Friday, September 10, 2021

တင်ထွန်း ဟု မှည့်ခေါ်ပုံ


 

  ❝ တင်ထွန်းဟု မှည့်ခေါ်ပုံ ❞

ကျွန်တော့်နာမည် တင်ထွန်း မှာ ငယ်နာမည် မဟုတ်ပါ ။

ကျွန်တော့် ငယ်နာမည်မှာ ကျွန်တော့် အကိုက ဘဦး ဖြစ်သဖြင့် ကျွန်တော်က ဘထူး ဖြစ်ခဲ့ပါသည် ။

သို့ရာတွင် ကျွန်တော် မြန်မာစာသင်ကျောင်း ( ဝါ ) လောကဓာတ်ကျောင်းမှ ထွက်၍ အင်္ဂလိပ် ကျောင်းသို့ ပြောင်းရွှေ့သောအခါမှ ကျွန်တော့်နာမည်ကို တင်ထွန်း ဟု ပြောင်းလိုက်ပါသည် ။

အကြောင်းကား ဘထူး ဟူသောအမည်မှာ နေ့နံနှင့် မကိုက်ရုံမက ရိုးလည်း ရိုးလွန်းသည် ။ ကျွန်တော် မှာ စနေသား ဖြစ်သဖြင့် စနေနံဖြင့် စပြီး စနေအညွှန့်တက်ရလျှင် အလွန် ဘုန်းတန်ခိုး ကြီးမည် ၊ ကျော်ကြားမည် ၊ ပညာထွန်းမည် ၊ စည်းစိမ်ဥစ္စာပေါမည် စသည်ဖြင့် ကျွန်တော်တို့ ရွာမှ ဗေဒင်ဆရာ ဦးအံ့ကြီး က ဆိုကာ ဆရာအံ့ ကိုယ်တိုင် ကျောက်သင်ပုန်းတွင် စနေပေါ် စနေအညွှန့် တက်သော နာမည်များစွာရေး၍ ကျွန်တော့်အား ရွေးချယ်စေသောကြောင့် တင်ထွန်း ဟူသော အမည်ကို ရွေးချယ်ယူလိုက်ခြင်း ဖြစ်ပေသည် ။

ကျွန်တော့် အဘိုးမှာ လျှောက်လွှာစာရေးကြီး ဖြစ်ပြီး ကျွန်တော့် အဖေမှာ မြေတိုင်းစာရေး ဖြစ်သည် ။ ကျွန်တော့် အမေ့မောင် ကျွန်တော့် ဦးလေးမှာ မြို့အုပ်ရုံး စာရေး ဖြစ်သည် ။ ကျွန်တော့်အဒေါ် တစ်ယောက်၏ ယောက်ျား ၊ ကျွန်တော့် ဦးလေးတော်သူမှာ ဒိစတြိတ်ကောင်စီ စာရေး ဖြစ်လေသည် ။ ထို့ကြောင့် ကျွန်တော်တို့ အမျိုးမှာ စာရေးမျိုး ဖြစ်သည်ဟုဆိုလျှင် မမှားနိုင်ပါ ။

စာရေးမျိုးမှာ လူဖြစ်ရခြင်းအတွက် ကျွန်တော်က မကျေမနပ် ဖြစ်ရကောင်းမှန်း မသိသော်လည်း ကျွန်တော့်အဖေသည် များစွာ မကျေမနပ် ဖြစ်ဟန် တူလေသည် ။ “ စာရေး ဖြစ်ရတာလောက် နုံတာ လောကမှာ မရှိဘူး ” ဟု ကျွန်တော့်အဖေက ခဏခဏ ပြောလေ့ရှိလေသည် ။

စာရေးဘဝတွင် ကျွန်တော့်အဖေ အသည်းအနာဆုံး အလုပ်မှာ လယ်ဝန် ( သို့မဟုတ် မြေစာရင်း ဝန်ထောက် ) အား ဘုရား ထူးရခြင်း နှင့် ရှိခိုးရခြင်း အလုပ် ဖြစ်လေသည် ။ ရှိခိုးရခြင်း ဆိုသည်မှာ စကားတင်စား ပြောခြင်း မဟုတ်ပါ ။ တကယ်ပင် လယ်ဆယ်ဖြာ ကြာပဒုံဖြင့် နဖူးပြင်တင်၍ ရှိခိုးရခြင်း ဖြစ်ကြောင်း ကျွန်တော်ကိုယ်တိုင် မြင်ဖူးပါသည် ။

ယင်းကဲ့သို့ ကျွန်တော့်အဖေ အသည်းအနာဆုံး အလုပ်များတွင် တဖျစ်တောက်တောက် မေ့ပျောက် မရအောင် အသည်းနာခြင်း အထွတ်သရဖူမှာ ဤသို့ဖြစ်ပါသည် ။

သူနှင့် မြေတိုင်းကျောင်းနေဖက် သူ့သူငယ်ချင်း တစ်ယောက်သည် သူ့လို မြေတိုင်းစာရေးဘဝမှ အင်္ဂလိပ်စာအလွတ်သင်ပြီး ဆယ်တန်းအောင်၍ အလုပ်တက်သွားရာ နောက်ဆုံး ခေတ္တ လယ်ဝန် မင်းပင် ဖြစ်သွားလေသည် ။ သူသည် ခေတ္တလယ်ဝန်မင်းအဖြစ်ဖြင့် ကျွန်တော့်အဖေ၏ အုပ်စုသို့ ကွင်းဆင်းလျက် စစ်ဆေးလေသည် ။ ထိုသူငယ်ချင်းဟောင်း ခေတ္တလယ်ဝန်မင်း အားလည်း ကျွန်တော့်အဖေသည် ဘုရားထူးလိုက်ရပါသည် ။ အဲဒီတုန်းက ကျွန်တော့်အဖေက “ ငါ့သား ၊ မင်း အင်္ဂလိပ်စာ တတ်အောင်သင်ရမယ် ၊ တစ်နေ့ လယ်ဝန်ဖြစ်အောင် လုပ်ရမယ် ”  ဟု ကျွန်တော့် ဘဝ အတွက် လမ်းညွှန်သမှု ပြုပါလေသည် ။

တစ်ခါက ကျွန်တော့်အဖေသည် သာရိုးကုန်း ဆိုသော အုပ်စုကို ကိုင်ရလေသည် ။ ကျွန်တော့် အသက်ကား အတော်ပင်ငယ်သေးသည်ထင်၏ ။ ကျွန်တော်တို့သည် သာရိုးကုန်း ရွာတွင် နေကြ လေသည် ။ ထိုရွာကား ပေတစ်ရာလမ်းမကြီးပေါ်မှာပင် တည်ရှိ၏ ။ သားရိုးကုန်းတွင် နေကြခိုက် မျက်နှာဖြူ လယ်ဝန်တစ်ဦး လာရောက်လေသည် ။ ရွာတွင် ဗိုလ်တဲ မရှိခြင်းကြောင့် ကျွန်တော်တို့၏ အိမ်အပေါ်ထပ်ကို ဗိုလ်တဲသဖွယ် လုပ်ပေးထားရလေသည် ။ ဘုန်းတော်ကြီးကျောင်းမှ ကော်ဇော များ ငှားကာ ခင်းပေးထားရာ မျက်နှာဖြူ လယ်ဝန်မင်းက ဖိနပ်ကြီးစီး၍ ကော်ဇောပေါ်မှာ လျှောက် ၏ ။ သူ့စားပွဲထိုးအား ကျွန်တော်တို့က ကြက် ၊ ကြက်ဥ ၊ သားငါးများ ပေးရ၏ ။ ၎င်းက အထူးထူးသော နည်းများဖြင့် ဗိုလ်စာ ပြင်ဆင်ချက်ပြုတ်၍ လယ်ဝန်မင်းအား ပွဲတော်ဆက်ရ၏ ။ ကျွန်တော် တို့ အသုံးပြုနေသော ယိုအိမ်သာ ရှိပါလျက် မျက်နှာဖြူလယ်ဝန်မင်းအတွက် နှီးကြော်ဖျာကာ၍ အိမ်သာသစ် လုပ်ပေးရ၏ ။ ကျွန်တော် မှတ်မိပါသေးသည် ။ ကျွန်တော်သည် ဤသို့စိတ်မှာ ဖြစ်မိ လေသည် ။ ဤ မျက်နှာဖြူ လယ်ဝန်မင်းကြီး သည် အသားအရောင်လည်း ငါတို့နှင့် မတူ ၊ စားပုံ လည်း ငါတို့နှင့် မတူ ၊ ယိုပုံလည်း ငါတို့နှင့် မတူ ၊ ဧကန္တ သူ့ချေးသည်လည်း ငါတို့နှင့် တူမည် မဟုတ် ။ ထိုသို့ စိတ်မှာ ဖြစ်ပြီး ကျွန်တော်သည် သူယိုထားသော ချေးကို သွားကြည့်လေသည် ။ ကျွန်တော်တို့၏ ချေးနှင့် တူနေသည်ကို တွေ့ရသောအခါ များစွာ အံ့ဩနေမိလေသည် ။

ကျွန်တော့်အဖေသည် မျက်နှာဖြူလယ်ဝန်မင်းအား ကျွန်တော့်လောက် အထင်ကြီး မကြီး ကိုကား မပြောတတ် ။ သို့သော် သူ့အား ဘုန်းကြီးကျောင်းက ကော်ဇောပေါ်တွင် ဖိနပ်စီးလျှောက်စေသည့် တိုင်အောင် ပြုစုဧည့်ခံသည်ကို ထောက်လျှင် အတော် အထင်ကြီးသည်ဟုကား ဆိုနိုင်ပေသည် ။ မျက်နှာဖြူ လယ်ဝန် မူကား ကျွန်တော့်အဖေကို အတော် အထင်သေးဟန် ရှိ၏ ။ ကျွန်တော့် အဖေအား နင်နှင့် ငါနှင့် စကားပြော၏ ။ ဤမျှမကသေး ၊ ကွင်းစစ်ရင်း ' ဒမ်းဖူး ' ဟု အော်ကာ မြေပုံလိပ်ဖြင့် ကျွန်တော့်အဖေ၏ မျက်နှာကို ပေါက်၏ ။ ကျွန်တော့်အဖေ၏ မျက်နှာမှာ နီမြန်းသွားလေသည် ။ သို့ရာတွင် လက်အုပ်ချီ၍ နောက်ဆုတ်သွားပြီး လယ်ဝန်မင်းကွယ်ရာမှာ စိတ်ဆိုးဆိုးနှင့် ထန်းရည် နင်းသောက်ခြင်းကိုသာ လုပ်နိုင်ရှာလေသည် ။ နောက်ကျွန်တော် သိတတ်သော အရွယ်ရောက် မှ ကျွန်တော့်အဖေ ပြောပြသည်မှာ သူသည်ဒေါသအမျက် ချောင်းချောင်းထွက်ပြီး မျက်နှာဖြူ လယ်ဝန်မင်းကြီး ခေါင်းကို ရိုက်ခွဲရန် သံတုတ်တစ်ချောင်း ဆောင်ထားသေးသည် ။ အချက်ကောင်း ပေါ်၍ ရိုက်လိုက် မည်လုပ်သောအခါ ကျွန်တော့်အမေ နှင့် ကျွန်တော်တို့ မျက်နှာများကို ပြေးမြင်ပြီး “ အင်း ၊ ငါရမ်းလိုက်ရင် သူတို့ ဒုက္ခလှလှကြီး တွေ့တော့မှပဲ ” ဟု သူ့စိတ်ကိုသူ ဆုံးမလိုက်ရ သည် ဆိုပေသတည်း ။

ထိုအကြောင်းကို ပြန်ပြောရင်း ..

“ အင်း ၊ စာရေး လုပ်ရတာလောက် နုံတာ လောကမှာ ဘာမှ မရှိဘူး ။ အင်္ဂလိပ် ကျောင်းဆက်နေနိုင်အောင် လေးတန်း စကောလရှစ် ရအောင်သင် ။ အင်္ဂလိပ်စာတတ်မှ မြေတိုင်းစာရေး မဖြစ်ဘဲ လယ်ဝန်ဖြစ်မှာ ၊ နားလည်လား ”  ဟု သင်ခန်းစာပေးပြန်လေသည် ။

ကျွန်တော့်အဖေမှာ နုံလှသော မြေတိုင်းစာရေးဘဝကို စွန့်လွှတ်လိုလှ၏ ။ ထို့ကြောင့် စွန့်လွှတ်နိုင်ရန် တစ်ဖက်ကကူးသန်းရောင်းဝယ်ရေး လုပ်စမ်း၏ ။ ဆေးလိပ်ခုံ ထောင်ကြည့်၏ ။ အောက်ပြည်အောက်ရွာသို့ ပဲ ၊ သနပ်ခါးခေါက် ၊ ဆီးသီးများ ပို့စမ်း၏ ။ ငံပြာရည် ရောင်း၏ ။ အရောင်းအဝယ် မစွံရုံမက မိဘအမွေအနှစ်ဖြစ်သော ယာတောနှစ်တော ဆုံး ၊ နေအိမ် ချစ်တီးလက် အပ်ရသည်အထိ ဖြစ်သွားလေ၏ ။ မြေတိုင်းစာရေး အလုပ်ကို အကူစာရေးလက်တွင် မျက်နှာလွှဲထားရာ အမှားမှား အယွင်းယွင်း လစ်ဟင်းခြင်းတွေများပြီး သူပါ အလုပ်ပြုတ်တော့မတတ် ဖြစ်သွားလေသည် ။ ကံကောင်း၍ မျောက်သစ်ကိုင်းလွတ် မဖြစ်သည် ။ သို့နှင့် ဒုံရင်းအတိုင်း မြေတိုင်း စာရေး ပြန်ဖြစ်လေသည် ။

ကျွန်တော့်အဖေသည် စာရေးဘဝကို တော်လှန်လို၏ ။ သူကိုယ်တိုင် မတော်လှန်နိုင်ရှာတော့ပြီ ။ ထို့ကြောင့် ကျွန်တော့်အားသာ သူ၏ တော်လှန်ရေး မှီခိုရာ ၊ တည်ဆောက်ရာ ၊ အားထားရာ ၊ မျှော်လင့်စရာ အဖြစ်ဖြင့် သတ်မှတ်ထားပါလေတော့သည် ။ ကျွန်တော်သည် မြန်မာစာ ၄ - တန်းတွင် စကောလားရှစ် ရ ရမည် ။ အင်္ဂလိပ်စာ ဆယ်တန်းအောင်အောင် သင်ရမည် ။ မြေတိုင်းစာရင်း အင်စပတ်တော် ကျောင်းတက်ရမည် ။ အင်စပက်တော် လုပ်ငန်းလုပ်ရင်း အလုပ်ကို ကြိုးစားကာ လယ်ဝန် ဖြစ်ရမည် ။

ကျွန်တော့်မှာလည်း ဉာဏ်ကလေးကလည်း အထိုက်အလျောက်ရှိ ၊ လုံ့လလည်း အတော်အတန် ထုတ်သဖြင့် မြန်မာစာ ၄ - တန်း စကောလားရှစ် စာမေးပွဲကို အောင်ပါလေသည် ။ ထို့ကြောင့် အင်္ဂလိပ်ကျောင်း ပြောင်းနေရတော့မည် ။ ထို့ကြောင့် နာမည်သစ် တင်ထွန်း ကို ရွေးယူလိုက်ပါသည် ။

နာမည်သစ်ရွေးသည့်နေ့က ဗေဒင်ဆရာကြီး ဦးအံ့ အား ကျွန်တော့် အဖေက -

“ သားသုံးမျိုး ရှိတဲ့အနက်က ကျွန်တော့်သားက အတိဇာတ သားဗျ ။ အဖေ့ထက် မြတ်တဲ့သား ၊ ဇာတာခွင်ကိုလည်း ကြည့်စမ်းပါဦး ။ အဓိပတိဖွား ၊ ကြည့်စမ်း ဥစ်ဘယ်နှချပ် ရသလဲ ”

ဦးအံ့ကြီး သည် ကွမ်းသွေး ဗြစ်ခနဲထွေးပြီး ကျောက်စလင်းအစစ် မျက် မှန်အောက် မှ မျက်လုံးများကို ပင့်မ၍ ဇာတာခွင်ကို ကြည့်နေလေသည် ။ ပါးစပ်မှလည်း  “ နောဧကနော ၊ ဒွေးကုတ် ” စသည်ဖြင့် ရွတ်နေပါသည် ။

ကျွန်တော့် အမေကား လက်ဖက်ကို တို့၍ တို့၍ မြုံ့လျက် ဖခင်ကြီးကား ပါးစပ်ကိုရွဲ့၍ ဇာတာကိုကြည့်ပြီးနောက် -

“ ကျွန်တော့်သား မျက်နှာမြင်ခါနီးမှာ အိပ်မ က် ထူး မြင်ထားတယ်ဗျ ၊ ဘုရားသခင် ကောင်းကင်က ဈာန်ကြွလာတာ ဖူးရတယ်လို့ ”

ကျွန်တော်ကား ဇာတိချက်ကြွေ ရပ်ရွာမြေကို စွန့်ခွာရလေပြီ ။ အင်္ဂလိပ်ကျောင်း ရှိရာ မြို့သို့သွား၍ အင်္ဂလိပ်ကျောင်းသား ဖြစ်ရလေပြီ ။

ယောကျာ်းဘသား လယ်ဝန်ဖြစ်ရမည် ။

ဤသည်ကား ကျွန်တော့် ဖခင်၏ အားပေးသံတည်း ။

ဤသည်ကား ကျွန်တော်၏ ဘဝတွင် အစောဆုံးသော ခံယူချက်ဖြစ်ပါသည် ။

ယခု အသက် ၂၅ နှစ် တစ်ဝိုက်အရွယ် ယခု ကျွန်တော့်ဘဝ ဝတ္ထုဇာတ်လမ်းစရသော အခြေရောက်ခါမှ ထိုကဲ့သို့သော ဖခင်၏ အားပေးပုံနှင့် ဤကဲ့သို့သော ကျွန်တော်၏ ခံယူပုံတို့ကို ပြန်လည် သုံးသပ်ကြည့်လိုက်သောအခါ ဖခင်ကြီးကို သရော်ချင် သလိုလို ၊ ကျွန်တော့်ကိုယ်ကိုယ် သနားစရာ ကောင်းတဲ့ သတ္တဝါလေးပါကလားဟု ဆိုချင် သလိုလို ဖြစ်ပေါ်လာသော်လည်း ၊ ထိုစဉ် ထိုအခါကမူ ဖခင်ကြီးအား အမြော်အမြင်ကြီးသူ အဖြစ် လည်းကောင်း ၊ ကျွန်တော့်ကိုယ်ကိုယ် တစ် ခေါ်သလောက် စံမြောက်သော သားအဖြစ်ဖြင့် လည်းကောင်း ထင်မှတ်ခဲ့ပါလေသည် ။

ယောက်ျားဘသား လယ်ဝန်ဖြစ်ရမည် ။

◾သိန်းဖေမြင့်

📖 အရှေ့က နေဝင်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment