမှာ တဝုန်းဝုန်း တောက်နေတာပဲ ။ အရုပ်ဆိုးတာကို နည်းနည်း ဆိုးအောင် ၊ နည်းနည်း ဆိုးတာကို မဆိုးအောင် ၊ မဆိုးတာကို လှအောင် ၊ လှတာကို လှသည်ထက် လှအောင် ၊ သည့်ထက်လှတာကို အလှဆုံးဖြစ်အောင် လုပ်ကြတာဟာ ဓမ္မတာပဲ ။လှချင်လို့လည်း အမျိုးမျိုး ကြံကြ ၊ အမျိုးမျိုး ဝတ်ကြတာပဲ ။ အင်္ကျီပါးဝတ်တာဟာ လှမယ်ထင်လို့ဝတ်တာ ၊ နေရထိုင်ရတာ သက်သာအေးချမ်းလို့ ဝတ်တာပဲ ။ ဘုန်းတော်ကြီးများ ပြောဟောကြသလို ရင်သား ထင်းခနဲမြင်အောင် ယောကျာ်းတွေ စိတ်ဓာတ်ကြွလာအောင် ဝတ်တာမဟုတ်ပါဘူး ”
“ ကဲ ကဲ ဟင်းချိုကလေး သောက်နှင့်ဦးစို့လား ”
“ ကိုတင်ထွန်း သောက်ချင် သောက်ပါ ၊ ကျွန်မတော့ ဟင်းစုံအောင် စောင့်ဦးမယ် ”
ကျွန်တော်က ဘဲပေါင်းဟင်းချိုကို မြည်းနေသည် ။ မမြင့်ဦး က ဆက်ပြန်သည် ။
“ လှချင်လို့ ဝတ်တာ ဘယ်လောက် ထင်ရှားသလဲ ဆိုတော့ ။ ရှင်မီးအင်္ကျီ ဇာဘော်လီတွေကို ပန်းခက်တွေ ဘာတွေနဲ့ ဝတ်တာကိုပဲ ကြည့်ပေတော့ ။ အရောင်အမျိုးမျိုး ချုပ်ဝတ်တာလည်း ကြည့် ။ အင်္ကျီထူထူနဲ့ လှရင်လည်း ဝတ်မှာပဲ ။ လှအောင်သာ အင်္ကျီကို လုပ်ပေး ၊ မပူနဲ့ မိန်းမတွေ ဝတ်ကြမှာပဲ ။ ခုပင်နီကလေးတွေ ဝတ်တာဟာ တခြားကြောင့် မဟုတ်ဘူး ၊ အတော်အတန်လှပလို့ ဝတ်တာ ။ ပင်နီတွေ ဝတ်ရတာကိုပဲ ဖက်ရှင် ထင်နေကြလို့ ဝတ်တာ ”
ထိုအတွင်း အခြားစားဖွယ်သောက်ဖွယ်များ ရောက်လာလေသည် ။
“ ကဲ ကဲ စားပါဦး ။ ဒီလောက်ဆိုရင် မမြင့်ဦး ရဲ့ အာဘော်ကို သိပါပြီ ”
မမြင့်ဦး က ဟင်းချိုသောက်ရန် ဇွန်းကောက်ကိုင်ပြီးမှ -
“ ပြီးတော့ သတင်းစာဆရာတွေက ရေးကြတာ တစ်ခု ရှိသေးတယ် ။ ကျွန်မတို့ မိန်းမတွေ အင်္ကျီပါးဝတ်တာ လော်လည်တာတဲ့ ။ လော်လည်တယ် ဆိုတဲ့ စကားဟာ အင်မတန် ပြင်းထန်ပါတယ် ။ကမြင်းကြော ထတယ်လို့ ဆိုတာမျိုးပဲ ။ ကမြင်းချင်တဲ့ မိန်းမဟာ အင်္ကျီပါး ဝတ်ဝတ် မဝတ်ဝတ်ကမြင်းတာပဲ ။ လော်လည်တာပဲ ။ အိမ်ထဲမှာ ပုန်းနေတဲ့ အိမ်တွင်းပုန်းကုလားမလည်း လော်လည်ရင်လော်လည်တာပဲ ။ ကမြင်းကြွချင် ကြွတာပဲ ။ မဟုတ်ဘူးလား ”
ကျွန်တော် က သဲ့သဲ့ ရယ်လိုက်သည် ။ ပြီးတော့ -
“ ကဲပါ စားပါတော့ ၊ သည်က ဆာလှပြီ ”
မမြင့်ဦး သည် သည်တော့မှ ဟင်းချို သောက်တော့သည် ။
စကားမပြောဘဲ စားနေကြပြီး အတန်ကြာသော် -
“ ကိုတင်ထွန်း ကော ဖျင်ပင်နီ ပြဿနာ ၊ အင်္ကျီပါး ပြဿနာတွေ ဘယ်လို သဘောထားသလဲ ”
“ ဖျင်ပင်နီ ဝတ်တာကတော့ ကိုယ့်တိုင်းဖြစ် အားပေးတယ် ၊ ဝံသာနုတယ်ဆိုတဲ့ အထိမ်းအမှတ်ပါပဲ ။ဖျင်ပင်နီ ဝတ်တာနဲ့ လွတ်လပ်ရေး ရမယ်လို့တော့ မထင်ပါဘူး ။ ဖျင်ပင်နီ ရက်ကန်းစင် ပြန့်သွားရတာဟာလည်း ခေတ်နောက်ပြန်ရေးပဲ ၊ တိုးတက်ရေး မဟုတ်ဘူး ။ ကိုယ့်ပြည်မှာ စက် မှုလက် မှုထွန်းကားဖို့သာ အရေးကြီးတယ်လို့ ထင်တယ် ”
“ ကျွန်မ အဲဒါ သဘောကျတယ် ။ ဝံသာနုရအောင်ဆိုပြီး ယွန်းဒေါင်းလန်း နဲ့ ထမင်းစားတာကိုသဘောမကျဘူး ”
စားသောက်ပြီးကြသောအခါ ဘားနဒ် ပိဋကတ်တိုက်သို့ သွားကြလေသည် ။ ရန်ကုန်ဟိုက်စကူးကျောင်းကြီးကား ဟောင်းမြင်းသောအဖြစ်ကို မဖုံးမဖိ ပြလျက်ရှိ၏ ။ ဘားနဒ်ပိဋကတ်တိုက်အဆောက်အအုံကား ပိုလို့ပင် ဟောင်းပုံပေါ်နေသည် ။ ပုံပန်းသဏ္ဌာန်မှာလည်း အရုပ်ဆိုးလှ ပေသည် ။
အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်လှပေ၏ ။ နဂိုက စီစဉ်ထားသည့်အတိုင်း မမြင့်ဦး ကား ပေဟောင်းစာမူများကို ဖတ်တန် ဖတ် ၊ ကူးတန် ကူး နေလေသည် ။ ကျွန်တော်ကား မဂ္ဂဇင်းဂျာနယ်များကိုဆွဲဖတ် နေလေသည် ။
လက်ထောက်ပိဋကတ်တိုက်စိုး ဒေါ်နှင်း သည် အပြင်ခဏထွက်သွားသဖြင့် မမြင့်ဦး နှင့် မတွေ့ရသေး ။ မမြင့်ဦး သည် ဒေါ်နှင်း အား တွေ့အောင် စောင့်ဦးမည် ဖြစ်၏ ။ ကျွန်တော် သည် စာဖတ်ရင်းနဂါးနီတိုက်သို့ ခဏသွားရန် စိတ်ကူးပေါက်လာသည်နှင့် -
“ မမြင့်ဦး ရေ ဒီနားခဏသွားလိုက်ဦးမယ် ၊ လုပ်စရာရှိတာ လုပ်နေရစ်ပေါ့ ”
“ သွားစရာရှိ သွားလေ ၊ ပြန်မလာဘဲသာ မနေနဲ့နော် ”
“ အို ပြန်လာမှာပေါ့ ၊ မြင့်ကြီး ကလည်း ”
မမြင့်ဦး က ပုရပိုက်စာတွေကို ကိုင်ရင်း ကျွန်တော့်ကို မော့၍ စေ့စေ့ကြည့်ကာ ပြုံးနေသည် ။ပြတင်းမှန်ဖြူမှ တစောင်းထိုးဝင်နေသော ပြင်ဘက်အလင်းရောင်ကြောင့် ပါးချိုင့်ကလေးနှင့်မျက်တောင်ကော့ တို့မှာ အထူးချစ်စရာ ကောင်းနေ၏ ။ ထိုသို့ လက်ခနဲထွက်လာသော ချစ်စရာအကွက်ကလေးသည် ကျွန်တော့်အား ခြေလှမ်း တုံ့သွားစေ၏ ။ သို့သော် ရုန်းထွက်ရန် တစ်ဖက်လှည့်လိုက်စဉ် မမြင့်ဦး က -
“ ကိုထွန်း ” ဟု ညင်သာပျော့ပျောင်းစွာ ခေါ်လိုက်လေသည် ။ သည်လို မခေါ်စဖူး ခေါ်လိုက်သဖြင့်ကျွန်တော် အနည်းငယ် အံ့အားသင့်သွား၏ ။ ယခင် ကျွန်တော်က သူ့ထံစာရေးစဉ် ကိုယ့်ကိုယ်ကိုယ် ' ကိုထွန်း ' ဟု ခေါ်လိုက်တော့ သူက စိတ်ဆိုးသည် မဟုတ်ပါလော ။ သူ့အား သရိုးသရီလုပ်သည်ဟု စွပ်စွဲခဲ့သည် မဟုတ်ပါလော ။
မမြင့်ဦး သည် သူရော ကျွန်တော်ပါ အခြေနည်းနည်း ပျက်သွားသည်ကို ချက်ချင်း ရိပ်မိဟန်တူသည် ။ချက်ချင်းပင် သွင်ပြင်လက္ခဏာတွေပြောင်းပြီး ကပ်နေသောအသံကို အဟမ်းခနဲ ထုတ်လျက် -
“ ကိုတင်ထွန်း ရေ ကြည့်စမ်းပါဦး ၊ ပုရပိုက်တွေထဲမှာ ရှေးဟောင်းပန်းချီရုပ်ပုံတွေ တွေ့နေရတယ် ”
“ အို ဟုတ်လား ၊ ပြစမ်း ပြစမ်း ”
မမြင့်ဦး က ပုရပိုက်ကို မပိတ်မကွယ်ဘဲ ထားသော်လည်း မပြ ။
“ ကဲလေ ၊ အပြန်မှ ကြည့်ပါတော့ ”
ကျွန်တော်သည် မမြင့်ဦး တော့ ' ထူး ' တာပဲဟု အောက် မေ့ပြီး ထွက်လာခဲ့လေသည် ။
နဂါးနီအသင်းတိုက်တွင် ကိုဘဟိန်း ၊ ကိုထွန်းရှိန် နှင့် အခြားသူများကို တွေ့ရလေသည် ။ သို့ရာတွင် နဂါးနီအသင်း၏ အကျိုးဆောင်များဖြစ်သော ကိုနု ၊ ကိုသန်းထွန်း နှင့် ကိုစိုး တို့အား မတွေ့ရ ။သူတို့သည် ယခုအခါ သခင်နု ၊ သခင်သန်းထွန်း ၊ သခင်စိုး တို့ ဖြစ်နေကြလေပြီ ။ နဂါးနီ စာအုပ်အသင်း အလုပ်နှင့်သာမက တို့ဗမာအစည်းအရုံး အလုပ်များဖြင့်လည်း မအားမလပ် ရှိနေကြ၏ ။ယခုတလော ကိုဘဟိန်း နှင့် ကိုဗဆွေ တို့သည် နဂါးနီအသင်း စာစောင်ကလေးတွင် ဆောင်းပါးတော်တော်များများ ရေးနေကြ၏ ။
ဥပမာ ပြီးခဲ့သောအပတ်က ကိုဘဟိန်း သည် ဆိုဗီယက်ရုရှား ကွန်မြူနစ်ပါတီ အကြောင်း ၊' ဘိုလ်ရှီဗစ် ' ' မင်ရှီဗစ် ' အကြောင်းများရေး၍ ကိုဗဆွေ က ဆိုဗီယက်ရုရှား ကွန်မြူနစ် ခေါင်းဆောင်ကြီး စတာလင် အကြောင်းကို ရေးခဲ့လေသည် ။
ကိုဘဟိန်း နှင့် စကားစမြည်ပြောကြရင်း သိခဲ့ရသည်မှာကား ရေနံမြေမှ သပိတ်မှောက် အလုပ်သမားများသည် ဟိုမှာသာနေ၍ တောင်းဆိုချက် မရနိုင်ဖြစ်သဖြင့် တစ်နည်းနည်းနှင့် ရန်ကုန်သို့လာကြရန် စီစဉ်နေကြောင်း ဖြစ်လေသည် ။ ကိုဘဟိန်း က ' ရေနံမြေသပိတ် စစ်ကူစရိတ်ရန်ပုံငွေ 'အတွက် သုံးရောက်ခြယ် တူတံစဉ်အလံ ကို ထမ်းလျက် မီးတုတ်ကိုင်ထားသော တို့ဗမာ ယောကျာ်းရုပ် ရင်ထိုးဓာတ်ပုံ အစိတ် ရောင်းရန် ကျွန်တော့်အား ပေးလိုက်လေသည် ။
မမြင့်ဦး သည် ဒေါ်နှင်း နှင့် ဆွေးနွေးနေလေပြီ ။ စာဖတ်စားပွဲပေါ်တွင် မမြင့်ဦး ချထားခဲ့သောပုရပိုက် များကိုယူ၍ “ ပြန်လာမှ ကြည့်ပါ ” ဟု သူက ဆိုသော ရှေးပန်းချီရုပ်ပုံများကို ကြည့်လိုက်သည် ။ ရုပ်ပုံများမှာ စုံနေသည် ။ ရှေးမြန်မာမင်းခမ်းမင်းနား အသုံးအဆောင်များ ၊ ဘီလူး ၊ ခြင်္သေ့ပုံများ စသည်တို့အပြင် ကိန္နရီ - ကိန္နရာမောင်နှံပုံ ၊ ဟင်္သာဖို - ဟင်္သာမပုံများကိုလည်း တွေ့ရလေသည် ။ မမြင့်ဦး က “ ကိုထွန်း ” ဟု မခေါ်စဖူး ယုယညုတာသံနှင့် ခေါ်ကာ ပြမည်လုပ်ခဲ့သောရုပ်ပုံများမှာ ဤ ကိန္နရီ - ကိန္နရာ ၊ သို့မဟုတ် ဟင်္သာဖို - မ ပုံများ ဖြစ်လေသလောဟု တွေးထင်မိလေသည် ။ ကျွန်တော်သည် ထိုပုံတို့ကိုကြည့်နေစဉ် မမြင့်ဦး သည် စာဖတ်စားပွဲသို့ ပြန်လာလေသည် ။ဘာမျှ မပြောဘဲ အဓိပ္ပာယ်ရှိသောပြုံးခြင်းဖြင့် တစ်ချက်ပြုံးလိုက်ပြီး သူ့ဟာသူ ငုံ့၍ စာဖတ်နေလေသည် ။
အတန်ကြာလျှင် ကျွန်တော်တို့ ပြန်ကြ၏ ။ လမ်းတွင် ကျွန်တော်က ' ရေနံမြေသပိတ် စစ်ကူရန်ပုံငွေ ' အတွက် ရင်ထိုးဓာတ်ပုံကလေးကို မမြင့်ဦး အား ဝယ်ဖို့ပြောရာ မမြင့်ဦး သည် ပုံကို သေချာစေ့စပ်စွာကြည့်ပြီးနောက် ကျွန်တော့်အား ပြန်ပေး၏ ။
“ ရန်ပုံငွေအတွက် ဓာတ်ပုံဖိုးတော့ ပေးမယ် ၊ ပုံကိုတော့ မလိုချင်ဘူး ”
ကျွန်တော့်မှာ များစွာ အံ့အားသင့်သွားလေသည် ။
“ ဟင် ဘာဖြစ်လို့လဲ ”
“ ရင်ထိုးဖို့ ဓာတ်ပုံ ဆိုတာ ထိုးချင်စဖွယ် ဖြစ်အောင် လုပ်ရတယ်ရှင့် ။ ခုတော့ ကြည့်စမ်းပါဦး ၊ ခါးတောင်းကျိုက်နဲ့ ယောကျာ်းကြီးကလည်း ကြမ်းတမ်း ရုပ်ဆိုးလိုက်တာ ။ ကိုင်ထားတာကမီးတုတ် တစ်ဖက် ၊ သုံးရောင်ခြယ်နဲ့ တူတံစဉ်အလံ တစ်ဖက် ။ ရှုပ်ယှက်ခတ်နေတာပဲ ၊ ဘာအဓိပ္ပာယ်ဆိုတာလည်း ကျွန်မ နားမလည်ဘူး ”
ကျွန်တော် သည် မမြင့်ဦး အား အထင်အမြင်သေးခြင်းဖြင့် ကြည့်ပြီး စိတ်ပျက်သော အသံဖြင့် -
“ မမြင့်ဦး ရယ် ဒီကိစ္စမှာ အလှအပ အဖွယ်အရာ မလိုပါဘူး ။ ရေနံမြေအလုပ်သမားအရေးကိုထောက်ခံတယ် ။ လိုလားတယ်ဆိုတဲ့ ဆန္ဒပြတဲ့အနေနဲ့ ရင်ဘတ်မှာ ထိုးဖို့ပါပဲ ။ ခါးတောင်းကျိုက်နဲ့ ယောကျာ်းကြီးကတော့ ကျားကျားလျားလျားနဲ့ ဗမာစစ်တယ်ဆိုတာကို ဖော်ပြတယ် ။ မီးတုတ် ကတော့ နယ်ချဲ့စနစ်ကို မီးရှို့ဖျက်ဆီးမယ် ဆိုတဲ့ သဘော ၊ တူတံစဉ်ကတော့ ဆိုရှယ်လစ်ဝါဒ ၊သုံးရောင်ခြယ်က တို့ဗမာအလံ ”
“ ကျွန်မ သဘောမကျပါဘူး ရှင် ။ ရေနံမြေအလုပ်သမားအရေး ထောက်ခံချင်ရင်လည်း ဒီပြင်နည်းနဲ့ပဲ ထောက်ခံမယ် ။ ဒါကြီးတော့ ရင်ဘတ် မထိုးပါရစေနဲ့ ။ အမှန်မှာတော့ ရေနံမြေအလုပ်သမားအရေးလည်း ကျွန်မ သိပ်သိတာ မဟုတ်ပါဘူး ၊ သပိတ်သမားတွေကို သနားလို့သာ ထောက်ခံတာပါ ၊ ဆိုရှယ်လစ်ဝါဒ ကိုလည်း ကျွန်မ နားမလည်ပါဘူး ”
“ ဖြစ်မှ ဖြစ်ရလေ မမြင့်ဦး ရယ် ၊ နဂါးနီသတင်းစာစောင် နဲ့ သခင်စိုး ရေးတဲ့ ဆိုရှယ်လစ်ဝါဒအကြောင်းကို မဖတ်ဘူးလား ”
“ နဂါးနီ သတင်းစာစောင်ကလေးတွေတော့ လှန်ကြည့်မိပါရဲ့ ၊ ဆောင်းပါးတွေက များသောအားဖြင့်စိတ်ဝင်စားစရာ သိပ် မပါဘူး ။ ဆိုရှယ်လစ်ဝါဒ စာအုပ်ကိုတော့ နည်းနည်း စဖတ်ကြည့်လိုက်တယ် ။နားမလည်တာနဲ့ ချထားလိုက်ရတာပဲ ”
ကျွန်တော်တို့ ကျောင်းသို့ ပြန်လာကြချိန်မှာ ကျောင်းသားအများ မြို့ထဲသို့သွားချိန်ဖြစ်ပြီး ပြန်လာသူ နည်းပေရာ ဘတ်စ်ကားပေါ်၌ လူနည်းလေသည် ။ ပါလာသူများမှာလည်း ကျောင်းသားမဟုတ်သူများသာ ဖြစ်ဟန်ရှိ၏ ။ သူတို့မှာ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် ပြောဆိုနေကြသည်ကို စိတ်ဝင်စားကြဟန် မတူချေ ။
“ အဲဒီ စာအုပ်က ခက်တော့ ခက်တာပဲ မမြင့်ဦး ရဲ့ ၊ နို့ပေတဲ့ နားမလည် လည်အောင် အခေါက်ခေါက်ဖတ်ရတာမျိုးပဲ ”
“ ဒီလို ဆိုတော့လည်း မဖတ်နိုင်ဘူးရှင့် ။ အတန်းစာတွေကလည်း သိတဲ့အတိုင်း သိပ်များတယ် ။ဂုဏ်ထူး ယူထားတယ်ဆိုတော့ သူ့ဆိုင်ရာကို ဖတ်နိုင်မှကိုး ကိုတင်ထွန်း ရဲ့ ။ ရှင်ကော အဲဒီစာအုပ်ကို နားလည်ရဲ့လား ”
“ နားလည်အောင် ကြိုးစားရတာပေါ့ ။ အခေါက်ခေါက် ဖတ် ၊ အင်္ဂလိပ်စာအုပ်တွေနှင့်လည်း တွဲဖတ်ရတာပဲ ”
“ အယူအဆတွေကိုကော အကုန်လုံး လက်ခံသလား ”
“ အားလုံးတော့ လက် မခံနိုင်သေးဘူး ။ များသောအားဖြင့်တော့ သဘောကျတယ် ”
ကျွန်တော်တို့သည် အင်းလျားလမ်းမှာ ဆင်းကြသည် ။ မမြင့်ဦး အား အင်းလျားလမ်း နှင့် စစ်ကိုင်းလမ်းထောင့် ၊ အင်းလျားဆောင်ထောင့် သို့ ရောက်အောင် လိုက်ပို့လိုက်လေသည် ။
ယနေ့အဖို့ ကျွန်တော် သည် ပုဂ္ဂိုလ်ရေးအရပြောရသော် မမြင့်ဦး ဘက်သို့ အတော်ပင် တိမ်းညွတ်သွားလေသည် ။ မမြင့်ဦး ၏ ရိသဲ့သဲ့အခေါ်အပြောများ နှင့် မခို့တရို့ ချစ်ဖို့ကောင်းစွာ ကျွန်တော့်အား ဆက်ဆံခြင်းများသည် ကျွန်တော့် ရင်တွင်းဝယ် ပဲ့တင်မခတ်ဘဲ မနေနိုင်ပါ ။ သို့ရာတွင်နိုင်ငံရေး ၊ ဝါဒရေးများအရ ပြောရပါမူ သူ နှင့် ကျွန်တော်တို့သည် ကွာလှမ်းနေသည်ကို တွေ့ရ၏ ။သူက နိုင်ငံရေး ၊ ဝါဒများနှင့် ဝေးလာပြီး သူ့စာပေ ၊ သူ့အတန်းပညာ သက်သက်သို့သာ ပိုမိုရွေ့ရှားနေပေ၏ ။ ကျွန်တော်က ကျွန်တော့် အတန်းပညာမှ ဝေးလာပြီး နိုင်ငံရေးဝါဒရေးများဘက်သို့ ပိုမိုရွေ့ရှားနေပေ၏ ။ ကျွန်တော်သည် အင်္ကျီပါးကိစ္စ၌ လည်းကောင်း ၊ ရင်ထိုးဓာတ်ပုံ ကိစ္စ၌ လည်းကောင်း မမြင့်ဦး ၏ ဆင်ခြေများကို ချေပနိုင်ခြင်း မရှိပါ ။ သူ့အယူအဆများကို ထောက်ခံနိုင်သည်သာ ရှိပါ၏ ။ သို့ရာတွင် မမြင့်ဦး သည် ကျွန်တော် လိုသလောက် အမျိုးသားစိတ် မပြင်းထန် ၊ကျွန်တော် လိုသလော က် အလုပ်သမားအရေးကို မထောက်ခံ ၊ ကျွန်တော် လိုသလောက် နိုင်ငံရေးဝါဒသဘောတရားကို မလေ့လာခြင်းတို့ကြောင့် မကျေမနပ် ဖြစ်နေပါသည် ။ အထင်လည်း' အနည်းငယ် ' သေးမိပေသတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment