Thursday, September 30, 2021

အနုနည်း အစွမ်းကုန်ပြီ


 ❝ အနုနည်း အစွမ်းကုန်ပြီ ❞ 


ရှေ့ဘယ်လို စခန်းသွားကြမလဲ ။


ကျွန်တော်သာမက ကျွန်တော့်ထက် နိုင်ငံရေးအမြင် ဝါရင့်ကြသော ကိုအေးငွေ ၊ ကိုထွန်းရှိန် စသော

ကျောင်းသား ခေါင်းဆောင်များလည်း အကြံအိုက်နေကြလေသည် ။ ထိုကိစ္စနှင် ့ပတ်သက်၍

ကျွန်တော်က သူတို့အားမေးတိုင်း သူတို့က တိကျပြတ်သားသော အဖြေကို မပေးနိုင်ဘဲ

အလုပ်အမှုဆောင်အဖွဲ့က အချိန်တန်တော့ လမ်းညွှန်ပါလိမ့်မယ်ဟုသာ ပြောတတ်လေသည် ။


အစာအငတ်ခံခြင်းကို ရပ်စဲလိုက်သည့် နောက်နေ့ညနေတွင် ကျွန်တော်တို့ သုံးဦးသား ဆုံမိပြီး

ကျွန်တော်က ထိုမေးခွန်းကို မေးလိုက်သည်ဆိုလျှင်ပင် ကိုအေးငွေ က သက်ပြင်းတစ်ချက်

ချလိုက်ပြီး -


“ အဲဒီကိစ္စ ခဏဘေးချိတ်ထားလိုက်ဦး ၊ ကဲ လာ ရုပ်ရှင်သွားကြည့်ရအောင် ” 


ကိုထွန်းရှိန် လည်း ကျွန်တော့်အမေးကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းမှ ထွက်ပေါက်ရသောကြောင့် အသက်ရှူချောင်သွားဟန်ရှိပြီး -


“ ကောင်းတယ် ၊ ဘုရင့်ရုံ သွားကြရအောင် ၊ အေဝမ်းက နှစ်ဆောင်ပြိုင်ဇာတ်ကား ပြနေတယ် ။

သပိတ်တပ်ပေါင်းချုပ် သတင်းကားလည်း ပါတယ် ” 


အကြံအိုက်နေသော ကျွန်တော်သည်လည်း စိတ်ပြေလက်ပျောက် ရုပ်ရှင်သွားကြည့်ရန် သဘောတူလေသည် ။ သို့သော် လက်ငင်းပြဿနာကို မေ့ရမည်ဆိုလျှင် လုံးဝ မေ့ပျောက်စေလိုသောကြောင့်


“ သည့်ပြင်ရုံ သွားကြပါစို့ဗျာ ၊ သပိတ်တပ်ပေါင်းချုပ် သတင်းကားပါနေတယ်ဆိုတော့ ကျွန်တော်တို့ဟာ စိတ်ပြေလက်ပျောက် မဖြစ်ဘဲနေမှာပေါ့ ၊ မေ့မယ့်မေ့ လုံးလုံးမေ့ကြည့်ရအောင် ” 


ကိုအေးငွေ ရော ၊ ကိုထွန်းရှိန် ပါ အသံထွက်၍ ရယ်လိုက်ကြသည် ။ ကိုထွန်းရှိန် က -


“ ဒီလို မေ့ထားလို့လည်း မရသေးဘူး ကိုယ့်လူ ၊ တောရဲတိရစာ္ဆန်တွေနဲ့ တာဇံကား သွားကြည့်တောင် ကိုယ်တို့ကိစ္စတွေ မေ့လို့ရမှာ မဟုတ်ဘူး ၊ ဂေါ့ဆေ့ဖ်သကင်း သီချင်းက မမေ့အောင်

လုပ်ပေးပါလိမ့်မယ် ၊ ဗြိတိသျှ ကုန်းတပ် ရေတပ် စစ်မ က် လက်ရုံးပြတဲ့ သတင်းကားတွေက

မမေ့အောင် လုပ်ပေးလိမ့်ဦးမယ် ၊ ကဲ - နှစ်ဆောင်ပြိုင် ဆီကိုသာ သွားကြစို့ ” 


ကျွန်တော်တို့သည် ဘုရင့်ရုံသွားလျက် သပိတ်တပ်ပေါင်းချုပ် သတင်းကားနှင့် နှစ်ဆောင်ပြိုင်

ဇာတ်ကားကို ကြည့်ကြလေသည် ။ သပိတ်ပေါင်းချုပ်ကားတွင် ရုပ်ရှင်ကြည့် ပရိသတ်က လက်ခုပ်ဩဘာ ခဏခဏ ပေးကြသောအခါ ကျွန်တော်တို့သည် စိတ်အားတက်ကြွ လာကြပေသည် ။

ပျော်ရွှင်မြူးတူး လာကြပေသည် ။


ရုပ်ရှင်ကြည့်ပြီးသောအခါ ဖရေဇာလမ်း မှာ ဖာလူဒါ ဝင်သောက်ကြပြီး ဆူးလေဘုရား ဆီသို့

လျှောက်သွားကြသည် ။ လမ်းဘေး ပလက်ဖောင်းပေါ်တွင် လန်ချား နှင့် ကူလီကုလားများသည်

အိပ်ရာခင်းကုန်ကြလေပြီ ။ တချို့မှာ ဝိုင်းဖွဲ့၍ စကားစမြည် ပြောနေကြသည် ။ တချို့ကား

အိပ်ရာမှာလှဲ၍ ဘီဒီ ကို မှိန်းနေကြ၏ ။ ဆောင်းက မကုန်တတ်သေး၍ ခပ်အေးအေး ရှိသော်လည်း

နေ၍ကောင်းရုံပင် ဖြစ်ပေသည် ၊ လဆုတ်ဖြစ်သဖြင့် လ မထွက်သေးသော်လည်း ကောင်းကင်မှာ

တိမ်ခြေမြူနှင်းကင်းစင်သဖြင့် ကြယ်များ စုံညီထွန်းတောက်နေကြသည် ။


ကိုထွန်းရှိန် -


“ လန်ချားကုလားတွေ ဘယ်တော့များ အိမ်နဲ့ရာနဲ့ နေနိုင်ကြမလဲ မသိဘူးနော် ” 


ကိုအေးငွေ -


“ သူတို့ပြည် လွတ်လပ်တော့ သူတို့လည်း အိမ်နဲ့ရာနဲ့ နေရမှာပေါ့ ”  


ကျွန်တော် -


“ ဘုံဘိုင်မြို့တစ်မြို့တည်းမှာ ခုလို အိမ်မရှိလို့ လမ်းပေါ်အမိုးမပါဘဲ အိပ်ရသူ တစ်သိန်းကျော်

ရှိသတဲ့ ” 


သူတို့က ဟင်းခနဲညည်းပြီး စုတ်သပ်လိုက်ကြသည် ။


ကျွန်တော်တို့သည် ဆူးလေဘုရားလွန်ပြီး ပန်းခြံတွင်းသို့ဝင်ကြ၏ ။ ပန်းခြံတွင် မီးခပ်ကျဲကျဲ

ထွန်းထားရာ မမှောင်လွန်း မလင်းလွန်းသဖြင့် အေးမြေကြည်လင်သော အရိပ်အာဝါသသဖွယ်

ဖြစ်နေပေသည် ။ မြင်ချင်လျှင်လည်း ဖြစ်၍ မမြင်ချင်လျှင်လည်း ဖြစ်သည် ။ အမြင်မခံချင်လျှင်လည်း ရ၍ အမြင်ခံချင်လျှင်လည်း ရသည် ။


ကျွန်တော်တို့သည် သစ်ပင်ရင်း ခုံရှည်တစ်ခုတွင် ထိုင်ကြသည် ။ အနောက်ဘက်သို့ မျက်နှာမူထားကြရာ ဆူးလေဘုရားလမ်းကြီးပေါ်ရှိ တိုက်ကြီးများကို မြင်နေကြရသည် ။ မြန်မာ့အလင်း

သတင်းစာတိုက် မှတစ်ပါး အားလုံးသော တိုက်ကြီးများမှာ မီးများပိတ်ထားသဖြင့် လည်းကောင်း ၊

တံခါးများပိတ်ထားသဖြင့် လည်းကောင်း ခပ်မည်းမည်း ခပ်မှိုင်းမှိုင်း တည်ရှိနေကြပေ၏ ။


ဘာစကားမျှမပြောဘဲ အတန်ကြာထိုင်နေကြပြီးနောက် ကိုထွန်းရှိန် က -


“ ကိုယ်တို့ မပြန်ခင် မြန်မာ့အလင်း ခဏဝင်ရအောင် ” 


ကိုအေးငွေ -


“ ဘာလုပ်ဖို့လဲ ” 


ကိုထွန်းရှိန် -


“ နောက်ဆုံးသတင်းလေး ဘာလေးလည်း ဖတ်ရတာပေါ့ ၊ ပြီးတော့ အယ်ဒီတာတွေနဲ့လည်း

တွေ့ရအောင် ” 


ကိုအေးငွေ -


“ လာ ဒါဖြင့် သွားကြစို့ ” 


ကျွန်တော် -


“ နေပါဦးဗျ ၊ ဆွေးနွေးစရာကလေးတွေ ဆွေးနွေးကြရအောင် ” 


ကိုထွန်းရှိန် နှင့် ကိုအေးငွေ တို့သည် တစ်ယောက် တစ်ယောက် ကြည့်နေကြသည် ။


ကျွန်တော် -


“ ကျွန်တော်တို့ ရှေ့ဘယ်လို ခြေလှမ်းကြမှာလဲ ဆိုတဲ့ကိစ္စဟာ မတွေးချင် ၊ မဆွေးနွေးချင်လို့ ရတဲ့

ကိစ္စမဟုတ်ဘူး ၊ အချိန်ကျတော့ အလုပ်အမှုဆောင်အဖွဲ့က လမ်းစဉ်ချပေးပါလိမ့်မယ် ဆိုရုံနဲ့လည်း

မပြီးဘူး ” 


ကိုအေးငွေ -


“ ကိုတင်ထွန်း ပြောတာလည်း မှန်တာပဲ ကိုထွန်းရှိန် ရ ၊ ခေါင်းဆောင်တွေ ခိုင်းတော့လည်း ထလုပ်တာပေါ့ ဆိုပြီး သဘောထားရုံနဲ့ မပြီးဘူးထင်တယ် ” 


ကိုထွန်းရှိန် သည် ခုံရှည်ကျောမှီပေါ်တွင် တအားမှီကာ ကျောလှန်ချပြီးနောက် ပြန်မတ်လိုက်ကာ -


“ ဟုတ်တော့ ဟုတ်တာပေါ့ ၊ သို့ပေမယ့် ခင်ဗျားတို့ ကျွန်တော်တို့ အကြံအိုက်သလို သူတို့လည်း

အကြံအိုက်နေကြတာပဲ ။ ရှေ့တိုး ထမ်းပိုး ၊ နောက်ဆုတ် လှည်းတုတ် ဆိုတာမျိုးနဲ့ ရင်ဆိုင်နေရတယ် ” 


ကျွန်တော်တို့သည် အလယ်မှထိုင်နေသော ကိုထွန်းရှိန် ဘက်သို့ ကိုယ်ကို လှည့်ထိုင်ပြီး

နားထောင်နေကြသည် ။


“ ကဲ - ခု အစာငတ်ခံပြီးပြီ ။ အစကတော့ ရပ်ဖို့တောင် ခပ်ခက်ခက်ပဲ ၊ ခုတော့ လူကြီးမိဘတွေက

ကြားဝင်တောင်းပန်လို့ တော်သွားတာ ။ အကြမ်းမဖက်ဘဲနဲ့ လုပ်ခဲ့တဲ့ နည်းတွေကဖြင့် အားလုံး

စုံသွားပြီ ။ ဒီရှေ့ဆက်လုပ်ဖို့ဆိုရင် တစ်လမ်းပဲ ရှိတော့တယ် ။ သူတို့ကအကြမ်းဖက် လက်နက်နဲ့

နှိမ်နေတာကို ကိုယ်တို့က လက်နက်နဲ့ပြန်ပြီး ခုခံချဖို့ ၊ အင်္ဂလိပ်တွေကို တစ်ခါတည်း မောင်းထုတ်ဖို့ပဲ ကျန်တော့တယ် ၊ ကဲ အဲဒါကို လုပ်နိုင်ကြပါ့မလား ” 


ကျွန်တော်သည် ကြက်သီးဖြန်းခနဲ ထသွားသည် ။ ကိုထွန်းရှိန် က ဆက်သည် ။


“ ကိုယ်တို့အားလုံး နားလည်ထားကြဖို့က ဒီနယ်ချဲ့သမားကို လက်နက်နဲ့ ပြန်မချ သမျှတော့

ကိစ္စမပြီးဘူး ဆိုတာပဲ ။ သို့သော် ခု မချနိုင်သေးဘူး ။ လက်နက်ဆိုရင် ဓားမတိုတောင်

ကောင်းကောင်း မရှိဘူး ။ လက်နက်ကို စုဆောင်းရမယ် ၊ မရ ရတဲ့နည်းနဲ့ ရှာရမယ် ၊ နိုင်ငံခြားနဲ့

အဆက်အသွယ်ယူပြီး လက်နက်ရအောင် လုပ်ရမယ် ” 


ကိုအေးငွေ -


“ အဲဒါကိုတောင် လုပ်နေကြပြီမဟုတ်လား ” 


“ ဒီ နိုင်ငံခြားနဲ့ အဆက်အသွယ်ရှာတဲ့ လုပ်ငန်း ၊ လက်နက်ရနည်းရှာတဲ့ လုပ်ငန်းကို ကိုယ်တို့

တစ်တွေက တစ်ဖက်က လုပ်နေပါတယ် ။ ဒါက အင်မတန်လျှို့ဝှက်ပြီး လုပ်ရမယ့်လုပ်ငန်း သိရဲ့လား ။ နောက်ပြီးတော့ စည်းရုံးရေးလုပ်ငန်းတွေကလည်း လိုသေးတယ် ။ အခုလို စည်းကမ်း သိပ်မကျသေးတဲ့ အစည်းအရုံးအဖွဲ့အစည်းတွေနဲ့ မဖြစ်သေးဘူး ။ အထူးသဖြင့် တို့ဗမာ လက်ရုံးတပ်တို့ ၊ ကျောင်းသားတပ်ဦးတို့ တပ်ဖွဲ့တွေ ဖွဲ့ကြရမယ် ၊ လေ့ကျင့်ရဦးမယ် ” 


ကျွန်တော် -


“ အင်း ၊ ဒါတွေ မလုပ်ဘဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဆက်သွားလို့တော့ မဖြစ်ဘူးပေါ့ဗျာ ” 


ကိုအေးငွေသိန်း


“ ဒါကြောင့်လည်း ခေါင်းဆောင်တွေက အရမ်းခြေလှမ်းကျဲလို့ မဖြစ်သေးတာပေါ့ ” 


ကိုထွန်းရှိန် -


“ ဒီတော့ အနုနည်းနဲ့လုပ်တဲ့ အလုပ်ကိုပဲ ရွေးကြရဦးမယ် ၊ ခက်တာက အနုနည်းမှာတော့ အစာအငတ်ခံတာထက် ပိုပြီး နုတာ ပိုပြီး အထက်တန်းကျတာ မရှိတော့ဘူး ။ ဒီတော့ ဘယ်နည်း

လိုက်ရမလဲဆိုတာ ရှာမတွေ့လောက်အောင် ခက်နေတာပေါ့ ။ အသေခံဖို့ဆိုတာ မလွယ်ဘူး ။

သူများကို အသေသတ်ဖို့က လွယ်တယ် ၊ ကိုယ့်ကိုယ်ကိုယ် အသေခံဖို့က မလွယ်ဘူး ။ အစာငတ်ခံတာဟာ တစိမ့်စိမ့် အသေခံရတာမို့ ပိုခက်တာပေါ့ ။ ခု ကိုယ်တို့ အစာငတ်ခံပြီးတော့ ကိုယ်တို့

အမှုဆောင်အဖွဲ့တွေက ရှေ့ခြေလှမ်းအကျဲဆုံး လှမ်းနိုင်မယ့်လူစာရင်း ပေးကြပါလို့ တိတ်တိတ်

လိုက်တောင်းတယ် မဟုတ်လား ၊ ဘယ်နှယောက် စာရင်းပေးသလဲ သိလား ” 


ကျွန်တော်တို့သည် ငေးကြည့်နေကြသည် ။ အတန်ကြာမှ ကျွန်တော်က -


“ တော်တော် စာရင်းပေးကြတယ် မဟုတ်လား ” 


ကိုထွန်းရှိန် -


“ ဘယ်များမှာလဲ ၊ ၁၅ ယောက်လောက်ပဲ စာရင်းပေးတော့တယ် ၊ အစာအငတ်ခံကြတုန်းက လူ

၂ဝဝဝ ကျော်နဲ့ စာကြည့်ပေတော့လေ ” 


ကိုအေးငွေ -


“ ရှေ့ ခြေလှမ်းကျဲကျဲလှမ်းဖို့ ဒီလူလောက်နဲ့ ဘယ်ဖြစ်မှာလဲ ။ ခက်ပါတယ် ၊ အုပ်ချုပ်ရေး

တိုက်ဖျက်ဖို့ အစီအစဉ်ဆိုတာကလည်း မလွယ်ဘူး ။ ခု ညွန့်ပေါင်းအစိုးရကတော့ ပြုတ်ကျတော့မှာပဲ ၊ သို့ပေမယ့် ကျန်အမတ်တွေက ရာထူး ဝင်မယူပါနဲ့လို့ တားလို့ မရနိုင်ဘူး ထင်တယ် ။ သူတို့

ဟာ အမတ်တွေ မဟုတ်ဘူး ၊ အားလုံး အငတ်တွေချည်းပဲ ” 


ကျွန်တော် -


“ ကိုလှရွှေ အကြံပေးသလို အမတ်တွေအကုန် သမဂ္ဂအဆောက်အအုံ ခန်းမဆောင်ထဲ ခေါ်ထည့်ထား ၊

ကျောင်းသားတွေက ပိတ်ထား ၊ တညီတညွတ်တည်း ရာထူးလက် မခံရေး လုပ်မလား မလုပ်ဘူးလား မေး ၊ မလုပ်ဘူးလို့ ကတိမရမချင်း ပြန်မလွှတ်နဲ့ ” 


ကိုထွန်းရှိန် က မလိုတမာ သရော်ပြုံး ပြုံးလိုက်ပြီး -


“ ကတိတော့ ပေးချင် ပေးသွားမှာပဲ ၊ လွှတ်တော်ခန်းမထဲလည်း ရောက်ရော ၊ ရာထူးလုကြရော ဖြစ်မှာပါပဲ ဟဲ ဟဲ ၊ ဂိန်ဂိန် နဲ့ ကိုက်သံတွေ ဆူညံနေမှာပါပဲ ” 


ကျွန်တော် -


“ ဒီလိုဆိုရင် ၉၁ ဌာန အုပ်ချုပ်ရေး တိုက်ဖျက်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်ပေါ့နော် ” 


ကိုထွန်းရှိန် -


“ အမတ်တွေ အားကိုးလို့တော့ မဖြစ်နိုင်ဘူးပေါ့ ” 


ကျွန်တော် -


“ ရာထူးလက် မခံ ငြင်းပယ်ပြီး အုပ်ချုပ်ရေး တိုက်ဖျက် မယ်ဆိုတော့ ရာထူး လက် မခံဘူး ဆိုရာမှာ

အမတ်တွေက ကာယကံရှင် ဖြစ်နေတော့ သူတို့ အားမကိုးလို့ ဘယ်သူ့ အားကိုးမလဲ ၊ ဒီလိုဆိုတော့

အုပ်ချုပ်ရေး တိုက်ဖျက်ဖို့လုပ်ငန်း စွန့်လွှတ်ထားရုံပေါ့နော် ” 


ကိုထွန်းရှိန် -


“ မစွန့်လွှတ်ရပါဘူး ။ သခင်နု ၊ သခင်လှဖေ ၊ သခင်သန်းထွန်း ၊ သခင်အောင်ဆန်း နဲ့ တခြား

တို့ဗမာအစည်းအရုံး ခေါင်းဆောင်တွေက စိတ်လည်း မပျက်ကြဘူး ။ အုပ်ချုပ်ရေး တိုက်ဖျက်ဖို့ ၊

ရာထူး လက် မခံရေး ၊ ဗြိတိသျှကုန် သပိတ်မှောက်ရေး ၊ အလုပ်သမား အထွေထွေသပိတ်ကြီးတွေ

တောင်သူလယ်သမားတိုက်ပွဲတွေ ဆက်လုပ်သွားကြမယ် ” 


ကိုအေးငွေ -


“ ဆက်လုပ်တာတော့ ကောင်းပါရဲ့ ၊ ဒါပေမဲ့ ခု ညွန့်ပေါင်းပြုတ်ကျရော ဆိုပါတော့ ၊ ကျန်တဲ့

အမတ်တွေ ရာထူးမယူဖို့တော့ လုပ်လို့ အောင်မှာ မဟုတ်ပါဘူး ” 


ကျွန်တော် နှင့် ကိုထွန်းရှိန် က ထိုအတိုင်းပင် ဖြစ်မည့်အကြောင်း သဘောတူလိုက်ကြလေသည် ။


ကျွန်တော် -


“ ဒီတော့ ကျွန်တော်တို့ရဲ့ သပိတ်တွေကို ဘယ်လိုလုပ် ဖြေရှင်းမှာလဲ ၊ ဒီအတိုင်းပဲ ဆက်သွားရမှာလား ” 


ကိုထွန်းရှိန် -


“ ကျောင်းသားတွေလည်း ထာဝစဉ် ဆက်ပြီး သပိတ်မှောက်နေနိုင်တာ မဟုတ်ပါဘူး ၊ အလုပ်သမားတွေလည်း ထာဝစဉ် သပိတ်မှောက်နေနိုင်တာ မဟုတ်ပါဘူး ၊ ရေနံမြေသပိတ်တပ်ကြီးလည်း

ရန်ကုန် မှာ အမြဲနေလို့ရတာ မဟုတ်ဘူး ၊ ရေနံမြေပြန်ကြရမှာပဲ ” 


ယင်းကဲ့သို့ ပြောပြီး ကိုထွန်းရှိန် က ရပ်နေသည် ။ ကျွန်တော်သည် အားမလိုအားမရ ဖြစ်လာကာ -


“ သည်တော့ ဘယ်လိုလုပ်ကြမလဲ ” 


“ တောင်းဆိုချက်တွေ အထိုက်အလျောက် ရအောင်လုပ်ပြီး သပိတ်ပြန်လှန်ဖို့ပဲ ။ သို့ပေမယ့် ခု

ညွန့်ပေါင်းအစိုးရနဲ့တော့ စေ့စပ်လို့ မရတော့ဘူး ။ ဒါကြောင့် ညွန့်ပေါင်း ပြုတ်ကျအောင်တော့

လုပ်ရမှာပဲ ။ ပြီးတော့ နောက်တတ်တဲ့ အစိုးရနဲ့ ဆက်ပြီး စေ့စပ်ရမှာပဲ ” 


ကျွန်တော် -


“ ဒီလိုဆိုတော့ ကျုပ်တို့ဘက်က ခိုင်ခိုင်မာမာနေမယ့် လူတွေ နောက်အစိုးရအဖွဲ့ဖွဲ့ရင် ကောင်းမှာပေါ့ ” 


ကိုထွန်းရှိန် -


“ ဟုတ်တယ် ၊ ဒါပေမဲ့ကိုယ့်လူ ဒီစကားမျိုး ခု မပြောနဲ့ဦး ၊ ရာထူးလက်ခံရေး ထောက်ခံသလို

ဖြစ်နေဦးမယ် ။ မကြားဘူးလား ၊ ကိုကြီးသိန်း ဒီစကားပြောမိလို့ ချောက်ကျနေတယ် ။ တို့ဗမာအစည်းအရုံးက တချို့သခင်ကြီးတွေက တက်ဘုန်းကြီးသိန်းဖေ ဟာ ရာထူးလက်ခံရေး လုပ်နေတယ် ။ အစည်းအရုံးက ထုတ်ပစ်ရမယ်လို့ တောင်းဆိုနေကြတယ် ။ ဒီတော့ ဒီစကား ခု မပြောနဲ့ဦး ၊

နောက် မှ ပြောချင် ပြော ။ ခုပြောရမှာက တို့တောင်းဆိုချက် မရရင် ရှေ့ခြေတစ်လှမ်း တက်ဦးမယ် ၊

အိမ်ခြေ တစ်သန်းငါးသိန်း တုန်လှုပ်ချောက်ချားသွားစေရမယ် ၊ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရမယ် ၊ နောက်ထပ် မဖွဲ့နိုင်အောင် လုပ်ရမယ် ” 


ကိုထွန်းရှိန် သည် ပြောပြောဆိုဆို ထိုင်ရာမှထသည် ။ ကျွန်တော်တို့လည်း မတ်တပ်ရပ်လိုက်ကြ၏ ။


ကျွန်တော် -


“ နေပါဦး ၊ တို့ဗမာအစည်းအရုံးက ကိုသိန်းဖေ ကို တကယ် ထုတ်ပစ်ဦးမှာလား ” 


“ မသိဘူး ၊ ထုတ်ချင် ထုတ်မှာ ။ ကိုကြီးသိန်း ကလည်း ရယ်တာပေါ့ ၊ အပျော့ပါလို့ သရော်ပြီး

သူထင်ရာ စွတ်စွတ်လုပ်နေတော့ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက သိပ်မုန်းနေတယ် ။

ကိုကြီးသိန်း က လူထုအစည်းအဝေး တစ်ခုမှာ သခင်ခေါင်းဆောင်တချို့ စည်းကမ်းမဲ့ပုံ ဝေဖန်ထားလေတော့ ပိုမခံရပ်နိုင် ဖြစ်နေကြတာပေါ့ ” 


ကိုအေးငွေ -


“ အစကတည်းက ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက ဌာနချုပ် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်မှာ သခင်နု ၊ သခင်အောင်ဆန်း တို့လိုကောလိပ်ကျောင်းထွက်တွေ ဝင်လာတာ တယ်

မကြိုက်ဘူးလို့ ပြောသံ ကြားရတယ် ၊ ဒီတော့ ကိုကြီးသိန်း လို ဘုသမားကို ပို မကြိုက် မှာပေါ့ ” 


ကိုထွန်းရှိန် -


“ ကဲ သွားကြစို့ ” 


ကိုအေးငွေ -


“ မြန်မာ့အလင်း ဝင်ဦး မလို့လား ၊ မဝင်ပါနဲ့တော့ဗျာ ညဉ့်နက်နေပြီ ” 


ကျွန်တော်ကား ဘာမျှ မပြောဘဲ စောစောက စကားများကို စိတ်ထဲမှာ စားမြုံ့ပြန်၍ လျှောက်လာသည် ။


ကိုထွန်းရှိန် -


“ မဝင်ချင် နေပါတော့လေ ၊ ရဲဘော်တင်ထွန်း ခုတလော နိုင်ငံခြားရေး သတင်းကလေးများ ဖတ်မိသေးသလား ။ အရေးကြီးတာကလေးများ ဖောက်သည်ချပါဦး ” 


ကျွန်တော်ကား စကားသိပ် မပြောလိုတော့ချေ ။ ခုနင်က ကြားထားသော စကားများကို ကျေညက်အောင် အနုလုံပဋိလုံ ဆင်ခြင်ဖို့ လိုနေသည် ။ အတော်ကြာ ဘာမျှမပြောဘဲ လျှောက်လာခဲ့ကြပြီးမှ

ကျွန်တော်က -


“ စပိန်သမ္မတအစိုးရတော့ လုံးလုံးနိုင်လို့ ဟစ်တလာ နဲ့ မူဆိုလိုနီ တို့တော့ သိပ်ဝမ်းသာနေကြတာပဲ ” 


ကိုထွန်းရှိန် -


“ ဒီအရှေ့ဘက်က သတင်းတွေကကော ” 


“ တရုတ် - ဂျပန် စစ်ပွဲနဲ့ ပတ်သက်လို့တော့ တရုတ်ဆီ ကို တရုတ် - ဗမာ လမ်းမကြီးကနေပြီး

လက်နက်ပို့နေတဲ့ သတင်းပဲ အများအပြား ရေးနေကြတယ် ။ တချို့လက်နက်တွေကို ရန်ကုန်

ဂိုဒေါင်တွေကနေပြီး ဘတ်စ်ကားနဲ့ တိုက်ရိုက် ကွန်မင်း အရောက် ပို့တယ် ၊ တချို့ကိုတော့ မီးရထား

နဲ့ လားရှိုး ထိ ပို့ပြီး တစ်ခါ ဘတ်စ်ကား နဲ့ ပို့ရတယ် ၊ ဝပ်ဆင်ကုမ္ပဏီတော့ ပွတာပဲ ” 


ကိုအေးငွေ -


“ ဘာဖြစ်လို့လဲ ” 


“ ထရပ်ကား အစီး ၅ဝ ရောင်းလိုက်ရတယ် ၊ တရုတ် - ဗမာလမ်းမကြီးပေါ်မှာ ပြေးဖို့လေ ” 


ကိုထွန်းရှိန် -


“ အင်း ၊ အင်္ဂလိပ် မှ တကယ့် ငိုစား ရယ်စားကောင်နော် ” 


ကိုအေးငွေ -


“ ဓနရှင်နယ်ချဲ့တွေ ရှိနေသမျှတော့ ကမ္ဘာကြီး ဘယ်တော့မှ အေးမှ မဟုတ်ဘူး ” 


ကျွန်တော်တို့သည် ပန်းခြံမှ ထွက်လာပြီး ဆူးလေဘုရား ကိုပင် လွန်ခဲ့လေပြီ ။ ဆူးလေဘုရားလမ်း

အတိုင်း လျှောက်ခဲ့ကြရာ ပလက်ဖောင်းပေါ်တွင် ကုလားများမှာ အိပ်လျက်နေကြလေပြီ ။


ကိုထွန်းရှိန် -


“ ဒါထက် ကိုယ်တို့ ဘယ်သွားအိပ်ကြမလဲ ” 


ကျွန်တော် -


“ မြို့မကျောင်းမှာပဲ အိပ်ကြတာပေါ့ဗျာ ” 


ကိုအေးငွေ -


“ ဘာလဲ ရဲဘော်ထွန်းရှိန် က ကုလားတွေနဲ့ အတူ ပလက်ဖောင်းပေါ်မှာပဲ ဝင်အိပ်ချင်လို့လား ” 


ကျွန်တော်တို့သည် ဖြည်းဖြည်းအေးအေးပင် လမ်းလျှောက်၍ လာခဲ့ကြသည် ။ ကျွန်တော်တို့

နောက် မှ လေတဟူးဟူး တိုက်ခတ်ပေးနေသည် ။ 


◾သိန်းဖေမြင့် 


📖 အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.


No comments:

Post a Comment