❝ အင်းလျားကျွန်းဆွယ် မှ ဧည့်ခံပွဲ ❞
ပြီးခဲ့သောလ ၁၉၃၉ ခု ၊ ဇန်နဝါရီလ အလယ်လောက်ကတည်းက စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ် ( H.G.Well ) သည် ဖေဖော်ဝါရီလ ၁ ရက် နေ့၌ ဘုံဘေမြို့မှ ရန်ကုန် သို့ ဆိုက်ရောက် မည့်
အကြောင်း ၊ ဗမာစာရေးဆရာနှင့် သတင်းစာဆရာများသည် ကြိုဆိုဧည့်ခံရန် ဧည့်ခံကော်မတီဖွဲ့ရန်
လိုကြောင်း ၊ တိုးတက်ရေးသတင်းစာ အယ်ဒီတာတစ်ဦးဖြစ်သော ကိုသိမ်း က စတင်ဆော်ဩခဲ့လေသည် ။
ယခု မစ္စတာ ဝဲလ်စ် ရောက်လျက်ရှိပြီး တက္ကသိုလ်ရက်ဂျစ်စတြာ ဆရာလင်းဆီ အိမ်မှာ တည်းခိုနေလေသည် ။ ဖေဖော်ဝါရီလ ၂ ရက် နေ့ ညနေ ၄ နာရီ တွင် တက္ကသိုလ်ဘုတ်ကလပ်၌ မစ္စတာ
ဝဲလ်စ် အား ဂုဏ်ပြုဧည့်ခံပွဲတစ်ရပ် ကျင်းပလေသည် ။ ကမကထပြုသူများမှာ တက္ကသိုလ် စာရေးဆရာများအဖွဲ့နှင့် လူငယ်သတင်းစာဆရာများ အဖွဲ့တို့ဖြစ်လေသည် ။
ကျွန်တော်တို့သည် ကမ္ဘာကျော်သော အင်္ဂလိပ်စာရေးဆရာကြီး မစ္စတာဝဲလ် အား အထင်ကြီးကြ၏ ။ သူ့အကြောင်း ဘာမျှ မသိဘူး ထားဦးတော့ ။ သူ့ ကြီးသောနာမည်ကြောင့်ပင် သူ့အား
ကြည့်မြင်ဖူးတွေ့လိုပေသည် ။ ကျွန်တော့်အဖို့ ဆိုလျှင် သူ့စာအချို့ကိုလည်း ဖတ်ဖူး၏ ။ သဘောလည်း ကျ၏ ။ နောက်နှစ် ရာပေါင်းများစွာအကြာ လာလတ္တံ့သောကာလ၌ လောကဓာတ်ပညာ
မည်မျှ တိုးတက်လာပြီး ဘယ်လို နေလိမ့်မည် ၊ လူတွေက ဘယ်လို ကျင့်ကြံလိမ့်မည် ၊ စစ်တွေကို
ဘယ်လို တိုက်လိမ့်မည် စသည်ဖြင့် နိမိတ်ဖတ် ရေးသားခြင်းများသည် ကျွန်တော်တို့၏ စိတ်ကူးဉာဏ်ကို လွင့်ပျံစေလေသည် ။ လွင့်ပျံရသော စိတ်ကူးဉာဏ်တွင် အရသာတွေ့လှပေ၏ ။
မျက်ကန်းတွေ လောကသို့ မျက် မြင်တစ်ယောက် ရောက်သွားပုံကို ကြံကြံဖန်ဖန် စိတ်ကူး၍
ယစ်မူးခဲ့ရပေ၏ ။ စာရေးဆရာတို့တွင် စိတ်ကူးဖြင့် ယစ်မူးအောင် လုပ်နိုင်ခြင်းသည်ပင် တစ်နည်း
ပြောရသော် စိတ်ကူးဖြင့် ရူးနိုင်အောင် ဖန်တီးပေးနိုင်ခြင်းသည်ပင် ထူးချွန်သော အရည်အချင်း
ဖြစ်သည်ဟု ထင်ရပေသည် ။ ထို့ကြောင့် မစ္စတာ ဝဲလ်စ် ကို ကြည်ညို၏ ။ လေးစား၏ ။ တွေ့မြင်လို၏ ။
သို့ကလို တွေ့လိုမြင်လိုနေဆဲ ထောင်မှ ထွက်လာပြီးစဖြစ်သော တက်ဘုန်းကြီး ကိုသိန်းဖေ က
ကျွန်တော်လည်း ထိုဧည့်ခံပွဲကို တက်နိုင်ရန် ဖန်တီးပေးလေသည် ။ ကျွန်တော်သည် စာရေးဆရာ
မဟုတ်စေကာမူ စာအတော်များများ ရေးနေရသည် ။ ကျောင်းသားလှုပ်ရှားမှု သတင်းများကို
သတင်းစာများသို့ ရေးပို့ရ၏ ။ တစ်ရံတစ်ခါ သမဂ္ဂကြေညာချက် များကို ရေးသားရ၏ ။
ကိုသိန်းဖေ က ကိုလှရွှေ အား ကျောင်းသားလောကတွင် ဖြစ်ပျက်နေပုံအလုံးစုံကို မစ္စတာဝဲလ်စ် အား
ပြောပြဖို့လိုကြောင်း ၊ သို့ဖြင့်တစ်ဆင့် ကမ္ဘာသိဖြစ်သွားနိုင်ကြောင်း ၊ ရဲဘော်တင်ထွန်း မှာ စာရေးဆရာ ပေါက်စကလေး ၊ သတင်းစာဆရာ ပေါက်စကလေး ဖြစ်နေသော ကျောင်းသား တစ်ဦး
ဖြစ်သဖြင့် ထိုတာဝန် နှင့် သင့်လျော်ကြောင်း ပြောပြလေသောကြောင့် ကိုလှရွှေ က ကျွန်တော့်အား
ကိုသိန်းဖေ နှင့်အတူ ထည့်လိုက်လေသည် ။
အတူတူသွားကြစဉ် ကျွန်တော်က မစ္စတာအိပ်ချ်ဂျီဝဲလ်စ် အား အထင်ကြီးပုံ ၊ သူ့စာများကို ကြိုက်ပုံ
ပြောလေရာ -
“ တိုးတက်သော စာပေဆိုတာ ဘာလဲလို့ မင်းနားမလည်လို့ သူ့စာတွေ သဘောကျနေတာပေါ့ ” ဟု
ကိုသိန်းဖေ က ဘု ပြောလိုက်လေသည် ။ ကိုသိန်းဖေ သည် တစ်ပြိုင်နက်တည်း ကျွန်တော် အထင်ကြီးသော မစ္စတာဝဲလ်စ် အား စော်ကားခြင်း နှင့် နှံ့စပ်အောင် စာဖတ်သော ကျွန်တော့်အား စော်ကားခြင်းကို ပြုလိုက်သော ဘုကောင်ဖြစ်ပေသည် ။ ဒါကြောင့် ဒီလူကို တချို့မုန်းကြတာပဲဟု စိတ်ထဲမှာ မှတ်ချက်ချလိုက်သည် ။ ကိုသိန်းဖေ တွင် ကျွန်တော် နှစ်လိုသဘောကျသော အရည်အချင်းများ
ရှိပါ၏ ။ သူ့စာများကို ကျွန်တော် လေးစားစွာဖတ်ပါ၏ ။ သို့သော် သူသည် သူ့ကိုယ်သူ
အထင် အတော်ကြီးသည်ဖြစ်ရာ ထိုအချက်ကို ကျွန်တော် မကြိုက် ။ ၎င်းပြင် ဘုတောခြင်းကို တမင်
လုပ်နေသည်ဟု ထင်သည် ။ သူများအား ပစ်ပစ်ခါခါ ပြောဆိုဝေဖန်ခြင်းမှာ နာမည်ကြီးလို၍
တမင် လုပ်နေသလား ဟုလည်း ထင်မိပေသည် ။
“ ဒါဖြင့် ခင်ဗျား ဆိုချင်တဲ့ တိုးတက်သော စာပေဆိုတာက ဘယ်လို ဟာလဲဗျ ”
ကျွန်တော် က ငေါ့တော့တော့ မေးလိုက်သည် ။
“ ကိုယ့်လူ ၊ ကိုယ်ရေးတဲ့ သခင်ကိုယ်တော်မှိုင်း အတ္ထုပတ္တိ ဖတ်ဖူးတယ် မဟုတ်လား ။ အဲဒီထဲမှာ
ပါတဲ့ နိဒါန်းဟာ တိုးတက်သောစာပေ အကြောင်းပေါ့ကွ ”
“ ဖတ်ဖူးသားပဲ အဲဒီ့အထဲက နိဒါန်းလည်း အကြိမ်ကြိမ် ဖတ်ဖူးတယ် ။ နိဒါန်း စစချင်း ရှေးအတိတ်
ဗမာစာပေဟာ ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးမှု ခေါင်းပါးတယ်လို့ ဝေဖန်တယ်လေ ”
“ ဟုတ်တယ်လေ ၊ ဇာတ်ကွက်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးမှု
ခေါင်းပါးတယ် ၊ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးမှု ခေါင်းပါးတယ် ။ ဗုဒ္ဓဘာသာကျမ်းဂန်မှာပါတဲ့ ဇာတ်တော်ကြီးတွေ ၊ နိပါတ်တွေက ရှိပြီးဖြစ်နေတော့
ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးဖို့မှ မလိုဘဲဟာကိုး ။ သို့ပေမယ့် အဲဒီအပိုင်းကို ထားလိုက်ဦး ၊
နိဒါန်းအလယ်ပိုင်းနဲ့ နောက်ပိုင်းမှာ တိုးတက်သော စာပေ နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေပါတယ် ”
ကျွန်တော်တို့သည် အင်းလျားကျောင်းဆောင်ရှေ့သို့ ရောက်လာကြသည် ။ ကျောင်းဆောင်ကြီးကား တိတ်ဆိတ်နေ၏ ။ အထဲက အမြီးကို လုပ်လဲ့လုပ်လီ ဟန်ချီပြနေသော ကြက် မများလည်း
မရှိ ။ အပြင်က ကတော်ကတော် နှင့် အော်မြည်ကာ ရစ်သီရစ်သီလုပ်နေကြသော ကြက်ဖများလည်း
မရှိကြ ။ ကျောင်းဆောင်ရှေ့က ကံ့ကော် နှင့် မရန်းပင် များအောက်တွင် အရွက်ခြောက် များသည်သာလျှင် လွတ်လပ်ပျော်ပါးစွာ တိုးဝှေ့ကစားနေကြလေသည် ။ ကျွန်တော် သည် မမြင့်ဦး အား
ကွက်ခနဲ သတိရမိလေသည် ။ ခြောက်သွေ့နေသော အင်းလျားဆောင်ကြီးကို ကြည့်ပြီး လွမ်းဆွတ်နေမိသည် ။
ကိုသိန်းဖေ ကတော့ သူ့ တိုးတက်သောစာပေ သဘောတရားများကို သခင်တရားဟောသည့်
လေဟန်ပန်တို့နှင့် ဟောပြောနေလေသည် ။
သူပြောခြင်းများသည် ဆရာလွန်း အတ္ထုပ္ပတိ္ တွင် သူရေးထားသော နိဒါန်းအောက် ဖော်ပြပါ
သဘောများကို ဖြေရှင်းခြင်းဖြစ်သည် ။
“ သတင်းစာရေး ၊ ဝတ္ထုရေး ၊ ကဗျာရေး စသော စာရေးဆရာများသည် ပါတီစွဲ မရှိ ၊ အစည်းအရုံး
တစ်ခုမှ မဝင်ရဟု ဆိုကြသည် ။ သည်ဝါဒကိုကား ကျွန်ုပ် မကြိုက် ။ အမြဲတမ်း ကန့်ကွက် မည်
ဖြစ်လေသည် ။ ထိုသူတို့၏ အယူအဆအရ စာရေးဆရာသည် တောင်ထိပ်သို့တက်၍ မြေပြင်၌
သွားလာလှုပ်ရှားနေကြသော လူအပေါင်းကို ပြုံးပြုံးကလေး ကြည့်ကာ ဝေဖန်ရန်သာ ဖြစ်၏ ။
စာရေးဆရာတို့သည် လူ့လောက အထက်တွင် နေ၍ လူ နှင့် နတ် ပေါင်းစပ်၍ဖြစ်သော လူကပြားများ
အသွင် နေစေချင်လေသည် ။
“ တို့ဗမာဆင်းရဲသားတောင်သူလယ်သမားများမှာ ထင်းကုလားတုံးကဲ့သို့ အညွန့်တုံးအောင်
မွဲလျက် ရှိလေပြီ ။ အမျိုး၏ အညွန့်အဖူးဟု ဆိုအပ်သော လူငယ်များမှာလည်း အလုပ်လက် မဲ့
တေလေကြမ်းပိုးများ ဖြစ်လျက် ဗမာပြည် ဇောက်ထိုးမှောက်ခုံ နုံနုံချာချာ ဖြစ်နေသည်ကို အဘယ်
စာရေးဆရာသည် ဘယ်ဘက် မှ မပါဝင်ဘဲ ပွဲကြည့်သလို ကြည့်နေချင်သေးသနည်း ”
ကိုသိန်းဖေ က ဗမာပြည်လွတ်လပ်ရေးအတွက် တကယ်တိုက်နေသော ပါတီမှာ ဝင်ပါရမည်ဟု
တောင်းဆိုသည် ။ ဆရာလွန်း သည် တို့ဗမာအစည်းအရုံးတွင် ဝင်သလို ၊ စာရေးဆရာသည်
ပါတီဝင်ရမည် ဘက်လိုက်ရမည်ဟု ဆိုပေသည် ။
“ ကျွန်တော် အဲဒီအချက်တွေကို သဘောတူသားပဲ ၊ သို့ပေမယ့် ခင်ဗျားပြောတဲ့ မစ္စတာဝဲလ် ရဲ့
စာပေဟာ တိုးတက်သောစာပေ မဟုတ်ဘူးဆိုတာကိုသာ သဘော မတူတာပဲ ။ ကျွန်တော်
နားမလည်လို့ ဒီစကားကိုပြောတယ်လို့ ခင်ဗျား ထင်ချင် ထင်တော့ ”
ကျွန်တော်တို့သည် ဘုတ်ကလပ်ရှိသော ကျွန်းဆွယ်ဆီသို့ လျှောက်လာကြသည် ။ အင်းလျား
ရေပြင်တွင် ကြည်လင်သော မိုးပြာဟပ်သဖြင့် ပတ်ဝန်းကျင် ရှုခင်းတစ်ခုလုံးသည် အပြာနု
အလင်းရောင်တွင် အထူးကြည်လင်လှပနေပေသည် ။
“ အေး မင်းကြိုက်လှပါတယ်ဆိုတဲ့ အနှစ်ရာပေါင်းများစွာကြာရင် ဘယ်လို ဖြစ်မလဲဆိုတဲ့ စာအုပ်ကိုပဲ ကြည့်ပါဦး ။ လောလောဆယ် အရေးကြီးတဲ့ ပြဿနာတွေကို ကျော်ပြီး အဲဒါတွေအတွက်တော့
အဖြေမရှာ အပျင်းပြေ စိတ်ကူးယဉ်တာတွေပဲ ဖြစ်တယ် ”
“ အိုဗျာ ၊ သူက လောကဓာတ်ပညာရဲ့ တန်ခိုးကို ယုံကြည်သူမို့ လောကဓာတ်ပညာဟာ ရှေ့
ဘယ်လောက်ထိ တိုးတက်လာမယ်ဆိုတာ ကြိုတင်စိတ်ကူးနိုင်တာက တကယ့်ဉာဏ်ကြီးရှင်မို့
မဟုတ်လားဗျ ”
“ အေး အဲဒီလို ပြောရင်တော့ ပြောနိုင်တာပေါ့ ၊ သို့ပေမယ့် တကယ်ကျတော့ တို့ဟာ
လူသတ္တဝါတွေ ကြီးပွားတိုးတက်စေချင်ရင် ကမ္ဘာကြီးမှာ စစ်ဆိုတာ မရှိစေချင်ရင် ဓနရှင် စနစ်ဆိုးကြီးကို တိုက်ဖျက်ပစ်ရမယ်လို့ ယုံကြည်တယ် ။ ဒါကိုလုပ်တဲ့လူဟာ တကယ် တိုးတက်တဲ့လူ ၊
လောကဓာတ်ပညာ ရှေ့တစ်ဆင့် တိုးတက်စေချင်ရင်လည်း အဲဒီ ဓနရှင်စနစ်ဆိုးကြီးကို တိုက်ဖျက်
ပြစ်ရမယ် ။ ဒီအလုပ်တွေကို လုပ်အောင် လှုံ့ဆော်တဲ့စာရေးဆရာမှ တိုးတက်တဲ့ စာရေးဆရာလို့
ခေါ်နိုင်မယ် ၊ မင့်ဆရာ ဝဲလ်စ် က ဒီအလုပ်ကို မေ့စေပြီး စာဖတ်တဲ့လူကို စိတ်ကူးယဉ် တိုင်းပြည်ကိုသာ ခေါ်သွားတာဖြစ်တော့ တိုးတက်တဲ့ စာရေးဆရာလို့ မခေါ်နိုင်ဘူး ။ မင်း စဉ်းစားကြည့်ပါလား ၊ မျက် မမြင်တွေချည်း နေထိုင်တဲ့ တိုင်းပြည်ဆိုတာ ဘယ် ရှိနိုင်မလဲ ”
ကိုသိန်းဖေ ၏ ပြောစကားများ မှာ ကျွန်တော့် အတွေးအခေါ် ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေပြန်လေသည် ။ မစ္စတာဝဲလ်စ် နှင့် ပတ်သက်သော ကျွန်တော့် ခံယူချက်များကို ပြန်လည်သုံးသပ် နေမိပေသည် ။ ကျွန်တော်သည် ဓနရှင်စနစ် ကို ဖြိုဖျက်ပစ်မှ လူ့လောက ကောင်းမည်ကို ယုံကြည်နေသူ
ဖြစ်၏ ။ သို့သော် ယခင်က မစ္စတာဝဲလ်စ် အား သော်လည်းကောင်း ၊ အခြား စာပေပြဿနာများကို လည်းကောင်း ၊ ဓနရှင်စနစ် ဖြိုဖျက်ရေး မှတ်ကျောက်ဖြင့် တင်မကြည့်ခဲ့မိပါ ။
ဘုတ်ကလပ်ရှေ့ မြက်ခင်းရင်ပြင်တွင် စားပွဲများ ခင်းထားသည် ။ သစ်ပင်အရိပ် အာဝါသများက
ကောင်းလှသည် ။လေပြည်လေညင်းကလေးကလည်း အင်းလျားရေပြင်ပေါ်မှ ကျော်ဖြတ်ကာ
ကျွန်တော်တို့ဆီသို့ တသုန်သုန် တိုက်ခတ်လာနေ၏ ။ အင်းလျားမျက်နှာပြင်တွင် လူးလွန့်နေသော
လှိုင်းငယ်ကလေးများသည် ကမ်းခြေကို မထိတထိ တသွင်သွင် ရိုက်ခတ်ကစားနေကြ၏ ။
မော်တော်ကား ယာဉ်ရထားသံတွေကိုလည်း မကြား ၊ လူသူလေးပါး အော်ဟစ်ဆူညံသံတွေလည်း
မကြားရ ၊ ကမ္ဘာလောကကြီးမှ သီးခြားကင်းကွာလှသော ရိပ်ငြိမ်သာယာ ကမ္ဘာကလေး ဖြစ်နေပေ၏ ။
ကျွန်တော်က ထိုနေရာ ထိုပတ်ဝန်းကျင်ကို ချစ်နေလေသည် ။ မစ္စတာဝဲလ်စ် အား ဧည့်ခံရန် ဤနေရာကို ရွေးတတ်သူအား ချီးကျူးနေမိသည် ။ ကိုသိန်းဖေ ကတော့ -
“ စိတ်ကူးယဉ် စာရေးဆရာအတွက် စိတ်ကူးယဉ် ပတ်ဝန်းကျင်နဲ့ နေရာကလေးပါပဲ ”
မလိုတမာ ပြောလိုက်လေသည် ။ စာရေးဆရာတွေ ၊ သတင်းစာဆရာတွေ တဖြည်းဖြည်း ရောက်လာကြသည် ။ သို့သော် ကျွန်တော်တို့ စားပွဲမှာတော့ ကျွန်တော်တို့ နှစ်ယောက်သာ ရှိသေးသည် ။
ကိုသိန်းဖေ ကား ပါးစပ်က ပစ်ပယ်သော စကားကို ဆိုနေစေကာမူ ဤနေရာ ဤပတ်ဝန်းကျင်တွင်
ကြည်နူးချမ်းမြေ့နေသည်မှာ သူ့မျက်နှာတွင် ထင်ရှားနေ၏ ။ အတန်ကြာ ကြည်နူးနေပြီးနောက်
သူက -
“ အိုင်ဆေး ရဲဘော်တင်ထွန်း ၊ မစ္စတာဝဲလ်စ် ရဲ့ ဦးနှောက်ထဲကို ကိုယ်တို့ အရေးတော်ပုံ မရောက်ရောက်အောင် သွင်းပေးရမယ် ”
“ ဟုတ်ကဲ့ ၊ ပေးဖို့ စာရွက်စာတမ်းအစုံ ယူလာခဲ့ပါတယ် ၊ ပြင်ဆင်လာခဲ့ပါတယ် ။ ဒါထက်
ကိုသိန်းဖေ ဗမာပြည်မှာ ကွန်မြူနစ်ပါတီ ဆိုတာ မရှိဘူးလား ”
ကိုသိန်းဖေ သည် ကျွန်တော်မေးလိုက်သော မေးခွန်းကြောင့် အံ့ဩသွားဟန် ရှိသည် ။ တော်တော်
နှင့် မဖြေသေးဘဲ ကျွန်တော့်အား စေ့စေ့ကြည့်နေသည် ။ ကျွန်တော့်ကို အကဲခတ်နေဘိသလော ။
အတန်ကြာမှ ဖြည်းဖြည်းနှင့် ခပ်အုပ်အုပ် -
“ ရှိတော့ မရှိသေးဘူး ကိုယ့်လူ ၊ ဘယ်သူ့မှလည်း မပြောနဲ့နော် ၊ ရှိအောင် ကြိုးစားနေကြတယ် ။
ကိုယ် နဲ့ သခင်လှဖေ ကလကတ္တား က အိန္ဒိယကွန်မြူနစ်ပါတီခေါင်းဆောင်ကြီး မူဇာဖာအာမ က် ကို
ပြောပြီး ကွန်မြူနစ်စည်းရုံးရေးသမားတစ်ယောက် ဖိတ်လာခဲ့တယ် ။ အဲဒီ ရဲဘော် ဟာ အခု ရန်ကုန်
ရောက်နေတယ် ၊ သူက ခုအတွင်း ဆွေးနွေးတုန်း သင်တန်းပေးတုန်းပဲ ရှိတယ် ။ ကဲ ဒီလောက်ပဲ
ကိုယ့်လူကို အသိပေးနိုင်မယ် ၊ ဘယ်သူ့မှလည်း မပြောနဲ့နော် ”
“ စိတ်ချပါဗျာ ”
ထိုအတွင်း ကျွန်တော်တို့အဖွဲ့သို့လည်း လူအများရောက်လာလေသည် ။
မစ္စတာဝဲလ်စ် ရောက်လာသောအခါ တက္ကသိုလ် စာရေးဆရာတစ်ဦးဖြစ်သော ကိုညိုမြ က
ပရိသတ်နှင့် တစ်ယောက်စီ လိုက်၍ မိတ်ဆက်ပေးလေသည် ။
မစ္စတာဝဲလ်စ် သည် ကျွန်တော်တို့ စားပွဲဆီသို့ ရောက် မလာသေးမီ ငေးမျှော်ကြည့်ရင်း ကျွန်တော်က
ကိုသိန်းဖေ အား -
“ ၁၉၃၆ ခုနှစ် တုန်းကတော့ ကိုညိုမြ ဟာ သပိတ်မှောက် ခေါင်းဆောင် တစ်ယောက်နော် ၊ ခုတော့ သူ
မပါ ပါကလား ”
“ အေး ဒီကောင် က ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရ ဆိုတဲ့ ကြွေးကြော်သံ အော်ပြီး ဘေးမှာ
ထိုင်နေတယ် ”
“ သူက ဘိလပ်သွားပြီး သတင်းစာပညာသင်ဖို့ သင်္ဘောစောင့်နေတယ် မဟုတ်လား ”
“ အင်း ဟုတ်တယ် ”
“ ခင်ဗျားလည်း ဘိလပ်သတင်းစာ ပညာတော်သင် လျှောက်သေးတယ် မဟုတ်လား ”
“ ဟုတ်တယ် ဒီကိစ္စတွေမှာ ငါက ကိုယ့်သဘောနဲ့ မစီမံပါဘူးကွာ ။ စစီစဉ်တုန်းက ကိုယ်တောင်
မသိဘူး ၊ ကိုနု သဘောပါပဲ ၊ ငါ အိန္ဒိယသွားတာလည်း ကိုနု က သွားဖို့ကောင်းတယ်ဆိုလို့ သွားတာပဲ ။ တစ်ခါ ခုတစ်ခေါက် အိန္ဒိယက ပြန်လာတော့ အမ်အေ ဘီအယ်လ် ဘွဲ့တွေ မလိုချင်ပါနဲ့တဲ့ ၊ အိန္ဒိယမှာ ၂ နှစ် နေရ တော်ရောပေါ့တဲ့ ၊ ဘိလပ်သွားရအောင် သူ ဒေါက်တာဘမော် ကို
ပြောဆိုပြီးပြီတဲ့ ၊ နိုင်ငံခြားရောက်တဲ့ ဗဟုသုတ လိုရင်းပဲတဲ့ ၊ ဒါနဲ့ ငါလည်း သဘောတူပြီး
သတင်းစာပညာတော်သင် လျှောက်တာပဲ ။ နောက်ကျတော့ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းကိစ္စတွေ ၊ ခု
အရေးတော်ပုံတွေ ပေါ်လာတော့ ကိုနု ကပဲ မင်း ဘိလပ်သွားဖို့ဟာ ဂရုစိုက် မနေနဲ့တော့တဲ့ ၊
လုပ်စရာရှိတာတွေ လုပ်ရမယ်တဲ့ ၊ ဒါလည်း မှန်တာပဲ ၊ ဒီအချိန်မှာ ညွန့်ပေါင်းအစိုးရကို
မဆန့်ကျင်ရင် ငါတို့ဟာ တိုင်းပြည်သစ္စာဖောက်တာနဲ့ အတူတူပဲ ”
“ ခင်ဗျား ဒီလောက်တောင် ကိုကြီးနု စကားကို နားထောင်လျက်နဲ့ ဟိုညတုန်းကတော့ ဘာ့ကြောင့်
သူ့ကို ဘုမှုတ်နေတာလဲ ”
“ အဲဒါကတော့ နိုင်ငံရေးအယူအဆ ကွဲလွဲမှုကိုးကွ ”
ထိုအတွင်း မစ္စတာ ဝဲလ်စ် ကျွန်တော်တို့ စားပွဲသို့ ရောက်လာလေသည် ။
ကိုညိုမြ က ကိုသိန်းဖေ နှင့် စ၍ မိတ်ဆက်ပေးလေသည် ။
“ သူဟာ ဗမာပြည်ရဲ့ မာတင်လူသာ ပဲ ”
ကိုသိန်းဖေ -
“ အဲဒီလောက်တော့ မကြီးကျယ်ပါဘူး ”
မစ္စတာ ဝဲလ်စ် က ကိုညိုမြ အား -
“ ဗမာပြည်က မာတင်လူသာ ခေါ်ရအောင် သူ့ဆောင်ရွက်ချက် သိပါရစေဦး ”
ကိုညိုမြ က ကိုသိန်းဖေ သည် ဗုဒ္ဓဘာသာ ကို ပြုပြင်ရန် တက်ဘုန်းကြီး ဝတ္ထု ရေးကြောင်း ၊
ဘုန်းတော်ကြီးများ ၏ သပိတ်မှောက်ခြင်း ခံရကြောင်းများကို ပြောနေလေသည် ။
ကိုသိန်းဖေ က ကျွန်တော် နှင့် မစ္စတာဝဲလ်စ် အား မိတ်ဆက်ပေးသောအခါ ကျွန်တော် အသင့်ပြင်ဆင် ယူဆောင်လာခဲ့သော ကျောင်းသားအရေးတော်ပုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပေးလိုက်လေသည် ။ ၎င်းနောက် အင်္ဂလိပ်နယ်ချဲ့သမားနှင့် ညွန့်ပေါင်းအစိုးရတို့က
ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ်နေပုံကို ပြောပြလိုက်လေသည် ။
မစ္စတာဝဲလ်စ် က “ ငါသာ ဗမာပြည်မှာနေရရင် တစ်နှစ်မှာ ၃၆၅ ရက် သပိတ်မှောက်နေမှာပဲ ” ဟု
ရယ်စရာ ပြောသွားသေးသည် ။
ကျွန်တော်တို့ စားပွဲနှင့် ကပ်ထိုင်နေသော မြမျိုးလွင် နှင့် မိတ်ဆက်ပေးသောအခါ မစ္စတာဝဲလ်စ် က
“ ဝတ္ထုရေးဆရာဆိုရင် ဘယ်နှပုဒ် ရေးပြီးပြီလဲ ” ဟု မေးသည် ။
မြမျိုးလွင် ။ ။ “ အပုဒ် ၇ဝ ကျော် ၈ဝ ထက် မနည်း ရေးပြီးပါပြီ ”
မစ္စတာဝဲလ်စ် ။ ။ “ အို အံ့ဩစရာကောင်းတဲ့ စာရေးဆရာပါကလား ၊ ကျုပ်တို့တော့ ဒီလောက်
မတတ်နိုင်ဘူး ”
လွတ်လပ်ရေး အမျိုးသမီးများအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သူ စာရေးဆရာမ ခင်မျိုးချစ် နှင့်
မိတ်ဆက်ပေးသောအခါ ခင်မျိုးချစ် က ကျောင်းသား အလုပ်သမား အရေးတော်ပုံ ဓာတ်ပုံများကို
မစ္စတာဝဲလ်စ် အား ပေးလိုက်လေ၏ ။
မစ္စတာပရုမ်း အမည်ခံ ဦးမောင်မောင်ပြေ က လူငယ်သတင်းစာအဖွဲ့ကိုယ်စား မစ္စတာဝဲလ်စ် အား
စာတမ်းတစ်စောင် ပေးဆက်ရာ ထိုအထဲတွင် အင်္ဂလိပ် ဓနရှင် နှင့် ညွန့်ပေါင်းအစိုးရ တို့၏ ဖိနှိပ်ချုပ်ချယ်မှုများ ၊ အလုပ်သမားလယ်သမား နှင့် ကျောင်းသား စာရေးစာချီ ၊ စာရေးဆရာ ၊ သတင်းစာ
ဆရာ နှင့် အခြားသောလူတန်းစား တို့၏ အခြေအနေများ ၊ လက်ရှိ နိုင်ငံရေးအခြေအနေများကို
ဖော်ပြထားလေသည် ။ ကမ္ဘာလည့်နေသော မစ္စတာဝဲလ်စ် သည် ရောက်လာလေရာရာအရပ်တို့၌
ထိုအကြောင်းများကို ဖောက်သည်ချပါလေ ။ အင်္ဂလန် ပြန်ရောက်၍ စာအုပ်ရေးပါကလည်း ဤ
အကြောင်းများကို ထည့်ပါလေဟု တိုက်တွန်းထားလေသည် ။
မစ္စတာဝဲလ်စ် ကား အရွယ်အားဖြင့် အတော် အိုမင်းပြီဖြစ်သော်လည်း ရုပ်ရည်အားဖြင့် အိုစနာ
တုန်ချည့်ခြင်း လုံးဝ မရှိသေး ၊ အမူအရာမှာ ဖျတ်လတ်၏ ။ အပြောအဆိုမှာ ဟာသဉာဏ် ရွှင်လှ၏ ။
သူ့အား ခေါင်းပေါင်း ၊ ပုဆိုးတောင်ရှည် ၊ ပိန်းတန်းဖိနပ်စသော ဗမာအသုံးအဆောင်များကို
လက်ဆောင်ပေးရာ သူသည် ချက်ချင်း ခေါင်းပေါင်းကို စွပ်လိုက်သဖြင့် အားလုံးက တပြုံးပြုံး
ကြည့်နေကြရသေးသည် ။
ကိုသိန်းဖေ က ဝေဖန်လိုက်သဖြင့် မစ္စတာဝဲလ်စ် ၏ စာပေများကို ရှုထောင့်တစ်မျိုးမှနေ၍
ကြည့်မိပြီဖြစ်သော်လည်း မစ္စတာဝဲလ်စ် အား အထင်ကြီးမှု ၊ ကြည်ညိုမှုမှာ ပျောက်မသွားချေ ။ ခု
လူကိုယ်တိုင် တွေ့ရသောအခါ ပိုအထင်ကြီး ပိုကြည်ညိုလာရုံ မက ရင်းနှီးချစ်ခင်စိတ်လည်း
ပေါက်လာလေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment