Tuesday, September 21, 2021

တစ်ဗိုလ်ကျ တစ်ဗိုလ်တက်


 

❝ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ❞

ရေနံမြေ သပိတ်တပ်ကြီး၏ ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သောနေရာတွင် အစားထိုးရန် ဗိုလ်များ ခေါ်လိုက်သောအခါ ဗဟို တို့ဗမာအစည်းအရုံးမှ သခင်အများသည် လည်းကောင်း ၊ နယ် တို့ဗမာအစည်းအရုံးမှ သခင်များသည် လည်းကောင်း အမြန် စာရင်းသွင်းကြလေသည် ။

သခင်စိုး ၊ သခင်ထိန်ဝင်း ၊ သခင်ထွန်းစိန် ၊ သခင်ဖေသန်း ၊ သခင်ထွန်းခင် စသည်ဖြင့် ဆုံးနိုင်ဖွယ် မရှိသော ဗိုလ်စာရင်းကိုကြည့်ကာ ကျွန်တော်တို့သည် အားတက်၍မပြီး ချီးကျူး၍ မဆုံး ဖြစ်နေကြပေသည် ။

ဗိုလ်များ ထွက်ခဲ့ရန် ခေါ်သည်မှာ နတ်တော်လပြည့်နေ့ ဖြစ်၏ ။ နတ်တော်လပြည့်ကျော် တစ်ရက်နေ့တွင် ဒေးဒရဲမြို့ တို့ဗမာအစည်းအရုံးဥက္ကဌ သခင်မြသွင် နှင့်တကွ ဗိုလ် ၁၅ ယောက် စာရင်းသွင်းလိုက်လေသည် ။

အမျိုးသမီးများထဲမှလည်း စာရင်းသွင်းကြရာ ကြည့်မြင်တိုင် မန်ကျည်းတန်း တို့ဗမာအစည်းအရုံး အတွင်းရေးမှူး မခင်လှ ပထမဆုံး အမျိုးသမီး ဖြစ်လေသည် ။

ဘယ်ဘက်ကို ကြည့်လိုက်ကြည့်လိုက် စိတ်အား တက်ကြွခြင်း ၊ ကိုယ်ကျိုး စွန့်လွှတ်ခြင်း ၊ ဘေးဟူသမျှ ရင်ဆိုင်ရန် အသင့်ရှိခြင်းတို့ကိုသာ တွေ့မြင်နေရတော့၏ ။ လူမျိုးတစ်မျိုး၏ ဖြစ်စဉ်သမိုင်းတွင် ဤလို မွန်မြတ်သော အချိန်မျိုး ကြုံကြိုက်ခဲလှသည် ။ ဤလိုမွန်မြတ်သော အချိန်မျိုးတွင် နေရသည်မှာ ရခဲလှသောအခွင့်အရေးပေတည်း ။

ကျွန်တော့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်လိုက်သည် ။ တစ်နှစ်နီးပါး သပိတ်မှောက်ပြီး မိုင် - ၄ဝဝ ခြေလျင်လျှောက်၍ အင်အားပြလာနေသော သပိတ်တပ်ကြီး၏ အင်အား ၊ အုံကြွ ဆန္ဒပြရန် ချီတက်ဖို့ စည်းရုံးလှုပ်ရှားနေကြသော တောင်သူလယ်သမားတို့၏ အင်အား ၊ အလုပ်သမား ၊ လယ်သမားတို့ အရေးအတွက် ' လာမည့်ဘေး ပြေးတွေ့ရန် ' ဗိုလ်စာရင်း သွင်းကြသော သခင်များ ၏ အင်အား ။ ယင်းသို့သော အင်အားတို့သည် ကျွန်တော့် ကိုယ်ခန္ဓာတွင်းသို့ စုပြုံဝင်ရောက်လာသည်ဟု မှတ်ထင်ရလောက်အောင် အားတက်လျက် နေပေသည် ။ ကိုယ်ကျိုးအတွက် ဖြစ်သော ဝန်ထောက်အရေးပိုင် ရာထူး မှန်းထားမှု ၊ မိဘမျက်နှာထောက်ထား၍ နိုင်ငံရေးမှ နောက်ဆုတ်ရန် အားထုတ်မှု ၊ ရည်းစားအလို အချစ်ရှေ့ဆောင်ရာလိုက်၍ အများအကျိုးဆောင်ရန် ဖင့်လေးမှု ၊ လစ်ဟင်းမှု ဟူသမျှသည် ယခင်က မှေးမိန်နေခဲ့ရာမှ ယခု ကွယ်ပျောက်၍ပင် သွားလေပြီ ။ အဖေဆူမည့် ဘေး ၊ ဆရာပြစ်တင်မည့် ဘေး ၊ ရည်းစားငြိုငြင်မည့် ဘေး စသော ဘေးကလေးများကို သာမက ထောင်တန်းကျ သေနတ်နှင့် အပစ်ခံရမည့် ဘေးကြီးများကိုပင် ရင်ဆိုင်ရဲလာလေပြီ ။ ဤကဲ့သို့ ဆင်ခြင်မိသောအခါ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလာသည် ။ ကိုယ့်ဘဝကို မြတ်နိုးလာသည် ။ ကိုယ့်အချိန်ကို ဂုဏ်ယူလာသည် ။ ကျွန်တော်ကား အချမ်းမြေ့အပျော်ရွှင်ဆုံးသော ကျွန်တော် ဖြစ်လာပေသည် ။ “ အရှေ့က နေဝန်းထွက်သည့်ပမာပ ၊ တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ ။ တို့ဗမာ ၊ ဟေ့ တို့ဗမာ '' ဟုလည်း အကြိမ်ကြိမ်အခါခါ ရင့်ကျူးမိလေသည် ။

ကျွန်တော်နှင့် တကွသော ကျောင်းသားရဲဘော်များသည် ကျွန်တော့်လိုပင် ပျော်ရွှင်စွာ အထက်ပါအတိုင်း ရင့်ကျူး၍ ဗိုလ်စာရင်း သွင်းကြပေသည် ။

သို့ရာတွင် ဗိုလ်စာရင်းသွင်းတိုင်းလည်း တာဝန်ပေးသည် မဟုတ် ။ သက်ဆိုင်ရာ ခေါင်းဆောင်များသည် ဗိုလ်စာရင်းဝင်များ၏ အရည်အချင်း ၊ အသက်အရွယ် ၊ အရင့်အကျက် စသည်များကို စစ်ဆေးလေ့လာပြီးမှ တာဝန်ပေးသင့်သူကို ပေးကြလေသည် ။ ကျွန်တော်တို့ တစ်တွေကား တာဝန် မခံယူရသေး ။ အရန်စာရင်းဝင် အဖြစ်ဖြင့် စောင့်နေကြရ၏ ။ တာဝန်ခံယူသော ဗိုလ်များသည် အောက်ပါ ကတိ ပဋိညာဉ် ကို ပေးကြရလေသည် ။

( ၁ ) ငါသည် ရေနံသပိတ်တပ် တစ်ခုတည်းကိုဖြစ်စေ ၊ လယ်သမားတပ်ကြီး တစ်ခုတည်းကိုဖြစ်စေ ၊
သို့မဟုတ် နှစ်တပ်စလုံးကိုဖြစ်စေ ရန်ကုန်သို့အရောက် တာဝန်ခံ၍ ကြီးမှူးခေါ်ဆောင်ခဲ့ပါအံ့ ။
( ၂ ) ငါ၏တာဝန်သည် ရန်ကုန်မြို့၌ အလုပ်သမားအစည်းအဝေးကြီးများ လယ်သမားအစည်းအဝေးကြီးများ ပြီးစီး၍ လူစုကွဲသည့်အခါမှ ပြီးဆုံးသည်ဟု ယုံကြည်ပါကြောင်း ။
( ၃ ) တာဝန်ပြီးဆုံးသည့် စခန်းသို့ မရောက် မချင်း မည်ကဲ့သို့ အနှောင့်အယှက်များ တွေ့ကြုံစေကာမူ မတွန့်မဆုတ်ဘဲ ရှေ့သို့သာတိုး၍ တက်ခဲ့ပါအံ့ ။
( ၄ ) လူစုကွဲစေသော လုပ်ငန်းများကို ဘယ်အခါမျှ မလုပ်ပါ ။ အကျိုးလိုယောင် ရူပဆောင်၍ သွေးခွဲခြင်း လူစုခွဲခြင်းစသည့် ပရိယာယ်တို့ကို အစွမ်းကုန် ရှောင်တိမ်းပါအံ့သတည်း ။

မည်သို့သော အတားအဆီးအနှောင့်အယှက် များ ရှိစေကာမူ ရေနံမြေသပိတ်တပ်ကြီးနှင့် တောင်သူလယ်သမားတို့ ဆန္ဒပြချီတက်ပွဲကြီးနှင့် ရန်ကုန် သို့ ရောက်လာမည်ဖြစ်ရာ ၎င်းတို့အား ကြိုဆိုရေး ၊ စောင့်ရှောက်ရေး ၊ ဧည့်ခံရေး စသည်တို့ကို ဆောင်ရွက်ရန် ဂိုဏ်းပေါင်းစုံ ၊ အသင်းပေါင်းစုံ အစည်းအဝေးကြီးတစ်ရပ်ကို နတ်တော်လပြည့်ကျော် ၁ ရက် ၊ ညနေ ၅ နာရီ အချိန်တွင် ရွှေတိဂုံဘုရား ခြေတော်ရင်း ဦးဘရီ ဇရပ်၌ ကျင်းပလေသည် ။ လယ်တီဦးဇဋိလ က အစည်းအဝေးနာယက ၊ ထိပ်တင်ကိုယ်တော်ကြီးက ဥက္ကဌ ၊ သခင်စံထွန်းလှ ၊ သခင်သန်းထွန်း တို့က အတွင်းရေးမှူးများ အဖြစ်ဖြင့် ဆောင်ရွက်ကြလေသည် ။ ထိုအစည်းအဝေး မှ ရန်ကုန်သို့ ချီတက်လာသော ရေနံမြေ သပိတ်တပ်ကြီးကို ချီးကျူးသည် ။ ပိတ်ပင်တားဆီးသောအစိုးရကို ရှုတ်ချသည် ။ ခေါင်းဆောင်များကို ဖမ်းဆီးခြင်းကို ကန့်ကွက်သည် ။ ရန်ကုန်၌ ပုဒ်မ ၂၃ အပိုဒ် ၇ ကို အမြန်ဆုံး ရုပ်သိမ်းပေးရန် တောင်းဆိုလေသည် ။

ထိုအစည်းအဝေး၌ ရေနံမြေသပိတ်မှောက်သမားများ နှင့် အလုပ်သမားများအား ခရီးဦးကြိုရန်အတွက် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့လိုက်၏ ။ သခင်ခေါင်းဆောင်များအပြင် ဖေဘီယံမှ ဦးဘခိုင် ၊ ရဲတပ်မှ မောင်မောင်ညို ၊ ကျွန်တော်တို့ကျောင်းထဲမှ ကိုဗဆွေ နှင့် သခင်ကျော်စိန် တို့ ပါဝင်ကြလေသည် ။ ရန်ကုန်မြို့ ရပ်ကွက်တိုင်းတွင် ထမင်းထုပ် နှင့် ငွေကောက်ခံရန် ထမင်းထုပ်အဖွဲ့နှင့် ဘဏ္ဍရေးအဖွဲ့များ ဖွဲ့လေသည် ။ ကျန်းမာရေးနှင့် စောင့်ရှောက်ရေးတာဝန်များကို သာသာန စောင့်ရှောက်ရေး သံဃာ့အဖွဲ့ကြီးနှင့် သာသနာဝိသုဒ္ဓိ မဟာဝေပုလ္လအဖွဲ့က ယူလေသည် ။

ရန်ကုန် မှာသာမက အခြားမြို့ပေါင်းများစွာမှာလည်း လူထုအစည်းအဝေးများ ကျင်းပကာ အလုပ်သမား လယ်သမားတို့၏ အင်အားပြတပ်ကြီးများ ချီတက်ရေးကို ထောက်ခံအားပေး၍ ဖိနှိပ်ချုပ်ချယ်မှုများကို ကန့်ကွက်ရှုတ်ချကြလေသည် ။ ဗမာပြည်တစ်ဝန်းလုံး စည်းရုံးညီညွတ်ကြသည် ။ ဗမာတိုင်းဗမာတိုင်း သွေးစည်းကြလေသည် ။ “ ဗမာပြည်အဝှမ်းအကုန် ၊ တို့အိမ်မှတ်ပါ ၊ တို့ရာ မှတ်ပါ '' ဟု သီဆိုကြွေးကြော်လေသည် ။

အဆိုပါ ဆုံးဖြတ်ချက် များကို အင်္ဂလိပ်နန်းရင်းဝန် ၊ အင်္ဂလိပ်ပါလီမန် အတိုက်အခံခေါင်းဆောင် ၊ ဗြိတိသျှအလုပ်သမားအဖွဲ့ ၊ ဂျနီဗာမြို့ရှိ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အလုပ်သမားဌာန ၊ အိန္ဒိယ ပြည်လုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နှင့် ကမ္ဘာအရပ်ရပ်ရှိ သတင်းစာတိုက်ကြီးများသို့ ပေးပို့ကြသေးသည် ။ ဗမာ့ဆန္ဒ နှင့် ဗမာ့ညီညွတ်မှုအားကို ကမ္ဘာက သိပြီး ဗမာ့တရားမှုကို ထောက်ခံလာအောင် လုပ်ကြပေသည် ။

သခင်ထိပ်တင်ကိုယ်တော်ကြီး ၊ သခင်မြ ၊ သခင်တင် ၊ သခင်သန်းထွန်း ၊ သခင်ဗဦး ၊ သခင်လှဖေ ( ကာလကတ္တား ) စသူတို့ တက်ရောက်ကြသော တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့က အခြေအနေအားလုံးကို သုံးသပ်ဆင်ခြင်ပြီး အောက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်လေသည် ။

လာမည့်ဘေး ပြေးတွေ့

အလုပ်သမား ဆင်းရဲသားများအား နှိုးဆော်တိုက်တွန်းချက်

အဆွေအလုပ်သမား ဆင်းရဲသားအပေါင်းတို့
ယခုခေတ်ကား လူပေါ်ခါစ ခေတ်မဟုတ်တော့သဖြင့် ကမ္ဘာနှင့်အဝှမ်း ၊ ဆင်းရဲသား အလုပ်သမားများ တောသူတောင်သားတို့သည် မိမိတို့၏ ဆင်းရဲမွဲတေခြင်း အကြောင်းအရင်းတို့ကို သိရှိလာကြပြီး ဆင်းရဲခြင်း နွံဗွက်မှ ရုန်းထွက်နေကြချေပြီ ။ ရုရှားပြည် ဆင်းရဲသားအလုပ်သမားတို့သည် ၁၉၁၇ ခုနှစ်ကပင် ဓနရှင်တို့၏ နှောင်ကြိုးကြီးမှ အတင်းတရကြမ်း ရုန်းထွက်ခဲ့လေပြီ ။ အင်္ဂလန်ကျွန်းရှိ ဆင်းရဲသားအလုပ်သမား အပေါင်းတို့သည်လည်း ထိုနည်း နှင်နှင် ဆင်းရဲသားကြီးစိုးသည့် နိုင်ငံကြီးဘဝသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် နေ့မီး ၊ ညမီး ကြိုးစားအားထုတ်လျက် နေကြကုန်၏ ။ အကြောင်းသော်ကား
ဓနရှင်အစိုးရတို့ ကြီးစိုးနေသမျှ ကာလပတ်လုံး ဆင်းရဲသားလူများစုတို့၌ လှလှစားမှု ၊ လှလှဝတ်မှု ၊ လှလှနေထိုင်မှုများ မရရှိနိုင်ရုံမက ရောဂါထူခြင်း ၊ အသက်တိုခြင်း စသော မကောင်းမှု ကပ်ဆိုးကပ်ညစ်များ ပပျောက်ရန် ခဲယဉ်းသည်ကို သိရှိကြခြင်းကြောင့် ဖြစ်လေသည် ။

ဗမာဆင်းရဲသား အပေါင်းတို့သည်လည် ထိုကဲ့သို့ တွေးတောမိကြကုန်၏ ။ လွန်ခဲ့သော နှစ်များက ရန်ကုန်အနီးအနားရှိ အိုးစက် ၊ ကြိုးစက် ၊ စွပ်ကျယ်စက် ၊ ရာဘာစက် အလုပ်သမားများ အလုပ်ရပ်စဲ၍ ၎င်းတို့အခွင့်အရေးများကို
တောင်းဆိုကြခြင်းနှင့် ယခုနှစ် အဆွေတို့ ရေနံမြေအလုပ်သမားများ ဖွားဖက်တော် အလုပ်ရပ်စဲမှုလက်နက်ကို ၁၁လတိုင်တိုင် ကိုင်ဆောင်၍ ဓနရှင်တို့ အား ခုခံတိုက်ခိုုက်ခြင်းကား တဖြည်းဖြည်း ငါတို့ပြည်တွင် ပေါ်ပေါက်လျက် ရှိသော နိမိတ်ဩဘာ မင်္ဂလာများပေတည်း ။

နောင်သောအခါ အဆွေတို့၏ အင်အား တန်ခိုးသတ္တိများကြောင့် ဗမာပြည်ကြီး ကျွန်ဘဝမှ လွတ်မြောက်တော့မည်ကို ငါတို့သိ၏ ။ ကျွန်ဘဝမှ မလွတ်မြောက် မချင်း ထိုကဲ့သို့ အနှောင့်အယှက်များ အမြဲတစေ တွေ့ကြုံရ
တော့မည်ဖြစ်၍ တစ်ခုပြီးတစ်ခု တစ်စပြီးတစ်စ တွေ့ကြုံဖယ်ရှား နေကြမည့် အစား လောလောဆယ် ' လာမည့်ဘေး ပြေးတွေ့ ' ကြကာ လွတ်လပ်ရေး ပန်းတိုင်သို့ အမြန်ချီတက်နိုင်ကြပါစေသတည်း ။

သားချင်းအပေါင်းတို့
ရှုံးနိုင်နှစ်တန် ၊ ခုခံတိုက်ခိုက် ၊ ကျော၌ ဒဏ်ရာ ၊ မထိရာ ၊ ရင်မှာထိမှ မြတ်ရာ၏ ။

သခင်ထိပ်တင်ကိုယ်တော်ကြီး
ဥက္ကဌ

ဗိုလ်စာရင်းဝင်များထဲမှလက်ရွေးစင် ဗိုလ်များကို ရွေးချယ်ကာ တာဝန်ပေး၍ မကွေး သို့ လွှတ်လိုက်သည်ဟု ကျွန်တော်တို့အတွင်း စကားကြလေသည် ။ သခင်ဖေသန်း ၊ သခင်စိုး ၊ သခင်ထိန်ဝင်း တို့သည် ပထမဆုံးအသုတ် သွားသော ဗိုလ်အစု ဖြစ်လေသည် ။ သူတို့သည် စုံထောက် များကို မျက်ခြည်ပြတ်အောင် လုပ်ပြီး သွားကြ၏ ။ ၎င်းပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဘဟိန်း နှင့်အတွင်းရေးမှူး ကိုဗဆွေ တို့သည် ရေနံချောင်းမြို့ ကျောင်းသားသပိတ်ကိစ္စကို ရှင်းလင်းရန်ဟူသောအကြောင်းပြ၍ အထက်ပါ ဗိုလ်တစ်စု အလျင် သွားခဲ့ကြပြီ ဖြစ်လေသည် ။

မကွေးမြို့ကား နှစ်ဖက် မှ တပ်ဦးချင်း ရင်ဆိုင်တွေ့မိပြီး တိုက်ပွဲစတင်ဖြစ်ပွားရာ စစ်တလင်းနှင့် တူပေ၏ ။

နယ်ချဲ့တပ်ဦး နှင့် ပြည်သူ့တပ်ဦး ၊ ရေနံမြေဓနရှင်များ နှင့် မစ္စတာမူလာဝပ် တို့က တစ်ဖက် ၊ ရေနံမြေ သပိတ်တပ်ကြီး နှင့် ကျောင်းသားခေါင်းဆောင်များ ၊ ဗိုလ်စာရင်းဝင် သခင်များက တစ်ဖက် ။

ကျွန်တော်တို့သည် မကွေးစစ်မြေပြင်မှ စစ်သတင်းကိုသာ နားစွင့်နေမိကြလေသည် ။ တစ်တိုင်းပြည်လုံး၏ အာရုံမှာလည်း မကွေးသို့ စူးစိုက်လျက်ရှိလေ၏ ။

သို့ဖြင့် ဒီဇင်ဘာလ ၁၁ ရက် နေ့သို့ ရောက်ခဲ့လေပြီ ။

ထိုနေ့ညပိုင်းတွင် ကျွန်တော်သည် ပန်းဆိုးတန်းရှိ တို့ဗမာအစည်းအရုံး ဌာနချုပ်သို့ ရောက်လျက်နေလေသည် ။ ဌာနချုပ်တွင် ပျားပန်းခတ်မျှ လှုပ်လှုပ်ရွရွ အလုပ်များနေကြစဉ် ကြေးနန်းတစ်စောင် ရောက်လာလေသည် ။

“ မကွေးမြို့တွင် တရားပွဲကျင်းပရာ၌ ရေနံတပ်ဗိုလ် သခင်ဖေသန်း ၊ သခင်စိုး ၊ သခင်ထိန်ဝင်း နှင့် ကိုဘဟိန်း ကိုဗဆွေ တို့ကို ပုလိပ်က ဖမ်းသွားပြီ ''

ဌာနချုပ်ပေါ်ရှိ သခင်အားလုံး ထိုသတင်းကြောင့် ရုတ်ရုတ်ရက်ရက် ဖြစ်သွားလေသည် ။ သတင်းစာတိုက် များသို့ ထိုသတင်းကို ပို့သူက ပို့ရသည် ။ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးသို့ ပို့သူ က ပို့ရသည် ။ ကျွန်တော့်အားလည်း ကောလိပ်သို့ ချက်ချင်းပြန်၍ သတင်းပို့စေလေသည် ။

တက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် ကျောင်းသားခေါင်းဆောင်အချို့ စုမိကြသည် ။ သတင်းအကျယ်ကို သိလိုကြသည် ။ ဘယ်လို ဖြစ်နိုင်သည်ကို ခန့်မှန်းကြည့်ကြသည် ။ ကိုဘဟိန်း နှင့် ကိုဗဆွေ ကို ဖမ်းလိုက်ခြင်းအားဖြင့် ဓနရှင်အစိုးရသည် အလုပ်သမားများ အရေးနှင့် ကျောင်းသားများအရေးကို တိုက်ရိုက် ဆက်စပ်ပေးလိုက်ခြင်းဖြစ်ပေ၏ ။

ကျွန်တော်တို့သည် ရေနံမြေသပိတ်တပ်ကြီး ၏ ရှေ့ရေးအတွက် စိုးရိမ်လာကြသည် ။ ရန်ကုန်သို့ အရောက် ချီတက်လာနိုင်ပါမည်လော ။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် ခေါင်းဆောင်၍ ခေါ်လာမည့် ဗိုလ်တစ်ဦးကို ဖမ်းတိုင်း ၎င်းနေရာတွင် ဗိုလ်သစ် တက် မည်ကား အမှန်ဖြစ်၏ ။ သို့ရာတွင် တက်လိုက် ဖမ်းလိုက် ဖြစ်နေရုံဖြင့် မပြီး ။ ရေနံမြေသပိတ်တပ်ကြီး ဆက်လက်ချီတက်လာနိုင်မှ အရေးတော်ပုံ အောင်နိုင်ပေမည် ။ တစ်ပြည်လုံးတော်လှန်ရေး အုံကြွမှုကြီးဖြစ်မြောက်နိုင်ပေမည် ။ အလုပ်သမား ၊ လယ်သမား ၊ ကျောင်းသားတို့၏ တပ်ပေါင်းစုကြီးအကွက်လည်ပေလိမ့်မည် ။

ကျွန်တော်တို့ ကျောင်းသားများကလည်း တစ်စခန်း ထရတော့မည် ။ ဤသို့လျှင် မကွေး က လာသော ကြေးနန်းက အချက်ပြလိုက်ပေပြီ ။

မကွေး မှာ ထိုနေ့က အသေးစိတ် ဘယ်လို ဖြစ်ပျက်သည်ကို မသိကြရသေး ။ သို့ရာတွင် ဆူပူမှုကား စလေပြီ ၊ တို့ခေါင်းဆောင်တွေကို ဖမ်းကုန်ပြီ ။ ကိုဘဟိန်း နှင့် ကိုဗဆွေ တို့ကို မကွေး မှာ ဖမ်းလိုက်ပြီ ။ တို့သမဂ္ဂဥက္ကဌ နှင့်အတွင်းရေးမှူး ကို ဖမ်းပြီ ၊ကန့်ကွက်ကြ ။ ပေါရိသာဒဆေးထိုးရန် သမဂ္ဂသို့ စုရုံးကြ ။ ရဲရဲတောက် ကျောင်းသားသွေးပြရန် အချိန်ကျပြီ ။

၁ ရက် ၂ ရက် ၃ ရက် ဒီကြွေးကြော်သံ ဒီစာတန်းများသည် တက္ကသိုလ်နယ်မြေ တစ်ခုလုံးကို လွှမ်းနေပေသည် ။

ထိုအတွင်း မကွေး မှာ ၁၁ ရက် နေ့က အဖြစ်အပျက် များသည် သတင်းစာများတွင် လုံးစေ့ပတ်စေ့ ပါလာပေသည် ။ ဗမာ့လွတ်လပ်ရေးသမိုင်းတွင် မှတ်တမ်းတင်ရမည့် အဖြစ်အပျက် များဖြစ်သဖြင့် သတင်းစာများတွင် တွေ့မြင်ဖတ်ရှုရသည့်အတိုင်း ဤဝတ္ထုတွင် ထပ်မံ ဖော်ပြလိုက်ပါရစေ ။ ၎င်းတို့သည် မျက် မြင်သက်သေ၏ ဖော်ပြရေးသားချက် များအဖြစ် တည်ပါစေတော့ ။

ဒုတိယအရေးပိုင်က တရားဟောလိုသည်

ယခု ဒီဇင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့ သည် သပိတ်တပ်ကြီး မကွေးမြို့သို့ ရောက်၍ ၇ ရက် ပြည့်သော နေ့ကြီး ဖြစ်သော်လည်း သပိတ်သမားတို့သည် မဆုတ်သောလုံ့လနှင့် တင်းနေကြကာ ၎င်းနေ့ နေ့လယ်တွင် သပိတ်သမား အားလုံးတို့အား သမဂ္ဂဥက္ကဌ ကိုဘဟိန်း က သတင်းစာများဖတ်၍ ပြောပြနေစဉ် မကွေးမြို့ ဒုတိယအရေးပိုင် အပြင် ကျောင်းဆရာကြီး နှင့် အရေးပိုင်ရုံး စာရေးတစ်ယောက်တို့ လာ၍ စကားအနည်းငယ် ပြောလိုကြောင်း အခွင့်တောင်းသောအခါ သတင်းစာဖတ် မပြီးသေး၍ စောင့်ဆိုင်းစေပြီးမှ စကားပြောခွင့် ပြုကြောင်း ၊ ထိုအခါ ၎င်း ၃ ဦး တို့က ဒုက္ခမခံဘဲ အေးအေးဆေးဆေး ပြန်သွားကြပါ ။ ခင်ဗျားတို့ တာဝန်ကို ကျွန်တော်တို့ ယူပါတယ် ၊ ကျွန်တော်တို့ ဝင်ဆောင်ရွက်ပေးပါ့မယ် စသည်ဖြင့် ဟောပြောရာ သပိတ်သမားများမှာ ထိုသူ ၃ ဦး အား အနှောင့်အယှက်မပေး ဣန္ဒြေရစွာ နားထောင်နေကြကြောင်း ။ တစ်စုံတစ်ရာ ပြန်ကြားပြောဆိုခြင်းလည်း မပြုကြကြောင်း ။

ဝရမ်း နှင့် ရောက်လာခြင်း

ထို့နောက် ညဘက်တွင် သပိတ်သမားများ တည်းခိုရာဌာန၌ ၇ နာရီတွင် တရားပွဲပြုလုပ်မည့်အကြောင်း မောင်းတီး ကြေညာလိုက်ကြောင်း ။ သို့သော်လည်း အနှောင့်အယှက်ရှိမည်ကို သိပြီးသော ကိုဘဟိန်း ၊ သခင်စိုး ၊ သခင်ထိန်ဝင်း တို့သည် ၆ နာရီ ၁၅ မိနစ် အချိန်တွင် တရားပွဲကို စလိုက်ရာ အားပေးကြသော မြို့သူမြို့သားပရိသတ်မှာ အတော်များပြားကြောင်း ။ တရားပွဲစသည်နှင့် တစ်ပြိုင်နက် ပုလိပ်တို့သည် ဝရမ်းနှင့် ရောက်လာကာ သခင်ဖေသန်း နှင့် သခင်စိုး တို့ကို ဖမ်းဆီးလိုက်ပြီး ကိုဘဟိန်း စကားပြောနေစဉ် ကိုဘဟိန်း အား ဖမ်းရန် ရောက်လာကြောင်း ။

မြင်းခွာတစ်ချက်ပေါက်လျှင် မီးတစ်ချက်တောက် မည်

ကိုဘဟိန်း က “ ကျွန်တော်သည် ရေနံချောင်း ကျောင်းသားသပိတ်မှောက် ကိစ္စနှင့် ကျောင်းသားတစ်ယောက် ဖမ်းထားသည့်အတွက် အသွားလမ်းခရီးတွင် ဒုက္ခသည်များ တွေ့၍ ဝင်ရောက် ကူညီရကြောင်း ။ ယခုကိစ္စနှင့် ပတ်သက်ပြီး ခရီးဆက်လက် သွားခွင့်ပြုရန် ခရိုင်မင်းကြီး ၊ အရေးပိုင်တို့ထံ လျှောက်ထားရာ ယနေ့နေ့လယ် တစ်နာရီအချိန် အမိန့်ချမည်ဟု ပြောခဲ့ပြီး လူကြီးပီပီ ကတိပျက်ကြတယ် ။ ဒါကြောင့် ခင်ဗျားတို့ကိစ္စကို အောင်မြင်ရန် မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါ ။အနှောင့်အယှက်တွေ့က အသေခံပါ ။ ကျုပ်ကို အခု ဖမ်းနေပြီ ။ ကိစ္စ မရှိပါဘူး ။ ကျုပ်ကို ဖမ်းတဲ့အတွက် မနက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွားမယ်ဆိုတာ သိရလိမ့်မယ် ။ မြင်းခွာတစ်ချက်ပေါက်လျှင် မီးတစ်ချက်တောက်ရမယ် '' စသည်ဖြင့် ဒေါပါပါဟောပြီး အဖမ်းခံကြောင်း ။

ကိုဘဟိန်း ကို ဖမ်းလိုက်ရာ သပိတ်သမားများ လှုပ်လှုပ်ရွရွဖြစ်ကာ ရှေ့တိုးလာကြကြောင်း ။ သို့သော် လူကြီးဖြစ်သူက ငြိမ်ကြဟု အော်လိုက်၍ တုတ်တုတ်မျှ မလှုပ်ကြတော့ဘဲ ငြိမ်နေလိုက်ကြကြောင်း ။

အသတ်ခံရလျှင် သေတဲ့လူထားပြီး ရှေ့ကိုတက်

၎င်းနောက် သခင်ထိန်ဝင်း က “ ခင်ဗျားတို့ ရည်ရွယ်ချက်ရှိတဲ့အတိုင်း လုံ့လမလျှော့ကြပါနဲ့ ။ မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါ ။ ကျုပ်တို့ ဖမ်းသွားပေမယ့် အားမငယ်ကြနဲ့ ၊ လမ်းမှာ စောင့်ရှောက်ကျွေးမွေးမယ့် လူတွေ စောင့်နေကြတယ် ။ ခင်ဗျားတို့ကို အန္တရယ်ပေးတယ်ဆိုရင် ကျုပ်တို့ ထောင်ထဲက နေပြီး ထမင်းမစားဘဲ အသေခံမယ် '' စသည်ဖြင့် ပြောဆိုနေစဉ် လာရောက် ဖမ်းဆီးပြန်ကြောင်း ။ သို့သော် ပုလိပ်တို့ကို ခဏအစောင့်ခိုင်းပြီး ပြောမြဲ ပြောကာ နောက်ဆုံးအချုပ်၌ သည်းညည်းခံကြပါ ၊ အသတ်ခံရလျှင် သေတဲ့လူ ထားပစ်ခဲ့ ။ ရောက်အောင် သွားကြပါ ဟုပြောပြီး အဖမ်းခံရန် ဆင်းသွားကြောင်း ၊ နောက်တစ်ဖန် စင်မြင့်ပေါ်သို့ ပြန်တက်လာပြီး “ သခင်မျိုးဟေ့ တို့ဗမာ '' ၊ “ အရေးတော်ပုံ အောင်ပါစေ ''  ၊ “ မီးတုတ် မီးတုတ် ရှို့ရှို့'' ဟု ကြွေးကြော်လိုက်သည့် အသံကြီးမှာ တစ်မြို့လုံး သိမ့်သိမ့်တုန် သွားတော့ကြောင်း ။ ၎င်းညက သခင်ဖေသန်း ၊ သခင်စိုး ၊ ကိုဘဟိန်း ၊ ကိုဗဆွေ နှင့် သခင်ထိန်ဝင်း တို့ကို ဖမ်းသွားသော်လည်း သပိတ်သမားများမှာ ဆူဆူညံညံ မရှိ ငြိမ်နေကြကြောင်း ။

လူအမည် စာရင်းစာရွက်ကို သိမ်းသွားခြင်း

တနင်္လာနေ့ နံနက်စောစော ၄ နာရီခန့်တွင် ရာဇဝတ်အဖွဲ့သည် ဈေးရပ် သူကြီးဦးညို ၊ တက်ခေတ်နာရီပြင်ဆိုင်ရှင် ဦးသာဟန် နှင့် ရွာသစ်သူကြီး ကိုလေးမောင် တို့ကို သက်သေအဖြစ် ခေါ်လာပြီး သပိတ်သမားများကိုယ်၌ လက်နက်ရှာဝရမ်း ထုတ်ကြပြီးလျှင် ရှာဖွေကြကြောင်း ။ ဤမျှ လူထုကြီးတွင် လက်နက် မဆိုထားဘိ ၊ လက်သည်းလှီးဓားတစ်ခုပင် မပါ ။သို့သော်လည်း စက္ကူတစ်ရွက်တွင် လူအမည်စာရင်းတစ်ခုကို တွေ့၍ ဖမ်းဆီးသွားကြောင်း ။

ဆီးပြီးတားကြခြင်း

နံနက် ၆ နာရီ ခွဲ တွင် အသင့်ပြင်ဟု တစ်ယောက်က အော်လိုက်ရာ ၂ ယောက် တစ်တွဲစီ အားလုံး အသင့်ဖြစ်ကြကြောင်း ။ ၎င်းကျောင်းဝိုင်းမှ ထွက်သည့် တံခါးမကြီးမှာ မြောက်ဘက်တွင်ရှိ၍ ပုလိပ်တပ် ၊ စစ်တပ် ၊ မြင်းတပ်တို့ စောင့်နေကြသော်လည်း အနောက်ဘက်ရှိ လမ်းမြောင်အကျဉ်းကလေးမှ ထွက်လာရာ စစ်ပုလိပ်များ လာရောက် တားဆီးကြကြောင်း ။ အထွက်ဝတွင် ရာဇဝတ်ဝန် ဘကီး ၊ စစ်ဗိုလ် နှင့် မြို့အုပ် ရှိကြောင်း ။ မြို့အုပ်က နောက်ပြန် ဆုတ်ရန် ၊ ရန်ကုန် မသွားရန် ၊ နစ်နာချက် များကို ဒီမှာ ပြောရင် ဆောင်ရွက်ပေးပါ့မယ် ။ ရမယ် မရဘူးတော့ ဝန်မခံနိုင်ပါ ။ သို့သော် ပြောပေးပါ့မယ် ၊ ကိုယ်စားလှယ်များသာ လွှတ်ပြီး အတောင်းခိုင်းပါဟု အမျိုးမျိုးပြောပြီး တားဆီးကြောင်း ။

သေလျှင်သေပါစေ နောက် မဆုတ်ဘူး

သပိတ်သမားတို့က ၎င်းတို့ ၁၁ - လတိုင် ကိုယ်စားလှယ် လွှတ်ခဲ့ဖူးကြောင်း ။ ဘီအိုစီက နှင်ထုတ်လို့ နေစရာလည်း အိမ်မရှိ ၊ စားစရာလည်း ငွေမရှိတော့ဘူး ။ ဒီတော့ ပြန်ရင်လည်း သေမယ့်အတူတူ လမ်းမှာ သေချင်သေပါစေ ၊ နောက်တော့ မဆုတ်ဘူးဟု ပြောကြောင်း ။

အလံကို ပုလိပ်တစ်ယောက်က စော်ကားခြင်း

ထိုသို့ အခြေအတင်ပြောနေကြစဉ် စစ်ဗိုလ် နှင့် ရာဇဝတ်ဝန်ကြီး တို့သည် ဖိနပ်မချွတ်ဘဲဘုန်းကြီးကျောင်းဝိုင်းအတွင်း ဝင်သွားရာ ရဟန်းပျိုအဖွဲ့က အတင်း ကန့်ကွက်ကြကြောင်း ။ ရှေ့ဆုံးမှ ခေါင်းဆောင်ကာ အလံကိုင်လူနှင့် အလံကြီး ၊ အမိန့်ပေးသူ ပေါင်း ၄ ယောက် ဖမ်းဆီးထားစဉ် အလံတော်ကို လိပ်ပြီးလျှင် ပုလိပ်အစေခံတစ်ယောက်က အလံထိပ်တွင် ဖိနပ်ဟောင်း တစ်ခုကို စွပ်ပြီး ထောင်ထားကြောင်း ။

သပိတ်သမားများခမျာ ဘယ်သူတား၍ မရ ။ မြို့အုပ်က ခြောက်လုံးပြူး သေနတ်ကြီး တဝင့်ဝင့်နှင့် တားလျက် စစ်ပုလိပ်များကလည်း သေနတ်လှံစွပ်ကြီးများနှင့် ထိုးတော့မည် ချိန်ရွယ်ကာထားသော်လည်း မရ ။ ညာသံပေးကာ တိုးဟေ့ - ဟုအော်ကာ တိုးထွက်လိုက်သည့်အခါ ရာဇဝတ်ဝန်ကြီး ၊ စစ်ဗိုလ် နှင့် မြို့အုပ်အပြင် စစ်သားများ နောက်ဆုတ်သွားရကြောင်း ။

မြင်းတပ်နှင့် တိုးခြင်း

၎င်းနောက် မြင်းတပ်နှင့် တိုးရန် အမိန့်ပေးလိုက်ရာ မြင်း ၂ ကောင်နှင့် အတင်း စိုင်းကာတိုးကြောင်း ။ သပိတ်သမားများသည် နောက် မဆုတ်ဘဲ မြင်း၏ သံခွာကြားသို့ အသက်ကို ပဓာနမထားဘဲ ဝင်တိုးကြရာ လူထုကြီးကို မြင်းများလန့်ကာ ဖင်ထိုင်ကျသွားကြောင်း ။

တုတ်နှင့်သိမ်း၍ ရိုက်ခြင်း

၎င်းပြင် ရှေ့ဆုံးမှ ချီတက်လာသူများအား တုတ်ရှည်ကြီးများနှင့် သိမ်းရုံး၍ ရိုက်နှက်ရာ ၄ - ၅ ယောက် တုတ်ထိပြီး ၊ ၂ - ၃ ယောက် မြေပေါ်တွင် ပုံလဲသွားကြောင်း ။ ထိုအခါ လဲနေသူများအား အခြားသပိတ်သမားများက ကူညီခြင်း ၊ ထူမခြင်း မရှိ ။ ရှေ့မတိုး နောက် မဆုတ် သည်းညည်းခံ၍ နေနိုင်ကြသော်လည်း စစ်ပုလိပ်များက တုတ်တွေယမ်း၍ ရိုက်နေစဉ် ပုလိပ်အဖွဲ့၏ ရိုင်းစိုင်းသောပြုမူပုံကို ကြည့်မနေနိုင်သော လူထုကြီးထဲမှ ခဲများနှင့် ပေါက်ကြရာ ပုလိပ်အချို့ကို ထိမှန်ကြောင်း ။

လူထုကြီးကို မြင်းနှင့်တိုက်ရန် ရောက်လာခြင်း

ထိုအခါ မြင်းစီးပုလိပ်တစ်ယောက်သည် လူထုကြီးအား မြင်းနှင့်တိုက်ရန် အတင်းစိုင်းလာရာ လူထုကြီးက ဒီမအေ - ကို ဆော်ဟာချဟာနှင့် အတော် ဆူညံညံ ဖြစ်လိုက်သည်နှင့် အမြင်ကျယ်သူ အရာရှိတစ်ယောက် မြင်းစီးပုလိပ်အား ပြန်ခေါ်ရကြောင်း ။ ၎င်းအတောအတွင်း ရာဇဝတ်ဝန်ကြီးသည် လူထုကြီးထဲမှ ပွဲစားကိုပေါကြွယ် နှင့် ကန်ထရိုက် ကိုဘလူ တို့အား ဖမ်းသွားကြောင်း ။ ဘာပြုလို့ ဖမ်းသွားသည်ကို မသိရကြောင်း ။ သပိတ်သမား များလည်း ရှေ့မတိုး နောက် မဆုတ်ဘဲနှင့် နေကြောင်း ။ စစ်ဗိုလ်လည်း မြင်း နှင့် အတင်းစိုင်းလာပြီး ရာဇဝတ်ဝန် နှင့် တီးတိုးစကား ပြောကြောင်း ။

ကျွန်တော်တို့သည် စစ်မြေပြင်သတင်းကို မြေပုံမှာ လက်ညှိုးထောက်၍ လိုက်ကြသလို ရေနံမြေ သပိတ်တပ်ကြီး၏ ချီတက်ပုံကို မြေပုံမှာ လက်ညှိုးထောင်၍ လိုက်ကြပေသည် ။ ရေနံမြေ သပိတ်တပ်ကြီးနှင့်အတူ စိတ်ထိခိုက်စရာတွေ့လျှင် စိတ်ထိခိုက်ကြသည် ။ အားတက်စရာရှိလျှင် အားတက်ကြသည် ။ ရေနံမြေ သပိတ်တပ်ကြီးကို မြင်းနှင့် လိုက်တိုက်သည် ၊ နံပါတ်တုတ်ကြီးတွေနှင့် ဆီးရိုက်သည်ဆိုသောအခါ ဒေါသဖြစ်ကြသည် ။ ၎င်းပြင် ရေနံမြေသပိတ်တပ်ကြီး၏ စည်းကမ်းရှိပုံကို အံ့ဩချီးကျူးကြသည် ။ ရေနံမြေသပိတ်တပ်ကြီးကို အာဏာပိုင်တို့က အနည်းနည်းအဖုံဖုံ တားဆီးပိတ်ပင်ကြသော်လည်း မရ ။ နောက်ဆုံး တားဆီးသူတွေ လက်လျှော့လိုက်ရသည် ။ သပိတ်တပ်ကြီးကား အောင်မြင်စွာ ချီတက်သွားလေပြီဟု ဆိုလျှင် ကျွန်တော်တို့သည် လက်ခုပ်တီးကြသည် ။ လက်ပမ်းပေါက်ခတ်ကြသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment