Saturday, September 11, 2021

အဖေ့မှန်းချက် မှာ နှမ်းထွက်နှင့် ကွာသည်


 

   ❝ အဖေ့မှန်းချက် မှာ နှမ်းထွက်နှင့် ကွာသည် ❞

ဆယ်တန်းအောင်၍ ကောလိပ်ရောက်သော်လည်း ဘဝရည်မှန်းချက် များနှင့် ပတ်သက်၍ ကျွန်တော်သည် များစွာတိုးတက် မှု ရှိသည်ဟု မဆိုနိုင်ပါ ။ ပို၍ ရည်မှန်းချက် များလာသည် ၊ ထွေပြားလာသည် ဟုသာ ဆိုရလိမ့်မည် ။ အိုင်စီအက် ဖြစ်ရမည်ဟူသော ကျွန်တော့်ခေါင်းတွင်းသို့ အဖေသွင်းပေး လိုက်သည့် ရည်ရွယ်ချက် များမှာလည်း လယ်ဝန် ဖြစ်ရမည်ဆိုသော မူလမှန်းချက်လိုပင် နောက်ကွယ်မှာသာ ချောင်ခိုနေလေ့ ရှိပါသည် ။ ရှေ့ဆုံးကနေသည့် ဘဝရည်မှန်းချက်ဟုပင် ခေါ်နိုင်မည် မဟုတ်သော မှန်းချက်မှာ ပညာသင်ရမည် ၊ စာမေးပွဲအောင်ရမည်ဟူ၍သာ ဖြစ်ပါလေသည် ။

စာဖတ်သူတို့ သိပြီးဖြစ်ကြသည့်အတိုင်း ရန်ကုန်တက္ကသိုလ် တည်းဟူသော ယူနီဗာစီတီ မှာ ပညာသင်ကြားရာ၌ ကုန်ကျစရိတ် အလွန်ကြီးလေးပါသည် ။ ဟိုက်စကူးကျောင်းတုန်းက ဘော်ဒါ ၊ ကောလိပ်မှာတော့ ဟော်စတယ်လ် ခေါ်သည့် ကျောင်းအိပ်ကျောင်းစားနေရလျှင် အဖေ့ မြေတိုင်းစာရေး လခကို အိမ်မှာ စားဖို့ မချန်ဘဲ ပို့မှ လောက်ငှရုံလောက် ဖြစ်ပါလိမ့်မည် ။ ထို့ကြောင့် ကျွန်တော့်မှာ ထမင်းလခ ပေါပေါ အိမ်နေခ ပေါပေါနှင့် ရမည့်နေရာ ရှာပြီး နေ့ကျောင်းသား အဖြစ်နှင့် ကျောင်းတက်ရလေသည် ။ ခရီးစရိတ် မကုန်အောင်ကောလိပ်ကျောင်းနှင့်လည်း နီးရမည် ဖြစ်ရာ ကမာရွတ် မှာပင် နေရလေသည် ။

အလယ်တန်း အထက်တန်း အင်္ဂလိပ်ကျောင်းသားတုန်းကလို ရေထမ်းခြင်း စသည့် အိမ်မှုရေးရာ ကို ကား မလုပ်ရတော့ပေ ၊ သို့ရာတွင် အရပ်ထဲနေသည့်အတိုင်း ရပ်မှုရေးရာများတွင် ပါရလေသည် ။ ကျွန်တော်ကလည်း မည်မျှထိ စပ်စုပါသနည်းဆိုသော် အရပ်ထဲတွင် တနင်္ဂနွေနေ့တိုင်း ဆွမ်းခံ၍ ဆွမ်းကြီးလောင်းသော ဆွမ်းကြီးလောင်းအသင်းကို့ပင် ပိတ်ဖြူဝတ်စုံဝတ် အသင်းသား အဖြစ်ဖြင့် ပါဝင် ဆောင်ရွက်ပါသည် ။ ပိတ်ဖြူဝတ်ထားသောကောလိပ်ကျောင်းသားကြီး ဆွမ်းဆန်တောင်း ထမ်း၍ လည်းကောင်း ၊ ကြေးစည်ရိုက်၍ လည်းကောင်း ဆွမ်းဆန်ခံထွက်နေသည်ကို တွေ့နိုင်ကြပါသည် ။

၎င်းပြင် ထိုစဉ်အခါက ကမာရွတ်သည် တို့ဗမာအစည်းအရုံး၏ အားအကောင်းဆုံးသော အခြေခံ ရပ်ကွက်တစ်ခု ဖြစ်နေလေပြီ ။ ကမာရွတ် တို့ဗမာအစည်းအရုံးကို ၁၉၃၄ ခုလောက်က စတင်တည်ထောင်ခဲ့ရာ စတင်တည်ထောင်ခဲ့သူများမှာ သခင်သိန်းဖေ နှင့် သခင်ခင်မောင် တို့ ဖြစ်သည်ဟု သိရလေသည် ။ ကျွန်တော် ကမာရွတ် ရောက်ပြီးနောက် ကမာရွတ် သခင်များ နှင့် လုံးမိချိန်တွင် သခင်သိန်းဖေ သည် ကာလကတ္တား သို့ ရောက်နေပြီဟု သိရသည် ။ ကျွန်တော်နှင့် မတွေ့လိုက်ရတော့ပါ ။ ၎င်းကား တက်ဘုန်းကြီးဝတ္တုကို ရေးသောကြောင့် တက်ဘုန်းကြီးသိန်းဖေ ဟု ကျော်ကြားလာသောသူပင် ဖြစ်ပါသည် ။

သခင်ခင်မောင် မှာမူ ကမာရွတ်သား ရှမ်းမြန်မာ ဖြစ်ပြီး ကမာရွတ်မှာပင် နေသဖြင့် ကျွန်တော်နှင့် တွေ့ရပါသည် ။ သခင်ခင်မောင် မှာကား ဖြူဖြူပုပု ခပ်တုတ်တုတ် ဖြစ်လေသည် ။ သခင်ဗစိန် သည် သူ့ထံသို့ အစည်းအရုံးကိစ္စနှင့် လည်းကောင်း ၊ အလည်အပတ်လည်းကောင်း လာတတ်လေရာ ကျွန်တော် မြင်တွေ့ဖူးရပါသည် ။ သခင်ဗစိန် မှာ ညိုညိုပုပု ခပ်ဝဝပင် ဖြစ်၏ ။ သူ့အား ဖြည်းဖြည်းနှေးနှေး သွားလာနေသည်ကို ဘယ်တော့မှ မမြင်ဖူးပါ ။ သူသည် ပုသဖြင့် သူ့ခြေတိုနေသည်ကို အမြဲသတိရကာ ခြေတိုနေသည်နှင့် ကာမိအောင် တမင်ပင် အလှမ်းကျယ်ကျယ်ကြီး လှမ်း၍ သွက်သွက်ကြီး လျှောက်ဟန် တူလေသည် ။

၎င်းပြင် သူစကားပြောတိုင်း ဒေါနှင့် မောနှင့် မပြောသည့်အခါဟူ၍ မတွေ့မမြင်ဖူးပါ ။ တရားဟော စင်မြင့် ပေါ်မှာလည်း ဒေါမောနှင့် ၊ နှစ်ယောက်တမ်း ပြောလည်း ဒေါမောနှင့် ၊ လူသူလေးပါး မကြားအောင် တိုးတိုးပြောရာမှာလည်း ဒေါမောနှင့်ပင် ဖြစ်ပေသည် ။ သူသည် မခင် ဆိုသော အမျိုးသမီး တစ်ယောက်နှင့် ညားသွားပြီဟုသတင်းစာထဲတွင် ပါလာသောအခါ ကျွန်တော် ပထမဆုံး စဉ်းစားကြည့်လိုက်သော အရာကား သူသမီးရည်းစားစကား ပြောပုံတည်း ။ သူ ဘယ်လိုများ သမီး ရည်းစား စကားပြောပါလိမ့် ။ ဒီဒေါ ဒီမောနှင့် ပဲလေလား ။

ကမာရွတ် ထဲမှာ နေရင်း ကျွန်တော်သည် သခင်များနှင့် တွဲလောင်းတွဲလောင်း ဖြစ်နေမိသည် ။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အပေါင်းပါ ရဲဘော်သုံးကျိပ်တွင် ဗိုလ်လင်းယုန် နှင့် ဗိုလ်မိုးညို ဟု ဖြစ်လာကြသော သခင်များမှာ ကျွန်တော်နှင့် ရွယ်တူလို ဖြစ်သဖြင့် ပိုလို့တွဲမိပါသည် ။ သခင်များ နှင့် ကျွန်တော် သည် တပူးတွဲတွဲဖြစ်နေသည်ကို ကမာရွတ် လူထုက အမှတ်ထားမိဟန် မတူသော်လည်း ပုလိပ်ကား ကောင်းစွာ အမှတ်ထားလေ၏ ။ ကျွန်တော့်အား ကောလိပ်ကျောင်းသားနိုင်ငံရေးသမားကြီးအဖြစ်ဖြင့် သက်ဆိုင်ရာသို့ ကမာရွတ် ဌာနမှ တိုင်ချက်ပို့ဟန် ရှိပေ၏ ။ အကြောင်းမူကား ကျွန်တော့် အဖေထံက ဆူပူကြိမ်းမောင်းသံနှင့် ချူသံပါအောင် ညည်းညူသံ ရောပြွမ်းထားသော စာတစ်စောင် လာသောကြောင့်တည်း ။ ကျွန်တော့်အဖေအား မြို့အုပ်မင်း က ခေါ်၍ “ မင်းသားဟာ သခင်တွေနဲ့ တွဲပြီး နိုင်ငံရေးလုပ်နေတယ်လို့ ဘုရင်ခံမင်းကြီးဆီက စာလာတယ် ၊ အစိုးရအမှုထမ်း သားသမီးဟာ နိုင်ငံရေး မလုပ်ရဘူးဆိုတာ သတိပေးဖို့ လိုတယ် ။ မင်းသားဆီကို စာချက်ချင်းရေးလိုက် ” ဟု မိန့်ကြားသည်ဟု ထိုစာက ဆိုလေသည် ။ အဖေက ကျွန်တော့်အား နိုင်ငံရေးသမား လုပ်သည့်အတွက် ဆူလိုက်လေသည် ။ “ ငါအလုပ်ပြုတ်အောင် လုပ်တာလား ” ဟုလည်း ငေါ့တော့တော့ မေးလိုက်သည် ။ မြို့အုပ်မင်းက ထိုသို့ စကားခေါ်ပြော သောအခါ မိုးကြိုးအပစ်ခံရသလို အဖေ ခံစားမိကြောင်း ၊ အိမ်ရောက်သောအခါ “ ငါယောကျာ်းရင့်မကြီး ငိုကြီးချက် မဖြစ်မိကြောင်း ” ကို ရေး၍ ညည်းညူသံ ပေးလေသည် ။ ၎င်းနောက် “ အိုင်စီအက် အောင် အောင် သင်ရမည် ” ဟူသော မှန်းချက်ကိုမမေ့ဖို့ ၊ မှန်းချက်နှင့် နှမ်းထွက် မကွာဖို့ သတိပေး နှိုးဆော်လိုက်လေသည် ။

သို့ရာတွင် ကျွန်တော့်မှာ ပုလိပ် အစီရင်ခံသလို နိုင်ငံရေးသမားကြီး မဟုတ်ပါ ။ အရပ်ထဲ နေရင်းက အရပ်ကိစ္စများ ထမ်းရွက်ရင်းက သခင်များ နှင့် ပေါင်းသင်းမိခြင်းသာ ဖြစ်ပါသည် ။ နိုင်ငံရေး စင်မြင့်သို့ တက်၍ တရားဟောခြင်း သော်လည်းကောင်း ၊ ဆန္ဒပြပွဲ ခေါင်းဆောင်ခြင်း သော်လည်းကောင်း ၊ တို့ဗမာအစည်းအရုံး ရန်ပုံငွေကောက်ခံခြင်းသော်လည်းကောင်း မလုပ်ခဲ့ပေ ။ သို့ရာတွင် နိုင်ငံရေးမှာတော့ စိတ်ဝင်စားသည် ၊ မျိုးချစ်စိတ်ဓာတ်ကလည်း ရင်တွင်းမှာ ဝင်နေပြီးဖြစ်ပါသည် ။

ငယ်ငယ်ကလေးတုန်းက မင်းသား ဦးစပယ်သစ် နှင့် မင်းသမီး ဦးဖူးညို တို့၏ ရုပ်သေးကို ကြည့်ရ စဉ် “ ဟင်္သာ စလုတ်ထွန်းပြီ ၊ မြန်မာတို့ ခေတ်ကောင်းချိန် နီးပါပြီ ” ဟု ရုပ်သေးစင်ပေါ်က တရား ဟောသံ ကြားနရကတည်းက အမျိုးသားအသိတရားတွေ ဝင်လာခဲ့သည် ။ ဘုန်းကြီးကျောင်း နေတုန်းကလည်း ဆရာတော် ဦးနန္ဒမာလာ နှင့် သပြေပင်ရွာမှ လူကြီးများက နှစ်ကျိတ်ရှစ်သောင်းသော သံခမောက်ဆောင်း စစ်သည်များကို ကွပ်ကဲလာမည့် မင်းလောင်းပေါ်မည့် အကြောင်း ၊ ထို မင်းလောင်း သည် မြန်မာပြည်ကြီးအား မိစ္ဆာဒိဌိများ လက်အောက် မှ ကယ်တင်မည့်အကြောင်းများ ပြောဆို ဆွေးနွေးနေကြသည်ကို ကြားရလေရာ ကျွန်တော့်မှာ များစွာ စိတ်အားထက်သန် နေမိပေသည် ။ အတန်ကြာအောင် မင်းလောင်း မျှော်သည့် ဝါဒစွဲနေသေးသည် ။

ကျွန်တော်တို့ ခြောက်တန်းလောက်တွင် ရှိနေတုန်း သာယာဝတီ သူပုန်ကြီး ပေါ်ပေါက်လာလေသည် ။ ကျွန်တော်တို့ မည်မျှ ချောက်ချားသွားပါသနည်း ၊ ကျွန်တော်တို့ မည်မျှ သွေးကြွသွားပါသနည်း ။ ဂဠုန်ဆရာစံသည် သံခမောက်ဆောင်း၍ ဂဠုန် ကို စီးကာ ကျွန်တော်တို့ ကျောင်းဝင်းထဲသို့ ထိုးဆင်းလာလေမည်လော ။

၎င်းနောက် ရန်ကုန်သက္ကသိုလ် ကျောင်းသားများသည် ဂဠုန်သူပုန် ထောက်ခံရေးများ ခေါင်းဆောင်၍ နိုင်ငံခြားအထည်အလိပ် သပိတ်မှောက်ရေး ၊ စီးကရက် မသောက်ရေး စသည်များ လုပ်ကြသည်ဟု ကြားလိုက်ရလေသည် ။ ထိုအခါ ကျွန်တော်တို့ ကျောင်းသားတွေ လိုက်လုပ်ကြသေးသည် ။ ပင်နီအပေါ်အင်္ကျီ ဝတ်လိုက်ကြသေးသည် ။မျိုးချစ်စိတ်၏ အထိမ်းအမှတ် အဖြစ်ဖြင့် လည်းကောင်း ၊ အင်္ဂလိပ်မဆန်လိုသော အထိမ်းအမှတ်အဖြစ်ဖြင့် လည်းကောင်း ၊ ဗိုလ်ကေတွေ ပယ်ကာ ခေါင်းတုံးပင် တုံးလိုက်ကြသေးသည် ။

ကမာရွတ် မှာ နေ၍ သခင်များနှင့် ပေါင်းမိသောအခါ နိုင်ငံရေးတွင် စိတ်ဝင်စားမှုနှင့် မူလရှိပြီး မျိုးချစ်စိတ်ဓာတ်တို့သည် တိုးတက်ပွားများလာသည်ကိုကား ဝန်ခံပါသည် ။ ၎င်းပြင် သခင်များကို ကျွန်တော် ကြည်ညိုလာကြောင်းကိုလည်း ဝန်ခံရပေမည် ။

ဥပမာ - ' ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည် ' ဟူသော ကိစ္စ၌ အချို့သူတို့က တောင်ငူ သခင်လှမောင် သည် မိုက်ရူးရဲလုပ်ကြောင်း ၊ အကျိုးမရှိတဲ့ လုပ်ငန်း လုပ်ကြောင်း ပြောဆိုရှုတ်ချ လေသည် ။ ကျွန်တော်ကား သခင်လှမောင် အား ချီးကျူးပါသည် ။ နှောင်းလူတို့ နားလည်နိုင်ရန် အနည်းငယ် ရှင်းပါရစေ ။ တောင်ငူ မှ သခင်လှမောင် ဆိုသူသည် တစ်နေရာသို့ စာရေးပို့ရာ စာအိတ်တွင် ဂျော့ဘုရင်တံဆိပ်ခေါင်းကို ပြောင်းပြန်ကပ်ပြီး အောက်မှ ' ခွေးခေါင်းပြောင်းပြန် ကပ်လိုက်သည် ' ဟု ရေးလိုက်လေသည် ။ ထိုကဲ့သို့သော ပြစ်မှုကြောင့် ထောင်ဒဏ် ( ၇ ) နှစ် ကျလေသည် ။ သခင်လှမောင် သည် ဤအလုပ်ကို အမှတ်တမဲ့ လုပ်လိုက်သည် မဟုတ် ။ တမင်ပင် အင်္ဂလိပ် အုပ်စိုးမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲ တစ်ရပ်အနေနှင့် တစ်ကိုယ်တည်း သူနားလည် စိတ်ကူးပေါက်သောနည်းဖြင့် ကျင်းပလိုက်ခြင်း ဖြစ်လေသည် ။ ယင်းဆန္ဒပြပွဲကား ထိရောက်လှပေသည် ။

သခင်များသည် အခြားနိုင်ငံရေးသမားကြီးများနှင့် မတူ ။ အငတ်အပြတ် အဆင်းရဲခံ၍ နိုင်ငံရေး လုပ်ကြ၏ ။ သွားလာစရာ စရိတ်မရှိလျှင် ခြေလျှင်လျှောက်၏ ။ သားမယား ၊ ဆွေမျိုးမိဘနှင့် ပြတ်စဲမည်လား ၊ တို့ဗမာအစည်းအရုံး လွတ်လပ်ရေးလုပ်ငန်းနှင့် ပြတ်စဲမည်လား ရွေးချယ်ရလျှင် တို့ဗမာအစည်းအရုံး လွတ်လပ်ရေးလုပ်ငန်းနှင့် မပြတ်စဲနိုင်ဟု ရွေးသူများဖြစ်ပေ၏ ။ ထောင်တန်းကိုလည်း မကြောက်သူများ ဖြစ်၏ ။ ထောင်ကျလျှင် ဝမ်းမနည်း ၊ စိတ်ဓာတ်မကျ ၊ ' အရှေ့က နေဝန်း ထွန်းသည့်ပမာ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ ' ဟူသော တို့ဗမာသီချင်းကို ဆိုလျက် စိတ်တင်းကာ ခံရဲသူတွေဖြစ်၏ ။ နိုင်ငံရေးသမားများ ဖြစ်ပါလျက် လက်ထိပ်ခတ်ခြင်း ၊ လူဆိုးရာဇဝတ်ကောင် ကို လုပ်နည်း အလုပ်ခံရသောအခါ သခင် အကျဉ်းသမားများသည် ထိုင်သပိတ် မှောက်ခြင်း ၊ အစာငတ်ခံခြင်း ၊ စသည်တို့ဖြင့် ဆန္ဒပြကြ၏ ။ ခုခံကြ၏ ။ အခွင့်အရေး ရအောင် ဆောင်ရွက်ကြလေ၏ ။ သူတို့လို မလုပ်နိုင်ဦးတော့ ၊ ကျွန်တော်သည် သူတို့ကို မကြည်ညိုဘဲ ရှိနိုင်ပါမည်လော ။

ကမာရွတ် တွင် စက်ရုံများရှိလေရာ အကြီးဆုံးစက်ရုံမှာ တယော စွပ်ကျယ်စက် ဖြစ်လေသည် ။ စွပ်ကျယ်စက် မှ အလုပ်သမားများသည်လည်း ကျွန်တော့်လိုပင် သခင်များကို ကြည်ညို၏ ။ သူတို့၏ စွန့်စားမှုအတွက် ချီးကျူး၏ ။ ကမာရွတ် မှာ သခင်တရားပွဲ ကျင်းပလျှင် တယောတံဆိပ် စွပ်ကျယ်စက်ရုံမှ အလုပ်သမားများသည် အားတိုက်အင်တိုက် တက်ရောက် အားပေးကြ၏ ။ ကျွန်တော်သည် သခင်များကို ကြည်ညိုအားပေးရာ၌ တစ်ယောက်ထီးတည်းကြီး မဟုတ်ပါ ။ ကျွန်တော် မမှားနိုင်ပါ ။ တစ်ယောက်ထီးတည်းဖြစ်လျှင်ကား “ ငါများ မှားနေပြီလား ”  ဟု ပူစရာ ရှိသေးသည် ။ ယခုမူ ပူစရာ မရှိပါ ။ ဆင်းရဲသား အလုပ်သမားများလည်း ကျွန်တော်တို့ဘက်က ရှိနေလေပြီ ။

ကျွန်တော်သည် နိုင်ငံရေးတွင် စိတ်ဝင်စားသည် ။ မြန်မာ့ခေတ်ကောင်းချိန်ကို မျှော်သည် ။ မြန်မာ့ လွတ်လပ်ရေးကို လိုလားသည် ။ သခင်နိုင်ငံရေးသမားများကို ကြည်ညိုသည် ၊ အားပေးသည် ၊ ထောက်ခံသည် ။ သို့ရာတွင် ကျွန်တော်ကိုယ်တိုင် နိုင်ငံရေးသမားကြီး ၊ နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်ဖို့ကား စိတ်ကူးပင် မထည့်မိရိုး ဧကန်အမှန် ဖြစ်ပါသည် ။

ပုလိပ်ကတော့ ကျွန်တော့အား နိုင်ငံရေးသမားကြီးအဖြစ် စာရင်းသွင်းထားလေပြီ ။ မြို့အုပ်မင်းက ကျွန်တော့်အဖေ မြေတိုင်းစာရေးကို ခေါ်၍ အစိုးရအမှုထမ်း သားသမီးဆိုတာ နိုင်ငံရေး မလုပ်ရဘူး ဟု သတိပေးစကား ဆိုလေပြီ ။ အစိုးရအမှုထမ်းများကား မလွတ်လပ် ၊ ၎င်းတို့၏ သားသမီးများပင် မလွတ်လပ်ကြ ။ ဖိနှိပ်ချုပ်ချယ်မှုတွေ များလှဘိတော့သည် ။ ဤသည်ကား ခံယူလိုက်သော သင်ခန်းစာ ပေတည်း ။

အစိုးရ အမှုထမ်းအလုပ် ကို ကျွန်တော် စိတ်နာလာသည် ။ အရာရှိကြီး ဖြစ်ဦးတော့ ၊ အိုင်စီအက်စ် ဖြစ်ဦးတော့ မလွတ်လပ်ဟူသော အမြင်ကို မြင်လာပေသည် ။ ထို့ကြောင့် ဖခင်ကြီး ပေးလိုက်သည့် အိုင်စီအက်စ် ဖြစ်ရမယ်ဟူသော ရည်မှန်းချက်ကို မစွန့်လွှတ်သော်လည်း လွတ်လပ်တဲ့အလုပ် လုပ်ရရင် ကောင်းမှာပဲဟု ထွက်ပေါက် ရှာမိလေသည် ။ ရှေ့နေ ၊ ဝတ်လုံ လုပ်ရရင် မကောင်းပေဘူးလား ၊ လွတ်လည်း လွတ်လပ်မယ် ၊ ဂုဏ်လည်း ရှိမယ် ၊ ဝင်ငွေလည်း ကောင်းနိုင်တယ် ။ ငါ့ အကြိုက် ဖြစ်နိုင်တယ် ။

ရည်မှန်းချက် ရွေးချယ်ရေးနှင့်ပတ်သက်၍ ကျွန်တော်သည် ဘက်တ်မင်တန် ကြက်တောင်လို ဖြစ်နေဟန်ရှိသည် ။ အခြေအနေ အဖြစ်အပျက် အမျိုးမျိုးတို့၏ ကြားဝယ် ရိုက်ပုတ်ထုတ်သည့် ဘက်သို့ ကူးနေရလေသည် ။

ကောလိပ်ကျောင်းတွင် အသင်းအမျိုးမျိုး ရှိ၏ ။ မွေးရပ်ဒေသဆိုင်ရာ အသင်းများ ၊ ပညာဘာသာရပ် ဆိုင်ရာ အသင်းများ ၊ ကျောင်းဆောင်အလိုက် အသင်းများ ၊ ဘာသာရေး အသင်းများ ၊ ကျန်းမာရေး အသင်းများ နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ တို့ ဖြစ်လေသည် ။

ကျွန်တော်တို့ နေ့ကျောင်းသားများကလည်း အသင်းဖွဲ့ထားသေးသည် ။ ကျွန်တော်သည် တက္ကသိုလ် ကျောင်းသားသမဂ္ဂသို့လည်း ဝင်ထားလေသည် ။ ၎င်းပြင် ပညာဘာသာရပ်ဆိုင်ရာ အသင်းအချို့ကိုလည်း ဝင်ထားလေသည် ။ ဗုဒ္ဓဘာသာအသင်းကိုလည်း လက် မလွှတ်ပါ ။ အသင်းအပင်း ဗာဟီရကိစ္စများမှာ အတော်များပေ၏ ။ တက္ကသိုလ်ကျောင်းသမဂ္ဂ သည် အရှိန်တက်နေတုန်း ဖြစ်လေသည် ။ သမဂ္ဂဥက္ကဌရွေးကောက်ပွဲ နှင့် အမှုဆောင်ရွေးကောက်ပွဲများတွင် ကိုယ်တိုင်ဝင် အရွေးမခံသော်လည်း သခင်ဆန်သော ကျောင်းသားများဘက် မှ အနိုင်ရအောင် ကျွန်တော်တို့ ဝင်လုံးပန်းရ ပါသေးသည် ။

ကျွန်တော် တက္ကသိုလ် စရောက်သည့်နှစ်မှာ ၁၉၃၅ - ၃၆ ဖြစ်လေရာ ကျောင်းသားလောကသည် အထူးသဖြင့် အုံကြွသည့်နှစ်ပေတည်း ။ ၁၉၂ဝ ပြည့်နှစ် ကျောင်းသားအရေးတော်ပုံ ပြီးသည့်နောက် အကြီးဆုံး ကျောင်းသားအရေးတော်ပုံ ပေါ်လာသောနှစ်ဖြစ်သည် ။ တက္ကသိုလ်ရောက်ခါစ နှစ်လည်းဖြစ် ၊ အဖေ့ဩဇာ ပူနွေးနေတုန်းလည်း ဖြစ်ပြန်လေရာ ထိုကျောင်းသားအရေးတော်ပုံတွင် ကျွန်တော်၏ အခန်းမှာ ဘာမျှပြောစမှတ် မပြုလောက်ပါ ။ ဒီရေထဲ မျောပါနေသော ဗေဒါပင်လောက်သာ ဖြစ်ပါသည် ။ အများနည်းတူ သမဂ္ဂထဲဝင်လိုက်သည် ။ အများနည်းတူ သမဂ္ဂမှ ကြီးမှူးသော တရားပွဲများသို့ သွားနာသည် ။ အများနည်းတူ လက်ခုပ်တီးသည် ။

အများနှင့် တူနိုင်မည် မဟုတ်သော အတွေ့အကြုံကလေး တစ်ခု နှစ်ခု တော့ ရှိပါသည် ။ ၎င်းတို့ကား ဤသို့တည်း ။ သမဂ္ဂဥက္ကဌဖြစ်လာသူ ကိုနု သည် ကျွန်တော်တို့ တက္ကသိုလ်မရောက် မီ နှစ်ပေါင်းများစွာက ဘီအေအောင်ပြီး ကျောင်းဆရာ လုပ်နေခဲ့သည် ။ နောက် မှ ဥပဒေသင်တန်း တက်ရန် တက္ကသိုလ်သို့ ပြန်လာခဲ့ခြင်းကြောင့် ကျွန်တော်တို့လူငယ်တွေနှင့် ဆုံစည်းရခြင်းဖြစ်၏ ။ သူ့မှာ ရှင်းလင်းပြတ်သားသော မျက်နှာရှိ၏ ။ သူ့ကိုယ်လုံးကိုယ်ပေါက် နှင့် သူ့အသက်အရွယ်မှာလည်း ကျွန်တော်တို့ ကျောင်းသားကလေးများနှင့် စာသော် ညီအစ်ကိုအများအပြားတွင် အစ်ကိုအကြီဆုံး နှင့် ညီအထွေးဆုံးတွေလို ဖြစ်နေပေရာ ကိုနု သည် ကျွန်တော်တို့၏ ချစ်ကြောက်ရိုသေခြင်းကို ခံရလေသည် ။ သူသည် စကားပြောလည်း ကောင်း၏ ။ ပြတ်သားစွာ ပြောရုံမက လှုပ်ရှား အောင် လှုံ့ဆော်၍ ပြောဆိုသည် ။ ဤအချက် များတွင် အများအတွေ့အကြုံနှင့် ကျွန်တော့်အတွေ့အကြုံ ခြားနားလှမည် မဟုတ်ပါ ။ သို့ရာတွင် ကိုနု က ကျောင်းအုပ်ကြီး မစ္စတာစလော့စ် နှင့် အခြား မျက်နှာဖြူ ပါမောက္ခများကို ဗမာ့အပေါ် ဟော့ရမ်းခြင်း ၊ မောက် မာခြင်းများ အတွက် ရှုတ်ချလိုက်သောအခါ ကျွန်တော့်အတွေ့အကြုံသည် အများအတွေ့အကြုံနှင့် တူနို်င်မည် မဟုတ်ဟု ထင်ပါသည် ။ ကျွန်တော်သည် ပရိသတ်ထဲက အခြားသူများကို မဆိုထားဘိ ၊ ထိုစကားကိုပြောသော ကိုနု ထက်ပင် ထိုစကား၏ သဘောသကန်ကို နားလည်ပေသည် ။ အကြောင်းမူကားကျွန်တော် ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှ ငှားပေးရသော ကော်ဇောပေါ်တွင် ဖိနပ်ဖြင့် လျှောက်သော မျက်နှာဖြူလယ်ဝန်မင်း သည် ကျွန်တော့်အဖေအား  “ ဒမ်ဖူး ”  ဟု ဆဲပြီး မြေပုံလိပ်ဖြင့် မျက်နှာကို ပေါက်ခဲ့သည်ကို ကိုယ်တွေ့ဖြစ်သောကြောင့် ပေတည်း ။

တက္ကသိုလ် အာဏာပိုင်တို့၏ အပြုအမူများကို ကန့်ကွက်သောအားဖြင့် လည်းကောင်း ၊ အင်္ဂလိပ် နယ်ချဲ့သမားတို့ ပေးသော ကျွန်ပညာကို ဖော်ထုတ်ရှုတ်ချသောအားဖြင့် လည်းကောင်း ကိုနု က ဘီအေဘွဲ့ကို ပြန်အပ်သောအခါ ယင်းသို့ အပ်ခြင်းသည် အများတကာမှာထက် ကျွန်တော့် အပေါ် တွင် ပို၍ စူးရှထက် မြက်သော အာနိသင်ရှိသည် ဟု ကျွန်တော် ဆိုချင်ပါသည် ။ ကျွန်တော်သည် အင်္ဂလိပ်စာ သင်မည် ၊ စာမေးပွဲ အောင်ရမည် ဟူသော မှန်းချက်ဖြင့် ဆယ်တန်း အောင်ခဲ့သည် ။ နောက် ဘီအေ အောင်ရမည် ၊ အိုင်စီအက်စ် ဖြစ်ရမည် ဟူသော ပြဌာန်းချက် များဖြင့် ကောလိပ်သို့ တက်ခဲ့သည် ။ ဤပြဌာန်းချက် များကို နှလုံးပိုက်၍ ပညာသင်နေစဉ် ကိုနု ၏ ဘွဲ့ပြန်အပ်သော အလုပ်သည် ဇက်ကြိုး ဆောင့်ဆွဲလိုက်သည်နှင့် တူပေ၏ ။ ယင်းသို့သောပြဌာန်းချက် များ၏ ဘောင်အတွင်းမှာ စဉ်းစားနေရာမှ ထိုဘောင်ကို ခွဲဖျက်လိုက်ပြီး လွတ်လပ်စွာ စဉ်းစားစေသည်နှင့် တူပေ၏ ။ သင်ကြားနေရသော ပညာရပ်တစ်ခုလုံးကို ပြန်လည် စဉ်းစားလာ၏ ။ ပညာရေးစနစ် တစ်ခုလုံးကို ဝေဖန်စ ပြုလာ၏ ။ ထိုပညာရေးစနစ်ကို ဖန်တီးပေးလိုက်သော နယ်ချဲ့အုပ်ချုပ်ရေး အဆောက်အအုံ တစ်ခုလုံးကို ခြုံ၍ ဆင်ခြင်သုံးသပ်လာလေတော့၏ ။

ကျွန်တော့်အတွေးအခေါ်ကား ပြောင်းလဲမှု စလေပြီ ။

သို့ရာတွင် အလုပ်ကား မပါလှသေးပါ ။ ဓလေ့ထုံးစံ အကျင့်စသည်တို့၏ အရှိန်အာနိသင်သည် ကြီးမားလှပေစွ ။ စာမေးပွဲအောင်ဖို့ စာသင်သည် ဟူသော ဓလေ့ထုံးစံသည် ခြွင်းချက် မဟုတ်ပေ ။ ထို့ကြောင့် ၁၉၃၆ ခု ၊ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားလာသောအခါ ကျွန်တော်သည် အများ နည်းတူ သပိတ်မှောက်၍ လိုက်ခဲ့သော်လည်း တောင်းဆိုချက်ရလျှင် ကျောင်းပြန်၍ စာမေးပွဲ ဖြေရမည်ဟူသော ရည်ရွယ်ချက်ကား အမြဲ ရှိနေလေသည် ။ အိုင်စီအက်စ် အောင်ရမည် ဟူသော မှန်းချက်ကလေးက ဦးနှောက်၏ နောက်ကွယ် တစ်နေရာမှ စက်ပုန်းခုတ်နေဆဲ ဖြစ်လေသည် ။

သပိတ်မှောက်စ၌ ရွှေတိဂုံကုန်းတော်ပေါ်တွင် သပိတ်စခန်းသို့ မှန်မှန် ရောက်၏ ။ ညအိပ်သည့်အခါ အိပ်လိုက်သေး၏ ။ နောက် သပိတ် နှင့် အာဏာပိုင် အရေးဆို၍ အကြိတ်အနယ်ဖြစ်လာသော အခါ ကျွန်တော်သည် မိဘရပ်ထံသို့ ပြန်ခဲ့လေသည် ။ ကျွန်တော့်အဖေက သပိတ်မှောက်ရာသို့ ပါရပါမည်လားဟု ဆီး၍ ကြိမ်းလေရာ “ အများလုပ်တော့ လိုက်လုပ်ရတာပေါ့ အဖေရဲ့ ။ သံဃာ အား ဘုရား မဆန်သာလို့တောင် စကားပုံရှိတယ် မဟုတ်လား ” ဟု ကျွန်တော်က အဖြေပေးလေသည် ။ အမေက ပြန်ရောက်လာသည့် သားအား အေးမြခြင်း နှင့် ချစ်ခြင်းကိုသာ ပြရမည်ဟု ကူပြောလေသည် ။ အဖေ့စိတ်မှာ မပြေတတ်သေး ။ ကျွန်တော်က -

“ ကိစ္စမပြီးပြတ်သေးခင် ဟိုမှာနေရင် စာမဖတ်ဖြစ်မှာစိုးလို့ အိမ်ပြန်လာခဲ့တာ ၊ အိမ်မှာ စာဖတ်မယ် ”

ဖခင်ကြီးသည် စိတ်ပြေသွားပြီး အခွန်တော် ပြေစာများ ကုန်းရေးနေလေသည် ။ သူအလုပ်လုပ်ပုံ ကြည့်ရသည်မှာ ကျွန်တော့် နောက်ဆုံးစကားကြောင့် အလုပ်နှစ်ဆတိုးလုပ်ရန် စိတ်ထက်သန် သွားဟန် ရှိပေသည် ။

ဤကား ၁၉၃၆ ခု သပိတ်အတွင်းက အဖြစ်အပျက် ။

နောက်နှစ်များတွင်လည်း ကျွန်တော်သည် သခင်ဆန်သော ကျောင်းသားခေါင်းဆောင်များကို စိတ်အားဖြင့် လုံးဝထောက်ခံ၏ ။ လက်တွေ့အားဖြင့် မဲပေးခြင်း ၊ အစည်းအဝေးတက် နားထောင် ခြင်းမျိုးဖြင့် ထောက်ခံ၏ ။ ကျွန်တော်တို့ ထောက်ခံသော ကျောင်းသားခေါင်းဆောင်များတွင် ကိုဘဂျမ်း ၊ မိတ္ထီလာကိုလှမောင် ၊ ကိုအောင်ဆန်း ၊ ကိုဘဟိန်း ၊ ကိုဗဆွေ ၊ ကိုထွန်းရှိန် စသည်တို့ကို အထူး သတိရပေသည် ။ သူတို့ထဲတွင် ကိုဘဟိန်း နှင့် ကိုထွန်းရှိန် တို့မှလွဲ၍ အခြားသူတို့မှာ ရုပ်လက္ခဏာ မကောင်းကြပါ ။ ကိုဘဂျမ်း မှာ မထိတထိ အားမလို အားမရ မျက်နှာရှိသည် ။ ကိုလှမောင် မှာ ရှုံ့မဲ့မဲ့ မျက်နှာ ရှိသည် ။ ကိုအောင်ဆန်း ကား စုတ်ချွန်းချွန်း မှုန်တေတေ မျက်နှာ ရှိသည် ။ ကိုဗဆွေ မှာ ပျင်းရိထိုင်းမှိုင်းသော မျက်နှာရှိသည် ။ သို့ရာတွင် ရုပ်လက္ခဏာသည် အရေးကြီးလှသည်ဟု မထင်ပါ ။ သူတို့အားလုံးသည် ကျောင်းသားအရေးများ စိတ်ပါလက်ပါ ရိုးရိုးသားသား ဆောင်ရွက်နေကြသည်ကို တွေ့ရ၏ ။ သူတို့အားလုံးသည် တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးဟန် ရှိ၏ ။ ထို့ပြင် သူတို့အားလုံးသည် ကျွန်တော့်ထက် စွန့် လွှတ်နိုင်သော သတ္တိများ ရှိကြ၏ ။ ထို့ကြောင့် သူတို့အား ကြည်ညိုပါသည် ။

သည်လိုနှင့် ၁၉၃၈ ခုနှစ် သို့ ရောက်ခဲ့ပြီ ။ ထိုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ၌ ကိုဘဟိန်း ဥက္ကဌ ၊ ကိုလှရွှေ က ဒုတိယဥက္ကဌ ၊ ကိုဗဆွေ က အတွင်းရေးမှူး ဖြစ်ကြလေ၏ ။

ထိုနှစ်၏ နောက်ပိုင်းကား ဤဝတ္ထု စတင် အကွက်ဖော်သည့် အချိန် ဖြစ်ပေသည် ။ သို့ရာတွင် ပြည်ဖုံးကားကို မ .. မ တင်မီ ကျွန်တော်၏ အရင်က အခြားအဖြစ်အပျက် အချို့ကိုလည်း အတိုချုံး၍ အစီရင်ခံဖို့ လိုသေးသည်ဟု ထင်ပါ၏ ။ သို့မှ ချစ်စွာသော စာဖတ်သူသည် ဤဝတ္ထုတွင် ကြုံတွေ့ နေရမည့် ကျွန်တော့် အား ပိုမို အကဲခတ်နိုင်ရန် အခြေခံရထားပါလိမ့်မည် ။ 

◾ သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment