❝ သည်းထိတ်ရင်ဖို ဇာတ်လမ်းထဲက မင်းသားတစ်ယောက် ❞ ( ဒုတိယပိုင်း )
ဒါကလည်း ဗိုလ်ရာကျော် နဲ့ ယှက်နွယ်လာသည် ။ အကြောင်းပြုလာသည် ။ ဗိုလ်ရာကျော် ဆိုတာက မြို့တော်ဝန် ရွှေလှံဗိုလ် ၏ ယုံကြည်အားကိုးရဆုံးသော လက်ရင်းတပည့် တစ်ဦးပဲ ။ အဲဒီ ဗိုလ်ရာကျော် ရဲ့ ချစ်သူက ရတနာပုံ ရွှေမြို့တော်၏ ပိုးတန်းရပ်ထဲက ရိုးရိုးအရပ်သူ ညိုညို ဆိုတာပဲ ။ ညိုညို ရဲ့ ဖခင်ကတော့ ရိုးရိုး အရပ်သားပါပဲ ။ ညိုညို မှာ ကြူကြူ ဆိုတဲ့ ညီမငယ်တစ်ယောက် ရှိသေးသည် ။ မိခင်ဖြစ်သူကတော့ သူတို့ ငယ်ငယ်ကတည်းက ဆုံးသွားခဲ့ပြီး ဖြစ်သည် ။
ဗိုလ်ရာကျော် နဲ့ ညိုညို တို့ဟာ မကြာခင် ယူကြတော့မည့် အခြေအနေမှာ ရှိသည် ။ ဖခင်ကြီးကလည်း ကြည်ကြည်ဖြူဖြူ ပါပဲ ။ ဒါနဲ့ တစ်နေ့မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ တပေါင်း ပွဲတော်ကို သူတို့သားအဖတစ်တွေ လှည်းတစ်စီးနဲ့ ထွက်ခဲ့ကြသည် ။ ဗိုလ်မှူး နန္ဒ နဲ့ သူ့တပည့် မြတ်ရေး လည်း ပါသည် ။ သူတို့ကတော့ စစ်ဝတ်စစ်စား အဆောင်အယောင် မပါဘဲ အရပ်ဝတ် အရပ်စားနဲ့ပဲ ၊ လှည်းနောက်က မြင်းကိုယ်စီနဲ့ လိုက်ခဲ့ကြသည် ။
ချစ်သူမျက်နှာ လပြည့်ဝန်းကို တမေ့တမော ကြည့်ကြရင်းနဲ့ သာယာတဲ့ ကမ္ဘာလေးကို တည်ဆောက်နေကြတာပေါ့ ။ ဒီလိုနဲ့ နာမည်ကြီးလှတဲ့ ဒေးဝန်းအရပ်ကို ဖြတ်ကျော်နေတုန်းမှာပဲ မိမိတို့ရှေ့မှာ မြင်းကိုယ်စီနဲ့ ရပ်နေတဲ့ လူတစ်သိုက်ကို တွေ့လိုက်ရသည် ။
အားလုံးက တွေဝေနေကြတာပေါ့ ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ သီပေါဘုရင်မင်းမြတ် ရှိနေပေမယ့် ဘုရင်ဟာ ဘုရင့်နေရာမှာပဲ နေပြီး ပြည်သူကြားထဲ ဝင်မလာ ။ ပြည်သူတွေထဲမှာ မဝင်ဆန့်တဲ့ ဘုရင် ဖြစ်နေတော့ ပြည်သူတွေနဲ့ နီးစပ်တဲ့ လက်တစ်ဆုပ်စာ သာသာရှိတဲ့ လူတစ်စုရဲ့ ချယ်လှယ်မှုကို ခံနေရကြတာပေါ့ ။ ပြည်သူပြည်သားတွေ အကြောင်းမဲ့သက်သက် အနှိပ်စက်ခံ ၊ အညှဉ်းဆဲ ခံနေရတာ ဆိုတာကလည်း အုပ်ချုပ်တဲ့ ဘုရင်မင်းတရားက ညံ့ဖျင်းလို့ပဲ ဆိုရတော့မှာ ပါပဲ ။
မြင်းနဲ့ လူတွေကလည်း “ ဟေ့ … မလှုပ်နဲ့ ၊ သေသွားမယ် ၊ ညိုညို ဆိုတာ ဘယ်သူလဲကွ ” လို့ မေးမေး ပြောပြောနဲ့ပဲ ကြူကြူ တို့ ညီအစ်မကို အတင်း ဝင်ဆွဲလေတော့သည် ။
သည်တင်မှာပဲ မယားထိ ဓားကြည့်ဆိုသလို ဗိုလ်ရာကျော် ကလည်း ပါလာတဲ့ ဓားနဲ့ အတင်းပြန်ခုတ်ပြီး ညိုညို ကို အတင်းပြန်လုသည် ။ သူတစ်ပြန် ကိုယ်တစ်ပြန် ခုတ်ကြရင်းက ဗိုလ်ရာကျော် ဒဏ်ရာနဲ့ မြေပေါ်လဲကျသွားတယ် ။ ညိုညို လည်း သူတို့နောက် ပါသွားတော့သည် ။
ထွက်ပြေးသွားတဲ့ ဓားသမားတွေထဲက ပစ္စည်းတစ်ခု မြေပေါ်မှာ ကျကျန်ရစ်ခဲ့သည် ။ အဲဒီပစ္စည်းကို ကြည့်ပြီး ရနောင်မောင်မောင်တုတ်ရဲ့ လူတွေမှန်း ဗိုလ်ရာကျော် သိသွားခဲ့သည် ။
သည်ကိစ္စကို ရွှေလှံဗိုလ် ထံကို ချက်ချင်းပဲ အကြောင်းကြားသည် ။ မိမိထက် ဓားထက်နေသူ ဖြစ်နေတော့ ရွှေလှံဗိုလ်လည်း ဘာတတ်နိုင်မှာတုံး ။ ထုံးစံအတိုင်း တက်ခေါက် အံကြိတ် လက်သီးလက်မောင်း တန်းရုံပဲ တတ်နိုင်တာပေါ့လေ ။ မောင်မောင်တုတ် နဲ့ ရွှေလှံဗိုလ် ဦးချိတ် တို့ရဲ့ ရန်ငြိုးရန်စဟာ အာဏာရရေးထက် မိန်းမမှုတွေကြောင့် ပိုပြီး ရန်ငြိုးရန်စ ပိုရှိဟန် တူလေရဲ့ ။
သည်တုန်းက နေပြည်တော်တစ်လွှားမှာ ရန်လင်း ၊ ရန်ကင်းဆိုတဲ့ ဓားပြညီနောင်ဟာ တော်တော် သောင်းကျန်းနေသည် ။ ရန်ကင်းတောင်ခြေ တစ်နေရာမှာ ဗဟိုစခန်း လုပ်ထားတယ်လို့ ဆိုသည် ။ လက်အောက် တပည့်တပန်းတွေကလည်း များတော့ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ဟာ အခွင့်သာရင် သာသလို နေပြည်တော်ဘက် မှာရှိတဲ့ ပြည်ကြီးကျက်သရေတို့ ၊ ဟေမာဇလတို့ ၊ စိတ္တရမဟီရပ် စတဲ့ ရပ်ကွက်တွေကို ဝင်, ဝင်လုတတ်လေ့ ရှိသည် ။
အာဏာရှိတဲ့ လူကြီးတွေအချင်းချင်း မသင့်မတင့်ဖြစ်နေတာ့ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ဟာ ပိုပြီး ဆိုးလာသည် ။ လုရုံ ယက်ရုံတင် မကဘူး ၊ သားပျို သမီးပျိုကလေးတွေကိုပါ အဓမ္မ အနိုင့်အထက် ပြုကျင့်လာလေရဲ့ ။ မြို့တော်ဝန် ဦးပေစိ လည်း မတတ်နိုင်ဘူးပေါ့ ။ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ကို ဖမ်းမိဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ သည်တော့ အရင်းအနှီးဆုံးဖြစ်တဲ့ ရွှေလှံဗိုလ် ဦးချိတ် ကို အကူအညီတောင်းတော့သည် ။
ရွှေလှံဗိုလ် ကလည်း မြို့ဝန် ဦးပေစိ ကို ပြုံးပြုံးပဲ ကြည့်နေသည် ။ သူ ပြုံးပုံကတော့ မြို့ဝန် လုပ်နေပြီး ဒီလောက်တောင် အ, ရ ၊ န, ရသလား ဆိုတဲ့ ပြုံးဟန်ပါပဲ ။ အာဏာရထားရက်ကနဲ့ ရထားတဲ့ သည်အာဏာကလေးကို အသုံးမချတတ်တဲ့ မြို့ဝန် ဦးပေစိ ကို သနားပြုံး ပြုံးဟန်လည်း တူပါရဲ့ ။ ရွှေလှံဗိုလ်လည်း မြို့ဝန် ဦးပေစိ ကို အာမခံလိုက်သည် ။ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ကို အရှင်လက်ရပဲ ဖမ်းပေးတော့မယ်ပေါ့ ။ ဒီနေရာမှာ ရွှေလှံဗိုလ်က အကြံကြီးသည် ။ မောင်မောင်တုတ်ထက် ဉာဏ်ရည် ပိုကောင်းပေမည် ။ နေပြည်တော်တစ်လွှားမှာ လူတိုင်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့နေရတဲ့ သည် ဓားပြညီနောင်ကို ဖမ်းပေးပြီး ရာထူးကြီးမြင့်အောင် ကြံစည်ဟန်လည်း တူပါရဲ့ ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ … ရွှေလှံဗိုလ်ရဲ့ ကြံစည်မှု ၊ အားထုတ်မှု ၊ ကြိုးစားမှုကြောင့် ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ကို လက်ရဖမ်းမိသည် ။
ရွှေလှံဗိုလ် တွက်ထားသလိုပဲ သူ့အဖို့ အတော်လေး အကျိုးရှိသွားသည် ။ ရာထူး မတိုးတက်ပေမယ့် အဆောင်အယောင် ပိုများလာသည် ။ ခြွေရံသင်းပင်း ပိုများလာသည် ။ သည်တော့ မိန်းမလည်း ပိုများလာတယ်ပေါ့ ။ နေပြည်တော်သူ ၊ နေုပြည်တော်သားတွေကလည်း ခုမှပဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြတော့သည် ။ သိပ်တော့ မကြာပါဘူး ။ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ကို အရှေ့ရုံး ထောင်ထဲမှာ ချုပ်ထားသည် ။ တစ်လ အလွန်မှာပဲ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားတော့သည် ။ အဲဒီနေ့က နေဝင်ဖျိုးဖျ အချိန် ။ အကျဉ်းသားတွေအားလုံး ထမင်းစားပြီးစ အချိန်ပေါ့ ။ ရန်လင်း ၊ ရန်ကင်း ညီနောင်တို့ ချုပ်ထားတဲ့ အခန်းထဲက သေနတ်မီးပေါက်သံများ ကြားလိုက်ရသည် ။
ထောင်သားတွေ တရုန်းရုန်းနဲ့ ပြေးလွှား အော်ဟစ်နေကြသည် ။ တစ်ထောင်လုံးလည်း လန့်နေကြပြီ ။ ထောင်သားတွေနဲ့ အမှုထမ်းတွေရဲ့ တိုက်သံ ၊ ခိုက်သံ ၊ ထိုးသံ ၊ အော်သံ ၊ ဟစ်သံ ၊ ဆဲဆိုသံများမှာ ဘဝဂ်ထိ ညံနေလေရဲ့ ။ အထိတ်ထိတ် အလန့်လန့် ဖြစ်ကုန်ကြတော့သည် ။
ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်က ဦးဆောင်ပြီး ထောင်ထခြင်း ဖြစ်သည် ။ ဆိုးတာက သူတို့ ညီအစ်ကို, ကို တစ်ခန်းထဲမှာ ထားပြီး ချုပ်ထားလို့ပဲ ။ သည်တော့ အလွယ်တကူနဲ့ ကြံစည်နိုင်တာပေါ့ ။ ပိုဆိုးတာကတော့ အဲဒီ ရန်လင်း ၊ ရန်ကင်း ညီနောင် ထောင်ထတဲ့အတွက် လူပေါင်း ( ၉၉ ) ဦး သေကျေခဲ့ရသည် ။ ရန်လင်း ၊ ရန်ကင်း ညီနောင်ကတော့ တပည့်အချို့နဲ့ လွတ်ထွက်သွားခဲ့သည် ။ ထောင်တစ်ဝိုက် မှာလည်း သွေးချင်းချင်း နီနေတာပဲလို့ ဆိုကြသည် ။
ရွှေလှံဗိုလ်လည်း ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ကို ပြန်ဖမ်းမိရေးအတွက် အတော် ကြိုးစားသေးသည် ။ ဒါပေမယ့် သည်တစ်ကြိမ်တော့ မရတော့ဘူး ။ ဘယ်လိုပင် အထောက်တော် ၊ အစေတော်တွေနဲ့ ကြိုးစားပေမယ့် သူ့ရဲ့ ကြိုးစားမှုဟာ အရာအထင်တော့ဘူး ။ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်လည်း တစ်ခါသေဖူးပြီမို့ ထင်ထင်ပေါ်ပေါ် မနေတော့ဘူး ။ တောနက်တဲ့ အရှေ့တောရ တို့ ၊ အောင်ပင်လယ် တို့ဆီမှာ ရှောင်ပုန်းနေမည် ထင်ပါရဲ့ ။ ဘယ်လိုပဲ ရှာရှာ ရှာမတွေ့ဘူး ။ ရွှေလှံမြို့ဝန်ဟာ တော်တော်စိတ်တိုလာသည် ။ သူကိုယ်တိုင်လည်း ကွင်းဆင်း ရှာသည် ။ ဒီလိုနဲ့ပဲ ရှာလေ … ဝေးလေ ၊ ရှာလေ … ဝေးလေ ဖြစ်နေတဲ့ ဓားပြညီနောင်ကို ရွှေလှံဗိုလ် စိတ်ကုန်ခန်းလာတယ် ထင်ပါရဲ့ ။ အထောက်တော်များနဲ့သာ လွှဲပြီး အေးအေးပဲ နေတော့သည် ။
သည်တွင် မမျှော်လင့်သော ဖြစ်ရပ်တစ်ခုက ရွှေလှံဗိုလ် ကို တုန်လှုပ်သွားစေခဲ့သည် ။ သည်သတင်းကို ကြားလိုက်ရတဲ့ ရွှေလှံဗိုလ် ကို အတော်ပဲ တုန်လှုပ်သွားစေသည်လို့ပဲ ဆိုရမည် ။ ရိုးရိုးတန်းတန်းထက် ရနောင်မင်းသား ပါလာလို့ ပိုပြီး အံ့အားသင့် တုန်လှုပ်သွားရတာပေါ့ ။ သည်သတင်းကတော့ ရိုးရိုးပါပဲ ။
လွှတ်တော်က ပြန်လာပြီး အနားယူမယ်လို့ ကြံခါရှိသေး ။ ရနောင်မောင်မောင်တုတ် ရဲ့ အဆောင်ကိုင်တစ်ဦး ရောက်လာသည် ။
ပြီးတော့ မောင်မောင်တုတ် ပါးလိုက်တဲ့ စာကို ရွှေလှံဗိုလ် ထံ ဆက်လိုက်သည် ။ စာမှာ ပါတာကတော့ ‘ ရွှေလှံဗိုလ် ဖမ်းမမိတဲ့ ရန်လင်း ၊ ရန်ကင်း ဓားပြညီနောင်ကို မိထားပါတယ် ။ မြို့ဝန်မင်း အိမ်သို့ ကြွခဲ့ပါ … တိုင်ပင်လိုပါသည် ’ လို့ မောင်မောင်တုတ်က အခေါ်ရှိသည် ။
သည်တွင် ရွှေလှံဗိုလ် စဉ်းစားပြီ ။ မသွားရင်လည်း သင်းက ငါ့ကို ကြောက်လို့ ထင်ရော့မည် ။ သွားပြန်ရင်လည်း သင်းက ငါ့ကို တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ရန်စမှာ သေချာသည် ။ သည်တော့ ယောက်ျားကောင်းတို့၏ သတ္တိကို ငါပြမယ်လို့လည်း ရွှေလှံဗိုလ်က စဉ်းစားမိဟန် တူပါရဲ့ ။ ဒါကြောင့်လည်း မောင်မောင်တုတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည် ။ ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှူနေသည့် မောင်မောင်တုတ်ကို ခံချင်ဟန် မတူဘူး ။ သူလည်း အာဏာရှိတဲ့သူ ။ ငါလည်း အာဏာရှိတဲ့လူပဲ ။ ဘာကြောက်ရမှာတဲ့တုံး လို့လည်း တွေးမိဟန် တူသည် ။
ဒါနဲ့ပဲ … ရွှေလှံဗိုလ်တစ်ယောက် မောင်မောင်တုတ်ရဲ့ အိမ်တော်ကို ရောက်သွားသည် ။ အဲဒီနေ့က ညနေခင်းပဲ ၊ သည်လို ရွှေလှံဗိုလ် လာတာကိုလည်း မြင်လိုက်ရော မောင်မောင်တုတ်က နေရာမှ ရုတ်ခြည်းပဲ ထလိုက်သည် ။ သူ့အမူအရာက ပျာပျာသလဲ ဖော်ဖော်ရွေရွေပါပဲ ။ ရွှေလှံဗိုလ် ကို ခရီးဦးကြို ပြုလိုက်သည် ။ ပြီးမှ အိမ်ရှေ့ဧည့်ဆောင်ထဲသို့ ခေါ်ခဲ့သည် ။
သူတို့ စကားစမြည် ပြောကြသည် ။ မောင်မောင်တုတ် က လက်ဖက်ရည် ချလာစေသည် ။ သည် လက်ဖက်ရည်ပွဲကို သူ့မယားတွေပဲ ချလာစေသည် ။ သူ့မှာ မယား ပေါကြောင်း ၊ များကြောင်းလည်း ပြချင်တယ် ထင်ပါရဲ့ ။ ရုတ်တရက်ပဲ မောင်မောင်တုတ် က သူတို့ထိုင်နေသည့် စားပွဲအောက်သို့ လက်နှိုက်လိုက်သည် ။ သည်တွင် တစ်အိမ်လုံး ဆူညံသွားတာပဲ ။ ခေါင်းလောင်းသံ စူးစူးရှရှ မြည်သံဟာ အိမ်ကြီးတစ်ခုလုံး ထွက်ပေါ်လာသည် ။ ပြီးတော့ တဒုန်းဒုန်းနဲ့ ခြေသံများဟာ သူတို့ အခန်းဆီကို ဦးတည်နေလေရဲ့ ။
တဒင်္ဂအတွင်းမှာ အခန်းတစ်ခုလုံး မိန်းမတွေနဲ့ ပြည့်ကျပ်သွားတာပဲ ။ သည်မိန်းမတွေက ဘယ်က လာတာလဲ ၊ ဘယ်သူတွေလဲ ။ တခြားသူတွေတော့ မဟုတ်ဘူး ။ ရနောင်မောင်မောင်တုတ် ၏ မယား အငယ်အနှောင်းတွေပဲ ။ သူတို့အားလုံး ရွှေလှံဗိုလ် နှင့် မောင်မောင်တုတ် ကို ပတ်ချာလည် ဝိုင်းထိုင်ထားကြသည် ။ စည်းကမ်းကတော့ တကယ်ကျတာပဲ ။ မိန်းမတွေ ဒါလောက် များပြားတာတောင် စကားသံ တစ်ခွန်းမှ မကြားရဘူး ။ တစ်ခန်းလုံး တိတ်နေတာပဲလို့ ဆိုသည် ။ မောင်မောင်တုတ်က သူ့မယားတွေကို ရွှေလှံဗိုလ် အား ခြေဆုပ်လက်နယ် ပြုစေသည် ။
သည်မှာတင် ရွှေလှံဗိုလ် အဖို့ နည်းနည်း ထိတ်လာပြီ ။ မကြောက်ဘူး ဆိုပေမယ့် မောင်မောင်တုတ် ၏ အပြုအမူက မိမိကို ထိတ်လာစေသည် ။ အခန်းတစ်ခန်းထဲမှာ ယောက်ျားဆိုလို့ မိမိနှင့် မောင်မောင်တုတ်သာ ရှိသည် ။ မိန်းမတွေ တင်းကျမ်း ပြည့်နှက်နေသည့် သည်အခန်းထဲမှာ နေ, နေရသည့် အဖြစ်ကို မထိတ်သာမလန့်သာ ဖြစ်နေလေရဲ့ ။ ဒါကြောင့်လည်း သူလာခဲ့တဲ့ အကြောင်းကို အစဖော်ပေးလိုက်သည် ။
မောင်မောင်တုတ်ကတော့ ခပ်အေးအေးပဲ ။ အပြုံးမပျက်ဘူး ။ ခေါင်းကို တဆတ်ဆတ် ညိတ်နေလေရဲ့ ။ တစ်စုံတစ်ရာကိုလည်း စဉ်းစားနေမိဟန် တူပါရဲ့ ။ ပြီးမှ ဓားပြဗိုလ်အကြီး ရန်လင်းကို မိထားပြီလို့ ပြောလိုက်သည် ။ သည်တွင် ရွှေလှံဗိုလ်က အရေးမထားသလို ခပ်တည်တည် လုပ်နေသည် ။ ခေါင်းကိုလည်း အသာညိတ်ပြလိုက်သည် ။ မထူးခြားဘူးပေါ့ ။ မောင်မောင်တုတ် ဘာဆက်ပြောမလဲလို့ နားကို စွင့်ထားသည် ။
“ ရွှေလှံမြို့ဝန်မင်း … လူအူသုပ်ကလေးများ စားဖူးသလား ”
သည်လို မောင်မောင်တုတ်ဆီက မမျှော်လင့်တဲ့ စကားကြောင့် ရွှေလှံဗိုလ်မှာ အံ့အားသင့် သွားရ၏ ။ သူ ဘာကို ဆိုလိုပါလိမ့် လို့လည်း တွေးနေဟန်တူရဲ့ ။
ဒါနဲ့ ရွှေလှံမြို့ဝန်မင်းက “ မစားဘူးကြောင်း ၊ စားလည်း မစားချင်ကြောင်း ” များကို ပြန်ပြောလိုက်သည် ။
သည်တွင် ရနောင်မောင်မောင်တုတ်က -
“ မြို့ဝန်မင်းက အလွန် သတ္တိရှိတယ်လို့ ကြားရပါတယ် ။ ဒီတော့ ကျုပ်က မြို့ဝန်မင်းကို လူအူသုပ်နဲ့ ဧည့်ခံပါ့မယ် ။ တကယ်သတ္တိရှိရင် ကျုပ်ကျွေးတဲ့ လူအူသုပ်ကို စားရမှာပေါ့ ။ လူအူသုပ် ဆိုသဟာ ဘယ်အစားနဲ့မှ မတူဘူး ။ အလွန်ပဲ အရသာရှိသဗျ ” လို့ ပြောပြန်သည် ။
လူ့စိတ် ဆိုတာကလည်း အဆန်းသား ။ သူများကိုတော့ ဖိချင်သလို ဖိလာပြီး ကိုယ့်ကျတော့ တစ်ရွေးသားမျှ အထိမခံချင်သည့် လူစားမျိုးက ခပ်ရှားရှားပဲကလား ။ သည်တော့ ရွှေလှံဗိုလ် စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားတော့တာပေါ့ ။ ဒါနဲ့ပဲ ရွှေလှံဗိုလ်က ဒေါသဖြစ်ဖြစ်နဲ့ ပြန်ပြော လိုက်သည် ။
“ လူအူသုပ် မပြောနဲ့ ၊ ရနိုင်ရင် ဘီလူးအူတောင် သုပ်ပေးစမ်းပါ ။ ကျုပ် စားပြမယ် ” လို့ ခပ်ရွတ်ရွတ် ပြောလိုက်သည် ။
ဒါနဲ့ မကြာခင်မှာပဲ မောင်မောင်တုတ်က ဓားပြဗိုလ် ရန်လင်းကို ခေါ်လာစေသည် ။ ဓားပြရန်လင်းကို လက်ပြန် ကြိုးတုပ်ရက်နဲ့ ဧည့်ခန်းဆောင်ကို ထုတ်ယူလာသည် ။ အခန်းကြီးထဲမှာ ရှိတဲ့ စားပွဲကြီးပေါ်မှာ ဓားပြ ရန်လင်းကို ပက်လက်ထားပြီး ချုပ်ကိုင်ထားလေရဲ့ ။
ရန်လင်းက ဓားပြသာ ဖြစ်သည် ။ သတ္တိတော့ အရှိသားပဲ ။ ရုန်းလည်း မရုန်း ၊ လှုပ်လည်း မလှုပ် ။ တစ်စက်ကလေးမှ မအော်ဘဲ စားပွဲပေါ်မှာ ပက်လက်အနေအထားမှာ ရှိနေရှာသည် ။ သူ့ဟန်ပန်က ဖြစ်လာတဲ့ ပြဿနာအရပ်ရပ်ကို အေးအေးဆေးဆေးပဲ ရင်ဆိုင်ဖို့ ရှိနေသည် ။ မအေးဆေးလို့ကလည်း မဖြစ်တော့ဘူးလေ ။ အသတ်အဖြတ်မှာ နာမည်ကြီးလှတဲ့ မောင်မောင်တုတ်ရဲ့ လက်ထဲ ရောက်နေမှပဲကိုး ။ ပြီးတော့လည်း များပြားလှတဲ့ ရနောင်မင်းသားရဲ့ မိန်းမတွေက သူ့ကို ဝိုင်းအုံကြည့်နေကြသည် ။ သည်တော့ သည်မိန်းမတွေရဲ့ရှေ့မှာ ယောက်ျားပီပီ သတ္တိရှိရှိနဲ့ အသေခံပြ မဟဲ့ လို့လည်း စဉ်းစားမိထားဟန်လည်း တူပါရဲ့ ။
ဖြစ်ရပ်ကလေးက မကြာဘူး ။
အဆောင်ကိုင်တစ်ဦးရဲ့ လက်က ဖျတ်ခနဲ အပေါ်ကို မြောက်သွားသည် ။ သူ့ရဲ့ လက် မှာ အသွားထက်လှတဲ့ ဓားမြှောင်တစ်ချောင်း ပါသွားသည် ။ သည်ဓားက ဓားပြ ရန်လင်းရဲ့ လည်မျိုကနေပြီး ဗိုက်အောက်ကို ဆွဲယူသွားသည် ။
ဓားဝင်သွားတဲ့ လည်မျိုက သွေးတွေဟာ ပန်းထွက်လာသည် ။ အမြင့် တစ်တောင်လောက် ရှိပေမည် ။ ဘေးကကြည့်နေတဲ့ ရနောင်မင်းသားရဲ့ မိန်းမတွေရဲ့ အထိတ်တလန့် အော်သံဟာ ဘဝဂ် ညံသွားလေရဲ့ ။ ညည်းတွားသံ ၊ အော်သံ ၊ ဟစ်သံ ၊ ငိုသံ ၊ ယိုသံတွေဟာ အိမ်ကြီးတစ်ခုလုံး ဆူညံ နေတော့သည် ။ တချို့မိန်းမတွေဆို ကြောက်လန့်တကြားနဲ့ ထပြေးကြတာ သောက်သောက်လဲပေါ့ ။ ဓားပြဗိုလ် ရန်လင်းဟာ လက်သီးနှစ်ဖက် ဆုပ် ၊ အံကြိတ်ပြီး သေသွားရှာသည် ။
ခပ်ရွတ်ရွတ် ရွှေလှံဗိုလ်ကတော့ မဖြုံရေးချ မဖြုံပေါ့ ။ ကြောက်စိတ်ကို ရင်မှာသိပ်ပြီး ခပ်တည်တည်ပဲ နေလိုက်သည် ။ မထူးဆန်းဘူးပေါ့ ။ သူ့ရှေ့ လူသတ်ပြတာကို ဂရုမစိုက်ဘူး ။ ကြက် လည်လှီးတာကို ထိုင်ကြည့်နေသလို ကြည့်နေသည် ။ တစ်စက်ကလေးမှ မလှုပ်ဘူး ။ သူတို့ လုပ်နေသမျှ ကိုင်နေသမျှကို ကြည့်နေသည် ။ ရနောင်မင်းသား ကလည်း ခပ်ပြုံးပြုံးပါပဲ ။
သူ့အပြုံးက ပြိုင်ဘက်တစ်ဦးအပေါ်မှာ အနိုင်ယူလိုက်တဲ့ အပြုံး ။ နှစ်သိမ့်တဲ့ အပြုံး ။ အဓိပ္ပာယ်များဖြင့် ပြည့်နေတဲ့ အပြုံး ။ သည်အပြုံးတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေများ ရှိနေမလား မသိ ။ ရှိတော့ ရှိနေမှာပါပဲ ။ ဘာကြောင့်လဲဆို ရနောင်မင်းသားရဲ့ လုပ်ရပ်တွေက သက်သေခံနေလို့ပဲ ။
သေသွားတဲ့ ဓားပြ ရန်လင်းရဲ့ ဗိုက်ထဲက လတ်လတ်ဆတ်ဆတ် အူတွေကို ထုတ်ယူသည် ။ နီနီရဲရဲ အူခွေကြီးဟာ လင်ပန်းကြီး တစ်ခုထဲမှာ အခွေလိုက် ရှိနေသည် ။ လူသာ သေတယ် ၊ အူခွေကြီးကတော့ မသေသေးဘူး ထင်ပါရဲ့ ။ တလှုပ်လှုပ်နဲ့ ရှိနေသည် ။ လှုပ်နေသေးတဲ့ အူခွေကြီးကို ရနောင်မင်းသားက ကိုင်ကြည့်နေသည် ။ သင်္ခါရတရားကိုပဲ စဉ်းစားနေသလား မသိ ။ သေသေချာချာ ပယ်ပယ်နယ်နယ် ကိုင်တွယ်နေသည် ။ ပြီးမှ “ ရေဆေးမနေနဲ့ … ပြုတ်ပြီး ယူခဲ့ ” လို့ အဆောင်ကိုင်ကို လှမ်းပြောပြီး အူခွေကြီးကို ပေးလိုက်လေသည် ။
ရွှေလှံဗိုလ်ကတော့ ပွဲကြည့်ရုံသက်သက်ပဲ ထင်ပါရဲ့ ။ ဘာစကားမှ ဝင်မပြောတော့ပါဘူး ။ ရနောင်မင်းသားကသာ စကားကို အမျှင်မပြတ် ပြောနေသည် ။ လူအူဆိုတာ အရသာ ထူးကဲကြောင်း ၊ ယခုည ရွှေလှံမြို့ဝန်ကို လူအူသုပ်နဲ့ ဧည့်ခံချင်လို့ ရာဇဝတ်ကောင်ကို အထူးကြိုးပမ်း ရှာထားရကြောင်းများကို ပြောပြနေလေသည် ။ သည်ဖြစ်ရပ်အတွက် ရနောင်မင်းသား အဖို့ သိပ်ကို ဂုဏ်ယူနေဟန် ရှိနေလေရဲ့ ။ ရွှေလှံဗိုလ် ရှာမတွေ့တဲ့ ရာဇဝတ်ကောင်ကို အရရှာပြီး ခုလို လုပ်လိုက်ရတာကို သိပ်ပျော်နေဟန် ရှိသည် ။ လူတွေဟာ ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရသည် ၊ ပြီးတော့ ကိုယ်နဲ့ ပြိုင်ဘက်ကို တစ်နည်းနည်းနဲ့ အနိုင်ရလိုက်တဲ့အခါ ပျော်ရွှင်တဲ့ ပုံစံမျိုးပဲ ။ ရနောင်မင်းသား က ပျော်နေပုံရလေသည် ။ မကြာပါဘူး ။ အငွေ့တထောင်းထောင်း ထနေတဲ့ လူအူပြုတ် အခွေလိုက်ကြီးဟာ စားပွဲပေါ် ရောက်လာသည် ။
ရောက်လာလာချင်းပဲ ရနောင်မင်းသားက အူကို တစ်ပိုင်း နှစ်ပိုင်းဖြတ်ပြီး အငန်ရည်ဖြင့် တို့စားပြလိုက်သည် ။ ရွှေလှံမြို့ဝန်ကို ကလိလိုက်ဟန် တူပါရဲ့ ။ လူအူပြုတ်ကို စားနေရင်းကပဲ “ ဘယ့်နှယ် … ရွှေလှံမြို့ဝန်မင်းရဲ့ စားပါဗျ ။ လူအူသုပ်ဟာ လောကမှာ အရသာ အရှိဆုံးပါ ” လို့လည်း ပြောနေသေးသည် ။
တကယ်တမ်းကျတော့ ရွှေလှံမြို့ဝန်ဟာ အခက်တွေ့နေပုံရသည် ။ အူပြုတ်ကို စားပြနေတဲ့ ရနောင်မင်းသားကို ကြည့်ရင်းကလည်း ဝမ်းထဲမှာ ဘာလိုလို ရွံလာသလို ဖြစ်နေဟန် ရှိသည် ။ လူအူကို ရွံတာထက် အူပြုတ်ကို စားပြနေတဲ့ ရနောင်မင်းသားကို ပိုပြီး ရွံဟန်ရှိနေရဲ့ ။ မစားလို့ကလည်း မဖြစ် ။ အူပြုတ်ကို မစားဘဲနေပါက မိမိကို ရနောင်မင်းသားက နှိမ်သည်ထက် ပိုနှိမ်လာပေမည် ။ ရနောင်မင်းသား ဆိုပေမယ့် မင်းသွေး တစ်စက်ကလေးမျှ မပါတဲ့ မင်းသားကိုး ။ သီပေါမင်းနဲ့ ငယ်သူငယ်ချင်း ။ စုဖုရားလတ်နဲ့ နို့စို့ဖက် ။ သီပေါမင်းရဲ့ အယုံကြည်ရဆုံးမို့လည်း သည် မင်းသားဆိုတဲ့ ဘွဲ့နဲ့ မြောက်ထားဝယ်ဗိုလ် ရာထူးကို ရထားတာပဲ ။ သည်တော့ ယောက်ျားပီပီ သူတောင်မှ စားပြသေးတာ ၊ ငါ့အဖို့ ဘာအန္တရာယ်မှ မရှိဘူးထင်ရဲ့ ။ စားပြမှပဲလို့ စဉ်းစားမိဟန် တူပါသည် ။
ရှေ့လင်ပန်းထဲမှာ တုံးထစ်ထားတဲ့ အူပြုတ်တစ်တုံးကို ကောက်စားပြီး ရုတ်ခနဲ ရနောင်မင်းသားရဲ့ အိမ်တော်ပေါ်က ဆင်းသွားသည် ။ ပြန်ပါဦးမယ် လို့လည်း ရနောင်မင်းသား ကို နှုတ်တောင် မဆက်ခဲ့ဘူး ။
ရွှေလှံမြို့ဝန်ဟာ ရှက်လည်း ရှက် ၊ ဒေါသလည်း ဖြစ်ဖြစ်နဲ့ သွားလိုက်တာ မြို့တော်ဝန် ဦးပေစိ အိမ်တော်ပေါ်ရောက် မှပဲ မောကြီးပန်းကြီးနဲ့ ထိုင်ချလိုက် မိသည် ။ မြို့တော်ဝန် ဦးပေစိ ကိုလည်း ဒီအကြောင်းတွေကို ပြောပြမိသည် ။ ပြောရင်း ပြောရင်းနဲ့ ဒေါသထွက်လာလွန်းလို့ စားပွဲကို လက်သီးနဲ့ အကြိမ်ကြိမ် ထိုးမိ၏ ။ စားပွဲတစ်ခုလုံးသည် သူ့ရဲ့လက်ချက်ကြောင့် ပေါက်ပြဲကုန်သည် ။ ကျိုးပဲ့ကုန်လေရဲ့ ။
ဒါက သက်သက်ခေါ်ပြီး စော်ကားတာပဲလို့လည်း ထင်နေဟန်ရှိသည် ။ ဤသို့ အိမ်ခေါ်ပြီး စော်ကားလိုက်ခြင်း ၊ မိမိ သိမ်းပိုက် မည့် မယား ခင်ဦး ကို အတင်းလုယူခြင်း စတဲ့ ရနောင်မင်းသားရဲ့ အပြုအမူတွေက မိမိထက် တန်ခိုးကြီးနေသူမို့သာ ခံနေရသည် ။ နေသေးသပ … ငတုတ်ရယ် ။ မင်းနဲ့ ငါ တစ်နေ့ တွေ့မယ်လို့လည်း အကျိတ်အခဲကြီး ထားနေမိတော့သည် ။
မိမိနဲ့ တွေ့ကြုံရမယ့် အဖြစ်အပျက်ကိုလည်း စောင့်ကြည့်နေဟန်ရှိသည် ။ တစ်နည်းအားဖြင့် လူလိမ္မာအမျက် အပြင်မထွက်နဲ့ ဆိုသလိုပေါ့ ။ နေရိပ်လာမှာကို နေပူက စောင့်ကြည့်ခြင်းလို့လည်း ဆိုနိုင်သည် ။ စိတ်ကို အေးအေးထားသည် ။ ဖြစ်သမျှကို သုံးသပ်ကြည့်သည် ။ သည်ကြားထဲ ရွှေနန်းတော် အတွင်းမှာလည်း အုပ်စုလုတဲ့ လွန်ပွဲကြီးက မပြီးသေးဘူး ။
တိုင်းတားမင်းကြီး ဦးဖိုး နဲ့ ကင်းဝန်မင်းကြီး ဦးကောင်းတို့ ဂိုဏ်းမှာ အာဏာလုဆဲ ရှိသေးသည် ။ အင်း … လူတွေ … လူတွေ … ၊ တစ်ဦးပေါ် တစ်ဦး အနိုင်ရဖို့အတွက် အာဏာကို ရအောင်ယူကြသည် ။ ရလာတော့ကော သည်အာဏာတွေကို ဘာလုပ်ပစ်သလဲ ။ မိမိ ကိုယ်ရေးကိုယ်တာမှာ အသုံးချသည် ။ ဆွေမျိုးသားချင်းတွေအတွက် အသုံးပြုသည် ။ အားလုံး ပြီးမှသာ တိုင်းပြည်အတွက် အသုံးပြုသည် ။ ဒါကလည်း မဖြစ်စလောက်ပါ ။
ကုန်းဘောင်ခေတ်ရဲ့ သမိုင်းကတော့ သည်လိုပဲ ပြောပြနေသည် ။ မဆန်းသော မသစ်သော သည်ဖြစ်ရပ်တွေကြောင့် တိုင်းသူပြည်သားအပေါင်းတို့မှာ ကိုပုတ်သင်ညိုတို့ ၊ မပုတ်သင်ညိုတို့ ဖြစ်နေကြသည်မှာ အဆန်းမဟုတ်တော့ပေ ။
ကင်းဝန်မင်းကြီး ဦးကောင်းမှာ နှလုံးရည်မြင့်မားသမား ဖြစ်သောကြောင့် တိုင်တား မင်းကြီးကို ကြာကြာ ဘက် မပြိုင်နိုင်သဖြင့် သီပေါမင်းရှေ့သို့ အခစား သိပ်မဝင်တော့ ။ တစ်ခါတစ်ရံမှသာ ဝင်တော့သည် ။ အရေးကြီးသော ကိစ္စများရှိမှ ၊ ရှေ့တော် မဝင်မဖြစ် ဝင်ရတော့မှသာ ဝင်တော့သည် ။
ရေနံချောင်းမင်းကြီး ဦးရွှေစိုးလည်း မွေးစားသား ရနောင်မင်းသား၏ အရှိန်ဖြင့် ယခင်ကလို မဟုတ်တော့ဘဲ မာန်မာန တက်ကြွနေတော့သည် ။ စိန်နားကပ်ကြောင့် ပါးပြောင်တာပဲလို့ ဆိုရမလားပဲ ။ တိုင်တားမင်းကြီးနဲ့ အပေါင်းအသင်း ဖြစ်နေလို့လည်း ရေနံချောင်းမင်းကြီး ဦးရွှေစိုး မှာ ဤသို့ မာန်မာန တက်ကြွနေခြင်းပင် ဖြစ်တော့သည် ။
နေရာတိုင်း နေရာတိုင်းမှာ အရှိန်အဝါကြီးသူ ၊ အာဏာရှိသူကသာ အနိုင်ရစမြဲမို့ ကင်းဝန်မင်းကြီး ဦးကောင်းမှာ အလိုလို ဝပ်ဆင်းသွားရခြင်းပင် ဖြစ်ပေမည် ။ ဒါကြောင့်မို့လည်း “ တိုင်ကို ရေနံသုတ်ထားသဖြင့် ကင်းမတက်နိုင် ” ဟူသော စကားပုံဖြင့် ထိုအချိန်က နန်းတွင်းရေးကို သရုပ်ဖော် ပြောဆိုလေ့ရှိကြသည် ။ မှန်ပါသည် ။ တိုင်တားမင်းကြီး နှင့် ရေနံချောင်းမင်းကြီး တို့ နှစ်ဦး ပူးပေါင်းမိသည်နှင့် တစ်ပြိုင်နက် ကင်းဝန်မင်းကြီး ၏ အာဏာမှာ လျှောကျရလေသည် ။ တစ်ခါကလည်း ဘုရင့်အပါးဝယ် ခစားနေစဉ် သီပေါမင်းက -
“ ဘိုးဘိုး … ခုတစ်လော မမြင်ပါကလား ၊ အခစား လစ်လပ်ဟန် ရှိသပ ” လို့လည်း မိန့်ကြားလိုက်ရော ကင်းဝန်မင်းကြီးက မရွှင်ပျသော မျက်နှာဖြင့် -
“ မှန်ပါ … ခစားတော့ ခစားပါသည် ဘုရား ၊ တိုင်ကွယ်နေလို့ မမြင်ဟန်ရှိပါသည် ဘုရား ” လို့ အချက်ကျကျ လျှောက်လိုက်တော့ တိုင်တားမင်းကြီး အောင့်သက်သက် ဖြစ်သွားရပြန်ပါသည် ။
တစ်စထက်တစ်စ အာဏာတက်လာတဲ့ တိုင်တားမင်းကြီးဟာ အခွန်တော်စရိတ်ငွေများ ရစေရန် နေပြည်တော်တစ်ခွင်မှာ ထီရုံးတွေ တိုးဖွင့်စေသည် ။ တိုင်းသူပြည်သားလည်း ချမ်းသာ ၊ အုပ်ချုပ်တဲ့ အစိုးရလည်း အခွန်တော်တိုးပွားစေတဲ့ အလုပ်တစ်ခုပေါ့ ။ ဒါပေမယ့် ကုန်းဘောင်ခေတ်က ထီဆိုတာကလည်း ပေါက်ခဲပါဘိခြင်း ။ ထီထိုးလို့ တိုင်းသူပြည်သားတွေ မချမ်းသာတဲ့အပြင် ထမင်းနပ်မှန်အောင် မနည်းကြိုးစားပြီး ရှာဖွေနေရသည် ။ အဲဒီခေတ်က ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ၊ နေထိုင်စရိတ် ကြီးမြင့်မှုတွေကြောင့် ‘ ဒီ ညံ့ဖျင်းတဲ့ ရှင်ဘုရင် လက်ထက် မှာမှ လူဖြစ်ရတာ ဒုက္ခပါပဲ ’ လို့တောင် ညည်းညူတဲ့ အထိ ဖြစ်ရတယ်လို့ ဆိုပါသည် ။
တိုင်တားမင်းကြီးက ကုန်းကြောင်းစစ်ဘက်ဌာနကို ချုပ်ကိုင်လိုက်သည် ။ လှေသင်း အတွင်းဝန် ဦးရွှေမောင် နဲ့ တိုင်ပင်ပြီး မြန်မာစစ်တပ်များကို အီတာလျံ ၊ ပြင်သစ် နည်းပြဆရာများနှင့် ခေတ်မီ စစ်သင်တန်း ပေးစေသည် ။ တစ်ဖက်က မြင့်လျှင် တစ်ဖက်က နိမ့်စမြဲပင် ။ ချိန်ခွင်လျှာလို ပေါ့ ။ သည်လို တိုင်တားမင်းကြီး တန်ခိုးကြီးလာစဉ်မှာပဲ ကင်းဝန်မင်းကြီးနဲ့ ဘက်တော်သားများဟာ နေရာတကာမှာ အဖိနှိပ် ခံနေရရှာသည် ။
မြို့တော်ဝန် သုံးဦးအနက် မှ အက္ကပတ် မြင်းဝန်လည်း တိုင်တားမင်းကြီး ရဲ့ ဂိုဏ်းသား ဖြစ်သွားပြန်သည် ။ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသလိုပေါ့လေ ။ ကင်းဝန်မင်းကြီး ဦးကောင်း ဘက် မှာတော့ မြို့ဝန် ဦးပေစိ နဲ့ မှူးမတ် အနည်းငယ်ခန့်သာ ဘက်တော်သားများအဖြစ် သစ္စာရှိရှိ ကျန်ခဲ့တော့သည် ။
သီပေါမင်းတရား မှာမူ စာပေပရိယတ္တိဖြင့် မွေ့လျော်သူ ဘုန်းကြီးလူထွက် ဘုရင်ပီပီ သာသနာရေးကိုသာ စိတ်ဝင်စားသူ ဖြစ်၏ ။ ပုတီး တစ်ပတ် ၊ စုဖုရား တစ်ပတ်ဖြင့်သာ ပုတီး နှင့် စုဖုရား ကြားမှာသာ စံပျော်နေရှာသည် ။ လူအေးဘုရင်မို့လည်း ရှုပ်ထွေးလှသော ရွှေနန်းတော် အတွင်းရေးကို စိတ်မဝင်စားဘဲ နေသူဖြစ်သည် ။ အချိန်တန် ပုတီးစိပ် ၊ အချိန်တန် စုဖုရား ဆီသွား နှင့်သာ နေရှာသည် ။ ရှေးအစဉ်အဆက်က ရှင်ဘုရင်များလို မယားများများ မထားနိုင်သူပီပီ စုဖုရား တစ်ဦးတည်းနှင့်သာ ကျေနပ်နေရရှာသည် ။
စုဖုရားလတ် ကမူ ဤသို့မဟုတ် ။ စိတ်ထက်ရသည့်အထဲ တစ်ပါးတည်းသော မိဖုရားခေါင်ကြီး ဖြစ်နေသည်မို့လည်း နန်းတွင်းရေး ဆိုလည်း ပါ၏ ။ တိုင်းပြည်ရေး ဆိုလည်း ပါ၏ ။ မကြာခဏဆိုသလို မှူးမတ်များနှင့် တိုင်ပင်စည်းဝေးရာ၌ ပါဝင်နေလေသည် ။ သည်အချိန်မှာ အပျော်ဆုံးနဲ့ အမော်ဆုံးက ရနောင်မင်းသား မောင်မောင်တုတ် ပင် ဖြစ်သည် ။ ရှင်ဘုရင် လက်သုံးတော်ကိုင် ငယ်ကျွန်တော် မောင်မောင်တုတ် မို့လည်း ဆုံးမမည့်သူ မရှိ ဖြစ်နေသည် ။ မိုးမမြင် လေမမြင် ရမ်းကားနေသူလည်း ဖြစ်၏ ။ မွေးစားဖခင် ရေနံချောင်းမင်းကြီး ဦးရွှေစိုး ကိုယ်တိုင်ကလည်း မာန်မာန တက်ကြွနေသူပီပီ သားဖြစ်သူကို ဘာလုပ်လုပ် မဆုံးမ ၊ မတားမြစ် ၊ သားကလည်း ဖအေထက် ရာထူးကြီးနေတော့ သိပ်မခန့်လှ ။
ဖအေထက် သားတစ်လကြီး ဆိုတာမျိုး ထင်ပါ့ ။ ကျော်စောခြင်း ဒဏ် ၊ အာဏာရှိတဲ့ ဒဏ်ကို သာမန်အရပ်သားလေး မောင်မောင်တုတ်မှာ ခံနိုင်ရည် မရှိလှ ။ ပုထုဇဉ်ပီပီ ဖောက်ပြန်မိတော့သည် ။ ရှိနေတဲ့ ရာထူးနဲ့ လျော်ညီတဲ့ စည်းစိမ်ခံစားမှုမျိုး မဟုတ်ဘဲ တစ်ဆင့်တက်လာသည် ။ ရှင်ဘုရင်တွေသာ အိပ်ရတဲ့ ရွှေသလွန်ကြီးနဲ့ အိပ်သည် ။ အိမ်တော်မှာ သလွန်တွေ ၊ ညောင်စောင်းတွေသာ ထားရှိသည် ။ မင်းညီမင်းသားတွေသာ အသုံးပြုတဲ့ အဆောင်အယောင်တွေကိုသာ အသုံးပြုသည် ။ အောက်ခြေ လွတ်တယ်လို့ပဲ ဆိုရမလားပဲ ။ သီပေါမင်း အနေနဲ့ကလည်း ငယ်သူငယ်ချင်း ဖြစ်နေ၏ ။ မိဖုရားခေါင်ကြီးဖြစ်တဲ့ စုဖုရားလတ် နဲ့ကလည်း နို့စို့ဖက် ဖြစ်နေတော့ သာမန် အရပ်သားလေး မောင်မောင်တုတ်ခမျာ အလိုလို နားထင်သွေးရောက်သွားတော့တာပေါ့ ။
ဒါကလည်း နမူနာယူစရာ တစ်ခုပါပဲ ။ သတိထားရမယ့် ဖြစ်ရပ်တစ်ခုလို့ ဆိုလည်း မမှားပါဘူး ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်တွေဟာ မိမိ မြှောက်စားရမယ့်လူမှာ အရည်အချင်း ရှိလား ၊ မရှိလား မတွေးတော့ဘူး ။ မိမိ စိတ်ထင်ရင် ထင်သလို မြှောက်စားတတ် ကြတာမို့ ရာဇဝင်မှာ သွေးတွေနဲ့ စွန်းပေခဲ့ရတော့တာပေါ့ ။
ယခုဆိုလျှင် ရနောင်မောင်မောင်တုတ် သည် မင်းညီမင်းသားတို့၏ အဆောင်အယောင် များကို အသုံးပြုနေသည် ။ ကောက်ယူထားတဲ့ ကြင်ယာဇနီး တစ်ရာကျော်မျှနှင့်ပင် ကျေနပ် အားရခြင်း မရှိသေးဘဲ နောက်ထပ် အချောအလှ ပေါ်သမျှကို ကောက်ယူဖို့ ကြံနေဆဲ ဖန်နေဆဲပင် ရှိနေလေရဲ့ ။
နေပြည်တော်တစ်ဝန်းမှာရှိတဲ့ အချောအလှ မှန်သမျှဟာ သူ နဲ့ ရွှေလှံဗိုလ် တို့၏ အိမ်တော်တွင်သာ ရှိနေပေသည် ။ အများဆုံးကမူ ရနောင်မောင်မောင်တုတ် ၏ အိမ်တော်၌ ရှိလေသည် ။ သည်လို မိန်းမမှုများ ပွေနေပေမယ့် မောင်မောင်တုတ် ကမူ ပြည်သူထဲမှာ ဝင်ဆန့်သူတစ်ဦးလည်း ဖြစ်သည်ဟု ဆိုကြသည် ။ မရှိဆင်းရဲ ပြည်သူများကို မိမိ ငွေကြေးထဲက လစဉ် စွန့်ကြဲတတ်သည် ။ အဝတ်တန်သူ အဝတ် ၊ အစားတန်သူ အစား ၊ အသပြာတန်သူ အသပြာကို ပေးတတ် ကမ်းတတ်သူလည်း ဖြစ်သည်ဟု ဆိုကြသေးသည် ။
မည်သို့ပင် ဆိုကြပါစေ ၊ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင်မတော့ မောင်မောင်တုတ် အဖို့ တစ်မင်းတစ်ချင်း ဖြစ်ခဲ့သည်ကတော့ မမှားပါပေ ။ အခက်အခဲ အမျိုးမျိုးကို ကျော်နင်းပြီး သည်မျှ မြင့်မားသော ရာထူးကို ရရှိသွားနိုင်သည့်အတွက် သူ့ကို ချီးကျူးကြရမည် ။ စံနမူနာ ယူရမည်မှာကား အမှန်ပင် ဖြစ်ချေသည် ။ သည်အတွက်ကြောင့်လည်း ထိုစဉ်က သူ့ကို ရွှေနန်းတော် အတွင်းမှ လူများသည် မနာလို မရှုစိမ့် ဖြစ်ခဲ့ကြရသည် ။ ရွှေလှံမြို့ဝန် ဦးချိတ် ဆိုပါမူကား သူ့ကို အမှုန့် ကြိတ်ပစ်ပြီး အရည်ဖျော်ပစ်ချင်သည် အထိ ဖြစ်ခဲ့ရသည် ။
သူကလည်း သူပဲပေကိုး ။ သင်္ခါရကို အစဉ်ထာဝရမှတ်ပြီး ရေလိုက်လွဲခဲ့တာကိုး ။ မိန်းမချင်း ပြိုင် ၊ ပစ္စည်းချင် ပြိုင်ရာက နောက်ဆုံးမှာ အာဏာချင်း ပြိုင်တဲ့အထိ ရောက်သွားကြပြီး သတ်ဟယ် ၊ ဖြတ်ဟယ်နဲ့ ဖြစ်ကြကုန်ရော ။ သည်လို သတ်ဖြတ်ကြတာကိုပဲ သူတို့တစ်တွေက သဘောအကျကြီး ကျကြဟန် တူရဲ့ ။ သည်ခေတ်က လူတွေဟာ နေ့မြင် ညပျောက်နဲ့ မနက် မိုးလင်းလို့တောင်မှ မိမိတို့မှာ မျက်နှာသစ်စရာ မျက်နှာရှိသေးရဲ့လားဆိုတာ အမြဲ တထိတ်ထိတ် တလန့်လန့် ရှိနေကြ ရသည် ။
လက်သံပြောင်သည့် ရနောင်မင်းသား နှင့် တိုင်တားမင်းကြီးတို့၏ ခေတ်ကာလမို့လည်း လူတိုင်းပင် စားသတိ ၊ သွားသတိ ၊ အိပ်သတိနဲ့ ရှိနေကြရသည် ။ ကဲ … သည်တော့ သာမန် အရပ်သားကလေးဘဝမှ ရနောင်မြို့စား ဘုရင့်နောင် ကျော်ထင်နော်ရထာ နဲ့ မင်းသားဘွဲ့ကို ခံယူရလောက်အောင် တလူလူ လွင့်လာတဲ့ မောင်မောင်တုတ်ရဲ့ ဘဝအခြေအနေက ဘယ်ကစပြီး လာသလဲဆိုတာကို ကြည့်ကြရအောင် ။
◾ မောင်ဖေငယ်
📖 ရနောင်မောင်မောင်တုတ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment