Tuesday, September 14, 2021

ပုတီးသမား တစ်ဦး အကြောင်း


 ❝  ပုတီးသမား တစ်ဦး အကြောင်း


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ အသက်ငါးဆယ်ကျော်ခန့်အရွယ်ရှိသော ကျွန်ုပ်၏မိတ်ဆွေ ဦးပီတာ ဆိုသည့်

လူကြီးတစ်ဦးနှင့် အသက်ဆယ့်နှစ်နှစ် ၊ ဆယ့်သုံးနှစ်အရွယ် ပေတလူ ဆိုသည့် သူငယ်လေးတစ်ဦးတို့သည်

အလည်အပတ် ရောက်ရှိလာကြလေ၏ ။ ၎င်းတို့ရောက်ပြီး များမကြာမီ၌ ကျွန်ုပ်၏ မိတ်ဆွေ

ဒေါ်သာဉာဏ် ဆိုသည့် အဒေါ်ကြီးတစ်ဦးလည်း ထပ်မံ ရောက်ရှိလာ၏ ။


ဒေါ်သာဉာဏ်ကြီး ရောက်လာပြီးနောက်တွင် မရှေးမနှောင်းဆိုသလိုပင် ကျွန်ုပ်နှင့်

တစ်ရပ်တည်းနေခဲ့ဖူး၍ ရပ်ဆွေရပ်မျိုးတော်စပ်သော ညာကလိ ဆိုသည့် အရူးတစ်ယောက်လည်း

ရောက်လာပြန်၏ ။ ကျွန်ုပ်သည် ၎င်းတို့လေးဦးအား အရိပ်ကောင်းသော သီဟိုဋ္ဌ်ပင်ကြီးတစ်ပင်အောက်၌

နေရာချထားပေးပြီးလျှင် လက်ဖက်ဖြင့်ကြော်သော ထမင်းကြော် ၊ လက်ဖက်ရည်အချိုတို့ဖြင့် ဧည့်ခံထားကာ

မှော်ဘီဈေးသို့ သွားရလေ၏ ။ ဈေးမှပြန်ရောက်သောအခါ မီးဖိုများ ၊ အိုးခွက်ပန်ကန်များကို ၎င်းတို့ရှိသော

သီဟိုဋ္ဌ်ပင်ကြီးအောက်သို့ပင်ရွှေ့ကာ နံနက်စာကို ချက်ပြုတ်ရလေ၏ ။ ဆီးဖြူသီး ၊ ဂွေးသီး ၊ ဆီးသီး ၊

မန်ကျည်းသီးစိမ်းတို့ကို ပြုတ်ကာ အနှစ်ယူ၍ ထိုအနှစ်ဖြင့် ဝက်သားဟင်းကို ဆီပြန်ချက်ရလေ၏ ။


ဝက်သားဟင်းဆီပြန်ကျက်သွားသောအခါ ငါးခူးတစ်ဆယ်သားကို ငံပြာရည်ဖြင့် ပြုတ်၍

အသားများ နွှာပြီးလျှင် ရေနွေးအိုးကြီးအတွင်းသို့ခပ်ကာ အကောင်းစားငံပြာရည်များထည့်ပြီး မီးထိုးရလေ၏ ။

ထိုအိုးကြီး ပွက်ပွက်ဆူလာသောအခါ၌ ရွှေဖရုံညွန့် ၊ ရွှေဖရုံပွင့် ၊ ပင်စိမ်း ၊ ငရုတ်သီး ( ကာလီသီး ) ၊

ငရုတ်ကောင်း ၊ ရုံးပတီသီးတို့ ခပ်၍ ဟင်းချို ချက်ရလေ၏ ။ ပြီးလျှင် ငံပြာရည်ချက်တစ်ခွက်လည်း

လုပ်ရလေ၏ ။ မုန်လာဥချဉ်ဖတ်တို့ကို အတို့အဖြစ် ထည့်ရလေ၏ ။ အလုံးစုံကျက်သောအခါ၌

၎င်းတို့လေးဦးအား နံနက်စာအဖြစ် တည်ခင်းကျွေးမွေးရလေ၏ ။


ညာကလိ သည် ကျွန်ုပ်ချက်သော ဝက်သားဟင်းကို လွန်စွာ နှစ်သက်ပုံရ၏ ။ ဒေါ်သာဉာဏ်ကြီး ကမူ

ဟင်းချိုကို ချီးမွမ်းနေ၏ ။ ဦးပီတာနှင့် ပေတလူတို့မှာ မျှတစွာ သုံးဆောင်နေကြ၏ ။ ထိုအချိန်၌

ဒေါ်သာဉာဏ်ကြီးက ... “ ထမင်းစားလို့ ကောင်းလိုက်တာတော် ၊ အခုနေများ ညာကလိက

ဝိဇ္ဇာတွေဘာတွေအကြောင်း ပြောရရင်တော့ အတော့်ကို ကောင်းမှာပဲ ” ဟုပြောလိုက်ရာ

ညာကလိက “ ပြောပါမယ် ဒေါ်သာဉာဏ်ရယ် ၊ တိုက်ကြီးမြို့ကနေ ထွက်ရပ်ပေါက်သွားတဲ့

ဝိဇ္ဇာမောင်ညွန့် အကြောင်းကို ပြောပြပါ့မယ်  ဟု စကားခံလိုက်လျှင် ကျွန်ုပ်က ... “ တိုက်ကြီးက ဒီနားတင်ပဲ ၊

ငါ ရောက်ဖူးပါတယ်ကွ ၊ ကားလမ်းပေါ်မှာပဲ ” ဟုပြောလိုက်လျှင် ညာကလိက ... “ အဘ ရောက်ဖူးတာက

ကားလမ်းပေါ်ပဲ ရောက်ဖူးတာ ၊ ကားလမ်းအတွင်းဘက် မှာ ရွာကြီးတွေ အများကြီးရှိသေးတယ် ။

ရွာလမ်းတွေဟာ အဲဒီကားလမ်းမှာလာပြီးဆိုက်ကြတယ် ။


အဲဒီရွာအဝင်လမ်းတွေမှာ အချို့က မုခ်ဝတွေ ဘာတွေလုပ်ထားသေးတယ် ။ အချို့က

ဇရပ်တွေဘာတွေ ဆောက်ထားသေးတယ် ။ တချို့က အဲဒီမှာ သောက်ရေအိုးစင်တွေ ဘာတွေ

တည်ထားသေးတယ် ။ အဲဒီမုခ်ဝတွေက ဝင်သွားရင် အထဲကို ခုနစ်မိုင် ၊ ရှစ်မိုင်လောက် ဝင်သွားမှ ရောက်တဲ့

ရွာတွေ ရှိသေးတယ် ။ ရှမ်းလူမျိုးတွေချည်း စုပြီးနေတဲ့ ရှမ်းရွာတွေလည်း ရှိတယ် ။ အခုကျွန်တော်ပြောမယ့်

အကြောင်းအရာတွေက ကားလမ်းက ခုနစ်မိုင်လောက် ဝင်သွားမှ ရောက်တဲ့ ' ရွာသာယာ ' ဆိုတဲ့

ရွာ အကြောင်းပဲ ။


အဲဒီရွာမှာ ဒေါ်ပုလုံး ဆိုတဲ့ မုဆိုးမကြီးတစ်ယောက် ရှိတယ် ။ သူက အိမ်ဆိုင်ကလေး ဖွင့်ထားတယ် ။

သူ့မှာ လူပျိုကာလသားအရွယ် မောင်ညွန့် ဆိုတဲ့ သားလေးတစ်ယောက် ရှိတယ် ။ အဲဒီ မောင်ညွန့်လေးဟာ

ခုနှစ်တန်း အောင်ပြီးပြီ ။ ကျောင်းဆက်ပြီး မနေနိုင်လို့ အမေကြီးကို ကူညီညာလုပ်ပေးနေရတယ် ။

မောင်ညွန့် လေးဟာ မြို့ပေါ်ကိုတက်လာပြီး ရုံးတွေမှာ အလုပ်လျှောက်တယ် ။ သူလျှောက်တာက ' ပြွန်း '

လို့ခေါ်တဲ့ ' မင်းစေ ' အလုပ်ပါပဲ ။


အဲဒီအလုပ်ရရင် သူ့အမေကြီးကို ကူညီနိုင်ပြီပေါ့ ။ မောင်ညွန့် ကလေးဟာ ဆယ်ရက်တစ်ခါ ဆိုသလို

မြို့ပေါ်က တရားရုံးတွေမှာ လျှောက်လွှာလာပြီးတင်တယ် ၊ ဘယ်ရုံးကမျှ သူ့ကို မခန့်ပါဘူး ။ တစ်နေ့မှာ

အလုပ်လျှောက်လို့ မရလို့ စိတ်ပျက်ပျက်နဲ့ ရွာကိုပြန်ဖို့ မြို့ပေါ်ကနေ ဆင်းလာတာ ၊ ရွာအဝင်လမ်း

ဇရပ်ကြီးလည်းရောက်ရော လှည်းကြုံစောင့်ဦးမယ်ဆိုပြီး စောင့်နေတာ ။


အဲဒီလို စောင့်ရင်း သောက်ရေအိုးတွေကို ကြည့်လိုက်တော့ သောက်ရေအိုးတွေမှာ

ရေမရှိတာတွေ့တာနဲ့ အဦးဆုံး ရေကန်ကိုသွားပြီး သောက်ရေအိုးတွေကိုတိုက်ချွတ် ဆေးကြောလိုက်တယ် ။

သောက်ရေခွက်တွေကိုလည်း တိုက်ချွတ် ဆေးကြောလိုက်တယ် ။ အဲဒီအချိန်မှာပဲ ဇရပ်ထဲကို

အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ယောက် ဝင်လာတယ် ။ အဲဒီအဘိုးကြီးဟာ ပိတ်ဖြူစင်ကြယ်

ဝတ်ထားတယ် ။ ခေါင်းမှာလည်း ပိတ်ဖြူကြီး ပေါင်းထားတယ် ။


ပိတ်ဖြူတစ်ခုကို လက်ကတော့ ထိုးထားသေးတယ် ။ ပိတ်ဖြူလွယ်အိတ်ကြီး တစ်လုံးလည်း

လွယ်ထားတယ် ။ အဲဒီအဘိုးကြီးဟာ ဇရပ်ထဲမှာ ထိုင်ပြီး အမောဖြေရင်း မောင်ညွန့်ကို - “ ဟေ့ သူငယ်

အဘကို ရေတစ်ခွက်လောက် ပေးစမ်းပါကွာ ” လို့ ပြောလိုက်တယ် ။ မောင်ညွန့် က သောက်ရေတစ်ခွက်ခပ်ပြီး

ရိုရိုသေပေးတယ် ။ အဘိုးကြီးက ရေကို သောက်ချလိုက်ပြီး သာဓုခေါ်တယ် ၊ ပြီးတော့ အဘိုးကြီးက - “ မင်းက

ဘယ်ကို သွားမှာလဲ သူငယ်ရဲ့ ” လို့မေးလိုက်တယ် ။ မောင်ညွန့်က ရွာသာယာကို သွားမယ့်အကြောင်း

ပြောပြလိုက်တယ် ။ အဲဒီ အဘိုးကြီးက မောင်ညွန့် ကို သူသိလိုတဲ့အချက်တွေကို မေးတယ် ။ မောင်ညွန့် ကလည်း

ရိုးရိုးသားသား ပြန်ပြီး ဖြေတယ် ။


အဲဒီတော့ အဘိုးကြီးက - “ မောင်ရင်က အလုပ်ရှာဖို့ ထွက်လာတာကိုး ။ အလုပ် မရှာနဲ့တော့ ၊

အဘကမင်းကို အလုပ်ပေးမယ် ” လို့ဆိုပြီး သူ့လည်ပင်းက ပုတီးကြီးကို ချွတ်ပြီး မောင်ညွန့် လည်ပင်းမှာ

ဆွဲချိတ်ပေးလိုက်တယ် ။ အဲဒီလို ချိတ်ပေးပြီးနောက် - “ မင်းတို့ရွာမှာ စေတီတစ်ဆူ ရှိတယ် မဟုတ်လား ” လို့ မေးလိုက်တယ် ။ အဲဒီတော့ မောင်ညွန့်က - “ ရှိပါတယ် အဘ ၊ ကိုးတောင်ပြည့်စေတီလေးရှိပါတယ် ။

စေတီကိုလည်း အုတ်တံတိုင်းလေးနဲ့ ပတ်ထားသေးတယ် ။ အင်္ဂတေအတိုင်းပဲ ၊ ရွာက ဆင်းရဲတော့

ရွှေမချနိုင်ဘူး ။ ထုံးသင်္ကန်းပဲ ကပ်ထားနိုင်တယ် ။ စေတီရဲ့ဘွဲ့တော်ကတော့ “ အောင်ဓာတ်စကြာ

စေတီတော်တဲ့ ” လို့ ပြန်ပြီး ပြောလိုက်တယ် ။


အဲဒီအခါ အဘိုးကြီးက - “ အဲဒီစေတီမှာ မင်းပုတီး ( ၄၉ ) ရက်စိပ်ရမယ်ကွ ၊ အခု အဘပေးတဲ့

ပုတီးနဲ့ စိပ်ရမယ် ။ အဲဒီ ( ၄၉ ) ရက်လုံးမှာလည်း သက်သတ်လွတ် စားရမယ် ။ မင်း နာမည်က မောင်ညွန့် ဆိုတော့

အင်္ဂါသားပဲလား ” လို့ မေးလိုက်တယ် ။ အဲဒီတော့ မောင်ညွန့်ကလေးက ...


“ ဟုတ်ပါတယ် အဘ ၊ ကျွန်တော် အင်္ဂါသားပါ ” လို့ ပြန်ပြီးဖြေလိုက်တယ် ။ အဲဒီတော့ အဘိုးကြီးက

... “ မနက်ဖြန် စနေပဲကွ ၊ မင်းရဲ့ ပဉ္စပွတ်နေ့ပဲ ။ မနက်ဖြန်ကစပြီး အဓိဋ္ဌာန် ဝင်ပေတော့ ။ စိပ်ရမှာကတော့

ဂုဏ်တော် တစ်ထောင်ပဲ ၊ အဲဒီအလုပ်ရပြီမှတ် ” လို့ အဘိုးကြီးက ပြောလိုက်တယ် ။


အဲဒီအချိန်မှာပဲ လှည်းကြုံရလာလို့ မောင်ညွန့် ဟာ လှည်းကြုံနဲ့ ရွာကို ပြန်လာခဲ့တယ် ။


အိမ်ကိုရောက်တော့ သူ့အမေကြီးကို အဲဒီအကြောင်းပြောပြတယ် ။ အဲဒီတော့ သူ့အမေကြီးက ...


“ သားရယ် ၊ မင်းကတော့ သူတော်စင်ကြီးနဲ့ တွေ့ခဲ့တာပဲ ။ သက်သတ်လွတ် စားဖို့လည်း မပူနဲ့ ၊

အမေချက်ပေးပါ့မယ် ” လို့ ပြောလိုက်တယ် ။ အဘိုးကြီးက မောင်ညွန့် ကို

နေ့စဉ် ဂုဏ်တော်တစ်ထောင်ပြည့်အောင် စိပ်ရမယ်လို့ မှာလိုက်သေးတာနော် ။ မောင်ညွန့်ဟာ နောက်နေ့ကစပြီး

မနက်ငါးနာရီထိုးတာနဲ့ စေတီတော်လေးကို ရောက်နေပြီ ၊ ဖယောင်းတိုင် အမွှေးတိုင်ထွန်းပြီး ပုတီးစိပ်နေပြီ ။


ဂုဏ်တော်တစ်ထောင် ပြည့်လို့ အမျှအတန်းပေးဝေပြီးမှ အိမ်ကိုပြန်လာတယ် ။

အိမ်ရောက်တဲ့အခါကျတော့ မိခင်ကြီးချက်ထားတဲ့သက်သတ်လွတ် ထမင်းကို စားတယ် ။ တစ်နေကုန်လိုပဲ

ပုတီးစိပ်နေတတ်တယ် ။ ညကျတော့လည်း ဘုရားစင်မှာ ဖယောင်းတိုင်လေး ဘာလေးထွန်းပြီး

ပရိတ်ရွတ်တော့တာပဲ ။ တစ်နေ့မှာ မောင်ညွန့် ဟာ မိခင်ကြီးကို - “ အမေ ဒီနေ့ ဟိုအဘပေးသွားတဲ့

အဓိဌာန် ( ၄၉ ) ရက် ပြည့်တဲ့နေ့ပဲ ၊ ထူးလိမ့်မယ် ထင်တယ် ” လို့ပြောတယ် ။ အဲဒီတော့ မိခင်ကြီးကလည်း -


“ ထူးမှာပေါ့ သားရယ် ။ မင်းကို အဓိဌာန်ပေးသွားတဲ့ ပုဂ္ဂိုလ်ကြီးကလည် ဝိဇ္ဇာကြီးနဲ့ တူပါရဲ့ ။ မဟုတ်မှလွဲရော

ပထမံ ဘိုးဘိုးအောင် များလား မပြောနိုင်ဘူး ” လို့ ပြန်ပြီးပြောတယ် ။


အဲဒီနောက် မောင်ညွန့် လေးဟာ စေတီတော်ကလေးဆီကို ထွက်လာခဲ့တယ် ။ စေတီတော်ကလေးကို

ရောက်တဲ့အခါ ဂုဏ်တော်တစ်ထောင်ကို ပုတီးစိပ်နေတယ် ။ ပုတီးစိပ်ပြီးတဲ့အခါ အမျှအတန်းပေးဝေတယ် ။

အဲဒီနောက် စေတီတော်ကလေးကို လက်ယာရစ်လှည့်ပတ်ပူဇော်ပြီးတဲ့ အခါ စေတီပရိဝုဏ်အတွင်းကထွက်ပြီး

လှေကားကနေ ဆင်းလာခဲ့တယ် ။ အဲဒီလိုဆင်းလာခဲ့ရာမှာ လှေကားအလယ်ထစ်ကနေ

အထုပ်ကလေးတစ်ထုပ်ကို ကောက်ရသတဲ့ ။ အဲဒီအထုပ်ကလေးဟာ သင်္ကန်းအညိုရောင်စနဲ့ ထုပ်ထားတဲ့

တစ်တောင်လောက် ရှိတဲ့ အထုပ်လေး ဖြစ်တယ် ။


အပေါ်မှာ စည်းထားတဲ့ ကြိုးကလည်း သင်္ကန်းစပဲတဲ့ ။ မောင်ညွန့်ဟာ အဲဒီအထုပ်ကလေးကို

ကောက်ယူပြီးတဲ့အခါ ပိုင်ရှင် ရှိ မရှိ လေ့လာတဲ့သဘောနဲ့ ဟိုကြည့်ဒီကြည့် လုပ်လိုက်သေးတယ် ။

ဘယ်သူ တစ်စုံတစ်ယောက် မျှ မတွေ့ရတော့မှ အထုပ်ကလေးကို လွယ်အိတ်ထဲကို ထည့်ပြီး အိမ်ကို

ယူလာခဲ့သတဲ့ ။ အိမ်ကို ပြန်ရောက်တဲ့အခါ ဘုရားစင်ရှေ့မှာ ထိုင်ပြီး အထုပ်ကလေးကိုဖြေကြည့်သတဲ့ ။ အဲဒီလို

ဖြေကြည့်လိုက်တဲ့အခါ အထဲမှာ အဖုံးပါတဲ့ ဝါးကျည်တောက်ဘူးလေး တစ်ဘူးကို တွေ့ရသတဲ့ ။ တစ်ထွာနဲ့

လက်လေးလုံးလောက် မြင့်တဲ့ ဇော်ဂျီရုပ်ကလေးတစ်ရုပ် ထွက်လာသတဲ့ ။ ဇော်ဂျီကလေး ခြေစုံရပ်နေပုံကို

ထုထားတာတဲ့ ။ တောင်ဝှေးတစ်ချောင်းကို လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ပုံပဲ ။


အရုပ်တစ်ခုလုံးကို ရွှေပိန်းချထားသေးတယ် ။ အဲဒီ ဇော်ဂျီရုပ်လေး ထုထားပုံဟာ

အခုခေတ် ဆုအဖြစ်ပေးတဲ့ အော်စကာရုပ်တုနဲ့ အနီးစပ်ဆုံး တူမှာပေါ့ ။ မောင်ညွန့် ဟာ အဲဒီအရုပ်ကလေးကို

ဝါးကျည်တောက်ထဲကို ပြန်ထည့်ပြီး အဖုံးကို ပိတ်လိုက်တယ် ။ အဲဒီနောက် နဂိုက ပတ်ထားတဲ့အတိုင်း

သင်္ကန်းအညိုစနဲ့ ပြန်ပတ်ပြီး သင်္ကန်းကြိုးနဲ့ ပြန်ချည်ထားလိုက်သတဲ့ ။ အဲဒီနောက် သူ့ရဲ့အိပ်ရာကို ယူသွားပြီး

ခေါင်းအုံးအောက် မှာ အဲဒီအထုပ်ကလေးကို ထည့်ထားလိုက်သတဲ့ ။


ည ( ၈ ) နာရီလောက် မှာ မောင်ညွန့်ဟာ ဘုရားရှိခိုးပြီး အိပ်ရာဝင်ခဲ့တယ် ။ အိပ်ပြီး

အချိန်မကြာခင်မှာပဲ အိပ်မ က် မ က်တယ် ။ အိပ်မ က်ထဲမှာ သူ့ခေါင်းအုံးအောက်ကို ထည့်ထားတဲ့

အထုပ်ကလေးဟာ အပြင်ဘက်ကို ထွက်လာပြီး သင်္ကန်းကြိုးတွေပြေကျ ၊ ပတ်ထားတဲ့သင်္ကန်းတွေလည်း

ပြေကျပြီးဝါးကျည်တောက်လေးဟာ အဖုံးကျွတ်ထွက်သွားတယ် ။ ပြီးတော့ အဲဒီထဲက

ဇော်ဂျီရုပ်ကလေး ခုန်ထွက်လာတယ် ။


ဇော်ဂျီရုပ်ကလေးဟာ ကြမ်းပြင်မှာ မတ်တတ်အနေအထားအတိုင်း ထောင်နေတယ် ။ ပြီးတော့

အသက်ဝင်လာပြီး အဲဒီအရုပ်ကလေးဟာ လှုပ်ရှားလာတယ် ။ လှုပ်ရှားရင်း လှုပ်ရှားရင်းနဲ့ အဲဒီ

ဇော်ဂျီရုပ်ကလေးဟာ သေးသေးလေးက လူအရွယ်လောက် ဖြစ်လာတယ် ။ ပြီးတော့ သူ့ဗိုက်ကို

တောင်ဝှေးနဲ့ ထိုးလိုက်တော့ မောင်ညွန့် ဟာ နိုးသွားတယ်တဲ့ ။ အဲဒီအခါမှာ မောင်ညွန့်ရဲ့ လက်ကိုဆွဲပြီး

ဇော်ဂျီလေးက ခေါ်သွားတယ် ။ အဲဒီလိုခေါ်သွားလိုက်တာ တိုက်ကြီးမြို့ပေါ် ရောက်သွားပါလေရော ။


အဲဒီအခါမှာ မြို့ပေါ်မှာ ပိုက်ဆံချမ်းသာတဲ့ အိမ်တစ်အိမ်ကို သူခိုးနှစ်ယောက် ဖောက်နေတာကို

ပြတယ် ၊ အဲဒီသူခိုးနှစ်ယောက်ဟာ အဲဒီအိမ်က စိန်ထုပ်တစ်ထုပ် ရသွားတယ် ။ ဇော်ဂျီ ဟာ မောင်ညွန့် ရဲ့လက်ကိုဆွဲပြီး သူခိုးတွေနောက်ကို လိုက်ကြည့်တယ် ။ သူခိုးတွေက စိန်ထုပ်ကို တစ်ခါတည်း ယူမသွားဘူး ။

ရေကန် တစ်ကန်နားမှာ ရှိတဲ့ မန်းကျည်းပင်နားမှာ တူးပြီး မြှုပ်ပစ်ခဲ့တယ် ။ ဇော်ဂျီ က မောင်ညွန့် ကို

အဲဒီနေရာကို တူးဖို့ ပြတယ် ။ မောင်ညွန့် လည်း တူးရတယ် ။ တူးလည်းတူးရော သူခိုးတွေ ဝှက်ထားတဲ့

စိန်ထုပ်ကို ရတာပေါ့ ။


အဲဒီတော့ ဇော်ဂျီက မောင်ညွန့်ကို အိမ်ကို ပြန်ခေါ်လာတယ် ။ အိမ်လည်းရောက်ရော မောင်ညွန့် ကို

အိပ်ဖို့ပြတယ် ။ မောင်ညွန့် ဟာ အိပ်ရာထဲမှာ လှဲချလိုက်ရော ဇော်ဂျီဟာ ကိုယ်ကို ဟိုယိမ်း ဒီယိမ်း လုပ်လိုက်တယ် ။ အဲဒီလို လုပ်လိုက်တဲ့အခါမှာ မူလအရွယ်အတိုင်း သေးသေးလေး ပြန်ဖြစ်ပြီး

အရုပ်ကလေး ပြန်ဖြစ်သွားတယ် ။


အရုပ်ကလေးဖြစ်သွားတဲ့အခါ ဝါးကျည်တောက်ထဲကို သူ့အလိုလို ခုန်ပြီးဝင်သွားတယ် ။

ဝါးကျည်တောက် အဖုံးလေးကလည်း အလိုလို ဖုံးပြီးသား ဖြစ်သွားတယ် ။ သင်္ကန်းစကလည်း အလိုလို

ပြန်ပတ်ပြီးသားဖြစ်သွားတယ် ။ သင်္ကန်းကြိုးကလည်း ချည်ပြီးသာ ဖြစ်သွားတယ် ။ အဲဒီအခါကျတော့မှ

အထုပ်ကလေးဟာ ခေါင်းအုံးအောက်ကို သူ့အလိုလို လျှောပြီး ပြန်ဝင်သွားတယ် ။


မောင်ညွန့် လည်း အိပ်ရာက လန့်ပြီးနိုးသွားတယ် ။ အဲဒီအခါမှ သူ့ခေါင်းအုံးဘေးမှာ

အထုပ်တစ်ထုပ်ရောက်နေတာကို တွေ့ရတယ် ။ ဖြေကြည့်တော့ သူ ညကယူလာခဲ့တဲ့ စိန်ထုပ်ဖြစ်နေတာကို

တွေ့ရတယ် ။ မောင်ညွန့် လည်း လန့်သွားတယ် ။ ခိုးရာပါ ပစ္စည်းကို အိမ်မှာ မထားရဲတာနဲ့ ပုတီးကို

လည်မှာဆွဲပြီး တိုက်ကြီးကို ပြန်တက်လာတယ် ။ ပြီးတော့ စောစောက ရေကန်နားကို ပြန်သွားပြီး

မန်ကျည်းပင်ကြီးရဲ့ အရင်းမှာ တူးပြီး မြှုပ်လိုက်တယ် ။ ပြီးတော့ အိမ်ပြန်လာပြီး ဘုရားစင်ရှေ့မှာ

ပုတီးစိပ်နေတော့တယ် ။ မကြာခင် မိုးလင်းသွားတော့ တာပါပဲ ။


မိုးလင်းတဲ့အခါမှာ သူခိုး ခိုးခံထားရတဲ့အိမ်က သိသွားတော့ ဂါတ်ကိုတိုင်တယ် ။ ဂါတ်ကလည်း

သူခိုးကို အပြင်းအထန် ရှာတော့တာပေါ့ ။နောက်ဆုံးမှာ ရဲတွေဟာ မောင်ညွန့်တို့ ရွာအထိ ရောက်လာတယ် ။

ပြီးတော့ ရွာမှာ အလုပ်မရှိဘဲဖြစ်နေတဲ့ လူတွေရဲ့ အိမ်ကို အထူးသဖြင့် တက်ပြီးရှာတယ် ။ မောင်ညွန့် တို့

အိမ်ကိုလည်း တက်ပြီးရှာတာပေါ့ ။ မောင်ညွန့် က အလုပ်မှ မရှိပဲလေ ၊ အဲဒီအခါမှာ မောင်ညွန့်က ...


“ ဘာဖြစ်လို့ရှာတာလဲ ” လို့ မေးတယ် ။


ရဲအရာရှိက “ တိုက်ကြီးမြို့ပေါ်မှာ ဖောက်ထွင်းမှု တစ်ခု ဖြစ်သွားတယ် ၊ စိန်ထုပ်တစ်ထုပ်

ပါသွားတယ် ၊ အဲဒါကြောင့် လိုက်ပြီးရှာရတာပဲ ” လို့ ပြန်ပြောတယ် ။ အဲဒီအခါမှာ မောင်ညွန့်က ...


“ စိန်ထုပ်အခိုးခံရတဲ့ အိမ်ရှင်ဟာ ပစ္စည်းပျောက် ဟောတတ်တဲ့ ဗေဒင်ဆရာဆီမှာ မေးဖို့

ကောင်းတယ် ” လို့ပြောလိုက်တယ် ။ အဲဒီအခါမှာ ရဲအရာရှိက ...


“ အဲဒီဆရာမျိုး ဘယ်မှာရှိသလဲ ” လို့မေးလိုက်တယ် ။ အဲဒီအခါမှာ မောင်ညွန့် က ...


“ ကျွန်တော် တွက်တတ်တာပေါ့ခင်ဗျာ ၊ ပိုက်ဆံပေးဖို့ မလိုပါဘူး ။ ကျွန်တော့်ဆီ လွှတ်လိုက်ပါတဲ့ ၊

ဘုရားရှိခိုးဖို့ ဖယောင်းတိုင်လေး ဘာလေး ရရင်တော်ပါပြီ ” လို့ပြောလိုက်တယ် ။


ရဲအရာရှိက ပြန်သွားပြီး ဖောက်ထွင်းခံရတဲ့ အိမ်ရှင်ကို ပြောပြလိုက်တယ် ။ ဖောက်ထွင်းခံရတဲ့

အိမ်ရှင်အဒေါ်ကြီးက မောင်ညွန့်ဆီကို ချက်ချင်းဆိုသလိုပဲ ရောက်လာတယ် ။ အဒေါ်ကြီးက

ဖယောင်းတိုင် နှစ်ထုပ်နဲ့ အမွှေးတိုင် နှစ်ထုပ် ပူဇော်တယ် ။


မောင်ညွန့်ဟာ ကျောက်သင်ပုန်းတစ်ချပ်ယူပြီး ဟိုခြစ်ဒီခြစ်လုပ်တယ် ။ မောင်ညွန့် က

ဗေဒင်မှ မတတ်ပဲ ၊ တွက်ချင်ယောင်ဆောင်ရတာပေါ့ ။ အဲဒီလို တွက်ချင်ယောင်ဆောင်ပြီးတဲ့နောက်

“ အဒေါ့် ပစ္စည်းက မဆုံးသေးဘူး ။ သူခိုးတွေက အပြီးယူမသွားသေးဘဲ တစ်နေရာမှာ ဝှက်ထားသေးတယ် ။

အဒေါ့် အိမ်ကနေ သုံးဖာလုံလောက်ဝေးတဲ့ နေရာမှာ ရေကန်တစ်ကန် ရှိလိမ့်မယ် ရေကန်အနားမှာ

မန်ကျည်းပင်ကြီး တစ်ပင်လည်း တွေ့လိမ့်မယ် ။ အဲဒီ မန်ကျည်းပင်ကြီးရဲ့ ရှေ့မှာ မြေပွနေတဲ့နေရာကို

တွေ့ရင်တူးလိုက် အဒေါ့်ပစ္စည်းတွေ့လိမ့်မယ် ” လို့ ပြောလိုက်တယ် ။ အဒေါ်ကြီးလည်း ရဲအရာရှိကိုအကျိုးအကြောင်း ပြောပြပြီး အဲဒီနေရာကို သွားပြီးရှာတယ် ။ မန်ကျည်းပင်ကြီးကိုလည်း တွေ့ရတယ် ။

ရှေ့ဘက် မှာ မြေပွနေတဲ့နေရာကိုလည်း တွေ့ရလို့ တူးလိုက်တာ စိန်ထုပ်ကို ပြန်ရသွားတယ် ။


အဲဒီလိုလည်းရသွားရော အဒေါ်ကြီးဟာ ဝမ်းသာလွန်းလို့ ထပြီးတော့တောင်ခုန်တယ် ။ အဲဒီတော့

မောင်ညွန့် ဝတ်ဖို့ ပလေကပ်လုံချည်အဖြူရောင် ပြောင်နှစ်ထည် ၊ သူ့အမေ ဒေါ်ပုလုံးကြီးဝတ်ဖို့

သရက်ထည် လုံချည်နှစ်ထည် သွားပြီးကန်တော့တယ် ။ ပြီးတော့ ဒေါ်ပုလုံးကြီးဆိုင်မှာ ကုန်ထပ်ပြီးဖြည့်ဖို့

ငွေတစ်ထောင် လည်း ကန်တော့လိုက်တယ် ။


နာရီပိုင်းအတွင်း ဆိုသလိုပဲ မောင်ညွန့် ရဲ့သတင်းဟာ တိုက်ကြီးမြို့တစ်မြို့လုံးကို ပြန့်သွားတယ် ။

ဂါတ်က ရဲအရာရှိနဲ့ ရဲသားတွေကလည်း အဲဒီအဖြစ်အပျက် တွေ့သမျှလူကို ပြောပြနေတော့တာပဲ ။

မောင်ညွန့် အမေရဲ့ ကုန်စုံဆိုင်ကလေးဟာလည်း ကုန်ပစ္စည်းပြည့်ပြည့်စုံစုံနဲ့ ဖြစ်သွားတယ် ။

သားအမိနှစ်ယောက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ် ။ ဒေါ်ပုလုံးကြီးက မောင်ညွန့်ကို


“ သားရေ ... အဲဒီပညာကို ဘယ်တုန်းက တတ်တာလဲ ။ မှန်လှချည်လားကွယ် ။ ပစ္စည်းရှင်တော့

ဘယ်လောက် ဝမ်းသာမလဲ မသိဘူး ။ အမေတောင် အတော်ဝမ်းသာမိတယ် ” လို့ပြောတဲ့အခါ မောင်ညွန့်ဟာ ...


“ အမေကလည်းဗျာ ဘယ်တတ်ပါ့မလဲ ၊ အာရုံထဲမှာ လာပြီးပေါ်တာပေါ့ ” လို့ပြန်ပြောလိုက်တယ် ။

အဲဒီအခါ ဒေါ်ပုလုံးက... “ အဲဒါ ဘာမျှမဟုတ်ဘူးဟေ့ ၊ ပုတီးစိပ်တဲ့အကျိုးပဲ ” လို့ဖြေရှာတယ် ။


မောင်ညွန့်က ပုတီးကို ခါတိုင်းထက်တောင် ပိုပြီးစိပ်တော့တာပါပဲ ။ တစ်ညမှာ အရင်လိုပဲ

ခေါ်သွားပြန်ရော ၊ အဲဒီအခါမှာ ချစ်တီးတိုက်ကို ဓားပြတိုက်နေတယ် ။ ဓားပြတွေဟာ ချစ်တီးဆီက

အပေါင်ခံထားတဲ့ စိန်ထည်ရွှေထည်တွေရော ငွေတွေရော အတော်ရသွားကြတယ် ။ ဒါပေမဲ့ ဒါတွေကို

ယူမသွားကြဘူးတဲ့ ၊ သင်္ချိုင်းကုန်းထဲကို သွားပြီး ဂူပျက်ကြီးတစ်ခုကို ဖောက်ပြီး အထဲမှာ ဝှက်ထားခဲ့ကြတယ် ။


အဲဒီအခါ ဇော်ဂျီ က မောင်ညွန့် ကို နှိုက်ယူဖို့ ပြောတယ် ။ မောင်ညွန့် က နှိုက်ယူပြီး အိမ်ပြန်လာတယ် ။ ဇော်ဂျီဟာ အိမ်ပြန်ရောက်တော့ အရင်လိုပဲ ဝါးကျည်တောက်ထဲကို ပြန်ဝင်တယ် ၊

ဝါးကျည်တောက်ကို သင်္ကန်းစနဲ့ အလိုလိုပတ်တယ် ၊ သင်္ကန်းကြိုးနဲ့ ပြန်ချည်တယ် ၊ ခေါင်းအုံးအောက်ကို

ပြန်ဝင်တယ် ။ မောင်ညွန့်က အိပ်ရာကနိုးလို့ကြည့်လိုက်တော့ အိပ်ရာဘေးမှာ ငွေထုပ်ကြီးရော တိုက်ရာပါ

စိန်ထည်ရွှေထည်တွေရော တွေ့ရတယ် ။


အဲဒီအခါမှာ မောင်ညွန့် ဟာ အဲဒီပစ္စည်းတွေကို သယ်ပြီး စောစောက သင်္ချိုင်းကုန်းကို

အရောက်ပြန်လာခဲ့တယ် ။ သင်္ချိုင်းကုန်းကို ရောက်တဲ့အခါမှာ လက သာနေတုန်းပဲ ။ မောင်ညွန့် ဟာ

အုတ်ဂူတွေကို လျှောက်ပြီးကြည့်လိုက်တယ် ။ အဲဒီလို လျှောက်ကြည့်ပြီး ' ဦးဌေးကြွယ် ' ဂူကိုလည်း တွေ့ရော

ဂူကို ဖောက်ပြီး ပစ္စည်းတွေကို ထည့်ထားလိုက်တယ် ။ ပြီးတော့ အိမ်ပြန်လာပြီး ပုတီးစိပ်နေတယ် ။


မနက် မိုးလင်းတဲ့အခါ ဂါတ်ကရဲအရာရှိနဲ့အတူ ချစ်တီးကုလားတွေ ရောက်လာကြတယ် ။

မောင်ညွန့် ကို ရဲအရာရှိက အကျိုးအကြောင်းပြောပြတယ် ။ အဲဒီတော့ မောင်ညွန့် ဟိုခြစ်ဒီခြစ်နဲ့

တွက်ချင်ယောင်ဆောင်ပြီး ...


“ ဓားပြတွေဟာ ပစ္စည်းတွေကို ယူမသွားသေးဘူး ။ သင်္ချိုင်းကုန်းမှာ ဝှက်ထားသေးတယ် ။

သင်္ချိုင်းကုန်းကို သွားပါ ။ ဦးဌေးကြွယ် လို့ အမည်ရှိတဲ့ ဂူကို ဖွင့်ပါ ။ အထဲမှာ ပစ္စည်းတွေ ပြန်ရပါလိမ့်မယ် ” လို့ပြောလိုက်တယ် ။


အဲဒီတော့ ချစ်တီးကုလားတွေက ရဲအရာရှိနဲ့အတူ သင်္ချိုင်းကုန်းကိုသွားပြီး ဦးဌေးကြွယ်ဂူကို

ရှာကြတယ် ။ တွေ့လည်းတွေ့ရော ပေါက်ချွန်းနဲ့ပေါက်ပြီး ဖွင့်လိုက်တယ် ။ အထဲမှာ တိုက်ရာပါပစ္စည်းတွေ

အကုန် ပြန်ရတယ် ။ အဲဒီတော့ ရဲအရာရှိက ချစ်တီးကုလားတွေကို ဆရာညွန့်ကို ထိုက်ထိုက်တန်တန်သွားပြီး

ကန်တော့ကြလို့ ပြောလိုက်တယ် ။ အဲဒီတော့ ပိုင်ရှင်ချစ်တီးကုလားက... “ စိတ်သာချပါ ဆရာရယ် ၊

ချစ်တီးတိုင်း ကပ်စေးမနည်းပါဘူး ” လို့ပြောတယ် ။


ပြီးတော့ ချစ်တီးကုလားက လက်သမားဆရာခေါ်ပြီး သစ်တွေ ၊ သံတွေ ဝယ်ပြီး မောင်ညွန့် တို့

သားအမိနေတဲ့ အိမ်ကလေးကို အသစ်ပြောင်းပြီး ဆောက်ပေးလိုက်တယ် ။ မောင်ညွန့် ဘုရားရှိခိုးဖို့

ဘုရားဆောင်လေးပါ ဆောက်ပေးတယ် ။ မောင်ညွန့် အမေ ဒေါ်ပုလုံးရဲ့ ကုန်စုံဆိုင်ကလေးကိုလည်း ပစ္စည်းတွေ

ဖြည့်ပြီး တင်ပေးလိုက်တယ် ။ ငွေလည်း ထိုက်ထိုက်တန်တန် ကန်တော့ခဲ့တဲ့အပြင် အကူအညီလိုတဲ့အခါ

လာပါ ၊ ကူညီပါ့မယ်လို့လည်း ပြောသွားတယ် ။


နားကပ်တောင် မပန်နိုင်တဲ့ မောင်ညွန့် အမေ ဒေါ်ပုလုံးကြီး ဟာ နားကပ်နဲ့  ၊ လက်ကောက်နဲ့

ဆွဲကြိုးနဲ့ အပြည့်အစုံ ဖြစ်နေပြီ ။ မောင်ညွန့် မှာလည်း အဲဒီခေတ်က အလွန်တန်ဖိုးထားတဲ့

ရိုးမားလက်ပတ်နာရီတွေ ၊ ဘာတွေနဲ့ ဖြစ်နေပြီတဲ့ ။


ပြီးတော့ ရွာထိပ်က အောင်ဓာတ်စကြာ စေတီတော်လေးကိုလည်း ရွှေအပြည့် ချလိုက်တယ် ။

မောင်ညွန့်တို့သားအမိဟာ နေ့ချင်းညချင်းဆိုသလို ချမ်းသာသွားတာပေါ့ ။ တိုက်ကြီးပတ်ဝန်းကျင်

တစ်ဝိုက် မှာဖြစ်နေတဲ့ ခိုးမှု ၊ ဓားပြမှုမှန်သမျှ မောင်ညွန့် ဆီက ဗေဒင်လာမေးကြတော့တာဘဲ ။

မောင်ညွန့် ကလည်း ထုံးစံအတိုင်း တွက်ချက်ယောင်ဆောင်ပြီး ဟောပြောတော့တာပဲ ။ ပစ္စည်းရှင်တွေကလည်း

ပစ္စည်းတွေ ပြန်ရတော့ ကန်တော့ကြတယ် ။


မောင်ညွန့် ဟာ တိုက်ကြီးကို လာဘို့ ' ဟန်ဘား ' စက်ဘီးကလေးတစ်စီး ဝယ်ထားတယ် ။

ဂါတ်ကလည်း ခိုးမှု ၊ ဓားပြတိုက် မှုပေါ်တာနဲ့ မောင်ညွန့်ဆီလာပြီး အကူအညီတောင်းတော့တာပဲ ။

အချို့ကိစ္စတွေမှာ ပစ္စည်းကို တိုက်ရိုက် မရဘဲ ခိုးတဲ့လူကို တိုက်ရိုက်ဖော်ပေးနိုင်ခဲ့တယ် ။ ဂါတ်ကလည်း

မောင်ညွန့် ကို အားကိုးရတော့ မောင်ညွန့် ကို စောင့်ရှောက်တော့တာပေါ့ ။

မောင်ညွန့် ကတော့ ပုတီးစိပ် မပျက်ဘူး ။ သမာဓိလည်း တော်တော် ရနေပြီ ။ မကြာခဏ ဆိုသလို

အိမ်မှာ ဆွမ်းကျွေးလေ့ရှိတယ် ။ စေတီတော်လေးဘေးမှာ ရေကန်တစ်ကန်တူးပြီး ရေကန်ထဲမှာ

ရှင်ဥပဂုတ္တ ဖောင်တော်တစ်ခု လှူဒါန်းလိုက်သေးတယ် ။


တစ်ခါမှာ မောင်ညွန့် တို့ရွာတွေဟာ ထင်း ရှားပါးသွားပါတယ် ။ ထင်းကို ဆိုက်စရာမရှိအောင်

ဖြစ်သွားတယ် ။ အဲဒီတော့ သူကြီးနဲ့ ကာလသားခေါင်းက တိုင်ပင်ပြီး ယောက်ျားမှန်သမျှ

တစ်အိမ်တစ်ယောက် ထွက် ၊ ရိုးမကို တက်ပြီး ထင်းခွဲရမယ် ။ မလိုက်ရင် ပိုက်ဆံနဲ့ဝယ်လည်း ထင်းမရဘူးလို့

ကြော်ညာလိုက်တယ် ။


အဲဒီတော့ မောင်ညွန့် လည်း ထင်းခုတ်တဲ့ဆီ လိုက်ရတော့တာပေါ့ ။ အဲဒီလိုလိုက်တဲ့အခါမှာ

ဒေါ်ပုလုံးကြီး က သားဖြစ်သူ မောင်ညွန့်အတွက် အလွန်ပဲ စိုးရိမ်တယ် ။ အဲဒါကြောင့် ကာလသားခေါင်းကြီးကို

အကူအညီတောင်းရတယ် ။


“ ကာလသားခေါင်းကြီးရယ် ၊ မောင်ညွန့် ကို မင်းသိပါတယ် ၊ တစ်ခါမှလည်း ကြမ်းကြမ်းတမ်းတမ်း

မလုပ်ဖူးဘူး ၊ တောတွေဘာတွေလည်း တက်ဖူးတာ မဟုတ်ဘူး ၊ စောင့်ရှောက်ပါကွယ် ” လို့ပြောပြီး

ငွေအစိတ်လည်း ပူဇော်လိုက်တယ် ။ အဲဒီအခါမှာ ကာလသားခေါင်းကြီးက ...


“ စိတ်ချပါ အဒေါ်ရယ် ၊ ဘာမျှ မဖြစ်စေရပါဘူး ၊ ကျွန်တော်တာဝန်ယူပါတယ် ၊

ကျွန်တော့် လှည်းပေါ်တင်ပြီး ၊ ခေါ်သွားမှာပါ ” လို့ပြောလိုက်တယ် ။


လှည်းတန်းကြီးက ရိုးမကိုလည်း စတက်ရော တောင်စောင်းတစ်ခုပေါ်မှာ ဘုန်းကြီးတစ်ပါး

ရပ်နေတာ မြင်တော့ မောင်ညွန့်ဟာ လှည်းပေါ်က လှမ်းပြီး လက်အုပ်ချီတယ် ။ အဲဒီတော့ ကာလသားခေါင်းက

မောင်ညွန့် လက်အုပ်ချီတဲ့ ဘက်ကို လှမ်းကြည့်လိုက်တော့ ဘာမျှမတွေ့ရတာနဲ့ ...


“ ဟေ့ကောင် မောင်ညွန့် ဘာကိုလက်အုပ်ချီနေတာလဲ ” လို့မေးလိုက်တယ် ။ အဲဒီတော့

မောင်ညွန့်က ...


“ ဟိုတောင်စောင်းပေါ်မှာ ဘုန်းကြီးတစ်ပါး ရပ်နေတယ်လေဗျာ ။ အဲဒါကို လှမ်းပြီး

လက်အုပ်ချီနေတာ ” လို့ပြန်ပြီးပြောတယ် ။ ကာလသားခေါင်းအပါအဝင် လှည်းပေါ်က လူတွေက

လှမ်းပြီးကြည့်လိုက်တယ် ။ ကာလသားခေါင်းက ... “ ဘာဘုန်းကြီးမျှ မရှိဘူး ” လို့ပြောလိုက်တယ် ။

ကျန်တဲ့လူတွေကလည်း ဒီအတိုင်းပဲ ပြောတယ် ။ အဲဒီတော့ ကာလသားခေါင်းကြီးက ...


“ မင်းတော့ တောခြောက်ခံရပြီထင်တယ် ၊ ဟိုကြည့်ဒီကြည့် မကြည့်နဲ့ဟေ့ကောင် ။ တောဆိုတာ

ဒီလိုပဲကွ ၊ ခေါင်းငုံ့ထား ။ မြင်ချင်ရာတွေ လျှောက်ပြီး မြင်နေပြီထင်တယ် ” လို့ပြောလိုက်တယ် ။


အဲဒီလိုနဲ့ သူတို့လှည်းတန်းကြီးက တောင်စောင်းနားကို ရောက်သွားတယ် ။ အဲဒီတော့ မောင်ညွန့် က

ဘုန်းကြီးကို လှမ်းပြီးကြည့်လိုက်တယ် ။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ သူတို့ရွာက ပျံလွန်တော်မူသွားတဲ့

ဆရာတော်ကြီး ဖြစ်နေတာကို တွေ့လိုက်ရတယ် ။


“ ကာလသားခေါင်းကြီး ဘုန်းကြီးမှ ဘုန်းကြီးဗျ ။ တခြားဘုန်းကြီးတောင် မဟုတ်ဘူး ။

ကျုပ်တို့ရွာက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးလေဗျာ ” လို့ပြောလိုက်တဲ့အခါ ကာလသားခေါင်းကြီးက

မောင်ညွန့် ခေါင်းကို ပိတ်ရိုက်ပြီး ...


“ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးက ဒီမှာလာပြီး ဘယ်လိုလုပ် မတ်တတ်ရပ်နိုင်မှာလဲကွာ ၊

ဟိုကြည့်ဒီကြည့် မကြည့်နဲ့လို့ ပြောတာ မရဘူးလား ” လို့ ပြောလိုက်တယ် ။


ဒါပေမဲ့ မောင်ညွန့် မြင်နေတဲ့ ဆရာတော်က ...


“ မောင်ညွန့်ရေ ဒီအတိုင်းလာလို့ မရရင် ဇွတ်အတင်းခုန်ပြီး ထွက်လာခဲ့ ” လို့ပြောလိုက်တယ် ။

အဲဒီ အသံကို လှည်းပေါ်က ဘယ်သူမျှ မကြားဘူး ။ မောင်ညွန့် တစ်ယောက်ပဲ ကြားရတာ ။ နောက်ဆုံးမှာ

မောင်ညွန့် ဟာ လှည်းပေါ်ကနေ ခုန်ချပြီး အဲဒီဆရာတော်ဆီကို ပြေးသွားပါလေရော ။


ကာလသားခေါင်းနဲ့ ရွာသားတွေဟာ ဝိုင်းပြီး လိုက်ကြတယ် ။ ဒါပေမဲ့ ဆရာတော်က

အနားရောက်တဲ့အခါ မောင်ညွန့် ကို သင်္ကန်းနဲ့ခြုံပြီး ဝှက်ထားပေးလိုက်တယ် ။ အဲဒီတော့

ရှာမတွေ့တော့ဘူးပေါ့ ။ဆရာတော်က မောင်ညွန့် ကို သူ့ကျောင်းလေးကို ခေါ်သွားတယ် ။ တောင်စောင်းမှာ

ဆောက်ထားတဲ့ ကျောင်းကလေးပဲ ။


ကျောင်းကို ရောက်တဲ့အခါမှာ ဆရာတော်က ...


“ ဟေ့ မောင်ညွန့် ဆာသလား ”  လို့ မေးတယ် ။ အဲဒီတော့ မောင်ညွန့်က ...


“  မိုးမလင်းခင်ကတည်းက အိမ်က ထွက်လာခဲ့ရတာ ၊ ဆာတာပေါ့ဘုရား ” လို့ ပြန်ပြောလိုက်တယ် ။


“ နေဦး နေဦး ကပ္ပိယခေါ်ပြီး မင်းကိုကျွေးရမယ် ” လို့ ဆရာတော်ကပြောတယ် ။ ကပ္ပိယနာမည်က

ဂွတို တဲ့ ။ ဂွတို ဟာ ကိုယ်ပျက်နေတဲ့ ရောဂါသည် တစ်ယောက်ပဲ ။ နှာခေါင်းတောင် မရှိတော့ဘူး ။

လက်တွေကလည်း တိုနေပြီ ။ နှာခေါင်းမှာရှိတဲ့ အနာတွေကလည်း အရည်တွေ ထွက်နေတယ် ။ မောင်ညွန့် ဟာ

အတော်စိတ်ပျက်သွားတယ် ။ ဆရာတော်က ...


“ ဂွတို မောင်ညွန့် ကို ငှက်ပျောသီးကျွေးပြီး မန်ကျည်းဖျော်ရည်တိုက်လိုက် ” လို့ ပြောတယ် ။


ဂွတို ဟာ ကျက်သရေခန်းထဲက မန်ကျည်းသီးတွေ ယူလာပြီး မောင်းထောင်ချိုင့်ထဲသို့

ရေနဲ့ထည့်တယ် ။ သူ့ လက်တိုကလေးတွေနဲ့ မွှေတော့တာပဲ ။ ထန်းလျက်တွေကိုလည်း လက်နဲ့ချေပြီး

ထည့်တယ် ။ ပြီးတော့ ကျောက်ကာ ခွက်ကလေးထဲကို ဖျော်ရည်လောင်းထည့်လိုက်တယ် ။ ပြီးတော့ ဂွတိုဟာ

ငှက်ပျောသီး ယူလာပြီး အခွံကို သူ့လက်တိုလေးနဲ့ ခွာတယ် ။ ပြီးတော့ မောင်ညွန့် ပါးစပ်နားကို

တိုးပေးလိုက်တယ် ။


မောင်ညွန့် က ပျို့နေပြီ ။ ဆရာတော်က အဲဒီအချိန်မှာ ဘုရားစင်ဘက်ကို လှည့်ပြီး ထိုင်နေတယ် ။

မောင်ညွန့် ဘက်ကို လှည့်ပြီးမကြည့်ဘူး ။ ပြီးတော့ ...


“ ဆာတယ်ဆို စားလေကွာ ” လို့ပြောလိုက်တယ် ။ အဲဒီတော့ မောင်ညွန့်က ...


“ ဆာတော့ ဆာတယ် ဘုရား ” လို့ ပြန်ပြီးပြောလိုက်တယ် ။


“ ဆာတော့ဆာပြီး ဘာက ဘာဖြစ်နေတာတုံး ” လို့ ဆရာတော်က ပြန်ပြီး မေးလိုက်တယ် ။


မောင်ညွန့်ဟာ ပြန်ပြီး မဖြေနိုင်ဘူး ။ အဲဒီအခါမှာ ဆရာတော်က ...


“ ဝိဇ္ဇာဖြစ်မယ့်လူအတွက် စာမေးပွဲပဲဟေ့ ” လို့ ပြောလိုက်တယ် ။ အဲဒီတော့ မောင်ညွန့် ဟာ

ဘာဘာညာညာ မပြောတော့ဘဲ ဂွတိုလေး ပေးတဲ့ ငှက်ပျောသီးကို စားပစ်လိုက်တယ် ။ ဂွတို တိုက်တဲ့

ဖျော်ရည်ကိုလည်း သောက်ချလိုက်တယ် ။ အဲဒီတော့ ဆရာတော်က ...


“ ငါ့တပည့် အောင်သွားပြီဟေ့ ” လို့ ပြောလိုက်တယ် ။ ဒါပေမဲ့ မောင်ညွန့် ဟာ

ပျို့ပြီး အန်မထွက်အောင် မနည်းထိန်းထားတယ် ။ ပြီးတော့ မလှမ်းမကမ်းမှာ သွားပြီးထိုင်နေတယ် ။

မောင်ညွန့် ဟာ ဂွတိုကို မကြည့်တော့ဘူး ။ အဲဒီတော့ ဆရာတော်က အနားလျှောက်လာပြီး ...


“ မင်းကို ငှက်ပျောသီးကျွေးပြီး ဖျော်ရည်တိုက်တဲ့ ဂွတို ကို ကြည့်လိုက်စမ်းပါဦး ” 

လို့ပြောလိုက်တယ် ။ မောင်ညွန့် လည်း လှမ်းပြီးကြည့်လိုက်တယ် ။ စောစောက ဂွတို ပုံစံ မဟုတ်တော့ဘူး ။

အလွန် ချောမောလှတဲ့ မင်းသားတစ်ပါး ဖြစ်နေတယ် ။ ပိုးဖြူခါးထောင် အင်္ကျီကို ဝတ်ထားတယ် ၊ ပုဆိုးက

ပိုးအစိမ်းရောင်ပြောင် ၊ အနားမှာ ရွှေနဲ့ထိုးထားတဲ့ စကြာပုံတွေပါတယ် ၊ အဲဒီတော့ မောင်ညွန့် က ...


“ စောစောက ဂွတို မဟုတ်ပါဘူး ” လို့ ငြင်းလိုက်တယ် ။ အဲဒီအခါမှာ ဆရာတော်က ...

“ မင်းသား ... ဂွတို ပုံစံ လုပ်ပြလိုက် ” လို့ပြောလိုက်တယ် ။ အဲဒီတော့ မင်းသားက

ဘယ်လို လုပ်လိုက်တယ်မသိဘူး ၊ စောစောက နှာခေါင်းပြတ်နေတဲ့ ဂွတိုပုံစံ ဖြစ်သွားရော ၊ ပြီးတော့

မင်းသား ပြန်ဖြစ်သွားပြန်ရော ။


“ ပထမံဘိုးဘိုးအောင်ရဲ့ တပည့် စကြာမင်းသားကွ ၊ ငါ့ကို မဖူးရတာကြာလို့ သူ့ဆရာဆီမှာ

ခွင့်ပန်ပြီး ဒီမှာ အဓိဌာန်လာဝင်တာ ။ မောင်ညွန့် မင်းကို ပြောရဦးမယ် ၊ မင်းဟာ ဝိဇ္ဇာဖြစ်ဖို့ နီးစပ်နေပြီ ။

ဒါပေမဲ့ မင်း လူပေါင်း မှားနေတယ် ။ ဘုရားဟော ရှိတယ်ကွ ၊ အသေဝနာစ ဗလာနံတဲ့ ၊ လူမိုက်နဲ့

မပေါင်းရဘူးတဲ့ ” လို့ ပြောလိုက်တော့ မောင်ညွန့်က ...


“ တပည့်တော် ဘယ်သူနဲ့မျှ မပေါင်းပါဘူး ဘုရား ။ အိမ်မှာ ပုတီးစိပ် ၊ ပရိတ်ရွတ်ပဲ လုပ်နေပါတယ် ” 

လို့ ပြန်ပြောတယ် ။ အဲဒီတော့ ဆရာတော်က ...


“ ဒါဖြင့် မင်းအိတ်ထဲက အထုတ်ကလေးကို ထုတ်လိုက် ” လို့ ပြောလိုက်တော့ မောင်ညွန့် က

ဇော်ဂျီရုပ်ပါတဲ့ အထုပ်ကလေးကို ထုပ်လိုက်ပြီး ဆရာတော်ရှေ့ကို ချပေးလိုက်တယ် ။ အဲဒီတော့

ဆရာတော်က ...


“ ကဲ ... အထဲက ဖေဇော်ဂျီရေ  ၊ ကိုယ့်ဟာကိုယ် ထွက်လာခဲ့ ပေတော့ ” လို့ပြောလိုက်တယ် ။ ဇော်ဂျီက

ထွက် မလာဘူး ။ အဲဒီတော့ ဆရာတော်က ...


“ မင်းကို ထွက်လာဖို့ ပြောနေတာ တခြားလူ မဟုတ်ဘူး ၊ ဦးဩဘာသ တဲ့ ။

ကြားဖူးတယ် မဟုတ်လား ။ ထွက်ခဲ့ ထွက်ခဲ့ လမ်းကောင်းကို ညွှန်ပေးမယ် ” လို့ ပြောလိုက်တယ် ။ အဲဒီအခါမှာ

သင်္ကန်းနဲ့ ပတ်ထားတဲ့ အထုပ်ကလေးဟာ ပြေပြီး အထဲက ဇော်ဂျီရုပ်ကလေး ထွက်လာတယ် ။

ဇော်ဂျီရုပ်ကလေးဟာ အသက်ဝင်လာပြီး ဆရာတော်ကို ဦးချတယ် ။ အဲဒီတော့ ဆရာတော်က ...


“ ဇော်ဂျီက ဖိုဝင်တော့ စောရနက္ခတ်နဲ့ငြိပြီးတော့ သူခိုးစိတ် ပေါက်သွားတယ် ။ အခု မင်းတို့ဟာက

သူခိုးတော့ မဟုတ်ဘူး ။ သူခိုးလက်က ပြန်ခိုးတဲ့ သူဝှက်ပေါ့ကွာ ၊ သူခိုးလက်က သူဝှက်လု ဆိုတာကြားဖူးတယ်

မဟုတ်လား ။ သူခိုးပဲ ပေါ့ကွာ ။ အဲဒီတော့ မင်းတို့ နှစ်ယောက်လုံး ငါးပါးသီလ ကျိုးနေပြီ ၊ ငါးပါးသီလ မလုံရင်

ရှေ့တက်လို့ မရဘူးကွ ။ အဲဒီတော့ မင်းတို့နှစ်ယောက် ငါးပါးသီလ ပြန်ထိန်းရမယ်ဆိုပြီး

ငါးပါးသီလ ချပေးတယ် ။ ဇော်ဂျီ နဲ့ မောင်ညွန့် က လိုက်ပြီးဆိုတယ် ၊ ပြီးတော့ ဆရာတော်က သာဓုခေါ်တယ် ” 


“ မင်းတို့နှစ်ယောက်စလုံး လမ်းကောင်းကို ရောက်သွားပြီ ။ ကဲ ... ဖေဇော်ဂျီရေ ၊

ကိုယ့်လမ်းကို သွားတော့ ” လို့ ပြောလိုက်တဲ့အခါမှာ ဇော်ဂျီကလေးဟာ တောင်ဝှေးကိုထမ်းပြီး

ပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ် ၊ မောင်ညွန့်ကိုလည်း ဆရာတော်က ...


“ ရှေ့တက်စဉ်တွေ တက်စရာရှိသေးတယ်ကွ ” လို့ပြောလိုက်တယ် ။ အဲဒီအချိန်မှာ ရွာကအဖွဲ့ကတော့

ထင်းတွေရလို့ ရွာကိုပြန်သွားကြပြီ ။ မောင်ညွန့် အကြောင်းကို ကာလသားခေါင်းက ပြောပြတဲ့အခါမှာ

ဒေါ်ပုလုံး ဟာ မြေကြီးမှာ လှိမ့်ပြီးငိုတော့တာပဲ ။


“ ကျွန်မသား သူတော်ကောင်းလေး တောဖမ်းစားလို့ သေသွားပါပြီ ” လို့လည်း အော်အော်ပြီး

ငိုတော့တာပဲ ။ ခုနှစ်ရက်ပြည့်တဲ့ အခါမှာ မောင်ညွန့် အတွက် သပိတ်သွတ်လိုက်တယ် ။ တစ်လပြည့်တဲ့အခါမှာ

ဆွမ်းထပ်ကျွေးပြီး မောင်ညွန့် ကို အမျှဝေတယ် ။


မောင်ညွန့် ကို ဆရာတော်က ...


“ မင်းအိမ် မင်း ပြန်ရမယ် ၊ ရှေ့ဘာတွေဆက်ပြီး ကျင့်ရမယ်ဆိုတာ ငါလာပြောမယ် ” လို့ပြောတယ် ။

မောင်ညွန့် ရဲ့ စိတ်ထဲမှာ ခဏပဲ ရှိသေးတယ်လို့ အောက် မေ့မိတယ် ။ အဲဒါကြောင့် ဆရာတော်က “ မင်း

ဒီကိုရောက်နေတာ တစ်လရှိပြီ ” လို့ ပြောလိုက်တယ် ။ မောင်ညွန့် ဟာ အလွန် အံ့ဩသွားတယ် ။ အဲဒီတော့

ဆရာတော်က ...


“ ဝိဇ္ဇာလောကနဲ့ လူ့လောက အချိန်နာရီလည်း မတူဘူးကွ ” လို့ပြောပြတယ် ။ ပြီးတော့

ဆရာတော်က မောင်ညွန့် ကို ဘုရားစင်မှာ ဖယောင်းတိုင်ထွန်းခိုင်းပြီး ဘုရားရှိခိုး ခိုင်းတယ် ။ မောင်ညွန့်ဟာ

ဘုရားကို ဦးချပြီး ပြန်မော့လိုက်တဲ့အခါမှာ ဆရာတော်ကျောင်းမှာ မဟုတ်တော့ဘဲ အိမ်က ဘုရားစင်ရှေ့ကို

ပြန်ရောက်နေတာ တွေ့လိုက်ရတယ် ။


သူ့အမေ ဒေါ်ပုလုံးကြီးဟာ အိမ်ရှေ့မှာ ထင်းခွဲနေတယ် ။ ထင်းခွဲပြီး အိမ်ထဲလည်း ပြန်ဝင်လိုက်ရော

မောင်ညွန့် ကို တွေ့လိုက်တော့ လန့်ပြီးအော်တယ် ။ ပြီးတော့ ...


“ သား မသေဘူးနော် ” လို့ပြောလိုက်တယ် ။ မောင်ညွန့်က “ မသေပါဘူး အမေရယ် ၊ မသေလို့

ပြန်ပြီး တွေ့ရတာပေါ့ ” လို့ ပြန်ပြောလိုက်တယ် ။


“ အမေ ဒီရှေ့မှာ ထင်းခွဲနေတာ ဘယ်အပေါက်က ဝင်လာတာလဲ ” လို့ သူ့အမေက မေးတယ် ။


“ ကျွန်တော် ဒီအပေါက် ဝင်လာတာပါပဲ ။ အမေ အမှုမဲ့အမှတ်မဲ့ ဖြစ်လို့မတွေ့လိုက်တာပါ ” လို့

မောင်ညွန့် ပြန်ပြီး ပြောလိုက်တယ် ။ တစ်ရွာလုံးလည်း အုတ်အော်သောင်းတင်း ဖြစ်တော့တာပဲ ။

မောင်ညွန့် သတင်းဟာ တိုက်ကြီးမြို့ပေါ်တင် မကဘူး ။ သာယာဝတီ ၊ သုံးဆယ်အထိ ပြန့်သွားတယ် ။ တချို့က

အထူးအဆန်းအဖြစ် လာပြီးကြည့်ကြတယ် ။


မောင်ညွန့် ဟာ ရွာထိပ် ' အောင်ဓာတ်စကြာ ' စေတီတော်လေးနားမှာ ဇရပ်ကလေးတစ်လုံးဆောက်ပြီး

တစ်ယောက်တည်း နေတော့တယ် ။ သူ့အေမေ ဒေါ်ပုလုံးကြီး က ထမင်းပို့ပေးရတယ် ။ ပထမပိုင်းမှာ

သက်သတ်လွတ် စားတယ် ။ နောက်ပိုင်းမှာ သက်သတ်လွတ်တောင် မဟုတ်တော့ဘူး ။ ထမင်း နဲ့ ဆား နဲ့ပဲစားတော့တယ် ။ သူ့အမေ မေးတဲ့အခါ ဆားထမင်း အဓိဌာန်ဝင်နေတာပါလို့ပြောတယ် ။ နောက်ကျတော့

ဆားထမင်းတောင် မစားတော့ဘူး ။ အသီးအနှံတွေပဲ ပို့ပေးရတယ် ။ မီးလွတ် အဓိဌာန်ဝင်တယ်လို့ ပြောတယ် ။


ဆရာတော်ကတော့ မောင်ညွန့် ဆီကို မကြာခဏကြွလာပြီး သင်ပြစရာရှိတာတွေကို

သင်ပြပေးတယ် ။ မောင်ညွန့် ဟာ သီတင်းကျွတ်လပြည့်နေ့မှာ အဲဒီစေတီတော်ကလေးမှာ ဆွမ်းတော်ကြီး

တင်ပွဲလုပ်တယ် ။


ရွာထဲက လူတွေကိုလည်း သစ်သီးဆွမ်းကပ်ပြီး ဓမ္မစကြာရွတ်ခိုင်းတယ် ။ လူတွေကလည်း

မောင်ညွန့် ပြောတဲ့အတိုင်း ရွတ်ကြပါတယ် ။ အဲဒီလို ရွတ်ပြီးတဲ့အခါ ...


“ အားလုံး ငါးပါးသီလဲ မြဲကြပါ ” လို့ ပြောပြီး အသံပျောက်သွားတယ် ။ လူတွေက

မောင်ညွန့် အသံလာရာဆီကို လှည့်ကြည့်ကြတယ် ။ မောင်ညွန့် ကို မတွေ့ရဘူး ။ မောင်ညွန့် ကို

ဝိုင်းပြီး ရှာကြတယ် ။ ဘယ်လို ရှာရှာ မတွေ့တော့ဘူး ၊ မောင်ညွန့်ဟာ ပျောက်ခြင်းမလှ ပျောက်သွားတယ် ။

အဲဒီကတည်းက မောင်ညွန့်ကို ဘယ်သူမျှ မတွေ့ရတော့ဘူး ။ နားလည်တဲ့လူကြီးတွေကမောင်ညွန့်ကို “ အရှင်ထွက် ထွက်သွားတာ ” လို့ပြောကြတယ် ။


အရူး ညာကလိ သည် သူ၏ စကားကို အဆုံးသတ်လိုက်လေ၏ ။ ထိုနောက် ၎င်းက ... “ ဒေါ်သာဉာဏ်

နားထောင်ချင်တဲ့ ဝိဇ္ဇာအကြောင်းကတော့ ဒါပါပဲ ” ဟု ပြောလိုက်လေ၏ ။


ထိုအခါ ဒေါ်သာဉာဏ် က ...


“ မောင်ညွန့် ကတော့ ထွက်သွားပြီ ၊ ညာကလိ ကရော ဘယ်တော့ထွက်မလဲ ” ဟုမေးလေ၏ ။ ထိုအခါ

အားလုံး ဝါးခနဲဝိုင်း၍ ရယ်မောလိုက်ကြလေတော့၏ ။ ကျွန်ုပ်လည်း ၎င်းတို့ လေးဦးအား

မုန့်ဖိုး သုံးထောင်စီ ပေးလိုက်လေ၏ ။ ၎င်းတို့လည်း ကျွန်ုပ်ခြံအတွင်းမှ ပျော်ရွှင်ဝမ်းမြောက်စွာ

ပြန်သွားကြလေတော့သတည်း ။


◾မင်းသိင်္ခ


📖 မင်းနန်သူ နှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ


koaungnaingoo.blogspot.com

No comments:

Post a Comment